Tuesday 7 August 2012

ဆောင်းလုလင်- ၀ယ်သူ့အမှား (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
ဝယ်သူ့အမှား
(သိပ္ပံဝတ္ထုတို)


စကြ၀ဠာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် ]ခန့်ညားထည်ဝါ} ကုမ္ပဏီသို့ ပစ္စည်း မှာ ယူသော အမှာစာတစ်ခု ရောက်ရှိ လာလေသည်။ သုံးရိုးသုံးစဉ်မို့သာ အမှာစာဟု သုံးနှုန်းလိုက်ရသော်လည်း တကယ်တော့ စာတစ်စောင်အဖြစ် အမှာရောက်လာခြင်း မဟုတ်ပါပေ။ နေစကြ၀ဠာတစ်ခွင်လုံးကို လွှင့်ထုတ်ဆက်သွယ်ထားသည့် အင်တာနက်မှ တစ်ဆင့် တစ်ဖက်မှ မှာယူသူကိုယ်တိုင်က သူ့ရုပ်ပုံဖြင့်ထုတ်လွှင့်ကာ စကား ပြောဆို ဆက်သွယ်၍မှာကြားခြင်းပင်ဖြစ်ပါ၏။
အသက်ငါးဆယ်အရွယ်ရှိ ခန့်ညားထည်ဝါကုမ္ပဏီပိုင်ရှင် ဦးခန့်ညားထယ်ဝါ သည် အင်တာနက်ကိုဖွင့်ကြည့်ရာမှ ယနေ့ဝင်ရောက်လာသော အမှာကို တွေ့လိုက် ရခြင်း ဖြစ်လေသည်။
ဦးခန့်ညားထည်ဝါသည် အထည်စက်ရုံတစ်ခု တည်ထောင်ထားပြီး သူ၏ စက်ရုံမှထုတ်လုပ်သော အထည်စများနှင့် ဒီဇိုင်းဆန်းသောအစများ၊ အသင့်ချုပ်ပြီး အဝတ်အထည်များကို နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်များအထိ ဖြန့်ချိရောင်းချလျက် ရှိပေသည်။ သက်ရှိသတ္တဝါများ မှီတင်းနေထိုင်နိုင်သည့် နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်များမှ သက်ရှိအတော်များများသည် ခန့်ညားထည်ဝါကုမ္ပဏီထုတ် အဝတ် အထည်များကို မှာယူဝတ်ဆင်လျက် ရှိပေ၏။ ခန့်ညားထည်ဝါကုမ္ပဏီသည် စကြ၀ဠာ လုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှု ကုမ္ပဏီကြီး} တစ်ခုအဖြစ် အောင်မြင်လျက်ရှိ လေသည်။
သို့သော် ယနေ့အမှာရောက်လာသော ဂြိုဟ်၏အမည်ကို ဦးခန့်ညား ထည်ဝါသည် ယခင်က တစ်ကြိမ်မျှ မကြားခဲ့ဖူးသေးချေ။ ဂြိုဟ်အမည်က ဆန်းသည်။ ပစ္စည်းမှာယူသောသူ၏ အသံထွက်အရ ]]ဃလုံးဃလုဂြိုဟ်}}ဟု သိရသည်။ ဃလုံးဃလုဂြိုဟ်သည် မည်သည့်နေရာတွင်ရှိ၍ ကမ္ဘာမှ မည်မျှ ဝေးကွာကြောင်း ဦးခန့်ညားထည်ဝါ မသိပေ။
ကွန်ပျူတာ၏ မော်နီတာမြင်ကွင်းပေါ်တွင် ဃလုံးဃလုဂြိုဟ်ပေါ်မှ ပစ္စည်းမှာယူသော ပုဂ္ဂိုလ်ကြီး၏ပုံပေါ်နေကာ ထိုဂြိုဟ်သားကြီးက သူလိုချင် သော ပစ္စည်းကို စကားဖြင့်ပြောကာ မှာကြားလျက်ရှိပေ၏။
Þ]]မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်ကတော့ ဃလုံးဃလုလို့အမည်ရတဲ့ ဂြိုဟ်တစ်ခုက သက်ရှိပုဂ္ဂိုလ်တစ်ယောက်ပါ ခင်ဗျာ။ ကျွန်တော်ဟာ အဖို ယောက်ျား တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဃလုံးဃလုဂြိုဟ်ဟာ မိတ်ဆွေတို့ကမ္ဘာ ဂြိုဟ်လိုပဲ နေစကြ၀ဠာအတွင်းမှာ တည်ရှိပါတယ်။ ကျွန်တော့်နာမည်က ညညဒေါင်လို့ ခေါ်ပါတယ်ခင်ဗျ}}
ဂြိုဟ်သားကြီးသည် သူ့ကိုယ်သူ ဦးစွာမိတ်ဆက်လျက်ရှိသည်။ ဦးခန့် ညားထည်ဝါက ဃလုံးဃလုဂြိုဟ်သားကြီး၏ ပုံပန်းသ္ဌဏာန်ကို အကဲခတ်၍ ကြည့်လိုက်သည်။ ဃလုံးဃလုဂြိုလ်သားတို့ ပုံသ္ဌဏာန်မှာ ကမ္ဘာဂြိုဟ်မှ မိမိတို့ လူသားများနှင့် နီးစပ်စွာတူလှပေ၏။
ဂြိုဟ်သားကြီးတွင် အမွေးအမျှင်ဟူ၍ လုံးဝမရှိပါ။ ဦးခေါင်းကြီးမှာ တုံးတိကြီး ပြောင်လက်၍နေပေသည်။ ကမ္ဘာ့လူသားများနှင့် ကွဲပြားသော အချက်မှာ ဂြိုဟ်သားကြီး၏ မျက်နှာဖြစ်သည်။ မျက်နှာပေါ်တွင် နဖူးအောက် ဘက် တည့်တည့် အပေါ်ဆုံးအပိုင်း၌ မျက်လုံးသည်တစ်လုံးတည်း မျက်နှာ၏ အလယ်ခေါင်တည့်တည့်တွင် ရှိနေ၏။ ထိုအရာသည် မျက်လုံးဖြစ်ကြောင်းကို မျက်ခွံအား ပုတ်ခတ်ပုတ်ခတ်လုပ်သည်ကို ကြည့်၍ အကဲဖြတ်နိုင်လေ၏။ တစ်လုံးတည်းသာ ရှိသော်လည်း မျက်လုံးမှာ လူသားတို့ မျက်လုံးပုံစံအတိုင်း ဖြစ်သည်။ မျက်ခုံးမွေးနှင့် မျက်တောင်မွေးမပါတာပဲ ရှိသည်။
ထိုမျက်လုံးအောက်တည့်တည့် လက်နှစ်လုံးလောက်အကွာတွင် အပေါက်တစ်ပေါက်ရှိနေပြန်သည်။ နှာခေါင်းဟု ယူဆစရာရှိပေ၏။ လူသားများ ကဲ့သို့ အပြင်သို့ထိုးထွက်နေသော နှာခေါင်းရိုးကိုမူ မတွေ့ရချေ။ အသက်ရှူ ပေါက်အဖြစ် အလယ်တည့်တည့်တွင် တစ်ပေါက်တည်းတည်ရှိနေခြင်း ဖြစ်လေ သည်။ ထိုအောက်မှတည့်တည့်တွင် တစ်ပေါက်တည်း ရှိနေပြန်သောအရာမှာ ပါးစပ်ပေါက်ဖြစ်ပေ၏။ ပါးစပ်ပေါက်ဖြစ်ကြောင်း ယုံမှားသံသယရှိစရာ မလို ချေ။ အဘယ်ကြောင့်ဆိုသော် သူစကားပြောလိုက်တိုင်း ထိုအပေါက်က ဟစိ ဟစိ ဖြစ်သွားသောကြောင့်ဖြစ်ပေ၏။
အချုပ်ဆိုရသော် ဃလုံးဃလုဂြိုလ်သား၏မျက်နှာသည် မျက်လုံး တစ်လုံး၊ နှာခေါင်းတစ်ပေါက်၊ ပါးစပ်တစ်ပေါက်ဖြင့် ဖွဲ့စည်းထားပြီး ယင်း ပစ္စည်းများမှာလည်း မျက်နှာ၏အလယ်တည့်တည့်၌ ဒေါင်လိုက်တန်းလျက် ရှိပေသည်။ အမွေးအမျှင်မပါခြင်းနှင့် မျက်လုံးနှင့်နှာခေါင်းပေါက်များ တစ်ခုစီ သာ ပါခြင်းတို့သာ ကွာခြားပြီး လူ၏မျက်နှာပုံစံမျိုးပင် ဖြစ်လေသည်။
ကိုယ်လုံးကိုယ်ထည်ကတော့ လူအတိုင်း တသဝေမတိမ်းတူညီပါပေ ၏။ ကားသောရင်အုပ်ရှိသည်။ ခြေနှစ်ဖက် လက်နှစ်ဖက်ပါသည်။ တစ်ခုပဲ ထူးခြား၏။ လက်တွင် လက်ချောင်းလေးများ ငါးချောင်းရှိရမည့်အစား လေး ချောင်းသာ တွေ့မြင်ရခြင်းဖြစ်ပါ၏။ လက်မနှင့်တူသော လက်ချောင်းမပါချေ။ ခြေထောက်ကိုမူ ဖိနပ်ဖြင့်ဖုံးကွယ်ထား၍ မမြင်ရချေ။ မျက်နှာအနေအထား ကွဲပြားရုံမှအပ ဂြိုဟ်သားသည် ကမ္ဘာ့လူသားနှင့်မကွာခြားလှပါချေ။
ဦးခန့်ညားထည်ဝါသည် လူသားနှင့် အနီးစပ်ဆုံးသ္ဌဏာန်တူသော ဂြိုဟ် သားကို တွေ့လိုက်ရ၍ ဝမ်းသာသွားလေသည်။ သူသည် ယခင်က ဃလုံးဃလုဂြိုဟ် ရှိသည်ကို မသိခဲ့၊ မကြားဖူးခဲ့ချေ။ လူနှင့်သွင်ပြင်ချင်း မကွဲပြားသည့်အတွက် ထိုဂြိုဟ်ကို သူ့စက်ရုံမှထွက်ကုန်အဝတ်အစားများ ရောင်းချနိုင်ပေတော့မည်။ ဖောက်သည်သစ် တိုးပွားပေတော့မည်။ ဂြိုဟ်သားကြီးသည် အဝတ်အစားဝတ်ဆင် ထားသည်ကိုလည်း မော်နီတာမြင်ကွင်းမှ တစ်ဆင့် မြင်နေရပေသည်။ သူက လည်ပင်းမှအောက်ပိုင်းအထိ တစ်ဆက် တည်းချုပ်ထားသော အဝတ်တစ်ထည်ကို စွပ်ထားပေသည်။ စွပ်ကျယ်အင်္ကျီကြီးကို ခေါင်းမှခြေအဆုံး စွပ်ထားသည်နှင့်တူလှ ပေ၏။
ဃလုံးဃလုဂြိုဟ်သားကြီး ညညဒေါင်က စကားကို ဆက်၍ပြောနေ ပေသည်။
]]ကျွန်တော်ဟာ ဒီနေ့ပဲ လူကြီးမင်း ထုတ်လွှင့်ထားတဲ့ ကြော်ငြာ တစ်ပုဒ်ကိုကြည့်လိုက်ရပါတယ်။ ကြော်ငြာက မင်းသားဒွါးနဲ့ မင်းသမီး ထက် အာကာမိုးဦးတို့နဲ့ ရိုက်ထားတဲ့ကြော်ငြာပါ။ လူကြီးမင်းစက်ရုံကထုတ်တဲ့ အဝတ်စကြော်ငြာပါခင်ဗျ။ အဲဒီကြော်ငြာထဲက မင်းသားနဲ့မင်းသမီး ဝတ်ထားတဲ့ အဝတ်စဒီဇိုင်းကိုကြိုက်လွန်းလို့ ကျွန်တော်တို့ဂြိုဟ်ရဲ့ နှစ်သစ်ကူး ပွဲတော်အမီ ဝတ်ချင်လို့ မှာယူချင်ပါတယ်}}
ဂြိုဟ်သားကြီးပြောကြားနေသည့် စကားအသံထွက်နှင့် ပါးစပ်လှုပ် ရှားမှုမှာ ကိုက်ညီမှုမရှိပေ။ ဤသို့ဖြစ်သည်မှာ မဆန်းပါ။ ဂြိုဟ်သားကြီးက သူတို့ဂြိုဟ်၏ ဘာသာစကားဖြင့် ပြောကြားနေခြင်း ဖြစ်ပေမည်။ အခြားဂြိုဟ်မှ အသံဖြင့်ဆက်သွယ်မှုများ ကမ္ဘာ၏ သံလိုက်စက်ကွင်းဆွဲငင်အားထဲသို့ ဝင် လာသည်နှင့် ကမ္ဘာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စကားသို့ အလိုအ လျောက် ပြန်ဆိုပြီးဖြစ်သည်။ ဂြိုဟ်တစ်ခုနှင့်တစ်ခု ဆက်သွယ်ရာတွင် ဘာသာ စကားအခက်အခဲကြောင့် အဟန့်အတားမဖြစ်ရလေအောင် ကမ္ဘာမြေပေါ်မှ သိပ္ပံပညာရှင်များက တီထွင်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် သူ့ဘာသာ စကားဖြင့် ပြောကြားနေပုံနှင့် ဘာသာပြန်ပြီး ထွက်လာသည့်အသံတို့ ကွဲပြားမှု ကြောင့် ပါးစပ်လှုပ်ရှားမှုနှင့် အသံထွက်တို့မကိုက်ညီခြင်းပင် ဖြစ်လေ၏။
]]ကျွန်တော့်အတွက် မင်းသားဒွါးဝတ်ထားတဲ့ ဒီဇိုင်းပုံအတိုင်း တစ် ဝတ်စာ အစတစ်စ ပို့ပေးစေလိုပါတယ်။ ကျွန်တော့်ဇနီးဗြဲအတွက်လည်း မင်သမီးထက်အာကာမိုးဦး ဝတ်ထားတဲ့အတိုင်း ချုပ်ချင်လို့ မင်းသမီးဒီဇိုင်းပုံ အတိုင်း တစ်ဝတ်စာပို့ပေးပါ ခင်ဗျ။ ဟောဒါ ကျွန်တော့်ဇနီးဗြဲရဲ့ ဓာတ်ပုံပါ}}
ဂြိုဟ်သားကြီး ညညဒေါင်က ဓာတ်ပုံတစ်ပုံကို မော်နီတာ မြင်ကွင်း ဘက်သို့ မြင်သာအောင်ထောင်ပြလေသည်။
ဗြဲအမည်ရှိ ဂြိုဟ်သူမမှာ ဂြိုဟ်သားအထီးဖြစ်သော ညညဒေါင်နှင့် မကွာခြားလှပါ။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့မှာ ညညဒေါင်အတိုင်း မျက်နှာ အလယ်တည့်တည့်တွင် တစ်ပေါက်စီပါရှိသည်။ အမွေးအမျှင်မပါ။ မိန်းမ ဖြစ်ကြောင်း သိသာသည့်အချက်မှာ ကမ္ဘာ့လူသားမိန်းမများအတိုင်းပင် ရင်သားဖောင်းမို့နေခြင်း၊ တင်ပါးဆုံကားခြင်းတို့ ဖြစ်သည်။ ဓာတ်ပုံထဲတွင် သူမသည်လည်း အပေါ်အောက် တစ်ဆက်တည်းချုပ်ထားသည့် ဝတ်စုံကို လည်ပင်းမှစွပ်ချထားသည်။
]]ဦးခန့်ညားထည်ဝါ ခင်ဗျာ၊ ကျွန်တော့်အနေနှင့် လူကြီးမင်းတို့ ကမ္ဘာဂြိုဟ်ကို ယခုပထမအကြိမ်ဆက်သွယ်ဖူးခြင်း ဖြစ်ပါတယ်။ ဦးခန့်ညား ထည်ဝါ ထုတ်လွှင့်ထားတဲ့ကြော်ငြာကို မကြည့်ရခင်က နေစကြာဝဠာထဲမှာ ကမ္ဘာဆိုတဲ့ ဂြိုဟ်တစ်ခုရှိမှန်းတောင် မသိခဲ့ပါဘူး ခင်ဗျ။ စိတ်မဆိုးပါနဲ့}}
သူလည်း ကိုယ့်လိုပါပဲလား။ ဦးခန့်ညားထည်ဝါလည်း ဃလုံးဃလု ဂြိုဟ် ရှိသည်ကို မသိခဲ့ချေ။
]]လူကြီးမင်းတို့ ကမ္ဘာဂြိုဟ်သားများရဲ့ ပုံပန်းသ္ဌဏာန်ဟာ ကျွန်တော် တို့ ဂြိုဟ်သားများနဲ့ သွင်ပြင်တူတာတွေ့ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ခင်မင်စိတ်လည်း ဖြစ်ပေါ်မိပါတယ်။ လူကြီးမင်းတို့ဟာ အဝတ်အစား ဝတ်ဆင် တဲ့နေရာမှာ ကျွန်တော်တို့ဂြိုဟ်သားများထက် သာလွန်တာတွေ့ရပါတယ်။ အဝတ်အစားကို ပုံဆန်းဆန်းချုပ်လုပ်ဝတ်ဆင်တတ်ပြီး အဝတ်ရဲ့ဒီဇိုင်းကို လည်း အမျိုးမျိုးရေးဆွဲကြမယ် ထင်ပါရဲ့။ ကျွန်တော်တို့ဆီမှာတော့ အထည်စ တစ်မျိုးတည်းကိုပဲ အထက်အောက် လုံအောင်ချုပ်ပြီး ဝတ်ကြပါတယ်။ ကျွန် တော့်ပုံကိုကြည့်ပါ။ လူကြီးမင်းတို့ရဲ့ မင်းသားနဲ့မင်းသမီး ဝတ်စားထားတာ တွေ့တော့ ကျွန်တော်တို့ဇနီးမောင်နှံ ဒီနှစ်နယူးယီးယားမှာ ကမ္ဘာပေါ်က ဝတ်စုံမျိုးဝတ်ပြီး ကျွန်တော်တို့ဂြိုဟ်သားတွေ အံ့ဩသွားအောင်လုပ်ဖို့ အကြံ ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဇနီးမောင်နှံအတွက် အဝတ်စတစ်စုံစီ မှာရခြင်းဖြစ်ပါတယ်။ အဝတ်စကိုသာ မင်းသားမင်းသမီးတွေ ဝတ်ထားတဲ့ အဆင်အတိုင်း တစ်စုံစာစီပို့ပေးပါ။ ချုပ်တာတော့ ဒီကစက်ချုပ်ဆရာကိုပဲ ကြော်ငြာပြပြီး ချုပ်ခိုင်းပါ့မယ်။
]]ဦးခန့်ညားထည်ဝါ ခင်ဗျာ၊ အဝတ်စအတွက် အဖိုးအခကိုတော့ ဦးခန့်ညားထည်ဝါနဲ့ ကျွန်တော်တို့ညှိနှိုင်းနေရင် ကြာမှာစိုးလို့ အဝတ်စတန်ဖိုးနဲ့ ကိုက်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ ကျွန်တော်ပို့ပေးမဲ့ပစ္စည်းကိုသာ အဝတ် စဖိုးအဖြစ် လက်ခံဖို့တောင်းပန်ပါတယ်။ ကျွန်တော်ပို့ပေးမယ့်ပစ္စည်းက ဟောဒီ ဟာပါ။ ဒါဟာ အဖိုးတန် ကျောက်မျက်ရတနာတစ်ခုဖြစ်ပြီး အလွန်တရာမှ တန်ဖိုးကြီးလှပါတယ်။ လူကြီးမင်းရဲ့ အလွန်လှပတဲ့အဝတ်စဒီဇိုင်းကို ကျွန်တော် က ဟောဒီတန်ဖိုးကြီး ကျောက်မျက်ရတနာနဲ့ တန်ဖိုးဖြတ်ပါတယ်။ ဂြိုဟ် တစ်ခုနဲ့တစ်ခု အသုံးပြုတဲ့ပိုက်ဆံငွေကြေးချင်းက မတူတော့ ဒီကပိုက်ဆံ ပို့ပေးလို့ အဓိပ္ပာယ်မရှိဘူးမဟုတ်လား ခင်ဗျာ။ ပစ္စည်းချင်းလဲလှယ်တဲ့ စနစ် ကသာ အကောင်းဆုံးမို့ ဒီစနစ်ကိုပဲသုံးရတာပါ}}
ညညဒေါင်က သူ့လက်ဝါးထဲတွင်ထည့်ထားသော ကြက်ဥအရွယ်ခန့် အဖြူရောင် ကျောက်မျက်ရတနာတစ်ခုကို ပြသလေသည်။ မော်နီတာ မြင်ကွင်းထဲတွင်မို့ မည်သည့်ကျောက်မျက်ဖြစ်သည်ကို ဦးခန့်ညားထည်ဝါ မခန့်မှန်းတတ်ပါ။ တန်ဖိုးတော့ ရှိပေမည်။
]]ဒီအမှာစာရရချင်းပဲ အဝတ်စကို ပို့ပေးပါခင်ဗျာ။ ကျွန်တော်က လည်း ဟောဒီကျောက်မျက်ကို ဒီနေ့ပဲ ဦးခန့်ညားထည်ဝါရဲ့ ကမ္ဘာမြေလိပ်စာ အတိုင်း ပို့ပေးလိုက်ပါမယ်။ လူကြီးမင်းထုတ်လုပ်တဲ့ အဆင့်မြင့်ဒီဇိုင်းလှလှ အဝတ်စလေးများကို ကျွန်တော်တို့ဇနီးမောင်နှံ စောင့်ကြိုနေပါ့မယ် ခင်ဗျာ။ အမြန်ချောပို့နဲ့ ပို့ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်}}
ညညဒေါင်၏ ပစ္စည်းမှာယူခြင်းကို အင်တာနက်မှ ဆက်သွယ်ထား သည့် ထုတ်လွှင့်ချက်မှာ ပြီးဆုံးသွားလေသည်။
………
ဦးခန့်ညားထည်ဝါသည် သူမကြားဖူးသေးသည့် ဂြိုဟ်တစ်ခုမှ သူ ထုတ်လုပ်သောပစ္စည်းကို မှာကြားခြင်းခံရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။
တကယ်တော့ ဦးခန့်ညားထည်ဝါ၏ကုမ္ပဏီမှ ထုတ်လုပ်သော အဝတ် အစားများသည် နေစကြ၀ဠာအတွင်းရှိ အခြားဂြိုဟ်များသို့ ပျံ့နှံ့ပြီး၊ နာမည် ကျော်ကြားပြီးဖြစ်သည်။ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်မှ ဂြိုဟ်သားများ သည် ခန့်ညားထည်ဝါကုမ္ပဏီထုတ် အဝတ်အစားများကို အများဆုံး မှာယူ ကြပေ၏။
ဦးခန့်ညားထည်ဝါအဖို့ အဝတ်အစားကုမ္ပဏီထောင်ထားရာတွင် စကြ၀ဠာအတွင်းရှိ ဂြိုဟ်အားလုံးကို ဈေးကွက်အဖြစ် သတ်မှတ်လို့မရပေ။ လူနှင့်အလားသ္ဌဏာန်တူပြီး အဝတ်အစားဝတ်ဆင်ခြင်းရှိသည့် ဂြိုဟ်များကို သာ ဈေးကွက်အဖြစ် သတ်မှတ်လို့ရပေသည်။ အင်္ဂါဂြိုဟ်နှင့် ကြာသပတေး ဂြိုဟ်ရှိ ဂြိုဟ်သားများမှာ ယဉ်ကျေးမှုရှိပြီး အရှက်လုံအောင် ဝတ်စားဆင်ယင် တတ်သည်သာမက လူနှင့်သွင်ပြင် မကွာခြားသည့်အတွက် ဈေးကွက်အဖြစ် အားကိုးနေရခြင်းဖြစ်သည်။
အင်္ဂါဂြိုဟ်သားများတွင် လက်လေးဖက်ပါသည်သာ ကွာခြားပြီး ကမ္ဘာဂြိုဟ်သားများနှင့် အားလုံး တူညီပေသည်။ အဖိုအမကွဲပြားမှု ရှိသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသည်။ အဝတ်အစား ဝတ်ဆင်ကြသည်။
ကြာသပတေးဂြိုဟ်သည်လည်း ထိုနည်းတူပင်။ ဂြိုဟ်သားများသည် လူ၏အသွင်သ္ဌဏာန်အတိုင်း ရှိသည်။ ခြေနှစ်ဖက် လက်နှစ်ဖက်ပါသည်။သူတို့တွင် မိုးပေါ်သို့ပျံသန်းနိုင်သော အတောင်ပံတစ်စုံပါသည်က လူသားတို့ ထက် သာလွန်သောအချက် ဖြစ်ပါ၏။ အဝတ်အစား ဝတ်ဆင်ကြသည်။ အဖိုအမကွဲပြားမှု ရှိပါသည်။
အချို့သောဂြိုဟ်များမှာ သက်ရှိသတ္တဝါများ မှီတင်းနေထိုင်သော်ငြား အဖိုအမကွဲပြားမှုမရှိသည့်အတွက် အရှက်လုံအောင် ဝတ်စားဆင်ယင်စရာ မလိုပါပေ။ အချို့ဂြိုဟ်များမှာ အဖိုအမကွဲပြားသော်လည်း အဝတ်ယဝတ်ဆင် ခြင်း မရှိကြ။
ဥပမာအားဖြင့် အားနက်စ်အမည်ရှိဂြိုဟ်မှ ဂြိုဟ်သားများသည် ပင့်ကူသ္ဌဏာန်မျိုး ကိုယ်လုံး၏ပတ်ပတ်လည်တွင် ခြေချောင်း လက်ချောင်း များ ၁၂ ချောင်းတိတိ ရှိနေသည့်အတွက် အဝတ်ယဝတ်ဆင်လို့မရချေ။ ဂွိုက်ဆင်းအမည်ရှိ ဂြိုဟ်မှဂြိုဟ်သားများသည်လည်း မြွေတို့၊ တီကောင်တို့ ကဲ့သို့ လုံးဝန်းရှည်လျားသော သ္ဌဏာန်ရှိကာ မြေပေါ်တွင် တွား၍သွားကြပေ ၏။ အဖိုအမကွဲပြားသော်လည်း လိင်အင်္ဂါက အတွင်းဘက်တွင် ရှိသည်မို့ အရှက်လုံအောင် ဖုံးဖိဖို့မလို။ မြေပေါ်တွားသွားသည့်အတွက်လည်း အဝတ် ဝတ်ဆင်လို့မရပါချေ။ ထိုသို့သောဂြိုဟ်များကတော့ ဦးခန့်ညားထည်ဝါ၏ ဖောက်သည် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။
ညညဒေါင်၏ဆက်သွယ်မှုအရ လူနှင့်တူသော အဝတ်အစား ဝတ် ဆင်သည့် ဂြိုဟ်တစ်လုံးရှိနေသေးသည်ကို သိလိုက်ရသည့်အတွက် ဦးခန့်ညား ထည်ဝါက သူ၏ဈေးကွက်ကို ဃလုံးဃလုဂြိုဟ်ပေါ်သို့ ချဲ့ထွင်ရန် စိတ်ကူးရ တော့သည်။ ပထမဆုံးဖောက်သည်ဖြစ်သည့် ညညဒေါင်တို့လင်မယားကို ဖောက်သည်ကောင်းများအဖြစ် ကောင်းမွန်စွာဆက်ဆံရပေမည်။ သူတို့ကို အကြောင်းပြု၍ ဃလုံးဃလုဂြိုလ်သားများကို အဝတ်အစားများ ရောင်းချနိုင် ပေလိမ့်မည်။
သို့သော် ...
………
သို့သော် ...တစ်ခုခက်သည်က ညညဒေါင် မှာကြားသော အဝတ် အစားဒီဇိုင်းမှာ ယခင်အနှစ် ၂၀ က ထုတ်လုပ်ခဲ့သော အဝတ်စဖြစ်နေသည်။ ဦးခန့်ညားထည်ဝါသည် လွန်ခဲ့သောနှစ် ၂၀ က ထိုဒီဇိုင်းကို ထုတ်လုပ်ခဲ့ပြီး နေစကြ၀ဠာတစ်ခုလုံးသို့ အင်တာနက်တွင်တင်၍ ကြော်ငြာထားခြင်း ဖြစ် သည်။
ညညဒေါင်သည် ယခုမှ အနှစ် ၂၀ ကျော်က အဝတ်စကို လာ၍ အမှာတော်ပါးနေလေသည်။ ကြည့်ရသည်မှာ ထိုကြော်ငြာကို ယခုမှ ညည ဒေါင် တွေ့သွားပုံရသည်။ စကြ၀ဠာအတွင်း၌ အင်တာနက်ဖြင့် ကြည့်ရှုစရာ တွေက တစ်ပုံတစ်ပင်ရှိပေရာ ကြော်ငြာတစ်ခုကို အလွယ်တကူတွေ့ဖို့က မလွယ်ပါပေ။
ညညဒေါင် မှာသောအထည်စသည် သူ့ကုမ္ပဏီ၌ လက်ကျန်မှ ရှိပါဦးမလား။ အနှစ် ၂၀ ဆိုတော့ အတော်ကြာပေပြီ။ ကြော်ငြာတွင် မော်ဒယ်အဖြစ်သရုပ်ဆောင်ပေးခဲ့သော မင်းသားဒွါးနှင့် မင်းသမီးထက်အာ ကာမိုးဦးတို့ပင် အသက်ကြီးကြပြီ။ ဒွါးမှာ ရုပ်ရှင်ပင် မရိုက်တော့ပေ။ ထက် အာကာမိုးဦးကတော့ အမေခန်းကပင် ဝင်၍သရုပ်ဆောင်နေရပြီ။
မည်သို့ပင်ဆိုစေ မိမိ ယခုမှသိရသော ဂြိုဟ်သစ်တစ်လုံးမှ ဖောက် သည်အသစ် တောင်းဆိုမှာကြားသော မှာကြားချက်ကို မဖြစ်မနေ ဖြည့်ဆည်း ပေးရပေမည်။ ယုတ်စွအဆုံး ထိုအဆင်ဒီဇိုင်းအတိုင်း အစပြန်လည် ထုတ် လုပ်သင့်က ထုတ်လုပ်ရပေမည်။ ဖောက်သည်သစ်၊ ဈေးကွက်သစ်ကိုတော့ လက်လွှတ်ခံလို့မဖြစ်ပေ။ ပြီးတော့ ညညဒေါင်ကြီးက အဝတ်စဖိုးဆိုကာ အဖိုးတန်ကျောက်မျက်ရတနာတစ်ခုကို ပေးပို့လိုက်ပြီ မဟုတ်ပါလား။ ထို ရတနာပစ္စည်းသည် စကြ၀ဠာအတွင်းရှိ ဂြိုဟ်သွားလမ်းကြောင်း တစ်နေရာ ၌ ကမ္ဘာမြေသို့ဦးတည်၍ လာရောက်လျက်ရှိပေမည်။
ညညဒေါင်မှာကြားသော အင်္ကျီစကို မဖြစ်မနေပို့ပေးရမည်ပင်။
………
ဦးခန့်ညားထည်ဝါက ညတွင်းချင်းပင် သူ၏စက်ရုံသို့ တယ်လီဖုန်း ဆက်လိုက်သည်။ ၂၄ နာရီလည်ပတ်နေသောစက်ရုံမှ ညပိုင်းစက်ရုံမှူးက တယ်လီဖုန်းကို ပြန်၍ဖြေကြားလေသည်။
ဦးခန့်ညားထည်ဝါက ဒွါးနှင့် ထက်အာကာမိုးဦးတို့ လွန်ခဲ့သည့် နှစ် ၂၀ က ကြော်ငြာပေးခဲ့သည့်အစများ လက်ကျန်ရှိသေးခြင်း ရှိမရှိ ကြည့်ပေးရန်ပြောလိုက် သည်။
နောက်ငါးမိနစ်အကြာတွင် စက်ရုံမှူးက ဖုန်းဖြင့်ပြန်၍ဆက်သွယ်၏။
မှတ်တမ်းအဖြစ်ထားရှိသော ၂ ကိုက်စ နှစ်စရှိသေးကြောင်း ပြန် ကြား၏။
ဦးခန့်ညားထည်ဝါ ဝမ်းသာသွားလေသည်။ ၂ ကိုက်ဆိုလျှင် လူ တစ်ယောက်စာအတွက် အဝတ်အစားချုပ်လုပ်ရန် လုံလောက်ပေ၏။
………
သို့ဖြင့် နောက်တစ်နေ့တွင် စက်ရုံမှလက်ကျန်အစနှစ်စကို ဝင်ယူကာ ]စကြ၀ဠာ အမြန်ချောပို့ဒုံးယာဉ်စခန်း}သို့ လာခဲ့သည်။ အမြန်ချောပို့ဒုံးယာဉ် စခန်းသည် တစ်စက္ကန့်လျှင် ကီလိုမီတာနှစ်သောင်းပြေးသော ဒုံးပျံများဖြင့် အခြားသောဂြိုဟ်များသို့ ပစ္စည်းများပို့ပေးနေသော ဌာနတစ်ခုဖြစ်ပေသည်။
ဦးခန့်ညားထည်ဝါက ညညဒေါင် ဖော်ပြသည့်လိပ်စာကို ချောထုတ် တွင်ရေး၍ စာတိုက်စာရေးမလေးကို ပေးလိုက်သည့်အခါ ...
]]ဃလုံးဃလုဂြိုဟ်နဲ့ဆက်သွယ်တာ အန်ကယ်ပထမဆုံးပဲ အန် ကယ်။ ဃလုံးဃလုဂြိုဟ်ကို တစ်ခါမျှ ပစ္စည်းမပို့ဖူးသေးဘူး}} ဟု ပြောလေ သည်။
စာရေးမလေးက ချောပို့ခကျသင့်ငွေကို တွက်ချက်သည့်အခါ အတော်ဈေးကြီးသည်ကို တွေ့ရလေ၏။
]]ဃလုံးဃလုကိုပစ္စည်းပို့တာ အန်ကယ်တစ်ယောက်ပဲရှိတာဆိုတော့ အန်ကယ့်ချောထုပ်ကို တခြားဂြိုဟ်ကိုသွားမယ့် ဒုံးယာဉ်နဲ့ အကြုံထည့်ပေး လိုက်ရမှာပါ အန်ကယ်။ ဃလုံးဃလုက အဝေးဆုံးဂြိုဟ်ဖြစ်နေလို့ သီးသန့် သွားပို့ရမှာပါ။ အဲဒါကြောင့်ချောပို့ခ ပိုကုန်ကျသွားတာပါရှင့်}} စာရေးမလေး က ရှင်းပြလေသည်။
အပြန်တွင် စာရေးမလေးက ဂြိုဟ်များအကြောင်း သိကောင်းစရာ လက်စွဲစာအုပ်ငယ်လေးကို ဦးခန့်ညားထည်ဝါအား လက်ဆောင်ပေးလိုက် လေသည်။
………
ဦးခန့်ညားထည်ဝါသည် အိမ်ရောက်သည်နှင့် ချောပို့ဌာနမှ စာရေး မလေးပေးလိုက်သည့် ဂြိုဟ်များအကြောင်းသိကောင်းစရာ စာစောင်ငယ်လေး ထဲမှ ဃလုံးဃလုဂြိုဟ်နှင့်ပတ်သက်သည့် အကြောင်းများကို ရှာ၍ဖတ်ကြည့် လိုက်လေသည်။
ထိုအခါမှပင် ဦးခန့်ညားထည်ဝါတစ်ယောက် မျက်လုံးပြူးသွားရ လေ၏။
ဃလုံးဃလုဂြိုဟ်သည် မြေကမ္ဘာမှ ကီလိုမီတာ သိန်းပေါင်း ၉ ဒသမ ၄ သန်း (၉၄ယ၀၀၀ယ၀၀၀ယ၀၀၀ယ၀၀၀) (၉၄ နောက်က သုည ၁၂ လုံး) ကွာဝေးသောအရပ်မှ ဂြိုဟ်တစ်ခုဖြစ်နေတာ သိလိုက်ရသည်။
ထိုအခါမှပင် ညညဒေါင်တစ်ယောက် လွန်ခဲ့သောနှစ် ၂၀ က ထုတ်လွှင့်ထားသည့် ကြော်ငြာထဲကပစ္စည်းကို ယခုမှ မှာယူရခြင်းအကြောင်း ကို သဘောပေါက်လာလေ၏။
စကြ၀ဠာအတွင်း၌ အင်တာနက်ဖြင့် အချက်အလက်ပေါင်း များ စွာကို ဂြိုဟ်ပေါင်းများစွာမှ ထုတ်လွှင့်ထားလျက်ရှိသည်။ နေစကြာဝဠာ အတွင်းရှိ ဂြိုဟ်များအနေဖြင့် အခြားသောဂြိုဟ်များထံမှ ထုတ်လွှင့်ချက်ကို ချက်ချင်းလက်ခံရယူနိုင်ခြင်း မရှိပေ။ နီးကပ်သည့်ဂြိုဟ်များမှ ထုတ်လွှင့်ချက် ကို အချိန်မကြာမီ ဖမ်းယူရရှိနိုင်သော်လည်း အလွန်ဝေးလံသည့် အရပ်ရှိ ဂြိုဟ်များမှ ထုတ်လွှင့်ချက်များကိုမူ မိမိဂြိုဟ်ဆီသို့ရောက်ရှိရန် အချိန်ကာလ စောင့်ဆိုင်းရပေသည်။
အင်တာနက်မှ ထုတ်လွှင့်ချက်များကို အလင်းဓာတ်ဖြင့် ထုတ်လွှင့် ပေးလျက်ရှိရာ ဦးခန့်ညားထည်ဝါ ထုတ်လွှင့်လိုက်သည့် ကြော်ငြာသည် ကီလိုမီတာ သိန်းပေါင်းသန်းကျော်ဝေးသော ဃလုံးဃလုဂြိုဟ်ကိုရောက်ဖို့ အချိန်အတော်ယူရပါ၏။ အလင်းဓာတ်သည် တစ်စက္ကန့်လျှင် ကီလိုသုံးသိန်း အလျင်ဖြင့် ပြေးလျက်ရှိပါ၏။ အလင်းအလျင်အတိုင်း သွားနေသည့် ဦးခန့် ညားထည်ဝါ ထုတ်လွှင့်ထားသောကြော်ငြာသည် ဃလုံးဃလုဂြိုဟ်ကို ရောက် ဖို့ ၁၀ နှစ်တိတိ ကြာမြင့်ပါ၏။
ညညဒေါင်ကြီးသည် ကြော်ငြာကို တွေ့တွေ့ချင်း သဘောကျကာ အဝတ်စကို အင်တာနက်မှတစ်ဆင့် လှမ်းမှာလိုက်ပုံရပါသည်။ သို့ရာတွင် ညညဒေါင်၏ မှာကြားချက်သည်လည်း ကီလိုသိန်းပေါင်းကိုးသန်းကျော်ကို အလင်းအလျင်နှုန်းဖြင့် ဖြတ်သန်းလာရပေရာ ကမ္ဘာကိုရောက်ဖို့ ၁၀ နှစ်တိတိ ထပ်ကြာပြန်၏။ ထိုကြောင့် ကြော်ငြာကိုတွေ့တွေ့ချင်း မှာကြားလိုက်ခြင်း ဖြစ်သော်လည်း ကြော်ငြာလွှင့်ထားပြီး အနှစ် ၂၀ ကြာမှ အမှာစာကို လက်ခံရရှိခြင်း ဖြစ်ပါသည်။
ဦးခန့်ညားထည်ဝါက ဃလုံးဃလုဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်တို့ ဝေးကွာ လွန်းမှုကို သိလိုက်ရ၍ စိတ်မောသွားရသည်။
အင်တာနက်မှ ထုတ်လွှင့်ချက်ကပင် ဆယ်နှစ်ကြာပေရာ ဦးခန့်ညား ထည်ဝါ ပေးပို့လိုက်သောချောထုပ်သည် ညညဒေါင်တို့ဆီရောက်ဖို့ ဆယ်နှစ် ထက်မက ပို၍ကြာပေဦးမည်။
ဦးခန့်ညားထည်ဝါက အဝတ်စများ ညညဒေါင်ဆီသို့ ရောက်မည့် အချိန်ကို တွက်ကြည့်လိုက်သည်။ အမြန်ချောပို့ဒုံးပျံယာဉ်သည် တစ်စက္ကန့် လျှင် ကီလိုမီတာ ၂ သိန်းနှုန်းဖြင့်ပြေးပါ၏။ အလွန်မြန်သောနှုန်း ဖြစ်သော် လည်း အလင်း၏အလျင်ကိုတော့ လိုက်မမီပေ။ တစ်စက္ကန့် ကီလို ၂ သိန်းနှုန်း ဖြင့် သွားနေသောဒုံးယာဉ်သည် ဃလုံးဃလုကိုရောက်ဖို့ ၁၅ နှစ်ကြာမြင့်မည် ဖြစ်ပါ၏။ ညညဒေါင်ကြီးတစ်ယောက် နောက် ၁၅ နှစ်ကြာမှသာ သူပို့ လိုက်သော အင်္ကျီစကို ဝတ်ခွင့်ရရှာတော့မည်။
ထိုနည်းတူ ညညဒေါင်ပို့လိုက်သည့် အဖိုးတန်ကျောက်မျက်သည် လည်း မိမိထံသို့နောက်ငါးနှစ်ကြာမှ ရောက်လာပေတော့မည်။ ညညဒေါင်က ပစ္စည်းမှာသည်နှင့်တစ်ပြိုင်တည်း အဝတ်စဖိုးအဖြစ် အဖိုးတန်ကျောက်မျက် ကြီးကို ပို့ပေးလိုက်သည်ဆိုပေရာ ချောပို့ဒုံးယာဉ်ဖြင့် ပါလာမည့် ထိုကျောက် မျက်သည် ကမ္ဘာကိုရောက်ဖို့ ၁၅ နှစ်ကြာမည်။ ညညဒေါင် ပေးပို့လိုက်သည် မှာ ယခုဆိုလျှင် ၁၀ နှစ်ရှိပေပြီ။ နောက်ငါးနှစ်ကြာမှသာ သူပို့သော ကျောက် မျက်သည် ဦးခန့်ညားထည်ဝါလက်ထဲ ရောက်တော့မည်ဖြစ်ပါ၏။
ဦးခန့်ညားထည်ဝါက ဃလုံးဃလုဂြိုဟ်နှင့်ပတ်သက်သည့် အခြား အချက်များကို ဆက်၍ဖတ်ကြည့်လိုက်သည်။ ထိုအခါ ပို၍ပင် မျက်လုံးမျက်ဆံ ပြူးသွားရပါလေ၏။
စာစောင်ငယ်တွင် ဂြိုဟ်များအကြောင်းကို ဖော်ပြရာ၌ ကမ္ဘာဂြိုဟ် နှင့် နှိုင်းယှဉ်၍ဖော်ပြထားပါ၏။ ဦးခန့်ညားထည်ဝါ ထိတ်လန့်သွားရသည်မှာ ဃလုံးဃလုဂြိုဟ်၏ အရွယ်အစားဖြစ်သည်။
ဃလုံးဃလုဂြိုဟ်သည် မိမိတို့ကမ္ဘာဂြိုဟ်ထက် အဆပေါင်း ၂၀၀၀ ပို၍ကြီးမားသည်ဟု ဆိုလေ၏။ ထိုဂြိုဟ်ကြီးသည် နေကို တစ်ပတ်ယပတ်မိရန် ကမ္ဘာ့စံချိန်နှင့်ဆိုလျှင် ၁၀ နှစ်ကြာလေ၏။ ထို့ကြောင့် သူတို့ဆီမှတစ်နှစ်သည် ကမ္ဘာ.၁၀ နှစ်နှင့် သွား၍တူညီနေပေသည်။ တစ်ခုတော့ တော်သေးသည်။ ဦးခန့်ညားထည်ဝါ ပို့လိုက်သောအဝတ်စသည် ကမ္ဘာ့တွက်ချက်မှုနှင့် ညည ဒေါင်ဆီသို့ နောက် ၁၅ နှစ်ကြာမှရောက်မည် ဖြစ်သော်လည်း သူတို့ဆီက စံချိန် အတိုင်းဆိုလျှင် ၁ နှစ်ခွဲပဲစောင့်ရပေမည်။ ညညဒေါင်ဆိုလိုသည့် နှစ်သစ်ကူးပွဲကိုတော့ မီချင်မှမီတော့မည်။ နောက်တစ်နှစ် နှစ်သစ်ကူးပွဲမှပင် ဝတ်ခွင့်ရပေလိမ့်မည်။
သို့သော် ...သို့သော် ...
ဃလုံးဃလုဂြိုဟ်အကြောင်းကို ဆက်လက်ဖတ်ရှုနေသော ဦးခန့်ညား ထည်ဝါသည် တစ်စထက်တစ်စ ပို၍ပို၍မျက်လုံးပြူးလာရလေ၏။
ဃလုံးဃလုဂြိုဟ်ပေါ်မှ သက်ရှိလူသားများအကြောင်းကို ဤသို့ ဆက်လက်ဖော်ပြထားသည့်အတွက်ကြောင့် ဖြစ်သည်။
]ဃလုံးဃလုဂြိုဟ်သားများ၏ ပုံပန်းသ္ဌဏာန်သည် ကမ္ဘာ့လူသား များကဲ့သို့ပင် ရှိသည်။ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ရှိသည်။ ခြေလက်များတွင် လက်ချောင်းလေးချောင်းနှင့် ခြေချောင်းလေးချောင်းစီရှိသည်။ ဦးခေါင်းပိုင်းရှိ မျက်နှာသွင်ပြင်တစ်ခုသာ လူသားများနှင့် ခြားနားသည်။ မျက်လုံးတစ်လုံး၊ နှာခေါင်းပေါက်တစ်ပေါက်နှင့် ပါးစပ်ပေါက်တစ်ပေါက်ပါသည်။ ထိုအရာများ သည် မျက်နှာ၏ အလယ်တည့်တည့်တွင် တန်းလျက်ရှိကြသည်။ နားနှစ်ခု ပါရှိကာ မျက်နှာ၏ဘေးဘက်တွင် အပေါက်အဖြစ်သာပါရှိသည်။ လူသားများ ကဲ့သို့နားရွက်မရှိ။ ၎င်းဂြိုဟ်သားများတွင် အမွေးအမျှင်ပေါက်ရောက်မှု မရှိပါ။ ဃလုံးဃလုဂြိုဟ်သားတို့၏ အရွယ်အစားသည် ကမ္ဘာလူသားတို့ထက် အဆ ၄၀၀ ပို၍ကြီးမားပါသည်}
ဘုရားသခင်၊ ဦးခန့်ညားထည်ဝါ ဘုရားတလိုက်မိသည်။ ညည ဒေါင်တို့ ဂြိုဟ်သားများသည် မိမိတို့လူသားတွေထက် အဆ ၄၀၀ ပိုကြီးသည် ဆိုပါလား။
သည်အတိုင်းဆိုလျှင်ဖြင့် သူပေးပို့လိုက်သောအဝတ်စသည် ညည ဒေါင်တို့ လင်မယားအတွက် မည်သို့မျှ အသုံးဝင်တော့မည် မဟုတ်ပေ။ ဃလုံးဃလုဂြိုဟ်အကြောင်းကို အရင်မစုံစမ်းဘဲ မိမိတို့ကဲ့သို့ လူအရွယ်အစား ပင် ထင်ကာ ၂ ကိုက်စနှစ်စ ပေးပို့လိုက်မိသည်မှာ မှားပေပြီ။
ညညဒေါင်သည်လည်း ကမ္ဘာဂြိုဟ်အကြောင်း ဗဟုသုတမရှိဘဲ အဝတ်စ လှမ်းမှာသည်မှာ ထင်ရှားလေသည်။ ကမ္ဘာဂြိုဟ်ရှိ လူတို့အရွယ် အစားကို မသိ၍သာ သူတို့ဂြိုဟ်သားများ၏အရွယ်အစား မည်မျှရှိကြောင်း သီးခြားဖော်မပြခဲ့ခြင်း ဖြစ်လေမည်။ ညညဒေါင်စိတ်ထဲ၌ ဒွါးနှင့် ထက် အာကာမိုးဦးတို့ပါဝင်သော ကြော်ငြာကိုကြည့်ပြီး ကမ္ဘာသားများကို သူတို့နှင့် ရွယ်တူဟု ထင်မှတ်ခဲ့ပုံရသည်။ ဦးခန့်ညားထည်ဝါကလည်း အင်တာနက်မှ တစ်ဆင့် မော်နီတာမြင်ကွင်းတွင်ပေါ်လာသည့် ညညဒေါင်၏ပုံကိုကြည့်ကာ မိမိတို့နှင့် အသွင်သ္ဌဏာန်တူသည့်အတွက် အရွယ်အစားပါတူလိမ့်မည်ဟု ထင်ခဲ့မိလေသည်။
ဤပုံအတိုင်းဆိုပါက အားလုံးမှားယွင်းကုန်ပေပြီ။
စာစောင်က ဃလုံးဃလုဂြိုဟ်ပေါ်တွင် ဂြိုဟ်သားတစ်မျိုးတည်းသာ သက်ရှိအဖြစ် တည်ရှိကြောင်း၊ ကမ္ဘာမြေကဲ့သို့ အခြားတိရစ္ဆာန်များယ ပိုးမွှားများ မရှိကြောင်း၊ ရာသီဥတုမှာလည်း မိုးနှင့်ဆောင်း နှစ်မျိုးတည်း ဖြစ်ကြောင်း၊ သစ်ပင်ပန်းပင် ပေါက်ရောက်မှုမရှိကြောင်း၊ ဂြိုဟ်သားတို့သည် သူတို့ဂြိုဟ်၏ ကာလသတ်မှတ်ချက်အရ အသက် ၃၀၀ ရှည်ကြောင်း (ဃလုံးဃလုဂြိုဟ်၏ တစ်နှစ်သည် ကမ္ဘာ၏ ၁၀ နှစ်နှင့် တူညီသောကြောင့် အနှစ် ၃၀၀၀ အသက်ရှည်ကြသည်။) ဂြိုဟ်သားတို့သည် အစားအစာအဖြစ် မြေဆီမြေနှစ်ကို စားသုံးကြကြောင်း၊ ထို့ကြောင့် အစားအသောက်သည် လိုသလောက် အလျှံပယ်ရရှိနေပြီး စားစရာအတွက် ပူပန်သောကမရှိကြကြောင်း၊ အဝတ် အစားအတွက် မြေမှထွက်သော အငွေ့များကို ပေါင်းခံ၍ မြေသားနှင့်ရောပြီး အေးခဲစေကာ ပျော့ပျောင်းသောအဝတ်စများ ဖန်တီးကြကြောင်း၊ အဝတ် အစား အရောင်မှာ အဖြူတစ်မျိုးတည်းဖြစ်ပြီး အရောင်ဆိုးသည့် ပညာကို မတတ်ကျွမ်းကြကြောင်း ဆက်လက်၍ဖော်ပြထား၏။
ညညဒေါင်ကြီးသည် ဒွါးနှင့်ထက်အာကာမိုးဦး ဝတ်ဆင်ပြထားသည့် အစတွင် ပန်းပွင့်ပုံများ ရောင်စုံရိုက်နှိပ်ထားသည့်အတွက် သူတို့ဂြိုဟ်ပေါ်က တစ်ရောင်တည်းသော အဝတ်အထည်နှင့် ကွာခြားလှ၍ အကြိုက်တွေ့သွားပုံ ရလေသည်။
ဦးခန့်ညားထည်ဝါသည် စာစောင်ကိုပစ်ချလိုက်ကာ သက်ပြင်းမော ကို ချလိုက်သည်။ ဤပုံအတိုင်းဆိုလျှင်ဖြင့် အားလုံးမှားကုန်ပေပြီ။ ဝယ်သူ ဖြစ်သော ညညဒေါင်မှ စ၍မှားလိုက်သည့်အမှားသည် သူတို့ခန္ဓာကိုယ်နှင့် စာလျှင် အဆမတန်သေးနေမည့်အင်္ကျီစကို မှား၍ပို့လိုက်မိသည်ထိ ဖြစ်သွားရ လေပြီ။
ဦးခန့်ညားထည်ဝါစိတ်ထဲတွင် ညညဒေါင်ကြီးကို အားနာနေမိ၏။
ညညဒေါင်ကတော့ သူတို့တန်ဖိုးထားသော ကျောက်မျက်ရတနာ ကြီးကို အဝတ်စတန်ဖိုးအဖြစ် ပို့ပေးလိုက်ပေပြီ။ မိမိမှာ ထိုကျောက်မျက် ရတနာတန်ဖိုးနှင့် ကိုက်ညီသောပစ္စည်းတစ်ခုခု ပြန်၍ပို့ပေးဖို့ တာဝန်ရှိသွား ရပေပြီ။
………
ဦးခန့်ညားထည်ဝါသည် ဃလုံးဃလုဂြိုဟ်ကို မိမိအဝတ်အထည်များ ရောင်းချဖို့ ဖောက်သည်ဂြိုဟ်အဖြစ် ဈေးကွက်ချဲ့ထွင်ရန် စိတ်ကူးယဉ်ခဲ့သော် လည်း ခရီးအဆမတန်ဝေးကွာခြင်း၊ ဂြိုဟ်သားများမှာ များစွာအရွယ်အစား ကြီးနေခြင်းတို့ကြောင့် စိတ်ကူးကို လက်လွှတ်လိုက်ရသည်။ ပို့လိုက်မိသော အဝတ်စများအတွက် မည်သို့တောင်းပန်ရမည်မသိဘဲ ထိုကိစ္စကို သည်အတိုင်း ပစ်ထားလိုက်ရသည်။
မည်သို့ပင်ဆိုစေ အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာရာ နောက်ငါးနှစ် အကြာတွင် ညညဒေါင် ပို့ပေးလိုက်သော ရတနာပါဆယ်ထုပ်သည် ကမ္ဘာ မြေပေါ်သို့ ရောက်လာလေသည်။ ချောပို့စခန်းက ပါဆယ်ထုပ်ကို လာရွေးရန် အကြောင်းကြားသောကြောင့် ဦးခန့်ညားထည်ဝါက ချောထုပ်ရွေးရန် ကားဖြင့် ထွက်ခဲ့လေသည်။
ဟိုရောက်တော့ ရောက်နေသည့်ချောထုပ်ကြီးက ထင်တာထက် ပိုကြီးနေလေသည်။ သူ့တစ်ဖက်စာလောက်ရှိသည့် ပုံးကြီးတစ်ပုံးဖြစ်နေ၏။
ဟုတ်ပေမည်။ ညညဒေါင်က သူ့လက်ထဲတွင်ရတနာကို ထည့်ပြစဉ် က ထိုရတနာကို ကြက်ဥအရွယ်အစားလောက်ဟု ဦးခန့်ညားထည်ဝါ မှတ်ယူ ခဲ့၏။ ညညဒေါင်မှာ လူသားများထက် အဆလေးရာပိုကြီးပေရာ သူပို့လိုက် သည့် ရတနာပစ္စည်းသည်လည်း ကြက်ဥထက် အဆလေးရာပိုကြီးနေပေမည်။ အလိုလေး ...အဖိုးတန်ရတနာ ပစ္စည်းလည်းဖြစ်သေး၊ ဒါလောက်လည်း ကြီးသေးဆိုတော့ တော်တော်တော့ တန်ဖိုးကြီးပေမည်။ မိမိဘက်က သူတို့ အသုံးမပြုနိုင်သည့် အရွယ်အစားလောက်အဝတ်စလေး ပို့ပေးရုံနှင့် ရလိုက် သော တန်ဖိုးမှာ ကွာခြားလွန်းလှသည်။ အားနာစရာကောင်းလှချည့်။
အိမ်ရောက်တော့ ပါဆယ်ထုပ်ကြီးကို ဖွင့်ကြည့်လိုက်သည်။
အလိုလေးဗျာ ...
ဦးခန့်ညားထည်ဝါ ပက်လက်လန်လဲကျမတတ် ဖြစ်သွားရသည်။
ပါဆယ်ထုပ်ထဲမှ ထွက်လာသောအရာမှာ ညညဒေါင် လက်ဝါးထဲ ထည့်ပြခဲ့သော ကျောက်မျက်အစစ်ပင် ဖြစ်ပါသည်။ ကျောက်သည် ဖြူဝင်းပြီး ပြောင်ချောနေသည်။ အနာအဆာမရှိ။ ကြက်ဥပုံစံအတိုင်း ရှည်မျောမျော ဖြစ်၏။ သို့သော် ...
သို့သော် အဖိုးတန်လှပါသည်ဆိုသော ထိုကျောက်မျက်ကြီးကား ကျောက်စရစ်ခဲကြီး ဖြစ်ပါသတည်း။
ကျောက်စရစ်ခဲကြီး ပို့ပေးသည့်အတွက် ညညဒေါင်ကို အပြစ်မဆို ချင်ပါ။ သည်လိုကျောက်စရစ်ခဲမျိုးသည် မိမိတို့ကမ္ဘာပေါ်တွင် နေရာတိုင်း၌ တင်းကျမ်းပြည့်ရှိနေသော်လည်း သူတို့ဂြိုဟ်ပေါ်၌ ရှားပါးပစ္စည်း ဖြစ်ပုံရသည်။ ကျောက်ဆိုသည်မှာ ရှားပါးလေ အဖိုးတန်လေမဟုတ်လား။ ညညဒေါင်တို့ ဃလုံးဃလုဂြိုဟ်သားများသည် သူတို့ဂြိုဟ်ပေါ်တွင် ရှားပါးလှသော ကျောက် စရစ်ခဲကို အဖိုးတန်ကျောက်မျက်ရတနာအဖြစ် အသုံးချနေကြခြင်းဖြစ်ပါ၏။
ဦးခန့်ညားထည်ဝါက ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။
နောက်ဆုံးတော့ သူသည် လူတစ်ဖက်စာရှိသော ကျောက်စရစ်တုံး ကြီးပေါ်၌ ]ဃလုံးဃလုဂြိုဟ်ပေါ်မှ ကျောက်စရစ်ခဲကြီး} ဟု ကဗ္ပည်းရေးထိုးကာ လှေကားရင်း၌ ချထားလိုက်လေတော့သည်။
………

ဦးခန့်ညားထည်ဝါထံသို့ အဖိုးတန်ကျောက်မျက်ရတနာဆိုသည့် ကျောက်စရစ်ခဲကြီး ရောက်လာသည့်အချိန်အထိ သူပို့လိုက်သော အဝတ်စများ သည် ညညဒေါင်တို့ ဃလုံးဃလုဂြိုဟ်ပေါ်သို့ ရောက်လိမ့်ဦးမည်မဟုတ်ပေ။ နောက်ဆယ်နှစ်ကြာမှ ရောက်ရှိပေလိမ့်မည်။
ဃလုံးဃလုဂြိုဟ်ပေါ်၌ကား ဂြိုဟ်သားကြီးညညဒေါင်သည် ပြဿ နာ တက်လျက်ရှိ၏။ အချိန်ရှိသရွေ့ ဇနီးဖြစ်သူဗြဲနှင့် ရန်ဖြစ်နေရလေသည်။
ညညဒေါင်သည် နှစ်သစ်ကူးပွဲတွင် ဇနီးဖြစ်သူကို လက်ဆောင်ပေး ချင်ဇောနှင့် ကမ္ဘာမြေပေါ်မှအဝတ်စကို လှမ်းမှာလိုက်ခြင်းဖြစ်သည်။ ကမ္ဘာ ပေါ်မှ အဝတ်စကို ဗြဲအတွက် လက်ဆောင်လည်းပေးမည်၊ နယူးယီးယားတွင် လင်မယားနှစ်ယောက်စလုံး ဆင်တူဝတ်ကြမည်၊ ကမ္ဘာဂြိုဟ်ဖက်ရှင်ကို ဝတ် ဆင်ထားမည့် သူတို့လင်မယားကို ဂြိုဟ်သူဂြိုဟ်သားအားလုံးက တအံ့တဩ ဝိုင်းဝန်းချီးကျူးကြမည်ဟူသော စိတ်ကူးများနှင့်။
အဝတ်စဖိုးအဖြစ် ကမ္ဘာဂြိုဟ်ပေါ်သို့ ပို့လိုက်သောကျောက်မျက်မှာ ဗြဲအတွက်ဝယ်ထားသော ကျောက်မျက်ဖြစ်ပါသည်။ ဗြဲက ထိုကျောက်ကို သူမ၏ ပြောင်တလင်းခါနေသော ဦးခေါင်းထိပ်တည့်တည့်တွင် ကော်နှင့် ကပ်ထားရန် စီစဉ်ထား၏။
သူမအတွက်ရတနာကို အဝတ်စဖိုးအဖြစ် ပို့ပေးလိုက်ကတည်းက ဗြဲ စိတ်ကောက်နေခြင်းဖြစ်သည်။ တခြားဟာပေးပါတော့လား၊ သူ အထွတ် အမြတ်ထားတဲ့ ရတနာကိုမှ ပေးရသလားဆိုကာ အချိန်ရှိသ၍ မြည်တွန် တောက်တီးနေလေသည်။
ညညဒေါင်က ကမ္ဘာဂြိုဟ်မှရောက်လာမည့် အဝတ်စကို ပေးလိုက် လျှင်  ဗြဲတစ်ယောက် စိတ်ကောက်ပြေသွားမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ဦးခန့်ညားထည်ဝါပေးပို့မည့် အင်္ကျီစကို စောင့်မျှော်နေခြင်းဖြစ်သည်။
သို့သော် တစ်နှစ်သာကြာသွားသည်။ အင်္ကျီစက ရောက်မလာချေ။ နယူးယီးယားကိုပင် ကျော်လွန်သွားခဲ့ပါပြီ။
]]ကိုင်း ...ဘယ့်နှယ်ရှိစ ကိုကိုည၊ ရှင်တော့ အလိမ်ခံလိုက်ရပြီ မဟုတ်လား။ ကြားထဲက ကျွန်မရတနာဆုံးတာပဲ အဖတ်တင်တယ်တော့}}
ဗြဲက သူမ၏ တစ်လုံးတည်းသောမျက်လုံးကြီးဖြင့် မျက်စောင်း ထိုးရင်း ခင်ပွန်းဖြစ်သူ ညညဒေါင်အား ရန်တွေ့လိုက်သည်။
]]အဲဒီလိုတော့ မဟုတ်သေးပါဘူး ဗြဲရယ်။ အလိမ်ခံရအောင် သူက ဇွတ်ရောင်းတာမှမဟုတ်တာ။ ကိုကိုညက ကြိုက်လွန်းလို့ မှာလိုက်တာပဲ}}
]]ရှင်ပဲ ကမ္ဘာဂြိုဟ်သားတွေကို ယုံယုံကြည်ကြည် လှမ်းမှာနေသေး တယ်။ မသကာ ပစ္စည်းရောက်လာမှ ပစ္စည်းဖိုးပို့ပေးတာ မဟုတ်ဘူး။ ခုတော့ ကျွန်မရတနာ ဆုံးပြီထင်ပါရဲ့}}
]]နယူးယီးယားအမီ အမြန်ပို့ပေးအောင်လို့ အဝတ်စဖိုးကို အရင် ရှင်းပေးလိုက်တာပါ မိန်းမရယ်}}
]]တော်ပါ ...ကြော်ငြာထဲက ကမ္ဘာသူမကို ရှင် ကြိုက်နေတာ မဟုတ်လား}}
]]မဟုတ်ရပါလား ဗြဲရယ်။ ကိုကိုညစိတ်ထဲမှာ ဗြဲထက်လှတဲ့သူ ဒီစကြ၀ဠာထဲမှာ မတွေ့သေးပါဘူးကွယ်}}
]]ဟင်း ...ပိုပြီ}}
ဗြဲက ညညဒေါင်မြှောက်ပြောလိုက်သည်ကို သိသိကြီးနှင့် မိန်းမပီပီ သဘောကျသွားကာ မျက်စောင်းလေးထိုးလိုက်ပြန်သည်။
]]ဟုတ်တယ်နော် ကိုကိုည။ ကမ္ဘာသူမတွေကိုကြည့်ရတာ တစ်မျိုး ကြီးပဲ။ မျက်လုံးကလည်း နှစ်လုံးတောင်။ ခေါင်းမှာလည်း အမွေးအမျှင်တွေနဲ့။ ဗြဲတို့လို့ စင်းလုံးချောပြောင်တလင်းခါနေတဲ့ အလှမျိုးနဲ့တော့တခြားစီပဲ။ သူတို့ ကို ကြည့်ရတာ ရွံစရာကြီး}}
]]ဒီနှစ်ကုန်လို့မှ အဝတ်စရောက်မလာရင် ဗြဲရဲ့ရတနာကို ကိုကိုည ပြန်တောင်းပေးပါ့မယ်ကွယ်}}
]]အို ...သူတို့က ပြန်ပေးပါ့မလား ကိုကိုညရဲ့}}
]]ပစ္စည်းပို့မပေးနိုင်ရင် ပြန်ပေးမှာပါ။ ကမ္ဘာသားတွေက ယဉ်ကျေးမှု ထွန်းကားတဲ့ ဂြိုဟ်တစ်ခုဖြစ်ပုံရပါတယ် ဗြဲရယ်}}
]]ဟင်း ...ယုံနေ။ အဝတ်စရောက်ရင်ရောက်လာ၊ ရောက်မလာ ရင်တော့ ဗြဲရဲ့ရတနာကို ပြန်ရမှဖြစ်မယ်။ ဒါလောက်ကြာနေတာ ကုမ္ပဏီများ ဖျက်သိမ်းပစ်လိုက်ပြီလားမှ မသိတာ ကိုကိုညရဲ့}}
တကယ်တော့ ညညဒေါင်တို့လင်မယားသည် ကမ္ဘာဂြိုဟ်အကြောင်း ဗဟုသုတ တစ်ခုမျှမရှိချေ။ ကမ္ဘာဂြိုဟ် ဘယ်နေရာမှာရှိပြီး သူတို့ဂြိုဟ်နဲ့ ဘယ်လောက်ဝေးတယ်ဆိုတာလည်း မသိ၊ သိအောင်လည်း မစုံစမ်း၊ ရောက် လာမည့်အဝတ်စကိုသာ မျှော်နေမိကြသည်။ သည်ကြားထဲ ဗြဲက သူ့ရတနာကို သတိရတိုင်း ထေ့သည့်ငေါ့သည့် စကားများကို ပြော၍ရန်လုပ်တတ်ရာ ညည ဒေါင်တစ်ယောက် ချော့၍ချည်းနေရလေသည်။
သည်လိုနှင့် အချိန်များတရွေ့ရွေ့ကုန်လာရာ တစ်နေ့သ၌ စကြ၀ဠာ အမြန်ချောပို့ဌာနမှ ဖုန်းဆက်အကြောင်းကြားလေသည်။ ကမ္ဘာဂြိုဟ်ပေါ်မှ ပို့လိုက်သော ပါဆယ်ထုပ်ရောက်ရှိနေ၍ လာရွေးရန် အကြောင်းကြားခြင်း ဖြစ်လေသည်။
လင်မယားနှစ်ယောက်စလုံး ပျော်သွားကြသည်။ ပစ္စည်းမှာထားပြီး တစ်နှစ်ခွဲကြာမှရောက်လာခြင်းဖြစ်၏။ သည်ပုံအတိုင်းဆို လာမယ့်နှစ် နှစ် သစ်ကူးပွဲအတွက် အချိန်မီသေးသည်။ ကမ္ဘာ၏ဝတ်စုံကို နယူးယီးယားတွင် ဝတ်ဆင်နိုင်တော့မည်။
လင်မယားနှစ်ယောက်သား ဝမ်းသာအားရပင် ကိုယ်ပိုင် မြေရှပ် လေယာဉ်ဖြင့် ချောပို့စခန်းသို့ ထွက်ခဲ့ကြလေသည်။
ချောပို့ဌာနရောက်လို့ ပါဆယ်ထုပ်ကိုရွေးယူရာ ပါဆယ်ထုပ်မှာ လက် နှစ်လုံးလောက်ရှိသည့် ဘူးကလေးတစ်ဘူး ဖြစ်နေသည့်အတွက် အံ့ဩသွားရ လေသည်။ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် ကာ ပါဆယ်ဘူးလေးကို အိမ်သို့သယ်လာခဲ့လေသည်။
ညညဒေါင်ရင်ထဲမှာတော့ တထိတ်ထိတ် ခုန်လျက်ရှိသည်။ အမှား အယွင်းတစ်ခုခု ရှိလို့ကတော့ ဗြဲရဲ့ပါးစပ်နှင့် တွေ့တော့မည်။
အိမ်ရောက်သည်နှင့် ဘူးကလေးကို အလျင်အမြန်ဖွင့်ကြည့်ကြ၏။
ထွက်လာသည့်ပစ္စည်းကို တွေ့လိုက်ရသည့်အခါ လင်မယား နှစ် ယောက်လုံး ကြက်သေယသေသွားကြသည်။
ဘူးကလေးထဲက သူတို့မျှော်လင့်နေကြသည့် အင်္ကျီစများ ထွက်လာ ပါသည်။
သို့သော် အစများက သူတို့၏လက်တစ်ဝါးစာပင် မရှိချေ။
]]အမလေးတော့ ...နှပ်ချေးသုတ်လို့တောင်မရဘူး။ အီး ...ဟီး ဟီး ...}}
ဗြဲက အဝတ်စများကိုကိုင်ရင်း အော်ငိုချလိုက်သည်။
]]ကဲ ...ဘာပြောချင်သေးလဲ ကိုကိုည။ ရှင် အလိမ်ခံရပြီဆိုတာ တွေ့ပြီမဟုတ်လား။ အမလေး ...ကမ္ဘာသားတွေများ လိမ်ရက်လိုက်တာ တော်။ ငါ့ရတနာကြီးယူထားပြီး ပြန်ပေးတော့ အဝတ်စလက်တောက်လောက် ကလေး ပြန်ပေးတယ်။ တော်တော် ဉာဏ်နီဉာဏ်နက်များတဲ့ဟာတွေ။ ဒါကြောင့် သူတို့ခေါင်းပေါ်မှာ အမွေးတွေပေါက်နေတာနေမှာ}}
]]မဟုတ်သေးပါဘူး ဗြဲရယ်။ ကမ္ဘာသားတွေ ဒါလောက် အောက် တန်းကျပုံ မရပါဘူး။ ဦးခန့်ညားထည်ဝါကလည်း သူ့ကုမ္ပဏီသိက္ခာကျအောင် ဒီလိုလုပ်မှာ မဟုတ်ပါဘူး။ တစ်နေရာရာမှာ တစ်ခုခုတော့ မှားနေပါပြီ}}
]]တော်က ခုထိယုံတုန်းပဲလားတော့။ အမလေး ...ကျုပ်ရတနာကြီး ဆုံးပါပြီတော်။ အီး ...ဟီး ...ဟီး}}
]]ကမ္ဘာဂြိုဟ်ဟာ ဘယ်လိုသဘောသဘာဝတွေ ရှိသလဲ ကိုယ်တို့မှ မသိကြသေးဘဲ။ နေစမ်းပါဦး၊ ကမ္ဘာဂြိုဟ်အကြောင်း ကိုယ် လေ့လာလိုက်ပါ ဦးမယ်}}
ညညဒေါင်က ပြောပြောဆိုဆို ကွန်ပျူတာကိုဖွင့်လိုက်သည်။
ဒစ်ရှင်နယ်ရီဖိုင်ထဲ၌ ကမ္ဘာဂြိုဟ်ဟုရိုက်ထည့်ကာ ကမ္ဘာအကြောင်း ကို လေ့လာလိုက်သည်။
ကွန်ပျူတာမှဖော်ပြသော အချက်အလက်များအရ ကမ္ဘာဂြိုဟ်သည် သူတို့ဂြိုဟ်ထက် အဆနှစ်ရာသေးငယ်ပြီး လူသားများသည်လည်း သူတို့ထက် အဆ ၄၀၀ ပို၍သေးငယ်ကြောင်းကို သိလိုက်ရလေသည်။ အချိန်ကာလ သတ်မှတ်ချက်များမှာလည်း ကွာခြားကြောင်းတွေ့လိုက်ရ၏။
]]ကဲ ...ဗြဲ၊ ကိုကို့ကိုပဲ အပြစ်ဆိုပေတော့။ ကိုကိုမလေ့လာမိဘဲ ပစ္စည်းမှာမိလို့ ဖြစ်ရတာပါ။ ဦးခန့်ညားထည်ဝါမှာ ဘာအပြစ်မှမရှိပါဘူး။သူလည်း ကိုယ်တို့ဂြိုဟ်အကြောင်း သိပုံမရဘူး}}
]]အဟင့် ...အဟင့်၊ ဒီလိုဆိုရင် ဗြဲရဲ့ရတနာကြီးကို ပြန်တောင်း ပေး။ ခု ပြန်တောင်းပေး။ အဆုံးမခံနိုင်ဘူး။ ပြန်တောင်းပေး}}
]]တောင်းပေးပါ့မယ်ကွယ်။ အကျိုးအကြောင်းရှင်းပြပြီး ပြန်တောင်း ရင် ပို့ပေးမှာပါ}}
ညညဒေါင်က ချက်ချင်းပင် အင်တာနက်စက်ရှေ့တွင်ရပ်ကာ ဦးခန့် ညားထည်ဝါရှိရာ ကမ္ဘာဂြိုဟ်သို့ ဆက်သွယ်ပြောဆိုလိုက်လေသည်။
]]ဦးခန့်ညားထည်ဝါ ခင်ဗျာ၊ လူကြီးမင်းပေးပို့လိုက်တဲ့ အင်္ကျီစများ ကို လက်ခံရရှိပါတယ်။ သို့သော် အစများဟာ ကျွန်တော်တို့အတွက် ဘယ်လိုမှ အသုံးမဝင်ပါ ခင်ဗျာ။ အကြောင်းစုံသိချင်ရင်တော့ ကျွန်တော်တို့ ဃလုံး ဃလုဂြိုဟ်အကြောင်းကို အဘိဓာန်ကွန်ပျူတာထဲမှာ ရှာဖတ်ကြည့်ပါတော့။ မှားယွင်းပြီး အမှာစာပို့မိတဲ့ ကျွန်တော့်ကိုသာ ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အဝတ်စဖိုးအဖြစ် ကျွန်တော်ပေးပို့ထားတဲ့ ရတနာကို ပြန်ပို့ပေး စေချင်ပါတယ် ခင်ဗျာ။ လူကြီးမင်းရဲ့အင်္ကျီစများကိုလည်း ပြန်ပို့ပေးပါ့မယ်}}
………
ညညဒေါင်၏ဆက်သွယ်မှုသည် နောက်ဆယ်နှစ်အကြာတွင် ကမ္ဘာ ဂြိုဟ်ပေါ်သို့ ရောက်ရှိသွားလေသည်။ သို့ရာတွင် ကမ္ဘာဂြိုဟ်ပေါ်မှ ပြန်လည် ဖြေကြားဆက်သွယ်မှုကိုမူ ညညဒေါင်တို့ ပြန်လည်မရရှိခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် ...
လွန်ခဲ့သောငါးနှစ်ကပင် အသက် ၇၀အရွယ်၌ ဦးခန့်ညားထည်ဝါ ကွယ်လွန် သွားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
                                              ဆောင်းလုလင်
ဆောင်းလုလင်-၏ စက်ရုပ်တစ္ဆေ နှင့် သိပ္ပံဝတ္ထုတိုများစာအုပ်မှ ကောက်နှုတ်တင်ပြ သည်။


No comments: