ဆောင်းလုလင်
တစ္ဆေတစ်ကောင်၏ဖွင့်ဟဝန်ခံချက်
ယနေ့ည
၁၂နာရီအချိန်လောက်တွင် ကျွန်မသေဆုံးသွားခဲ့ပါသည်။
ကျွန်မသည်
ကျွန်မခင်ပွန်းရှေ့၌ သူ့ကိုရန်တွေ့ရင်း ကျွန်မ၏ နှလုံးရောဂါအခံကြောင့်
နှလုံးသွေးကြောရပ်ကာ လဲကျသေဆုံးခဲ့ခြင်းဖြစ်ပါသည်။
ကျွန်မသေဆုံးရပုံကို
ကျွန်မ ကောင်းကောင်းကြီးမှတ်မိနေပါသည်။
ထို့ကြောင့်လည်း
ဤနေရာသို့ရောက်လာသည်တွင် ကျွန်မသည် ကွယ်လွန်ပြီးသူတစ်ယောက်အနေဖြင့်
တမလွန်လောကတစ်နေရာသို့ရောက် နေခြင်းဖြစ်ကြောင်း နားလည်လိုက်ရသည်။
ကျွန်မရောက်လာချိန်တွင်
အခန်းထဲ၌လူတော်တော်များများရှိနေပြီးဖြစ်ပေ၏။ ထိုသူများမှာ ကျွန်မကဲ့သို့ပင်
လောလောဆယ်သေဆုံးပြီး တမလွန်လောကရောက်လာကြသူများဖြစ်ပေ၏။ သူတို့ထဲမှအချို့သည်
သူတို့ကိုယ်သူတို့သေဆုံးမှန်းမသိကြသေးပါ။
သူတို့အားလုံး
ရှစ်ယောက်တိတိရှိပေသည်။ အချို့က ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြကာ အချို့က
ကြမ်းပြင်ပေါ်မှာပင်ထိုင်နေကြ၏။ ခုံတန်းလျားပေါ်တွင် ဝင်ထိုင်နေသူအချို့လည်း
ရှိလေသည်။
လူငယ်တစ်ယောက်၏ကိုယ်ပေါ်တွင်
သွေးများမြင်မကောင်းအောင် ဖုံးလွှမ်းနေသည်။
]ကျွန်တော်ဘယ်ရောက်နေတာလဲဟင်၊
ကျွန်တော်ဘာဖြစ်နေတာလဲ}
ထိုလူငယ်က
သူ့ခန္ဓာကိုယ်ပေါ်မှသွေးများကိုငုံ့ကြည့်ရင်း နားမလည်နိုင်စွာမေးလိုက်လေသည်။
]နင်သေသွားပြီလေ၊
နင်သေလို့ဒီနေရာရောက်လာတာပေါ့}
ဘေးမှအဘွားအိုတစ်ဦးက
ဖြေလိုက်လေ၏။
]ဘာ-သေပြီ၊
ဟုတ်လား၊ ကျွန်တော်သေပြီ}
]ခက်လိုက်တာ၊
ကိုယ့်ကိုကိုယ် သေလို့သေမှန်းတောင်မသိဘူးကိုး}
]ဒါဖြင့်
ခင်ဗျားတို့ကရောဟင်၊ ခင်ဗျားတို့က ဘာတွေလဲ}
]ငါတို့လည်း
သေပြီးသားလူတွေပဲ၊ တို့အားလုံးဟာ ဒီနေ့မှာသေခဲ့ကြတဲ့လူတွေပဲ}
]ဟင် …
ဒါဖြင့် ဆိုင်ကယ်နဲ့ကားနဲ့တိုက်မိတုန်းက ကျွန်တော်သေသွားတာပေါ့နော်}
]နင်ဘယ်လိုသေခဲ့တယ်ဆိုတာတော့
ငါဘယ်သိမလဲကောင်လေး၊ နင့်ဟာနင်ပြန်စဉ်းစားပေါ့၊ ဟုတ်မှာပါ၊ နင့်ကိုယ်မှာ
သွေးတွေဒါလောက်ထွက် နေတာ၊ နင် အက်ဆီးဒင့်ဖြစ်ပြီးသေတာပဲဖြစ်မှာပေါ့}
]ဟာ… }
ကောင်လေးသည်
သူ့အခြေအနေကို ခုမှပင်နားလည်သွားလေ၏။
အခန်းထဲသို့ရောက်နေသော
လူအများစုမှာ အသက်ကြီးရင့်သူများဖြစ်ပေ၏။ သူတို့သည် အသက်ကြီးရင့်၍လည်းကောင်း၊
ရောဂါဘယကြောင့် လည်းကောင်း သေဆုံးခဲ့ကြသူများဖြစ်ဟန်တူပေသည်။ အတော်များများက
သူတို့ကိုယ်သူတို့ သေဆုံးပြီးမှန်း သိနေကြပေ၏။
သူတို့အသွင်အပြင်မှာလည်း
သေဆုံးစဉ်အချိန်က ပုံစံအတိုင်းရှိနေကြပေသည်။ ပိန်လှီချောက်ကပ်လျှက်၊
အရိုးပေါ်အရေတင်လျှက်၊ ဖောသွတ်ရောင်ကိုင်းလျှက်… ပုံစံအမျိုးမျိုးရှိနေကြပေသည်။
ရုတ်တရက်သေဆုံးခဲ့သူဆို၍
ဆိုင်ကယ်မှောက်၍သေခဲ့သောလူငယ်နှင့် ကျွန်မသာလျှင်ရှိမည်ထင်သည်။ သို့သော်- ကျွန်မက
ထိုလူငယ်လောက် ရုပ်ပျက်ဆင်းပျက်ဖြစ်မနေပါ။ ကျွန်မသည် မသေခင်အချိန်လေးက
ဝတ်ကောင်းစားလှများကိုဝတ်ဆင်ထားခဲ့သည်။ ခရီးစဉ်တစ်ခုမှပြန်လာစဉ်ဖြစ် သည့်အတွက်
အလှအပများပြင်ဆင်ထားခဲ့သည်။ ရုတ်တရက် သေဆုံးသွားသည့်အခါ တမလွန်သို့ ထိုအသွင်အပြင်အတိုင်းရောက်လာခဲ့သည်။
ထို့ကြောင့် ကျွန်မသည်
သေဆုံးပြီးသူများကြားတွင် သေသပ်လှပမှုအရှိဆုံးဖြစ်နေရပေ၏။
ကျွန်မက
အခန်းထဲအရောက်တွင် အခန်းအနေအထားနှင့် ရောက်နှင့်နေသူများကို အကဲခတ်ကြည့်လိုက်သည်။
ယာဉ်တိုက်မှုဖြစ်၍သေဆုံးခဲ့သည့်ကောင်လေးမှအပ…
… အားလုံးမှာ အေးအေးဆေးဆေး
တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြလေသည်။ သူတို့
သည် သူတို့သေဆုံးမှုကို ကြေနပ်စွာလက်ခံပြီးသူများဖြစ်ပေသည်။
ခုံတန်းကဲ့သို့အရာတစ်ခုပေါ်၌ထိုင်ရင်း
ခိုက်ခိုက်တုန်နေသော အမျိုးသမီးတစ်ယောက်ကို ကျွန်မမြင်လိုက်ရသည်။ သူမသည်
အတော်ပင်ချမ်း အေးနေပုံရပေ၏။ ချမ်းလွန်း၍ မေးဖျားခိုက်ခိုက်တုန်ပြီး
သွားချင်းရိုက်မိသည့်အသံကိုပင် အတိုင်းသားကြားနေရသည်။ သူမသည် ပါးလွှာသော
ညအိပ်ဝတ်စုံကိုဝတ်ဆင်ထားသည့်အတွက် အချမ်းဒဏ်ကိုပို၍ခံစားနေရဟန်တူသည်။
ပါးလွှာသောညအိပ်ဝတ်စုံကိုဖောက်၍ သူမ၏တင်းရင်းဖောင်းမို့ သောအသားများကို
မြင်နေရပေသည်။ သူမက အချမ်းသက်သာလိုသက်သာငြား လက်နှစ်ဖက်ကိုပိုက်ထားလေသည်။
သူမ၏အသားအရေများမှာ ပဲကြီးရေစိမ်လို ရှုံ့တွနေပေ၏။
ကျွန်မသည်
ဤနေရာသို့နောက်ဆုံးရောက်လာသူဖြစ်ကြောင်း မကြာခင်မှာပင် သိလိုက်ရလေသည်။
ကျွန်မ
ထိုအခန်းထဲသို့ရောက်ပြီးသည်နှင့် အခန်းထဲသို့ လူတစ်ယောက်ဝင်လာလေ၏။
ဝင်လာသူသည်
သားနားသပ်ရပ်သောဝတ်စုံကို ဝတ်ဆင်ထားကာ သူ့မျက်နှာသည်
ခံစားချက်ကင်းမဲ့သည့်မျက်နှာသေတစ်ခုဖြစ်နေပေသည်။
စင်စစ်… သူသည် ဤနေရာတွင်
တာဝန်ထမ်းဆောင်နေသူတစ်ဦးသာဖြစ်ကြောင်း၊ ကွယ်လွန်ပြီး တမလွန်လောကရောက်လာသူများအား
တမလွန်မှကြိုဆိုရန်တာဝန်ပေးခြင်းခံထားရသော လူတစ်ဦးဖြစ်ကြောင်း၊ သူကိုယ်တိုင်လည်း
တမလွန်လောကသားတစ်ယောက်သာဖြစ်ကြောင်းများ ကို သူရှင်းပြမှ ကျွန်မတို့သိလိုက်ရသည်။
ယနေ့အဖို့
နောက်ဆုံးရောက်လာသူမှာ ကျွန်မပင်ဖြစ်ပေသည်။ ကျွန်မသည်
ည၁၂နာရီတွင်သေဆုံးခဲ့ခြင်းဖြစ်ရာ ယနေ့အဖို့ နောက်ဆုံးအချိန်
တွင်သေဆုံးခဲ့သူဖြစ်ပေသည်။
]ဒီနေ့အဖို့တော့
ဒီလူကိုးယောက်နဲ့ပဲ စာရင်းပိတ်ပြီ}
တမလွန်ဝန်ထမ်းက
ကျွန်မတို့သေဆုံးပြီးသူများကြားအောင် ကြေငြာလိုက်သည်။
]ခင်ဗျားတို့ဟာ
ကိုယ့်ကိုကိုယ် သေပြီးသားလူတွေဆိုတာကို သိကြရဲ့လား}
သူက
မေးလိုက်သည်။
]တချို့က
သေပြီဆိုတာကို လက်မခံချင်ကြဘူး၊ ဒါမျိုးမဖြစ်ရအောင် ကျုပ်က တာဝန်ရှိလို့
လာပြီးအတည်ပြုပေးတာပဲ၊ ခင်ဗျားတို့ဟာ သေပြီးကြပြီ၊ ဒီနေ့ပဲ ခင်ဗျားတို့သေကြတယ်၊
ကိုယ့်ကုသိုလ်ကံအတိုင်း ရောဂါဘယကြောင့်သော်လည်းကောင်း၊ ဥပစ္ဆေဒကံကြောင့်သော်လည်း
ကောင်း ခင်ဗျားတို့ သေခဲ့ကြတယ်၊ ဒါကိုစွဲစွဲမြဲမြဲလက်ခံကြဖို့လိုတယ်၊ ရှင်းပြီလား}
ထိုစဉ်
အသက်ကြီးကြီး ထိပ်ပြောင်ပြောင်နှင့်လူကြီးတစ်ယောက်က မေးလိုက်သည်။
]နေစမ်းပါဦးဗျ၊
ကျွန်တော်သေပြီဆိုတာ ကျွန်တော်လက်ခံပါတယ်၊ သိလည်းသိပါတယ်၊ သေလို့လည်း
ဝမ်းမနည်းပါဘူး၊ ကျွန်တော်သိချင်တာ က ဒီနေရာဟာ ဘယ်လိုနေရာမျိုးလဲ၊ ငရဲလား… … နိဗ္ဗာန်လား… }
]ငရဲလည်း
မဟုတ်ဘူး၊ နိဗ္ဗာန်လည်း မဟုတ်ဘူး၊ ခင်ဗျားတို့ ကုသိုလ်ကံက ငရဲကျလောက်အောင်လည်း
မဆိုးဘူး၊ နိဗ္ဗာန်ရောက်လောက် အောင်လည်း မကောင်းဘူး၊ ဒါကြောင့် ခင်ဗျားတို့
ဒီနေရာရောက်လာကြတာ}
]ဒါဆို… ဒီနေရာက ဘာလဲဟင်}
ကျွန်မက
စိတ်လှုပ်ရှားစွာမေးလိုက်သည်။
]ပြိတ္တာဘုံပဲ-}
]အို-}
]ခင်ဗျားတို့ဟာ
သေလွန်ပြီးနောက် ကုသိုလ်ကံ အကျိုးပေးအလျောက် ပြိတ္တာဘုံသားတွေဖြစ်သွားကြပြီ၊
ပြိတ္တာဘုံမှာ ခင်ဗျားတို့ ဘယ်လို အဆင့်မျိုးရမယ်၊ ဘယ်လိုနေရထိုင်ရမယ်ဆိုတာတော့
တစ်ပတ်ပြည့်မှ ဆုံးဖြတ်ခြင်းခံရမယ်၊ ဒီတော့… … တစ်ပတ်ပြည့်တဲ့အထိ ဒီနေရာမှာ
ကောင်းကောင်းမွန်မွန်နေကြပါ၊ ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းမသိမှာစိုးလို့ ကျုပ်က
တာဝန်အရ လာအသိပေးတာပဲ}
]ဒီနေ့သေတဲ့လူတွေက
တစ်ကမ္ဘာလုံးမှာ ဒီ၉ယောက်ထဲပဲလားဟင်}
]ဘယ်ဟုတ်မလဲဗျ၊
ကမ္ဘာပေါ်မှာစက္ကန့်နဲ့အမျှ လူတွေသေနေတာ၊ ၉ယောက်ဘယ်ကမလဲ၊ ခင်ဗျားတို့ဟာ
ကိုယ်သေတဲ့နေရာ ပတ်ဝန်းကျင်က တမလွန်စခန်းကိုရောက်နေကြတာပဲ၊ ဒါဟာ ခင်ဗျားတို့သေတဲ့နေရာနဲ့
မနီးမဝေးက တမလွန်စခန်းတစ်ခုပါ}
ထိုသူရှင်းပြသဖြင့်
ဤနေရာသည် ကျွန်မအိမ်နှင့်မဝေးလှကြောင်း သိလိုက်ရသည်။ ကျွန်မက တမလွန်စခန်းဆိုသော
ကျွန်မရောက်နေသည့် အဆောက်အဦးကြီးကို အကဲခတ်ကြည့်လိုက်သည်။ အဆောက်အဦးကြီးမှာ
မြင့်မားလှသောကြောင့် အမိုးကိုမမြင်သာအောင်ရှိနေသည်။ အဆောက်အ ဦးကြီးမှာ
ကြီးမားခန့်ထည်ဟန်ရှိသော်လည်း ကြမ်းပြင်မှာ မြေသားဖြစ်နေလေသည်။
ကျင်းများချိုင့်များဖြင့်အတိပြီးသော မြေသားကြမ်းကြမ်းကြီးဖြစ် လေ၏။ ထို့ပြင်
အဆောက်အဦးအတွင်းထဲ၌ပင် သစ်ပင်များကိုမြင်တွေ့နေရပြန်သည်။ အင်းလေ… … ဒါဟာ
တမလွန်ဘုံတစ်ခုပဲ။ သူရှိချင်တဲ့ပုံစံအတိုင်း ရှိမှာပေါ့။
]ကဲ-ခင်ဗျားတို့ဘာမေးချင်သေးသလဲ}
တမလွန်စခန်း၏ဧည့်ကြိုဝန်ထမ်းဆိုသူက
မေးလိုက်သည်။
မည်သူ့ထံကမှ
အသံထွက်မလာ။
]မေးစရာမရှိရင်
ကျုပ်ပြန်မယ်၊ တစ်ပတ်ပြည့်ချိန်အထိတော့ ခင်ဗျားတို့ ဒီနေရာမှာပဲ ဖြစ်သလိုနေကြပေဦး}
သူက
အခန်းထဲမှထွက်ခွာသွားလေသည်။
သူထွက်သွားသည်နှင့်အခန်းထဲမှာ
တိတ်ဆိတ်၍ကျန်ခဲ့လေသည်။ သေပြီးသူအားလုံးမှာ စိတ်တက်ကြွမှုမရှိပဲ ငိုင်တွေနေကြ၏။
တကယ်တော့ သေပြီးနောက် ပြိတ္တာဘုံရောက်ရခြင်းသည် စိတ်တက်ကြွစရာအကြောင်းလည်းမရှိပါပေ။
ကျွန်မတို့သည် ပြိတ္တာလောကသားအဖြစ် ဘယ်လောက် ကြာကြာနေရဦးမည်မသိနိုင်။
သူတို့သည်
မသေခင်က ဝေဒနာအကြွင်းအကျန်များကိုခံစားရင်း ငြီးငြူနေကြသည်။ ရှုံ့မဲ့နေကြသည်။
ကျွန်မရင်ထဲမှလည်း စူးကနဲထိုးအောင့် သည့်ဒဏ်ကိုခံစားလိုက်ရ၏။ ကျွန်မသည်
နှလုံးသွေးရပ်၍သေဆုံးခဲ့ရသည်။
ကျွန်မသေဆုံးရပုံကိုတွေးမိကာ
ရင်ထဲမှနာကြင်သွားမိသည်။ ကျွန်မအပေါ်ရက်စက်နိုင်လွန်းသောခင်ပွန်းသည်ကိုလည်း
စိတ်နာကြည်းမိသည်။ သူကတော့ ခုလောက်ဆို သူ့မယားငယ်မနဲ့ပျော်နေရောပေါ့။
အတွေးများကြောင့်
ကျွန်မမိုက်ကနဲဖြစ်သွားလေသည်။
ကျွန်မသည်
ယခုထိ မထိုင်ဖြစ်သေးပဲ မတ်တပ်ရပ်လျက်သားရှိနေတာကို သတိရလိုက်သည်။
ကျွန်မကခိုက်ခိုက်တုန်အောင် အချမ်းဒဏ် ခံနေရသည့်အမျိုးသမီးဘေးတွင် ဝင်ထိုင်ရန်
ပြင်လိုက်သည်။
ထိုင်မည်ပြုတော့မှ
သူတက်ထိုင်နေသည့်အရာမှာ ခုံတစ်ခုမဟုတ်ပဲ အုတ်ဂူတစ်လုံးဖြစ်နေတာကို သတိပြုမိ၍
ကျွန်မတွန့်သွားမိ၏။ နောက်မှ ကိုယ်လည်း ပရလောကသားဖြစ်နေပြီပဲ
မထူးတော့ပါဘူးလေဟုတွေးကာ ထိုင်ချလိုက်သည်။
အသားများဆတ်ဆတ်တုန်ကာ
အချမ်းဒဏ်ခံစားနေရသည့်မိန်းမက သူ့ကိုယ်ကိုယို့၍ ကျွန်မကိုဖယ်ပေးရှာလေသည်။
]ရှင်
ဘာဖြစ်နေတာလဲဟင်၊ ရှင့်ကြည့်ရတာ သိပ်ချမ်းနေပုံပဲ}
]ဟုတ်တယ်လေ၊
ကျွန်မချမ်းနေတယ်၊ ကျွန်မသေခဲ့ရတာကိုက ချမ်းလွန်းလို့ သွေးခဲပြီးသေခဲ့ရတာရှင့်}
ဪ… သွေးခဲပြီးသေခဲ့ရတာကိုး၊ ဒါကြောင့်
အချမ်းဒဏ်ကို အခုထိခံစားနေရတာဖြစ်မည်။ သူမသည် အေးလွန်းသောကြောင့်
ခိုက်ခိုက်တုန်နေဆဲဖြစ်ကာ အသားအရေများကလည်း ပဲကြီးရေစိမ်လိုတွန့်ရှုံ့နေလေ၏။
နှုတ်ခမ်းများက ပြာနေသည်။ မသေခင် ဘယ်လောက်များ အအေးဒဏ်ခံခဲ့ရပါလိမ့်။
]ရှင်ကရော… ဘယ်လိုသေခဲ့ရတာလဲဟင်}
သူမက
ကျွန်မကိုစပ်စုလိုက်သည်။ ကျွန်မသေခဲ့ရပုံကို ကျွန်မပြန် မပြောချင်ပါ။ သို့သော်
အမေးရှိနေ၍ စကားလုံးလှအောင် ပြောလိုက်ရ လေသည်။
]အချစ်အတွက်နဲ့သေခဲ့ရတာပေါ့ရှင်}
]အို… အချစ်အတွက်}
]ဟုတ်တယ်၊
နှလုံးသားရေးရာကိစ္စပါ၊ ကျွန်မနှလုံးကွဲပြီး သေပွဲဝင်ခဲ့ရတာလေ}
ကျွန်မပြောစကားမမှားနိုင်ပါ။
နှလုံးရောဂါကြောင့်သေဆုံးရခြင်းသည် နှလုံးသားရေးရာကိစ္စပင်မဟုတ်ပါလား။
]ယောက်ျားတစ်ယောက်နဲ့ပတ်သက်နေသလားဟင်}
]သိပ်ပတ်သက်တာပေါ့၊
ကျွန်မယောက်ျားလေ၊ သူ့ကြောင့် ကျွန်မ ဒီလိုအဖြစ်ဆိုးနဲ့ တိုးရတာ}
]ယောက်ျားတွေဟာ
မကောင်းပါဘူးအစ်မရယ်… ၊ ကျွန်မလည်း ယောက်ျားတစ်ယောက်ကြောင့် သေခဲ့ရတာ၊
အချစ်အတွက်ပါပဲ¼¼ အချစ်အတွက်ပါပဲ… }
သူမက
တစ်ကိုယ်တည်းငြီးငြူသလို ရေရွတ်နေလေ၏။
ကျွန်မက
သူမကို ကိုယ်ချင်းစာစွာကြည့်လိုက်သည်။
]အစ်မဘယ်လိုဖြစ်ခဲ့တာလဲဟင်၊
ကျွန်မကိုပြောပြပါလားအစ်မ}
ကျွန်မနောက်ကြောင်းကိုမပြောချင်လှသော်လည်း
ဘ၀တူချင်းဖြစ်နေ၍ ကျွန်မက ရင်ဖွင့်လိုက်မိလေတော့သည်။
]ကျွန်မတို့အိမ်ထောင်ကျတာ
ရှစ်နှစ်ရှိပြီ၊ ယူကာစက သူဟာ ကျွန်မကိုချစ်တယ်လို့ ကျွန်မထင်ခဲ့တယ်၊
တကယ်တန်းကျတော့မဟုတ်ဖူးရှင့်၊ သူဟာလူရှုပ်လူပွေတစ်ယောက်ပဲ… ကျွန်မကွယ်ရာမှာ သူ့မှာမိန်းမတွေ ရှိနေခဲ့တယ်၊
မိန်းမကောင်းတွေရော၊ ကြေးစားတွေရော၊ အပျော်တွဲတဲ့
ခပ်လွယ်လွယ်မိန်းမတွေရောပေါ့ရှင်၊ သူကရုပ်လည်းချော အပြောလည်းကောင်းတော့ မိန်းမတွေက
ကျတာပေါ့၊ ကျွန်မက သူ့အချိုးကိုပြင်ဖို့ အတန်တန် တားခဲ့ပါတယ်၊ ဒါပေမယ့် မရဘူး}
သူ့သတင်းများကို
ကျွန်မနားနှင့်မဆန့်ကြားလာရသည်။ သူ့ကုမ္ပဏီတွင်လည်း
သူနှင့်ငြိနေသည့်မိန်းမတစ်ယောက်ရှိသည်။ လူပျိုဘ၀က ရည်းစားဟောင်းနှင့်လည်း
ပြတ်ပြတ်စဲစဲမရှိဘူးဟုသိရသည်။ ယောက်ျားနှင့်ကွဲနေသော ငယ်ရည်းစားနှင့်လည်း
တိတ်တိတ်ပုန်းပြန်ဆက်နေသည် ဟုကြားရသည်။
]ကျွန်မသူ့ကိုသတိပေးခဲ့တယ်လေ၊
ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် သည်းမခံနိုင်ဘူး၊ ကွာမယ်လို့၊ ဒီတော့လည်း သူက
ဗြောင်ငြင်းတယ်ရှင့်၊ ကျွန်မအပြင် ဘယ်သူမှမရှိပါဘူးတဲ့၊ သူကငြင်းပေမယ့် ကျွန်မက
သတင်းခိုင်ခိုင်လုံလုံရပြီးပြီ၊ ကျွန်မအလုပ်က ခရီးမကြာခဏထွက်ရတဲ့အလုပ်ကိုး၊
ကျွန်မခရီးထွက်တဲ့အချိန်မှာ သူ့ဟာမကို အိမ်မှာခေါ်အိပ်သတဲ့ရှင်၊ အဲဒီလောက်ထိ အခြေအနေက
ဆိုးလာတယ်}
ကျွန်မ
သူ့ကိုကွာရှင်းခွင့်တောင်းခဲ့သည်။ သူက ကွာမပေး။ သူ မဖောက်ပြန်ပါဘူးလို့သာ
တွင်တွင်ငြင်းနေသည်။ သူဖောက်ပြန်တာကို သက်သေပြနိုင်ရင်ပြပါတဲ့၊
လက်ဆုပ်လက်ကိုင်ပြနိုင်ရင် ကွာပေးပါ့မယ်တဲ့၊
]သူက
စိန်ခေါ်ခဲ့တယ်လေ၊ ဒါနဲ့ ကျွန်မလည်း သူ့လုပ်ရပ်ကို ပက်ပင်းမိအောင်ကြံစည်ရတော့တာပေါ့၊
ကျွန်မ အမေတို့ဆီ ခွင့်ယူပြီး တစ်လတိတိပြန်နေမယ်လို့ သူယုံအောင်
သတင်းလွှင့်လိုက်တယ်၊ ရုံးကနေလည်း ခွင့်တစ်လတင်လိုက်တယ်၊ ကျွန်မခရီးထွက်သွားရင်
သူ့ဟာမကို အိမ်ပေါ်ခေါ်တင်ထားမှာသေချာသိနေလို့ ကျွန်မက အမိဖမ်းဖို့ကြံစည်လိုက်တာပါ၊
အဲဒါဟာ ဒီနေ့ပဲလေ… ဒီနေ့ညနေပဲ
ကျွန်မခရီးထွက်ဟန် ဆောင်ခဲ့တယ်}
ကျွန်မသည်
အညာသို့တစ်လကိုးသီတင်းပြန်နေမယ်ဆိုတာ သူယုံကြည်အောင်စီစဉ်ခဲ့လေသည်။ အမေတို့အတွက်
ပုဇွန်ထုတ်ကြီးများ ဝယ်၍ ကြော်ခြင်း၊ ငါးပိရေကျိုများနှင့်စိမ်းစားငါးပိများ… …
စသည့်အညာတွင်ရှားပါးသည့်ပစ္စည်းများကို တနင့်တပိုးကြီးစီစဉ်သည်။
ယနေ့ညနေတွင်
ထိုအထုတ်အပိုးများနှင့် ဘူတာကိုလိုက်ပို့ခိုင်းသည်။ ဘူတာမှရထားထွက်သည်အထိ
သူ့ကိုစောင့်ခိုင်းကာ ရထားပေါ်မှ လက်ပြ၍ ကျွန်မအညာသို့ထွက်ခွာသွားပြီဖြစ်ကြောင်း
အယုံသွင်းခဲ့လေသည်။
တကယ်တော့
ကျွန်မသည် မိုင်ငါးဆယ်ဝေးသောဘူတာတစ်ခုတွင် ဆင်းနေရစ်ကာ ရန်ကုန်သို့ပြန်လာခဲ့ပါသည်။
သူငယ်ချင်းအိမ်တွင် အထုတ်အပိုးတွေဝင်ထားလိုက်သည်။
ထို့နောက်
ညဆယ်နာရီအချိန်တွင် ကျွန်မအိမ်သို့ တိတ်တဆိတ်ပြန်ခဲ့လေ၏။
]ထင်တဲ့အတိုင်းပါပဲရှင်၊
ကိုယ်တော်ချောက သူ့ကောင်မကိုအိမ်ပေါ်ခေါ်ထားပြီးပြီဆိုတာ ကျွန်မသိလိုက်တယ်၊ တစ်အိမ်လုံးတိတ်ဆိတ်လို့၊
ကျွန်မဟာ အိမ်ပေါက်ဝကိုချွတ်နင်းသွားပြီး အနားရောက်မှ သူ့နာမည်ကို
အော်ခေါ်လိုက်တယ်၊ အမယ်¼¼ မောင်မင်းကြီးသားက အလည်ပဲ၊ ကျွန်မအသံလည်းကြားရော၊
ခဏနေတော့ အိမ်ထဲက ဣနြေ္ဒမပျက်ထွက်လာလေရဲ့၊ မျက်နှာသုတ်ပုဝါကြီးကို
ကိုယ်မှာပတ်လို့လေ၊ သဘောကတော့ သူ ရေချိုးနေတာပေါ့လေ}
]ကျွန်မကိုမြင်တော့
အံ့ဩတဲ့ဟန်နဲ့ ဘာဖြစ်လို့လဲတဲ့၊ ရထားပျက် လို့လားတဲ့၊ ကျွန်မက
ရထားပျက်လို့မဟုတ်ဖူး၊ ရှင်နဲ့ရှင့်ကောင်မကို
လက်ပူးလက်ကြပ်ဖမ်းရအောင်လာတာလို့ ပြောလိုက်တယ်၊ အဲဒီတော့ သူက ကြံကြံဖန်ဖန်မိန်းမရယ်တဲ့၊ အိမ်ထဲမှာ
ကိုယ်တစ်ယောက်တည်းပါ၊ ဘယ်သူမှ မရှိပါဘူးတဲ့၊ ကိုယ် တီဗီထိုင်ကြည့်နေတာပါတဲ့လေ၊
ဖွင့်ထားတဲ့ တီဗွီကို လက်ညှိုးထိုးပြတယ်၊
တကယ်တော့ ကျွန်မအသံကြားမှ တီဗီကိုထဖွင့်လိုက်တာ ကျွန်မ သိတာပေါ့}
]ကျွန်မကလဲ… ဖိနပ်စင်ပေါ်ကဒေါက်ဖိနပ်ကိုလက်ညှိုးထိုးပြပြီး ဒါ
ဘယ်ကောင်မဖိနပ်လဲလို့မေးလိုက်တယ်၊ တတ်လည်းတတ်နိုင်တဲ့ လူရှင်၊ အဲဒါ မင်းဖိနပ်လေတဲ့၊ ဗြောင်လိမ်တာ၊
ဗြောင်လိမ်တာ၊ ကျွန်မဖိနပ် မဟုတ်ဖူးဆိုတော့ မင်းမမှတ်မိလို့ပါတဲ့၊
မင်းမှာဖိနပ်တွေအများကြီးရှိတာ ပဲတဲ့၊ ဒါနဲ့ ကျွန်မလည်း သူနဲ့တုပြီး
စကားပြောမနေတော့ပဲ သူ့မယားငယ်မကိုတွေ့အောင်ရှာမယ်ဆိုပြီး အိမ်ပေါ်ပြေးတက်သွားလိုက်တယ်၊
သူ့ဟာမဟာ ဘယ်နည်းနဲ့မှအိမ်ထဲကထွက်ချိန်မရသေးဘူး၊ အိမ်ထဲမှာပဲ
သူ့ဟာမကိုဖွက်ထားမယ်ဆိုတာ သေချာတယ်လေ}
ကျွန်မသည်
ပြောရင်းပြောရင်း ဒေါမာန်ပါလာသည်။ အသက်ရှင်စဉ်က ကျွန်မယောက်ျားအပေါ်မုန်းတီးမှုများက
လတ်တလောပြန်ပေါ်လာ လေသည်။ သေဆုံးပြီးဖြစ်သည့်တိုင် နှလုံးရောဂါ၏အရိပ်အယောင်များက
ကျွန်မထံတွင် ထင်ဟပ်လာလေ၏။
အအေးမိနေသောမိန်းမသည်
ကျွန်မပြောသမျှကို စိတ်ဝင်တစား နားထောင်လျှက်ရှိလေသည်။
]အပေါ်ထပ်ရောက်တာနဲ့
ကျွန်မဟာ ချောင်ကျိုချောင်ကြားမကျန် ရှာတယ်၊ ဘီရိုတွေကိုဖွင့်ရှာတယ်၊
တစ်ခုနဲ့တစ်ခုထပ်ထားတဲ့သေတ္တာတွေ ကိုတောင် တစ်ခုချင်းချပြီး ဖွင့်ရှာတယ်ရှင်၊
ဒါပေမယ့် အိမ်ပေါ်ထပ်မှာ မတွေ့ဘူးရှင့်၊ ဒါနဲ့ ကျွန်မ
အိမ်အောက်ထပ်ကိုပြေးဆင်းလာလိုက်တယ်၊ ကိုယ်တော်ချောကတော့ ခပ်အေးအေးပဲ တီဗီရှေ့မှာ
လေလေးချွန်လို့ရှင့်၊ ကျွန်မဟာ မြေအောက်ထပ်ကိုပြေးဆင်းသွားလိုက်တယ်၊
ကျွန်မတို့အိမ်မှာ မြေအောက်ခန်းရှိတယ်လေ၊ သူ့ကောင်မကို မြေအောက်ခန်းမှာ
ဖွက်ထားမလားလို့ပေါ့၊ ဒါပေမယ့် မြေအောက်ခန်းမှာလည်း ဘယ်လိုရှာရှာ မတွေ့ ပါဘူးရှင်}
]နောက်တော့
ကျွန်မဟာ အပေါ်ထပ်မှာ ထပ်ခိုးရှိတာကိုသတိရ သွားတယ်၊ ထပ်ခိုးပေါ်မှာ ဖွက်မယ်ဆိုရင်
ဖွက်ထားနိုင်သေးတာကိုး၊ ကျွန်မလည်း ထပ်ခိုးပေါ်ကိုပြေးတက်ခဲ့ပြန်တယ်၊ ထပ်ခိုးပေါ်က
ဘီရိုတွေ၊ စားပွဲတွေ၊ ကုတင်တွေအောက်ထိအောင် လှန်လှောရှာပေမယ့် သူ့ကောင်မကို
မတွေ့ပြန်ဘူးရှင်၊ ဘယ်လိုများပိပိရိရိဖွက်ထားပါလိမ့်မလဲ၊ ကျွန်မဟာ အဲဒီအချိန်မှာ
စိတ်လှုပ်ရှားရလွန်း၊ ဒေါသထွက်ရလွန်းလို့ ရင်တွေတဆတ်ဆတ်တုန်နေပြီလေ}
]ဒါနဲ့ပဲ
ကျွန်မဟာ နောက်ဆုံး အိမ်အောက်ထပ်မြေညီထပ်မှာရှာဖို့ ပြေးဆင်းလာခဲ့ပြန်တယ်၊
အောက်ထပ်မှာလည်း ဘယ်လိုရှာရှာ မတွေ့ပါဘူး၊ သူကတော့ တီဗီရှေ့မှာထိုင်ရင်း
လေကလေးတချွန်ချွန်နဲ့ပြုံးစိစိလုပ်နေပုံဟာ ကျွန်မကိုသရော်နေတာပေါ့လေ၊ ကျွန်မလည်း
ဒေါသတွေအလိပ်လိုက်ထွက်လာပြီ}
ကျွန်မအပြောကိုနားထောင်ရင်း
အအေးမိနေသောမိန်းမမျက်လုံးများက တလက်လက်တောက်လာသည်။ စိတ်ဝင်စားလွန်း၍ သူခံစားနေရ
သောအချမ်းဒဏ်ကိုပင် မေ့သွားဟန်တူသည်။ အသားများခိုက်ခိုက်တုန်မနေတော့ပေ။
ကျွန်မစကားများကို မျက်တောင်မခတ်တမ်း နားစိုက်ထောင်နေ ပေ၏။
]ရှင်စဉ်းစားကြည့်လေ…
… ကျွန်မမှာ ဒီအခွင့်အရေးရဖို့ ကြိုးစားလိုက်ရတာ၊
သူ့ကောင်မအိမ်ထဲရောက်နေတယ်ဆိုတာလည်း ဖိနပ်ကြီး တစ်ခုလုံးသက်သေရှိနေပြီ၊
လူကိုတွေ့အောင်မရှာနိုင်တာနဲ့ ကျွန်မအရှုံးပေးရတော့မှာလား၊ ပြီးတော့ ကျွန်မဟာ
နှလုံးရောဂါရှိနေတာကိုမေ့လျော့ပြီး ဇောနဲ့ အပေါ်တက်လိုက်အောက်ဆင်းလိုက်၊
ပစ္စည်းတွေမçရွှေ့လိုက်နဲ့ ယောက်ယက်ခတ်နေလိုက်တာ အတော်ကိုမောနေပြီ}
]နောက်ဆုံးတော့
ကျွန်မဟာ သူ့ရှေ့မှာသွားရပ်လိုက်တယ်၊ ကောင်းကောင်းကြီးဆဲဆိုရန်တွေ့ပစ်မယ်ဆိုပြီး
ခါးကိုထောက်လိုက်တယ်၊ အဲဒီတုန်းမှာပဲ ကျွန်မရင်ခေါင်းထဲက စူးကနဲအောင့်တက်လာပြီး
ကျွန်မကိုယ်ဟာ ကြမ်းပြင်ပေါ်ဗိုင်းကနဲလဲကျသွားတော့တာပဲရှင်- ဟင်း… }
ကျွန်မက
သက်ပြင်းကိုချရင်း စကားကိုအဆုံးသတ်လိုက်သည်။
]အစ်မအသက်ထွက်သွားတာပေါ့နော်၊
ဖြစ်မှဖြစ်ရလေ… ဖြစ်မှဖြစ်ရလေ… }
သူမက
ကျွန်မအတွက် မချိတင်ကဲရေရွတ်နေဟန်ရှိသည်။
]ဖြစ်မှဖြစ်ရလေအစ်မရယ်၊
အစ်မတို့အိမ်မှာ ရေခဲသေတ္တာကြီး ရှိတယ်မဟုတ်လား}
]ရေခဲသေတ္တာ}
]ဟုတ်တယ်လေ၊
ထမင်းစားခန်းမှာထားတဲ့ရေခဲသေတ္တာကြီးလေ၊ အစ်မ အဲဒီရေခဲသေတ္တာကြီးကိုတော့
ဘာလို့ဖွင့်မရှာခဲ့တာလဲဟင်… }
]ဘယ်လို…
}
]အစ်မသာ
ရေခဲသေတ္တာကြီးကိုဖွင့်ကြည့်ခဲ့ရင်လေ… အစ်မရော ကျွန်မပါ
ဒီနေရာကိုရောက်လာမှာမဟုတ်ဖူး၊ ကျွန်မတို့နှစ်ယောက်စလုံး အသက်ရှင်ရက်ရှိနေကြဦးမှာအစ်မရဲ့၊
သိရဲ့လား… … အီး ဟီး ဟီး… }
စကားအဆုံးတွင်
သူမက ရှိုက်ကြီးတငင်အော်ငိုချလိုက်လေတော့သည်။
_________
ဆောင်းလုလင်
No comments:
Post a Comment