Thursday 9 August 2012

ဆောင်းလုလင် - ဂြိုဟ်ပူ (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
ဂြိုဟ်ပူ

  
ကျွန်ုပ်တို့မှီတင်းနေထိုင်ရာဂြိုဟ်ကမ္ဘာမှာ အလွန်တရာသာယာလှပ၍ နေချင်စဖွယ်အတိပြီးသော လောကတစ်ခုဖြစ်ပေ သည်။ ကျွန်ုပ်တို့ ဂြိုဟ်သည် မေတ္တာတရားထွန်းကားသည့် ဂြိုဟ်တစ်လုံးဖြစ်သည်နှင့်အမျှ ကျွန်ုပ်တို့ဂြိုဟ်တွင် မှီတင်းနေထိုင်ကြသည့် သက်ရှိအားလုံးတို့သည် တစ်ဦးနှင့် တစ်ဦး ချစ်ခင် စည်းလုံးစွာ နေထိုင်ကြပေ၏။ ကျွန်ုပ်တို့သည် တရားဓမ္မ ပျော်မွေ့သူများဖြစ်ပြီး သက်ရှိအားလုံးတို့မှာ တရားသဘောကို နားလည် လက်ခံသူများလည်း ဖြစ်ပေ သည်။
ကျွန်ုပ်တို့ဂြိုဟ်၌ လောဘ၊ ဒေါသ၊ မောဟဆိုသော အဘိဇ္ဈာများ မရှိပါချေ။ တစ်ဦးနှင့်တစ်ဦး မနာလိုမုန်းတီးမှု၊ တုပြိုင်မှုများလည်း ကင်းရှင်းကာ ဂြိုဟ်သားအားလုံးတို့သည် အေးချမ်းငြိမ်သက်စွာ နေထိုင်ကြပေ၏။
လောဘ၊ ဒေါသ၊ မောဟတရားများလည်း ပေါက်ပွားရန် မဖြစ်နိုင် ချေ။ ကျွန်ုပ်တို့ဂြိုဟ်၌ စားသောက်စရာများကို မြေပဒေသာပင်မှ သီးပွင့်သည့် အတွက် အလျှံပယ် စားသုံးနိုင်ပေ၏။ မည်သူမျှ အစားအသောက်အတွက် သောကဗျာပါဒ ဖြစ်စရာမလိုချေ။ အစားအစာကို ရုန်းကန်လှုပ်ရှား ရှာဖွေရန် လည်းမလို၊ သူ့ထက်ငါဦး လုယက်ယူငင်ရန်လည်း မလိုအပ်ပါချေ။ အချုပ် အားဖြင့်ဆိုသော် ကျွန်ုပ်တို့ဂြိုဟ်သည် ကိစ္စများမြောင်ခြင်းမရှိဘဲ စားချိန်တန် စား၍ အိပ်ချိန်တန် အိပ်ကာ တရားဓမ္မဖြင့်ထုံမွမ်းသည့် အေးချမ်းငြိမ်သက် သော ဂြိုဟ်တစ်ခုဖြစ်ပေ သည်။
လောဘ၊ ဒေါသ၊ မောဟများ၊ ဂုဏ်တုဂုဏ်ပြိုင်များ ကျွန်ုပ်တို့ ဂြိုဟ်တွင် မရှိပါ။
စင်စစ် လောဘ၊ ဒေါသ၊ မောဟဆိုသည့် စကားလုံးများပင် ကျွန်ုပ်တို့ဂြိုဟ်၌ ယခင်ကမကြားဖူးခဲ့ပါပေ။
ကျွန်ုပ်တို့ဂြိုဟ်ပေါ်သို့ ထိုလူတစ်သိုက် ရောက်ရှိလာသည့်အခါမှပင် သက်ရှိလောက၌ မကောင်းမှုဒုစရိုက် များ၊ သောကဗျာပါဒများ၊ လောဘ၊ ဒေါသ၊ မောဟများ၊ လိမ်ညာလှည့်ဖျား မှု၊ ဖောက်လွဲဖောက်ပြန်ပြုမှုဆိုသည့် ကြောက်မက်ဖွယ်အရာများ ရှိနေသည်ကို သံဝေဂရစွာ သိရှိလာရခြင်းဖြစ်ပါ၏။
ကျွန်ုပ်တို့ဂြိုဟ်သည် ဤစကြ၀ဠာအနန္တထဲ၌ သာယာလှပဆုံးနှင့် အေးချမ်းငြိမ်သက်ဆုံး ဂြိုဟ်တစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ကိုယ်တိုင်ပင် ယခင်က မသိရှိခဲ့ချေ။ ကျွန်ုပ်တို့ဂြိုဟ်သားများသည်လည်း လောဘ၊ ဒေါသ၊ မောဟကင်းရှင်းသည့် သူတော်စင်များဖြစ်ကြောင်း ယခင်ကမသိရှိခဲ့။
ကောင်းခြင်း၊ ဆိုးခြင်း၊ ပို၍သာလွန်ခြင်းဆိုသည့် တရားများမှာ နှိုင်းယှဉ်စရာရှိမှသာ ပေါ်လွင်သောအဖြစ်များဖြစ်ရာ ကျွန်ုပ်တို့ချည်း အေးချမ်း ငြိမ်သက်စွာနေခဲ့စဉ်က ထိုအဖြစ်များကို မသိရှိခဲ့ပါပေ။
ထိုလူတစ်သိုက် ရောက်ရှိလာခြင်းကား ကျွန်ုပ်တို့၏ဘ၀ကို ကောင်း မွန် မြင့်မြတ်သောဘ၀ တစ်ခုဖြစ်ကြောင်း နှိုင်းယှဉ်ခွင့်ရအောင် ပြုလုပ်လိုက် သကဲ့သို့ပင်ဖြစ်ခဲ့လေ၏။
………
တစ်နေ့သ၌ ကျွန်ုပ်တို့၏ဂြိုဟ်ပေါ်သို့ အခြားအရပ်မှ ယာဉ်ပျံတစ်စီး ပျက်ကျကာ ဆိုက်ရောက်လာခဲ့လေသည်။ ယာဉ်ပျံပေါ်၌ သက်ရှိသတ္တဝါများ ပါလာခဲ့ကာ ထိုသတ္တဝါများသည် ပျက်ကျပြီး မီးဟုန်းဟုန်းတောက်လောင် နေသောယာဉ်ပျံပေါ်မှ သူ့ထက်ငါဦး အလုအယက် တိုးဝှေ့ဆင်းသက်လာ ကြလေ၏။
ယာဉ်ပျံပေါ်မှဆင်းသက်လာသူများသည် ]ကယ်ပါ ယူပါ} တစာစာ အော်ဟစ်ကာ ငိုယိုမြည်တမ်းလျက်ရှိပေ၏။ ကျွန်ုပ်တို့ဂြိုဟ်သားများသည် ထိုသူများကိုကြည့်ကာ အံ့ဩထိတ်လန့်ခြင်းဖြစ်ခဲ့ရလေ၏။ ကျွန်ုပ်တို့သည် သက်ရှိတစ်ဦး တစ်ယောက်အား ထိုသို့ဆင်းရဲဒုက္ခရောက်ပြီး ငိုကြွေးမြည်တမ်း နေသည့် အဖြစ်မျိုးကို မည်သည့်အခါကမျှ မြင်တွေ့ခဲ့ ဖူးခြင်းမရှိပါပေ။
ယခုသော်ကား ယာဉ်ပျံပေါ်မှ ဆင်းသက်လာသူအားလုံးတို့သည် ပူလောင်ပြင်းပြစွာ ဆင်းရဲဒုက္ခရောက်သည့်အသွင်ကိုဆောင်လျက် သူတို့အား ကယ်ဆယ်ပါရန် ကျွန်ုပ်တို့ကို တောင်းဆိုနေကြပေသည်။
ကျွန်ုပ်သည် ဤဂြိုဟ်၏ အကြီးအကဲဖြစ်သည့်အားလျော်စွာ မိမိ ဂြိုဟ်ပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသူများကို ကူညီသင့်သည်ဟု ရိုးသားစွာတွေးခေါ်ကာ ဒုက္ခသည်သတ္တဝါတစ်သိုက်အား ကျွန်ုပ်ရှိရာသို့ အခေါ် ခိုင်းလိုက်ရလေ၏။
ထိုသူတစ်သိုက်မှာ ဦးရေ ၁၅ ဦးတိတိရှိပေသည်။ အဝတ်အစားများ ဝတ်ဆင်ထားပုံကိုထောက်၍ သူတို့သည် ယဉ်ကျေးမှုအဆင့်အတန်းရှိသော ဂြိုဟ်တစ်ခုမှ လာရောက်သူများဖြစ်ပုံရပေ၏။ နောက်မှ ကျွန်ုပ်သိရသည်မှာ သူတို့တွင် အဖို၊ အမဟူ၍ လိင်ကွဲပြားမှုရှိပြီး အဖိုနှင့်အမတို့ ပေါင်းစည်း စပ်ယှက်ကာ မျိုးတူသတ္တဝါများပွားများသည့် သတ္တဝါအမျိုးအစားဖြစ်ကြောင်း သိရလေ၏။ ကျွန်ုပ်တို့ဂြိုဟ်ကမ္ဘာတွင်ကား ထိုသို့ လိင်ကွဲပြားမှုမရှိပါချေ။ လိင်ကွဲပြားမှုမရှိသည့်အတွက် ဃရာဝါသကိစ္စများမြောင်သော ကာမတဏှာ များလည်း ကင်းရှင်းပါပေ၏။
ရောက်လာသောလူစုတွင် အရွယ်ရောက်ပြီး အသက်အရွယ်ကြီးသူ ၆ ဦးပါဝင်၍ အဖိုသတ္တဝါ ၃ ဦးနှင့် အမသတ္တဝါ ၃ ဦးဖြစ်ကြပေသည်။ ထိုထိုသော ယောက်ျm; ၃ ဦးနှင့် မိန်းမ ၃ ဦးမှာ တစ်စုံတွဲစီပေါင်းသင်းနေကြ သော ဒွိယံစုံတွဲ ၃ တွဲဖြစ်ကြောင်းသိရလေ၏။ ကျန်သောငယ်ရွယ်သူများမှာ ၎င်းတို့သုံးစုံတွဲမှ ပေါက်ပွားလာကြသော ကလေးသူငယ်များဖြစ်ကြောင်း သိရလေသည်။
၎င်းတို့ပြောပြချက်အရ ၎င်းတို့သည် ယဉ်ကျေးမှု၊ ဘာသာစကားနှင့် စာပေထွန်းကားသော ဂြိုဟ်တစ်ခုမှ အသိဉာဏ်မြင့်မားသော ဂြိုဟ်သားများ ဖြစ်ကြောင်း၊ ၎င်းတို့ဂြိုဟ်ပေါ်တွင် မျိုးမတူသောတိုင်းနိုင်ငံ များစွာရှိကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုစစ်ဖြစ်ပွားကြရာတွင် သေစေသော လက် နက်များကို သူ့ထက်ငါဦး အသုံးပြု၍တိုက်ခိုက်ကြရင်းမှ နောက်ဆုံးတွင် ဂြိုဟ်ကြီးတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားခဲ့ရကြောင်း သိရပေသည်။ 
ယာဉ်ပျံသုံးစီးသည် ဂြိုဟ်ပေါ်မှ ထွက်ပြေးလွတ်မြောက်ခဲ့ရာ လမ်း ခရီး၌ တစ်စီးသည် လောင်စာကုန်ခန်းကာပျက်စီးသွားရပြီး တစ်စီးမှာ ဥက္ကာပျံ တစ်လုံးနှင့် ဝင်တိုက်ပြီး မီးလောင်သွားခဲ့ကြောင်း၊ ၎င်းတို့မိသားစု ၃ စု ပါဝင်သော ယာဉ်ပျံတစ်စီးသာလျှင် ခရီးဆက်လက်နှင်ခဲ့ကြောင်း၊ ကျွန်ုပ်တို့ ဂြိုဟ်အနီးတွင် စက်လည်းချွတ်ယွင်း၊ လောင်စာလည်းကုန်ခန်းကာ ပျက်စီး ယိုယွင်းသွားကြောင်း၊ ကံကောင်းထောက်မစွာ ကျွန်ုပ်တို့ဂြိုဟ်ပေါ်သို့ ယာဉ် ပျက်ကျ၍ အသက်ချမ်းသာရာရကြောင်း၊ သူတို့အား ဆက်လက်အသက်ရှင် သန်နိုင်ရန်အတွက် ကာကွယ်ပါရန် တောင်းပန်ပြောဆိုကြလေသည်။
 ကျွန်ုပ်လည်း သနားကရုဏာသက်သည်နှင့် ဒုက္ခသည်တစ်သိုက် အား ကျွန်ုပ်တို့ဂြိုဟ်ပေါ်တွင် နေထိုင်စရာဖန်တီးပေးကာ နေစေခဲ့ပေသည်။
ထိုသူများသည် ကျွန်ုပ်တို့နှင့်သွင်ပြင်တူသော်လည်း မျိုးမတူကြောင်း ကို ကျွန်ုပ်သည် မဆွကတည်းကပင် သိရှိခဲ့ပေ၏။
ထိုသူများကား ကျွန်ုပ်တို့ကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါမရှိ။ ထိုသူတို့၏ ကိုယ်မှ အနံ့အသက်မကောင်းသော ချွေးဆိုသည့်အရာများ ထွက်လေ့ရှိကာ ကိုယ်နံ့သည် ဆိုးဝါးလှပေ၏။ ထိုသူတို့သည် တစ်နေရာမှ တစ်နေရာသို့ သွားလာလိုပါက မြေပေါ်တွင် ခြေဖြင့်လျှောက်လှမ်း၍သာ သွားလာနိုင်သော အမျိုးအစားဖြစ်ပေသည်။
ကျွန်ုပ်တို့ကား တစ်နေရာမှတစ်နေရာသို့ သွားလာလိုသည့်အခါ ခြေဖြင့်လျှောက်လှမ်း၍ သွားလိုကသွားနိုင်သည်၊ လေတွင် ကိုယ်ကိုဖော့၍ ဈာန်ဖြင့်သွားလိုက သွားနိုင်သောအမျိုးအစား ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် မိမိသိလိုသောအရာကို သွားရောက်မကြည့်ရှုဘဲ စိတ်စေတသိက်ကိုနှင်၍ သိရှိအောင် ကြံဆောင်နိုင်သူများလည်း ဖြစ်ပေသည်။
‘ဒုက္ခသည်တစ်သိုက်သည်ကား စက်ဆုပ်ဖွယ်ကောင်းသော ကာမ စပ်ယှက်မှုကို နေ့စဉ်ပြုကျင့်ကာ တဏှာရမ္မက်တွင် ပျော်မွေ့တတ်သော သတ္တဝါများဖြစ်ကြောင်း ကျွန်ုပ်တို့ တစ်စတစ်စတွေ့ရှိလာရလေသည်။
ယင်းသို့ဖြင့် ကျွန်ုပ်သည် ၎င်းတို့၏ဓလေ့စရိုက်အမှန်ကို သိရှိရန် ၎င်းတို့လာခဲ့ရာဂြိုဟ်မှ ဖြစ်အင်များအား စိတ်စေတသိက်ကိုနှင်ရင်း ဈာန် သမာပတ်ဝင်စားကာ လေ့လာကြည့်ရှုလိုက်လေသည်။
ထိုအခါ ၎င်းတို့အား အလွန်ပင်အဆင့်နိမ့်ကာ အသိဉာဏ်မြင့်မား သည့် ထူးဆန်းသောသတ္တဝါတစ်မျိုးဖြစ်ကြောင်း သိရှိလာရလေ၏။ လောဘ၊ ရမ္မက်၊ တဏှာတို့ ထုံမွမ်းထားသည့်အတွက် အဆင့်နိမ့်လှသော်လည်း ၎င်းတို့ ၏ အသိဉာဏ်မှာမူ မြင့်မားကြလေသည်။
၎င်းတို့သည် အသုံးအဆောင်ပစ္စည်းကိရိယာများ၊ ယာဉ်ရထားများ၊ စက်ကိရိယာများကို တီထွင်ထုတ်လုပ်နိုင်စွမ်း ရှိကြပေသည်။ သို့ရာတွင် ၎င်းတို့၏ လောဘ၊ ဒေါသမကင်းပေရာ တစ်ဦးနှင့်တစ်ဦး ငြူစူစောင်းမြောင်း ခြင်း၊ ငြင်းခုံခြင်း၊ ခိုက်ရန်ပွားခြင်း၊ သူတစ်ပါးပစ္စည်းကို ခိုးဝှက်ယူငင်ခြင်း၊ အချင်းချင်း ကျူးကျော်စော်ကားခြင်းများကို ပြုကြပေသည်။ ယင်းသို့သော အဘိဇ္ဈာများကြောင့်ပင် သေကြေတတ်စေသော လက်နက်များကို ထုတ်လုပ် ကာ အနိုင်အထက်ကျင့်ကြရင်းမှ ၎င်းတို့၏ဂြိုဟ်ကြီးမှာ ပျက်စီးခြင်းသို့ တိုင်ခဲ့ရပေသည်။
………
ဒုက္ခသည်သတ္တဝါများကား ၎င်းတို့၏ကမ္ဘာကြီး ပျက်စီးခြင်းတိုင်သည် ထိ ဒုက္ခအဖုံဖုံ ကြုံခဲ့ရသော်လည်း သံဝေဂမရကြပါပေ။ ကျွန်ုပ်တို့၏ဂြိုဟ်ပေါ် တွင် မတောင့်မတစားသောက်၍ မကြောင့်မကြနေရသည့်ကြားမှပင် ၎င်းတို့၏ ဗီဇဆိုးများအတိုင်း ဆက်လက်ရှင်သန်မြဲဖြစ်ပေ၏။
၎င်းတို့၏သက်တမ်းမှာလည်း အလွန်တိုတောင်းလှသည်ကို တွေ့ကြ ရပေသည်။ ကျွန်ုပ်တို့၏ဂြိုဟ်ပေါ်တွင် မဖွယ်ရာသော ကာမစပ်ယှက်မှုများ ပြုကြပြီး ထိုသုံးစုံတွဲမှ နောက်ထပ်၍ မျိုးဆက်များပွားကြပေသည်။ သို့သော် ၎င်းတို့၏သက်တမ်းမှာ အလွန်တိုတောင်းလှလေရာ ကျွန်ုပ်တို့မျက်စိရှေ့မှာပင် ထိုသူများသည် အလွန်လျင်မြန်စွာအိုစာလာကြပြီး မကြာမီ ကွယ်လွန်သေဆုံး ကုန်ကြလေသည်။ ကွယ်လွန်ခြင်း၊ သေဆုံးခြင်းဆိုသည့်အရာများ ကျွန်ုပ်တို့ ဂြိုဟ်၌ မရှိချေ။ ကွယ်လွန်သေဆုံးခြင်းကို ကျွန်ုပ်တို့ဂြိုဟ်သားများအဖို့ ယခင် က မမြင်ဖူး၊ မတွေးဖူး၊ မကြားဖူးလေရာ သူတို့သေဆုံးသွားကြသည်ကို ကြည့်၍ လွန်စွာထိတ်လန့်မိလေသည်။
အကြီးဆုံးသောပုဂ္ဂိုလ်များ ကွယ်လွန်တိမ်းပါးသွားသည့်အခါ က လေးသူငယ်များသည် လျင်မြန်စွာလူလားမြောက်လာကြပြီး သူတို့အချင်းချင်း အိမ်ရာထူထောင်မှုကို ပြုကြပြန်သည်။ မျိုးဆက်များလည်း ပွားများကြပြန် သည်။ မကြာခင်မှာပင် သူတို့သည်လည်း အိုမင်းရင့်ရော်ကာ ကွယ်လွန် တိမ်းပါးကြပြန်၏။ ကျန်မျိုးဆက်များလည်း အရွယ်ရောက်ကာ အချင်းချင်း သင့်တော်ရာ အိမ်ရာထူထောင်ကြပြန်လေသည်။
ကျွန်ုပ်၏မျက်စိရှေ့မှာပင် လျှပ်တစ်ပြက်အတွင်း၌ မျိုးဆက်သုံးဆက် တိုင်သည်ထိ ပွားများလာကြလေရာ သူတို့၏ဦးရေသည် ၅၅ ဦးအထိ ရှိလာကြလေ၏။
ကျွန်ုပ်တို့နှင့် သဘောသဘာဝမတူသော်ငြား ၎င်းတို့၏ဓလေ့စရိုက် အတိုင်း အေးဆေးစွာနေထိုင်သွားပါလျှင် ကျွန်ုပ်အနေဖြင့် မည်သို့မျှ အရေး ယူရန်မရှိပါချေ။ သို့ရာတွင် တဏှာမစင်သော ထိုသူတို့သည် ကျွန်ုပ်တို့ဂြိုဟ် ပေါ်၌ အေးချမ်းစွာနေထိုင်ခြင်း မရှိခဲ့ကြပါချေ။
စတင်၍ ပြဿနာဖြစ်ပွားသည်မှာ တစ်ဦးအိမ်ရာကို တစ်ဦးက ပြစ်မှားကြခြင်းပင်ဖြစ်လေ၏။ သီးခြားစီဖြစ်သော အိမ်ထောင်နှစ်ခုမှ အဖိုအမ တို့သည် မိမိတို့ကြင်ဖော်ကွယ်ရာတွင် ဖောက်လွဲဖောက်ပြန်ပြုမူကြသည်ဟူ၏။ နောက်ထပ်တိုးပွားလာသော ကလေးသူငယ်သည် သူနှင့်ရသော ကလေး မဟုတ်၊ အခြားသူတစ်ယောက်နှင့် ဖောက်ပြန်၍မွေးဖွားလာကြောင်း ပြစ်တင် ခိုက်ရန် ဖြစ်ပွားကြကာ ထိုသတင်းသည် ကျွန်ုပ်ထံသို့ ရောက်လာခဲ့လေ၏။ ကျွန်ုပ်က စိတ်ဖြင့်စေစားအကဲခတ်ကြည့်ရာ အမှန်ပင် ဖောက်လွဲဖောက်ပြန် မှုများ ရှိနေသည်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရပေ၏။ ထိုအဖြစ်သည်ကား ၎င်းတို့အသိုင်းအဝိုင်းအတွက် အကျည်းတန်စေသည်သာမက ကျွန်ုပ်တို့ ဂြိုဟ်ကမ္ဘာကိုလည်း စော်ကားမော်ကားပြုမူရာကျပေသည်။
ယင်းသို့ဖြင့် ၎င်းတို့ချင်း ဆက်ဆံရေးမပြေပြစ်မှုများကြောင့် အုပ်စု နှစ်စု ကွဲသွားကြလေသည်။
၎င်းတို့သည် အချင်းချင်းမသင့်မြတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ ဖြစ်ကြရုံမက ကျွန်ုပ်တို့ဂြိုဟ်သားများကိုပင် ဖျက်လိုဖျက်ဆီး ပြုလုပ်လာကြ သည့်အခါ ကျွန်ုပ်အနေဖြင့် ၎င်းတို့အား ဤဂြိုဟ်ပေါ်တွင် ဆက်လက်၍ လက်ခံထားရမည့်ကိစ္စကိုပါ စဉ်းစားလာရလေတော့သည်။
………
ကျွန်ုပ်သည် ကျွန်ုပ်၏ဂြိုဟ်သားနှစ်ဦးဖြစ်သော သိဒ္ဓါနှင့်ဟန္တီတို့အား ၎င်းလူသိုက်ကို စောင့်ကြပ်ကြည့်ရှုရန် တာဝန်ပေးအပ်ထားပေသည်။
မကြာခင်မှာပင် သိဒ္ဓါနှင့်ဟန္တီတို့၏ အမူအရာများမှာ ပြောင်းလဲလာ သည်ကို တွေ့ရပေ၏။ သိဒ္ဓါနှင့်ဟန္တီသည် အိပ်စက်လိုသောဟန်ဖြင့် မျက်ကြော များစင်းကာ အစဉ်ထိုင်းမှိုင်းနေသည်ကို ကျွန်ုပ် သတိထားမိလာခဲ့၏။ သူတို့ ပြောသောစကားများမှာလည်း ဗလုံးဗထွေးနှင့် မသဲမကွဲဖြစ်နေသည်ကို သိ လိုက်ရလေသည်။ ကျွန်ုပ်သည် သိဒ္ဓါနှင့်ဟန္တီတို့ ထိုလူတစ်သိုက်၏ ဖမ်းစား ခြင်းကို ခံယူလိုက်ရပြီဖြစ်ကြောင်း ဆင်ခြင်မိလေသည်။ မည်သို့မည်ပုံ ဖမ်းစား ခံရသည်ကိုမူ ကျွန်ုပ်မသိသေး။
ကျွန်ုပ် လေ့လာအကဲခတ်ရန်ကြံစည်ဆဲမှာပင် သိဒ္ဓါနှင့်ဟန္တီတို့ နှစ်ဦး စလုံး ကိုယ်ရောင်ကိုယ်ဝါများ ကွယ်ပျောက်သွားသည်ကို တွေ့ရပေသည်။ ထို့အပြင် သွားလာလှုပ်ရှားရာ၌ ဈာန်ဖြင့်ကြွမသွားကြဘဲ မြေတွင် လမ်း လျှောက်၍သာ သွားလာနေကြသည်ကိုလည်း သတိပြုမိလိုက်လေသည်။ကျွန်ုပ် သည် ၎င်းတို့နှစ်ဦးအားခေါ်ယူကာ မည်သည့်အတွက်ကြောင့် ဈာန်ဖြင့် မကြွ မြန်းသနည်းဟုမေးမြန်းရာမည်သို့မှ ပြန်မဖြေဘဲ တုံဏှိဘာဝေ လုပ်နေကြ ပေ၏။ ကျွန်ုပ်က ကျွန်ုပ်ရှေ့တွင် ဈာန်ဖြင့်ပျံဝဲပြရန် အမိန့်ပေးသည့်အခါ ၎င်းတို့နှစ်ဦးစလုံး ဈာန်မပျံနိုင်တော့သည့်အဖြစ်ကို တွေ့ရလေတော့သည်။ နှစ်ဦးစလုံး၌ ပါးစပ်တွင်းမှလည်း အလွန်တရာနံစော်သော အနံ့အသက်များကို စက်ဆုပ်စွာရှူရှိုက်လိုက်ရပေသည်။
]]သင်တို့ အသို့ဖြစ်သနည်း။ သင်တို့သည် ဒုက္ခသည် အဆင့်နိမ့် သတ္တဝါများနှင့်ပူးပေါင်းပြီး သူတို့၏အကျင့်အကြံများကို ကျင့်ကြံကြသည် မဟုတ်လော}}
ကျွန်ုပ်က စစ်ဆေးသည့်အခါ သိဒ္ဓါနှင့်ဟန္တီတို့က ဟုတ်မှန်ကြောင်း ဝန်ခံကြလေသည်။ သူတို့ မှားယွင်းမိပါကြောင်းဝန်ခံကာ ငိုယိုကြပေသည်။
]]မိုက်မဲလိုက်ပါဘိတော့။ သက်တမ်းတိုသောသတ္တဝါတို့၏ ဓလေ့ စရိုက်ကို ပြုကျင့်လျှင် သင်တို့လည်း သူတို့ကဲ့သို့ အဆင့်နိမ့်သတ္တဝါဘ၀သို့ လားရပေအံ့။ သင်တို့ မကြောက်သလော။ သင်တို့အား ထိုသတ္တဝါများက မည်သို့ ပြောဆိုစည်းရုံး၍ ဤသို့ဖြစ်ရသနည်း။ ကျွန်ုပ်အား ရှင်းလင်းစွာ ပြောကြားပေလော့}}
………

ဒုက္ခသည်သတ္တဝါများက သိဒ္ဓါနှင့်ဟိန္တီအား ]]သင်တို့ဂြိုဟ်သည် စားသောက်စရာကို အလျှံပယ်ရ၍ အစားအသောက်အတွက် စိတ်ပူပန်စရာ မလိုသော်ငြား အလွန်ပျင်းရိစရာကောင်းကြောင်း၊ သူတို့လာခဲ့ရာဂြိုဟ်၌ ပျော်ရွှင်ချမ်းမြေ့စရာယ စည်းစိမ်ခံစရာအဖြစ်များ လွန်စွာပေါကြောင်း၊ အစား အသောက်မှာလည်း ဤဂြိုဟ်တွင် စားရသကဲ့သို့ အသင့်သီးပွင့်နေသည့် အစားအစာများကဲ့သို့မဟုတ်ကြောင်း၊ ဤဂြိုဟ်၌ အသားငါး စသည်တို့မရှိ၍ စားသောက်ဖွယ်အရသာတွင် ပြီးပြည့်စုံမှုရှိသည်ဟု မဆိုနိုင်ကြောင်း၊ ဤ ဂြိုဟ်တွင် အခြားသောတိရစ္ဆာန်များ မရှိပါသလော}} ဟုမေးမြန်းကာ စတင် စည်းရုံးကြသည်ဟု ဆိုလေသည်။
သိဒ္ဓါနှင့်ဟန္တီက ကမ္ဘာဂြိုဟ်ပေါ်၌ တိရစ္ဆာန်များ ပေါက်ဖွားရှင်သန် နိုင်မှု မရှိကြောင်းဖြေကြားသည့်အခါ တိရစ္ဆာန်တို့၏အသားမှာ လွန်စွာ စား သောက်၍ကောင်းကြောင်း၊ သင်တို့ဂြိုဟ်မှာ အသားငါးလည်းမရှိ၊ စည်းစိမ်ခံ စရာ ပျော်ရွှင်စရာများလည်း မရှိ၍ အလွန်ပျင်းစရာကောင်းကြောင်၊ သင်တို့ ဂြိုဟ်သည် အလွန်တရာအေးလွန်းသည့် ]]ဂြိုဟ်အေး}} တစ်ခု ဖြစ်သည်ဟု ပြောကြသည်ဆို၏။
ထို့နောက် ဒုက္ခသည်များက သူတို့ချက်လုပ်ထားသည့် အထူး ကောင်းမွန်သော ယမကာရှိကြောင်း၊ သောက်သုံးကြည့်ရန် တိုက်တွန်းကြရာ သိဒ္ဓါတို့နှစ်ဦးသည် အမြည်းသဘော သောက်သုံးခဲ့ကြလေ၏။ သတ္တဝါများက ထိုယမကာရရှိရန် ဂြိုဟ်ပေါ်၌ ပေါက်ရောက်သောသစ်ပင်များမှ သစ်ဥသစ်ဖု သစ်ခေါက်များကို မီးဖြင့်ပေါင်းတင်၊ မီးဖြင့်ချက်လုပ်ထားခြင်း ဖြစ်သည်ဟု ပြောပြလေသည်။ ထိုယမကာသည် သောက်သုံးပြီးတစ်ခဏမှာပင် မူးယစ် သလိုလိုဖြစ်လာကာ လွန်စွာပျော်ရွှင်မှုကို ခံစားရသည်ဆို၏။ ယမကာများစွာ သောက်သုံးမိသည့်အခါ စကားလွန်စွာပြောကောင်းပြီး အရှက်အကြောက် များလည်း ပျောက်ကွယ်သွားကြောင်း၊ ဒုက္ခသည်များနှင့်အတူ ရောနှော ကခုန်မိသည်ထိ သတိလက်လွတ်ဖြစ်ကုန်ကြောင်း၊ သို့ရာတွင် နောက်များ၌ လည်း ထိုယမကာကို ထပ်၍သောက်သုံးချင်စိတ်ပေါ်မိကြောင်း၊ သို့ဖြင့် အကြိမ် ကြိမ်သောက်သုံးခဲ့ရာ မိမိတို့၏ကိုယ်ရောင်ကိုယ်ဝါများ ပျောက်ကွယ်၍ ဈာန် မပျံနိုင်တော့သည့်အဖြစ်ကို သိရမှသာ နောင်တရမိပါကြောင်း ကျွန်ုပ်အား ဝန်ခံပြောကြားလေသည်။
ကျွန်ုပ်တို့သည် အပင်မှသီးပွင့်သောအသီး၊ အရွက်တို့ကိုသာ လတ် ဆတ်စွာ စားသုံးကြပေသည်။ ကျွန်ုပ်တို့သည် အစားအစာကို မီးဖြင့်ချက်ပြုတ် ခြင်း မပြုကြချေ။ ပူလောင်သောမီးဓာတ်သည် ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေး ကို ကျဆင်းစေပါသည်။ သိဒ္ဓါတို့နှစ်ဦးမှာ မီးဖြင့်ချက်လုပ်သော မူးယစ်စေ တတ်သည့် သေရည်ကြောင့် ကိုယ်ရောင်ကိုယ်ဝါပျောက်ဆုံးရုံမက ဈာန် မပျံနိုင်တော့သည့်အဖြစ်သို့ ရောက်ရခြင်းပင်။
]]မိုက်မဲပါဘိတော့။ သင်တို့ကို အပြစ်ပေးရမည်။ ယခုအချိန်မှစ၍ ထိုအဆင့်နိမ့်သတ္တဝါများထံ သွားလာမှုမပြုရ။ ငါ၏ဗိမာန်တော်တွင် အကျဉ်းချ ခံရမည်။ သင်တို့သောက်သုံးထားသည့် အရက်သေစာအရှိန်ကုန်၍ ကိုယ် ရောင်ကိုယ်ဝါ ပြန်လည်ရရှိပြီး ဈာန်ပျံနိုင်သည်ထိကျင့်ကြံပြီးမှသာ သင်တို့အား လွတ်လပ်ခွင့်ပေးမည်။ ‘ဒုက္ခည်များသည်လည်း ငါတို့ဂြိုဟ်ကို ဖျက်ဆီးမည့် မိစ္ဆာများဖြစ်ပေသည်။ သူတို့ကိုလည်း ဤဂြိုဟ်ပေါ်မှ ဖယ်ရှားပစ်ပေအံ့}}
………
ကျွန်ုပ်သည် သနား၍ကယ်တင်ထားမိသော သတ္တဝါများအား ကျွန်ုပ် တို့ဂြိုဟ်ပေါ်၌ ဆက်လက်ထားရှိ၍ မဖြစ်နိုင်တော့ကြောင်း ဆင်ခြင်မိပေသည်။ ၎င်းတို့အား ဤဂြိုဟ်ပေါ်မှ ဖယ်ရှားစေမှဖြစ်ပေတော့မည်။
သို့ရာတွင် ကျွန်ုပ်သည် သူတို့အား ရက်စက်စွာနှင်ထုတ်မည် မဟုတ် ပါ။ သူတို့ နေထိုင်အသက်ရှင်ရန် သင့်တော်သောနေရာ ဒေသတစ်ခုအား ရှာဖွေ၍ ဘေးရန်ကင်းအောင် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။
သို့ဖြင့် ကျွန်ုပ်သည် ‘ဒုက္ခသည်သတ္တဝါများနှင့် သင့်တော်သော ဂြိုဟ်တစ်ခုကို စိတ်ဖြင့်ဆင်ခြင်၍ စကြ၀ဠာတံတိုင်းအတွင်း၌ ရှာဖွေကြည့် လေသည်။ ထိုအခါ ကျွန်ုပ်တို့ဂြိုဟ်နှင့် များစွာဝေးလံသောအရပ်မှ အပြာရောင် ဂြိုဟ်သိမ်ဂြိုဟ်မွှားလေး တစ်ခုကို တွေ့မြင်မိပေသည်။ ၎င်းဂြိုဟ်ကလေး၌ သစ်ပင်ပန်းပင်များ ပေါက်ရောက်မှုရှိကာ ရေမြေတောတောင်များ အပြည့်ရှိ၍ သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်နိုင်ကြောင်း ဆင်ခြင်မိလေသည်။ လက်ရှိ အခြေအနေတွင် ၎င်းဂြိုဟ်ငယ်ပေါ်၌ နေထိုင်သော သက်ရှိသတ္တဝါလည်း မရှိသေးချေ။
အဆိုပါဂြိုဟ်ပြာကလေးမှာ ဒုက္ခသည်သတ္တဝါများ၏ အဆင့်အတန်း နှင့် ကိုက်ညီသော ဂြိုဟ်တစ်ခုဖြစ်ပေ၏။ ၎င်းတို့သည် ရေမြေဒေသ ကောင်း မွန်သော ဂြိုဟ်ပြာလေးပေါ်၌ သူတို့ဘာသာရုန်းကန်ရင်း အသက်ဆက်လက် ရှင်သန်နိုင်ကြပေလိမ့်မည်။
ကျွန်ုပ်သည် ကျွန်ုပ်တို့ဂြိုဟ်ပေါ်၌ ရောက်ရှိနေသောသတ္တဝါများကို ထိုဂြိုဟ်ပြာပေါ်သို့ ပို့ဆောင်ရန်ဆုံးဖြတ်လိုက်ပေ၏။
သို့သော် ...
………
ဒုက္ခသည်များနေထိုင်ရာအရပ်မှ အလွန်ဆူညံသောအသံများသည် ကျွန်ုပ်ရှိရာအရပ်ထိ ပျံ့လွင့်လာပြီး မီးစွယ်မီးညွန့်များသည် ကောင်းကင်အထိ ထိုးတက်လာသည်ကိုပါ မြင်တွေ့လိုက်ရလေသည်။
ကျွန်ုပ်က အကြောင်းစုံကိုသိရရန် ကျွန်ုပ်၏တပည့်များဖြစ်သော ရတ္တိနှင့်စပ္မါအား စုံစမ်းရန် စေလွှတ်လိုက်လေသည်။
ရတ္တိနှင့်စပ္မါတို့ မကြာခင် ပြန်လည်ရောက်ရှိလာကာ အကြောင်းစုံကို ကျွန်ုပ်အား ပြောပြပေ၏။
အုပ်စုနှစ်စုကွဲနေသော ဒုက္ခသည်နှစ်စုသည် အရက်သေစာများ သောက်စား၍ မူးယစ်ရမ်းကားကာ ခိုက်ရန်ဖြစ်ပွားကြသည်ဆို၏။ တစ်ဖက်နှင့် တစ်ဖက် တုတ်လက်နက်များ၊ ခဲများဖြင့် ရိုက်နှက်ပစ်ပေါက်ကြသည်ဆို၏။ ထို့နောက် မီးများဖြင့်ပစ်ပေါက်ကာ နေထိုင်ရာများကို မီးဖြင့်တင်ရှို့ကြသည် ဆိုပေ၏။ နှစ်ဖက်စလုံးအထိနာကြကာ ရတ္တိနှင့်စပ္မါ ရောက်သွားပြီး ဖျန်ဖြေ ချိန်တွင် လေးဦးတည်းသာ အသက်ရှင်လျက် ကျန်ရစ်တော့သည်ဆိုပေ၏။ မိုက်မဲလှသောသူများပါတကား။
………
ကျွန်ုပ်သည် အသက်ရှင်လျက် ကျန်ရစ်သူလေးဦးအား ကျွန်ုပ် ရှေ့တော်မှောက်သို့ ခေါ်ဆောင်စေလိုက်သည်။
ကျန်ရစ်သူ ၄ ဦးကား အဖိုသတ္တဝါ ၂ ဦးနှင့် အမသတ္တဝါ ၂ ဦး တို့ ဖြစ်ကြလေ၏။
]]သင်တို့ကား မိုက်မဲသူများဖြစ်သည်။ သင်တို့သည် ကျွန်ုပ်တို့ဂြိုဟ် နှင့် မတန်၊ ကျွန်ုပ်တို့ဂြိုဟ်တွင် သင်တို့ ဆက်လက်နေထိုင်ရန် မသင့်တော် တော့။ သင်တို့အား သင်တို့နှင့်သင့်တော်ရာနေရာသို့ ပို့ဆောင်ပေးတော့မည်။ ထိုနေရာ၌ သင်တို့သည် သင်တို့ကိုယ်တိုင် ရုန်းကန်ရှာဖွေစားသောက်၍ သင်တို့အသက်ကိုရှည်အောင် ပြုမူကြလော့၊ သင်တို့မျိုးဆက်ကို တည်တံ့ အောင် တည်ထောင်ကြလော့၊ သင်တို့ကား အဆင်သင့်ရရှိနေသော အသီး အပွင့်များကို အေးချမ်းစွာစားသုံးနေရသည်ကိုပင် အေးဆေးစွာမနေဘဲ မိုက်မဲ သူများဖြစ်ပေ၏။ သင်တို့ကား မအားလပ်အောင်ရုန်းကန် လှုပ်ရှားနေမှသာ သင့်သောသူများဖြစ်ပေသည်။ သင်တို့ရောက်ရှိမည့်အရပ်သည့် သင်တို့နှင့် သင့်တော်သောအရပ်ဖြစ်ပေအံ့။ ထိုအရပ်၌ သင်တို့သည် မရပ်မနား ရုန်းကန် ရှာဖွေစားသောက်မှသာ အသက်ရှင်သန်ခွင့်ရပေအံ့။ ဤသို့ဖြစ်သည်မှာ သင် တို့ထံ၌ အရိုးစွဲနေပြီးဖြစ်သည့် လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတယတရား များနှင့် မရိုးဖြောင့်သော သင်တို့စိတ်ထားများကြောင့် သင့်တော်ရာအရပ်သို့ ရောက်ရှိခြင်းဟုပင် မှတ်ယူကြပေလော့။ ကျွန်ုပ် သင်တို့အတွက် ယာဉ်ပျံ တစ်စီး စီစဉ်ပေးမည်။ ထိုယာဉ်ပျံသည် သင်တို့နှင့် သင့်တော်သောဂြိုဟ်ပြာ အထက်သို့အရောက်တွင် အလိုအလျောက် ပျက်စီးသွားပေအံ့။ သင်တို့သည် ကိုယ်ချည်းသက်သက် ဂြိုဟ်ပြာပေါ်သို့ အန္တရာယ်ကင်းစွာကျရောက်ပေအံ့။ ဂြိုဟ်ပြာပေါ်၌ သင်တို့သည် သင်တို့ဘ၀ကို အစမှပြန်၍ အစပြုကြလော့၊ ရုန်းကန်ကြလော့။ ဤသည်ကား သင်တို့အတွက် ကျွန်ုပ် ကရုဏာအထား နိုင်ဆုံး လုပ်ရပ်ပင်တည်း။ ငမိုက်သားများ၊ ယာဉ်ပျံပေါ်သို့တက်ကာ ကျွန်ုပ်တို့ ဂြိုဟ်မှ ယခုပင်ခွာပေတော့}}
………
ထိုအဖြစ်အပျက်များဖြစ်ပျက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာချေပြီ။
ဒုက္ခသည်များ ထွက်ခွာသွားပြီးနောက် ကျွန်ုပ်သည် ၎င်းတို့ဂြိုဟ် ပေါ်တွင် နေထိုင်သွားခဲ့သည့် သဲလွန်စများကို ဖျောက်ဖျက်ပစ်ခဲ့လေသည်။ မကောင်းမှုဒုစရိုက်၏ အစအနများကို ပျောက်ပျက်စေကာ ကျွန်ုပ်တို့ဂြိုဟ်ပေါ်၌ ဆိုသွမ်းသူများ တဒင်္ဂနေထိုင်သွားခဲ့ဖူးသည်ကို ဂြိုဟ်သားများ မေ့ပျောက် သွားစေရန် ကြိုးပမ်းခဲ့ရလေသည်။
၎င်းတို့နေထိုင်သွားသည်မှာ ကျွန်ုပ်တို့အတွက် တဒင်္ဂမျှသာ ကြာ သော်လည်း ၎င်းတို့ကား ကျွန်ုပ်တို့ဂြိုဟ်ပေါ်တွင် မျိုးဆက်ငါးဆက်အထိ ပွားများသွားသည် မဟုတ်ပါလော။ ၎င်းတို့သည် သက်တမ်းတိုသောသတ္တဝါ များဖြစ်ကြ၍ တိုတောင်းသောအချိန်အတွင်း ဤမျှမျိုးဆက်ပျံ့ပွားနိုင်ခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့ဂြိုဟ်ပေါ်သို့ ယာဉ်ပျံပျက်ကျကာ ရောက်လာစဉ်က ၁၅ ဦးမျှသာဖြစ်သော်လည်း နောက်ဆုံးတွင် ဦးရေတစ်ရာကျော်အထိ ပြိုင် တူအသက်ရှင် နေထိုင်သွားကြပေသည်။ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွား ရင်း တိုက်ခိုက်ကြ၍သာ ၄ ဦးတည်း အသက်ရှင်သန်ကျန်ရစ်ခြင်း ဖြစ်ပေ၏။
ထို ၄ ဦးသည် အဖိုနှစ်ဦးနှင့် အမနှစ်ဦးဖြစ်သည်မို့ ကျွန်ုပ် ပို့ဆောင် လိုက်သော ဂြိုဟ်ပြာပေါ်၌ ၎င်းတို့အချင်းချင်း ပေါင်းသင်းစပ်ယှက်ကာ မျိုးဆက် များ ထပ်မံပွားများနေကြပေလိမ့်မည်။
ကျွန်ုပ်သည် ရံဖန်ရံခါတွင် ဧည့်သည်အဖြစ် ရောက်လာခဲ့သော ထိုသူများအား သတိရမိပေ၏။ သူတို့အား စက်ဆုပ်မိသလို သနားကရုဏာ လည်း သက်မိသည်။ သူတို့ကား အကျွတ်တရားရရန် ဝေးသေးသည့် သတ္တဝါ များ ဖြစ်ပေသည်။ အကျွတ်တရားရရန် ဘ၀ပေါင်းများစွာ နှစ်ပေါင်းများစွာ စောင့်စားရဦးမည့် သနားစရာသတ္တဝါများ ဖြစ်ပေသည်။
ကျွန်ုပ်သည် ၎င်းတို့၏ လက်ရှိအခြေအနေကို သိချင်လာမိသည်။
သို့နှင့် ကျွန်ုပ်ပို့ဆောင်လိုက်သော ဝေးလံလှသောဂြိုဟ်ပြာပေါ်သို့ ကျွန်ုပ်၏တပည့်နှစ်ဦးဖြစ်သော ဒတ္တနှင့်ကိတ္တာတို့အား စေလွှတ်၍ စုံစမ်းခိုင်း လိုက်လေသည်။
ကျွန်ုပ် စေတမန်အဖြစ် စေလွှတ်လိုက်သော ဒတ္တနှင့်ကိတ္တာတို့သည် မကြာခင် ပြန်လည်ရောက်ရှိလာကာ ကျွန်ုပ်အား အစီရင်ခံတင်ပြခဲ့ပေသည်။
]]မှန်ပါ၊ ဒုက္ခသည်လူသား ၄ ဦးမှပေါက်ပွားလာသော မျိုးဆက် လူသားများသည် ယခုတိုင် ဂြိုဟ်ပြာပေါ်၌ အသက်ရှင်နေထိုင်လျက် ရှိပါ သည်။ သူတို့သည် ဦးရေ သန်းနှင့်ချီ၍ ပေါက်ပွားပြီးဖြစ်ပါသည်}}
]]အလို ...များပြားလှပါဘိတော့။ တိုတောင်းသောကာလအတွင်း ဤမျှများပြားစွာ ပွားများပေသကိုး။ အိမ်း ...ဤသက်တမ်းတိုသောသတ္တဝါ များဆိုတော့လည်း အချိန်တိုတိုအတွင်း မျိုးပွားမှုမြန်ဆန်ပေမပေါ့။ ဤ ဂြိုဟ်တွင် နေထိုင်သည့်တစ်ခဏမှာတောင် မျိုးဆက်ငါးဆက် ပွားခဲ့ပေသေး သကိုး}}
]]မှန်ပါ။ ဤဂြိုဟ်ပေါ်မှပို့ဆောင်လိုက်သော ပုဂ္ဂိုလ်များ ကွယ်လွန် တိမ်းပါးခဲ့သည်မှာ သူတို့ဆီ၌ များစွာကြာမြင့်ခဲ့ပါပြီ။ နောင်လာနောက်သား များသည် ထိုပုဂ္ဂိုလ် ၄ ဦးအား ၎င်းတို့အား မျိုးစေ့ချပေးရန် ကောင်းကင်မှ ကျရောက်လာသည့် ဗြဟ္မာကြီးလေးဦးအဖြစ် သတ်မှတ်ယုံကြည်လျက် ရှိကြကြောင်းပါ}}
]]အလို ...ရယ်စရာကောင်းပေစွ။ အနို့ ...လက်ရှိလူသားများ၏ အခြေအနေကကော မည်သို့ရှိသနည်း}}
]]သူတို့ကား လောဘ၊ ဒေါသ၊ မောဟမကင်းစင်သေးသည့် သာမန် အဆင့်နိမ့်သတ္တဝါအဆင့်မှာပင် ရှိကြသေးကြောင်းပါ။ သို့သော် ဉာဏ်ရည် ထက်မြက်သော ပုဂ္ဂိုလ်များလည်း ပေါ်ထွန်းလျက်ရှိကြောင်းပါ။ သူတို့သည် များစွာတိုးတက်ထွန်းကားအောင်လည်း ကြံဆောင်နိုင်ကြောင်းပါ။ ကျွန်ုပ်တို့ ကဲ့သို့ လူကိုယ်ချည်း ဈာန်မပျံနိုင်သော်ငြား လေထဲတွင်ဝဲပျံနိုင်သော ယာဉ်ပျံ များ တီထွင်နိုင်ပါသည်။ မြေပေါ်၌သွားလာသော ယာဉ်ရထားအမျိုးမျိုး၊ ရေထဲ၌သွားလာနိုင်သော ယာဉ်အမျိုးမျိုးသာမက ရေအောက်သို့ ငုပ်လျှိုး သွားရောက်နိုင်သည့်ယာဉ်များကိုလည်း တွေ့ရှိခဲ့ကြောင်းပါ။ ထို့ပြင် တစ်နေ ရာမှတစ်နေရာသို့ စိတ်စေတသိက်ဖြင့် မဟုတ်ဘဲ စက်ကိရိယာဖြင့် ပို့လွှတ် ဆက်သွယ်နိုင်သည့် စက်ကိရိယာများလည်း ပေါ်ထွန်းလျက်ရှိပြီး အရုပ်များ အသံများကို ဝေးလံသည့်အရပ်ရောက်အောင် ပို့ဆောင်နိုင်ကြောင်းပါ}}
]]သို့ တိုးတက်ထွန်းကားမှုကြောင့် သူတို့၏ဘ၀များသည် ပျော်ရွှင် သာယာဝပြောနေပြီဟု ဆိုနိုင်ပြီလော}}
]]မဆိုနိုင်ပါ။ တိုးတက်ထွန်းကားမှုများသည်ပင် ၎င်းတို့အား ပြန် လည်၍ ဒုက္ခပေးလျက်ရှိပါသည်။ တစ်ဦးနှင့်တစ်ဦး တုပြိုင်ပလွှားမှုများ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်စော်ကားမှုများ၊ နိုင့်ထက်စီးနင်းဖြစ်ရပ်များ၊ အာဏာလုသည့်အဖြစ်များ နေရာအနှံ့၌ ဖြစ်ပွားနေကြောင်းပါ။ လက်ရှိမှာပင် စစ်ပွဲကြီးများ များစွာဖြစ်ပေါ်လျက် လူသတ်လက်နက်များကို အသုံးပြုကြသော ကြောင့် သေကြေသူ၊ ဒုက္ခရောက်သူများ မရေတွက်နိုင်အောင် ရှိနေကြ ကြောင်းပါ}}
]]မိုက်မဲသော သတ္တဝါများပင်တကား။ ယခင်က သူတို့၏ ဘိုးဘေး ဘီဘင်များသည်လည်း လောဘ၊ ဒေါသ၊ မောဟများကြောင့် သူတို့နေထိုင်ရာ ဂြိုဟ်ကြီးတစ်ခုလုံး ပျက်စီးကြေမွကာ ဒုက္ခရောက်ခဲ့ရပြီးပေပြီ။ သူတို့ကား ထိုအဖြစ်များကို သိမည်မဟုတ်။ ယခုလည်း ဤအတိုင်းပင် ဆက်၍ စခန်း သွားနေကြပါက သူတို့၏ကမ္ဘာသည်လည်း မကြာမီပျက်စီးပေအံ့။ အင်း သံဝေဂရလောက်ပါပေတယ်}}
ကျွန်ုပ်ကား ကမ္ဘာဂြိုဟ်ပေါ်မှ လူသားဆိုသည့်သတ္တဝါများ၏ ဖြစ် အင်ကိုကြည့်ကာ ကရုဏာသက်မိသည်နှင့်တကွ သံဝေဂများလည်း ပွားများ မိပေသည်။
ထိုလူသားများသည် ကျွန်ုပ်တို့ဂြိုဟ်အား ပျင်းရိစရာကောင်းလှသော ဂြိုဟ်အေး…. ကြီးဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ပေသည်။
ကျွန်ုပ်ကလည်း လူသားများ၏ကမ္ဘာကြီးအား ဒုက္ခသုက္ခပေါင်းစုံ ရောပြွမ်းနေသော ဂြိုဟ်ပူကြီး ဟူ၍ ခေါ်ဝေါ်သမုတ်လိုက်ချင်ပါပေသည်။
                                                                     ဆောင်းလုလင်

ဆောင်းလုလင်-၏ စက်ရုပ်တစ္ဆေ နှင့် သိပ္ပံဝတ္ထုတိုများစာအုပ်မှ ကောက်နှုတ်တင်ပြ သည်။

No comments: