Saturday, 18 August 2012

နွေတမာန် - ကောင်းရာသုဂတိလားပါစေ (၀တ္ထုတို)


နွေတမာန်
ကောင်းရာသုဂတိလားပါစေ

မစ္စတာအာဒစ်သည် အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆေးဝါးကုမ္ပဏီတစ်ခု လာရောက်ဖွင့်လှစ်လုပ်ကိုင်နေသော လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။
မစ္စတာအာဒစ်၏ဆေးဝါးလုပ်ငန်းမှာ အောင်မြင်မှုရသောကြောင့် သုံးနှစ်အတွင်းမှာပင် မြန်မာနိုင်ငံတဝှမ်းလုံးကို ဆေးဝါးများဖြန့်ချီနိုင်ခဲ့ပြီး အရောင်းကိုယ်စားလှယ်များလည်း ခန့်ထားနိုင်ခဲ့သည်။ အထက်မြန်မာပြည်တွင်ကုမ္ပဏီရုံးခွဲတစ်ခုကိုလည်း မန္တလေး၌ဖွင့်လှစ်နိုင်ခဲ့ပါသည်။
မစ္စတာအာဒစ်မှာ သဘောသက္ကာယကောင်းမွန်ပြီး ဝန်ထမ်းများအပေါ်တွင် ငဲ့ညှာထောက်ထားမှုရှိသောကြောင့် ဝန်ထမ်းများ၏ချစ်ခင်မှု ကိုလည်းခံရသည်။ မေတ္တာရောင်ပြန်ဟပ်ကာ လက်အောက်ဝန်ထမ်းများထံမှ ကူညီမှုများကိုလည်းရရှိခဲ့လေသည်။
မန္တလေးသို့ ကုမ္ပဏီရုံးခွဲသွားရောက်ဖွင့်လှစ်ရာတွင် မစ္စတာအာဒစ်က လက်ရှိရန်ကုန်ရုံးတွင် မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်နေသော ဦးသက်နိုင်ကို အထက်မြန်မာနိုင်ငံရုံးခွဲမန်နေဂျာအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။ ဦးသက်နိုင်မှာ မန္တလေးဇာတိဖြစ်ပြီး မန္တလေးတွင် ကိုယ်ပိုင်အိမ်လည်းရှိပြီးဖြစ်၍ အဆင်အပြေဆုံးအစီအစဉ်တစ်ခုပင်ဖြစ်လေသည်။
ဦးသက်နိုင်က ရုံးဖွင့်ရန်အဆောက်အဦးငှားရမ်းခြင်း၊ သက်ဆိုင်ရာများမှခွင့်ပြုမိန့်ရယူခြင်းများအတွက် မန္တလေးသို့ တစ်လခန့်ကြိုတင်သွား ရောက်ကာ လိုအပ်သည်များကိုဆောင်ရွက်ရသည်။
မန္တလေးတွင်ရုံးဖွင့်ခွင့်ရပြီးနောက် ဦးသက်နိုင်က မြို့ထဲနှင့်မလှမ်းမကမ်းမှ တိုက်ကြီးတစ်လုံးကို ရုံဖွင့်ဖို့ငှားရမ်းနိုင်ကြောင်း ငှားရမ်းခဈေးနှုန်း ဖော်ပြ၍ တိုက်အိမ်ကြီး၏ဓာတ်ပုံပါရိုက်ကာ အစီရင်ခံစာရေးပို့လိုက်သည်။
မစ္စတာအာဒစ် မန္တလေးလိုက်လာပြီး ဦးသက်နိုင်ငှားရန်စီစဉ်ထားသောတိုက်ကိုပင် ရုံးအဖြစ်ငှားရမ်းဖြစ်ခဲ့သည်။
တိုက်ကြီးမှာ အိုမင်းဟောင်းနွမ်းနေပြီး သက်တမ်းပင် ငါးဆယ် ကျော်နေပြီဖြစ်သည်။ သို့ရာတွင် … မြို့လည်ခေါင်၌ သီးခြားလုံးချင်းတိုက်ရရန် ခဲယဉ်းသဖြင့်လည်းကောင်း၊ တိုက်ပိုင်ရှင်မှာ အိန္ဒိယအမျိုးသားပင်ဖြစ်ပြီး မစ္စတာအာဒစ်နှင့် ကိုးကွယ်ရာဘာသာခြင်းတူသဖြင့်လည်းကောင်း …  ထို တိုက်အိုကြီးကိုပင် ရုံးဖွင့်ရန်ငှားဖြစ်ခဲ့လေသည်။ ဆေးကုမ္ပဏီဖြစ်ရာ သိုလှောင် ထားရမည့်ဆေးပစ္စည်းကိရိယာနှင့် ဝန်ပမာဏများပြားမှုကြောင့်လည်း လုံးချင်းတိုက်တစ်ခုလုံးမှသာ အဆင်ပြေမည်ဖြစ်၍ ထိုတိုက်ဟောင်းကြီးကို ပင်ငှားရမ်းခဲ့ခြင်းဖြစ်သည်။
တိုက်ကြီးကိုငှားပြီးသည်နှင့် ဆေးသုတ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း များလုပ်ရသည်။
ပြီးနောက်… မန္တလေးရုံးခွဲတွင်ခန့်ထားမည့် ဝန်ထမ်းများကို မစ္စတာအာဒစ်ရှိနေစဉ်မှာပင် ရွေးချယ်ရလေသည်။
ရတနာပုံသတင်းစာမှကြေငြာပြီး လျှောက်လွှာခေါ်ယူခဲ့သည်။ လူတွေ့မေးမြန်းခဲ့သည်။
ကုမ္ပဏီအတွက် အဓိကအရေးကြီးသောဝန်ထမ်းများမှာ…  ဆရာ ဝန်နှစ်ဦး၊ စီမံရေးရာ မန်နေဂျာတစ်ဦး၊ ဝန်ထမ်းရေးရာမန်နေဂျာတစ်ဦး၊ စာရင်းကိုင်တစ်ဦး၊ ဈေးကွက်မန်နေဂျာတစ်ဦးတို့ဖြစ်သည်။ ကျန်ဝန်ထမ်းများ ကတော့ ဆေးဖြန့်ချီရေးဝန်ထမ်းများ၊ စာရေးများနှင့် ဒရိုင်ဘာ၊ ညစောင့် အစရှိသော အငယ်တန်းဝန်ထမ်းများဖြစ်သည်။
မစ္စတာအာဒစ်နှင့်ဦးသက်နိုင်တို့က စီမံရေးရာမန်နေဂျာတစ်ဦးနှင့် ဝန်ထမ်းရေးရာမန်နေဂျာတစ်ဦးတို့ကို ဦးစွာရွေးချယ်ခန့်ထားလိုက်သည်။ ပြီးနောက်… ထိုအရာရှိနှစ်ဦးကိုပင်ပါဝင်စေကာ အခြားရာထူးများကို ရွေးချယ် ခန့်ထားခဲ့သည်။
မစ္စတာအာဒစ်မန္တလေးမှာရှိနေသည့်နှစ်ပတ်အတွင်းမှာပင် ဝန်ထမ်း ခန့်ထားခြင်းနှင့်ရုံးခွဲဖွင့်လှစ်ခြင်းများကို အပြီးအစီးဆောင်ရွက်နိုင်ခဲ့သည်။
ကုမ္ပဏီအတွက် ခန့်ထားသည့်ဝန်ထမ်းများထဲတွင် ယဉ်မြခိုင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ယဉ်မြခိုင်ကို စာရင်းကိုင်ရာထူးတွင်ခန့်ထားခဲ့ ခြင်းဖြစ်ပါသည်။ ဘီကွမ်းဘွဲ့ရ အယ်လ်စီစီအိုင်လယ်ဘယ်တူးအထိ အောင်မြင်ပြီးသားယဉ်မြခိုင်မှာ ကုမ္ပဏီအတွက် သင့်တော်သောဝန်ထမ်းတစ်ဦးပင် ဖြစ်ခဲ့လေသည်။
အထူးသဖြင့်… … ယဉ်မြခိုင်မှာ သွက်လက်ချက်ချာရုံမက၊ အင်္ဂလိပ် စကားအပြောအဆိုလည်း ကျွမ်းကျင်လှပေရာ နိုင်ငံခြားသားဖြစ်သော မစ္စတာ အာဒစ်နှင့် အထူးပင်အဖွဲ့ကျသွားခဲ့လေသည်။ မစ္စတာအာဒစ်က ယဉ်မြခိုင်ကို အခြားဝန်ထမ်းများထက်ထူးခြားကာ ခင်မင်မှုရှိခဲ့ပေသည်။
+ + + + + + + + +
ဆေးကုမ္ပဏီ၏လုပ်ငန်းများမှာ မန္တလေးတွင် အချိန်တိုတိုအတွင်း အောင်မြင်မှုရခဲ့သည်။ မစ္စတာအာဒစ်အနေနှင့်လည်း မန္တလေးရုံးခွဲ၏ဆောင် ရွက်ချက်များကို ရန်ကုန်ရုံးချုပ်ထက်ပင် ပို၍သဘောကျခဲ့လေ၏။
မန္တလေးမှဝန်ထမ်းများမှာ တာဝန်ကျေရုံမဟုတ်ပဲ၊ လုပ်ငန်းအောင် မြင်ရေးကို ကိုယ်ကျိုးစီးပွားသဖွယ် စေတနာထားလုပ်ကိုင်တတ်ကြောင်းကို မစ္စတာအာဒစ်နှုတ်မှထုတ်ဖော်ချီးမွန်းခဲ့ရ၏။ မန္တလေးသို့လည်း တစ်လ တစ် ကြိမ်၊ နှစ်လတစ်ကြိမ် လုပ်ငန်းများကြီးကြပ်ရင်း အလည်အပတ်ရောက်လာ တတ်သည်။
မစ္စတာအာဒစ်ရောက်လာတိုင်းလည်း ဝန်ထမ်းများက တာဝန်ရှိ၍ သာမဟုတ်ပဲ ဧည့်ဝတ်ကျေပွန်စွာဧည့်ခံကျွေးမွေးတတ်၍ မစ္စတာအာဒစ်မှာ မန္တလေးသူ မန္တလေးသားတို့၏ ဖော်ရွေဧည့်ဝန်ကျေမှုကို သဘောအကျကြီး ကျနေလေတော့သည်။ မန္တလေးပတ်ဝန်းကျင်တွင် သွားလာလည်ပတ်စရာ၊ လေ့လာစရာကလည်း များပြားလှ၍ တစ်ခေါက်နှင့်တစ်ခေါက် မရိုးရအောင် သွားလာလည်ပတ်ခွင့်ရနေခဲ့သည်။
မစ္စတာအာဒစ်လာရောက်သည့်အခါတိုင်း ဒိုင်ခံဧည့်ခံပေးရသူမှာ ယဉ်မြခိုင်ပင်ဖြစ်သည်။
ယဉ်မြခိုင်က အင်္ဂလိပ်စကားကိုလည်းကျွမ်းကျင်၊ သွက်လက်ချက် ချာမှုလည်းရှိ၍ မန္တလေးပတ်ဝန်းကျင်ကို သွားလာတိုင်း မစ္စတာအာဒစ်က ယဉ်မြခိုင်ကိုခေါ်သွားတတ်သည်။
မစ္စတာအာဒစ်က ]]ယဉ်ယဉ်၊ ယဉ်ယဉ်}} ဟူ၍ နှုတ်ဖျားကမချသလို၊ ယဉ်မြခိုင်ကလည်း ]]အန်ကယ်၊ အန်ကယ်}}နှင့် စကားတွေဖောင်နေ တတ်ပေသည်။ ယဉ်မြခိုင်တို့ အိမ်ကိုပင်အဝင်အထွက်ရှိကာ မိဘများနှင့် မိတ်ဆက်ပေးပြီး မြန်မာအစားအစာများချက်ပြုတ်ဧည့်ခံကျွေးသောကြောင့် မစ္စတာအာဒစ်နှင့်ယဉ်မြခိုင်မိဘများလည်း ခင်မင်ရင်းနှီးလာခဲ့သည်။
+ + + + + + + + +
ကံကြမ္မာအပြောင်းအလဲဖြစ်လာသည်မှာ မန္တလေးတွင် ရုံးခွဲဖွင့်လှစ်ပြီး တစ်နှစ်ခွဲအကြာတွင်ဖြစ်သည်။
ထိုအဖြစ်ဆိုးကြီးမဖြစ်မီက ယဉ်မြခိုင်ပြောစကားများကို မစ္စတာ အာဒစ်ပြန်လည်ကြားယောင်ရင်း မကြာမကြာ နောင်တရယူကြုံးမရဖြစ်ရ လေသည်။
]]အန်ကယ်၊ ယဉ်တို့ရုံးဖွင့်ထားတဲ့အဆောက်အဦးကြီးက သိပ်အိုသိပ်ဟောင်းနေပြီအန်ကယ်၊ တခြားအဆောက်အဦးတစ်ခုကို ပြောင်းရင် ကောင်းလိမ့်မယ်အန်ကယ်}}
]]ဒီတိုက်ကြီးက မြို့ထဲက နေရာကောင်းမှာရှိနေလို့ အန်ကယ်လည်း ဆက်ငှားထားတာပါယဉ်ယဉ်၊ ဒါ့ထက်ကောင်းတဲ့အဆောက်အဦးရှိရင်လည်း ပြောင်းဖို့ရွှေ့ဖို့ ဦးသက်နိုင်ကိုပြောထားပါတယ်၊ ယဉ်ယဉ်က ဘာကိုသဘော မကျလို့လဲ}}
]]တိုက်အိမ်ကြီးက ယဥ့်ဖေဖေအသက်ထက်တောင် ကြီးနေပြီ အန်ကယ်ရဲ့၊ အိုတော့ဟောင်းတော့ကာ ရုံးခန်းအတွက် မျက်နှာမလှဘူးပေါ့၊  အပြင်ပန်းက ဘယ်လောက်ပဲဆေးသုတ်ထားထား ဟောင်းတာဟောင်းတာ ပဲလေ၊ တိုက်မျက်နှာစာက ၁၉၅၅ဆိုတဲ့စာတန်းကြီးကကို ဒီတိုက်ကြီးရဲ့ သက်တမ်းကိုဖော်ပြနေတာပဲ၊ ယဉ်တို့ကုမ္ပဏီက အောင်မြင်နေပြီ၊ လူသိများ နေပြီလေ၊ အဆောက်အဦးသစ်သစ်လွင်လွင်လေးနဲ့ဆို ပိုကောင်းတာပေါ့ အန်ကယ်ရဲ့}}
]]ကောင်းပါပြီယဉ်ယဉ်ရယ်၊ ဒါဖြင့်… …  ဒီနှစ်စာချုပ်စေ့ရင် နေရာသစ် ပြောင်းနိုင်အောင် ဦးသက်နိုင်ကို တိုက်သစ်တစ်လုံးရှာထားဖို့ ဖိအားပေးခဲ့ မယ်နော်၊ ယဉ်ယဉ်တို့ဝန်ထမ်းတွေလည်း သင့်တော်တဲ့တိုက်တွေ့ရင် ငှားဖို့ စုံစမ်းကြပေါ့ကွယ်}}
မစ္စတာအာဒစ် မန္တလေးသို့ နောက်ဆုံးလာစဉ်က ယဉ်မြခိုင်နှင့် ပြောခဲ့သောစကားများဖြစ်ပါသည်။
မစ္စတာအာဒစ်သည် ယဉ်မြခိုင်ပြောခဲ့သောစကားများကိုကြားယောင် ရင်း မျက်ရည်စို့၍လာလေသည်။
]]ယဉ်ယဉ်ရေ…  အန်ကယ့်ကိုခွင့်လွှတ်ပါကွယ်၊ ယဉ်ယဉ်မကြိုက်တဲ့ တိုက်အိုတိုက်ဟောင်းကြီးကပဲ ယဉ်ယဥ့်အသက်ကိုချွေယူလိုက်ပြီ၊ ဖြစ်ရလေ ကံဆိုးမလေးယဉ်ယဉ်ရယ်}}
မစ္စတာအာဒစ်က လေယာဉ်ထက်မှနေ၍ မန္တလေးမြို့ရှုခင်းကို ငုံ့ကြည့်ရင်း နှုတ်မှအသံထွက်ရေရွတ်လိုက်လေသည်။
ညကမက်ခဲ့သောအိပ်မက်ကိုလည်း ပြန်သတိရလိုက်သည်။ အိပ်မက် ထဲမှ ယဉ်မြခိုင်၏တောင်းပန်စကားများကလည်း မစ္စတာအာဒစ်နားထဲတွင် ပျံ့လွင့်လာလေသည်။
+ + + + + + + + +
ကုမ္ပဏီရုံးကို တိုက်အိုကြီး၏အောက်ထပ်တွင်ဖွင့်ထားပြီး အရာရှိ များ၊ ဝန်ထမ်းများအားလုံး အောက်ထပ်၌ပင် ရုံးလုပ်ငန်းများလုပ်ဆောင်ကြ ပါသည်။
အပေါ်ထပ်ကိုတော့ စတိုခန်းအဖြစ်သာ အသုံးပြုခဲ့ပါသည်။ ဆေးကုမ္ပဏီဖြစ်၍ အမျိုးမျိုးသောဆေးများ၊ ဆေးဝါးဆိုင်ရာကိရိယာများကို အပေါ်ထပ်မှ အခန်းကြီးသုံးခန်းတွင် သူ့အကန့်နှင့်သူ သိုလှောင်ထားပါ သည်။ လုပ်ငန်းအရှိန်ရသွက်လက်နေပြီဖြစ်၍ ကုန်ပစ္စည်းအဝင်အထွက်က လည်း မနည်းလှချေ။
အမြဲတစေ ကုန်စည်စီးဆင်းနေသောကုမ္ပဏီများ ထုံးစံအတိုင်း ကုန်ပစ္စည်းသိုလှောင်မှုကို ပစ္စည်းထိန်းမှူးခေါ်ဂိုဒေါင်မှူးက တာဝန်ယူရ သည်။
အသစ်ဝင်လာသောကုန်ပစ္စည်းများ ဂိုဒေါင်အတွင်းသိမ်းဆည်းခြင်း နှင့် ဂိုဒေါင်မှပစ္စည်းများထုတ်ပေးခြင်းများကို ပစ္စည်းထိန်းမှူးနှင့်ဈေးကွက် မန်နေဂျာတို့က တာဝန်ယူရသည်။ တစ်ပတ်လျှင်တစ်ကြိမ် ဂိုဒေါင်မှလက်ကျန် ပစ္စည်းများကို စာရင်းကိုင်ဖြစ်သူယဉ်မြခိုင်က မျက်မြင်စစ်ဆေးခြင်းပြုလုပ် ရပါသည်။
ရက်သတ္တပါတ်၏နောက်ဆုံးရုံးတက်ရက်ဖြစ်သော သောကြာနေ့ တိုင်း ယဉ်မြခိုင်သည် ဂိုဒေါင်မှူးနှင့်အတူ လက်ကျန်ပစ္စည်းများကို စာရင်း နှင့်ကိုက်မကိုက် မျက်မြင်စစ်ဆေးသည်။
ထိုနေ့ကလည်း ညနေသုံးနာရီအချိန်တွင် ကုန်ပစ္စည်းများ မျက်မြင် စစ်ဆေးရန် ယဉ်မြခိုင်နှင့် ဂိုဒေါင်မှူးတို့ အပေါ်ထပ်သို့တက်ခဲ့သည်။ ယဉ်မြ ခိုင်၏လက်ထောက်ဖြစ်သော စာရေးမလေးလှလှမွန်လည်း ပါလာသည်။
ပစ္စည်းသိုလှောင်သည့်အခန်းသုံးခန်းတွင် နှစ်ခန်းမှပစ္စည်းများမှာ အမြဲအဝင်အထွက်ရှိနေသော ဆေးဝါးများဖြစ်သည်။ ယဉ်မြခိုင်နှင့်လှလှမွန်က ထိုအခန်းနှစ်ခန်းမှပစ္စည်းများကို ထုံးစံအတိုင်း အရင်စစ်ဆေးလိုက်၏။
ပြီးမှ… … နောက်ဆုံးအခန်းထဲမှပစ္စည်းများကိုစစ်ဆေးသည်။ ထို အခန်းထဲမှပစ္စည်းများမှာ ယခုအပတ်အတွင်း အဝင်အထွက်မရှိပါ၍ ယခင် fစာရင်းအတိုင်းပင်ဖြစ်ပါသည်။ အခန်းကိုလည်း သော့ခတ်ထားသည်မို့ အမှန် စင်စစ် စစ်ဆေးမှုမလုပ်လျှင်လည်းရပါသည်။ သို့သော်... ယဉ်မြခိုင်က စည်းကမ်းအတိုင်း တသွေမတိမ်းဆောင်ရွက်တတ်သူဖြစ်၍ စစ်ဆေးခြင်း ပြုခဲ့လေသည်။
ဂိုဒေါင်မှူးက အခန်းသော့ကိုဖွင့်ပေးခဲ့ပြီး ]]ကျွန်တော်အိမ်သာတက် ချင်လို့၊ မယဉ်တို့ စစ်နှင့်ပါ}}ဆိုကာ အောက်ထပ်ပြေးဆင်းသွားလေသည်။
ယဉ်မြခိုင်နှင့်လှလှမွန်တို့ အခန်းတွင်းသို့ဝင်ခဲ့ကြလေ၏။
ယဉ်မြခိုင်က အခန်းအစွန်ထိလျှောက်သွားကာ အလင်းရောင်ရစေရန် ပိတ်ထားသောပြတင်းပေါက်ကိုဖွင့်လိုက်သည်။
ထိုအချိန်မှာပင် လေးလံသောပစ္စည်းများထားသည့်အခန်း၏ အုတ် ကြမ်းပြင်မှာ တအိအိနိမ့်ဆင်းသွားသည်ကို သတိပြုမိလိုက်သည်။
အခန်းပေါက်နှင့်နီးသောလှလှမွန်က ကြောက်လန့်တကြားဖြင့် အခန်းထဲမှပြန်ထွက်လိုက်သည်။ နှုတ်မှလည်း ]]မမယဉ်၊ မမယဉ်အမြန်ထွက် ခဲ့}}ဆိုကာ ယဉ်မြခိုင်ကိုလှမ်းခေါ်လိုက်၏။
အခန်းကြမ်းပြင်ကြီး ညွှတ်ကျလာသည်နှင့် အောက်ထပ်မှဝန်ထမ်း များကလည်း အုတ်ကျိုးအုတ်ပဲ့များပြိုဆင်းလာသောကြောင့် ချက်ချင်းသိလိုက် ကာ အော်သူအော်၊ ပြေးသူပြေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားလေသည်။
အိမ်သာထဲမှထွက်လာသည့်ဂိုဒေါင်မှူးလည်း အပေါ်ထပ်အမြန် ပြေးတက်လာသည်။
]]အခန်းထဲမှာ မယဉ်တို့ရှိတယ်၊ မယဉ်၊ လှလှမွန်}}
အမျိုးသားဝန်ထမ်းအချို့ပါ အပေါ်ထပ်သို့ပြေးတက်လာကြသည်။
သို့သော်... အားလုံးအပေါ်အရောက်တွင် လှလှမွန်တစ်ယောက်ကိုသာ အခန်းအပြင်တွင် ကြောင်တောင်တောင်ရပ်နေသည်ကို မြင်လိုက်ကြ ရ၏။ တအိအိညွှတ်ကျနေရာမှ ကြမ်းပြင်သည် အခန်းတွင်းမှ လေးလံသော ပစ္စည်းများဒဏ်ကိုမခံနိုင်ပဲ ရုတ်တရက်ပြိုကျသွားသည်မှာ မြန်ဆန်လှပေ တော့သည်။
ယဉ်မြခိုင်သည် အခန်းထဲမှပြန်မထွက်နိုင်ပဲ ပြိုကျသောအုတ်ကြမ်း ခင်းနှင့်အတူ အောက်ထပ်သို့လိမ့်ကျသွားလေသည်။
လူအများ၏အော်ဟစ်သံ၊ ထိတ်လန့်တကြားအော်သံများက ပွက် လောရိုက်သွားလေတော့သည်။ ထိုအသံများကြားထဲတွင် အပေါ်ထပ်မှပစ္စည်း များပြိုကျလာသောအသံကြီးက အကျယ်ဆုံးနှင့်အဆိုးဆုံးဖြစ်လေ၏။
ရှေးတိုက်ကြီးမို့ တစ်ထပ်နှင့်တစ်ထပ်အတော်ဝေးကွာအောင် မြင့်မြင့် မားမားဆောက်လုပ်ထားပေရာ ကျသည့်အရှိန်ကလည်း ပြင်းသည်။ ယဉ်မြခိုင် သည် အလွန်မြင့်သောနေရာမှကျသွားရုံမက သူမကိုယ်ပေါ်တွင်လည်း လေးလံသောပစ္စည်းကိရိယာများပိကုန်လေသည်။ ယဉ်မြခိုင်ကို ပစ္စည်းများ ပိနေသည့်ကြားမှ အတန်ကြာဆွဲထုတ်ယူရလေသည်။
သို့သော်…  ယဉ်မြခိုင်ကိုဆွဲထုတ်လို့ရချိန်တွင် အသက်ပါမလာတော့ပါ။
ထိတ်လန့်ချောက်ခြားဖွယ်ထိုဖြစ်ရပ်ကြီးကို ချက်ချင်းပင် ရန်ကုန်ရုံးချုပ်သို့ ဖုန်းဆက်အကြောင်းကြားလိုက်ရလေသည်။
+ + + + + + + + +
]]အန်ကယ် ယဥ့်ကိုအလုပ်ဖြုတ်မပစ်ပါနဲ့နော်၊ ယဉ် အန်ကယ့် ကုမ္ပဏီမှာအလုပ်လုပ်ရတာပျော်တယ်၊ ယဥ့်ကိုအလုပ်မဖြုတ်ပါနဲ့အန်ကယ် ရယ်၊ ယဥ့်တာဝန်ကို ယဉ်ကျေအောင် ထမ်းဆောင်ပါ့မယ်၊ ယဥ့်ကိုသနားရင် အလုပ်မဖြုတ်ပါနဲ့အန်ကယ်ရယ်}}
သူမကိုအလုပ်မဖြုတ်ဖို့ အထပ်ထပ်တောင်းပန်နေသည့်ယဉ်မြခိုင် ကိုကြည့်ရင်း မစ္စတာအာဒစ်က ကတိပေးလိုက်လေသည်။
]]ယဉ်ယဉ်က တာဝန်ကျေတဲ့ဝန်ထမ်းကောင်းတစ်ယောက်ပဲ၊ ယဉ် ယဉ်အလုပ်ကြိုးစားတာကို အန်ကယ်ကိုယ်တိုင်အသိအမှတ်ပြုထားတာပဲ၊ ယဉ် ယဥ့်ကိုဘယ်တော့မှ အလုပ်ဖြုတ်မပစ်ပါဘူးကွယ်}}
မစ္စတာအာဒစ်က ပြန်ပြောလိုက်သည့်အခါ ယဉ်မြခိုင်၏ညှိုးနွမ်းနေသောမျက်နှာလေးမှာ ဝင်းပသွားလေသည်။
]]တကယ်နော်အန်ကယ်၊ ယဥ့်ကိုအလုပ်မဖြုတ်ရဘူးနော်၊ ကတိပေးနော်}}
]]ကတိပေးပါတယ်ကွယ်၊ ယဉ်ယဥ့်ကို အလုပ်ဖြုတ်မပစ်ပါဘူး၊ အန်ကယ်ကတိပေးပါတယ်ယဉ်ယဉ်}}
မစ္စတာအာဒစ်မက်ခဲ့သောအိပ်မက်မှာ အထက်ပါအတိုင်းဖြစ်ပါ သည်။ အိပ်မက်မှလန့်အနိုးတွင် မစ္စတာအာဒစ်ပြန်အိပ်မရပဲ စိတ်မကောင်း ဖြစ်နေသည်။
ညနေခင်းက မန္တလေးမှဖုန်းဆက်အကြောင်းကြား၍ စတိုခန်းပြုလုပ်ထားသောအပေါ်ထပ်ပြိုကျသွားသည့်အတွက် ယဉ်မြခိုင်ပွဲချင်းပြီးသေဆုံး သွားကြောင်းသတင်းကိုရပြီးသည့်မစ္စတာအာဒစ်သည် အိပ်မက်ထဲမှာ အလုပ်ထုတ်မပစ်ဖို့တောင်းပန်နေသည့်ယဉ်မြခိုင်ကို သနားနေမိသည်။
နောက်တစ်နေ့မနက်စောစောထွက်သည့်လေယာဉ်ဖြင့် မန္တလေးသို့ လိုက်လာရာတွင်လည်း အိပ်မက်ကိုသတိရကာ ယဉ်မြခိုင်မျက်နှာကိုမြင်ယောင် ရင်း စိတ်မကောင်းဖြစ်နေရလေ၏။
]]အန်ကယ် မင်းကိုအလုပ်ထုတ်မပစ်ပါဘူးကွယ်၊ ယဉ်ယဉ်ဟာ မန္တလေးရုံးခွဲမှာ အန်ကယ်အားအကိုးရဆုံးနဲ့ အခင်မင်ရဆုံး ဝန်ထမ်းကောင်း တစ်ယောက်ပါ၊ ဝန်ထမ်းကောင်းတစ်ယောက်ကို အန်ကယ်က ဘာလို့ အလုပ်ထုတ်ပစ်ရမှာလဲကွယ်}}
+ + + + + + + + +
ရုံးကိုရောက်သည်နှင့် မစ္စတာအာဒစ်က ပြိုကျသွားသောအဆောက်  အဦးအစိတ်အပိုင်းကိုစစ်ဆေးသည်။ ပြိုကျသောအထက်ထပ်၏ အောက်တည့်တည့်နေရာမှာ မော်တော်ဆိုင်ကယ်များသိမ်းသည့်အခန်းဖြစ်နေသည်။ ဆေးပစ္စည်းဖြန့်သည့် အရောင်းဝန်ထမ်းများကို ဆိုင်ကယ်ဖြင့်ပစ္စည်းဖြန့်စေရာ ကုမ္ပဏီပိုင် မော်တော်ဆိုင်ကယ်(၈)စီးရှိပေသည်။ အရောင်းဝန်ထမ်းများ တာဝန်ချိန်ပြီးဆုံးပါက ဆိုင်ကယ်များကို ရုံးတွင်ထားခဲ့ရသည်။ ပြိုကျသော အခန်းအောက်တည့်တည့်အခန်းမှာ ဆိုင်ကယ်များသိမ်းသည့်အခန်းဖြစ်ပါ၏။
ကံကောင်းထောက်မစွာပင် အပေါ်ထပ်ပြိုကျချိန်တွင် ဆိုင်ကယ် များတစ်စီးမှပြန်မရောက်သေး။ အောက်ထပ်အတွက် အထိအခိုက်အပျက် အစီးတစ်စုံတစ်ရာမဖြစ်ခဲ့ချေ။
မစ္စတာအာဒစ်က ပြိုကျပျက်စီးမှုကိုကြည့်ပြီး လုပ်ကြံမှုမဟုတ်၊ မတော်တဆဖြစ်ရပ်အဖြစ် အတည်ပြုလိုက်သည်။
အဆောက်အဦးအိုမင်းနေပြီဖြစ်၍ ရုံးခန်းအသစ်ငှားဖို့ အကြံပြု ခဲ့သောယဉ်မြခိုင်ကိုသတိရကာ စိတ်မကောင်းဖြစ်ရသည်။
မစ္စတာအာဒစ် အပျက်အစီးများကို စစ်ဆေးပြီးသည်နှင့် ဝန်ထမ်း ရေးရာမန်နေဂျာဒေါ်အေးအေးမူက ပရင့်ထုတ်ထားသောစာရွက်တစ်ရွက်ကို လက်မှတ်ထိုးရန် ရှေ့တွင်ချပေးသည်။
]]ဒါ ဘာစာလဲ အိပ်ခ်ျအာရ်အမ်}}
မြန်မာလိုရိုက်နှိပ်ထားသောစာရွက်ကိုကြည့်၍ မစ္စတာအာဒစ်က မေးလိုက်သည်။ အိပ်ခ်ျအာရ်အမ် HRM ဆိုသည်မှာ ဒေါ်အေးအေးမူ၏ရာထူး  Human Resources Managerဝန်ထမ်းရေးရာမန်နေဂျာကို အတိုကောက် ခေါ်လိုက်ခြင်းဖြစ်သည်။
]]အမိန့်ပြန်တမ်းပါမစ္စတာ}}
]]ဘာအတွက်အမိန့်ပြန်တမ်းလဲ}}
ဒေါ်အေးအေးမူက ယဉ်မြခိုင်သေဆုံးပြီဖြစ်၍ ဤကုမ္ပဏီမှထုတ် ပယ်ပစ်လိုက်ပြီဖြစ်ကြောင်းကို ရိုက်နှိပ်ထားသည့်စာဖြစ်ကြောင်းရှင်းပြသည်။
]]အိုး- ယဉ်ယဥ့်ကိုအလုပ်ထုတ်တဲ့စာ၊ ကျွန်ုပ်လက်မှတ်မထိုးနိုင် ဘူး အိပ်ခ်ျအာအမ်၊ ယဉ်ယဉ်ဟာသေဆုံးသွားပြီပဲ၊ အလုပ်ထုတ်စာ ထုတ် စရာလည်းမလိုတော့ပါဘူး၊ သူမှမရှိတော့ပဲ}}
မန်နေဂျာဦးသက်နိုင်က ဝန်ထမ်းတစ်ဦးတာဝန်ထမ်းဆောင်စဉ် ကွယ်လွန်ပါက ဤကဲ့သို့ပင် အလုပ်မှထုတ်ပယ်ပြီး၊ သွားလိုရာသွားလို ကြောင်း အမိန့်ပြန်တမ်းကို အလုပ်ရှင်ကထုတ်ပြန်ရပါကြောင်း ဝင်၍ရှင်းပြ သည်။
]]နိုး၊ နိုး၊ ဒါတွေကို ကျွန်ုပ်နားမလည်ဘူး၊ ကျွန်ုပ်အိပ်မက်ထဲမှာ ယဉ်ယဉ်က ကျွန်ုပ်ကိုလာတောင်းပန်လို့ သူ့ကိုအလုပ်ဖြုတ်မပစ်ပါဘူးလို့ ကျွန်ုပ်ကတိပေးလိုက်ပြီ၊ သေသူကိုပေးတဲ့ကတိကို ကျွန်ုပ်လိုက်နာရမယ်၊ ဒီအပေါ်မှာလက်မှတ်မထိုးလို့ ဘာမှဖြစ်မသွားပါဘူး၊ ကျွန်ုပ်လက်မှတ်မထိုး ပါရစေနဲ့}}
မစ္စတာအာဒစ် ခါးခါးသီးသီးငြင်းဆန်နေသည့်အတွက် ဒေါ်အေး အေးမူက အမိန့်ပြန်တမ်းကိုပြန်ယူကာ ယဉ်မြခိုင်၏ကိုယ်ရေးကိုယ်တာဖိုင် တွဲထဲတွင် ထည့်သိမ်းထားလိုက်ရသည်။
သို့ဖြင့်¼¼¼ ယဉ်မြခိုင်အသုဘချရာတွင် အမိန့်ပြန်တမ်းပါမသွား ခဲ့ချေ။
တကယ်တော့ ဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်စဉ်ကွယ်လွန်ပါ က အမိန့်ပြန်တမ်းထုတ်ရသည်မှာ ထုံးစံဖြစ်ပါသည်။ ပြန်တမ်းကို အသုဘ အခန်းအနားတွင် လက်မှတ်ထိုးသူ အရာရှိကိုယ်တိုင်သော်လည်းကောင်း၊ အခြားအရာရှိတစ်ဦးဦးက ကိုယ်စားသော်လည်းကောင်း ဖတ်ရသည်။ မဖတ်လျှင်လည်း အခေါင်းထဲသို့ထည့်ပေးလိုက်ရပါသည်။
မစ္စတာအာဒစ်မှာ နိုင်ငံခြားသားဖြစ်ပြီး သူတို့ဆီတွင် ဤကဲ့သို့ ထုံးစံမရှိလို့ပဲလားမသိ။ လက်မှတ်ထိုးရန်ငြင်းဆန်နေပါသဖြင့် မန္တလေးရုံးခွဲ အရာရှိများလည်း ဆက်လက်မတိုက်တွန်းတော့ပဲ သည်အတိုင်းထားလိုက် ခြင်းဖြစ်လေသည်။
+ + + + + + + + +
မည်သို့ပင်ဆိုစေ…  ယဉ်မြခိုင်နေရာတွင် ဝန်ထမ်းလစ်လပ်သွား ပြီဖြစ်သည့်အတွက် စာရင်းကိုင်တစ်ယောက်ကို အစားထိုးခန့်ထားရမည် ဖြစ်ပါသည်။  ဦးသက်နိုင်နှင့်ဒေါ်အေးအေးမူတို့က တောင်းဆိုသောကြောင့် ယဉ်မြခိုင် ရက်လည်သည်အထိနေရင်း မစ္စတာအာဒစ်က ဝန်ထမ်းအသစ်ကို အင်တာဗျူးပေးခဲ့သည်။
တင်တင်ချိုဆိုသည့်အမျိုးသမီးလေးကို ယဉ်မြခိုင်နေရာတွင် ခန့်ထားဖြစ်ခဲ့၏။ တင်တင်ချိုမှာလည်း ယဉ်မြခိုင်ကဲ့သို့ပင် ဘီကွမ်းဘွဲ့ရ ဖြစ်ကာ အယ်လ်စီစီအိုင် လယ်ဘယ်တူးအထိ အောင်ထားပြီးသူပင်ဖြစ်၏။
မစ္စတာအာဒစ်က တာဝန်ထမ်းဆောင်စဉ်သေဆုံးခြင်းဖြစ်သည့် အတွက် ယဉ်မြခိုင်အတွက်လျော်ကြေးကို ယဉ်မြခိုင်မိဘများအား ပေးအပ်ခဲ့ ပါသည်။
ယဉ်မြခိုင်ရက်လည်ပြီးမှပင် မစ္စတာအာဒစ်ရန်ကုန်ပြန်သွားလေ၏။
+ + + + + + + + +
ရက်လည်ပြီးချိန်မှစ၍ ယဉ်မြခိုင်၏မကျွတ်လွတ်သောဝိညာဉ်က အစွမ်းအစများပြလေတော့သည်။
တင်တင်ချိုသည် ယဉ်မြခိုင်ထားခဲ့သောစာရင်းဇယားများကိုလေ့လာကာ ယဉ်မြခိုင်နည်းစံနစ်အတိုင်းဆက်လက်လုပ်ဆောင်ခဲ့ပေသည်။ သို့ရာတွင် တင်တင်ချိုတစ်နေ့တာလုပ်ဆောင်ထားခဲ့သောစာရင်းဇယားများမှာ နောက်တစ်နေ့ရုံးတက်လို့ ကွန်ပြူတာဖွင့်ကြည့်လျှင် တစ်မျိုးဖြစ်နေတတ်သည်။ အစပိုင်းတွင် တင်တင်ချိုသတိမထားမိ။ နောင်တွင် သံသယဝင်လာ၍ ကွန်ပြူတာကို ပတ်စ်ဝါ့ဒ် Pass Word လုပ်ပြီး အပြင်လူဖွင့်မရအောင် သော့ခတ် ထားခဲ့သည်။ ပတ်စ်ဝါ့ဒ်ခေါ် တစ်ကိုယ်တည်းသာသိသည့်လျှို့ဝှက်စာလုံးကို ဘယ်သူ့မှမပြောပဲ မိမိတစ်ကိုယ်တည်းမှတ်သား ထားခြင်းဖြစ်သည်။ Pass Word  သိသူသာ ကွန်ပြူတာကိုဖွင့်နိုင်သည့်နည်းဖြစ်သည်။
သို့သော်… တင်တင်ချိုလုပ်ခဲ့သည့်စာရင်းဇယားများမှာ နောက်တစ် နေ့ရောက်လျှင် ပြင်ထားပြီးသားချည်းဖြစ်နေတတ်၏။ အစပိုင်းတွင် စာရင်း ဇယားများကွန်ပြူတာအတွင်းဖြည့်သွင်းခြင်းကို ပို၍ကောင်းအောင်၊ ပို၍ မှန်ကန်အောင်၊ ပို၍စံနစ်ကျအောင် ပြင်ထားပေးခြင်းဖြစ်၏။ နောက်ပိုင်းတွင်မူ စာရင်းဇယားများအတွင်း၌ သဘာဝမကျသောကိန်းဂဏန်းများ၊ မဖြစ်နိုင်သောအရေအတွက်များ ရေးသွင်းထားသည်ကို တွေ့လာရသည်။ စာရင်းဇယားကိုကွန်ပြူတာဖြင့်ရေးဖြည့်ရာတွင် အတွက်အချက်များအတွက် အလွယ်တကူပြီးမြောက်စေရန် ဖော်မြူလာကိုပုံသေချပြီး ကွန်ပြူတာထဲတွင် ထိန်းသိမ်းထားသည့်နည်းစံနစ်တစ်မျိုးရှိပါသည်။ ဥပမာ- ပစ္စည်းတစ်ခု၏ တန်ဖိုးနှင့်ပစ္စည်းအရေအတွက်မြှောက်လျှင် ရမည့်ရလဒ်ကို ချမြှောက်စရာ မလိုပဲ မြှောက်ပြီးသားအဖြေကို အလိုအလျှောက်ပေါ်လာစေရန် ဖော်မြူလာ ချထားခြင်းမျိုးဖြစ်သည်။
နောက်ပိုင်းတွင် တင်တင်ချိုစီစဉ်ထားသောဖော်မြူလာများကို တစ်လွဲတချော်ဖြစ်အောင်ပြင်ဆင်ထားသည်များကို တွေ့လာရလေ၏။
တင်တင်ချိုက သူမ၏အတွေ့အကြုံများကို မန်နေဂျာဦးသက်နိုင်နှင့်ဝန်ထမ်းရေးရာမန်နေဂျာဒေါ်အေးအေးမူတို့ကိုတင်ပြခဲ့သည်။
ဦးသက်နိုင်နှင့်ဒေါ်အေးအေးမူကလည်း သူတို့ကိုယ်တိုင် ကွန်ပြူတာ ကို စစ်ဆေးကာ စောင့်ကြည့်ခဲ့သည်။ တင်တင်ချိုပြောသည့်အတိုင်းမှန်ကန် ကြောင်းတွေ့ရလေ၏။ ထိုပြသနာကိုဘယ်လိုဖြေရှင်းရမှန်းမသိကြတော့။ ဘယ်သူ့လက်ချက်မှန်းလည်း ခန့်မှန်းလို့မရဖြစ်နေခဲ့သည်။
နောက်ပိုင်းတွင် တင်တင်ချို့ကို လူကိုယ်တိုင်ထိခိုက်အောင် အနှောက်အယှက်ပေးလာတော့မှ ယဉ်မြခိုင်၏မကျွတ်လွတ်သောဝိညာဉ်ဖြစ် မှန်းသိလာရလေသည်။
တင်တင်ချိုအိမ်သာတက်နေချိန်တွင် အိမ်သာတခါးကို အပြင်မှ ဂျက်ချထားသည်။ တင်တင်ချို အပြင်သို့လှမ်းအော်ကာ အကူအညီတောင်း ၍ အိမ်သာထဲမှထွက်ရသည်။
တင်တင်ချိုထမင်းစားပြီး၍ ပန်းကန်ဆေးချိန်တွင် ရေနှင့်ပက်လွှတ် သည်။ ရေပက်သူကိုမမြင်ရပဲ ရေပက်ခံလိုက်ရ၍ တင်တင်ချိုတစ်ကိုယ်လုံး စိုရွှဲသွားခဲ့လေသည်။
နောင်တွင် တဖြည်းဖြည်းပိုဆိုးလာကာ တင်တင်ချိုထမင်းစားနေ ချိန်တွင် စားတော့မည့်ထမင်းလုပ်ကိုပုတ်ချတာမျိုး၊ ထမင်းဗူးကိုမှောက်ပစ် ထားတာမျိုးတွေကြုံလာရ၏။
တင်တင်ချို့ကိုချည်းမဲ၍ချောက်လှန့်အနှောက်အယှက်ပေးနေပုံကို ထောက်ကာ ယဉ်မြခိုင်မကျွတ်မလွတ်ပဲ နာနာဘာဝအဖြစ်နှင့် ရုံးတွင်စွဲကပ် နှောက်ယှက်နေခြင်းဖြစ်ကြောင်းရိပ်မိလာရလေသည်။
တစ်ညတွင် ဦးသက်နိုင်အိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ယဉ် မြခိုင်က…  သူ့နေရာတွင် အခြားတစ်ယောက်အလုပ်ခန့်ထားသည်ကို မကြေ နပ်ကြောင်း၊ မစ္စတာအာဒစ်က သူမကိုအလုပ်မှ ထုတ်မပစ်သေးကြောင်း၊ ကိုယ့်အလုပ်ကိုယ်လုပ်မည်၊ တင်တင်ချို့ကိုအလုပ်မှထုတ်ပစ်လိုက်ပါ၊ ထုတ် မပစ်ပါက တင်တင်ချို့အသက်သေသည်အထိ အနှောက်အယှက်ပေးမည်ဟု အိပ်မက်မြင်မက်ခဲ့လေသည်။
ဦးသက်နိုင်က နောက်တစ်နေ့တွင် အထက်ပိုင်းအရာရှိများကို လက်ဖက်ရည်ဆိုင်သို့တိုးတိုးတိတ်တိတ်ခေါ်သွားကာ သူ့အိပ်မက်အကြောင်း ကိုပြောပြသည်။ ရုံးခန်းထဲတွင်ပြောမပြရဲသည့်အကြောင်းမှာ ယဉ်မြခိုင် တစ္ဆေ အဖြစ်နှင့်ရုံးထဲတွင်ရှိနေသည်ဟုယုံကြည်သောကြောင့်ဖြစ်သည်။
ဦးသက်နိုင်အိပ်မက်ကို အရာရှိများဝိုင်းစဉ်းစားကြကာ ယဉ်မြခိုင် ဝိညာဉ် မကျွတ်မလွတ်ဖြင့် သရဲဖြစ်နေသည်ကို လက်ခံခဲ့ကြသည်။ အစပိုင်း တွင် စာရင်းဇယားများကို အမှန်ဖြစ်အောင်၊ ပိုကောင်းအောင်ပြင်ပေးခဲ့ခြင်း မှာ ယဉ်မြခိုင်သည် သူမကိုယ်သူမ ဤရုံး၌တာဝန်ရှိသေးသည်ဟုယူဆကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်မည်။ တင်တင်ချိုက သူမအလုပ်တာဝန်များကို အားလုံး လုပ်ဆောင်နေသည်ကိုမြင်သည့်အခါ တင်တင်ချိုချောက်ကျအောင် စာရင်း များကို အမှားဖြစ်သည်ထိပြင်ဆင်ခဲ့ခြင်းဖြစ်ပေမည်။ ထိုလုပ်ရပ်များကို ရုံး အဆောက်အဦးထဲတွင်စွဲနေသောယဉ်မြခိုင်၏ နာနာဘာဝတစ္ဆေကလုပ်ဆောင် ခဲ့ခြင်းဖြစ်ပေမည်။
အရာရှိများအားလုံးခေါင်းစားသွားခဲ့ကြလေသည်။ ဤကိစ္စကို မစ္စတာအာဒစ်အားတင်ပြလျှင် လက်ခံပါမည်လား။ အဖြစ်အပျက်က ယဉ်မြခိုင်အသုဘတွင် အလုပ်မှထုတ်ပယ်ကြောင်းနှင့် သွားနိုင်ရာသွားနိုင် ကြောင်း အမိန့်ပြန်တမ်းကို ထည့်မပေးလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ရှင်း နေသည်။
ယဉ်မြခိုင်အတွက် ရက်လည်၊ လလည်ဆွမ်းကျွေးများကိုလည်း သူမ၏အိမ်တွင်သာလုပ်ခဲ့သည်။ ယဉ်မြခိုင်ဝိညာဉ်က ရုံးထဲတွင်စွဲကျန်နေ၍ ပြုလုပ်သောကုသိုလ်များကို အမျှမရပဲဖြစ်နေပုံရပေသည်။
ဤကိစ္စအား မစ္စတာအာဒစ်ကို အကျိုးအကြောင်းခိုင်ခိုင်လုံလုံ ရှင်းပြဖို့ ခေါင်းခဲနေစဉ်မှာပင် ယဉ်မြခိုင်တစ္ဆေသည် ယခင်ကထက်ပိုဆိုးလာ လေ၏။ တင်တင်ချိုတစ်ဦးတည်းမဟုတ်တော့ပဲ အခြားသူများကိုပါ ချောက် လှန့်လာခဲ့သည်။
ယဉ်မြခိုင်၏လက်ထောက်ဖြစ်ခဲ့သော လှလှမွန် အိမ်သာတက်ရန် အသွား အိမ်သာထဲတွင် အပေါက်ဝကိုနောက်ကျောခိုင်း၍ဆံပင်ဖားလျားချ ထိုင်နေသော မိန်းမတစ်ယောက်ကိုမြင်လိုက်ရသည်။ နောက်ကျောဖက်မှ အမြင်တွင် ယဉ်မြခိုင်နှင့်တူလှသောကြောင့် လှလှမွန်ထိတ်လန့်သွားဆဲ ထို မိန်းမက နောက်သို့လှည့်ကြည့်လိုက်ရာ မျက်နှာနေရာတွင် မျက်လုံး၊ ပါးစပ်၊ နှာခေါင်းများမပါပဲ ဗြောင်ချောကြီးဖြစ်နေသည့်မျက်နှာဖြူဖြူကြီးကို မြင်လိုက် ရလေသည်။ လှလှမွန်စူးစူးဝါးဝါးအော်၍ နောက်ကြောင်းပြန်ပြေးလာရာ လမ်းခုလတ်မှာပင် သတိလစ်တက်ချက်သွားလေသည်။
ညစောင့်ကုလားလေး၏ပြန်ပြောချက်အရ ညညတွင် ရုံးခန်းထဲ၌ သွားလာလှုပ်ရှားနေသောမိန်းမတစ်ယောက်အရိပ်ကိုမြင်ရသည်ဟုဆိုသည်။ ဘီရိုများကိုဖွင့်သံပိတ်သံများလည်းကြားရသည်ဟုဆိုသည်။ ညစောင့်မှာ ရုံး အဆောက်အဦးပြင်ပမှစောင့်ရှောက်ရသူဖြစ်ပြီး ရုံးတခါးမကြီးကို သော့ခတ် ၍ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။
အဆိုးဆုံးကား တစ်ခုသောသောကြာနေ့တွင် ထုံးစံအတိုင်း ကုန် ပစ္စည်းလက်ကျန်များကိုမျက်မြင်စစ်ဆေးရန် ပစ္စည်းထိန်းမှူးနှင့် စာရင်းကိုင် တင်တင်ချိုတို့ ဂိုဒေါင်အမှတ်(၁)အခန်းထဲသို့ သော့ဖွင့်၍အဝင် အတွင်းထဲ ၌ မိန်းမတစ်ယောက်ခါးထောက်ရပ်ကာ သူတို့ကိုစိမ်းစိမ်းကြည့်နေသည်နှင့် ပက်ပင်းကြုံလိုက်ရသည်။ မိန်းမအရိပ်က ခဏနှင့်ပျောက်သွားသော်လည်း တင်တင်ချိုမှာ သတိလစ်မေ့လဲသွားလေသည်။
ဂိုဒေါင်မှူးအပြောအရ သူတို့မြင်လိုက်ရသောပုံရိပ်မှာ ယဉ်မြခိုင် ပုံရိပ်အစစ်အမှန်ဟုဆိုလေသည်။ ဂိုဒေါင်မှူးမှာ ယဉ်မြခိုင်နှင့် ရင်းရင်းနှီး နှီးနေထိုင်ခဲ့ဖူးရုံမက၊ မြင်လိုက်ရသောသရဲမသည် ရုံးယူနီဖောင်းကိုဝတ်ထား သည်ဟုဆိုသည်။ တင်တင်ချိုကလည်း ယူနီဖောင်းကို သေသေချာချာမြင် လိုက်ရကြောင်း သတိရလာချိန်တွင်ပြန်ပြောပြသည်။
ထိုအဖြစ်အပျက်ကြောင့် တင်တင်ချိုသည် ကြောက်လန့်ကာ ထိုနေ့ ညနေမှာပင် ထွက်စာတင်၍ သူမကိုအလုပ်မှထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ လေတော့သည်။
လူကြီးများက စိတ်လိုက်မာန်ပါမထွက်ရန်ချော့မော့ပြီး ခွင့်တစ်ပတ် ပေးလိုက်လေသည်။ ပြဿနာကိုဖြေရှင်းပေးပါမည်ဟူ၍လည်း ကတိပေး လိုက်သည်။
လူကြီးများညှိနှိုင်းပြီး ထိုနေ့ညမှာပင် ဦးသက်နိုင်ရန်ကုန်သို့ ဆင်း သွားလေသည်။
+ + + + + + + + +
ဦးသက်နိုင်က ရန်ကုန်တွင် မန္တလေးရုံးခွဲမှပြဿနာများကို မစ္စတာ အာဒစ်အားတင်ပြလိုက်သည်။
မစ္စတာအာဒစ်က ယဉ်မြခိုင်ဝိညာဉ်ချောက်လှန့်ခြင်းကို အယုံအ ကြည်မရှိသော်လည်း အများဆန္ဒအရ တစ်စုံတစ်ခုဆောင်ရွက်ပေးမှဖြစ်တော့ မည်ကိုသိလိုက်သည်။
ဦးသက်နိုင်က မန္တလေးရုံးတွင် ယဉ်မြခိုင်အတွက် ဆွမ်းသွပ်အမျှ အတန်းဝေရန်၊ ဘုန်းတော်ကြီးများနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ရန်၊ ကွယ် လွန်စဉ်က မထုတ်ပြန်ခဲ့ရသည့် အမိန့်ပြန်တမ်းကို လက်မှတ်ရေးထိုးပေးရန် တင်ပြခဲ့သည်။
မစ္စတာအာဒစ်သည် ဦးသက်နိုင်တောင်းဆိုသည့်ကိစ္စများကို ဆောင် ရွက်ရန် တနင်္လာနေ့တွင် ဦးသက်နိုင်နှင့်အတူ မန္တလေးသို့လိုက်လာခဲ့လေ သည်။
+ + + + + + + + +
မစ္စတာအာဒစ်ခွင့်ပြုလိုက်ပြီဖြစ်၍ နောက်တစ်နေ့တွင် ဘုန်းကြီး ငါးပါးပင့်၍ဆွမ်းသွပ်အမျှအတန်းဝေပြီး ပရိတ်ရွတ်ရန် စီစဉ်ကြလေသည်။
အမိန့်ပြန်တမ်းတွင် မစ္စတာအာဒစ်လက်မှတ်ထိုးရန်အတွက် ယခင် က ခေါက်သိမ်းထားခဲ့သောအမိန့်ပြန်တမ်းကို ဒေါ်အေးအေးမူက ယဉ်မြခိုင် ၏ကိုယ်ရေးဖိုင်ထဲတွင်ရှာကြည့်ရာ ရှာမတွေ့ပဲ ပျောက်ဆုံးနေလေသည်။ ဒေါ်အေးအေးမူက ကွန်ပြူတာထဲတွင်ရိုက်ထားပြီးဖြစ်သော ပြန်တမ်းကို ပရင့်ထပ်ထုတ်(ပုံနှိပ်စာမူထုတ်)ပေးရန်ညွှန်ကြားလိုက်သည်။
ထိုအခါ… …  ထူးဆန်းသောအဖြစ်ကိုတွေ့ရပြန်လေသည်။ ကွန်ပြူတာထဲတွင် ရိုက်နှိပ်ပြီး Sလေနလုပ်သိမ်းဆည်းထားသောဖိုင်ထဲ၌ စာသားများ တစ်လုံးမှမတွေ့ရတော့ပေ။ ဗလာသက်သက်ကိုသာ တွေ့ကြရလေ၏။
သို့ဖြင့်…  ဒေါ်အေးအေးမူက ပြန်တမ်းအသစ်တစ်စောင်ကို လက်ရေးဖြင့်စာကြမ်းရေးကာ ကွန်ပြူတာစာရေးမလေးကို ကွန်ပြူတာ ရိုက်ရန်ပေးလိုက်သည်။
စာရေးမလေးက ပြန်တမ်းကိုကွန်ပြူတာဖြင့်ရိုက်နှိပ်နေစဉ် ကွန်ပြူ တာနှင့်လျှပ်စစ်ပါဝါကိုဆက်ထားသောကြိုးမှာ ပလပ်ပေါက်မှ အလိုလိုပြုတ် ထွက်သွားခဲ့သည်။ စာရေးမလေးက မီးကြိုးကိုပြန်တပ်ပြီး ဆက်ရိုက်၏။ စာရေးမလေး၏လက်ချောင်းများသည် ကွန်ပြူတာကီးဘုတ်ပေါ်တွင် ရွှေ့မရ ပဲ တစ်စုံတစ်ယောက်က ချုပ်ကိုင်ထားသလိုဖြစ်နေပြန်သည်။ စာရေးမလေး မှာ ကြောက်လန့်ပြီး ချွေးဒီးဒီးကျလာလေ၏။
ထိုအဖြစ်များအားလုံးမှာ မစ္စတာအာဒစ်ရှေ့မှာပင်ဖြစ်ပျက်နေခြင်း ဖြစ်၍ ယဉ်မြခိုင်ဝိညာဉ်နှောက်ယှက်နေခြင်းကို မစ္စတာအာဒစ်ကိုယ်တိုင် ယုံကြည်သွားခဲ့ရလေသည်။
ပြဿနာကို ဦးသက်နိုင်က ဝင်ဖြေရှင်းပေးလိုက်၏။
]]ပြန်တမ်းကို အပြင်မှာ ကွန်ပြူတာစာစီစာရိုက်ကိုအပ်လိုက်၊ တစ်ခါ တည်းပရင့်ထုတ်ခဲ့ပြီး မစ္စတာအာဒစ်တည်းခိုတဲ့ ဟိုတယ်ကစောင့်နေ၊ နင် ဒီကိုပြန်မလာနဲ့တော့၊ ဟိုတယ်ကျမှလက်မှတ်ထိုးခိုင်းတော့မယ်}}
ဦးသက်နိုင်က ပြန်တမ်းကို ဟိုတယ်ရောက်မှလက်မှတ်ထိုးစေပြီး သူကိုယ်တိုင်သိမ်းဆည်းထားကာ နောက်တစ်နေ့မှ ရုံးကိုယူလာခဲ့ရလေသည်။
+ + + + + + + + +
ထိုညက ဟိုတယ်တွင် မစ္စတာအာဒစ် အိပ်မက်မက်ခဲ့သေးသည် ဟုဆိုသည်။
အိပ်မက်ထဲတွင် ယဉ်မြခိုင်သည် ဆံပင်ဖားလျားချ၍ငိုကျွေးနေကာ သူမကိုအလုပ်ဖြုတ်မပစ်ဖို့ တောင်းပန်နေခဲ့သည်။
]]အန်ကယ် ယဥ့်ကိုအလုပ်ဖြုတ်မပစ်ဘူးဆို၊ ယဉ် အလုပ်ဆက် လုပ်ပါရစေအန်ကယ်ရယ်၊ ယဥ့်မှာဘာအပြစ်ရှိလို့လဲ၊ ပြန်တမ်းမှာ ဘာလို့ လက်မှတ်ထိုးလိုက်ရတာလဲ၊ ယဉ် ရုံးကနေဘယ်မှမသွားပါရစေနဲ့အန်ကယ်}}
]]ယဉ်ယဥ့်မှာ ဘာမှအပြစ်မရှိပါဘူးကွယ်၊ ယဉ်ယဉ်ဟာ တာဝန်ကျေ တဲ့ဝန်ထမ်းကောင်းတစ်ယောက်ပါ၊ ဒါပေမယ့်…  ယဉ်ယဉ်နဲ့အန်ကယ်တို့က ဘ၀ခြားသွားပြီကွဲ့၊ ဘ၀ချင်းမတူတော့ဘူး၊ မဖြစ်သာလို့ အန်ကယ်က ယဉ်ယဥ့်ကိုလွတ်လပ်ခွင့်ပေးလိုက်တာပါကွယ်၊ အန်ကယ့်ကိုခွင့်လွှတ်ပါ}}
မစ္စတာအာဒစ်က နောက်တစ်နေ့မနက်တွင် အိပ်မက်ကိုပြန်ပြော ပြရင်း စိတ်မကောင်းဖြစ်နေလေတော့သည်။
+ + + + + + + + +
အင်္ဂါနေ့တွင် ရုံး၌ ဆွမ်းသွတ်တရားနာပွဲကိုလုပ်ခဲ့သည်။
ဘုန်းကြီးငါးပါးပင့်၍ သင်္ကန်းကပ်ခြင်း၊ ငါးပါးသီလခံယူခြင်း၊ အမျှ အတန်းဝေခြင်းများပြုလုပ်ပါသည်။
မစ္စတာအာဒစ်မှာ သူ့ဘာသာမဟုတ်သည့်အတွက် ရုံးဧည့်ခန်းတွင် ကောဇောခင်း၍ ဘုန်းကြီးများပရိတ်ရွတ်ခြင်း၊ ကမ္မဝါဖတ်ခြင်းများကို ဦး သက်နိုင်ရုံးခန်းထဲတွင် ကုလားထိုင်တစ်လုံးဖြင့်ထိုင်ရင်း လှမ်းကြည့်အကဲ ခတ်နေသည်။
ရေစက်ချအမျှမဝေမီ ဘုန်းတော်ကြီးက အမိန့်ပြန်တမ်းကို အသံ ထွက်၍ဖတ်စေပါသည်။
ဒေါ်အေးအေးမူမှာ ဝန်ထမ်းရေးရာမန်နေဂျာဖြစ်၍ အမိန့်ပြန်တမ်း ဖတ်ရမည့်တာဝန်မှာ ဒေါ်အေးအေးမူတာဝန်ဖြစ်နေသည်။
ဒေါ်အေးအေးမူက ကုမ္ပဏီပိုင်ရှင် မစ္စတာအာဒစ်အနေဖြင့် လက်မှတ်ရေးထိုးထုတ်ပြန်ထားသောပြန်တမ်းကို အသံတုန်တုန်ဖြင့် ဖတ် ကြားလေသည်။
]]ကျွန်ုပ်၏ကုမ္ပဏီတွင် စာရင်းကိုင်ရာထူးဖြင့် တာဝန်ထမ်းဆောင် ခဲ့သော ဒေါ်ယဉ်မြခိုင်သိစေရန်… … သင်သည်………       
သို့ဖြစ်၍ သင့်အား ယနေ့မှစ၍ စာရင်းကိုင်တာဝန်မှ ရပ်စဲလိုက်သည်။ သင်သွားလိုရာသို့ လွတ်လပ်စွာသွားနိုင်သည်။ ပုံ- မစ္စတာအာဒစ်၊ ကုမ္ပဏီပိုင်ရှင်}}
ဒေါ်အေးအေးမူဖတ်ကြားသံဆုံးသည်နှင့် ငိုရှိုက်သံကို တစ်ခန်းလုံး ကြားလိုက်ရလေသည်။
ထို့နောက်… …  ခြေသံတရှပ်ရှပ်သည် အဝင်တခါးပေါက်ကြီးဆီသို့ တစ… တစ ရွေ့လျားသွားသည်ကို အသံဖြင့်ကြားနေရသည်။
ခြေသံ တခါးဝအရောက်တွင် တခါးဝ၌အရိပ်တစ်ခုကွယ်သွားလေသည်။ တခါးမကြီးကိုကျော်၍ အပြင်မှအလင်းရောင်ထိုးကျနေရာ အလင်း ရောင်သည် တစ်စုံတစ်ယောက်က တခါးဝတွင်ရပ်လိုက်သလို အရိပ်ဖြင့် ကွယ်သွားခြင်းဖြစ်၏။ တဒင်္ဂမျှသာဖြစ်ပြီး အရိပ်မှာ အပြင်ဖက်သို့ထွက်ခွာ သွားကာ ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။
+ + + + + + +
                                                                    နွေတမာန်

No comments: