Monday, 13 August 2012

နွေတမာန် - အလောင်းအမြွာ - မဂ္ဂဇင်းဝတ္ထုရှည်

နွေတမာန်
အလောင်းအမြွာ

၁၉၉၈ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ကြီးတစ်မြို့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ဆန်း တစ်ခုဖြစ်ပါသည်။
+ + + + +
ဦးကျော်စွာသန်းသည် မြစ်ဝကျွန်းပေါ်ဒေသကို အကြိမ်ကြိမ်ရောက်ဖူးသော်လည်း ယနေ့သွားရောက်မည့် ကျွန်းကလေး ကိုမူ တစ်ကြိမ်တစ်ခါ မျှမရောက်ဖူးသေးပေ။
ဦးကျော်စွာသန်းသည် ယခင်က အစိုးရဌာနကြီးတစ်ခုတွင် အရာရှိကြီးတစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ အသက်၅၀အရွယ်တွင် နှစ်ပြည့်ပင်စင်ယူခဲ့သည်။ ပင်စင်ယူပြီးမှ ပုဂ္ဂလိကကုမ္ပဏီကြီးတစ်ခုမှ ခေါ်ယူသောကြောင့် ထိုကုမ္ပဏီတွင် ထိပ်ပိုင်းအရာရှိတစ်ယောက် အဖြစ် ထပ်မံလုပ်ကိုင်နေခြင်းဖြစ်သည်။
ကုမ္ပဏီမှာ ပင်လယ်ထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့တင်ပို့ရောင်းချသောကုမ္ပဏီဖြစ်ပါသည်။ ယခုခရီးထွက်   လာခြင်းမှာ ပင်လယ်ဝမှ ကျွန်းတစ်ခုပေါ်တွင်တည်ရှိသော မိမိတို့ကုမ္ပဏီပိုင် စက်ရုံကို စစ်ဆေးရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ ဦးကျော်စွာသန်းသွားရောက်မည့်ကျွန်းပေါ်ရှိရွာ ကလေးအမည်မှာ ကမ်းညိုရွာ  ...ဟု ခေါ်ပါသည်။
ကျွန်းကလေးပေါ်မှ ကမ်းညိုရွာသို့  ...ယနေ့နေ့လည်တွင် ကုမ္ပဏီမှစီစဉ်ထားသော အထူးရေယာဉ်ဖြင့် သွားရောက်ရ မည်ဖြစ်သည်။
ဦးကျော်စွာသန်းသည် မနေ့က ရန်ကုန်မှထွက်လာခဲ့ပြီး ဤမြို့ရှိ ဟိုတယ်ကြီး တစ်ခုတွင် တည်းခိုနေခဲ့သည်။ 
ဦးကျော်စွာသန်းသည် ကျွန်းကလေးသို့ထွက်ခွာမည့်သင်္ဘောထွက်ရန် အချိန်လိုနေသေးသဖြင့်  ...ကမ်းနားဖက် သို့ လေညင်းခံထွက်ရန်  နေ့လည်စာစားသောက်အပြီးတွင် ဟိုတယ်မှ တစ်ယောက်တည်းလမ်းလျှောက်၍ ထွက်လာခဲ့လေသည်။
ဟိုတယ်မှာ မြစ်ကမ်းစပ်နှင့်မဝေးလှသောကြောင့် မကြာမီပင် မြစ်ကမ်းနားသို့ ရောက်သွားလေသည်။ ဦးကျော်စွာသန်းက ကမ်းစပ်မှနေ၍ မြစ်ထဲမှရှုခင်းများကို ငေးမော ကြည့်နေမိသည်။ ဆိပ်ကမ်းတွင် သင်္ဘောများရော စက်လှေများပါ ဆိုက်ကပ်ထား၏။ ကျွန်းသို့ခရီးထွက်လျှင် ဤဆိပ်ကမ်းမှပင် မိမိတို့သင်္ဘောထွက်ခွာရမည်ကို ဦးကျော်စွာသန်း သိထားပါသည်။
ဦးကျော်စွာသန်းမြစ်ထဲကိုငေးနေစဉ် တစ်ဖက်မှလျှောက်လာသော လူတစ်ယောက်က ဦးကျော်စွာသန်းကိုမြင်သွားသည်။
ထိုသူက  ...ဦးကျော်စွာသန်းကိုအံ့ဩစွာကြည့်ကာ အားရပါးရ နှုတ်ဆက်လိုက်လေသည်။
]]ဟကောင်ကြီး  ...ဘာလုပ်နေတာတုံး၊ မင်းဘယ်တုံးက ရောက်သလဲ၊ အောင်မယ်  ...ကြည့်စမ်း၊ မင်းက တိုက်ပုံနဲ့ဘာနဲ့၊ ဒီလို ဆိုတော့လည်း  ...မြို့ကြီးသားလိုလို ဘာလိုလို  ...အဲ  ...}}
ဦးကျော်စွာသန်းကိုခေါ်ပြောနှုတ်ဆက်နေသူသည် ဦးကျော်စွာသန်းက သူ့ကို တအံ့ တဩနှင့် ပြန်ကြည့်နေသည် ကိုမြင်လိုက်သည့်အခါ စကား တစ်ဝက်တစ်ပျက်နှင့်ရပ်သွားလေ၏။ ထိုသူ့မျက်နှာတွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ် သွားလေသည်။
မိမိနှုတ်ဆက်နေသူသည် မိမိသိကျွမ်းသူ အမှန်တကယ်မှဟုတ်ပါရဲ့လားဟု ဇဝေဇဝါဖြစ် သွားပုံမျိုးဖြစ်၏။ ဖြစ် လည်းဖြစ်လောက်ပါပေသည်။ အမှန်တကယ်လည်း ဦးကျော်စွာသန်းသည် သူ့အသိအကျွမ်းမဟုတ်ပေ။
]]မိတ်ဆွေလူမှားနေပြီထင်တယ်၊ ကျွန်တော်က ရန်ကုန်ကလာတဲ့ ဧည့်သည်ပါဗျာ}}
]]ဟင်  ...ဟုတ်လား၊ တူလွန်းလို့ပါဗျာ၊ ကျုပ်တို့ရွာကလူနဲ့ တကယ်ကို တူတာဗျ၊ စိတ်မဆိုးနဲ့နော် နောင်ကြီး၊ ကျုပ်လူမှားသွားတာပါ}}
လူစိမ်းက သူ့ကိုတောင်းပန်ကာ လူမှားသည့်အတွက် ရှက်သွားဟန်ဖြင့် ခပ်သုတ်သုတ် ထွက်ခွာသွားလေ၏။
ဦးကျော်စွာသန်းက ထိုသူကို ငေး၍ကျန်ခဲ့သည်။ သူ့ကိုလူမှား နှုတ်ဆက်သူသည် တောသူတောင်သားတစ်ဦး အသွင်ဝတ်ဆင်ထားသူဖြစ် ၏။ ခေါင်းပေါင်းကြီးနှင့် ပုဆိုးတိုတိုဝတ်ထားသူဖြစ်သည်။ ဦးကျော်စွာသန်းနှင့်လူမှားခံရသူ သူ့အသိမိတ်ဆွေမှာလည်း သူ့လိုတောသူတောင်သားတစ်ယောက်ပင်ဖြစ်ပုံ ရသည်။ ကျုပ်တို့ရွာကလူနဲ့တူလို့ပါဟု ပြောသွားသည် မဟုတ် ပါလား။
ထိုသူသည် သူ့ကိုအမှန်တကယ်ပင် လူမှားခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်စွာသန်း ယုံကြည်ပါသည်။ တမင်တကာ ပုံမှားရိုက်ခြင်းမဟုတ်နိုင်ပါ။ ထိုသူ့အသွင်သဏ္ဍာန်က ရိုးသားသော တောသားတစ်ဦးဖြစ်မှန်း သိသာနေပါ၏။
ဦးကျော်စွာသန်းသည် မိမိနှင့်အမှားခံရသူသည် မိမိနှင့်ဘယ်လောက်ထိအောင်များ တူနေလို့ပါလိမ့်ဟု စဉ်းစားနေ မိလေတော့သည်။
+ + + + +
ဖိုးမာဒင်သည် မြစ်ကမ်းစပ်တွင်ရပ်နေသောလူကို ရုတ်တရက်အမြင်တွင် ရွာမှ ကိုကြာမောင်ဟု အထင်မှတ်ကာ အားရပါးရနှုတ်ဆက်လိုက် မိသည်။ ပြီးမှ ထိုလူဝတ်စား ဆင်ယင်ထားပုံက သန့်ပြန့်သပ်ရပ်ကာ မြို့ကြီးသားဟန်ပေါက်နေပုံ၊ ပညာတတ်လူတန်းစားဟန်ပေါက်နေပုံတို့ကိုကြည့်ရင်း ကိုကြာမောင်မှ ဟုတ်ပါလေစဟု ချက်ချင်းသံသယ ဝင်သွားခဲ့သည်။ စကားကိုပင်ဆုံးအောင်မပြောမိပဲ ထိုလူကို အကဲခတ်ကြည့် နေမိ၏။
ထိုလူက သူသည် ရန်ကုန်ကလာသောဧည့်သည်ဖြစ်ကြောင်းပြောလိုက်သောအခါ ဖိုးမာဒင်ရှက်သွား မိသည်။ မြို့ကြီးသားတစ်ယောက်ကို လူမှားနှုတ်ဆက်မိသည့်အတွက်လည်း အားနာသွားကာ သူ့ရှေ့မှ အမြန်လစ်ထွက်ခဲ့လေတော့သည်။
ထိုလူမှာ သူတို့ရွာမှကိုကြာမောင်နှင့် အလွန်ပင်တူသောကြောင့် သူမှားမိတာ သူ့အလွန်မဟုတ်ဟုပင် တွေးမိပါသည်။ ထိုလူနှင့်ကိုကြာမောင်မှာ မြို့သားပညာတတ်နှင့်တောနေလက်လုပ်လက်စားအသွင်အပြင်မျိုးသာ ကွာခြားသည်။ ရုပ်ရည် အရပ် အမောင်းတို့မှာ အတူတူပင်ဖြစ်ပါသည်။
ဖိုးမာဒင်က ထိုအကြောင်းကို ရွာရောက်လျှင်ပြောပြရဦးမည်ဟု တေးထားလိုက်သည်။

ရွာပြန်ဖို့အတွက် ရွာသို့သွားသောစက်လှေရှိသည့်ကမ်းစပ်သို့ ဆင်းလာခဲ့လေသည်။
စက်လှေနားသို့ရောက်သည့်အခါ ဖိုးမာဒင်အတွက် ပို၍အံ့ဩစရာ ကြုံရတော့သည်။ သူ မြို့ကြီးသားနှင့် လူချင်းမှားခဲ့သော သူတို့ရွာမှ ကိုကြာမောင်မှာ စက်လှေပေါ်တွင်ရောက်နေသောကြောင့်ဖြစ်သည်။
ဖိုးမာဒင်က ကိုကြာမောင်ကို တွေ့တွေ့ချင်း ကိုကြာမောင်နှင့် အခြားသူတစ်ယောက်ကို မှား၍နှုတ်ဆက်ခဲ့သည့်အကြောင်း၊ ထိုသူမှာ ကိုကြာမောင်နှင့် ရုပ်ချင်းချွတ်စွပ်တူရုံမက အသက်အရွယ်ချင်းလည်း အတူတူပင်ဖြစ်ကြောင်းပြောပြလိုက်သည်။
ဖိုးမာဒင်စကားကို ဦးကြာမောင်က စိတ်မဝင်စားနိုင်အားပါ။ မြို့ကိုတက်ဝယ်သောကုန်ပစ္စည်းများကို အလုပ်သမားများဖြင့် စက်လှေပေါ် တင်နေသောကြောင့်ဖြစ်သည်။
ဦးကြာမောင်သည် သူတို့ရွာတွင် ပစ္စည်းမျိုးစုံရောင်းသောကုန်စုံ ဆိုင်ကြီးဖွင့်ထားသည်။ ရွာမှာတော့ အတန်အသင့်ကြွယ်ဝချမ်းသာသူဖြစ် ပါသည်။ ဆိုင်အတွက်လိုအပ်သောပစ္စည်းများကို မကြာမကြာ ယခုလိုပင် မြို့သို့တက်ဝယ်နေကျဖြစ်ပါသည်။
]]ခင်ဗျား  ...ဒီစက်လှေနဲ့ပြန်လိုက်မှာလား ကိုကြာမောင်}}
]]အေးပေါ့  ...}}
]]ကျုပ်လည်းလိုက်မှာ}}
]]ခင်ဗျား ဘယ်တုံးကရောက်တာလဲ}}
]]ကျုပ်ရောက်နေတာနှစ်ရက်ရှိပြီ၊ ကျုပ်တွေ့ခဲ့တဲ့လူကဗျာ၊ ခင်ဗျားနဲ့တော်တော်တူတာပဲ}}
]]လူတူမရှားပေါ့ဗျာ၊ နည်းနည်းဖယ်လိုက်ဦးကိုမာဒင်၊ နောက်မှာ အလုပ်သမားတစ်ယောက် ပစ္စည်းထမ်းပြီးတက်လာတယ်}}
ဦးမာဒင်က လောလောဆယ်ဦးကြာမောင်မအားသေးသောကြောင့် စက်လှေထွက်မှပင် ထိုအကြောင်း ကိုစက်လှေပေါ်တွင်ပြန်ပြောပြတော့မည် ဟု တေးထားလိုက်သည်။
ဦးမာဒင်ရော ဦးကြာမောင်ပါ မကြာခင်စက်လှေထွက်လာရာတွင် ]]စိန်ဝင်းလှိုင်}}အမည်ရှိ ထိုစက်လှေနှင့်ပါသွားကြလေ၏။
သူတို့ပြန်မည့်ရွာမှာ ပင်လယ်ထဲမှကျွန်းကလေးတစ်ကျွန်းပေါ်တွင်ရှိသော ကမ်းညို  ...ဆိုသည့်ရွာဖြစ် ပါသည်။
+ + + + +
ဦးကျော်စွာသန်းနှင့်အဖွဲ့သည် ညနေသုံးနာရီတွင် ]]တိမ်ပျံ}}အမည်ရှိ မော်တော်ဘုတ်ဖြင့် ကမ်းညိုရွာသို့ထွက်ခွာလာခဲ့ကြသည်။
ဦးကျော်စွာသန်းသည် မှန်ပြောင်းတစ်လက်ဖြင့် ပတ်ဝန်းကျင်ရှုခင်းများကိုကြည့်ရင်း မော်တော်ဘုတ်ပေါ်တွင်ပါလာ ခဲ့သည်။ ဆန်းသစ်သော ရှုမျှော်ခင်းများကြောင့် ဦးကျော်စွာသန်း၏စိတ်များ လန်းဆန်းလျှက်ရှိသည်။ ရာသီဥတုမှာလည်း သာယာလျှက်ရှိပါသည်။
သို့ဖြင့်  ...သူတို့၏မော်တော်ဘုတ်ကလေးသည် ပင်လယ်ဝသို့ ရောက်လာလေသည်။
ပင်လယ်ထဲအရောက်တွင် ရာသီဥတုအခြေအနေက ပြောင်းလဲသွားလေသည်။ မိုးသားများညို့မှိုင်းတက်လာ သည်။ လေပြင်းများကျလာသည်။
တပည့်လေးတစ်ယောက်က ဦးကျော်စွာသန်းအား  ...
]]ဆရာ  ...သင်္ဘောအတွင်းထဲဝင်နေပါ}}
-ဟု လာ၍ပြောလေသည်။
+ + + + +
ဖိုးမာဒင်နှင့်ဦးကြာမောင်တို့ပါလာသောစက်လှေသည် ညနေပိုင်းတွင် ပင်လယ်ဝသို့ရောက်ရှိသည်။
စက်လှေထွက်ခါစက ရုတ်ရုတ်သည်းသည်းဖြစ်နေသောကြောင့် ဖိုးမာဒင်သည် ဦးကြာမောင်ကို သူနှင့်တူတဲ့လူအကြောင်း မပြောဖြစ်သေး။ ဖိုးမာဒင်နှင့်ဦးကြာမောင်မှာ စက်လှေပေါ်တွင် နေရာချင်းတခြားစီလည်း ဖြစ်နေသည်။
ပင်လယ်ဝကိုအထွက် လူများငြိမ်သက်စွာအိပ်ငိုက်နေချိန်မှပင် ဖိုးမာဒင်သည် ဦးကြာမောင်ရှိရာ သို့ထလာကာ ထိုအကြောင်းကိုပြောပြလိုက် တော့သည်။
ဦးကြာမောင်က ဖိုးမာဒင်စကားများကိုနားထောင်ရင်း ထိုသူဟာ မိမိနဲ့ဘယ်လောက်ထိအောင် တူလို့ပါလိမ့်၊ တော်တော်များတူလေသလားဟု တွေးနေမိလေတော့သည်။
ထိုစဉ်  ...စက်လှေမှာလူးလွန့်သွားသည်။
]]လေပြင်းကျတယ်}}
-ဟု စက်ခန်းထဲမှပြောလိုက်သောအသံကိုလည်း ကြားလိုက်ရလေသည်။
+ + + + +
ထိုညက ပင်လယ်ပြင်တွင် မမျှော်လင့်ပဲ မုန်တိုင်းတစ်ခုတိုက်ခတ် သွားခဲ့လေသည်။ မုန်းတိုင်းစချိန်တွင် ညမှောင်ရီပျိုးနေပြီ။ လမိုက်ညလည်း ဖြစ် မုန်တိုင်းလည်းကျလာရာ ပင်လယ်ပြင်ထဲတွင် အမှောင်ထုလွှမ်းပြီး ဘာကိုမျှမမြင်ရတော့။
ဦးကျော်စွာသန်းပါလာသော တိမ်ပျံမော်တော်ဘုတ်သည် ဖြည်းညင်းစွာမောင်းနှင်ရင်း ခရီးဆက်ခဲ့သည်။
ထိုနည်းတူ ဦးကြာမောင်ပါလာသော စိန်ဝင်းလှိုင်စက်လှေသည်လည်း ပင်လယ်ထဲတွင် မုန်တိုင်းမိကာ လမ်းပျောက်သွားခဲ့ သည်။ စက်လှေ ကို ပင်လယ်ပြင်ထဲ၌ ရပ်ထားလို့မရသဖြင့် စမ်းတဝါးဝါးဖြင့် ဆက်လက် မောင်းနှင်ခဲ့ရလေသည်။
မုန်တိုင်းကျပြီး နာရီဝက်သာသာလောက်တွင် စိန်ဝင်းလှိုင်စက်လှေ၏နောက်မြီးသို့ တစ်စုံတစ်ဖြင့်ဝင်တိုက်ခြင်းခံရလိုက်ရလေသည်။ စိန်ဝင်း လှိုင်စက်လှေသည် လည်ထွက်သွားကာ စက်လှေဝမ်းဗိုက်မှာလည်း ပေါက်သွားလေတော့၏။
ထိုနည်းတူ မုန်တိုင်းကြား၌ စမ်းတဝါးဝါးမောင်းနှင်လာခဲ့သော တိမ်ပျံမော်တော်ဘုတ်သည် ရှေ့တွင်ရှိနေသောအရာဝတ္ထုကို မမြင်သာပဲ ဝင်တိုက်မိလိုက်လေသည်။ တိမ်ပျံမော်တော်ဘုတ်မှာ တိမ်းစောင်းသွားလေ၏။
မုန်တိုင်းကြားတွင် တိမ်ပျံမော်တော်ဘုတ်သည် မိမိရှေ့မှသွားနှင့် နေသော စိန်ဝင်းလှိုင်စက်လှေကို အရှိန်ပြင်းစွာ ဝင်တိုက်မိခြင်းပင်ဖြစ်တော့ သည်။
လေပြင်းမုန်တိုင်းဒဏ်ကြောင့် တိုက်မိလိုက်သောရေယာဉ်နှစ်စီး လုံးမှာ ရေအောက်သို့ နစ်မြုပ်သွားခဲ့လေတော့၏။
+ + + + +
နောက်တစ်နေ့မနက်တွင် စိန်ဝင်းလှိုင်စက်လှေနှင့်တိမ်ပျံမော်တော် ဘုတ်တို့တိုက်မိပြီး နှစ်စီးလုံးနစ်မြုပ်သွားသောသတင်းထွက်ပေါ်လာ လေသည်။
ရေယာဉ်တိုက်မှုတွင် တိမ်ပျံမော်တော်ဘုတ်ပေါ်မှ သင်္ဘောသားတစ်ဦးနှင့် စိန်ဝင်းလှိုင်စက်လှေပေါ်မှ ခရီးသည်သုံးဦးကို သာ အသက်ရှင်လျှက် ဖြင့် ကယ်တင်နိုင်ခဲ့သည်။
ပျောက်ဆုံးနေသူများအား သက်ဆိုင်ရာက အပူတပြင်းရှာဖွေလျှက်ရှိကြလေသည်။
+ + + + +
သင်္ဘောနစ်မြုပ်သောသတင်းကြောင့် ရန်ကုန်မှ ဦးကျော်စွာသန်း၏မိသားစုနှင့်အတူ ကုမ္ပဏီမှ တာဝန်ရှိသူများ မြို့သို့ရောက်လာကြလေသည်။
သတင်းကြားဖြင့် ကမ်းညိုရွာမှ ဦးကြာမောင်၏မိသားစုလည်း ရောက်လာကြသည်။
နစ်မြုပ်သွားသောရေယာဉ်များမှ ကွယ်လွန်သွားသူတို့၏အလောင်းများက ဆေးရုံကြီးသို့ တစ်သုတ်ပြီးတစ်သုတ်ရောက် လာလျှက်ရှိသည်။
စက်လှေပေါ်တွင်ပါသွားသောခရီးသည်စာရင်း၊ မော်တော်ဘုတ်ပေါ်တွင်လိုက်ပါသွားသူများအမည်ဇယားများအရ  ...အလောင်းမတွေ့သေးပဲ ပျောက်ဆုံးနေ သူများ ကျန်ရှိနေပါသေးသည်။
ဦးကျော်စွာသန်း၏မိသားစုက ဆေးရုံကြီးတွင်စောင့်ဆိုင်းကာ ရောက်လာသော အလောင်းများထဲမှ ဦးကျော်စွာသန်းအလောင်းကို ရှာဖွေ လျှက်ရှိသည်။ ယခုထိ ဦးကျော်စွာသန်းအလောင်းကို မတွေ့ရသေး။
ဦးကျော်စွာသန်း၏မိသားစုမှာ ဇနီးနှင့် သမီးသုံးယောက်တို့ဖြစ်ကြပါသည်။
ဆေးရုံကြီးတွင် ရေယာဉ်နစ်မြုပ်ရာ၌ပါသွားသော အခြားသူတို့၏ မိသားစုများလည်းရှိနေပါသည်။
အလောင်းတွေ့ရှိသူတို့၏ဆွေမျိုးသားချင်းတို့ ငိုယိုသံများဖြင့် ဆေးရုံ ရေခဲတိုက်တဝိုက်တွင် ဆူညံလျှက်ရှိပါ သည်။  နောက်ထပ်ရောက်လာသော အလောင်းများကို တိုးဝှေ့ကြည့်ရင်းဖြင့်လည်း ရုတ်ရုတ်သည်းသည်းဖြစ်နေကြ၏။
ထိုအထဲတွင် ကမ်းညိုရွာမှ ဦးကြာမောင်၏မိသားစုလည်း ပါဝင်သည်။ ဦးကြာမောင်မိသားစုမှာ ဇနီးနှင့်သမီးသုံးယောက်ဖြစ်ပါသည်။
ဦးကြာမောင်အလောင်းကို ယခုထိမတွေ့ရသေးပါ။
+ + + + +
]]နောက်ထပ်အလောင်းတစ်လောင်းရောက်လာတယ်}}
သတင်းစကားကြောင့် ဦးကြာမောင်၏သမီးအကြီးမာလာသည် အလောင်းကိုအပြေးအလွှားကြည့်ရှု လိုက်သည်။ အလောင်းမှာ ယောက်ျား အလောင်းဖြစ်ပြီး တစ်ကိုယ်လုံးကိုပိတ်ဖြူစဖြင့်ဖုံးအုပ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေး။
အလောင်းစောင့်နေသူအားလုံး အလောင်းရှိရာသို့ စုဝေးရောက်ရှိလာကြသည်။ 
ဦးကျော်စွာသန်း၏သမီးအကြီး ခင်မာလာသန်းသည် လျင်မြန်သွက်လက်စွာဖြင့်ပြေးလာရာ ရှေ့ဆုံးသို့ရောက်သွားလေ သည်။
ဦးကြာမောင်၏သမီးအကြီး မာလာကလည်း ရောက်လာသောအလောင်းကိုကြည့်ရန် လူအုပ်စု ရှေ့ဆုံးတွင်ရှိနေသည်။
အလောင်းပေါ်လွှမ်းထားသောပိတ်ဖြူစကို လှပ်လိုက်သည်။
]]ဟင်  ...အဖေ}}
]]အို  ...ဒက်ဒီ}}
မာလာနှင့်ခင်မာလာသန်းတို့နှုတ်မှ ပြိုင်တူထွက်ကျလာသော စကားလုံးများဖြစ်သည်။
]]အဖေ့အလောင်းကိုတွေ့ပြီ၊ အဖေ့အလောင်းကိုတွေ့ပြီ၊ အမေ ညီမလေးတို့ လာကြ  ...လာကြ}}
မာလာက သူ့မိသားစုကို လှမ်းခေါ်လိုက်သည်။
]]မာမီ  ...ဒက်ဒီ ဒီမှာ  ...ဒီမှာ၊ တွေ့ပြီ}}
ခင်မာလာသန်းကလည်း သူ့မိခင်နှင့်ညီမများကိုလှမ်းခေါ်လိုက်သည်။
မသက်ဆိုင်သူများက အလောင်းရှေ့မှ ရှဲသွားကြလေ၏။
သို့သော်  ...ထိုသူများသည် မာလာနှင့်ခင်မာလာသန်းတို့ မိသားစုနှစ်စု အငြင်းပွားနေသည်ကိုတွေ့မြင်ရသည့်အခါ အလောင်းအနီးသို့ ဝိုင်းအုံလာကြပြန်လေသည်။
]]ဒါ  ...ကျွန်မတို့အဖေ ဦးကြာမောင်ပါ}}
]]အို  ...မဟုတ်တာ၊ ဒါ တို့ဖေဖေ ဦးကျော်စွာသန်းပါ}}
မာလာနှင့်ခင်မာလာသန်းက အလောင်း၏တစ်ဖက်တစ်ချက်စီတွင် ရပ်ရင်း အငြင်းပွားလိုက်ကြလေ သည်။
အလောင်းသည် အဝတ်အစားများမရှိတော့ပဲ ကိုယ်လုံးတီးဖြစ်လျှက်ရှိသည်။
]]တို့ဖေဖေဓာတ်ပုံပါတယ်၊ ပြမယ်}}
]]ဟုတ်ပါတယ်မိန်းကလေး၊ ဟောဒီပုဂ္ဂိုလ်ဟာ ဦးတို့ကုမ္ပဏီက ဦးတို့အရာရှိ ဦးကျော်စွာသန်းပါ၊ မိန်းကလေးတို့အဖေ ဟုတ်မဟုတ် သေချာကြည့်ပါဦး}}
ခင်မာလာသန်းဖက်မှ ကုမ္ပဏီလူကြီးတစ်ဦးက ဝင်၍ထောက်ခံသည်။
ခင်မာလာသန်းကလည်း သူ့မိခင်ထံမှ ဓာတ်ပုံတောင်းယူကာ ဓာတ်ပုံကို အများမြင်သာအောင် အလောင်းနှင့်ယှဉ်၍ပြလိုက်သည်။
]]အို  ...ဒီလိုဆိုရင် ကျွန်မတို့လည်း သက်သေပြစရာရှိတာပဲ၊ ဒီမြို့ပေါ်မှာ ကျွန်မတို့ အဖေဦးကြာမောင်ကိုသိတဲ့လူတွေ အများကြီးရှိတယ်}}
တစ်ဖက်နှင့်တစ်ဖက် သူ့အလောင်းကိုယ့်အလောင်း အငြင်းပွားနေကြစဉ် ဦးကျော်စွာသန်း၏တပည့် တစ်ဦး အနီးသို့ရောက်လာသည်။
]]အလောင်းတစ်လောင်းရောက်လာပြန်ပြီ၊ အဲဒီအလောင်းကမှ ဆရာ့အလောင်းဖြစ်နေမလားမသိဘူး၊ လိုက်ကြည့်ပါဦး}}
]]ဟင်  ...ဘာဖြစ်လို့လဲ}}
]]ဒီအလောင်းနဲ့ အဲဒီအလောင်း လူချင်းချွတ်စွပ်တူနေလို့ပါ}}
]]ဟေ  ...}}
]]ဟင်  ...}}
မိသားစုနှစ်စုလုံး နောက်ထပ်ရောက်လာသောအလောင်းဆီသို့ အပြေးအလွှားရောက်သွားကြလေသည်။
ထိုအလောင်းကိုမြင်လိုက်ရသည့်အခါ နှစ်မိသားစုလုံး မင်တက်မိစွာဖြင့် ဘာမျှမပြောနိုင် အောင်ဖြစ်သွားကြလေသည်။
မိသားစုနှစ်ခုလုံးမှာ အလောင်းနှစ်လောင်းကိုကြည့်၍ ဘယ်ဟာကကိုယ့်ဖခင်ဆိုတာ မခွဲနိုင် အောင်ဖြစ်သွားကြသည်။ ဇနီးနှစ်ယောက်လုံးပင် ဘယ်ဟာကိုယ့်ယောက်ျားမှန်းမခွဲခြားတတ်အောင်ဖြစ်နေကြ တော့၏။
ရေနစ်သေခဲ့၍ အဝတ်အစားများကင်းမဲ့နေသောအလောင်းနှစ်လောင်းတွင် ခွဲခြားနိုင်သော အထောက်အထား တစ်ခုမျှ ရှာလို့မတွေ့ပေ။ ရုပ်ရည်၊ အရပ်အမောင်းသာမက ဆံပင်ပုံစံချင်းပင် တူနေကြလေ၏။ အသက်ကြီးလာ၍ ဗိုက်ရွှဲလာခဲ့ရာ ဗိုက်ရွှဲပုံချင်းပင် တူနေကြပြန်သည်။
မိသားစုနှစ်စု တစ်ဦးနှင့်တစ်ဦးကြည့်ကာ ကြောင်အçအ ဖြစ်ကုန်ကြတော့သည်။
ထိုအခါမှ  ...တစ်မိသားစုနှင့်တစ်မိသားစု ဘယ်သူဘယ်ဝါတွေဆိုတာ စုံစမ်းမေးမြန်းမိကြတော့သည်။
ဦးကျော်စွာသန်း၏မိသားစုမှာ ရန်ကုန်မှလာခဲ့ကြခြင်းဖြစ်ပြီး ဇနီးဖြစ်သူက ဒေါ်ဒေစီ၊ သမီးသုံးယောက်က ခင်မာလာသန်း၊ ခင်ဥမ္မာသန်း နှင့်ခင်သီတာသန်းဟူ၍ဖြစ်ကြလေသည်။
ဦးကြာမောင်မိသားစုမှာ ကမ်းညိုရွာမှဖြစ်ကြပြီး ဇနီးဖြစ်သူက ဒေါ်အေးခင်၊ သမီးသုံးယောက်က မာလာ၊ စန္ဒာနှင့်သန္တာတို့ဖြစ်ပါသည်။
ဖခင်နှစ်ယောက်ရုပ်ချင်းချွတ်စွပ်တူနေရုံမက၊ သမီးချည်းသုံးယောက်ရှိတာချင်းလည်း တူနေသည်။ အကြီးဆုံးသမီးများအမည်ချင်းပင် တူနေကြပြန်သေး၏။
အရေးကြီးတာက ဒီပြဿနာကို ဘယ်လိုရှင်းမလဲ။
ဘယ်သူ့ကို ဦးကျော်စွာသန်း၊ ဘယ်သူ့ကို ဦးကြာမောင်အဖြစ် သတ်မှတ်သဂြိုဟ်ကြမည်လဲ။
]]ဆရာ့မှာတော့ မိဘတွေမရှိတော့ဘူး၊ မွေးချင်းညီအစ်ကိုမောင်နှမလည်း မရှိဘူး၊ ဟုတ်တယ်နော် မမဒေစီ}}
ဦးကျော်စွာသန်း၏တပည့်တစ်ဦးက ဝင်ပြောလိုက်သည်။
]]ဟုတ်ပါတယ်၊ ကိုကျော်စွာသန်းက သူ့မိဘတွေရဲ့တစ်ဦးတည်းသောသားပါ၊ ဘာဖြစ်လို့လဲ}}
]]ကျွန်တော်ဆိုလိုတာက ဒီလိုပါမမဒေစီ၊ ဆရာ့မှာ မိဘတွေ ညီအစ်ကိုမောင်နှမရင်းတွေရှိနေရင် ဒီအလောင်းနှစ်လောင်းထဲမှာ ဆရာ ဟာ ဘယ်သူပါဆိုတာ ခွဲနိုင်ကောင်း ခွဲနိုင်လိမ့်မယ်ထင်လို့ ပြောတာပါ}}
]]မမက သူ့ဇနီးပါကွယ်၊ နှစ်ပေါင်းသုံးဆယ်နီးပါးပေါင်းလာတာပါ၊ မမတော့ မခွဲတတ်ဘူး၊ ဘယ်သူကရော ခွဲတတ်ဦးမှာလဲ}}
]]ဟုတ်ပြီ၊ ဒါဆိုရင် ကျွန်မတို့မှာ အဘွားရှိသေးတယ်၊ အဖေ့ရဲ့အမေ အဘွားရှိသေးတယ်}}
ဦးကြာမောင်သမီး မာလာက ပြောလိုက်သည်။
]]ဟုတ်ပါရဲ့၊ အမေကတော့ အမေအရင်းဆိုတော့ကာ သူ့သားဟာ ဘယ်သူဆိုတာ ခွဲတတ်လိမ့်မယ်ထင်ပါရဲ့}}
ဦးကြာမောင်ဇနီးဒေါ်အေးခင်က မာလာ့အကြံကိုထောက်ခံလိုက်သည်။
+ + + + +
ယင်းသို့ဖြင့်  ...နောက်တစ်နေ့တွင် ကမ်းညိုရွာရှိ ဦးကြာမောင်မိခင် ဒေါ်ညိုဆိုသူအဘွားအိုအား သွားရောက်ခေါ်ယူလိုက်လေသည်။
ဒေါ်ညိုသည် အသက်၇၅နှစ်အရွယ်ရှိအဘွားအိုတစ်ဦးဖြစ်ကာ မျက်စိမမြင်တော့ပေ။ မျက်မမြင်အဘွားအိုက အလောင်းနှစ်လောင်းထဲမှ သူ့သားမည်သူဖြစ်သည်ကို ဘယ်လိုများခွဲခြားပြနိုင်မှာပါလိမ့်။
နှစ်မိသားစုလုံးပင် စိတ်စောနေကြလေ၏။
ဖြစ်စဉ်ကိုကြားသိထားသော အခြားလူများလည်း စိတ်ဝင်စားစွာ လာကြည့်နေကြလေသည်။
ဒေါ်ညို့ကို အလောင်းနှစ်လောင်းယှဉ်ထားသည့် ရေခဲတိုက်ထဲသို့ လက်တွဲခေါ်ခဲ့ကြ၏။
ရေခဲတိုက်ထဲရောက်မှ အဘွားအိုကို အကျိုးအကြောင်း ရှင်းပြလိုက်ရသည်။ အဘွားအိုမှာ မျက်စိမမြင်ရုံသာမက  ...နားပါလေးနေပြီဖြစ်၍ ချွေးမဖြစ်သူဒေါ်အေးခင်က ကြားအောင်အော်ပြောရလေသည်။
]]အမေ၊ အမေ့သားကိုကြာမောင် ဆုံးပြီဆိုပေမယ့် ပြဿနာတစ်ခု ရှိနေတယ်အမေ၊ ရေထဲကဆယ်လို့ရတဲ့အလောင်းထဲမှာ ကိုကြာမောင်နဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့အလောင်းတစ်လောင်းပါနေတယ်၊ အမေ  ...ကျွန်မ ပြောတာကြားတယ်နော်}}
အဘွားအိုက ခေါင်းညိတ်ပြသည်။
]]အဲဒါ  ...ကျွန်မတို့ ကိုကြာမောင်ဘယ်သူဆိုတာ ခွဲလို့မရဖြစ်နေတယ်၊ အလောင်းနှစ်လောင်းကို အမေလက်နဲ့စမ်းပြီး ခွဲခြားပေးပါအမေ၊ အမေက အမေအရင်းဆိုတော့ ကိုယ့်သားဘယ်သူဆိုတာသိမှာပါ၊ နော်  ... အမေ}}
အဘွားအိုက ဘာမျှပြန်မပြော။ ခေါင်းပင်ညိတ်ပြလေသည်။
ဒေါ်အေးခင်က ဒေါ်ညိုကို အလောင်းနှစ်လောင်းယှဉ်ထားသည့် နေရာသို့ခေါ်သွားလိုက်သည်။
]]ဒီမှာပါအမေ၊ စမ်းကြည့်ပါဦး၊ အမေ့သားအလောင်းက ဘယ်ဟာဆိုတာ  ...}}
အဘွားအိုက ပိန်လှီ၍အကြောအပြိုင်းပြိုင်းထနေသောလက်ဖြင့် အလောင်းတစ်လောင်းကိုစမ်းသပ် လိုက်လေသည်။ ပထမ မျက်နှာကိုစမ်းသပ်ကာ မျက်နှာပေါ်မှ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို စမ်းသပ်ကြည့်သည်။ ခြေဆုံးခေါင်းဆုံးလည်း ကိုင်ကြည့်သည်။
]]အမေ  ...ဒီအလောင်းက အမေ့သား ကိုကြာမောင်လားဟင်}}
ဝိုင်းကြည့်နေသူများက အသက်ပင်မရှူမိပဲ အဘွားအိုထံမှအဖြေကို စောင့်မျှော်နေကြလေသည်။
]]နောက်တစ်လောင်းက ဘယ်မလဲ}}
ဒေါ်ညိုက မေးလိုက်သည်။
ဒေါ်အေးခင်က နောက်ထပ်အလောင်းတစ်ခုရှေ့သို့တွဲခေါ်သွားကာ အဘွားအိုလက်ဖြင့် ထိပေးလိုက် သည်။
ပထမစမ်းသပ်တဲ့အလောင်းဟာ ဦးကြာမောင်မဟုတ်လို့ နောက်တစ်လောင်းကို ထပ်ပြီးစမ်းသပ်ကြည် တာများလား။ ဇနီးများနှင့်မြေးများ အတွေးပွားနေမိကြသည်။
 အဘွားအိုဒေါ်ညိုက ယခင်အလောင်းကိုစမ်းသပ်ခဲ့သည့်နည်းတူ ဒုတိယအလောင်းကို အသေးစိတ် စမ်းသပ်ကြည့်ပြန် သည်။
]]ဘယ်လိုလဲအမေ၊ ကိုကြာမောင်က ဘယ်သူလဲ}}
ဒေါ်အေးခင်က စိတ်စောစွာမေးလိုက်သည်။
ဒေါ်ညို့ထံမှအဖြေကို အားလုံးပင် စိတ်ဝင်စားစွာစောင့်စားနေကြလေ၏။
‘နှစ်ယောက်စလုံး ငါ့သားတွေပါပဲအေ’
ရှင်  ...
ဟင်  ...
ဟာ  ...
အို  ...
အာမေဋိတ်သံများက ရေခဲတိုက်အတွင်း ဟိန်းသွားလေသည်။
အမှန်တကယ်ပဲလား။ မျက်မမြင်အဘွားအိုဟာ သတိတရားချွတ်ချော်ပြီးများ ထင်မိထင်ရာပြောလေ သလား။
]]တစ်ယောက်က ကြာမောင်၊ တစ်ယောက်က ဘယ်သူ}}
]]ဦးကျော်စွာသန်းပါတဲ့ အမေ}}
]]အဲဒီမောင်ကျော်စွာသန်းရဲ့မိန်းမကို ငါတွေ့ချင်တယ်}}
]]ကျွန်မဒီမှာရှိပါတယ်၊ ကျွန်မနာမည်ဒေစီပါအမေ}}
ဒေါ်ဒေစီက ဒေါ်ညို့ရှေ့တွင်လာရပ်ကာ ပြောလိုက်သည်။
]]မိန်းကလေး၊ မင်းရဲ့ယောက်ျားဟာ သူ့မိဘများရဲ့မွေးစားသားလို့ မင်းသိခဲ့သလား၊ အဲဒီလိုများ သူကပြောခဲ့သလား}}
]]ကိုကျော်စွာက တစ်ခါမျှ အဲဒီလိုမပြောဖူးပါဘူးအမေ၊ သူ့မိဘတွေက ဦးမောင်လှနဲ့ဒေါ်ဌေးဌေးတဲ့၊ ကိုကျော်စွာဟာ တစ်ဦးတည်းသောသား ပါ၊ မွေးစားသား မဟုတ်ပါဘူး}}
]]အေးလေ  ...ဒီလိုပဲဖြစ်မှာပေါ့၊ အဖြစ်မှန်ကို သူတို့ ဘယ်ပြောချင်ပါ့မလဲ၊ ငါကိုယ်တိုင်တောင် ဘယ်သူ့မျှမပြောပဲ တစ်သက်လုံးမြိုသိပ် ထားခဲ့တာကိုး}}
]]ရှင်  ...}}
]]ဒီလိုအေ့  ...ဂျပန့်ခေတ်တုံးကပေါ့}}
+ + + + +
ဂျပန်ခေတ်ဟုခေါ်ကြသော အင်္ဂလိပ်အပြေး ဂျပန်အဝင်ကာလတွင် မညိုအသက်မှာ ၂၂နှစ်ခန့်ရှိပြီ။ မညိုအိမ်ထောင် ကျနေပြီ။ တစ်ရွာ တည်းသား ကိုဖေမောင်နှင့်အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်။ မညိုတို့နေခဲ့တဲ့ ရွာကလေးက မြစ်ဝကျွန်းပေါ်အရပ်ရှိ စမ်းမြိုင်ဆိုသောရွာကလေး။
မြန်မာပြည်သို့ဂျပန်ပြန်ဝင်လာချိန်တွင် မညိုသည် သားအမွှာလေးနှစ်ယောက်ကိုမွေးခဲ့၏။
ဂျပန်နှင့်အင်္ဂလိပ် တစ်ဦးကိုတစ်ဦး တိုက်ခိုက်နေသည့်ကာလဖြစ်ရာ ကာလပျက်ကြီးလို စစ်အတွင်းမှာ တစ်တိုင်းပြည်လုံး မငြိမ်မသက်ဖြစ် ခဲ့ရသည်။ မြို့အရပ်မှလူများလည်း တောအရပ်ကိုရှောင်တိမ်းလာကြသည်။
ကျွဲနှစ်ကောင်ဟုခေါ်သောလေယာဉ်မည်းမည်းကြီးနှစ်စင်းကလည်း မြန်မာပြည်အနှံ့ပျံဝဲကာ နေရာ အနှံ့ကို ဗုံးများချ ပစ်ခတ်နေကြလေသည်။
လူများမှာလည်း ဆင်းရဲမွဲတေကာ ကျီးလန့်စာစားဖြစ်နေကြချိန်။
တစ်နေ့တွင် စမ်းမြိုင်ရွာကလေးပေါ်သို့ ကျွဲနှစ်ကောင်ပျံဝဲလာကာ လှုပ်လှုပ်ရွရွမြင်သမျှပစ်ခတ်သွားခဲ့ရာ မညိုယောက်ျားကိုဖေမောင်မှာ စက် သေနတ်မှန်၍သေဆုံးခဲ့ရလေသည်။
မညိုသည် မွေးစကလေးအမွှာကိုပိုက်ကာ ကျန်ရစ်ခဲ့ရသည်။
ကာလပျက်ကြီးတွင် ရွာ၌ တစ်ယောက်တည်း မညိုမနေရဲတော့။ ဂျပန်စစ်သားများ ရွာထဲဝင်လာသည့်အခါမျိုးတွင် မိန်းမမြင်ပါက အပျို အအိုမရှောင် စော်ကားသွားတတ်သည်ကို ကြားဖူးမြင်ဖူး ထား၍ အထိန်းအအုပ်မရှိပဲ တစ်ယောက်တည်းမနေရဲချေ။ လသားကလေးနှစ်ယောက်ဖြင့် တစ်ယောက် တည်းလည်း ရှာမစားတတ်ပေ။
ကလေးနှစ်ယောက်မှာလည်း ကာလပျက်ကြီးတွင်မွေးဖွားလာရသူများဖြစ်၍ အပြည့်အဝဂရုစိုက်မခံရပဲ ထိုအချိန်က ကလေးနှစ်ယောက် လုံးကိုယ်၌ ဝဲများစွဲနေပါသည်။
မညို စမ်းမြိုင်ရွာတွင် ဆက်နေလို့မဖြစ်တော့။
ငါးမိုင်ခန့်ဝေးသည့် ပေါက်ဦးရွာမှ အစ်မဖြစ်သူထံတွင် သွားနေမည်ဟုစိတ်ကူးကာ  ...ရှိသမျှအဝတ်အစားလေးတွေ လွယ်အိတ်စုတ်က လေးထဲထည့်၍ ကလေးနှစ်ယောက်ကို တစ်ဖက်စီပွေ့ရင်း တစ်ယောက်တည်း တောလမ်းခရီးအတိုင်းထွက်လာခဲ့သည်။
လမ်းတွင် ကျွဲနှစ်ကောင်ကိုရှောင်ရင်းတိမ်းရင်း လမ်းမှားသွားခဲ့သည်။ ပေါက်ဦးရွာကို တော်တော်နှင့် မရောက်နိုင်ဖြစ်နေသည်။ ပါလာသော ရေဗူးထဲကရေကလည်း ကုန်ပြီ။ လမ်းမှာ ရေလည်းရှာမတွေ့။ ကလေးနှစ်ယောက်ကိုလည်း နို့တိုက်ရသေးသည်။
မညိုသည် အားအင်ကုန်ခမ်းကာ လဲကျတော့မလိုရှိနေသည်။
အားတင်း၍ ပေါက်ဦးရွာရှိရာကို ဆက်လျှောက်လာခဲ့သည်။
ကလေးနှစ်ယောက်ကလည်း နို့ဆာ၍ ငိုယိုလျှက်ရှိသည်။ လမ်းခရီးကြမ်းတွင် အစာမစားရ၊ ရေပင်မသောက်ရသည့် အတွက် မညို နို့မထွက်နိုင်တော့ပါ။ ကိုယ်လည်းပူလာပြီး ဖျားချင်သလိုလိုဖြစ်လာသည်။
မညိုက ဖြစ်လိုရာဖြစ်စေတော့ အရိပ်ကောင်းကောင်းသစ်ပင်ရိပ်အောက်တွင် လှဲအိပ်နေ လိုက်တော့မည်ဟု စိတ်ကူးမိသည်။ အိပ်နေရင်းကနေပဲ အသက်ထွက်ရင်ထွက်သွားပါစေတော့ မတတ်နိုင်ဟု တွေးမိသည်။
ထိုစဉ်  ...ရှေ့တူရူမှ ခြူသံတလွင်လွင်ဖြင့် နွားလှည်းတစ်စီး မောင်းလာသံကိုကြားလိုက်ရသည်။
ဂျပန်စစ်သားများဖြစ်နေမည်စိုး၍ ခြုံတစ်ခြုံထဲဝင်ပုန်းနေလိုက်သည်။
သို့ရာတွင်  ...ကလေးနှစ်ယောက် နို့ဆာဆာဖြင့် အာခေါင်ခြစ် အော်ငိုနေသောကြောင့် မညို၏ပုန်းအောင်းမှုသည် အရာမထင်လိုက်ပါ။
လှည်းက ခြုံပုတ်အနီးတွင်ရပ်သွားကာ ကလေးငိုသံထွက်ပေါ်လာသောခြုံပုတ်ထဲကို ငုံ့ကြည့်၍ စုံစမ်းသည်။ မညိုကိုတွေ့သွားလေသည်။
သို့သော်  ...မညိုကံကောင်းပါသည်။
လှည်းပေါ်တွင်ပါလာသူများမှာ သူတော်ကောင်းများဖြစ်နေသည်။ လင်မယားတစ်စုံတွဲနှင့် အဘွားကြီး တစ်ဦး။ သူတို့မှာ စစ်ပြေးဒုက္ခသည်များ ဖြစ်သည်။ အသိမိတ်ဆွေများရှိရာ ထန်းတောရွာသို့ တိမ်းရှောင်ရန် ရန်ကုန်မြို့မှထွက်ခွာလာသူများဖြစ်ကြောင်းသိရသည်။
ထိုလူများက မညိုကိုအကျိုးအကြောင်းမေးရာ မညိုက ပေါက်ဦးရွာသို့သွားမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။
လှည်းသမားက ပေါက်ဦးရွာမှာ တောင်ဖက်တွင်ရှိကြောင်း၊ မညိုဦးတည်ရာမှာ လမ်းလွဲနေပြီဖြစ် ကြောင်းရှင်းပြသည်။
]]ကျုပ်လိုက်ပို့ရမယ့် ထန်းတောရွာကိုသွားတဲ့လမ်းမှာပဲ ဒီကညီမသွားမယ့် ပေါက်ဦးရွာရှိတယ်}}
]]ဒါဆိုရင် သူ့ကိုလမ်းကြုံတင်ခေါ်ခဲ့လိုက်ပါကွယ်}}
လှည်းပေါ်တွင်ပါလာသောအမျိုးသမီးလေးက သဘောကောင်းစွာ မညိုကို လှည်းဖြင့်တင်ခေါ်ခဲ့လေ သည်။
လှည်းပေါ်တွင် မညိုအကြောင်းကိုမေးရာ မညိုက လင်သေသွား၍ အစ်မမိသားစုထံတွင် ခိုလှုံရန်ထွက်လာခဲ့ကြောင်း ပြောပြသည်။
အမျိုးသမီးလေးက မညိုထံမှကလေးတစ်ယောက်ကိုပွေ့ချီထားပေး သည်။ အဘွားကြီးက ကလေးနှစ်ယောက်ကို သူတို့မှာပါလာသောနို့ဆီကို ရေအေးဖြင့်ပင်ဖျော်ပြီး တိုက်လိုက်သည်။ ကလေးနှစ်ယောက် နို့ဝ၍ငြိမ် သက်စွာအိပ်စက်သွားကြပါပြီ။
မညိုက ကလေးတစ်ယောက်၊ အမျိုးသမီးလေးက ကလေးတစ် ယောက်ကိုပွေ့ချီကာ ခရီးဆက်ခဲ့ရာ ပေါက်ဦးရွာ အဝင်လမ်းခွဲသို့ရောက်လာ ခဲ့လေသည်။
]]ဟော  ...ပေါက်ဦးကို ရောက်ပြီ၊ ကျွန်မဆင်းတော့မယ်}}
မညိုက လှည်းပေါ်မှဆင်းလိုက်သည်။ လှည်းအောက်ရောက်မှ အမျိုးသမီးလေးပွေ့ချီထားသော သားတစ်ယောက်ကို လက်တစ်ဖက်ဖြင့် လှမ်းတောင်းလိုက်သည်။
အမျိုးသမီးလေးက ကလေးကိုပွေ့ကာ မညိုကို စိုက်ကြည့်နေသည်။
]]ကျွန်မလာတဲ့ရွာရောက်ပါပြီ၊ ဒါ  ...ပေါက်ဦးရွာပဲ}}
မညိုက ပြောလိုက်သည်။
အမျိုးသမီးလေးက နှုတ်ခမ်းတရွရွလှုပ်ကာ စကားကိုအားယူပြောလိုက်လေ၏။
]]ရှင် ကျွန်မကိုစိတ်မဆိုးပါနဲ့နော်၊ ဒီကလေး ကျွန်မကိုပေးခဲ့ပါ လားဟင်}}
]]ဘာ  ...}}
]]ရှင့်မှာ ကလေးနှစ်ယောက်ဖြစ်နေတယ်၊ စစ်အတွင်းမှာ ဒီကလေးနှစ်ယောက်တာဝန်ကို ရှင်ယူနိုင် ပါ့မလား၊ ခုပဲ ကလေးနှစ်ယောက်စလုံး ဝဲတွေပေါက်နေပြီ၊ ကျွန်မတို့လင်မယားက သားသမီးမထွန်းကားလို့ပါ၊ ဒီတစ်ယောက်ကို ကျွန်မတာဝန်ယူပါရစေလား}}
]]အို  ...}}
]]ဘယ့်နှယ်လဲမောင်၊ ကျွန်မတို့ ဒီကလေးကိုမွေးစားရင်ကောင်းတယ်မဟုတ်လား၊ မေမေရော ဘယ်လိုသဘောရလဲ}}
]]ကောင်းတာပေါ့ခင်}}
]]ကောင်းတာပေါ့အေ၊ ဟေ့  ...မိန်းကလေး၊ မင်းစိတ်ကူးမလွဲနဲ့ ကွယ့်၊ ညီးကလေးကို ငါတို့နဲ့ထည့်လိုက်ရင် ကလေးချမ်းချမ်းသာသာနေရ မယ်၊ အိုအေ  ...ကလေးကို ညီးပြန်လိုချင်လည်း ငါတို့ထန်းတောရွာမှာရှိ နေမှာပဲ၊ စစ်မပြီးမချင်း ထန်းတောမှာပဲနေမှာ၊ ညီးပြန်လာခေါ်လို့ရတာပဲ၊ ခုတော့  ...ညီးလည်း ကသီလှတယ်အေ၊ တစ်ယောက်ကိုငါတို့နဲ့ထည့် လိုက်ပါ၊ ကလေးအတွက်တော့ စိတ်ချလက်ချရှိပါအေ}}
မညိုလည်း ကြုံနေရသောလက်တွေ့အခြေအနေအရ မငြင်းသာတော့ပေ။ အဘွားကြီးပြောသလို ထန်းတောရွာကို အချိန်မရွေးသွားခေါ် လို့ ရတယ်လို့လည်း တွက်မိသည်။
သူတို့ကလည်း မညိုထံမှအဖြေကိုပင်မစောင့်တော့ပါ။
]]ဒါဖြင့်  ...ကျွန်မတို့သွားမယ်နော်၊ မောင်း  ...မောင်းကိုရင်၊ လှည်းကို ထန်းတောအရောက် မောင်းတော့}}
မညိုသည် ပေါက်ဦးရွာအဝင်ထိပ်တွင်ရပ်ရင်း ဖုန်လုံးများကြား၌ တစတစပျောက်ကွယ်သွားသော လှည်းကလေးကိုကြည့်ရင်း ကျန်ရစ်ခဲ့လေ၏။
မညိုမျက်လုံးမှာတော့ မျက်ရည်စများစီးကျလျှက်  ...
+ + + + +
]]အဲဒါပါပဲအေ  ...သူတို့နာမည်လည်း ငါမမေးလိုက်မိဘူး၊ ငါ့နာမည်လည်း သူတို့မေးမသွားကြဘူး၊ နောက်လည်း ပြန် မတွေ့တော့ပါဘူး၊ စစ်ပြီးလို့ ထန်းတောမှာ ငါသွားစုံစမ်းတော့ ရန်ကုန်ပြန်သွားကြပြီတဲ့၊ ငါလည်း ကလေးကိုသူများပေးပစ်တယ် ဆိုတာသိရင် ငါ့ကဲ့ရဲ့မစိုးလို့ ငါ့အစ်မကို ကလေးအမွှာမွေးခဲ့ကြောင်း မပြောခဲ့ဘူး၊ ကြာမောင်တစ်ယောက်ပဲမွေးထားသယောင် ထိန်ချန်ထားခဲ့တယ်၊ ကြာမောင်ကြီးလာ တော့လည်း ဒီအကြောင်းကို မပြောခဲ့ဘူး၊ ငါ့သားက ငါ့ကို အပြစ်တင်မှာစိုးလို့ပဲ၊ ဒီအကြောင်းတွေ ငါ့တစ်သက်လုံး မြိုသိပ်ထားခဲ့တာပါ}}
အဘွားအိုဒေါ်ညိုက တည်ငြိမ်စွာပင် လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ကျော်ကအကြောင်းများ ကို ပြန်လည်ပြောပြ လိုက်လေသည်။
အကြောင်းစုံပြောပြီးမှပင် အလောင်းနှစ်လောင်းကို လက်တစ်ဖက်စီဖြင့်ဆုပ်ကိုင်လိုက်ကာ  ...
]]ဪ  ...ခုတော့ ပျောက်နေတဲ့ငါ့သားလေးကိုပြန်တွေ့ပြီ၊ တွေ့တော့လည်း မင်းမှာအသက်မရှိတော့ပါလားငါ့သားရဲ့၊ ငါ့သားရုပ်ရည် လေးကိုမှ အမေ့မှာမမြင်နိုင်တော့ပါလား၊ အဖြစ်ဆိုးလှချည့်ကွယ်၊ အမေ့ကို ခွင့်လွှတ်ပါတော့၊ ခွင့်လွှတ်ပါတော့သားတို့ရယ်}}
အဘွားအိုက အလောင်းနှစ်လောင်းကိုဆုပ်ကိုင်ကာ ရှိုက်ကြီးတငင် ငိုချလိုက်လေတော့သည်။
+ + + + +
အလောင်းများကို တစ်လောင်းအား ဦးကျော်စွာသန်းအဖြစ်၊ တစ်လောင်းကို ဦးကြာမောင်အဖြစ်  ...ထိုမြို့မှာပင် ဂူသွင်းသဂြိုဟ်လိုက် ရလေသည်။
မည်သူက မည်သူဖြစ်ကြောင်း မခွဲခြားနိုင်တော့ပါ။
ဒေါ်ညိုပြောပြသောအဖြစ်ကိုမူတည်၍ ဦးကျော်စွာသန်းမှာ ဂျပန်ခေတ်က ရန်ကုန်မှလူများကို ဒေါ်ညိုပေးလိုက်သော ကလေးဖြစ်နိုင်ကြောင်း ယုံကြည်လိုက်ရသည်။ အထောက်အထားတစ်စုံတစ်ရာတော့ မရနိုင်တော့ပါ။
ယင်းဖြစ်ရပ်တွင်  ...အမွှာညီအစ်ကိုနှစ်ဦးအား ကံကြမ္မာက ပြန်လည်ဆုံဆည်းအောင် ဖန်တီး ပေးခဲ့ကြောင်း တွေ့ရပါ သည်။
ဦးကြာမောင်နေထိုင်သောကမ်းညိုရွာကလေးသို့ ဦးကျော်စွာသန်း လာရောက်ခဲ့သည်။ အကယ်၍  ...လမ်းမှာမုန်တိုင်း မမိခဲ့ပဲ ကမ်းညိုရွာသို့ ဦးကျော်စွာသန်းရောက်ရှိခဲ့ပါက ရုပ်ချင်းခွဲမရအောင်တူသော အမွှာညီအစ်ကို နှစ်ယောက်ဆုံဆည်းနိုင်ကြ မည်ဖြစ်သည်။ ရုပ်ချင်းချွတ်စွပ်တူပုံကို အဖြေရှာရင်း မသေသေးသောအမေအရင်းဒေါ်ညိုနှင့်ဆုံဆည်းကာ အဖြစ်မှန် ကို ဖော်ထုတ်နိုင်ပေလိမ့်မည်။ ပျော်စရာကောင်းသော ဇာတ်သိမ်းခန်းတစ်ခုဖြစ်လာနိုင်ပေသည်။
ယခုတော့  ...အမွှာညီအစ်ကိုနှစ်ဦးကို သေဆုံးပြီး အလောင်းဘ၀ရောက်မှပင် တူယှဉ်တွဲ၍ မြင်တွေ့ခွင့်ရလိုက်ပေတော့ ၏။
ကာယကံရှင်နှစ်ဦးဖြစ်သော ဦးကျော်စွာသန်းနှင့်ဦးကြာမောင်တို့ကတော့  ...သည်အဖြစ်များကို သိနိုင်တော့မည်မဟုတ် ပါ။
လူ့လောကတွင် နှစ်ပေါင်းငါးဆယ်ကျော်နေထိုင်သွားသည့်တိုင် သူတို့တွင် အမွှာညီအစ်ကို အရင်းရှိခဲ့ကြောင်း သိမသွား ကြပါပေ။
                                                                                          နွေတမာန်
                                                                                                         

No comments: