Friday 10 August 2012

ဆောင်းလုလင်၏၀တ္ထုတို- ဒွိဟ

ဆောင်းလုလင်
ဒွိဟ

         တစ်ရပ်ကွက်လုံးက ရွံ့ရှာစက်ဆုပ်မုန်းတီးနေသည့် အရူးမတစ်ယောက်ကို ကားတစ်စင်းက တိုက်သွားခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။
အရူးမကို ကားဖြင့်တိုက်မိသည့်အချိန်က ထိုနေရာတွင် ကျွန်တော် တစ်ယောက်တည်း ရှိနေ သည်။ နွေနေ့လည်ခင်း မွန်းတည့်အပူချိန်ပြင်းချိန်မို့ လမ်းပေါ်၌ လူအသွားအလာကျဲပါးနေချိန်ဖြစ်သည်။
ကျွန်တော်သာ လမ်းထိပ်တွင် ကွမ်းယာထွက်ဝယ်ရင်းမှ ကွမ်းဝယ်ပြီး ပြန်အလာမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရခြင်းဖြစ်ပါသည်။
ကျွန်တော်ကွမ်းသွားအဝယ်မှာ အရူးမက တစ်ဖက်ပလက်ဖောင်းနေပူကျဲကျဲအောက်တွင် ထုံးစံအတိုင်း အယုတ္ထ၊ အနတ္ထ အဆဲပေါင်းစုံဖြင့် ဆဲဆိုအော်ဟစ်နေခဲ့သည်။ ညစ်ညမ်းသောစကားလုံးများကို ထည့်သွင်းရေရွတ်နေခဲ့သည်။ ကျွန်တော့်အဖို့ နေ့စဉ်ကြားနေကျမြင်နေကျအဖြစ်မို့
မသိကျိုးကျွန်ပြုကာ လမ်းထိပ်ကကွမ်းယာဆိုင်ကိုထွက်လာခဲ့သည်။
ကွမ်းယာဆိုင်မှာ ဆယ်မိနစ်လောက်ကြာခဲ့၏။
ကွမ်းဝယ်ပြီးပြန်အလာတွင် အရူးမသည် တစ်ဖက်ပလက်ဖောင်းမှ လမ်း၏သည်ဖက်ကို ကတ္ထရာလမ်းမကြီးအတိုင်း ထောင့်ဖြတ်ပြေးကူး လာသည်။
ဂျစ်ကားတစ်စီးက တောင်ဖက်မှမြောက်ဖက်သို့ အရှိန်ပြင်းစွာ မောင်းလာသည်။ ရှင်းလင်းနေသောကတ္ထရာလမ်းမကြီးတွင် စိတ်ချလက်ချ အရှိန်မြှင့်၍ မောင်းလာခဲ့ပုံရပါသည်။
တစ်ဖက်က ရုတ်တရက် လမ်းပေါ်ပြေးထွက်လာသောအရူးမနှင့် အရှိန်ပြင်းစွာမောင်းလာသော ဂျစ်ကားတို့သည် လမ်းအလည်မှာဆုံလိုက် ကြ၏။
အရူးမ ရှောင်ချိန်မရလိုက်သလို၊ ကားသည်လည်း အရှိန်ကိုထိမ်းလို့မရလိုက်ချေ။
ကားနှင့်အရူးမ ပြင်းထန်စွာတိုက်မိသည်။
အရူးမထံမှ စူးရှသောအော်သံတစ်ချက်သာထွက်လာသည်။ အရူးမကိုယ်သည်
အရှိန်ဖြင့်လွင့်ထွက်သွားကာ.. သူကူးလာသော တစ်ဖက် ပလက်ဖောင်းအထိရောက်သွားပြီး
ပလက်ဖောင်းနှင့်ပြင်းထန်စွာရိုက်မိကာ ငြိမ်သက်သွားလေသည်။
ဂျစ်ကားသည် ဘရိတ်ကိုဆောင့်နင်းလိုက်သောကြောင့် ကျွီ.. ကနဲမြည်ကာ ခေတ္ထတုံ့ရပ်သွား၏။
သို့သော်- ကားသမားသည် ချက်ချင်း လီဗာကိုပြန်တင်ကာ အရှိန်ပြင်းစွာမောင်းထွက်ပြေးတော့သည်။ တည့်တည့်မောင်းမပြေးပဲ ရှေ့လမ်းချိုးတွင် ဘယ်ဖက်သို့ ချိုးကွေ့သွားလေ၏။
အဖြစ်အပျက်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခြင်းဖြစ်လေသည်။
ကျွန်တော်က တိုက်သွားသောကားနံပါတ်ကိုမှတ်ဖို့ သတိရချိန်တွင် ကားက  မြင်ကွင်း ထဲမှ ပျောက်သွားလေပြီ။ ကားနံပါတ်ကို လှမ်းဖတ်လို့ မရတော့ပေ။
+ + + + + + + + +
ကားတိုက်သံကြောင့် လမ်းထဲရှိအိမ်များမှ လူတွေပြေးထွက်လာကြသည်။
ကားတိုက်မှုဖြစ်သည်မှာ အရူးမ၏အိမ်ရှေ့တည့်တည့်တွင်ဖြစ်သည်မို့ အရူးမအိမ်ထဲမှ လူကုန်ပြေးထွက်လာလေ၏။
]]အမလေး- ဒေလီယာရဲ့}}
အရူးမ၏မိခင်က သူ့သမီးဖြစ်အင်ကိုကြည့်ပြီး အော်ငိုလိုက်သည်။ အရူးမအမည်မှာ ]]ဒေလီယာ}}ဖြစ်ပါသည်။ ဒေလီယာ့မိသားစုက အလောင်းရှိနေသည့် လမ်းတစ်ဖက်ကို ကူးပြေးသွားကြသည်။
လမ်းထိပ်ကွမ်းယာဆိုင်မှလင်မယားလည်း အပြေးရောက်လာသည်။
ဘေးအိမ်မှလူတွေလည်း ပြေးထွက်လာကြရာ လမ်းမပေါ်တွင် အရူးမဒေလီယာအဖြစ်ကို လာကြည့်ကြသူများပြည့်သွားလေ၏။
{{ကားက တိုက်ပြီး ထွက်ပြေးသွားတာထင်တယ်}}
]]ကားကိုတော့ ကျွန်မမြင်လိုက်တယ်၊ ဂျစ်ကား}}
]]ဒေလီယာတော့ သေပြီ၊ ပွဲချင်းပြီးပဲ}}
]]ဆရာ့ရှေ့တွင်ဖြစ်သွားတာ၊ ဆရာတော့ အကုန်မြင်လိုက်ရတယ်ထင်တယ်}}
]]ဆရာကားနံပါတ်မှတ်လိုက်မိသေးလားမသိဘူး}}
အာလုံးက ကျွန်တော့်ကိုဝိုင်းမေးနေကြသည်။
ဒေလီယာ၏အစ်မတစ်ယောက်က လမ်းတစ်ဖက်မှပြန်ကူးလာကာ ကျွန်တော့်ရှေ့
ရောက်လာသည်။
]]ဆရာ၊ ဒေလီယာ့ကိုတိုက်သွားတဲ့ကား၊ ဆရာမြင်လိုက်သလားဟင်၊ ကားနံပါတ် ဆရာမှတ်ထားလိုက်သေးလား}}
ဒေလီယာမှာ အရူးမတစ်ယောက်သာဖြစ်သည်။ အရူးမဖြစ်သည်မှ တစ်ရပ်ကွက်လုံးကို နားမခံသာအောင် တစ်နေ့လုံးဆူပူ အော်ဟစ် နေသည့် အရူးမတစ်ယောက်။ ရပ်ကွက်ထဲကလူတွေအားလုံးကို သူမနှောက်ယှက်ဖူးသူမရှိ။ သူ့အဆဲအဆိုကို
မခံရဘူးသည့်အိမ်မရှိ။ တစ်ရပ်ကွက်လုံးသည် သူမ၏ဆိုးဝါးမှုဒဏ်များကိုခံခဲ့ရသည်။ တစ်ရပ်ကွက်လုံးကလည်း ဒေလီယာရှိနေတာကို မလိုလားခဲ့ချေ။
ဒေလီယာ၏မိသားစုကလည်း အရူးကိုထိန်းသိမ်းခြင်းမရှိခဲ့။ အိမ်ထဲမှာထိန်းထိန်းသိမ်းသိမ်း
ထားဖို့ သွားဆွေးနွေးလျှင် မထီမဲ့မြင်ပြောလွှတ် သည်။ ကျွန်တော်ကိုယ်တိုင်ပင် တစ်ကြိမ်က ဒေလီယာနှင့်ပတ်သက်၍ သွားဆွေးနွေးဖူးသည်။ ယခု ကျွန်တော့်ကို ကားနံပါတ်မှတ်မိလိုက်သလား ဟုလာမေးသော ဒေလီယာ့အစ်မက ]]သူ့ဟာသူရူးနေတာပဲ၊ ကျွန်မတို့လည်း မတတ်နိုင်ဘူး}}-ဟု မထီမဲ့မြင်၊ လက်လွတ်စပယ်ပြန်ပြောခဲ့သည်။
ကျွန်တော်သည် အရူးမဒေလီယာ၏ဆိုးဝါးမှုများနှင့် သူ့မိသားစု၏တာဝန်မဲ့မှုများကိုပြန်တွေး ရင်း မခံချင်ဖြစ်လာသည်။
ယခု တစ်ရပ်ကွက်လုံးကို နားမခံသာအောင် ဆဲဆိုအော်ဟစ် စိတ်ဒုက္ခပေးခဲ့သော
အရူးမသည် ကားတိုက်ခံရ၍သေလေပြီ။ နဂိုကပင် လူ့အဖွဲ့အစည်းအတွက် ဘာမှအသုံးမဝင်သော ဆန်ကုန်မြေလေးတစ်ယောက်မို့ ဒေလီယာသေဆုံးမှုအတွက်ဘေးလူများအနေဖြင့် နှမျောတသ
 ဖြစ်စရာမရှိပါ။
ကျွန်တော်သည် အရူးမဒေလီယာ၏ဆိုးဝါးမှုများနှင့် သူ့မိသားစု၏တာဝန်မဲ့ မှုများကို မြင်ယောင်ရင်းခံပြင်းလာသည်။
ယခုတော့လည်း ဒေလီယာ့အစ်မက တိုက်သွားသောကားနံပါတ်ကိုမှတ်ထားလိုက်သလားဟု ကျွန်တော့်ကိုအားကိုးတကြီးလာမေး နေပြီ။
တကယ်တော့ ကားနံပါတ်ကို ကျွန်တော်မှတ်ချိန်မရလိုက်ပါ။
သို့သော် နှစ်ရှည်လများ ရပ်ကွက်ကလူများကို ဒုက္ခပေးခဲ့သည့် အရူးမနှင့် တာဝန်မဲ့သောသူ့မိသားစုအား လက်စားချေချင်စိတ်ပေါက် လာသည်။
]]ကားနံပါတ်၊ ဟုတ်လား၊ ကားနံပါတ်ကိုကျွန်တော်မှတ်ထားလိုက်ပါတယ်}}
]]ဟင်- ဒါ….. ဒါဆို…..}}
]]ဒါပေမယ့် ကားနံပါတ်ကို ကျွန်တော်မပြောနိုင်ဘူး၊ ခင်ဗျားညီမက စည်းမရှိ ကမ်းမရှိဖြတ်ကူးလာတာ၊ ပြီးတော့ အရူးမ တစ်ယောက်သေတာ ဘာမှနှမျောစရာမရှိဘူး၊ ကားသမားကိုတောင် သေအောင်တိုက်ပေးလို့ ကျေးဇူးတင်ရဦးမယ်ဗျ၊ ကားနံပါတ်ကို ကျွန်တော်မပြောနိုင်ဘူးဗျာ}}
ကျွန်တော်က စိတ်ရှိလက်ရှိပြောလိုက်ပြီး ထိုနေရာမှလှည့်ထွက်လာခဲ့သည်။
+ + + + + + + + +
မသိသူများက ကျွန်တော့်ကို စိတ်ထားဆိုးယုတ်သူဟု ထင်ကောင်းထင်မည်။ သို့သော် အရူးမဒေလီယာသေသည်ကို လာကြည့်နေကြသည့် ရပ်ကွက်ထဲကပရိသတ်များကတော့ ကျွန်တော့်လုပ်ရပ်ကို ဩဘာပေးနေကြမည်အမှန်ပင်။ အားလုံးစိတ်ထဲမှာလည်း ကားနံပါတ်ကိုသိလိုက်ပါလျှက် ကျွန်တော်ကဖွင့်မပြောဘူးဆိုတာ ယုံကောင်းယုံနေကြလိမ့်မည်။
ဒေလီယာ၏နှစ်ပေါင်းနှစ်ဆယ်ကျော် တစ်ရပ်ကွက်လုံးကို ဒုက္ခပေးခဲ့သည့်ဖြစ်စဉ်ကို
သိရလျှင်ဖြင့် ကျွန်တော်ဘာကြောင့် ထိုသို့ပြောရတယ် ဆိုတာကို နားလည်မှုပေးနိုင် လိမ့်မည်ထင်သည်။
အသက်ဆယ့်ငါးနှစ်အရွယ် အပျိုပေါက်ဘ၀ကတည်းက ရူးသွပ်နေသောဒေလီယာသည် ယခုအသက်လေးဆယ်ကျော်ပေပြီ။ ဒီရပ်ကွက်ထဲ တွင် မူရင်းနေထိုင်ခဲ့သူများမှာ နှစ်ပေါင်းအစိတ် ကျော်အောင် ဒေလီယာ၏ဒဏ်ကိုခံခဲ့ရလေသည်။
ကျွန်တော် ဒီရပ်ကွက်ကိုရောက်လာတာ ငါးနှစ်ကျော်ကျော်ပဲ ရှိပါသေးသည်။ ငါးနှစ်မျှဒဏ်ခံလိုက်ရသည်ကိုပင် မခံမရပ်နိုင်ဖြစ်မိသည်။ ရပ်ကွက်သူရပ်ကွက်သားများအဖို့တော့ စဉ်းစားကြည့်ပါတော့။
ဒေလီယာရူးပုံရူးနည်းမှာ ရိုင်းရိုင်းပြောရလျှင် ]]လင်တရူး}}ဖြစ်သည်။ ရူးခါစက အိမ်ရှေ့မှဖြတ်သွားသောယောက်ျားလေးများကို လိုက်ဆွဲ သည်ဟုဆိုသည်။ ဘယ်သူက သူ့ကိုစာပေးပါတယ်ဆိုပြီး ရည်းစားစာကို သူကိုယ်တိုင်ရေးကာ ထိုစာကိုပင် အများကြားအောင် အော်ဖတ် သည်ဟုဆိုသည်။ ထို့ထက်ပိုဆိုးလာတော့ ရပ်ကွက်ထဲလည်ကာ ဘယ်အိမ်က ဘယ်ကောင်လေးက သူ့ကိုတစ်ဖက်သတ်ကြိုက် နေကြောင်း၊ စာပေးကြောင်း၊ သူက လက်မခံကြောင်းတွေပြောသည်ဆိုပြန်၏။
ထို့ထက်ပိုဆိုးလာတော့ အိမ်နီးချင်းရွယ်တူယောက်ျားလေးများကို သူ့အိမ်ထဲမှနေ၍ အော်ဟစ်ကာ-
]]ဘယ်သူရေ၊ ဘယ်ဝါရေ၊ နင်ငါ့ကိုကြိုက်နေတာမဟုတ်လား၊ နင်ငါ့ကို စာပေးဖူးတယ် လေ၊ ဒါပေမယ့် ငါနင့်ကို မကြိုက်နိုင်ဘူးဟဲ့၊ ငါ့ကို ကျော်ဟိန်းက ယူမယ်လို့ပြောထားတာ}}
]]ဟွန်း- ကျွန်မကိုများ ဟိုဖက်ထိပ်က ဘယ်သူက စာပေးလား ဘာလားနဲ့၊ ကိုယ့်ရုပ်ကိုယ်လည်းပြန်ကြည့်ပါဦး၊ ငါနဲ့တူသလားတန်သလား လို့၊ ငါ့ကို ရုပ်ရှင်မင်းသားတွေက လာတောင်းနေတာတောင် ငါက ခါချနေတာ၊ သူ့လိုဟာမျိုးများ စဉ်းစားပါလိမ့်မယ်၊ အားကြီးကြီး}}
ဒေလီယာ၏နာမည်တပ်၍အပြောခံရသူများသည် ရှက်လွန်း၍ အိမ်ပြင်မထွက်ရဲအောင် ဖြစ်ကုန်ကြတော့သည်။ အရူးမဖြစ်နေ၍ ပြန်လှန် ရန်တွေ့ဖို့လည်း မဖြစ်နိုင်။ ဖြေရှင်းဖို့လည်း မတတ်နိုင်။ ပိုဆိုးသည်ကား ဒေလီယာ့အပြောကိုကြားရသူတချို့က ထိုလူငယ်အား တကယ်ပဲ ဒေလီယာကိုကြံစည်နေသလားဟု အထင်ခံရခြင်းပင်ဖြစ်လေသည်။
ရပ်ကွက်ထဲမှ သူနှင့်ရွယ်တူယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မင်္ဂဆောင်သွား လျှင်၊ အိမ်ထောင်ပြုသွားလျှင်လည်း ဒေလီယာ၏ မနာလိုစိတ်များက ထကြွလာတတ်သည်။
ယောက်ျားလေးတစ်ယောက် မိန်းမရသွားလျှင် ဒေလီယာက အောက်ပါအတိုင်းပြောသည်။
]]ဟွန်း- ဒီအကောင်က ငါ့ကိုကြိုက်နေတာ၊ ငါ့ကိုမရလို့ အဲဒီကောင်မကိုယူလိုက်ရတာ၊ သူ့လိုကောင်မျိုး အဲဒီလို ကောင်မမျိုးနဲ့ပဲတန်တယ်၊ ဒေလီယာ့ကိုလာမှန်းလို့ဘယ်ရလိမ့်မလဲ၊ ငါက ဒါမျိုးလောက်တော့ မစဉ်းစားသေးဘူး၊ ဟိုကောင်မ ငါမလိုချင်လို့ လင်ရတာ}}
မိန်းကလေးတစ်ယောက်အိမ်ထောင်ပြုသွားလျှင် အောက်ပါအတိုင်း အော်ပြန်ဟစ်ပြန် သည်။
]]လင်ရမှာပေါ့၊ နန့်နေတာကိုး၊ ငါ့လိုမှဣနြေ္ဒသိက္ခာနဲ့မနေတာ၊ သူရတဲ့ယောက်ျားကလည်း အပလာပါ၊ ဒီအကောင် ငါ့ကိုရည်းစားစကား ပြောဖူးတယ်၊ ငါကပြန်မကြိုက်တာ၊ ငါမလိုချင်လို့ လင်ရတဲ့ကောင်မ၊ ဒီအကောင်နဲ့ပေါင်းကြည့်ပါဦး၊ ဒူးနဲ့မျက်ရည်သုတ်နေရမှာ မြင်ယောင်သေး တယ်- ဟွန်း}}
ဒေလီယာ၏ရူးပုံရူးနည်းက ထိုနည်းအတိုင်း ယောက်ျားများကို စိတ်ဝင်စားကာ ယောက်ျားလေးမှန်သမျှက သူ့ကိုတစ်ဖက်သတ်ချစ်ကြိုက် နေတယ်ဟု ထင်နေခြင်းမျိုးဖြစ်သည်။ အခြားသူများ ချစ်ရေးကြိုက်ရေး အဆင်ပြေနေတာတွေ့လျှင် မနာလိုစိတ်ဝင်ခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ဒေလီယာရူးပုံကို လင်တရူးဟုပင် ခေါ်ရပေတော့မည်။
သူ့ညီမအရင်း အိမ်ထောင်ကျသွားသည်ကိုပင် မနာလိုတိုရှည်ဖြစ်ကာ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားအော်ဟစ်နေခဲ့သည်။
]]ကောင်မ၊ လင်ရပြီဆိုပြီး တော်တော်ပျော်နေတယ်ပေါ့လေ၊ ဘယ်တုံးကကတည်းက လင်ယူချင်နေတာလဲဟဲ့၊ တော်တော်ပဲ ----နေ သလား၊ အမေကလည်း တော်တော်မကောင်း တဲ့အမေ၊ အစ်မကြီး လင်ယူပြီးရင် ဒီတစ်ခါလင်ယူရမှာ ကျွန်မအလှည့်တော့၊ ကျွန်မကိုကျတော့ လင်ရှာမပေးပဲ သူ့သမီးအငယ်ကိုတော့ လင်ပေးစားတယ်၊ ဘာဖြစ်လို့ အလှည့်ကျော်ရတာလဲ၊ မိဘတာဝန်မကျေတဲ့မိန်းမကြီး၊ ကျွန်မကိုလည်း လင်ပေးစားရမယ်၊ ဒါပဲ}}
ဒါတွေက ဒီရပ်ကွက်ထဲကိုကျွန်တော်မရောက်ခင်ကအဖြစ်များကို ပြန်ကြား၍ သိရခြင်းဖြစ်သည်။
ကျွန်တော်ဒီရပ်ကွက်ထဲကို ပြောင်းလာချိန်တွင် ဒေလီယာမှာ အသက်သုံးဆယ်ကျော် လေးဆယ်နီးပါပင်ရှိနေပြီ။ သူမ၏လင်တရူးရောဂါ မှာလည်း အတော်ပင်ရင့်နေပြီ။ ပတ်ဝန်းကျင် ကိုလည်း တော်တော်ဒုက္ခပေးပြီးနေလေပြီ။
အရူးသက်ရင့်လာချိန်တွင်  လင်လိုချင်သည့်ကိစ္စတစ်ခုတည်းမဟုတ်တော့။ နံဘေးအိမ်များ မှ အိမ်နီးချင်းများကို နာမည်တပ်ကာ ဆဲရေး တိုင်းထွာခြင်း၊ ငယ်ကျိုးငယ်နာဖော်ပြောခြင်း၊ မဟုတ်တန်းတရား ပြောဆိုခြင်းများကို တစ်ရပ်ကွက်လုံးကြားအောင် အော်ဟစ်နေတတ်ခဲ့လေပြီ။
လမ်းကြားထဲမှ သူတို့အိမ်နောက်ဖေးတည့်တည့်တွင် အဝတ်အငှားဖွတ်သည့်အိမ် တစ်အိမ်ရှိသည်။ ဝက်များလည်းမွေးထားသည်။ မိသားစု များပြီး စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင် နေတတ်သူများဖြစ်သည်။
ဒေလီယာ့ပါးစပ်ထဲမှာတော့ ထိုမိသားစုသည် ရစရာမရှိအောင် သိက္ခာကျဆင်းလျှက်ရှိ ပေ၏။
]]အလကားဟာမ၊ သူများအဝတ်ကိုဖွတ်ပေးရတဲ့ ခဝါသည်မ၊ ကလေးတွေကိုလည်း အိမ်တကာလှည့်ပြီးဝက်စာယူခိုင်းတယ်၊ ကလေးတွေ ကိုခိုင်းစားနေတဲ့မိန်းမ}}
လမ်းထိပ်မှစတိုးဆိုင်ရှင်များလည်း ဒေလီယာ့ပါးစပ်ထဲတွင် လူဆိုးများဖြစ်နေသည်။
]]အမြတ်ကြီးစားတွေ၊ ထွီ- သူတို့ဆိုင်က ပစ္စည်းတွေ ဈေးလည်းကြီးသေး၊ အတုတွေတင် ထားတာ၊ မွဲပါစေ တေပါစေတော်}}
လမ်းဘေးမှာကွမ်းယာရောင်းသောမိသားစုလည်း မနေရပါ။
]]ကွမ်းရွက်အနွမ်းအဖတ်တွေဝယ်ပြီး လိမ်ရောင်းနေတာ၊ ညစ်ကလည်း ညစ်ပတ်သေး တယ်၊ ဒါမျိုး ဝယ်စားတဲ့လူရှိတာများ အံ့ပါ့တော်၊ လူတွေမှဟုတ်ရဲ့လားမသိဘူး၊ သေရင် ငရဲကျမယ့်ဟာတွေ}}
အိမ်နီးချင်းများအာလုံးမှာ ဒေလီယာစွတ်စွဲသောပြစ်ဒဏ်များမှ ကင်းလွတ်သူမရှိချေ။
ဆိုးလှသည်မှာ ထိုစကားရပ်များကို နေ့လည်နေ့ခင်းတွင် တစ်ကိုယ်တည်းကြားရုံ တတွတ်တွတ်ပြောနေခြင်းမျိုးမဟုတ်ပေ။ ညပိုင်းကျမှ တစ်ညလုံးမအိပ်ပဲ တစ်ရပ်ကွက် လုံးကြား အောင် အော်ဟစ်နေခြင်းဖြစ်လေသည်။ သူမပါးစပ်မှထွက်သမျှ အယုတ္တအနတ္ထ ညစ်ညစ်ညမ်း ညမ်း စကားလုံးများကိုတစ်ရပ်ကွက်လုံးက ညလူခြေတိတ်ချိန်တွင် ဆူညံစွာကြားနာနေရသည်။
ကိုယ့်ကိုရန်လုပ်ဆဲဆိုနေတဲ့အတွက်လည်း အရူးနဲ့ဖက်ပြီး ပြန်မပြောသာ။ အိပ်လို့လည်း မရ။ ညစဉ်သောင်းကျန်းနေသောအရူးကို သူ့အိမ် ကလည်း ထိန်းချုပ်ခြင်း၊ ဆူပူငေါက်ငမ်းခြင်း မပြုချေ။
ကလေးများစာမေးပွဲရှိချိန်တွင် အနှောက်အယှက်ဖြစ်ရသည်။ ကျွန်တော့်လို ညပိုင်းမှာ စာရေးသူအဖို့လည်း အနှောက်အယှက်ကြီး တစ်ခု ဖြစ်နေသည်။
တစ်ခါက ကပ်ရက်အိမ်မှ လူကြီးက ဆယ်တန်းစာမေးပွဲဖြေချိန်တွင် သူ့သမီးဆယ်တန်း ဖြေရန်စာကျက်နေ၍ တိတ်တိတ်ဆိတ်ဆိတ်နေပေးဖို့ ချေချေငံငံပြောသည်ကို ကက်ကက်လန် ပြန်၍ရန်တွေ့ခဲ့သည်။
]]နင်ဟာနင် နင့်မယားနဲ့ ---ပြီးမွေးထားတဲ့ကလေးတွေပဲဟဲ့၊ ငါနဲ့ဘာဆိုင်လဲ၊ ငါ့အိမ်ထဲမှာ နေပြီး ငါ့ဟာငါ အော်တာဟစ်တာ ဘာဖြစ် လဲ၊ ပြောစရာရှိလို့ပြောရတာ၊ အမြင်မတော်တာတွေကို ငါကပြောရတာ၊ နင့်ကလေးစာကျက်ပျက်ရင် ဟိုတယ်မှာသွားတည်းပြီး ကျက်ချေ၊ အမလေးတော်- ကြီးကြီးကျယ်ကျယ်၊ ငါ့များလာအမိန့်ပေးလို့၊ နင့်သမီးချာတူးလန်မက ဘယ်လောက် စာကျက် ကျက် အောင်မှာလည်း မဟုတ်ဘူး}}
ထိုမျှ ပတ်ဝန်းကျင်ကိုစော်ကားမော်ကားပြုနေသော်လည်း သူ့မိသားစုက တစ်လုံးတစ်ပါဒ မျှ ဝင်မဟန့်ပေ။
အရူးမသည် နောက်ပိုင်းတွင် တစတစဆိုးဝါးလာရာ ညစ်ညမ်းသောစကားလုံးများ ပါလာသည်။ ယောက်ျားမိန်းမခါးအောက်ပိုင်းပစ္စည်းများ ကိုနှုတ်မှထွက်၍ ပက်ပက်စက်စက် ပြောသည်။ လင်ယူသားမွေး လင်နှင့်မယားအပြုအမူကိစ္စများကို တစ်တစ်ခွခွအော်ဟစ်သည်။ ရပ်ကွက်ထဲမှ မိန်းမပျိုလေးများမှာ မျက်နှာပူပူနှင့်မကြားယောင်ဆောင် နားပင်းယောင်ဆောင်၍ ကြိတ်မှိတ်ခံနေရပေသည်။
ရပ်ကွက်ထဲသို့ နောက်ကျမှရောက်လာသော ကျွန်တော်သည် ထိုမိသားစု၏စရိုက်သဘာဝ ကိုမသိပဲ သွားပြီး စကားပြောဆိုအကြံပြုမိသေးသည်။
]]ငယ်ငယ်ကတည်းက ရူးနေတာဆရာ၊ ကျွန်မတို့လည်း ဘယ်လိုမှမတတ်နိုင်ဘူး}}
]]ဆေးကုမပေးဘူးလားဗျာ၊ စိတ်ကျန်းမာရေးဆေးရုံတွေမှာ ကုသမှုတွေတိုးတက်နေပါပြီ}}
]]ဆေးရုံခဏခဏတင်ဖူးပါတယ်ဆရာ၊ ထွက်ထွက်ပြေးလာတယ်၊ ဆေးရုံတင်ရတာလဲ မလွယ်ဘူးဆရာရဲ့၊ ဆေးဖိုးကမနည်းပေးရတာ၊ ကြာတော့ ကျွန်မတို့လည်း မတတ်နိုင်တော့ဘူး}}
]]မဟုတ်သေးဘူးလေ၊ တစ်ရပ်ကွက်လုံးကိုအနှောက်အယှက်ဖြစ်နေတာ၊ တစ်ခုခုတော့ စီစဉ်ဖို့လိုတယ် ထင်တယ်၊ လူမပြောနဲ့၊ ကိုယ်မွေး ထားတဲ့ခွေးတောင် ခွေးပိုင်ရှင်မှာ တာဝန်ရှိတယ် မဟုတ်လား၊ ကိုယ့်ခွေးက သူများကိုက်ရင် လျှော်ကြေးပေးရမယ်၊ ဆေးကုပေးရမယ်၊ ဒီသဘောမျိုး ပဲ၊ ဒေလီယာသောင်းကျန်းနေတာတွေ ခင်ဗျားတို့မှာ တာဝန်ရှိတယ်လေ}}
]]ကျွန်မသမီးကိုရူးနေတဲ့အထဲ ခွေးနဲ့နှိုင်းပြန်ပြီ၊ မတတ်နိုင်ဘူးရှင်၊ ကိုယ့်အိမ်ထဲမှာကိုယ်နေ ပြီး အော်ဟစ်နေတာပဲ၊ ဘယ်သူအိမ်ထဲမှ ဝင်ပြီးဒုက္ခပေးနေတာမဟုတ်ဘူး၊ နားမခံသာလည်း ဒီရပ်ကွက်ထဲက ပြောင်းသွားပေတော့၊ ကျွန်မတို့က ဒီနေရာမှာဘိုးစဉ်ဘောင်ဆက်နေလာတာ}}
ဒေလီယာ့မိခင်နှင့်အစ်မက ကျွန်တော့်ကို ရန်တွေ့လွှတ်လိုက်ကြသည်။
နောက်တစ်နေ့ညတွင် လင်တရူးမ၏နှုတ်ထွက်စကားထဲ၌ ကျွန်တော်သည် အဓိက ဇာတ်ကောင်အဖြစ်ပါလာလေတော့သည်။
]]သေချင်းဆိုးကြီး၊ ငါ့ကိုများ ခွေးနဲ့နှိုင်းလို့၊ သူ့ရုပ်ကြီးကသာ ခွေးဘီလူးလိုရုပ်ကြီး၊ ဘာစာရေးဆရာလဲ၊ ထွီ- အလကားပေါက်ကရတွေ လျှောက်ရေးနေတာ၊ သူများရေးပြီးသားတွေ လိုက်ခိုးချထားတာ မသိဘူး မှတ်လို့လား၊ သူ့ကိုယ်သူ နာမည်ကျော်စာရေးဆရာတဲ့၊ ဟာဟာဟ- ရယ်တောင်ရယ်ချင်သေး}}
ကဲ- ကောင်းကြပါလေရောဗျာ။
]]ဆရာက သူတို့ကို လူလိုသူလိုသိတတ်မယ်ထင်ပြီး သွားဆွေးနွေးတာကိုဗျ၊ သူတို့ မိသားစုက အရူးကို မဟန့်တားတဲ့အပြင် ကာကွယ်နေ သေးတာ၊ တစ်ခါက ကျွန်တော်တို့အိမ်ထဲ ဝင်လာတော့ ကျွန်တော့်သားက  ဒေလီယာ့ကို ခဲနဲ့ပေါက်လွှတ်လိုက်တယ်၊ အဲဒါကိုသိတော့ နောက်တစ်ခါ ဒါမျိုးလုပ်ရင် တရားစွဲမယ်တဲ့ဗျာ၊ အရူးမအမေက လာရန်တွေ့တာ၊ အရူးမက ပြောချင်ရာပြောတာသာ တစ်ရပ်ကွက်လုံးက ကြိတ်ခံနေရတာ၊ သူ့ကို ပြန်ထိတော့ သူ့မိသားစု ကမခံဘူးဗျ၊ လူလိုသိတတ် တဲ့လူတွေမဟုတ်ပါဘူးဗျာ၊ ဆရာက ကျွန်တော်တို့မတိုင်ပင်ပဲ သွားတွေ့တာကို၊ သိရင် ဆရာ့ကို မသွားဖို့တားပါတယ်}}
]]အရူးဆိုပြီး ဒီလိုပဲကြိတ်ခံနေရတော့မှာလားဗျာ၊ ရဲစခန်းကို တိုင်ပြီးဖမ်းခိုင်းရင် မကောင်း ဘူးလား}}
]]ကျွန်တော်တို့ကြိုးစားဖူးပါတယ်ဆရာ၊ ရဲကလည်း အရူးကို ဖမ်းချုပ်ခွင့်မရှိဘူးတဲ့ဗျ၊ ရပ်ကွက်ရုံးကိုလည်း တိုင်ပြီးပြီ၊ ဥက္ကဌက တစ်အိမ် သားလုံးကိုခေါ်ပြီး ဆွေးနွေးတယ်၊ ဒေလီယာ့ကို ထိန်းသိမ်းဖို့ပေါ့၊ ရပ်ကွက်ရုံးကလည်း ဒါလောက်ပဲ တတ်နိုင်တယ်လေ၊ ဟော-နောက်တစ်နေ့ လည်း ကျရော ရပ်ကွက်ဥက္ကဌပါ နာမည်တပ်ပြီး အဆဲခံရတော့တာပဲဗျို့}}
ဘာများရော တတ်နိုင်ဦးပါမည်နည်း။
]]ကျွန်တော်တို့တစ်ရပ်ကွက်လုံး ဝဋ်ရှိလို့ခံရတယ်လို့ပဲ မှတ်ပါတယ်ဗျာ}}
+ + + + + + + + +
ခုတော့ တစ်ရပ်ကွက်လုံး ဝဋ်ကျွတ်သွားပေပြီ။
နေ့လည်ခင်း နေကြောင်တောင်ပူနေချိန်တွင် လမ်းမပေါ်မှာ လူသူတိတ်ဆိတ်နေချိန်၌ အရူးမဒေလီယာ ကားတိုက်ခံရပြီး အသေဆိုးနှင့် သေသွားခဲ့လေပြီ။
ဖြစ်ရပ်ကိုမြင်လိုက်ရသူမှာ ကျွန်တော်တစ်ယောက်တည်းသာဖြစ်သည်။
တိုက်သွားသောကား၏နံပါတ်ကို ကျွန်တော်မဖတ်လိုက်နိုင်ပါ။
ဒေလီယာ့အစ်မက အားကိုးတကြီးလာမေးနေလေပြီ။
]]ကားနံပါတ် ဆရာမှတ်မိလိုက်ရင်ပြောပါ}}-တဲ့။
တစ်ရပ်လုံးတစ်ရွာလုံးကို စိတ်ဒုက္ခပေးခဲ့သည့်အရူးမ၊ စော်ကားမော်ကားပြုခဲ့သည့်အရူးမ။ အရူးမကို ဆုံးမပဲ့ပြင်ခြင်းမရှိပဲ အရူးမဖက်က ကာကွယ်ပေးခဲ့သည့် မသိတတ်သောမိသားစု။
ကျွန်တော်သည် ကိုယ်တိုင်စော်ကားခံထားရ၍ အခွင့်အရေးရတုံး သူတို့ကို တန်ပြန် လက်စားချေရန်ဆုံးဖြတ်လိုက်သည်။
]]ကားနံပါတ်ကို ကျွန်တော်မှတ်ထားလိုက်ပါတယ်၊ ဒါပေမယ့်  ကျွန်တော်မပြောနိုင်ဘူး၊ ခင်ဗျားညီမက စည်းမရှိကမ်းမရှိဖြတ်ကူးလာတာ၊ ပြီးတော့ အရူးမတစ်ယောက်သေတာ ဘာမှနှမျောစရာ မရှိဘူး၊ ကားသမားကိုတောင် သေအောင်တိုက်ပေးလို့ ကျေးဇူးတင်ရဦးမယ်ဗျ၊ ကားနံပါတ်ကို ကျွန်တော်မပြောနိုင်ဘူးဗျာ}}
နာကြည်းချက်အခံကြောင့် ထိုသို့ပြန်ပြောခဲ့သည်ကို ကိုယ်ချင်းစာတတ်သူများသာ နားလည်နိုင်လိမ့်မည်ထင်ပါသည်။
+ + + + + + + + +
ညနေပိုင်းတွင် ကျွန်တော့်အိမ်သို့ ရဲများရောက်လာသည်။ နယ်မြေရဲကင်းမှ ဒုရဲအုပ်  ခေါင်းဆောင်သည့် အဖွဲ့ဖြစ်ပါသည်။
]]အရူးမဒေလီယာကိုတိုက်သွားတဲ့ကားနံပါတ် ဆရာသိလိုက်တယ်ဆိုလို့ လာမေးတာ ပါခင်ဗျာ၊ ဥပဒေအရအရေးယူနိုင်အောင် ကျွန်တော်တို့ကိုတော့ ပြောပြစေချင်ပါတယ်}}
ကျွန်တော်က ရဲအရာရှိကို နေရာထိုင်ခင်းပေးကာ ရှင်းပြလိုက်သည်။
]]ကျွန်တော်ကားနံပါတ်ကို မမှတ်မိလိုက်ပါဘူးဗျာ၊ နံပါတ်ဖတ်ရအောင်လည်း အချိန်မရလိုက်ပါဘူး၊ ကားက အမြန်မောင်းပြေးပြီး လမ်းချိုးထဲ ကွေ့ဝင်သွားလို့ပါ၊ ဒေလီယာ့ အစ်မကို နံပါတ်သိလိုက်တယ် လို့ပြောတာ တမင် သူတို့စိတ်ကို ကလိချင်လို့ပြောလိုက်တာပါ}}
ကျွန်တော်က ကျွန်တော်အပါအဝင် တစ်ရပ်ကွက်လုံး အရူးမ၏ဆိုးဒဏ်ခံခဲ့ရပုံတွေ ကိုပြောပြလိုက် သည်။ အရူးမမိသားစု၏တာဝန်မဲ့ပုံ ကို လည်းပြောပြလိုက်သည်။
ရဲများကလည်း ထိုအကြောင်းတွေကို သိနေပြီးဖြစ်သည်။
ကျွန်တော်ရှင်းပြသည်ကိုလည်း လက်ခံသွားကြသည်။
]]တကယ်သာ ကားနံပါတ်သိလိုက်ရင် စခန်းကိုကျွန်တော် သတင်းလာပေးမှာပါ၊ ကားနဲ့တိုက်သွား တဲ့ဒရိုင်ဘာဟာ သူ့ပြစ်ဒဏ် ကိုခံယူဖို့ သင့်ပါတယ်၊ တရားခံလွတ်သွားရင် လူ့အဖွဲ့အစည်းအတွက် နစ်နာတာပေါ့ဗျာ၊ ကျွန်တော်က သူတို့မိသားစုကို တမင်သက်သက် ပညာပေးလိုက် တာပါ}}
]]ကျွန်တော်တို့က ဆရာကားနံပါတ်မှတ်မိလိုက်တယ်ဆိုတာကို ဒေလီယာ့အစ်မ လာပြောလို့ အဟုတ်မှတ်ပြီး လာမေးတာပါဆရာ၊ ဆရာက ဆိုက်ကိုထည့်လိုက်တာကိုး၊ စိတ်မရှိပါနဲ့ဆရာ}}
ရဲများက ကျွန်တော့်ကိုတောင်းပန်ပြီးပြန်သွားကြလေသည်။
+ + + + + + + + +
အမှန်အားဖြင့် ထိုကိစ္စသည် ပြီးပြတ်သွားပြီဟုဆိုနိုင်သည်။ 
သို့သော်-
နှစ်ရက်ကြာချိန်တွင်.. စာအုပ်ဖြန့်ချီရေးကိုယ်စားလှယ် ဦးအောင်မင်းဆိုသူ ကျွန်တော့် အိမ်သို့ရောက်လာသည်။  
ဦးအောင်မင်းက ဂျာနယ်တစ်စောင်ထုတ်ဝေရန်ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်နှင့် ဆွေးနွေးချင်ပါသည်ဆိုကာ သူ့အိမ်ကို ညနေပိုင်းတွင် ညစာစားရန်ကြွရောက်ပါမည့်အကြောင်း လာ၍ဖိတ်ကြားခြင်းဖြစ်ပါသည်။
ထိုနေ့ညနေတွင် ကျွန်တော်ဦးအောင်မင်းအိမ်သို့သွားရောက်ခဲ့သည်။
ဦးအောင်မင်းဇနီးက ကျွန်တော့်လုံးချင်းဝတ္ထုများဖတ်ရကြောင်းပြောသည်။ ဦးအောင်မင်းသမီးက ဖတ်လက်စကျွန်တော့်စာအုပ် တစ်အုပ်ကို ပြကာ စာအုပ်ကောင်းကြောင်း ချီးမွန်းနေ၏။
ဦးအောင်မင်းမိသားစုသည် ကျွန်တော့်အား သာမန်ထက်ပို၍ ဖော်ရွေနေကြသည်ဟု ထင်မိသည်။
ဦးအောင်မင်းက ထမင်းမစားမီ ဘီယာဝိုင်းကိုစီစဉ်ထား၏။
စာကြည့်ခန်းထဲတွင် ကျွန်တော်နှင့်ဦးအောင်မင်းနှစ်ယောက်တည်း ဝိုင်းဖွဲ့နေကြသည်။
ဦးအောင်မင်းနှင့်ကျွန်တော်က ယနေ့စာပေလောကအကြောင်းနှင့် ဂမ္ဘီရစာအုပ်များ အကြောင်းကို ဆွေးနွေးနေမိသည်။  
]]ဂမ္ဘီရဆိုတဲ့ဝတ္ထုတွေတော်တော်များများက ထပ်နေတယ်ဆရာ၊ အကြောင်းအရာ တစ်ခုတည်းကို ဂမ္ဘီရစာရေးဆရာအမျိုးမျိုးက လှည့်ရေး သလိုဖြစ်နေတယ်}}
]]ဂမ္ဘီရအကြောင်းအရာတော်တော်များများက ရှေးဟောင်းဆိုရိုးစကားတွေ၊ ဂန္ထဝင်ပုံပြင် တွေ၊ ဘုရားဟောနိပါတ်တော်တွေပေါ်မှာ မူတည်ပြီး ဖြစ်လာတာဆိုတော့ တူနေတာပေါ့ ဦးအောင်မင်းရယ်}}
]]ပြီးတော့- ဘာသာပြန်တွေကလည်း တစ်ယောက်မကပြန်နေကြတော့ ထပ်နေတယ်ဗျာ၊ နိုင်ငံခြားဝတ္ထုတစ်ပုဒ်ကိုဘာသာပြန် ထားတာ တစ်လထဲ မဂ္ဂဇင်းနှစ်စောင်မှာပါ လာတာမျိုးတောင် တွေ့ရတယ်}}
ဦးအောင်မင်းနှင့်ကျွန်တော် သောက်ရင်းစားရင်းစကားပြောနေသည်မှာ အတော်ကြာသွား သည်။ စာအုပ်များအကြောင်းနှင့် စာပေလောက အကြောင်းသာပြောနေမိကြ၏။ ကျွန်တော်လည်း အတန်ငယ်မူးယစ်နေလေပြီ။ ဦးအောင်မင်းက သူထုတ်မည်ဆိုသည့် ဂျာနယ်အကြောင်းကို ခုထိ စကားမစသေး။ ဦးအောင်မင်းဇနီးက အမြည်းများတစ်ခုပြီးတစ်ခု လာချပေးနေသည်။
]]ဒါနဲ့ ဦးအောင်မင်းထုတ်မယ်ဆိုတဲ့ ဂျာနယ်က}}
ကျွန်တော်ကဂျာနယ်အကြောင်း စကားစလိုက်သည်တွင်-
]]ခဏလေးဆရာ၊ ခဏလေး၊ နှင်းရေ- မောင်ဗညားရောက်နေပြီလားကွဲ့}}
သူ့ဇနီးကို မေးလိုက်သည်။
]]ဧည့်ခန်းထဲမှာ ရောက်နေပါပြီမောင်}}
]]ဒါဖြင့် ဒီအခန်းထဲကိုလွှတ်လိုက်ကွာ}}
ဦးအောင်မင်းဇနီး အခန်းအပြင်ထွက်သွားသည်။
]]ကျွန်တော့်တူလေးတစ်ယောက်နဲ့ ဆရာ့ကိုတွေ့ပေးမလို့ဗျ}}
ဦးအောင်မင်းက ကျွန်တော့်ကိုပြောလိုက်သည်။
လူငယ်တစ်ယောက် ကျွန်တော်တို့ဝိုင်းဖွဲ့နေသည့်အခန်းထဲ ဝင်လာ၏။ သူ့လက်ထဲမှာ ကျွတ်ကျွတ်အိတ်အထုတ်တစ်ထုတ်ကို ကိုင်ထားသည်။
]]လာဟေ့ဗညားရေ၊ ဒီမှာမင်းတွေ့ချင်တဲ့ဆရာ၊ ဆရာ သူက ကျွန်တော့်တူလေး
မောင်ဗညား ပါ၊ ဆေးကျောင်းမှာ နောက်ဆုံးနှစ်တက် နေတယ်}}
ဗညားဆိုသူက ကျွတ်ကျွတ်အိတ်ထုတ်ကို ကျွန်တော့်ရှေ့စားပွဲပေါ်လှမ်းတင်လိုက်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
မောင်ဗညား၏အပြုအမူကြောင့် ကျွန်တော်အံ့ဩသွားသည်။
]]မောင်ဗညား၊ ခုံပေါ်မှာထိုင်လေကွယ်၊ ဘယ့်နှယ်-}}
]]နေပစေဆရာ၊ သူက ဆရာ့ကို ကန်တော့မလို့ပါ}}
]]ဗျာ-}}
]]ဗညားက ဆရာ့ကိုကျေးဇူးတင်နေတာဆရာ၊ ဆရာ့ကိုကန်တော့ ချင်တယ်ဆိုလို့ ကျွန်တော်စီစဉ်ပေးလိုက်တာပါ၊ တစ်နေ့က သူကားမောင်း ရင်းက လူတစ်ယောက်ကို ဝင်တိုက်လာတယ်လေ၊ ကျွန်တော်တို့ လိုက်စုံစမ်းတော့ ကားနံပါတ်ကို ဆရာမှတ်မိလိုက်တယ်တဲ့၊ ဒါပေမယ့် ဆရာက ဖွင့်မပြောပဲ မြိုသိပ်ထားတယ်လို့ သိရတယ်ဆရာ၊ တကယ်တော့ ဆရာတို့ အိမ်နားက အရူးမကို ကားနဲ့ မတော်တဆတိုက်မိတာ ဗညားပါဆရာ၊ အရူးမကိုတိုက်မိလို့ တော်သေးတာပေါ့ဆရာရယ်၊ ဆရာကမြင်လိုက်ပေမယ့် ကားနံပါတ်ကို ဖော်မပြောတော့ ဗညားရော သူ့အမေရော ဆရာ့ကို ကျေးဇူးတင်နေရှာတယ်၊  }}
]]အို-မဟုတ်ဖူးဗျ၊ မဟုတ်ဖူး၊ ဒီအတွက် ကျွန်တော့်ကို ကန်တော့စရာမလိုဘူး}} 
]]ဘယ်ဟုတ်မလဲဆရာ၊ ဆရာ့အနေနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲ ကားနံပါတ်ကို မြိုသိပ်ထားတာဖြစ်ဖြစ်၊ ဗညားအတွက်တော့ အရေးယူခံ ရမယ့်အဖြစ်က လွတ်သွားတယ် မဟုတ်လား၊ အဲဒါကျေးဇူးတင်လွန်းလို့ပါ၊ ဗညားအမေက ကျွန်တော့်အစ်မအရင်းလေ၊ ဗညားအဖေကဆုံးသွားပြီ၊ အမေတစ်ခုသားတစ်ခုပဲရှိတာ၊ သူ့သားဆေးကျောင်းသားလေး ထောင်များကျသွားရင် ကျွန်တော့်အစ်မ သေမှာဆရာ၊ ကဲ-ကဲ- ငါ့တူဗညား၊ ဆရာ့ကို ကန်တော့- ကန်တော့}}
ကျွန်တော်မည်သို့မှ ရှင်းပြလို့မရတော့ပါ။ မောင်ဗညားက ကျွန်တော့်ကို ဦးသုံးကြိမ်ချ ထိုင်ကန်တော့နေပြီ။ သူတင်ထားသော ကျွတ် ကျွတ်အိတ်ဆီလှမ်းကြည့်လိုက်တော့ တစ်ထောင်တန်အုပ် ဆယ်အုပ်ကို ပါးလွှာသောကျွတ်ကျွတ်အိတ်အသားကိုဖောက်၍ မြင်နေရသည်။ ငွေဆယ်သိန်း တိတိ။
သူတို့သည် အရပ်ထဲမှ ကြားရသည့်သတင်းစကားဖြင့် ကားနံပါတ်ကို ကျွန်တော်တကယ် သိလိုက်သည်ဟု ထင်နေကြခြင်းဖြစ်သည်။ ဦးအောင် မင်းသည် ဂျာနယ်ကိစ္စအကြောင်းပြကာ ဤကိစ္စအတွက် ကျွန်တော့်ကို တမင်ဖိတ်ခေါ်ခဲ့ခြင်းသာဖြစ်ပါသည်။
တကယ်တော့ ကျွန်တော်သည် ဒေလီယာတို့မိသားစုစိတ်ကို ညှင်းပန်းလို၍ ကားနံပါတ် ကိုမသိပါပဲနှင့် သိသယောင် လှည့်စားခဲ့ခြင်းဖြစ် သည်။ ကားနံပါတ်ကို တကယ်သာ ကျွန်တော် သိရှိခဲ့လျှင် သက်ဆိုင်ရာကိုအကြောင်းကြားမည်သာဖြစ်သည်။
ကားတိုက်ခံရသူသည် မည်သူပင်ဖြစ်စေ ကားဖြင့်တိုက်သွားသူကို အရေးယူအပြစ်ပေးရ မည် ဆိုသည့်ခံယူချက် ကျွန်တော့်မှာ ရှိပါသည်။ ကားတိုက်မှုကျူးလွန်သူသည် လူ့အသက် တစ်ချောင်းကိုဖဲ့ချွေခဲ့သည့်အတွက် တရားရုံးကပေးသည့်ပြစ်ဒဏ်ကို ခံကိုခံရမည်။ ဒါ ကျွန်တော့် ခံယူချက်ပဲဖြစ်သည်။
ကန်တော့ပြီးပြန်မော့လိုက်သောမောင်ဗညား၏မျက်လုံးအိမ်တွင် မျက်ရည်များရစ်ဝဲနေ လေသည်။
]]ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ၊ ပြောမပြတတ်လောက်အောင် ကျေးဇူးတင်ပါတယ်၊ ဆရာသာ ကားနံပါတ်ကိုဖော်ပြောလိုက်ရင် ကျွန်တော့် ဘ၀ဆုံးပါပြီ၊ ကျွန်တော့်ကို ဆရာ ကယ်တင်လိုက်တာပါ၊ ဆရာ့ကို ကျွန်တော် ကန်တော့ပါတယ်၊ ဆရာသမားအရင်းလိုလည်း မှတ်ယူပါတယ်ဆရာ၊ နောင်လည်း ကျွန်တော့်ကို ဆိုဆုံးမပါဆရာ}}
မောင်ဗညားကပြောပြီး နောက်တစ်ကြိမ်ထပ်ကန်တော့နေပြန်၏။
ကျွန်တော်ဘာပြန်ပြောရမှာလဲ။
ဦးအောင်မင်းတို့က နောင်တစ်ချိန်တွင် ကျွန်တော်စိတ်ပြောင်းပြီး ကားနံပါတ်ဖော်ပြော လိုက်မှာကို စိုးရိမ်ကာ ကျွန်တော့်ကို ငွေဆယ်သိန်း ကန်တော့၍ လာဘ်ထိုးနေခြင်းပဲဖြစ်ပါသည်။
တကယ်တော့ အခုလိုလုပ်လိုက်မှသာ ကားတိုက်ပြေးသည့်တရားခံသည် မောင်ဗညား ဆိုတာ သိလိုက်ရခြင်းဖြစ်သည်။
တရားခံကို ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော့်ခံယူချက်အတိုင်း သက်ဆိုင်ရာကို အကြောင်းကြား ရမည်လား။
ကျွန်တော်သက်ဆိုင်ရာကိုအသိပေးလိုက်ခြင်းအားဖြင့် အညွန့်တလူလူ ရှိနေသော မောင်ဗညား၏ဘ၀ ပျက်သွားပေတော့မည်။
တရားခံကိုသိပါလျှက်နှင့် သက်ဆိုင်ရာကို အသိမပေးပဲရော နေသင့်ပါသလော။ သက်ဆိုင်ရာကိုအကြောင်းမကြားလျှင် ကျွန်တော်သည် ပြစ်မှုတစ်ခုကိုသိပါလျှက်နှင့် ဖုံးဖိထိန်ချန် ပေးရာကျပေတော့မည်။
အကြောင်းအမှန်ကို ဦးအောင်မင်းတို့အား ကျွန်တော်ဖွင့်ပြောလိုက်လျှင်ကော-။ ဦးအောင်မင်းတို့ အနေဖြင့် လူမသိသေးသည့်ကိစ္စကို ကျွန်တော် သိအောင်ဝန်ခံမိသလို ဖြစ်နေခြင်း အတွက် နောင်တရကြပေလိမ့်မည်။ ကျွန်တော့်အနေနှင့်လည်း စားပွဲပေါ်မှ ငွေဆယ်သိန်းကို စွန့်လွှတ်ရပေလိမ့်မည်။
ကျွန်တော်သည် ရဲများအား ကျွန်တော်ပြောခဲ့သည့်စကားများကို ပြန်ကြားယောင် လာမိသည်။
]]တကယ်သာ ကားနံပါတ်သိလိုက်ရင် စခန်းကိုကျွန်တော် သတင်းလာပေးမှာပါ၊ ကားနဲ့တိုက်သွားတဲ့ဒရိုင်ဘာဟာ သူ့ပြစ်ဒဏ် ကိုခံယူဖို့ သင့်ပါတယ်၊ တရားခံလွတ်သွားရင် လူ့အဖွဲ့အစည်းအတွက် နစ်နာတာပေါ့ဗျာ}}
ကဲ- တရားခံကို ကျွန်တော်သိနေပါလေပြီ။
ကျွန်တော် ဘယ်လိုဆုံးဖြတ်ရမည်နည်း။
မောင်ဗညားကိုတစ်လှည့်၊ ကျွတ်ကျွတ်အိတ်ထဲမှ ငွေဆယ်သိန်းကိုတစ်လှည့်ကြည့်ရင်း ကျွန်တော့်စိတ်မှာ ဝေခွဲမရဖြစ်နေသည်။
တစ်ဖက်က အမှန်တရားနှင့် ဥပဒေ၊
တစ်ဖက်က လူမှုရေးနှင့် တက်လမ်းရှိသောလူငယ်တစ်ဦး၏ဘ၀။
နောက်ပြီးတော့- မက်မောစရာ ငွေကြေးများ။
ကျွန်တော့်စိတ်တွေ ဒွိဟ ဖြစ်နေပါပြီ။
ကျွန်တော်ဘာလုပ်ရမလဲ။
+ + + + + + + + +

ဆောင်းလုလင်


No comments: