နွေတမာန်
ကိုကိုလာခေါ်လှည့်
အိမ်ကြီးမှာ
ရှေးတိုက်အိုဟောင်းကြီးဖြစ်သည်။ ခြံဝင်းကလည်း ကျယ်သည်။
ညသန်းကောင်အချိန်များတွင်
ပတ်ဝန်းကျင်တိတ်ဆိတ်နေချိန်ဖြစ်၍ အိမ်ကြီးအတွင်းမှအသံများက တစ်ချက်တစ်ချက်
လမ်းမပေါ်အထိ ပျံ့လွင့်လာတတ်၏။
]]ကိုကိုရေ...
လာခေါ်လှည့်ပါ}}
]]ညီမလေးကို
လာခေါ်ပါတော့ ကိုကိုရယ် ...}}
]]ကိုကိုလာခေါ်လှည့်...}}
အသံမှာ
မိန်းကလေးတစ်ယောက်၏အသံဖြစ်သည်။ ဆွေးဆွေးမြေ့မြေ့ရှိလှသည်။ တစ်ဦးတစ်ယောက်ကို
တမ်းတခေါ်ငင်နေမှန်းသိသာသည်။
အကယ်၍သာ...
ရှေးတိုက်အိုဟောင်းကြီးသည် မြို့အပြင်ဖက်လို လူသူဝေးလံရာတွင်ရှိပြီး...
ညသန်းကောင်အချိန်တွင် အသံများ ထွက်ပေါ်လာပါက...
အလွန်တရာစိတ်ခြောက်ချားဖွယ်ကောင်းပေလိမ့်မည်။
မကောင်းဆိုးဝါးများခြောက်လှန့်နေသည်ဟု ထင်မှတ်ကောင်း ထင်မှတ်နိုင်ပေမည်။
သို့ရာတွင်...
အိမ်ကြီးသည် မြို့အလည်ကျကျ၌ရှိနေပြီး... အိမ်ထဲမှ ထွက်ပေါ်လာသောအသံမှာ မည်သူ့အသံ၊
မည်သည့်အတွက် ထွက်ပေါ်နေရသည်များကို ပတ်ဝန်းကျင်က သိနေသည်။ တစ်မြို့လုံးနီးပါးကပင်
သိနေကြပါသည်။
ထို့အတွက်...
စိတ်ခြောက်ချားဖို့ထက် အသံရှင်ကို ဂရုဏာသက်ကြသည်။ အသနားပိုကြသည်။
]]ကိုကိုရေ...
လာခေါ်လှည့်ပါ}}
]]ညီမလေးကို
လာခေါ်ပါတော့ ကိုကိုရယ်...}}
]]ကိုကိုလာခေါ်လှည့်...}}
မိန်းကလေးတစ်ဦး၏
ကြေကွဲဖွယ်တမ်းတခေါ်ငင်သံများမှာ... ညအချိန်ရောက်တိုင်း အိမ်အိုကြီးဆီမှ
ထွက်ပေါ်လာမြဲဖြစ်လေသည်။
]]ဖြစ်မှဖြစ်ရလေ...
မသူဇာရယ်...}}
အကြောင်းသိသူတိုင်းက
အသံရှင် မသူဇာဆိုသည့်မိန်းကလေးကို သနားကြသည်။
]]မသူဇာလေး
ဒီဝဋ်ဒုက္ခက မြန်မြန်ကျွတ်ပါစေ...}}
ဂရုဏာအပြည့်ဖြင့်
ဆုတောင်းပေးမိကြမြဲဖြစ်ပါသည်။
+
+ + + + + + + +
ဦးမြမောင်နှင့်ဒေါ်ညွှန့်ညွှန့်မှာ
စက်ချုပ်လုပ်ငန်းကို အိမ်ထောင်ကျ စကတည်းက လုပ်ကိုင်လာကြသူများဖြစ်သည်။
လင်မယားနှစ်ယောက်စလုံး စက်ချုပ်တတ်သည်။ အိမ်ထောင်ကျစက အပ်ချုပ်စက်နှစ်လုံးဖြင့်
အပ်ထည်လေးများကိုချုပ်ခဲ့ကြသည်။
ဦးမြမောင်နှင့်ဒေါ်ညွန့်ညွန့်သည်
အမျိုးသမီးအဝတ်အစားများကိုသာ သီးသန့်ချုပ်လုပ်ခြင်းဖြစ်သည်။ အိမ်ရှေ့မှာ
]]ညွှန့်ညွှန့် အမျိုးသမီးဝတ် စက်ချုပ်လုပ်ငန်း}}ဆိုသောဆိုင်းဘုတ်ကိုချိတ်ထားသည်။
ဆိုင်ခန်းရယ်လို့ သီးခြားဖွင့်ထားခြင်းမရှိပဲ အိမ်ဧည့်ခန်းမှာပင် အပ်ချုပ်စက်နှစ်လုံးချ၍
အပ်ထည်များကိုလက်ခံကာ လင်မယားနှစ်ယောက်လုံး စက်ချုပ်ခဲ့ကြခြင်း ဖြစ်သည်။
လင်မယားနှစ်ယောက်လုံး
လက်ရာကောင်းကြ၍ အဝတ်အထည် အပ်သူမိန်းကလေးများ မပြတ်မလတ်အောင်ရှိခဲ့လေသည်။ အဝတ်အစား
များကို စက်ချုပ်ဆိုင်တွင်အပ်၍ ချုပ်လုပ်ဝတ်ဆင်သောခေတ်ကို
ကောင်းကောင်းမီခဲ့သည်မို့ ဦးမြမောင်၊ ဒေါ်ညွန့်ညွန့်တို့စက်ချုပ်လုပ်ငန်းမှာ
အောင်မြင်ခဲ့ပါသည်။
သုံးနှစ်အတွင်းမှာ
အပ်ချုပ်စက်သုံးလုံးထပ်ဝယ်ကာ လက်ထောက်တပည့်တပန်းများခန့်ထားပြီး ချုပ်လုပ်ရသည်အထိ
လုပ်ငန်းတိုးတက်လာ သည်။
နောက်ပိုင်းတွင်
ဒေါ်ညွန့်ညွန့်က သားသမီးမွေးဖွားရသည်နှင့် ကိုယ်တိုင်းယူခြင်း၊
အင်္ကျီစများညှပ်ပေးခြင်းတို့ကိုသာ ပြုလုပ်နိုင်တော့သည်။ တပည့်မိန်းကလေးများကို
ချုပ်လုပ်ပုံသင်ပြရင်းမှ အနီးကပ်ကြီးကြပ်ပေးခဲ့သည်။
သားသမီးသုံးယောက်မွေးဖွားခဲ့ရာ
အကြီးနှစ်ယောက်မှာ ယောက်ျား လေးများဖြစ်ပြီး အငယ်ဆုံးမှာ မိန်းကလေးဖြစ်လေသည်။
သားသမီးများ အားလုံးသွက်လက်ချက်ချာကြသည်။ အကြီးနှစ်ယောက်ဖြစ်သော ကိုကို မောင်၊
ကိုကိုအောင်တို့က မသူဇာကို တစ်ဦးတည်းသောညီမအထွေးဆုံးလေး အဖြစ် အချစ်ပိုကြသည်။
မသူဇာအလယ်တန်းကျောင်းသူအရွယ်တွင်
စက်ချုပ်လုပ်ငန်းမှာ အအောင်မြင်ဆုံးအခြေအနေသို့ရောက်လာသည်။
အိမ်အောက်ထပ်တစ်ခုလုံးကို
ခန်းမကြီးအဖြစ်ပြောင်းလဲလိုက်ကာ စက်ချုပ်သင်တန်းအဖြစ်ဖွင့်လှစ်ခဲ့ရလေသည်။
သင်တန်းသူအယောက်၂၀ ထက်မနည်း အမြဲရှိနေတတ်သည်။ အချို့သင်တန်းသူများမှာ ကျေးရွာများ
မှလာတက်သူများဖြစ်၍ အိမ်မှာပင် ကျောင်းအိပ်ကျောင်းစားသဘောမျိုး လက်ခံထားရသည်။
သင်တန်းဖွင့်ချိန်မှစ၍ အပ်ထည်တစ်ထည်ချင်းလက်ခံချုပ်လုပ်သည့်အလုပ်ကို
မလုပ်နိုင်တော့ပေ။
ထိုအချိန်၌
ကိုကိုအောင်မှာဆယ်တန်းအောင်မြင်ခဲ့သည်။ မကွေးကောလိပ်မှာဆက်တက်သည်။
ကိုကိုမောင်ကတော့ ဆယ်တန်းကိုမအောင်ခဲ့ ပေ။ ဆယ်တန်းနှစ်နှစ်မြောက်ဖြေအပြီးတွင်
ရွာမှသင်တန်းလာတက်နေသော မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်ကာ ခိုးပြေးသည်။ မိဘများက
မိန်းကလေးရှင်များထံ အပ်နှံပေးပြီး တင့်တောင်းတင့်တယ်မင်္ဂလာဆောင်ပေးခဲ့သည်။
သည်လိုနှင့်
အိမ်တွင် ကိုကိုမောင်တို့လင်မယားထပ်တိုးလာခဲ့သည်။ ကိုကိုမောင်တို့လင်မယားကို
အောက်ထပ်တွင်ပင်နေစေပြီး မိဘနှစ်ပါးနှင့် မသူဇာတို့က အပေါ်ထပ်တွင် နေထိုင်ခဲ့ကြ၏။
မသူဇာမှာ
မိဘများဗီဇပါ၍ စက်ချုပ်လုပ်မှုဖက်တွင် ကျွမ်းကျွမ်း ကျင်ကျင်ရှိခဲ့သည်။
ဆယ်တန်းနှစ်အရောက်တွင် ဒေါ်ညွန့်ညွန့်ကျန်းမာရေး ချို့တဲ့လာရာ မသူဇာက
ကျောင်းဆက်မတက်ပဲကျောင်းထွက်လိုက်သည်။ စက်ချုပ်သင်တန်းကိုအုပ်ချုပ်သည်။
အစပိုင်းတွင်
ကိုကိုမောင့်ဇနီး မအေးသီကို စက်ချုပ်သင်တန်းဖက်တွင် ကြီးကြပ်ခိုင်းခဲ့သော်လည်း
အရှည်ကိုမျှော်တွေးတတ်သော မိဘ များက သမီးယောင်းမနှစ်ယောက် အတူအလုပ်လုပ်နေလျှင်
ကြာသော် မတည့်မှာကိုစိုးကြသည်။
သည်လိုနှင့်
ကိုကိုမောင်တို့ကိုလည်း စီးပွားတစ်သီးတစ်သန့်ဖြစ် သွားစေရန် ဈေးအနီးတွင်
ဆိုင်ခန်းဝယ်၍ စက်ချုပ်ဆိုင်သီးခြားဖွင့်ပေးလိုက် သည်။ ကိုကိုမောင့်ကိုလည်း
သူ့စီးပွားသူအုပ်ချုပ်ဆိုသည့်သဘောဖြင့် ထို ဆိုင်ကိုသာ ဦးစီးခိုင်းခဲ့၏။
ထမင်းဟင်းကိုလည်း အိုးခွဲချက်စားစေခဲ့သည်။
ဦးမြမောင်နှင့်ဒေါ်ညွန့်ညွန့်တို့
အစီအမံမှာ အဆင်ပြေခဲ့ပါသည်။ ခုရှုပ်မှနောင်ရှင်းဆိုသလို သားသမီးများမှာ
တစ်ချိန်တွင် အိမ်ထောင်ကိုယ်စီ နှင့်ဖြစ်လာကြမည်ဖြစ်ပေရာ မိဘများရှိစဉ်ကတည်းက
ပြတ်ပြတ်သားသားဖြစ်အောင် စီမံပေးထားခြင်းဖြစ်သည်။
မကွေးကောလိပ်တွင်တက်နေသော
ကိုကိုအောင်မှာ ဘွဲ့ရသည်နှင့် အလုပ်ပါတစ်ခါတည်းရသွားခဲ့သည်။
အလုပ်ရှိသောမြို့သို့ပြောင်းနေသည်။
ထိုအချိန်တွင်
ဒေါ်ညွန့်ညွန့်၏စက်ချုပ်သင်တန်းမှာ နယ်မြေတဝိုက်တွင်အောင်မြင်မှုရနေပြီး
သင်တန်းသူများ မပြတ်ရှိနေသည်။ မသူဇာ ကလည်း သင်တန်းပို့ချပေးရလောက်အောင်
ကျွမ်းကျင်တတ်မြောက်နေပြီ။ ဒေါ်ညွန့်ညွန့် မျက်နှာလွှဲရသည့်အခြေကိုရောက်နေပြီ။
ဤကဲ့သို့
အစစအရာရာ အသားတကျဖြင့် စီးပွားရေးအဆင်ပြေ အောင်မြင်နေချိန်တွင် မိဘများက
မသူဇာ၏အိမ်ထောင်ရေးကို စဉ်းစား ခဲ့ကြလေသည်။ သူတို့သက်ရှိထင်ရှားရှိချိန်တွင်
မသူဇာကို အိမ်ထောင်ချ ပေးချင်ပြီ။ အမွေအနှစ်များကိုလည်း သားသမီးများကို
ထိုက်သင့်သလို လွှဲပေးပြီး တရားနှင့်မွေ့လျော်ချင်ပြီ။
သည်လိုနှင့်
မသူဇာ၏အိမ်ထောင်ရေးအတွက် စီစဉ်ဆောင်ရွက်ဖို့ အချိန်ကျလာလေသည်။
+
+ + + + + +
တကယ်တော့...
မသူဇာအတွက် အိမ်ထောင်ဖက်ကို ရွေးချယ် ထားပြီးသားဖြစ်ပါသည်။
သူတို့မြို့မှာပင်
ပန်းထိမ်လုပ်ငန်းဖြင့်ချမ်းသာကြွယ်ဝနေသော မိသားစုတစ်ခုရှိသည်။ ဦးစိုးတင့်၊
ဒေါ်မြင့်မြင့်မိသားစုဖြစ်သည်။ ဦးစိုးတင့် မှာ
ဦးမြမောင်၏အခင်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်ပေ၏။ ငယ်စဉ်ကပင် အိမ် ထောင်ရက်သားကျ၍
သားသမီးမွေးဖွားခဲ့လျှင် သားချင်းသမီးချင်း အပြန် အလှန်ပေးစားကြရန်
သဘောတူထားခဲ့ကြပြီးဖြစ်သည်။
အိမ်ထောင်ကျတော့လည်း
မရှေးမနှောင်း။ သားသမီးရကြတော့ လည်း အချိန်မကွာခြားကြပေ။ သို့သော်...
ဦးစိုးတင့်နှင့်ဒေါ်မြင့်မြင့်က သားယောက်ျားလေးတစ်ဦးတည်းသာမွေးဖွားခဲ့သည်။
ဦးစိုးတင့်တို့သား မောင်သန်းထိုက်နှင့် ဦးမြမောင်တို့အကြီးဆုံးသား
ကိုကိုအောင်တို့မှာ ရွယ်တူများဖြစ်ကြသည်။ သူတို့နှစ်ယေက်မှာ တစ်ကျောင်းတည်းမှာ
တစ်တန်းတည်း အတူတက်ခဲ့ရ၍ သူငယ်ချင်းများဖြစ်လာကြသည်။
ဦးစိုးတင့်တို့က
နောက်ထပ်သားသမီး မမွေးဖွားကြတော့။ ဦးမြမောင်တို့ ဒုတိယမွေးသောကလေးမှာ
ယောက်ျားလေးကိုကိုမောင်ဖြစ် သည်။ သားချင်းသမီးချင်းပေးစားမည့်အစီအစဉ်ကို
ဖျက်သိမ်းရမလိုဖြစ် ခဲ့သည်။
မသူဇာလေးမွေးဖွားလာတော့
မောင်သန်းထိုက်နှင့်မသူဇာလေးတို့ ကိုလက်ဆက်ပေးဖို့ဖြစ်လာရလေ၏။ ဒါတောင်...
မောင်သန်းထိုက်နှင့် မသူဇာတို့မှာ အသက်ချင်းငါးနှစ်ကျော်ကွာခြားသွားကြသည်။
+
+ + + + + +
တကယ်တန်းကျတော့
သားသမီးချင်းပေးစားဖို့ကိစ္စမှာ ငယ်စဉ်က သဘောတူညီခဲ့ခြင်းသာဖြစ်သည်။
ကလေးများအရွယ်ရောက်လာချိန်၌ သည် ကိစ္စအတွက် စကားမစပ်ဖြစ်ခဲ့ကြပေ။
မသူဇာကိုအိမ်ထောင်ချပေးချင်နေသည့် ဦးမြမောင်တို့သည် မိန်းကလေးရှင်ဖြစ်နေသည့်အတွက်
သူတို့ဖက်ကစပြီး ဦးစိုးတင့်တို့ကိုပြောဖို့ ခက်နေရလေသည်။
အခြေအနေကလည်း
တစ်မျိုးဖြစ်နေသည်။ မောင်သန်းထိုက်မှာ ပညာတော်သောလူငယ်တစ်ယောက်ဖြစ်သည်။
ဆယ်တန်းအောင်တော့ ဂျီတီအိုင်တက်သည်။
ကိုကိုအောင်နှင့်တစ်နှစ်တည်းအောင်ခဲ့ခြင်းဖြစ်ပြီး
ကိုကိုအောင်မကွေးကောလိပ်တက်ချိန်တွင် မောင်သန်းထိုက်က အင်ဂျင်နီယာ
ပညာရပ်ဝါသနာပါသဖြင့် ဂျီတီအိုင်တက်ခဲ့ခြင်းဖြစ်သည်။ ပြည်မြို့မှာ သွားတက်ရပါသည်။
ဂျီတီအိုင်ကျောင်းမှအောင်ပြီးတော့ ဆက်လက်၍ စက်မှု တက္ကသိုလ်ကိုတက်ခွင့်ရခဲ့သည်။
ဂျီတီအိုင်မှအောင်ပြီး စက်မှုတက္ကသိုလ် တက်ခွင့်ရသူမှာ လက်ချိုးရေတွက်၍ရသည်။
အလွန်ထူးချွန်မှသာ ဆက်တက်ခွင့်ရခြင်းဖြစ်ပါသည်။ သို့ဖြင့် မောင်သန်းထိုက်သည်
ရန်ကုန်မြို့ရှိ စက်မှုတက္ကသိုလ်၌ ၆နှစ်ကျောင်းဆက်တက်နေရလေသည်။ ယခုဆိုလျှင်
ပဉ္စမနှစ်ကျောင်းသားတစ်ယောက်ဖြစ်နေပေပြီ။
မိဘချင်းသဘောတူမျှကြသည်မှန်သော်လည်း
မောင်သန်းထိုက်မှာ ခေတ်လူငယ်ဖြစ်နေပြီ။ စက်မှုတက္ကသိုလ်ကျောင်းသား အင်ဂျင်နီယာလောင်း
ခေတ်ပညာတတ်တစ်ယောက်ဖြစ်နေပြီ။ သူ့မှာရည်ရွယ်ထားပြီးချစ်သူရည်းစားလည်း
ရှိကောင်းရှိနေနိုင်သည်။ မိဘများ ၏အစီအစဉ်ကို နာခံပါ့မလား။
ထို့ထက်ပို၍ဆိုးသည်ကား...
ဦးမြမောင်၊ဒေါ်ညွန့်ညွန့်တို့အနေဖြင့် မိန်းကလေးရှင်ဖြစ်နေ၍ မင်္ဂလာစကားစပြောဖို့
ခက်နေခြင်း ပင်ဖြစ်လေသည်။
ဂုဏ်ဓနစည်းစိမ်ဥစ္စာချင်းကတော့
အတူတူမို့ မိမိတို့ဖက်က မျက်နှာ ငယ်စရာမရှိပါ။
ဦးစိုးတင့်တို့ကပန်းထိမ်လုပ်ငန်းဖြင့်အောင်မြင်နေသလို၊ ဦးမြမောင်တို့ကလည်း
စက်ချုပ်လုပ်ငန်းကလည်း နာမည်ရအောင်မြင်လျှက် ရှိသည်။ မသူဇာဆိုတာကလည်း
အိမ်ထဲကအိမ်ပြင်မထွက် အလုပ်လုပ်နေ သူမို့ မသူဇာမှာ ရည်းစားသနာမရှိတာကို မိဘများက
သိပြီးဖြစ်သည်။ လိမ္မာသောမိန်းကလေးမို့ မိဘစကားနာခံမှာလည်း သေချာသည်။
ခက်တာက
ဦးစိုးတင့်တို့ကို ကိုယ့်ဖက်က စကားစပြောဖို့ ခက်နေခြင်းသာဖြစ်သည်။
ထိုကိစ္စမှာ
မမျှော်လင့်ပဲ အဆင်ပြေသွားခဲ့လေသည်။
+
+ + + + + +
ကျောင်းပိတ်ရက်တွင်
မောင်သန်းထိုက် မြို့ကိုပြန်လာသည်။ ကိုကိုအောင်လည်း အလုပ်တာဝန်ကျရာမြို့မှ
ခွင့်ဖြင့်ပြန်လာသည်။ ငယ်သူငယ် ချင်းနှစ်ယောက်ဆုံကြသည်။
ဒေါ်ညွန့်ညွန့်က
ကလေးတွေပြန်ရောက်တာကို အကြောင်းပြကာ ဦးစိုးတင့်တို့မိသားစုအား
ထမင်းစားဖိတ်လိုက်သည်။ တစ်နည်းအားဖြင့်... မောင်သန်းထိုက်နှင့် မသူဇာကို
လူကြီးများရှေ့တွင် ဆုံဆည်းစေလိုက်ပြီး ငယ်ငယ်ကထားခဲ့သောကတိစကားကို
ဦးစိုးတင့်တို့ပြန်သတိရအောင် အစဖော်ပေးလိုက်ခြင်းဖြစ်ပါသည်။
ဦးစိုးတင့်နှင့်ဒေါ်မြင့်မြင့်ကလည်း
ထမင်းစားပွဲတွင်တွေ့လိုက်ရသော မသူဇာလေး၏ သွက်လက်ချက်ချာပုံနှင့်မိန်းမပီသပုံကို
သဘောကျ သွားသည်။ တစ်မြို့တည်းနေသူချင်းဖြစ်သော်လည်း ကိုယ့်အလုပ်နှင့်ကိုယ်မို့
ဆုံတွေ့ချိန် နည်းလှသည်။ မသူဇာလေးကို အရွယ်ရောက်ပြီး ကိုယ်တိုင်လုပ်ငန်းဦးစီးနေချိန်မှာ
ဤတစ်ခါသာ အနီးကပ်တွေ့ရသေးသည်။
ဦးစိုးတင့်ကပင်
ငယ်ကကတိစကားကို ပြောင်သလိုနောက်သလိုဖြင့် အစပြန်ဖော်ပေးခဲ့သည်။
]]မြမောင်၊
မင်းနဲ့ငါ ငယ်ငယ်က ကတိထားခဲ့တာမှတ်မိသေးလားဟေ့၊ ငါကတော့ ငါ့ရှိသမျှပစ္စည်း
မင်းကိုအကုန်ပေးလိုက်ရမှာပဲ၊ မင်းဖက်ကတော့ သုံးပုံတစ်ပုံပဲ လျော့မှာပါကွာ}}
လူကြီးများ
အထာစကားဖြင့်ပြောသည်ကို လူငယ်တွေနားမလည် ကြချေ။ ဦးမြမောင်တို့လင်မယားကတော့
ဦးစိုးတင့်ကိုယ်တိုင် စကားစ လာ၍
ဝမ်းသာသွားကြလေသည်။
သို့သော်...
ကာယကံရှင်မောင်သန်းထိုက်သဘောက ရှိသေးသည်။ ခေတ်ပညာတတ်လူငယ်တစ်ယောက်ကို မိဘများက
စိတ်တိုင်းကျ ကိုင်တွယ်လို့ရပါ့မလား။
+ + + + + + +
ဦးစိုးတင့်တို့ဖက်ကပင်
မင်္ဂလာစကားကို စပြောလာသည့်အခါ အံ့လည်းအံ့ဩ ဝမ်းလည်းသာရသည်။
ပိုပြီးအံ့ဩစရာကောင်းတာက
လူကြီးမိဘများက သူတို့သဘောဖြင့် နားဖောက်လာခြင်းလည်းမဟုတ်။ မောင်သန်းထိုက်ကို
နားချတိုက်တွန်းခြင်း ကြောင့်လည်းမဟုတ်ပေ။ မောင်သန်းထိုက်ကိုယ်တိုင်ကပင်
ထမင်းစားပွဲည မှာ မသူဇာလေးကို မြင်တွေ့သွားရာမှ နှစ်သက်သဘောကျကာ အိမ်အပြန်
ညတွင်းချင်းပင်... မသူဇာကို မိဘဖသားပီပီ တောင်းရမ်းစေ့စပ်ပေးပါရန်
ပူဆာခဲ့ခြင်းကြောင့်ဖြစ်လေသည်။
]]တိုင်းယက်တဲ့ကမ္ဗလာ
မိုးရွာတာနဲ့အဆင်သင့်}}...ဆိုသလိုပင် ဦးမြမောင်နှင့်ဒေါ်ညွန့်ညွန့်မှာ
ကြေနပ်ဝမ်းမြောက်ခဲ့ရလေသည်။ မသူဇာ လေးကို အကျိုးအကြောင်းပြောပြတော့လည်း
သမီးလိမ္မာလေးမှာ မိဘများဆန္ဒကို မငြင်းပယ်ရှာပေ။
သည်လိုနှင့်
မောင်သန်းထိုက်ကျောင်းပြန်မဖွင့်ခင် မြို့မှာရှိနေသည့် ရက်မှာပင်
စေ့စပ်ကြောင်းလမ်းပေးလိုက်ကြသည်။
ရန်ကုန်ကိုမပြန်သေးခင်
ကျောင်းပိတ်ရက်တစ်လျှောက်လုံး မောင် သန်းထိုက်သည် မိုးလင်းမှမိုးချုပ်
မသူဇာအပါးမှာသာရှိနေခဲ့လေသည်။
သူဆယ်တန်းအောင်ပြီးကတည်းက
ဂျီတီအိုင်တက်ရန် မြို့မှခွာ သွားရသည်။ သည်တုံးက မသူဇာလေးမှာ ၁၂နှစ်
၁၃နှစ်အရွယ်သာရှိသေး ၍ ကလေးသာသာဖြစ်သည်။ ကြားထဲတွင် မသူဇာကို မတွေ့ခဲ့ရချေ။ ၆နှစ်
ရနှစ်အချိန်ခြားပြီးမှ မသူဇာကိုတွေ့လိုက်ရတော့ မိန်းမပျိုတစ်ယောက် အသွင်ဖြင့်
အပြည့်အဝလှသွေးကြွယ်နေသောမသူဇာကိုမြင်လိုက်သည့်အခါ အံ့ဩခြင်းနှင့်အတူ
သူ့စိတ်တွေပြောင်းလဲသွားခဲ့သည်။ မသူဇာကို ချစ်တဲ့စိတ်များ ထိမ်းချုပ်မရအောင်ဖြစ်ပေါ်ခဲ့သည်ဟု
မောင်သန်းထိုက်က ရင်ဖွင့်ခဲ့လေသည်။
မသူဇာဖက်ကလည်း
ဆိုဖွယ်ရာမရှိပါ။ မသူဇာသည် တစ်သက်လုံး မိဘအရိပ်အောက်၊
အစ်ကိုနှစ်ယောက်ထိမ်းချုပ်မှုကြားမှာ ဗိုင်းကောင်း ကျောက်ဖိနေခဲ့သူလေးဖြစ်သည်။
သူစိမ်းယောက်ျားလေးနှင့် ရည်းစားထားဖို့နေနေသာသာ နီးနီးစပ်စပ်ပင်မနေခဲ့ဖူးချေ။
ကိုကိုသန်းထိုက်က ချစ်တယ် သဘောကျတယ်ဆိုတော့ မသူဇာရင်ခုန်ရသည်။ ကိုကိုသန်းထိုက်လို
အင်ဂျင်နီယာဖြစ်လာမယ့်ခေတ်ပညာတတ်တစ်ယောက်က အလေးထားချစ်ခင်သည့်အတွက်လည်း
ဂုဏ်ယူမိသည်။
မသူဇာက
မောင်သန်းထိုက်ကို ]]ကိုကို}}လို့ခေါ်ခဲ့ပါသည်။
အစ်ကိုများကိုတော့
]ကိုကြီး} ]ကိုလေး}ဟုပင် ခေါ်ခဲ့၏။
မောင်သန်းထိုက်၏
မျှော်လင့်ခြင်းမှာ မသူဇာဖြစ်သလို၊ မသူဇာ ၏ဘ၀မှာ မောင်သန်းထိုက်ဖြစ်လေသည်။
မိဘသဘောတူစေ့စပ်ခဲ့ကြသော် လည်း သဘောတူမျှသော ချစ်သူများဖြစ်ခဲ့ကြလေ၏။
မောင်သန်းထိုက်မြို့မှာရှိနေစဉ်
မခွဲနိုင်မခွာရက်အောင်ချစ်ခဲ့ကြ သည်။
မသူဇာကိုအနီးကပ်တွေ့နေရသော
သင်တန်းသူများက မသူဇာ မောင်သန်းထိုက်ကို အချစ်ကြီးတာကို ကောင်းကောင်းသိသည်။
သိပေမပေါ့။ အချိန်ရှိသ၍ ]]ကိုကိုကလေ...}} ]]ကိုကိုက...}}ဆိုကာ
မောင်သန်းထိုက်အကြောင်းချည်း ပြောနေတတ်သောကြောင့်ဖြစ်သည်။ နှစ်ယောက်သားအဖြစ် သည်းပုံကြောင့်
တစ်မြို့လုံးကလည်း သူတို့နှစ်ယောက်အချစ်ကို ကောင်းကောင်းကြီးသိနေကြပါသည်။
နှစ်ဦးနှစ်ဖက်
ပစ္စည်းဥစ္စာ ဂုဏ်ဓနချင်းတူညီသည့် ချစ်သူစုံတွဲများမဟုတ်ပါလား။
ချစ်သူနှစ်ဦး၏အစဦးပိုင်းကာလကား
ကြည်နူးချမ်းမြေ့ဖွယ်အတိ ဖြစ်ခဲ့လေသည်။
+
+ + + + + +
မသူဇာကို
အိမ်ထောင်ချပေးဖို့အရေးအတွက် အစစအဆင်ပြေ ချောမောခဲ့သော်လည်း
ဒေါ်ညွန့်ညွန့်စိတ်ထဲမှာမူ စနိုးစနောင့်ဖြစ်နေရသော အချက်တစ်ချက်ရှိနေပေသည်။
ဒေါ်ညွန့်ညွန့်သည်
ဗေဒင်၊ နတ်ဟော၊ အကြားအမြင်၊ ဘိုးတော် မယ်တော်...စသည်များကို ယုံကြည်သူဖြစ်သည်။
ဓာတ်ရိုက်ဓာတ်ဆင် ယတြာစသည်များကိုလည်း ယုံကြည်စွာ လုပ်ဆောင်တတ်သည်။ ကိုယ်တိုင်ကတော့
မတတ်ကျွမ်း၍ ဗေဒင်ဆရာဆီသွားခြင်း၊ နတ်ကတော် ဆီတွင် ပသ၍အဟောတောင်းခံခြင်း၊
အကြားအမြင်ရှေ့ဖြစ်နောက်ဖြစ်ဟော သူများထံ မကြာခဏသွားရောက်ခြင်းများရှိတတ်သည်။
ထိုဆရာများ၊ နတ်ဝင်သည်များ၊ ဘိုးတော်မယ်တော်များက လမ်းပြလိုက်သည့်အတိုင်း
ဓာတ်ရိုက်ဓာတ်ဆင်ယတြာ၊ ကျင့်ကြံမှုများကိုလည်း ယုံကြည်စွာပြုလုပ်တတ် လေ၏။
သူတို့လုပ်ငန်း
အောင်မြင်ကြီးပွားလာခြင်းမှာလည်း ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ကောင်းလို့ဟု
ဒေါ်ညွန့်ညွန့်က ယုံကြည်သည်။ နတ်နှင့် ဗေဒင်ကညွှန်ပြသော
လုပ်နည်းကိုင်နည်းများကိုလည်း တသွေမတိမ်းနာခံ သည်၊ ဆောင်ရွက်သည်။ ဦးမြမောင်က
ဒါတွေကိုအယုံအကြည်မရှိသော် လည်း ဘာမှအထိအခိုက်မရှိသည့်အတွက်
ဒေါ်ညွန့်ညွန့်ယုံကြည်မှုများကို ဝေလည်းမဝေဖန်၊ တားလည်း မတားမြစ်ခဲ့ပါ။
မသူဇာနှင့်ပတ်သက်လို့တော့
အိမ်ထောင်ချပေးခါနီးမှ ဒေါ်ညွန့် ညွန့်စိတ်တွင် ခိုးလိုးခုလုဖြစ်လာခဲ့ရသည်။
နတ်ဝင်သည်တစ်ဦးက
မသူဇာကို ]]သိုက်ကလာတဲ့သူ}}...ဟုဟော ပြောခဲ့ဖူးသည်။ အကြားအမြင်ဆရာမတစ်ဦးကလည်း
မသူဇာကို ဥစ္စာစောင့် သိုက်မှလာသူဖြစ်ကြောင်း ဘိုးတော်တစ်ပါး၏ မိန့်ကြားချက်ဆိုကာ
တစ်ဆင့် ပြန်လည်ဟောပြောခဲ့သည်။
မသူဇာသိုက်နန်းမှလာသည့်အတွက်
သိုက်နန်းဆက်များ၏ ပံ့ပိုး မှုကြောင့် ဒေါ်ညွန့်ညွန့်တို့စီးပွားရေးလုပ်ငန်းများ
အောင်မြင်နေရခြင်းဖြစ် ကြောင်း ဆက်၍အဟောထွက်ခဲ့လေသည်။
ဒေါ်ညွန့်ညွန့်က
ဤဟောပြောချက်များကို ယုံကြည်ခဲ့လေသည်။ မသူဇာမွေးလာမှ
သူတို့စီးပွားတဟုန်ထိုးတက်လာခဲ့သည်။ မသူဇာ အရွယ်ရောက်လာချိန်တွင်
ထိပ်ဆုံးအဆင့်သို့ရောက်ရှိအောင်မြင်ခဲ့သည်။ ဒေါ်ညွှန့်ညွန့်သည် ရိုးရာအစွဲအလမ်းများယုံကြည်သော
ရှေးရိုးစွဲမြန်မာ အမျိုးသမီးပီသစွာပင် မသူဇာ သိုက်ကလာတယ်ဆိုတာကို
ယုံကြည်ခဲ့ပါသည်။
ဆက်လက်ဟောပြောသောအဟောကမူ
ကြောက်စရာကောင်းပေသည်။
မသူဇာသည်
သိုက်နန်းမှလာသူဖြစ်၍ ဤဘ၀တွင် အိမ်ထောင်ပြု ခွင့်မရှိဟုဆိုလေသည်။
အိမ်ထောင်ပြုခြင်းကို သိုက်နန်းမှအဆက်အနွယ်များ က လက်မခံဟုဆိုသည်။
အိမ်ထောင်ပြုသည်နှင့် သိုက်နန်းသို့ပြန်ခေါ်ခြင်းခံရမည်။ သို့မဟုတ်
တစ်စုံတစ်ရာသောဒဏ်ခတ်ခြင်းကိုခံရမည်ဟု ဟောပြောခဲ့လေသည်။
သမီးလေးကိုအိမ်ထောင်ရက်သားချ၍
စိတ်ချလက်ချရှိချင်သော် ငြား... တကယ်တန်း ယောက်ျားပေးစားရတော့မည်ဆိုတော့ ထိုအဟော
အပြောများက ဒေါ်ညွန့်ညွန့်ရင်ကိုလှုပ်ရှားစေလေပြီ။
]]ဖြစ်ပါ့မလားကိုမြ၊
သမီးအတွက် တစ်ခုခုစီစဉ်ဦးမှထင်တယ်}}
လင်ယောက်ျားကို
ဖွင့်တိုင်ပင်သည်။
]]ဘာလုပ်လို့ရမှာလဲ၊
ငါတော့ မင်းကို ဥပါဒါန်ကြောင့်ဥပါဒ်မရောက် စေချင်ဘူး}}
]]သမီးကိုသိုက်ဆက်ပြတ်အောင်
သိုက်ကြိုးဖြတ်တာမျိုးပေါ့၊ လုပ်ထားရကောင်းမလားလို့}}
]]တော်ပါတော့ညွန့်ညွန့်ရယ်၊
ဒါတွေ စကတည်းက ငါမယုံဘူး၊ မင်းလည်း အဖြစ်သည်းမနေပါနဲ့ကွာ}}
ဒေါ်ညွှန့်ညွန့်အဆိုပြုချက်ကို
ဦးမြမောင်က ခါးခါးသီးသီးပယ်ချလိုက်သည်။
ဒေါ်ညွန့်ညွန့်ကိုယ်တိုင်လည်း
ဆိုးဆိုးဝါးဝါးဟောလိုက်ပြောလိုက်မှာကို မကြားရဲသောကြောင့် မသွားဖြစ်တော့ပေ။
+
+ + + + + +
သည်လိုနှင့်...
မသူဇာနှင့်မောင်သန်းထိုက်တို့ မင်္ဂလာဆောင်ဖို့ အချိန်ကျရောက်လာလေသည်။
သည်အတွင်း...
မောင်သန်းထိုက်နှင့်မသူဇာတို့အချစ်ကို ပတ်ဝန်းကျင်က အသိအမှတ်မပြုပဲ
မနေနိုင်အောင်ဖြစ်ခဲ့လေ၏။ နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေသောမောင်သန်းထိုက်သည်
ကျောင်းရက်ရှည်ပိတ်ချိန် သာမက... စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်များမှာပင်
မြို့ကိုပြန်လာတတ်သည်။ တစ်ညအိပ်နေရုံမျှ နေရသော်လည်း မသူဇာကို တစ်ခဏလေးမျှမြင်ရ၊
စကားပြောရရုံမျှဖြင့် ကြေနပ်ကာ အဖြစ် သည်းခဲ့ကြပေသည်။
အချစ်သည်းသောချစ်သူနှစ်ယောက်ကို
မောင်သန်းထိုက် နောက်ဆုံး နှစ်စာမေးပွဲဖြေအပြီးမှာပင် လက်ထပ်ပေးဖို့စီစဉ်ရတော့၏။
မိဘများက အောင်စာရင်းထွက်ပြီး၊ ဘွဲ့ယူပြီးချိန်ထိစောင့်ပါဦးဆိုသည်ကို လက်မခံကြ။
နှစ်ဖက်မိဘများ
နေ့ကောင်းရက်သာရွေး၍ မင်္ဂလာပွဲကို စီစဉ်ရ သည်။ မင်္ဂလာဆောင်ပြီးလျှင်
မသူဇာတို့အိမ်မှာ မောင်သန်းထိုက်နေမည်။
မောင်သန်းထိုက်နှင့်မသူဇာနေထိုင်ဖို့အခန်းကို အပေါ်ထပ်မှာပင် ပြင်ဆင်
မွမ်းမံလိုက်ကြသည်။ အပေါ်ထပ်၏နောက်ဖက်အကျဆုံး အခန်းကျယ်ကြီး တွင်... အိမ်သာ၊
ရေချိုးခန်းပါတွဲဖက်ကာ သားနားအောင် ပြင်ဆင်မွမ်းမံထားခြင်းဖြစ်လေသည်။
မသူဇာလေးမှာ
ချစ်သူနှင့်ပေါင်းဖက်ရတော့မည်မို့ သိပ်ပျော်နေပေသည်။ မသူဇာ၏အပျော်များက
သင်တန်းသူမိန်းကလေးများသို့ပင် ကူးစက်သွားလေသည်။
]]ကြည့်ပါဦး၊
ဟောဒီရွှေဝါရောင်လေးက သူဇာနဲ့လိုက်ရဲ့လား ဆိုတာကို...}}
မသူဇာက
မင်္ဂလာဆောင်တွင်ဝတ်ဆင်မည့် ဝတ်စုံကိုပြရင်း မေး လိုက်သည်။
]]လှပါတယ်မသူဇာရယ်၊
လှပါတယ်}}
]]သူဇာက
အသားဖြူဝင်းနေတော့ ရွှေဝါရောင်နဲ့လိုက်တာပေါ့၊ ဘယ်လိုအရောင်ဖြစ်ဖြစ်
လိုက်တာပါပဲလေ}}
]]မမသူဇာကိုယိုင်ချုပ်ထားတဲ့
သတိုးသမီးဝတ်စုံက မမသူဇာနဲ့ လိုက်လွန်းလို့ ရုပ်ရှင်မင်းသမီးတွေမြင်ရင်တောင်
အတုယူမှာသေချာတယ်}}
သတိုးသမီးဝတ်စုံကို
မသူဇာကိုယ်တိုင် ချုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ရှေးခေတ် ခါးတောင်အင်္ကျီပုံစံနှင့်
ခေတ်ပေါ်ရင်စေ့အင်္ကျီပုံစံတို့ကို ပေါင်းစပ်ထားသောပုံစံအသစ်ဖြစ်ပေသည်။
မသူဇာက
ရွှေဝါရောင် ဗြောင်ပိုးထည်စကို အင်္ကျီရော၊ ထမီပါ ချုပ်လုပ်ခဲ့ခြင်းဖြစ်သည်။
ချုပ်လုပ်ပြီးမှ ပိုးထည်စဗြောင်ပေါ်တွင် ငွေရောင် ဘော်ကြယ်လေးများကို စိတ်တိုင်းကျဒီဇိုင်းဆွဲကာ
တစ်ခုချင်းသီချုပ်စေ၏။
သင်တန်းသူလေးများက
မသူဇာဆွဲပေးသည့်ဒီဇိုင်းအတိုင်း ဘော်ကြယ်လေးများကို စိတ်ရှည်လက်ရှည်သီပေးနေသည်။
အားလုံးအပြီးတွင်
သတိုးသမီးဝတ်စုံကို မသူဇာက အစမ်းဝတ်ပြ လိုက်ရာ... သင်တန်းသူများ
]]ဟယ်...}}ကနဲဖြစ်သွားရလေ၏။
]]လှလိုက်တာ
မသူဇာရယ်... သိုက်နန်းထဲက ထွက်လာတဲ့ ဥစ္စာစောင့်မလေးကျနေတာပဲ၊ တကယ်...}}
+
+ + + + + +
မင်္ဂလာပွဲကျင်းပသည့်ရက်သို့ရောက်လာခဲ့ပြီ။
မင်္ဂလာဆောင်ကို
မြို့တော်ခမ်းမမှာ ကျင်းပသည်။ ဤမြို့တွင် မင်္ဂလာပွဲကျင်းပရန်
အကောင်းဆုံးနေရာပင်ဖြစ်သည်။
ရပ်ဝေးမှအစ်ကိုကြီးကိုကိုအောင်လည်း
မင်္ဂလာပွဲကိုရောက်လာသည်။
အားလုံး
ပျော်နေကြပါသည်။
အပြည့်အဝမပျော်နိုင်ပဲ
စိတ်တထင့်ထင့်ဖြစ်နေသူက ဒေါ်ညွန့်ညွန့် ဖြစ်သည်။ မသူဇာမင်္ဂလာပွဲစီစဉ်ရာတွင်
ဘာတစ်ခုမှအထစ်အငေါ့မရှိပဲ အဆင် ပြေခဲ့သည်။ မင်္ဂလာပွဲကိုလည်း မြို့၏မျက်နှာဖုံး
သူဌေးသူကြွယ်နှစ်ဦး၏ သားနှင့်သမီးမင်္ဂလာပွဲအဖြစ် ခမ်းနားသိုက်မြိုက်စွာ ကျင်းပ
လျှက်ရှိသည်။
သို့သော်...
ဒေါ်ညွန့်ညွန့်ရင်ထဲ၌ ထင့်လျှက်ရှိသည်။ အနိဌာရုံ တစ်စုံတစ်ခု ဖြစ်လာတော့မည်လိုလို
မသိုးမသန့်ခံစားနေရသည်။
]]ဟယ်...
ဥပါဒါန်ကြောင့် ဥပါဒ်ရောက်၊ ဒါတွေ မတွေးကောင်းပါဘူး}} ဆိုကာ... အတွေးကို
ဇွတ်နှင်ပစ်ရသည်။
တကယ်တော့လည်း
ဘာမှဖြစ်မလာ။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့်ပင် မသူဇာတို့မင်္ဂလာပွဲ
ပြီးသွားလေသည်။
သည်တော့မှ
ဒေါ်ညွန့်ညွန့်လည်း သက်ပြင်းချနိုင်တော့၏။
+
+ + + + + +
မင်္ဂလာပွဲပြီးတော့
အမှတ်တရဓာတ်ပုံရိုက်ကြသည်။ သတိုးသား၊ သတိုးသမီးကိုပင်တိုင်ထား၍ နှစ်ဖက်မိဘများ၊
နှစ်ဖက်ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများ... တစ်ပုံပြီးတစ်ပုံရိုက်ကြသည်။
ဗီဒီယိုနှင့်လည်း မှတ်တမ်းတင်သည်။
သတိုးသားမိဘများနှင့်ချည်း
တစ်ပုံ၊ သတိုးသမီးမိဘများနှင့်ချည်း တစ်ပုံ၊ နှစ်ဖက်မိဘများပေါင်း၍တစ်ပုံ၊
နှစ်ဖက်မိသားစုအစုံအလင်နှင့် တစ်ပုံ၊ တစ်ဖက်ချင်းဆွေးမျိုးများနှင့် ပုံများစွာ၊
နှစ်ဖက်ဆွေမျိုးအစုံအလင်နှင့် ပုံ များစွာ။
သူငယ်ချင်းမိတ်ဆွေများနှင့်တွဲရိုက်သည့်ပုံများလည်း ပါသေးသည်။
ကြာတော့...
သတိုးသား၊ သတိုးသမိးမှာ ပင်တိုင်ရိုက်ပေးနေရ၍ ငြီးငွေ့လာသည်။
ဗီဒီယိုသမားကလည်း...
ရုပ်အရှင်ကို တစ်နေရာတည်းမှာ ရိုက်နေရတာ သဘာဝမကျ၊ လှုပ်လှုပ်ရှားရှားလေးလုပ်ပါဟု
အကြံပြုသည်။
ဒီလိုနှင့်
သတိုးသားသတိုးသမီးဦးဆောင်ကာ ခန်းမအပြင်သို့ ထွက်ခဲ့ကြလေသည်။
ခမ်းမကြီး၏
လှေကားထစ်အကျယ်ကြီးတွင် ဓာတ်ပုံပေါင်းများစွာ ရိုက်ကြပြန်သည်။
ထို့နောက်...
မောင်သန်းထိုက်နှင့်မသူဇာတို့ နှစ်ယောက်တည်း လှေကားထစ်များပေါ်မှဆင်းသက်လာပုံကို
ဗီဒီယိုရိုက်သည်။
ပြီးလျှင်...
သတိုးသားသတိုးသမီးကိုတင်ဆောင်သော ပန်းကုံးများသီကုံးထားသည့် ကားအဖြူလေးဘေးမှာ
ဓာတ်ပုံအမျိုးမျိုးရိုက်ကြပြန်၏။
တစ်ကြိမ်၌...
သတိုးသားနှင့်သတိုးသမီးချည်း ကားဘေးမှာရပ် နေတဲ့ပုံရိုက်မည်ဟု ရုပ်သေဓာတ်ပုံဆရာက
ပြောသည်။ ရုပ်အရှင်ဗီဒီယို ဆရာက တစ်ပါတည်းလမ်းလျှောက်လာပြီး ကားဘေးမှာရပ်ရန်၊ သူက
လှုပ် ရှားမှုများကို တောက်လျှောက်မှတ်တမ်းတင်ထားမည်ဟု အကြံပေးသည်။
မောင်သန်းထိုက်နှင့်မသူဇာကလည်း
ခမ်းမလှေကားထစ်အောက်ဆုံးထစ်မှနေ၍ ကားဆီလျှောက်လာကြ၏။ ကားခေါင်းရှေ့အရောက်တွင်
ရုပ်သေဓာတ်ပုံဆရာက ]]အဲဒီနားမှာ ခဏရပ်၊ တစ်ပုံရိုက်မယ်}}ဟု... အော်သည်။
မောင်သန်းထိုက်က
ကားရှေ့ဖုံးကို လက်ထောက်ထားကာ တစ်ဖက်က မသူဇာပခုံးကိုဖက်ထားသည်။ မသူဇာ ပခုံးပေါ်မှာ
တစ်ဖက် တည်း ချထားသည့် ပဝါလေးက လေမှာလွင့်လို့။
ဓာတ်ပုံဆရာက
]]ကောင်းတယ်ဗျာ၊ ကောင်းတယ်}}ဟု ပြောလိုက် သေးသည်။ ထိုအနေအထားအတိုင်းပင်နေစေပြီး...
ဓာတ်ပုံဆရာက ဘေး နှစ်ဖက်ကိုရွှေ့ကာ လေးငါးပုံရိုက်ယူလိုက်သည်။
ထိုသော
တဒင်္ဂအချိန်လေးမှာပင်... ဒေါ်ညွန့်ညွန့်စိုးထိတ်ကြောက် လန့်ခဲ့သောဖြစ်ရပ်သည်
ရုတ်တရက်ဖြစ်ပေါ်လာခြင်းဖြစ်တော့၏။
ကုန်အပြည့်တင်ထားသောဆယ်ဘီးကားကြီးသည်
တောင်ဖက်မှ မြောက်ဖက်သို့မောင်းလာသည်။
မင်္ဂလာပွဲကျင်းပရာ
မြို့တော်ခမ်းမသည် လမ်းမကျယ်ကြီးဘေးမှာ ပင်ရှိသည်။ ပလက်ဖောင်းမှကျော်လျှင်
ခမ်းမကိုတန်းရောက်သည်။ ခမ်းမ ရှေ့မှာ ကားရပ်ရန်သီးသန့်နေရာမရှိပါ။
မသူဇာတို့စုံတွဲက
ပလက်ဖောင်းဘေးလမ်းမပေါ်တွင်ရပ်ထားသည့် ကားရှေ့၌ ဓာတ်ပုံအရိုက်ခံနေကြခြင်းဖြစ်သည်။
ဓာတ်ပုံဆရာက ပလက် ဖောင်းပေါ်မှာ...။
လမ်းမကြီးအတိုင်း
လက်ျာဖက်ကပ်လာသောဆယ်ဘီးကားကြီးသည် ခမ်းမရှေ့ရောက်လုရောက်ခင်မှ...
မည်ကဲ့သို့ဖြစ်သွားသည်မသိ။ (ထိုအချိန်က မသိခဲ့ခြင်းသာဖြစ်သည်။ နောင်တော့
ကားဘရိတ်ပေါက်သွားခြင်းဖြစ်ကြောင်း သိခဲ့ရပါသည်။)
ဆယ်ဘီးကားကြီးက
အရှိန်မလျှော့ပဲ လမ်း၏ညာဖက်ခြမ်းသို့ သိသာစွာကပ်လာသည်။
မင်္ဂလာကား၏နောက်တွင်ရပ်ထားသောကားတစ်စီး ကို ဦးစွာပြင်းထန်စွာတိုက်မိသည်။ ထိုကား
ရှေ့သို့လိမ့်ထွက်လာကာ မင်္ဂလာကားကို တစ်ဆင့်တိုက်မိခြင်းဖြစ်သည်။
ထပ်ဆင့်အတိုက်ခံရခြင်းဖြစ်သော် လည်း အရှိန်ကမသေး။
လူအများအော်သံက
စည်ညံစွာထွက်ပေါ်လာသည်။
ကားအနီးတွင်
ရပ်နေမိသော မသူဇာအစ်ကိုကြီး ကိုကိုအောင်သည် ညီမဖြစ်သူလက်ကို
အချိန်မီလှမ်းဆွဲလိုက်သည်။ မသူဇာတစ်ကိုယ်လုံး ကိုကိုအောင်ဆွဲခေါ်ရာသို့
ကြမ်းတမ်းစွာပါသွားသည်။ လမ်းမပေါ်မှပလက်ဖောင်းပေါ်သို့ရောက်ကာ အရှိန်ဖြင့်
လဲကျသွားသည်။
ကားရှေ့ဖုံးကိုလက်ထောက်ထားသော
မောင်သန်းထိုက်မှာမူ ရုတ်တရက်ရွေ့လာသောကားဖြင့် ထိစပ်နေသူဖြစ်သောကြောင့်
ရှောင်ချိန် မရလိုက်။
မသူဇာ၏ပဝါလေးသည်
မောင်သန်းထိုက်လက်ထဲတွင် ကျန်နေရစ်ခဲ့သည်။
အဖြစ်အပျက်က
မြန်ဆန်လွန်းလှသည်။
မောင်သန်းထိုက်သည်
ပဝါလေးနှင့်လုံးထွေးလဲကျသွားကာ ကားအောက်ရောက်သွားလေသည်။
]]ကိုကို...
ကိုကို...}}
မသူဇာက
စူးရှစွာ အသံကုန်အော်ဟစ်လိုက်သည်။
]]မကြည့်နဲ့၊
မကြည့်နဲ့၊ ညီမလေး မကြည့်နဲ့}}
ဖြစ်ပျက်ပုံအလုံးစုံကို
အနီးကပ်မြင်လိုက်ရသော ကိုကိုအောင်က မသူဇာမျက်နှာကို
သူ့ရင်ပတ်နှင့်ကပ်နေအောင်ဖက်ထားလိုက်သည်။
ကားရှေ့ဘီးနှင့်အကြိတ်ခံလိုက်ရသောမောင်သန်းထိုက်၏ဦးခေါင်းမှာ
ပဝါလေးနှင့်အတူ မြေ၌ပြားနေသည်ကို ထိတ်လန့်စဖွယ်မြင်တွေ့လိုက်ရ
သောကြောင့်ဖြစ်ပါသည်။
+
+ + + + + +
သတိလစ်မေ့မျောသွားသောမသူဇာကို
ဆေးရုံသို့ခေါ်ဆောင်ခဲ့ရသည်။
ရင်နင့်ဖွယ်အဖြစ်တွင်
အသစ်စက်စက်မင်္ဂလာသတိုးသားရော၊ သတိုးသမီးပါ ဆေးရုံသို့ရောက်ခဲ့ကြသည်။ သို့သော်...
တစ်နေရာစီ။ သတိုးသားက ရင်ခွဲရုံမှာ။ သတိုးသမီးက အရေးပေါ်အခန်းထဲမှာ။
မသူဇာသတိရလာသည်။
ကြောင်စီစီမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကိုကြည့်သည်။
]]ကိုကိုရော
ကိုကိုဘယ်မှာလဲ}}
]]မောင်သန်းထိုက်ခရီးထွက်သွားတယ်သမီး}}
ဒေါ်ညွန့်ညွန့်က
စိတ်ကူးရသလိုပြန်ဖြေလိုက်သည်ကို မသူဇာက ငေးကြည့်နားထောင်နေသည်။
ထို့နောက်...
တစ်ချက်ရယ်လိုက်သည်။
]]ဟီ
ဟီ ဟီ... ဪ... သိပြီ၊ သိပြီ၊ ကိုကိုက အလုပ်ရသွား လို့
အလုပ်ရှိတဲ့နေရာကိုထွက်သွားတာမို့လား၊ ကိုကိုက သမီးကို ပြန်လာခေါ်မှာလေ၊ ဟားဟားဟား၊
ဟုတ်တယ်မဟုတ်လား၊ ဟား ဟား ဟား...}}
]]သမီးရယ်...}}
]]ကျွန်မသိပါတယ်၊
ကိုကိုက ကားပျံကြီးကိုစီးပြီး လမင်းကြီးပေါ် သွားတာပါ၊ အပြန်ကျ ကျွန်မအတွက်
ကြယ်ကလေးတွေ ခူးလာလိမ့်မယ် လေ၊ ဟီဟီဟီ...၊ ဟောဒီလိုကြယ်ကလေးတွေပေါ့}}
သတိုးသမီးဝတ်စုံမှ
ဘော်ကြယ်လေးများကိုညွှန်ပြရင်းပြောသည်။
]]ကိုကိုရေ
အပြန်ကျ ကြယ်ကလေးတွေအများကြီးခူးခဲ့နော်၊ ညီမလေးစောင့်နေမယ်၊ သိလား}}
မသူဇာကား
သွက်သွက်လည်အောင်ရူးသွပ်သွားလေပြီ။
+
+ + + + + +
ဘ၀အတွေ့အကြုံနုနယ်ရှာသေးသည့်မသူဇာ၊
ငယ်စဉ်ကတည်းက ရွှေပေါ်မြတင်အထားခံရပြီး... ဘ၀၏ကြမ်းတမ်းသောဒုက္ခသုက္ခများကို နားနှင့်ပင်မကြားခဲ့ဖူးသည့်မသူဇာ။ အသက်လုံးပုံ၍ချစ်ခဲ့ရသူက
ကိုယ့်ရှေ့မှာပင် ရုတ်တရက်ကြီး အသေဆိုးနှင့်မရှုမလှသေပွဲဝင်သွားရသည်။ ဖြစ်ရပုံကလည်း
ဘ၀အတွက်အပျော်ရွှင်ဆုံးနေ့တစ်နေ့ဖြစ်သည့် မင်္ဂလာဆောင်သည့်နေ့မှာမှ ကြုံရသည်။
မသူဇာ၏နုနယ်သောနှလုံးသားက
ကံကြမ္မာ၏ရိုက်ပုတ်မှုဒဏ်ကို မခံနိုင်ခဲ့ပါပေ။
မသူဇာသည်
မောင်သန်းထိုက်သေဆုံးသွားသည်ကို လက်မခံခဲ့ပေ။ မောင်သန်းထိုက်သေရပုံကိုလည်း
ဘယ်သူကမှ ပြောမထွက်။ မောင်သန်းထိုက်သေပုံကို မမြင်လိုက်ရသော်လည်း မင်္ဂလာဆောင်နေ့က
ထိတ်လန့်ဖွယ်အဖြစ်ကြီးက မသူဇာကို သည်းချေပျက်စေခဲ့သည်။
မသူဇာသည်
ထိုနေ့ကဝတ်ထားသည့်သတိုးသမီးဝတ်စုံကို မချွတ် တော့ပါ။ ကိုကိုပြန်လာမှချွတ်မယ်။
ကိုကိုနဲ့ နောက်တစ်ခါမင်္ဂလာဆောင်ဦး မယ်ဟုဆိုကာ သတိုးသမီးဝတ်စုံကို ဆက်ဝတ်ထားခဲ့သည်။
ချော့မော့၍ ရေမိုးချိုး အဝတ်အစားလဲခိုင်းတော့လည်း ရေတော့ချိုးသည်။ အလှအပ
လည်းပြင်သည်။ အဝတ်အစားကိုတော့ သတိုးသမီးဝတ်စုံကိုသာ ဝတ်တော့သည်။
လုပ်နေကျစက်ချုပ်လုပ်ငန်းနှင့်
သင်တန်းကိုကြီးကြပ်သင်ပြရမည့် တာဝန်တွေကိုလည်း မသူဇာမမှတ်မိတော့ပါ။
မနက်မိုးလင်းသည်နှင့်
မင်္ဂလာပွဲကျင်းပခဲ့သည့် မြို့တော်ခမ်းမ ရှိရာသို့ရောက်သွားသည်။ မြို့တော်ခမ်းမ၏
ရှေ့လှေကားထစ်များပေါ်တွင် ထိုင်ကာ မောင်သန်းထိုက်ကိုမျှော်သည်။
]]ကိုကိုရေ...
လာပါတော့၊ ညီမလေးလွမ်းလှပြီ}}
]]ညီမလေးကို
လာခေါ်ပါတော့ကိုကိုရယ်}}
မသူဇာနှုတ်မှဖွင့်ဟငြီးငြူတတ်သော
စကားလုံးများဖြစ်ပါသည်။
ခမ်းမရှေ့မှဖြတ်သွားသူများကို
]]ကိုကို့ကိုတွေ့ခဲ့လား}}ဟု မေးတတ်သည်။ လမ်းမှာကြုံရသူများကိုလည်း
]]ကိုကိုဘယ်မှာလဲ၊ ကိုကိုကို့တွေ့ရင် ပြောပေးပါ}}ဟု မှာတတ်သည်။ ကြာတော့
သတိုးသမီးဝတ်စုံဝတ်ထားသည့် အရူးမလေးကို တစ်မြို့လုံးက သိလာရတော့သည်။ သတိုးသမီး
ဝတ်စုံသည်လည်း အချိန်ကြာသည်နှင့်အမျှ ဟောင်းနွမ်းခဲ့လေပြီ။ အရောင်မှိန်ခဲ့လေပြီ။
ဘော်ကြယ်လေးများလည်း ပြုတ်ကျသည်က ကျကုန်ပြီ။ သီထားသောအပ်ချည်စများပြည်ကျကာ ဘော်ကြယ်လေးတချို့က
တွဲလောင်းကျနေသည်။
မသူဇာကား
တစ်မြို့လုံးအတွက် သနားစရာ စိတ်ဝေဒနာသည်လေးဖြစ်နေလေပြီ။
သို့သော်...
မသူဇာလေး သည်အတိုင်းလျှောက်သွားနေတာကို လွှတ်ထားလို့မဖြစ်သေးပေ။ မသူဇာမှာ
အရွယ်ကောင်းလေးရှိသေးသည်။ အသက်၂၀ပင်မပြည့်သေး။ လှလည်းလှသည်။ စိတ်ဝေဒနာသည်ကို
သနားဂရုဏာသက်သူတွေရှိသလို အခွင့်ရလျှင် စော်ကားမော်ကားပြုလိုသူများ လည်း
ရှိနိုင်သည်မဟုတ်ပါလား။
ဦးမြမောင်နှင့်ဒေါ်ညွန့်ညွန့်သည်
မသူဇာကို အပြင်အထွက်မခံတော့ပေ။ အခန်းထဲမှာ သော့ခတ်ထားလိုက်ရသည်။
မသူဇာအခန်းက
မောင်သန်းထိုက်နှင့်မသူဇာတို့ မင်္ဂလာဆောင် ပြီးလျှင် နေထိုင်ရန်ပြင်ဆင်ထားသည့်
အိမ်အပေါ်ထပ်မှအခန်းပင်ဖြစ်လေ သည်။ အခန်းထဲမှာ
မိမိကိုယ်ကိုအန္တရာယ်ပေးနိုင်သောပစ္စည်းများကိုလည်း ဖယ်ရှားပစ်လိုက်ရသည်။
အခန်းပြတင်းပေါက်များကိုလည်း သံတိုင်များ တပ်လိုက်ရသည်။ မတော်တဆ
ခုန်ချသွားမှာစိုးသောကြောင့်ပင်။
အခန်းအဝင်တံခါးမကြီးကိုလည်း
သစ်သားတံခါးကိုဖယ်ရှားကာ သံတိုင်တပ်တံခါးဖြင့် အစားထိုးတပ်ဆင်လိုက်ရသည်။
အခန်းတွင်းမှ မသူဇာ ၏လှုပ်ရှားမှုများကိုမြင်သာစေရန်ဖြစ်ပါသည်။
ဒေါ်ညွန့်ညွန့်သည်
ရင်နာနာနှင့်ပင် သမီးစိတ်ဝေဒနာသည်လေး ကို အခန်းသော့ခတ်၍ပိတ်လှောင်ထားလိုက်ရလေ၏။
မကြာမကြာလည်း မသူဇာအခြေအနေကိုသွားသွားကြည့်ရသည်။
အခန်းကို
ရေချိုးခန်းအိမ်သာပါတွဲ၍ ပြင်ဆင်ထားသောကြောင့် အဆင်ပြေသွားခဲ့လေသည်။ ရေမိုးချိုး၊
အိမ်သာတက် အားလုံး အခန်းထဲမှာ ပင် ကိစ္စပြီးနိုင်သည်။ ထမင်းကိုတော့ အချိန်မှန်
ပို့ပေးပြီး သံတခါးမှတစ်ဆင့် အတွင်းသို့ထည့်ပေးရသည်။
အခြေအနေကိုလည်း
မပြတ်စောင့်ကြည့်နေရသည်။
မသူဇာသည်
အဝတ်အစားကိုတော့ ဘယ်သောအခါမျှ မလဲတော့ ပါ။ ထာဝရ သတိုးသမီးဝတ်စုံကြီးကိုသာ
မချွတ်တမ်းဝတ်ထားလေတော့ သည်။
မသူဇာသည်
ရူးသွပ်နေသော်လည်း လူကြီးများကို ဒုက္ခမပေးရှာပါ။ အခန်းထဲမှာ
သော့ခတ်ပိတ်လှောင်ထားသော်လည်း ကလန်ကဆန်လုပ် ခြင်းမရှိ။ ထားသည့်အတိုင်းနေရှာသည်။
ပြတင်းပေါက်နှင့်ကပ်၍ချထားသော
ကုတင်ထက်မှနေ၍ ပြတင်း ပေါက်သံတိုင်များကိုကျော်လွန်ကာ အပြင်ဖက်ကိုငေးနေတတ်သည်။
]]ကိုကို ရေ... လာပါတော့၊ လာခေါ်လှည့်ပါတော့ကိုကိုရေ}}ဟု သနားစဖွယ်အော်ဟစ်
မြည်တမ်းနေတတ်လေသည်။
+
+ + + + + +
မသူဇာအခြေအနေကို
ပြန်ကောင်းလာနိုးနိုးမျှော်လင့်ခဲ့ကြသော်လည်း ထူးခြားမလာခဲ့ပါ။
ဦးမြမောင်သည်
သမီးစိတ်ဖြင့်ပင် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ တစ်နှစ်ပြည့်ချိန်၌
ကွယ်လွန်သွားခဲ့လေသည်။
]]ကိုမြရေ...
သွားပေတော့၊ သွားနှင့်ပေတော့၊ ရှင်ကတော့ ဘ၀တစ်ခုအေးငြိမ်းသွားပြီပေါ့၊
ကျွန်မမှာတော့ သေခွင့်ပေးတောင် သေချင်ရက်နဲ့မသေနိုင်သေးဘူးကိုမြရယ်၊
ကျွန်မတို့သမီး ကံဆိုးမလေးကို ကျွန်မမရှိ ရင်ဘယ်သူကြည့်မလဲ၊ ဘယ်သူကတာဝန်ယူမလဲ၊
အမလေး... ကျွန်မ အသေမဖြောင့်နိုင်သေးပါလားနော်}}
ဒေါ်ညွန့်ညွန့်၏ငိုချင်းများဖြစ်ပေသည်။
ထိုငိုချင်းသည် ဦးမြမောင် ကွယ်လွန်ခါစကတော့ ငိုချင်းဖြစ်ခဲ့သော်လည်း၊ ကြာသော်
မကြာခဏ ထိုအတိုင်းငြီးလွန်း၍ ငြီးချင်းဖြစ်လာရလေသည်။
ဒေါ်ညွန့်ညွန့်ဒုက္ခကလည်း
မသေးလှပါ။ အိမ်လုပ်ငန်းကိုလည်း ဦးစီးရသေးသည်။ အိမ်ပေါ်ထပ်က မသူဇာအခြေအနေကိုလည်း
နာရီဝက် တစ်ခါ၊ တစ်နာရီတစ်ခါလောက် တက်ကြည့်ရသေးသည်။
မသူဇာလေးကိုအိမ်ထောင်ချပေးပြီးရင်တော့
လင်မယားနှစ်ယောက် အေးအေးလူလူတရားစခန်းဝင်နိုင်ပြီဆိုသည့်စိတ်ကူးယဉ်ချက်များ
သည်လည်း ပျောက်ပျက်သွားခဲ့လေပြီ။ အသက်ကြီး၍အနားယူချိန်တန်မှ ဒုက္ခပိုလာရခြင်းပါလား။
]]ကိုကိုရေ...
လာခေါ်လှည့်ပါ}}
]]ညီမလေးကို
လာခေါ်ပါတော့ ကိုကိုရယ် ...}}
]]ကိုကိုလာခေါ်လှည့်...}}
မသူဇာအသံများကို
တစ်ညလုံးကြားနေရတတ်သည်။
ဒေါ်ညွန့်ညွန့်က
တစ်နေ့လုံး သင်တန်းကိစ္စနှင့်မနားအောင် အလုပ် လုပ်နေရ၍ ညဆိုလျှင် အိပ်ချင်သည်။
သို့သော်... အိပ်လို့မရ။ မသူဇာ အသံကို တစ်ချိန်လုံးကြားနေရသည်။ မသူဇာက
အားလပ်နေသူမို့ ညဆိုလည်း နိုးကြားနေတတ်သည်။ စိတ်ထဲရှိသမျှကို ဖွင့်အံကာ ချစ်သူကို
တမ်းတခေါ်ငင်နေသံများကို ဒေါ်ညွန့်ညွန့်သည် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြင့်
ကြားနေရမြဲဖြစ်လေ၏။
]]ကိုကိုရေ
လာခေါ်လှည့်ပါတော့၊ ကိုကိုဘယ်တော့ပြန်လာမှာလဲ ဟင်၊
ညီမလေးဆီကိုပြန်လာပါတော့ကိုကိုရယ်}}
မသူဇာက
ပြတင်းပေါင်ပေါ်မေးတင်ရင်း ပြတင်းပေါက်သံတိုင်များ ကိုကျော်လွန်၍မြင်နေရသော မိုးကောင်းကင်ကြီးကိုကြည့်ကာ
တိုင်တည်နေ ခြင်းဖြစ်လေသည်။
]]ဪ...
ကိုကိုက လကမ္ဘာပေါ်မှာ အလုပ်သွားလုပ်နေတာလား၊ ညီမလေးဆီကိုပြန်လာခဲ့မယ်၊ ဟုတ်လား၊
ပြန်လာပါတော့ကိုကိုရယ်၊ ညီမလေး လွမ်းလှပြီ}}
]]ရှင်-
ကိုကို၊ လကမ္ဘာပေါ်ကအပြန်ကျရင် ကြယ်ကလေးတွေ ခူးခဲ့မယ်၊ ဟုတ်လား၊ ခူးခဲ့ပါကိုကို၊
ခူးခဲ့ပါ၊ ကိုကိုခူးလာမယ့်ကြယ်ကလေး တွေကိုလေ... ညီမလေးက
ကိုကိုနဲ့မင်္ဂလာဆောင်မယ့်အဝတ်အစားတွေပေါ် မှာ သီပြီချုပ်မယ်လေ၊ သိပ်လှမှာပဲနော်
ကိုကို၊ ကိုကိုပြန်လာရင်လေ၊ ညီမလေး တို့ နောက်တစ်ခါ မင်္ဂလာဆောင်ကြဦးမယ်နော်...
ကိုကို နော်}}
]]ညီမလေးလွမ်းလှပြီကိုကိုရယ်၊
လာခေါ်လှည့်ပါတော့၊ ကိုကိုလာခေါ် လှည့်၊ ကိုကိုလာခေါ်လှည့်}}
မသူဇာအသံက
တိတ်ဆိတ်သောညအချိန်တွင် ပတ်ဝန်းကျင်တစ်ခု လုံးသို့ပျံ့လွင့်နေတတ်လေသည်။
တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်။ တစ်လလည်းမဟုတ်၊ နှစ်လလည်းမဟုတ်။
နေ့စဉ်ရက်ဆက်သာ။
သည်လိုနှင့်...
မသူဇာလေး၏ဝေဒနာသက်မှာ ၂နှစ်ကြာမြင့်ချိန်သို့ ရောက်လာခဲ့လေပြီ။
+
+ + + + + +
၂နှစ်ကျော်လွန်ချိန်တွင်
မသူဇာ၏ တမ်းတလွမ်းဆွတ်သောဟန်ပန်များက ပြောင်းလာခဲ့လေသည်။
စကားပြောသံသည်
တစ်ဦးတည်းစကားပြောသံမျိုးမဟုတ်တော့။
မောင်သန်းထိုက်နှင့်နှစ်ယောက်သားအပြန်အလှန်စကားပြောသံမျိုးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
]]ကိုကိုရေ...
လာခေါ်ပါတော့}} (မသူဇာ၏အသံမှန်ဖြင့်ပြောသော စကား)
]]ကိုကိုလာပြီညီမလေး၊
ညီမလေးဆီကို ကိုကိုလာပြီ}} (အသံကို ဩ၍ မောင်သန်းထိုက်ပြောဟန်မျိုးဖြင့်
ပြောသောစကား)
]]ကိုကိုရယ်...
မျှော်လိုက်ရတာ၊ ကိုကိုဘယ်သွားနေတာလဲဟင်}} (မသူဇာ၏အသံမှန်)
]]ကိုကို
လမင်းကြီးပေါ်မှာ အလုပ်သွားလုပ်နေတာပါညီမလေးရယ်၊ လပေါ်ကနေ ကိုကိုလေ ညီမလေးကို
နေ့တိုင်းလွမ်းနေတာ}} (အသံကိုဩ၍ပြောသောစကား)
]]ညီမလေးကလည်း
ကိုကို့ကိုလွမ်းနေတာပါ၊ ညီမလေးခေါ်တဲ့ အသံကို လကမ္ဘာပေါ်ကနေ
ကိုကိုမကြားဘူးလားဟင်}}(အသံမှန်)
]]ကြားတာပေါ့ညီမလေးရယ်၊
အဲဒါကြောင့် ညီမလေးမှာတဲ့ ကြယ် ကလေးတွေ ကိုကိုခူးလာခဲ့တယ်၊ ဟောဒီမှာ... }}
(အသံကိုဩ၍ ပြောသော စကား)
]]အို...
ကိုကိုရယ်}} (အသံမှန်)
မသူဇာသည်
တစ်ယောက်တည်းက အသံမှန်ဖြင့်ပြောလိုက်၊ လည်ချောင်းကိုအစ်ကာ အသံတစ်မျိုးဖြင့်
မောင်သန်းထိုက်ကပြန်ပြောသလိုမျိုး ပြောလိုက်၊ တစ်လှည့်စီပြောနေလေသည်။
ဪ...
စိတ်ဝေဒနာသည်မလေးသည် သူ့စိတ်ကူးနှင့်သူ အလွမ်းကိုဖြေဖျောက်နေခြင်းပါတကား။
+
+ + + + + +
အချစ်ရူးမလေး၏ဘ၀နိဂုံးသည်
အနိဌာရုံဖြစ်ရပ်ကြီးဖြစ်ပျက်ပြီး သုံးနှစ်အကြာမှာ ဖြစ်ပေါ်လာခဲ့သည်။
ထိုနေ့က...
မသူဇာနှင့်မောင်သန်းထိုက်တို့ မင်္ဂလာပွဲကျင်းပခဲ့ရာ သုံးနှစ်ပြည့်သည့်နေ့။
တစ်နည်းအားဖြင့်... မောင်သန်းထိုက်ကွယ်လွန် သည့် သုံးနှစ်ပြည့်သောနေ့။
နောက်တစ်နည်းအားဖြင့်... မသူဇာလေး စိတ်ဝေဒနာသည်ဘ၀ရောက်ခဲ့တာ သုံးနှစ်ပြည့်တဲ့နေ့။
တိုက်တိုက်ဆိုင်ဆိုင်...
ရပ်ဝေးမှအစ်ကိုကြီးကိုကိုအောင်လည်း မြို့ကိုအလည်ပြန်ရောက်နေချိန်ဖြစ်သည်။
ထိုနေ့မနက်တွင်
မောင်သန်းထိုက်၏မိဘများဖြစ်သော ဦးစိုးတင့် နှင့်ဒေါ်မြင့်မြင့်တို့
အိမ်ကိုရောက်လာကြသည်။ မသူဇာလေးအခြေအနေကို လာကြည့်သည်ဟုဆိုသည်။
ဒေါ်ညွန့်ညွန့်က
မသူဇာလေးရှိသည့် အပေါ်ထပ်အခန်းရှေ့ကို ပို့ပေးလိုက်သည်။ သံတံခါးတပ်ထားသောကြောင့်
မသူဇာလေးကို အခန်းထဲ မှာ ဒိုးယိုပေါက်မြင်နေရသည်။
]]သမီး၊
သမီးလေးမသူဇာ}}
ဒေါ်မြင့်မြင့်က
ဆို့နင့်ကြေကွဲသောအသံဖြင့်ခေါ်လိုက်သည်။
မသူဇာသည်
လူကလန်းလန်းဆန်းဆန်းပင်ရှိနေ၏။ သို့သော်... ကိုယ်ပေါ်မှာဝတ်ထားသောအဝတ်ကတော့
စုတ်ပြတ်နွမ်းဖတ်နေပြီ။ မင်္ဂလာဆောင်နေ့မှစ၍ သုံးနှစ်တိုင်တိုင် နေ့စဉ်ရက်ဆက်ဝတ်ခဲ့၍
အရောင်လည်း မပေါ်တော့။ ပြဲသည့်နေရာကပြဲ၊ စုတ်သည့်နေရာက စုတ်နေလေပြီ။
ဘော်ကြယ်လေးများလည်း မရှိတော့ပါ။
]]ဖြစ်မှဖြစ်ရလေ၊
ဖြစ်မှဖြစ်ရလေသမီးလေးရယ်}}
]]သမီး၊
ဘဘတို့ကို မှတ်မိလား}}
ဦးစိုးတင့်က
သံတိုင်ကိုလက်ဖြင့်ဆုပ်ကိုင်ရင်း အခန်းထဲမှ မသူဇာ ကိုလှမ်းမေးလိုက်သည်။
မသူဇာက
ကုတင်ပေါ်မှဆင်းကာ အခန်းဝအထိလျှောက်လာသည်။
]]ဘဘ၊
ဘဘ၊ ကြီးကြီးမြင့်}}
]]ဪ...
သမီးက ဘဘတို့ကိုမှတ်မိသကိုး}}
]]ကိုကို၊
ကိုကို}}
ဦးစိုးတင့်က
ဒေါ်ညွန့်ညွန့်ကိုလှည့်ကြည့်လိုက်သည်။ ဘယ်လိုအဖြေ ပေးရမလဲဟု မေးသည့်သဘောဖြစ်သည်။
ဒေါ်ညွန့်ညွန့်ကပင်
ဝင်ဖြေပေးလိုက်၏။
]]သမီးရဲ့ကိုကိုက
လကမ္ဘာပေါ်မှာ အလုပ်သွားလုပ်နေတယ်လေ သမီးရဲ့}}
မသူဇာစိတ်ကူးဖြင့်တီထွင်ထားသောဇာတ်လမ်းကို
အလွတ်ရနေ၍ ဒေါ်ညွန့်ညွန့်က ပြောလိုက်ခြင်းဖြစ်သည်။
]]ဟုတ်သားပဲ၊
ကိုကို၊ ကိုကိုလကမ္ဘာပေါ်မှာ...}}
]]သမီးရယ်...}}
]]ကိုကို့ကိုမှာချင်တယ်ဘဘ}}
]]ဘာမှာချင်သလဲသမီး}}
]]ညီမလေးကို
အမြန်လာခေါ်ပါတော့လို့၊ ညီမလေးလွမ်းလှပြီလို့၊ ကိုကိုလာခေါ်လှည့်ပါတော့လို့၊
ကိုကို့ကိုပြောပေးပါနော်ဘဘ}}
]]စိတ်ချပါကွယ်၊
စိတ်ချပါ၊ ဘဘပြောလိုက်ပါ့မယ်}}
ဦးစိုးတင့်နှင့်ဒေါ်မြင့်မြင့်တို့
စိတ်မကောင်းစွာဖြင့် မသူဇာအခန်း ရှေ့မှလှည့်ထွက်ခဲ့ကြသည်။
]]ကိုကို့ကိုပြောလိုက်နော်၊
အမြန်လာခေါ်လှည့်ပါလို့}}
မသူဇာက
နောက်မှအော်ပြောလိုက်သေးသည်။
+
+ + + + + +
ဒေါ်ညွန့်ညွန့်က
မသူဇာလေး၏စိတ်ကျန်းမာရေးအခြေအနေကို ပြောပြခဲ့သည်။ မောင်သန်းထိုက်ကို
လကမ္ဘာပေါ်အလုပ်သွားလုပ်နေတယ် လို့ စွဲလမ်းထင်မှတ်နေပုံ။ ညစဉ် မောင်သန်းထိုက်နှင့်
အပြန်အလှန်စကား ပြောသယောင် လုပ်တတ်ပုံများကို ပြောပြလိုက်သည်။
ဦးစိုးတင့်နှင့်ဒေါ်မြင့်မြင့်တို့
စိတ်မကောင်းခြင်းကြီးစွာဖြင့်ပြန်သွား ကြသည်။
ဦးစိုးတင့်တို့က
သူတို့လာရင်းကိစ္စကိုပင် ပြောမသွားကြတော့ပါ။
ထိုညမှာပင်
ထိတ်လန့်ခြောက်ချားဖွယ်ဖြစ်ရပ်ကြီး ဤအိမ်၌ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါ၏။
ထိုဖြစ်ရပ်သည်
မောင်သန်းထိုက်မိဘများ အလည်ရောက်လာသော ကြောင့်ဖြစ်ပေါ်လာခြင်းလားဆိုတာကို
ဝေခွဲရခက်လှသည်။
ထိုနေ့က
ဦးစိုးတင့်နှင့်ဒေါ်မြင့်မြင့်က သူတို့လာရင်းကိစ္စကိုပြော မသွားကြ။
မသူဇာလေး၏အခြေအနေကိုမြင်ကာ စိတ်မကောင်းဖြစ်ပြီး တမင် မပြောခဲ့ခြင်းဖြစ်ပါသည်။
ထိုနေ့သည်
မောင်သန်းထိုက်ကွယ်လွန်တာ သုံးနှစ်ပြည့်သည့်နေ့ ဖြစ်၍ လင်မယားနှစ်ယောက်
သား၏အုတ်ဂူကို အလွမ်းပြေသွားရောက် ကြည့်ရှုရန် အိမ်မှထွက်လာခဲ့ခြင်းဖြစ်ပါသည်။
မသူဇာလေးကိုသတိရ၍ ဝင်ကြည့်ကြခြင်းဖြစ်သည်။ မသူဇာအခြေအနေကိုမြင်လိုက်၍ သင်္ချီုင်းကို
သွားမည့်အကြောင်း မပြောခဲ့တော့ချေ။
ဦးစိုးတင့်နှင့်ဒေါ်မြင့်မြင့်သည်
သင်္ချီုင်းမှ မောင်သန်းထိုက်၏အုတ်ဂူ ဆီအရောက်တွင် မသူဇာမှာကြားလိုက်သောစကားများကို
တိုင်တည်ပြော ကြားခဲ့သည်။
]]သားရေ၊
မင်းချစ်တဲ့မသူဇာလေးက မှာလိုက်တယ်ကွဲ့၊ သူ့ကို အမြန်လာခေါ်လှည့်ပါတဲ့၊ မသူဇာလေးက
သားကိုမျှော်နေရှာတယ်ကွယ်}}
မောင်သန်းထိုက်အုတ်ဂူတွင်
ထိုသို့ပြောကြားခဲ့ကြောင်းကို စိတ် ခြောက်ချားဖွယ်အဖြစ်ဆိုးကြီးဖြစ်ပြီးမှ
ဒေါ်ညွန့်ညွန့်တို့မိသားစု သိရှိရခြင်း ဖြစ်ပါ၏။
အဖြစ်ဆိုးကြီးဖြစ်ပြီးမှ
ဦးစိုးတင့်တို့ ပြန်ပြောပြ၍ သိရှိရခြင်းဖြစ်၏။
ထိုညတွင်ပေါ်ပေါက်ခဲ့သော
စိတ်နှလုံးတုန်လှုပ်ဖွယ်အဖြစ်သည် မောင်သန်းထိုက်အုတ်ဂူတွင် မသူဇာမှာကြားသောစကားကို
ပြောကြားခဲ့ခြင်း ကြောင့်လေလား...ဆိုတာကို ပြန်၍တွေးစရာဖြစ်ခဲ့ရလေ၏။
+
+ + + + + +
အဖြစ်ဆိုးကြီးဖြစ်ခဲ့တဲ့ည။
ကိုကိုအောင်သည်
အိမ်သားဖြစ်သော်လည်း ဧည့်သွားဧည့်လာဖြစ် နေ၍ ဘုရားခန်းထဲမှာပင် အိပ်သည်။ ဘုရားခန်းမှာ
အပေါ်ထပ်တွင်ဖြစ် သည်။
မသူဇာအခန်းနှင့်ဒေါ်ညွန့်ညွန့်အခန်းက
ကပ်ရက်။ ဘုရားခန်းနှင့် လည်း မဝေးလှပါ။
ထိုညက
အပေါ်ထပ်တွင် ဒေါ်ညွန့်ညွန့်၊ မသူဇာနှင့် ကိုကိုအောင် တို့ သုံးယောက်ရှိနေကြသည်။
ကိုကိုမောင်တို့လင်မယားက အောက်ထပ်တွင် နေကြ၏။
လပြည့်ညဖြစ်သည်။
ညဦးပိုင်းတွင်... မသူဇာအခန်းထဲမှ မသူဇာစကားပြောနေသံများကိုကြားနေရသေးသည်။
]]ကိုကို၊
ညီမလေးကို လာခေါ်တော့လေ}}(မသူဇာ၏အသံမှန်)
]]လာပါပြီကွယ်၊
ကိုကိုလာပါပြီညီမလေး}}(အသံကိုဩ၍ပြောသော စကား)
]]အို...
ကိုကို၊ ညီမလေးပျော်လိုက်တာ ကိုကိုရယ်}} (မသူဇာ ၏အသံမှန်)
]]ကိုကိုလည်း
ညီမလေးကိုလွမ်းနေရတာပါပဲညီမလေးရယ်}}(အသံကိုဩ၍ပြောသောစကား)
မသူဇာထံမှစကားသံများက
ကိုကိုအောင့်ရင်ကိုထိခိုက်သွားစေသည်။ ညီမလေးအခြေအနေအတော်ဆိုးနေပါလားဟု တွေးမိသည်။
ဒေါ်ညွန့်ညွန့်အဖို့တော့
အပြန်အလှန်စကားပြောဟန်ဖြင့် မသူဇာတစ်ယောက်တည်းက အသံနှစ်မျိုးလုပ်ပြောနေခြင်းမှာ
ရိုးနေပေပြီ။
ညည့်နက်လာသည်တွင်
ကိုကိုအောင်ရော ဒေါ်ညွန့်ညွန့်ပါ အိပ်ပျော်သွားကြသည်။ ကိုကိုအောင်ကဘုရားခန်းထဲမှာ။
ဒေါ်ညွန့်ညွန့်က အိပ်ခန်းထဲမှာ။
သန်းခေါင်ယံကြက်တွန်ချိန်တွင်
ဒေါ်ညွန့်ညွန့် ဖြတ်ကနဲလန့်နိုးလာသည်။ အိမ်ရှေ့ဆီမှ
ခွေးများစူးစူးဝါးဝါးထိုးဟောင်ပြီး အဆက်မပြတ် အူနေသောအသံများကြောင့်ဖြစ်သည်။
ဒေါ်ညွန့်ညွန့်က
နိုးသည်နှင့် ထုံးစံအတိုင်း သမီးအခန်းဆီမှအသံကို နားစွင့်လိုက်သည်။
မသူဇာအခန်းကိုခတ်ထားသည့်သော့ခလောက်အား လှုပ်ရမ်းလိုက်သည့်အသံကို ကြားမိသလို
ထင်လိုက်မိသည်။ မဖြစ်နိုင်ဘူးလို့လည်း တွေးမိ၏။
ခေါင်းကိုကြွရင်း
အသံကိုထပ်၍နားစွင့်သည်။
အသံက
ပေါ်လာပြန်သည်။
သော့ခလောက်ကို
ခပ်ကြမ်းကြမ်းလှုပ်ရမ်းလိုက်သည့်အသံဖြစ်သည်။
အိမ်ထဲကို
သူခိုးဝင်လေသလား။
]]ညီမလေး...
မသူဇာ}}
အသံကြောင့်
ဒေါ်ညွန့်ညွန့် ခြောက်ချားတုန်လှုပ်သွားသည်။
အသံက
မောင်သန်းထိုက်၏အသံ။
]]မသူဇာ...
ညီမလေး... ကိုကိုလာပြီလေ}}
ဒေါ်ညွန့်ညွန့်ကြက်သီးဖြန်းဖြန်းထသွားသည်။
ထိုအချိန်၌
ဘုရားခန်းတွင်အိပ်နေသောကိုကိုအောင်လည်း လန့်နိုးကာ အသံကိုကြားလိုက်ရလေသည်။
]]ညီမလေး...
မသူဇာ}}
အသံကား
မောင်သန်းထိုက်အသံမှ မောင်သန်းထိုက်အသံအစစ်ပါပင်။
ကြည့်စမ်း။
မသူဇာသည် မောင်သန်းထိုက်နှင့်စကားအပြန်အလှန် ပြောသယောင်ပြုရင်းမှ တကယ်ပင်
မောင်သန်းထိုက်အသံနှင့်တူနေပါပြီ ကော။ ထိုသို့တွေးမိသော်လည်း ဟုတ်ပါ့မလားဟု
သံသယဝင်မိပြန်သည်။ စိတ်ဝေဒနာသည်တစ်ယောက်သည် အသံတုကို ဤမျှမကျွမ်းကျင်နိုင်ပါ။
ကိုကိုအောင်ရော
ဒေါ်ညွန့်ညွန့်ပါ ကြားရသောအသံကို ငြိမ်လျှက် ဆက်နားထောင်နေမိကြလေ၏။
မသူဇာ
ကုတင်ပေါ်မှလူးလွန့်လှုပ်ရှားသည့်အသံကို ကြားလိုက်ရသည်။
]]ညီမလေး...
မသူဇာ}}
]]ဟင်-
ကိုကို၊ ကိုကို၊ ညီမလေးကိုလာခေါ်တာလားဟင်}}
မသူဇာကုတင်ပေါ်မှဆင်းလိုက်သံ၊
တခါးဝဆီသို့လျှောက်လာသည့်အသံ။
ဒေါ်ညွန့်ညွန့်မနေနိုင်တော့။
အိပ်ရာမှ လူးလဲထလိုက်သည်။
ကိုကိုအောင်သည်လည်း
ခြင်ထောင်အပြင်ကိုထွက်လိုက်သည်။ လက်နှိပ်ဓာတ်မီးကိုလက်ဖြင့်စမ်းလိုက်သည်။
ထိုအချိန်တွင်...
မသူဇာအခန်းဆီမှ တခါးသော့ခလောက်ကို ဖွင့်သည့်အသံကိုကြားရသည်။
အပြင်ဖက်စင်္ကြံအတိုင်းလျှောက်လာသည့် ခြေသံများကိုကြားရသည်။
ခြေသံများက
တရွေ့ရွေ့ဖြင့် လှေကားထိပ်ဆီသို့ဦးတည်လျှက်ရှိ သည်။
ဒေါ်ညွန့်ညွန့်သည်
မသူဇာအခန်းကိုပိတ်ထားသောသော့တွဲကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။
သော့တွဲက တိုင်မှာချိတ်ထားသည့် အတိုင်းရှိနေသည်။ ခြေရာလက်ရာမပျက်။
ခြေသံများက
လှေကားထိပ်ဆီသို့ရောက်နေလေပြီ။
ဒေါ်ညွန့်ညွန့်သည်
အခန်းအပြင်သို့ ထွက်လိုက်လေသည်။ ထိုအချိန်တွင်... ဘုရားခန်းထဲမှထွက်လာသော
ကိုကိုအောင်နှင့် အခန်းထိပ် တွင်ဆုံမိကြသည်။
ခြေသံများ။
ခြေသံများက
လှေကားတလျှောက်ဆင်းသွားသည့်သဖွယ် ဆက်လက်ထွက်ပေါ်နေလေသည်။
ဒေါ်ညွန့်ညွန့်သည်
မသူဇာအခန်းဆီသို့ ပြေးသွားလေ၏။
အခန်းရှေ့ရောက်တော့
အခန်းကိုခတ်ထားသည့်သော့ခလောက်ကြီးကို ခပ်ရက်သားအတိုင်း အနေအထားမပျက်တွေ့ရလေ၏။
မသူဇာအခန်းထဲကိုကြည့်လိုက်သည်။
မသူဇာကုတင်ပေါ်မှာလှဲအိပ်နေတာကို
လရောင်ဖြင့်မြင်နေရသည်။ လပြည့်ညဖြစ်၍ လရောင်က
ပြတင်းပေါက်သံတိုင်များကိုထိုးဖောက်ကာ ကျရောက်နေသည်။ အိပ်နေသောမသူဇာကိုယ်ပေါ်သို့
လရောင်ဖျန်းကျလျှက် ရှိသည်။
မသူဇာအိပ်ပျော်နေတာမြင်လိုက်၍
ဒေါ်ညွန့်ညွန့်သက်ပြင်းကိုချလိုက်သည်။
ဒါဖြင့်...
အခုနကြားခဲ့တဲ့ တံခါးသော့ခလောက်ကိုလှုပ်သံနဲ့ ခြေသံတွေက ဘာလဲ။
ခြေသံများသည်
ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။ ယခုအခါ ခြေသံများသည် လှေကားကြီးပေါ်မှ
တရွေ့ရွေ့ဆင်းသွားနေပေသည်။
ဒေါ်ညွန့်ညွန့်လှေကားထိပ်သို့
အပြေးလာခဲ့ရပြန်သည်။
လှေကားထိပ်တွင်
ကိုကိုအောင်ရပ်နေသည်ကိုတွေ့ရသည်။ ကိုကိုအောင်သည် လှေကားအောက်သို့ငုံ့ကြည့်နေသည်။
တစ်ကိုယ်လုံး တုန်လှုပ်လျှက်ရှိသည်။
ဒေါ်ညွန့်ညွန့်သည်
ခြေသံများထွက်ပေါ်နေရာ လှေကားတလျှောက်သို့ကြည့်လိုက်၏။
မြင်လိုက်ရသောမြင်ကွင်းကြောင့်...
အသည်းနှလုံးများ ခုန်ပျံထွက်သွားတော့မလားထင်ရအောင် ထိတ်လန့်တုန်လှုပ်သွားလေသည်။
လှေကားကြီးကို
အချိုးအကွေ့မရှိပဲ ဖြောင့်စင်းစွာဖြင့် ဧည့်ခန်းထဲသို့သွယ်တန်းထားခြင်းဖြစ်သည်။
ဒေါ်ညွန့်ညွန့်ကြည့်လိုက်သည့်အချိန်တွင်
ခြေသံများက လှေကားအလည်လောက်သို့ရောက်နေပြီ။
လှေကားပေါ်တွင်တော့
...
ယောက်ျားနှင့်မိန်းမသဏ္ဍာန်
အရိပ်နှစ်ခု။ အရိပ်နှစ်ခုက လှေကားအတိုင်း အောက်ထပ်သို့ဆင်းသွားလျှက်ရှိလေသည်။
]]ဘုရား
ဘုရား... သူတို့ သူတို့ }}
ဒေါ်ညွန့်ညွန့်နှုတ်မှစကားလုံးများက
ခက်ခဲစွာထွက်လာသည်။
လှေကားပေါ်မှဆင်းသက်သွားသော
သဏ္ဍာန်တိကျမှုမရှိသည့် မီးခိုးသဖွယ်ပုံရိပ်နှစ်ခုမှာ ယောက်ျားပုံရိပ်က
မောင်သန်းထိုက်နှင့်တူနေပြီး၊ မိန်းမပုံရိပ်က မသူဇာနှင့်တူနေသောကြောင့်ဖြစ်ပါသည်။
]]မေမေ၊
ညီမလေး၊ ညီမလေး}}
]]မဟုတ်ဘူး၊
မသူဇာ သူ့အခန်းထဲမှာအိပ်နေတာ မေမေမြင်ခဲ့တယ်}}
]]မဟုတ်ဘူးမေမေ၊
အဲဒါ... သန်းထိုက်နဲ့ညီမလေးပါမေမေရယ်၊ ကြည့်ပါဦး}}
ပုံရိပ်နှစ်ခုက
လှေကားရင်းသို့ရောက်သွားလေပြီ။
ပုံရိပ်နှစ်ခုသည်
ဧည့်ခန်းကျယ်ကြီးတွင်ချခင်းထားသောစက်ချုပ်ခုံများကိုဖြတ်သန်းကာ
ဝင်ပေါက်တံခါးမကြီးဆီသို့ လျှောက်သွားသည်။ ဒေါ်ညွှန့်ညွန့်တို့အိမ်အောက်ထပ်မှာ
သင်တန်းခမ်းမဖြစ်သောကြောင့် တခါးကို သစ်သားတံခါးရွက်တပ်မထားပေ။
သံဘာဂျာတံခါးသာတပ်ထားသည်။ သံဘာဂျာတံခါးကိုအတွင်းမှ
သော့သုံးချက်ဖြင့်ခတ်ပိတ်ထားလေ၏။
ပုံရိပ်နှစ်ခုက
သံဘာဂျာတံခါးနားသို့ရောက်သွားလေပြီ။
ပုံရိပ်နှစ်ခုသည်
ပိတ်ထားသည့် သံဘာဂျာတံခါးအဟန့်အတားကို ဂရုမပြုသည့်သဖွယ် ဒိုးယိုပေါက်ဖြတ်သန်း၍
အပြင်သို့ထွက်သွားလေသည်။
]]မောင်မောင်၊
မောင်မောင်၊ ထစမ်း၊ ထစမ်း}}
ဒေါ်ညွန့်ညွန့်က
အောက်ထပ်တွင်အိပ်သော သားအငယ်ကိုကိုမောင်တို့လင်မယားကိုအော်နှိုးလိုက်သည်။
ချက်ချင်းပင်
ကိုကိုမောင်တို့အခန်းမှမီးလင်းလာကာ လင်မယားနှစ်ယောက်စလုံးထွက်လာသည်။ သူတို့ကလည်း
ခွေးဟောင်သံ၊ အူသံနှင့် လှေကားပေါ်မှခြေသံများကြောင့် သူခိုးအမှတ်ဖြင့်
ဖမ်းဆီးရန်စောင့်ကြည့် နေကြခြင်းဖြစ်သည်။
ကိုကိုမောင်တို့လင်မယား
ဧည့်ခန်းထဲရောက်သည်နှင့် ဒေါ်ညွန့်ညွန့်နှင့်ကိုကိုအောင်လည်း
အောက်ထပ်သို့ဆင်းခဲ့သည်။
သားအမိသုံးယောက်
ဆုံမိချိန်တွင် ပုံရိပ်နှစ်ခုက ခြံဝင်းအစပ်သို့ရောက်နေပေပြီ။
]]ဟိုမှာ
ဟိုမှာ }}
ကိုကိုအောင်က
ပုံရိပ်နှစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
]]အို
}}
ကိုကိုမောင့်မိန်းမထံမှ
ထိတ်လန့်စွာအော်ဟစ်လိုက်သံ ပေါ်ထွက်လာလေ၏။
ခြံအပြင်ဖက်တွင်
ခွေးအူသံ၊ ဟောင်သံများက ပို၍ဆူညံသွားလေသည်။ ပုံရိပ်နှစ်ခုသည်
ပိတ်ထားသောခြံတံခါးဝကို ဒိုးယိုပေါက်ဖြတ်သန်း ကာ ထွက်သွားလေသည်။
ပုံရိပ်များက
အိမ်အပြင်ဖက်သို့ထွက်ခွာသွားကာ ပျောက်ကွယ်သွားလေပြီ။
]]ညီမလေး၊
ညီမလေးမသူဇာလားမေမေ၊ ဘယ်... ဘယ်လိုဖြစ်တာလဲ}}
ကိုကိုမောင်က
မေးလိုက်သည်။
]]မဟုတ်ဘူး၊
မသူဇာသူ့အခန်းထဲမှာ အိပ်နေတယ်၊ မေမေမြင်ခဲ့တယ်}}
]]ညီမလေးကို
ကျွန်တော်တို့ သွားကြည့်ရအောင်မေမေ}}
အိမ်သားလေးယောက်
အပေါ်ထပ်သို့ပြန်တက်ခဲ့ကြလေသည်။
မသူဇာအခန်းရှေ့ရောက်သွားသည်။
အားလုံး
အခန်းထဲသို့ကဲကြည့်လိုက်သည်။
ပြတင်းပေါက်ဘေးတွင်ချထားသောကုတင်ပေါ်၌
အိပ်မောကျနေသောမသူဇာကို လရောင်ဖြင့် ထင်ထင်ရှားရှားကြီးမြင်နေရလေ၏။
]]သော့-
သော့က မေမေ့အခန်းထဲမှာလေ၊ တိုင်မှာချိတ်ထားတယ်၊ အောင်အောင်သွားယူလိုက်}}
ကိုကိုအောင်က
သော့ကိုပြေးယူသည်။
အခန်းသော့မှာ
ရံဖန်ရံခါမှ ဖွင့်ခြင်းဖြစ်သည်။ မူရင်းပါသော သော့ချောင်းလေးချောင်းလုံးက
သော့တွဲတစ်ခုတည်းတွင် တွဲရက်ရှိနေ၏။
သော့ကိုလှုပ်ခတ်သံ၊
သော့ဖွင့်သံနှင့် အခန်းထဲမှထွက်ခွာသွားသော ခြေသံများအတွက် စဉ်းစားရခက်နေသည်။
ကိုကိုအောင်က
သော့ကိုဖွင့်လိုက်၏။
တံခါးပွင့်သွားသည်နှင့်
လေးယောက်သား အခန်းထဲဝင်ခဲ့ကြ၏။
ကိုကိုမောင်က
အခန်းမီးကိုဖွင့်လိုက်သည်။
တစ်ခန်းလုံး
လေးပေမီးချောင်းရောင် လင်းထိန်သွားလေသည်။
ကိုကိုအောင်က
ဦးစွာ မသူဇာကုတင်ဘေးရောက်သွားသည်။
]]ညီမလေး...}}
ကိုကိုအောင်
မသူဇာနဖူးကိုစမ်းကြည့်သည်။ ရင်ပတ်ကိုလက်ဖြင့် ဖိကြည့်သည်။
]]ဟင်...
မေမေ၊ ညီမလေးအသက်မရှိတော့ဘူး}}
]]ဟုတ်ရဲ့လား၊
သေချာကြည့်ပါဦးသားရယ်}}
ဒေါ်ညွန့်ညွန့်က
ကုတင်ပေါ်တွင် တင်ပလွဲဝင်ထိုင်ကာ ကိုယ်တိုင်စမ်းသပ်ကြည့်သည်။
]]သမီး၊
သမီးလေး မသူဇာ}}
မသူဇာဆီက
တုံ့ပြန်မှုရမလာ။
]]ဖြစ်ရလေသမီးရယ်...}}
မသူဇာကား
သေဆုံးခဲ့လေပြီ။
အသက်ဝိညာဉ်ကင်းမဲ့နေသော်လည်း...
မျက်နှာလေးက ပြုံးယောင်သန်းလျှက် အိပ်ပျော်နေသယောင်ပါတကား။
နွေတမာန်
No comments:
Post a Comment