Saturday, 18 August 2012

နွေတမာန် - မိုးအဆုံး မြေအဆုံး (၀တ္ထုတို)


နွေတမာန်
မိုးအဆုံး မြေအဆုံး

စစ်ကြီးပြီးတာ ဆယ်နှစ်ရှိသွားပြီ။
မဝါဆိုတို့ရွာသို့ ကိုတိုးမောင်ရောက်လာခဲ့တာလည်း ဆယ်နှစ်ရှိလေပြီ။ ထိုနည်းတူ မဝါဆိုနှင့်ကိုတိုးမောင်တို့ အိမ်ထောင်သက် မှာလည်း ဆယ်နှစ်အတွင်း ရောက်ခဲ့ပေပြီ။
စစ်ကြီးပြီးသွားပြီဆိုတဲ့သတင်းကြားတော့ မဝါဆိုတို့ရွာအနီးမှာတပ်စွဲထား တဲ့တော်လှန်ရေးတပ် များ ပြန်ရုပ်သိမ်းသွားကြသည်။ ကိုတိုးမောင်သည် ရုပ်သိမ်း သွားသောတပ်နှင့်အတူ ပြန်ပါမသွားပဲ ကျန်ရစ်ခဲ့သည့် တော်လှန်ရေးရဲဘော်တစ်ယောက်ဖြစ်ပေ၏။
တော်လှန်ရေးတပ်သားများကို မဝါဆိုတို့ ညောင်ပင်ဆိပ်ရွာဆိပ်ကမ်းမှနေ၍ မြို့ကိုသင်္ဘောဖြင့်ပို့ပေးခဲ့သည်။ သည်တုံးက သင်္ဘောအလာကိုစောင့်ရင်း တော် လှန်ရေးတပ်သားများ ရွာထဲကအိမ်တွေမှာ အနားယူကြသည်။ ရွာသူရွာသားများကလည်း အားရဝမ်းသာပင် တော်လှန်ရေးရဲဘော်များအား ချက်ပြုတ်ကျွေးမွေးကာ ဧည့်ခံခဲ့၏။ ထိုသို့ တစ်အိမ်လျှင် သုံးယောက်တစ်တွဲ၊ လေးယောက်တစ်တွဲနားနေ သည့်တော်လှန်ရေးတပ်သားများအုပ်စု ထဲတွင် ကိုတိုးမောင်က မဝါဆိုတို့အိမ်သို့ပါ လာခဲ့ခြင်းဖြစ်သည်။
ရောက်စကပင် ကိုတိုးမောင်သည် ဖျားနာရက်ကြီး ပါလာခဲ့ခြင်းဖြစ်၏။ တပ်သားများထဲတွင် ကိုတိုးမောင်ကဲ့သို့ ငှက်ဖျားဖြစ်နေသူ သုံးလေးယောက်ရှိတာ ကိုသတိထားမိသည်။ ကိုတိုးမောင်ကတော့ မဝါဆိုတို့အိမ်မှာ တစ်ထောက်နားသည့် သုံးယောက်အဖွဲ့ထဲတွင် ပါလာခြင်းဖြစ်သည်။
တပ်သားများထဲမှာ တချို့ခြေပြတ်သူ၊ တချို့လက်ပြတ်သူများကိုလည်း တွေ့ရပေ၏။
ညောင်ပင်ဆိပ်ရွာသူရွာသားများမှာ ဗဟုသုတခေါင်းပါး၍ အကြားအမြင် နည်းကြသော်လည်း တော်လှန်ရေး ရဲဘော်များကိုတော့ လွတ်လပ်ရေးအတွက်တိုက် ပွဲဝင်နေကြသော မျိုးချစ်သူရဲကောင်းများ အဖြစ် ကောင်းကောင်းနားလည်ကြလေသည်။ ဒါကြောင့်လည်း စစ်အပြီး နေရင်းရပ်ရွာပြန်အဆုတ်မှာ ရွာကိုတစ်ထောက် ဝင်နားသည့်ရဲဘော်များအား တစ်နေ့တာ ကောင်းကောင်းပြုစုဧည့်ခံကာ ချက်ပြုတ် ကျွေးမွေးကြခြင်းဖြစ်သည်။

ရဲဘော်များကို ညောင်ပင်ဆိပ်ရွာ မော်တော်ဆိပ်၌ မြဒီပါအမည်ရှိ မီးသင်္ဘောကြီးဖြင့် လာကြိုမည်ဟု ဆိုပေသည်။ ရွာ၌ ထိုကဲ့သို့ သဘောFကြီးမျိုး ရပ် နားလေ့မရှိပေ။ ယခုလာကြိုမည့်သင်္ဘောကြီးမှာ အညာဆန်သင်္ဘောကြီးဖြစ်ပေ သည်။ အညာဆန်သင်္ဘောကြီးကို ဧရာဝတီမြစ်ထဲမှဖြတ်သန်းသွားသည်ကိုသာ မြင်ဖူးကြပေသည်။ ရွာဆိပ်ကမ်း၌ တစ်ရွာနှင့်တစ်ရွာကူးသန်းသော မော်တော်ဘုတ် ကလေးများသာ ဆိုက်ကပ်လေ့ရှိပါသည်။
မီးသင်္ဘောကြီးဖြင့်လာကြိုမည်ဆိုသောသတင်းစကားကြောင့် ဆိပ်ကမ်း၌ လည်း သင်္ဘောကြီးကိုကြည့်ရန် ကလေးလူကြီးများဖြင့် စည်ကားနေပေ၏။
ရွာကို ထူးထူးခြားခြားရောက်လာသော တော်လှန်ရေးရဲဘော်ဧည့်သည်များက အိမ်တိုင်းစေ့တွင် ခရီးတစ်ထောက်နား တည်းခိုနေသည့်အတွက်လည်း ပျော်နေကြသည်။ တောရွာဇနပုဒ်ဖြစ်သည့်အားလျှော်စွာ ရဲဘော်များကိုကြိုမည့် သင်္ဘောကြီး ဆိုက်ကပ်လာမည်ကို ပွဲတော်တစ်ခုလို ကြည့်ရှုကြဖို့စောင့်မျှော်နေကြခြင်းဖြစ် လေသည်။
သို့သော်.. ထိုနေ့က သင်္ဘောကြီးရောက်မလာခဲ့ချေ။ နောက်တစ်နေ့မှပင်ရောက်လာသဖြင့် ရဲဘော်များ ညောင်ပင်ဆိပ်ရွာ၌ ညအိပ်ရလေသည်။
ညောင်ပင်ဆိပ်ရွာမှာ တစ်ညတာခိုနားဖြစ်တာပင် ကိုတိုးမောင်အတွက် ကံကောင်းသည်ဟုဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ငှက်ဖျားဝင်နေသောကို တိုးမောင်တစ်ယောက် သင်္ဘောရောက်လာ၍ လိုက်ပါသွားပါက လမ်းခရီးတွင် ဒုက္ခ ရောက်ရမည်ဖြစ်သောကြောင့် ပင်။
သင်္ဘောက ရဲဘော်များကို ဧရာဝတီမြစ်အရှေ့ဖက်ကမ်းရှိ မြို့ကြီးဆီသို့ ပို့ပေးမည်ဖြစ်ပေသည်။ ထိုမြို့ကြီးမှတစ်ဆင့် ရဲဘော်များသည် မိမိနေရပ်ဌာနအသီးသီးသို့ လမ်းခွဲပြန်ကြရမည်ဖြစ်ပါ၏။ အကယ်၍သာ သင်္ဘောအချိန်မှန်ရောက်လာ၍ ကိုတိုးမောင်ပါသွားပါက လမ်းခရီး ၌ပင် ကိုတိုးမောင်အတွက် အခက်ကြုံနိုင်ပေ၏။
ကိုတိုးမောင်နှင့် ခရီးလမ်းချင်းတူသည့်အဖော် တစ်ယောက်မှပါမလာပေ၊ ရဲဘော်အများစုမှာ ရန်ကုန်-ပြည်-မကွေး လမ်းတလျှောက်ရှိ မြို့ရွာများသို့ပြန်မည့်သူများချည်းဖြစ်သည်။ ကိုတိုးမောင်တစ်ယောက်သာ မြစ်ဝကျွန်းပေါ်အောက်အရပ် အထိ ခရီးရှည်ပြန်ရမည့်သူဖြစ်သည်။
ထိုညတွင် ကိုတိုးမောင် အဖျားအလူးအလဲတက်ကာ သတိပင်လစ်လစ်သွားခဲ့သည်။ မဝါဆိုတို့အိမ်မှာ တည်းခိုနေချိန်ဖြစ်၍သာ တော်ပေသေးတော့၏။
ရွာကျောင်းဆရာတော်ဆီက ဆေးများတောင်းကာ ကိုတိုးမောင်ကိုတိုက် ရသည်။ မဝါဆိုက ကိုတိုးမောင်အတွက်သပ်သပ် ဆန်ပြုတ်တစ်အိုးကြိုပေးသည်။ ထိုညတွင် ကိုတိုးမောင် အဖျားမကျပေ။
နောက်တစ်နေ့တွင် ရဲဘော်များကို လာကြိုသည့်သင်္ဘောကြီးရောက်လာသည်အထိ ကိုတိုးမောင်အဖျားမကျသေး။
ကိုတိုးမောင်က သတိလစ်တစ်ချက် မလစ်တစ်ချက်ဖြင့် သူ့ကိုထားခဲ့ရန် ပြောသည်။
]ဖြစ်ပါ့မလားတိုးမောင်၊ မင်းအတွက် ငါနေပေးပါ့မယ်}
]မနေနဲ့သူငယ်ချင်း၊ မင်းလည်း အိမ်ပြန်ရောက်ချင်ရော့မယ်၊ လမ်းပေါ်ရောက်နေပြီပဲကွာ၊ ဟိုဖက်ကမ်းကူးတာနဲ့ ရန်ကုန်-မန္တလေးလမ်းမကြီးမှုတ်လား၊ ငါ့ဟာငါ ကျန်းမာမှ ပြန်ပါတော့မယ်၊ ဒီအိမ်ရှင်တွေကိုသာ ငါခဏတည်းခိုဖို့ ပြောပေးခဲ့ပါ}
]မလိုပါဘူးမောင်၊ နေကောင်းတဲ့အထိ ကျုပ်တို့အိမ်မှာ နေနိုင်ပါတယ်၊ နေပါ၊ နေပါ၊ အဖျားကြီးနဲ့ ခရီးထွက်ဖို့က မသင့်လျော်သေးဘူးကွဲ့}
မဝါဆို၏ဖခင်ကြီးက ဝင်ပြောသည်။
ကိုတိုးမောင်၏ တော်လှန်ရေးရဲဘော်သူငယ်ချင်းများမှာ ကိုတိုးမောင်အတွက်နောက်ဆံတင်းသော်လည်း စစ်ကြီးပြီး၍ အိမ်ပြန်ရောက်ချင်ကြပြီ။ မသေမပျောက်ကြောင်း သတင်းပေးပြီး မိဘဇနီးမယား သားသမီးများနှင့် တွေ့ချင်လှပြီ။ အိမ်ရှင်ကလည်း စိတ်ချလက်ချထားခဲ့ဖို့ ကတိပေးသည်နှင့် ကိုတိုးမောင်ကိုထားခဲ့ကာ သင်္ဘောဖြင့်လိုက်ပါသွားကြလေ၏။
+ + + + + + + + +
ကိုတိုးမောင်၏အဖျားက တော်တော်နှင့်မပျောက်ခဲ့ချေ။
မဝါဆိုတို့အိမ်မှာ မဝါဆိုရယ်.. အဖေနှင့်အမေရယ်ပဲရှိသည်မို့ အဖေနှင့် အမေ ယာခင်းထဲသွားချိန်တွင် ကိုdတိုးမောင်ကို မဝါဆိုပဲ ပြုစုရလေသည်။
ကိုတိုးမောင်က မဝါဆိုထက် ၇နှစ် ၈နှစ်ခန့်ကြီးသူမို့ မဝါဆိုက အစ်ကို ကြီးလို့ပဲခေါ်သည်။ နာလန်ထလာတော့ ကိုတိုးမောင်က စစ်အတွင်းအတွေ့အကြုံ များကို မဝါဆိုအားပြောပြသည်။ မဝါဆိုသည် အစပိုင်းက သူစိမ်းတရံဆံယောက်ျားတစ်ယောက်နှင့် အနီးကပ်ပြောဆိုဆက်ဆံရ၍ ရှက်အမ်းအမ်းဖြစ်နေသည်။ မဝါဆိုမှာမွေးချင်းပေါက်ဖော်အစ်ကိုမောင်များလည်းမရှိ၍ ယောက်ျား တစ်ယောက်နှင့် နီးနီးကပ်ကပ်ဆက်ဆံပြောဆိုဖူးခြင်းမရှိချေ။
သို့သော် အနီးကပ်ပြုစုပေးရင်းနှင့် ကိုတိုးမောင်ကိုခင်လာသည်။ သူပြောသည့် စိတ်ဝင်စားစရာအတွေ့အကြုံများကို နားထောင်ရင်းက ထပ်၍နားထောင်ချင် လာသည်။ ၁၅ရက်ကျော် ရက်၂၀ခန့်ပြုစုပေးပြီးသည့်အခါတွင်တော့ ကိုတိုးမောင်ကို မဝါဆို သံယောဇဉ်တွယ်ခဲ့ပါပြီ။
ကိုတိုးမောင်ကလည်း သိသည်။
]အစ်ကိုကြီးတော့ အစ်ကိုကြီးတို့ရွာကို မပြန်ချင်တော့ဘူးကွယ်}
နာလန်ထစအချိန်တွင် ကိုတိုးမောင်က မဝါဆိုကိုပြောသည်။
]အစ်ကိုကြီးမိဘတွေက မျှော်နေမှာပေါ့}
]အစ်ကိုကြီးမှာ မိဘတွေမရှိတော့ဘူးကွဲ့၊ မွေးချင်းလည်း မရှိဘူး၊ အစ်ကိုကြီးက မဝါဆိုလိုပဲ မိဘတွေရဲ့ တစ်ဦးတည်းသော ရင်သွေးပါကွယ်}
]မိန်းမကော.. မိန်းမကော မရှိဘူးလားဟင်}
]မိန်းမ..}
ကိုတိုးမောင်က ဆက်ပြောရန်တွန့်ဆုတ်သွားသည်။
]မိန်းမရှိပါတယ်ကွယ်၊ ဒါပေမယ့်..}
]ဟင်..}
မဝါဆိုက မျက်လုံးရွဲကြီးများဖြင့် ကိုတိုးမောင်ကို ငေးကြည့်နေခဲ့သည်။
]အစ်ကိုကြီးတို့ အိမ်ထောင်ကျတာ တစ်နှစ်ပဲရှိသေးတယ်၊ အစ်ကိုကြီး စစ်ထဲလိုက်လာတာပဲ၊ သူ့အိမ်က အစ်ကိုကြီးနဲ့ယူတာကို သဘောမကျဘူးကွဲ့၊ အစ်ကိုကြီးနဲ့သူ့ကို ခွဲနေကြတာ၊ အစ်ကိုကြီး စစ်ထဲလိုက်လာတော့ သူတို့သဘော ကျဖြစ်သွားတာပေါ့လေ၊ အခုလောက်ရှိ ယောက်ျားများပေးစားလိုက်ပလားတောင် မသိပါဘူးကွယ်}
]ဟင်.. အ္လီဲလိုလုပ်လို့ အစ်ကိုကြီးမိန်းမက ခံပါ့မလား၊ အစ်ကိုကြီးက သူ့ယောက်ျားပဲဟာကို}
]သူကတော့မိန်းမကောင်းလေးတစ်ယောက်ပါမဝါဆိုရယ်၊ သို့သော် မိဘ တွေစီမံရင် သူလည်း ဘယ်တွန်းလှန်နိုင်မှာတုံး၊ ပြီးတော့ အစ်ကိုကြီးတို့စစ်သားဆို တာက အိမ်ပြန်ရောက်မရောက် သေချာတဲ့ကာလမျိုးမဟုတ်ဘူးလေ၊ အစ်ကိုကြီးကို သေလူလို့တွက်ချင်တွက်ကြမှာ}
]အစ်ကိုကြီးရယ်.. အဝေးကနေ ‘Dလိုထင်နေလို့ ဘယ်တော်ပါ့မလဲ၊ ရွာ ကိုအရောက်ပြန်ပြီး ကြည့်ပါလားတော်}
]မဝါဆို..}
]ရှင်..}
]မဝါဆိုက အစ်ကိုကြီးကို ပြန်စေချင်ပလား}
]အို.. စေတနာရှိလို့ပဲ နေမကောင်းတာကို ပြုစုပေးနေတာကော၊ ပြန် စေချင်လို့မဟုတ်ပေါင်}
မဝါဆိုက ရိုးရိုးရှင်းရှင်းပင်ပြောရှာလေ၏။
]ဒါဖြင့် ဘာလို့ပြန်ဖို့စကား ပြောရသလဲကွယ်}
]ရွာမှာ မိန်းမကျန်ခဲ့ဆို..၊ ပြန်ဖို့ကောင်းတာပေါ့၊ ဟိုကမျှော်နေမှာ သနားစရာ} 
]မဝါဆို၊ အစ်ကိုကြီးဟာ ယောက္ခမတွေနဲ့အဆင်မပြေတဲ့အခိုက် နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာလည်း တစ်တပ်တစ်အားပါချင်လို့ စစ်ထဲလိုက်ပြီး ဘ၀ကို မြှုပ်ခဲ့တာပါညီမရယ်၊ စစ်တိုက်ရင်းသေရင်လည်းအေးရောလို့ သဘောထားခဲ့တယ်၊ အစ်ကိုကြီးဇနီးကိုချစ်ပေမယ့် ရွာကိုဘယ်တော့မှမပြန်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ တာကွဲ့၊ သူတို့ကလည်း အစ်ကိုကြီးကို အပြီးထွက်သွားပြီလို့ သတ်မှတ်ကြမှာပါ၊ သေလူလို့သဘောထားကြမှာပါ၊ ယောက္ခမတွေက အစ်ကိုကြီးမိန်းမကို ယောက်ျား ပေးစားပြီးသားလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ်.. အစ်ကိုကြီး ရွာကို မပြန်တော့ဘူးလို့ဆုံးဖြတ်တယ်ကွယ်၊ ယောက္ခမတွေနဲ့လည်း မျက်နှာချင်းမဆိုင်ချင် တော့ပါဘူး}
]အစ်ကိုကြီးယောက္ခမတွေက တော်တော်ဆိုးလို့လားဟင်}
]အစ်ကိုကြီးက မိဘမရှိတစ်ကောင်ကြွက်၊ ဘုန်းကြီးကျောင်းသားလုပ်နေ ရတဲ့လူ၊ သူများလယ်မှာသူရင်းငှား၊ သူတို့ကပိုက်ဆံရှိတယ်လေ၊ သူတို့သမီးနဲ့မတူ မတန်ဘူးထင်တာပေါ့၊ ဒီဒဏ်တွေကို အစ်ကိုကြီးပြန်ပြီး မခံချင်တော့ဘူး၊ မိန်းမကို လည်း ပြတ်လက်စ သံယောဇဉ်ဖြတ်လိုက်တော့မယ်ကွယ်..}
]’gဖြင့် အစ်ကိုကြီးဘာဆက်လုပ်မတုံး}
]မဝါဆို.. ညီမလေး၊ ကျေးဇူးရှင်ကို သားရေပေါ်အိပ် သားရေနားစား ပြောတာမဟုတ်ပါဘူးကွယ်၊ အစ်ကိုကြီးစစ်သား တစ်ယောက်ပါ၊ စကားကိုရိုးရိုးရှင်းရှင်းပဲပြောတတ်တယ်၊ အစ်ကိုကြီး ဒီရွာမှာပဲနေချင်တယ်၊ မဝါဆိုမှာ ရည်ရွယ်ထားသူမရှိဘူး၊ ချစ်သူရည်းစားလည်း မရှိဘူးလို့သိရပါတယ်၊ အစ်ကိုကြီး မဝါဆိုကို ရိုး မြေကျလုပ်ကျွေးပါရစေကွယ်၊ အစ်ကိုကြီးသဘောထားကို လက်ခံပါ}
]အို..}
ရိုးသားပွင့်လင်းသော တောသူမလေးမဝါဆို၊ ချစ်စကားကို ရိုးရိုးရှင်းရှင်းကြီးဖွင့်ပြောလိုက်တော့ မျက်နှာမထားတတ်ဖြစ်ကာ ထိုင်ရာမှထပြေးလေတော့၏။
+ + + + + + + + +
ထိုနေ့ညမှာပင်.. ကိုတိုးမောင်က သူ့သဘောထားကို မဝါဆိုမိဘများအား ဖွင့်ပြောလိုက်သည်။
]မောင်ရင် ဒီရွာက တစ်သက်လုံးမပြန်ဘူးဆိုရင်ဖြင့် ကျုပ်တို့တားစရာ မရှိပါဘူး၊ လုံမသဘောထားကရော.. ဘဲ့နှယ်ရှိသလဲ}
မဝါဆိုဖခင်က မဝါဆိုကို လှည့်မေးလိုက်သည်။
]ကျုပ်.. ကျုပ်အတွက်တော့.. အစ်ကိုကြီး ကျုပ်တို့နဲ့တစ်သက်လုံးနေ မယ်ဆိုရင် ပြီးတာပါပဲတော်}
မဝါဆိုက မျက်လွှာချရင်း ရှက်ကိုးရှက်ကန်းဖြင့်ပြောသည်။
ရပ်ရွာထုံးစံအတိုင်း.. ဘုန်းကြီးကိုအကျိုးအကြောင်းလျှောက်ထား၊ သူ ကြီးနှင့်လူကြီးများကို အသိပေးပြီး.. လူကြီးစုံရာရှေ့တွင် ကိုတိုးမောင်နှင့်မဝါဆိုကို မင်္ဂလာဆောင်နှင်းပေးခဲ့သည်။
သည်လိုနှင့်.. စစ်ပြန်တော်လှန်ရေးရဲဘော်ကိုတိုးမောင်သည် ညောင်ပင်ဆိပ်ရွာတွင် ဖျားနာကျန်ရစ်ခဲ့ရာမှ မဝါဆိုနှင့် အိမ်ထောင်ကျကာ အခြေချနေဖြစ်ခဲ့လေသည်။
မဝါဆိုသည် ကိုတိုးမောင်ကို ယုံကြည်ခဲ့ပါသည်။ မဝါဆိုရင်ထဲမှာ အဖု အထစ်ကလေးတစ်ခုပဲရှိနေသည်။ ဒါက.. ကိုတိုးမောင်မှာ အရင်က အိမ်ထောင်ရှိ ခဲ့သည်ဆိုသည့်အဖြစ်။ မဝါဆိုက အရင်အိမ်ထောင်ကို သဝန်တိုနေတာမျိုးတော့မဟုတ်ပါ။ ကိုတိုးမောင် မယားကြီးသည် တစ်နေရာတွင် အသက်ရှင်လျှက်ရှိနေသေးတယ်ဆိုတဲ့အသိကြောင့် ရင်ထဲမှာ ခိုးလိုးခုလုဖြစ်ရခြင်းသာဖြစ်ပါ၏။ တစ်နေ့.. ကိုတိုးမောင် သူ့မယားကြီးကိုစိတ်လည်ကာ ရွာကထွက်သွားမှာ၊ သူ့ကိုပစ်သွားမှာကိုတွေးပြီး မိန်းမသားပီပီစိုးရိမ်စိတ် ပိုခဲ့မိခြင်းသာဖြစ်ပါသည်။
ကိုတိုးမောင်အချစ်ကိုတော့ မဝါဆိုယုံသည်။ ကိုတိုးမောင်ရဲ့ရိုးသားမှုကို လည်းယုံသည်။ ရိုးသားလို့သာလျှင် သူအိမ်ထောင်ကျခဲ့ဖူးကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့ခြင်းမဟုတ်ပါလား။
အိမ်ထောင်ကျတော့လည်း အဘနှင့်အတူတူ လယ်ထဲယာထဲမှာ နွားနှင့်ဖက်ရုန်းကာ သူမကိုလုပ်ကျွေးခဲ့တဲ့ယောက်ျား။ အသောက်အစားမရှိ၊ ကြင်နာတဲ့ယောက်ျားကောင်းတစ်ယောက်မို့ မဝါဆိုက ဂုဏ်ယူရသည်။ အထိုက်အလျှောက် စာလေးပေလေး တတ်ကျွမ်းပြီး ဗဟုသုတရှိသူမို့လည်း ကိုတိုးမောင်က ရွာမှာပွဲလည်တင့်သည်။
ဆိုရလျှင်.. မဝါဆို ကိုတိုးမောင်ကို ချစ်ခင်သလို အားကိုးခဲ့ရပါသည်။ ယခင်အဖြစ်ဟောင်းကိုသိထား၍သာ စိတ်မှာ စနိုးစနောင့်ဖြစ်ရခြင်းဖြစ်၏။
သို့သော်.. မဝါဆိုစိုးရိမ်ကြောင့်ကျသလို တစ်ခုမှဖြစ်မလာခဲ့ပါ။ ခုဆို အိမ်ထောင်သက်ပင် ဆယ်နှစ်ရှိပြီကော။ အဘနှင့်အမလည်း ဆုံးသွားကြပြီ။ ကိုတိုးမောင်သည် ရွာမှတစ်ဖဝါးမခွာ မဝါဆိုကို လုပ်ကိုင်ကျွေးမွေးနေဆဲ။
သားသမီးလည်း သုံးယောက်ရလို့ အကြီးနှစ်ယောက်ကိုပင် မနှစ်က ရှင်ပြုပေးပြီးပြီကော။ အမေက အရင်ဆုံးသည်၊ အဖေက သူမသေခင် သူ့မြေးနှစ်ယောက်ကို သင်္ကန်းဝတ်နှင့်မြင်ချင်ပါသည်ဆို၍ သင်္ကန်းစည်းပေးခဲ့သည်။ မြေးတွေ ရှင်ပြုပွဲအပြီးမှာ အဘဆုံးခဲ့ခြင်းဖြစ်သည်။
သားနှစ်ယောက်သည် ခုထိ သင်္ကန်းဝတ်နှင့်ရှိနေဆဲ။ ကျေးလက်ထုံးစံအရ တစ်နှစ်ပြည့်သည်ထိ သင်္ကန်းစည်းရသည်။ ကိုရင်ဝတ်နှင့်ပင် ဘုန်းကြီးကျောင်း မှာ လောကဓာတ်စာများ သင်ကြားနေပါသည်။
အငယ်ဆုံးလေးကတော့ မိန်းကလေး။ နို့စို့အရွယ်ပဲရှိသေးသည်။
ခုလိုအချိန်မျိုးရောက်မှတော့ မဝါဆို၏စိုးရိမ်ကြောင့်ကျမှုများလည်း ပျက်ပျယ်သွားပေပြီ။
+ + + + + + + + +
သို့ပါလျှက်.. မဝါဆိုသည် ယနေ့မှပင် သည်အကြောင်းများကိုတွေးကာ ရင်ထဲ၌ တအုံနွေးနွေးကြီးဖြစ်နေမိသည်။ စိတ်ထဲမှာ မတင်မကျကြီးဖြစ်နေမိသည်။
မဝါဆိုသည် အိမ်ဘေးဖက်မြေကြီးပေါ်တွင် ထမင်းဟင်းချက်ပြုတ်ရင်းက ရောက်တတ်ရာရာတွေးနေမိခြင်းဖြစ်သည်။ ချက်ပြုတ်ရင်းတစ်ဖက် နို့စို့သမီးလေးကို သိပ်ထားသည့်ပုခက်ကြိုးကို အိမ်ပြင်အထိရောက်အောင်ဆွဲကာ ပုခက်ကိုလွှဲပေးနေ သည်။
ခဏနေလျှင် သားကိုရင်နှစ်ပါး ဆွမ်းခံကြွလာတော့မည်။ ပြီးလျှင် သူတို့ အဖေကို ယာထဲအရောက် မဝါဆိုကိုယ်တိုင် ထမင်းသွားပို့ရမည်။ မဝါဆိုက ထမင်းအိုးကျက်အပြီးတွင် ငပိရေကျိုအိုးကို မီးဖိုပေါ်တင်ထားရင်း ချဉ်ပေါင်ရွက်များကိုချွေနေ၏။ လက်တစ်ဖက်ကလည်း တစ်ချက်တစ်ချက် ပုခက်ကြိုးကိုလွှဲပေးနေသည်။
ထိုစဉ်တုံးမှာပဲ.. မဝါဆိုတို့အိမ်သို့ ထိုမိန်းမရောက်လာခဲ့ခြင်းဖြစ်ပါသည်။
ထိုမိန်းမ။ ပဟေဠိဆန်သောမိန်းမ။ ထိုမိန်းမသည် မဝါဆိုကို ခံစားချက် များစွာပေးခဲ့သည်။ မဝါဆိုရင်ကို မွှေနှောက်ခဲ့သည်။ ပုစ္ဆာများစွာပေးခဲ့သည်။ မဝါဆို သည် ထိုမိန်းမကို သနားလည်းသနားသည်။ ကိုယ်ချင်းစာကာ ဂရုဏာလည်းသက် မိသည်။ သို့သော် ထိုမိန်းမသည် ဘယ်သူလဲ။ မဝါဆို တိတိကျကျမသိခဲ့ရပါ။
ထိုမိန်းမက မဝါဆိုတို့အိမ်သို့ ဖြတ်ကနဲရောက်လာကာ... လှပ်ကနဲ ပျောက်ကွယ်သွားသည့် ပုစ္ဆာဆန်သောမိန်းမ တစ်ယောက်ဖြစ်လေသည်။
မဝါဆို ချဉ်ပေါင်ဟင်းအိုးပြင်နေစဉ်.. ဒေါ်သောင်းဆိုသော အလွန်တရာ စပ်စုသည့်မိန်းမကြီးက ထိုမိန်းမကို ခေါ်လာခဲ့ခြင်း ဖြစ်လေ၏။ ဒေါ်သောင်းက မော် တော်ဆိပ်တွင် တဲကလေးဖြင့်အကြော်ကြော်ရောင်းသောမိန်းမကြီးတစ်ယောက်ဖြစ်ပါ သည်။
]ဝါဆိုရေ.. အေ..ဝါဆို}
]အရီးသောင်း၊ ကျွန်မအိမ်ဘေးမှာတော့၊ ဟင်းချက်နေတယ်}
]ဒီမှာဟေ့၊ ဧည့်သည်၊ ညီးယောက်ျားကိုတိုးမောင်ကိုတွေ့ချင်လို့တဲ့၊ မော်တော်နဲ့ပါလာတာ}
]ဟင်..}
မဝါဆိုအံ့ဩစွာ အိမ်ရှေ့ပြေးထွက်ခဲ့သည်။
ဒေါ်သောင်းနှင့်အတူ မိန်းမတစ်ယောက်။ အထုတ်တစ်ဖက်ဆွဲ၍ ခေါင်းတွင် ချည်တဘက်ကိုသိုင်းခြုံထားသည့်မိန်းမမှာ မျက်နှာစိမ်းဖြစ်သည်။ သူမမျက်နှာကညှိုးနွမ်းမှုကြားမှ မျှော်လင့်ချက်ဖြင့် မျက်လုံးများက လက်နေသည်။ မဝါဆိုကို စူးစမ်းသောမျက်လုံးများ ဖြင့် စိုက်ကြည့်နေ၏။
]ဒါ.. တိုးမောင်တို့အိမ်ပဲမိန်းကလေး၊ နေခဲ့ပေတော့၊ ဝါဆိုရေ.. ငါ့အလုပ်တစ်ဖက်နဲ့ ပြန်လိုက်ဦးမယ်၊ ဪ.. သူက ဒီရွာမှာ တော်လှန်ရေးရဲဘော်တစ်ယောက်ကျန်နေတယ်ကြားလို့ လာတာတဲ့၊ တိုးမောင်များဖြစ်နေမလားလို့တဲ့ ဟေ့၊ ငါ သွားမနော်}
ဒေါ်သောင်းက သူစိမ်းမိန်းမကို ထားရစ်ခဲ့ကာပြန်သွားလေသည်။
]အစ်မ၊ အိမ်ပေါ်တက်ထိုင်ပါ}
မဝါဆိုက ဧည့်သည်ကို အိမ်ကပြင်ပေါ်ညွန်ပြရင်း ပြောလိုက်သည်။
ထိုမိန်းမက ဖြေးလေးသောခြေလှမ်းများဖြင့် အိမ်ရှေ့ဝါးကြမ်းခင်းလေးပေါ်တက်ထိုင်၏။
]ခဏနော် အစ်မ}
မဝါဆိုက ငပိနှင့်လုံးထားလက်စ ချဉ်ပေါင်အိုးကို မီးဖိုပေါ်မှသွားချသည်။ ရေနွေးအိုးကိုတင်ပစ်ခဲ့ရင်း အိမ်ပေါ်သို့တက်ခဲ့၏။
ဧည့်သည်မိန်းမသည် အိမ်ရှေ့ကပြင်တွင်ထိုင်ရင်း ဟိုသည်ငေးကြည့်နေသည်။
မဝါဆိုရောက်လာတော့ မဝါဆိုကိုမော့်ကြည့်ကာ..
]ညီမက ကိုတိုးမောင်ရဲ့..}
]ကျုပ် ကိုတိုးမောင်မိန်းမပါ အစ်မ}
]ဪ..}
သူမက ဘာမှဆက်မပြောပဲ နှုတ်ခမ်းများ တရွရွလှုပ်နေသည်။
]အစ်မ ဘယ်ကလာတာလဲ၊ ကိုတိုးမောင်နဲ့အသိလား}
]အစ်မက.. အစ်မက..}
သူမက စကားကိုမဆက်နိုင်ပဲ ထစ်နေလေသည်။
]အစ်မက ဒီရွာမှာ စစ်ပြန်ကိုတိုးမောင်ဆိုတာရှိတယ်ဆိုလို့ လာကြည့်တာပါ၊ ကိုတိုးမောင်ဆိုတာ အစ်မအသိထဲက များဖြစ်နေမလားလို့}
]ဟင်..}
မဝါဆိုရင်၌ လှိုင်းတစ်ခုလှုပ်ခတ်သွားသည်။
စစ်ပြန်ကိုတိုးမောင်၊ လိုက်လာတာ၊ သူမဘယ်သူလဲ၊ သူမဟာ...။
]အစ်မအသိကိုတိုးမောင်လည်း ဟုတ်ချင်မှဟုတ်မှာပါလေ..}
သူမက မဝါဆိုကိုစေ့စေ့ကြည့်ရင်း စကားကိုလျှောချလိုက်သည်။
ထိုစဉ် ပုခက်ထဲမှကလေးက အဲ့ကနဲငိုလိုက်၏။
]ခဏနော်အစ်မ}
မဝါဆိုက ကလေးဆီထသွားသည်။ ဧည့်သည်မိန်းမသည် ယခုမှ ပုခက်နှင့်ကလေးကို သတိထားမိပုံပေါ်သည်။ မဝါဆို ပုခက်ဆီထသွားသည်ကို မျက်ခြည် မပြတ်လိုက်ကြည့်နေ၏။
ကလေးက နိုးမလာသေး။ ပုခက်ရပ်သွား၍ ငိုလိုက်ခြင်းဖြစ်သည်။ မဝါဆိုက ပုခက်ကို လှုပ်ယမ်းပေးကာ နှုတ်မှတကျွတ်ကျွတ် နှင့်စုတ်သပ်ရင်း ကလေးကိုပြန်သိပ်နေ၏။ ကလေးအိပ်သွားမှ ပုခက်ကြိုးကို ရှေ့ခန်းထဲထိဆွဲကာ ထွက်လာ သည်။
]ကလေးဘယ်နှယောက်လဲ}
]သုံးယောက်အစ်မ၊ ဒါက နို့စို့လေး၊ အငယ်ဆုံးမလေးလေ၊ အကြီးနှစ်ယောက်က ကိုရင်ဝတ်နေတယ်}
]ဪ..}
ပြောနေရင်းပင် အကြီးကောင်ကိုရင်က သပိတ်ကိုပိုက်ကာ ရောက်လာသည်။
]အဲဒါ သားအကြီးပေါ့၊ တန်ဆောင်မုန်းလထဲက ကိုရင်ဝတ်ပေးထားတာ၊ ကိုရင်ရေ.. ဆွမ်းဟင်းက ချက်တုန်းတော့၊ ကိုရင့်ဒကာကြီး ကို ယာထဲသွားခေါ်ပေးပါဦးကိုရင်ရယ်၊  ဒီမယ်.. ဧည့်သည်ရောက်နေတယ်လို့}
ကိုရင်လေးက သပိတ်ကို ကပြင်ပေါ်ချခဲ့ပြီး ပြေးထွက်သွားသည်။
]ညီမယောက်ျားကိုတိုးမောင်က တစ်ရပ်တစ်ရွာကဆိုတာ ဟုတ်သလား၊ စစ်အပြီး  ဒီရွာမှာကျန်ခဲ့တယ်ဆိုတာ တကယ်ပဲလား}
]ဟုတ်တယ်အစ်မ၊ သူပြောတော့ အောက်ပြည်အောက်ရွာကတဲ့၊ ဘယ်မြို့ဆိုတာတော့ အစ်ကိုကြီးက မပြောဘူး၊ ဒီရွာမှာ နေမကောင်းလို့ ကျန်ရစ်ခဲ့ရင်းက ကျွန်မနဲ့အိမ်ထောင်ကျနေတာ}
ဧည့်သည်မိန်းမက မဝါဆိုပြောသမျှကို မဝါဆိုကိုငေးရင်း နားထောင်နေသည်။
]သူက ဘယ်လိုပုံမျိုးလဲ၊ အင်းလေ.. အစ်မသိတဲ့ ကိုတိုးမောင် ဟုတ်ချင်မှဟုတ်မှပါ}
]အစ်မရှာနေတဲ့ကိုတိုးမောင်ဆိုတာ အစ်မနဲ့ဘာတော်လဲ၊ အို.. ဒီမှာ အစ်ကိုကြီးဓာတ်ပုံရှိသလေ၊ ဟော့မှာ အစ်မ}
မဝါဆိုက ပြောရင်းသတိရကာ ကိုတိုးမောင်ဓာတ်ပုံကိုပြရန် ထိုင်ရာမှထလိုက်သည်။ မနှစ်က သားနှစ်ယောက်ကိုရှင်ပြုတော့ ရှင်ပြုပွဲတွင် မြို့ကဓာတ်ပုံဆရာကိုငှားကာ ဓာတ်ပုံတစ်ပုံရိုက်ထားသည်။ အဖေရယ်၊ သူတို့လင်မယားရယ်၊ ရှင်လောင်း သားနှစ်ယောက်ရယ်။
ထိုပုံကို မှန်ဘောင်သွင်းကာ အိမ်ရှေ့ခန်း၌ပင် ချိတ်ထားပါသည်။ မဝါဆို ယာထဲထမင်းပို့သွားလျှင် ဆောင်းနေကျခမောက်ကို ဓာတ်ပုံချိတ်သောသံချိတ်တွင် ချိတ်ထားမိ၍ ခမောက်နှင့် ကွယ်နေခြင်းဖြစ်သည်။
မဝါဆိုက ဖြတ်ဖြတ်လတ်လတ်ထကာ.. ဓာတ်ပုံပေါ်မှ ခမောက်ကိုဖယ်လိုက်သည်။
ရှင်ပြုပွဲတွင် မိသားစုလိုက်ရိုက်ထားသောပုံက ဘွားကနဲပေါ်လာသည်။
]ဟောဒါ ကိုတိုးမောင်လေ၊ ဒီက ကျွန်မအဖေ၊ ကလေးတွေရှင်ပြုပြီး မကြာဘူး ဆုံးသွားရှာတယ်၊ နို့စို့မလေးက ရှင်ပြုပွဲ ပြီးမှမွေးတာအစ်မရဲ့}
မဝါဆိုက ဓာတ်ပုံကိုလက်ထောက်ပြကာ ရှင်းပြနေသည်။
]ဟုတ်လား.. အစ်မရှာနေတဲ့ ကိုတိုးမောင်က ဒီပုံထဲကလူလား}
မဝါဆိုက မေးရင်း ဧည့်သည်ကိုလှည့်ကြည့်လိုက်သည်။
ဓာတ်ပုံကိုမော်ကြည့်နေသောထိုမိန်းမသည် ခေါင်းကို သွက်သွက်ခါရမ်းလိုက်၏။
]မဟုတ်ဖူး.. မဟုတ်ဖူး.. သူမဟုတ်ဖူး}
]ဪ..}
မဝါဆိုရင်ထဲမှာ အပူတစ်ခုအေးသွားသလိုခံစားလိုက်ရသည်။
သို့သော်.. ခေါင်းကိုရမ်းခါလိုက်ရာတွင် ထိုမိန်းမ၏မျက်လုံးဆီမှ မျက်ရည်စများ စီးကျလာသည်ကိုမြင်လိုက်တော့ မဝါဆိုရင်မှာ ထိတ်ကနဲဖြစ်ရပြန်သည်။
]မဟုတ်ပါဘူးကွယ်၊ နာမည်သာတူတာကိုး၊ အစ်မရှာနေတဲ့ကိုတိုးမောင်က သူနဲ့တခြားစီပဲ}
မဝါဆိုသည် ဧည့်သည်မိန်းမပြောစကားများကို မယုံကြည်မိပေ။ ဘာပြုလို့ရယ်မသိ၊ သူမ ဆန့်ကျင်ဖက်စကားများ ကိုလိမ်ပြောနေသည်ဟု ထင်နေမိသည်။ ပြီးတော့ သူမ ဘာလို့မျက်ရည်ကျရတာလဲ၊
ဧည့်သည်မိန်းမကလည်း သူမမျက်ဝန်းမှ မျက်ရည်များစီးကျလာသည်ကို သတိထားမိသွားသည်။ သူမက မျက်တောင် ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ရည် များကို သိမ်းဆည်းနေသည်။ သို့သော် ပါးပြင်ပေါ်အထိစီးကျနေသောမျက်ရည်များ က အထင်အရှား။ သူမ ငိုနေတာပါလား။
]ညီမတို့ရွာကနော်၊ ဆိပ်ကမ်းကသဲတွေကဆိုးလိုက်တာ၊ လေတိုက်တော့ မျက်လုံးထဲသဲတွေဝင်ပြီး စပ်နေတာပဲ.. ဟင်း.. ဟင်း..}
သူ ဟန်လုပ်ပြောနေတာပါ၊ မဟုတ်ပါဘူး၊ သဲဝင်တာမဟုတ်ပါဘူး၊ ရှင်ငိုနေတာ ကျွန်မ သိပါတယ်၊ ရှင်ဘာလို့ ငိုရတာလဲဟင်..၊ မဝါဆိုစကားများက နှုတ်ခမ်းမှထွက်မလာပဲ ရင်ထဲမှာပင်ပျောက်သွားသည်။
သူမက ခေါင်းတွင်ပတ်ထားသော ချည်တဘက်ကလေး၏ အနားစဖြင့် မျက်ရည်များကိုသုတ်နေသည်။
]သဲဝင်လို့မျက်ရည်ကျတာလား၊ ဒါဖြင့် မျက်နှာသစ်ပစ်လိုက်လေအစ်မ၊ ကျုပ်ရေသွားခပ်လိုက်မယ်}
မဝါဆိုက အိမ်နောက်ဖက်မှဆင်းကာ နောက်ဖေးစဥ့်အိုးထဲမှရေကို ခွက်ဖြင့်သွားခပ်လိုက်သည်။
လမ်းတလျှောက်တွင် ထိုမိန်းမအကြောင်းကိုတွေးရင်း ရင်ထဲမှာဗလောင်ဆူနေ၏။
သူဘယ်သူလဲ၊ ဘယ်ကလာတာလဲ၊ သူတွေ့ချင်တဲ့ ကိုတိုးမောင်ဟာ အစ်ကိုကြီးပဲလား။ သူရှာတဲ့ကိုတိုးမောင်နဲ့အစ်ကိုကြီးနဲ့ တစ်ယောက်စီဆိုတာ ညာနေတာများလား။
အစ်ကိုကြီးနဲ့ မျက်နှာချင်းဆိုင်တွေ့ရင် ဘယ်လိုနေကြမလဲ။ တကယ်ပဲ တစ်ယောက်စီဖြစ်နေရင် ကိစ္စမရှိ။ အစ်ကိုကြီးဟာ သူရှာနေတဲ့ ကိုတိုးမောင်ဖြစ်ခဲ့ လျှင်...
မဝါဆိုသည် ရင်ထိတ်ဖွယ်အတွေးများဖြင့် ရေခွက်ကိုသယ်ကာ အိမ်ရှေ့သို့ပြန်လာခဲ့လေ၏။
]ဟင်..}
အိမ်ရှေ့ကပြင်တွင် ဧည့်သည်မိန်းမမရှိတော့ပါ။
မဝါဆိုက အိမ်ပြင်ဖက်သို့မျှော်ကြည့်လိုက်သည်။
မြစ်ဆိပ်ဖက်သို့သွားသောလမ်းအတိုင်း မပြေးရုံတမယ် လျှောက်သွားနေသည့် သူမ၏နောက်ကျောကိုမြင်လိုက်ရသည်။ တဘက် ကလေးက လေမှာလွင့်လို့။ မျက်နှာကိုငုံ့ကာ တဘက်ဖြင့်အုပ်ထားပုံမျိုးဖြစ်သည်။ သူမ ငိုသွားတာလား။
နှုတ်မဆက် ဘာမဆက်နဲ့ ဘာလို့ချက်ချင်းထပြန်သွားရတာလဲ။
မဝါဆိုသည် ရေခွက်ကိုကိုင်ရင်း ထိုမိန်းမမြင်ကွင်းမှပျောက်သွားသည်ထိ ကြောင်တောင်ရပ်ကာ ငေးကြည့်နေမိသည်။
ထိုမိန်းမသည် မော်တော်ဆိပ်သို့သွားသောလမ်းချိုးသို့ချိုးကွေ့ကာ သူမ အမြင်မှပျောက်ကွယ်သွားလေသည်။
မဝါဆိုက အတွေးများစွာဖြင့် ရေခွက်ကိုကိုင်ကာ ယောင်၍ရပ်နေဆဲ..
+ + + + + + + + +

]ဝါဆို.. ဧည့်သည်ရောက်လို့ဆို၊ ဘယ်မှာလဲ}
ကိုတိုးမောင်အသံကြားမှ မဝါဆိုသတိဝင်လာသည်။
]ဟုတ်တယ်အစ်ကိုကြီး၊ ဧည့်သည်လာတယ်၊ မော်တော်ဆိပ်ကနေ အရီးသောင်းလိုက်ပို့တာ၊ ခု ပြန်သွားပြီ}
]ဘယ်ကလဲ.. ဘယ်သူတုံး}
မဝါဆိုက သားကိုရင်ရှိနေ၍မပြောသေးပဲ ဆိုင်းနေသည်။
]ကိုရင်ရေ.. ဧည့်သည်လာတာနဲ့ ဟင်းအိုးကို မီးဖိုပေါ်မတင်ရသေးဘူးတော်}
]ရတယ်ဒကာမကြီး၊ ဒါဆို ကိုရင် ရွာတောင်ပိုင်းမှာ ဆွမ်းခံနှင့်မယ်}
]တင်ပါ့ကိုရင်}
ကိုရင် သပိတ်ကလေးပိုက်ပြီး ထွက်သွားမှ မဝါဆိုက ကိုတိုးမောင်ကို ပြောပြလိုက်သည်။
]ဧည့်သည်ကမိန်းမ အစ်ကိုကြီး၊ အောက်ပြည်ကလာတာတဲ့၊ စစ်အတွင်းတုံးက ဒီရွာမှာ ကိုတိုးမောင်ဆိုတဲ့လူတစ်ယောက် ကျန်ခဲ့တယ်ကြားလို့ လာတာတဲ့}
]ဟင်..}
]ကျွန်မ.. ကျွန်မတော့ အဲဒီအစ်မဟာ အစ်ကိုကြီးရဲ့မိန်းမလို့ထင်တယ်}
]ဘာ.. သူကဘာပြောသွားလို့လဲ၊ သူ့နာမည်ဘယ်သူတဲ့လဲ၊ အခုဘယ် မှာလဲဝါဆို}
]နာမည်ပြောမသွားဘူး၊ ကျွန်မက အစ်ကိုကြီးဓာတ်ပုံကိုပြတော့ သူက မဟုတ်ဖူးတဲ့၊ သူရှာနေတဲ့ ကိုတိုးမောင်ဆိုတာ တစ်ယောက်တဲ့}
ကိုတိုးမောင်က သက်ပြင်းချလိုက်သည်။
]ဒါဆိုပြီးတာပဲ၊ ဟုတ်တာပေါ့၊ လူမှားတာနေမှာပေါ့၊ အဲဒါကြောင့်သာ ငါ့ကိုမစောင့်ပဲပြန်သွားတာပေါ့}
]ဟင့်အင်း.. မဟုတ်နိုင်ဘူးအစ်ကိုကြီး}
]ဘာဖြစ်လို့..}
]သူက ပါးစပ်ကသာ မဟုတ်ဖူးပြောတာ၊ အစ်ကိုကြီးဓာတ်ပုံကိုမြင်တော့ ငိုတယ်၊ အဲ.. မျက်ရည်ကျတယ်တော့၊ ကျွန်မကိုတော့ မျက်လုံးထဲသဲဝင်လို့ပါလို့ ပြောတယ်၊ ကျွန်မက မျက်နှာသစ်ဖို့ ရေသွားအခပ်မှာ သူထွက်ပြေးတာပဲ}
]ထွက်ပြေးတယ်}
]တကယ်လို့ အစ်ကိုကြီးဟာ သူရှာနေတဲ့ကိုတိုးမောင်မဟုတ်လဲ ဘာပြေးစရာလိုသလဲ၊ မဟုတ်-မဟုတ်ဖူး ပြောရုံပေါ့၊ ကိုရင်က အစ်ကိုကြီးကိုသွားခေါ်တော့ အစ်ကိုကြီးပြန်လာခါနီးလို့ပြေးတာတော့}
]နင်ကလဲဟာ.. သူ့ဟာသူ မော်တော်အမီပြန်တာလားမှမသိတာ၊ သူရှာ တဲ့လူမဟုတ်မှန်းသိလို့ အချိန်မဖြုန်းတော့တာနေမှာပေါ့}
]ကျွန်မတော့ .. သူ့ကို အစ်ကိုကြီးမိန်းမလို့ထင်တယ်}
]ဝါဆို..}
]တော်..}
]ငါ့မိန်းမ မဖြစ်နိုင်ပါဘူး ဝါဆိုရယ်၊ သူ့အကြောင်းကို ငါသိတယ်၊ သူ ဒီလောက်ဝေးတဲ့ခရီးကို လိုက်မလာရဲပါဘူး၊ တခြားတစ်ယောက်ပါဟာ၊ တိုက်ဆိုင်တာပါဟာ}
]ဒါဖြင့် အစ်ကိုကြီးဓာတ်ပုံမြင်တော့ သူဘာလို့ငိုသလဲအစ်ကိုကြီးရယ်.. ကျွန်မဖြင့် သူ့ကို သိပ်သနားတာပဲ}
]သနားတယ်}
]မိန်းမချင်းကိုယ်ချင်းစာတယ်တော်၊ အစ်ကိုကြီးက ခရီးဝေးကြီးကိုလိုက်မလာရဲဘူးဆိုပေမယ့်.. မိန်းမတော့်၊ ကိုယ့်လင်သား ပြန်မလာရင်တော့ လိုက်ရဲတဲ့ သတ္တိရှိကြမှာပဲ၊ ကျွန်မသိတယ်}
]ဝါဆိုရယ်.. တော်စမ်းပါ၊ ကဲ.. အဲဒီမိန်းမဟာ ငါ့မိန်းမဟုတ်ပါပြီတဲ့ဟာ၊ ဘာဖြစ်သေးတုံး၊ ငါသူ့နောက်ပြန်လိုက်မသွားဘူး၊ သူနဲ့က တစ်နှစ်လောက် ပေါင်းခဲ့တဲ့ သံယောဇဉ်ပဲရှိတာ၊ ကြာလဲကြာလှပြီ၊ နင်နဲ့က ကလေးသုံးယောက်၊ ငါ့သားသမီးတွေကို ငါမပြတ်နိုင်ပါဘူး၊ သူဟုတ်နေလဲ ငါကပြန်လွှတ်ရုံရှိတာပဲ၊ နင် စိတ်မကောင်းဖြစ်မနေနဲ့၊ နော်.. ဝါဆို}
ကိုတိုးမောင်က မဝါဆိုပခုံးကိုဖက်ကာ နှစ်သိမ့်စကားဆိုသည်။
]နင် ငါ့ကိုယုံတယ်မဟုတ်လားဝါဆို}
]ယုံပါတယ်အစ်ကိုကြီး၊ အစ်ကိုကြီး ကျွန်မတို့မိသားစုကိုချစ်တာ ကျွန်မ ယုံပါတယ်}
]ဒါဆိုပြီးတာပဲ၊ ဟိုမိန်းမက သက်သက်လာနှောက်သလိုဖြစ်နေပြီ၊ နင် ငိုချင်နေသလားဟင်}
ကိုတိုးမောင်က မဝါဆိုမျက်နှာပျက်နေသည်ကိုကြည့်ရင်းမေးလိုက်သည်။ ကိုတိုးမောင်မေးလိုက်မှပင် မဝါဆို မျက်ရည်တွေကျလာ၏။
]ကျွန်မအတွက်ကျွန်မ ငိုချင်တာမဟုတ်ပါဘူး၊ အဲဒီအစ်မကို သနားလို့ပါ၊ စိတ်မကောင်းလို့ပါတော်၊ လင်ပျောက်ရှာတဲ့မိန်းမ.. သူ့လင်ကိုရှာတွေ့ပါစေတော်}
]ကဲ..ကဲ.. တော်တော့ တိတ်တော့၊ တော်ကြာ ကိုရင်တွေရောက်လာလို့ စိတ်မကောင်းဖြစ်နေဦးမယ်၊ ငါလည်း ထမင်းစားပြီးမှ ယာထဲပြန်တော့မယ်}
+ + + + + + + + +
ကိုတိုးမောင်က မဝါဆိုကိုချော့မော့နှစ်သိမ့်ပြီး အိမ်ထဲမှထွက်လာခဲ့သည်။ ရွာတောင်ပိုင်းကိုသွားယောင်ပြပြီး လမ်းခုလတ်မှချိုးကာ မော်တော်ဆိပ်ရှိသည့်မြစ်ကမ်းသို့ဆင်းခဲ့၏။
အိမ်ကိုရောက်လာတဲ့ဧည့်သည်ဟာ ဘယ်သူလဲ။ မဝါဆိုထင်သလို သူ့ မိန်းမ မအေးမြဖြစ်နေလေမည်လား။ မအေးမြကျန်ခဲ့သော သူတို့နေရပ်နှင့် ဧရာဝတီမြစ်ကမ်းဘေးက ညောင်ပင်ဆိပ်ရွာမှာ ခရီးကွာလှမ်းလှပေသည်။ အေးမြသည် သူ့နောက်ကို အချိန်အကြာကြီးကြာမှ လိုက်လာပါ့မည်လား။ မဝါဆိုပြောသလို လင် သားအတွက် သတ္တိတွေဝင်ပြီးလိုက်လာတာလေလား။ သို့သော် ကြာခဲ့ပြီ။ ဆယ်နှစ် ဆယ်မိုးမက ကြာခဲ့ပြီလေ။
ကိုတိုးမောင်သည် ရောက်လာသောဧည့်သည်ကို မအေးမြမဟုတ်နိုင်ဟု ထင်သော်လည်း ယခုတလောမက်သည့်အိပ်မက် များအရ.. ဖြစ်နိုင်သည်ဟုလည်း ယုံမှတ်နေမိပြန်၏။ ခုတလောတွင် ညတိုင်းလိုလို ငယ်ပေါင်းမအေးမြကို အိပ်မက် ခဏခဏမက်သည်။ မအေးမြတစ်ယောက် ကွယ်လွန်လေပြီလားဟုပင် ကိုတိုးမောင် ကထင်မိ၏။ သေသွားပြီးလို့ အေးမြဝိညာဉ်သူ့နောက်လိုက်လာသလားလို့ ထင်ယောင်ထင်မှား တွေးမိသည်။
တကယ်တော့ သူသည် အေးမြကို မချစ်ခင်မကြင်နာလို့ ရွာမပြန်ပဲနေခဲ့တာမဟုတ်ပေ။ အေးမြမိဘများနှင့်ဆွေမျိုး အသိုင်းအဝိုင်းကိုစိတ်နာကြည်း၍ ဤအရပ်မှာ ဇာတ်မြှုပ်နေခဲ့ခြင်းဖြစ်သည်။ အေးမြကြာတော့လည်း သူ့ကိုမေ့သွားလိမ့် မည်ဟု ထင်ခဲ့၏။ သူ့အိမ်ကလည်း ဒီတိုင်းမနေ၊ အေးမြကို သူကွယ်သည်နှင့် ယောက်ျားပေးစားလိမ့်မယ်လို့လည်း စိတ်ကထင်နေသည်။ သည်လိုနှင့် စစ်အပြီးမှာ စစ်အတွင်းကပဲ ကျဆုံးသွားသယောင်ယောင်ထင်ချင်လည်းထင်စေတော့ဆိုပြီး မပြန်ပဲနေလိုက်ခြင်းဖြစ်ပါသည်။
အိမ်ကိုရောက်လာသောမိန်းမသည် တကယ်သာ အေးမြဖြစ်ခဲ့လျှင်..
ကိုတိုးမောင်က ဂဃနဏသိရအောင်စုံစမ်းရန် မော်တော်ဆိပ်သို့ဆင်းခဲ့ ခြင်းဖြစ်၏။ ထိုမိန်းမကို a’:သောင်းလိုက်ပို့သည်ဆို၍ ဒေါ်သောင်းအကြော်တဲတွင် ဝင်စုံစမ်းလို့ ရနိုင်သည်။
မော်တော်ကြုံမရှိသေးလျှင် ထိုမိန်းမကို မော်တော်ဆိပ်၌ တွေ့ကောင်းတွေ့နိုင်သေးသည်။
ကိုတိုးမောင်က ခပ်သုတ်သုတ်ပင် မြစ်ဆိပ်သို့ဆင်းခဲ့၏။
ကမ်းနားသို့သူရောက်တော့.. မော်တော်တစ်စင်း ကမ်းကခွာသွားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ မော်တော်က မြစ်လည် သို့ပင်ရောက်နေပြီ။ ထိုမော်တော်သည် သူတို့ရွာဆိပ်ကမ်းသို့ တစ်နေ့မှတစ်ကြိမ်သာ ဆိုက်ကပ်သည့် တစ်စီးတည်းသော မော်တော်ဖြစ်လေသည်။
ကိုတိုးမောင်က ဒေါ်သောင်းအကြော်တဲထဲသို့ဝင်လိုက်သည်။
]ဟဲ့-တိုးမောင်၊ နင် ဧည့်သည်နဲ့မဆုံလိုက်ဘူးဆို}
ဒေါ်သောင်းက ဦးအောင်မေးလိုက်သည်။
]ဟုတ်တယ်အရီးသောင်း၊ ကျုပ်ကိုမစောင့်ပဲ ပြန်သွားတယ်}
]ဟုတ်ပါ့ဟယ်၊ ဒီမော်တော်နဲ့လာ.. ဒီမော်တော်နဲ့ပြန်တာပဲဟဲ့၊ မော်တော်ထွက်ခါနီး အတင်းပြေးဆင်းလာပြီး တားလို့ သူ့အတွက် ကုန်းဘောင်ပြန်ထိုးပေးရတာ၊ ငါက လှမ်းမေးလိုက်တော့ သွားတော့မယ်ဒေါ်ကြီးတဲ့၊ ကျွန်မရှာတဲ့ကို တိုးမောင်က ဒီရွာကကိုတိုးမောင် မဟုတ်ဖူးတဲ့၊ အော်ပြောသွားတာပဲ}
]သူ့ပုံစံက ဘယ်လိုလဲအရီးသောင်း}
]ဝါဆိုပြောမပြဘူးလား၊ အသက်ကတော့ နင်တို့လောက်ရှိမပေါ့၊ အသားဖြူဖြူ၊ ရုပ်တော့သိပ်မချောဘူး၊ ချောတယ် ပြောရအောင်လည်း အပျိုအရွယ်လေးမဟုတ်ဖူးလေ}
]သူက ရောက်ရောက်ချင်း ဘယ်လိုပြောလို့ အရီးသောင်းက ကျုပ်အိမ်ကိုပို့ပေးတာလဲဗျ}
]သူ့အသိထဲကတဲ့၊ ကိုတိုးမောင်ဆိုတဲ့လူတစ်ယောက်.. ဂျပန့်ခေတ်က စစ်ထဲလိုက်သွားတာ၊ စစ်ပြီးတော့လည်း အိမ်ပြန် မလာလို့တဲ့၊ နာမည်က ကိုတိုးမောင်တဲ့၊ စစ်ပြန်တစ်ယောက်က တိုးမောင်ဆိုတာ ဒီရွာမှာကျန်ခဲ့တယ်လို့ ပြော လိုက်တယ်ဆိုလားပဲ၊ အဲဒါ ဟုတ်မဟုတ်လာကြည့်တာတဲ့}
ကိုတိုးမောင်ရင်ထဲ မောဟိုက်သွားသည်။ သူမပြန်ပဲနေသော်လည်း သူ့ သတင်းကိုစုံစမ်းမည်ဆိုက စုံစမ်းလို့ရနေသေးသည်ကိုး။
]နင်နဲ့မဆုံပဲနဲ့ နင်မဟုတ်ဖူးဆိုတာ ဘယ်လိုသိသွားတာလဲဟဲ့}
]ဝါဆိုက ရှင်ပြုပွဲတုံးက ကျုပ်တို့ရိုက်ထားတဲ့ဓာတ်ပုံကိုပြလိုက်လို့တဲ့}
]ဪ..ဟုတ်တာပေါ့၊ ငါကတောင် အော်ပြောလိုက်ပါသေးတယ်၊ ငါတို့ရွာက ညောင်ပင်ဆိပ်လို့၊ ညောင်ပင်သာဆိုတဲ့ရွာ တစ်ရွာ အထက်မှာရှိသေးတယ်လို့၊ ညောင်ပင်သာကိုသွားရှာပါလားလို့ အော်ပြောလိုက်သေးတယ်ဟေ့}
ကိုတိုးမောင် ဒေါ်သောင်းအကြော်တဲမှထွက်လာခဲ့သည်။
သည်ပုံအတိုင်းဆိုလျှင်ဖြင့်.. တခဏရောက်လာသောဧည့်သည်သည် မအေးမြဟုတ်မဟုတ် မသိနိုင်တော့ပေ။
လင်ပျောက်ရှာပုံတော်ဖွင့်သည့်မိန်းမသည် အေးမြမဟုတ်လျှင် ဘယ်သူ ဖြစ်မလဲ၊ တော်လှန်ရေးကာလကမျိုးချစ်ရဲဘော်တွေထဲမှာ တိုးမောင်ဘယ်နှယောက် ပါလို့လဲ၊ တိုးမောင်တိုင်းကရော တော်လှန်ရေးအပြီးမှာ အိမ်မပြန်ပဲနေကြမှာတဲ့လား။ ပြီးတော့.. တခြားတိုးမောင်တွေကရော.. သူတို့နေရပ်မှာ ကြင်သူဇနီးမယား ကျန်ရစ်ခဲ့သူတွေချည်းပဲလား။ အစစအရာရာ တိုက်ဆိုင်ဖို့ ခဲယဉ်းလှပေမည်။
စဉ်းစားကြည့်လျှင်တော့ လင်ပျောက်လာရှာသောမိန်းမသည် အေးမြဖြစ်ဖို့များနေလေသည်။
အေးမြမဟုတ်ပါစေနဲ့လို့လည်း ကိုတိုးမောင်က ဆုတောင်းမိသည်။
ကိုတိုးမောင်သည် မြစ်အထက်ဖက်သို့မျှော်ကြည့်လိုက်၏။
ညောင်ပင်ဆိပ်ဆိပ်ကမ်းမှ ထွက်ခွာသွားသော မော်တော်လေးသည် မြစ်ကြောင်းတလျှောက် ခုတ်မောင်းရင်း တဖြည်းဖြည်း ဝေးကွာသွားလေရာ မြစ်အကွေ့ တစ်နေရာတွင် ကွေ့ချိုးရင်း ကိုတိုးမောင်မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
မော်တော်ခေါင်းတိုင်မှထွက်လာသောမီးခိုတန်းသည်သာ ကောင်းကင်သို့ ထိုးတက်သွားရာမှ တဖြည်းဖြည်း လွင့်ပျံ့ ပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရတော့ သည်။
+ + + + + + + + +
                                                                     နွေတမာန်

No comments: