Saturday 18 August 2012

နွေတမာန် - တစ္ဆေမော်တော်ကား (၀တ္ထုတို)


နွေတမာန်
တစ္ဆေမော်တော်ကား

ဆရာမမယဉ်ရွှေ ရွာမှထွက်လာချိန်မှာ မှောင်ရီပျိုးစအချိန်ဖြစ်ပေသည်။ ဆရာမမယဉ်ရွှေသည် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင် မိခင်ကြီးရှိရာ ဇာတိရွာသို့ပြန်ရန် အလုပ်လုပ်နေသောရွာကလေးမှ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထိုနေ့မှာ သောကြာနေ့ညနေခင်းဖြစ်လေသည်။ ညနေလေးနာရီ အချိန်ကတည်းက ကျောင်းဆင်းခဲ့သော်လည်း ကလေးများ၏ဒုတိယအစမ်း စာမေးပွဲအတွက် ပြင်ဆင်စရာရှိစရာများကို ရွာခံဆရာမကြီးနှင့် တိုင်ပင်နေရပါ၍ မှောင်ရီပျိုးစ ခြောက်နာရီထိုးမှပင် ရွာမှထွက်လာဖြစ်လေသည်။
ဆရာမမယဉ်ရွှေအလုပ်လုပ်သော တမာတန်းရွာကလေးသည် ရန်ကုန်-မန္တလေးလမ်းမကြီးနံဘေး၌ရှိသည်။ သူမ၏ဇာတိရွာကလေးမှာလည်း ရန်ကုန်-မန္တလေးကားလမ်းမကြီးနံဘေးမှ ရွာကလေးတစ်ရွာပင်ဖြစ်ပါသည်။
တစ်ရွာနှင့်တစ်ရွာမှာ မိုင်၂၀ကျော်မျှသာဝေးပါသည်။ အသွားအလာ အဆင်ပြေသည်။ လမ်းမကြီးပေါ်ထွက်၍ ကားကြုံ ကိုတားပြီး တက်လိုက်ရုံသာဖြစ်ပါသည်။
ဆရာမမယဉ်ရွှေတို့လို ကျောင်းဆရာများအဖို့ မည်သည့်ကားကို တက်စီးစီး ကားခပေးရန်မလိုပါ။ ကားအတော်များများက ကျောင်းဆရာ ဆရာမများကို လမ်းကြုံတင်ခေါ်သွားကြမြဲဖြစ်သည်။
ဆရာမမယဉ်ရွှေသည် ညနေခင်းအချိန်ဖြစ်သော်လည်း မိမိကို ကျောင်းဆရာမတစ်ဦးမှန်းသိသာစေရန် ကျောင်းဝတ်စုံ အဖြူနှင့်အစိမ်းကိုပင် ဝတ်ဆင်လာခဲ့လေ၏။
သွားနေကျလမ်းဖြစ်၍ မယဉ်ရွှေက တစ်မိုင်ခန့်ဝေးသော အဝေးပြေးလမ်းမကြီးဆီသို့ အဖော်မခေါ်ပဲ တစ်ယောက်တည်း ပင်လျှောက်လာခဲ့လေသည်။
ရန်ကုန်-မန္တလေးဝေးပြေးလမ်းမကြီးသို့အရောက်တွင် လမ်းဘေးမှနေ၍ ကားကြုံကိုစောင့်နေလိုက်လေသည်။
မယဉ်ရွှေပြန်ရမည့်ရွာမှာလည်း လမ်းမကြီးဘေး၌ပင်ရှိလေသည်။ မြို့ကိုမရောက်မီ ငါးမိုင်ခန့်အကွာတွင်ရှိသော ညောင်ပင်ဝိုင်းရွာဖြစ်ပါသည်။
မယဉ်ရွှေသည် လမ်းမကြီးအရောက်တွင် ကားကြုံကို တစ်ယောက်တည်းရပ်စောင့်နေခဲ့သည်။ ယခုလိုအချိန်များတွင် ရန်ကုန်မှလာသော အဝေးပြေးကားကြီးများသည် မယဉ်ရွှေတို့မြို့ကိုဖြတ်သွားသည့်အချိန်ဖြစ်ပေ၏။ သို့သော် အဝေးပြေး ကားကြီးများက လမ်းကြုံခရီးသည်များကို တင်လေ့မရှိပါ။ မယဉ်ရွှေစောင့်မျှော်နေသည့်ယာဉ်အကြုံမှာ ခရီးတိုသွားသော ကားများ၊ ကိုယ်ပိုင်ကားများနှင့် ပစ္စည်းတင်သော ထော်လာဂျီယာဉ်များသာ ဖြစ်ပါသည်။
မယဉ်ရွှေက တစ်ဖက်မှလာမည့်ကားကြုံကိုမျှော်ရင်း လမ်းဘယ်ဖက်သို့ကြည့်နေလေသည်။
စောင့်မျှော်နေစဉ်မှာပင် တစတစဖြင့် အမှောင်ထုစိုးမိုးလာလေ၏။ ဆောင်းကာလဖြစ်၍ ညနေခင်းခြောက်နာရီခွဲလောက် သာရှိသေးသော်လည်း မှောင်လာခဲ့ပြီဖြစ်သည်။
ထိုစဉ် မြို့ဖက်သို့ဦးတည်၍မောင်းလာသော ကားလေးတစ်စီးကို မယဉ်ရွှေမြင်လိုက်ရလေသည်။ ထိုကားလေးတွင် လူချောင်လျှင်ဖြင့် မယဉ်ရွှေ လိုက်ခွင့်ရပါလိမ့်မည်။ မယဉ်ရွှေသွားမည့် ညောင်ပင်ဝိုင်းရွာသည် မြို့အထိရောက်အောင် လိုက်စီးစရာမလို။ မြို့ထဲမရောက်မီ ငါးမိုင်ခန့်မှာ ညောင်ပင်ဝိုင်းရွာရှိ၍ လမ်းမှာပင်ဆင်းရမည်ဖြစ်သည်။
ကားလေးတဖြည်းဖြည်းနီးလာသည်နှင့် မယဉ်ရွှေက ရှေ့နားကို ရွှေ့ရပ်ကာ ကားကိုတက်ပြ၍တားလိုက်သည်။
ကားကလေးက မယဉ်ရွှေရှေ့မှာပင် တိကနဲရပ်သွားလေသည်။ ကားလေးမှာ လေးယောက်စီး ဖယ်မလီယာကားလေး ဖြစ်ပါ၏။ ကားရှေ့ခန်း၌ မောင်းသူတရုပ်အမျိုးသားကြီးနှင့် တရုပ်အမျိုးသမီးကြီးတစ်ဦးတို့ ထိုင်လျှက်ရှိသည်။ သူတို့မှာ လင်မယားမှန်းသိသာပါသည်။ ကားပေါ်တွင် လင်မယားနှစ်ယောက်သာပါသဖြင့် မယဉ်ရွှေ ပျော်သွားသည်။
]]ကျွန်မ ညောင်ပင်ဝိုင်းအထိ လိုက်ပါရစေရှင်}}

ကားမှာ ညာမောင်းမို့ မောင်းသူဒရုင်ဘာတရုပ်ကြီးက မယဉ်ရွှေနှင့်နီးသည့်ဖက်တွင်ရှိနေသည်။
တရုပ်ကြီးသည် ဘာမှပြန်မပြော။ ခေါင်းညိတ်ပြကာ လက်တစ်ဖက်ကို ကားနောက်ဖက်သို့ထိုးပြလိုက်၏။ လိုက်ခဲ့ဖို့ခွင့်ပြုသည့်သဘောနှင့် နောက်ခန်းမှာတက်ထိုင်ရန် အမူအရာပြလိုက်ခြင်းဖြစ်သည်။
ဆရာမမယဉ်ရွှေသည်  ကားနောက်ခန်းတခါးကိုဆွဲဖွင့်ကာ ဝင်ထိုင်လိုက်၏။ မယဉ်ရွှေထိုင်လိုက်သည်နှင့် ကားလေးက မောင်းထွက်ခဲ့လေ သည်။
]]ကျေးဇူးတင်ပါတယ်၊ ကျွန်မ ညောင်ပင်ဝိုင်းအထိပဲ လိုက်မှာပါ၊ ညောင်ပင်ဝိုင်းရွာထိပ်က ညောင်ပင်ကြီးနားမှာ ကျွန်မဆင်းမယ်နော်}}
မယဉ်ရွှေက ကားရှေ့ခန်းမှ လင်မယားကို ကျေးဇူးတင်စကားပြောလိုက်သည်။
သို့သော် လင်မယားနှစ်ယောက်စလုံး မယဉ်ရွှေကို ဘာမှပြန်မပြောပါ။ နောက်ကိုလည်း လှည့်မကြည့်ပါ။
တရုပ်ကြီးက ကားမောင်းပြီး တရုပ်မကြီးက တိတ်ဆိတ်စွာထိုင်၍ လိုက်ပါလာသည်။ သူတို့အချင်းချင်းလည်း စကားမပြောကြ။ မယဉ်ရွှေသည် တရုပ်ကြီးလင်မယားမှာ စကားများတာမကြိုက်လို့ပဲဟုထင်ကာ တိတ် ဆိတ်စွာပင် လိုက်ပါလာခဲ့လေ၏။
ကိုယ်ပိုင်ကားလေးက တရိပ်ရိပ်ပြေးလျှက်ရှိလေသည်။
မယဉ်ရွှေသည် ကားပိုင်ရှင်လင်မယားမှာ မြို့ပေါ်ကလား၊ မန္တလေးအထိခရီးဆက်ကြမယ့်သူတွေလားဆိုတာ စဉ်းစားနေမိသည်။ ထိုလင်မယားကိုမြို့ပေါ်မှာတော့ မယဉ်ရွှေမတွေ့မိချေ။ မြို့ကလေးမှာသေးသောကြောင့် ဆရာမ မယဉ်ရွှေအနေဖြင့် တစ်မြို့လုံးကို သိနေပါသည်။
သို့သော် တရုပ်ကြီးလင်မယားမှာ သူတို့အချင်းချင်းပင် စကားစမြည်မပြောပဲ ငူငူငေါင်ငေါင်ကြီးတွေရှိနေကြသည်မို့ မယဉ်ရွှေက မစပ်စုနိုင်တော့ချေ။ ခပ်မဆိပ်ပင်လိုက်ပါလာခဲ့၏။
ထိုအချိန်တွင် မယဉ်ရွှေတို့နှင့်အတူ မြို့ဖက်သို့မောင်းနှင်နေသော ယာဉ်တစ်စုံတစ်ရာကိုလည်း မတွေ့ခဲ့ရချေ။ မြို့ဖက်မှ ရန်ကုန်ဖက်သို့မောင်းသွားသော ကားတစ်စီးနှစ်စီးကိုသာ တွေ့ရပေ၏။
ခရီးတဝက်ကျိုးချိန်လောက်တွင် နောက်မှ စူးရှသောကားမီးရောင် တစ်ခုကြောင့် ကားတစ်စီး နောက်တွင်လိုက်ပါလာသည်ကို သိလိုက်ရသည်။ မယဉ်ရွှေက နောက်မှလိုက်ပါလာသောကားကို လှည့်ကြည့်လိုက်၏။
ရန်ကုန်-မန္တလေး အဝေးပြေးကားကြီးပင်ဖြစ်ပါ၏။ လေအေးစက်တပ်၊ မှန်လုံ အဆင့်မြင့်ပို့ဆောင်ရေး ကားကြီး တစ်စီးဖြစ်ပါသည်။ ကားကြီး၏ရှေ့နောက်ဝဲယာမှ မီးများအားလုံး လင်းလက်နေသလို၊ ကားအတွင်းမှ မီးများမှာလည်း ထိန်ထိန် ညီးလျှက်ရှိပေ၏။
အဝေးပြေးကားကြီးက လျင်မြန်သောအဟုန်ဖြင့် နောက်မှလိုက်ပါလာလျှက်ရှိလေသည်။ အဝေးပြေးကားကြီးဆီမှ ကားမီး ရောင်ကိုမြင်မှပင် မိမိစီးနင်းလာသောကားတွင် ကားရှေ့မီးများဖွင့်မထားရသေးသည်ကို မယဉ်ရွှေသတိပြုမိလိုက်၏။
]]မှောင်နေပြီ၊ ကားရှေ့မီးတွေ မဖွင့်ရသေးဘူးနော်}}
မယဉ်ရွှေက သတိပေးသလိုပြောလိုက်သော်လည်း တရုပ်ကြီးလင်မယားက ဘာမှပြန်မပြောချေ၊ ကားမီးများကိုလည်း မဖွင့်ပါ။ နောက်ကို လည်းလှည့်မကြည့်။ အရုပ်ကြီးများလို အသေထိုင်ရင်း လိုက်ပါလာသည်။ ကားမီးတွေပဲ ပျက်နေလို့လား။ သည်အတိုင်းဆို အဝေးပြေးလမ်းမကြီး၌ အန္တရာယ်ရှိနိုင်ပေသည်။
မယဉ်ရွှေတွေးနေစဉ်မှာပင် နောက်မှပါလာသော အဝေးပြေးကားကြီးသည် မယဉ်ရွှေစီးလာသောကားလေးနှင့် တဖြည်း ဖြည်းနီးကပ်လာချေပြီ။ သို့သော် တရုပ်ကြီးသည် နောက်ကားကျော်တက်နိုင်အောင် ရှောင်ပေးခြင်း၊ လမ်းဘေးသို့ တိမ်းပေးခြင်းမပြုပဲ ကားကိုအရှိန်မပျက်ဆက်မောင်းမြဲ မောင်းနေပေ၏။
]]နောက်မှာ ကားကြီးပါလာတယ်}}
မယဉ်ရွှေက မနေနိုင်၍ သတိပေးလိုက်မိပြန်သည်။
တရုပ်ကြီးက တုပ်တုပ်မျှပင်မလှုပ်ပဲ ကားကိုဆက်မောင်းနေသည်။
အဝေးပြေးကားကြီးမှာ တစတစနီးကပ်လာချေပြီ။ အဝေးပြေးကားကြီးကလည်း ဟွန်းတီးသတိပေးခြင်းမျိုးမရှိပဲ အရှိန်မှန်မှန်ဖြင့် ပြေးလာနေခြင်းဖြစ်လေသည်။
မယဉ်ရွှေသည် ယာဉ်နှစ်စီး၏အခြေအနေကိုကြည့်ကာ ထိတ်လန့်သွားသည်။ သည်အတိုင်းဆိုလျှင် ကားလေးကို နောက်မှပါလာသော အဝေး ပြေးကားကြီးက အရှိန်ပြင်းစွာဝင်တိုက်မိတော့မည်။
]]နောက်မှာ- နောက်မှာကားကြီး၊ ကားကြီးသိပ်နီးလာပြီ၊ လမ်းဘေးကပ်ပြီး ရှောင်ပေးလိုက်ပါ၊ အို-}}
မယဉ်ရွှေက ထိတ်လန့်တကြားအော်ဟစ်လိုက်သော်လည်း ရှေ့ခန်းမှတရုပ်ကြီးသည် မကြားသယောင် ကားကို ဘေးသို့တိမ်းမပေးပဲ မောင်းမြဲအတိုင်းဆက်မောင်းနေလေသည်။
နောက်မှလိုက်လာသော အဝေးပြေးကားကြီး၏ခေါင်းပိုင်းသည် မယဉ်ရွှေပါလာသောကားလေး၏နောက်ပိုင်းကို လျင်မြန်စွာ ဝင်တိုက်မိသွား လေ၏။ နောက်သို့လှည့်ကြည့်နေသောမယဉ်ရွှေသည် ကားချင်းတိုက်မိလိုက်သည်ကိုအမြင်တွင် စူးရှစွာ အလန့်တကြားအော်လိုက်မိလေသည်။ မျက်လုံး ကိုလည်း စုံပိတ်ထားလိုက်မိ၏။
နောက်မှဝင်အောင်းသောကားကြီးအရှိန်ကြောင့် မိမိစီးလာသော ကားလေးလွင့်ထွက်သွားကာ ကားပေါ်ပါလာသော သူမနှင့်အတူ တရုပ်ကြီး လင်မယားလည်း မရှုမလှသေပွဲဝင်ရတော့မည်ကို တွေးလိုက်မိကာ အသည်းအူများပင် တုန်လှုပ်သွားတော့လေသည်။
သို့သော်¼¼
သို့သော်¼¼
ဘာမှဖြစ်မသွားပါ၊ ဘာဆိုဘာမှဖြစ်မသွားပါ။
မယဉ်ရွှေစူးရှစွာအော်လိုက်သံကိုလည်း ရှေ့မှတရုပ်လင်မယားက သတိထားမိဟန်မတူ။ ကားလေးသည် အရှိန်မပျက်ဆက်ပြေးနေမြဲ။
မယဉ်ရွှေ မျက်လုံးဖွင့်ကြည့်လိုက်ချိန်၌ အဝေးပြေးကားကြီး၏ ခေါင်းပိုင်းသည် မယဉ်ရွှေတို့ကားလေးအတွင်းထဲသို့ ဝင်လာနေခဲ့ပြီဖြစ်သည်။ သို့သော် ကားကြီး၏ကိုယ်ထည်သည် ကားလေးအတွင်း ဝင်လာသော်လည်း တစ်ခုနှင့်တစ်ခု ထိခိုက်မိမသွားပဲ နှစ်စင်းစလုံးသည် ကိုယ့်အရှိန်နှင့်ကိုယ် ဆက်လက်ရွေ့လျားနေလေ၏။
မယဉ်ရွှေက အဖြစ်အပျက်ကို မယုံကြည်စွာ စိုက်ကြည့်နေမိသည်။ ပို၍အရှိန်မြန်သောကားကြီးသည် တစတစဖြင့် မိမိတို့ကားလေးနောက်ပိုင်းကို ဝါးမျြိလျှက်ရှိလေသည်။ ခဏချင်းမှာပင် ကားလေးသည် ကားကြီး၏ ကိုယ်ထည်အတွင်းသို့ လုံးလုံးရောက်သွားလေ၏။
ကားရှေ့ခန်းမှ တရုပ်လင်မယားသည် ထိုအဖြစ်ကို မသိသည့် သဖွယ် (သို့မဟုတ်) သိပါလျှက်အမှုမထားသည့်သဖွယ် အေးဆေးစွာပင် ကားကိုအရှိန်မပျက်ဆက်မောင်းနေပေသည်။
ကားကြီးပေါ်မှ ဒရိုင်ဘာသည်လည်းကောင်း၊ ခရီးသည်များသည် လည်းကောင်း ထိုအဖြစ်ကို သိပုံမရပါ။ သူတို့စီးနင်းလာသောကားကြီး၏ အတွင်းပိုင်းတွင် ကားငယ်လေးတစ်စီး ဝင်ရောက်ကာ ကားနှစ်စီးအပြိုင် သွားနေသည့်အဖြစ်ကို မည်သည့်ခရီးသည်မှ သတိထားမိပုံမပေါ်ပေ။
ကားကြီးနှင့်ကားငယ်တို့၏ အရွယ်အစား အနိမ့်အမြင့်မှာ ကွာခြားလှပေရာ မယဉ်ရွှေတို့သည် ကားကြီးပေါ် တွင်ပါလာသောခရီးသည်များ၏ အောက်၌ရောက်နေပေသည်။ မယဉ်ရွှေ၏ဦးခေါင်းပိုင်းမှာ ခရီးသည်များ၏ ခြေထောက် များနှင့်တစ်တန်းတည်းတွင် ရှိနေ၏။
မယဉ်ရွှေက ကားကြီးအတွင်းဖက်ဆီသို့ မော်၍ကြည့်လိုက်သည်။
ထိုအခါ.. ကားကြီးအတွင်းမှခရီးသည်များသည် မြို့တစ်မြို့သို့ ဝင်ရောက်ခါနီးပြီဖြစ်၍ နိုးနိုးကြားကြားရှိနေ သည်ကိုတွေ့ရလေ၏။
ကားကြီးအတွင်း၌လည်း ရုပ်မြင်သံကြားစက်ဖြင့် ဗီဒီယိုဇာတ်ကားတစ်ကားပြသနေသည်ကို တွေ့နေရလေသည်။ အဝေးပြေးကားများ၏ထုံးစံ အတိုင်း ဒရိုင်ဘာခုံ၏နောက်ကျောဖက်အထက်တွင် ရုပ်မြင်သံကြားစက်ကို ချိတ်တွဲထားကာ ခရီးသည်များအား ဖျော်ဖြေပေးနေခြင်းပင်ဖြစ်ပါသည်။
မယဉ်ရွှေက ပြသနေသောဗီဒီယိုကားကို လှမ်းကြည့်လိုက်ရာ ဇာတ်ကားမဟုတ်ပဲ ဟာသအငြိမ့်ဖြစ်နေ သည်ကိုတွေ့ရလေသည်။ အငြိမ့်ထဲတွင် မိုးဒီ၊ မောစ့်နှင့်အဖွဲ့က ဟာသများလုပ်ပြနေပေသည်။ ခရီးသည်များက ရယ်မော နေကြ၏။ 
မယဉ်ရွှေက အပေါ်ကိုမော့်ကာ ခရီးသည်တွေကို တစ်ယောက်ချင်း လှမ်းကြည့်အကဲခတ်လိုက်၏။ မယဉ်ရွှေတို့ကားလေးက ကားကြီးထက်စာလျှင် နိမ့်နေပေရာ မယဉ်ရွှေ၏ဦးခေါင်းသည် ခရီးသည်များ၏ ခြေသလုံး လောက်ဆီ၌ရောက်နေပေသည်။ မယဉ်ရွှေပါလာသောကားလေးက ကားကြီး၏အလည်တည့်တည့်လောက်ဆီမှ မောင်းနှင်နေပေရာ မယဉ်ရွေသည် ကားကြီး၏အလည်အူကြောင်း လူသွားလမ်းတွင်ရောက်ရှိနေပေသည်။
ခရီးသည်အားလုံးကို မယဉ်ရွှေက ထင်ထင်ရှားရှားပင်မြင်နေရပေ၏။ သူတို့ပြောသောစကားများကိုလည်း ပကတိ အတိုင်း ကြားနေရသည်။ အငြိမ့်ထဲမှပျက်လုံးများကို ရယ်မောနေသည့်အသံများကိုလည်း ကြားနေရ သည်။ မယဉ်ရွှေလည်း ရုပ်မြင်သံကြားထဲမှပုံရိပ်များကို လှမ်းကြည့်မြင်တွေ့နေရပေသည်။
မယဉ်ရွှေသည် ဘယ်လိုအဖြစ်မျိုးပါလိမ့်ဟုတွေးကာ ထိတ်လန့်လာသည်။ ကြုံတွေ့နေရသောမြင်ကွင်းများသည် ထိတ်လန့်စရာမဟုတ်သော်လည်း အဖြစ်အပျက်မှာ သဘာဝနှင့်ဆန့်ကျင်နေပါသဖြင့် ကြောက်ရွံ့လာရခြင်းဖြစ်ပါသည်။
တရုတ်လင်မယားကတော့ ကြုံနေရသည့်အဖြစ်များကို ဘာမှမဆန်းကြယ်သလို ဘေးဘီသို့ပင်လှည့်မကြည့်ပဲ အရုပ်ကြီးတွေကိုငုတ်တုတ်ထိုင်လျှက်ပင်ရှိပေသည်။
မယဉ်ရွှေသည် မိမိအထက်မှခရီးသည်များကိုမော့်ကြည့်လိုက်ရာ သူငယ်ချင်းဖြစ်သူသီသီမာကိုတွေ့လိုက်ရသဖြင့် ဝမ်းသာသွားလေသည်။ သီသီမာသည် ကားအတွင်းဖက်ခုံတွင်ထိုင်လျှက်ရှိရာ မယဉ်ရွှေနှင့် နီးကပ်စွာရှိနေပေ၏။
တစ်ဆက်တည်းမှာပင် ယခင်အပတ်က   ရုံးချုပ်အစည်းအဝေး တက်ရောက်ရန် သီသီမာရန်ကုန်မြို့သို့ထွက်ခွာ သွားသည်ကို သတိရလိုက်သည်။ ယခု ဤအဝေးပြေးကားကြီးဖြင့် သီသီမာ ရန်ကုန်မှပြန်လာခြင်း ဖြစ်ပေ၏။
သီသီမာနှင့်မယဉ်ရွှေမှာ တစ်ရွာတည်းသူ ငယ်သူငယ်ချင်း ရွယ်တူတန်းတူများဖြစ်ကြသည်။ သီသီမာက စိုက်ပျိုး ရေးဘွဲ့ရခဲ့ပြီး မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွင် မြို့နယ်မန်နေဂျာဖြစ်နေပေပြီ။ မယဉ်ရွှေရော သီသီမာပါ မြို့နှင့်ငါးမိုင် ဝေးသောဇာတိရွာမှာပင် နေထိုင်ကြသည်။ သီသီမာက ရုံးတက်လျှင် မော်တော်ဆိုင်ကယ်ဖြင့် ရွာမှရုံးတက်သည်။
မယဉ်ရွှေက သီသီမာ၏ဘေးထိုင်ခုံတွင် ထိုင်နေသော သီသီမာ့ အထက်အရာရှိ ခရိုင်မန်နေဂျာ ဒေါ်မြင့်မြင့်စိန်ကိုပါ မြင်တွေ့လိုက်ရလေသည်။ ဒေါ်မြင့်မြင့်စိန်က ပြတင်းပေါက်နှင့်ကပ်ရက်ခုံတွင် ထိုင်ကာ သီသီမာက အတွင်းဖက်ခုံတွင် ထိုင်၍လိုက်ပါလာခြင်းဖြစ်ပါသည်။ သူတို့နှစ်ယောက်အတူ ရန်ကုန်ရုံးချုပ်အစည်းအဝေးသို့ သွားရောက်ကြခြင်းဖြစ်ပါသည်။
မယဉ်ရွှေသည် တစ်ရွာတည်းနေသူငယ်ချင်းဖြစ်သူကို ကားပေါ်မှာ တွေ့လိုက်ရ၍ ဝမ်းသာသွားသည်။ မိမိကြုံ တွေ့နေရသောအဖြစ်ဆန်းထဲမှ ရုန်းထွက်ဖို့ သီသီမာ့ကိုအကူအညီတောင်းနိုင်ကြောင်း တွေးလိုက်မိ၍ အားတက် သွားလေသည်။ ယခုအချိန်တွင် မယဉ်ရွှေသည် သီသီမာနှင့် လက်တစ်ကမ်းအကွာ၌ရှိနေပေ၏။ မိမိသည် သီသီမာ့ခြေ ထောက်များနှင့် တစ်ညီတည်းနေရာတွင်ရှိနေပေသည်။ မိမိဦးခေါင်းနှင့် သီသီမာ့ခြေထောက်များ တန်းလျှက်ရှိနေသည်။ သီသီမာ့ခြေထောက်များကို မယဉ်ရွှေ လှမ်းကိုင်လိုက်လျှင် အလွယ်တကူရနိုင်ပေသည်။
ထိုစဉ် တစ်ဖက်မှဒေါ်မြင့်မြင့်စိန်က သီသီမာရှိရာဖက်သို့လှည့်၍ ပြောလိုက်သံကို ကြားလိုက်ရသည်။
]]ညီမတို့ရွာကိုရောက်တော့မယ်၊ ဆင်းဖို့ပြင်တော့လေညီမ}}
ဒေါ်မြင့်မြင့်စိန်က သီသီမာကိုသတိပေးလိုက်ခြင်းဖြစ်သည်။
သီသီမာက ကိုယ်ကိုကြွကာ ကားရှေ့ပိုင်းသို့လှမ်းအော်လိုက်သည်။
]]ညောင်ပင်ဝိုင်းပါတယ်နော်၊ ညောင်ပင်ဝိုင်းမှာဆင်းမယ်၊ ညောင်ပင်ကြီးရှိတဲ့ဂိတ်မှာ ရပ်ပေးပါ}}
မိမိတို့ရွာကို ရောက်တော့မည်ပဲ။ သီသီမာက ကားအမိုးတန်းပေါ်မှ လက်ဆွဲအိတ်များကို ချကာ ဆင်းဖို့ အသင့်ပြင်နေလေပြီ။
မယဉ်ရွှေသည် သီသီမာ့ကို အကူအညီတောင်းရန် သီသီမာ့ထံ လက်လှမ်း၍ ခြေထောက်များကို လှမ်းဆွဲလိုက်သည်။
မယဉ်ရွှေ၏လက်သည် လေထဲ၌ဝဲသွားလေသည်။ သီသီမာ့ခြေထောက်အစုံဆီ သူမလက် ရောက်သွားသော်လည်း ဖမ်းဆုပ်ကိုင်၍မရပဲ ရှိသည်။
မယဉ်ရွှေ ပို၍ ထိတ်လန့်လာလေသည်။
ရှေ့ကိုကြည့်လိုက်တော့ တရုတ်ကြီးလင်မယားမှာ မလှုပ်မယှက် ငုတ်တုတ်ထိုင်ရက်ပင်။ တရုတ်ကြီးက ရှေ့တည့်တည့် ကိုကြည့်ရင်း ကားကိုမောင်းနေမြဲ။ တရုတ်မကြီးကလည်း ဇက်ကြီးခိုင်ကာ ကျောက်ရုပ်တစ်ရုပ်နှယ် ထိုင်နေမြဲ။
မယဉ်ရွှေသည် မိမိစီနင်းလာသောကားမှာ ပုံမှန်အနေအထား မဟုတ်ကြောင်း၊ တရုတ်လင်မယားမှာလည်း လူသား စင်စစ်များမဖြစ်နိုင်ကြောင်းကို ရိပ်မိသိရှိလိုက်လေပြီ။
]]ကျွန်မ ကားပေါ်ကဆင်းတော့မယ်၊ ကျွန်မကို ကားရပ်ပေးပါ}}
မယဉ်ရွှေက လှမ်းအော်ပြောလိုက်သည်။ တရုတ်လင်မယားက တုတ်တုတ်မျှမလှုပ်။
မယဉ်ရွှေသည် ဘုရားမှတစ်ပါး အားကိုးရာမရှိတော့ဟုတွေးမိကာ ဘုရားစာရွတ်ရန် ကြိုးစားလေသည်။ သို့သော်- နှုတ်မှ မည်သည့်ဘုရားစာမှထွက်မလာချေ။ ရွတ်ဆိုရန်အတွက် ဘုရားစာများကိုလည်း မမှတ်မိတော့ပေ။
မယဉ်ရွှေက ကားကြီး၏ထိပ်ပိုင်းဆီမှ ဘုရားပုံတော်နှင့် ကားမှန် ပေါ်တွင်ရေးထားသော ]]ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိ}}ဆိုသောစာတန်းကို မြင်လိုက်ရလေသည်။
မယဉ်ရွှေသည် စာတမ်းကို အသံထွက်၍လှမ်းဖတ်လိုက်လေ၏။
]]ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ}}
မယဉ်ရွှေနှုတ်မှ ဘုရားစာရေရွတ်သံဆုံးသည်နှင့် ကားလေးသည် လေးမှပစ်လွှတ်လိုက်သောမြှားတစ်စင်းသဖွယ် ရှေ့ဆီသို့ တဟုန်ထိုးပြေးထွက်သွားလေသည်။
ကားလေး၏လျှင်မြန်သောအဟုန်ကြောင့် ခရီးသည်တင်ကားကြီးမှာ နောက်၌ပြတ်ကျန်ခဲ့လေ၏။
ကားကြီးအုပ်မိုးထားမှုမှလွတ်သွားသောကြောင့် ဘေးပတ်ဝန်းကျင် မြင်ကွင်းများကို ထင်ထင်ရှားရှားပြန်၍ မြင်တွေ့လိုက်ရလေသည်။
ထိုအခါ မိမိရွာညောင်ပင်ဝိုင်းအနီးသို့ရောက်နေပြီဖြစ်ကြောင်းကို မယဉ်ရွှေတွေ့လိုက်ရလေသည်။
]]ကျွန်မဆင်းတော့မယ်၊ ကျွန်မရွာရောက်ပြီ၊ ကျွန်မကိုရှေ့က ညောင်ပင်ကြီးနားမှာ ရပ်ပေးပါ}}
မယဉ်ရွှေက ပြောလိုက်သည်။
ကားလေးသည် လမ်းဘေးသို့ကပ်သွားကာ ရပ်ရန်အရှိန်လျှော့လိုက်၏။
ကားရပ်လိုက်သည့်အခါ ညောင်ပင်၏အတော်လှမ်းလှမ်းနေရာသို့ ရောက်သွားလေသည်။
မည်သို့ပင်ဆိုစေ ကားရပ်ပေးလိုက်ပြီဖြစ်၍ ဤကားပေါ်မှဆင်းခွင့် ရပေတော့မည်။ ဘာမှန်းမသိသော မူမမှန် သည့်ကားပေါ်မှ လွတ်မြောက်ခွင့်ရပေတော့မည်။
ကားရပ်လိုက်သည်နှင့် မယဉ်ရွှေသည် ကားတခါးကို အလျင်အမြန် ဖွင့်ကာဆင်းလိုက်လေသည်။
မယဉ်ရွှေကားပေါ်မှဆင်းသည်နှင့် နောက်မှပါလာသော ခရီးသည် တင်အဝေးပြေးကားကြီးက ညောင်ပင်နှင့် တည့်တည့်ဂိတ်တွင် ထိုးဆိုက်လိုက်သည်ကို မြင်လိုက်ရပေသည်။ သီသီမာဆင်းနိုင်ရန် ရပ်ပေးလိုက်ခြင်းဖြစ်၏။
မယဉ်ရွှေသည် တစ်ဆက်တည်းပင် ညောင်ပင်ရှေ့ကားဂိတ်၌ ရပ်စောင့်နေကြသော သီသီမာ၏မိခင်ကြီး၊ မောင်ဖြစ်သူနှင့် ညီမဖြစ်သူတို့ကိုပါ မြင်တွေ့လိုက်ရလေသည်။
မယဉ်ရွှေက ကားလေးပေါ်မှဆင်းမိသည်နှင့် ကားတခါးကိုဆောင့် ပိတ်လိုက်ကာ ကားအနီးမှ ခွာရန်ပြင်လိုက်လေ၏။ ကားကြုံတင်ခေါ်ခဲ့သော တရုတ်ကြီးလင်မယားကို နှုတ်ဆက်ရန်ပင်သတိမရတော့ပါ။ မယဉ်ရွှေစိတ်တွင် ဘာတွေမှန်း မသိသော တရုတ်ကြီးလင်မယားကိုလည်း ကြောက်ရွံ့နေမိသည်။
သို့သော်- မယဉ်ရွှေ ကားဆီမှထွက်ရန်ခြေလှမ်းပြင်ဆဲမှာပင် တရုတ်မကြီးဆီမှ စကားသံကိုကြားလိုက်ရလေသည်။
]]ဆရာမ}}
မယဉ်ရွှေ နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။ တရုတ်မကြီးသည် မယဉ်ရွှေကို ပထမဆုံးအကြိမ်စကားပြောခြင်း ပင်ဖြစ်ပေ၏။ တစ်လမ်းလုံး ဇက်ကြီးခိုင်ကာ အရုပ်တစ်ခုလို မလှုပ်မယှက်လိုက်ပါလာသော တရုတ်မကြီးသည် မယဉ်ရွှေကို ပြုံးပြလျှက်ရှိသည်။
]]ဆရာမ ပွဲကြည့်ချင်ရင် ဒီညလာခဲ့လေ၊ ဇာတ်ခုံနောက်မှာ ကျွန်မတို့ရှိတယ်}}
မယဉ်ရွှေက တရုတ်မကြီးစကားကို ချက်ချင်းနားမလည်ပဲ တွေကြည့်နေလေသည်။
]]မြို့ထဲမှာ ဘုန်းကြီးပျံပွဲရှိတာ ဆရာမမသိသေးဘူးထင်တယ်၊ မြို့ထောင့်ကျောင်းက ဘုန်းကြီးပျံလွန်တော်မူ သွားတာလေ၊ ကျွန်မတို့ဇာတ်ကို ငှားထားလို့ ကျွန်မတို့လာတာ၊ ကျွန်မတို့လင်မယားက ဇာတ်ပိုင်ရှင်တွေလေ၊ ဇာတ်အဖွဲ့က သွားနှင့်ပြီ၊ ပန်တျာကြည်ရွှင်ဇာတ်လေ၊ ဆရာမ သိမှာပေါ့}}
ပန်တျာကြည်ရွှင်ဇာတ်ကို မယဉ်ရွှေကြားဖူးပါသည်။ မြို့ထောင့်ကျောင်းက ဘုန်းကြီး ပျံလွန်တော်မူသွားတာကိုတော့ မယဉ်ရွှေမသိပေ။
]]ပွဲက တစ်ရက်တည်းကမှာ ဆရာမ၊ တစ်ရက်တည်းမို့လို့ အကောင်းဆုံးတွေချည်း ကကြမှာ၊ နောက်ပိုင်းဇာတ်က ပန်တျာကြည်ရွှင် ရဲ့အကောင်းဆုံးဇာတ်လေ၊ သိုက်နန်းရှင်မမြစိမ်း၊ ပြဇာတ်မင်းသားက လူငယ်နီခိုင်-လေ၊ ပြဇာတ်က ]တပေါင်းလ၏ရောင်နီဦး}တဲ့၊ တော်လှန်ရေး ဇာတ်လမ်းလေ၊ ဗုံးဖောက်ခွဲတဲ့အခန်းတွေပါတယ်၊ သိပ်ကောင်းတာပဲ၊ ဆရာမ လာကြည့်လှည့်ပါ၊ ဇာတ်ရုံနောက်ကိုလာခဲ့၊ ဇာတ်ပိုင်ရှင် မရှုလွမ်လို့သာ မေးလိုက်}}
တရုတ်မကြီး၏စကားဆုံးသည်နှင့် ကားက ဝူးကနဲထွက်သွားလေသည်။ ကားမှာ လျှင်မြန်လွန်း၍ မယဉ်ရွှေမျက်စိရှေ့မှ ရုတ်ကနဲပျောက်သွားလေ၏။
မယဉ်ရွှေက နေရာတွင်ပင် ကြောင်ငေးလျှက် ရပ်ကျန်ရစ်သည်။
မယဉ်ရွှေသည် သီသီမာကားပေါ်ကဆင်းလာတာ၊ ကားကြီးမောင်းထွက်သွားတာ၊ သီသီမာ့ကို သူ့မိသားစုက ကြိုဆိုနေကြတာတွေကို အားလုံးမြင်နေရသည်။ သီသီမာတို့ကို လှမ်းခေါ်ဖို့ကြိုးစားသော်လည်း အာစေးထည့်ထား သလိုဖြစ်နေသည်။ အလိုလိုနေရင်းလည်း အားငယ်နေသည်။ ငိုချင်စိတ်ပေါက်နေမိသည်။ မယဉ်ရွှေ၏နဖူးဝယ် ချွေးများလည်း သီးနေပေ၏။
မယဉ်ရွှေသည် ရပ်နေရာမှ ရွှေ့လို့ လှုပ်လို့မရပဲ ကျောက်သားလို ခိုင်ခိုင်ကြီးဖြစ်နေလေ၏။ မယဉ်ရွှေစိတ်ထဲမှာ သီသီမာတို့မိသားစုကိုလှမ်း ခေါ်လိုသော်လည်း ပါးစပ်ကိုလှုပ်လို့မရ။ သူတို့ကကော မယဉ်ရွှေကို မြင်မှ မြင်ပါလေစ။ အမှန်မှာ မယဉ်ရွှေရပ်နေရာနှင့် သီသီမာတို့မိသားစုမှာ မဝေးလှချေ။
]]ဟင်- အရွှေ၊ အရွှေ}}
သီသီမာက မယဉ်ရွှေကိုမြင်သွားသည်။
]]အရွှေ မိုးချုပ်လှပါရော၊ တို့လည်း ခုပဲရန်ကုန်ကပြန်ရောက်တာ၊ လာလေ-အရွှေ၊ သွားကြစို့}}
သီသီမာက နှုတ်ဆက်ရင်း ရွာထဲအတူဝင်ရန်လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ မယဉ်ရွှေသည် တစ်စုံတစ်ခု ပြန်ပြောချင်သော်လည်း ပြောလို့ မရပေ။ သီသီမာ့ကိုသာ အားငယ်သောမျက်လုံးများဖြင့် ကြည့်နေမိသည်။
မယဉ်ရွှေ အမူအရာထူးခြားနေ၍ထင်သည်။ သီသီမာက မယဉ်ရွှေ ရှိရာသို့လျှောက်လာလေသည်။
]]အရွှေ၊ မင်းဘာဖြစ်…}}
သီသီမာ့စကားမဆုံးလိုက်ပေ။ မယဉ်ရွှေအနီးအရောက်တွင် သီသီမာက မယဉ်ရွှေ၏ပုံမှန်မဟုတ်သောအနေအထားကို အကဲခတ်မိလိုက်ကာ နှုတ်ဆွံ့သွားခြင်းဖြစ်လေ၏။
]]အရွှေ၊ သူငယ်ချင်း၊ နေမကောင်းဘူးလား၊ ဘာဖြစ်လို့လဲ}}
သီသီမာက မယဉ်ရွှေလက်မောင်းကို လှမ်းကိုင်ရင်းမေးလိုက်သည်။
]]ဟင်- တစ်ကိုယ်လုံးလည်း အေးစက်လို့၊ အရွှေ}}
]]သီသီ၊ သီသီ}}
မယဉ်ရွှေက ပြန်ပြောရင်း ဝမ်းနည်းလာသည်။ မျက်ရည်များ အလိုလိုကျလာသည်။ တစ်ကိုယ်လုံးမှာလည်း နတ်ပူးသလို တဆတ်ဆတ်တုန်လာလေ၏။
]]အို-အရွှေ၊ ဘာဖြစ်တာလဲ၊ အမေ-အမေ၊ လာပါဦး၊ ဒီမှာ အရွှေ}}
သီသီမာ့မိခင်ကြီးပြေးလာတာ မြင်လိုက်ရပြီးနောက် မယဉ်ရွှေသည် စိတ်ကိုလျှော့ချလိုက်ရာ သတိလစ်မေ့မျော သွားလေသည်။
]]အရွှေ၊ အရွှေရေ…}}
+ + + + + + + + +
သီသီမာတို့မိသားစုကပင် ရွာထဲကလူတချို့ပြန်ခေါ်ကာ မယဉ်ရွှေကို ပွေ့ချီ၍ အိမ်အထိခေါ်ခဲ့ရ၏။
သတိပြန်လည်လာချိန်တွင် မယဉ်ရွှေက သူ့အတွေ့အကြုံများကို ပြောပြရာ အားလုံးအံ့အားသင့်ကုန်ကြသည်။ အိမ်နီးချင်းများလည်း မယဉ်ရွှေအိမ်သို့ စုပြုံရောက်လာကြ၏။
]]တကယ်ပါ၊ ကားပေါ်မှာ အငြိမ့်ခွေပြနေတာကော၊ ရွာရောက်ခါနီး မင်းဆင်းဖို့လှမ်းပြောလိုက်တာရော၊ ဒေါ်မြင့်မြင့်စိန်က ရွာရောက်ခါနီးလို့ မင်းကိုသတိပေးတာတွေ အားလုံးကို ကိုယ်မြင်နေရတာ သီသီ}}
မယဉ်ရွှေပြောတာတွေ အားလုံးမှန်ကန်ကြောင်းကို သီသီမာက ထောက်ခံသည်။
]]ဒါဖြင့် အရွှေတက်စီးလာတဲ့ကားဟာ တစ္ဆေသရဲတွေမောင်းလာတဲ့ကားပေါ့၊ တို့ကြားဖူးတာတော့ သရဲတစ္ဆေ နာနာဘာဝတွေကသာ လမ်းမှာ ကားတားဆီးတာတဲ့၊ အရွှေကတော့ ပြောင်းပြန်၊ သရဲမောင်းလာတဲ့ကားကိုမှ တားဆီးမိတာကိုး}}
]]ကျွန်မစီးလာတဲ့ကားပေါ်ကလူတွေဟာ တစ္ဆေသရဲတွေဆိုရင် ဘယ်လိုနာနာဘာဝမျိုးတွေပါလိမ့်ရှင်၊ သူတို့က ကျွန်မကို ကြောက်အောင် လန့်အောင်တော့မချောက်လှန့်ခဲ့ပါဘူး၊ သူတို့ခရီး သူတို့သွားနေတုံးမှာ ကျွန်မက တားစီးလို့ တင်ခေါ်လာရတဲ့ပုံပဲ}}
မယဉ်ရွှေက တွေးတွေးဆဆဖြင့်ပြောသည်။ တစ်လမ်းလုံး အရုပ် ကြီးတွေလို ပါလာကြတာတွေ၊ သူကစကားပြော သော်လည်း မကြားဟန်ဖြင့် ဘာမှပြန်မပြော ပြန်မဖြေတာတွေကို ပြန်မြင်ယောင်နေမိသည်။
]]ဒါနဲ့- မြို့ထောင့်ကျောင်းက ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားတယ်ဆိုတာကော၊ တကယ်လားဟင်}}
]]မဟုတ်ပါဘူး၊ မနက်ကတောင် ဆရာတော်ကြီးကိုဖူးခဲ့ရသေးတယ်၊ ဒီည မြို့ထဲမှာ ဆရာတော်ဘုရားကြီးတရားပွဲ ရှိတယ်}}
]]ဒါဖြင့် ဘယ်လိုပါလိမ့်}}
ထိုစဉ် လူတစ်ချို့ အကြောင်းကြားလိုက်သောကြောင့် ဘသက်တင်ဆိုသော အသက်ခုနစ်ဆယ်ကျော်အဘိုးကြီး တစ်ဦးရောက်လာသည်။
]]ယဉ်ရွှေ ဘာဖြစ်သတုံး}}
မယဉ်ရွှေက သူ့အတွေ့အကြုံကို တစ်ဖန်ပြန်ပြောပြလိုက်ရာ ရှေးမီနောက်မီဖြစ်သောဘသက်တင်က ချက်ချင်း သဘောပေါက်လိုက်လေ၏။
]]ယဉ်ရွှေ၊ နင်တွေ့ခဲ့တာတွေဟာ နာနာဘာဝတွေဆိုတာ သေချာသဟ၊ သူတို့ဇာတ် ဘုန်းကြီးပျံမှာ လာကçတယ် ဆိုတာလဲ တကယ်ပဲ}}
]]ဘုန်းကြီးက ပျံလွန်တော်မမူသေးဘူးဆို}}
]]သူတို့ပြောတဲ့ဘုန်းကြီးပျံဟာ အခုလက်ရှိဘုန်းကြီးကိုပြောတာ မဟုတ်ဖူးဟဲ့၊ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးကိုပြောတာ၊ အခုဘုန်းကြီးက ပျံလွန်တော်မူသွားတဲ့ဘုန်းကြီး လွှဲခဲ့လို့ ကျောင်းထိုင် လုပ်နေတာ၊ အရင်ဘုန်းကြီးပျံလွန်တော်မူတုန်းက ပန်တျာကြည်ရွှင်ဇာတ်ကခဲ့တယ်ဆိုတာ တကယ်ပဲ}}
]]ဟင်-}}
]]ရှင်-}}
]]ငါ့လို အသက်ကြီးတဲ့လူတွေ ပြန်စဉ်းစားရင် မှတ်မိကြဦးမှာပါ၊ ဘုန်းကြီးပျံမှာ ပန်တျာကြည်ရွှင်ဇာတ်ကိုငှားတယ်၊ ပြဇာတ်မင်းသားကလည်း လူငယ်နီခိုင်ပဲ၊ အဲဒီပွဲကို ငါသွားကြည့်ခဲ့တာပေါ့၊ ဘုန်းကြီးပျံပွဲဆိုတော့ ဇာတ်က တစ်ညတည်း ကတာလေ၊ ပန်တျာကြည်ရွှင်ရဲ့ သိုက်နန်းရှင်မမြစိမ်း နောက်ပိုင်းဇာတ်တောင် မကလိုက်ရပါဘူး၊ အဲဒီညက ဇာတ်စင်ပေါ်မှာ မီးလောင်မှုဖြစ်တယ်လေ၊ မီးလောင်လို့ ပွဲလည်းပျက်သွားရတယ်၊ အဲဒီဇာတ်လည်း ဇာတ်ခေါင်းကွဲသွားတယ်၊ ဇာတ်ထဲက လူတစ်ချို့လည်း သေတယ်}}
]]ဘသက်တင်ပြောတာမှန်တယ်၊ ကျွန်တော်လည်း သေချာမှတ်မိတယ်}}
]]အဲဒီအဖြစ်တွေဟာ ကြာပြီပေါ့နော်အဘ}}
]]နှစ်သုံးဆယ်ပျော့ပျော့ရှိရောပေါ့၊ နင်တို့တောင်မွေးမှာမဟုတ်သေးဘူးယဉ်ရွှေ}}
]]ကျွန်မအသက်က ခုမှ နှစ်ဆယ့်ရှစ်နှစ်လေအဘ၊ ဆက်ပြောပါ ဦးအဘ၊ ဇာတ်အဖွဲ့ ဘယ်လိုမီးလောင်သွားတာလဲ}}
]]ပြဇာတ်ထဲမှာ မိုင်းဗုံးခွဲတဲ့အခန်းလုပ်ရင်း ဇာတ်ကန့်လန့်ကာတွေကို တကယ်မီးစွဲပြီး လောင်သွားတာပဲ၊ ပြဇာတ်က ဂျပန်တော်လှန်ရေး ဇာတ်ဟ}}
]]ဒါဆိုဟုတ်ပါပြီ၊ ဇာတ်ပိုင်ရှင်ဆိုတဲ့တရုတ်မကြီးက ကျွန်မကို ခေတ်ပြဇာတ်က တပေါင်းလရဲ့ရောင်နီဦးဆိုလား၊ အာရုဏ်ဦးဆိုလား ပြောသွားတယ်အဘ}}
]]အေးလေ- အဲဒါ အဲဒီခေတ်က လူငယ်နီခိုင်ရဲ့ နာမည်ကြီးပြဇာတ်ပဲဟာ၊ လူငယ်နီခိုင်လည်း အခုသေပြီဟာ၊ ပန်တျာကြည်ရွှင်တော့ သေမသေ မသိဘူး၊ ရှိရင်တောင် ပန်တျာကြည်ရွှင်ဟာ အသက်၇၀ကျော် ၈၀ရှိရောပေါ့}}
]]ဒါဖြင့် ကျွန်မတွေ့ခဲ့တဲ့တရုတ်လင်မယားက သရဲတစ္ဆေတွေပေါ့}}
]]သူတို့ဟာတကယ်ပဲ ဇာတ်ပိုင်ရှင်လင်မယားဖြစ်ပါလိမ့်မယ်၊ အဲဒီတုန်းက ဇာတ်ရုံမီးလောင်တဲ့အထဲမှာပါသွားပုံပဲ၊ အဘတို့ကတော့ ပွဲကြည့်ပရိသတ်ဆိုတော့ စင်ပေါ်က မင်းသားမင်းသမီးပဲ စိတ်ဝင်စားတာကိုး၊ မီးလောင်လို့ ဇာတ်ထဲ ကလူတွေ သေတာတော့ သေတယ်၊ လေးငါးခြောက်ယောက်လောက်သေတယ်ထင်တယ်၊ ပိုင်ရှင်လင်မယားလည်း အဲဒီထဲ ရောပါသွားသလားပဲ}}
]]နှစ်ပေါင်းပဲကြာပြီပဲအဘရယ်၊ သူတို့က အခုမှ ဘာလို့ တစ္ဆေဖြစ်နေကြတာလဲ}}
]]ခုမှ တစ္ဆေဖြစ်တယ်လို့ ပြောလို့ရမလားဟ၊ ဒီလိုပဲ မကျွတ်မလွတ် ဖြစ်နေတာနေမှာပေါ့၊ ကြည့်ရတာတော့ အစွဲအလန်းနဲ့ ကားလမ်းပေါ်မှာ သူတို့ကားကိုမောင်းပြီး သွားနေကျထင်ပါရဲ့၊ ဒီတစ်ခါမှ နင်နဲ့တိုက်တိုက်ဆိုင်ဆိုင် တွေ့တာဖြစ်မှာပေါ့ယဉ်ရွှေ}}
ဘသက်တင်ပြောပြ၍ အဖြစ်အပျက်ကို ခြေရာကောက်လို့ရသွားကြသည်။ ရှင်းလည်းရှင်းသွားကြသည်။
]]တော်ပါပြီ၊ တော်ပါပြီ၊ နောင်ဆို ညမှောင်ရင် ကားလမ်းပေါ်ကို မထွက်ရဲတော့ပါဘူး}}
မယဉ်ရွှေက ရင်ပတ်ကိုဖိရင်းပြောလိုက်သည်။
]]ယဉ်ရွှေ၊ နင် ငါပြောတာတွေ ဟုတ်-မဟုတ် သိရအောင် မြို့တက်ပြီး ပွဲသွားကြည့်ပါလားဟ၊ တရုတ်မကြီးက နင့်ကိုဖိတ်ထားတယ်မဟုတ်လား}}
ဘသက်တင်က ပြန်ရန် ထိုင်ရာမှထရင်း မယဉ်ရွှေကိုနောက်လိုက်သည်။
]]တော်ပါတော့အဘရယ်၊ နောက်တစ်ခါသာကြုံရရင် ကျွန်မလိပ်ပြာလွင့်သွားပါလိမ့်မယ်}}
ဆရာမမယဉ်ရွှေသည် ဘယ်သောအခါမှ မှောင်ရီပျိုးချိန်တွင် ခရီးမထွက်တော့ပေ။
+ + + + + + +
                                                                     နွေတမာန်

No comments: