Tuesday 7 August 2012

ဆောင်းလုလင်- ပွင့်ဦးကြွေမှဖြင့်ကွယ် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
ပွင့်ဦးကြွေမှဖြင့်ကွယ်
သိပ္ပံဝတ္ထုတို

နေမင်းအနော်ရထာသည် သက္ကရာဇ် ၅၃၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်ဖြစ်သော သူ့မွေးနေ့တွင် အချစ်ကို စတင်တွေ့ရှိခဲ့လေသည်။
၅၃၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သူ၏အသက် ၁၉ နှစ်ပြည့် မွေးနေ့ဖြစ်ပါ၏။
နေမင်းအနော်ရထာသည် သူ၏မွေးနေ့ညတွင် ကွန်ပျူတာကို အသုံး ပြုကာ အင်တာနက်မှတစ်ဆင့် စကြ၀ဠာအတွင်း လွှင့်ထုတ်ထားသည့် အချက် အလက်များကို ခလုတ်တစ်ခုပြီးတစ်ခုနှိပ်ကာ လျှောက်ကြည့်နေမိသည်။ နေမင်းအနော်ရထာတို့ လူဖြစ်လာသောကာလတွင် နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်များမှ သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်များအားလုံး တစ်ခုနှင့်တစ်ခု ဆက်သွယ်မိကာ ကူးသန်းသွားလာမှုများ ရှိနေကြပေပြီ။ နေမင်းအနော်ရထာ ၏ဖခင် ဦးသိန်းသန်းကုဋေချီ ဆိုလျှင် ကြာသပတေးဂြိုဟ်နှင့် အသွားအပြန် ကုန်ကူးသန်းရောင်းဝယ်နေသူတစ်ဦး ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်ရွှန်းတင့် ကျက်သရေမှာလည်း အင်္ဂါဂြိုဟ်ရှိ စကြ၀ဠာလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းမှ စကြ၀ဠာဇီဝဗေဒပညာရပ်ဖြင့် ဘွဲ့ရထားသူတစ်ဦး ဖြစ်သည်။
နေမင်းအနော်ရထာ၏ ဖခင်ဘက်မှ ဘကြီးတစ်ယောက်မှာ ဂွိုက် ဆင်းအမည်ရှိသည့် ဂြိုဟ်ငယ်တစ်လုံးတွင် ကမ္ဘာဂြိုဟ်ဆိုင်ရာသံအမတ်ကြီး အဖြစ် သွားရောက်တာဝန်ထမ်းဆောင်နေပေသည်။ ဤခေတ်တွင် ဂြိုဟ်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်ကူးသန်းခြင်းမှာ ဆန်းပြားသောကိစ္စ မဟုတ်တော့ ပေ။
နေမင်းအနော်ရထာကတော့ စကြ၀ဠာအတွင်းရှိ ဂြိုဟ်များကို သိပ်စိတ်မဝင်စားလှပေ။ အကြောင်းမှာ အခြားသောကမ္ဘာမှ ဂြိုဟ်သူ ဂြိုဟ် သားများသည် သူတို့ရှိချင်သည့်ပုံစံအတိုင်း ရှိနေကြသည့်အတွက် ဖြစ်ပါ၏။ ဂြိုဟ်တိုင်းမှ ဂြိုဟ်သားများမှာ လူနှင့်မတူကြချေ။ လူနှင့် ပုံပန်းသ္ဌဏာန် တူသော ဂြိုဟ်သားမှာ ရှားပါးလှလေ၏။
ဥပမာအားဖြင့် ကြာသပတေးဂြိုဟ်နှင့် အင်္ဂါဂြိုဟ်ပေါ်မှ ဂြိုဟ်သား များမှာ ကမ္ဘာပေါ်ရှိလူသားများနှင့် အနီးစပ်ဆုံးတူညီကြပါသည်။ သို့ တူသည့် တိုင် ကွဲပြားချက်များတော့ ရှိပါသေး၏။
အင်္ဂါဂြိုဟ်သားများတွင် လက်လေးဖက်ပါသည်သာ ကွာခြားပြီး အားလုံးကမ္ဘာဂြိုဟ်သားများနှင့် တူညီပေသည်။ အဖိုအမကွဲပြားမှု ရှိသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသည်။ အဝတ်အစား ဝတ်ဆင်ကြသည်။
ကြာသပတေးဂြိုဟ်သည်လည်း ထိုနည်းတူပင်။ ဂြိုဟ်သားများသည် လူ၏ အသွင်သ္ဌဏာန်အတိုင်း ရှိသည်။ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ပါသည်။ သူတို့တွင် မိုးပေါ်သို့ပျံသန်းနိုင်သော အတောင်ပံတစ်စုံပါသည်က လူသားတို့ ထက် သာလွန်သော အချက်ဖြစ်ပါ၏။ အဝတ်အစား ဝတ်ဆင်ကြသည်။ အဖိုအမကွဲပြားမှု ရှိပါသည်။
ထိုသို့ လူနှင့် အနီးစပ်ဆုံးတူညီကြသည့်အတွက် ကြာသပတေးဂြိုဟ် နှင့် အင်္ဂါဂြိုဟ်တို့မှာ လူသားများနှင့် အဆက်အသွယ်အများဆုံး ဂြိုဟ်များ ဖြစ်နေကြခြင်းပင်။
အချို့သောဂြိုဟ်များမှာ သက်ရှိသတ္တဝါများ မှီတင်းနေထိုင်သော်ငြား သွင်ပြင်ကတော့ လူသားနှင့် လုံးဝခြားနားပါပေသည်။
ဥပမာအားဖြင့် အားနက်စ်အမည်ရှိဂြိုဟ်မှ ဂြိုဟ်သားများသည် ပင့်ကူသ္ဌဏာန်မျိုး ကိုယ်လုံး၏ပတ်ပတ်လည်တွင် ခြေချောင်းလက်ချောင်းများ ၁၂ ချောင်းတိတိ ရှိနေသည်။ နေမင်းအနော်ရထာ၏ဘကြီး သံအမတ် သွားလုပ်နေသော ဂွိုက်ဆင်းအမည်ရှိ ဂြိုဟ်မှဂြိုဟ်သားများသည် မြွေတို့၊ တီကောင်တို့ကဲ့သို့ လုံးဝန်းရှည်လျားသော သ္ဌဏာန်ရှိကာ မြေပေါ်တွင် တွား၍ သွားကြပေ၏။ ဘကြီးမှာ မြွေလိုလို တီကောင်လိုလို ဂြိုဟ်သားများကြားတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေရရှာပေ၏။ သဘောသဘာဝ လွန်စွာ ကွဲပြားသည့်အတွက် အစားအသောက်၊ အနေအထိုင်ကအစ မတူညီရာ ဘကြီးထံမှ ညည်းညူသံများကို မကြာခဏကြားရပေသည်။
ထို့အတွက်ကြောင့် နေမင်းအနော်ရထာသည် အခြားဂြိုဟ်များအား စိတ်မဝင်စားခြင်းဖြစ်ပေသည်။ သူ့အနေနှင့် အခြားဂြိုဟ်များပေါ်သို့ ပညာ တော်သင်သွားရန် လည်းကောင်း၊ အလုပ်သွားရောက်လုပ်ကိုင်ရန် လည်း ကောင်း စိတ်မကူးခဲ့ပေ။ ဖခင်ဖြစ်သူက သူနှင့်အတူ ကြာသပတေးဂြိုဟ်ကို အလည်အပတ်လိုက်ခဲ့ဖို့ ခေါ်သည်ကိုပင် တစ်ခေါက်မျှလိုက်မသွားခဲ့ချေ။
ဆိုလိုသည်မှာ နေမင်းအနော်ရထာသည် ကမ္ဘာဂြိုဟ်ပေါ်ရှိ မိမိကဲ့သို့ သက်ရှိလူမှအပ အခြားဂြိုဟ်သားများကို စိတ်မဝင်စားဟု ဆိုလိုခြင်းဖြစ်ပါ သည်။ သူကဲ့သို့ အခြားဂြိုဟ်ကမ္ဘာများကို စိတ်မဝင်စားမိသူကမှ ချစ်သူ တွေ့မယ့်တွေ့တော့ ကမ္ဘာနှင့် အလှမ်းကွာဝေးလွန်းလှသော ဂြိုဟ်တစ်လုံးပေါ်မှ မိန်းကလေးကို သွား၍တွေ့ရလေသေးသည်။
ထိုနေ့က နေမင်းအနော်ရထာသည် သူ၏ ၁၉ နှစ်ပြည့်မွေးနေ့ပွဲ အတွက် သူငယ်ချင်းများကို ဟိုတယ်တွင် သွားရောက်ကျွေးမွေးပြီး ပြန်လာ ခဲ့ခြင်း ဖြစ်သည်။ ရွယ်တူသူငယ်ချင်းများကိုချည်း ဧည့်ခံသည့်ပွဲမို့ ဘီယာ အနည်းအကျဉ်းကို သောက်ခဲ့မိလေသည်။ နေမင်းအနော်ရထာသည် ဘွဲ့ရပြီး သည့် ယခုအသက်အရွယ်အထိ အရက်သေစာကို ရှောင်ကြဉ်ခဲ့သော လူငယ် လေးတစ်ယောက်ဖြစ်၏။ သည်ကနေ့တော့ အပေါင်းအသင်းလည်း စုံ၊ မိမိ မွေးနေ့ပွဲလည်းဖြစ်နေ၍ အနည်းအကျဉ်း သောက်လာခဲ့ခြင်းဖြစ်ပါသည်။
သူ မူးတော့မမူးပါ။
အိမ်ပြန်ရောက်တော့ ချက်ချင်းအိပ်မရဖြစ်နေသည်နှင့် ကွန်ပျူတာ ကို ဖွင့်ကာ အင်တာနက်ထဲဝင်၍ ဟိုနှိပ်သည်နှိပ်နှင့် နှိပ်နေမိသည်။ သူသည် ဘယ်ခလုတ်ကို နှိပ်လိုက်မိသည်ပင်မသိ၊ သူ၏မော်နီတာမြင်ကွင်းထဲတွင် လှပချောမောသော မိန်းကလေးတစ်ယောက်ပုံ ပေါ်လာသည့်အခါမှ အလန့် တကြားဖြစ်ကာ မှင်တက်သွားမိသည်။ မိန်းကလေးက ချောမောလှပပါရက် နှင့် အလန့်တကြား ဖြစ်သွားရခြင်းမှာ ထိုမိန်းကလေး၏အလှသည် သူ၏ နှလုံးသားကို ကိုင်လှုပ်လိုက်သည့်အတွက်ပင်ဖြစ်ပါ၏။ နေမင်းအနော်ရထာ၏ ဘ၀တွင် မိန်းကလေးတစ်ယောက်အတွက် ဤမျှ ရင်ခုန်လှိုက်မော ရသော အဖြစ်ကို မကြုံခဲ့ဖူးပါသေးချေ။
ဖြစ်ချင်တော့ သူ မရည်ရွယ်ဘဲနှိပ်လိုက်သည့် ကုတ်နံပါတ်နှင့် အင်တာနက်လိပ်စာမှာ မိန်းကလေး၏ကိုယ်ပိုင် အင်တာနက်ကုတ်ဝါဒ့်အတိုင်း ဖြစ်နေသည်။ ထိုအချိန်တွင် တစ်ဖက်မှမိန်းကလေးကလည်း သူမ၏ ကွန်ပျူ တာ ရှေ့တွင်ထိုင်ကာ အင်တာနက်ထဲကိုဝင်ရောက်ဆဲ ကြုံကြိုက်သွားခြင်း ဖြစ်ပါ၏။
မိန်းကလေးသည်လည်း သူမကို အင်တာနက်ထဲမှ လှမ်းဆက်သွယ် လိုက်သည့် နေမင်းအနော်ရထာ၏ ရုပ်ပုံ ကို မြင်လိုက်သည့်အခါ အံ့ဩသွားလေ သည်။
]] ... ... ... ... ...}}
မိန်းကလေးစ၍ တစ်စုံတစ်ခု ပြောလိုက်သော်လည်း နေမင်းအနော် ရထာသည် ရုတ်တရက်နားမလည်လိုက်ချေ။ အမှန်မှာ မိန်းကလေးသည် သူတို့ဂြိုဟ်၏ ဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်ပါ၏။
နေမင်းအနော်ရထာက မိန်းကလေးကို ကမ္ဘာဂြိုဟ်ပေါ်မှ လူသား များ သွင်ပြင်အတိုင်း တွေ့လိုက်ရပါ၍ ကမ္ဘာပေါ်မှ တစ်နေရာရာရှိ အင်တာ နက်လိပ်စာကို နှိပ်လိုက်မိသည်ဟုပင် ယူဆမိလေသည်။
မိန်းကလေးက မော်နီတာမြင်ကွင်းမှတစ်ဆင့် သူမ၏ကွန်ပျူတာမှ ဘာသာပြန်စက်ခလုတ်ကို လက်ညှိုးထိုးပြသည်။ ထိုအခါမှ နေမင်းအနော် ရထာလည်း သူ့ကွန်ပျူတာထဲတွင် ဘာသာပြန်ဖိုင်ခလုတ်ကို နှိပ်လိုက်ရ လေသည်။
အခြားသောဂြိုဟ်များနှင့် ဆက်သွယ်သည့်အခါ ဘာသာစကားချင်း မတူသဖြင့် ဆက်ဆံရေးအခက်အခဲမရှိစေရန် တီထွင်ထားသည့်စနစ် ဖြစ်ပါ သည်။ ဘာသာပြန်ခလုတ်ကို နှိပ်လိုက်ပါက မည်သည့်ဂြိုဟ်မှ ဆက်သွယ် ချက်ကိုမဆို ကမ္ဘာ့ဘာသာစကားဖြင့် ဘာသာပြန်ပြီးသားကို ကြားရနိုင်လေ သည်။ ကမ္ဘာ့ဘာသာစကား ဆိုသည်မှာလည်း တစ်ကမ္ဘာလုံးအသုံးပြုကြသည့် အင်္ဂလိပ်ဘာသာဖြစ်ပါ၏။
]]ဟဲလို၊ မင်္ဂလာပါ။ ရှင်က ကမ္ဘာဂြိုဟ်က ယောက်ျm;လေး တစ် ယောက်ပေါ့နော်။ တွေ့ရတာ ဝမ်းသာပါတယ်ရှင်}}
ဘာသာပြန်ခလုတ် နှိပ်လိုက်ပြီးဖြစ်သဖြင့် တစ်ဖက်မှ မိန်းကလေး ပြောစကားကို အင်္ဂလိပ်ဘာသာဖြင့် ပီပြင်ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
]]အိုး ...ကိုယ်က ကမ္ဘာဂြိုဟ်ကဟုတ်ပါတယ်။ ဒါဖြင့် မင်းကတော့ ကမ္ဘာဂြိုဟ်ပေါ်က မဟုတ်ဘူးလား}}
]]အလို ...ရှင်ပဲ ကျွန်မတို့ ဟတ္တတိကဂြိုဟ်ရဲ့ ကုတ်ဝါဒ့်ကိုနှိပ်ပြီး ကျွန်မဆီ ဆက်သွယ်လိုက်တာ မဟုတ်လား}}
]]ဆောရီး။ ကျွန်တော် နှိပ်မိနှိပ်ရာ နှိပ်လိုက်မိတာဗျ။ ဘယ်ရောက်လို့ ရောက်သွားမှန်းတောင် မသိဘူး။ မင်းတို့ဂြိုဟ်နာမည်က ဘာ၊ ပြန်ပြောပါဦး}}
]]ဟတ္တတိကတဲ့}}
]]ဟတ္တတိက၊ ဟင် ...ကျွန်တော် ဒီနာမည်တစ်ခါမျှမကြားဖူးဘူး}}
]]ကျွန်မကတော့ ရှင်တို့ကမ္ဘာဂြိုဟ်အကြောင်း သိပါတယ်။ ကျောင်း မှာ ရှင်တို့ဂြိုဟ်အကြောင်း သင်ရတယ်ရှင့်}}
]]ဒါဖြင့် မင်းက ကိုယ့်ထက်သာသွားပြီ။ ဒါထက် ကိုယ် ကမ္ဘာပေါ်က ဆက်သွယ်နေတာကို မင်းဘယ်လိုသိလဲ}}
]]ဟောတော့။ ကျွန်မကွန်ပျူတာထဲမှာ တစ်ဖက်က ဆက်သွယ်တဲ့ နေရာဒေသအမည် ပေါ်နေတယ်လေ။ ဒီကွန်ပျူတာက ရှင်တို့ကမ္ဘာပေါ်က ထုတ်လုပ်တဲ့ ကွန်ပျူတာရှင့်။ နည်းပညာအရာမှာ ရှင်တို့က ကျွန်မတို့ထက် သာလွန်းလို့ သိပ္ပံပစ္စည်းအားလုံး ရှင်တို့ဆီက မှာသုံးနေရတာ}}
]]ဪ ...ဟုတ်လား}}
မိန်းကလေးက သူ့ထက် ဗဟုသုတပိုသာနေပေသည်။
]]ဒါနဲ့ မင်းက အဲဒီဂြိုဟ်ပေါ်မှာ ဘာသွားလုပ်နေတာလဲ}}
]]ရှင် ဘာမေးတာလဲ။ ကျွန်မက ဟတ္တတိကဂြိုဟ်သူ စစ်စစ်ရှင့်}}
နေမင်းအနော်ရထာ အံ့ဩရပြန်ပြီ။
]]အို ...ဟုတ်လား။ ကိုယ်က မင်းကို ကိုယ်တို့ကမ္ဘာပေါ်က လူသားတွေ ပုံစံအတိုင်း မြင်လိုက်ရတော့ ကမ္ဘာပေါ်ကနေ အကြောင်းကိစ္စ တစ်ခုခုနဲ့ အဲဒီဂြိုဟ်ပေါ် အလည်ရောက်နေတယ် ထင်လိုက်တာ။ ကိုယ်သိ သမျှက ကိုယ်တို့လူတွေနဲ့ အားလုံးတူတဲ့ သက်ရှိလူသား တခြားဂြိုဟ်တွေ ပေါ်မှာ မရှိဘူးလို့ သိထားတာ။ ဒီအတိုင်းဆိုရင် မင်းတို့ဂြိုဟ်ပေါ်က လူတွေ အားလုံးဟာ မင်းပုံစံအတိုင်းပဲပေါ့နော်။ ကိုယ်တို့လူတွေနဲ့ အတူတူပဲပေါ့၊ ဟုတ်လား}}
မိန်းကလေးက သဘောကျစွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောနေ လေသည်။
]]ဟုတ်ပါသတဲ့ ရှင်။ ရှင်တို့ကျောင်းတွေက ဒါတွေ သင်မပေးဘူး ထင်တယ်။ ဒါဖြင့်မှတ်ထား၊ ဟောဒီနေစကြ၀ဠာကြီးထဲမှာ ရှင်တို့ ကျွန်မတို့ လို ခေါင်းတစ်လုံး၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက်ပါပြီး လမ်းလျှောက်ရင် မတ် မတ်လျှောက်တဲ့ သက်ရှိသတ္တဝါမျိုးရှိတာ ဂြိုဟ်သုံးလုံးပဲရှိတယ်။ ရှင်တို့ကမ္ဘာ ဂြိုဟ်ရယ်၊ ကျွန်မတို့ ဟတ္တတိကဂြိုဟ်ရယ်၊ အရိဒန္တိဆိုတဲ့ဂြိုဟ်ရယ်}}
]]အိုး ...အဲဒီအရိဒန္တိဆိုတဲ့ ဂြိုဟ်ရှိမှန်းလည်း ကိုယ်မသိသေးဘူး။ ကျွန်တော် တော်တော်ညံ့သေးတာပဲ}}
နေမင်းအနော်ရထာက တစ်ဖက်ကမိန်းကလေးလောက်ပင် ဗဟု သုတမရှိသည့် ကိုယ့်ကိုယ်ကို စိတ်ပျက်သွားမိသည်။ ဟတ္တတိကဂြိုဟ်သည် နည်းပညာအရာတွင် ကမ္ဘာဂြိုဟ်လောက် မမြင့်မားသည့်အတွက် ကမ္ဘာပေါ်မှ ပစ္စည်းများကို မှာသုံးနေရသည်ဆိုသော်လည်း ဂြိုဟ်သားများကတော့ ဗဟု သုတ အပြည့်ရှိကြပါကလား။
]]အရိဒန္တိဂြိုဟ်က အရမ်းဝေးတယ်ရှင့်။ နေကနေ ကီလိုမီတာ သန်းပေါင်း ၁၅ သိန်းဝေးတယ်။ အဲလောက်ကြီးဝေးတော့ သူတို့ဂြိုဟ်သားတွေ နဲ့ တွေ့ဖို့ မလွယ်ဘူးလေ}}
]]အလိုလေးဗျာ၊ အဝေးကြီးပါလား။ ဒါဖြင့် မင်းတို့ဂြိုဟ်ကတော့ ကိုယ်တို့ကမ္ဘာနဲ့ သိပ်မဝေးဘူးပေါ့နော်}}
]]မဝေးလို့ ရှင် ဆက်သွယ်လိုက်တာနဲ့ ကျွန်မတို့ဆီ ချက်ချင်း ရောက်လာတာပေါ့။ ရှင်တို့ကမ္ဘာနဲ့ ကျွန်မတို့ဟတ္တတိကဂြိုဟ်ဟာ ကီလိုမီတာ သန်းပေါင်းနှစ်သိန်းပဲဝေးပါတယ်}}
]]အမလေးဗျာ၊ နီးတယ်ဆိုတာတောင် ကီလိုမီတာ သန်းပေါင်း သိန်းဂဏန်းကျော်ပါသေးလား}}
မိန်းကလေးက ရယ်နေပြန်သည်။
]]ရှင်က ပထဝီဝင်ဘာသာကို စိတ်မဝင်စားဘူးမှတ်တယ်}}
]]ပထဝီ၊ ဟုတ်တယ်။ ကိုယ် ကျောင်းမှာ သိပ္ပံဘာသာတွဲပဲယူခဲ့တာ။ ပထဝီနဲ့ကိုယ်နဲ့ စိမ်းတယ်။ အဲဒီတော့လည်း စကြ၀ဠာထဲက ဂြိုဟ်တွေ အကြောင်းကို မသိဘူးပေါ့ကွာ}}
]]အင်းလေ ...ကိုယ်စိတ်ဝင်စားရာပေါ့။ ကျွန်မကတော့ နေစကြ ၀ဠာထဲက ဂြိုဟ်နက္ခတ်တာရာတွေကို စိတ်ဝင်စားတယ်ရှင့်။ ကိုယ်နေယနေတဲ့ စကြ၀ဠာအကြောင်းကို သက်ရှိတိုင်း သိထားသင့်တယ် မဟုတ်လား။ ကျွန်မ ၈ တန်းရောက်ရင်တော့ စကြ၀ဠာပထဝီဝင်ဘာသာရပ်ကို အထူးပြုယူမယ်လို့ စိတ်ကူးထားတယ်။ သိလား}}
]]ရှစ်တန်းရောက်ရင်၊ ဟုတ်လား။ နေပါဦး မင်းက အခုဘယ်နှစ် တန်းမို့လို့လဲ}}
]]ကျွန်မ သုံးတန်းရောက်နေပြီရှင့်}}
သည်တစ်ခါတော့ နေမင်းအနော်ရထာ အအံ့ဩဆုံး ဖြစ်သွားရပါ သည်။ သူ မြင်နေရသည့်မိန်းကလေးသည် သူနှင့် သက်တူရွယ်တူလောက် ရှိပါ၏။ ကွာလှ တစ်နှစ်အလွန်ဆုံးပဲ ဖြစ်လိမ့်မည်။ သည်အရွယ်ကြီးက အခုမှသုံးတန်းဆိုတော့ နေမင်းအနော်ရထာ မအံ့ဩဘဲမနေနိုင်တော့ချေ။ စာမေးပွဲကျနေလို့လား။ မိန်းကလေး၏ပြောပုံဆိုပုံ ဗဟုသုတပြည့်ဝပုံများမှာ စာမေးပွဲတဖုံးဖုံးကျနေသည့် ခပ်ညံ့ညံ့ပုံစံမျိုး မဟုတ်ချေ။
]]မင်း ခုမှ သုံးတန်းရောက်သေးတယ်၊ ဟုတ်လား။ မင်းတို့ဆီမှာ ဘယ်အရွယ်မှာ ကျောင်းစနေကြလို့လဲဟင်}}
]]ကျွန်မတို့ဆီမှာ အသက်ဆယ်နှစ်မှ ကျောင်းနေခွင့်ပြုတယ်ရှင့်။ သုံးနှစ်ကို တစ်တန်းတက်ရတယ်။ အခု ကျွန်မအသက်က ၁၈ နှစ်လေ။ သုံးတန်းနောက်ဆုံးနှစ်ပေါ့}}
]]ဟင် ...မင်းတို့ဆီက တော်တော်ဆန်းတာပဲ။ တို့ဆီမှာတော့ အသက်ငါးနှစ်ဆို ကျောင်းနေလို့ရပြီ။ ဘွဲ့တစ်ခုရဖို့ ၁၄ နှစ် စာသင်ရတယ်။ တစ်နှစ်ကိုတစ်တန်း တက်ရတယ်လေ။ စာမေးပွဲ တစ်ခါမျှမကျတဲ့သူ တစ် ယောက်ဟာ အသက် ၁၉ နှစ်ဆိုရင် ဘွဲ့ရပြီးပြီပဲ။ ကိုယ်လည်းဘွဲ့ရပြီးပြီ။ ကိုယ့်အသက်က ၁၉ နှစ်လေ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ကိုယ့်အသက် ၁၉ နှစ်ပြည့်တာပေါ့}}
]]အို ...တိုက်ဆိုင်လိုက်တာရှင်။ ကျွန်မမွေးနေ့ကလည်း ဒီနေ့ပဲရှင့်။ ဒီနေ့ဟာ ကျွန်မအသက် ၁၈ နှစ်ပြည့်တဲ့နေ့လေ}}
]]ဟာ ...ဟုတ်လား}}
]]ကျွန်မနောက်ကျောဘက်ကို ကြည့်လိုက်ပါလား။ အိမ်မှာ မွေးနေ့ ပါတီပွဲလုပ်လို့ ပြင်ဆင်ထားတာ။ အခုပဲ မွေးနေ့ပွဲလာတဲ့ ကျွန်မသူငယ်ချင်း တွေ ပြန်သွားကြတာ}}
မိန်းကလေးက သူ့ကိုယ်ကို အနည်းငယ်တိမ်းကာ နောက်မှ အိမ် အပြင်အဆင်ကို မြင်အောင်ပြလိုက်သည်။ အိမ်ထဲတွင် ရောင်စုံစက္ကူများ ကပ်ထားပြီး ရောင်စုံပူဖောင်းများ ချိတ်ဆွဲအလှဆင်ထားသည်ကို တွေ့လိုက်ရ လေ၏။ သူတို့ဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်နဲ့ အစစအရာရာတူလှချည်လား။
]]ဟက်ပီးဘတ်သ်ဒေးပါ။ ဒါနဲ့ ကိုယ်တို့တွေ နာမည်လည်း မသိ ကြသေးဘူး။ မင်းနာမည် ဘယ်လိုခေါ်လဲ ပြောပါဦး}}
]]ဟက်ပီးဘတ်ဒေးတူယူ။ ကျွန်မနာမည်က ဟိန်ဒရီယာဒု လို့ ခေါ်ပါတယ် ရှင်}}
]]ဟိန်ဒရီယာဒု၊ ဟုတ်လား။ မင်းနာမည်မှာ အဓိပ္ပာယ် သီးခြား ရှိသလားဟင်}}
]]ဟိန်ဒရီယာဒုဆိုတာ ကျွန်မတို့ဂြိုဟ်ပေါ်မှာပွင့်တဲ့ ပန်းတစ်မျိုးရဲ့ နာမည်ပါရှင်။ သိပ်လှပြီးသိပ်မွှေးတဲ့ပန်းပေါ့။ ကျွန်မအဖေက ဒီနာမည်ကို ပေးထားတာပါ}}
]]သိပ်ကောင်းတဲ့နာမည်ပဲ။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာလည်း မိန်းကလေးတွေကို ပန်းနာမည်ပေးကြပါတယ်}}
]]ရှင့်နာမည်ကရော}}
]]ကျွန်တော့်နာမည်က နေမင်းအနော်ရထာလို့ ခေါ်ပါတယ်}}
]]သီးသန့်အဓိပ္ပာယ်ရှိသလားရှင့်}}
]]ရှိပါတယ်။ နေမင်းဆိုတာ ကျွန်တော်တို့စကြ၀ဠာတစ်ခုလုံးကို အလင်းဆောင်တဲ့နေရဲ့ အဓိပ္ပာယ်ပါ။ အနော်ရထာဆိုတာကတော့ ဟိုးရှေး နှစ်ပေါင်းလေးထောင်လောက်က ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ သူရဲ ကောင်းဘုရင်တစ်ပါး နာမည်ပါ။ သူရဲကောင်းနာမည်ကို အတုယူပြီး မှည့်ထား တာပါ။ ခင်ဗျားလိုပဲ ကျွန်တော့်နာမည်ကို ကျွန်တော့်အဖေက မှည့်ပေးထား တာပါ ဟိန်ဒရီယာဒု}}
]]ဪ ...နေမင်းအနော်ရထာ၊ ခေါ်လို့ကောင်းသားပဲ}}
မိန်းကလေးက သူ့နာမည်ကို ရွတ်ကြည့်နေလေသည်။
]]ကိုယ်တို့နှစ်ယောက်စလုံးရဲ့မွေးနေ့မှာ မင်းနဲ့တွေ့ရလို့ သိပ်ဝမ်းသာ မိတယ် ဟိန်ဒရီယာဒုရယ်။ နောက်နေ့တွေလဲ ကိုယ် မင်းကို ဆက်သွယ်ပါရ စေနော်}}
]]ရပါတယ် နေမင်းအနော်ရထာ။ ဟိန်ဒရီကလည်း နေမင်းအနော် ရထာတို့ရဲ့ ကမ္ဘာဂြိုဟ်အကြောင်း သိချင်တာလေးတွေ မေးချင်ပါတယ်}}
]]ဒါဖြင့် ကိုယ်တို့နှစ်ယောက် မိတ်ဆွေတွေဖြစ်သွားကြပြီပေါ့}}
]]ဟုတ်တာပေါ့ နေမင်းအနော်ရထာ}}
]]နောက်နေ့တွေလည်း ကိုယ် ဟိန်ဒရီနဲ့ဆက်သွယ်ပါရစေ ဟိန်ဒရီ}}
]]ရပါတယ် နေမင်းအနော်ရထာ။ ဟိန်ဒရီတို့ သူငယ်ချင်း ဖြစ်သွား ကြပြီပဲ။ ဟိန်ဒရီအားရင်လည်း ဟိန်ဒရီက အရင်ဆက်သွယ်လိုက်ပါ့မယ်}}
ယင်းသို့ဖြင့် နေမင်းအနော်ရထာသည် ၁၉ နှစ်ပြည့် မွေးနေ့တွင် အသက် ၁၈ နှစ်ပြည့် မွေးနေ့ရှင်တစ်ဦးဖြစ်သော ဟတ္တတိကဂြိုဟ်မှ ဂြိုဟ်သူမ လေး ဟိန်ဒရီယာဒုကို စတင်တွေ့ရှိခဲ့လေသည်။ သူတို့နှစ်ယောက်၏ တွေ့ပုံ သည် ဂြိုဟ်ချင်းအလှမ်းကွာခြားသော်လည်း တိုက်ဆိုင်စွာ နှစ်ယောက်စလုံး မွေးနေ့ရက်တွင် ဆုံဆည်းခဲ့ရသည်။
ထိုညက နေမင်းအနော်ရထာသည် တော်တော်နှင့်အိပ်မပျော်ခဲ့ချေ။ သူ့မျက်စိထဲဝယ် ဟတ္တတိကဂြိုဟ်သူမလေး ဟိန်ဒရီယာဒုပုံက ဝဲလှည့်ထင် ပေါ်နေခဲ့သည်။ သိပ်လှတဲ့ ဟိန်ဒရီယာဒု။ ဟိန်ဒရီယာဒု၏အလှသည် လူသား ကမ္ဘာသူမလေးများနှင့် မခြားပေ။ ဟိန်ဒရီယာဒု၏ အသားအရေက ပို၍ စိုပြည်ဝင်းလက်ကာ စွဲမက်ဖွယ် ပိုကောင်းနေသေးသည်ဟု ထင်မိသည်။ ဘွဲ့ရသည်ထိ ရည်းစားသနာပင် မထားခဲ့ဘူးသော နေမင်းအနော်ရထာသည် မော်နီတာမှန်သားပြင်မှတစ်ဆင့် မြင်ရသော ဝေးလံလှသည့်အရပ်က ဂြိုလ်သူ မလေးကျမှပင် တမ်းတမ်းစွဲ စွဲလမ်းသွားမိရတော့သည်။ ထိုညကဟိန်ဒရီယာဒု သည် သူ၏အိပ်မက်ထဲအထိပင် အလည်ရောက်လာခဲ့ပါသေးသည်။
………
ထိုနေ့ကစ၍ နေမင်းအနော်ရထာနှင့်ဟိန်ဒရီယာဒုတို့သည် နေ့စဉ် ဆိုသလို ဆက်သွယ်ခဲ့ကြလေသည်။ သူတို့သည် စကားတွေ ဖောင်လောက် အောင် ပြောကြသည်။ အချိန်ကုန်သည့်အခါ အင်တာနက်ထဲမှ မထွက်ချင် ထွက်ချင်နှင့် ထွက်လိုက်ကြရသည်။ စကားတွေက ပြောလို့မ၀သေး။ နေမင်း အနော်ရထာအဖို့ ဘွဲ့ရပြီးနောက် အလုပ်ခွင်မဝင်ရသေး သည့်အချိန်မို့ အားချင်တိုင်း အားနေသည်။ အချိန်ရှိသရွေ့ ဟိန်ဒရီယာဒု မျက်နှာလေးကိုသာ မြင်ချင်နေမိသည်။ အားတိုင်း အင်တာနက်ထဲဝင်ကာ ဟိန်ဒရီယာဒုတို့ဂြိုဟ်၏ ကုတ်နံပါတ်ကိုနှိပ်ရင်း ဟိန်ဒရီယာဒုကို ဆက်သွယ်နေမိ၏။
သူက အားချင်တိုင်းအားနေသော်လည်း ဟိန်ဒရီယာဒုခမျာ မအား ရှာပေ။ သူတို့ဆီက သုံးတန်းစာမေးပွဲသည် အတော်အရေးကြီးသည်ဟု ဆိုလေ သည်။ စာမေးပွဲနီးနေ၍ ဟိန်ဒရီယာဒုလေးခမျာ စာကျက်နေရရှာသည်။ ကျောင်းလည်းတက်ရ၊ အိမ်ပြန်ရောက်တော့လည်း စာကျက်ရနှင့် ဟိန်ဒရီယာ ဒုလေးခမျာ မအားလပ်ရှာပေ။ သည်တော့လည်း နေမင်းအနော်ရထာသည် သူ့စိတ်သူချုပ်တည်းကာ တစ်နေ့တစ်ခေါက် တွေ့ခွင့်ပေးတာလေးနှင့်ပင် ကျေနပ်၍ နေရတော့သည်။
ဟိန်ဒရီယာဒု စာမေးပွဲပြီးသည့်အချိန်မှာတော့ နေမင်းအနော်ရထာ သည် ဟိန်ဒရီယာကို ချစ်နေမိကြောင်း ဖွင့်ပြောလိုက်တော့သည်။ ဟိန်ဒရီ ယာဒုကလည်း နေမင်းအနော်ရထာ၏အချစ်ကို တုံ့ပြန်ခဲ့လေသည်။ သူတို့ နှစ်ယောက်ဆက်သွယ်မိပြီး တစ်လအကြာမှာ ချစ်သူများဘ၀သို့ ရောက်သွား ကြခြင်းပင် ဖြစ်ပါ၏။ ချစ်သူတွေ ဖြစ်ကြပြီဆိုတော့လည်း စကားလက်ဆုံ ပြောမကုန်ကြ။ နေ့စဉ်လို ဆက်သွယ်နေမိကြတော့သည်။ နေမင်းအနော်ရထာ တစ်ယောက် နေ့ရှိသ၍ ကွန်ပျူတာရှေ့ကမထဘဲ အင်တာနက်ထဲချည်း ဝင်နေတာကို မိခင်ဖြစ်သူက သတိထားမိသွားလေသည်။
နေမင်းအနော်ရထာလည်း ဂြိုဟ်သူမလေးတစ်ယောက်နှင့် ချစ် ကြိုက်နေကြောင်း ဝန်ခံလိုက်လေ၏။ မိခင်ဖြစ်သူဒေါ်ရွှန်းတင့်ကျက်သရေမှာ စကြ၀ဠာဇီဝဗေဒဘာသာရပ်ဖြင့် ဘွဲ့ရထားသူမို့ သားဖြစ်သူ အခြားဂြိုဟ်မှ မိန်းမတစ်ယောက်နှင့် ချစ်ကြိုက်နေကြောင်း သိလိုက်ရသည့်အခါ စိုးရိမ် သွားလေသည်။
]]သား၊ ဒီခေတ်မှာ တစ်ကမ္ဘာစီခြားတဲ့လူချင်း လက်ထပ်ကြတာ မဆန်းပေမဲ့ သားကိုတော့ မေမေက တခြားဂြိုဟ်သူတစ်ယောက်နဲ့ သဘော မတူနိုင်ဘူးကွယ်။ သားသိတဲ့အတိုင်း ပျံ့ပွားလာမယ့် မျိုးဆက်ဟာ အမဘက် ကို လိုက်နေကြပဲကွယ့်။ သားကို တခြားဂြိုဟ်သူတစ်ယောက်နဲ့ လက်ထပ်ပြီး အဲဒီဂြိုဟ်သားလေးတွေကို မေမေ့မြေးတော်ရမှာတော့ မေမေလက်မခံချင် ဘူးကွယ်}}
ဒေါ်ရွှန်းတင့်ကျက်သရေ၏ ခံယူချက်ကိုလည်း အပြစ်မဆိုသာပေ။ ယခုကာလတွင် ဂြိုဟ်ချင်ခြား၍ အသွင်သ္ဌဏာန်လည်းမတူ၊ ဓလေ့စရိုက် မတူသော်ငြား လက်ထပ်ပေါင်းသင်းကြသူများ ရှိနေကြပါ၏။ သူတို့မှ သားသမီး ပေါက်ဖွားလာသည့်အခါ မွေးလာသည့်ကလေးသည် အမဖြစ်သောဂြိုဟ်သူ၏ မျိုးရိုးအတိုင်း မွေးဖွားလာလေ့ရှိပါ၏။
ဥပမာ-ကမ္ဘာဂြိုဟ်သား ယောက်ျm;တစ်ယောက်နှင့် ကြာသပတေး ဂြိုဟ်သူမိန်းမတစ်ယောက်တို့ အိမ်ထောင်ကျသည်ဆိုပါစို့။ သူတို့မှ ပေါက်ပွား လာသောကလေးသည် ကြာသပတေးဂြိုဟ်မှ လူသားများ ပုံပန်းသ္ဌဏာန် အတိုင်း ခြေနှစ်ဖက်၊ လက်နှစ်ဖက်မှာ လူအတိုင်းဖြစ်သော်လည်း ကြာသ ပတေးဂြိုဟ်သားတို့၏ ထူးခြားချက်ဖြစ်သော မိုးပေါ်သို့ပျံသန်းနိုင်သည့် အတောင်ပံတစ်စုံပါ ပါ၍လာလေသည်။ ကြာသပတေးဂြိုဟ်သား ယောက်ျm; နှင့် ကမ္ဘာသူမိန်းကလေးတို့ အိမ်ထောင်ကျလျှင် ကမ္ဘာ့လူသားများပုံစံအတိုင်း ကလေးမွေးဖွားမည်ဖြစ်၏။ အမ၏မျိုးရိုးဗီဇအတိုင်း မျိုးဆက် ပျံ့ပွားခြင်းပင် ဖြစ်ပါသည်။ စကြ၀ဠာအတွင်း မည်သည့်နေရာမှာမဆို မျိုးမတူသောဂြိုဟ်သားချင်း ပေါင်းဖက်သည့် အခါတိုင်း ဖြစ်လေ့ရှိသည့် သဘာဝတစ်ခုပင် ဖြစ်ပါသည်။
ဒေါ်ရွှန်းတင့်ကျက်သရေက စကြ၀ဠာဇီဝဗေဒဘွဲ့ရ တစ်ဦးဖြစ်သည့် အားလျော်စွာ ထိုသဘာဝကို နားလည်နေပေ၏။ ထို့ကြောင့် သားဖြစ်သူ အခြားဂြိုဟ်သူတစ်ယောက်နှင့် ချစ်ကြိုက်နေကြောင်း သိလိုက်ရသည့်အခါ စိုးရိမ်ကြောင့်ကြမှု ဖြစ်သွားရခြင်းပင်။
နေမင်းအနော်ရထာက မိခင်ဖြစ်သူ၏စိုးရိမ်မှုကို သိလိုက်ရသည့် အခါ ရယ်မောလိုက်သည်။
]]အဲဒီအတွက်တော့ စိတ်မပူပါနဲ့ မေမေ။ သားချစ်သူက ဂြိုဟ်ချင်း ခြားပေမဲ့ အသွင်သ္ဌဏာန်ကွဲပြားတဲ့ ဂြိုဟ်သူတစ်ယောက် မဟုတ်ပါဘူး။ ဒီမှာကြည့်ပါဦး မေမေ}}
နေမင်းအနော်ရထာက အင်တာနက်မှတစ်ဆင့် ကူးယူထားသော ဟိန်ဒရီယာ၏ပုံကို ပြလိုက်သည်။
]]ဟတ္တတိကဂြိုဟ်ဆိုတာ မေမေကြားဖူးလား။ သားချစ်သူက အဲဒီ ဂြိုဟ်ပေါ်က မိန်းကလေးမေမေရဲ့။ သူတို့ဂြိုဟ်သားတွေက သားတို့လူသားတွေ အတိုင်း တစ်ပုံစံထဲပဲ}}
နေမင်းအနော်ရထာက ဟိန်ဒရီယာဒုနှင့် စကားပြောသည့်အချိန် တွင် မိခင်ဖြစ်သူကိုခေါ်ကာ မိတ်ဆက်ပေးလိုက်လေသည်။ တစ်ဖက်မှ ဂြိုဟ် သူမလေး၏ ကမ္ဘာ့လူသားနှင့်မကွာ ခြားသောအသွင်ကို မြင်လိုက်ရသည့် အခါ ဒေါ်ရွှန်းတင့်ကျက်သရေ ကျေနပ်သွားလေသည်။ မိန်းကလေး၏ ရည် မွန်သွက်လက်ပုံကိုလည်း သဘောကျသွားလေ၏။
ဒေါ်ရွှန်းတင့်ကျက်သရေကပင် သားအကြောင်းကို သူ့ခင်ပွန်း ဦး သိန်းသန်းကုဋေချီသိအောင် ပြောပြလိုက်လေသည်။ သည်လိုနှင့် နေမင်း အနော်ရထာနှင့် ဟိန်ဒရီယာဒုတို့၏ အချစ်ရေးမှာ အဆင်ပြေချောမွေ့ခဲ့လေ သည်။
………
နေမင်းအနော်ရထာက ချစ်သူကို မော်နီတာမြင်ကွင်းထဲမှာ မြင်နေ ရရုံဖြင့် မကျေနပ်နိုင်တော့။ ဟိန်ဒရီယာဒု၏ အသားအရေများမှာ ဖန်သား ပြင်ပေါ်မှာပင် နူးညံ့ချောမွေ့နေပေရာ ချစ်သူကို သူ့လက်ဖြင့် လက်တွေ့ ထိတွေ့ကြည့်ချင်လှပေပြီ။ မျက်နှာချင်းဆုံ၍ စကားပြောရုံမျှဖြင့် အားမရနိုင် တော့ပေ။
တစ်ဖက်မှ ဟိန်ဒရီယာဒုသဘောကလည်း သည်အတိုင်းပင် ရှိပေ ၏။ ကိုကိုနဲ့တွေ့ချင်လှပါပြီဟု အရေးဆိုလာလေသည်။ နေမင်းအနော်ရထာက ကမ္ဘာမြေပေါ်မှ မိန်းကလေးများသည် သူတို့ချစ်သူကို ကိုယ့်ထက် အသက် ပိုကြီးပါက ကိုကိုလို့ခေါ်ကြောင်းပြောတော့ ဟိန်ဒရီယာဒုကလည်း ကမ္ဘာသူ လေးများအတိုင်း ကိုကိုလို့ ခေါ်ရှာပေသည်။
လူချင်းဆုံတွေ့ဖို့ဆိုသည်မှာ အလှမ်းကွာဝေးသော ဂြိုဟ်များပေါ်မှာ နေကြသူတွေအဖို့ အလွန်တရာ ခက်ခဲလှပါသည်။ မည်မျှခက်ခဲပါစေ နေမင်း အနော်ရထာနှင့် ဟိန်ဒရီယာဒုတို့ကတော့ ဆုံဆည်းမှဖြစ်တော့မည်။ မျက်မြင် ကိုယ်တွေ့ ဆုံချင်စိတ်များက နှစ်ဦးစလုံးစိတ်တွင် တားမရဆီးမရ ပေါ်လာနေ ကြသည်။
သည်လိုနှင့် ဆုံဆည်းကြဖို့ကို စီစဉ်ရလေတော့၏။ သူတို့နှစ်ယောက် ဆက်သွယ်မိပြီး ၆ လကြာမြင့်သည့်အချိန်တွင် ဖြစ်သည်။
နေမင်းအနော်ရထာက တွေ့ဆုံကြပြီး တစ်ခါတည်းလက်ထပ်ကြဖို့ အရေးဆိုလိုက်လေသည်။
ဂြိုဟ်ချင်းအကွာအဝေးကြောင့် တစ်ခေါက် တစ်ခေါက် ဆုံဆည်းဖို့ ဆိုသည်မှာ မလွယ်ချေ။ သွားရလာရမည့်အချိန်မှာလည်း အလွန်ကြာမြင့်မည် ဖြစ်ရာ တွေ့ပြီးမှ နောက်တစ်ကြိမ် မခွဲခွာလိုတော့။ တစ်ခါတည်း လက်ထပ် လိုက်ကြသည်က အဆင်ပြေမည်မဟုတ်ပါလား။
သည်တော့ ဘယ်သူက ဘယ်သူဆီသွားမလဲဆိုတာ စဉ်းစားရတော့ သည်။
ကမ္ဘာမြေ၏ထုံးစံအရတော့ ယောက်ျm;လေးကသာ မိန်းကလေး ရှိရာသွားရရိုး ထုံးစံရှိပါသည်။
သို့သော် သည်နေရာတွင် ပထဝီဘာသာရပ်ကို ကျွမ်းကျင်သော ဟိန်ဒရီယာဒု၏အစီအစဉ်က ပို၍ကောင်းမွန်သည်ကို တွေ့လိုက်ရလေ၏။
ကမ္ဘာနှင့်ဟတ္တတိကဂြိုဟ်သည် ကီလိုမီတာသန်းပေါင်း နှစ်သိန်း ဝေးသည့်အတွက် ဂြိုဟ်တစ်ခုမှတစ်ခုထိ ခရီးသွားလျှင် အလွန်ကြာမည်။ နေမင်းအနော်ရထာနှင့် ဟိန်ဒရီယာဒုတို့ အမြန်ဆုံဆည်းရန် ဂြိုဟ်နှစ်ခုစလုံး၏ ကြားတွင်ရှိသော ဂြိုဟ်တစ်ခုခုကို ဆုံရပ်အဖြစ် သတ်မှတ်၍ဆုံဆည်းကြလျှင် ပို၍မကောင်းပါလား။ ဟိန်ဒရီယာဒု၏စိတ်ကူးမှာ အဖိုးတန်လှလေသည်။
]]ကိုကို့ဟိန်လေးက သိပ်တော်တာပဲကွာ။ ဒီလိုဆိုရင်လည်း ဘယ် ဂြိုဟ်မှာ ဆုံကြမယ်ဆိုတာ ဟိန်လေးပဲရွေးလေ}}
]]ဟိန်လေးရွေးထားပြီးသားပါ ကိုကို။ ရှုခင်းသာဂြိုဟ်ဆိုတာ ကိုကို ကြားဖူးသလားဟင်}}
]]ရှုခင်းသာဂြိုဟ်တော့ ကိုကို သိတာပေါ့။ ဂြိုဟ်လေးက အချင်း ကီလိုမီတာ ၁၀၀၀ ပဲရှိတဲ့ ဂြိုဟ်သေးသေးလေးလေ။ ဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေနိုင်ပေမဲ့ မူရင်းနေတဲ့ ဂြိုဟ်သားရယ်လို့ မရှိဘူး။ ဒါကြောင့် ရှုခင်းသာ ဂြိုဟ်ကို စကြ၀ဠာသားတွေအားလုံး ဘုံပိုင်ဆိုင်တဲ့ဂြိုဟ်အဖြစ် သတ်မှတ် ထားတယ်။ ရှုခင်းသာဂြိုဟ်ပေါ်မှာ ဟိုတယ်တွေ၊ ပန်းဥယျာဉ်တွေ ဆောက် ထားပြီး အပန်းဖြေ အနားယူစခန်းအနေနဲ့ အသုံးပြုနေတဲ့ ဂြိုဟ်လေ။ ရောက်တော့မရောက်ဖူးဘူး။ ကိုကို စာထဲမှာဖတ်ဖူးပါတယ်}}
]]ဟုတ်တယ် ကိုကို။ ရှုခင်းသာဂြိုဟ်ဟာ ကိုကိုတို့ ကမ္ဘာကနေ ကီလိုသန်းပေါင်းကိုးသောင်းသုံးထောင်ဝေးတယ်။ ဟိန်တို့ ဟတ္တတိကနေ ကီလိုသန်းပေါင်း တစ်သိန်းတိတိဝေးတယ် ကိုကို။ ရှုခင်းသာကို ဂြိုဟ်နှစ်ခုစလုံး ကနေ အကွာအဝေး သိပ်မခြားနားဘူး။ အမြန်နှုန်းတူတဲ့ယာဉ်ကို စီးလာ ကြမယ်ဆိုရင် ကိုကိုနဲ့ဟိန်လေး တစ်ချိန်တည်းမှာ ရှုခင်းသာကို ရောက်နိုင် တယ်လေ}}
]]ကိုကိုတို့ ရှုခင်းသာဂြိုဟ်မှာဆုံကြမယ်ပေါ့။ ဟုတ်လား ဟိန်လေး}}
]]ဟုတ်ပါသတဲ့ရှင်။ ဒီတော့ ရှုခင်းသာကို အတူတူရောက်ရအောင် အင်္ဂါဂြိုဟ်သားတွေ တီထွင်ထားတဲ့ နောက်ဆုံးပေါ် ဂျက်ဒုံးယာဉ်ကို စီးခဲ့ပါ ကိုကို။ ဂျက်ဒုံးယာဉ်က တစက္ကန့်ကို ကီလိုတစ်သောင်းပြေးတယ်လေ။ လော လောဆယ် စကြ၀ဠာထဲမှာ အမြန်ဆုံးယာဉ်ပဲ။ ဘယ်နေ့စထွက်ကြမလဲ ဆိုတာသာကို ကိုနဲ့ဟိန်လေး ညှိကြစို့။ ဂျက်ဒုံးယာဉ် ဟိန်လေးတို့ဂြိုဟ်က ထွက်မယ့်ရက်ကို ဟိန်လေး စုံစမ်းလိုက်ဦးမယ်။ ကိုကိုလည်း ကိုကိုတို့ကမ္ဘာက ထွက်မယ့်ရက်ကိုစုံစမ်းပြီး လက်မှတ်ကြိုဝယ်ထားလိုက်နော်}}
………
သို့ဖြင့် နေမင်းအနော်ရထာသည် ရှုခင်းသာတွင် ချစ်သူနှင့် ဆုံ ဆည်းမည့်အစီအစဉ်ကို မိဘနှစ်ပါးအား ပြောပြ၍ခွင့်တောင်းလိုက်လေသည်။
]]သားတို့ ရှုခင်းသာမှာဆုံကြပြီး ရှုခင်းသာဂြိုဟ်ပေါ်မှာပဲ လက်ထပ် လိုက်ကြမယ်။ လက်ထပ်ပြီး ဘယ်ဂြိုဟ်မှာနေကြမယ်ဆိုတာတော့ နှစ်ယောက် ဆုံပြီးမှညှိတော့မယ်}}
ရှုခင်းသာသို့ထွက်မည့် ဂျက်ဒုံးယာဉ်ကိုစုံစမ်းရာ နောက်တစ်ပတ် အကြာတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စကြ၀ဠာခရီးသွား အမြန် ယာဉ်စခန်းမှ ထွက်ခွာမည်ဟု သိလိုက်ရလေ၏။ နေမင်းအနော်ရထာက တစ်ယောက်စာလက်မှတ်ကို လှမ်း၍ဝယ်လိုက်သည်။ ကျသင့်ငွေကို အပြည် ပြည်ဆိုင်ရာဘဏ်မှတစ်ဆင့် ယူရိုငွေကြေးဖြင့် ပို့ပေးလိုက်လေသည်။
ရှုခင်းသာဂြိုဟ်ကို ရောက်သည်ထိ အချိန်မည်မျှကြာမည်ကိုလည်း မေးလိုက်သေးသည်။ ဒုံးယာဉ်စခန်းက တာဝန်ရှိသူက ကြာမြင့်မည့်အချိန်ကို တွက်ပြလေ၏။ ဂျက်ဒုံးယာဉ်သည် တစ်စက္ကန့်လျှင် ကီလိုတစ်သောင်းနှုန်းဖြင့် ပြေးရာ ကီလိုသန်းပေါင်းကိုးသောင်းသုံးထောင်ဝေးသော ရှုခင်းသာဂြိုဟ်ကို ရောက်သည်ထိ ၃ နှစ်တိတိ စီးနင်းလိုက်ပါရမည်ဟု ဆိုလေသည်။ သည် အတိုင်းဆိုလျှင် သူ့အသက် ၂၂ နှစ်ကျော်မှ ချစ်သူနှင့် တွေ့ခွင့်ရပေတော့မည်။
နေမင်းအနော်ရထာက လက်မှတ်ရပြီဖြစ်ကြောင်း ဟိန်ဒရီယာဒုထံ အကြောင်းကြားလိုက်၏။ ဟိန်ဒရီယာဒုတို့ ဟတ္တတိကဂြိုဟ်မှ ထွက်ခွာမည့် ဂျက်ဒုံးယာဉ်မှာလည်း ကမ္ဘာမှထွက်ခွာမည့်ရက်နှင့် အတူတူပင်ဖြစ်ကြောင်း သိရလေသည်။ ချစ်သူနှစ်ဦး ဆုံဆည်းကြမည့်ခရီးမှာ အစစအဆင်ပြေနေ လေ၏။
]]ကိုကိုတော့ ဟိန်လေးနဲ့ တွေ့ရမှာကိုတွေးပြီး ပျော်လိုက်တာ ဟိန်လေးရယ်။ ဟိုရောက်ရင် ကိုကိုတို့ တစ်ခါတည်း လက်ထပ်ကြမယ်နော်}}
]]လူချင်းတွေ့ရင်သာ ဟိန်လေးအပေါ် အချစ်ပေါ့သွားမှာ စိုးရိမ်မိ ပါတယ် ကိုကိုရယ်}}
]]ဘာလို့ အချစ်ပေါ့ရမှာလဲ ဟိန်လေးရယ်။ ကိုကိုတို့ကမ္ဘာပေါ်မှာ ဟိန်လေးလောက်လှတဲ့မိန်းမ မတွေ့ဖူးသေးဘူး။ စိတ်ချ ဟိန်လေး၊ ကိုကို့ အချစ်က အဘိုးကြီးအဘွားကြီးဖြစ်တဲ့အထိ ဟိန်လေးအပေါ်မှာ မပြောင်း လဲဘူး}}
]]တကယ်နော် ကိုကို}}
]]တကယ်ပေါ့ ဟိန်လေးရယ်}}
]]ဒါပဲနော် ကိုကို။ အဲဒီကျရင် အရမ်းမကဲရဘူး}}
ဟိန်ဒရီယာဒုက မျက်စောင်းလေးထိုးရင်း ချစ်စဖွယ်ပြောလိုက်လေ သည်။
သူတို့နှစ်ယောက်စတွေ့သည့်နေ့မှ ရှုခင်းသာတွင်ဆုံရန် ဆုံးဖြတ် လိုက်သည်ထိ ၆ လကြာမြင့်ခဲ့လေပြီ။ ဟိန်လေးသည် ၆ လအတွင်းမှာပင် တစ်စတစ်စ ပို၍လှပလာသလို ပို၍လည်း ရင့်ကျက်တည်ငြိမ်လာသည်ဟု ထင်မိ၏။
သည်လိုနှင့် နေမင်းအနော်ရထာသည် ဂျက်ဒုံးယာဉ် မထွက်ခွာမီ နှစ်ရက်ကြို၍ အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့လေသည်။
မသွားမီ မိဘနှစ်ပါးကို နှုတ်ဆက်ကန်တော့ခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်ရွှန်းတင့်ကျက်သရေမှာ သားနှင့်ခွဲခွာရတော့မည့်အတွက် ငိုယိုနေရှာလေ သည်။
]]သားရယ်၊ သားတို့လက်ထပ်ပြီးရင် မင်းကောင်မလေးကို ကမ္ဘာ ပေါ်ကို ပါအောင်ခေါ်ခဲ့ပါကွယ်။ မင်း သူတို့ဂြိုဟ်ကို လိုက်သွားရင်တော့ မေမေတို့နဲ့ ဒီတစ်သက် ပြန်ဆုံဖို့မလွယ်တော့ဘူး။ သည်တော့ သူ့ကိုသာ ကမ္ဘာပေါ်လိုက်လာအောင် စည်းရုံးပေတော့ သား}}
]]စိတ်ချပါ မေမေ။ ဟိန်လေးကလည်း ကမ္ဘာဟာ သူတို့ဂြိုဟ်ထက် အစစအရာရာ သာလွန်တယ်လို့ ပြောထားတာပဲ။ သားက လိုက်ခဲ့ဖို့ဆွဲဆောင် ရင် သူပါလာမှာပါ}}
ဖခင်ဖြစ်သူ ဦးသိန်းသန်းကုဋေချီကတော့ ယောက်ျm;သားမို့ မျက်နှာ မပျက်လှချေ။ သားကို ရယ်ရယ်မောမောပင် နှုတ်ဆက်နေပေ၏။
]]ရှုခင်းသာနဲ့ကမ္ဘာခရီးက သုံးနှစ်တောင်ကြာမှာဆိုတော့ ငါ့သား မိန်းမယူပြီးပြန်လာရင် လမ်းခရီးမှာတင် ကလေးနှစ်ယောက်လောက် မွေးခဲ့ မယ် ထင်ပါရဲ့ကွာ။ ဟား ...ဟား ...ဟား}}
]]ဂျက်လေယာဉ်ပေါ်မှာတော့ ကလေးမမွေးချင်ပါဘူး ဖေဖေရယ်။ ကမ္ဘာပေါ်ပြန်ရောက်မှ ကလေးယူပါတော့မယ်}}
………
သို့ဖြင့် နေမင်းအနော်ရထာသည် ဂျက်ဒုံးယာဉ်ကိုစီးနင်းကာ သုံးနှစ် ခရီးကို ပျင်းရိငြီးငွေ့စွာ ထွက်ခွာခဲ့လေသည်။ ဂျက်ဒုံးယာဉ်ကို အလွန်တရာ မြန်အောင် တီထွင်ဆောက်လုပ်ထားရာ ယာဉ်ကို ခပ်သေးသေးသာ ဆောက် လုပ်နိုင်လေသည်။ ခရီးကလည်းကြန့်ကြာသည်မို့ ခရီးသည်များအတွက် အိပ်စက်ရန်နေရာပါ စီစဉ်ပေးထားရသည့်အတွက် ယာဉ်ပေါ်၌ ခရီးသည် ငါးဦးသာ တင်ဆောင်နိုင်ပေ၏။ ယာဉ်စီးနင်းခမှာလည်း အလွန်တရာ ဈေးကြီး လှပေသည်။ အပန်းဖြေဂြိုဟ်သို့ ခရီးထွက်အပန်းဖြေနိုင်သူမှာ ရှားလှပါသည်။ ဟိုရောက်ဖို့သုံးနှစ်၊ ဟိုကပြန်လာချိန်သုံးနှစ်၊ ခြောက်နှစ်ကာလမှာ အာကာသ ထဲ၌ အလဟဿ အချိန်ကုန်လွန်ရမည်ဖြစ်ပါ၏။ ဟိုမှာ တစ်ပတ်၊ တစ်လ၊ အလွန်ဆုံးတစ်နှစ် အပန်းဖြေဖို့ ရင်းနှီးရသောအချိန်မှာ များလှသောကြောင့် ဤခရီးမျိုးကို အလုပ်အကိုင်မှ အနားယူပြီးဖြစ်သည့် ချမ်းသာကြွယ်ဝသော သက်ကြီးရွယ်အိုများသာ ထွက်လေ့ရှိပါသည်။ နေမင်းအနော်ရထာသည် ကမ္ဘာဂြိုဟ်ပေါ်မှ အဘိုးကြီး၊ အဘွားကြီးနှစ်စုံတွဲနှင့်အတူ ဒုံးယာဉ်ဖြင့် ရှုခင်း သာဂြိုဟ်သို့ လိုက်ပါခဲ့ရလေသည်။
ချစ်သူမျက်နှာကိုမမြင်ရ၊ ချစ်သူနှင့် စကားပြောခွင့်မရသော နေမင်း အနော်ရထာသည် ဂျက်ဒုံးယာဉ်ပေါ်၌ ပျင်းရိငြီးငွေ့လျက်ရှိပေ၏။ ဟိန်လေး သည်လည်း သူ့လိုပဲ ရှိပေလိမ့်မည်။ အပြင်ပမှ အာကာသရှုခင်းများကို ငေးကြည့်ရင်း၊ အဘိုးကြီး အဘွားကြီးများပြောသော ရှေးဟောင်းနှောင်းဖြစ် များကို နားထောင်ရင်း၊ တစ်ခါတစ်ရံ ဟိန်လေးနှင့်ဆက်သွယ်စဉ်က ရိုက်ကူး မှတ်တမ်းတင်ထားသော စီဒီကိုဖွင့်ကြည့်ရင်းနှင့် အပန်းဖြေရသည်။
ဒုံးယာဉ်ပေါ်မှ ကမ္ဘာဂြိုဟ်ပေါ်သို့ ဆက်သွယ်လို့ရသောကြောင့် တစ်ခါတစ်ရံ မိဘများနှင့်ဆက်သွယ်စကားပြောခွင့်ရသည်။ ခရီးသွားနေသော ယာဉ်အချင်းချင်း ဆက်သွယ်ရန်မှာ မဖြစ်နိုင်သည့်အတွက် သုံးနှစ်ကာလ လုံးလုံး ဟိန်ဒရီယာဒုနှင့် ဆက်သွယ်ခွင့်မရခဲ့ပါချေ။ ခရီစဉ်သုံးနှစ်တာကာလ တွင် နေမင်းအနော်ရထာနှင့် ဟိန်ဒရီယာဒုတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် မြင်ခွင့်မရဘဲ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ရ၏။
မည်သို့ဆိုစေ အချိန်ကာလဆိုသည်မှာ တရွေ့ရွေ့ကုန်ဆုံးနေပေရာ လျင်မြန်စွာပြေးနေသော ဒုံးယာဉ်သည် သုံးနှစ်ပြည့်သည့်အချိန်၌ ရှုခင်းသာ ဂြိုဟ်ပေါ်သို့ ချောမောစွာ ရောက်ရှိသွားလေသည်။
ရှုခင်းသာဂြိုဟ်ပေါ်သို့ ရောက်ရှိသည့်အချိန်မှာ သာယာလှပသော နံနက်ခင်းအချိန် ဖြစ်ပေသည်။
………
ဒုံးယာဉ်စခန်း၌ သူ ကြိုတင်ဘွတ်ကင်လုပ်ထားသော ဟိုတယ်မှ ဝန်ထမ်းတစ်ဦးက လာရောက်ကြိုဆိုနေပေသည်။
]]ဟတ္တတိက ဂြိုဟ်ကလာတဲ့ယာဉ် ဆိုက်ပြီလားခင်ဗျာ}}
သူက ခရီးရောက်မဆိုက်ပင် လာကြိုသူအား မေးမြန်းလိုက်သည်။
]]မဆိုက်သေးပါဘူး။ ညနေခင်းမှ ဆိုက်ရောက်ပါလိမ့်မယ်။ လမ်းကြုံ တဲ့ ဂြိုဟ်တွေက လိုက်ပါမယ့်ခရီးသည်တွေကို ဝင်ခေါ်နေရလို့ နည်းနည်း နောက်ကျသွားတာပါ ခင်ဗျ}}
ဝန်ထမ်းက ရှင်းပြသည်။
နေမင်းအနော်ရထာသည် ဟိုတယ်၌ခေတ္တအနားယူပြီး ရှုခင်းသာ ဂြိုဟ်ပေါ်တွင် လှည့်လည်ကြည့်ရှုလိုက်သည်။ ဂြိုဟ်ကလေးမှာ ကမ္ဘာပေါ်ရှိ မြို့ကြီးတစ်မြို့စာလောက်သာရှိပြီး အပန်းဖြေဂြိုဟ်ဖြစ်သည့် အားလျော်စွာ ဟိုတယ်များ၊ ကစားကွင်းများ၊ အပန်းဖြေဥယျာဉ်များဖြင့် ပြည့်နှက်နေပေ သည်။ နဂိုရာသီဥတုကလည်း ကောင်းမွန်သည်မို့ အပန်းဖြေစခန်းအဖြစ် ဤဂြိုဟ်ကို အသုံးပြုထားသည်မှာ သင့်လျော်လှပေ၏။
ဂြိုဟ်ပေါ်၌ သဘောသဘာဝချင်းတူသော ဂြိုဟ်သားများ သီးသန့် နေထိုင်နိုင်ရန် နေရာများကန့်သတ်ထားပေသည်။ စကြ၀ဠာအတွင်းရှိ ဂြိုဟ် များမှ ဂြိုဟ်သားတိုင်း လာရောက်အပန်းဖြေခွင့်ရှိပေရာ ထိုသို့နေရာ ကန့်သတ် မထားပါက အခက်အခဲများကြုံတွေ့နိုင်ပေသည်။ ဂြိုဟ်သားတို့သည် ပုံပန်း သ္ဌဏာန် ကွဲပြားကြသလို အရွယ်အစားချင်းလည်း မတူညီကြပါ။ အချို့ဂြိုဟ် သားတို့မှာ အလွန်တရာကြီးမား၍ အချို့မှာ အလွန်တရာ သေးငယ်ကြသည်။ ရောယှက်၍သွားလာနေပါက ကြီးသူများက ငယ်သူများကို တက်နင်း၍ ဒုက္ခ ရောက်ကုန်နိုင်ပေသည်။
ရှုခင်းသာဂြိုဟ်ပေါ်တွင် အတောင်ပံပါ၍ ပျံသန်းနိုင်သောဂြိုဟ်သား များအတွက် နေရာသပ်သပ်၊ အရပ်တစ်ပေမှ သုံးပေထိရှိသော ဂြိုဟ်သား များအတွက် နေရာသပ်သပ်၊ အရပ် ၆ ပေ ဝန်းကျင်ရှိသော နေမင်းအနော် ရထာတို့လို ဂြိုဟ်သားများအတွက် နေရာသပ်သပ်၊ ၆ ပေမှပေ ၂၀ ထိ ရှည်သောဂြိုဟ်သားများအတွက် နေရာသပ်သပ် ဖန်တီးပေးထားပါ၏။ ဂြိုဟ် အနှံ့လည်ပတ်လိုပါက သီးသန့်ယာဉ်များဖြင့် လည်ပတ်နိုင်သော်လည်း တည်း ခိုသည့် ဟိုတယ်ကိုမူ သီးခြားစီခွဲပေးထားပါသည်။
ဟိန်ဒရီယာဒုတို့ ဂြိုဟ်သားများမှာ ကမ္ဘာသားများနှင့် အလုံးအရပ် ရော၊ အသွင်အပြင်ပါ တူညီကြသည့်အတွက် ဟိုတယ်တစ်ခုတည်း၌ တည်းခို နေထိုင်ခွင့်ရပါသည်။ နေမင်းအနော်ရထာတည်းသော ဟိုတယ်၌ပင် အတူ တည်းရန် စာရင်းသွင်းထားပြီးဖြစ်သည်။
ညနေပိုင်းတွင် ရေမိုးချိုးပြီး နေမင်းအနော်ရထာသည် လေယာဉ် ကွင်းသို့သွားကာ ဟတ္တတိကဂြိုဟ်မှ ဆိုက်ရောက်လာမည့် ဒုံးယာဉ်ကို သွား ရောက် ကြိုဆိုနေလိုက်သည်။
လေယာဉ်ကွင်း၌ ဂြိုဟ်အသီးသီးမှ လာရောက်သော ယာဉ်များ ဥဒဟို ဝင်ထွက်ပျံသန်းနေကြ၏။ ကမ္ဘာဂြိုဟ်သို့ ထွက်ခွာမည့် ဒုံးယာဉ်တစ်စီး သည် ခရီးသည်မပြည့်သေးသည့်အတွက် အသံချဲ့စက်မှ ကြေညာ၍ ခေါ်ယူ နေလေသည်။
]]ကမ္ဘာဂြိုဟ်ပေါ်သို့ ထွက်ခွာမည့်ဒုံးယာဉ်ဟာ နောက်နာရီဝက် အကြာမှာ ထွက်ခွာတော့မှာဖြစ်ပါတယ်ရှင်။ ခရီးသည်တစ်ဦး လိုက်ပါရန် နေရာကျန်ရှိပါသေး တဲ့အတွက် လိုက်ပါလိုသူရှိပါက လာရောက်စာရင်း ပေးသွင်းနိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်}}
လေယာဉ်ကွင်းအဆောက်အအုံအတွင်း၌ ပုံစံအမျိုးမျိုးကွဲပြားသော ဂြိုဟ်သူဂြိုဟ်သားများသည် သွားလာလှုပ်ရှားလျက် ရှိပေ၏။ အမျိုးမတူသော ဂြိုဟ်သားအချင်းချင်း ပြောဆိုဆက်သွယ်ရာ၌ ကြားထဲတွင် ဘာသာပြန်စက် ကိုထားကာ ပြောဆိုနေကြပါသည်။ ဘာသာပြန်စက်မှာ ခြောက်လက်မပတ် လည်ခန့်ရှိ စတုရန်းပုံသေတ္တာငယ်လေးဖြစ်သည်။ သေတ္တာငယ်လေး၌ တစ် ဖက်စီတွင် ခလုတ်ပေါင်းများစွာပါရှိကာ မျိုးမတူသူချင်း စကားပြောမည်ဆိုပါ က ဘာသာပြန်စက်ကို အလယ်မှာချ၍ စကားပြောမည့်သူနှစ်ဦးက မျက်နှာ ချင်းဆိုင်၍ ထိုင်ရသည်။ တစ်ဖက်မှပြောသည့်သူက မိမိသိစေလိုသည့် မျက်နှာ ချင်းဆိုင်မှ ဂြိုဟ်သား၏အမှတ်အသားခလုတ်ကို နှိပ်ထားရသည်။ ထိုအခါ သူပြောလိုက်သောစကားသည် တစ်ဖက်ဂြိုဟ်သား၏ဘာသာဖြင့် ဘာသာပြန် ပြီးသားအသံ ထွက်ပေါ်လာလေသည်။ တစ်ဖက်မှ ဂြိုဟ်သားကလည်း ဘာသာ ပြန်စက်၏ တစ်ဖက်မျက်နှာမှ မိမိစကားပြောလိုသည့် ဂြိုဟ်သား၏ အမှတ် အသားကိုနှိပ်၍ ပြန်ပြောရပါသည်။ ထိုနည်းဖြင့် ဘာသာပြန်စက်သည် မျိုး မတူ၊ ဘာသာစကားမတူသော ဂြိုဟ်သားများကြားတွင် အထောက်အကူ ပြုလျက် ရှိပေသည်။
နေမင်းအနော်ရထာတွင်လည်း ဘာသာပြန်စက် အဆင်သင့်ပါလာ ပြီးဖြစ်သည်။ ဟိန်ဒရီယာဒုနှင့် တွေ့သည့်အခါ ဘာသာပြန်စက်ကလေးကို အလယ်မှာချ၍ စကားပြောကြရပေမည်။
နေမင်းအနော်ရထာက မကြာမီ ဆိုက်ရောက်လာမည့် ယာဉ်များ၏ မှတ်တမ်းကို ဖော်ပြထားသော ကွန်ပျူတာဘုတ်ရှေ့တွင် သွားရပ်ပြီး ဖတ် ကြည့်လိုက်သည်။ ဟတ္တတိကဂြိုဟ်မှယာဉ်သည် ညနေ ၆ နာရီတိတိ အချိန် တွင် ဆိုက်ရောက်မည်ဟု ဖော်ပြထား၏။ ယာဉ်ပေါ်တွင် ဟတ္တတိကဂြိုဟ်မှ ဂြိုဟ်သားနှစ်ဦးနှင့် ဂြိုဟ်သူတစ်ဦးပါလာမည်။ ကျန်ခရီးသည်နှစ်ဦးမှာ လမ်း ကြုံတင်လာသော ဂြိုဟ်ပေါ်မှ ဂြိုဟ်သားများဖြစ်ပြီး နှစ်ဦးစလုံး ယောက်ျm;များ ဖြစ်လေသည်။ ဒုံးယာဉ်ပေါ်တွင် ပါလာသည့်ခရီးသည်ငါးယောက်တွင် ဟိန် ဒရီယာဒုတစ်ယောက်သာ မိန်းမသားပါလေသည်။
နေမင်းအနော်ရထာသည် မကြာခင်တွေ့ရတော့မည့် ချစ်သူ့မျက်နှာ ကို မြင်ယောင်ရင်း ရင်များခုန်နေပေသည်။။
]]ဟတ္တတိကဂြိုဟ်မှထွက်ခွာလာတဲ့ ဒုံးယာဉ်ဟာ ရှုခင်းသာဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းထဲကို ရောက်ရှိနေပါပြီရှင်။ မကြာခင် ဆိုက်ရောက် တော့မှာမို့ လာရောက်ကြိုဆိုသူများ အသင့်ပြင်ဆင်ထားကြဖို့ အသိပေး ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်}}
အသံချဲ့စက်မှ ကြေညာသံထွက်ပေါ်လာ၏။
နေမင်းအနော်ရထာက ကြိုဆိုရန်အတွက် ယာဉ်ဆင်းသက်မည့် ကွင်းထဲသို့ ထွက်ခဲ့လိုက်လေသည်။
ဟတ္တတိကဂြိုဟ်၏ အမှတ်အသားရုပ်ပုံပါသော ယာဉ်တစ်စီးသည် ကောင်းကင်မှ ညင်သာစွာဆင်းသက်လာနေ၏။ ချစ်သူပါလာသောယာဉ်ကို ကြည့်ကာ နေမင်းအနော်ရထာ ရင်ခုန်နေမိသည်။ နှစ်ရှည်လများ စောင့်စား ခဲ့ရသောဆန္ဒများ ပြည့်ဝပေတော့မည်။
ယာဉ်သည်ကွင်းပြင်၌ သက်ဆင်းရပ်နားလိုက်၏။
ယာဉ်တံခါးပွင့်လာသည်။
ယာဉ်ပေါ်မှ ဂြိုဟ်သားများ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာ ကြသည်။
ပထမဆင်းလာသည့် ယောက်ျm;နှစ်ယောက်က လမ်းကြုံလိုက်လာ သော ဂြိုဟ်မှလူများ ဖြစ်ပုံရသည်။ ဟတ္တတိကဂြိုဟ်သားများနှင့် ပုံစံမတူ။ အရပ်က ၂ ပေလောက်ပဲရှိကာ ဦးခေါင်းတွင် ဦးချိုနှစ်ချောင်း ပေါက်နေကြ သည်။ မည်သည့် ဂြိုဟ်သားများလည်းတော့ မသိ။
နောက်ထပ်၍ ယောက်ျm;နှစ်ယောက် ဆင်းလာကြ၏။ ထိုဂြိုဟ်သား များကတော့ ဟတ္တတိကမှ ဖြစ်ပေမည်။ အရပ်အမောင်းရော၊ ရုပ်ရည်သွင် ပြင်မှာ ကမ္ဘာသားများ၏ပုံစံအတိုင်းပင် ဖြစ်သည်။ ယာဉ်ပေါ်မှဆင်းသက်ရန် ကျန်သူဆို၍ ဟိန်ဒရီယာဒုတစ်ယောက်တည်း ရှိတော့သည်။ နေမင်းအနော် ရထာသည် သူ့ချစ်သူဆင်းသက်လာမည့် ဒုံးယာဉ်၏အပေါက်ကို မျက်တောင် မခတ်စိုက်ကြည့်နေမိ၏။
အပေါက်ဝမှ မိန်းမသားတစ်ယောက်၏ သွင်ပြင်ထွက်ပေါ်လာ၏။ သို့သော် ထိုမိန်းမမှာ အဘွားအိုကြီးတစ်ယောက် ဖြစ်နေသည်။ ဟိန်ဒရီယာဒု ဆင်းမလာသေးပါလား။ အဘွားအိုကြီးက တုတ်ကောက်ကိုထောက်ကာ ယာဉ် လှေကားပေါ်မှ ခက်ခက်ခဲခဲဆင်းလာနေ၏။ နေမင်းအနော်ရထာက ယာဉ်ပေါ် မှ ဆင်းလာမည့် ဟိန်ဒရီယာဒုကိုမျှော်ကာ လေယာဉ်အပေါက်ဝကိုပဲ မျှော် ကြည့်နေမိသည်။။
လေယာဉ်ပေါ်မှ မည်သူမျှဆင်းမလာပါတော့။
သည်တော့မှ သူစဉ်းစားမိသည်။ ဒုံးယာဉ်နှင့်ပါလာသည့် ခရီးသည် မှာ ငါးယောက်တည်းပဲ။ ကွန်ပျူတာဘုတ်တွင်လည်း ယောက်ျm;လေးယောက် နှင့် မိန်းမတစ်ယောက်ဟု ဖော်ပြထားသည်။
အလို ...သည်လိုဆိုလျှင် ယာဉ်ပေါ်မှနောက်ဆုံးဆင်းလာသည့် အဘွားအိုကြီးမှာ ...
နေမင်းအနော်ရထာက အဘွားကြီးကို ရှာကြည့်လိုက်သည့်အချိန် တွင် အဘွားအိုမှာ သူ့ရှေ့သို့ ရောက်လာပြီဖြစ်၏။
]]ကိုကို}}
အဘွားအိုကြီးက တုန်ယင်သောအသံဖြင့် သူ့ကိုခေါ်လိုက်သည်။
]]ဟိုက် ...}}
]]ကိုကို၊ ဟိန်လေးလေ ကိုကိုရဲ့၊ မမှတ်မိဘူးလား။ ကြည့်စမ်း ကိုကိုကတော့နုလိုက်တာ။ အရင်ပုံစံနဲ့သိပ်မကွာဘူး}}
အဘွားအိုက သူ့တွင်ပါလာသော ဘာသာပြန်စက်ကလေးကို ကြား တွင်ခံကာ စကားပြောနေခြင်းဖြစ်ပါ၏။ စကားပြောရင်းမှ မောဟိုက်လာဟန် ဖြင့် သက်ပြင်းကိုချလိုက်သည်။ အသက်ကို ခက်ခဲစွာရှူနေလေသည်။
]]ခင်ဗျား ...ခင်ဗျား၊ အဲလေ ...အဘွားဟာ}}
]]အို ...ကိုကိုကလဲ၊ ဟိန်လေးကို ဘာလို့ အဘွားလို့ခေါ်နေတာလဲ။ ဟိန်လေးက ကိုကို့ထက် ငယ်တာကို}}
]]အမလေးဗျာ။ ဘာတွေဖြစ်ကုန်ပြီလဲ လုပ်ကြပါဦး}}
နေမင်းအနော်ရထာသည် လွှတ်ခနဲအော်လိုက်ရာ အသံကျယ် လောင်စွာ ထွက်သွားလေ၏။
ဘေးမှလူများကပင် သူတို့နှစ်ယောက်ကို လှည့်ကြည့်သွားကြသည်။ မသိသူများက သူတို့ကို မြေးအဘွားဟု ထင်ကြပေမည်။
]]အေးအေးဆေးဆေးထိုင်ပါဦး ကိုကို။ ဟိန်လေး မောလိုက်တာ}}
အဘွားအိုကြီးက သူ့လက်ကိုဆွဲကာ နီးရာခုံတစ်ခုတွင် ဝင်ထိုင်စေ လိုက်၏။
ဟိန်ဒရီယာဒုဟု အမည်ခံထားသော အသက် ၆၀ ခန့်အရွယ် အဘွားအိုသည် ဘာသာပြန်စက်ကလေးကို သူတို့နှစ်ယောက်ကြားတွင် ချထား လိုက်သည်။ ထို့နောက် အဘွားကြီးက အိတ်ထဲမှဆေးတစ်လုံးကိုထုတ်ကာ ပါးစပ်ထဲ ပစ်သွင်းလိုက်လေသည်။
]]အင်း ...ချစ်လွန်းလို့သာ စွန့်စားလာရတာ။ လာရတဲ့ခရီးက မနီးဘူးနော် ကိုကို။ အချိန်ကလည်း ကုန်သလားမမေးနဲ့။ ၃၆ နှစ်ဆိုတာ နည်းတဲ့အချိန်မှ မဟုတ်ဘဲ။ နော် ...ကိုကို့ ...}}
အဘွားကြီးက အသက်အရွယ်နှင့်မလိုက်အောင် ခပ်ညုညုလေး ပြောလိုက်ရာ သွားကျိုးထဲမှ လေထွက်သွားသံကိုပင် ကြားလိုက်ရလေ၏။
]]ဘာ ...၃၆ နှစ်၊ ဟုတ်လား}}
]]ဟုတ်တယ်လေ ကိုကို။ ဟိန်လေးတို့ဟတ္တတိကယကနေ ဒီရှုခင်းသာ ဂြိုဟ်ကိုရောက်ဖို့ ၃၆ နှစ်တောင်ကြာတယ်လေ။ အဲဒါကြောင့် လမ်းခရီးမှာတင် ဒါလောက်အိုမင်းသွားတာပေါ့ ကိုကိုရယ်။ ရောဂါဘယတွေကလည်း နှိပ်စက် သလားမမေးနဲ့။ အမလေး ...စကားပြောရတာ မောလိုက်တာနော်}}
]]၃၆ နှစ်မကြာပါဘူးဗျာ။ ခင်ဗျားနဲ့ကျွန်တော်နဲ့ တစ်နေ့တည်း အတူတူထွက်လာကြတာပဲ။ ဒီကိုရောက်ဖို့ ၃ နှစ်ပဲကြာတာလေ}}
အဘွားအိုမျက်နှာက အံ့ဩဟန်ပေါ်သွားလေသည်။
]]အို ...ဒီလိုဆိုရင် ဒီလိုဖြစ်နိုင်တယ် ကိုကိုရဲ့}}
]]ဘယ်လိုဖြစ်နိုင်တာလဲ။ ဆိုပါဦး}}
နေမင်းအနော်ရထာ၏လေသံက စိတ်မရှည်သည့် လေသံများ ပေါ် လာလေသည်။ သူသည် သူ့ရှေ့က အရေခွံများရှုံ့တွ တွဲကျနေသည့် အဘွား အိုကိုကြည့်ရင်း ထိတ်လန့်မိသလို စိတ်လည်းပျက်နေမိသည်။
]]ကိုကိုတို့ဆီမှာ ကိုကိုတို့ဂြိုဟ်က နေကိုတစ်ပတ်ပတ်မိဖို့ ဘယ် လောက် ကြာသလဲဟင်}}
]]၁၂ လကြာတယ်လေ။ ရက်ပေါင်း ၃၆၅ ရက်ကြာတယ်}}
]]အို ...အဲဒီမှာ ကွာခြားသွားတာကိုး။ ဟိန်လေးတို့ဆီမှာတော့ ဟတ္တတိကဂြိုဟ်ဟာ နေကို တစ်ပတ်ယပတ်မိဖို့ ရက်ပေါင်း ၃၀ ပဲကြာတယ် ကိုကို}}
]]ဘာ ...}}
]]ဂြိုဟ်တိုင်းဟာ နေကိုတစ်ပတ်ယပတ်မိတဲ့အချိန်ကို တစ်နှစ်လို့ သတ်မှတ်ကြတာမဟုတ်လား။ ဟောဒီရှုခင်းသာကိုရောက်ဖို့ ရက်ပေါင်း ၁၁၀၀ ကြာတာဆိုတော့ ဟိန်လေးတို့ဂြိုဟ်ရဲ့ ပြက္ခဒိန်နဲ့တွက်မယ်ဆိုရင် ၃၆ နှစ် ကြာတယ်လေ}}
နေမင်းအနော်ရထာက ဟိန်ဒရီယာဒုပြောသည့်အတိုင်း စိတ်ဖြင့် တွက်ကြည့်လိုက်သည်။ သူတို့ဂြိုဟ်သည် နေကို တစ်ပတ်ယပတ်မိဖို့ ရက် ၃၀ ပဲကြာသည်ဆိုရာ သူတို့၏တစ်နှစ်သည် ကမ္ဘာဂြိုဟ်၏တစ်လနှင့် သွား၍ ညီနေပါ၏။ နေမင်းအနော်ရထာတို့ တစ်နှစ်အချိန်သည် သူတို့ဂြိုဟ်တွင် ၁၂ နှစ်နှင့် သွား၍တူနေလေ၏။ ထို့ကြောင့် နေမင်းအနော်ရထာက ကမ္ဘာ့ သတ်မှတ်ချက်အတိုင်း ၃ နှစ်လာရသည့်ခရီးကို ဟိန်ဒရီယာဒုက ၃၆ နှစ် ကြာသည်ဟု ဆိုခဲ့ခြင်းဖြစ်၏။ အချိန်ကာလ ကုန်ဆုံးမှုချင်းကတော့ အတူတူပင် ဖြစ်သည်။ သူ့သတ်မှတ်ချက်နှင့်သူ ကွဲပြားသွားခြင်းဖြစ်သည်။
]]အဲဒါနဲ့ပဲ ခင်ဗျားက ဘာလို့ ဒါလောက်အိုသွားရတာလဲဗျာ}}
နေမင်းအနော်ရထာသည် ဤမျှအိုမင်းနေသော မိန်းမကြီးကို ဟိန် လေးဟု တယုတယခေါ်ချင်စိတ် မရှိတော့ပေ။ သူ့မျက်စိထဲ စွဲနေသော နုပျိုလှပသည့် ဟိန်ဒရီယာဒုပုံစံ ပျောက်ကွယ်နေသော အဘွားအိုကို တခြား တစ်ယောက်လို့ပဲ စိတ်ထဲကထင်မိ၏။ ချစ်သည့်စိတ်များလည်း မရှိတော့ပေ။ သူ့ချစ်သူသည် သူ့ရှေ့က ဤရွတ်တွနေသော အဘွားကြီးမဟုတ်။ နုပျိုသော ဟိန်ဒရီယာဒုသာဖြစ်၏။
]]ဪ ...ကိုကိုရယ်၊ ဟိန်လေးက ဟတ္တတိကဂြိုဟ်သူလေ။ ဟတ္တတိကဂြိုဟ်သူဟာ ဘယ်နေရာရောက်ရောက် ဟတ္တတိကရဲ့ အချိန်သတ် မှတ်ချက်အတိုင်း အိုမင်းရင့်ရော်တာပေါ့ ကိုကိုရဲ့။ ဟိန်လေးဖြင့် ကိုကိုတို့ကမ္ဘာ နဲ့ ဟိန်လေးတို့ ဟတ္တတိကတို့ အချိန်ကာလသတ်မှတ်ချက်ချင်း တူတယ် ထင်နေတာ။ တခြားအချက်အလက်တွေကိုသာ ဟိန်လေးလေ့လာမိတယ်။ အချိန်ကာလကို မေ့နေမိတယ် ကိုကို။ ကိုကိုလည်း ဒါကို သတိမရဘူး မဟုတ်လား}}
ဟိန်ဒရီယာဒု ပြောသည့်စကားများကို နေမင်းအနော်ရထာ မကြား တော့ပါ။
သူ့စိတ်ထဲမှာ သူနှင့်ဟိန်ဒရီယာဒုတို့ အင်တာနက်ထဲမှာ စတင် တွေ့ဆုံစဉ်မှ ယခုအထိ ဖြစ်ကြောင်းကုန်စင်ကို ပြန်တွေးကြည့်နေမိသည်။
သူနှင့် ဟိန်ဒရီယာဒု စတွေ့သည့်နေ့သည် သူ့အသက် ၁၉ နှစ် ပြည့်သည့်နေ့ ဟိန်ဒရီယာဒု အသက် ၁၈ နှစ်ပြည့်သည့်နေ့ ဖြစ်သည်။ သူ့ ၁၉ နှစ်ပြည့်မွေးနေ့နှင့် ဟိန်ဒရီယာဒု ၁၈ နှစ်မွေးနေ့တို့ တစ်နေ့တည်းထပ်၍ တိုက်ဆိုင်နေခြင်းဖြစ်သည်။ အဲသည်နောက်ပိုင်းမှာတော့ သူတို့အသက်သည် ကိုယ့်ဂြိုဟ်နှင့်ကိုယ် သတ်မှတ်ချက်များအတိုင်း ကွဲပြားသွားခဲ့ကြသည်။ ဒါကို နှစ်ယောက်စလုံးက သတိမထားမိခဲ့ခြင်းဖြစ်၏။
သူတို့ဆီမှာ အတန်းတစ်တန်းကို သုံးနှစ်တက်ရောက်ရခြင်းမှာလည်း စာသင်ချိန်နည်းပါး၍ ဖြစ်လိမ့်မည်။ သုံးနှစ်သင်မှ သင်ရိုးတစ်ခု ကုန်သည်မို့ သုံးနှစ်တစ်တန်း တက်ရောက်ရခြင်း ဖြစ်ပေမည်။
သူတို့ ရှုခင်းသာဂြိုဟ်ကိုလာဖို့ ချိန်း၍ထွက်ခွာလာချိန်တွင် နေမင်း အနော်ရထာအသက်က ၁၉ နှစ်ပြည့်ပြီးလို့ ၆ လပဲ စွန်းသေးသည်။ ထို ၆ လသည် ဟတ္တတိကဂြိုဟ်အတွက် ၆ နှစ်နှင့် သွား၍ညီနေပေရာ ဟိန်ဒရီယာ ဒု၏အသက်သည် (သူတို့ တွေ့စက ၁၈ နှစ်တွင် ၆ နှစ်ထည့်ပေါင်းတော့) ၂၄ နှစ်ရှိနေပြီဖြစ်၏။ ၁၈ နှစ်နှင့် ၂၄ နှစ် အသက်ကွာခြားမှုသည် မိန်းမသား တစ်ယောက်အတွက် သိပ်မသိသာသေးသည့်အတွက် နေမင်းအနော်ရထာ ထိုစဉ်က မရိပ်မိခဲ့ခြင်းဖြစ်၏။ သူက ဟိန်ဒရီယာဒု၏အလှသည် တဖြည်း ဖြည်း ရင့်ကျက်လာသည်ဟုပင် ထင်ခဲ့မိသေး၏။ တကယ်က သူတို့နှစ်ယောက် ဆက်သွယ်ရင်းမှ ဟိန်ဒရီယာဒု၏အသက်သည် တစ်လလျှင် တစ်နှစ်စာ အသက်ကြီးလာနေခြင်း ဖြစ်ပါသည်။
ယခု သူ့အသက်က ရှုခင်းသာဂြိုဟ်ကို လာရောက်သည့်ခရီးတာ ကာလ ၃ နှစ်ကို ထည့်ပေါင်းမှ ၂၂ နှစ်နှင့် ၆ လပဲရှိသေးသည်။
ဟတ္တတိကဂြိုဟ်မှထွက်ခွာလာစဉ်က အသက် ၂၄ နှစ်ရှိပြီဖြစ်သော ဟိန်ဒရီယာဒုသည် သူတို့ ပြက္ခဒိန်သတ်မှတ်ချက်အရ ၃၆ နှစ် အသက်ပိုကြီး လာပြီဖြစ်ရာ (၂၄+၃၆)= အသက် ၆၀ ရှိနေပေပြီ။
]]အောင်မယ်လေးဗျာ}}
သူတို့ဖြစ်အင်ကို စိတ်တွက်ဖြင့်တွက်ကြည့်ရင်း နေမင်းအနော်ရထာ က အလန့်တကြား အော်လိုက်မိလေသည်။
]]ဘာဖြစ်လို့လဲ ကိုကို။ ဟိန်လေးနဲ့တွေ့ရတာ ကိုကို ဝမ်းမသာဘူး လားဟင်}}
ဟိန်ဒရီယာဒုဆိုသော အဘွားအိုကြီးက သူ့အနားသို့ တိုးကပ်လာ ရင်း မေးလိုက်သည်။
နေမင်းအနော်ရထာက ကိုယ်ကိုရွှေ့၍ထိုင်လိုက်၏။
]]ဟင် ...ကိုကို၊ ဟိန်လေးကို အဘိုးကြီး၊ အဘွားကြီးဘ၀ရောက် တဲ့အထိ ချစ်နေမှာပါဆို။ ကိုကို ဟိန်လေးကို ချစ်တယ်မဟုတ်လားဟင်}}
နေမင်းအနော်ရထာ ဘာမှပြန်မပြောမိ။
ထိုစဉ် လေယာဉ်ကွင်းထဲမှ ကြေငြာသံက ထပ်၍ထွက်ပေါ်လာသည်။
]]ကမ္ဘာဂြိုဟ်ပေါ်သို့ ထွက်ခွာမည့်ဒုံးယာဉ်ဟာ မိနစ်ပိုင်းအတွင်းမှာ ထွက်ခွာတော့မှာ ဖြစ်ပါတယ်ရှင်။ ခရီးသည်တစ်ဦး လိုက်ပါရန် နေရာကျန်ရှိ ပါသေးတဲ့အတွက် လိုက်ပါလိုသူရှိပါက ယာဉ်ပေါ်သို့ချက်ချင်းတက်ရောက်ပြီး လိုက်ပါနိုင်ပါတယ်။ နောက်တစ်မိနစ်ကြာချိန်မှာ ဒုံးယာဉ်ထွက်ခွာတော့မှာ ဖြစ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်}}
]]ကိုကို၊ ဟိန်လေးတို့မနက်ဖြန်ပဲ လက်ထပ်ကြရအောင်နော်။ ဟိန် လေးလေ၊ ကိုကို့အတွက် သားသားမီးမီးလေးတွေ အများကြီး မွေးပေးချင်ပါ တယ် ကိုကို။ ဒါပေမဲ့ ဒီကိုလာတဲ့ လမ်းခရီးမှာတင် ဟိန်လေး သွေးဆုံး သွားပြီ ကိုကိုရဲ့}}
]]အောင်မယ်လေးဗျာ}}
နေမင်းအနော်ရထာက ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်သည်။
]]ကိုကို}}
သူသည် အိုမင်းရွတ်တွနေသော သူ့အဘွားအရွယ်ရှိသည့် ဟတ္တတိ က ဂြိုဟ်သူမကြီးကို နောက်ဆုံးအနေဖြင့် ကြည့်လိုက်သည်။ ဤအိုကြီး အိုမကြီးအပေါ် ချစ်ခင်စိတ် မည်သည့်အခါမှ ဖြစ်ပေါ်လာတော့မည်မဟုတ်ပါ။ သူ့ကိုကမ္ဘာဂြိုဟ်ပေါ် ခေါ်သွားလျှင်လည်း လမ်းခရီး၌ကြာချိန်သည် သူတို့ဂြိုဟ် အရ ၃၆ နှစ်ဆိုတော့ ဟိုရောက်ရင် အသက် ၉၆ နှစ်ရှိနေပေလိမ့်မည်။ လမ်းခရီးမှာတင် သေချင်သေသွားနိုင်သေးသည်။ ဘယ်လိုမှ ပေါင်းသင်းလို့ မဖြစ်အောင် ခြားနားသည့်ဘ၀များပါတကား။
သူက သူ့စိတ်ကို ရုတ်ခြည်းဆုံးဖြတ်ချက်ချလိုက်ကာ လေယာဉ်ကွင်း ထဲသို့ ပြေးထွက်ခဲ့လေသည်။
]]ကိုကို ...ကိုကို၊ ဘယ်သွားမလို့လဲ}}
သူသည် ထွက်လုဆဲ လူခေါ်နေသော ကမ္ဘာဂြိုဟ်သို့သွားမည့် ဒုံးယာဉ် ဆီသို့ တစ်ဟုန်ထိုး ပြေးခဲ့လေသည်။
]]ကိုကို ...ကိုကို၊ ဟိန်လေးလဲ လိုက်မယ်လေ}}
အဘွားအိုသည် ‘တုတ်ကောက်ကိုထောက်ကာ ယိုင်တိုင်ယိုင်နဲ့ဖြင့် ထလိုက်လာလေ၏။
နေမင်းအနော်ရထာက ထွက်လုဆဲဒုံးယာဉ်ပေါ်သို့ ပြေးတက်လိုက် လေသည်။
ယာဉ်ပေါ်သို့ သူရောက်သည်နှင့် ယာဉ်တံခါးက ပိတ်သွားလေသည်။
အာကာသယာဉ်မှူးသည် သူ့အနားသို့လျှောက်လာကာ နှုတ်ဆက် လိုက်သည်။
]]ခင်ဗျား သိပ်ကံကောင်းတာပဲ။ နောက်ယာဉ်တစ်စီးက နောက်ရက် တစ်ရာကြာမှ ထွက်မှာဗျ။ ကျွန်တော်တို့အတွက်လည်း ခရီးသည်အပြည့်ရမှ ကိုက်တာဗျ}}
]]အို ...စကားမရှည်စမ်းပါနဲ့ဗျာ။ ထွက်မှာသာမြန်မြန်ထွက်စမ်းပါ}}
အာကာသယာဉ်မှူးက စကားဖြတ်ကာ စက်ခန်းထဲ ဝင်သွားပြီး ဒုံးယာဉ်ကို မောင်းထွက်လိုက်လေသည်။
]]ကိုကို ...ကိုကို၊ ဟိန်လေးလည်း လိုက်မယ်လေ။ ဟိန်လေးကို ခေါ်ပါဦး}}
အဘွားကြီးက သနားစဖွယ်အော်ဟစ်ရင်း ဒုံးယာဉ်ရှိရာသို့ ပြေးလာ ဆဲ ဖြစ်သည်။
]]ကိုကို၊ ဟိန်လေးကို ချစ်တယ်ဆို။ အဘွားကြီးဖြစ်နေလည်း ချစ်နေမှာပါဆို။ ဟိန်လေးကိုခေါ်ပါဦး ကိုကိုရယ်}}
ဒုံးယာဉ်က မြေပြင်မှကြွတက်လိုက်ရာ တစ်စက္ကန့်လျှင် ကီလိုမီတာ တစ်သောင်းပြေးသည့်ယာဉ်မို့ အာကာသထဲသို့ ရွှတ်ခနဲရောက်သွားလေသည်။
အောက်မှ ရှုခင်းသာဂြိုဟ်၏မြင်ကွင်းမှာလည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေ၏။
နေမင်းအနော်ရထာက သက်ပြင်းကိုချလိုက်လေသည်။
                                                                    ဆောင်းလုလင်

ဆောင်းလုလင်-၏ စက်ရုပ်တစ္ဆေ နှင့် သိပ္ပံဝတ္ထုတိုများစာအုပ်မှ ကောက်နှုတ်တင်ပြသည်။

No comments: