Thursday, 16 August 2012

နွေတမာန် - ယာယီတစ္ဆေ (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ယာယီတစ္ဆေ

ကျွန်တော်သည် နှစ်ရှည်လများ အရက်သောက်သုံးမှုဒဏ်ကြောင့် ရောဂါဘယမျိုးစုံဖြင့် သေလွန်ရပေတော့မည်။ ကျွန်တော့်ဘ၀ ၏နောက်ဆုံးအချိန်မှာ အလွန်ပင်နီးကပ်နေပြီဟုထင်မိပါသည်။
ဆေးရုံပေါ်သို့ရောက်နေသည်ဆိုသည်ကို တစ်ချက်တစ်ချက် သတိရလိုက်သော်လည်း အချိန်ကာလတော်တော်များများမှာ သတိလစ် မေ့မျောနေလေသည်။
တစ်ချက်တစ်ချက် ခဏတာမျှ သတိရလိုက်ချိန်တွင် ကုတင်နဘေး၌ စိတ်သောကရောက်စွာ ကျွန်တော့်မျက်နှာကိုထိုင်ကြည့်နေရှာသည့် မိခင်အိုကြီးကိုလည်းကောင်း၊ အားကိုးရာမဲ့စွာငိုရှိုက်နေသောဇနီးသည်ကိုလည်းကောင်း၊ မျက်စိသူငယ်နားသူငယ်ဖြင့် ရပ်ကြည့်နေရှာသော လူမမယ် သားနှင့်သမီးလေးကိုလည်းကောင်း မြင်လိုက်ရလေသည်။
ထိုအခါများ၌ ကျွန်တော်သည် … ငါသေလျှင် အမေလည်း စိတ်သောကရောက်ကျန်ရစ်တော့မည်။ ငါ့မိန်းမလည်း အားကိုးရာ မဲ့တော့မည်။ သားသမီးလေးများလည်း မျက်နှာငယ်ကျန်ရစ်ရှာတော့မည်ဟု တွေးမိပြီး နောင်တကြီးစွာရမိပေတော့၏။
သို့သော်… …  နောင်တက နောင်တသာဖြစ်၍ အရက်ကြောင့်  ကျွမ်းနှင့်ပြီးသောဝေဒနာများကို ယခုအချိန်ကျမှ တားမြစ်ထားလို့ မဖြစ်နိုင်တော့ပေ။
မိခင်ကြီးက ကုတင်ဘေးတွင်ထိုင်ရင်း ပုတီးမပြတ်စိတ်ကာ စိတ်ပုတီးဖြင့် ကျွန်တော့်ကို ခေါင်းမှရင်ပတ်အထိ သပ်သပ်ပေးနေသည်ကို မြင်ရသည့်အခါ မိခင်ကြီး၏သောကနှင့်မေတ္တာကို ခံယူမိပြန်သည်။ သည်ဘ၀မှာဖြင့် ကျွန်တော်သည် မိဘကျေးဇူးကိုပြန်ဆပ်နိုင်တော့မည် မဟုတ်ပေ။
အမေသည် ကျွန်တော်တို့မောင်နှမများကို မုဆိုးမဘ၀ဖြင့် လုပ်ကိုင်ကျွေးမွေးကာ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကြံဆောင် နိုင်ခဲ့ပေသည်။ အမေက ကျွန်တော့်အပေါ်တာဝန်ကျေသလောက် ကျွန်တော်က ကျွန်တော့်သားသမီးများအပေါ် တာဝန်ကျေနိုင် တော့မည်မဟုတ်ပါ။
]]သားရယ် မင်းအဖေသေရတာလည်း အရက်ကြောင့်၊ အရက်ကြောင့် မင်းအဖေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့သေရရှာတယ်၊ ဘုရားမကြိုက်တဲ့အလုပ်ကို ရှောင်ပါသားရယ်}}
အမေ မကြာခဏဆုံးမခဲ့သောစကားများဖြစ်ပါသည်။

အဖေသည် ကျွန်တော့်လိုပင် အရက်ကိုကြိုက်နှစ်သက်သူဖြစ်ပါသည်တဲ့။ အဖေ့ကို ကျွန်တော်မမှတ်မိပါ၊ ကျွန်တော့်အသက် ရှစ်နှစ်အရွယ်မှာ အဖေကွယ်လွန်သွားသည့်အတွက် အဖေ့ကို သေသေချာချာ ကျွန်တော် မမှတ်မိလိုက်ချေ။ အဖေသေတော့ အမေ့မှာ အသက်သုံးဆယ်ပဲရှိသေးသည်။ ကျွန်တော့်အထက်က အစ်မနှစ်ယောက်နှင့် သားသမီးသုံးယောက်ကျန်ခဲ့သောအမေသည် မုဆိုးမဘ၀ဖြင့် ကျွန်တော်တို့မောင်နှမများကို ဈေးတောင်းခေါင်းရွက်ကာ ရှာကျွေးခဲ့ပေသည်။
အဖေ့ကို ကောင်းစွာမမှတ်မိသော်လည်း ကျွန်တော်သည် အဖေတူသားတစ်ယောက်ဖြစ်ခဲ့ပါ၏။ အဖေ့လိုပင် အရက်ကိုနှစ်သက် စွဲလမ်းသည်။  ခုတော့… … … အဖေ့လိုပင် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရပေတော့မည်။
ယခု… … ကျွန်တော့်အသက် လေးဆယ်။ လေးဆယ်ဆိုသည်မှာ လူ့ဘ၀အတွက် အရွယ်ကောင်းလေးသာရှိသေး၏။ အရွယ်ကောင်းလေးမှာ ကျွန်တော်သေရတော့မည်။
ခဏတာ သတိလည်လာသည့်အချိန်တွင် ကျွန်တော်သည် နောင်တဖြင့် ဝမ်းနည်းကြေကွဲနေမိပေ၏။
ဘေးတွင်ဝန်းရံနေသော အမေနှင့်ဇနီးသားသမီးများကိုကြည့်ကာ နောင်တရပူဆွေးနေဆဲတွင် ကျွန်တော်သည် သတိ လက်လွတ်ဖြစ်သွားပြန်လေသည်။
ကျွန်တော်ရှေ့မှာအရာများအားလုံးမှာ ဝေဝါးမှေးမှိန်သွားသည်။ ဖြူဖွေးသောမျက်နှာကျက်ကြီးသည် ကျွန်တော့်အမြင်တွင် နက်မှောင်သော ထုထည်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ ကျွန်တော်အပေါ်တွင် ဖိနှိပ်လိုက်လေသည်။
]]အမလေး… ဒီတစ်ခါတော့ သွားပြီးထင်ပါရဲ့၊ ကျေးဇူးရှင်ကြီး…  ကိုတင့်အောင်ရေ}}
]]သား… … သား… မောင်တင့်အောင်}}
]]အဖေ… … …  အဖေရေ………
မိခင်နှင့်ဇနီးသားသမီးတို့အသံများကို နောက်ဆုံးအဖြစ်နှင့်ကြားလိုက်ရသည်။
ကျွန်တော်သည် ရုတ်တရက် နက်မှောင်သောချောက်ကမ်းပါးတစ်ခုထဲသို့ ပြုတ်ကျသွားသကဲ့သို့ရှိကာ အတန်ကြာကြာ အသည်းတအေးအေးဖြင့် တွယ်ရာမဲ့ဖြစ်နေလေသည်။
မဆုံးနိုင်သော မဲမှောင်သည့်ချောက်ကြီးထဲသို့ ကျဆင်းနေသော ကျွန်တော်သည် တစ်နေရာအရောက်တွင် တုံ့ကနဲ ရပ် သွားလေတော့သည်။ နက်ရှိုင်းသောချောက်ကမ်းပါးအတွင်း လိမ့်ဆင်းကျသွားသည့်အတွက် အောက်ခြေရောက်လျှင် အတော်နာကြင် သွားလိမ့်မည်၊ အသက်ပင်ထွက်သွားနိုင်မည်ဟု မျှော်လင့်ထားမိသောကျွန်တော်သည်… … …  တုံ့ကနဲ ရပ်အသွား၊ မည်သို့မျှ မခံစားရပဲ ကျွန်တော့်ခန္ဓာကိုယ်မှာ ရောက်သည့်နေရာတွင် တန့်နေသည်ကို တွေ့လိုက်ရ၏။
ဘေးပတ်ဝန်းကျင်ကိုတော့ ဘာဆိုဘာမျှ မမြင်ရပါ။ နားထဲ၌ အူနေသော လေသံများကို အဆက်မပြတ်ကြားနေရပေသည်။ ကျွန်တော် သေများသေသွားပြီလား။
ကျွန်တော်က အသက်ကိုရှူကြည့်လိုက်သောအခါ ကျွန်တော့်ရင်ပတ်သည် ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ရှူသွင်းရှူထုတ်လို့ရ နေသည်ကို တွေ့နေရပေသည်။
ကျွန်တော်က အားတင်းကာ မတ်တပ်ရပ်ကြည့်လိုက်သည်။
ကျွန်တော်သည် မြေကြီးပေါ်တွင် မတ်တပ်ရပ်လျက်ဖြစ်သွားသည်ဟုထင်မိပါသည်။ သို့သော်… ကျွန်တော်၏ခန္ဓာကိုယ်ကို ကျွန်တော်မမြင်ရပါ။ ငုံ့ကြည့်သော်လည်း ကျွန်တော့်ကိုယ်ကျွန်တော် မမြင်ရပေ။ ကျွန်တော့် ခန္ဓာကိုယ်ပျောက်ဆုံးနေပေ၏။ မှောင်လွန်းသောအမှောင်ထုကြောင့် မမြင်ရခြင်းလေလား။
ကျွန်တော်က နေရာမှရွေ့အောင် ခြေကိုလှမ်းကြည့်လိုက်သည်။  ခြေလှမ်းမှာကြွသွားသော်လည်း ကျွန်တော်သည် ခြေကို လှမ်းစရာမလိုပဲ ရွေ့သွားလေသည်။ ယခုတစ်ခါရွေ့မျောသွားပုံမှာ အထက်မှကျလာသည်မျိုးမဟုတ်ပဲ အတည့်အတိုင်း ရှေ့သို့ ခြေလှမ်း စရာမလိုပဲ မျောလွင့်နေခြင်းဖြစ်ပြန်သည်။
ကျွန်တော်က ကိုယ့်အဖြစ်ကိုယ်အံ့ဩကာ ရပ်နားရန်ကြိုးစားသော်လည်း ရပ်လို့မရ။ ကျွန်တော့်ခန္ဓာကိုယ်သည် ရှေ့တူရူသို့ တည့်တည့်ကြီး မျောနေလေသည်။ အပေါ်ကကျလာသည့်အရှိန်လောက်မပြင်းထန်သော်လည်း ပတ်ဝန်းကျင်ကိုဘာမျှမမြင်ရပဲ ဘယ်ကိုမှန်းမသိ တရွေ့ရွေ့မျောနေသည်ကို ကြောက်လန့်လာမိလေသည်။
တစ်နေရာအရောက်တွင် ရှေ့မှအလင်းရောင်လိုလိုမြင်လိုက်ရ၍ အားတက်သွားလေသည်။
ထိုအခါမှပင် ကျွန်တော်သည် မဲမှောင်သောလိုဏ်ခေါင်းလိုအရာကြီးထဲတွင် ရောက်ရှိနေခြင်းဖြစ်ကြောင်းနှင့် ရှေ့ရှုလွင့်မျော နေသောနေရာမှအလင်းရောင်မှာ လိုဏ်ခေါင်းအပေါက်ဖြစ်နိုင်ကြောင်းဆင်ခြင်မိလိုက်သည်။
လိုဏ်ခေါင်းအပေါက်ကိုရောက်လျှင်ဖြင့် အမှောင်ထုထဲမှလွတ်မြောက်တော့မည်ဟုတွေးကာ အားတက်မိပေသည်။
တရွေ့ရွေ့ဖြင့် ကျွန်တော်သည် လိုဏ်ခေါင်းအပေါက်ဟုထင်ရသော နေရာသို့ရောက်လာလေသည်။ ထိုနေရာအရောက်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် အမြန်လွင့်မျောသွားပြန်ကာ လိုဏ်ခေါင်းအတွင်းမှထွက်သွားသည်ဟုထင်လိုက်မိပေ၏။
လိုဏ်ခေါင်းမှလွန်လျှင် လွတ်လပ်သောအလင်းရောင်နယ်မြေသို့ ရောက်လိမ့်မည်ဟုထင်ထားသောအထင်မှာ မှားသွားပြန်လေသည်။
လိုဏ်ခေါင်းအဝမှထွက်လိုက်သည်နှင့် အလွန်ပူပြင်းသော အပူရှိန်ကြီးက ကျွန်တော့်ကိုဟပ်လိုက်လေသည်။ အပူရှိန်ကြောင့် ကျွန်တော့်တစ်ကိုယ်လုံးကြွတ်ရွသွားပြီဟုပင် ထင်လိုက်မိကာ မြေကြီးပေါ်သို့အရှိန်ပြင်းစွာ ကိုင်ရိုက်လိုက်သလို ပြင်းထန်စွာလဲကျ သွားလေတော့၏။
မည်မျှကြာကြာလဲကျပြီး သတိလစ်နေသည်မသိ။ သတိပြန်ရလို့ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ ကျွန်တော်သည် တောအုပ်ကြီးတစ်ခုအတွင်းရောက်နေသည်ကို တွေ့လိုက်ရလေ၏။ သစ်ပင်အမြင့်များကြားတွင် ကျွန်တော့်ကိုယ်လုံးမှာ မြုပ်နေလေသည်။ ကျွန်တော့်အရပ်ထက်မြင့်သောသစ်ပင်များဖြစ်သော်လည်း ထိုသစ်ပင်ကြီးများသည် ကြီးမားသောပင်စည်ရှိသည့် သစ်ပင်မျိုးမဟုတ်ပါ။ မြက်ပင်ကဲ့သို့ စိမ်းသောအရောင်ရှိသည့်အရွက်ချပ်ကြီးများ မြေတွင်ပေါက်နေခြင်းသာဖြစ်ပါသည်။
ကျွန်တော့်ဘေးတွင်လည်း လှုပ်ရှားသွားလာနေသော လူတစ်ချို့ကိုတွေ့လိုက်ရလေသည်။
ကျွန်တော်သည် အားယူထရင်း ထိုလူများကို အကဲခတ်ကြည့်လိုက်သည်။ ထိုအခါ တွေ့ရသမျှလူအားလုံးမှာ အချိုးမကျ၊ အရုပ်ဆိုးအကျည်းတန်လှသောသူတွေချည်းဖြစ်ကြောင်း တွေ့ရပြန်လေ၏။ ခေါင်းကြီးကိုယ်သေးနှင့်လူ၊ ကိုယ်ကြီးခေါင်းသေးနှင့်လူ၊ နားရွက်ကြီးမှာကြီးမားလွန်းသောကြောင့် မြေတွင် ဒရွတ်ဆွဲနေသောလူ၊ စကောဝိုင်းလောက်ပြူးကျယ်နေသော မျက်လုံးများရှိသည့်လူ၊ ဂျိုပေါက်နေသည့်လူ၊ နှာခေါင်းကြီးရှည်လျားကာ ဆင်နှာမောင်းကဲ့သို့ တွဲကျနေသောလူ… …  စသဖြင့် မျိုးစုံလှလေသည်။
လူကဲ့သို့ အချိုးတကျရှိသူများမှာလည်း မျက်နှာတွင်ရော၊ တစ်ကိုယ်လုံးတွင်ပါ အဖုအထစ်များ၊ အနာများ၊ ဒဏ်ရာများဖြင့် မြင်မကောင်းအောင် အကျည်းတန်လျှက်ရှိပေသည်။
ထိုသူအားလုံးမှာ ကျွန်တော့်ဘေးမှဖြတ်သန်းသွားနေကြသော်လည်း ကျွန်တော့်ကို လုံးလုံးဂရုမစိုက်၊ ရှိတယ်လို့ပင်ထင်ဟန်မတူပဲ တချို့က တမင်သက်သက်ပင် ဝင်တိုက်သွားကြသေးသည်။
ကျွန်တော်ကအကျိုးအကြောင်းမေးရန် သူတို့မျက်နှာကိုကြည့်သော်လည်း အသိအကျွမ်းပြုရမှာစိုးဟန်ဖြင့် မျက်နှာလွှဲသွားကြသည်။ တစ်ချို့ကတော့ လှောင်ပြောင်ပြ၍ပင် သွားကြပါသေးသည်။
ကျွန်တော်လည်း ဆက်ပြီးမကြိုးစားတော့ပဲ ကိုယ်ဘာသာစုံစမ်းဖို့ဆုံးဖြတ်ကာ သူတို့သွားသည့်နောက်သို့ လိုက်လာခဲ့လေသည်။
ပုံစံအမျိုးမျိုးသော ရွံ့ရှာကြောက်လန့်ဖွယ်လူများမှာ ဟိုမှသည်မှ ဥဒဟိုသွားလာနေကြပေသည်။ ကျွန်တော်သည် မည်သူ့နောက်လိုက် ရမှန်းမသိ၊ ဘယ်ကိုသွားရမှန်းမသိနှင့် ခြေဦးတည့်ရာ လျှောက်သွားနေမိလေ၏။
တစ်နေရာတွင် ထိုလူများသည် မြေကြီးပေါ်မှာ တစ်စုံတစ်ရာကို အလုအယက်ကောက်ယူနေကြသည်ကိုတွေ့လိုက်၍ ကျွန်တော်က ရပ်ကြည့်နေလိုက်သည်။
ကောက်ယူသောအရာကို ရသွားဟန်တူသောသူများက အားရရွှင်လန်းစွာ ထိုနေရာမှထွက်ခွာသွားကြလေသည်။ မရလိုက်သောသူ တို့မှာ သားရေတမြားမြားကျရင်း ငေးမောကာ ကျန်ရစ်ခဲ့လေ၏။ မြေကြီးပေါ်မှ အလုအယက်ကောက်ယူသောအရာမှာ မည်သို့သောအရာမျိုး ဖြစ်ကြောင်း ကျွန်တော် မမြင်လိုက်ရပါ။
ကျွန်တော်သည် အလွန်တရာရုပ်ပျက်ဆင်းပျက်မရှိသေးသော လူတစ်ယောက်ကို မြင်မိကာ ထိုသူ၏နောက်မှ အသာနောက်ယောင်ခံ၍ လိုက်သွားမိပြန်သည်။ ထိုသူသည် တစ်နေရာအရောက်တွင် မြေပေါ်သို့ လေးဖက်ထောက်ကုန်းလိုက်ကာ မြေကြီးပေါ်မှာအရာများကို လျှာဖြင့်လျက်လိုက်သည်ကို မြင်လိုက်ရလေသည်။
ကျွန်တော်သည် စိတ်ဝင်စားသွားကာ ထိုသူ့အနားသို့ပြေးသွားလိုက်သည်။
]]ခင်ဗျား ဘာလုပ်နေတာလဲဗျ}}
ထိုသူက မြေကြီးပေါ်လေးဖက်ကုန်းနေရာမှ ထလာရင်း လျှာကိုသတ်ကာ ကျွန်တော့်ကိုပြောလိုက်သည်။
]]ဘာလုပ်နေရမှာလဲဗျ၊ အစာလေးစားလိုက်ရလို့ စိတ်ကြေနပ်နေချိန်မို့သာ ခင်ဗျားကိုကောင်းကောင်းပြန်ပြောမိတာ၊ အခုနက အစာမစားရခင်များ ခုလိုမေးခွန်းမျိုးလာမေးစမ်းပါ၊ ကျုပ် ခင်ဗျားကို ဆွဲလုပ်မိမှာပဲ}}
]]ကျွန်တော်မေးတာ ဘာများလွန်သွားလို့လဲဗျာ}}
]]ဟေ- မင်းကြည့်ရတာ ပြိတ္တာဘုံကို ခုမှရောက်လာပုံရတယ်}}
]]ဗျာ- ပြိတ္တာဘုံ}}
]]အေးလကွာ၊ ဒါ တို့ပြိတ္တာတွေနေတဲ့နေရာပေါ့၊ မင်းလည်း ပြိတ္တာဖြစ်နေလို့သာ ငါတို့ကိုတွေ့ရတာပေါ့၊ ခုန ငါဘာလုပ်သလဲဆိုတာ မင်းသိချင်သလား၊ အစားစားတာဟေ့၊ အစာစားတာ၊ လူတစ်ယောက်ညှစ်ပစ်ခဲ့တဲ့ နှပ်ချေးရည်တွေတွေ့လို့ ကုန်းလျက်လိုက်တာကွ၊ ပျစ်ချွဲချွဲလေးနဲ့ စားလို့ကောင်းလိုက်တာကွာ}}
သူက မထူးဆန်းသည့်အကြောင်းအရာတစ်ခုကိုပြောသလိုပြောရင်း နှုတ်ခမ်းကိုလျှာဖြင့်သတ်လိုက်ပြန်သည်။
]]မင်းကြည့်ရတာ ဒီနေ့မှ ဒီနေရာရောက်လာပြီး အစာရှာရတာ ဘယ်လောက်ခက်တယ်ဆိုတာ မသိသေးဘူးမှတ်တယ်၊ ဒီမှာ ကိုယ့်လူ- အဲလေ- ကိုယ့်ပြိတ္တာ၊ မင်းလည်း ပြိတ္တာဘုံမှာ သရဲတစ္ဆေတစ်ကောင်အနေနဲ့ အစာစားရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိလာပါလိမ့်မယ်}}
သူက လိုအပ်သမျှသာပြောပြီး ရှေ့သို့ဆက်ထွက်သွားလေ၏။
ကျွန်တော်ကား နေရာတွင်ပင် ငေးမောကြောင်အçရင်း ကျန်ခဲ့မိသည်။
သူပြောမှပင် ကျွန်တော်သည် သေလွန်ပြီးနောက် သရဲတစ္ဆေ နာနာဘာဝအဖြစ်ဖြင့် ပြိတ္တာဘုံသို့ရောက်နေခြင်းဖြစ်ကြောင်းကို သိလိုက်ရလေသည်။
ကျွန်တော်ရက်လရှည်ကြာ ဆေးရုံတက်နေရပြီး မကြာခင်က ရောဂါကျွမ်းကာ သတိလက်လွတ်ဖြစ်သွားသည်ကို ပြန်မှတ်မိလိုက်သည်။ ကျွန်တော် သေသွားပါပြီကော။
ကျွန်တော့်ကုသိုလ်ကံအလျောက် ကျွန်တော်သည် ကွယ်လွန်ပြီးနောက် ပြိတ္တာဘုံသို့ရောက်ကာ သရဲတစ္ဆေဖြစ်နေခြင်းပါတကား။
ကျွန်တော်သည် ကိုယ့်အဖြစ်မှန်ကို ယခုမှ သေချာစွာသိလိုက်ရလေတော့သည်။
ကျွန်တော်တွေ့ခဲ့ရသော အရုပ်ဆိုးအကျည်းတန်ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်သူများမှာ ပြိတ္တာဘုံမှ သရဲတစ္ဆေနာနာဘာဝ များပါတကား။ သူတို့သည် အစားအစာကို ခက်ခဲပင်ပန်းစွာရှာဖွေစားနေကြခြင်းဖြစ်ပေသည်။ တစ်စုံတစ်ခုကို ဝိုင်းလုနေသော ကျွန်တော်မြင်ခဲ့သည့်မြင်ကွင်းမှာလည်း အစားအစာကိုဝိုင်းလုနေကြခြင်းပင်ဖြစ်ပေမည်။
ပြိတ္တာဘုံသားများအကြောင်းကို တွေးနေရင်းမှာပင် ကျွန်တော်ကိုယ်တိုင် ဆာလောင်မွတ်သိပ်လာလေ၏။
ကျွန်တော့်အနားမှာ ဘယ်သူမှမရှိတော့ပါ။ အစားအစာကို ဘယ်နေရာမှာသွားရှာရမည်မှန်းလည်း မသိပါ။
ကျွန်တော်သည် ခြေဦးတည့်ရာသို့ဆက်ထွက်လာခဲ့လေ၏။
လမ်းတွင် ပြိတ္တာ နာနာဘာဝ သရဲတစ္ဆေ မှင်စာ သဘက်များကို ပုံစံအမျိုးမျိုး ရုပ်သွင်အမျိုးမျိုးဖြင့် မြင်တွေ့နေရပေသည်။ သူတို့အထဲတွင် အချို့မှာ ရုပ်ပျက်ဆင်းပျက်ဖြင့် လူလုံးမကွဲအောင် သရဲသဘက်အသွင် ရောက်နေကြကာ၊ အချို့ကတော့ လူပုံသဏ္ဍာန်မပျက်ယွင်းသေးပဲ ရှိနေသေးသည်ကိုတွေ့ရ၏။ လူနှင့်မသဲမကွဲတူနေသေးသူများမှာ သရဲတစ္ဆေဘ၀သို့ မကြာသေးခင်ကမှ ရောက်လာကြသူများဖြစ်ပေလိမ့်မည်။
ပြိတ္တာသားအချင်းချင်း လမ်းမှာဆုံသော်လည်း ခေါ်ပြောနှုတ်ဆက် အသိအမှတ်ပြုခြင်း မရှိကြပေ။ အစားအစာရှာဖွေရန်သာ စိတ်ဇောသန်နေပုံဖြင့် အာသားတငမ်းငမ်း ပြေးလွှားယောက်ယက်ခတ်နေကြပေသည်။
ပြိတ္တာဘုံရောက်စကျွန်တော်ကသာ သူတို့ကို တအံ့တဩဖြင့် ငေးမောစောကြောနေမိခြင်းဖြစ်သည်။ သူတို့အဖို့တော့ ပြိတ္တာဘုံ ရောက်လာသော သရဲတစ္ဆေအသစ်တစ်ကောင်သည် ထူးခြားပုံမရပါ။ သူတို့နှင့် ယှဉ်ပြိုင် အစာရှာဖက်တစ်ယောက်တိုးလာခြင်းအတွက် မရှုစိမ့်နိုင်အောင်ပင် ဖြစ်နေပေဦးမည်။
ကျွန်တော်သည် ဟိုဟိုဒီဒီဆက်တွေးမနေတော့ပဲ ကျွန်တော်၏ ဆာလောင်မွတ်သိပ်မှုပြေပြောက်စေရန် အစားအစာလေးများ တွေ့လိုတွေ့ငြား ရှေ့သို့ဆက်လျှောက်ခဲ့လေ၏။
ပတ်ဝန်းကျင်သည်ကား… … …  မြင်မြင်ကရာတွင် မြူခိုးများလိုလို ဝေမှိုင်းနေကာ ချောက်ကပ်ထိုင်းမှိုင်း၍ စိတ်နှလုံးနောက်ကျုဖွယ်ကောင်း လှပေတော့သည်။
ကျွန်တော်သည် ခြေဦးတည့်ရာလျှောက်လာသော်လည်း အစားအစာနှင့်တူတာဆို၍ ဘာမှမတွေ့ရ။ ရွှံ့တောညွန်တောကြီးများသဖွယ် ရေစပ်စပ်ဖြင့် သွားမရသော ဗွက်အိုင်ကြီးတစ်ခုနားသို့ရောက်သွားလေသည်။
နောက်ကြောင်းပြန်လှည့်လာရင်းမှ ဆာလောင်သည်နှင့်အတူ အိပ်ချင်စိတ်ကပါ ကြီးစိုးလာပြန်လေသည်။ အစားအစာရရန် မျှော်လင့်ချက်မရှိသည်နှင့် ဖြစ်လိုရာဖြစ်စေတော့ဟုသဘောထားကာ အိပ်ပစ်လိုက်ရန်ဆုံးဖြတ်လိုက်လေသည်။
အိပ်မည်ဆိုတော့လည်း အိပ်စရာနေရာရှာရပြန်သည်။ တစ်နေရာတွင် အရွက်ဖားဖားအပင်ကြီးအောက်၌ ဖက်ရွက်ကဲ့သို့ သစ်ရွက် တစ်ချို့ ဖြန့်ခင်းထားသည်ကိုတွေ့လိုက်ရာ အလွန်ပျော်သွားမိလေသည်။ ကျွန်တော်က ဘာမှတွေးမနေတော့ပဲ ထိုနေရာသို့ပြေးသွားကာ လှဲချလိုက်လေသည်။
မောမောဖြင့် အိပ်ပျော်တော့မည်ကြံဆဲတွင် ကျွန်တော်၏နံဘေးကို မာကျောသောအရာတစ်ခုဖြင့် အကန်ခံလိုက်ရကာ အိပ်မပျော်မီ လန့်နိုးသွားရလေတော့၏။
ကျွန်တော်က နာကြင်သွားသော နံရိုးနေရာကိုလက်ဖြင့်ထောက်ကာ ကမန်းကတန်းထ၍ကြည့်လိုက်သည်။ ထိုအခါ ပြူးကျယ်ပြီး လေးထောင့်ပုံမျက်လုံးကြီးဖြင့် ဒေါသတကြီးစိုက်ကြည့်နေသော တစ္ဆေကြီးတစ်ကောင်ကို မြင်လိုက်ရလေသည်။
]]ရာရာစစ၊ ငါ့အိပ်ရာများဝင်အိပ်လို့… … … ထွက်စမ်းဟေ့ကောင်}}
]]ကျွန်တော်… … ကျွန်တော် မသိလို့ပါဗျာ၊ ကျွန်တော် ဒီတစ်ညလောက် ခင်ဗျားနဲ့ ရောအိပ်လို့မရဘူးလား}}
]]မရဘူးကွ၊ ကိုယ့်နေရာကိုယ်ရှာပေတော့၊ ဒီနေရာလေးရဖို့ ငါ့မှာ ဘယ်လောက်ကြိုးစားထားရတယ်မှတ်သလဲ၊ နောက်တစ်ခါ မင်းကိုမကန်မိခင် ထွက်သွားစမ်း}}
အညှာကင်းမဲ့စွာ နှင်ထုတ်လိုက်သောတစ္ဆေကြီးရှေ့မှ ကျွန်တော် ထွက်လာရသည်။
ကျွန်တော်သည် ခြေဦးတည့်ရာထွက်လာရင်းမှ ဆာကလည်းဆာ၊ အိပ်ကလည်းအိပ်ချင်နှင့် နောက်ဆုံးတွင် မဟန်နိုင်တော့ပဲ တွေ့ရာနေရာမှာ လှဲချလိုက်ရာ ဘာမှမသိပဲ အိပ်ပျော်ခြင်းသို့ရောက်သွားလေတော့သည်။
+ + + + + + + + +
ကျွန်တော်မည်မျှကြာအောင် အိပ်ပျော်သွားသလဲမသိပါ။ အိပ်ရာမှနိုးသည့်အချိန်တွင် ကျွန်တော့်ပတ်ဝန်းကျင်မှာ မှောင်မိုက် နေမြဲဖြစ်ပေ၏။
ကျွန်တော်က နေရာမှကြုံးထလိုက်ကာ ဘေးဘီကိုကြည့်လိုက်သည်။ ပြိတ္တာများလှုပ်ရှားသွားလာနေသည်ကိုတွေ့ရသည်။ အစာရှာဖွေနေခြင်းပဲဖြစ်ပါသည်။
ကျွန်တော်သည်လည်း အစာရှာရန်အတွက် သူတို့နောက်မလှမ်းမကမ်းမှလိုက်ပါလာခဲ့ပြန်လေသည်။
ထိုစဉ် ကျွန်တော့်ပခုံးကို လက်ကြမ်းကြမ်းကြီးဖြင့် အပုတ်ခံလိုက်ရကာ ကျွန်တော့်နာမည်ကိုခေါ်လိုက်သောအသံကို ကြားလိုက်ရလေ၏။
]]ဟေ့ကောင်၊ မင်း- တင့်အောင်မဟုတ်လား}}
ပြိတ္တာဘုံမှာ ကျွန်တော့်ကိုသိနေသူရှိနေပါလားဆိုသောအတွေးဖြင့် ကျွန်တော်က နောက်ကိုလှည့်ကြည့်လိုက်သည်။
ထိုအခါ မျက်နှာတစ်ခုလုံး ဘုလုံးများနေရာမလပ်ထွက်ကာ အရုပ်ဆိုးအကျည်းတန်လှသော သရဲကြီးတစ်ကောင်ကိုတွေ့လိုက်ရလေ၏။ သရဲကြီး၏မျက်နှာသည်သာ အကျည်းတန်ရုံမဟုတ်သေး။ တစ်ကိုယ်လုံးနှင့် လက်များခြေများတွင်လည်း အနာဖေးကဲ့သို့ အဖေးများတက်ကာ ထိုအနာဖေးများသည် တစ်ကိုယ်လုံးတွင် ငါးများအကြေးခွံကဲ့သို့ တွယ်ကပ်လျှက်ရှိပေ၏။
]]မင်း- တင့်အောင် မဟုတ်လားကွ၊ မင်းဘယ်တုံးကသေပြီး ဒီရောက်လာတာလဲ}}
သူက နောက်တစ်ကြိမ်ထပ်မေးလိုက်သည့်အခါ သူ့ပါးစပ်မှအပုပ်နံ့များက ထောင်းကနဲထွက်လာလေသည်။
]]ဟေ- တင့်အောင်}}
]]ဟုတ်- ဟုတ်ပါတယ်၊ ကျွန်တော်တင့်အောင်ပါ၊ ခင်ဗျားက ဘယ်သူလဲဟင်}}
]]ဟားဟားဟား…  မင်းငါ့ကိုမမှတ်မိဘူးပေါ့၊ အေးပေါ့လေ၊ ငါက ပြိတ္တာဖြစ်တာကြာပြီဆိုတော့ သိပ်ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီကိုး၊ ငါ မင်းသူငယ်ချင်း သာမောင်လေကွာ}}
]]ဟာ- သာမောင်}}
သူက သာမောင်ဟုပြောလိုက်သည်နှင့် ကျွန်တော်သူ့ကိုမှတ်မိသွားလေသည်။ ရုပ်ပျက်နေသော်လည်း လူ့ဘ၀တုန်းက သာမောင်၏ အမူအရာ အပြောအဆိုများက ရှိနေဆဲ။ ကျွန်တော်သည် ကျွန်တော့်ရှေ့မှ ကြောက်စရာကောင်းလှသောသရဲကြီးကိုကြည့်နေရင်းမှပင် သူ၏မူလရုပ်သွင်ကို ထင်ဟပ်မြင်ယောင်လာလေ၏။
]]သာမောင်ရယ်၊ မင်းသေတာ ဆယ်နှစ်လောက်တောင်ရှိပြီလေကွာ၊ မင်း- မင်း ဒီမှာ… … }}
]]မကောင်းမှုဒုစရိုက်မျိုးစုံလုပ်ခဲ့လို့ ပြိတ္တာဘုံမှာ သရဲတစ္ဆေဖြစ်နေတာပေါ့ကွာ၊ ဘာဆန်းသလဲ}}
]]ဖြစ်ရလေသာမောင်ရယ်}}
]]ဟ- တင့်အောင်၊ မင်းကိုယ်တိုင် သရဲတစ္ဆေတစ်ကောင်အနေနဲ့ ပြိတ္တာဘုံကိုရောက်နေပြီလေကွာ၊ ဘဲ့နဲ့ ငါ့အတွက်စိတ်မကောင်း ဖြစ်နေတာလဲ၊ ပျော်ပျော်နေစမ်းပါသူငယ်ချင်းရဲ့}}
]]ဪ…  သရဲဘ၀ဆိုတာ သေပြီးဆယ်နှစ်ကြာတဲ့အထိအောင် မကျွတ်နိုင်သေးဘူးကိုး၊ အဲဒါတွေးမိပြီး စိတ်မကောင်းဖြစ်သွားတာ ပါကွာ၊ ငါတော့ မနေ့ကပဲ သေတယ်}}
]]ဟကောင်ရ၊ ဆယ်နှစ်မပြောနဲ့ အနှစ်ငါးဆယ်၊ တစ်ရာ၊ တစ်ထောင်အထိတောင် ကျွတ်တန်းမဝင်တဲ့တစ္ဆေတွေရှိတယ်ကွ}}
]]ဟင်-}}
သာမောင့်ပြောစကားကြောင့် ကျွန်တော့်မှာ ကြက်သီးဖြန်းဖြန်းထသွားရလေသည်။
]]ဒါတွေ ထားစမ်းပါဦးကွာ၊ ပြိတ္တာဘ၀မှာအရေးကြီးတာက စားရသောက်ရဖို့ပဲကွ၊ တစ်နေ့တစ်ခါ စားဖို့သောက်ဖို့ဆိုတာ မလွယ်ဘူး၊ အစာရှာရတာခက်လှတယ်}}
]]ဟုတ်တယ်သာမောင်၊ ငါ ဒီရောက်ကတည်းက ဘာမှမစားရသေးဘူး}}
]]စားစရာအတွက်တော့ မပူနဲ့၊ စားစရာရနိုင်တဲ့နေရာတစ်ခုကို ငါသိထားတယ်၊ မင်းကိုခေါ်သွားမယ်၊ နေစရာကတော့ ငါလည်းရှာရဦးမယ်၊  ငါအရင်နေခဲ့တာ သစ်ပင်တစ်ပင်ပေါ့ကွာ၊ ဒီနေ့ပဲ အဲဒီသစ်ပင်ကိုခုတ်ပစ် လိုက်လို့ သစ်ပင်ကိုမှီပြီးနေတဲ့ သရဲတစ္ဆေတွေ နေစရာဘုံပျောက်သွားတာ အများကြီးပဲကွ၊ ငါနေစရာနေရာအသစ်ရှာရင်း ဒီဖက်ရောက်လာလို့ မင်းနဲ့တွေ့ရတာ}}
]]မင်းလို ပြိတ္တာသက်ရင့်တဲ့သူငယ်ချင်းနဲ့တွေ့ရတာ ငါကံကောင်းတာပါပဲကွာ}}
]]တို့က လူ့ဘ၀ကတည်းက မကောင်းတာအတူတူလုပ်ခဲ့ကြတာပဲကွ၊ ဟားဟားဟား}}
သာမောင့်အပြောကြောင့် ကျွန်တော်သည် လူ့ဘ၀မှာရှိစဉ်က ပြုခဲ့မိသောမကောင်းမှုများအတွက် နောင်တရကြေကွဲသွားမိလေသည်။ ထိုမကောင်းမှုများကိုသာ မပြုလုပ်ခဲ့ပါက ယခုလို ပြိတ္တာဘုံသို့ ကျွန်တော်ရောက်ရမည်မဟုတ်ပေ။ သို့သော်… … …  ကျွန်တော်၏နောင်တမှာ များစွာနောက်ကျသွားပါပြီ။
]]လာ- တင့်အောင်၊ ငါတို့စားစရာကိုအရင်လိုက်ရှာရအောင်၊ ပြီးမှ မင်းရောငါရောနေဖို့ နေစရာရှာတာပေါ့}}
သာမောင်က ကျွန်တော့်ကို ဦးဆောင်၍ခေါ်သွားလေသည်။
သူခေါ်သွားသည့်နေရာမှာ ကြီးမားသောအဆောက်အဦးကြီးဖြစ်ပါ၏။
]]ဒါ- ဘာကြီးလဲသာမောင်}}
]]ဆေးရုံလေကွာ၊ ဆေးရုံမှာ စားစရာတွေအများကြီးရနိုင်တယ်}}
ပို၍ကျန်၍ လွှင့်ပစ်သော ထမင်းကျန်ဟင်းကျန်များကို ဆိုလိုသည်ဟု ကျွန်တော်က ထင်ခဲ့မိပေသည်။
ဆေးရုံဝင်းထဲ၌ ကျွန်တော်တို့လို သရဲတစ္ဆေပြိတ္တာဘုံသားများ ခြေချင်းလိမ်နေကြလေသည်။
]]ဟေ့-တင့်အောင်၊ ဟိုမှာကြည့်လိုက်စမ်း၊ ဟိုသရဲမကြီးဟာ ဘယ်သူဖြစ်မလဲလို့ မင်းပုံဖော်ကြည့်စမ်း}}
သာမောင်က ကျွန်တော့်ကို လည်ပင်းကြီးတစ်တောင်လောက်ရှည်ထွက်ကာ၊ လျှာကြီးဖတ်လပ်ကျနေသောသရဲမကြီးတစ်ကောင်ကို လက်ညှိုး ထိုးပြ၍ပြောလိုက်သည်။ သရဲမကြီးမှာ ရှည်လျားလှသောလည်ပင်းကြောင့် ဦးခေါင်းက မြေကြီးဆီသို့ ငိုက်ငိုက်ကျသွားရာ သူ့ခေါင်းသူ လက်နှစ်ဖက်ဖြင့် ဖမ်းဖမ်းပြီးထိန်းထားရလေသည်။
]]ငါ ဘယ်သိနိုင်မလဲကွ}}
]]တကယ်တော့…  မင်း သူ့ကိုသိတယ်ကွ၊ မမှတ်မိတာ၊ သူဟာ လူ့ဘ၀တုန်းက ငါတို့ရဲ့ဖောက်သည်ကြီးလေကွာ၊ သေချာကြည့်ပါဦး၊ ဟီဟီ}}
ကျွန်တော်က သရဲမကြီးကို သေချာကြည့်သော်လည်း ပုံဖမ်းလို့မရပေ။
]]မင်းမမှတ်မိဘူးမဟုတ်လား၊ ဝါးရုံတန်းက ရိုစီဆိုရင်ကော မင်း မှတ်မိမလားကွာ}}
]]ဘာ- ဝါးရုံတန်းကရိုစီ၊ ဟုတ်လား၊ ဟာ- ဝါးရုံတန်းကရိုစီ ဆိုတာ မင်းသေပြီးမကြာဘူး သေသွားတာပဲ၊ ဪ- သူလည်း ဒီမှာလာပြီး သရဲဖြစ်နေတာကိုး}}
]]တို့သွားနေကျ ပြည့်တန်ဆာအိမ်က ဇိမ်ခေါင်းမကြီးရိုစီလေ၊ အမျိုးကောင်းသမီးလေးတွေကိုမြှူဆွယ်ပြီး ပြည့်တန်ဆာလုပ်ခိုင်းခဲ့ တဲ့မကောင်းမှုကြောင့် ပြိတ္တာဘုံမှာ တစ္ဆေမကြီးဖြစ်နေတာ ကြာပေါ့}}
]]ဟင်- ကြောက်စရာကြီးပါလား၊ ဒါနဲ့… …  မင်းကော ရိုစီကော ရုပ်အဆင်းတွေပျက်လှချည်းလားသူငယ်ချင်းရာ}}
]]သရဲတစ္ဆေဖြစ်လာမှတော့ တဖြည်းဖြည်းနဲ့ ရုပ်အဆင်းပျက်ယွင်းလာမှာပဲ တင့်အောင်၊ မင်းလည်း ရောက်စမို့သာပါ၊ ကြာလာရင် တဖြည်းဖြည်းရုပ်ပျက်ဆင်းပျက်ဖြစ်လာပါလိမ့်မယ်}}
]]အင်းလေ…  ဟုတ်မှာပေါ့၊ ဒါနဲ့… … ရိုစီကြီးက ငါ့ကိုမမှတ်မိလို့လား မသိဘူး၊ မြင်တာတောင် နှုတ်မဆက်ဘူးကွာ}}
ကျွန်တော်သည် သရဲမကြီးရိုစီကိုကြည့်ရင်း လူအဖြစ်တုန်းက ပုံပန်းသဏ္ဍာန်ကိုပြန်လည်မှတ်မိလိုက်လေသည်။  နှုတ်ခမ်းနီပါးနီ မိတ်ကပ်များကို တရားလွန်လူးကာ လာသမျှဧည့်သည်များကိုဖော်ရွေပြူငှာစွာဆက်ဆံတတ်သောဇိမ်ခေါင်းမကြီးပင်ဖြစ်ပါသည်။
]]သူ့မှာ လူ့ဘ၀ကအဖြစ်တွေကိုမှတ်မိနိုင်တဲ့အသိမရှိတော့ဘူးကွ၊ တော်တော်များများပြိတ္တာတွေဟာ ဒီလိုချည်းပဲ၊ လူ့ဘ၀ ကအဖြစ်တွေကို မေ့ကုန်ကြတယ်၊ တချို့လည်း ပြိတ္တာဖြစ်ဖြစ်ချင်းကတည်းက ကိုယ်ဘယ်ဘ၀ ကလာခဲ့တယ်ဆိုတာ သတိမရကြတော့ဘူး၊ တချို့ကတော့ တဖြည်းဖြည်းမှ မေ့သွားကြတယ်၊ လူတွေမှာ မှတ်ဉာဏ်ကွာသလိုပေါ့ကွာ၊ တကယ်တော့…  မေ့ကုန်တာပဲ ခပ်ကောင်း ကောင်းပါလေ}}
]]မင်းကတော့ ငါ့ကိုမှတ်မိတယ်နော်}}
]]ငါ့အခင်ဆုံးသူငယ်ချင်းမို့လို့ မှတ်မိလိုက်တာပါ၊ ဒါကလည်း မင်းကသေခါစဆိုတော့ နဂိုလူရုပ်မပျက်သေးဘူးကိုး၊ အဲဒါကြောင့် မှတ်မိတာကွ၊ ပြိတ္တာဘုံမှာတော့ သရဲတစ္ဆေအချင်းချင်း လူ့ဘ၀တုန်းက သိခဲ့ကျွမ်းခဲ့ရင်တောင် တစ်ကောင်နဲ့တစ်ကောင် မပြောကြမခေါ်ကြ ဘူးကွ၊ ဘာသိဘာသာ နေလိုက်တာပဲ၊ ဘာလုပ်မလဲ၊ လူ့ဘ၀တုန်းက မကောင်းခဲ့ကြလို့ ပြိတ္တာဘ၀ရောက်လာမှတော့ ဒါတွေစမြုံ့ပြန်မနေ ချင်ကြတော့ဘူးလေ}}
]]ဪ… ဒီလိုလား}}
]]မင်းကို ပြိတ္တာလောကအကြောင်း သိကောင်းစရာတွေ သင်ပေးပါဦးမယ်ကွာ၊ လောလောဆယ် စားစရာရအောင်လုပ်ကြစို့၊ ဟော- ပြောရင်းဆိုရင်း ဆေးရုံက အညစ်အကြေးတွေစွန့်ပစ်တော့မယ်ဟေ့၊ လာ-လာ}}
သာမောင်က ကျွန်တော့်ကိုလက်ဆွဲခေါ်ရင်း ပြေးသွားလေသည်။
+ + + + + + + + +
အားလုံးသော သရဲတစ္ဆေနာနာဘာဝကောင်များသည် သာမောင်ပြေးသွားသည့်နေရာသို့ အလုအယက်အပြေးအလွှားရောက်ရှိ လာကြလေ၏။
ပြိတ္တာများ စုပြုံဝိုင်းအုံသောအရာမှာ အခြားမဟုတ်။ ဆေးရုံထဲမှထုတ်လာသော အမှိုက်တောင်းကြီးသာဖြစ်လေသည်။ ဆေးရုံဝန်ထမ်းက အမှိုက်တောင်းကြီးထမ်းလာကတည်းက ပြိတ္တာများသည် သူ့ထက်ငါဦး အလုအယက်ဖြင့် အမှိုက်တောင်းကြီးနောက်မှလိုက်ပါ သွားကြလေသည်။
သန့်ရှင်းရေးဝန်ထမ်းက အမှိုက်များကို အမှိုက်ပုံထဲလွှင့်မပစ်သေးသည်အထိ ပြိတ္တာများသည် အမှိုက်တောင်းထဲမှအရာများကို နှိုက်လို့ မရသေးချေ။ သန့်ရှင်းရေးဝန်းထမ်းနှင့်ခပ်ခွာခွာမှသာ လိုက်ပါသွားကြလေ၏။
ထိုသို့ဖြစ်ရခြင်းမှာ သန့်ရှင်းရေးဝန်ထမ်းသည် လူသားတို့၏အရှိန်အဝါနှင့် ဘုန်းရှိန်ကံရှိန်ရှိနေသောကြောင့် အနားမကပ်နိုင်ခြင်း ဖြစ်ကြောင်း နောင်တော့ ကျွန်တော်သိလာရလေသည်။ ပြိတ္တာများ ဆေးရုံဝင်းထဲတွင်သာ သွားလာနေကြပြီး ဆေးရုံအဆောက်အဦးထဲအထိ မဝင်နိုင်ခြင်းမှာလည်း ဆေးရုံစောင့်နတ်များ အစောင့်အရှောက်များက ခွင့်မပြုသောကြောင့်ဖြစ်ပါသည်။
သန့်ရှင်းရေးဝန်ထမ်းက အမှိုက်တောင်းကို အမှိုက်ပုံထဲသို့သွန်ချပြီး ထွက်ခွာသွားသည်နှင့် ပြိတ္တာများမှာ ရုတ်ရုတ်သဲသဲဖြင့် ထိုအရာများကိုအလုအယက်ဝိုင်းကောက်ကြလေတော့သည်။
ကျွန်တော်လည်း ထိုအထဲတွင် အစားအစာပါသည်ဆို၍ အများနည်းတူ ရောလုရန် ရှေ့သို့တိုးလိုက်သည်။ သို့ရာတွင်…  ထိုအရာ များကိုကြည့် လိုက်သည့်အခါ ပတ်တီးလိပ်များ၊ ဂွမ်းစများ၊ သွေးစသွေးနများ၊ ပြည်များ သားငံရေများပေကျံနေသည့် အဝတ်စုတ်နှင့်စက္ကူစများ၊ တံတွေးများ၊ သလိပ်များ၊ ချွဲများဖြစ်နေသည်ကိုတွေ့ရလေသည်။ ရွံ့စရာကောင်းသော အညစ်အကြေးများကိုမြင်လိုက်ရသည်နှင့် ကောက်ယူ မည့်ကျွန်တော့်လက်မှာ တွန့်သွားလေသည်။
တချို့ပြိတ္တာများက တံတွေးများသလိပ်များကို မြေကြီးပေါ်တွင်ပင် ကုန်း၍ လျှာနှင့်လျက်နေကြသည်။
ကျွန်တော်သည် စိတ်ပျက်လက်ပျက်နှင့်ကြောင်ကြည့်နေမိရာ လက်ထဲတွင်ဘာမှမရလိုက်ပဲ ရှေ့မှအမှိုက်ပုံကြီးမှာ ခဏနှင့်ပြောင် သွားသည်ကို တွေ့လိုက်ရလေ၏။
]]ဟေ့ကောင်- မင်း ဘာမှမရလိုက်ဘူးမဟုတ်လား}}
သာမောင်က လက်တစ်ဖက်တွင် ဂွမ်းစတစ်ခုနှင့် တစ်ဖက်တွင် ပတ်တီးစတစ်ခုကိုကိုင်ကာ ပြန်ရောက်လာသည်။
]]ရော့-ရော့- ဟောဒီဂွမ်းစမှာပေနေတဲ့ သွေးစသွေးနလေးတွေကိုစုပ်လိုက်၊ ငါက ပတ်တီးစက ပြည်တွေကိုပဲ လျက်လိုက်တော့မယ်}}
ကျွန်တော်သည် ပြိတ္တာတို့အတွက်စားစရာဆိုသည်များကိုကြည့်ပြီး စက်ဆုပ်မိကာ မယူပဲကြောင်နေမိသည်။
]]တင့်အောင်၊ မင်းက ရွံနေတာလား၊ သရဲတစ္ဆေဘ၀မှာ ဒါ အကောင်းဆုံးအစားအစာပဲကွ၊ မစားရင်မင်းငတ်သွားမယ်၊ ဒါတွေ ရဖို့တောင် ဘယ်လောက်ကြိုးစားရတယ်ဆိုတာ မင်းမျက်မြင်ပဲ၊ စားပါသူငယ်ချင်းရယ်၊ လူကိုယ်ကထွက်တဲ့သွေးကွ၊ သိပ်ချိုတာ၊ မင်း ခံတွင်းတွေ့သွားပါလိမ့်မယ်}}
ကျွန်တော်သည် ဆာလောင်မွတ်သိပ်လွန်းသည်ကတစ်ကြောင်း၊ ဝက်ဖြစ်မှမစင်ကြောက်နေလို့ မထူးတော့ပြီဆိုတာကို တွေးမိ၍တစ်ကြောင်း သာမောင်ပေးသောဂွမ်းစကိုယူကာ ဂွမ်းစပေါ်မှသွေးစသွေးနများကို စုပ်မြိုလိုက်လေသည်။
လူသွေးအညစ်အကြေးများ ကျွန်တော့်ဝမ်းထဲရောက်သွားသည်နှင့် ချိုမြသယောင်ခံစားလိုက်ရကာ အားအင်လည်းပြည့်တင်း သွားလေသည်။
]]ဘယ်လိုလဲ}}
]]အင်း…  အရသာရှိသားပဲ}}
]]နောင်ဆို… ပိုပြီးခံတွင်းတွေ့သွားပါလိမ့်မယ်ကွာ}}
ကျွန်တော်သည် ပြိတ္တာဘ၀၌နေသားကျလာချိန်တွင် ထိုအရာများကိုပင်အကောင်းဆုံးအစားအစာများအဖြစ် အလုအယက်မြိန်ရေ ယှက်ရေ စားသောက်တတ်လာခဲ့ပါသည်။ တကယ်တော့ ပြိတ္တာမှန်သမျှ ထိုသို့သောအရာများကိုသာ အကောင်းလုပ်၍မှီဝဲကြရပါသည်။ ထိုအရာများကိုပင် ပြိတ္တာ တစ်ကောင်နှင့်တစ်ကောင် မာန်စောင်ကာ တိုးခွေ့လုယက်၍ စားသောက်ရခြင်းဖြစ်ပါ၏။ သည်အထဲမှာ ကျွန်တော့်သူငယ်ချင်းတစ္ဆေကြီးသာမောင်က ကျွန်တော့်အတွက် သီးခြားဖယ်၍ကျွေးမွေးခြင်းမှာ နည်းနည်းနောနော စေတနာ ကြောင့်မဟုတ်ပေ။
]]ကျေးဇူးတင်ပါတယ်သာမောင်ရယ်}}
]]ကိုင်း- တင့်အောင်ရေ၊ လာဟေ့၊ ငါတို့အတွက် နေစရာလိုသေးတယ်၊ နေစရာလိုက်ရှာကြရအောင်}}
+ + + + + + + + +
ကျွန်တော်နှင့်သာမောင်သည် တစ်လမ်းဝင်တစ်လမ်းထွက်၊ တစ်နေရာပြီးတစ်နေရာ နေစရာကိုလိုက်ရှာကြလေသည်။ ရှိရှိသမျှ သစ်ပင်၊ ခြုံပုတ်၊ သစ်ကိုင်း၊ မြေတွင်း၊ လိုဏ်ခေါင်း၊ မြေပတ်ကြားအက်မကျန်… …  သရဲတစ္ဆေများပြည့်နှက်နေကာ နေရာလွတ်ဟူ၍မတွေ့ရချေ။
တချို့သော နေရာသေးသေးကွက်ကွက်ကလေးကို လွတ်နေသည်အထင်နှင့် နေရာယူလိုက်ရုံရှိသေး ပိုင်ရှင်များပေါ်လာကာ နှင်ထုတ်ခံရပြန်သည်။ ရိုက်မည်နှက်မည်ပြုသောကြောင့် ပြန်လှည့်ထွက်ခဲ့ရသည်လည်းရှိသည်။ တချို့သရဲတစ္ဆေများကတော့ သူတို့နေရာ လာမည်စိုး၍ မိုက်ကြည့်ကြည့်ကာ ရန်လိုနေကြသည်များလည်းရှိပေ၏။
တစ္ဆေသက်ရင့်နေသောသာမောင်ပင် စိတ်ပျက်လက်ပျက်ဖြစ်လာလေသည်။
သို့ရာတွင်… …  ကျွန်တော်တို့ကံကောင်းပါသည်။
ကျွန်တော်တို့သည် စိတ်ပျက်ပျက်နှင့် လယ်ကွင်း၊ လယ်တောများ ကိုဖြတ်သန်းကာ နေစရာနေရာကိုလိုက်ရှာကြရာမှ တစ်နေရာ အရောက်တွင် ဘုံဗိမာန်ကြီးတစ်ခုကို ဘွားကနဲတွေ့လိုက်ကြရလေ၏။
]]ဟာ- ဟိုမှာ… …  ဟိုမှာ……
မိုးပေါ်ကိုငွါးငွါးစွင့်စွင့်ကြီးတက်နေပြီး အမိုးခုံးခုံးကြီးဖြင့် တင့်တယ်လှသော အဆောက်အဦးကြီးတစ်ခုပါတကား။
]]ကော်တာပဲဟေ့၊ နေသူမရှိပါစေနဲ့ဗျာ၊ လာဟေ့၊ အနားသွား ကြည့်ကြစို့}}
ဘုံဗိမာန်ကြီးရှေ့သို့အရောက်တွင် ဗိမာန်ကြီး၏လှပခန့်ညားပုံကို အနီးကပ်မြင်တွေ့လိုက်ရလေတော့သည်။ ဗိမာန်ကြီး၏အပြင်ဖက်နံရံကို အရစ် အရစ် အစင်းအစင်းများဖြင့် တန်ဆာဆင်ထားလေသည်။ အညိုရောင် မာကျောထူထဲသောနံရံကြီးများဖြစ်ပါ၏။ အကွက်ဖော် ထားသောအရစ်အစင်းများမှာ မျက်စိပသာဒရှိလှလေသည်။
အဆောက်အဦးကြီး၏အောက်ဖက်၌ တစ်ကိုယ်စာဝင်သာရုံ အပေါက်တစ်ခုကိုတွေ့ရလေသည်။
ကျွန်တော်တို့သည် ထိုအပေါက်ကလေးထဲမှ အဆောက်အဦးကြီးအတွင်းကို ဝင်လိုက်လေသည်။
အတွင်းသို့ရောက်သွားသော်…
]]အို…  သာယာလှပလိုက်ပါဘိ}}
အဆောက်အဦးကြီးမှာ အဝိုင်းပုံတည်ဆောက်ထားခြင်းဖြစ်လေသည်။ အတွင်း၌ ဝိုင်းစက်စက်အခန်းကြီးဖြစ်နေပါသည်။ အတွင်းနံရံများ မှာလည်း သာယာရှုမောဖွယ် ညီညာသပ်ရပ်လှပေ၏။ အတွင်းနံရံ၌ ကျောက်ဖြူသားများကို အစင်းကြောင်းများပုံစံ ဒီဇိုင်းဆင်ထားလေသည်။ မည်မျှအရည်အချင်းပြည့်ဝသော အင်ဂျင်နီယာက တည်ဆောက်ထားပါသနည်း။
ပို၍စွဲမက်ဖွယ်ကောင်းသောအရာကား အဆောက်အဦးကြီး၏အမိုးများပင်ဖြစ်ပါသည်။
အမိုးသည် ထိပ်ဖက်သို့ စုချွန်သွားပြီး အမိုးထိပ်တည့်တည့်၌ ညီညာသောအပေါက်သုံးပေါက်ကို ဖိုခနောက်ဆိုင် ဖောက်လုပ်ထားလေ သည်။ လရောင်သည် ထိုအပေါက်သုံးပေါက်မှ ထိုးဖောက်လာပြီး အဆောက်အဦးအတွင်း၌ ထိန်လင်းနေပေသည်။ 
]]နေတဲ့သူမရှိသေးဘူးကွ၊ ငါတို့တော့ပွတာပဲ}}
]]ဟုတ်လားသာမောင်၊ ဒါဖြင့်… ဒီအဆောက်အဦးကို ငါတို့ပိုင်ပြီပေါ့}}
]]ဒါပေါ့ကွ}}
ကျွန်တော်သည် ထိုညမှစ၍ အဆောက်အဦးကြီးထဲ၌ လုံခြုံနွေးထွေးစွာအိပ်စက်ခဲ့ရလေတော့သည်။ အဆောက်အဦးကြီးမှာ ကျယ် လွန်းသောကြောင့် ကျွန်တော်တို့နှစ်ယောက်အတွက် ကြီး၍ပင်နေသေးသည်။
ကျွန်တော်သည် ကျွန်တော်တို့ပိုင်အဆောက်အဦးကြီးကို အပြင်ဖက်မှလည်းကောင်း၊ အတွင်းမှလည်းကောင်း အကြိမ်ကြိမ်မော့်ကြည့်ကာ ဂုဏ်ယူမိလေသည်။ ကျွန်တော်တို့ပိုင်အဆောက်အဦးကြီးကိုလည်း ကျွန်တော်တို့ရဲ့ ဘုံဗိမာန်ကြီးဟု ကျွန်တော်က ကင်ပွန်းတပ်လိုက်လေသည်။
ကျွန်တော်သည် ပြိတ္တာဘ၀ရောက်ရသော်လည်း ကံကောင်းလေစွ။ ရောက်ခါစတစ်ရက်သာ ဒုက္ခခံလိုက်ရသည်။ သာယာလှပသော ဘုံဗိမာန်ကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ အစားအသောက်အတွက်လည်း သက်တမ်းရင့် တစ္ဆေကြီး ကျွန်တော့်သူငယ်ချင်းသာမောင့်ကျေးဇူး ကြောင့် အဆင်သင့်ရနိုင်သောနေရာကိုတွေ့ထားပြီးပြီ။ သာမောင့်ကျေးဇူးကား ကြီးလေစွ။
သာမောင်သည် သရဲတစ္ဆေဘ၀ရောက်နေသော်လည်း သူငယ်ချင်းကိုငဲ့ညှာထောက်ထားတတ်သည့် သဘောကောင်းသောပြိတ္တာကြီး တစ်ကောင်ပင်ဖြစ်လေသည်။
ကျွန်တော်နှင့်သာမောင်သည် မှောင်ရီပျိုးပြီဆိုသည်နှင့် ဆေးရုံဝင်းထဲသွားကာ အစားအသောက်အတွက် အမှိုက်ပစ်မည့်အချိန်ကိုစောင့် စားကြသည်။ ကျွန်တော်တို့အတွက်အစားအစာများမှာ ဆေးရုံမှစွန့်ပစ်သော အမှိုက်သရိုက်များဖြစ်လေသည်။ ကျွန်တော်သည် ယခုဆိုလျှင် ပြည်ပုပ်၊ သွေးပုပ်၊ ချွဲသလိပ်များ၏အရသာကို ကောင်းကောင်းခံစားတတ်ပေပြီ။
သာမောင်က ကျွန်တော့်ကို ပြိတ္တာတို့သဘောသဘာဝနှင့် ပြိတ္တာတို့သိသင့်သိအပ်သည်များကို သင်ကြားပြသပေးခဲ့လေသည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောပြိတ္တာတစ်ကောင်ကို လူ့ဘ၀တုန်းက မည်သည့်ပုံပန်းသဏ္ဍာန် မျိုးရှိသည်ကို ခန့်မှန်းကြည့်သည့်နည်းကို သင်ပြပေးခဲ့သည်။
]]ပြိတ္တာတွေကိုယ်က အဖုတွေ၊ အထစ်တွေ၊ အနာတွေဟာ ပြိတ္တာဘ၀ရောက်မှဖြစ်လာတာတွေပဲ၊ သာမန်ထက်ပိုပြီး ခေါင်းကြီးç ကြီးနေတာ၊ ကိုယ်သေးနေတာ၊ လည်ပင်းရှည်နေတာ၊ တိုနေတာတွေဟာ ပြိတ္တာဘ၀ရောက်မှ ပြောင်းလဲလာတဲ့အပြောင်းအလဲတွေပဲကွ၊ ဒီတော့ ပြိတ္တာတစ်ကောင်တွေ့ရင် သာမန်ထက်ထူးခြားတဲ့အချက်တွေကို မျက်လုံးထဲကဖယ်ထုတ်ပစ်လိုက်၊ အဲဒီအခါမှာ သူတို့ရဲ့မူရင်း ရုပ်ရည်ကိုမြင်လာရလိမ့်မယ်၊ ဥပမာ- ငါ့ကိုကြည့်၊ ငါ့မျက်နှာပေါ်က ဘုတွေ ဒစ်တွေကိုဖယ်ပစ်လိုက်၊ ငါ့ကိုယ်ပေါ်က ငါးအကြေးခွံ လိုဖြစ်နေတဲ့ အနာဖေးတွေကို ဖယ်ကြည့်လိုက်၊ အဲဒီအခါ ငါ့ရဲ့လူ့ဘ၀က ပုံစံဟာ ပေါ်မလာဘူးလား}}
]]ဟုတ်သားပဲကွ}}
]]ပြိတ္တာတစ်ကောင်ကို အဲဒီလိုကြည့်တတ်လာမယ်ဆိုရင် လူ့ဘ၀တုံးက မင်းသိခဲ့တဲ့လူတွေအများကြီးကို တွေ့လာရလိမ့်မယ်၊ စမ်းကြည့်ပေါ့ကွာ}}
သာမောင်ပြောသည့်နည်းအတိုင်း ကျွန်တော်က ပြိတ္တာများကို ဂရုထားကြည့်သည့်အခါ လူ့ဘ၀တုန်းက ကျွန်တော်သိကျွမ်းခဲ့သော၊ ခင်မင်ခဲ့ဖူးသော၊ ကျွန်တော်နှင့်နီးစပ်စွာနေထိုင်ခဲ့ဖူးသော လူပုဂ္ဂိုလ်များကိုတွေ့မြင်ခဲ့ရလေတော့၏။
ထိုအခါ ကျွန်တော် အံ့ဩမင်တက်မိတော့သည်။
လူ့ဘ၀တုန်းက ဘုရားလူကြီးအဖြစ် လူတကာရိုသေလေးစားရသော ရပ်ကွက်ထဲမှလူကြီးလူကောင်းတစ်ဦးကို သဘက်ကြီးတစ်ကောင် အဖြစ် တွေ့ခဲ့ရသည်။ လူ့ဘ၀တွင် အကျင့်စာရိတ္တအရာ၌ လူတကာစံထားရသော ဘွဲ့တံဆိပ်အမျိုးမျိုးရထားသည့် ပုဂ္ဂိုလ်ကြီးတစ် ယောက်ကိုလည်း တစ္ဆေအဖြစ် မြင်ခဲ့ရသည်။ မိန်းမကောင်းမိန်းမမြတ်ဟုစံထားခဲ့ကြသောအမျိုးသမီးကြီးတစ်ယောက်ကိုလည်း ရုပ်အဆင်းပျက်ယွင်းလျှက် သရဲမကြီးတစ်ကောင်အဖြစ်မြင်ရပြန်သည်။
ထိုအကြောင်းများကို ကျွန်တော်က သာမောင့်ကိုပြန်ပြောပြသောအခါ……
]]အဲဒါပေါ့ကွ၊ လူ့ဘ၀တုန်းက ဟန်ဆောင်တပ်ဆင်ထားတဲ့မျက်နှာဖုံးတွေဟာ ပြိတ္တာဘုံမှာ အကုန်ကွာကျသွားတာပဲ၊ မကောင်းမှုလုပ်လို့ ပြိတ္တာဖြစ်ရတယ်၊ လူတုန်းက ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း ပြိတ္တာဘုံရောက်လာတော့ လူ့ဘ၀ကမကောင်းမှုလုပ်ခဲ့တာတွေ ကိုဖုံးမရအောင် ဝန်ခံလိုက်ရသလိုဖြစ်တော့တာပေါ့}}
]]မကောင်းတာလုပ်တဲ့လူအားလုံးဟာ ပြိတ္တာဘုံကိုရောက်လာကြတာချည်းပဲလားကွာ}}
]]ဘယ်ဟုတ်မလဲ၊ ငရဲဘုံတို့၊ အသူရကာယ်ဘုံတို့လည်း ရှိသေးတယ်လေကွာ}}
]]ဟုတ်သားပဲ}}
]]လူသေရင် လားရာဂတိတွေက အများကြီးကွ၊ နိဗ္ဗာန်ရှိတယ်၊ ငရဲရှိတယ်၊ တိရစ္ဆာန်ဘုံရှိတယ်၊ အသူရကာယ်ဘုံရှိတယ်၊ ငါတို့လို သရဲတစ္ဆေအဖြစ်ကျင်လည်ရတဲ့ ပြိတ္တာဘုံရှိတယ်၊ တချို့လည်း လူပြန်ဖြစ်ကြတယ်၊ ဒါတွေကို မင်းသိပြီးသားပါကွာ၊ အဲဒါကြောင့်…  လူသေရင် အမျှအတန်းဝေပြီး ကောင်းရာသုဂတိလားပါစေ-လို့ ရွတ်ဆိုကြတာပေါ့ကွ}}
]]ဒါဖြင့်…  ပြိတ္တာဘုံရောက်လာတဲ့အကောင်တွေဟာ ကျန်ရစ်သူတွေ ပေးပို့တဲ့အမျှကို မရလို့လား}}
]]တကယ်တော့ မဆိုင်ဘူး၊ အမျှမရတာလဲပါတယ်၊ လူ့ဘ၀တုန်းက ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုတွေက များလွန်းရင် အမျှဘယ်လောက် ပေး ပေး မရနိုင်ဘူးလေ၊ ကျန်ရစ်သူတွေက ကောင်းမှုကုသိုလ်ပြုပေးရုံ၊ သာဓုခေါ်ခွင့်ရလိုက်ရုံနဲ့ ကောင်းတဲ့ဘုံရောက်ရကြေးဆိုရင် ပြိတ္တာဘုံမှာ သရဲတစ္ဆေဘယ်ရှိတော့မလဲ၊ တကယ်တော့ ကိုယ်ပြုခဲ့တဲ့မကောင်းမှုတွေရဲ့ဒဏ်ကို တန်ပြန်ပေးဆပ်ရမှာ နိယာမတရား မဟုတ်လား}}
]]ကြောက်စရာကောင်းလိုက်တာသူငယ်ချင်းရယ်၊ ငါဖြင့် လူ့ပြည်မှာကျန်ရစ်ခဲ့တဲ့လူတွေကို ဒါတွေသိစေချင်စမ်းပါဘိတော့တယ်၊ ငါတို့ကတော့ လွန်သွားပြီ၊ လူအဖြစ်ကိုရနေတဲ့သူတွေဟာ ပြုပြင်ဖို့အခွင့်အလမ်းအများဆုံးပဲပေါ့နော်}}
]]ဒါပေါ့ကွ၊ ဒုစရိုက်မှုသိပ်များလွန်းတော့ ငရဲကိုတန်းရောက်တယ်၊ ငါတို့ပြိတ္တာဘုံရောက်တဲ့သူတွေက တစ်ချိန်မှာကျွတ်လွတ်ခွင့်ရှိ သေးတယ်၊ ငရဲကတော့အဆိုးဆုံးပေါ့}}
]]ဒါနဲ့ ငါကိုယ်တိုင် တစ္ဆေတစ်ကောင်ဖြစ်နေရက်နဲ့တောင် ပြိတ္တာဘုံရောက်ခါစက ငါဟာ ဒီကပြိတ္တာကြီးတွေကိုကြည့်ပြီး ကြောက်ရွံ့ ထိတ်လန့်ခဲ့ရတယ်သာမောင်၊ အခု ငါတို့လျှောက်သွားနေတဲ့နေရာမှာ လူတွေကို ငါတို့တွေ့နေရတာပဲ၊ အဲဒီလူတွေက ငါတို့ကို ဘာလို့ မမြင်ကြတာလဲ၊ မြင်များမြင်ရင် အတော်ကြောက်လန့်ကြလိမ့်မယ်၊ သရဲခြောက်တယ်ဆိုတာကရော၊ လူ့ဘ၀တုန်းက သရဲအခြောက်ခံရမှာ ကြောက်လိုက်တာ၊ အခု သရဲဘ၀ရောက်တော့ လူတွေကို ခြောက်လို့လည်း မရပါလားကွ}}
]]တကယ်တော့ သရဲကို လူတွေက မမြင်ရပဲ ကြောက်လန့်နေကြတာပါကွာ၊ ငါတို့သရဲတစ္ဆေတွေဟာ လူတွေကို ခြောက်ချင် တိုင်းခြောက်လို့ မရဘူးကွ၊ ဘုန်းကံချင်းသိပ်ကွာတယ်၊ လူတွေမှာ ဘယ်လောက်ပဲအဆင့် အတန်းနိမ့်နိမ့် လူ့ဘုန်းလူ့ကံတော့ ရှိသေးတာပဲ၊ ငါတို့ပြိတ္တာဘုံသားတွေဟာ လူတွေရဲ့ ဘုန်းကံကို မယှဉ်နိုင်ဘူးလေ၊ ဘုန်းကံမြင့်နေတဲ့လူတွေက ငါတို့လို အောက်တန်းစားပြိတ္တာဘုံ သားတွေကိုဘယ်မြင်လိမ့်မလဲ၊ သရဲအခြောက်ခံရတယ်ဆိုတဲ့လူတွေဟာ အတော်ကံနိမ့်ချိန်မှာ တို့ပြိတ္တာဘုံသားတွေကို မြင်လိုက်ရတာမျိုးကွ၊ တို့မှာ လူတွေကို ခြောက်ချင်တိုင်းခြောက်လို့ မရပါဘူးကွာ}}
]]အင်း… … အဲဒါကြောင့် လူတွေထဲမှာ သရဲတစ္ဆေရှိတယ်ဆိုတာကို မယုံတဲ့သူတွေရှိနေတာကိုး}}
]]ဒါပေါ့၊ ခြောက်ချင်တိုင်းခြောက်လို့ရရင်ဖြင့် ခက်ကုန်လိမ့်မယ် တင့်အောင်ရေ၊ လူ့ဘ၀တုန်းက ကိုယ်မကြေနပ်တဲ့လူတွေကို သရဲတွေက လိုက်ခြောက်ကုန်မှာပေါ့ကွ}}
သာမောင်တဖြည်းဖြည်းပြောပြသွားသည့်အတွက် ပြိတ္တာဘုံအကြောင်းကို ကျွန်တော်နားလည်သဘောပေါက်လာရပါသည်။ သာမောင်သည် ပြိတ္တာထဲတွင် ပညာရှိသောပြိတ္တာတစ်ကောင်ဖြစ်ပေ၏။ သူသည် လူ့ဘ၀တုန်းကလည်း ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်ပေသည်။ ဘက်စုံကျွမ်းကျင်သူဖြစ်သည်။ ကျွမ်းကျင်လွန်း၍ဖဲလိမ်ရိုက်သည်။ လူတွေကိုအမျိုးမျိုးကလိန် ကကျစ်လုပ်ခဲ့သည်။ သူ့ကြောင့်မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရသူတွေမနည်း။ ဒီဒဏ်တွေကို ယခုပြိတ္တာဘုံမှာ စုပြီးခံနေရခြင်းပင်ဖြစ်ပါသည်။
ကျွန်တော်သည် သာမောင်နှင့်အတူ ကျွန်တော်တို့၏သာယာလှပသောဘုံဗိမာန်ကြီးတွင်နေရင်း အစာရှာစားလိုက်၊ အိပ်လိုက်ဖြင့် အချိန်များ ကုန်လွန်ခဲ့လေသည်။ သရဲတစ္ဆေနာနာဘာဝတို့၏အလေ့အထ၊ စရိုက်သဘာဝများကိုလည်း သာမောင်ပြောပြ၍သိလာရသည်။
သည်လိုနှင့် ကျွန်တော်သည် ပြိတ္တာဘုံတွင် ရက်များတဖြည်းဖြည်း ကုန်လွန်လာခဲ့ရာ တစ်လလောက်ပင် ကြာမြင့်သွားပြီထင်ပါသည်။
ကျွန်တော်တို့သည် အစာရှာထွက်ရာမှပြန်လာပြီး ကျွန်တော်တို့ ဘုံဗိမာန်ကြီးထဲ၌ အေးဆေးစွာလဲလျောင်းကာ စကားစမြည်ပြော ကြသည်။ ဘုံဗိမာန်ကြီး၏အမိုးရှိ အပေါက်သုံးပေါက်ဆီမှ ထိုးကျလာသော လရောင်အောက်တွင် စကားပြောရသည်မှာ အရသာရှိလှပေ၏။ လမသာသည့်ရက်များမှာလည်း ကြယ်ကလေးများအရောင်ဖြင့် မှေးမှေးမှိန်မှိန်လင်းလျှက်ရှိပေ၏။ ကျွန်တော်တို့ဘုံဗိမာန်ကြီးကား ကျယ်ဝန်း ပြန့်ပြောလှပေတော့သည်။
သို့ရာတွင်…  ဤနေရာသည် ပြိတ္တာဘုံသာလျှင်ဖြစ်ပါသည်။ နာနာဘာဝတို့မှီတွယ်ရာ ပြိတ္တာဘုံမှာ အမြဲထာဝရ အေးချမ်း၍ပျော်စရာ ကောင်းနေဖို့ရာမှာ မဖြစ်နိုင်ပါချေ။ ကျွန်တော်သည် ထိုသဘောတရားကို မကြာခင်မှာပင် နားလည်လာရလေတော့သည်။
+ + + + + + + + +
အေးချမ်းငြိမ်သက်နေသောလောကထဲသို့ အမှောင့်ပယောဂဝင်ရောက်လာခဲ့လေပြီ။
တစ်နေ့တွင်…  သာမောင်ကြီးသည် အစာရှာရာမှပြန်လာရာတွင် နေစရာနေရာမရှိသော သရဲမတစ်ကောင်ကို ကျွန်တော်တို့ဘုံဗိမာန် သို့ ခေါ်လာခဲ့လေသည်။ သရဲမ၏ရင်သားများမှာ ကြီးမားလွန်းပြီး ပျော့အိတွဲကာ ရင်သားကြီးက မြေကြီးနှင့်ထိလုနီးပါး အိကျနေပေ၏။ သာမောင်ကြီးသည် ထိုမိန်းမကိုနှစ်သက်သဘောကျကာ ခေါ်လာခဲ့ခြင်းပင်ဖြစ်လေ၏။
]]တင့်အောင်ရေ၊ ဟောဒီမိန်းကလေးက နေစရာမရှိလို့ သနားတာနဲ့ ငါခေါ်လာတာကွ၊ ငါတို့ရဲ့ဗိမာန်ကြီးထဲမှာ သူ့ကိုနေခွင့်ပြုပါကွာ}}
သာမောင်က သရဲမနှင့်ကျွန်တော့်ကိုမိတ်ဆက်ပေးရင်းပြောလိုက်သည်။ သရဲမက မျက်ခွံမပါသောမျက်လုံးပြူးကြီးများဖြင့် ကျွန်တော့်ကို မထီမဲ့မြင်ကြည့်လိုက်ရာ ထိုခဏမှာပင် ဤသရဲမသည် ငါတို့သူငယ်ချင်းနှစ်ယောက်ခင်မင်မှုကိုဖြိုခွင်းမည့်သူဟု ကျွန်တော့်စိတ်ထဲက သိလိုက်လေ၏။ သူက ကျွန်တော့်ကိုနှစ်မြို့ပုံမရသလို၊ ကျွန်တော်ကလည်း သူ့ကို မြင်ကတည်းကပင် ကြည့်မရခဲ့ပါချေ။
]]ဟင့်- ကိုကို၊ ဒီဘုံဗိမာန်ကြီးက ကိုကိုတွေ့ထားတာဆို၊ ကိုကိုတစ်ယောက်တည်း ပိုင်တာမဟုတ်ဘူးလား}}
]]မဟုတ်ဘူးကွဲ့၊ နှစ်ယောက်အတူတူတွေ့တာ၊ တို့နှစ်ယောက် အတူတူပိုင်တယ်}}
]]ဒါပေမယ့်… …  ကိုကိုက ပြိတ္တာသက် ရင့်နေပြီလေ၊ ကိုကိုကပဲ ဒီနေရာမှာ အကြီးအကဲဖြစ်သင့်တာပေါ့}}
]]ဟုတ်ပါတယ်ကွယ်၊ ဒါပေမယ့် တင့်အောင်ဟာလည်း ကိုကို့သူငယ်ချင်းလေ၊ ဒီမှာ ညီမလေးနေဖို့ သူ့ကိုခွင့်ပန်ရသေးတာပေါ့}}
]]ဟွန့်- ဒါပဲနော်ကိုကို၊ ညီမလေးက ကိုကိုနဲ့ပဲတူတူနေမှာ၊ သူနဲ့ တူတူမနေဘူး၊ ညီမလေးက ကိုကို့ကိုပဲချစ်တာ}}
သရဲမက သူမ၏ရင်သားကြီးဖြင့် သာမောင့်ကိုယ်ကိုပွတ်သပ်ရင်း ခပ်ချွဲချွဲပြောလိုက်လေသည်။ သာမောင်ကြီးလည်း သဘောခွေ့သွား လေ၏။
]]အေးပါကွဲ့၊ ဟေ့-တင့်အောင်၊ သူနဲ့ငါနဲ့ လင်မယားလုပ်မလို့ကွ၊ မင်းလည်း တစ်ဖက်မှာအေးအေးနေပေါ့ကွာ}}
]]ရပါတယ်သူငယ်ချင်းရယ်}}
ထိုအချိန်မှစ၍ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်၏ချစ်ခင်မှုမှာ ဝေးကွာသွားရလေတော့၏။
ဘုံဗိမာန်ထဲတွင် သရဲမ၏အသံစာစာက ဆူညံနေလေတော့၏။ သရဲမသည် သာမောင့်ကို သူမအနားမှမခွာစေပဲ ပတ်ချွဲနပ်ချွဲလုပ်လျှက် ရှိလေသည်။ ကျွန်တော်သည် သူတို့နှစ်ယောက် အချစ်ပွဲဝင်နေပုံများကို မျက်နှာတစ်ဖက်လှည့်ကာ မမြင်ချင်ယောင်ပြု၍နေရပေတော့၏။
သာမောင်နှင့်ကျွန်တော်သည်လည်း စကားစမြည်ပြောခွင့်မကြုံရတော့ပေ။ အစာရှာထွက်သည့်အခါတွင်လည်း သူတို့နှစ်ယောက်သာ အတူတွဲသွားကြပြီး ကျွန်တော့်ကိုထားရစ်ခဲ့ကြသည်။ ကျွန်တော်သည် တစ်ကိုယ်တည်းသာ သွားလာလှုပ်ရှားရပေတော့၏။
သရဲမ၏ပိုင်းစိုးပိုင်နင်းလုပ်မှုများက တဖြည်းဖြည်းလွန်ကဲလာခဲ့လေသည်။ သူမသည် ကျွန်တော့်ကို သာမောင့်ရှေ့မှာပင် ငြူစူစောင်းမြောင်းလျှက်ရှိလေသည်။ သာမောင်လည်း မပြောသာပဲ သက်ပြင်းတချချဖြစ်နေသည်ကိုမြင်နေရပေ၏။ သူငယ်ချင်းကြားသို့ မိန်းမဝင်လာလျှင် အခင်မင်ပျက်ကြသည်ဆိုသည်မှာ မှန်လှပေ၏။ မိန်းမဖျက်ပြည်ပျက်သည်ဟုပင် ဆိုသည်မဟုတ်ပါလား။
သရဲမက နေ့ရှိသ၍ ကျွန်တော့်ကိုမလိုလားဟန်ပြကာ ငြူစူမာန်စောင်လျှက်ရှိပေသည်။
တစ်နေ့တွင်… …  ကျွန်တော်သည် သရဲမမျက်နှာကိုမမြင်ချင်သည်နှင့် နေ့ခင်းကြောင်တောင်ကြီး အပြင်သို့ထွက်လာခဲ့လေသည်။ ကျွန်တော်တို့ ပြိတ္တာဘုံသားများအတွက် နေ့အလင်းရောင်ကား မခံမရပ်နိုင်အောင်ပူပြင်းလှပေတော့၏။
ကျွန်တော်သည် အပြင်ပတွင်ကြာကြာမနေနိုင်ပဲ ဘုံဗိမာန်သို့ ပြန်လာခဲ့လေသည်။ ဘုံဗိမာန်ထဲသို့မဝင်မီ သရဲမ၏ဂုံးချောစကားများကို ကြားလိုက်ရလေသည်။
]]ကိုကိုကလည်း ဒီ ဘာမဟုတ်တဲ့ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ သရဲအစုပ်ပလုပ်ကလေးကို ပçစားပေးနေတယ်၊ ဒီအကောင့်ကို နှင်ချလိုက်ပါလို့ပြောနေတာ မရဘူး}}
]]သူက လူ့ဘ၀တုန်းက ကိုကို့သူငယ်ချင်းပါကွယ်}}
]]အို… သူငယ်ချင်းသော ဘာသော နားမလည်ဘူး၊ ကိုကို သူ့ကို ချစ်သလား၊ ညီမလေးကိုချစ်သလား၊ ညီမလေးကိုချစ်ရင် ညီမလေးစကား နားထောင်ပါ၊ သူ့ကိုနှင်မချရင် ညီမလေး ဒီကထွက်သွားမှာပဲ}}
]]ထွက်မသွားပါနဲ့ကွယ်၊ ကိုကိုညီမလေးကို မခွဲနိုင်ပါဘူး၊ ညီမလေးရဲ့အပြုစုအယုယမှာ ကိုကိုနစ်မွန်းနေပြီကွဲ့၊ ကိုကိုညီမလေးကိုစွဲနေပြီ}}
]]ဟွန်း-ဟွန်း ဒါဖြင့် ဟိုအကောင့်ကိုနှင်ချလိုက်လေ၊ သူရှိနေတာ ညီမလေးနဲ့ကိုကို ချစ်ချင်တိုင်းမချစ်ရဘူး၊ သိပ်အနှောက် အယှက်ဖြစ်တာပဲ၊ သူမရှိရင် ညီမလေးက ကိုကို့ကို အခုထက်တောင်ပိုပြီး ချစ်ပြလိုက်ဦးမှာ သိလား}} 
]]ခက်တာပဲကွယ်၊ ကိုကိုဘယ်လိုပြောထွက်မလဲ}}
]]ကိုကိုပြောမထွက်ရင် ညီမလေးပြောမှာပေါ့၊ ပုံကိုက သရဲဖြစ်နေတာ လချီနေပြီ၊ အခုထက်ထိ လူပုံမပျက်သေးဘူး၊ သူ့ကြည့်ရတာ ကျက်သရေယုတ်လွန်းလို့}}
ကျွန်တော်သည် မခံမရပ်နိုင်ဖြစ်ကာ ဗိမာန်အတွင်းသို့ ဝင်လိုက်လေသည်။
]]ဟေ့- ဟေ့- သရဲမ၊ ငါ့ကိုဒီလိုပြောစရာမလိုဘူး၊ တကယ်တော့ ဒီဘုံဗိမာန်ကြီးကို သာမောင်နဲ့ငါ အတူတူတွေ့ကြ ပိုင်ကြတာပါ၊ ဒါပေမယ့် နင်မလိုလားဘူးဆိုရင် ငါဆင်းသွားပါ့မယ်၊ ငါ့ကွယ်ရာမှာ ငါ့ကိုဒါလောက်ပြောစရာမလိုပါဘူး}}
]]သူငယ်ချင်း}}
]]မင်းကိုငါ ဘယ်လိုမှမထင်ပါဘူးသာမောင်၊ ဒီလိုပေါ့ကွာ၊ ငါသွားတော့မယ်၊ မင်းတို့ပျော်ပျော်ကြီနေခဲ့ကြပေတော့}}
ကျွန်တော်က ဗိမာန်ထဲမှ ထွက်ရန်ပြင်လိုက်သည်။
ထိုစဉ်… ကြားလိုက်ရသောအသံများကြောင့် ကျွန်တော်ရော သာမောင်တို့လင်မယားပါ ထိတ်လန့်သွားကြလေသည်။
ကျွန်တော်တို့သည် လက်ရှိဖြစ်နေသောပြဿနာအကြောင်းကို ဆက်မပြောမိပဲ သုံးယောက်သားကြားလိုက်ရသောအသံကို နားစွင့်နေမိကြသည်။
ဘယ်လိုကြောင့်ရယ်မသိ။ ကျွန်တော်သည် ထိုအသံကိုကြားလိုက် ရသည်နှင့် အသည်းထဲမှလှိုက်ကာ ကြောက်စိတ်ဝင်လာလေသည်။ ထိုအသံသည် ကျွန်တော်တို့ နာနာဘာဝများအား ဒုက္ခပေးမည့်အသံဖြစ်ကြောင်းကိုလည်း သိလိုက်လေသည်။
ကြားရသောအသံများကား ခြူသံများဖြစ်လေသည်။ ခြူသံများ နောက်တွင် ပလွေကိုမှုတ်လိုက်သည့် ပလွေသံလေးကိုပါ ကြားလိုက်ရလေ၏။
ကျွန်တော်တို့သည် ခြူသံနှင့်ပလွေသံကို နားထောင်ရင်းမှ ဇောချွေးများပြန်လာလေသည်။ သရဲမသည် သာမောင့်ကိုယ်လုံးကြီးကို အားကိုးတကြီးဖက်တွယ်ထားလေ၏။
]]ကြောက်တယ်၊ ကြောက်တယ်၊ ညီမလေးကြောက်တယ်ကိုကို}}
ခြူသံနှင့်ပလွေသံကို ကျွန်တော်တို့ဘာကြောင့်ကြောက်လန့်မိသည်ကို ဝေခွဲမရပေ။ ထိုအသံနောက်တွင် ကြီးမားသောအန္တရာယ်တစ်စုံ တစ်ခု ကပ်ပါလာသည်ကို အလိုလိုသိနေမိသည်။
မကြာပါ။ အသံများက ကျွန်တော်တို့ဘုံဗိမာန်ကြီးနှင့် တစတစ နီးလာလေသည်။ ကျွန်တော်တို့ဘုံဗိမာန်ကြီးမှာလည်း မြေကြီးပေါ်တွင် တဆတ်ဆတ်တုန်လှုပ်နေပေ၏။ မြေငလျင်များလှုပ်ခပ်သလို ဘုံဗိမာန်ကြီးသည် ယိုင်လဲပြိုကျတော့မယောင်ရှိနေ၏။
ပလွေသံက ပျောက်သွားသည်။ ခြူသံများသည်သာ ကျွန်တော်တို့ဘုံဗိမာန်ကြီး၏အပြင်ဖက်တွင် ပတ်ပတ်လည်ဝိုင်း၍ အော်မြည်နေလေ တော့၏။
ချက်ချင်းမှာပင်…  ကျွန်တော်တို့ဘုံဗိမာန်ကြီး၏အမိုးများမှာ မြေပြင်ပေါ်သို့ကြွတက်သွားလေသည်။ အလင်းရောင်များက ဗြုန်းကနဲ ဝင်လာလေရာ ကျွန်တော်တို့မျက်စိများ ပြာဝေသွားတော့သည်။
တခဏအတွင်းမှာပင်… … ဘုံဗိမာန်ကြီးသည် လေထဲသို့မြောက်တက်ပါသွားကာ အဝေးသို့လွင့်မျောသွားလေ၏။
သရဲမ၏ငယ်သံပါအောင် အော်လိုက်သောအသံကို ကြားလိုက်ရလေသည်။
]]တို့တော့ ဒုက္ခရောက်ပြီ တင့်အောင်ရေ}}
ကျွန်တော်တို့သည် ဘုံဗိမာန်ကြီးလွင့်ထွက်သွားသည်နှင့် နေ၏အလင်းရောင်အောက်၌ ငုတ်တုတ်ကြီးများ ကျန်ရစ်နေလေသည်။
ဘေးကိုကြည့်လိုက်သည့်အခါတွင်တော့ ခြူသံများထွက်ပေါ်လာရာ နွားများကိုတွေ့လိုက်ရလေသည်။ နွားများလည်တွင်သိုင်းထားသော ခြူများကိုမြင်လိုက်ရလေသည်။
နွားကျောင်းသားလေးတစ်ယောက်က ပလွေကိုခါးကြားတွင် ထိုးထားလေ၏။ နွားကျောင်းလာရင်းမှ ပလွေမှုတ်လာရာ ခြူသံနှင့်ပလွေသံ ကို ကျွန်တော်တို့ကြားခဲ့ရခြင်းဖြစ်ကြောင်းနားလည်လိုက်လေသည်။
ကျွန်တော်တို့၏ဘုံဗိမာန်ကြီးမှာလည်း တစ်နေရာတွင် ပက်လက်ကြီးဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ နွားကျောင်းသားလေးသည် ကျွန်တော်တို့ဘုံဗိမာန်ကို ခြေဖြင့်ကန်ကျောက်ပစ်လိုက်ခြင်းပါတကား။
နွားကျောင်းသားက ကျွန်တော်တို့ဘုံဗိမာန်ကို အခဲမကျေသည့်အလား နောက်တစ်ချက်ပိတ်ကန်လိုက်ပြန်သည်။ ဘုံဗိမာန်ကြီးသည် နွားကျောင်းသားခြေထောက်အောက်မှ အဝေးသို့လွင့်ထွက်သွားပြန်၏။
လွင့်ထွက်သွားသောကျွန်တော်တို့၏ဘုံဗိမာန်ကြီးကား အုန်းမှုတ်ခွက်တစ်လုံးသာပါတကား။
အုန်းမှုတ်ခွက်ကလေးသည် မြေပြင်ပေါ်၌ ပတ်ချာလည်နေသည်။ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ဘုံဗိမာန်ကြီးသည် အမိုးပက်လက်ဖြစ်ကာ ပတ်ချာလည်နေသကဲ့သို့ထင်မိလေသည်။
နွားတစ်ကောင်သည် ထိုနေရာ၌ လူးလွန့်ရုန်းကန်လိုက်ရာ အုန်းမှုတ်ခွက်ကလေးမှာ နွားခွာအောက်၌ စိစိညက်ညက် ကျေမွ သွားလေတော့သတည်း။ ကျွန်တော်တို့ဘုံဗိမာန်ကြီးကား အပိုင်းအစများဖြစ်သည်ထိ ပျက်စီးသွားလေပြီ။
ကျွန်တော်တို့သည် အုန်းသီးကိုခွဲကာ အတွင်းသားကိုခြစ်ထားပြီးဖြစ်သည့် အုန်းသီခွံအခြမ်းကလေး မြေ၌မှောက်နေသည်ကို ဘုံဗိမာန် ကြီးဟု ထင်ခဲ့ခြင်းပါတကား။ အုန်းမှုတ်ခွက်ထိပ်မှ အညှောက်ပေါက်ရာ သုံးခုကိုလည်း ဗိမာန်အမိုးမှ သေသပ်စွာဖောက်လုပ်ထားသော အလင်းဝင်ရာအပေါက်များဟု ထင်မြင်ခဲ့ကြပြန်သေးသည်။
အုန်းသီးခွံ၏မာကျောသောအပြင်သားများကို ခိုင်ခံ့သည့်အညိုရောင်နံရံကြီးအဖြစ်လည်းကောင်း၊ အတွင်းမှ အုန်းသီးအသားကိုခြစ်ပြီး ကျန်သည့် အစင်းကြောင်းများကို ကျောက်ဖြူသားဖြင့်ပြုလုပ်ထားသည့် ကနုတ်ပန်းနွယ်များအဖြစ်လည်းကောင်း ထင်မှတ်ခဲ့ကြလေသည်။
ယခုမူကား… ကျွန်တော်တို့မက်မောတွယ်တာခဲ့သောဘုံဗိမာန်ဖြစ်သည့် အုန်းမှုတ်ခွံလေးသည် မြေ၌ စိစိညက်ညက်ကြေမွသွားလေပြီ။
ကျွန်တော်တို့သည် သေးငယ်သောအုန်းမှုတ်ခွက်ကလေးထဲတွင် ကျယ်ပြောသောဗိမာန်ကြီးထဲ၌နေထိုင်သည့်သဖွယ် နေထိုင်ခဲ့ကြပေ၏။ ယခုမူ ကျွန်တော်တို့ဘုံဗိမာန်ကြီးကို သေးငယ်သောအုန်းမှုတ်ခွက်ကလေးအဖြစ် မြင်နေရပြန်သည်။ အကောင်အထည်ဒြပ်ထုတည်ငြိမ်မှု မရှိသော နာနာဘာဝလောက၏ သဘောသဘာဝတစ်ခုပါတကား။
ပြိတ္တာတို့သည် ကြီးမားသောသစ်ပင်ထက်၌မှီခိုနေထိုင်ကြသလို၊ သေးငယ်သောမြက်ပင်များကြား၌လည်း နေထိုင်ကြသည်။ စိတ်အစွဲ သန်ရာအတိုင်းဖြစ်တည်နေသောသဘောဖြစ်ပါသည်။
ကျွန်တော်သည် ပျက်စီးသွားသောဘုံဗိမာန်အုန်းမှုတ်ခွက်ကိုကြည့်ကာ ထိုနေရာမှစိတ်ပျက်လက်ပျက်ထွက်ခွာလာခဲ့လေသည်။ သာမောင်တို့ သရဲမလင်မယားသည်လည်း အခြားတစ်ဖက်သို့ထွက်ခွာသွားကြလေသည်။
+ + + + + + + + +
ကျွန်တော်သည် ခြေဦးတည့်ရာလျှောက်သွားရင်း နေစရာအသစ်ကိုရှာဖွေနေခဲ့ရာ မိုးစုပ်စုပ်ချုပ်၍ ညအမှောင်သို့ရောက်လာခဲ့လေသည်။
တစ်နေရာအရောက်တွင် သစ်ပင်အမြင့်ကြီးတစ်ပင်ပေါ်မှ ခုန်ချလာသော သဘက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရလေ၏။ သဘက်ကြီး၏ နားရွက်နှစ်ဖက်က မြေပေါ်ထိသည်ထိတွဲကျနေလေသည်။ သူသည် သက်တမ်းရင့်ပြိတ္တာဘုံသားဖြစ်၍ သရဲထက်ကြီးသော သဘက်ဘ၀ ရောက်နေသည့် နှစ်ချို့တစ္ဆေကြီးတစ်ကောင်ဖြစ်ပါသည်။
သဘက်ကြီးက ကျွန်တော်သွားမည့်လမ်းရှေ့မှ ပိတ်ရပ်လိုက်သည်။
]]ဟဲ့- ကောင်လေး၊ နင်ဘယ်သွားမလို့လဲ}}
သဘက်ကြီးက မေးလိုက်သည်။ ကျွန်တော်သည် သဘက်ကြီး အမေးကိုပြန်မဖြေပဲ သဘက်ကြီးကို ငေးကြည့်နေမိသည်။
ကျွန်တော်သည် သာမောင်သင်ပေးထားသည့်နည်းအတိုင်း…
သဘက်ကြီး၏ ကြီးမားသောနားရွက်နှစ်ဖက်၊ ရှည်လျားညွှတ်ကျနေသောနှာခေါင်း၊ ရှည်ထွက်နေသောအစွယ်နှစ်ချောင်းကို ဖျောက်၍ နဂို မူလရုပ်သွင်ကို ခန့်မှန်းကြည့်လိုက်သည်။
ထိုအခါ¼¼¼ ကျွန်တော့်မျက်စိထဲ၌ ပေါ်လာသောသဘက်ကြီး၏ မူလလူရုပ်သွင်သည် ကျွန်တော်နှင့် ရင်းရင်းနှီးနှီးရှိနေသော လူတစ်ယောက်နှင့် တူလွန်းလှကြောင်း ဆင်ခြင်မိလေသည်။ မည်သူနှင့်တူသည်ကိုတော့ တွေးမရချေ။
]]ဟဲ့- ငါမေးနေတယ်လေ၊ မင်း ဘယ်သွားမလို့လဲ}}
]]နေစရာမရှိလို့ နေစရာလိုက်ရှာနေတာပါသဘက်ကြီး}}
]]ရှာမနေနဲ့၊ မင်းဟာ ပြိတ္တာဘုံကိုလာရမယ့်လူမဟုတ်သေးဘူး၊ မင်းမှာ လူတစ်ယောက်ရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာ ငါတွေ့နေရတယ်၊ မင်း လူ့ဘ၀ကိုပြန်ပါ}}
]]မဖြစ်နိုင်တာသဘက်ကြီးရယ်၊ ကျွန်တော်သေတာ ကြာပါပြီ}}
]]မင်း မသေသေးဘူးကွ၊ မင်း မသေသေးပဲ မျောနေတာပါ ကောင်လေးရဲ့၊ မင်းမှာ လူ့ဘ၀တုန်းကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တစ်ချို့ ရှိနေသေးတယ်၊ ပြန်စဉ်းစားစမ်း}}
]]ကျွန်တော်မသေခင်လေးမှာ ကျွန်တော့်သားလေးကိုရှင်ပြုပေးခဲ့ပါတယ်၊ အမေ့ဆန္ဒအရ ကျွန်တော်လည်း သားလေးနဲ့အတူ ရဟန်းခံခဲ့ပါတယ် သဘက်ကြီး}}
]]အဲဒါပေါ့ကွ၊ မင်းဟာ မကောင်းမှုတွေလုပ်ခဲ့တာမှန်ပေမယ့် မကြာခင်က ကောင်းမှုကုသိုလ်တစ်ခုလုပ်ခဲ့လို့ အဲဒီကောင်းမှုရဲ့ အရှိန်ကြောင့် မသေသေးဘူးကွ}}
]]ဖြစ်နိုင်ပါ့မလား သဘက်ကြီးရယ်}}
ကျွန်တော်က သဘက်ကြီးနှင့် အပြန်အလှန် စကားပြောရင်းမှ သဘက်ကြီး၏မူလရုပ်သွင်ကိုမြင်ယောင်ရင်း ဘယ်သူနဲ့တူပါလိမ့်ဟု အဆက်မပြတ်စဉ်းစားနေမိလေသည်။
]]မင်းဟာ မသေသေးဘူး၊ မျောနေတာ၊ မင်းလူ့ဘ၀ကိုပြန်ပေ တော့}}
]]အခုမှတော့…  မပြန်ချင်တော့ပါဘူးသဘက်ကြီးရယ်}}
]]မင်းပြန်ရမယ်ကွ၊ ပြန်ကိုပြန်ရမယ်၊ မင်းဟာ လူအနေနဲ့ အသက်ဆက်ရှင်နိုင်သေးတယ်၊ မင်းလူ့ဘ၀ကိုပြန်၊ ပြီးရင်… …  ရတဲ့အချိန်မှာ ကောင်းမှုကုသိုလ်လုပ်၊ ဒါဆိုရင်…  မင်းတကယ်သေတဲ့အခါ ဒီနေရာကိုရောက်လာစရာ မလိုတော့ဘူး}}
]]ကျွန်တော်ဘယ်လိုပြန်ရမှာလဲဗျာ၊ မဖြစ်နိုင်ပါဘူး}}
]]ကဲ-ဖြစ်နိုင်အောင် ငါလုပ်ပေးမဟေ့၊ လူ့ပြည်ကိုပြန်ပေတော့ ကောင်လေး}}
သဘက်ကြီးက သူ၏ပါးနှစ်ဖက်ကိုဖောင်းအောင်ပြုလုပ်လိုက်သည်။ ပါးစောင်ထဲ၌လေများအပြည့်ဖြစ်သွားသည်။ ထို့နောက်…  သဘက်ကြီးသည် ကျွန်တော့်ရှေ့တည့်တည့်မှနေ၍ ကျွန်တော့်ကိုယ်ကို လေများဖြင့်မှုတ်ထုတ်လိုက်လေသည်။
သဘက်ကြီးပါးစပ်ထဲမှ အပုပ်နံ့များကို ရှူရှိုက်လိုက်ရသည်နှင့် အတူ ကျွန်တော်သည် နောက်ဖက်သို့ ရုတ်ကနဲလွင့်မျောသွားလေသည်။
သဘက်ကြီး၏လေမှုတ်အားက ပြင်းထန်လှလေစွ။ ကျွန်တော်သည် အဝေးသို့လွင့်စင်ကာ မြောက်တက်သွားလေသည်။ သဘက်ကြီးနှင့် သစ်ပင်သစ်တောမြင်ကွင်းများမှာ ကျွန်တော့်အောက်၌ကျန်ခဲ့လေသည်။ တဖြည်းဖြည်းနှင့် ကျွန်တော်မြင်ရသမျှရှုခင်းများသည် သေးငယ် သွားကာ ကျွန်တော့်မြင်ကွင်းမှပျောက်သွားလေတော့သည်။
ကျွန်တော်က ဆက်လက်လွင့်မျောနေဆဲ။ အမှောင်ထု အမှောင်တိုက်ကြီးထဲတွင် ကျွန်တော်သည် ဆောက်တည်ရာမဲ့စွာလွင့်မျော နေလေသည်။ မှီရာတွယ်ရာမရှိပဲလွင့်မျောနေလေသည်။
ကျွန်တော်က မှီတွယ်ရာတစ်ခုကို ဖမ်းဆုပ်မိငြား ကျွန်တော့်လက်များကိုဆန့်တန်းကာ ဆုပ်ကိုင်ကြည့်မိသည်။ လေကိုသာဆုပ်ကိုင်မိ လေ၏။
ကျွန်တော်သည် တစ်နေရာရာတွင် တစ်ခုခုကို ကိုင်တွယ်ထိတွေ့မိမည်အထင်နှင့် လက်များကိုဖြန့်ကာ စမ်းသပ်ရှာဖွေနေမိသည်။
ထိုစဉ်…  အသံများက ကျွန်တော့်နားထဲသို့ တိုးဝင်လာလေသည်။
]]ဟော- ဟော- လှုပ်လာပြီ၊ လှုပ်လာပြီ၊ သူသတိရလာပြီ}}
]]ကိုတင့်အောင်၊ ကိုတင့်အောင်}}
]]မောင်တင့်အောင်- သား}} 
+ + + + + + + + +
ကျွန်တော်သည် သတိလစ်မေ့မျောနေရာမှာ ပြန်လည်သတိရလာသည်ဟုသိရပါသည်။
သတိရလာသည့်တိုင် ကျွန်တော်သည် ကျွန်တော်ရောက်ခဲ့သော ပြိတ္တာဘုံကို မျက်ဝါးထင်ထင်မှတ်မိနေဆဲဖြစ်သည်။
]]ကံကောင်းလို့ပါလားသားရယ်၊ မင်းသတိလစ်မေ့မျောသွားတော့ အမေက သားရဟန်းခံခဲ့တဲ့ကုသိုလ်ကိုအောက်မေ့ပြီး ပုတီးစိတ်အမျှအတန်းဝေရင်းက သားရင်ပတ်ပေါ်ကို ပုတီးနဲ့သပ်သပ်ချလိုက်ရတာ၊ သားသတိပြန်လည်လာတာပဲကွယ်}}
]]ဟုတ်တယ်ကို၊ ကိုသတိလစ်သွားတာ တစ်ရက်လုံးလုံးကြာတယ်၊ ၂၄နာရီပြည့်အောင် သတိလစ်ပြီး မျောသွားခဲ့တာပေါ့ကို}}
ကျွန်တော်ပြန်လည်ကျန်းမာလာချိန်တွင် အမေနှင့်ဇနီးကပြန်ပြောပြသောစကားများဖြစ်ပါသည်။
၂၄နာရီ၊ တစ်ရက်တဲ့။
ကျွန်တော်ကတော့ ပြိတ္တာဘုံတွင် ရက်ပေါင်းများစွာနေခဲ့ရသည်ဟုထင်သည်။ တစ်လကြာအောင်ပင်နေခဲ့ရသည်ဟု ထင်ပါသည်။ ပြိတ္တာဘုံ၌ ကျွန်တော်ကြုံတွေ့ခဲ့ရသောအတွေ့အကြုံများမှာလည်း တစ်လစာခန့်ပင် များပြားလှသည်မဟုတ်ပါလား။
သည်သို့ဆိုလျှင်…  လူ့ဘုံက တစ်ရက်ကာလသည် ပြိတ္တာဘုံမှ တစ်လကာလနှင့် တူညီနေသည်လား။ သို့ဖြစ်လျှင်… ပြိတ္တာဘုံသား များအတွက် ဝဋ်ဒုက္ခခံစားနေရသည့်ကာလသည် ရှည်လျားလှချေကလား။ ကြောက်စရာကောင်းလွန်းလှပေသည်။
ကျွန်တော်သည် သတိလစ်မေ့မျောရာမှ ကယောင်ချောက်ခြား အိပ်မက်မြင်မက်ခြင်းလား၊ အမှန်တကယ် ပြိတ္တာဘုံကိုရောက်သွား ခြင်းလားဆိုတာ မသဲကွဲပါ။
သို့သော်…  ထိုအတွေ့အကြုံသည် ကျွန်တော့်အား သတိသံဝေဂများစွာပေးခဲ့ပါလေသည်။
ကျွန်တော်ပြန်လည်ကျန်းမာလာခဲ့သည်။
ဆေးရုံမှဆင်းပြီး အိမ်ပြန်ရောက်သည်နှင့် အိမ်ဦးခန်းတွင်ချိတ်ထားသော ကွယ်လွန်သူကျွန်တော့်ဖခင်ပုံကို ထိုင်၍ကန်တော့လိုက်လေ သည်။
]]သာဓုကွယ်… …  သာဓု… သာဓု… …  ငါ့သား လိမ္မာလာပြီကိုး၊ ဒါကြောင့်လည်း… …  သေတွင်းက လွတ်ခဲ့တာပဲကွဲ့၊ အနန္တော အနန္တငါးပါး ဂုဏ်ကျေးဇူးကိုမမေ့တဲ့သူဟာ ဘယ်တော့မှ မဆင်းရဲဘူးကွဲ့}}
အမေက ကျွန်တော့်အပြုအမူကိုကြည့်ရင်း သာဓုခေါ်ခဲ့လေသည်။ ဓာတ်ပုံထဲမှဖခင်ကလည်း ကျွန်တော့်ကိုပြုံးကြည့်နေလေသည်။
ကျွန်တော်သည် လူ့ဘ၀ကို ကံကောင်းထောက်မစွာ အသစ်ပြန်လည်ရရှိခြင်းဟုယူဆပါသည်။ ကျွန်တော့်အား လူ့လောကရောက် အောင်ပြန်လည်ပို့ဆောင်ပေးလိုက်သည့် သဘက်ကြီး၏ကျေးဇူးဖြစ်ပေသည်။ သဘက်ကြီးသည် ပြိတ္တာဘုံသားဖြစ်သည်မှန်သော်လည်း သူ့တွင် တစ်စုံတစ်ရာသောအဆင့်အတန်းအထိ တန်ခိုးအာနိသင်ရှိနေပုံရပါသည်။
ကျွန်တော်သည် ကောင်းစွာပြန်လည်ကျန်းမာလာသည်အထိ သဘက်ကြီးကို မျက်စိထဲတွင်မြင်နေမိသည်။ သဘက်ကြီး၏မူလရုပ်သွင် ကိုလည်း ဘယ်သူနဲ့တူတယ်ဆိုတာ ကျွန်တော်အဖြေရှာလို့ရပါပြီ။
ပြန်လည်ကျန်းမာလာချိန်တွင် ကျွန်တော်သည် တရားဓမ္မ၏အဆုံးအမနှင့်အညီနေထိုင်ခဲ့ပါသည်။ ပုတီးစိတ်ခြင်း၊ တရားစခန်း ဝင်ခြင်းတို့ဖြင့် ကျွန်တော့်ဘ၀ကို အချိန်ကုန်လွန်စေလိုက်သည်။ သဘက်ကြီးကလည်း ကုသိုလ်ကောင်းမှုပြုခြင်းဖြင့်…  အမှန်တကယ်သေ သောအခါ ပြိတ္တာဘုံသို့ မရောက်အောင်ကြိုးစားဖို့ မှာကြားလိုက်သည်မဟုတ်ပါလား။
ကျွန်တော်လုံးလုံးပြောင်းလဲသွားသည့်အတွက် အမေကရော၊ ဇနီးသည်နှင့်သားသမီးများကပါ ဝမ်းသာနေကြပါသည်။
ကျွန်တော်သည် သတိလစ်မေ့မျောနေစဉ်အတွင်း ပြိတ္တာဘုံသို့ ရောက်ရှိသွားပုံကို မချွင်းမချန်ပြောပြလိုက်သည်။ မိသားစုကိုသာမက အသိမိတ်ဆွေများ၊ တပည့်များ၊ အိမ်နီးချင်းများ… … စသည့်နီးစပ်ရာအားလုံးကို ကျွန်တော်၏ပြိတ္တာဘုံရောက်အတွေ့အကြုံကိုပြန်ပြောပြရင်း သတိသံဝေဂ ရစေခဲ့ပါသည်။ သေလွန်လျှင် ကောင်းရာဘုံကိုရောက်စေဖို့ အသက်ရှင်စဉ်မှာသာ ကျင့်ကြံကြိုးစားခွင့်ရှိကြောင်း ဟောပြောဆုံးမခဲ့ပါသည်။
+ + + + + + + + +
အထက်ပါအဖြစ်အပျက်များမှာ…  ကျွန်တော်အသက်လေးဆယ်အရွယ်က သေကောင်ပေါင်းလဲဖြစ်ပြီး သတိလစ်မေ့မျောသွားရာမှ တစ္ဆေဘ၀သို့ယာယီရောက်ခဲ့ရပုံများဖြစ်ပါသည်။ လူသားတို့အချိန်အားဖြင့် တစ်ရက်သာဖြစ်သော်လည်း ပြိတ္တာဘုံ၌ တစ်လမျှနေထိုင်ခဲ့ရပုံ အတွေ့အကြုံကိုတွေ့သမျှ လူတိုင်းအားပြောပြ၍ ဟောပြောဆုံးမနေမြဲဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့် ထိန်ချန်ထားမှုတစ်ခုရှိကြောင်းကိုဖြင့် ဝန်ခံရပေမည်။
ကျွန်တော်သည် ကျွန်တော့်အား လူ့ဘ၀ပြန်ရောက်ရန် ကူညီခဲ့သော သဘက်ကြီး၏မူလရုပ်ရည်ကို ခန့်မှန်းကာ သဘက်ကြီးအား လူအနေဖြင့် သိကျွမ်းရင်းနှီးဖူးသယောင် ထင်မှတ်ခဲ့ပါသည်။ သို့သော်- သဘက်ကြီးသည် မည်သူမည်ဝါဖြစ်ကြောင်းကွဲကွဲပြားပြား မသိ ခဲ့ရချေ။
ဆေးရုံမှဆင်း၍အိမ်ပြန်အရောက်တွင် ကွယ်လွန်သူကျွန်တော့်ဖခင်၏ဓာတ်ပုံကိုမြင်လိုက်ရသည့်အခါ ကျွန်တော်တွေ့ခဲ့သောသဘက်ကြီး မှာ ကျွန်တော်ဖခင်နှင့်ရုပ်ချင်းချွတ်စွပ်တူနေကြောင်း သတိပြုမိလိုက်ပါတော့သည်။
အဖေသည် ကျွန်တော်အသက်ရှစ်နှစ်အရွယ်ကပင် ကွယ်လွန်ခဲ့ ခြင်းဖြစ်၍ အဖေ့ကို ကျွန်တော်ကောင်းကောင်းမမှတ်မိခြင်းဖြစ်ပါသည်။
သဘက်ကြီးကို ကျွန်တော့်ဖခင်အဖြစ်ထင်မြင်မိခြင်းမှာ မှားယွင်းလျှင်လည်း မှားယွင်းနေပါလိမ့်မည်။ အမှန်တကယ်ဖြစ်လျှင်လည်း ကျွန်တော့်ဖခင်သည် ပြိတ္တာဘုံတွင် သက်တမ်းအရင့်ဆုံးသဘက်ကြီးအဖြစ်ရှိနေကြောင်းကို ကျွန်တော်ထုတ်ဖော်မပြောရက်ပါ။ အထူးသဖြင့်… … မိခင်ကြီးစိတ်မချမ်းသာ ဖြစ်မည်စိုး၍ မပြောလိုပါ။ ထို့ကြောင့် ထိုအချက်ကိုမူ ကျွန်တော်တစ်ဦးတည်း စိတ်ထဲတွင်သာ ထားရှိခဲ့ပါသည်။
သဘက်ကြီးသည် အမှန်တကယ်သာ ကျွန်တော့်ဖခင်ဖြစ်ပါအံ့။ သူသည် ကျွန်တော့်အား သူ့သားအဖြစ်သိရှိခြင်းကြောင့် လူ့ဘုံကိုပြန်ရောက်အောင်ကူညီခဲ့ခြင်းလား။ သို့မဟုတ် လူသားအရှိန်အဝါမကုန်သေးသည့် လူတစ်ယောက်အဖြစ် ရိုးသားစွာကူညီခဲ့ခြင်းလား။ မသိတတ်နိုင်ပါပေ။
+ + + + + + + + +
ယခုအခါ…  ကျွန်တော်၏အသက်သည် ခုနစ်ဆယ်အတွင်းသို့ ရောက်ရှိခဲ့ပေပြီ။ အသက်လေးဆယ်အရွယ်ကကြုံခဲ့ရသော ပြိတ္တာ ဘ၀အတွေ့အကြုံမှာ နှစ်ပေါင်းသုံးဆယ်ကြာမြင့်ခဲ့ပေပြီ။ နှစ်ပေါင်းသုံးဆယ်ကြာသော်လည်း ကျွန်တော်ကတော့ ယာယီတစ္ဆေဖြစ်ခဲ့ရသော အဖြစ်ကို မျက်ဝါးထင်ထင် မှတ်မိသတိရနေဆဲဖြစ်ပါသည်။
ထို့ကြောင့်… … ဘ၀ကူးကောင်းစေရန် မကောင်းမှုမှန်သမျှကိုစွန့်လွှတ်ကာ တရားဓမ္မကိုလိုက်စားခဲ့သည်။ ကျွန်တော့်အနေဖြင့် အောက်တန်းကျသောပြိတ္တာဘုံနှင့် ကင်းဝေးရပြီဟုယုံကြည်မိပါသည်။
ကျွန်တော်သည် မြန်မာနိုင်ငံအရပ်ရပ်လှည့်လည်ကာ ဘုရားစေတီ များတွင် အဓိဌာန်ဝင်ရင်း ကျွန်တော်၏ယာယီတစ္ဆေအတွေ့အကြုံကို လူငယ်လူရွယ်များ၊ ဓမ္မမိတ်ဆွေများအား ဟောပြဖြန့်ဝေနေဆဲဖြစ်ပါသည်။
လူသားမှန်သမျှ သေလွန်ပြီးသည်၏နောက်ပိုင်း ကောင်းရာသုဂတိသို့လားနိုင်ကြပါစေ။
+ + + + + + +

( ဝန်ခံချက်။  ။ မန္တလေးမြို့၊ ရွှေကျီးမြင်ဘုရားတွင်ဆုံတွေ့ခဲ့သော အဘဦးတင့်အောင်ပြောပြသည့်ဖြစ်ရပ်ကို အဘ၏ဆန္ဒအရ ရေးသားတင်ပြခြင်းဖြစ်ပါသည်။)
                                                                             နွေတမာန်
                          

No comments: