Saturday, 18 August 2012

နွေတမာန် - ရုန်းမဖယ်သာ (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ရုန်းမဖယ်သာ

]]သား အပြန်မိုးမချုပ်စေနဲ့နော်၊ အရက်တွေကိုလည်း မူးအောင်သောက်မလာနဲ့၊ အပြင်ကဝယ်လာပြီး အိမ်ကျမှအဝသောက်ချင်သောက်}}
ဒေါ်သန်းမြင့်က သူ့သားအောင်ထူး အပြင်ထွက်ခါနီးမှာ နေ့စဉ်မှာနေကျစကားနဲ့ မှာနေတာပါ။ ဒေါ်သန်းမြင့်အတွက် ဒီစကားဟာ နေ့စဉ်ပြောရလို့ အပ်ကြောင်းထပ်နေပြီ။
]]အင်းပါ  ...အမေရာ}}
အောင်ထူးကလည်း နေ့စဉ်ပြန်ပြောနေကျအတိုင်း စိတ်မပါ့တပါလေသံနဲ့ပြန်ပြောရင်းက အိမ်ကထွက်သွားတယ်။
ဒေါ်သန်းမြင့် အောင်ထူးကျောပြင်ကို နောက်ကနေကြည့်ရင်းက ကျန်ခဲ့တယ်။ အောင်ထူးသူ့မြင်ကွင်းထဲကပျောက်သွားတဲ့အထိ ငေးကြည့် နေမိတာပါ။ ဒါလည်း ဒေါ်သန်းမြင့်အတွက် နေ့စဉ်လုပ်မိနေကျအလုပ်တစ်ခုလိုပါပဲ။
အမေတစ်ခုသားတစ်ခုဘ၀မှာ ဒေါ်သန်းမြင့်ဟာ အောင်ထူးအတွက် အမြဲတမ်းစိတ်ပူပန်နေရတယ်။ အောင်ထူးအလုပ်ကလည်း ကားမောင်းတဲ့ အလုပ်ဆိုတော့ စိတ်မြန်လက်မြန်ရှိတတ်တဲ့သူ့သားအကျင့်ကိုသိထားလို့ ဒေါ်သန်းမြင့်ပူပန်မယ်ဆိုလည်း ပူပန်စရာပါ။ တစ်နေ့တစ်နေ့ ဒေါ်သန်းမြင့် မှာ အောင်ထူးမောင်းတဲ့ကား ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းရတာအမော။

အောင်ထူးက မြို့သစ်နဲ့မြို့တွင်းကိုပြေးတဲ့ ]]စစ်သည်မောင်}}ဘတ်စ် ကားယာဉ်လိုင်းမှာ ကားမောင်းတဲ့ဒရိုင်ဘာပါ။
သူမောင်းတဲ့ကားက ဒိုင်နာကား။ ကားအုံနာက ဒီမြို့သစ်မှာပဲနေတယ်။ အောင်ထူးတို့အိမ်နဲ့ တစ်ပြလောက်ပဲဝေးတယ်။ မနက်ဆိုရင် အောင်ထူးအစောကြီးထပြီး ခြောက်နာရီအရောက် ကားအုံနာအိမ်ကိုသွားရတယ်။ ကားကို စပယ်ယာမောင်နီနဲ့အတူ စစ်ဆေးယူပြီး မြို့သစ်ဂိတ်မှာ ဂိတ်သွားထိုးရတယ်။ တစ်နေ့လုံး မြို့သစ်နဲ့မြို့ထဲကမြို့မဈေးကို အခေါက် ခေါက် ကူးသန်းမောင်းနှင်နေရတာပါ။
ယာဉ်လိုင်းက ည(၈)နာရီလောက်မှ သိမ်းလို့ အပြန်မိုးချုပ်တတ် ပါတယ်။ တစ်နေ့လုံး သားအတွက် စိတ်ပူပန်နေရတတ်တဲ့ဒေါ်သန်းမြင့်ဟာ ကားသိမ်းပြီးတာနဲ့ အိမ်ကိုအရောက်ပြန်လာစေချင်တယ်။
အောင်ထူးက ဒီလိုမဟုတ်ဘူး။ ကားသိမ်းပြီးမှ လမ်းထိပ်ကအရက် ဆိုင်မှာ အရက်သောက်နေတတ်တယ်။ မူးမှအိမ်ပြန်လာတယ်။ မူးနေတော့ ညစာထမင်းကို ကောင်းကောင်းစားမဝင်တော့ဘူး။ ဒေါ်သန်းမြင့်က အမြဲသတိထားနေရတဲ့ကားမောင်းတဲ့အလုပ်ကိုလုပ်နေရလို့ အစားကိုကောင်း ကောင်းစားစေချင်တယ်။ ၀၀လင်လင် အားပြည့်အောင်စားစေချင်တယ်။ ဒါပေမယ့်  ...အောင်ထူးက ညတိုင်း အရက် မသောက်ရရင်မနေနိုင်ဘူး။ ညစဉ် သောက်လာတာပဲ။
မြို့သစ်ဂိတ်ကိုပြန်ရောက်ပြီးမှ ကားကိုအုံနာအိမ်မှာပြန်အပ်ပြီးမှ လမ်းထိပ်ဆိုင်မှာသောက်တာမျိုးဆိုရင် တော်ပါသေးတယ်။ တစ်ခါတလေကျ မြို့ထဲမှာ ခရီးသည်စောင့်ရင်း ကားအကြာကြီးရပ်ထားရရင် ကားဂိတ်နဲ့ နီးရာဆိုင်မှာ ဝင်သောက်လာတတ်တယ်။ ညပိုင်းဆိုရင် ခရီးသည်နည်းတော့ တစ်ခါတလေကျ လူပြည့်အောင်စောင့်ရတာမျိုးရှိတာကိုး။
ကားကိုအုံနာဆီပြန်မအပ်ခင် လမ်းမှာသောက်လာတာမျိုးကို ဒေါ်သန်းမြင့်က ပိုပြီးစိုးရိမ်မိပါသေးတယ်။ အဲဒါကြောင့်လည်း အိမ်ကထွက် တိုင်း အောင်ထူးကိုမှာနေရတာပါ။
ယောက်ျားလေးမို့ အရက်သောက်တာကို ဒေါ်သန်းမြင့်က အပြစ်မပြောချင်ပါဘူး။ အများကြီး တရားလွန်သောက်မှာကိုသာ စိုးရိမ်မိတာပါ။ အဲဒါကြောင့် သောက်ချင်ရင် အိမ်ကိုဝယ်လာပါ။ ထမင်းမစားခင် အိမ်မှာပဲသောက်ပါ။ တန်ရုံသင့်ရုံသောက်ပြီး ထမင်းကိုဝင်အောင်စားပါလို့ ဒေါ်သန်းမြင့်က အောင်ထူးကိုအမြဲပြောတယ်။
အောင်ထူးက အိမ်မှာတစ်ယောက်တည်းသောက်ရတာ ပျင်းစရာကောင်းတယ်တဲ့။ ဆိုင်မှာမှ အပေါင်းအသင်းအစုံနဲ့ ရယ်စရာမောစရာပြော ရင်းသောက်ရတာ ဖီလင်လာတယ်တဲ့။ မခက်ဘူးလား။
ဒေါ်သန်းမြင့်က အမေဆိုတော့ ပူပန်တာပါပဲ။
အဲဒါကြောင့်လည်း  ...
]]သား အပြန်မိုးမချုပ်စေနဲ့နော်၊ အရက်တွေကိုလည်း မူးအောင် သောက်မလာနဲ့၊ အပြင်ကဝယ်လာပြီး အိမ်ကျမှအဝသောက်ချင်သောက်}}
-ဆိုတဲ့စကားစုက အောင်ထူးအပြင်ထွက်ခါနီးတိုင်း ဒေါ်သန်းမြင့်မှာနေကျစကားစုတစ်ခုဖြစ်နေတော့တာလေ။
ဒါပေမယ့်  ...မှာတာက မှာတာပါပဲ။ အောင်ထူးကတော့ အိမ်ပြန် ရောက်ရင်မူးနေပြီ။ ထမင်းကိုစားတယ်ဆိုရုံစားပြီး အိပ်တော့တာပဲ။
အောင်ထူးအတွက် အန္တရာယ်ကင်းရှင်းအောင် ဒေါ်သန်းမြင့်မှာ တစ်နေ့လုံး ဘုရားရှိခိုး၊ ပုတီးစိတ်၊ မေတ္တာပို့နဲ့ လုပ်နေရတော့တယ်။
အမေနဲ့သား နှစ်ယောက်တည်းရှိတဲ့ သူတို့အိမ်ကလေးမှာ ဒီလိုပဲ တစ်နေ့တစ်နေ့လည်ပတ်နေတော့တာပါပဲ။
_____
အောင်ထူးထွက်သွားတာနဲ့ ဒေါ်သန်းမြင့် အိမ်တံခါးကိုသော့ခတ်ပြီး ဈေးကိုထွက်ခဲ့တယ်။ သားအတွက် ညစာဖွယ်ဖွယ်ရာရာလေးချက်ဖို့ပါ။
အောင်ထူးကိုထမင်းချိုင့်ထည့်ပေးစရာမလိုဘူး။ နေ့လည်စာကိုတော့ ဂိတ်မှာပဲ ဝယ်စားတတ်တယ်။ အဲဒါကြောင့် အိမ်မှာတစ်နပ်တည်း စားတဲ့ညစာကို ဒေါ်သန်းမြင့်က ကောင်းကောင်းစားစေချင်တာလေ။ သူက ဖွယ်ဖွယ်ရာရာချက်ထားပေမယ့် မူးလာတဲ့အောင်ထူးက ဖိတ်တစ်ဝက်စင် တစ်ဝက်နဲ့ စားတယ်ဆိုရုံစားတာကိုမြင်ရရင် ဒေါ်သန်းမြင့် စိတ်မကောင်းဘူး။
ဒါပေမယ့်  ...အမေဆိုတော့ကာ အမှတ်မရှိပါဘူး။ ဒီညတော့ ငါ့သားလေး စောစောပြန်လာကောင်းရဲ့၊ အမေချက်ထားတဲ့ဟင်းကလေး စားကောင်းပါရဲ့လို့တွေးပြီး နေ့တိုင်းဈေးသွား ကောင်းကောင်းမွန်မွန်ချက် ပြုတ်ထားတတ်တာချည်းပဲ။ 
ဒီနေ့တော့  ...အောင်ထူးကြိုက်တတ်တဲ့ ပုဇွန်ဆိတ်ကလေးတွေတွေ့လို့ ဝယ်လာခဲ့လိုက်တယ်။ ပုဇွန်ဆိတ်ကို အောင်ထူးအကြိုက် ငရုတ် သီးများများနဲ့ ခပ်စပ်စပ်လေးချက်မယ်လေ။
ဒေါ်သန်းမြင့်အိမ်လည်းပြန်ရောက်ရော အိမ်ရှေ့မှာရပ်နေတဲ့ ရွာက ညီမဝမ်းကွဲ မအေးမာကိုတွေ့လိုက်ရတယ်။
]]ဟဲ့  ...အေးမာ၊ အကြောင်းမကြားဘာမကြားနဲ့ပါလားအေ}}
]]မကြားဆို ချက်ချင်းကြီးထွက်လာတာ မမသန်းမြင့်ရေ၊ ရွာထိပ်က ကိုရင်ညိုနဲ့မဖြူတုတ်တို့လင်မယားက ဒီနှစ် သူတို့သားတွေကိုရှင်ပြုမယ် လေ၊ အဲဒါ ကျွန်မကို သင်္ကန်းဝယ်ခိုင်းလိုက်လို့လာတာ၊ မမသန်းမြင့်ကိုလည်း အလှူလာဖို့ဖိတ်လိုက်တယ်}}
]]လာနိုင်ပေါင်အေ၊ ငါလာရင် အောင်ထူးတစ်ယောက်တည်း ဘယ့်နှယ်ဖြစ်မလဲအေ့}}
]]မမသန်းမြင့်တို့ကတော့ လုပ်ပြီ၊ သူ့မှာ ဒီသားအတွက်ပဲ အချိန်ပေးနေရတယ်၊ တကတည်း}}
]]အောင်ထူးကို ငါမကြည့်လို့ ဘယ်သူကြည့်မလဲအေ၊ ညီးကလဲ}}
ညီအစ်မနှစ်ယောက်သား အိမ်တံခါးဖွင့်ဝင်ပြီး မနက်စာ ချက်ကြပြုတ်ကြတယ်။
]]ထမင်းစားပြီးရင် မြို့မဈေးထဲသွားပြီး သင်္ကန်းဝယ်မယ်နော် မမသန်းမြင့်၊ အလှူအတွက် တခြားဝယ်စရာလေးတွေလည်းရှိသေးတယ်၊ အိမ်ကကလေးတွေ အလှူမှာဝတ်ဖို့လည်း အဝတ်အစားဝယ်ရမယ်၊ မမသန်းမြင့်လိုက်ခဲ့ဦး}}
]]မနက်မှသွားပါလားအေ့၊ မြို့ထဲအသွား အောင်ထူးကားနဲ့ လိုက်သွားရုံပဲ}}
]]အချိန်မရဘူး၊ ကျွန်မ နက်ဖြန်နေ့ခင်းပြန်မှာ}}
]]ညီးတို့မလဲ လာလိုက်ရင် ဖုတ်ပူမီးတိုက်ချည်းပဲ၊ ငါ့ကိုအဖော်ရအောင် သုံးလေးညအိပ်မယ်တော့မရှိဘူး၊ တကတည်း  ...ငါ့မှာ တစ် ယောက်တည်းပျင်းနေရတာအေ့}}
]]လယ်သိမ်းပြီးရင် တစ်လကိုးသီတင်း လာနေပေးပါ့မယ် မမသန်းမြင့်ရယ်}}
_____
ဒီလိုနဲ့  ...ထမင်းစားသောက်အပြီးမှာ ညီအစ်မနှစ်ယောက်သား မြို့ထဲကိုထွက်ခဲ့ကြတယ်။
ဈေးထဲမှာဈေးဝယ်ရုံဆိုပေမယ့် ဝယ်တာချမ်းတာ တော်တော်နဲ့မပြီးပါဘူး။ သင်္ကန်းဝယ်တာ၊ အဝတ်အစားဝယ်တာ၊ တခြားတိုလီမိုလီ တွေဝယ်တာနဲ့ချည်း နေ့လည်နှစ်နာရီထိုးသွားတယ်။
ရွာကလူကြုံလို့ပေးလိုက်တဲ့စာကိုလည်း သွားပေးရသေးတယ်။ ဟိုရောက်တော့ ကိုယ့်ရွာသားအချင်းချင်းဆိုတော့ မပြန်ပါနဲ့ဦး၊ ညစာစား သောက်ပြီးမှပြန်ပါဆိုလို့ နေနေရသေးတယ်။ ဒေါ်သန်းမြင့်နဲ့သူတို့နဲ့ကလည်း တစ်မြို့တည်းနေတယ်ဆိုပေမယ့် မြို့သစ်နဲ့မြို့ထဲဆိုတော့ တွေ့ရခဲတယ်လေ။ ရွာကလူလာတုန်း ဆုံရတာဆိုတော့ စကားတွေက ပြောမကုန်ဘူး၊ ရှေးဟောင်းနှောင်းဖြစ်တွေရော၊ လက်ငင်းစီးပွားရေးအခြေအနေ တွေရော ပြောလိုက်ကြတာ ညနေစောင်းရော။
ညစာပါစားပြီးမှ အဲဒီအိမ်က ပြန်ထွက်ဖြစ်ပါတော့တယ်။ မအေးမာဝယ်ထားတဲ့ ပစ္စည်းခြင်းကြီးကိုလည်း အဲဒီအိမ်မှာပဲ ထားပစ်ခဲ့လိုက်တယ်။ ရွာပြန်ရင်ကားကိုမြို့ထဲလာစီးရမှာကိုး။ မနက်ဖန်မှကားဂိတ်ဆင်းရင်းဝင်ယူတော့မယ်၊ အလေးခံ မသယ်တော့ဘူးဆိုပြီး ထားခဲ့လိုက်တာပါ။
]]သွားကြစို့အေးမာရေ၊ ငါတို့ အောင်ထူးကားကိုမှီနိုင်သေးတယ်ဟဲ့၊ ဒီအချိန်ဆို နောက်ဆုံးအခေါက်သိမ်းပြီ}}
]]မသန်းမြင့်မလဲနော်  ...ဒီသားပဲ သူ့စိတ်ထဲရှိနေတယ်၊ အသက်ကြီးပြီ၊ သံယောဇဉ်တွေကိုလျှော့ဦး}}
အိမ်ရှင်သူငယ်ချင်းက ပြောတယ်။
]]အို  ...မတင်မိရယ်၊ ငါ့မှာညီးတို့လို သားသမီးသုံးလေးယောက် ရှိတာမဟုတ်ဘူးအေ့၊ အောင်ထူးအတွက် ပူရပန်ရတယ်တော်}}
]]အေးဟေ့  ...ညီးသားက ပူလည်းပူစရာပဲ၊ ကြုံတုံးမို့ပြောရဦးမယ်၊ တစ်လောက အောင်ထူးနဲ့တွေ့တော့ နေ့လည်ခင်းကြီး သူ့ဆီက အရက်နံ့ရတယ်အေ၊ ငါလည်း ဆုံးမလိုက်ပါတယ်၊ ညီးလည်း ကိုယ့်သားကိုယ် ဆုံးမဦး}}
ဒေါ်တင်မိစကားကြောင့် ဒေါ်သန်းမြင့်မျက်နှာကလေးငယ်သွားရှာပါတယ်။
]]ငါ့မလဲ ဒါအတွက်ပဲ တစ်နေ့တစ်နေ့ ပူနေရတာပါမတင်မိရယ်}}
_____
ဒီနေ့ည အောင်ထူး ကားကိုစောစောသိမ်းခဲ့တယ်။ နောက်ဆုံးအခေါက်အနေနဲ့မြို့သစ်ကိုပြန်မယ့်ကားက ဂိတ်မှာထိုးထားတာ လေးစီးရှိ တယ်။ လေးစီးထဲမှာ သူ့ကားက နောက်ဆုံးမှအလှည့်ကျမှာ။ ညပိုင်းဆိုတော့ ခရီးသည်ဆယ်ယောက်ပြည့်အောင်တောင် တော်တော်စောင့်ရဦး မှာလေ။
အောင်ထူးစိတ်မရှည်ဘူး။ အရက်ကလည်း သောက်ချင်နေပြီ။
ဒါနဲ့ စပယ်ယာမောင်နီကို  ...
]]ငါတို့ပြန်ကြစို့ကွာ၊ အလှည့်ကျအောင်စောင့်နေရင် မိုးချုပ်လိမ့်မယ်}}
-လို့ပြောလိုက်တယ်။
ဂိတ်မှူးကိုလည်း သူ့ကား သိမ်းတော့မယ့်အကြောင်းပြောခဲ့ပြီး ဂိတ်ကနေ ကားကိုမောင်းထွက်လာခဲ့တယ်။ ကားပေါ်မှာ ခရီးသည် တစ်ယောက်မျှမပါဘူး။
ဒီတော့လည်း လွတ်လွတ်လပ်လပ် မြို့ထဲမှာအရက်သောက်ပြီးမှ ပြန်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။
အောင်ထူးက ကားကို အရက်ဆိုင်တန်းမောင်းလိုက်တယ်။
မောင်နီက ]]ကိုကြီးအောင်ထူး၊ မြို့သစ်ပြန်ရောက်မှသောက်မှာ မဟုတ်ဘူးလား}}လို့  ...မေးသေးတယ်။ သူက မသောက်တတ်တော့ အောင်ထူးဘေးမှာထိုင်စောင့်နေရမှာမို့ မေးတာပါ။
]]မင်းဟာမင်း အအေးသောက်ရင်း စောင့်နေပါကွာ၊ တစ်ခါတလေ မြို့ထဲမှာသောက်ပါရစေ}}လို့  ...အောင်ထူးကပြန်ပြောတယ်။
ဒီလိုနဲ့ အရက်ဆိုင်အရောက်မှာ မောင်နီအတွက် အအေးတစ်လုံးမှာပေးပြီး  ...သူ့အတွက်တော့ ဝီစကီတစ်ပိုင်းမှာလိုက်ပါတယ်။
_____
ဒေါ်သန်းမြင့်နဲ့မအေးမာ ကားဂိတ်ကိုရောက်တော့ အောင်ထူးကားကို မတွေ့ရဘူး။
ဂိတ်မှူးကိုမေးကြည့်တော့  ...
]]အဒေါ့်သား  ...အလှည့်ကျမှာကိုမစောင့်နိုင်လို့ ကားသိမ်းသွားပြီ}}
-လို့ပြောတယ်။
ဂိတ်မှူးက ဒေါ်သန်းမြင့်ကို အောင်ထူးအမေမှန်း သိနေပြီးသားပါ။
ဒေါ်သန်းမြင့်နဲ့မအေးမာလည်း မြို့သစ်ပြန်ဖို့တန်းစီထားတဲ့ကားတွေထဲက ရှေ့ဆုံးကားပေါ်တက်ထိုင်လိုက်တယ်။
ကားကတော့ တော်တော်နဲ့ထွက်ဦးမှာ မဟုတ်ဘူး။ ကားပေါ်မှာ သူတို့နဲ့မှ ခရီးသည်ငါးယောက်ပဲ ရှိသေးတာလေ။
_____
အောင်ထူးအရက်သောက်ပြီးတော့ မှောင်ရီပျိုးနေပြီ။
ထုံးစံအတိုင်း အောင်ထူးက အရက်မူးရင် သွေးကြွကြွနဲ့ အမြန် မောင်းတယ်။
မောင်နီကတောင်  ...
]]ဖြည်းဖြည်းလုပ်ပါ ကိုကြီးအောင်ထူးရ}} 
-လို့ ပြောယူရတယ်။
]]ကားပေါ်မှာလူပါတာမှမဟုတ်ပဲကွာ၊ လမ်းမှာလည်း လူစောင့်တင်စရာမလိုဘူး၊ လွတ်လွတ်လပ်လပ်ရှိတုံး အမြန်မောင်းပါရစေ၊ ဒါမှ ဖီလင်လာတာကွ}}
အောင်ထူးက ကားအရှိန်ကိုပိုတောင်မြှင့်လိုက်သေးတယ်။
ဒီလိုနဲ့  ...]]ဂတ်တဲကွေ့}}ဆိုတဲ့နေရာကိုရောက်လာတယ်။
ဂတ်တဲကွေ့ဆိုတာ အနီးမှာ ရဲစခန်းရှိတဲ့အကွေ့မို့ ခေါ်တာပါ။ ရဲစခန်းကို အရင်က ]]ဂတ်တဲ}}လို့ပဲ သုံးကြနှုန်းကြတာကိုး။ ရှေးကအခေါ် အဝေါ်အတိုင်းပဲ ဂတ်တဲကွေ့လို့ ခေါ်နေကြတုန်းပါပဲ။ ကွေ့အလွန်က ကားဂိတ်ကိုလည်း ]]ဂတ်တဲဂိတ်}}လို့ပဲခေါ်ကြတယ်။
ဂတ်တဲကွေ့နေရာက ယာဉ်မောင်းသူတိုင်းသတိထားရတဲ့နေရာပါ။ လမ်းကွေ့က လေးဆယ့်ငါးဒီဂရီစွေပြီးကွေ့သွားတယ်။ ကွေ့နားမှာ ကန့်လန့် ဖြတ်လမ်းတွေရှိသေးတယ်။ အဲဒီလမ်းတွေထဲကလည်း ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ ထွက်လာတတ်တယ်။ ဒါကြောင့် ကွေ့နားရောက်ရင် ဟွန်းကိုသံရှည်ဆွဲပြီး တီးရမြဲပါ။
အောင်ထူးကတော့ မှောင်ကလည်း မှောင်နေပြီ။ ကားလမ်းတစ်လျှောက်လည်း အသွားအလာရှင်းလင်းနေတယ်။ မျက်နှာချင်းဆိုင်ကလာ တဲ့ကားလည်းမတွေ့တာနဲ့ ဟွန်းလည်းမတီးဖြစ်ဘူး။ အရှိန်လည်းမလျှော့ဖြစ်ဘူး။ ဒီနှုန်းအတိုင်းပဲ ဆက်မောင်းလာခဲ့တယ်။
ကွေ့မလွန်မီ လမ်းဖြတ်တစ်ခုနဲ့တည့်တည့်အရောက် ညာဖက်လမ်းဖြတ်ထဲက အရှိန်နဲ့မောင်းချလာတဲ့မော်တော်ဆိုင်ကယ်တစ်စင်းကိုလည်း အနားရောက်မှမြင်မိတော့တယ်။
အောင်ထူးကားရော မော်တော်ဆိုင်ကယ်ရော အရှိန်ကိုမထိမ်းနိုင်ကြတော့ပါဘူး။
ဆိုင်ကယ်ကို အောင်ထူးကားခေါင်းက ဘေးစောင်းတိုက်ဝင်တိုက်မိတယ်။ ဆိုင်ကယ်ရဲ့အလည်တည့်တည့်ကိုတိုက်လိုက်မိတာမို့ ယာဉ်ငယ် ဖြစ်တဲ့ဆိုင်ကယ်ဟာ လွင့်ထွက်သွားပါတယ်။ ဆိုင်ကယ်က သူထွက်လာတဲ့ဖက်ကိုပြန်လည်ပြီးလွင့်ထွက်သွားတာမှာ လူပါပါသွားတယ်။ ပလက်ဖောင်း ရောက်တော့ လူတခြား ဆိုင်ကယ်တခြားဖြစ်သွားပြီး ဆိုင်ကယ်ပေါ်ကလူ ရဲ့ခေါင်းက ပလက်ဖောင်းနဲ့ပြင်းပြင်းထန်ထန်ထိခိုက်မိပါတော့တယ်။
]]ဟင်  ...}}
]]ဟာ  ...ကိုကြီးအောင်ထူး}}
အောင်ထူးဟာ ကားဘရိတ်ကိုမှေးနင်းရင်း ရပ်မလို့လုပ်လိုက်ပါသေးတယ်။ စဉ်းစားကြည့်တော့  ...ဒီနားမှာ လူတစ်ယောက်မျှမရှိဘူးလေ။ ကားတိုက်မှုကို ဘယ်သူမျှမမြင်လိုက်ကြဘူး။ တိုက်မိတဲ့လူကိုဆင်းကြည့်ရင် မတော်တဆသေကြေနေရင် ပြဿနာကရှည်မယ်။ ထောင်တန်း ကျတဲ့အထိ ဖြစ်မယ်ဆိုတာတွေတွေးမိပြီး မရပ်တော့ဘူး။
ရပ်မလိုလုပ်ပြီးမှ အရှိန်မြှင့်ပြီး ဆက်မောင်းလာမိတော့တယ်။
]]ကိုကြီးအောင်ထူး၊ ကိုကြီးအောင်ထူး၊ ဟိုလူသေသွားပြီလား မသိဘူး}}
]]မတတ်နိုင်ဘူးကွာ၊ ဆင်းရှင်းနေရင် ပြဿနာရှုပ်လိမ့်မယ်၊ ဘယ်သူမျှမြင်တာမှမဟုတ်ပဲ}}
]]ဒါပေမယ့်  ...}}
]]မောင်နီ  ...မင်းနှုတ်လုံပစေနော်၊ ပြဿနာတက်လာရင် မင်းပါ ပါမှာ}}
နဂိုကတည်းက အောင်ထူးကိုကြောက်ရတဲ့မောင်နီလည်း ငြိမ်သွားပါတယ်။ အောင်ထူးကျေးဇူးတွေကလည်း သူ့အပေါ်မှာရှိထားတာမဟုတ်လား။ ဒီစပယ်ယာအလုပ်ကို အောင်ထူးခေါ်လို့ သူလုပ်နေရတာလေ။
မောင်နီလည်း ရေငုံနှုတ်ပိတ် နေလိုက်ပါတော့တယ်။
_____
ည(ရ)နာရီကျော်မှ ဒေါ်သန်းမြင့်တို့တက်ထိုင်နေတဲ့ကားက ဂိတ်က ထွက်လာတယ်။ ဆောင်းတွင်းမို့ ည(၇)နာရီဆိုတာ အတော်မှောင်နေပါပြီ။
]]အောင်ထူးများ အိမ်ပြန်ရောက်နေပြီလားမသိဘူး၊ အိမ်တံခါး သော့ခတ်ခဲ့တာ ဝင်ရခက်နေရင် ဒုက္ခ}}
ဒေါ်သန်းမြင့်က သူ့သားကိုသတိရပြီး တစ်ချက်ငြီးငြူလိုက်ပါသေးတယ်။
ဒီလိုနဲ့ သူတို့စီးလာတဲ့ဘတ်စ်ကားဟာ ဂတ်တဲကွေ့နားကိုရောက်လာတယ်။
ဂတ်တဲဂိတ်မရောက်ခင်မှာ လမ်းပေါ်မှာ လူစုလူဝေးနဲ့ ရုန်းစုရုန်းစု ဖြစ်နေလို့ ကားက နှေးသွားတယ်။ လူအုပ်စုကိုတိမ်းဖယ်ပြီး ဘေးကပတ် မောင်းခဲ့ရတယ်။ လူအုပ်စုထဲမှာ ရဲတွေလည်းတွေ့ရလို့ ကားပေါ်ကလူတွေက ဘာပါလိမ့်ဆိုပြီး စိတ်ဝင်တစား ငဲ့စောင်းကြည့်ကြတယ်။
အဲဒီနေရာကလွန်လာတော့ ကားစပယ်ယာက  ...
]]လူကို ကားတိုက်သွားလို့တဲ့ဗျာ၊ အတိုက်ခံရတဲ့လူကတော့ ပွဲချင်းပြီးပဲတဲ့၊ ကားကိုတော့ မမိလိုက်ဘူးပြောတယ်}}
စပယ်ယာက သူအပြေးအလွှားစုံစမ်းရင်းသိလာတဲ့သတင်းကို တစ်ကားလုံးကြားအောင် အော်ပြောလိုက်တာပါ။
ကားတိုက်မှုဖြစ်တဲ့ဂတ်တဲကွေ့ကိုအလွန်မှာ ဂတ်တဲဂိတ်မှတ်တိုင် ရှိတယ်။ လူတစ်ယောက်ဆင်းမယ်ဆိုလို့ ကားရပ်ပေးတယ်။ တက်တဲ့လူ မရှိပါဘူး။
စပယ်ယာက- ]]မောင်းဆရာရေ့}}လို့အော်လိုက်လို့ ကားက ဂိတ်ကနေ စထွက်နေပါပြီ။
မအေးမာဟာ သူ့ဘေးမှာထိုင်နေတဲ့ဒေါ်သန်းမြင့်အမူအရာထူးခြားတာကြောင့်လှည့်ကြည့်လိုက်တယ်။
ဒေါ်သန်းမြင့်အသားတွေက အဖျားတက်တဲ့လူလို တဆတ်ဆတ်တုန်နေတယ်။
]]မမသန်းမြင့်  ...ဘာဖြစ်လို့လဲ}}
မအေးမာမေးလိုက်တာကို ပြန်ကြည့်လိုက်တဲ့ ဒေါ်သန်းမြင့်မျက်လုံးတွေက တစ်မျိုးပဲ။ နီရဲလို့ ကြောက်စရာကြီး။ မအေးမာကိုလည်း သူမသိ တဲ့သူစိမ်းတစ်ယောက်လို ခပ်စောင်စောင်ကြည့်နေတယ်။
]]မမသန်းမြင့်  ...နေမကောင်းဘူးလား}}
]]ကားရပ်ပေး၊ ကားရပ်ပေးပါ}}
ဒေါ်သန်းမြင့်က မအေးမာအမေးကိုပြန်မဖြေပဲ ကားခေါင်းခန်းဖက်ဆီကို လှမ်းအော်လိုက်တယ်။
]]ကားရပ်ပေး၊ ကျွန်တော်ဆင်းမယ်၊ ကျွန်တော့်ကိုတိုက်သတ်သွား တဲ့ကားနံပါတ်ကို ကျွန်တော်မှတ်မိတယ်၊ ရဲစခန်းမှာဆင်းတိုင်မယ်၊ ကားရပ် ပေးပါ}}
]]မမသန်းမြင့်  ...ဘာတွေပြောနေတာလဲ၊ သတိထားပါ}}
]]ကားရပ်ပေးပါ၊ ကားရပ်ပါ}}
ဒေါ်သန်းမြင့်အပြုအမူကို တစ်ကားလုံးကလည်း တအံ့တဩနဲ့ ဝိုင်းကြည့်နေကြပြီ။
]]မမသန်းမြင့်၊ မရောက်သေးဘူးလေ၊ ကျွန်မတို့က ဂိတ်ဆုံးအထိ စီးရမှာလေ}}
]]ကားရပ်ပေးပါ}}
ဒေါ်သန်းမြင့်အော်သံကျယ်လွန်းလို့ ရှေ့ခန်းကဒရိုင်ဘာကြားသွားပြီး ကားကိုရပ်လိုက်တယ်။
ဒေါ်သန်းမြင့်က ဆတ်ကနဲထရပ်ရင်း ကားနောက်ပေါက်ကနေ ဆင်းဖို့ပြင်တယ်။
]]ဒီအဘွားကြီး ကားရပ်တုံးကတော့ မဆင်းပဲ ဘယ်လိုဖြစ်တာလဲ}}
ဒရိုင်ဘာက အော်မေးလိုက်တယ်။
]]ကျွန်တော့်ကိုတိုက်သွားတဲ့ကားနံပါတ်ကို ကျွန်တော်သိတယ်၊ ရဲစခန်းကိုဝင်တိုင်မလို့}}
ဒေါ်သန်းမြင့်က နှုတ်ကပြောရင်း ကားပေါ်က လွှားကနဲခုန်ချ လိုက်ပါတယ်။
မအေးမာလည်း မနေသာတော့ပဲ ကားပေါ်ကလိုက်ဆင်းရတော့တယ်။
]]မမသန်းမြင့်  ...နေရင်းထိုင်ရင်းက ဘာဖြစ်သွားတာလဲ}}
ရှေ့ကမြန်မြန်လျှောက်သွားနေတဲ့ ဒေါ်သန်းမြင့်နောက်ကို အပြေးလိုက်ရင်းက မအေးမာမေးပေမယ့် ဒေါ်သန်းမြင့်က လှည့်တောင်မကြည့် ပါဘူး။ မအေးမာ ဒေါ်သန်းမြင့်ကို မှီအောင် မနည်းလိုက်ခဲ့ရတယ်။
ဒီလိုနဲ့ မလှမ်းမကမ်းက ရဲစခန်းကိုရောက်သွားတယ်။ ဒေါ်သန်းမြင့်က ရဲစခန်းထဲကို မကြောက်မရွံ့ဝင်ချသွားတာမို့ မအေးမာလည်း လိုက်ဝင်ရပါတယ်။
စခန်းထဲရောက်တော့ တာဝန်ကျရဲတစ်ယောက်က
]]ဘာကိစ္စရှိလို့ပါလဲ}}
-လို့ မေးတယ်။
]]တိုင်ချက်ဖွင့်ချင်လို့ပါ}}
]]ဪ  ...}}
]]ကျွန်တော်က စောစောက ဟောဟိုနားမှာ ကားတိုက်ခံရလို့ သေသွားတဲ့လူပါ၊ ကျွန်တော့်နာမည် ကျော်နိုင်ဝင်းလို့ခေါ်ပါတယ်၊ ကျွန်တော့်ကိုတိုက်သွားတဲ့ကားနံပါတ်ကို ကျွန်တော်မှတ်မိတယ်၊ အဲဒါ တိုင်ချက်ဖွင့်မလို့}}
အဘွားကြီးနှုတ်ကထွက်လာတဲ့စကားတွေက အထူးအဆန်းမို့ ရဲလည်းကြောင်သွားပါတယ်။
မအေးမာကတော့ တောသူပီပီ ရဲစခန်းထဲအထိဝင်လာရတာကို လန့်နေပြီ။ ပြီးတော့  ...ဒေါ်သန်းမြင့်ပါးစပ်ကပြောလိုက်တဲ့စကားကြောင့် တုန်လှုပ်သွားမိတယ်။ အလို  ...မမသန်းမြင့်ကို ကားတိုက်သေတဲ့လူရဲ့ ဝိညာဉ်က ဝင်ပူးနေတာပါလား။
ရဲစခန်းတစ်ခုလုံးလည်း အလုပ်များသွားရပါတော့တယ်။
စခန်းမှူးကိုယ်တိုင်ထွက်လာတယ်။
စခန်းမှူးမေးတော့လည်း ဒေါ်သန်းမြင့်ပြန်ဖြေတဲ့အဖြေက ဒါပဲ။
သူ့ကိုယ်သူ ကားတိုက်သေတဲ့ ကျော်နိုင်ဝင်းဆိုတဲ့ကောင်လေးတဲ့။ သူ့ကိုတိုက်သွားတဲ့ကားနံပါတ်ကိုလည်း ရွတ်ပြတယ်။ သူကားတိုက်ခံရလို့ သေတဲ့နေရာကိုလည်း ရဲစခန်းထဲကနေ လှမ်းပြီးလက်ညှိုးထိုးပြတယ်။
]]အရေးယူပေးပါ၊ အဲဒီကားဒရိုင်ဘာကို အရေးယူပေးပါ၊ သူ့ ကြောင့်ကျွန်တော်သေရပြီ၊ ကျွန်တော်သေရပြီ၊ ကားနံပါတ် --^၃၁၆၆ နော်၊ စစ်သည်မောင်ဘတ်စ်ကားပါ၊ အရေးယူပေးပါဗျာ၊ ကျွန်တော့်ကိုသေအောင် သတ်သွားတဲ့လူကို ရအောင်ဖမ်းပြီးအပြစ်ပေးပေးပါ၊ ကျွန်တော်ကတော့  ...ကျွန်တော်ကတော့  ... သူ့ကြောင့် သေပြီ အဟီး  ...ဟီး  ...ဟီး}}
ဒေါ်သန်းမြင့်က ပြောရင်း ငိုချလိုက်ပါတယ်။
ပြီးတော့  ...ဒေါ်သန်းမြင့်ကိုယ်ဟာ တဆတ်ဆတ်တုန်လာပြီး တစ်ချက် ]]ဝါး}}ကနဲ သမ်းလိုက်တယ်။ ယိုင်လဲတော့မလိုဖြစ်သွားလို့ မအေးမာက ဖက်ထားလိုက်ရပါတယ်။ အနီးမှာရှိတဲ့ရဲတစ်ယောက်ကလည်း ဒေါ်သန်းမြင့်လက်မောင်းကိုကိုင်ပြီး ဖမ်းထိန်းပေးလိုက်တယ်။
ဒေါ်သန်းမြင့်ကိုဝင်ပူးနေတဲ့ဝိညာဉ်ဟာ ထွက်ခွာသွားပါပြီ။
ပုံမှန်ပြန်ဖြစ်သွားတဲ့ဒေါ်သန်းမြင့်က သူရောက်နေတဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီး နားမလည်နိုင်အောင်ဖြစ်နေပုံမျိုးပါပဲ။ 
သူ့ကိုဖက်ထားတဲ့မအေးမာကိုမေးလိုက်တယ်။
]]အေးမာ  ...ငါတို့ဘယ်ရောက်နေတာလဲ၊ ဒီနေရာကို ဘာလို့ ရောက်နေတာလဲ၊ ငါဘာဖြစ်သွားတာလဲဟင်}}
]]ပြန်ကြစို့မမသန်းမြင့်၊ ပြန်ကြရအောင်၊ အပြင်ရောက်မှ ကျွန်မပြောပြမယ်}}
မအေးမာက ဒေါ်သန်းမြင့်ကိုဆွဲခေါ်လာခဲ့ပါတော့တယ်။
စခန်းထဲမှာကျန်ရစ်ခဲ့တဲ့ ရဲအမှုထမ်းတွေလည်း အဖြစ်အပျက်ကို တအံ့တဩပြောဆိုရင်း ကျန်ခဲ့ကြတယ်။
]]အဘွားကြီးပြောသွားတာကို ဘယ်လိုသဘောရသလဲဆရာ}}
ရဲတစ်ယောက်က စခန်းမှူးကိုမေးတယ်။
]]သရဲကပူးပြောတဲ့စကားဟာ တရားဥပဒေအရ ဘောင်မဝင်ဘူးကွ}}
]]ဒါပေမယ့်ဆရာ  ...}}
နောက်ရဲတစ်ယောက်က မဝံ့မရဲဝင်ပြောလိုက်ပါတယ်။ သူက ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာ စစ်ဆေးပြီး အခုပဲ ပြန်ရောက်လာတဲ့သူပါ။
]]အဘွားကြီးပြောသွားတဲ့စကားထဲက ကားတိုက်သေတဲ့ကောင်လေး နာမည်ကတော့ အမှန်ပဲဆရာ၊ သေသွားတဲ့ကောင်လေးက ကျော်နိုင်ဝင်းတဲ့}}
အဖြစ်အပျက်အပေါ်မှာ စဉ်းစားတွေးတောရင်း စခန်းမှူးရဲ့မျက်ခုံးနှစ်ဖက်ဟာ တွန့်ကွေးနေပါတယ်။
_____
မအေးမာပြန်ပြောလို့ ဒေါ်သန်းမြင့်ဟာ သူ့ကို ကားတိုက်သေတဲ့ကောင်လေးရဲ့ဝိညာဉ်ဝင်ပူးတယ်ဆိုတာကို သိလိုက်ရပါတယ်။
သရဲဝင်ပူးနေတုန်းက သူဘာတွေပြောခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ဘူး။ ဒေါ်သန်းမြင့်ရဲ့ နဂိုအသိစိတ် ပျောက်နေတဲ့အချိန်ကိုး။
အဲဒီအဖြစ်ကြောင့် ဒေါ်သန်းမြင့်တို့ နာရီဝက်လောက် အိမ်အပြန်နောက်ကျသွားရပါတယ်။
ဂတ်တဲဂိတ်မှာ ကားပြန်စောင့်၊ နောက်ဆုံးကားလာမှ တက်စီးလာလိုက်တာ ညရှစ်နာရီခွဲမှပဲ အိမ်ပြန်ရောက်ပါတော့တယ်။
သရဲပူးခဲ့တဲ့အဖြစ်ကိုတော့ ဒေါ်သန်းမြင့်ရော မအေးမာပါ သိပ်အရေးမထားမိတော့ဘူး။ ဒေါ်သန်းမြင့်နှုတ်က အောင်ထူးမောင်းတဲ့ကား နံပါတ်ကိုထုတ်ဖော်ပြောခဲ့ပေမယ့် သူ့အသိစိတ်နဲ့ပြောတာမဟုတ်လို့ အဲဒီကားနံပါတ်ကို သူမမှတ်မိဘူး။ မအေးမာကလည်း တစ်ခါတလေမှ မြို့ကို တက်လာတဲ့သူဆိုတော့ ဒေါ်သန်းမြင့်သရဲပူးရင်း ရွတ်ပြခဲ့တဲ့ကားနံပါတ်ဟာ သူ့တူအောင်ထူးမောင်းတဲ့ကားဖြစ်နေမှန်း မသိဘူး။
အိမ်ပြန်နောက်ကျတာနဲ့ပဲ အဲဒီအဖြစ်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။
ဒေါ်သန်းမြင့်က ကားဂိတ်ဆုံးကနေ အိမ်ကိုလမ်းလျှောက်အပြန် မှာ ကားအုံနာအိမ်ကိုလှမ်းကြည့်လိုက်တော့ အောင်ထူးမောင်းတဲ့ဒိုင်နာကား အိမ်ဝင်းထဲမှာရပ်ထားတာတွေ့လိုက်တယ်။ အောင်ထူးပြန်ရောက်နေပြီမို့ စိတ်အေးသွားရပါတယ်။ အရက်များဝင်သောက်နေသလား၊ အိမ်ပြန်ရောက် နေရင်တော့ အဝမှာထိုင်စောင့်နေရတော့မှာပဲတွေးပြီး အိမ်ကိုရောက်အောင် မြန်မြန်လျှောက်လာကြပါတယ်။
_____
အိမ်ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ အောင်ထူးက ရောက်နှင့်နေပြီ။
တံခါးသော့ခတ်ထားလို့ အိမ်ရှေ့ကလှေကားခုံမှာ ဆောင့်ကြောင့်ထိုင်ရင်းစောင့်နေတယ်။
]]အမေ ဘယ်သွားနေတာလဲ၊ ဟင်  ...ဒေါ်လေးမအေးမာရောက်နေတယ်}}
]]ဟုတ်တယ်သား၊ အေးမာ အလှူအတွက်ဈေးလာဝယ်တာ၊ အမေလိုက်ပို့နေလို့ မိုးချုပ်သွားတာ၊ သားရောက်နေတာ ကြာပြီလား}}
]]ကြာပြီအမေ}}
]]ကဲ- လာလာ  ...အထဲဝင်၊ ပြီးရင် ထမင်းစား၊ ရေတော့ မချိုးနဲ့တော့၊ အေးတယ်}}
]]ထမင်းမစားတော့ဘူးအမေ၊ အိပ်တော့မယ်}}
]]ဟဲ့  ...ဘယ်လိုဖြစ်တာလဲ}}
အောင်ထူးကတော့ သူကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် စိတ်မလုံလို့ စားချင်စိတ်မရှိတော့တာပါ။
]]နေကောင်းရဲ့လားငါ့သား၊ မှန်း}}
ဒေါ်သန်းမြင့်က အမူအရာထူးခြားနေတဲ့အောင်ထူးကိုကြည့်ပြီး စိုးရိမ်စိတ်နဲ့ နဖူးကိုစမ်းကြည့်တယ်။
]]နေကောင်းပါတယ်အမေရာ}}
]]ဒါဖြင့်  ...ထမင်းစားလေ၊ တစ်နေ့လုံးပင်ပန်းလာတာကို၊ ဘယ့်နှယ် အိပ်ရမှာတုံး၊ အမေတို့တော့ မတင်မိတို့အိမ်မှာစားခဲ့လို့ မစားတော့ ဘူး၊ မင်းကြိုက်တဲ့ပုဇွန်စိတ်ကလေးကို ခပ်စပ်စပ်ချက်ထားတယ် ငါ့သား၊ စားလိုက်  ...စားလိုက်}}
ဒေါ်သန်းမြင့်က ပြောပြောဆိုဆို မီးဖိုခန်းထဲဝင်သွားတယ်။
အောင်ထူးက ကိုယ့်အပူနဲ့ကိုယ်မို့ အိမ်ရှေ့ခန်းမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
ထမင်းဟင်းခူးခပ်ပြီးတာနဲ့ ဒေါ်သန်းမြင့်က မီးဖိုခန်းထဲကနေ လှမ်းခေါ်လိုက်တယ်။
]]ဟဲ့  ...အောင်ထူး၊ ငါ့သား၊ လာလေ၊ ထမင်းစားလှည့်၊ ဒီမယ်  ...အမေက မင်းကြိုက်တတ်လို့ ပုဇွန်ဆိတ်ကလေး ရအောင်ဝယ် ချက်ထားတာ၊ ငရုတ်သီးစပ်စပ်နဲ့၊ လာ  ...စားလိုက်ဦး}}
]]မစားချင်ဘူးအမေရာ}}
အောင်ထူးက အိမ်ရှေ့ခန်းကနေ ပြန်အော်ပြောတယ်။
]]သွားစားလိုက်စမ်းပါအောင်ထူးရယ်၊ မအေလုပ်တဲ့လူက စားစေချင်လို့ ချက်ထားတဲ့ဟာကို၊ သွား  ...တစ်လုပ်နှစ်လုပ်ဝင်ဝင် စားလိုက်}}
မအေးမာကလည်း ဝင်တိုက်တွန်းတယ်။
]]ထမင်းမစားချင်ရအောင် နင်ဘာတွေစားလာလို့လဲဟဲ့}}
ဒေါ်သန်းမြင့်အသံက မီးဖိုခန်းထဲကနေ ထပ်ထွက်လာတယ်။
အဲဒီတုန်းမှာပဲ  ...အိမ်ရှေ့ကနေ အော်ခေါ်လိုက်တဲ့အသံတစ်သံကြားလိုက်ရပါတယ်။
]]ဒေါ်သန်းမြင့်၊ ဒေါ်သန်းမြင့် ရှိသလား၊ အောင်ထူးရော ရှိသလား}}
အော်မေးလိုက်တဲ့အသံက ရပ်ကွက်ကောင်စီရုံးက ရာအိမ်မှူး ဦးကျော်အောင်ရဲ့အသံပါ။
ဦးကျော်အောင်အသံကြောင့် ဒေါ်သန်းမြင့် မီးဖိုခန်းထဲကထွက်ခဲ့ပြီး အိမ်ရှေ့ကိုလျှောက်လာတယ်။
ပထမတော့ မအေးမာရောက်နေတာ ဧည့်စာရင်းတိုင်ဖို့ သတိလာပေးတယ်လို့ ထင်လိုက်မိသေးတယ်။
အိမ်ရှေ့ရောက်လို့ကြည့်လိုက်တော့ ဦးကျော်အောင်တစ်ယောက်တည်းမဟုတ်ဘူး၊ အောင်ထူးရဲ့ကားအုံနာ ဦးစံပိုင်ပါ ပါလာတယ်၊ ပြီးတော့ အောင်ထူးကားက စပယ်ယာမောင်နီ။
အောင်ထူးကလည်း အိမ်ကိုရောက်လာတဲ့လူတွေကိုကြည့်လိုက်တာနဲ့ အခြေအနေကိုနားလည်လိုက်ပါပြီ။
ဒေါ်သန်းမြင့်က အိမ်ရှေ့မှာရပ်ထားတဲ့ရဲကားကိုလည်း တွေ့လိုက်ပါတယ်။ ရဲတစ်ချို့ ဦးကျော်အောင်နဲ့ဦးစံပိုင်နောက်ကနေ အိမ်ထဲဝင်လာကြ တယ်။
]]အို  ...ဘာဖြစ်လို့လဲ၊ ဘာကိစ္စရှိလို့လဲ ဦးကျော်အောင်}}
ဒေါ်သန်းမြင့်မေးခွန်းအဆုံးမှာပဲ အိမ်ထဲကနေ အောင်ထူးရဲ့ ငိုသံ ထွက်ပေါ်လာပါတယ်။
]]အဟီး  ...ဟီး  ...အမေ  ...အမေ  ...အဲဒါ ကျွန်တော့်ကို လာဖမ်းတာဗျ၊ ကျွန်တော့်ကိုလာဖမ်းတာ၊ အဟီး  ...ဟီးဟီး}}
]]ဘာဟဲ့  ...}}
]]ကဲ- ဒေါ်သန်းမြင့် အောင်ထူးကိုယ်တိုင် လွယ်လွယ်ကူကူဝန်ခံနေတော့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပေါ့၊ ခင်ဗျားသားအောင်ထူး လူတစ်ယောက်ကိုကားနဲ့တိုက်ခဲ့တာ ပွဲချင်းပြီး သေသွားတယ်ဗျ၊ အဲဒါကြောင့် အောင်ထူးကိုဖမ်းဖို့ ရဲတွေလိုက်လာတာပဲ}}
]]ဟုတ်တယ်ဒေါ်သန်းမြင့်၊ ကားကိုလည်းစစ်ဆေးပြီးပါပြီ၊ မောင်နီ့ကိုစစ်ဆေးတော့လည်း မောင်နီကဝန်ခံတယ်၊ အဲဒါကြောင့်}}
]]မောင်နီ  ...မောင်နီ  ...မင်းဖော်ပြောလိုက်တာပေါ့လေ၊ မင်းကွာ}}
]]မဟုတ်ဘူး၊ ကျွန်တော့်ကိုအထင်မမှားပါနဲ့ကိုကြီးအောင်ထူးရယ်၊ ရဲတွေအိမ်အထိလိုက်လာပြီး စစ်ဆေးလို့ အမှန်အတိုင်းပြောလိုက်ရတာပါ၊ ကျွန်တော်ဖော်ကောင်လုပ်တာ မဟုတ်ပါဘူး}}
မအေးမာက အိမ်ကိုလိုက်လာတဲ့ရဲတွေကိုကြည့်ပြီး မျက်နှာပျက်သွားတယ်။
]]မမသန်းမြင့်၊ ဒီရဲတွေက မမသန်းမြင့် ဟိုဟာဖြစ်ပြီးဝင်ခဲ့တဲ့ ရဲစခန်းက ရဲတွေလေ}}
ရဲတစ်ယောက်ကလည်း ဒေါ်သန်းမြင့်နဲ့မအေးမာကိုအမြင်မှာ လွှတ်ကနဲပြောလိုက်တယ်။
]]ဟာ  ...သရဲပူးပြီး စခန်းမှာတိုင်ချက်ဖွင့်တဲ့အဒေါ်ကြီးပါလား}}
အဲဒီရဲက ဒေါ်သန်းမြင့်လဲကျမလိုဖြစ်တော့ ဖမ်းထိန်းပေးခဲ့တဲ့ ရဲပါ။
ဒေါ်သန်းမြင့် ဖြစ်ရပ်တစ်ခုလုံးကို ခြုံငုံသဘောပေါက်လိုက်ပါပြီ။
]]အောင်မယ်လေး  ...ကိုယ်ကျိုးနည်းပါပေါ့လား}}
ဒေါ်သန်းမြင့်က ရင်ဘတ်ကိုပုတ်ပြီး အော်ငိုလိုက်တယ်။
ရဲတွေက သရဲပူးပြီးတိုင်ချက်ဖွင့်တာဟာ တရားမဝင်ပေမယ့် ဒေါ်သန်းမြင့်ပြောသွားတဲ့စကားထဲမှာ သေသူနာမည်ကအမှန်ဖြစ်နေတဲ့ အတွက် လိုအပ်တဲ့စုံစမ်းမှုတွေလုပ်ခဲ့ပါတယ်။
စစ်သည်မောင်ဂိတ်ကို လှမ်းမေးတော့ ဒေါ်သန်းမြင့်ပြောသွားတဲ့ ကားနံပါတ်ဟာ စစ်သည်မောင်ကားလိုင်းမှာ အမှန်တကယ်ရှိနေတယ်။ ဂိတ်မှူးက --^၃၁၆၆ကားဟာ လူမတင်ပဲ ခြောက်နာရီလောက်မှာ ကားသိမ်းသွားကြောင်း၊ ကားမောင်းသူက အောင်ထူးဖြစ်ကြောင်း အစစ်ခံတယ်။
ရဲတွေဟာ ကားအုံနာလိပ်စာအတိုင်းလိုက်လာ၊ ကားကိုစစ်ဆေးတော့ ကားနံပါတ် မှန်နေတာတွေ့တယ်။ ကားရှေ့ဖုံးမှာ တိုက်မိတဲ့အပွန်းအပဲ့ တွေလည်းတွေ့တယ်။ စပယ်ယာမောင်နီကိုခေါ်စစ်ကြည့်တော့ မောင်နီက ကြောက်ကြောက်နဲ့ဝန်ခံလိုက်လို့  ...ကျော်နိုင်ဝင်းဆိုသူကိုတိုက်သွားတဲ့ နံပါတ်မသိလိုက်တဲ့ကားဟာ အောင်ထူးမောင်းတဲ့ကားဆိုတာ သေချာသွားပါတော့တယ်။
ရဲတွေလည်း သေသူကျော်နိုင်ဝင်း ဝင်ပူးပြီး တရားခံအစစ်ကို ဖော်ထုတ်ပေးခဲ့တဲ့မိန်းမကြီးဟာ တရားခံရဲ့အမေဖြစ်နေတာတွေ့ရလို့ အံ့ဩမဆုံးဖြစ်နေကြပါတော့တယ်။
ရဲတွေက တာဝန်အရ အောင်ထူးကိုလက်ထိပ်ခတ်ပြီးခေါ်သွားပါပြီ။
]]အောင်မယ်လေး  ...သား  ...သား၊ မင်းကို ထောင်ထဲရောက်အောင်လုပ်တဲ့လူက မင်းအမေ ငါကိုယ်တိုင်ဖြစ်နေပါပေါ့လား၊ ရင်နာလှချည် ရဲ့သားရယ်  ...}}
ဒေါ်သန်းမြင့်အော်ငိုရင်းကျန်ခဲ့တယ်။
ဒေါ်သန်းမြင့်ဆိုလိုရင်းကို အောင်ထူးမသိသေးပါဘူး။
အောင်ထူးလိုပဲ  ...ဦးကျော်အောင်တို့ ဦးစံပိုင်တို့ မောင်နီတို့လည်း မသိကြပါဘူး။ ရဲတွေပဲ သိကြပါတယ်။
]]အို  ...အဖြစ်ဆိုးလှချည်လား၊ ငါ့သားလေး သူကြိုက်တဲ့ ပုဇွန်ဆိတ်ဟင်းလေးနဲ့တောင် ထမင်းစားမသွားရရှာပါလား၊ သားရေ သားရဲ့၊ ကိုယ့်သားကိုယ် အချုပ်ထဲရောက်အောင်လုပ်မိတဲ့ မင်းအမေကို ခွင့်လွှတ်ပါတော့ ငါ့သားရယ်၊ အမယ်လေး  ...ငါ့အဖြစ်က ဆိုးလှချည်လား၊ အမေဘယ်လိုဖြေရတော့မှာလဲသားရေ}}
]]မမသန်းမြင့်  ...မမသန်းမြင့်  ...သတိထားပါ၊ တရားနဲ့ဖြေပါ မမသန်းမြင့်ရယ်}}
]]အေးမာ၊ ငါတရားမရှိလို့မဟုတ်ဘူး၊ လူတစ်ယောက်ဟာ ကိုယ်ပြုခဲ့တဲ့မကောင်းမှုဒဏ်ကို တန်ပြန်ခံစားရမယ်ဆိုတာ ငါလက်ခံတယ်၊ အောင်ထူးမိုက်မှားခဲ့တဲ့အတွက် သူအပြစ်ဒဏ်ခံရတော့မယ်၊ ဒါကို ငါလက်ခံတယ်အေးမာ၊ ငါယူကြုံးမရဖြစ်တာက ငါ့သားလေးရဲ့ပြစ်မှုကို ငါကိုယ်တိုင်ဖော်ထုတ်ပေးသလိုဖြစ်သွားတာကိုပါအေ၊ သားကိုထောင်ထဲရောက်အောင် တွန်းပို့တဲ့အမေဖြစ်ရပြီဟဲ့၊ ငါဘယ်လိုဖြေရမလဲ၊ ငါဘယ်လိုဖြေရပါတော့မလဲ၊ အောင်မယ်လေး  ...အမေတို့အဖြစ်က ဆိုးလှချည်လားငါ့သား ရေ  ...}}
ဒေါ်သန်းမြင့်ရဲ့အော်ငိုသံဟာ ပတ်ဝန်းကျင်တစ်ခုလုံးကိုပျံ့လွင့် သွားပါတော့တယ်။
 + + + + + + + +
                                                               နွေတမာန်
ဝန်ခံချက်။       ။ ၂၀၀၉ခုနှစ်၊ စက်တင်ဘာလအတွင်းက မန္တလေးမြို့တွင်ဖြစ်ခဲ့သော  ...
ယာဉ်တိုက်မှု ဖြစ်ရပ်မှန် မှုခင်းတစ်ခုအား မှီငြမ်း ရေးသားပါသည်။

No comments: