နွေ တ မာ န်
မုဆိုးလား သားကောင်လား
လောကမှာ
လူရယ်လို့ဖြစ်လာရင် တစ်ခါတစ်ရံ မုဆိုးဖြစ်မည်။ တစ်ခါတစ်ရံတော့ သားကောင်ဖြစ်ပေမည်။ မုဆိုးနေရာမှာ
နေရသည်ဖြစ်စေ၊ သားကောင် နေရာမှာနေရသည်ဖြစ်စေ... လောကဓံကို ခံနိုင်ရည်ရှိဖို့တော့ လိုအပ်သည်ဟု
မိသိန်းအေးက ထင်ပါသည်။
မိသိန်းအေးလို
ကွမ်းယာသည်မလေးတစ်ယောက်က တရားသဘောတွေကို လောကကြီးနှင့်ချီပြီး ပြောနေတော့ ကြီးကျယ်ရန်ကောဟု
ထင်ကြပေလိမ့်မည်။ တကယ်တော့ မိသိန်းအေးကိုယ်တိုင်ပင် လောက ဇာတ်ခုံ၌ မုဆိုးနေရာ၌ ကပြနေ သလား...
သားကောင် နေရာမှာကပြနေသလား မသေချာပါ။
သေချာတာကတော့
ဘယ်သူမဆို တစ်ခါတစ်ရံ မုဆိုးနေရာရောက်၍ တစ်ခါတစ်ရံမှာ သားကောင်နေရာ ၌ နေရခြင်းပင်ဖြစ်သည်။
အရေးကြီးတာက မုဆိုးနေရာမှာ များများနေရာယူနိုင်ဖို့ပဲဖြစ်ပါ၏။
မိသိန်းအေးသည်
အမြဲတစေမုဆိုးဖြစ်ရန် ကြံဆောင်နေသော မိန်းကလေးတစ်ဦးဖြစ်ပေ၏။
သို့သော်
...
x x x x
x x x
ထိုအစ်မကို
သူ့အတွက်သားကောင်တစ်ကောင်ဖြစ်လာမည်ဟု တွေ့စက မိသိန်းအေး မထင်ခဲ့မိချေ။ သာမန်တွေ့ရိုးတွေ့ စဉ်တွေ့ပြီး
သူ့ခရီးသူဆက်သွားမည့် ခရီးသည်တစ်ဦးလို့ပင် မိသိန်းအေးက ထင်ခဲ့လေသည်။
ထိုအစ်မ
မိသိန်းအေးရှေ့မှောက်ကိုရောက်လာပုံကတော့ နည်းနည်းထူးခြားနေပေသည်။ မိသိန်းအေး ကွမ်းယာရောင်းနေ သည့်ကူးတို့ဆိပ်ကို
ထိုအစ်မရောက်လာပုံမှာ မိသိန်းအေးဆီက ကွမ်းဝယ်စားနေကျ ကောင်လေးက ဆိုင်ကယ်ဖြင့်တင်ခေါ် လာခဲ့ခြင်းကြောင့်
ဖြစ်သည်။ သမားရိုးကျ အနေဖြင့်တော့ ကူးတို့ဆိပ်ကို လူတွေရောက်လာပုံမှာ... ဆိုက်ကားနှင့်သော် လည်းကောင်း၊
မြင်းလှည်းနှင့်သော်လည်းကောင်းရောက်လာကြ၊ မိမိစီးနင်းမည့်မော်တော် (သို့မဟုတ်)စက်လှေ
ဆိုက်ရောက်လာ လျှင် ကိုယ်သွားမည့်ခရီးကို ဆက်သွားကြနှင့် လည်ပတ်နေကြသည်ပင်။
သွားနေလာနေကျလူတွေကိုတော့
မိသိန်းအေး မှတ်မိနေသည်။ သိနေသည်။ မျက်မှန်းတန်း မိ၍သိနေပုံမျိုးသာဖြစ် ပါသည်။ ကိုယ့်ဆီက
ကွမ်းဝယ်စားနေကျ ဖောက်သည်မျိုးကျတော့ တစ်ချို့ကိုနာမည် သိသည်။ တစ်ချို့လည်း မသိ။
ထိုအစ်မကိုလည်း
ယခင်က တစ်ကြိမ်မှမမြင်ဖူးခဲ့ချေ။
ဒီနေ့မနက်
မောင်သက်တင်ရောက်အလာတွင် မောင်သက်တင်၏ မော်တော်ဆိုင်ကယ်နောက်မှာ ထိုအစ်မ ပါလာခဲ့ခြင်းဖြစ်သည်။
မောင်သက်တင်က
မိသိန်းအေးဆိုင်နှင့် ခပ်လှမ်းလှမ်းရှိ ဘီယာဆိုင်မှာ အလုပ်လုပ်သည့်လူငယ်တစ်ယောက်ဖြစ်သည်။
ဘာအဆင့်လည်း တော့ မိသိန်းအေးလည်းမသိ။ မနက်ကိုးနာရီလောက်လာပြီး ညဆိုလျှင် ဆယ်နာရီ ဆယ့်တစ်နာရီ မှ
ပြန်ရသည်ဟုဆိုသည်။ မနက်အလာမှာ မိသိန်းအေးဆိုင်က ကွမ်းတစ်ရာဖိုးဝင်ထုတ်နေကျမို့ သူလာချိန်ကို
သိနေသော်လည်း... မိသိန်းအေးက ညနေ၅နာရီဆိုလျှင် ဆိုင်ပိတ်သည်မို့ သူပြန်ချိန်ကိုတော့
အသေအချာမသိပေ။
ဒီနေ့
မောင်သက်တင်အလာတွင် သူ့ဆိုင်ကယ်နောက်မှာ ထိုအစ်မ ပါလာခြင်းဖြစ်၏။
ထုံးစံအတိုင်း...
အသင့်ထုတ်ပေးထားသည့် ကွမ်းထုတ်ကလေးကို မိသိန်းအေးကမ်းပေးသည်ကို မောင်သက်တင်က လှမ်းမယူသေး။
ဆိုင်ကယ်ပေါ်မှဆင်းကာ ဆိုင်ကယ်ခွကြားမှာ ညှပ်လာသည့် ထိုအစ်မ ၏သေတ္တာလေးကိုဖြုတ်သည်။ ထိုအစ်မ ကိုညောင်ပင်အောက်က
ခုံပေါ်ထိလိုက်ပို့သည်။
]]ကူးတို့တွေက
ခဏနေရင် လာမှာအစ်မ၊ ဒီကသာ ထိုင်စောင့်နေ}}
မောင်သက်တင်ပြောလိုက်သည့်အသံကိုလည်း
ကြားလိုက်သည်။
မိသိန်းအေးကွမ်းယာဆိုင်လေးက
ဧရာဝတီမြစ်ကို ကျောခိုင်းထားသည်။
မိသိန်းအေးဆိုင်
နောက်ကျောတည့်တည့်တွင် တစ်ဖက်ကမ်းရှိ ရွာများနှင့်မြို့ကိုသွားသော ကူးတို့ဆိပ်ရှိသည်။
ကူးတို့ဆိပ်၌ အချိန်ပြည့် မော်တော်များ၊ စက်လှေများ ဝင်ထွက်လျှက်ရှိသည်။ ခရီးသည်များလည်း
ဥဒဟိုသွားလာလျှက်ရှိလေ သည်။
မိသိန်းအေးဆိုင်ဘေးနားလေးတွင်
ညောင်ပင်ကြီးတစ်ပင်ရှိကာ ညောင်ပင်ကြီး၏ပင်စည်ကိုပတ်ဝိုင်း၍ သစ်သားဖြင့် ကွပ်ပျစ်သဖွယ်
ထိုင်ခုံကြီး တစ်ခုပြုလုပ်ထားပေ၏။
ထိုခုံကြီးကား
ခရီးသည်များအတွက် နားခိုရာပင်ဖြစ်တော့သည်။ ညောင်ပင်ဖြစ်၍ အခက်အလက်ဝေဝေဆာဆာနှင့် အရိပ်ကောင်း
ကောင်းရသည်။ ကမ်းနားမှာမို့ လေအမြဲတိုက်နေရာ ဆယ့်နှစ်ရာသီ အေးမြနေပေ၏။ ညောင်ပင်ကိုပတ်ဝိုင်းထားသော
သစ်သားကွပ်ပျစ် ကြီးကား ခရီးသွားများအတွက် အဆင်ပြေအသုံးဝင်နေပေတော့သည်။ ကူးတို့လှေမော်တော်များကို
ခုံပေါ်မှထိုင်စောင့်နေ၍ ရသည်။ ဆိပ်ကမ်း ကုန်တင်ကုန်ချအလုပ်သမားတစ်ချို့ဆိုလျှင် အလုပ်ပါးချိန်လည်း
လဲလျောင်းအိပ်စက်လို့ပင် နေကြသေးသည်။
မိသိန်းအေးအတွက်လည်း
ညောင်ပင်ကြီးနှင့်ခုံတန်းကြီးက ကျေးဇူးပြုလှပေ၏။ မိသိန်းအေး၏ ကွမ်းယာဆိုင်လေးက ညောင်ပင်ကြီးအရိပ်အောက်မှာပင်ဖြစ်ပါသည်။
မိုးရွာလျှင် ကွပ်ပျစ်ပေါ်တက်ကာ မိုးခိုလို့ရသည်။ ထမင်းစာလျှင်ပင် မိသိန်းအေးက ညောင်ပင်အောက်က
ကွပ်ပျစ်ကြီးပေါ်မှာစားနေကျဖြစ်၏။ မိသိန်းအေး၏ ကွမ်းယာရောင်းသောခုံလေးကိုလည်း ဆိုင်သိမ်းလျှင်
ခုံရဲ့ခြေထောက်နဲ့ကွပ်ပျစ်ကြီးရဲ့ အောက်ခြေတိုင်ကို သံကြိုးနှင့်ပူးချည်ကာ သော့ခတ်သိမ်းထားခဲ့ရပေ၏။
မိသိန်းအေးသည်
ကွမ်းရောင်းရင်းမှ ကူးတို့ဆိပ်တွင်ဖြစ်ပျက်သမျှ အလုံးစုံကို သိရှိမြင်တွေ့နေရပေသည်။
ခရီးသည်တစ်ယောက်ကို
မောင်သက်တင်လမ်းကြုံခေါ်လာတာတော့ ဒီတစ်ခါပဲ တွေ့ဖူးသေးသည်။
မောင်သက်တင်က
ထိုအစ်မ၏ သံသေတ္တာလေးကို ခုံပေါ်ချ ပေးထားခဲ့သည်။ ထိုအစ်မကိုလည်း ခုံပေါ်ကထိုင်စောင့်နေဖို့
မှာနေ သံကြားရသည်။ ထိုအစ်မသည် မိသိန်းအေးနှင့်မလှမ်းမကမ်းရှိ ညောင်ပင်အောက်ခုံတန်းပေါ်မှာ
ကျန်နေခဲ့ပါ၏။ သူမဘေးမှာ သံသေတ္တာက တစ်လုံး၊ ပလတ် စတစ်လက်ဆွဲခြင်းက တစ်ခု။
ထိုအစ်မသည်
သံသေတ္တာနှင့်လက်ဆွဲခြင်းကို ဘေးတစ်ဖက်တစ်ချက်ဆီမှာထားရင်း ခုံပေါ်မှာ ထိုင်ကျန်ခဲ့၏။
မောင်သက်တင်က
ထိုအစ်မကို အစအဆုံးကူညီခဲ့ပြီးမှ မိသိန်းအေးဆီကကွမ်းယာထုတ်ကိုလာယူကာ ငွေတစ်ရာတန်တစ်ရွက်ထုတ်ပေးသည်။
]]ဘယ်ကလဲ
နင်တို့အမျိုးလား}}
မိသိန်းအေးက
စပ်စုမိအောင် စပ်စုလိုက်သေး၏။
]]မဟုတ်ပါဘူး၊
ဟိုထိပ်နားမှာတွေ့လို့ လမ်းကြုံခေါ်လာတာပါ၊ သေတ္တာတစ်ဖက်နဲ့ မနိုင်မနင်းဖြစ်နေလို့}}
မောင်သက်တင်ကပြောပြပြီး
ဆိုင်ကယ်မောင်းထွက်သွားတော့သည်။
ထိုအစ်မသည်
ညောင်ပင်အောက်ကခုံပေါ်တွင် ထိုင်ကျန်ခဲ့လေ၏။
x x x x x x x
ကူးတို့လှေမော်တော်များ
တစ်စင်းပြီးတစ်စင်း ဝင်ဟယ် ထွက်ဟယ်ရှိနေသော်လည်း ထိုအစ်မက ခုံပေါ်တွင်မလှုပ်မယှက်ရှိနေမြဲဖြစ်၏။
သံသေတ္တာလေးပေါ် လက်ထောက်ကာ တွေငေးလျှက်ရှိနေသည်။ သူမ ဘယ်ကိုများသွားမှာပါလိမ့်။
မိသိန်းအေးသည်
ထိုအစ်မကို တော်တော်ကြာကြာပင် ခုံပေါ်မှာထိုင်နေသည်ကို သတိထားမိနေ၏။
နေ့လည်၁၂နာရီဆိုလျှင်
ကူတို့လှေတွေ တော်တော်များများ ဆိုက်လာကြတော့မည်မို့... ၁၁နာရီခွဲတွင် မိသိန်းအေးက
ထမင်းစားထားဖို့ ပြင်သည်။
မိသိန်းအေးထမင်းစားသည့်နေရာကလည်း
ညောင်ပင်အောက်က ခုံကြီးပေါ်မှာပဲဖြစ်သည်။ မိသိန်းအေးက ပါလာတဲ့သုံးဆင့်ချိုင့်လေးကို
တောင်းထဲကထုတ်၊ အောက်ကခံဖို့ ပုဆိုးပိုင်းလေးကိုယူကာ ခုံပေါ်တက်ခဲ့သည်။
ထိုအချိန်အထိ
ထိုအစ်မသည် ခုံပေါ်တွင် မလှုပ်မယှက်ထိုင်နေဆဲ၊ နေရာပင်မရွေ့။ မိသိန်းအေးက ထမင်းချိုင့်များကို
ပုဆိုးပိုင်း ပေါ်ဖြန့်ချကာ ထမင်းစစားသည်။
]]စားပါဦးလား
အစ်မ}}
မိသိန်းအေးက
ခရီးသည်အစ်မကို လောကွတ်ပြုလိုက်သည်။
ထိုအစ်မက
စိတ်မပါသလို မိသိန်းအေးကို လှည့်ကြည့်လိုက်ကာ...
]]ဪ...စားပါညီမ၊
စား}}
-ဟုပြန်ပြောသည်။
]]အစ်မ
ဘယ်ကိုစီးမှာလဲ}}
ထမင်းစားရင်း
မိသိန်းအေးက စပ်စုသည်။
]]ဘယ်သွားရမှန်းမသိသေးပါဘူး}}
]]ဟင်...}}
ထိုအစ်မက
မြစ်ထဲကိုလှမ်းကြည့်နေရင်းမှ မရေမရာဖြေသည်။ မိသိန်းအေးဖက်ကို လှည့်မကြည့်တော့။ မိသိန်းအေးအရောဝင်တာ
မကြိုက်ဖူးထင်၍ မိသိန်းအေးလည်း ဘာမှမပြောတော့ပေ။
နေ့လည်၁၂နာရီတွင်
အောက်ဖက်ရွာများဆီမှ ကူးတို့စက်လှေတွေ အတော်များများ ဆိုက်လာကြလေသည်။ ‘ဒီအချိန်က ကူးတို့တော်တော်များများ
စုဆုံကျတဲ့အချိန်။ မိသိန်းအေးလည်း တော်တော်အလုပ်များသွားသည်။ ကွမ်းယာထုတ်များကို တစ်ရာတန်အထုတ်၊
နှစ်ရာတန်အထုတ်များ အသင့်ထုတ်ထား သော်လည်း ရောင်းလို့မလောက်။ တစ်ချို့က အသင့်ထုတ်ထားတာကို
မကြိုက်ကြ။ လာဝယ်မှ လောလောလတ်လတ်ယာပေးတာကို ကြိုက်ကြသည်။ နေ့တိုင်း ဒီအချိန်ကအရောင်းရဆုံးအချိန်မို့
မိသိန်းအေးလည်း ပတ်ဝန်းကျင်ကိုသတိမထားအားတော့၊ ကွမ်းယာပေး၊ ဈေးရောင်း၊ ပိုက်ဆံယူ၊ အကြွေအမ်း
စသည့်အလုပ်များကို တစ်ယောက်တည်း ဇယ်စက်သလိုလုပ်လိုက်ရ၍ အတော်ပန်းသွားသည်။
ကူးတို့လှေ
အဝင်အထွက်ပါးသွားမှ မိသိန်းအေးလည်း နားရတော့သည်။
ထိုအခါမှ
ညောင်ပင်အောက်ကခုံပေါ်ကို မိသိန်းအေးလှည့်ကြည့်အားတော့သည်။
x x x x x x x
မိသိန်းအေး
လှည့်ကြည့်လိုက်ချိန်တွင် ထိုအစ်မ မရှိတော့။ ဘယ်အချိန်က ထသွားသည်မသိလိုက်။ ဘယ်ကူးတို့ပေါ်တက်သွားသည်
မသိလိုက်။
ခရီးသည်တစ်ယောက်
ခရီးဆက်ထွက်သွားတာ ဘာမှမဆန်းပါ။
သို့သော်...
မိသိန်းအေးမျက်လုံးများက ထိုင်ခုံပေါ်တွင် ကျန်နေရစ်သည့် သေတ္တာလေးကိုအမြင်တွင် အံ့ဩသွားမိသည်။
ထိုအစ်မ၏သေတ္တာ၊ မောင်သက်တင် ဆိုင်ကယ်ခွကြားတွင် တင်ယူလာပေးသည့် သံသေတ္တာလေး။
မိသိန်းအေးက
ထိုအစ်မကို အနီးအနားမှာ ရှာကြည့်သေးသည်။ အပေါ့အပါးသွားဖို့များ ခဏတဖြုတ်ထွက်သွားသလား။
အတန်ကြာ ကြာစောင့်ကြည့်သော်လည်း ထိုအစ်မ အရိပ်အယောင်ကို မမြင်ရပေ။
မိသိန်းအေးက
သေတ္တာတစ်ခုလုံး ကျန်နေရစ်သည့်အဖြစ်ကို အံ့ဩနေသည်။ ပါလာတာမှ သေတ္တာတစ်လုံး၊ ဆွဲခြင်းတစ်ခြင်းထဲသာ
ဖြစ်သည်။ မေ့ကျန်စရာအကြောင်းမရှိ။ သူမမှာ ပစ္စည်းမေ့ကျန်ရစ်လောက်အောင် စိတ်ဖိစီးမှုဒဏ်ခံစားမနေရဘူးဆိုလျှင်ပေါ့။
ထိုအစ်မ၏အသွင်သဏ္ဍာန်ကို
မိသိန်းအေးက ပြန်မြင်ယောင်ကြည့်သည်။
ထိုအစ်မသည်
တစ်စုံတစ်ရာကို တွေးတောစိတ်ညစ်နေပုံတော့ရသည်။ သို့သော်... စိတ်ဓာတ်ချွတ်ချုံကျနေပုံမျိုးတော့မဟုတ်။
စဉ်းစား အတွေးနက်ရင်း တစ်ခုခုကို ကြံစည်နေပုံမျိုးသာဖြစ်သည်။ ထိုအစ်မပုံက ခပ်တုံးတုံးခပ်ထုံထုံထဲကလည်း
မဟုတ်လောက်ပါ။
ဘာလို့
သေတ္တာကျန်နေတာပါလိမ့်။ မေ့ကျန်နေခဲ့တာလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။ တစ်နေရာရာများထသွားသလား။
တကယ်ဆိုရင် မိသိန်းအေးကို ပြောဆိုပြီး အပ်ထားခဲ့ဖို့ကောင်းသည်။
မိသိန်းအေး၏မျက်လုံးအကြည့်များသည်
သေတ္တာဆီသို့သာ နောက်ပြန် လှည့်တကြည့်ကြည့်နှင့် ကြည့်နေမိလေ၏။
သည်အချိန်၌
ပတ်ဝန်းကျင်တွင် လူသူရှင်းလင်းကာ အနည်းငယ်တိတ်ဆိတ်နေပေပြီ။ ကူးတို့တွေအဝင်အထွက်မရှိတော့။
နေလည်းပူနေပြီ။ ဆိပ်ကမ်းအလုပ်သမားများလည်း စားဖို့သောက်ဖို့ ကမ်းနားပိုင်းက ဆိုင်တွေဆီ
ရောက်သူရောက်၊
တချို့က
ကိုယ့်အစုနှင့်ကိုယ် ပါလာသည့်ထမင်းချိုင့်များကို ဖွင့်စားနေကြသည်။ ခုံကြီးပေါ်မှာတော့
ကူလီခေါင်းအဘိုးကြီးက တစောင်းလှဲ ကာမှိန်းနေ၏။
ခုံပေါ်မှာမှိန်းနေသည့်
ကူလီခေါင်းကြီးနှင့် ထိုအစ်မ၏ သေတ္တာလေးတစ်လုံးသာ ရှိကြပါသည်။
ခဏနေလျှင်
ခုံပေါ်ကို ကူလီတွေရောက်လာကြတော့မည်။ လှဲသူလှဲ မှိန်းသူမှိန်းရှိကြလိမ့်မည်။ ခုံပေါ်မှာ
သံချောင်းနှင့် အသေရေး ထွင်းထားသည့် ကျားကွက်တစ်ခုရှိရာ... ထိုကျားကွက်မှာ ကျားလာထိုးသူများလည်း
ရှိတတ်သည်။ ခဏနေလျှင် ညောင်ပင်အောက်က ခုံကြီးပေါ်၌ လူပြည့်ကျပ် စည်ကားပေတော့မည်။
ထိုအစ်မကျန်ခဲ့သည့်သံသေတ္တာလေးက
ခုံစွန်းမှာ ထင်ထင်ရှားရှားကြီးရှိနေသည်။
မိသိန်းအေး
စိတ်တွေလှုပ်ရှားလာသည်။ သေတ္တာထဲမှာ ဘာတွေပါသလဲ။ ဘာပစ္စည်းပဲဖြစ်ဖြစ် တန်ဖိုးသင့်ကြည့်လျှင်
သူ့နည်း သူ့ဟန် အဖိုးတန်သောပစ္စည်းများဖြစ်ပေမည်။ ထိုအစ်မသည် သူ့သေတ္တာသူ မေ့သွားလေပြီလား၊
တစ်နေရာရောက်မှ သတိရပြီး ပြန်လာယူမလား။ တကယ်လို့ပြန်လာယူချိန်မှာ သေတ္တာကိုမတွေ့ရင်ကော...
မိသိန်းအေးကို စွပ်စွဲလေမည်လား။ မဆိုင်ပါ။ လူအများ ဥဒဟို ဖြတ်သန်းနေသည့် ပတ်ဝန်းကျင်တွင်
ကျန်ရစ်သည့်ပစ္စည်းအတွက် မိသိန်းအေးကို ကွက်ပြီး စွတ်စွဲစရာအကြောင်းမရှိ။
မသကာ
မေးမြန်းစုံစမ်းရုံလောက်သာ လုပ်လို့ရမည်။ ဒီလိုဆိုလျှင် သံသေတ္တာကို ယခုကတည်းက လက်စဖျောက်ထားရင်ကော...
တွေးရင်း မိသိန်းအေးရင်တွေ တဖြည်းဖြည်းခုန်လာသည်။
ခဏနေရင်
လူတွေ ဒီအနားရောက်လာတော့မယ်။
မိသိန်းအေးက
ဆတ်ကနဲထကာ ခုံပေါ်က သံသေတ္တာလေးကို သွားဆွဲယူလိုက်သည်။ သံသေတ္တာက တစ်ပေ၊တစ်ပေခွဲခန့်သာရှိသော
သွပ်ပြားအဟောင်းကိုရိုက်ကာ သင်္ဘောဆေးသုတ်ထားသည့် သေတ္တာလေး သာဖြစ်ပါသည်။ သော့ခလောက်တစ်ခုဖြင့်ခတ်ထားသည်။
မိသိန်းအေး မçလိုက်တော့ အတွင်းတွင် ပစ္စည်းများကိုပြည့်သိပ်ထည့်ထားဟန်ဖြင့် ခပ်ကျစ်ကျစ်ဖြစ်နေသည်။
အလေးချိန်ကလည်း ထင်ထာထက် အနည်း ငယ်လေးသယောင်ရှိနေ၏။
မိသိန်းအေးသည်
ခပ်တည်တည်ပင် သံသေတ္တာကို သူမ၏ကွမ်းယာခုံနားထိယူလာကာ ခုံအောက်တွင် ချထားလိုက်သည်။ ပတ်ဝန်းကျင်ကို
ဝေ့ကြည့်လိုက်တော့ မိသိန်းအေးလုပ်ရပ်ကို ဘယ်သူကမှ သတိမထားမိ။ သတိထားမိလည်း ကိစ္စမရှိပါ။
ခရီးသည်တစ်ယောက် ကျန်နေတဲ့ပစ္စည်းကို သိမ်းထားပေးတာလို့ ပြောလိုက်ရုံပင်။ မိသိန်းအေးမှ
ဒီနေရာက ခွာသွားတာမဟုတ်သေးပဲ။ မိသိန်းအေးကို ခိုးတယ်လို့ စွတ်စွဲလို့ မရနိုင်သေးပါ။
ယုတ်စွအဆုံး...
ထိုအစ်မကိုယ်တိုင်ပြန်လာလျှင်ပင် အစ်မပစ္စည်းကျန်ခဲ့လို့ ကျွန်မသိမ်းထားပေးတယ်လို့
ပြောလို့ရသေးသည်။
ထိုကဲ့သို့
ဆင်ခြေပေးစရာအသင့်နှင့် လိပ်ပြာလုံလုံနေနိုင်သော်လည်း မိသိန်းအေးရင်တွေ တုန်နေလေသည်။ သံသေတ္တာကို ယူလိုက်တော့မယ်၊ အပျောက်ရိုက်လိုက်တော့မယ်ဆိုတဲ့အတွေးက
မိသိန်းအေးရင်ကို ယောက်ယက်ခတ်သွားစေသည်။ မလုံသောစိတ်ဖြင့် ဇောချွေးများပင်ပြန်လာသည်။
မိသိန်းအေးသည်
သေတ္တာကို ခုံအောက်အရောက်သိမ်းထားပြီးမှတော့ ပြန်မပေးချင်တော့ပေ။ ယခုနေ ထိုအစ်မပြန်ရောက်လာမည်ကိုပင်
စိုးရိမ်နေမိသည်။ သေတ္တာကိုလည်း ဘယ်သူမှမမြင်အောင် ဖုံးကွယ်ထားဖို့အကြံရလိုက်သည်။
မိသိန်းအေးက
ညောင်ပင်အောက်တွင် သော့ခတ်ရပ်ထားသော သူမ၏ စက်ဘီးပေါ်မှ ခံတောင်းကြီးကို သွားယူလိုက်သည်။
မနက်ဆိုလျှင် ထိုခံတောင်းထဲတွင် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးအိုးစသည့် ကွမ်းယာပစ္စည်းများနှင့်
... ဆေးလိပ်စည်းများ၊ စီးကရက်ဗူးများ၊ အချဉ်ထုတ်များထည့်ကာ စက်ဘီးကယ်ရီယာပေါ်တွင် သားရေကြိုးဖြင့်ချည်၍
မိသိန်းအေး အိမ်မှလာနေကျဖြစ်သည်။ ခံတောင်းကြီးမှာအတော်ကြီးမားပေသည်။
မိသိန်းအေးက
ခံတောင်းထဲကို သေတ္တာလေးအားထည့်ကြည့်ရာ တစ်ခုလုံးမြုပ်ဝင်သွားသည်ကို တွေ့လိုက်ရ၏။ ကံကောင်းတာပဲ။
အပေါ်မှ ပုဆိုးပိုင်းဖြင့်အုပ်ထားလိုက်ရာ ခံတောင်းထဲမှာ သံသေတ္တာထည့်ထားတာကို ဘယ်သူမှမမြင်သာတော့။
x x x x x x x
နေ့လည်တစ်နာရီခွဲလောက်တွင်
ကူးတို့ဆိပ်ပတ်ဝန်းကျင်သည် နဂိုအတိုင်း ပြန်လည်စည်ကား လာလေပြီ။
ခုံကြီးပေါ်မှာ
ကစားနေသည့်ကျားဝိုင်းလည်း သိမ်းသွားပြီ။ အိပ်စက်အနားယူနေကြသည့် ကူလီအချို့လည်း ဆိပ်ကမ်းကိုဆင်းသွားကြပြီ။
ဆိပ်ကမ်းမှာလဲ ကူးတို့လှေသုံးလေးစီး တစ်ပြိုင်တည်း ဆိုက်လာသည့်အတွက် ခရီးသည်များ၊ ကူလီများ
ရှုပ်ယှက်ခတ်သွားကြတော့သည်။
မိသိန်းအေး၏ကွမ်းယာဆိုင်မှာလည်း
ဝယ်သူကျလာသည်။
အရာရာပုံမှန်အတိုင်းလည်ပတ်နေ၏။
မိသိန်းအေးစိတ် ကတော့ မဖြောင့်တော့ပေ။ သံသေတ္တာကို ခံတောင်းထဲထည့်သိမ်းထား မိတာမှားပြီလား၊
ခုနေများ ထိုအစ်မပြန်လာမေးလျှင် ဘယ်လိုပြောရမလဲ။ သေတ္တာကို မတွေ့ဘူး ဗြောင်ငြင်းရမလား၊
မသင်္ကာလို့လိုက်ရှာပြီး တွေ့သွားရင်ကော... အရှက်ကွဲလိမ့်မည်။
သိမ်းထားပါတယ်ဆိုပြီး
ထုတ်ပေးရင်ကော... အလုံအခြုံဖုံးအုပ်ထားတာကြည့်ပြီး ယုံပါ့မလား။ မိသိန်းအေး မရိုးသားတာကို
သိသွားနိုင်သည်။
မိသိန်းအေးသည်
သေတ္တာကိုသိမ်းထားမိပြီးမှ... ဟိုဟိုဒီဒီတွေးရင်း လိပ်ပြာမလုံဖြစ်နေသည်။ နေမရထိုင်မရဖြစ်နေသည်။
ဒီအထိ စွန့်စား ပြီးမှလည်း ပြန်ပေးချင်စိတ်မရှိတော့။ မိသိန်းအေး၌ မုဆိုးစိတ်များ ဝင်လာလေပြီ။
တကယ်တော့
...ဒီပစ္စည်းကို မသမာသောစိတ်ဖြင့် ယူထားခြင်းလည်းမဟုတ်၊ ခိုးဝှက်ထားခြင်းလည်း မဟုတ်။
ထိုအစ်မ ကျန်နေရစ်သည်ကို တွေ့ရခြင်းသာဖြစ်သည်။ ထိုအစ်မပြန်မလာတော့ဘူး၊ လာမရှာတော့ဘူးဆိုရင်တော့ ဒီပစ္စည်းနဲ့ဆိုင်တဲ့သူဆိုလို့ မိသိန်းအေးအပြင် ဘယ်သူရှိရဦးမှာလဲ။
သက်ဆိုင်ရာကိုအပ်ဖို့တော့
မိသိန်းအေးမှာ စိတ်ကူးမရှိပါ။ ဒီနေရာမှာ သက်ဆိုင်ရာလို့ ဆိုရအောင်ကလည်း ကုန်တင်ကုန်ချ
အလုပ်သမား အဖွဲ့သာရှိမည်။ သူတို့ကလည်း မိသိန်းအေးနဲ့မဆိုင်။ မိသိန်းအေးက ကုန်တင်ကုန်ချအလုပ်သမားလဲ
မဟုတ်။ ကိုယ့်ဟာကိုယ် ကွမ်းယာရောင်းနေ သူသာဖြစ်သည်။ သူတို့နဲ့မဆိုင်။ အပ်စရာမလိုဘူးလို့
မိသိန်းအေးက ယူဆ၏။
ကဲပါလေ...
အမျိုးမျိုးလျှောက်တွေးနေတာထက် ပစ္စည်းက ကိုယ့်လက်ထဲရောက်နေပြီပဲ။ ကိုယ်အပိုင်ဖြစ်အောင်
ယူလိုက်ဖို့ပဲ လိုတော့သည်။
ဒီတော့ ဒီအတိုင်းထိုင်နေလို့ မဖြစ်တော့။ ဆိုင်ဆက်ဖွင့်နေလို့
မဖြစ်တော့။ မတော်တဆ ထိုအစ်မပြန်လာပြီး မေးရင်မြန်းရင် ရှာဖွေနေရင်ခက်မည်။
ခံတောင်းထဲမှာ
လုံလုံခြုံခြုံသိမ်းဝှက်ပြီးသည့် သေတ္တာကို အသာမçပြီး ဆိုင်သိမ်း အိမ်ပြန်တာ ကောင်းလိမ့်မည်။
ဆိုင်သိမ်းပြီး
အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ချိန်တွင် နှစ်နာရီခွဲပြီးပြီ။
ဆုံးဖြတ်ပြီးသည်နှင့်
မိသိန်းအေးက ဆိုင်သိမ်းဖို့အမြန်လုပ်၏။
စက်ဘီးကို
သော့ဖြုတ်ကာ ဆိုင်နားထိတိုးရပ်လိုက်သည်။ ဆိုင် ခုံပေါ်မှပစ္စည်းများကို ကျန်ကျောင်း တံဆိပ်
ကျွတ်ကျွတ်အိတ်ကြီးထဲ ထည့်သည်။ တကယ်တော့ ခံတောင်းထဲထည့်နေကျပစ္စည်းများဖြစ်၏။ ခံတောင်းထဲမှာ
သေတ္တာရှိနေ၍ အားလုံးကို ထည့်လို့မရတော့။ ဆေးလိပ်စည်းနှင့် စီးကရက် ဗူးများကိုသာ သေတ္တာအပေါ်ကဖြန့်ထည့်ပြီး
ပုဆိုးပိုင်းနှင့်ပြန်ဖုံးလိုက်သည်။ ကွမ်းရွက်၊ ကွမ်းသီးနှင့် ထုံးဗူးကိုတော့ ကျန်ကျောင်းအိတ်ထဲ
ထည့်လိုက်သည်။
ကျွတ်ကျွတ်အိတ်ကိုစက်ဘီးရှေ့ခြင်းထဲထည့်၊
သေတ္တာပါသည့် ခံတောင်းကြီးကို နောက်ခုံမှာ သားရေကြိုးနှင့် ချည်လိုက်သည်။ ကွမ်းယာခုံကို
ကွပ်ပျစ်ကြီး၏တိုင်မှာ သံကြိုးနှင့်တွဲချီ သော့ခတ်အပြီးတွင်တော့ မိသိန်းအေး၏ဆိုင်သိမ်းခြင်းကိစ္စပြီးလေပြီ။
]]ဟဲ့-ပြန်တော့မလို့လား၊
အစောကြီးပါလား၊ ငါ့ ကွမ်းထုတ်ပါဦးဟ}}
ကူလီခေါင်းအဘိုးကြီးအသံကြောင့်
မိသိန်းအေးတုန်သွားသည်။
]]ဪ...အဘ၊
အမေနေမကောင်းလို့ စောစောသိမ်းတာတော့၊ အကုန်သိမ်းပြီးပြီ အဘရယ်}}
]]နင်ကလဲ...
ငါစားနေကျဟာကို၊ တစ်ထုတ်လောက်ထုတ်ထားတာ မဟုတ်ဖူး}}
]]မေ့သွားလို့အဘရေ}}
မိသိန်းအေးသည် စက်ဘီးကို အမြန်နင်းကာ ထွက်ခဲ့လေ၏။
အမေနေမကောင်းလို့
ဒီနေ့ဆိုင်စောစောသိမ်းတယ်လို့ လွှတ်ကနဲပြောဖြစ်လိုက်တာကို မိသိန်းအေးက ကြေနပ်နေသည်။
သဘာဝကျတဲ့ ဆင်ခြေတစ်ခုဖြစ်သည်။
ဘီယာဆိုင်ရှေ့ရောက်တော့
မောင်သက်တင်က မိသိန်းအေးကို လှမ်းအော်နှုတ်ဆက်လိုက်ပြန်သည်။
]မသိန်းအေး၊
ပြန်ပြီလားဗျ၊ စောလှချည်လား}
]အေး...
အမေနေမကောင်းလို့ဟဲ့}
မိသိန်းအေးပုံမှန်ဆိုင်သိမ်းချိန်မှာ
ညနေငါးနာရီကျော်မှဖြစ်သည်။ ကူးတို့တွေက ငါးနာရီအထိ အဝင်အထွက်ရှိတတ်၏။ ရုံးသူရုံးသားနှင့်
ကျောင်းဆရာဆရာမများကို စောင့်ခြင်းဖြစ်သည်။
ကမ်းနားလမ်းကိုလွန်၍
ချိုးကွေ့လိုက်သည်နှင့် မိသိန်းအေးရင်မှာ တစ်ထစ်ပေါ့သွားလေသည်။ လွတ်ပြီ၊ ကျွတ်ပြီ။
မိသိန်းအေး နောက်မှာ သေတ္တာပါသွားတာကို ဘယ်သူမှမသိလိုက်တော့။ ဘာသဲလွန်စမှလည်းမရှိ။ မိသိန်းအေးကို
ဘယ်သူမှလည်း စွပ်စွဲလို့မရနိုင်။
မိသိန်းအေးက
သက်ပြင်းကိုချရင်း အိမ်အထိဆက်နင်းလေသည်။
x x x x x x x
အိမ်နှင့်နီးလာလေ
မိသိန်းအေးရင်က အခုန်မြန်လာလေဖြစ်ပြန်သည်။
ယခုရင်ခုန်ရတာကတော့
သေတ္တာထဲမှာ ဘာပါသလဲ သိချင်၍ဖြစ်၏။
မိသိန်းအေးတို့အိမ်က
မြစ်ကမ်းနားနှင့် သိပ်မဝေးလှပေ။ ဆင်းရဲသားအများစုနေထိုင်သော ကျူးကျော်ရပ်ကွက်ဖြစ်သည်။
လမ်းရယ်လို့ ဖြောင့်ဖြောင့်တန်းတန်းမရှိ။ အိမ်များကိုဖြစ်သလိုဆောက်ထား၍ မွစာကျဲနေသည်။
အများအားဖြင့် တဲကလေးများဖြစ်၏။
မိသိန်းအေးက
စီးနေကျလမ်းမို့ အကွေ့အကောက်များကို ကျွမ်းကျင်စွာနင်းရင်း အိမ်ကိုပြန်လာခဲ့၏။ မိသိန်းအေးတို့အိမ်ကတော့
ပျဉ်ထောင် အိမ်လေးဖြစ်သည်။ ကိုယ်ပိုင်အိမ်လည်းဖြစ်သည်။
အောက်ထပ်မှာ
အငှားချထားပြီး မိသိန်းအေးနှင့်အမေတို့ နှစ်ယောက်တည်း အပေါ်ထပ်မှာနေကြသည်။ မိသိန်းအေးက
အပျိုဖြစ်ပါသည်။ အမေက မုဆိုးမဖြစ်သည်။
စက်ဘီးအိမ်ရှေ့ကိုရပ်လိုက်တော့
အောက်ထပ်မှာငှားနေတဲ့ မိသားစုထဲက ကလေးတွေပြေးလာကာ မိသိန်းအေးကိုကြိုသည်။
]]အစ်မ၊
ကျွန်တော့်ကို တောင်းပေး}}
အကြီးဆုံးကောင်လေးမှာ
ခံတောင်းကို အပေါ်သို့ထမ်းပို့ပေးနေကျဖြစ်၏။
]]နေ...
နေ... နင်မသယ်နဲ့၊ ရော့...ရော.... အချဉ်ထုတ်တစ်ထုတ်စီယူကြ}}
မိသိန်းအေးက
ကျွတ်ကျွတ်အိတ်ကြီးထဲက အချဉ်ထုတ်များကို ထုတ်ယူပြီးပေးလိုက်သည်။
တောင်းသယ်ပေးတဲ့အကြီးကောင်လေးရော၊
ကျန်ကလေးများကိုပါ ဆိုင်သိမ်းပြန်လာတိုင်း မိသိန်းအေးက အချဉ်ထုတ်တစ်ထုတ်စီ ပေးတတ်၍
ကလေးများ ဝိုင်းလာကြခြင်းဖြစ်သည်။
အမေက
အပေါ်ထပ်တွင်မှိန်းနေရာမှ မိသိန်းအေးအသံကြား၍ ခေါင်းထောင်ကြည့်သည်။
]]ဟဲ့-သိန်းအေး၊
အစောကြီးပါလား}}
မိသိန်းအေးက
အပေါ်ကိုမော့်၍ အမေ့ကို အကြည့်တစ်မျိုးနှင့်ကြည့်လိုက်သည်။
အမေဘာမှမမေးတော့။
မိသိန်းအေးအကြည့်ကို အမေနားလည်သည်။
အမေလှဲနေရာမှထကာ
အိမ်အောက်ဆင်းလာသည်။
မိသိန်းအေးက
အတွင်းကသေတ္တာကိုမြင်မှာစိုး၍ သားရေကြိုးကိုမဖြုတ်သေးပေ။
]]အစ်မ
တောင်းကျွန်တော့်ကိုပေးပါ၊ ကျွန်တော်တင်ပေးပါ့မယ်}}
ခံတောင်းကိုသယ်ပေးနေကျကောင်လေးက
ပြောလိုက်သည်။
]]ဟဲ့...
ကမ်းနားမှာ ငါ့ထမီတွေလျှော်ပြီး ထည့်လာလို့ဟဲ့၊ နင်ဘုန်းနိမ့်မစိုးလို့ မသယ်ခိုင်းတာ}}
ပါးစပ်ထဲက
ပြောမိပြောရာပြောချလိုက်သည်။အနားရောက်လာသော အမေက မိသိန်းအေးစကားကို ကြားသည်နှင့် အထာပေါက်လေ၏။
]]ကလေးတွေ၊
အချဉ်ထုတ် တစ်ယောက်တစ်ထုတ်ရပြီမို့လား၊ သွားကြ၊ သွားကြ}}
အမေက
ကလေးတွေကို နှင်ထုတ်လိုက်သည်။
အနားမှာကလေးတွေမရှိတော့မှ
မိသိန်းအေးက ကယ်ရီယာတွင်ချည်ထားသောသားရေကြိုးကိုဖြုတ်၏။
]]တောင်းကို
ကျုပ်ခေါင်းပေါ်ပင့်ပေးအမေ}}
အမေက
စက်ဘီးကိုအောက်ထပ်သွင်းသိမ်းဆည်းပြီး အပေါ်သို့တက်လာလေသည်။
x x x x x x x
]]မိန်းမတစ်ယောက်
သေတ္တာတစ်လုံး ကျုပ်နားမှာကျန်နေခဲ့လို့ ကျုပ်ယူလာခဲ့တယ်အမေ}}
မိသိန်းအေးက
အမေ့ကို အတိုချုပ်ရှင်းပြလိုက်သည်။
ခံတောင်းပေါ်အုပ်ထားသောပုဆိုးပိုင်းကိုလည်း
လှပ်ချလိုက်၏။ သေတ္တာလေးက မြင်ကွင်းမှာပေါ်လာ လေသည်။
သေတ္တာကို
မိသိန်းအေးအပိုင်စီးလာသည့်လုပ်ရပ်အပေါ် အမေက ဘာမှမပြော။ အမေ့အတွက် ဆန်းသောအရာလည်းမဟုတ်။
မိသိန်းအေး မမွေးခင်ကတည်းက မိသိန်းအေးယခုကွမ်းယာရောင်းနေသည့် ကူးတို့ဆိပ်တွင် အဖေရော၊
အမေရော ကူလီများဖြစ်ကြသည်။ ခရီးသည်တွေရဲ့ အိတ်၊
အထုတ်အပိုး၊ ပစ္စည်းများကိုသယ်ပေးရင်းက လစ်လျှင်ယူသည်။ အပျောက်ရိုက်သည်။ ခိုးသည်။ သည်လိုပဲ
ကျင်လည်ခဲ့ကြခြင်းဖြစ်သည်။
အမေတို့သည်
မိသိန်းအေးမမွေးခင်ကတည်းက မုဆိုးအလုပ်ကို လုပ်ခဲ့ကြသည်။
မိသိန်းအေးသည်လည်း
မုဆိုးအလုပ်ကိုလုပ်လာခြင်းသာဖြစ်သည်။
ထို့ကြောင့်
မိသိန်းအေး ယခုလုပ်လာသောလုပ်ရပ်သည် အမေ့အတွက်ပါးပါးလေးသာဖြစ် သည်။ ပေါ့သေးသေးလုပ်ရပ် တစ်ခုသာဖြစ်သည်။
အမေစိတ်ဝင်စားတာ
တစ်ခုပဲရှိသည်။ သေတ္တာထဲမှာ ဘာပါသလဲ။
]]သေတ္တာက
သေးလိုက်တာအေ}}
မိသိန်းအေးကိုအပြစ်ပြောတာမဟုတ်ပေမယ့်
အမေက မချင့်မရဲပြောလိုက်လေ၏။
]]သော့ဖျက်ရမယ်အမေ}}
]]တူယူလိုက်လေ၊
သော့က အပေါစားပါ၊ ဖျက်ဖို့မခက်ပါဘူး၊ အပေါ်ကနေ ရိုက်သာချလိုက်}}
မိသိန်းအေးက
တူထယူကာ ဝက်အူလှည့်ဖြင့် သံကွင်းကိုကလန့်၍ အပေါ်မှတူဖြင့် ရိုက်ချလိုက်သည်။
တစ်ချက်ပဲရိုက်ရသည်။
သော့က ပွင့်သွားလေ၏။
အမေက
သေတ္တာနားကိုတိုးလာလေသည်။
]]အမေကလဲ
... တခါးပိတ်လိုက်ပါဦး}}
အမေသက်ပြင်းချရင်း
လှေကားထိပ်တခါးကို အမြန်သွားပိတ်သည်။
]]အောက်ထပ်မှာ
ဘယ်သူမှမရှိဘူး၊ ဖွင့်အေ...}}
မိသိန်းအေးက
ပျက်သွားသောသော့ခလောက်ကို ဆွဲဖြုတ်သည်။
သေတ္တာမဖွင့်မီ
သားအမိနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသေး၏။
မိသိန်းအေးက
သေတ္တာအဖုံးကို အသာမလိုက်သည်။
]]ဟင်
...}}
နှစ်ယောက်သား
တစ်ယောက်နှင့်တစ်ယောက်ကြည့်မိပြန်၏။ နှာခေါင်းရှုံ့မိကြသည်။
သေတ္တာထဲက
အနံ့တစ်မျိုးထွက်လာသည့်အတွက်ကြောင့်ဖြစ်သည်။
]]ကဲပါ...}}
အမေက
ဖွင့်ပါတော့ဆိုသည့်သဘောဖြင့် လောဆော်လိုက်ပြန်၏။
မိသိန်းအေး
သေတ္တာအဖုံးကို ဆတ်ကနဲဆွဲဖွင့်လိုက်၏။
သားအမိနှစ်ယောက်၏ဦးခေါင်းများက
သေတ္တာဆီသို့ ငုံ့သွားကြသည်။
]]အမလေး-}}
]]ဟိုက်-}}
ဦးခေါင်းနှစ်လုံးက
ငုံ့နေရာမှ ပြန်မတ်လာသည်။
တစ်ယောက်နှင့်တစ်ယောက်ကြည့်ကြပြန်သည်။
]ညီး...
ညီး... မိသိန်းအေး... ညီးအေ...}}
အမေက
အပြစ်ပြောသလိုမျိုး မိသိန်းအေးကိုငြီးငြီးတွားတွားပြောလိုက်သည်။
]]ကျုပ်လဲ
ဘယ်သိမလဲအမေရယ်}}
နှစ်ယောက်သားဦးခေါင်းများက
သေတ္တာထဲကအရာကို နောက်တစ်ခါ ငုံ့ကြည့်မိပြန်၏။
ကလေးလေး။ ကလေးအသေကလေး။
]]လသားအရွယ်ပဲရှိဦးမယ်၊
လတောင်ပြည့်ရဲ့လား မသိပါဘူးအေ}}
အမေက
ပြောသည်။
ကလေးအလောင်းကို
ဘယ်သူက သေတ္တာထဲ ပေါက်ပေါက်ရှာရှာ ထည့်ထားတာလဲ။
ထိုအစ်မ၏ကလေးလား။
ဒီကလေးကို ထိုအစ်မကိုယ်တိုင် သတ်ထားတာလား။ ကလေးအလောင်း လေးက ဘေး တစောင်း အနေအထားဖြင့်
ကွေးကွေးလေးရှိနေသည်။
မိသိန်းအေးက
ထိုင်ရာမှအမြန်ထကာ ပြတင်းပေါက်ဆီသွား၍ ဝေါ့ကနဲ ထိုးအန်လိုက်၏။
ပြီးမှ
သေတ္တာရှေ့ကိုပြန်လာသည်။
သားအမိနှစ်ယောက်
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြန်သည်။
အမေက
မိသိန်းအေးကို အပြစ်တော့မတင်တော့ပေ။ တကယ်တော့ မိသိန်းအေးအပြစ်လည်း မဟုတ်ပါ။
မိသိန်းအေးသည်
ကိုယ့်ကိုကိုယ် မုဆိုးထင်ခဲ့သည်။ ထိုအစ်မကို သားကောင်ထင်ခဲ့သည်။
တကယ်တမ်းကျတော့
မိသိန်းအေးကိုယ်တိုင် သားကောင် ဖြစ်နေပလား။ ထိုအစ်မကပဲ မုဆိုးလား။
သို့မှမဟုတ်
မိသိန်းအေးရော၊ ထိုအစ်မပါ…. နှစ်ယောက်လုံး သားကောင်တွေလား။
သေတ္တာထဲက
ကလေးအသေလေးကတော့ သားကောင်ဖြစ်တာ သေချာသည်။
``ဘယ်လိုလုပ်ကြမလဲ´´
အမေ့ဆီမှ
အသံထွက်လာသည်။
ဘယ်လိုလုပ်ကြမလဲ...တဲ့။
မိသိန်းအေးမသိပါ။
အမေလည်းမသိ။
မိသိန်းအေးလည်းမသိ။
မိသိန်းအေးတို့
ဘယ်လိုလုပ်ကြမလဲ ၊
x x x x x x x
နွေတမာန်
၂၀၀၈ခုနှစ်၊
ဧပြီလထုတ်၊ ဂမ္ဘီရလောကမဂ္ဂဇင်းမှ……..
No comments:
Post a Comment