Sunday 12 August 2012

သိပ္ပံဝတ္ထုတို- ဆောင်းလုလင်- ဂဏန်းဂြိုဟ်

ဆောင်းလုလင်
ဂဏန်းဂြိုဟ်

ကမ္ဘာပေါ်မှ မြန်မာနိုင်ငံသား ဦးနေလရတနာသည် ဂဏန်းဂြိုဟ်တွင် သံအမတ်ကြီးအဖြစ် သွားရောက် တာဝန် ထမ်းဆောင်ရန် အရွေးချယ်ခံခဲ့ရ လေ၏။
ဦးနေလရတနာသည် အာကာသ ဆက်ဆံရေးဘာသာရပ်ဖြင့် ဘွဲ့ရထားသူတစ်ဦးဖြစ်ပေသည်။ သူသည် နိုင်ငံခြားရေးရာ ဌာနတွင် အလုပ်ဝင်လုပ်ခဲ့ရာ မိခင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံက သံအမတ်အဖြစ်ဖြင့် ဥရောပ နိုင်ငံနှစ်ခုသို့ စေလွှတ်ခြင်း ခံခဲ့ရလေသည်။
ဦးနေလရတနာ၏ သံတမန်ပညာရပ်များကို အကဲခတ်မိသော ကုလသမဂ္ဂအဖွဲ့ကြီးသည် စကြ၀ဠာလုံးဆိုင်ရာ သံတမန်ရေးရာဌာနသို့ ခေါ်ယူ ခဲ့ပေသည်။ ကမ္ဘာကြီးသည် ယခုကာလတွင် နေစကြ၀ဠာအတွင်းရှိ သက်ရှိ များနေထိုင်သော ဂြိုဟ်များနှင့် ဆက်သွယ်ဆက်ဆံမှုများရှိနေပြီဖြစ်ရာ ထုံးစံအတိုင်း ကမ္ဘာနှင့်ဆက်သွယ်သော ဂြိုဟ်များသို့ သံတမန် များ စေလွှတ်လျက် ရှိပေသည်။ ကမ္ဘာပေါ်၌လည်း ဂြိုဟ်အသီးသီးမှ ၎င်းတို့ဂြိုဟ်ဆိုင်ရာ သံအမတ်များ လာရောက်တာဝန် ထမ်းဆောင်လျက် ရှိကြပေသည်။
ဦးနေလရတနာသည် အသက် ၄၀ အရွယ်တွင် ကမ္ဘာ့အဆင့်၌ သူကောင်းပြုခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက် ရှိပေသည်။
သို့ရာတွင် အခြားသောဂြိုဟ်တစ်ခုတွင် နှစ်ရှည်လများ သွားရောက် တာဝန်ထမ်းဆောင်ရမည့်အတွက်တော့ အနည်းငယ် စိတ်လှုပ်ရှားမိပေသည်။ သူသည် ကမ္ဘာမှအပဖြစ်သောဂြိုဟ်များသို့ လေ့လာရေးခရီးအဖြစ်သာ ခေတ္တ ခဏ သွားရောက်ဖူးပေသည်။
သူ သွားရောက် တာဝန်ထမ်းဆောင်ရမည့် ဂဏန်းဂြိုဟ်နှင့် ပတ် သက်၍ လေ့လာကြည့်ရာ ဂဏန်းဂြိုဟ်တွင် နေထိုင်ကြသော သက်ရှိများမှာ ကမ္ဘာ့လူသားများအတိုင်း ခြေနှစ်ဖက်၊ လက်နှစ်ဖက်ရှိသော လူသားများ ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စိတ်သက်သာရာရသွားလေ၏။
စကြ၀ဠာအတွင်းရှိ ဂြိုဟ်များမှ သက်ရှိများမှာ အားလုံးလူ၏ အသွင်သ္ဌဏာန်မျိုး ရှိကြသည်မဟုတ်ပေ။ လက်လေးဖက်ရှိသော လူများ၊ အတောင်ပံပါသောလူများ၊ ဦးချိုပါသော လူများ၊ တိရစ္ဆာန်ကဲ့သို့ အမြီးပါသည့် လူများ စသည်ဖြင့် သူ့ရေမြေဒေသအတိုင်း ပုံစံအသွယ်သွယ် ရှိကြပေသည်။ အရွယ်အစားတွင်လည်း အရပ်တစ်ပေလောက်ရှိသည့် ဂြိုဟ်သားမျိုးရှိသလို၊ ပေနှစ်ဆယ်ကျော်မြင့်သည့် ဂြိုဟ်သားများလည်း ရှိကြပေ၏။ သူ တာဝန် ထမ်းဆောင်ရမည့် ဂဏန်းဂြိုဟ်မှ လူသားများကတော့ လူနှင့်ပုံစံ တစ်သဝေ မတိမ်း တူညီရုံမက အရပ်အမောင်းမှာလည်း ကမ္ဘာသားများကဲ့သို့ ငါးပေနှင့် ခြောက်ပေဝန်းကျင် ရှိသည်ဆို၍ တော်ပေသေး၏။
ဦးနေလရတနာသည် စာအုပ်စာတမ်းများတွင် ရှာဖွေဖတ်ရှု၍ လည်းကောင်း၊ ဂဏန်းဂြိုဟ်ကိုရောက်ဖူးသည့် လူများကို ဆက်သွယ်မေးမြန်း ၍ လည်းကောင်း ဂဏန်းဂြိုဟ်အကြောင်း ဗဟုသုတများကို ရှာဖွေဆည်းပူး ထားရလေသည်။
x x x x x x x

အမှန်တော့ ဂဏန်းဂြိုဟ်ဆိုသည်မှာ အခြားသောဂြိုဟ်များမှ ၎င်း ဂြိုဟ်ကို ခေါ်ဝေါ်သမုတ်ကြသောနာမည်ပင် ဖြစ်သည်။ ဂဏန်းဂြိုဟ်တွင် နေထိုင်ကြသော လူသားများသည် သူတို့ဂြိုဟ်ကို နာမည်မှည့်ခေါ်ထားခြင်း မရှိကြချေ။
ထိုသို့ဖြစ်ရသည်မှာ ဂဏန်းဂြိုဟ်ပေါ်ရှိ လူများသည် စကားလုံး တီထွင်မှု နည်းပါးသည့်အတွက် ဖြစ်ပေ၏။ သူတို့ ပြောဆိုသုံးနှုန်းသည့် စကားလုံးများမှာ အလွန်နည်းပါးလှသည့်အတွက် စကားတစ်ခွန်းပြောလျှင် စကားလုံးများ ထပ်၍နေတတ်လေသည်။ သူတို့၏စာပေတွင်လည်း ဗျည်း ဆယ်လုံးတည်းသာရှိကာ သရမပါချေ။ အချုပ်ဆိုရသော် ဂဏန်းဂြိုဟ်သည် ဘာသာစကား ဖွံ့ဖြိုးမှုနောက်ကျသော ဂြိုဟ်တစ်ခု ဖြစ်ပေ၏။
ထိုကဲ့သို့ဖြစ်ရခြင်းမှာ ဂြိုဟ်သားများ၏ လည်ချောင်းနှင့် အသံပြွန် ဖွဲ့စည်းမှုသည် အခြားဂြိုဟ်သားများနှင့်ယှဉ်ပါက စံမမီသောကြောင့်ဟု ဆိုရ ပေမည်။ သူတို့သည် အသံအမျိုးအစား အနည်းငယ်သာ ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ကြပေ၏။
ဘာသာစကားအနေဖြင့် ချို့တဲ့မှု ရှိသော်လည်း ဂြိုဟ်သားများမှာ ဉာဏ်ရည်မြင့်မားကြသူများ ဖြစ်သည်။ သူတို့သည် စကားနည်းနည်းပြော၍ အလုပ်များများလုပ်ကြသော သူများဟု ဆိုနိုင်ပေ၏။
ဂဏန်းဂြိုဟ်သားများသည် အခြားသောဂြိုဟ်သားများနည်းတူ သိပ္ပံပညာကို တတ်ကျွမ်းကြပေ၏။ ထို့ကြောင့် သူတို့သည် မြေပေါ်တွင်ရော၊ လေထဲတွင်ရော၊ ရေပြင်၌ပါ သွားလာနိုင်သော ယာဉ်များကိုပင် တီထွင်နိုင်ကြ လေသည်။ လူသုံးစက်ကိရိယာများ၊ ပစ္စည်းပစ္စယများကိုလည်း အခြားဂြိုဟ် များ နည်းတူ သုံးစွဲကြလေသည်။
တိုးတက်ထွန်းကားမှုရှိသည့် အားလျော်စွာ ပစ္စည်းကိရိယာ ယာဉ် ရထားများကို ခေါ်ဆိုသည့် အမည်နာမ အခေါ်အဝေါ်များလည်း ရှိသင့်ပေ သည်။ သို့ရာတွင် ကိုယ့်ဂြိုဟ်ကိုပင် နာမည်မမှည့်တတ်သော ဂဏန်းဂြိုဟ် သားများသည် သူတို့ဂြိုဟ်ပေါ်ရှိ ပစ္စည်းများကိုလည်း နာမည် မှည့်မထားကြ ချေ။
ထိုအခါ သူတို့သည် တစ်စုံတစ်ခု ပြောဆိုဆက်သွယ်ရန် လိုအပ်ပါက မည်သို့ပြောဆိုဆက်သွယ်ကြပါသနည်း။
သူတို့သည် ရှိသမျှအရာတိုင်းကို နံပါတ်များ၊ ဂဏန်းများတပ်ကာ ပြောဆိုကြလေ၏။
x x x x x x x

ဂဏန်းဂြိုဟ်ပေါ်၌ အခြားဂြိုဟ်များနည်းတူ သစ်ပင်ပန်းပင်များ ပေါက်ရောက်ပေသည်။ သူတို့သည် ပန်းများကို နာမည်တပ်၍ မခေါ်ဝေါ် ကြချေ။ နံပါတ်တပ်၍သာ သတ်မှတ်ထားကြပေ၏။ ဥပမာ- စံပယ်ပန်းကို ပန်းအမှတ် ၁၊ နှင်းဆီပန်းကို ပန်းအမှတ် ၂၊ ခတ္တာပန်းကို ပန်းအမှတ် ၃၊ သော်ကပန်းကို ပန်းအမှတ် ၄၊ ဒေါနပန်းကို ပန်းအမှတ် ၅၊ ခရေပန်းကို ပန်းအမှတ် ၆၊ သဇင်ပန်းကို ပန်းအမှတ် ၇၊ ကြက်ရုန်းပန်းကို ပန်းအမှတ် ၈၊ သော်ကပန်းကို ပန်းအမှတ် ၉၊ ဂမုန်းပန်းကို ပန်းအမှတ် ၁၀ စသဖြင့် သတ်မှတ်ထားကြလေသည်။ ပန်း အမျိုးပေါင်းများစွာ ရှိသော်လည်း သူတို့ ဟာ သူတို့တော့ ဘယ်ပန်းကို ဘယ်နံပါတ်ဖြင့်ခေါ်သည်ကို မှတ်မိကြပေသည်။
အကယ်၍ မြေကမ္ဘာပေါ်မှ ထင်ရှားသော မင်းသုဝဏ်၏ ]လယ် တောကအပြန်}သီချင်းကို ဂဏန်းဂြိုဟ်ဘာသာစကားဖြင့် ဘာသာပြန်ဆိုမည် ဆိုပါက အောက်ပါအတိုင်း ဖြစ်နိုင်လေသည်။
]]လယ်တောအပြန် ... ပန်ချင်တယ် ပန်းအမှတ် ၆ ဆိုလို့ မောင်ခူးကာပေး ...မနက်တုန်းဆီက ကြော့ဆုံး ကို မောင်မြင်တော့ ... သူ့ဆံပင် ပန်းအမှတ် ၂ တွေနဲ့ ဂုဏ်တင့်တယ်လေး ...}}
အကယ်၍ ရှေးခေတ်ဟောင်းက တွံတေးသိန်းတန်၏ ]ဘယ်ပန်းသာ လို့ယဉ်} သီချင်းကို ဘာသာပြန်ပါက ဤအတိုင်း ဖြစ်နိုင်ပြန်သည်။
(မူရင်းသီချင်း)
]]စံပယ် ...ကြက်ရုန်း ...ဂမုန်း ...ခတ္တာတွေ ...နှင်းဆီ ဒေါန ...သော်က ...သဇင်ပန်း ဆင်မြန်းနိုင်ပေ အထွေထွေပွင့်နေ ချစ်တဲ့သူ ရေ ...}}
(ဘာသာပြန်သီချင်း)
]]ပန်းအမှတ် ၁၊ ပန်းအမှတ် ၈၊ ပန်းအမှတ် ၁၀၊ ပန်းအမှတ် ၃ တွေ၊ ပန်းအမှတ် ၂၊ ပန်းအမှတ် ၅၊ ပန်းအမှတ် ၄၊ ပန်းအမှတ် ၇ ဆင်မြန်းနိုင်ပေ အထွထွေပွင့်နေ ချစ်တဲ့သူရေ}}
အမှန်တော့ ဂဏန်းဂြိုဟ်၌ သီချင်းဟူ၍မရှိပေ။ စာပေ၌လည်း အက္ခရာချို့တဲ့မှုကြောင့် ကဗျာ၊ ဝတ္ထုများ သီကုံးရေးဖွဲ့မှု မရှိကြချေ။ ဂဏန်း ဂြိုဟ်သားများသည် အနုပညာကို ခံစားတတ်သောစိတ်မရှိဘဲ အလုပ်ကိုသာ ကြိုစားလုပ်ကြသည့် ဂြိုဟ်တစ်ခု ဖြစ်ပေ၏။
သူတို့သည် နေ့စဉ်သုံးပစ္စည်းများကိုလည်း အမျိုးအစားခွဲခြားကာ နံပါတ်တပ်၍ ပြောဆိုကြပေသည်။ ဥပမာအားဖြင့် ရေ၊ အရည်၊ စားစရာ တစ်ခုခုကို ထည့်၍ရသည့် ပစ္စည်းများကို ပြောဆိုရာတွင် ပန်းကန်ပြားအား ခွက် ၁၊ ပန်းကန်လုံးကို ခွက် ၂၊ ရေခွက်ကို ခွက် ၃၊ ဇလုံကို ခွက် ၄၊ လင်ပန်းကို ခွက် ၅၊ ဒယ်အိုးကို ခွက် ၆၊ ဒန်အိုးကို ခွက် ၇ စသဖြင့် မှတ်သားထားကြလေသည်။ (အိမ်သာသုံးခွက်ကိုတော့ နံပါတ်သီးခြား ပေး မထား၊ ခွက်သုညဟုသုံးသည်။)
ခရီးသွားလာသည့် ယာဉ်များကိုလည်း အနှေးစီးယာဉ်မှစ၍ လေ ယာဉ်ပျံအထိ နံပါတ်ဖြင့် ခွဲခြားထားပြန်သေးသည်။ စက်ဘီးကို ယာဉ် ၁၊ ဆိုက်ကားကို ယာဉ် ၂၊ မော်တော်ဆိုင်ကယ် ယာဉ် ၃၊ ကားကို ယာဉ် ၄၊ လေယာဉ်ပျံကို ယာဉ် ၅ ဟူသတည်း။ ထိုအထဲကမှ ကားတွင် မော်ဒယ် အမျိုးအစားကွဲပြားပါက ကား၏မူရင်းနံပါတ် ယာဉ် ၄ ကိုမူတည်ထား၍ ယာဉ် ၄- မော်ဒယ် ၁၊ ယာဉ် ၄ မျိုး ၃ စသဖြင့် ခေါ်ဝေါ်ကြပြန်သည်။
အရောင်ကိုလည်း အနီကို အရောင် ၁၊ အစိမ်းကို အရောင် ၂၊ အဝါကို အရောင် ၃၊ အဖြူကို အရောင် ၄၊ အနက်ကို အရောင် ၅ ဟု မှည့်ခေါ်ထားသည်။
အခြားဂြိုဟ်သားများအဖို့ ဂဏန်းဂြိုဟ်သားများ သတ်မှတ်ထား သည့် နာမည်အမှတ်စဉ်ကို မှတ်သားဖို့ ခဲယဉ်းမည်ဖြစ်သော်လည်း မွေးက တည်းက ဂဏန်းအခေါ်အဝေါ်များကြားတွင် ကြီးပြင်းလာသော သူတို့ ဂြိုဟ် သားများကတော့ အားလုံးကို မှတ်မိသိရှိပေသည်။
ပစ္စည်းပစ္စယနှင့် သဘာဝတရားကိုပင် နံပါတ်ဖြင့် သတ်မှတ်ခေါ်ဝေါ် ကြလေရာ ၎င်းတို့ဂြိုဟ်ရှိ သက်ရှိလူသားများ၏ အမည်နာမကိုရော မည်သို့ သတ်မှတ်ခေါ်ဝေါ်ကြလေသလဲ။ စိတ်ဝင်စားဖွယ် ကောင်းလှလေသည်။
ဂဏန်းဂြိုဟ်သားတို့သည် လူတို့ကို နာမည်မှည့်ခေါ်သည့် အလေ့ လည်း မရှိပါ။ ဂြိုဟ်ဦးအစ ယဉ်ကျေးမှု ပေါ်ထွန်းစကာလကတည်းကပင် လူတို့ကိုလည်း နံပါတ်များသတ်မှတ်ကာ ခေါ်ဝေါ်ပြောဆိုကြပေ၏။ ယခု အချိန်တွင် သူတို့ဂြိုဟ်သားများအတွက် သတ်မှတ်ထားသော အကြီးဆုံး နံပါတ်မှာ ဂဏန်း ၉ လုံး ပါဝင်လေသည်။ လူ တစ်ယောက်သည် မွေးလာ ကတည်းက နံပါတ်သတ်မှတ်ပေးခြင်း ခံရ၏။ ဂဏန်းဂြိုဟ်ပေါ်တွင် လူဦးရေ သန်းပေါင်းတစ်ရာကျော် ရှိပေ၏။ ထို့ကြောင့် လူများကို သတ်မှတ်ပေးထား သော ဂဏန်းအရေအတွက်သည်လည်း သန်းတစ်ရာကျော်(ဂဏန်း ၉ လုံး) အထိ ရှိနေပေသည်။
ကလေးငယ်တစ်ယောက် မွေးဖွားလာသည်နှင့် နံပါတ် သတ်မှတ် ပေးလိုက်သည်။ မိဘများက သတ်မှတ်ပေးရခြင်း မဟုတ်ပါ။ ကလေး တစ် ယောက် မွေးဖွားသည့်သတင်းကို ကြားသည်နှင့် (သို့မဟုတ်) မိဘများက  ကလေးမွေးဖွားကြောင်း အကြောင်းကြားသည်နှင့် သက်ဆိုင်ရာတာဝန်ရှိသည့် ဌာနမှ ရောက်လာကာ ကလေးအတွက် နံပါတ်ကို သတ်မှတ်ပေးလိုက်လေ သည်။ ထိုဂဏန်းသည် ထိုလူသား သေဆုံးသည်အထိ မူပိုင် ပိုင်ဆိုင်ခွင့် ရှိသော နံပါတ်ဖြစ်ပေသည်။ မိဘဆွေမျိုးသားချင်းများနှင့်တကွ အားလုံးသော လူများက သူ့ကို မူပိုင်နံပါတ်အတိုင်း ခေါ်ဆိုကြပေသည်။
ဥပမာ- ]]ဟေ့ ၇-၆-၄-၄-၃-၁-၅-၂၊ ဘယ်သွားမလို့လဲ}}
]]၅-၄-၃-၆-၁-၁-၇-၉ ပါလား၊ ဟိုတစ်လောက ပျက်တယ် ဆိုတဲ့ မင်းရဲ့ယာဉ်အမှတ် ၃ ကို ပြင်ပြီးပလား}} (မော်တော်ဆိုင်ကယ် ပြင်ပြီးပလားဟု မေးခြင်းဖြစ်သည်။)
]]၁-၂-၄-၆-၉-၉-၈နဲ့ ၃-၁-၃-၅-၈-၆-၄-၇ တို့ မင်္ဂလာဆောင် ဖိတ်စာလာပို့တာပါ။ ကျွန်တော့်အဖေက မှာလိုက်တယ်၊ ၅-၇-၉-၈-၆-၃-၁ တို့ကိုလည်း ဖိတ်စာ လူကြုံပို့ပေးပါတဲ့။ မင်္ဂလာဆောင် လာရင် ၇-၇-၈-၃-၆-၅-၄ ကြီးကိုလည်းပါအောင် ဝင်ခေါ်ခဲ့ပါတဲ့}}
]]မနေ့က ၁-၉-၆-၈-၅-၇-၄-၈ နဲ့ ၃-၉-၆-၅-၈-၇-၅-၄ တို့ ရန်ဖြစ် လိုက်ကြတာဟယ်၊ သူတို့ ကြိုက်နေတဲ့ ၂-၉-၈-၅-၄-၆-၃-၇ ဆိုတဲ့ကောင်မလေး ကိစ္စနဲ့ ပတ်သက်လို့လေ။ ၁-၉-၆-၈-၅-၇-၄-၈ က ၃-၉-၆-၅-၈-၇-၅-၄ ကို နံပါတ် ၃ လက်နက်ကြီးနဲ့ ထိုးမလို့၊ ၃-၉-၆-၅-၈-၇-၅-၄ ရဲ့ လက်ထဲမှာလဲ နံပါတ် ၉ လက်နက် ပါသေးတယ်။ ရပ်ကွက်လူကြီး ၆-၉-၈-၃-၂-၄-၈-၇ ဝင်ဖျန်ဖြေမှပဲ ရန်ပွဲပြီးသွားတော့ တယ်။ ဒဏ်ရာ အနာတရဖြစ်လို့ကတော့ ပုဒ်မ ၃၆၉၈၅ နဲ့ အရေးယူခံရမှာ သေချာတယ်။ ရန်ပွဲကိုကြည့်ပြီး ငါတို့မှာ အမှတ် ၈ ခံစားချက်တွေ ဖြစ်လာရ တယ်}}
(ရှင်းလင်းချက်။ ။ နံပါတ် ၃ လက်နက်= ဓား၊ နံပါတ် ၉ လက်နက်= သံတုတ်၊ အမှတ် ၈ ခံစားချက်= ထိတ်လန့်တုန်လှုပ်မှု၊ ပုဒ်မ ၃၆၉၈၅= ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေမှု)
လူကို ဂဏန်းသတ်မှတ်သည့်ရာ၌ ယောက်ျm;မိန်းမ လိင်ခွဲခြားမှု မရှိချေ။ အရင်မွေးသည့်လူက စောသည့်နံပါတ် ကိုရကာ နောက်မွေးသည့် လူက နောက်ကျသည့်နံပါတ်ကို ရမည်ဖြစ်၏။ နံပါတ်စဉ်ကိုလည်း ရွေးချယ် ပိုင်ခွင့် မရှိ။ ကျရာယူရလေသည်။
ထိုသို့သတ်မှတ်သည့်အတွက် နံပါတ်များ ဖောင်းပွနေမည်ဟု ထင် စရာ ရှိပေသည်။ နံပါတ်မဖောင်းပွပါ။ လူတစ်ယောက် သေဆုံးသွားလျှင် ထိုသူ၏နံပါတ်အား မှတ်သားထားလိုက်သည်။ သိမ်းယူလိုက်သည်။ နောက် မွေးလာသည့် ကလေးအား သေဆုံးသူ၏နံပါတ်ကို အစားထည့်ပေးလိုက် သည်။ ထိုကြောင့် နံပါတ်အကြီးအသေးကိုကြည့်ပြီး အသက်ကြီးငယ် ခွဲလို့ မရနိုင်ပေ။ ထိုစနစ်သည် နံပါတ်များဖောင်းပွမှုကို ထိန်းချုပ်ရာလည်း ရောက်၍ ဂြိုဟ်ပေါ်တွင် လူဦးရေ မည်မျှရှိနေပြီကိုလည်း အလွယ်တကူ သိနိုင်သည့်စနစ် ဖြစ်ပေသည်။ ထိုကိစ္စကို လူဝင်မှုကြီးကြပ်ရေးကဲ့သို့သော ဌာနက တာဝန်ယူ ဆောင်ရွက်ပေးရ၏။
ယောက်ျm;မိန်းမယမရွေး နံပါတ်သတ်မှတ်ပေးထားပြီး ဖြစ်သည့် အတွက် ရှေ့မှ ဦး-ဒေါ်၊ ကို-မ၊ မစ္စတာ-မစ္စစ်၊ မွန်စီယာ-မဒမ် စသည့် လိင်နှင့် အသက်အရွယ်ကွဲပြားစေမည့် အမှတ်အသားများ ထည့်ရန်လည်း မလိုတော့ချေ။
လူကို ကိုယ်ပိုင်နံပါတ် သတ်မှတ်ရာ၌ မိမိကိုယ်ပိုင်အမှတ်ကို ကိုယ် တိုင်သိနေရုံဖြင့် မလုံလောက်၊ အများသိစေရန် အင်္ကျီရင်ဘတ်နှင့် နောက် ကျောများတွင် နံပါတ်များကို ရိုက်နှိပ်ထားရသည်။ ထို့ကြောင့် ဂြိုဟ်သား တို့သည် အဝတ်အစားမှန်သမျှ၌ ကိုယ်ပိုင်နံပါတ် အသေရေးထားပြီးဖြစ်၍ တစ်ယောက်အင်္ကျီ တစ်ယောက် ယူဝတ်လို့မရကြချေ။
ဂဏန်းဂြိုဟ်သားများ၏ နေ့စဉ်လူနေမှုဘ၀ကို နမူနာအဖြစ် တစေ့ တစောင်းလေ့လာကြည့်ကြပါစို့။
x x x x x x x

ဂဏန်းဂြိုဟ်သူအိမ်ရှင် ၈-၉-၇-၅-၆-၃-၃-၆ သည် ဈေးသွား ရန် ပြင်ဆင်နေ၏။ သူမသည် ဈေးမသွားမီ သမီးဖြစ်သူ ၂-၃-၆-၄-၅-၇-၈-၅ အား မှာကြားလျက်ရှိသည်။
]]သမီးရေ၊ သမီးမောင်လေး ၃-၆-၂-၅-၈-၇-၄ နိုးလာရင် နို့ဘူး ဖျော်တိုက်လိုက်နော်။ ညီမလေး ၆-၆-၉-၈-၅-၄-၄-၇ ကျောင်းက ပြန်လာရင်လည်း ထမင်းခူးကျွေးလိုက်ဦး၊ ဟင်းအမှတ် ၆ နဲ့ ၄၅ ကို မေမေ အုပ်ဆောင်းနဲ့ အုပ်ထားခဲ့တယ်။ သမီးလည်း စာကျက်စရာရှိတာ ကျက်ဦး။ ၆ တန်း ဘာသာခွဲ ၁၂ မှာ သမီး အားနည်းတယ်လို့ သမီးဆရာမ ၃-၆-၇-၈-၅-၄ က ပြောသွားတယ်။ မေမေ ဈေးသွားလိုက်ဦးမယ်}}
]]ဟုတ်ကဲ့မေမေ၊ သမီးဖို့ အမှတ် ၁၂ သီးနှံနဲ့လုပ်ထားတဲ့ အမှတ် ၅၆ မုန့်တစ်ခု ဝယ်ခဲ့ပါ မေမေ}}
]]အဲဒီမုန့်က ချောင်းဆိုးတယ်ကွယ့်။ ချောင်းသိပ်ဆိုးရင် သမီးရဲ့ ရောဂါအမှတ် ၄၂ ပြန်ထလာလိမ့်မယ်။ မုန့်နံပါတ် ၃၆ ကိုပဲ စားပါသမီးရယ်}}
အိမ်ရှင်မ ၈-၉-၇-၅-၆-၃-၃-၆ ဈေးသို့ထွက်ခဲ့ရာ တစ်ဖက် အိမ်မှ အိမ်ရှင်မ ၂-၅-၈-၇-၉-၆-၅-၄ က မြင်တွေ့သွားလေ သည်။
]]အလို ...၈-၉-၇-၅-၆-၃-၃-၆ ပါလား။ ဈေးကိုသွားမလို့ လားရှင့်။ ကျွန်မ ဈေးမသွားအားလို့ နည်းနည်းပါးပါး လူကြုံမှာလိုက်ချင် လို့ပါ။ ကလေးတွေအဖေ ၅-၉-၈-၇-၆-၃ ကြီး နေမကောင်းလို့ ပြုစုနေ ရတယ်လေ။ ထုံးစံအတိုင်း ခရီးထွက်ရာကပြန်လာတော့ အဖျားနံပါတ် ၁၆ ဝင်လာတာပဲရှင့်}}
]]ဪ ...မှာစရာရှိတာ မှာပါရှင်။ အိမ်နီးချင်းတွေပဲ ကူညီရမှာ ပေါ့}}
]]ဟင်းချက်ဖို့အတွက် အသားနံပါတ် ၆ ကလေးက ငါးဆယ်သား ရယ်၊ အသီးနံပါတ် ၉ ကလေး အစိတ်သားရယ်၊ ကြော်စားဖို့တော့ အရွက် နံပါတ် ၄၁ ဆိုရင် ကောင်းမယ်ထင်တယ်။ သင့်သလိုသာ ဝယ်ခဲ့ပါတော့ ရှင်}}
]]အရွက်နံပါတ် ၂၈ ကို ကြော်စားပါလားရှင့်။ ရာသီဥတုနဲ့လည်း ကိုက်တယ်။ အခုရာသီက ၂ နှစ်ပိုင်း တစ်ပိုင်းရာသီဆိုတော့ အအေးစာတွေ ရှောင်သင့်တယ်လေ။ အရွက်နံပါတ် ၂၈ ကို၊ နံပါတ် ၃ အမှုန့်လေးဖြူး၊ နံပါတ် ၈ အရည်လေးနဲ့နယ်ပြီး ကြော်စားရင် သိပ်ကောင်းတာပေါ့။ လူမမာ အတွက်လည်း ဓာတ်စာဖြစ်တယ်။ ကျွန်မတို့မိန်းမတွေ ဖြစ်လေ့ရှိတဲ့ မိန်းမ ရောဂါနံပါတ် ၃ ကိုလည်း တားဆီးပေးတယ်လေ}}
]]ဒါဖြင့် ရှင် ကောင်းမယ်ထင်သလိုသာ ကြည့်ကြက်ဝယ်ခဲ့ပါတော့ လေ}}
x x x x x x x

]]ကိုယ့်ကို ချစ်အဖြေပေးပါတော့ ၂-၉-၅-၁-၆-၇-၈-၅ ရယ်}}
]]အချစ်ဆိုတာ ဘ၀တစ်ခုလုံးအတွက် အရေးကြီးပါတယ် ၂-၉-၈-၇-၅-၂-၄-၆။ ကျွန်မ စဉ်းစားပါရစေဦးရှင်}}
]]ဒီမယ် ၂-၉-၅-၁-၆-၇-၈-၅၊ မင်း ကိုယ့်ကို ဒီလိုနဲ့ အချိန်ဆွဲ ထားခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲဟင်။ ကိုယ်သိပါတယ်။ မင်းမိဘတွေက မင်းကို ၃-၆-၅-၇ နဲ့ သဘောတူနေကြတယ် မဟုတ်လား}}
]]ဒါ ရှင်ထင်လို့ပါ ၂-၉-၈-၇-၅-၂-၄-၆၊ ကျွန်မအနေနဲ့ကတော့ မိဘတွေ စိတ်ချမ်းသာအောင် ၃-၆-၅-၇ ကို အလိုက်သင့် ဆက်ဆံရတာ ပေါ့}}
]]သူက ယာဉ် ၄ တွေလည်း အများကြီးပိုင်တယ်။ အလုပ်အကိုင် ကလည်း နံပါတ် ၃ ရာထူးကို ရထားတာဆိုတော့ ကိုယ့်ထက်သာနေတာ ပေါ့လေ။ ဒီမယ် ၂-၉-၁-၆-၇-၈-၅ ကိုယ်လည်း ယောက်ျm;ပါကွာ။ ကြိုးစားရင် တစ်နေ့ သူ့လိုဖြစ်လာမှာပါ}}
]]ဒါတော့ ရှင် သက်သက်သဝန်ကြောင်နေတာပဲ။ ကျွန်မဟာ ရှင့် ဘက်ကို အလေးသာတယ်ဆိုတာ ဟောဒီ ပန်းနံပါတ် ၂ ကိုကြည့်ရင် သိသာပါတယ်လေ}}
၂-၉-၅-၁-၆-၇-၈-၅ က သူမခေါင်းတွင် ပန်ဆင်ထားသော နှင်းဆီပန်းလေးကိုပြ၍ ပြောလိုက် သည်။
]]ဟင် ...ဘာကိုဆိုလိုတာလဲ။ ၂-၉-၅-၁-၆-၇-၈-၅}}
]]ရှင်ပေးထားတဲ့ ပန်းအမှတ် ၂ ပျိုးပင်လေးကို ကျွန်မ တယုတယ စိုက်ပျိုးထားတာလေ။ ဒီပန်းအမှတ် ၂ ကလေးဟာ ရှင်ပေးတဲ့အပင်ကပွင့်တဲ့ ပန်းကလေးပေါ့ရှင်}}
]]ဟင် ...ဒါဆို၊ မင်း ကိုယ့်ကို ချစ်တယ်လို့ဆိုလိုတာလားဟင် ၂-၉-၅-၁-၆-၇-၈-၅}}
]]သွား ...လည်မလိုလိုနဲ့ အယတဲ့ လူကြီး}}
၂-၉-၅-၁-၆-၇-၈-၅က ၂-၉-၈-၇-၅-၂-၄-၆ ကို မျက်စောင်းလေးထိုး၍ ပြောလိုက်လေသည်။
x x x x x x x

]]ယမကာနံပါတ် ၃၆ က ခုထိ မရောက်သေးဘူးလားဗျ}}
]]အရက်သယ်တဲ့ယာဉ် ၄ က လမ်းမှာပျက်နေလို့တဲ့။ ဒီနေ့တော့ ယမကာနံပါတ် ၉၃ ကိုပဲ သောက်ပေတော့ ၆-၉-၈-၇-၅-၄-၂-၅}}
]]ခင်ဗျားတို့ကလည်းဗျာ၊ ကျုပ်က ယမကာနံပါတ် ၃၆ ကိုပဲ သောက်နေကျဆိုတော့ ဒါကိုပဲ စွဲနေပြီဗျ}}
]]အမလေးရှင်၊ ဟောဒီယမကာ နံပါတ် ၉၃ လေးကိုလည်း မြည်း ကြည့်စမ်းပါဦး။ အသီးနံပါတ် ၁၆ နဲ့ လုပ်ထားတဲ့အရက်ပါ။ ကျွန်မ ရှင့်ကို အရွက်နံပါတ် ၁၃ လေး ကြော်ပြီး၊ အသား နံပါတ် ၅၂ ကို ကင်ပေးမယ်။ မကောင်းရင် ငွေမရှင်းနဲ့။ ကျေနပ်ပြီလား}}
]]ကဲ ...ဒါဖြင့်လုပ်ဗျာ}}
x x x x x x x

ဂဏန်းဂြိုဟ်မှ သတ်မှတ်ချက်များကို ထူးပေဆန်းပေသည်၊ ရူးပေ နှမ်းပေသည်ဟု စွပ်စွဲရန်လည်း မသင့်တော်လှချေ။ ဂြိုဟ်တည်စကတည်းက ဖြစ်နေသော သူတို့ဓလေ့နှင့် သူတို့တော့ ဟုတ်နေကြပေ၏။
အခြားသောဂြိုဟ်သားများက ပစ္စည်းပစ္စယ အသုံးအဆောင်များ အား သီးခြားနာမည်ပေးရန်၊ သို့မဟုတ်ပါက အခြားဂြိုဟ်များပေါ်မှ အခေါ် အဝေါ်ကို ယူသုံးရန် အကြံပေးကြသည်များ ရှိပေ၏။ ဂဏန်းဂြိုဟ်တွင် အသုံးပြုရန် စာပေနှင့်အက္ခရာကို တီထွင်ပေးလို၍ အကြံပြုသည်များလည်း ရှိပေ၏။ ဂဏန်းဂြိုဟ်သား အကြီးအကဲများက လက်မခံခဲ့ချေ။
]]နံပါတ်နဲ့သတ်မှတ်ပြီး ခေါ်ဝေါ်တာဟာ အသင့်တော်ဆုံးပါပဲ။ မှတ် သားရတာလဲ လွယ်ကူပါတယ်။ ဥပမာ ပန်းဆိုရင် ပန်းအမျိုး ဘယ်လောက် ကွဲပြား ကွဲပြား ကျုပ်တို့က နံပါတ်ပေးပြီး သတ်မှတ်ထားတော့ နံပါတ်ကို သာမှတ်ဖို့လိုတယ်။ နောက်ထပ် ပန်းမျိုးတစ်ခုပေါ်လာရင်လည်း နံပါတ် တစ်ခု တိုးပေးရုံပဲ။ ခင်ဗျားတို့လို ပန်းကို နှင်းဆီတို့၊ စံပယ်တို့ ပေါက်ပေါက် ရှာရှာ အသံထွက်တွေ သတ်မှတ်ပြီး ခေါ်တာကမှ မှတ်ရသားရခက်သေး တယ် မဟုတ်လား}}
ဂဏန်းဂြိုဟ်သားများပေးသည့် ဆင်ခြေမှာလဲ ဟုတ်တုတ်တုတ်ပင်။
မည်သို့ဆိုစေ အရိုးစွဲနေသော ဓလေ့စရိုက်တစ်ခုကို ပြင်ဆင်ရန် ကား ခဲယဉ်းလှသောလုပ်ရပ်တစ်ခုပင် ဖြစ်ပါ၏။
ထိုသို့သော ထူးဆန်းလှသည့် ဂဏန်းဂြိုဟ်သို့ ကမ္ဘာဂြိုဟ်သား ဦးနေလရတနာတစ်ယောက် ကမ္ဘာဂြိုဟ်ဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရလေသည်။
x x x x x x x

ဦးနေလရတနာသည် ဂဏန်းဂြိုဟ်သို့ သံအမတ်အဖြစ် သွားရောက် ရမည်ဆိုကတည်းက ဂဏန်းဂြိုဟ် အဘိဓာန်စာအုပ်ကြီးကို ရှာဖွေကာ လေ့ ကျင့်ကျက်မှတ်ထားရသည်။ အဘိဓာန်စာအုပ်ကြီးမှာ ဂဏန်းများဖြင့် ပြည့် နှက်နေပေ၏။
သူသည် ဂဏန်းဂြိုဟ်ပေါ်မှ အခေါ်အဝေါ်များကို အလွတ်နီးပါးရ အောင် ကျက်မှတ်နေရ၏။ သို့သော် ဂဏန်းများနှင့် ရှုပ်ထွေးပွေလီနေသည့် အတွက် အလွတ်ရသည်ထိ မှတ်မိနိုင်ခြင်း မရှိချေ။
သူသည် ဂဏန်းဂြိုဟ်ရောက်လျှင် အဆင်ပြေစေရန်အတွက် ဂဏန်းဂြိုဟ်သို့ မသွားမီကတည်းကပင် အိမ်၌ သူ့မိန်းမနှင့် စကားပြောရာ တွင် ဂဏန်းဂြိုဟ်အသုံးအနှုန်းများနှင့် ပြောဆိုလေ့ကျင့်ကြည့်နေခဲ့၏။
]]မိန်းမရေ၊ ကိုယ်ဂဏန်းဂြိုဟ်ကို ရောက်တဲ့အခါ မင်းကို စက်နံပါတ် ၃၅ နဲ့ နေ့တိုင်း ဆက်သွယ်မယ်နော်။ စက် နံပါတ် ၃၅ ရှေ့မှာ ည ၈ နာရီတိုင်း မင်း အမြဲရှိနေပါစေကွာ}}
]]ဘာစက်နံပါတ် ၃၅ တုံးရှင့်}}
ဦးနေလရတနာ၏ဇနီး ဒေါ်လမင်းဝင်ဝင်းပပသာသည် ဂဏန်း ဂြိုဟ်၏ ရှုပ်ထွေးပွေလီသော စနစ်ကိုသိထား၍ ဦးနေလရတနာနှင့်အတူ ဂဏန်းဂြိုဟ်ပေါ်သို့ ချက်ချင်းမလိုက်လိုသေးကြောင်း ငြင်းဆန်ထားပေသည်။ ဦးနေလရတနာက အင်တာနက်ဖြင့် ညစဉ်ဆက်သွယ်မည့်အကြောင်းကို ဂဏန်းဂြိုဟ်အသုံးအနှုန်းဖြင့် ပြောလိုက်ရာ ဒေါ်လမင်းဝင်းဝင်းပပသာက နားမလည်၍ ပြန်မေးလိုက်ခြင်း ဖြစ်သည်။
]]အင်တာနက်ကို ပြောတာကွ}}
]]အင်တာနက်ဆို အင်တာနက်ပေါ့ရှင့်။ ရှင်တော့ ဂဏန်းဂြိုဟ် မရောက်ခင်ကတည်းက ရူးနေပြီထင်တယ်}}
]]ဟေ့ ...ဟိုကို မရောက်ခင် ခုကတည်းက လေ့ကျင့်နေတာကွ။ မင်းဟာ ကိုယ့်ယောက်ျm;အပေါ် ခံစားချက် ၁၆ မရှိတဲ့ မိန်းမပဲ}}
]]ဘာရှင့်}}
ခံစားချက် ၁၆ မှာ ကိုယ်ချင်းစာတရားဟူ၍ အဘိဓာန်၌ ဖော်ပြထား ပေသည်။ ဦးနေလရတနာက သူ ပြောလိုက်သည့်စကားလုံးကို အက္ခရာစဉ် အတိုင်းရှာကာ စာအုပ်ကြီးကို လှန်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်လေသည်။
]]ခံစားချက် ၁၆ ဆိုတာ ကိုယ်ချင်းစာတရားတဲ့ကွ။ မင်း ငါ့ကို ကိုယ်ချင်းမစာဘူးလို့ ပြောတာ။ မင်းလည်း ဒီအဘိဓာန်မျိုးတစ်အုပ်ဝယ်ပြီး လေ့လာထားဦး မိန်းမရေ။ ဒါမှ ဂဏန်းဂြိုဟ်ပေါ်ကို မင်းလိုက်လာတဲ့အခါ စကားအပြောအဆို အဆင်ပြေအောင်}}
]]တော်ပြီရှင်၊ တော်ပြီ။ ရှင် လေ့ကျင့်တဲ့စကား နားထောင်ရတာနဲ့ တင် ကျွန်မ ရူးချင်ပြီ။ ဂဏန်းဂြိုဟ်ပေါ်ကို အလည်အပတ်တောင် မလာ တော့ဘူး}}
]]မင်း ကိုယ့်ကို တစ်ယောက်တည်း ပစ်ထားတော့မှာလား။ မင်း ကိုယ့်ကို ခံစားချက် ၈ မရှိတော့ဘူး လားဟင်}}
]]ခံစားချက် ၈ ကကော ဘာတဲ့ တုံးရှင်}}
]]ချစ်တာကို ပြောတာလေ။ အဘိဓာန်ထဲမှာ ခံစားချက် ၈ ညီမျှခြင်း တဏှာပေမဖြင့်ချစ်ခင်ခြင်း၊ ယောက်ျားနှင့်မိန်းမ လင်မယားချစ်ခင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ထားတယ်ကွ။ ညီအစ်ကို မောင်နှမလို ချစ်တာက ခံစားချက် ၁၁ တဲ့။ သားသမီးကိုချစ်တာက ခံစားချက် ၁၂ တဲ့။ သူငယ်ချင်း မိတ်ဆွေလို ခင်မင်တာက ခံစားချက် ၁၃ တဲ့}}
ဦးနေလရတနာက ခေါင်းကိုငုံ့၍ စာအုပ်ကိုဖတ်လိုက် ခေါင်းပြန် မော့၍ စကားပြောလိုက်ဖြင့် ရှင်းပြနေရှာပေသည်။
]]ပေါက်ပေါက်ရှာရှာတော်၊ ချစ်တာခင်တာကိုများ နံပါတ်မှတ်နေ သေးတယ်။ ကဲ ...ဒါဖြင့် စိတ်ကုန်တာကို နံပါတ်ဘယ်လောက်တဲ့လဲရှင်။ ရှာကြည့်လိုက်ပါဦး}}
]]နေဦး ...နေဦး၊ ကိုယ် ရှာလိုက်ဦးမယ်}}
ဦးနေလရတနာက အက္ခရာစဉ် အတိုင်း အဘိဓာန်စာအုပ်ကို လှန် လှောရှာဖွေနေ၏။
]]တွေ့ပြီ ...တွေ့ပြီ၊ ခံစားချက် ၄၄ ညီမျှခြင်း စိတ်ကုန်ခန်းခြင်း တဲ့}}
]]ကဲ ...ဒါဖြင့် ကျွန်မ ရှင့်ကို ခံစားချက် ၄၄ တွေ ဖြစ်နေပြီရှင့် သိရဲ့လား}}
]]မိန်းမကလည်းကွာ}}
x x x x x x x

ယင်းသို့ဖြင့် ဦးနေလရတနာသည် ဂဏန်းဂြိုဟ်ပေါ်သို့ သံအမတ် တာဝန်ထမ်းဆောင်ရန် တစ်ယောက်တည်း အထီးကျန်စွာ ရောက်လာခဲ့ရလေ သည်။
ဦးနေလရတနာအား အစစအဆင်ပြေစေရန်အတွက် ဂဏန်းဂြိုဟ်သား အကြီးအကဲများက စကားပြန်မိန်းကလေး တစ်ဦးအား တာဝန်ပေးထား လေသည်။ စကားပြန်မလေးမှာ ဂဏန်းဂြိုဟ်သူ မိန်းကလေးပင်ဖြစ်ပြီး ကမ္ဘာဂြိုဟ်ပေါ်သို့ ပညာတော်သင် လာရောက်ဖူးသူတစ်ဦးဖြစ်သည်။ မိန်း ကလေး၏အမည်မှာ ၂-၉-၆-၈-၅-၇-၄-၆ ဖြစ်၏။
၂-၉-၆-၈-၅-၇-၄-၆ က ဦးနေလရတနာအား အာကာသ ဒုံးယာဉ်စခန်း၌ လာရောက်ကြိုဆိုနေပေသည်။
ဦးနေလရတနာသည် ကမ္ဘာဂြိုဟ်နှင့် ဂဏန်းဂြိုဟ် ၂ ဘာသာ အဘိဓာန်စာအုပ်ကြီးကို ချိုင်းကြားတွင်ညှပ်ကာ ဒုံးယာဉ်ပေါ်မှ ဆင်းသက်လာ လေသည်။
]]မင်္ဂလာပါရှင်}}
၂-၉-၆-၈-၅-၇-၄-၆ မိန်းကလေးက ကမ္ဘာဂြိုဟ်ဘာသာစကား ဖြင့် နှုတ်ခွန်းဆက်လိုက်သည်။ သူမသည် ထိုစကားလုံးကို အသံထွက်ပီသစွာ ထွက်နိုင်စေရန် သုံးရက်တိုင်တိုင် ကျက်မှတ်ထားရခြင်း ဖြစ်ပါ၏။ သူမသည် ကမ္ဘာဂြိုဟ်ပေါ်သို့ ပညာတော်သင် လာရောက်ဖူးသည် ဆိုသော်လည်း ကမ္ဘာ ပေါ်မှ အသံထွက်များကို ပီပီသသမထွက်တတ်၍ စာမေးပွဲကျကာ ဘွဲ့မရဘဲ ဂဏန်းဂြိုဟ်ပေါ်သို့ ပြန်လာရသူလေး ဖြစ်ပေ၏။ သို့ရာတွင် ကမ္ဘာဂြိုဟ်ပေါ်သို့ ရောက်ဖူးပြီး ကမ္ဘာဂြိုလ်နှင့်ပတ်သက်၍ လူရည်အလည်ဆုံးဖြစ်သည့်အတွက် သူမကိုပင် အကြီးအကဲများက စကားပြန်အဖြစ် တာဝန်ပေးထားခြင်း ဖြစ်ပါ သည်။
ဦးနေလရတနာသည် ကမ္ဘာသုံး ဘာသာစကားဖြင့် နှုတ်ဆက်ခံလိုက် ရ၍ ကျေနပ်သွားလေသည်။ ဤမိန်းကလေးသည် သူနှင့် ဂဏန်းဂြိုဟ်သား များကြားတွင် အခက်အခဲများကို ဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်မိပေ၏။
]]၁-၂-၃-၄-၅}}
ဦးနေလရတနာကလည်း ဂဏန်းဂြိုဟ် ဘာသာစကားဖြင့် ပြန်၍ နှုတ်ခွန်းဆက်လိုက်၏။ ၁-၂-၃-၄-၅ ဆိုသည်မှာ မင်္ဂလာပါဆိုသည့် စကား နှင့် ထပ်တူညီသည့် ဂဏန်းဂြိုဟ်၏ နှုတ်ခွန်းဆက်စကားဖြစ်ပေသည်။
]]ကျွန်မတို့ဂြိုဟ်ကိုလာရတဲ့ လမ်းခရီးမှာ ရှင် သက်သက်သာသာ တောင်ပါရဲ့လား}}
မိန်းကလေး၏စကားကြောင့် ဦးနေလရတနာ ကြောင်သွားလေ သည်။
]]ဒုံးယာဉ်ပေါ်မှာ ရှင်သက်သက် သာသာတောင်ရဲ့လား}}
]]ဪ ...မင်းဆိုလိုတာက သက်သောင့်သက်သာရှိရဲ့လားလို့ ဆိုချင်ပုံရတယ်}}
ဦးနေလရတနာက စကားပြန်မလေး၏ ကမ္ဘာသုံးစကား မကျွမ်း ကျင်မှုကို ပြုပြင်ပေးလိုက်သည်
]]ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျွန်မက အဲဒီလိုမေးချင်တာပါ။ ကျွန်မ ကောင်းကောင်းမပြောတတ်တာကို ခွင့်လွှတ်ပါရှင့်။ ကမ္ဘာပေါ်ကနေ ကျွန်မ ပြန်လာတာလဲကြာပြီ။ ရှင်တို့စကားတွေက သိပ်ရှုပ်ထွေးတော့ ကျွန်မ လည်း မေ့ကုန်ပြီရှင့်}}
ဦးနေလရတနာက ချိုင်းကြားထဲမှ အဘိဓာန်စာအုပ်ကြီးကို ဆွဲထုတ် ကာ သူသိလိုသည့် စာမျက်နှာကို ရှာ၍ လှန်လိုက်၏။ တွေ့ပါပြီ။ ငြိမ့်ငြိမ့် ညောင်းညောင်းဖြစ်ခြင်း၊ သက်သောင့်သက်သာရှိခြင်းကို အမှတ် ၆၈ ခံစားမှု ဟု ဖော်ပြထား၏။
]]ဒီကိုလာတဲ့ခရီးမှာ အမှတ် ၆၈ ခံစားမှုနဲ့ ပြည့်စုံပါတယ် မိန်း ကလေး။ ကျုပ်နဲ့စကားပြောရတာ သိပ်အခက်အခဲရှိရင် မင်းတို့ဂဏန်း ဘာသာစကားနဲ့ပဲ ပြောပါ။ ကျုပ်ဟာကျုပ် အဘိဓာန်ကို လှန်ရှာပါ့မယ်။ သိပ်ခက်ခဲတဲ့ ဥစ္စာတွေမှသာ မင်းနဲ့ကျုပ်နဲ့ ညှိနှိုင်းကြတာပေါ့}}
ဦးနေလရတနာနှင့် စကားပြန်မလေးလို့ နားလည်မှုယူလို့ ရသွားကြ သည်။
]]၅-၄-၃-၂-၁}}
စကားပြန်မလေးက ကျေးဇူးတင်ပါတယ်ဆိုသည့် စကားကို ဂဏန်း ဂြိုဟ်အသုံးအနှုန်းဖြင့် ပြန်ပြောလိုက်သည်။ တကယ်တော့ ကမ္ဘာ့ဘာသာ စကားကို တတ်ကျွမ်းခဲ့သူမဟုတ်။ ဦးနေလရတနာက နားလည်မှုပေး လိုက်၍ ၂-၉-၆-၈-၅-၇-၄-၆ လည်း စိတ်သက်သာရာ ရသွားလေသည်။
စကားပြန်မလေးက ဦးနေလရတနာအား လေယာဉ်ကွင်းထဲမှ ခေါ် ဆောင်ခဲ့ကာ လာရောက်ကြိုဆိုသည့် အမှတ် ၉ မော်ဒယ် အမှတ် ၂၆ အမျိုးအစားယာဉ် ၄ ပေါ်သို့ တက်စေကာ အမှတ် ၁၈ လမ်းမကြီးအတိုင်း မောင်းနှင်ရင်း နေထိုင်ရန် စီစဉ်ထားသည့် အမှတ် ၃၃၃၆၈ ရပ်ကွက်၊ ၉၉၆၅ လမ်းမကြီး၊ လမ်းသွယ် ၆ ရှိ အိမ်နံပါတ် ၆၅၂ အရောက် ပို့ဆောင် ပေးလိုက်လေသည်။
x x x x x x x

နောက်တစ်နေ့သည် ဦးနေလရတနာ၏ သံအမတ်ခန့်အပ်လွှာကို ဂဏန်းဂြိုဟ်အကြီးအကဲထံသို့ ပေးအပ်သည့် အခမ်းအနားကျင်းပသည့်နေ့ ဖြစ်ပေသည်။
မနက်စောစောတွင် ဦးနေလရတနာကို စကားပြန်မလေးက ယာဉ် ၄ ဖြင့် လာရောက်ကြိုဆိုပေ၏။
]]၁-၂-၃-၄-၅ ပါ ၂-၉-၆-၈-၅-၇-၄-၆ မိန်းကလေး}}
ဦးနေလရတနာက ဂဏန်းဂြိုဟ် ဘာသာစကားဖြင့် မင်္ဂလာပါဟု နှုတ်ဆက်လိုက်သည်။
]]သံအမတ်ကြီး၊ ညက သက်သက်သာသာတောင် အဲလေ၊ သက် တောင်သာတောင်၊ မဟုတ်သေးပါဘူးလေ။ သာသာတောင်တောင်}}
]]သက်သောင့်သက်သာ အိပ်ရရဲ့လားလို့ မေးချင်တာလား မိန်း ကလေး။ ကျုပ် ညက ခံစားချက်အမှတ် ၆၈ နဲ့ ပြည့်စုံပါတယ်ကွယ်}}
]]အို ...ဝမ်းသာပါတယ်ရှင်။ ကမ္ဘာဂြိုဟ်စကားကို ကျွန်မ မကျွမ်း ကျင်တဲ့အတွက် ခွင့်လွှတ်ပါ}}
]]ရပါတယ်။ ဒီအတွက် မစိုးရိမ်ပါနဲ့။ အဲ ...ခံစားချက်အမှတ် ၉ တွေ သိပ်မထားပါနဲ့။ ကျုပ်တို့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် စခန်းသွား ကြတာပေါ့}}
]]ဒါနဲ့ နံနက်ခင်းစာ ဘရိတ်ဖတ်စ်များရော သုံးဆောင်ပြီးပါပြီလား ရှင့်။ ကျွန်မပြောတာ မှန်ပါတယ်နော်}}
]]မှန်ပါတယ်။ ဘရိတ်ဖတ်စ်ကို အိမ်ဝန်ထမ်း ၁-၂-၈-၉ က ကျွေးလို့ စားပြီးပါပြီ။ မင်းတို့ဂြိုဟ်က ဖျော်ရည် ၁၁ ရယ်၊ အမှတ် ၁၂ သီးနှံနဲ့ လုပ်ထားတဲ့ မုန့်နံပါတ် ၂၆ ဟာ သိပ်လိုက်တာပဲကွယ်။ သိပ်စားလို့ ကောင်းပါတယ်}}
]]ဒါဖြင့် ကျွန်မတို့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲကို သွားကြစို့ လား သံအမတ်ကြီး}}
x x x x x x x

သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲကို ဂြိုဟ်လုံးဆိုင်ရာ အခမ်းအနား များ ကျင်းပသည့် အမှတ် ၁ ရပ်ကွက်၊ ၁၂၅၆ လမ်းမပေါ်ရှိ အဆောက်အအုံ အမှတ် ၁ ၌ ကျင်းပရန်စီစဉ်ထားလေသည်။
ဦးနေလရတနာနှင့် စကားပြန်မလေးတို့ အဆောက်အအုံအမှတ် ၁ သို့ ရောက်ရှိသွားချိန်တွင် ဂဏန်းဂြိုဟ်ဆိုင်ရာ အာဏာပိုင်အကြီးအကဲများ ရောက်ရှိနေပြီဖြစ်သည်။
ဦးနေလရတနာသည် လိုအပ်လျှင် ပြန်ကြည့်နိုင်ရန် အဘိဓာန် စာအုပ်ကြီးကို ချိုင်းကြား၌ညှပ်၍ ယူဆောင်လာခဲ့လေ၏။ လက်တစ်ဖက် ကလည်း သူ၏ သံအမတ်ခန့်အပ်လွှာကို အလိပ်ကလေးလိပ်၍ ကိုင်လာလေ သည်။
ဦးနေလရတနာ ခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဂဏန်းဂြိုဟ် ဆိုင်ရာ အကြီးအကဲများက မတ်တတ်ရပ်၍ ခရီးဦးကြိုပြုလိုက်သည်။ ထိပ်ဆုံး တွင် ထိုင်နေသူမှာ ဂဏန်းဂြိုဟ်၏ အမှတ် ၁ ခေါင်းဆောင်ကြီးပင်ဖြစ်၏။ အမှတ် ၁ ဖြစ်သည့်အားလျော်စွာ ဂဏန်းဂြိုဟ်၌ အာဏာအရှိဆုံးနှင့် ရာထူး အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါ၏။
]]၁-၂-၃-၄-၅}}
အမှတ် ၁ ခေါင်းဆောင်ကြီးက ဦးနေလရတနာကို လက်ကမ်းပေး ရင်း နှုတ်ဆက်လိုက်သည်။
ဦးနေလရတနာက လက်ဆွဲနှုတ်ဆက်ရင်း ...
]]၁-၂-၃-၄-၅}}
ဟု ပြန်ပြောလိုက်၏။
]]ကျွန်ုပ်တို့ဂြိုဟ်သို့ လာရောက်နေထိုင်ရတာ ခံစားချက်အမှတ် ၆၈ နဲ့ ပြည့်စုံပါရဲ့လား}}
]]ဟုတ်ကဲ့ ...ပြည့်စုံပါတယ်။ အရာရာ လိုလေသေးမရှိပါ}}
]]သံအမတ်ကြီး ဘာပြောသလဲ။ ၂-၉-၆-၈-၅-၇-၄-၆ ဘာသာ ပြန်ပေးပါဦး}}
]]လိုလေသေးမရှိပါဆိုတာ ၃-၂-၁ အချက်ကို ဆိုလိုခြင်း ဖြစ်ပါ တယ်ရှင့်}}
]]အို ...ဝမ်းသာပါတယ်။ စကားပြန်အဖြစ် တာဝန်ပေးထားတဲ့ ၂-၉-၆-၈-၅-၇-၄-၆ မိန်းကလေးနဲ့ရော အဆင်ပြေပါသလား}}
]]ဟုတ်ကဲ့ ...သိပ်အဆင်ပြေပါတယ် ခင်ဗျ}}
တကယ်တမ်းတွင် စကားပြန်မိန်းကလေး၏ မကျွမ်းကျင်မှုကြောင့် ညှိနှိုင်း ဖြေရှင်းနေရသည်များ ရှိသော်လည်း မိန်းကလေးအပေါ် သူမ၏ အကြီးအကဲများ ကျေနပ်မှုရှိစေရန် သံတမန်နည်းဖြင့် မြှောက်ပင့်ပြောကြား လိုက်ခြင်းဖြစ်သည်။
]]သူမဟာ သိပ်တော်တဲ့ မိန်းကလေးတစ်ယောက်ပါပဲ။ အရည်အချင်း အမှတ် ၉ နဲ့ ပြည့်စုံပါပေတယ်}}
ဦးနေလရတနာက ချိုင်းကြားမှ အဘိဓာန်စာအုပ်ကြီးကိုထုတ်ကာ အရည်အချင်းအမှတ် ၉ သည် ဘာကိုဆိုလိုကြောင်း သိနိုင်ရန် လှန်ကြည့် လိုက်၏။
အရည်အချင်းအမှတ် ၉= ပညာရည် ပြည့်ဝထက်မြက်ခြင်း၊
]]မှန်ပါတယ်။ ဒါကြောင့် ဒီမိန်းကလေးကို ကျွန်တော်က ခံစားချက် ၂၁ တွေ ဖြစ်ပေါ်မိပါတယ်}}
ဦးနေလရတနာက စကားပြန်မိန်းကလေးကို မိမိသမီးလေး တစ် ယောက်လို ချစ်ခင်မိကြောင်း ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။
သို့သော် သူ၏စကားဆုံးသည်နှင့် အမှတ် ၁ ခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားလေသည်။ သူ၏စကားကို ကြားလိုက်ရသော အနီးမှ အကြီး အကဲများကလည်း ]ဟယ်}ခနဲ သံပြိုင်အော်လိုက်ကြလေသည်။ စကားပြန် မိန်းကလေးကလည်း မျက်နှာနီမြန်းကာ ခေါင်းကိုငုံ့သွားလေ၏။
ဦးနေလရတနာသည် သူ့စကား မှားသွားကြောင်း သိလိုက်ကာ အဘိဓာန်စာအုပ်ကြီးကို နောင်တစ်ခေါက် လှန်ရပြန်သည်။
ခံစားချက်အမှတ် ၂၁ ကို လှန်ကြည့်လိုက်တော့ ...
ခံစားချက်အမှတ် ၂၁ = လိင် ဆက်ဆံလိုခြင်းတဲ့။
]]ဟိုက် ...}}
ဦးနေလရတနာ မျက်စိတွေ ပြာဝေသွားသည်ထိ မိုက်ခနဲဖြစ်ကာ အားလုံးကို အားနာသွားလေသည်။
ခံစားချက်တွေကို အလွတ်ကျက်ထားသည့်ကြားက အမှတ်မှားပါပြီ ကော။ သူဆိုလိုချင်သည့် သားသမီးကဲ့သို့ ချစ်ခင်ခြင်းကို အဘိဓာန်ထဲတွင် ရှာကြည့်လိုက်တော့ ခံစားချက်အမှတ် ၁၂ ဖြစ်နေသည်။ နံပါတ်ကို ပြောင်းပြန် မှား၍ ပြောလိုက်မိခြင်းပင်။
]]ဆောရီး၊ ဆောရီး၊ စိတ်မရှိပါနဲ့ ခင်ဗျာ။ အဲ ...အဲ ...ဆောရီး ဆိုတာ ခံစားချက် ဟိုနံပါတ်ကို ပြောတာပါ အဲ ...}}
သူဆိုလိုချင်သည့် စိတ်မကောင်းပါဘူး၊ ဝမ်းနည်းပါတယ်ဆိုသည့် အဓိပ္ပာယ်ကို အဘိဓာန်ကို နောက်တစ်ခါ လှန်၍ရှာရပြန်သည်။ တွေ့ပါပြီ ခံစားချက်အမှတ် ၁၈ တဲ့။
]]ခံစားချက်အမှတ် ၁၈ ပါခင်ဗျာ။ ကျွန်တော့်စကား အသုံးအနှုန်း မှားသွားတဲ့အတွက် ခံစားချက်အမှတ် ၁၈ တွေ ဖြစ်ပေါ်မိပါတယ်။ ကျွန်တော် ဆိုလိုချင်တာက ခံစားချက် အမှတ် ၁၂ ပါ။ အမှတ် ၁ ခေါင်းဆောင်ကြီးခင်ဗျာ ကျွန်တော် တောင်းပန်ပါတယ်။ အဲ ...}}
တောင်းပန်ပါတယ်ဆိုသည့်စကား အသုံးအနှုန်း၏ ခံစားချက်နံပါတ် ကို အဘိဓာန်ကို လှန်၍ရှာရပြန် ၏။ တောင်းပန်စကားဆိုခြင်း=  ခံစားချက် နံပါတ် ၁၉။
]]ကျွန်တော့်စကား မှားသွားတဲ့ အမှတ်က ခံစားချက်နံပါတ် ၁၉ ပါ ခင်ဗျာ}}
]]ရပါတယ် ...ရပါတယ်၊ သံအမတ်ကြီး ထိုင်ပါခင်ဗျာ}}
နှုတ်ခွန်းဆက်စကားဆိုနေရသည်နှင့် အားလုံး မထိုင်ကြရသေးချေ။
ဦးနေလရတနာသည် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက် ရင်း ဇောချွေးတွေ ပြန်လာ၏။ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲပင် မစရသေး ချေ။ စကားအသုံးအနှုန်းအမှားများကြောင့် ထွက်ပြေးချင်စိတ်ပေါက်နေရ၏။ သံအမတ်ပီပီ မျက်နှာကို ပြုံးချိုစွာထားကာ ဣနြေ္ဒကြီးနှင့်ထိုင်နေလိုက်၏။
အခမ်းအနားမစမီ ပဋိသန္ဓာရ စကားများပြောကာ ဧည့်ဝတ်ပြုလေ သည်။
]]ကမ္ဘာသူကမ္ဘာသားများ ခံစားချက် အမှတ် ၁ နှင့် ပြည့်စုံပါ၏ လော}}
ခံစားချက်အမှတ် ၁ ကိုသိရန် အဘိဓာန်ကိုလှန်မည်ပြင်ဆဲ စကား ပြန် မိန်းကလေးက ဝင်ပြောပေးလိုက်သည်။
]]ကမ္ဘာသူကမ္ဘာသားတွေ ပျော်ရွှင်ချမ်းမြေ့ပါရဲ့လားလို့ မေးတာပါ သံအမတ်ကြီးရှင့်}}
]]ဟုတ်ကဲ့၊ ကမ္ဘာကြီးဟာ စစ်ပွဲတွေကင်းစင်ပြီး၊ လူလူချင်း မုဒိတာ တရားတွေ ပွားများကြလို့ ကမ္ဘာတည်စက ယခုအချိန်ထိ မကြုံစဖူးထူးကဲတဲ့ ငြိမ်းချမ်းမှုတွေ ရရှိနေကြောင်းပါ}}
စကားပြန်မလေး ၂-၉-၆-၈-၇-၄-၆ တစ်ယောက် အလုပ်ရှုပ် သွားလေသည်။ သူမသည် ဦးနေလရတနာ ပြောလိုက်သော စကားအားလုံးကို ဘာသာမပြန်တတ်ချေ။
]]သံအမတ်ကြီးက ပြန်လည်ဖြေကြားပါတယ် အမှတ် ၁ ခေါင်း ဆောင်ကြီးရှင်။ ကမ္ဘာပေါ်မှာ အနိဋ္ဌာရုံ အမှတ် ၄ ကိစ္စတွေ မရှိတော့ပါဘူးတဲ့။ ပြီးတော့ ကမ္ဘာသူကမ္ဘာသားအချင်းချင်းလည်း အဲ ...အဲ ...မုဒိတာဆိုတာ ဘာလဲဟင် သံအမတ်ကြီး}}
ဂဏန်းဂြိုဟ်သာသာဖြင့် မုဒိတာကို အနက်အဓိပ္ပာယ် ဖွင့်ဆိုထား ခြင်း မရှိချေ။
ဦးနေလရတနာရော စကားပြန် မိန်းကလေးပါ အဘိဓာန်၌ မုဒိတာ စာလုံးပါမပါ လှန်လှောရှာဖွေကြလေသည်။ ခေါင်းဆောင်များသည် စကား ပြန် မိန်းကလေးပြန်ပြောမည့်စကားကို စောင့်၍ နားထောင်နေရရှာ၏။
မုဒိတာဆိုသောစကားရပ်၏ အနက်အဓိပ္ပာယ်ကို အဘိဓာန်၌ ရှာ မတွေ့ချေ။
]]လူလူချင်းမေတ္တာထားတယ်လို့ သာ လွယ်လွယ်ပြင်ပြောလိုက်ပါ တော့ မိန်းကလေးရယ်}}
ဦးနေလရတနာက သူ့စကားကိုပြင်ကာ အကြံပေးလိုက်သည်။
]]မေတ္တာထားတယ်ဆိုတာနံပါတ် ဘယ်လောက်ဖြစ်မှာပါလိမ့်။ မှန်း}}
ဦးနေလရတနာက အဘိဓာန်စာအုပ်ကို လှန်ပြန်၏။
]]နေ ...နေ ...သံအမတ်ကြီး၊ အဲဒါတော့ ကျွန်မ အလွတ်ရ တယ်။ အမှတ် ၁ ခေါင်းဆောင်ကြီးရှင့်၊ ကမ္ဘာသူကမ္ဘာသားများဟာ တစ် ယောက်နဲ့တစ်ယောက် ခံစားချက်အမှတ် ၆ တွေ ပွားများကြပါတယ်တဲ့။ အဲဒါကြောင့် ...အဲဒါကြောင့် သံအမတ်ကြီး၊ သံအမတ်ကြီး ဆက်ပြောတဲ့ စကားက ဘာ ... ကျွန်မမေ့သွားလို့}}
]]အဲဒါကြောင့် ကမ္ဘာတည်စက ယခုအချိန်ထိ မကြုံစဖူးထူးကဲတဲ့ ငြိမ်းချမ်းမှုတွေကို ရရှိနေပါတယ်လေ}}
]]အဲ ...ဟုတ်ပြီ။ မကြုံစဖူး ထူးကဲတယ်ဆိုတာတော့ ကျွန်မ ချန်ထားလိုက်တော့မယ်နော်။ ကျွန်မတို့ဆီမှာ အဲဒီစကားလုံးမရှိဘူးရှင့်။ ငြိမ်းချမ်းမှု၊ အဲ ...ငြိမ်းချမ်းမှုက နံပါတ် ဘယ်လောက်ပါလိမ့်}}
နှစ်ယောက်စလုံး အဘိဓာန်ကို လှန်ပြန်သည်။
]]ဟော ...တွေ့ပြီ။ တွေ့ပြီ။ ဣဋ္ဌာရုံအမှတ် ၃ တဲ့။ အမှတ် ၁ ခေါင်းဆောင်ကြီးရှင့်၊ ခုနက ပြောခဲ့တဲ့ အချက်အလက်တွေကြောင့် ကမ္ဘာကြီး ဟာ ဣဋ္ဌာရုံအမှတ် ၃ နဲ့ ပြည့်စုံပါတယ်တဲ့။ ဟီး ...ဟီး ...}}
စကားပြန်မလေးက ဦးနေလရတနာပြောသည့် စကားတစ်ခွန်းကို အပြီးအစီး ဘာသာပြန်ပြောနိုင်လိုက်၍ အမှတ် ၁ ခေါင်းဆောင်ကြီးအား ရယ်ပြလိုက်သည်။
]]ကောင်းပါလေ့၊ ကောင်းပါလေ့}}
အမှတ် ၁ ခေါင်းဆောင်ကြီးက ကောင်းပါလေ့ဆိုသော်လည်း ဦးနေလရတနာအဖို့ မကောင်းပါလေ။ သူသည် အခမ်းအနားထိပ်တွင်ထိုင်ရင်း ခေါင်းတွေမူးနောက်လာသည်။ ရင်တွေ တုန်ဟိုက်၍မောလာသည်။ ပထမဆုံး သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားပင် ပီပီပြင်ပြင် မစရသေး။ ရှေ့ဆက်၍ ဤဂဏန်းဂြိုဟ်တွင် နှစ်နှင့်ချီ၍ မည်သို့ တာဝန်ထမ်းဆောင်ရပါ မည်နည်း။ ယခုကပင် ထွက်ပြေးချင်စိတ်တွေ ပေါက်နေရလေပြီ။ သို့ရာတွင် သံတမန်တို့ ဝတ္တရားအတိုင်း မျက်နှာ မပျက်အောင်ထားကာ ဣနြေ္ဒဆည် နေရပေ၏။ ထိုသို့ ဣနြေ္ဒကြီးတစ်ခွဲသား လုပ်နေရခြင်းကပင် သူ့ခေါင်းကို ပို၍မူးနောက်စေပါသည်။
]]သင်တို့၏ ခေါင်းဆောင်ကြီးကော ဣဋ္ဌာရုံအမှတ် ၁ နှင့် ပြည့်စုံပါ ၏လော}}
]]ဣဋ္ဌာရုံအမှတ် ၁ ဆိုတာ ကျန်းမာတာကိုပြောတာပါ သံအမတ် ကြီး။ သံအမတ်ကြီးတို့ ကမ္ဘာပေါ်က ခေါင်းဆောင်ကြီး ကျန်းမာရဲ့လားတဲ့}}
စကားပြန်မလေးက ဝင်၍ ဘာသာပြန်ပေးရှာသည်။
]]ခေါင်းဆောင်ကြီးဆိုတာ ဘယ်သူ့ကို ပြောတာလဲကွယ့်။ ကျုပ်တို့ ကမ္ဘာက ဒီဂြိုဟ်ထက် အများကြီးယကြီးတော့ တိုင်းနိုင်ငံတွေ ၃၀၀ ကျော် ရှိပါတယ်။ ဒီမှာလို ဂြိုဟ်တစ်ခုလုံးကို ခေါင်းဆောင်တစ်ယောက်တည်းက အုပ်ချုပ်နေခြင်းမဟုတ်ပါ}}
]]ဟုတ်တာပေါ့နော်။ အမှတ် ၁ ခေါင်းဆောင်ကြီးရှင့်၊ သံအမတ်ကြီး က ပြောနေပါတယ်။ သူတို့ကမ္ဘာဂြိုဟ်မှာ နိုင်ငံပေါင်း ၃၀၀ ကျော်ရှိပါတယ်တဲ့။ ခေါင်းဆောင်တွေကလည်း တစ်နိုင်ငံတစ်ယောက်ရှိမှာပါရှင့်}}
]]အလို ...အံ့ဩစရာပါလား။ သံအမတ်ကြီးကို မေးလိုက်ပါ။ သံအမတ်ကြီးကကော အမှတ်ဘယ်လောက်နိုင်ငံကလဲလို့}}
]]ကျုပ်တို့ဆီမှာ နိုင်ငံတွေကို အမှတ်နဲ့ ခွဲခြားမထားပါ။ နာမည်ပေး ထားပါတယ်။ ကျုပ်ရဲ့ဇာတိနိုင်ငံနာမည်က မြန်မာနိုင်ငံပါ}}
ဦးနေလရတနာသည် အမေးအဖြေပြုလုပ်ရင်းမှ မျက်စိတွေ ဝေဝါး လာလေသည်။ အဘိဓာန်စာအုပ်ကို အကြိမ်ကြိမ်ငုံ့ကြည့်ရသဖြင့် စာအုပ်ထဲမှ စာသားတွေကိုလည်း မမြင်ရတော့။ ဝါးတားတားဖြစ်လာသည်။
အမှတ် ၁ ခေါင်းဆောင်ကြီးက သူသိလိုသည့်အချက်များကို ဆက်၍ မေးမြန်းနေဆဲဖြစ်သည်။
]]သင်တို့ကမ္ဘာဂြိုဟ်ပေါ်မှာ ဂြိုဟ်သားဦးရေ အဘယ်မျှ ရှိပါသလဲ}}
]]နောက်ဆုံးစာရင်းအရ ကုဋေပေါင်းရှစ်သိန်းကျော် ရှိပါတယ် ခင်ဗျာ}}
]]ကုဋေရှစ်သိန်းဆိုတော့ အတော်များပေတာပဲ။ သင်က ဂြိုဟ်သား ထဲမှာ နံပါတ်ဘယ်လောက်ဖြစ်ပါသလဲ}}
]]ကျုပ်တို့ဆီမှာ လူတွေကို ဂဏန်းနဲ့ အမှတ်အသားမပြုပါ။ နာမည် မှည့်ခေါ်၍သာ အသိအမှတ်ပြုကြပါတယ်။ ကျုပ်ရဲ့အမှတ်စဉ်ဟာ ဘယ် လောက်ဆိုတာ မသိနိုင်ပါ။ ဒါလောက် များပြားတဲ့လူတွေကို အမှတ်စဉ်မှတ်ဖို့ ရာလည်း မဖြစ်နိုင်ပါ}}
]]အို ...ဒီနေရာမှာတော့ ကမ္ဘာသားတွေဟာ တော်တော်ညံ့ပေတာ ပဲ။ စည်းစနစ်မရှိဘူး။ ကျုပ်တို့ဂြိုဟ်မှာလို လူကို ဂဏန်းစဉ်သတ်မှတ်ပေးမယ် ဆိုရင် နောက်ဆုံးမွေးတဲ့ကလေးရဲ့ နံပါတ်ကိုကြည့်လိုက်တာနဲ့ ဂြိုဟ်ပေါ်မှာ ဂြိုဟ်သားဦးရေ ဘယ်လောက်ရှိပြီဆိုတာ သိနိုင်တာပေါ့။ ခုလိုဆိုရင် လူဦးရေ စာရင်း အတိအကျသိချင်တဲ့အခါ တစ်အိမ်တက်ဆင်းလိုက်ပြီး ရေတွက်နေရ မှာပေါ့။ အင်း ... အတော်ညံ့ဖျင်းတဲ့ ကမ္ဘာဂြိုဟ်သားတွေပဲ။ သနားစရာ ကောင်းလိုက်ပါဘိ}}
ဦးနေလရတနာသည် မိမိကမ္ဘာကို ထိခိုက်ပြောလိုက်သည့်အတွက် စိတ်တိုသွားလေသည်။ သို့သော် ကိုယ်က သံတမန်တစ်ယောက်မို့ သံတမန် ကျင့်ဝတ်နှင့်အညီ စိတ်ခံစားမှုကိုမပြဘဲ ထိန်းချုပ်လိုက်ရ၏။ သူ့ခေါင်းတွေ ကတော့ အဆမတန် မူးဝေကိုက်ခဲလာလေပြီ။ အခမ်းအနား ဘယ်တော့ ပြီးမှာပါလိမ့်။ မြန်မြန်စပြီး မြန်မြန်ပြီးပါတော့။ သူသည် အိမ်အမြန်ပြန်၍ အနားယူချင်လှပေပြီ။
]]သင်တို့ဆီတွင် လူဦးရေသိပ်များသည်ဆိုတော့ လူဦးရေကို ထိန်း ချုပ်မှု ရှိပါသလား}}
]]ရှိပါတယ် အမှတ် ၁ ခေါင်းဆောင်ကြီး။ လင်မယားတစ်စုံတွဲဟာ ကလေးတစ်ယောက်တည်းသာ မွေးဖွားဖို့ တစ်ကမ္ဘာလုံးကို ကန့်သတ်ထား ပါတယ်}}
]]အို ...ဒီလိုဆိုရင် ခက်ကုန်မှာပေါ့။ သက်ရှိတို့ရဲ့ အခွင့်အရေးကို ပိတ်ပင်ရာမကျဘူးလား။ သင်တို့ဆီမှာ  အဖိုအမကွဲပြားမှုရှိသည်မဟုတ်လော}}
]]ရှိပါတယ်}}
]]ကလေးတစ်ယောက်တည်းသာ မွေးရမယ်ဆိုရင် အိမ်ထောင်သည် တစ်စုံတွဲဟာ ယောက်ျားလေး၊ မိန်းကလေးရယ်လို့ သားသမီးအစုံအလင် ဘယ်ရနိုင်တော့မလဲ။ သား၊ သို့မဟုတ် သမီးတစ်ယောက်တည်းနဲ့ ကျေနပ် နေရတော့မှာပေါ့}}
]]အမှတ် ၁ ခေါင်းဆောင်ကြီးပြောတာ မှန်ပါတယ်ခင်ဗျ။ သို့သော် ကမ္ဘာပေါ်မှာ လူဦးရေတွေ အဆမတန်တိုးပွားလာတဲ့အတွက် လူဦးရေ ပေါက် ကွဲမှုမဖြစ်အောင် ထိန်းချုပ်ကန့်သတ်ထားရခြင်းဖြစ်ပါတယ်။ ၂၅ ရာစုက စလို့ ကမ္ဘာကြီးဟာ}}
]]ဘာကွယ့်၊ ဘာ ...ဘာရာစု}}
]]၂၅ ရာစုပါ}}
]]အဲဒါက ဘာအဓိပ္ပာယ်တုံး}}
ဦးနေလရတနာသည် လူဦးရေကိစ္စကို ရှင်းပြလို့မပြီးခင်မှာပင် ရာစု သတ်မှတ်ပုံကို ရှင်းပြရပြန်လေ၏။ သည်နေရာမှာ စကားပြန်မလေးကို အားကိုးလို့လည်း မရချေ။ စကားပြန်မလေးလည်း ဒါတွေကို နားလည်မည် မဟုတ်ချေ။
]]ခုနှစ်သက္ကရာဇ်ကို သတ်မှတ်ရာမှာ}}
ဦးနေလရတနာက ခရစ်သက္ကရာဇ် သတ်မှတ်ပုံမှစ၍ ရှင်းပြရန် အစချီလိုက်သည်။ သူ့ခေါင်းမှာ မခံမရပ်နိုင်အောင် ကိုက်ခဲမူးနောက်လာလေ ပြီ။
ဦးနေလရတနာက အံကိုခဲရင်း ရှင်းပြရန်ကြိုးစား၏။
]]ကမ္ဘာကြီး စတင်တည်ရှိလာတာကတော့ နှစ်ပေါင်း သန်းနဲ့ချီပြီး ကြာခဲ့ပါပြီ ခင်ဗျ။ လူတွေ အသိဉာဏ် ဖွံ့ဖြိုးလာတဲ့အချိန်မှာ နှစ်ကာလကို အရေအတွက် သတ်မှတ်ဖို့ စဉ်းစားကြပါတယ်။ ကမ္ဘာကြီးဟာ နေကို တစ်ပတ် ပတ်မိဖို့ ရက်ပေါင်း ၃၆၅ ရက် ကြာတာကြောင့်}}
ဦးနေလရတနာ၏ မျက်လုံးများသည် တရိပ်ရိပ်ဖြင့် ဝေဝါးလာ သည်။ သူ့ရှေ့မှ အမှတ် ၁ ခေါင်းဆောင်ကြီး၏ ပုံရိပ်သည် သူ့မျက်စိထဲ၌ ပျောက်သွားလိုက် ပေါ်လာလိုက် ဖြစ်နေ၏။
]]နေကိုတစ်ပတ်ပတ်မိချိန် ၃၆၅ ရက်ကို နှစ်တစ်နှစ်လို့ သတ်မှတ် ပါတယ်။ အဲ ...အဲ ...}}
ဦးနေလရတနာသည် မည်သို့မှ ဟန်မဆောင်နိုင်တော့ချေ။ ခေါင်း များ တဆစ်ဆစ်ကိုက်ခဲလာကာ သတိလက်လွတ်ဖြစ်ပြီး ထိုင်နေရာမှ ကြမ်း ပြင်ပေါ်သို့ ပုံလဲကျသွားလေ၏။ အဘိဓာန်စာအုပ်ကြီးကို ချိုင်းကြားညှပ်ထား ရင်းမှ လဲကျသွားခြင်းဖြစ်လေသည်။
]]ဟော ...သူသတိလစ်သွားပြီ}}
အမှတ် ၁ ခေါင်းဆောင်ကြီးက ပြောလိုက်သည်။
အမှတ် ၁ ခေါင်းဆောင်ကြီးသည် ဦးနေလရတနာ သတိလစ်လဲကျ သွားသည်ကို တွေ့သော်လည်း မည်သို့မှ ခံစားရပုံမပေါ်ချေ။ သည်အတိုင်း အေးဆေးစွာပင် ထိုင်ကြည့်နေလေသည်။
အခြားသောခေါင်းဆောင်များကလည်း ဦးနေလရတနာအဖြစ်ကို မဆန်းပြားသည့် ဖြစ်ရိုးဖြစ်စဉ်သဖွယ် ဣနြေ္ဒမပျက် ထိုင်ကြည့်နေကြလေ၏။
အမှန်တကယ်လည်း သူတို့အတွက် မဆန်းပြားသော ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်လေသည်။
]]ကမ္ဘာဂြိုဟ်သားက မဆိုးပါဘူး။ ကျုပ်တို့နဲ့ ဆယ်မိနစ်တိတိ စကား ထိုင်ပြောနိုင်သေးတယ်။ တခြားဂြိုဟ်သားတွေဆို ၃ မိနစ်ထက် ပိုမပြောနိုင် ဘူး။ ၃ မိနစ်မပြည့်ခင် မူးမေ့လဲကျ သွားတာချည်းပဲ။ ကဲ ...ကဲ ...သူ သတိပြန်ရလာမှ အခမ်းအနားစကြတာပေါ့}}
အမှတ် ၁ ခေါင်းဆောင်ကြီးက အေးအေးဆေးဆေးပင် ပြောလေ သည်။
]]၂-၉-၈-၉-၆-၁ နဲ့ ၅-၉-၆-၈-၄ သံအမတ်ကြီးကို လာသယ် ကြ}}
တစ်ယောက်က အခန်းအပြင်သို့ လှမ်းအော်၍ ပြောလိုက်သည့် အခါ အခန်းထဲသို့ ကျန်းမာရေးဝန်ထမ်းဝတ်စုံများ ဝတ်ထားသည့် ဂြိုဟ်သား နှစ်ဦး ဝင်ရောက်လာလေသည်။
ထိုနှစ်ယောက်က သတိလစ်နေသော ဦးနေလရတနာကို ထမ်းစင် ပေါ်တင်ကာ အခန်းအပြင်သို့ ခေါ်ဆောင် သွားကြလေသည်။ သတိလစ်နေ သော ဦးနေလရတနာသည် အဘိဓာန်စာအုပ်ကို ချိုင်းကြားညှပ်ထားရင်းမှပင် ထမ်းစင်ပေါ် ပါသွားလေ၏။
]]သူ့ကို အဆောက်အအုံအမှတ် ၁ ရဲ့၊ သုံးထပ်မြောက်က အခန်း နံပါတ် ၈၈ ကိုပို့ပေးပြီး ပြုစုလိုက်ကြပါ။ အမှတ် ၆ ဆေးထိုးပေးပြီး၊ နှာခေါင်းမှာ အမှတ် ၄၃ ရှူဆေးလေးအုပ်ပေးလိုက်ရင် သူ မကြာခင် သတိရလာမှာပါ။ သတိရလာရင်သာ အားရှိအောင် အမှတ် ၉ ဓာတ်စာလေး ကျွေးလိုက်။ လန်းလန်းဆန်းဆန်းဖြစ်ရင် ဒီကိုပြန်ခေါ်ခဲ့။ သူနဲ့အရေးကြီးတဲ့ အမှတ် ၁၃ ကိစ္စတွေ၊ ဂြိုဟ်အချင်းချင်း ချစ်ကြည်ရေးအမှတ် ၆၅ ကိစ္စတွေ ဆွေးနွေးရဦးမယ်။ ကဲ ...ကဲ ...ကျုပ်တို့လည်း အမှတ် ၆ ဖျော်ရည်လေး သောက်ရင်း ကမ္ဘာဂြိုဟ်က သံအမတ်ကြီး သတိရလာတဲ့အထိ စောင့်ကြစို့}}
                                                                         ဆောင်းလုလင်

ဆောင်းလုလင်-၏ စက်ရုပ်တစ္ဆေ နှင့် သိပ္ပံဝတ္ထုတိုများစာအုပ်မှ ကောက်နှုတ်တင်ပြ သည်။


No comments: