Sunday 5 August 2012

နွေတမာန်၏၀တ္ထုတို- သီးခြားကမ္ဘာတစ်ခု


နွေတမာန်
သီးခြားကမ္ဘာတစ်ခု

ကမ္ဘာလောကကြီးတွင် မှီတင်းနေထိုင်ကြသော သတ္တဝါ အမျိုးအစားများနှင့်ပတ်သက်၍ ]ကုန်းနေ ကိုးကုဋေ၊ ရေနေ ဆယ်ကုဋေ}...ဆိုသော ဆိုရိုးစကားရှိပေသည်။ ၎င်းဆိုရိုးစကားအတိုင်း အမှန်ဆိုပါက ကမ္ဘာကြီးတွင် မှီတင်းနေထိုင်ကြသောသတ္တဝါ အရည် အတွက်မှာ မနည်းလှပါချေ။
ယနေ့လက်ရှိ ကမ္ဘာပေါ်တွင် သက်ရှင်ရပ်တည်နေသော ကုန်းနေသတ္တဝါပေါင်းမှာ အရေအတွက် အားဖြင့် ကိုးကုဋေပြည့်အောင် ရှိလိမ့်မည်ဟု ကျွန်ုပ်မထင်ပါချေ။ ထိုအရေအတွက်ထဲ၌ ကမ္ဘာပေါ်တွင် မျိုးတုံး ပျောက်ကွယ်သွားပြီးဖြစ်သော ‘ဒိုင်နိုဆောကဲ့သို့ သတ္တဝါကြီးများကို ထည့်သွင်းတွက်ချက်ထားလေသလား၊ ကျွန်ုပ်တို့၏မျက်စိဖြင့် မြင်နိုင်စွမ်းမရှိသည့် ပိုးမွှာ့းများ၊ ရောဂါကူးစက်စေသောပိုးများ၊ ဘက်တီးရီးယားကဲ့သို့ အခြားသတ္တဝါ၏ ခန္တာကိုယ်ထဲတွင် အသက်ရှင်နေသည့် ကပ်ပါးကောင်များရောပါလေသလား...ဟု ပေါက်ပေါက် ရှာရှာ တွေးတောမိပေသည်။
မည်သို့ပင်ဆိုစေ... ကျွန်ုပ်၏မိတ်ဆွေကြီး ကိုဟင်္သာ၏ အတွေ့အကြုံအရ လူတို့အနေဖြင့် မှတ်တမ်း မတင်ရသေးသော သတ္တဝါအမျိုးအစားများလည်းရှိနေသေးကြောင်းကို သိရှိနိုင်ပေသည်။
ကျွန်ုပ်၏မိတ်ဆွေကြီး ကိုဟင်္သာက သူတွေ့ကြုံခဲ့ဖူးသော သတ္တဝါလေးများအကြောင်းကို ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြခဲ့ပေသည်။
+ + + + + + + + +
ကိုဟင်္သာ၏အတွေ့အကြုံမှာ သူ့အသက် ၇နှစ် ၈နှစ်အရွယ်က အတွေ့အကြုံဖြစ်ပါသည်။ ကိုဟင်္သာ၏ဇာတိချက်မြုပ် မှာ တောင်ပိုင်း ရှမ်းပြည်နယ်မှ မြို့ငယ်လေးတစ်ခုဖြစ်ပါ၏။
ကိုဟင်္သာ၏မိဘများသည် ငါးရက်တစ်ကြိမ် ဈေးနေ့ကျသော ရပ်ရွာများတွင် လိုက်လံဈေးရောင်းသော ဈေးသည်များဖြစ်ပါသည်။ ရှမ်းပြည်နယ်ရှိ မြို့ငယ်နှင့်ရွာများ၌ ဈေးနေ့ကို ငါးရက်တစ်ကြိမ် သတ်မှတ်ထားပါသည်။ ကိုဟင်္သာ၏မိဘများက ဈေးနေ့ကျသော မြို့ရွာများကို အလှည့်ကျဈေးရောင်းထွက်ခြင်းဖြစ်ပါသည်။
ကိုဟင်္သာမှာ တစ်ဦးတည်းသောသားဖြစ်၏။ နွေရာသီ ကျောင်းပိတ်ရက်များတွင် မိဘများက ဈေးထွက်သည့်နေရာများသို့ ကိုဟင်္သာကိုပါ ခေါ်သွားတတ်သည်။
ထူးဆန်းသောဖြစ်ရပ်နှင့်တွေ့ကြုံခဲ့သည်မှာ ကိုဟင်္သာ ၂တန်းနှစ် နွေရာသီတွင်ဖြစ်ကြောင်း မှတ်မိနေ သေးသည်။ ထိုနှစ်က အရောင်းအဝယ်ကောင်းပြီး မိဘများမှာငွေရွှင်သောကြောင့် ကိုဟင်္သာကို ရွှေလက်စွပ် ကလေးတစ်ကွင်းဝယ်ဆင် ပေးထားခဲ့သည်။
လက်စွပ်ကလေးက အနည်းငယ်ချောင်နေသောကြောင့် ဝတ်လို့မရပေ။ ကိုဟင်္သာအဖေက ကိုဟင်္သာ ၏လက်သူကြွယ်နှင့် အံကိုက်ဖြစ်အောင် ကွင်းအောက်ဖက်တွင် အပ်ချည်ကြိုးများဖြင့် ရစ်ပတ်ပေးသည်။ အပ်ချည်ကြိုးရစ်ပတ်၍ ကွင်းကို အနည်းငယ်ကျဉ်းသွားအောင် ပြုလုပ်လိုက်မှသာ ကိုဟင်္သာ၏လက်သူကြွယ်နှင့် အံကိုက်ဖြစ်ပြီး ဝတ် လို့ရသွားပေတော့၏။
တစ်နေ့တွင်... ငါးရက်တစ်ဈေးကျသော ရွာကြီးတစ်ခုသို့ ဈေးရောင်းထွက်ခဲ့လေသည်။ ထိုရွာကြီးမှာ ကျောက်ဂူလိုဏ်ခေါင်းများပေါများသောအရပ်တွင်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပါသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ကျောက်တောင်များ ဖုံးလွှမ်းနေသည်။ တောင်များအတွင်း လျှိုများ၊ လိုဏ်ခေါင်းများရှိသည်။ တရားကျင့်သည့် သူတော်စင်များ တရားစခန်းဝင်တတ်သော လျှိုမြောင်လိုဏ်ဂူများဖြစ်ပါ၏။
ကျောက်တောင်တစ်ခုတွင် လိုဏ်ခေါင်းတစ်ခုတွေ့၍ အတွင်းသို့ဝင်သွားပါက မည်သည့်အခါမှ လမ်းဆုံး ရောက်သည်အထိ မသွားနိုင်ဟု ဆိုရိုးစကားရှိသော လိုဏ်ခေါင်းကြီးများဖြစ်ပါ၏။ စူးစမ်းလေ့လာသူများသည် အောက်စီဂျင်ဓာတ်မရ၍လည်းကောင်း၊ ယူသွားသောရိက္ခာပြတ်လတ်၍လည်းကောင်း၊ မီးထွန်းညှိရန်ခက်ခဲ ၍လည်းကောင်း လိုဏ်ခေါင်းအဆုံးမရောက်မီ ပြန်ထွက်လာရမြဲ ဖြစ်လေသည်။
နောင်တွင်... ရှေးမီနောက်မီလူကြီးများက လိုဏ်ခေါင်းများ အတွင်းသို့ ဝင်ရောက်စူးစမ်းလေ့လာမှု မပြုကြရန် တားမြစ်ခဲ့ကြသည်။ လိုဏ်ခေါင်းများအတွင်း လူသားတို့အတွက် အကျိုးရှိဖွယ်တစ်စုံတစ်ရာ မရှိနိုင်ပဲ အန္တရာယ်သာတွေ့နိုင်သည့်အတွက် တားမြစ်ကြခြင်းဖြစ်သည်။
ထိုအရပ်၌ ဆင်တစ်ကောင်ဝင်သာအောင်ကျယ်သောအပေါက်များရှိသည့် လိုဏ်ခေါင်းများမှသည် ကြွက်တွင်း၊ ပွေးတွင်းကဲ့သို့ အပေါက်ကျဉ်းလိုဏ်ခေါင်းများလည်း များစွာရှိလေ၏။ လိုဏ်ခေါင်းများသည် မြေအောက်မည်သည့်နေရာထိနက် ရှိုင်းကြောင်းမသိနိုင်သလို၊ မည်သို့သောသတ္တဝါများမှီတင်းနေထိုင်မှန်းလည်း သိနိုင်သည်မဟုတ်ချေ။
ထိုနေ့က ကိုဟင်္သာလေးသည် မိဘများဈေးရောင်းနေချိန်၌ ဈေးပြုလုပ်ထားရာကွင်းပြင်၏နောက်ဖက်တွင် တစ်ယောက်တည်း ဆော့ကစားနေသည်ဟု ဆိုသည်။ တောင်ဆင်ခြေလျှောတစ်ခုအနီးမှ သစ်တောအုပ်ထဲတွင် ကစားနေခြင်းဖြစ်ပါသည်။
ညနေခင်း ဈေးသိမ်းချိန်၌ အခြားဈေးသည်များနှင့်အတူ ဈေးကားဖြင့် ပြန်လာခဲ့ကြသည်။ ထိုအချိန်ထိ ကိုဟင်္သာလက်တွင် စွပ်ထားသောလက်စွပ်အသစ်ကလေးပျောက်ကျန်ခဲ့သည်ကို မည်သူမှမသိကြသေးပါ။ ကိုဟင်္သာကိုယ်တိုင်လည်း မသိ။
ညစာထမင်းစားပြီး လက်များဆေးကြောချိန်ကျမှ ကိုဟင်္သာ၏အမေက သတိထားမိခြင်းဖြစ်သည်။
]ဟဲ့ ...ဟင်္သာ၊ နင့်လက်စွပ်ရော}
အမေကမေးမှ ကိုဟင်္သာလည်း သူ့လက်တွင်လက်စွပ်မရှိတော့ မှန်း သတိထားမိတော့သည်။
]]ကြည့်စမ်း၊ တစ်နေ့လုံး တောတန်းထဲမှာသွားဆော့နေတာ ပျောက်ကျခဲ့ပြီထင်တယ်၊ ‘ဒါကြောင့်... လက်စွပ်ကချောင်နေတယ် ကြီးမှဝတ်ပါဆိုတာမရပဲ ဝတ်ချင်တာကိုး၊ နင့်အဖေကလည်း ကလေးကို အပ်ချည်ကြိုး ပတ်ပြီး ဝတ်လို့ရအောင် လုပ်ပေးတယ်၊ ခုတော့ပျောက်ပြီ၊ တော်ပြီ၊ နောက် နင့်ကိုဘာမှမဆင်တော့ဘူး}}
အမေကနှမျောမျောဖြင့် ကိုဟင်္သာကိုရော၊ ဖခင်ဖြစ်သူကိုပါ တစ်ချိန်လုံး မြည်တွန် တောက်တီးနေတော့သည်။
]]နောက်တစ်ပတ်ဈေးနေ့ကျ ကျွန်တော်ပြန်ရှာကြည့်ပါ့မယ် အမေရာ}}
]]တွေ့ပါလိမ့်မယ်...အားကြီး၊ မြေပတ်ကြားအက်ထဲကျသွားရင် နင်ဘယ်လိုရှာမလဲ၊ ပျောက်ပါပြီ ဟယ်...၊ နင်နဲ့ပစ္စည်းကောင်းနဲ့ကို မထိုက်ပါဘူး}}
+ + + + + + + + +
နောက်ငါးရက်မြောက်ဖြစ်သည့် ထိုရွာကြီးတွင် ဈေးနေ့ကျသောနေ့တွင် ကိုဟင်္သာလိုက်သွားကာ သူ့ လက်စွပ်ကလေး ကိုပြန်ရှာသည်။
ဈေးကွက်ကြီးမှာ ရွာအပြင်ခပ်လှမ်းလှမ်းတွင်ရှိပြီး ဈေးနေ့မဟုတ်သောအခါများ၌ လူသွားလူလာ မရှိတတ်၍ ကျပျောက်သောနေရာတွင် ရှိကောင်းရှိနိုင်သေးသည်ဟု ကိုဟင်္သာက ထင်သည်။
သူသည် အရင်အပတ်က ကစားခဲ့သောနေရာများသို့ ပြန်သွားကာ မြေပေါ်အနှံ့ လက်စွပ်ကလေး ကိုရှာကြည့်၏။ ကိုဟင်္သာ ကစားခဲ့သောနေရာမှာ အကျယ်ကြီးမဟုတ်ပေ။ သစ်ပင်တစ်ပင် အောက်တွင် မြေတွင်း လေးတစ်တွင်းတူးကာ ဖန်ဂေါ်လီလုံးလေးများကို မြေတွင်းထဲကျအောင် လှိမ့်၍ကစားခဲ့ခြင်းသာဖြစ်ပါသည်။
ကိုဟင်္သာက သစ်ပင်အောက်တွင် တစ်လက်မမကျန် နေရှာအနှံ့လိုက်ရှာသော်လည်း လက်စွပ် ကလေးကိုမတွေ့ပေ။ သူ တူးထားခဲ့သောမြေတွင်းလေးပင် အရာမပျက် သည်အတိုင်းရှိနေသေး၏။
ရှာလို့မောတော့ ကိုဟင်္သာသည် စိတ်ပျက်ပျက်နှင့် သစ်ပင်ကိုမှီထိုင်နေလိုက်သည်။ လက်စွပ်လေးပြန် မတွေ့၍ ကစားချင် စိတ်လည်းမရှိတော့။
သစ်ပင်ကိုမှီနေရာမှ ကြာတော့... ပျင်းပျင်းနှင့်အိပ်ငိုက် နေရာမှ အိပ်ပျော်သွားလေသည်။
မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိ။ အိပ်စုံ မှုန်မွှားဖြင့်လန့်နိုးလာချိန်တွင် သူ၏ဦးခေါင်းမှာ မြေကြီးဆီသို့ဦးတည်ကာ ငိုက်စိုက်ကျလျှက်ရှိသည်။ ကိုဟင်္သာသည် အိပ်ချင်မပြေသေး၍ ခေါင်းကိုမမော်သေးပဲ မျက်လုံးကို ခပ်မှေးမှေးသာဖွင့်ကြည့်လိုက်သည်။
ထိုအခါ သူ့မျက်လုံးအကြည့်နှင့် တည့်တည့်ဖြစ်နေသောမြေပေါ်၌ မြေကြီးကိုလှိုက်၍တူးထားသော မြောင်းတစ်ခုသဖွယ် ချိုင့်နေသည့် နေရာလေးကို တွေ့လိုက်ရလေသည်။
မြေတွင်းအခွက်ထဲ၌ ဆော့ကစားနေသော ကလေးလေး တစ်ယောက်ကိုလည်းမြင်လိုက်ရလေ၏။ သူအိပ်မပျော်မီက ထိုနေရာတွင် လူဝင်သာသည့် တွင်း၊ ချိုင့်များမရှိသည်မို့ မြေချိုင့်ထဲဝင်ကစားနေသော ကလေးလေးကိုကြည့်ကာ ကိုဟင်္သာက အံ့ဩနေလေ၏။
ကလေးလေးမှာ သူ့ထက်တစ်နှစ်၊နှစ်နှစ်ခန့်ငယ်မည်ထင်ရပြီး မြေတွင်းထဲဝယ် ခုန်ချလိုက် ခုန်ဆင်းလိုက်ဖြင့် ဆော့ကစားနေခြင်း ဖြစ်ပါသည်။ ကလေးငယ်၏အဝတ်အစားများကတော့ ကိုဟင်္သာတို့ ဝတ်စားသလို အင်္ကျီဘောင်းဘီမျိုးမဟုတ်ပါပေ။ အဝတ်စအဖြူကို ခါးတွင်ပတ်ထားရုံသာဖြစ်သည်။ ကိုယ်အပေါ်ပိုင်း၌ အဝတ်အစားမပါပေ။
ကောင်လေးသည် စက်ဝိုင်းသဏ္ဍာန်ကွင်းကြီးတစ်ခုအတွင်းသို့ ခုန်တက်လိုက်၊ ထိုအပေါ်မှပြန် ဆင်းလိုက်ဖြင့် ကလေးဘာဝ ဆော့ကစား နေခြင်းဖြစ်သည်။ ကိုဟင်္သာကလည်း ကောင်လေးဆော့ကစား နေသည်ကို အပေါ်စီးမှအမြင်ဖြင့် ဆီး၍မြင်နေရခြင်းဖြစ်သည်။ ဆော့ကစား နေသောကောင်လေးသည် ကိုဟင်္သာ အပေါ်မှဆီးကြည့်နေသည်ကို သိပုံမရပေ။
ကိုဟင်္သာက ကောင်လေး ခုန်တက်လိုက်၊ ခုန်ဆင်းလိုက်ဖြင့် ဆော့ကစားနေသော]ကွင်းကြီး}ကို သေချာကြည့်လိုက်မိသောအခါ အံ့ဩသွားမိလေသည်။ ကွင်းကြီး၏ပုံစံမှာ သူပျောက်သွားသော လက်စွပ် ကလေးနှင့် တူနေသောကြောင့်ဖြစ်၏။
ကွင်းကြီးသည် မြေကြီးပေါ်၌တည့်တည့်ထောင်နေသည်။ လက်စွပ်တွင် ကျောက်ထည့်ထားသော အပိုင်းက မြေကြီးထဲနစ်နေကာ ဖင်ပိုင်းက အပေါ်သို့တည့်တည့်ထောင်နေခြင်းဖြစ်ပါ၏။ သူ ပျောက်သွားသော လက်စွပ်ကလေးနှင့် တူလှပုံမှာ ကွင်းကြီး၏ ထောင်နေသောထိပ်ဖက်တွင် ကြိုးများဖြင့်ရစ်ပတ်ထားပုံဖြစ်ပါ၏။ အဖြူ ရောင်ကြိုးများဖြင့် ရစ်ပတ်ထားပုံကလည်း သူ့လက်စွပ်ကလေးကို အပ်ချည်ကြိုးဖြင့် ရစ်ပတ်ထားသည့်နှင့် တသွေမတိမ်းတူနေလေသည်။
ကိုဟင်္သာသည် ကြည့်ရင်းကြည့်ရင်းနှင့် ကောင်လေးဝင်လိုက် ထွက်လိုက် ခုန်ဆင်းလိုက်၊ ခုန်တက်လိုက်ဆော့ကစားနေသော ကွင်းကြီးမှာ သူပျောက်သွားသော လက်စွပ်ကလေးဟုပင်ထင်လာမိလေ၏။
ကိုဟင်္သာက အိပ်ချင်မူးတူးစိတ်များ ပျောက်သွားကာ မျက်လုံးကိုပွတ်သတ်၍ သူမြင်နေရသော မြင်ကွင်းကို သေချာ ငုံ့ကြည့်လိုက်လေသည်။
ထိုစဉ်မှာပင် မြင်ကွင်းထဲသို့ အသက်ကြီးကြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ပေါ်လာကာ ကောင်လေးကို ဆွဲခေါ် လိုက်သည်ကိုမြင်လိုက်ရလေ၏။ ထိုယောက်ျားမိန်းမစုံတွဲမှာ မြောင်း၏ ဘေးတစ်ဖက် မြေတွင်းလိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူတို့သည်လည်း ကောင်လေးကဲ့သို့ပင် အဝတ်စကို ကိုယ်တွင် ပတ်ရုံပတ်ထားသည့်သဖွယ် ခြုံလွှားထားပေ၏။ မိန်းမကြီးကတော့ အ ထက်ပိုင်းရင်သားလုံသည်အထိ ရစ်ပတ်ထားပါသည်။
ထိုယောက်ျားကြီးနှင့်မိန်းမကြီးမှာ ကောင်လေး၏အဖေနှင့်အမေ ဖြစ်ဟန်တူပြီး ကောင်လေးကို ဆူပြောနေပုံမျိုးဖြစ်ပေသည်။
ကိုဟင်္သာကြည့်နေစဉ်မှာပင် ယောက်ျm;ကြီးက အပေါ်သို့ မော့်ကြည့်လိုက်လေ၏။ ထိုအခါ လူကြီးနှင့် ကိုဟင်္သာတို့ အကြည့်ချင်းဆုံသွားကြလေသည်။ လူကြီးက ကိုဟင်္သာကိုကြည့်၍ လန့်သွား ဟန်တူလေ၏။
ထို့နောက် မိန်းမကြီးနှင့်ကောင်လေးအားလက်တို့ကာ အပေါ်သို့လက်ညှိုးညွှန်ပြလိုက်လေသည်။ မိန်းမ ကြီးနှင့်ကောင်လေးက အပေါ်မော့်ကြည့်လိုက်ရာ ကိုဟင်္သာကိုမြင်တွေ့သွားလေသည်။
ထို့နောက် သူတို့သုံးယောက်သည် အလန့်တကြားဟန်ဖြင့် ယောက်ျားကြီးနှင့် မိန်းမကြီး ထွက်လာကြသော လိုဏ်ခေါင်းပေါက်ထဲသို့ ဝင်ပြေးသွားကြလေတော့သည်။
ကိုဟင်္သာသည် သူမြင်ရသောမြင်ကွင်းကိုကြည့်ကာ အံ့ဩ နေမိသည်။
လူသုံးယောက်ထွက်ပြေးသွားသည်တွင် သူ့လက်စွပ်ကလေးနှင့် တူသော ကွင်းကြီးမှာ မြောင်းထဲ၌ ကျန်နေခဲ့ပေ၏။
ကိုဟင်္သာက ကိုယ်ကိုငုံ့ကိုင်းကာ မြေကြီးနား ကပ်၍ကြည့် လိုက်ပြန်လေသည်။
ထိုအခါ... မြေကြီးပေါ်တွင် သလင်းကျောက်ပြားတစ်ခုကို တွေ့လိုက်ရလေ၏။ ဤဒေသ၌ သလင်း ကျောက်များမှာ ပေါများလှပေသည်။ သလင်းကျောက်ဆိုသည်မှာ တစ်ဖက်နှင့်တစ်ဖက်ကို ဒိုးယိုပေါက် မြင်သာသော အတွင်းသားတစ်ခုလုံး ကြည်လင်နေသည့် ကျောက်မျိုးဖြစ်ပါသည်။
ကိုဟင်္သာက သလင်းကျောက်ပြားကို လက်နှင့်ကောက်ယူ လိုက်သည်။
သည်တွင် ကျောက်ပြားအောက်၌ တွင်းကလေးတစ်ခုဖြစ်နေ သည်ကို တွေ့ရပြီး သူပျောက်သွား သောလက်စွပ်ကလေးကိုလည်း တွင်းကလေးထဲ၌ ပြန်၍ တွေ့လိုက်ရပါလေတော့၏။
သူက လက်စွပ်ကလေးကို ကောက်ယူလိုက်သည်။ သူ ပျောက်သွားသော လက်စွပ်ကလေးအစစ်ပါပင်။ အခုန သူတွေ့လိုက် သောကောင်လေး ဝင်လိုက်ထွက်လိုက်၊ ခုန်တက်လိုက်၊ ခုန်ဆင်းလိုက်ဖြင့် ဆော့ကစား နေသောကွင်းကြီးမှာ ဤလက်စွပ်ကလေးပင်ဖြစ်ပါလေ၏။ ကောင်လေးက မှောက်ရက်ကျနေသောလက်စွပ်ထဲမှ ကျောက်သားပေါ်သို့ တက်လိုက်ဆင်းလိုက်လုပ်ကာ ဆော့ နေခဲ့ခြင်းဖြစ်ပါသည်။
ကိုဟင်္သာအံ့ဩသွားသည်။ ကောင်လေးသည် သူ့လက်စွပ် ကွင်းလေးထဲသို့ဝင်၍ ဘယ်လိုဆော့ကစား နေနိုင်ပါသနည်း။ ဤမျှ သေးသောလက်စွပ်လေးထဲ ဝင်နိုင်ထွက်နိုင်သည်ဆိုလျှင် အလွန်တရာ သေးငယ်သော လူသေးသေးလေးသာဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်ပါ့မလား။
ကိုဟင်္သာက သူလက်ထဲတွင်ရှိနေသာ သလင်းကျောက်ပြားကိုပြန်ကြည့်လိုက်သည်။ သလင်း ကျောက်ပြားသည် လူကြီးလက်တစ်ဝါး အရွယ်သာသာရှိပါ၏။ သလင်းကျောက်မှာ အပြားဖြစ်ကာ အလည်၌ ကျောက်သားပိုထူပြီး ဖောင်းနေပေ၏။
ကိုဟင်္သာသည် ၂တန်းကျောင်းသားဖြစ်၍ မှန်ဘီလူးသဘော သဘာဝကို နားလည်ပြီးဖြစ်သည်။ မှန်ဘီလူးနှင့်လည်း ဆော့ကစား ဖူးသည်။
သူသည် လက်စွပ်ကလေးကို တွင်းထဲသို့ပြန်ချလိုက်သည်။ ပြီးတော့... သလင်းကျောက်ကို သူတွေ့ခဲ့သည့်အတိုင်းတွင်းထိပ်တွင် ပိတ်၍ချထားလိုက်သည်။
ထိုအခါ... တွင်းထဲမှလက်စွပ်ကလေးကို အလွန်တရာကြီးမား သောအသွင်ဖြင့် မြင်တွေ့လိုက်ရလေ တော့သတည်း။
ကိုဟင်္သာက သလင်းကျောက်ကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်၏။ သလင်းကျောက်သည် အလယ် ၌ ဖောင်းပြီး မှန်ဘီလူးသဖွယ်ဖြစ်ကာ တစ်ဖက်မှမြင်ကွင်းများကို အကျယ်ချဲ့၍မြင်နိုင်စွမ်းရှိကြောင်းကို သိလိုက်ရ လေတော့၏။
ကိုဟင်္သာအံ့ဩမိသည်မှာ သလင်းကျောက်ကိုမဟုတ်ပေ။ မှန်ကဲ့သို့ ‘ဒိုးယိုပေါက်မြင်ရသောအရာ မှန်သမျှ အလည်တွင်ခုံးနေလျှင် မှန်ဘီလူးသဖွယ် တစ်ဖက်ကို မြင်ကွင်းများစွာချဲ့၍မြင်ရမည်ဖြစ်သည်။ သူ ကိုယ်တိုင်လည်း မြေကျင်းလေးထဲမှလက်စွပ်ကို လူတစ်ကိုယ်စာ ဝင်သာသည့် ကွင်းကြီးတစ်ခုသဖွယ် မှားယွင်း ထင် မြင်ခဲ့ပြီးဖြစ်သည်။
ကိုဟင်္သာအံ့ဩတာက... သူမြင်လိုက်ရသောကောင်လေးနှင့် လူကြီးနှစ်ဦးဖြစ်သော လူသားသုံးယောက် ကိုသာဖြစ်ပါသည်။
ကောင်လေးသည် ကလေးဝတ်လက်စွပ်ကွင်းထဲဝင်နိုင်သည်ဆိုတော့ သူ့အရွယ်မှာ လက်သည်းခွံ အရွယ်ထက်ပင် သေးရပေဦးမည်။ လူကြီးနှစ်ယောက်သည်လည်း အလွန်ဆုံး လက်သည်းခွံအရွယ်ပင်ရှိ ပေတော့မပေါ့။
သူက မှန်ဘီလူးကြားခံကာ မြင်နေသောကြောင့် ကိုယ်နှင့်ရွယ်တူလူသားများဟု ထင်မိခဲ့ခြင်းဖြစ်ပါ၏။
မြေကျင်းထဲမှလူများ၏အမြင်ကို ကိုဟင်္သာက ကိုယ်ချင်းစာ ခံစားကြည့်သည်။ သူက အဆပေါင်း ထောင်သောင်းမက ချဲ့မြင်နေရ၍ ထိုလူများကို ကိုယ်နှင့်ရွယ်တူဟုထင်ခဲ့မိသည်။ ဟိုဖက်ကလူတွေရဲ့ အမြင်မှာ လည်း သူ့ကို လက်ရှိအရွယ်ထက် အဆပေါင်းထောင်သောင်း မက ချဲ့ထွင်မြင်နေမည်မှာ သေချာလှပေသည်။ ထိုလူများသည် သူတို့ထက် အဆပေါင်းသိန်းသန်းမကကြီးမားနေမည့် ကိုဟင်္သာကို မည်မျှကြောက်လန့် သွားကြလေမည်နည်း။ အလန့်တကြားထွက်ပြေးသွားဟန်များက သိသာလှပေသည်။
ကိုဟင်္သာသည် လူသုံးဦးဝင်ပြေးသွားသောလိုဏ်ခေါင်းပေါက်ကို ငုံ့ကြည့်လိုက်သည်။ အပေါက်သည် မြေကြီးထဲလျှိုးဝင်သွားကာ ကြွက် တွင်းသဖွယ်ဖြစ်နေပေ၏။ မြေကျင်း၏ဘေးနှစ်ဖက်စလုံးတွင် မြေကြီး ထဲသို့ဝင်သွားသော လိုဏ်ခေါင်းပေါက်ကိုတွေ့ရပေသည်။ ကြည့်ရသည်မှာ မြေအောက်လိုဏ်ခေါင်းလမ်းတွင် သလင်းကျောက်ပြားက ပိတ်ဆို့သွား ခြင်းဖြစ်ဟန်တူသည်။ ထို့ကြောင့်သာ ဖောက်မြင်ရသော ကျောက်သား ကြောင့် အောက်မှမြင်ကွင်းများကို မြင်နေနိုင်ခြင်းဖြစ်၏။ ဖြစ်ချင်တော့ သလင်းကျောက်က မှန်ဘီလူးသဖွယ် အလည်ကခုံးနေ၍ အောက်ကမြင်ကွင်းသေးသေးလေးများကို အကြီးချဲ့၍ မြင်နေရခြင်းဖြစ်ပါသည်။
+ + + + + + + + +
ကိုဟင်္သာသည် ကျောက်ပြားကိုရော၊ လက်စွပ်ကိုရော လက်ထဲတွင်ကိုင်ကာ မိဘတွေဈေးရောင်း နေသောနေရာသို့ ပြေးလာခဲ့လေသည်။ နေ့လည်ခင်းဖြစ်ကာ ဈေးပေါင်ကျိုးချိန်မို့ သူ့မိဘများက ပစ္စည်းပစ္စယ များကိုသိမ်းဆည်းကာ ပြန်ဖို့ပင်ပြင်နေကြပါပြီ။
ကိုဟင်္သာက လက်စွပ်ကလေး ပြန်ရှာတွေ့ပြီဖြစ်ကြောင်း အားရ ဝမ်းသာ ပြောပြလိုက်သည်။ ဆက်ပြီး သူတွေ့ကြုံခဲ့ရသောမြင်ကွင်း အကြောင်းကိုလည်း သူ ပြောတတ်သလိုပြောပြလိုက်လေ၏။
ဈေးသည်များအားလုံး ကိုဟင်္သာအပြောကို ဝိုင်း၍နားထောင်နေကြသည်။ တချို့က ယုံဟန်ရှိသည်။ တချို့က မယုံကြ။ ကိုဟင်္သာအမေကတော့ ]ပေါက်ကရတွေ လျှောက်ပြောမနေစမ်းနဲ့}-ဆိုကာ လက်စွပ်ကလေး ကို ယူသိမ်းထားလိုက်လေသည်။
ကိုဟင်္သာအဖေကတော့ ကိုဟင်္သာယူလာသည့် သလင်း ကျောက်ချပ်ကလေးကိုကိုင်ကာ သူ့သားပြောစကားကို စဉ်းစားနေလေ သည်။ မှန်ဘီလူးသဖွယ်ဖြစ်နေသည့်သလင်းကျောက်ချပ်ကလေးက ကိုဟင်္သာစကားကို ယုံလောက်စရာဖြစ်နေ၏။ ဖခင်ဖြစ်သူက ကိုဟင်္သာလိမ်ညာပြောတယ်ဆိုရင်တောင် သလင်းကျောက်ချပ်ကလေးကိုပြ၍ သဘာဝကျအောင်ပြောတတ်သည့်သူ့သားအစွမ်းကို သဘောပင်ကျနေသေး သည်။
]]ငါ့သား... အဲဒီနေရာ အဖေ့ကိုလိုက်ပြပါလားကွာ}}
]]ဟိုတောစပ်လေးမှာတွင်အဖေ၊ မဝေးဘူး}}
]]သွားကြည့်စို့ကွာ}}
သူတို့သားအဖနှင့်အတူ စိတ်ဝင်စားသူများပါ လိုက်လာကြ လေ၏။ တစ်ဆင့်တစ်ဆင့်အပြောဖြင့် ကိုဟင်္သာ၏အတွေ့အကြုံကို တစ်ဈေးလုံးသိသွားကြသည်။ ဈေးသိမ်းတော့မည့်အချိန်မို့ ဝယ်သ lပါးသွားပြီဖြစ်ရာ စပ်စုချင်သူများက ကိုဟင်္သာတို့နောက်သို့ လိုက်သွား ကြပြန်သည်။
ကိုဟင်္သာက သူတွေ့ခဲ့ရသောမြေကျင်းကိုပြလိုက်၏။ ကျင်းထဲသို့ သူကစားသည့်ဖန်ဂေါ်လုံးလေး တစ်လုံးကို ထည့်ကာ သလင်းကျောက်ကို ကျင်းအဝတွင် ချလိုက်သည်။ ပြီးတော့ လူကြီးများကိုကြည့်ခိုင်းသည်။
]]အေး... ဟုတ်သားဟ}}
ဖန်ဂေါ်လီလုံးလေးကို အဆပေါင်းများစွာချဲ့မြင်နေရလေသည်။ လူများလည်း အံ့ဩသွားကြ၏။
]]ဒါဖြင့်... ဖိုးဟင်္သာတွေ့တဲ့လူတွေက အတော်ကိုသေးတဲ့ လူတွေပေါ့ဟ}}
]]တောချောက်တာများလားဟယ်}}
]]နာနာဘာဝထင်ပါရဲ့}}
]]သေးသေးလေးဆိုတော့ မှင်စာဆိုတာလည်း ဖြစ်နိုင်တာပဲ}}
တစ်ယောက်တစ်ပေါက်ထင်ရာမြင်ရာလျှောက်ပြောနေကြသည်။
ကိုဟင်္သာအဖေက လူသေးသေးလေးတွေဝင်သွားသည်ဆိုသော မြေတွင်းအပေါက်ကို တုတ်တစ် ချောင်းဖြင့် တူးကြည့်သည်။ မြေတွင်းသည် အစပိုင်းတွင် တည့်တည့်ဖြစ်သော်လည်း တူးလေ...တူးလေ... တွင်းပေါက်က မြေအောက်သို့ စိုက်ဆင်းသွားသည်ကို တွေ့ကြရလေ၏။
]]ဟေ့... ဟေ့... ဘာလုပ်နေကြတာလဲ၊ ဘာလို့တူးကြည့်နေ ရတာလဲကွ ဟေ}}
]]ဟော... အဘအိုက်စံပါလား}}
အသက်ရှစ်ဆယ်ကျော်အဘိုးကြီးတစ်ဦး အနားရောက်လာကာ ဟန့်တားလိုက်ခြင်းဖြစ်လေသည်။
]]မတူးကြပါနဲ့၊ မလုပ်ကြပါနဲ့၊ သူတို့ဟာသူတို့နေပါစေ၊ သူတို့ကို မင်းတို့မြင်ရတွေ့ရတော့ရော ဘာ အကျိုးထူးမှာလဲ၊ ငါတော့ တွေ့ရမယ် လည်းမထင်ပါဘူး၊ ကလေးက ကံအားလျှော်စွာမြင်လိုက်ရတာပါ}}
အဘိုးအိုက ကိုဟင်္သာအတွေ့အကြုံကိုကြားသိပြီးဖြစ်၍ မြေတွင်းကိုတူးနေခြင်းအား ဟန့်တားလိုက် ခြင်းဖြစ်လေသည်။
]]ထူးဆန်းလွန်းလို့ပါအဘအိုက်စံ၊ ကလေးပြောတာ ဟုတ်çမဟုတ်ကြည့်ချင်လို့ပါ}}
]]ဘာများထူးဆန်းလို့လဲကွဲ့၊ ဖိုးဟင်္သာမြင်လိုက်တာ လူပဲ မဟုတ်လား၊ လူကိုတွေ့တာများ ဆန်းသလားမောင်တို့}}
]]လူပေမယ့် ပရွက်ဆိတ်သာသာ သေးသေးလေးဆိုတာကိုး အဘရဲ့}}
]]ဟဲ့... ပရွက်ဆိတ်အရွယ်ဖြစ်ဖြစ်၊ ဆင်အရွယ်ဖြစ်ဖြစ် လူဟာလူပဲ၊ ကိုယ့်လိုလူမျိုးတွေ့တာများ အဆန်းဆိုနေသလား၊ လူမဟုတ်တဲ့ တခြားသတ္တဝါမျိုးဆို နင်တို့ဘယ်လိုနေမလဲ}}
]]ဘာကိုဆိုလိုတာလဲအဘ၊ လူမဟုတ်တဲ့ တခြားသတ္တဝါတွေထဲမှာလဲ အဲဒီလို သေးသေးလေးတွေ ရှိသေးလို့လား}}
အဘအိုက်စံမှာ ရှေးမီနောက်မီ ဗဟုသုတစုံသော အဘိုးကြီး တစ်ဦးမို့ အားလုံးကဝိုင်းမေးကြသည်။
]]သတ္တဝါဆိုတာ ကြီးချင်းလည်းကြီးမယ်၊ သေးချင်လည်းသေး မယ်၊ သူ့သဘာဝနဲ့သူဖြစ်တည်နေကြ တာပဲ၊ သတ္တဝါအမျိုးအစားပေါင်း များစွာရှိတယ်ဆိုတာ ကုန်းနေကိုးကုဋေ၊ ရေနေဆယ်ကုဋေဆိုတဲ့စကား ကြားဖူးကြရဲ့မဟုတ်လား}}
]]ဟုတ်ကဲ့၊ ကြားဖူးပါတယ်အဘ}}
]]အေး...ဟောဒီကမ္ဘာကြီးဖြစ်တည်လာတာ ကြာပဲကြာလှပြီ၊ မင်းတို့ငါတို့က မနေ့တစ်နေ့ကမှ လူဖြစ်လာကြတာ၊ တို့တွေနေရလှ အသက်ကိုးဆယ် တစ်ရာဆိုတာအလွန်ဆုံးပဲ၊ ငါတို့မမွေးမီ ကမ္ဘာဦးအစ ပဝေသဏီကတည်းက ‘ဒီကမ္ဘာကြီးမှာ သတ္တဝါပေါင်းဘယ်လောက် ဖြစ်တည်ခဲ့၊ ပေါက်ဖွားခဲ့တယ်ဆိုတာ ဘယ်သူသိနိုင်မတုံး၊ မင်းတို့ သိတဲ့သတ္တဝါထဲကပဲ မေးကြည့်စမ်းမယ်၊ မင်းတို့အထဲမှာ နဂါးကိုမြင်ဖူး တဲ့သူဘယ်နှယောက်ပါသတုံး၊ ကိန္နရီကိန္နရာကိုမြင်ဖူးကြသလား၊ ဂဠုန် ဆိုတဲ့အကောင်ရောမြင်ဖူးကြသလားဟဲ့၊ တိုးနယားဆိုတာကော}}
]]အဲဒါတွက ပုံပြင်ထဲဇာတ်တော်ထဲက အကောင်တွေမဟုတ် လား အဘရဲ့}}
]]ဟဲ့- အဲဒီဇာတ်တော်တွေကို ဘယ်သူဟောခဲ့သလဲ၊ ငါတို့ ဘုရားဟောခဲ့တာ၊ ဘုရားဟော တဲ့ဇာတ်တော်ထဲမှာပါတဲ့သတ္တဝါဟာ တကယ်ရှိလို့ပဲပေါ့ငါလူတို့ရဲ့၊ ‘ဒါပေမယ့် တို့ခေတ်မှာ အဲဒီသတ္တဝါတွေ မရှိကြတော့ဘယ်သူမှမမြင်ဖူးကြဘူး၊ ကိုယ် မမြင်ဖူးတာနဲ့ အဟုတ် တကယ်မရှိဘူးလို့လည်း ပြောလို့မရဘူး၊ တို့မမြင်ရတဲ့ တို့လူတွေ မရောက်နိုင်တဲ့ ဟိုးမြေကြီးအတွင်းထဲမှာ၊ ရေအောက်ထဲမှာ သတ္တဝါပေါင်း များစွာရှိသေးတယ်ကွဲ့၊ ‘ဒါကြောင့် ဖိုးဟင်္သာတွေ့တာဟာ မဆန်းဘူးလို့ အဘက ပြောတာ၊ သူတွေ့တာ လူပဲကွယ်၊ တို့ကိုယ်တိုင်လည်း လူတွေပဲ၊ ဘာဆန်းလို့လဲကွယ်ရို့၊ ဖိုးဟင်္သာက မြင်ရမယ့်ကံပါလို့ မြင် လိုက်တွေ့လိုက်ရပြီ၊ မင်းတို့လည်း မြင်ရမယ့်ကံပါရင် တွေ့ရ မြင်ရလိမ့်မပေါ့၊ ခုလိုတော့ သူတို့နေတဲ့နေရာကို တူးလား ဆွလားလုပ်ပြီး မနှောက်ယှက်ကြပါနဲ့ကွယ်၊ သူတို့လည်း ငြိမ်းငြိမ်းချမ်းချမ်းနေချင် ပေမပေါ့၊ သူတို့ရဲ့သီးခြားကမ္ဘာလေးမှာ သူတို့ဟာသူတို့ နေကြပါစေကွယ်}
+ + + + + + + + +
]]ကျုပ်ရဲ့အတွေ့အကြုံကတော့ အဲဒါပါပဲ စာရေးဆရာ၊ ယုံချင်ယုံမယုံချင် နေပေါ့၊ သက်သေပြ စရာဆိုလို့တော့ ကျုပ်မှာ သလင်းကျောက်ချပ်ပဲရှိတယ်}
ကိုဟင်္သာက သူသိမ်းထားသော သလင်းကျောက်ပြားကို ကျွန်ုပ်အား ပြသလေသည်။
သလင်းကျောက်မှာ ကိုဟင်္သာပြောသည့်အတိုင်းပင် အလည်မှာ ဖောင်း၍ ခုံးနေ၏။ မှန်ဘီလူးသဏ္ဍာန်ဖြစ်ပေါ်နေပေသည်။ ကျွန်ုပ်က ထိုအရာကိုထောင်၍ ပတ်ဝန်းကျင်ရှိအရာများကိုလိုက်ကြည့်ရာ အရာအားလုံးကို အဆပေါင်းများစွာပုံကြီး ချဲ့၍မြင်ရပေသည်။
]]အဲဒါ... ကျုပ်ငယ်ငယ်တုံးက မြေကြီးပေါ်ကရခဲ့တဲ့ သလင်းကျောက်ချပ်ပဲ}}
]]ဒါနဲ့ နောက်ထပ်ရော အဲဒီလို ထူးထူးဆန်းဆန်းသတ္တဝါမျိုးတွေ တွေ့ရသေးသလား}}
ကျွန်ုပ်က မှန်ဘီလူးသဖွယ် ထူးထူးဆန်းဆန်းဖြစ်တည်နေသော သလင်းကျောက်ပြားကိုလေ့လာရင်းမှ မေးလိုက်လေသည်။
]]ကျုပ်လည်း အဘအိုက်စံစကားအရ လောကမှာ ထူးဆန်း တဲ့သတ္တဝါပေါင်းများစွာရှိတယ်ဆိုတာကို လက်ခံခဲ့တယ်လေ၊ ‘ဒါနဲ့ပဲ... ဘ၀တလျှောက်လုံး ရောက်ရာနေရာမှာ စူးစမ်းလေ့လာခဲ့ပါတယ်ဗျာ၊ ဒါပေမယ့် အဘအိုက်စံပြောသလိုပဲ မြင်ရမယ့် ကံပါချိန်မှသာ မြင်ရတာမျိုးထင်ပါရဲ့၊ ကျုပ်ရဲ့ကံကလည်း အသက်ရနှစ် ၈နှစ်က လူသေးသေးလေးတွေမြင်ခဲ့ရပြီးတဲ့နောက်... ထူးထူးဆန်းဆန်းမြင်ရဖို့ ကံမပါတော့ဘူးထင်ပါရဲ့ဗျာ၊ မတွေ့မကြုံရတော့ပါဘူး} }
ကျွန်ုပ်သည် ကိုဟင်္သာမြင်တွေ့ခဲ့ရသည့် လူသေးသေးလေးတွေဆိုတာ အမှန်တကယ်ပဲလား... ထိုစဉ်က ကိုဟင်္သာအိပ်ချင်မူးတူး ဖြစ်နေ၍ အိပ်မက်သကဲ့သို့ ယောင်ရမ်းကာ မြင်မိမြင်ရာမြင်ခြင်းလေလားဟု တွေးတောနေမိပေသည်။
တကယ်ဖြစ်စေ... အိပ်မက်ဖြစ်စေ... ထင်ယောင်ထင်မှားဖြစ်စေ... အကြောင်းအရာကတော့ ထူးဆန်း သည်မှာ အမှန်ပင်တည်း။
+ + + + + + + + +
                                                                                              နွေတမာန်
၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ ဂမ္ဘီရလောကမဂ္ဂဇင်း…. မှ







No comments: