Saturday, 18 August 2012

နွေတမာန် - တစ်ယောက်တည်းဖောက်ပြီး တစ်ယောက်တည်းလျှောက်တဲ့လမ်း (၀တ္ထုတို)


နွေတမာန်
တစ်ယောက်တည်းဖောက်ပြီး တစ်ယောက်တည်းလျှောက်တဲ့လမ်း

တစ်ချိန်က ခင်မင်ရင်းနှီးခဲ့ဖူးသူတစ်ဦးကို အရူးတစ်ယောက်အဖြစ် မမျှော်လင့်ပဲတွေ့လိုက်ရသည့်အခါ …  ကျွန်တော်ကြေကွဲဝမ်းနည်းမိပါသည်။
သူ ဘယ်တုံးက ရူးသွပ်သွားပါလိမ့်၊ ရူးသွားရလောက်အောင်၊ သူ ဘယ်လိုနာကြည်းကြေကွဲဖွယ်ဖြစ်ရပ်ဆိုးတွေ ကြုံဆုံခဲ့ရပါလိမ့်။ ကျွန်တော် တို့ပတ်ဝန်းကျင်မှ သူပျောက်ကွယ်သွားသည်မှာ ဆယ်နှစ်ကျော်လောက်ပင်ရှိပြီ။ ယခုပြန်တွေ့ရတော့ အရူးတစ်ယောက်အဖြစ် တွေ့မြင်နေရသည်။
မသပ်ရပ်သောအဝတ်အစားများဖြင့် အရူးတစ်ယောက်အဖြစ် သိသာစွာမြင်တွေ့နေရသော်လည်း သူသည် တစ်ချိန်က ကျွန်တော်နှင့်လုပ် ဖော်ကိုင်ဖက် ကိုစိန်သောင်းဖြစ်ကြောင်း ကျွန်တော်မှတ်မိနေပါသည်။
ဘယ်လိုဖြစ်ရတာလဲ ကိုစိန်သောင်းရယ်…   ကျွန်တော်ထိုင်နေသောလက်ဖက်ရည်ဆိုင်ရှေ့သို့ သူရောက်အလာ တွင် ကျွန်တော်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူသည် တစ်ဖက်က ပေါင်လည်အထိပြတ်နေသောဘောင်းဘီရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ အခြားတစ်ဖက်က နဂိုအရှည်အတိုင်းရှိနေသော်လည်း အပေါက်အပြဲများနှင့်။ တီရှပ်အင်္ကျီအစုတ်မှာ ကွမ်းတံတွေးကွက်များပေကျံနေသည်။ ခေါင်းကဆံပင်ကို ကြက်တောင်စည်းလေးနှစ်ဖက်ဖြစ် အောင်စည်းထား သည်။ တစ်ဖက်တွင် နှင်းဆီပန်းတစ်ပွင့်ကို ထိုးစိုက်ထား၏။
သနပ်ခါးဘဲကျားကြီးကိုလည်း လိမ်းထားသေးသည်။ ပစ္စည်းများ ကိုပုဆိုးစုတ်ဖြင့်ထည့်ကာ ထိပ်မှစုထုံးပြီး လက်မောင်းအောက်၌လျှို၍လွယ် ထားသည်။
မည်မျှပင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း…   သူ့ကိုမြင် သည်နှင့် ကျွန်တော်နှင့် တစ်ရုံးတည်းအတူ အလုပ်လုပ်ခဲ့သူ ကိုစိန်သောင်း ဆိုတာ ကျွန်တော်ချက်ချင်းမှတ်မိသည်။ သူနှင့်ကျွန်တော် ရန်ကုန်ရုံးချုပ် မှာ လေးငါးနှစ်မျှ အတူတွဲလုပ်ဖူးသည်။
သူ့လက်ထဲမှာ ပန်းစည်းကြီးတစ်စည်း ကိုင်ထားသည်ကိုလည်း တွေ့ရလေသည်။
သူက နှုတ်မှပေါက်ကရသီချင်းများကိုအော်ဟစ်ရေရွတ်ကာ လက်ဖက်ရည်ဆိုင်ထဲဝင်လာလေသည်။ လက်မှပန်းစည်းကြီးဖြင့် စားပွဲခုံ များပေါ်သို့ တဖတ်ဖတ်ရိုက်လာသည်။ အချို့ပန်းများမှာ ပွင့်ဖတ်များကြွေ ကျ၍ ပွင့်ဖတ်အကြွေများက စားပွဲများပေါ်ကျန်ခဲ့လေသည်။
သူဝင်လာသည်နှင့် ဆိုင်အတွင်းမှာရှိနေသူများက လှည့်ကြည့်လိုက် ကြသည်။ သူကတော့ ပါးစပ်က ဘာတွေမှန်းမသိအော်ဟစ်ရေရွတ်ကာ လွတ်နေသောစားပွဲများကို ပန်းစည်းကြီးဖြင့်လိုက်ရိုက်လျှက်ရှိသည်။
နှင်ထုတ်ခံရတော့မှာပဲဆိုသော ကျွန်တော့်အတွေးမှာ မှားယွင်းသွား လေသည်။
]]အာဘွားကြီး လာပြီဟေ့}}
ကောင်တာတွင်ထိုင်နေသောဆိုင်ရှင်က လှမ်းအော်လိုက်သည်။
အရူးကိုစိန်သောင်းသည် ကောင်တာဆီသို့တန်းတန်းမတ်မတ် သွား၏။
ကောင်တာရှေ့အရောက်တွင် လက်ထဲကပန်းစည်းထဲမှ ပန်းတစ်ပွင့် ကိုချိုးကာ ဆိုင်ရှင်ကိုပေးလိုက်သည်။ မေမြို့ပန်းတစ်ပွင့်ဖြစ်ပါသည်။

ဆိုင်ရှင်က သူလှမ်းပေးသောပန်းကို တယုတယလှမ်းယူလိုက်သည် ကို ကျွန်တော်မြင်နေရသည်။
စားပွဲထိုးလေးတစ်ယောက်က အီကြာကွေးတစ်ချောင်းယူလာကာ သူ့ကိုပေးလိုက်သည်။
သူက ပါးစပ်ကို လက်ဝါးဖြင့်အပ်ပြီး-
]]အာဘွား}}
-ဟုအသံထွက်ကာ လုပ်ပြလိုက်၏။
စားပွဲထိုးလေးက သဘောကျစွာရယ်နေသည်။
ထို့နောက် ဆိုင်ရှင်ကိုလည်း ]]အာဘွား}}တစ်ချက်လုပ်ပြကာ ကောင်တာရှေ့မှလှည့်ထွက်သွား၏။
]]အာဘွားကြီး၊ လက်ဖက်ရည်သောက်သွားဦးလေ}}
ဆိုင်ရှင်က လှမ်းပြောသည်ကို သူကခေါင်းခါပြသည်။
သူက ဆိုင်အတွင်းရှိလက်ဖက်ရည်သောက်နေသူများကို ပါးစပ် တွင်လက်ဝါးဖြင့်အုပ်ကာ ]]အာဘွား- အာဘွား}}နှင့်လုပ်ပြနေသည်။ အားလုံး ကသဘောကျနေသည်။
သူသည် ကျွန်တော်တို့စားပွဲအနီးသို့ရောက်လာသည်။
ကျွန်တော်နှင့်သူ အကြည့်ချင်းဆုံသွားသည်။ သူ့အကြည့်က ကျွန်တော့်ထံတွင် တုံ့သွား၏။ သူ ကျွန်တော့်ကိုမှတ်မိလေသလား။ သူက ကျွန်တော်နှင့်မြို့ခံကျွန်တော့်မိတ်ဆွေကို ]]အာဘွား}}ဟုတစ်ချက်လုပ်ပြကာ ဆိုင်ထဲမှထွက်သွားလေသည်။
သူ့အကြည့်က ကျွန်တော့်ကိုမှတ်မိသွားသည်ဟု ကျွန်တော်ထင်မိ သည်။ သေတော့မသေချာ။ တိတိကျကျမှတ်မိခြင်းမျိုးမဟုတ်ပဲ အရူးတစ် ယောက်စိတ်တွင် ဇဝေဇဝါမှတ်မိသွားဟန်မျိုးလည်း ဖြစ်နိုင်သည်။ ကျွန်တော် ကတော့ သူသည် ကိုစိန်သောင်းဆိုတာသေချာသလောက်ဖြစ်သွားခဲ့၏။ သူ၏အသံကိုပါ ကြားလိုက်ရသောကြောင့်ဖြစ်ပါသည်။
]]အဲဒီအရူးက ဘယ်ကလဲဟင်၊ သူဒီမြို့ကလား}}
မြို့ခံကျွန်တော့်မိတ်ဆွေကို ကျွန်တော်က မေးလိုက်သည်။
]]အာဘွားကြီးကိုပြောတလား၊ ဒီမြို့ကတော့မဟုတ်ဘူး၊ ကျွန်တော် တို့မြို့ရောက်နေတာတော့ကြာပြီ၊ ဘာဖြစ်လို့လဲ}}
]]ဘာမှမဟုတ်ပါဘူး}}
အကယ်၍ အရူးအာဘွားသည် ကိုစိန်သောင်းမဟုတ်ခဲ့လျှင် ကိုစိန် သောင်းသိက္ခာကျမည်စိုး၍ ကျွန်တော်က ဘာမှဆက်မပြောတော့။
]]အဲဒီအရူးက မနက်တိုင်း ဈေးဆိုင်တွေလိုက်ပြီး ပန်းတွေဝေတယ် လေ၊ သူပေးတဲ့ပန်းရရင် ရောင်းပန်းဝယ်ပန်းလှတယ်ဆိုပြီး သူ့ဆီကပန်းကို လိုချင်ကြတယ်၊ ဈေးထဲမှာဆို အလုအယက်ပဲ}}
]]ဪ-}}
ကျွန်တော့်အတွေးထဲမှာတော့ အာဘွားကြီးကို ကိုစိန်သောင်းပဲလို့ တစ်ထစ်ချယုံကြည်နေမိသည်။ သူဘာကြောင့် ရူးသွားရတာလဲ။
+ + + + + + + + +
နောက်နေ့များမှာလည်း မြို့အနှံ့မှာ ကိုစိန်သောင်း- အဲ…   အရူး အာဘွားကို တွေ့မြင်ခဲ့ရပါသည်။
သူ့ကိုကလေးများကလည်း ခင်ကြသည်။ သူ့ကိုမြင်လျှင် ]]အာဘွား ကြီး- အာဘွားကြီး}}-ဟု လှမ်းအော်ကြသည်။ သူကလည်း ပါးစပ်တွင် လက်ဝါးကိုအပ်ရင်း ကလေးများကို အာဘွားဟု ပြန်လုပ်ပြတတ်၏။
တစ်ကြိမ်တွင်တော့ ကလေးတစ်အုပ်စုကို ခေတ်ပေါ်သီချင်းတစ်ပုဒ် ဖြင့် ကပြနေသည့်သူ့ကို ပန်းခြံဘေး၌ ကျွန်တော်တွေ့ခဲ့ရသည်။ ကလေး များက လက်ခုပ်တီးဩဘာပေးနေကြသည်။
လမ်းမှဖြတ်သွားသောမိန်းကလေးသုံးယောက်ကို အာဘွားလုပ်ပြ ရာ မိန်းကလေးများက သဘောကျစွာရယ်မောသွားကြသည်။ စိတ်ဆိုးဟန် မပြ။
တစ်ခါတော့ လမ်းဘေးအကြော်ဆိုင်မှမိန်းမကြီးက ]]အာဘွားကြီး အကြော်ယူသွားဦး၊ ရော့-ရော့}}-ဆိုကာ အကြော်တော်တော်များများ ပေး လိုက်တာ တွေ့ရသည်။
တစ်မြို့လုံးက သူ့ကိုခင်ကြတာပါလား။
သူ့ကိုတွေ့သည့်အခါတိုင်း တစ်ပုံစံတည်းပဲဖြစ်သည်။ တစ်ဖက်တို တစ်ဖက်ရှည်ဘောင်းဘီ၊ ချိုင်းတွင် ပုဆိုးစုတ်အထုတ်ကိုလျှိုလျှက်။ တွေ့သမျှ လူကို အာဘွားလုပ်ပြတတ်သည်။ ခပ်နောက်နောက်လူတွေက သူလုပ်သလို နှုတ်ခမ်းတွင် လက်ဝါးဖြင့်ပိတ်ကာ အာဘွားပြန်လုပ် ပြတတ်သည်။
နောက်အကြိမ်တွေမှာ သူ ကျွန်တော့်ကိုမြင်သော်လည်း မှတ်မိဟန် မပြတော့။
ကျွန်တော်ကတော့ အရူးအာဘွားကို ကိုစိန်သောင်းလို့ပဲ ထင်နေမိ ဆဲဖြစ်သည်။ သူ့ကိုကြည့်ကာ အံ့ဩသလို ရင်ထဲမှာ နာနေမိသည်။
ကိုစိန်သောင်း။ ရူးသွပ်ရလောက်အောင် စိတ်ဓာတ်နုံချာသူမဟုတ် ခဲ့ပါ။ ကျွန်တော်နှင့် ရန်ကုန်ရုံးချုပ်တွင် အလုပ်အတူလုပ်ခဲ့စဉ်က တက်ကြွ သောလူငယ်တစ်ဦး။ သူရော ကျွန်တော်ရော ညနေပိုင်းရုံးဆင်းလျှင် လုပ်သား ကောလိပ်ကိုဆက်တက်ကြသည်။ ဒါတွေကြောင့်လည်း သူ့ကိုကျွန်တော်က သေချာမှတ်မိနေခြင်းဖြစ်ပါသည်။
ဘွဲ့ရပညာတတ်တစ်ယောက်က ရူးသွပ်သွားရသတဲ့လား။
လုပ်သားကောလိပ်က ဘွဲ့ရပြီးနောက်ပိုင်းမှာ ရုံးအလုပ်က သူ နှုတ်ထွက်သွားတာကို မှတ်မိနေသည်။ တခြားရုံးတစ်ခုကိုပြောင်းသွားတာ လား၊ ဇာတိမြို့ကိုပြန်သွားတာလား၊ သေချာမမှတ်မိတော့။ ဇာတိမြို့ပြန်ပြီး ကျောင်းဆရာလုပ်မယ်လို့ ပြောခဲ့ဖူးသည်ထင်သည်။
ကျွန်တော် ဤမြို့မှာ လေးရက်နေခဲ့စဉ်အတွင်း ကိုစိန်သောင်းကို နေ့စဉ်မြင်ခဲ့ရပါသည်။
အရူးအာဘွားဟာ ကျွန်တော့်မိတ်ဆွေကိုစိန်သောင်းဟုတ်-မဟုတ် တော့ အတည်မပြုနိုင်ခဲ့ချေ။ အရူးတစ်ယောက်ကို မေးမြန်းဖို့ကလည်း မဖြစ်နိုင်။
အလုပ်ကိစ္စအပြီးတွင် အရူးအာဘွားတစ်ဖြစ်လဲ ကိုစိန်သောင်း အတွက် စိတ်မကောင်းခြင်း၊ စိတ်မတင်မကျဖြစ်ခြင်းများဖြင့် ထိုမြို့မှ ကျွန်တော်ပြန်လာခဲ့လေသည်။ အာဘွားကြီးသည် ကိုစိန်သောင်းဟုတ်-မဟုတ် အတည်မပြုနိုင်ခဲ့ပါ။
+ + + + + + + + +
ကျွန်တော်ထိုမြို့မှ မီးရထားဖြင့်ပြန်လာခဲ့သည်။ ကျွန်တော်လက်မှတ် ဝယ်ထားသော အထက်တန်းထိုင်ခုံ နှစ်ယောက်တွဲခုံတွင် ကျွန်တော့်ဘေး၌ နေရာလွတ်နေသည်။ ရထားထွက်လာသည်အထိ ဘေးခုံ၌ ထိုင်သူမပါပဲ ထွက်လာခဲ့သည်။ လက်မှတ်ဝယ်ထားသူ မလိုက်ဖြစ်လို့ပဲဖြစ်မည်။
သည်လိုနှင့် ရထားသည် ရှေ့ဘူတာတစ်ခုတွင် ဆိုက်ကပ်၏
ရထားပြန်ထွက်ချိန်တွင် ကျွန်တော်ဘေးမှလွတ်နေသောခုံသို့ လူတစ်ယောက်ရောက်လာသည်။
ကျွန်တော်က ဘေးတွင်ဝင်ထိုင်လိုက်သူကို အမှတ်မထင်ငဲ့ကြည့် လိုက်သည်။ ကျွန်တော်အံ့ဩသွားသည်။ သူကလည်း ကျွန်တော့်ကိုကြည့် ကာ ရုတ်တရက်ငေးသွားသည်။
သူသည် ကော်လာကတုံးတက်တရက်အင်္ကျီအဖြူလက်ရှည်ကို ဝတ်ဆင်ထားသည်။ အင်္ကျီလက်ကိုမခေါက်ပဲ လက်ကြယ်သီးကိုပင် သေသပ် စွာတပ်ထား၏။ ရခိုင်ပုဆိုးအပြာရောင်က အသစ်ဖြစ်ဟန် ခေါက်ရိုးမပြေ သေးပဲရှိသည်။ ဆံပင်ကလည်း ပိပိပြားပြား သေသေသပ်သပ်။
ထိုသူမှာ ကိုစိန်သောင်းဖြစ်ပါသည်။ တကယ့်ကိုစိန်သောင်းအစစ် ဖြစ်ပါသည်။
]]ကိုတင့်ဝေ}}
သူက ဦးအောင် ကျွန်တော့်နှုတ်ဆက်လိုက်သည်။ ကျွန်တော့်နာမည် ခေါ်ဝေါ်ကာနှုတ်ဆက်လိုက်သောကြောင့် သူသည် ကိုစိန်သောင်းဆိုတာ သေချာသွားသည်။ ဒါဖြင့် ဟိုမြို့မှာ ကျွန်တော်တွေ့ခဲ့တဲ့အရူးဟာ ကိုစိန်သောင်းမဟုတ်ဘူးပေါ့။ ကိုစိန်သောင်းနှင့်တူလွန်းသောကြောင့် ကျွန်တော် အထင်မှားခဲ့ခြင်းဖြစ်သည်။
ကျွန်တော်သည် အရူးအာဘွားကို ကိုစိန်သောင်းဟုထင်ခဲ့မိခြင်း အတွက် အားနာသွားမိသည်။
]]ကိုစိန်သောင်း၊ ခင်ဗျားကိုစိန်သောင်းနော်၊ ခင်ဗျားနဲ့မတွေ့ရတာ ကြာပြီဗျာ၊ ခင်ဗျားဘယ်ရောက်နေတာလဲ}}
ကိုစိန်သောင်းက ကျွန်တော့်ဘေးတွင် ဝင်ထိုင်လိုက်သည်။
]]အင်း- ကျွန်တော်အလုပ်ကထွက်လာတာပဲ ဆယ်နှစ်ကျော်ပြီ လေ၊ ကိုတင့်ဝေနဲ့မတွေ့တာလည်း ဆယ်နှစ်ကျော်ပြီပေါ့၊ ကျွန်တော်လည်း အလုပ်ကထွက်ပြီးကတည်းက ရန်ကုန်မရောက်တော့ဘူးဗျ}}
]]အေးဗျာ၊ ကျွန်တော့်မှာ ကိုစိန်သောင်းနဲ့တူတဲ့လူတစ်ယောက်ကို တွေ့ခဲ့တော့ ကိုစိန်သောင်းများလားလို့ထင်ခဲ့မိသေးတယ်၊ အဟဲ}}
ကျွန်တော်က အရူးနှင့်လူမှားမိသည်ကိုပြန်တွေးကာ ပြောလိုက်သည်။ 
ကိုစိန်သောင်းမျက်နှာတည်သွား၏။
]]အရူးအာဘွားကို ကျွန်တော်လို့ထင်နေတာမဟုတ်လား}}
]]ခင်ဗျားက ဒီအရူးကိုသိနေတာပဲ}}
ကိုစိန်သောင်းက ဘေးဘီကိုစိတ်မလုံသလိုဝေ့ကြည့်လိုက်သည်။
]]ကိုတင့်ဝေ၊ အရူးအာဘွားဟာ ကျွန်တော်ပဲဗျ}}
]]ဘာ-}}
အံ့ဩမှုကြောင့် ကျွန်တော့်အသံကျယ်သွားသည်။
]]တိုးတိုးဗျ၊ လာဗျာ၊ စားသောက်တွဲကိုသွားရအောင်၊ စကားအေး အေးဆေးဆေးပြောကြတာပေါ့}}
+ + + + + + + + +
]]ကြိုက်တာမှာဗျာ၊ ကျွန်တော်ဒကာခံပါ့မယ်}}
စားသောက်တွဲအရောက်တွင် ကိုစိန်သောင်းကပြောသည်။ ကျွန်တော်တို့သည် လူရှင်းသည့်ဒေါင့်စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်၏။
]]ကျွန်တော်တော့ ဘီယာပဲသောက်မယ်၊ ကျန်တာ ခင်ဗျားကြိုက် သလိုမှာပါ}}
ကိုစိန်သောင်းက ကျွန်တော့်အတွက်ဘီယာ၊ သူ့အတွက် ဝီစကီနှင့် အမြည်းများ မှာလိုက်သည်။
]]ခင်ဗျားတော့အံ့ဩနေမှာပဲ၊ ကျွန်တော်ခင်ဗျားကို လက်ဖက်ရည် ဆိုင်ထဲမှာတွေ့တော့ နှုတ်ဆက်ချင်ပါတယ်၊ ဒါပေမယ့် မဖြစ်ဘူးလေ}}
သူက အရူးအာဘွားအဖြစ်နှင့် ဟိုမြို့မှာဆုံခဲ့တာ သူဖြစ်ကြောင်း ဝန်ခံစကားပြောသည်။
]]ကိုစိန်သောင်း၊ ခင်ဗျားဘာလုပ်နေတာလဲဟင်၊ ခင်ဗျားစုံထောက် လုပ်နေတာလား}}
ကိုစိန်သောင်းက ရယ်သည်။
]]စုံထောက်လုပ်နေတာမဟုတ်ပါဘူးဗျာ၊ ကျွန်တော်အရူးလုပ်နေ တာလေ၊ ခင်ဗျားလည်း မြင်သားပဲ}}
]]ကျွန်တော်နားမလည်ဘူးဗျာ}}
]]အင်း-ကိုတင့်ဝေကို ကျွန်တော့်အကြောင်း ရှည်ရှည်ဝေးဝေး ပြောမှဖြစ်မယ်၊ ဒီမယ်ကိုတင့်ဝေ၊ ခင်ဗျားနဲ့ကျွန်တော်အလုပ်အတူတူလုပ် တုန်းက ကျွန်တော်ဟာ နယ်ကနေ မျှော်လင့်ချက်တွေအများကြီးနဲ့တက် လာတဲ့ လူငယ်လေးတစ်ယောက်ဆိုတာကို ခင်ဗျားမှတ်မိဦးမှာပေါ့}}
]]ခင်ဗျားဘကြီးရဲ့ဘုန်းကြီးကျောင်းမှာနေတယ်ဆိုတာ ကျွန်တော် မှတ်မိနေတယ်၊ ပြီးတော့ ကျွန်တော်နဲ့အတူတူ လုပ်သားကောလိပ်တက်တယ် လေ}}
]]ဟုတ်တာပေါ့၊ အဲဒီတုန်းက ရန်ကုန်မှာကြီးပွားချမ်းသာမယ့်လမ်းစ ကိုရှာမယ်ဆိုပြီး အထင်ကြီးတစ်ခွဲသားနဲ့လာခဲ့တဲ့လူငယ်လေးတစ်ယောက် ပေါ့ဗျာ}}
သူက ဝီစကီကိုတစ်ကြိုက်ကြိုက်လိုက်ပြီး အမြည်းကိုစားရင်းပြော သည်။ မျက်နှာက ပြုံးတုံးတုံး၊ သရော်ပြုံးလား လှောင်ပြုံးလား နာကြည်း ပြုံးလား မကွဲပြားပေ။
]]တကယ်တန်းကျတော့ ရန်ကုန်မှာ ကျွန်တော့်အတွက် ဘာတက် လမ်းမှမရှိခဲ့ပါဘူး၊ ခင်ဗျားနဲ့အတူအလုပ်လုပ်ခဲ့တုန်းက ကျွန်တော်တို့နှစ် ယောက်စလုံး အောက်တန်းစားရေး၊ ဘွဲ့လေးရရင်တော့ ရာထူးတက်ကောင်း ရဲ့၊ နေရာကောင်းရလောက်ရဲ့ဆိုပြီး ဘွဲ့ရအောင်ကြိုးစားခဲ့တယ်၊ တကယ် တန်းဘွဲ့ရတော့လည်း ဘာမှမထူးပါဘူးဗျာ၊ ဒါနဲ့ ခင်ဗျား ရုံးမှာလုပ်တုန်း ပဲလား၊ ဘာရာထူးရနေပလဲ}}
]]အထက်တန်းစာရေးလေ}}
]]ဟင်-အထက်တန်းစာရေး၊ ဒါဖြင့် ခင်ဗျား ရာထူးတစ်ခါပဲ တက်သေးတာပေါ့၊ အရင်ကအောက်တန်းစာရေး၊ ခု အထက်တန်းစာရေး၊ ကြည့်ပါဦးဗျာ၊ လုပ်သက်အနှစ်၂၀နီးပါးမှာ ခုမှခင်ဗျားအထက်တန်းစာရေး ပဲရှိသေးတာလားဗျ}}
]]ဟုတ်တယ်ကိုစိန်သောင်း}}
]]ကျွန်တော်ဒါတွေကိုစိတ်ပျက်လို့ အလုပ်ကထွက်ခဲ့တာ၊ ကျွန်တော် ရန်ကုန်ကိုတက်လာတာ ကြီးပွားချင်လို့ ငွေများများရချင်လို့ဗျ၊ လောဘ ကြီးတာတော့မဟုတ်ဘူး၊ ကျွန်တော့်မိဘတွေကို တစ်လှည့်ပြန်ပြုစုချင်တယ် လေ၊ တကယ်တန်း ရန်ကုန်ရောက်၊ အလုပ်လုပ်၊ ဘွဲ့ရအောင်ကြိုးစားခဲ့ ပေမယ့် ဘာမှဖြစ်မလာခဲ့ဘူး၊ တကယ်တန်းကျတော့ ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေအတွက် ကြီးပွားရာလမ်းကြောင်းဆိုတာ သိပ်မရှိ ဘူးဗျ၊ ကြီးပွားဖို့ဆိုတာ ငွေအရင်းအနှီးလိုတယ်၊ ချမ်းသာပြီးသာလူကသာ ပိုပိုချမ်းသာဖို့လွယ်တာပါဗျာ၊ ကျွန်တော်တို့လိုမျက်နှာမွဲတွေအတွက်က ဒီအတိုင်း ဒီအတိုင်းပါပဲ၊ ရုံးမှာရာထူးလေးတစ်ခုတက်ဖို့တောင် အလုပ်တော်ရုံနဲ့မရဘူး၊ အလုပ်တော်တာဟာ ရာထူးတက်ဖို့အတွက် အရည် အချင်းတစ်ခုမဟုတ်ဖူးလေ၊ ခင်ဗျားသိပါတယ်}}
]]ဟုတ်ပါတယ်ကိုစိန်သောင်း၊ ခင်ဗျားက ရုံးအလုပ်ကိုတော်တော် စိတ်ပျက်သွားတာကိုး}}
]]ရုံးအလုပ်ကိုတင်စိတ်ပျက်တာဘယ်ဟုတ်မလဲဗျာ၊ လောကကြီးကို ပါစိတ်ကုန်သွားတာ၊ ဒီမှာ ကျွန်တော့်အနေနဲ့စဉ်းစားရပြီ၊ ကျွန်တော်က ရေစုန်မျှောမလိုက်ချင်ဘူး၊ စွန့်စားချင်တယ်၊ ကြီးပွားချင်တယ်၊ ရိုးရိုးသား သားကြိုးစားနေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတာသိလာရတယ်ဗျာ၊ ဒီမှာ ကျွန်တော်ဘာသွားတွေ့သလဲဆိုတော့ ကျွန်တော်နေတဲ့ဘုန်းကြီးကျောင်းမှာ ကပ်နေတဲ့အရူးတစ်ယောက်ကို သွားတွေ့တယ်၊ သူ့ဘ၀က အေးချမ်းလိုက် တာဗျာ၊ စားစရာလည်း မပူရဘူး၊ နေစရာလည်း မပူရဘူး၊ အေးအေး ဆေးဆေးပဲ}}
]]ခင်ဗျားကလည်းဗျာ၊ အရူးကိုမှ အားကျရတယ်လို့}}
]]ဟုတ်တယ်၊ အရူးကိုအားကျလို့ အခုအရူးလုပ်နေတာပဲ}}
]]ဘာဗျ}}
]]ဒီလိုလေ၊ အရူးတစ်ယောက်ကို ဘယ်သူကမှအပြစ်မပြောကြ ဘူး၊ ရူးနေရကောင်းလားလို့ ဘယ်သူမှအပြစ်မတင်ကြဘူး၊ သူတောင်းစား ကိုမှ ခြေကောင်းလက်ကောင်းနဲ့တောင်းစားရကောင်းလားလို့ အပြစ်တင် ချင်တင်မယ်၊ ဟုတ်တယ်မဟုတ်လားကိုတင့်ဝေ}}
ကျွန်တော်က သူ့စကားကိုပြန်မဖြေပဲ ဆက်နားထောင်နေလိုက် သည်။
]]ဒါနဲ့ပဲ ကျွန်တော်အပြန်ပြန်အလှန်လှန်စဉ်းစားပြီး အရူးလုပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ}}
]]ဗျာ-}}
]]ဆုံးဖြတ်ပြီးတာနဲ့ ကျွန်တော်အလုပ်ကထွက်လိုက်တယ်၊ ပြီးတော့ အရူးမရှိတဲ့မြို့ကို ကျွန်တော်လိုက်ရှာခဲ့တယ်}}
]]အရူးမရှိတဲ့မြို့}}
]]ဟုတ်တယ်၊ အရူးရယ်၊ ပြည့်တန်ဆာရယ်၊ သူတောင်းစားရယ် ရှိမှ မြို့အင်္ဂါရပ်ပြည့်စုံတယ်ဆိုတဲ့ ဆိုရိုးစကားတောင်ရှိသေးတယ်မဟုတ်လား  ဗျ၊ ဒီတော့ တစ်မြို့လုံးမှာ အရူးတစ်ယောက်ရှိနေတဲ့အတွက် ဘယ်သူကမှ ငြိုငြင်မှာမဟုတ်ဘူး၊ အရူးတစ်ယောက်တည်းကို တစ်မြို့လုံးက တင်ကျွေး ထားနိုင်မှာသေချာတယ်}}
]]အရူးကို မြို့ကကျွေးထားရမယ်}}
]]အလုပ်ထွက်ပြီးတာနဲ့ ကျွန်တော်ဟာ တစ်မြို့ဝင်တစ်မြို့ထွက် အရူးမရှိတဲ့မြို့ကိုလျှောက်ရှာတော့တာပဲ၊ ခင်ဗျားနဲ့တွေ့ခဲ့တဲ့မြို့ကို တွေ့တော့ တာပဲဗျာ၊ အဲဒီမြို့မှာ အရူးမရှိတာကြာပြီတဲ့၊ နောက်ဆုံးအရူးမကြီးသေသွား တာ ခြောက်နှစ်ခုနစ်နှစ်ရှိနေပြီတဲ့၊ အရူးဆာနေတဲ့မြို့ပေါ့ဗျာ}}
]]ကြံကြံဖန်ဖန်ဗျာ၊ အရူးဆာနေတဲ့မြို့လို့ပဲ}}
]]ဟုတ်တယ်ဗျ၊ မြို့သူမြို့သားတွေက သူတို့မြို့မှာ အရူးတစ်ယောက် ရှိသင့်တယ်လို့တော့ ဘယ်ဆွေးနွေးကြမလဲ၊ အရူးဆာနေမှန်း ဘယ်လိုသိသာ သလဲဆိုရင် ကျွန်တော်အရူးလိုလုပ်ပြီး မြို့ကိုဝင်သွားတဲ့အချိန်မှာ ကျွန်တော့် ကိုအားရဝမ်းသာ သောင်းသောင်းဖျဖျကြိုဆို ကြတော့တာပဲ}}
]]ကိုစိန်သောင်း၊ ခင်ဗျားဟာ ဟုတ်မှလည်းလုပ်ပါဗျာ}}
]]ကိုတင့်ဝေက ကျွန်တော့်ကို ခုမှတကယ်ရူးနေပြီလို့ ထင်သွားပြီ ထင်တယ်၊ ကျွန်တော့်ကိုယ်တွေ့ဗျ၊ ကိုယ်တွေ့}}
+ + + + + + + + +
ကျွန်တော်ဒီမြို့မှာအရူးလုပ်နေမယ်လို့လည်း ဆုံးဖြတ်လိုက်ရော ကျွန်တော်ဟာ မြို့အပြင်ကိုထွက်၊ အဆင်သင့်ဆောင်လာတဲ့ ဝတ်စုံအစုတ် အပြတ်တွေကိုထုတ်ဝတ်လိုက်တယ်၊ ကျွန်တော့်ချိုင်းကြားမှာ အမြဲလွယ်ထား တဲ့ ပုဆိုးစုတ်အထုတ်ကြီးကို ခင်ဗျားတွေ့မှာပေါ့၊ အဲဒီအထုတ်ထဲမှာ ဘာတွေ ပါတယ်ထင်သလဲ။ ကျွန်တော်အခုဝတ်ထားတဲ့ ဟောဒီတက်ထရက်စ်အင်္ကျီ ရယ်၊ ရခိုင်ပုဆိုးရယ်ကို ခေါက်ထည့်ထားတာဗျ၊ ဟောဒီသားရေအိတ်ကြီး ကိုလည်း ပုဆိုးစုတ်ထဲမှာပဲ ခေါက်ထည့်ထားခဲ့တာ။
အခုလို နေရပ်ပြန်ဖို့လိုတဲ့အခါကျတော့ လူကောင်းသူကောင်းလို ဝတ်စားဖို့ အသင့်ဆောင်ထားတာလေဗျာ၊ ကျွန်တော်အခုလို ထွက်လာတော့ မြို့အပြင်အထိ အရူးအဝတ်အစားနဲ့ပဲသွား၊ လူသူပြတ်လတ်တဲ့နေရာကျ မှ ခုဝတ်ထားတဲ့အဝတ်အစားအကောင်းတွေနဲ့လဲဝတ်၊ ပြီးတော့မှ ရထား ပေါ်တက်လာတာဗျ၊ အဲဒီမြို့ကတည်းက ရထားပေါ်တက်စီးဖို့ မဖြစ်နိုင်ဘူး လေ၊ ရထားလက်မှတ်ကိုလည်း ကျွန်တော်တက်လာတဲ့မြို့က ဘူတာမှာ တစ်ရက်ကြိုပြီး လာဝယ်ထားရတာဗျ။
ကျွန်တော့်ရဲ့အရူးဝတ်စုံနဲ့ ပုဆိုးစုတ်ကြီးကတော့ ဟောဒီအိတ်ထဲ မှာနေရာပြောင်းပြီး ရောက်နေပြီလေ၊ အစုတ်အပြတ်တွေဆိုပြီး စွန့်ပစ်လို့ မဖြစ်သေးဘူးဗျ၊ ကျွန်တော်ပြန်တဲ့အခါကျ အခုလိုပဲ မြို့နဲ့ခပ်လှမ်းလှမ်းမှာ ဝတ်စုံအကောင်းနဲ့ အရူးဝတ်စုံ လဲဝတ်ရဦးမှာလေ။
အခု ကျွန်တော် အမေရှိတဲ့မြို့ကိုပြန်တာဗျ။
ဟောဒီသားရေအိတ်ကြီးထဲမှာ အရူးဝတ်စုံအပြင် ဘာပါသေးတယ် ထင်သလဲ၊ ငွေဆယ်သိန်းကျော်ပါတယ်ဗျ၊  ငွေဆယ်သိန်းဟာ ကျွန်တော် တစ်နှစ်လောက်ရှာထားတဲ့ငွေပဲ၊ ကျွန်တော်တစ်နှစ်တစ်ခါ ဇာတိမြို့ကိုပြန် ပြီး ငွေပို့တယ်၊ မြို့မှာ အမေနဲ့ညီမလေးရှိသေးတယ်လေ၊ အမေကတော့ ကျွန်တော်အရူးလုပ်နေတာ ဘယ်သိမှာလဲဗျာ၊ နယ်စပ်မှာအလုပ်သွားလုပ် တယ်လို့ အမေ့ကိုအသိပေးထားရတယ်။
+ + + + + + + + +
]]ကိုစိန်သောင်း၊ ခင်ဗျား လောကကြီးကို အရွဲ့တိုက်နေတာပေါ့ နော်}}
]]လောကကြီးကို အရွဲ့တိုက်တာမဟုတ်ဘူးဗျ၊ လောကကြီးနဲ့ အံဝင်ဂွင်ကျဖြစ်အောင်နေနေတာ}}
]]ခင်ဗျားအရူးလုပ်တာနဲ့ ဘယ်ကပိုက်ဆံတွေရသလဲ၊ ဘယ်လို နည်းနဲ့…   }}
]]ရိုးရိုးသားသားရတဲ့ငွေတွေပါဗျာ၊ ခင်ဗျားလည်းမြင်ခဲ့သားပဲ၊ တစ်မြို့လုံးက ကျွန်တော့်ကိုခင်တယ်၊ လိုလားတယ်လေ၊ သူတို့ပေးတဲ့မုန့် ဖိုးတွေစုထားတာပေါ့}}
]]ဆယ်သိန်းအထိအောင်ရသတဲ့လားဗျာ}}
]]ဒီမယ်၊ အရူးအနေနဲ့ အဲဒီမြို့မှာ နေပုံထိုင်ပုံကို ကျွန်တော်ပြော ပြမယ်၊ ကျွန်တော်အရူးလိုလုပ်ပြီး မြို့ကိုစဝင်တဲ့နေ့မှာပဲ ကျွန်တော့်ကို လိုလားကြတယ်ဆိုတာ သိလိုက်ရတယ်ဗျ၊ စစချင်းဆိုတော့ ကျွန်တော်လည်း ခပ်ကြောင်ကြောင်ပဲ၊ တကယ်မရူးပဲဟန်ဆောင်ရတာဆိုတော့ ကြောင်တာ ပေါ့ဗျာ၊ ဒါနဲ့ ကျွန်တော်လည်း ပေါက်ကရသီချင်းတွေဆို ကခုန်ပြီး မြို့ထဲ ကိုဝင်ခဲ့တယ်၊ ကျွန်တော့်ကိုလည်းမြင်လိုက်ရောဗျာ၊ ကလေးတွေက ဟိုမှာ အရူးကြီးဟေ့ အရူးကြီးဆိုပြီး ပြေးလာကြတယ်၊ ကျွန်တော်လည်း ငါ့ကို တကယ့်အရူးလို့တော့ထင်သွားပြီဟဆိုပြီး ကလေးတွေကို ကပြရတာပေါ့၊ အဲဒီမှာ အမှတ်မထင် ကျွန်တော်က ပါးစပ်ကိုလက်ဝါးနဲ့အုပ် ဖတ်ကနဲ ပြန်ဖွင့်ပြီး အားဘွားလို့ လုပ်ပြလိုက်တယ်၊ အဲဒီကတည်းက ကျွန်တော့်ကို အရူးအာဘွားဆိုပြီး တစ်မြို့လုံးက ခေါ်ကြတော့တာပဲဗျာ}}
+ + + + + + + + +
မြို့အစွန်မှာ မြို့ထောင့်စေတီဆိုတာရှိတယ်၊ ကျွန်တော်အဲဒီမှာ နေတယ်၊ ဒီမြို့ကိုရောက်ကတည်းက နေလာတာ အခုထိလည်း နေတုံးပဲ။
မနက်မိုးလင်းပြီဆို ကျွန်တော် ဘုရားထဲကထွက်လာပြီ၊ ကျွန်တော့် ကိုကျွေးမယ့်မွေးမယ့်ဆိုင်တွေမရှားဘူးဗျ၊ မနက်ဆို မုန့်ဟင်းခါးစားမလား၊ အကြော်စားမလား၊ လက်ဖက်ရည်သောက်မလား၊ အရူးအာဘွားကိုဆိုတွေ က ဝဲကမ်းပဲ။ ထမင်းဆိုရင်လည်း ဘယ်ဆိုင်ဝင်စားစား ကျွေးတာပဲ။ ထမင်း ကျန်ဟင်းကျန် အသိုးအကျိတွေကျွေးတယ်လို့မထင်နဲ့နော်၊ ကျွန်တော့်အတွက် သီးသန့်ကိုခူးကျွေးတာ၊ သူတို့ဆိုင်ကို ကျွန်တော်လာစားရင် လာဘ်ကောင်း လို့၊ ရောင်းကောင်းကြလို့တဲ့။
ဪ- နောက်ပိုင်းမှာ ကျွန်တော်က အကြံရပြီး ဆိုင်တွေကျွေး ချင်မွေးချင်အောင် လုပ်ခဲ့တယ်လေ၊ ဘုရားမှာကပ်ထားတဲ့ပန်းတွေကိုစွန့် ပြီးယူခဲ့တယ်၊ မနက်ဆိုရင် ဈေးလမ်းမကဆိုင်တွေကို တစ်ဆိုင်ကိုပန်းတစ် ပွင့်စီလိုက်ပေးတယ်၊ လူတွေက အရူးပေးတဲ့ပန်းဟာ လာဘ်ကောင်းတယ် လို့ယုံကြည်ကြတယ်ဗျ၊ တကယ်လာဘ်ကောင်းလို့လားတော့ မသိဘူး၊ ကျွန်တော့်ဆီက ပန်းရဖို့ အလုအယက်ပဲဗျို့၊ ကျွန်တော်က ပန်းပေး၊ အာဘွားလုပ်ပြီးဆုတောင်းသလိုလုပ်ပေးတာကို သိပ်သဘောကျကြတာကိုး၊ မနက်စောစောစီးစီး ဆိုင်ကိုအရူးလာပြီး ဒီလိုလုပ်တာ ရောင်းပန်းဝယ်ပန်း ပွင့်တယ်တဲ့လေ၊ သူတို့ဟာသူတို့ပြောနေကြတာ။
ကျွန်တော့်ကိုဆိုင်က မုန့်ပဲသရေစာကျွေးရုံမကဘူး၊ မုန်းဖိုးပဲဖိုး လည်းပေးကြတယ်၊ ပိုက်ဆံရတယ်ဆိုတာ အဲဒီလိုနည်းနဲ့ရတာပါ။
ကျွန်တော်ပြောပါရော၊ လူတွေဟာ သူတောင်းစားကိုသာ မလိုလား ရင်မလိုလားမယ်၊ နှင်ထုတ်ချင်နှင်ထုတ်မယ်၊ မပေးမကမ်းပဲနေချင်နေမယ်။ အရူးကိုကျ ဒီလိုသဘောမထားဘူးဗျ။ အဲ-အရူးကလည်း ကြမ်းကြမ်းတမ်း တမ်း ရိုင်းရိုင်းစိုင်းစိုင်းမဟုတ်ဖို့တော့ လိုတာပေါ့လေ။
ကျွန်တော်ကလည်း တကယ့်အရူးမဟုတ်ပဲ ဟန်ဆောင်အရူးဆို တော့ကာ လူအကြိုက်တမင်လိုက်ပြီးလုပ်နိုင်နေတာကိုး။
တစ်ခါတော့ဗျာ၊ သနပ်ဖက်ပွဲရုံရှေ့မှာ သနပ်ဖက်တွေကိုပုတ်တောင်း ကြီးတွေနဲ့ထည့်ပြီး တောင်ပုံယာပုံထားတာတွေ့တော့ ကျွန်တော်ကဘာရယ် မဟုတ်ဖူး၊ အရူးနဲ့တူအောင်ဟန်ဆောင်ရင်းက သနပ်ဖက်ပုတ်တွေကို ကွမ်းတံတွေးနဲ့ထွေးလိုက်တယ်။ သနပ်ဖက်တွေကို ဖောက်သည်ကလာမယူ လို့ ပိုင်ရှင်တရုပ်ကြီးက စိတ်ညစ်နေတာကိုးဗျ။
ကျွန်တော်လည်း ကွမ်းတံတွေးနဲ့ထွေးပြီးထွက်သွားပါလေရော၊ ယူနေကျဖောက်သည်မဟုတ်တဲ့ ကုန်သည်တစ်ယောက်ရောက်လာပြီး သနပ်ဖက်တွေကို ဈေးတည့်ပြီးအကုန်ဝယ်သွားတယ်၊ ကားပေါ်တစ်ခါတည်း တင်ယူသွားသတဲ့ဗျာ၊ တရုပ်ကြီးက အရောင်းအဝယ်ဖြစ်ပြီးတာနဲ့ ကျွန်တော့် နောက်ကိုကားနဲ့လိုက်လာပြီး အတင်းခေါ်တော့တာပဲ။ သူ့အိမ်မှာ ထမင်းကျွေး တယ်၊ ကွမ်းယာတွေဆိုတာ ကျွန်တော်ဘယ်လိုစား သလဲမေးပြီး လမ်းထိပ်က သူကိုယ်တိုင်သွားဝယ်တယ်ဗျ၊ နေ့တိုင်း သူ့ပွဲရုံရှေ့လာပြီး ကုန်ပစ္စည်းတွေ ကိုကွမ်းတံတွေးနဲ့ထွေးပေးပါတဲ့၊ ကိုတင့်ဝေရေ- ကျွန်တော့်မှာ အခုထိ နေ့တိုင်း တရုပ်ကြီးပွဲရုံရှေ့မှာ သနပ်ဖက်တင်မကဘူး၊ ပဲတွေနှမ်းတွေ၊ ဆီပုံး တွေပါမကျန် ကွမ်းတံတွေးနဲ့လိုက်ထွေးပေးရတယ်ဗျ။
တရုပ်ကြီးက ကျွန်တော့်ကိုခင်နေလိုက်တာ၊ နှစ်သစ်ကူးဆိုရင် ကျွန်တော့်ကိုအဝတ်အစားအသစ်တွေတောင် ဝယ်ပေးတယ်ဗျ၊ ကျွန်တော် ကတော့ အရူးနဲ့မလိုက်ဖက်လို့ သူဝယ်ပေးတဲ့ဟာတွေ ပြန်ရောင်းစားလိုက် တာပဲ။
တစ်ခါတော့ အခုလိုပဲပေါ့၊ စုမိတဲ့ပိုက်ဆံလေး အမေ့ကိုပေးဖို့ ဇာတိမြို့ကိုခိုးပြန်သွားတယ်၊ နှစ်ရက်သုံးရက်လောက်တော့ကြာသွားတာပေါ့ ဗျာ၊ တရုပ်ကြီးမှာ ကျွန်တော်ပျောက်သွားလို့ဆိုပြီး နေမထိထိုင်မထိဖြစ်ပြီး လိုက်ရှာနေတာတဲ့၊ ရဲစခန်းကိုတောင် ကျုပ်ကိုပြန်ရှာပေးဖို့သွားပြော     သတဲ့ဗျို့။
 တရုပ်ကြီးပြောပြတာနဲ့ တစ်မြို့လုံးက ကျွန်တော့်ကိုလာဘ်ကောင် လို့ထင်ကုန်ကြတယ်၊ ဈေးဒေါင့်က ကုန်မာဆိုင်ကကုလားကြီးလည်း ဒီလို ပဲ။ မနက်တိုင်း ကျွန်တော်က သူ့ဆိုင်ကို ပန်းတစ်ပွင့်သွားသွားပို့ပေးရ တယ်။ သူကိုယ်တိုင်က လာပို့ပေးဖို့မှာထားတာလေ။ ကုလားကြီးက ကျွန်တော်ဘုရားကယူလာတဲ့ပန်းကို ဖန်အိုးနဲ့ထည့်ပြီး ဆိုင်ကောင်တာပေါ် မှာ တယုတယတင်ထားတာဗျ။ ဈေးရောင်းကောင်းလို့တဲ့။ ကျွန်တော်ပန်း သွားပို့တိုင်း ကျွန်တော့်ကို ငါးရာတန်တစ်ရွက်အမြဲပေးတယ်၊ ပိုက်ဆံရ တယ်ဆိုတာ အဲဒီနည်းမျိုးနဲ့ရတာပါဗျာ၊ ကဲ-ကျွန်တော်ငွေရတဲ့နည်းကို မတော်တရော်လုပ်ပြီးရတာလို့ ပြောလို့ရမလားဗျာ။
ကုလားကြီးဟာ ကျွန်တော့်ကိုဘယ်လောက်ခင်သလဲဆိုရင် တစ်ခါ တော့ ကျွန်တော်မိုးမိပြီးနေမကောင်းဖြစ်လို့ ဘုရားထဲကမထွက်နိုင်ဘူး၊ နှစ်ရက်ဆက်တိုက်ပျောက်နေတာနဲ့ စုံစမ်းပြီး ဘုရားထဲလိုက်လာတယ်။ ကျွန်တော်ဖျားနေတာလဲတွေ့ရော သူ့ကားနဲ့တင်ခေါ်သွားပြီး ဆေးခန်းကို ပို့ပေးတယ်၊ ဆေးကုပေးတယ်။
ဆေးခန်းမှာလည်း ကျွန်တော်က လူနာတွေကို ]]အာဘွား၊ အာဘွား}}နဲ့လိုက်လုပ်နေတော့ ဖျားနေတဲ့လူနာတွေတောင် ကျွန်တော့်ကို ကြည့်ပြီး ရယ်ကြတယ်ဗျာ၊ ဆရာဝန်ကလည်း ကျွန်တော်လာလို့ သူ့ဆေးခန်း လာဘ်ကောင်းတယ်တဲ့၊ မှတ်ချက်ချတယ်ဗျ။ အဲဒါခေတ်ပညာ တတ်ဆရာဝန်ကြီးနော်။
ကျွန်တော့်ကို တစ်မြို့လုံးက အဲဒီလို လိုလိုလားလားရှိနေတော့လည်း ကျွန်တော်ကိုယ်တိုင်ဒီမြို့လေးမှာပျော်လာတယ်၊ သံယောဇဉ်တွယ် လာတယ်။
ကျွန်တော့်ရောက်ခါစက အမှတ်မထင်လုပ်ပြလိုက်တဲ့ ]]အာဘွား}} ဆိုတာဟာ ကျွန်တော့်အတွက် အမှတ်အသားတစ်ခုဖြစ်လာတယ်ဗျာ။ ကလေးတွေက ကျွန်တော့်ကိုမြင်ရင် ကျွန်တော်လုပ်သလို အာဘွားလုပ်ပြတယ်။ ကျွန်တော်ကပြန်လုပ်ပြရင် သူတို့ပျော်ကြတယ်။ မိန်းကလေးတွေ ကလည်း ကျွန်တော်အာဘွားလုပ်ပြလို့ စိတ်မဆိုးကြဘူး၊ ရယ်ပြုံးပြီးတော့တောင် သွားကြသေးတယ်။
ကျွန်တော်ရောက်ရောက်ချင်းနှစ်က အဲဒီမြို့သင်္ကြန်မှာ ]]အာဘွား- အာဘွား}}ဆိုတဲ့အသံတွေ မိုးမွှန်နေတာပဲဗျာ၊ သင်္ကြန်လည်တဲ့လူအချင်းချင်း စကြနောက်ကြတာ။ ကျွန်တော့်အမူအရာအတိုင်း ပါးစပ်ကိုလက်နဲ့ပိတ်ပြီး မှပြန်ဖွင့်ပြပြီး အာဘွားလို့အော်တဲ့ပုံစံအတိုင်းလေ။ မြို့ကလူတွေက ကျွန်တော့် ကို အဲဒီလောက်အလေးထားကြပါတယ်။
ကိုတင့်ဝေစဉ်းစားကြည့်လေ၊ ကျွန်တော့်ဘ၀ဟာဘယ်လောက် လွတ်လပ်သလဲ၊ နေစရာလည်း မပူရ၊ စားစရာလည်း မပူရ၊ ပိုက်ဆံလည်း ရသေးတယ်။ ကျွန်တော်ရတဲ့ပိုက်ဆံကို ကျွန်တော်ဓားပြတိုက်ယူတာမဟုတ်ဘူး၊ အတင်းအဓမ္မတောင်းယူတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင် ကြည်ကြည် ဖြူဖြူနဲ့ကျွန်တော့်ကိုပေးကြတာ။
ကျွန်တော့်မှာ ဘာလူမှုရေးကိုမှလည်း ထောက်ထားငဲ့ညှာစရာမလိုဘူး။ မင်္ဂလာဆောင်တစ်ခုကို ကျွန်တော်လက်ဖွဲ့ထည့်စရာမလိုဘူး၊ နာရေး တစ်ခုကိုသတင်းသွားမမေးလို့ ကျွန်တော့်ကိုဘယ်သူကမှစိတ်မဆိုးဘူး။
ဩော-ကျွန်တော်ပိုက်ဆံရတဲ့နည်းတစ်ခု ရှိသေးတယ်ဗျ။ အရူးစကားမှန်တယ်ဆိုပြီး ကျွန်တော့်ကို တစ်ချို့က နှစ်လုံးဂဏန်းတို့၊ ချဲဂဏန်း တို့တောင်းတယ်ဗျ။ ကျွန်တော်လည်း ပါးစပ်ထဲပေါ်လာရာ တွေ့ကရာ ဂဏန်းကိုပြောချလိုက်တာပဲ။ ခင်ဗျားစဉ်းစားကြည့်ဗျာ၊ ဂဏန်းက ဆယ်လုံး ရှိတာ၊ နှစ်လုံးဂဏန်းအတွက်တွဲမယ်ဆိုရင် အတွဲတစ်ရာရှိတာမဟုတ်လား။ ကျုပ်ကတစ်နေရာကိုဂဏန်းတစ်မျိုးနဲ့ နေရာ၂၀လောက် မှာပြောခဲ့တာဆိုတော့ တစ်ခုမဟုတ်တစ်ခုကတော့ တိုးတာပေါ့ဗျာ။
လူ့သဘောကလည်း ခက်သားဗျ။ ကျွန်တော်ပေးခဲ့တဲ့ဂဏန်း မပေါက်လို့ ကျွန်တော့်ကိုဘယ်သူကမှမပြစ်မပြောဘူး၊ မှန်လည်းမမှန်ဘူး လို့လည်း အပြစ်မတင်ကြဘူး။ အဲ-ကျွန်တော်ပြောတဲ့ဂဏန်းမတော်တဆ တိုးသွားပြီဆိုရင်တော့ အရူးကြီးအာဘွားပေးသွားတဲ့ဂဏန်းက မှန်တယ် ဟေ့ဆိုပြီး တစ်မြို့လုံးဟိုးဟိုးကျော်သွားတော့တာပဲ။ ကျွန်တော့်မှာ နေ့တိုင်း ရောက်တဲ့နေရာတိုင်းမှာ နှစ်လုံးဂဏန်းပေးနေရတယ်ဗျို့၊ ကျွန်တော်ကတော့ တစ်နေရာတစ်မျိုး စိတ်ထဲပေါ်လာရာပြောလိုက်တာပဲ။ ဒီတော့လည်း တိုး တာပေါ့ဗျာ။ ကျွန်တော်ပေးတဲ့ဂဏန်းပေါက်တယ်ဆိုရင် ကျွန်တော့်ကို မုန်းဖိုး ပေးကြသေးတာဗျ။ နောက်ရက်တွေကျရင်လည်း ကျွန်တော့်ဆီက ဂဏန်း ကိုလိုချင်ကြသေးတာကိုး။
တစ်ချို့ ကျွန်တော့်ကို တကယ့်အရူးမဟုတ်ဘူး၊ အရူးယောင်ဆောင် ထားတဲ့ မြေလျှောက်ဝိဇ္ဇာလို့ထင်ကြသေးတာဗျ၊ ဟား-ဟား-ဟား။
+ + + + + + + + +
]]ခင်ဗျားခုလိုအရူးယောင်ဆောင်နေတော့ အသိမိတ်ဆွေတွေနဲ့ မတိုးဘူးလားကိုစိန်သောင်း}}
]]တိုးတာပေါ့၊ ကျွန်တော့်ဇာတိမြို့ကလူတွေနဲ့ သုံးလေးကြိမ်ပက်ပင်း တိုးဘူးတယ်၊ ဒါပေမယ့် သူတို့စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားကြတာပါပဲ၊ ခင်ဗျားလိုပေါ့၊ ခင်ဗျားလည်း ကျွန်တော်ခုလိုပြောပြနေလို့သာ အကြောင်း စုံသိရတာလေ၊ ခင်ဗျားနဲ့ကျွန်တော်ခုလိုသာမဆုံရင် ဟိုမြို့မှာတွေ့ခဲ့တဲ့ အရူးအာဘွားဆိုတာ ကိုစိန်သောင်းအစစ်ပဲလား၊ လူတူလို့များလားဆိုပြီး ခင်ဗျားဇဝေဇဝါနဲ့ပြန်သွားရမှာပဲ၊ ဟုတ်တယ်မဟုတ်လား}}
]]ဟုတ်ပါတယ်၊ ဟုတ်ပါတယ်}}
]]တစ်ခါတော့ ကျွန်တော့်ဇာတိမြို့ကလူတစ်ယောက် ကျွန်တော့် ကိုမှတ်မိသွားတယ်၊ သူက အမေ့ကိုပြန်ပြောတယ်လေ၊ အမေကလည်း စိတ်မကောင်းဘူးပေါ့၊ ဒါပေမယ့် ကျွန်တော်ငွေပြန်ပို့တဲ့အချိန်မှာ အမေရော ဟိုလူရော သံသယရှင်းသွားတယ်၊ ဟိုလူလည်း သူမြင်ခဲ့တဲ့အရူးဟာ ကျွန်တော်နဲ့တူလို့ပဲလို့ထင်သွားတယ်၊ တစ်နှစ်တစ်ခါ ငွေသိန်းနဲ့ချီပြီးရှာ လာနိုင်တဲ့လူကို တစ်မြို့တစ်ရွာမှာရူးနေမယ်လို့ ဘယ်သူကစွတ်စွဲမှာလဲဗျာ}}
]]ခင်ဗျားဒီအတိုင်းပဲနေသွားတော့မှာလားကိုစိန်သောင်း}}
]]အမြဲမနေပါဘူး၊ ကျွန်တော့်ဘ၀အတွက်လုံလောက်တဲ့ ငွေရရင် ကျွန်တော်တော်ပါပြီ၊ နောက်လေးငါးနှစ်လောက်အထိတော့ ဒီလိုပဲဆက် လှုပ်ရှားနေဦးမယ်ဗျာ၊ ကျွန်တော် အိမ်ထောင်လည်းပြုဦးမှာပါ၊ ဒါပေမယ့် မြို့ကလေးကလူတွေ အရူးမရှိပဲ ကျန်ခဲ့မှာကိုလည်း ကျွန်တော်သနားနေ တယ်ဗျ၊ ဒီတော့ ကျွန်တော့်နေရာမှာအစားဝင်ဖို့ တကယ့်အရူးတစ်ယောက် ပေါ်လာတဲ့အထိတော့ စောင့်မှဖြစ်မယ်လို့ ကျွန်တော်ထင်တယ်}}
]]ပေါက်ပေါက်ရှာရှာဗျာ}}
]]ဟုတ်တယ်ကိုတင့်ဝေ၊ ကျွန်တော်မရှိရင် သူတို့ပျင်းကျန်ခဲ့မှာ ဗျ၊ မြို့ကတချို့လူတွေအတွက် ကျွန်တော်ဟာ သူတို့အတွက်မျှော်လင့်ချက် ပဲ၊ စိတ်အပန်းပြေစရာပဲ၊ ကျွန်တော့်ကိုလာဘ်ကောင်လို့ယူဆထားတဲ့လုပ်ငန်း ရှင်တွေဟာ ကျွန်တော်မရှိတော့ရင် သူတို့လာဘ်ပိတ်သွားပြီလို့ ခံစားရမှာ ပဲဗျ၊ ကျွန်တော့်ဆီက ချဲနံပါတ်၊ နှစ်လုံးနံပါတ်တောင်းနေကျလူတွေဟာ ကျွန်တော်မရှိရင် ဘယ်ကသွားတောင်းမလဲ၊ တကယ်တော့ ကျွန်တော်ဟာ တစ်မြို့လုံးရဲ့ စိတ်ကို အဆာပြေအောင်လုပ်ပေးနေတဲ့လူတစ်ယောက်ပါဗျာ၊  ဒီမြို့ကလေးကို ကျွန်တော်သံယောဇဉ်ရှိနေပြီ}}
]]ခင်ဗျားဗျာ၊ ဘွဲ့ရပညာတတ်တစ်ယောက်လုပ်နေပြီး ပေါက်ကရ လုပ်တယ်}}
]]ဘာ-ဘွဲ့ရပညာတတ်၊ ဟုတ်လား၊ ပညာတတ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲကိုတင့်ဝေ၊ ကျွန်တော်အခုလုပ်နေတဲ့အလုပ်ဟာလည်း ပညာနဲ့ပဲမဟုတ်ဘူးလားဗျ၊ ကျွန်တော်ဟာ လူတွေစိတ်အဆာပြေအောင် လုပ်ပေးတယ်၊ ကျွန်တော်သူတို့ဆီက ဘာမှလိမ်မယူဘူး၊ ဘိုးတော်ဆိုတဲ့ လူတွေ၊ ဗေဒင်ဆိုတဲ့လူတွေ၊ အကြာအမြင်ဆိုတာတွေကမှ လူတွေဆီက လိမ်ယူကြသေးတာဗျ။ သူတို့ကျွန်တော့်ကိုပေးတဲ့မုန့်ဖိုးဟာ စေတနာသုံးတန် ပြဌာန်းပြီး ကြည်ကြည်ဖြူဖြူပေးကြတာ၊ ဒါအတွက် ကျွန်တော်စိတ်သန့်တယ်၊ မြို့ကလေးက ကျွန်တော့်ကိုအကျိုးရှိအောင်လုပ်ပေးလို့ ကျွန်တော်ကလည်း မြို့ကလေးကလူတွေ ပျော်အောင် စိတ်အစာပြေအောင်ပြန်လုပ်ပေးပါတယ်၊ လမ်းမှာကလေးတွေကိုကပြတာ၊ နေ့တိုင်း ပန်းတွေပို့ပြီး အရောင်းအဝယ် ကောင်းအောင်ဆုတောင်းပေးတာတွေဟာ မြို့ကလေးရဲ့ကျေးဇူးတွေကို ပြန်ဆပ်နေတာပါကိုတင့်ဝေ}}
]]ကျွန်တော်တော့ နားမလည်နိုင်ပါဘူးကိုစိန်သောင်း}}
]]ဟုတ်တယ်၊ သမားရိုးကျအတွေးအခေါ်ရှိတဲ့လူတွေဟာ ကျွန်တော့်ကို နားလည်နိုင်မှာမဟုတ်ဘူး၊ ကျွန်တော့်အဘိဓမ္မာတွေကိုလည်း လက်ခံနိုင်မှာမဟုတ်ဘူး၊ အရူးယောင်ဆောင်နေတဲ့ကျွန်တော့်ကို အရူးယောင် ဆောင်တဲ့ရူးနည်းနဲ့ ရူးနေတယ်လို့ထင်ကြမှာပဲ}}
]]အရူးယောင်ဆောင်တဲ့ရူးနည်း၊ ဟုတ်လား}}
]]ကဲပါ၊ ကိုတင့်ဝေ၊ ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာတယ်ဗျာ၊ ကျွန်တော့်ဘ၀ကို ခင်ဗျားတစ်ယောက်ကိုပဲ အိတ်သွန်ဖာမှောက်ပြောပြဖူး တာဗျ၊ ဒါပေမယ့် ဒါတွေကို တခြားလူတွေပြန်ပြောပြမနေပါနဲ့ဗျာ၊ ပြောရင် ဘယ်သူမှယုံမှာမဟုတ်ဘူး၊ ခင်ဗျားကိုအရူးလို့ အစွတ်စွဲခံရလိမ့်မယ်}}
]]ဗျာ-}}
]]ဟော-ကျွန်တော်တို့မြို့ကိုရထားဆိုက်တော့မယ်ဗျို့၊ သွားပြီဗျာ}}
+ + + + + + + + +
                                                                           နွေတမာန်

No comments: