Saturday 28 July 2012

ဆောင်းလုလင် - သရဲမလေး မခင်မွှေ


ဆောင်းလုလင်
သရဲမလေးမခင်မွှေ
သရဲဟာသဝတ္ထု

တကယ်တော့ သူ့နာမည်အရင်းက မခင်မွှေးပါ။ မခင်မွှေဆိုတာက သူ့အကျင့်ကိုသိတဲ့ အရပ်ထဲကလူတွေက နာမည်ပြောင် လုပ်ပြီးခေါ်ကြတာ။
ခင်မွှေးကို ခင်မွှေလို့ပြောင်းခေါ်ရလောက်အောင်လည်း သူဟာ တော်တော်ကို ဂြိုဟ်မွှေခဲ့တဲ့ အမွှေမလေးတစ်ယောက်ပါ။
တစ်နေ့မှာ တစ်ခုခုမွှေလိုက်ရမှအားရတဲ့မခင်မွှေလေ။
သူ့ရဲ့မွှေချင်တဲ့စရိုက်က ငယ်ငယ်လေးကတည်းကကို စပြီးပေါ်လွင်နေတာပါ။
မခင်မွှေငယ်ငယ်ကကျောင်းတက်တုန်းက အဖြစ်တစ်ခုကိုကြည့်။
ငါးတန်းနှစ်မှာပေါ့။ သူက သချာFမှာညံ့တော့ သချာFဆရာက မခင်မွှေကို အမြဲတန်းဆူတယ်။ တစ်နေ့တော့  ...မခင်မွှေက သချာFဆရာအချိန်မှာ အိမ်သာသွားပါရစေလို့ခွင့်တိုင်ပြီး အခန်းအပြင်ကို ထွက်သွားတယ်။ အိမ်သာကိုတကယ်သွားတာမဟုတ်ပါ ဘူး။ ကျောင်းအုပ်ကြီးရုံးခန်းဘေးက အတန်း ပြောင်းခေါင်းလောင်းထိုးတဲ့ ကားဘီးသံခွေကြီးချိတ်ထားတဲ့နေရာကိုသွားတာပါ။ အဲဒီ ကိုရောက်တော့ သံခွေအပေါက်မှာထိုးထားတဲ့သံချောင်းကိုယူ အတန်းပြောင်းခေါင်းလောင်းထိုးတဲ့နည်းအတိုင်း နှစ်ချက်စီ နှစ်ချက်စီ ဆင့်ပြီးခေါက်တော့တာပါပဲ။ ဘာသာရပ်တစ်ခုစီအတွက် ဆရာတွေစာသင်ဖို့ အချိန် သတ်မှတ်ထားတာက နာရီဝက်ပါ။ ဆယ့်ငါးမိနစ်လောက်နဲ့ အတန်းပြောင်းခေါင်းလောင်းသံ ထွက်လာ တော့ အားလုံးကြောင်ကုန်ကြတယ်။ တစ်ချို့ဆရာတွေကလည်း သတိမထားမိဘူး။ တကယ်အချိန်စေ့ပြီ ထင်ပြီး တခြားအခန်းကို ကူးကုန်ကြတယ်။ နာရီကိုကြည့်မိတဲ့ဆရာဆရာမတွေကတော့ ခေါင်းလောင်း ထိုးချိန်စော တာကိုသတိထားမိတာပေါ့။ ဒါပေမယ့် တခြားဆရာတွေအခန်း ကူးကြတော့ သူတို့လည်း သင်လက်စစာကိုဖြတ်ပြီး နောက်သင် ရမယ့်အခန်းကိုကူးကြတယ်။
မခင်မွှေကတော့ အိမ်သာကပြန်လာသလိုလိုနဲ့ အခန်းထဲခပ်တည်တည်ဝင်ပြီး ပြန်ထိုင် နေပါပြီ။
ဒါပေမယ့်  ...မခင်မွှေ အတန်းပြောင်းခေါင်းလောင်းလာထိုးတာကို ဆရာတွေနားနေခန်းမှာ အချိန်အားလို့နားနေတဲ့ ဆရာမ တစ်ယောက်က မြင်လိုက်တယ်။ မခင်မွှေရဲ့အတန်းပိုင်ဆရာမကို သွား ပြောတယ်။
ဒါနဲ့ပဲ မခင်မွှေတစ်ယောက် တစ်ကျောင်းလုံးရှေ့မှာ ကြိမ်နဲ့အဆော်ခံခဲ့ရပါရောလား။
မခင်မွှေတို့မွှေတယ်ဆိုတာက သေးသေးမွှားမွှားမွှေတာမျိုးမဟုတ်ပါဘူး။ အဲဒီလို  ...ဆရာတွေ ရော ကျောင်းသားတွေရော တစ်ကျောင်းလုံး တုန်လှုပ်သွားအောင်မွှေတာမျိုးပါ။
တစ်ခါကလည်း ကျောင်းမှာ (၇)တန်းအေက အတန်းပိုင်ဆရာ ဦးကျော်စွာနဲ့ ခြောက်တန်းစီက အတန်းပိုင်ဆရာမဒေါ်အေးအေးမြင့်နဲ့ ကြိုက်နေကြတယ်။ ကျောင်းအဆင်းမှာ ဘုရားဝင်းထဲက ညောင်ပင်ကြီးအောက်မှာ ချိန်းတွေ့ကြတယ်ဆိုတဲ့သတင်းထွက်လာတယ်။ ဆရာမဒေါ်အေးအေးမြင့်က အိမ်ပြန်ရင် ဘုရားဘေးကနေဖြတ်ပြန်ရတာမို့ ထွက်လာတဲ့သတင်းက ယုံလောက်စရာဖြစ်နေတယ်။ ခက်တာက ဆရာဦးကျော်စွာက လူပျိုမဟုတ်ဘူး၊ အိမ်ထောင်သည်။ ဦးကျော်စွာမိန်းမက ဒီသတင်း ကြားတော့ သူ့ယောက်ျားကိုရန်လုပ်တယ်။ ဆရာကျော်စွာကငြင်းပေမယ့် သတင်းက လူတကာပြောပြီး ခိုင်လုံသလောက်ဖြစ်နေတော့ ရှင်းမရဘူး။
ဦးကျော်စွာကတော်က ကျောင်းကိုလိုက်လာပြီး ကျောင်းအုပ်ကြီးကို တိုင်တာတောတာ၊ ဆရာဆရာမတွေဆီမှာ စုံစမ်းတာတွေဖြစ် လာရော။ ဒါနဲ့ ကျောင်းအုပ်ကြီးလည်း မနေနိုင်တော့ပဲ ဒီသတင်းထွက်လာတဲ့အရင်းအမြစ်ကို ကျောင်းသားကျောင်းသူတစ်ယောက်ချင်းဆီမှာ စုံစမ်းရတော့ တယ်။
ဒီသတင်းဘယ်ကထွက်လာတယ်ဆိုတာ တစ်ဆင့်ချင်းလိုက်လိုက်တော့မှ သတင်း ကိုစတင် ဖြန့်ချီသူက မခင်မွှေဖြစ်နေတာ တွေ့ ရတော့တယ်။
မခင်မွှေက ဆရာကိုကျော်စွာနဲ့ဆရာမအေးအေးမြင့် ညောင်ပင်ကြီး အောက်မှာဖက် နေတာ သူ့မျက်စိနဲ့ဒိဌမြင်ရပါတယ်ဆိုပြီး မိန်းကလေးသူငယ်ချင်းတွေကို အတည်ပေါက်လုပ် ပြောပြရာက ဒီသတင်းပျံ့နှံ့သွားတာပါ။
ဒီတစ်ခါမွှေပုံက တော်တော်ကိုဆိုးလို့ ကျောင်းအုပ်ကြီးက မခင်မွှေ မိဘတွေခေါ်ပြီး သတိပေးလက်မှတ်ထိုးခိုင်းရတဲ့အထိပါပဲ။ ငါးတန်းကျောင်းသူလေးမွှေပုံက ကြီးကျယ်လွန်းလို့ ဆရာမတွေလည်း ရင်ဘတ်တဖိဖိဖြစ်ကုန်ခဲ့ရတာပေါ့။
မခင်မွှေကိုတော့ သူ့အမေက ဆရာကြီးရုံးခန်းရှေ့မှာတွင် ဆရာကြီးဆီကကြိမ်လုံးငှားပြီး ကျောကော့အောင်ရိုက်ပစ်လိုက်တယ်လေ။
+ + + + +
ကျောင်းနေစဉ်အရွယ်တုံးက မွှေပုံက ဒါလောက်တွင် မဟုတ်သေးပါဘူး။ အရပ်ထဲမှာလည်း မွှေနေတာပါပဲ။
အပျိုကြီးတစ်ယောက်ကိုကြိုက်နေတဲ့လူပျိုကြီးကို သူစာပေးပေးပါမယ်ဆိုပြီး ရည်းစားစာ ရေးခိုင်းတယ်။ ရည်းစားစာကို အပျိုကြီးဆီ သွားမပေးပဲ အပျိုကြီးက စာပြန်သယောင်နဲ့ ပြန်စာကို သူကိုယ်တိုင်ရေးတယ်။ သုံးစောင်မြောက်စာမှာ အပျိုကြီးက သူ့အတွက် မိတ်ကပ်ဗူး နဲ့ရေမွှေးပုလင်း ဝယ်ပြီးလက်ဆောင်ပေးပါလို့ရေးလိုက်ပါလေရော။ လူပျိုကြီးကလည်း ရူးပေါပေါဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် မဆင်ခြင်ဘူး။ ပိုက်ဆံစုပြီး မရရအောင်ဝယ် ပေးလိုက်တယ်။ မခင်မွှေကတော့ အရွယ်နဲ့မလိုက်အောင် မိတ်ကပ်အကောင်းစားတွေ ရေမွှေးတွေသုံးပြီး ဟုတ်လို့ပေါ့။
အလိမ်ပေါ်တာက ရပ်ကွက်ဘုရားပွဲမှာပါ။ ရူးပေါပေါလူပျိုကြီးက ပွဲခင်းထဲမှာ အပျိုကြီး နားကို ရဲရဲတင်းတင်းကပ်သွားတယ်။ ပိုင်စိုးပိုင်နင်းပဲ စကားတွေပြောတယ်။ သူကလည်း တစ်ယောက်နဲ့ တစ်ယောက် စာခြောက်စောင်အပြန်အလှန်ပေးပြီးတဲ့ ချစ်သူရည်းစားတွေလို့ထင်နေတော့ ရဲတင်းနေတာ ပေါ့လေ။ သူဝယ်ပေးတဲ့မိတ်ကပ်ကြိုက်ရဲ့လား၊ ရေမွှေး ဘာလို့စွတ် မလာသလဲဆိုတဲ့စကားလည်း ရောက်ရော ခပ်စွာစွာအပျိုကြီးက ကက်ကက်လန် ပြန်ရန်တွေ့ပါလေရော။ ရှင်းမရအောင်ရှုပ်ကုန်လို့ နောက်ဆုံး အပျိုကြီးက လူပျိုကြီးကို ဖိနပ်ချွတ်ပါးရိုက်ဖို့ပြင်တယ်။ ဘေးနားကလူတွေဝိုင်းဆွဲလို့ လူပျိုကြီးအရိုက်ခံလွတ်သွားတာပါ။
အရင်းစစ်လိုက်တော့မှ ကြားထဲကဝင်မွှေထားတဲ့သူဟာ မခင်မွှေ ဖြစ်မှန်းသိလိုက်တော့ တယ်။ မခင်မွှေကတော့ ရူးပေါပေါလူပျိုကြီးကိုသိပ်မကြောက်ရပေမယ့် ခပ်စွာစွာအပျိုကြီးပါးစပ်ကိုကြောက်လို့ တစ်ပတ်လောက် အပြင်မထွက်တော့ဘူး။
+ + + + +
အဲဒီလို ငယ်စဉ်ကာလကလေးဘ၀အရွယ်မှာပါပဲ။ ကြီးကြီးကျယ်ကျယ်လုပ်ရပ်တစ်ခုနဲ့ ထပ်မွှေ ပါသေးတယ်။ ဒီတစ်ခါမွှေတာတော့ မပိရိလို့ သူ့အဖေအဆော်ခံထိလိုက်တာပဲ အဖတ်တင်ပါတယ်။
ဒါပေမယ့်  ...မခင်မွှေတို့မွှေပုံက ဘယ်လောက်ထိကြီးကျယ်တယ်၊ အဆင့်အတန်းမြင့်တယ် ဆိုတာတော့ လေ့လာကြည့်ပါဦး။
တစ်မနက်  ...ဝေလီဝေလင်း မနက်လေးနာရီလောက်အချိန်ကြီးမှာ မခင်မွှေဟာ အိမ်ပြင် ကနေ အိမ်ထဲကိုပြေးဝင်လာတယ်။
]]အမေ၊ အဖေ၊ လုပ်ကြပါဦး၊ လုပ်ကြပါဦး၊ သမီးကို ဂြိုဟ်သားတွေဖမ်းခေါ်တော့မလို့၊ အမလေး  ...မနည်းထွက်ပြေးခဲ့ရတယ်}}
မခင်မွှေအော်သံကကျယ်လွန်းလို့ အိမ်နီးချင်းတွေပါ နိုးကုန်ကြတယ်။
ကြောက်လန့်တုန်လှုပ်နေပုံရတဲ့မခင်မွှေကို ဝိုင်းပြီးမေးမြန်းကြည့်ကြတော့ သူဟာ အပေါ့ အပါးသွားဖို့အိမ်ပြင်ကအိမ်သာကိုထွက်အလာ နောက်ဖေးဖက်ကွင်းပြင်ကြီးထဲကို ယာဉ်ပျံကြီးတစ်စီး ဆင်းလာတာ မြင်လိုက်ရပါတယ်တဲ့။ ယာဉ်ပျံကြီးကလည်း မီးရောင်စုံတွေလင်းလက် နေတာပဲတဲ့။
ယာဉ်ပျံကြီးဟာ သူတို့အိမ်နောက်က ကွက်လပ်ထဲကိုဆင်းလာပြီး ရပ်လိုက်တယ်တဲ့။ မခင်မွှေတို့အိမ်တန်းလေးရဲ့နောက်ဖက်ဟာ တောထနေတဲ့မြေကွက်လပ်ကြီးပါ။ အဲဒီရဲ့ဟိုဖက်မှာ တော့ ရှေးဟောင်းဘုရားပျက်တစ်ဆူရှိတယ်။
မခင်မွှေဆက်ပြောတာက ဒီလိုပါ။ ကွက်လပ်ထဲဆင်းသက်ရပ်နားလိုက်တဲ့ယာဉ်ပျံကြီးထဲ ကနေ သူ့ရဲ့ခါးလောက်ပဲရှိတဲ့ လူသေးသေးလေးသုံးယောက်ဆင်းလာကြတယ်တဲ့။ အဲဒီ လူသေးသေး လေးတွေက သူ့ကိုလက်ယပ်ပြီးခေါ်တယ်တဲ့။ မခင်မွှေဟာ လူသေးသေးလေးတွေ လှမ်းခေါ်တာကို မလွန်ဆန်နိုင်ပဲ ယာဉ်ပျံကြီးနားကိုလျှောက်သွားမိပါတယ်တဲ့။ ယာဉ်ပျံကြီးနားလည်းရောက်ရော ယာဉ်ပျံကြီးဟာ တခြားဂြိုဟ်ကမ္ဘာတစ်ခုကလာတဲ့ ပန်းကန်ပြားပျံကြီးဖြစ်တယ်ဆိုတာ သူသိလိုက်တယ် တဲ့။ ပန်းကန်ပြားပျံပေါ်ကဆင်းလာတဲ့ လူသေးသေးလေးတွေ ဆိုတာလည်း မခင်မွှေအပြောကတော့ ဂြိုဟ်သားတွေပေါ့လေ။
ဂြိုဟ်သားတွေအနားရောက်တော့ ဂြိုဟ်သားသေးသေးလေးသုံးယောက်က မခင်မွှေကို ပန်းကန်ပြားပျံပေါ်တက်ဖို့ အမူအရာနဲ့ပြောတယ်တဲ့။ မခင်မွှေက ပန်းကန်ပြားပျံနဲ့လိုက်ရမှာ ကြောက်ပြီး ထွက်ပြေးဖို့ပြင်တယ်တဲ့။ ဒါပေမယ့် ထွက်ပြေးလို့မရဘူး။ ခြေထောက်တွေကို လှုပ်လို့မရဘူး ဆိုပဲ။ အဖေနဲ့အမေကိုအော်ပြီးအကူအညီတောင်းဖို့ကြိုးစားပေမယ့် အသံလည်း ထွက်လို့မရဘူးတဲ့။ ဂြိုဟ်သား သုံးယောက်က သူ့ကိုဖမ်းချုပ်ခေါ်ဖို့ပြင်တယ်တဲ့။
အဲဒီမှာ မခင်မွှေဟာ အပေါ့သွားဖို့အိပ်ရာကထအလာမှာ အပေါ့ကလည်း မသွားရသေး။ ကြောက်ကလည်း ကြောက်ကြောက်နဲ့ အောင့်ထားတဲ့သေးတွေ ထွက်ကျကုန်ပါရောတဲ့။ မခင်မွှေ ကြောက်ကြောက်နဲ့ သေးတွေလည်းပေါက်ချလိုက်ရော ဂြိုဟ်သားသုံးယောက်ဟာ ပန်းကန်ပြားပျံပေါ် တက်ပြေးပြီး ပန်းကန်ပြားပျံကြီးဟာလည်း မိုးပေါ်ပျံတက်သွားပါတော့တယ် တဲ့။
ဆိုလိုတာက ဂြိုဟ်သားတွေဟာ မခင်မွှေသေးနံ့ရလို့ ကြောက်လန့်ပြီးထွက်ပြေးတယ် ဆိုတဲ့သဘောပဲ။
မခင်မွှေပြောပြတဲ့ ပန်းကန်ပြားပျံနဲ့ဂြိုဟ်သားဇာတ်လမ်း။ လူ့ကျင်ငယ်ရည်ဟာ ဂြိုဟ်သား တွေကိုနိုင်တယ်ဆိုတဲ့အဖြစ်ဆန်းကိုနားထောင်ပြီး အိမ်နီးချင်းတွေ ပါးစပ်အဟောင်းသားဖြစ် ကုန်ကြတယ်။ မခင်မွှေပါးစပ်က ထွက်လာတဲ့စကားမို့လည်း ယုံရခက်ခက်ဖြစ်နေကြတာပေါ့။
မခင်မွှေကလည်း လူတွေမယုံမှန်းသိပါတယ်။ 
မခင်မွှေက သူသက်သေပြမယ်ဆိုပြီး လူအုပ်စုကြီးကို ကွင်းပြင်ထဲခေါ်သွားတယ်။ ကွင်းပြင်ထဲမှာ ပန်းကန်းပြားပျံကြီးရပ်နားတယ်ဆိုတဲ့နေရာလည်းရောက်ရော သူက မြေကြီးပေါ်မှာ ထင်ကျန်ရစ်ခဲ့တဲ့ ခြေရာသေးသေးလေးတွေကိုပြပါတယ်။ ဟုတ်တယ်၊ တကယ်ပဲ မြေကြီးပေါ်မှာ ခြေရာလေးတွေရှိနေတယ်။ ခြေရာလေးတွေကလည်း သေးသေးလေးတွေ။ လူခြေရာအတိုင်းပဲ။ ဂြိုဟ်သားတွေဟာ သေးပေမယ့် လူလိုပဲပေါ့။
မခင်မွှေးက ခြေရာတွေတင်မဟုတ်ပါဘူး။ သူကြောက်ကြောက်နဲ့ ပေါက်ချခဲ့တဲ့ သေး ကွက်ကြီးကိုလည်းပြပါသေးတယ်။ အိမ်နီးချင်းတွေက သူပြောတာပဲလက်ခံရမလိုလိုဖြစ်နေ တယ်။
မခင်မွှေပြောတာတွေကို တစ်လုံးတစ်ပါဒမျှမယုံကြည်ပဲ မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး စဉ်းစား နေသူကတော့ မခင်မွှေရဲ့မွေးသဖခင်အရင်းဦးကြာမောင်ပါ။
ဦးကြာမောင်က ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီကြည့်တယ်။ အနီးအနား ကခြုံပုတ်တွေကြား ထဲထိ လိုက်ရှာတယ်။
မကြာပါဘူး။ ဦးကြာမောင်လက်ထဲမှာ နတ်ရုပ်တစ်ရုပ်ပိုက်ပြီး ပြန်ရောက်လာတယ်။ နတ်ရုပ်က ခြေလက်အင်္ဂါအစုံအလင်နဲ့တစ်ကိုယ်လုံးပုံကိုထုလုပ်ထားတဲ့ နတ်ရုပ်အပျက်ကြီး တစ်ခုပါ။ အမြင့်သုံးပေ လောက်ရှိလိမ့်မယ်။ နတ်ရုပ်မှာလက်တစ်ဖက်မရှိတော့ဘူး။ ခေါင်းတစ်ခြမ်းလည်း ပဲ့နေပြီ။ အဲ  ... နတ်ရုပ်မှာ ခြေထောက်နှစ်ဖက်ကတော့ အကောင်းအတိုင်း ရှိသေးတယ်။ 
လူတွေကလည်း ဦးကြာမောင်ပိုက်လာတဲ့နတ်ရုပ်ကိုမြင်လိုက်တာနဲ့ ဒါ  ...ဘုရားပျက်ထဲက နတ်သားရုပ်တစ်ခုဆိုတာသိလိုက်ပါတယ်။
]]ဟဲ့ကောင်မ ဘာဂြိုဟ်သားလဲ၊ နင့်လင်ဂြိုဟ်သားလား၊ ခြေရာတွေက ဟောဒီနတ်ရုပ် ခြေထောက်ကို မြေကြီးပေါ်ဖိပြီး ခြေရာထင်အောင် လုပ်ထားတာမဟုတ်လားဟဲ့၊ ရော့  ...မယုံရင် မြေကြီးပေါ်ကခြေရာနဲ့ နတ်သားရုပ်ကခြေရာနဲ့ အတူတူဟုတ်မဟုတ်တိုင်းကြည့်}}
ဦးကြာမောင်ကလည်း မခင်မွှေအဖေရယ်လို့ မပြောရပါဘူး။ သူ့သမီးဘယ်လိုအကွက် ဆင်တယ်။ ဘယ်လိုကြံစည်တယ်ဆိုတာကို သိနေတယ်။ ကြာကြာတောင်စုံမထောက် လိုက်ရဘူး။ မခင်မွှေလုပ်ကြံဇာတ်ကြီးက တန်းပေါ်သွားတယ်။
လူတစ်ယောက်က နတ်ရုပ်ကိုယူပြီး မြေကြီးပေါ်ကခြေရာလေးတွေနဲ့တိုင်းကြည့်တော့ ကွက်တိပဲ။ ပြီးတော့ နတ်ရုပ်ခြေထောက်ကိုမြေကြီးပေါ်ချ၊ ခြေရာထင်အောင်လုပ်ကြည့် တော့လည်း မခင်မွှေရဲ့ဂြိုဟ်သားခြေရာဆိုတာတွေနဲ့ တစ်ပုံစံတည်း တစ်ရွယ်တည်းပါပဲ။ 
မခင်မွှေဟာ ဘုရားပျက်ထဲကနတ်ရုပ်ကိုယူ၊ မြေပေါ်မှာအရာထင်အောင် နတ်ရုပ်ကိုဖိချ၊ ခြေရာတွေဘေးမှာ သေးပေါက်ချခဲ့ပြီးမှ သူ့ရဲ့ ]]ပန်းကန်ပြားပျံဖြင့်ရောက်လာသော အခြားကမ္ဘာ မှဂြိုဟ်သားများ}}ဇာတ်လမ်းကိုခင်းကျင်းကပြတာပါ။
ဒါပေမယ့်  ...အတွင်းသိအစင်းသိနေတဲ့ အဖေအရင်းကြီးဦးကြာမောင်ကြောင့် သူ့ရဲ့ လုပ်ကွက်တွေ လူရှေ့မှာဗူးပေါ်သလိုပေါ်ရပြီလေ။  
ဒါတွင်ဘယ်ဟုတ်ဦးမလဲ။
ဦးကြာမောင်က  ...
]]ကောင်မ၊ လူကြီးတွေကိုအိပ်ရေးပျက်အောင် ပေါက်ပေါက်ရှာရှာ ဂြိုဟ်မွှေဦးဟဲ့၊ နင့်လင်ဂြိုဟ်သားဆိုတာ ဟောဒီဟာလားဟဲ့}}
-ဆိုတဲ့ပြီး နတ်ရုပ်ကြီးကိုယူပြီး မခင်မွှေကိုပေါက်ချလိုက်တာ ခေါင်းပေါ်တည့်တည့်ကျလို့ ခေါင်းကွဲပြီး သတိလစ်သွားပါလေရော။ ဘေးလူတွေသာဝိုင်းမဆွဲရင် မခင်မွှေအဲဒီမှာတွင် သေသွား နိုင်တယ်။
မခင်မွှေရဲ့ပန်းကန်ပြားပျံဇာတ်လမ်းဟာ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်  ...လူတွေကို လိမ်ဖို့အတွက် ပန်းကန်ပြားပျံနဲ့ဂြိုဟ်သားတွေပါအောင် ဇာတ်လမ်းဆင်တာကတော့ အကြံ အစည်က ကြီးကျယ်လွန်းပါတယ်။ ကြည့်ရတာ  ...ပန်းကန်ပြားပျံပါတဲ့ သိပ္ပံဗီဒီယိုကားတွေ ကြည့်ပြီး ဒီစိတ်ကူးကို ရပုံပဲ။
မခင်မွှေဟာ အသက်ငယ်ငယ်လေးကတည်းက အဲဒီလိုမျိုး  ... လူတွေတုန်လှုပ်ပြီး ပြောစမှတ်ဖြစ်သွားအောင် မွှေခဲ့တာပါ။
+ + + + +
မွှေပုံမွှေနည်းမျိုးစုံအောင် ဉာဏ်နီဉာဏ်နက်ထွက်ပေမယ့် ကျောင်းစာမှာကျတော့ မခင် မွှေဟာ မတော်ပါဘူး။ ခြောက်တန်းမှာ ၂နှစ်ဆက်ကျတယ်။ ဒါနဲ့ပဲ မိဘတွေက ကျောင်းမထား တော့ဘူး။ မခင်မွှေကလည်း အားရဝမ်းသာ ကျောင်းကိုကျောခိုင်းလိုက်တာပါပဲ။
ကျောင်းကထွက်တော့ မခင်မွှေ ဈေးသည်ဖြစ်သွားတယ်။ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်ပါ။ ဒါပေမယ့် မခင်မွှေက ဈေးတန်းလေးထဲက ဟင်းရွက်တန်းမှာ ဈေးထိုင်ရောင်းတဲ့ ဈေးသည်အသေးစားမျိုးမဟုတ်ပါဘူး။ မခင်မွှေပဲလေ။ ဘယ်ခေလိမ့်မလဲ။
မခင်မွှေက မနက်စောစောမှာ အိပ်ရာကထ။ အနီးအပါးက ရွာနီးချုပ်စပ်သုံးလေးရွာမှာ ဟင်းသီးဟင်းရွက်တွေလိုက်ကောက်၊ ပြီးတော့မှ ဈေးထဲကဈေးသည်တွေကို ဖောက်သည်ပြန် ပေးတဲ့ဈေးသည်အကြီးစားပါ။
မနက်ဝေလီဝေလင်းဆို စက်ဘီးလေးနဲ့အိမ်ကထွက်ရတယ်။ စက်ဘီးကယ်ရီယာခုံက အထူးပြုပြင်ထားတဲ့ သစ်သားခုံအပြန့်ကြီးပါ။ အဲဒီအပေါ်မှာ ထန်းခေါက်တောင်းကြီးနှစ်လုံးဆင့် ထပ်ထားတယ်။ ရှေ့လက်ကိုင်နှစ်ဖက်မှာလည်း ဆွဲခြင်းကြီးနှစ်ခုကို တစ်ဖက်စီချိတ်လို့ အိမ်က ထွက်တာပါ။ ရွာလေးရွာကိုလည်ပြီးတာနဲ့ မခင်မွှေစက်ဘီးပေါ်မှာပါလာတဲ့ထည့်စရာတွေနဲ့ အပြည့် ဟင်းသီးဟင်းရွက်မျိုးစုံပါလာတော့တာပါပဲ။ မြို့ဈေးကိုအရောက်ပြေး၊ ဟင်းသီး ဟင်းရွက်တွေကို ဈေးသည်လေးတွေဆီ ဖောက်သည်ပေးတာပါပဲ။
ရွာလေးရွာကို လှည့်ပတ်သွားလာနေတော့လည်း မခင်မွှေဟာ ထုံးစံအတိုင်း မွှေမြဲမွှေ နေတာပါပဲ။ သနပ်ပင်ကုန်းရွာမှာ ဒေါ်ဖွားဇုံဆိုတဲ့အဘွားကြီးတစ်ယောက်ရှိတယ်။ အသက်ကြီး လှပြီ။ ခါးကလည်းကိုင်း၊ အရေပြားတွေတောင် ရှုံ့တွတွဲကျလို့ ရုတ်တရက်ကြည့်ရင် ကြောက် စရာကောင်းတဲ့ပုံစံနဲ့ အဘွားအိုကြီးတစ်ယောက်ပေါ့။ 
အဲဒီဒေါ်ဖွားဇုံကြီးကို စုန်းမကြီးပါလို့ မခင်မွှေက သတင်းဖြန့်တယ်။ စုန်းမှ `ချေးစားစုန်း´ပါတဲ့။
မခင်မွှေက ဒေါ်ဖွားဇုံချေးစားစုန်းဖြစ်ကြောင်း သဘာဝကျအောင် ဘယ်လိုပြောသလဲ ဆိုတော့  ...
လသာညတစ်ညသန်းကောင်ယံမှာ သူဟာ ဝမ်းထဲကနာလာတာနဲ့ အိမ်သာကိုပြေးခဲ့ ပါသတဲ့။ အိမ်သာသွားရင်း အိမ်သာထဲလည်းငုံ့ကြည့်လိုက်ရော၊ ဦးခေါင်းတစ်လုံးဟာ သူတက်နေတဲ့အိမ်သာရဲ့ ကျင်းထဲမှာ လိမ့်လိမ့်-လိမ့်လိမ့်နဲ့ ချေးတွေစားနေတာကို တွေ့ရပါသတဲ့။ ချေးစားစုန်းတွေဟာ လသာညတွေမှာ အိမ်သာတွေထဲလိုက်ပြီး မစင်တွေစားတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကား ကလည်းရှိထားတာကိုး။ မခင်မွှေက အဲဒါကိုကိုးကားပြီးပြောတာပါ။ 
ဒါနဲ့ပဲ  ...မခင်မွှေက ဆူးခက်တွေယူပြီး အိမ်သာအဝကနေ စောင့်နေပါသတဲ့။ ချေးစားစုန်း ရဲ့ဦးခေါင်းကြီး အိမ်သာကျင်းထဲကနေ တလိမ့်လိမ့်နဲ့ ပြန်လည်းတက်လာရော သူက ခေါင်းကြီး ကိုဆူးခက်တွေနဲ့အုပ်ပြီး ဖမ်းထားလိုက်ပါတယ်တဲ့။ ချေးတွေစားလာတဲ့ခေါင်းပြတ်ကြီးကိုလည်း ကြည့်လိုက်ရော မျက်နှာကြီးကဒေါ်ဖွားဇုံမျက်နှာကြီးဖြစ်နေပါသတဲ့။ ဒေါ်ဖွားဇုံကြီးက သူ့ကိုလွှတ်ပေးဖို့ ငိုယိုပြီးတောင်းပန်လို့ သူကသနားပြီးလွှတ်ပေးလိုက်တာဆိုတဲ့ဇာတ်လမ်းကို သူဟင်းရွက်ကောက်တဲ့ အိမ်တွေစေ့အောင်လိုက်ပြောတယ်လေ။
မခင်မွှေ မွှေတတ်မှန်းကိုမသိသေးတဲ့ ရိုးသားတဲ့တောသူတောင်သားတွေက မြို့သူပြောတဲ့ စကားဆိုတော့ အစပိုင်းမှာယုံကြတာပေါ့။ ဒီလိုနဲ့ ဒေါ်ဖွားဇုံချေးစားစုန်းဆိုတဲ့သတင်းဟာ တစ်ရွာလုံးပြန့်သွားတော့တယ်။ တစ်ရွာလုံးသိပြီဆိုတော့ ကြာလာတဲ့အခါ ဒေါ်ဖွားဇုံကိုယ်တိုင်လည်း ဒီသတင်းကိုပြန်ကြားတော့တာပေါ့။
ဘာပြောကောင်းမလဲ။ မခင်မွှေဖြန့်တဲ့သတင်းမှန်းသိသွားတဲ့ အဘွားကြီးဟာ မခင်မွှေ သူ့အိမ်ရှေ့ကဖြတ်အသွားမှာ နှစ်ပြားမတန်အောင် ပက်ပက်စက်စက် ညစ်ညစ်ပတ်ပတ်တွေနဲ့ တိုင်းထွာပြီး ဆဲပါဆိုပါလေရော။ မခင်မွှေကလည်းမခံဘူး။ ပြန်ပြီးရန်တွေ့တယ်။ ဆဲတယ်။ သူတို့နှစ်ယောက်ရန်ပွဲဟာ ရွာကောင်စီဥက္ကဌကိုယ်တိုင်လာပြီးဖြန်ဖြေမှပြီးသွားကြတယ်တဲ့။ ရန်ပွဲအစ တုံးက သူတို့နှစ်ယောက်ရန်ဖြစ်တာကိုကြည့်ပြီး ဝိုင်းဟောင်နေကြတဲ့ရွာခွေးတွေတောင် ရန်ပွဲ ကြီးကျယ်လာတော့ လန့်ဖြတ်ပြီးထွက်ပြေးကုန်ကြတယ်လို့ ပြောစမှတ်တွင်ကျန်ရစ်ခဲ့ပါတယ်။
ဒေါ်ဖွားဇုံကိုမခင်မွှေက စုန်းလို့စွတ်စွဲတာ တခြားကြောင့်မဟုတ်ပါဘူး။ ဒေါ်ဖွားဇုံက သူ့ယာထဲကထွက်တဲ့ဟင်းရွက်တွေကို မခင်မွှေကိုမရောင်းလို့ပါ။ မခင်မွှေဈေးနှိမ်ကောက်မှန်း သိတော့ မခင်မွှေနဲ့အပြိုင်ဟင်းရွက်ကောက်တဲ့တခြားတစ်ယောက်ကိုပဲ အဘွားကြီးကရောင်းတယ်လေ။ အဲဒီ ပြစ်ချက်နဲ့ ဒေါ်ဖွားဇုံကြီးခမျာ ချေးစားစုန်းလို့ စွတ်စွဲခံခဲ့ရတာပါပဲ။
မွှေလည်းမွှေတဲ့ မခင်မွှေပါ။
+ + + + +

သနပ်ပင်ကုန်းရွာမှာတွင်မဟုတ်သေးပါဘူး။ ကုန်းတောဆိုတဲ့ရွာမှာလည်း မွှေခဲ့သေးတာပါပဲ။
ကုန်းတောရွာမှာ ဦးဗြားကြီးဆိုတဲ့မုဆိုးဘိုကြီးတစ်ယောက်ရှိတယ်။ အသက်ငါးဆယ် ကျော်အဘိုးကြီးပါ။ သားသမီးတွေကအိမ်ထောင်ကျသွားတော့ သူတစ်ယောက်တည်း အိမ်တစ်လုံးနဲ့ နေတယ်။ သူကလည်း ခြံစိုက်စားတော့ မခင်မွှေက ဦးဗြားကြီးယာထဲကထွက်တဲ့ ဟင်းသီးဟင်းရွက် တွေကောက်ရင်းနဲ့ နေ့တိုင်းလိုလိုရောက်နေတာပေါ့။
ဒီမှာ မိန်းမသေတာကြာပြီမို့ နောက်မိန်းမလိုချင်နေတဲ့မုဆိုးဘို အဘိုးကြီးနဲ့ မခင်မွှေနဲ့ တွေ့တော့တာပါပဲ။
ဒီအဖြစ်မှာလည်း မခင်မွှေက စမွှေတာပါပဲ။ ဦးဗြားကြီးကို အသက်ကြီးမှတစ်ယောက် တည်း လုပ်ကိုင်စားနေရတာ ဦးကြီးကိုကျွန်မသနားလိုက်တာတဲ့။ ဖြစ်နိုင်ရင် သမီးတစ်ယောက် လို ဦးကြီးကိုပြုစုပေးချင်လိုက်တာတဲ့။ အဲဒီလိုပြောပြောပြီး ဟင်းသီးဟင်းရွက်တွေကိုဈေးချိုချို ချောင်ချောင် နဲ့ရအောင် လုပ်တာပါ။
မခင်မွှေက အဲဒီလိုတွေမွှေတော့ နဂိုကမှ မိန်းမလိုချင်နေတဲ့ မုဆိုးဘိုကြီးအတွက် စိတ်ကူးယဉ်ချင်စရာတွေဖြစ်လာရော။ အဘိုးကြီးက သူ့အရွယ်ကိုမှမထောက် မခင်မွှေကို ရည်းစား စကားပြောတယ်။ မခင်မွှေကလည်း ရေလိုက်ငါးလိုက်နေပြီး အဘိုးကြီးဆီက ရသမျှ တွေ ချူချတယ်။
ပထမဆုံး ဦးဗြားကြီးနားထောင်နေကျ ဒစ်ဂျစ်တယ်ရေဒီယိုလေးကို ရအောင်ယူလိုက်တယ်။ မနက်စောစော အိမ်ကထွက်လာရင်း မန္တလေးအက်ဖ်အမ်နားထောင်ချင်လို့ပါလို့ အကြောင်းပြပြီးတောင်း တာပါ။ တကယ်လည်း မခင်မွှေက မနက်တိုင်းစက်ဘီးလက်ကိုင်မှာ ရေဒီယိုလေးကိုချိတ်ပြီး မန္တလေး အက်ဖ်အမ်ကိုအသံအကျယ်ကြီးဖွင့်ပြီး ရွာစဉ်လှည့်သွားနေတော့တာပါပဲ။ အဘိုးကြီးက အဲဒါလေး ကိုကြည့်ပြီး ရေဒီယိုသံလေးပေးလို့ မခင်မွှေ သူ့အိမ်ထဲ ဝင်လာရင်ပဲ သဘောကျနေတော့တာပါ။ သူ့မှာတော့ နားထောင်စရာရေဒီယိုမရှိတော့ဘူး။
နောက်တစ်ခါ ကက်ဆက်ကလေးကို အပျင်းပြေနားထောင်ချင်လို့ပါဆိုပြီး တောင်းပြန်တယ်။ ဦးဗြားကြီးက ပေးလိုက်ပြန်တာပါပဲ။ ဒီလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီး အဘိုးကြီးဆီကပစ္စည်းတွေ တဖြည်းဖြည်းကဲ့ယူလိုက်တာ နောက်ဆုံး အဆင့်လေးဆင့်ပါ ဘီရိုကြီးကို နွားလှည်းငှားပြီး အိမ်အပါ သယ်သွားတဲ့အထိပါပဲ။ မုဆိုးဘိုတဏှာရူးကြီးကလည်း အနှပ်ခံရလို့ခံရမှန်းမသိ။ သူပေးတဲ့ကမ်းတဲ့ ကျေးဇူးတွေကြောင့် မခင်မွှေ တစ်နေ့ သူ့အလိုလိုက်လိမ့် မယ်လို့ထင်ပြီး ပေးနေတာပါပဲ။
ကြာတော့ ဦးဗြားကြီးရဲ့သမီးတွေက ဒီအကြောင်းတွေကိုသိသွားတယ်။ ဦးဗြားကြီးသမီး အကြီးမက တစ်မနက် ဦးဗြားကြီးအိမ်ကလာစောင့်ပြီး မခင်မွှေကိုရန်တွေ့တယ်။
]]ကိုယ့်အဖေအရွယ်ကြီးကိုချူစားနေတာ နင်မရှက်ဘူးလားဟဲ့ ပိုင်းလုံးမ}}  ...လို့ပြောတယ်။
မခင်မွှေကလည်း မခံဘူး။
]]ကိုယ့်အဖေကိုယ်ထိန်းဟဲ့၊ ညီးအဖေတဏှာရူးတာ ညီးမသိဘူးလား}}လို့ ပြန်ပက်တယ်။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆဲကြဆိုကြရန်တွေ့လိုက်ကြတာဟာ နှစ်ယောက်သား နပမ်းထလုံးတဲ့အထိပါပဲ။ ဘေးလူတွေ ပြောကြတာတော့ နှစ်ယောက်စလုံး ထမီတွေတောင်ကျွတ်ကုန်တယ်လို့ ပြောတယ်။
ဦးဗြားကြီးကတော့ သမီးဖက်ကပါရအခက်၊ မခင်မွှေဖက်က ရပ်ရအခက်နဲ့ ]]တဟဲ့ဟဲ့}}နဲ့ အော်ရင်းက အမောဆို့ပြီးလဲသွားသတဲ့။
ဦးဗြားကြီးအဲဒီကတည်းကလဲသွားတာဟာ အိပ်ရာပေါ်ကကိုပြန် မထနိုင်တော့ပါဘူး။ နာတာရှည်လူမမာကြီးဖြစ်သွားတယ်။ မခင်မွှေလည်း ဦးဗြားကြီးအိမ်ဖက်ကို ခြေဦးတောင်မလှည့် တော့ဘူး။
မကြာဘူး။ ဦးဗြားကြီးသေသွားတယ်။ မခင်မွှေမလာတော့လို့ လွမ်းဖျားလွမ်းနာကျပြီးပဲ သေတာလား။ အရွယ်နဲ့မလိုက်အောင် သမီးအရွယ်လေးကိုကြိုက်မိတာ တစ်ရွာလုံးနဲ့သားသမီး တွေ သိသွားလို့ ရှက်ပြီးသေတာလားတော့မသိဘူး။ ဦးဗြားကြီးသေသွားတာတော့အမှန်ပဲ။
မခင်မွှေကတော့ သိပ်ပြီးဣနြေ္ဒမပျက်လှပါဘူး။
]]ကျွန်မကဦးကြီးကိုခင်လို့ပါ၊ ဦးကြီးကလည်း သမီးတွေက ဖအေရယ်လို့ပြန်မကြည့် မပြုစုတော့ ကျွန်မကိုပဲ သမီးလေးလိုခင်နေရှာတာလေ၊ သူ့ပစ္စည်းတွေပေးတယ်ဆိုတာလည်း ကျွန်မကိုသမီးတစ်ယောက်လိုသဘောထားပြီးပေးတာပါ၊ ဦးကြီးသာမသေသေးရင် ကျွန်မက ကောင်းကောင်းပြုစုပေးမလို့ပါ၊ ကျွန်မနဲ့ဦးကြီးနဲ့က ရိုးရိုးသားသား အဖေနဲ့သမီးလို သံယောဇဉ် တွယ်နေကြတာပါ}}
ဦးဗြားကြီးသေပြီးနောက်ပိုင်းမှာ မျက်ရည်လေးတစမ်းစမ်းနဲ့ မခင်မွှေက အဲဒီလိုပြော တတ်ပါတယ်
+ + + + +
သူသွားလာနေတဲ့ရွာတွေမှာချည်းမွှေတာလားဆိုတော့ မဟုတ်သေးပါဘူး။ ဈေးထဲမှာလည်း မခင်မွှေဟာ ရှေးထုံးစဉ်လာမပျက် မွှေနေတာပါပဲ။
သူ့တာဝန်က ဟင်းသီးဟင်းရွက်တွေဖောက်သည်ပေးပြီးရင်ပြီးပြီလေ။ ဟင်းရွက်ဖိုးတွေရဖို့ က ဈေးကွဲတဲ့အထိ ရောင်းချပြီးတဲ့အချိန်ထိ စောင့်ရတာကိုး။ အဲဒီတော့ သူများတွေဈေးရောင်း ကောင်းနေတဲ့အချိန်မှာ မခင်မွှေက အားနေတယ်။
အားနေတော့လည်း ပိုပြီးမွှေလို့ကောင်းတာပေါ့။
အထည်ဆိုင်က အထည်ကို လပေးနဲ့ယူပြီး တစ်နေရာမှာ လတ်တလောငွေပေါ်အောင် လျှော့ဈေးနဲ့ရောင်းစားတာမျိုးလောက်ကတော့ မခင်မွှေအတွက် အသေးအဖွဲပါ။ အတိုးနဲ့ငွေချေး ပြီးတော့လည်း ပြန်ဆပ်ပြီးပါပြီလို့ ငြင်းတာမျိုးလည်း မနည်းပါဘူး။ ဈေးသည်တွေစုလုပ်တဲ့ စုကြေးထဲမှာ ဝင်ပါ၊ သူ့အလှည့်ကျလို့ သူ့ဝေစုရပြီးရင် စုကြေးကိုထပ်မထည့်တော့လို့ ရန်ဖြစ်ရ တာမျိုးလည်း ရှိပါသေးတယ်။ ဘယ်နားက ဘယ်ဘုရားပြုပြင်ဖို့ဆိုပြီး ငွေဖလားတစ်လုံးနဲ့အလှူ လိုက်ခံတဲ့မြင်ကွင်း ကိုလည်း မြင်ရတတ်ပါတယ်။ ဘုရားဂေါပကတွေကပဲ သူ့ကိုတာဝန်ပေးထား သလိုလို။ တကယ်တော့ မဟုတ်ပါဘူး၊ သံသယရှိတဲ့သူက ဘုရားကိုသွားစုံစမ်းတော့ ပေါ်တာပါပဲ။ ဘယ်သူကမှအလှူငွေ မကောက်ခိုင်းဘူးတဲ့။ ဘုရားအကြောင်းပြပြီးကောက်လို့ရတဲ့အလှူ ငွေတွေကို သူသုံးပစ်တာလေ။
အဲဒီလို အမျိုးမျိုးလှည့်ပတ်မွှေခဲ့တဲ့မခင်မွှေ၊ အရွယ်ကောင်းတုန်းမှာပဲ ရုတ်တရက် သေသွားရှာပါတယ်။
+ + + + +

ဖြစ်စတုံးကတော့ ခပ်ပေါ့ပေါ့ပဲသဘောထားခဲ့မိတယ်။
ဖြစ်ပုံက မိုးတွင်းကြီးတစ်မနက်မှာ ထုံးစံအတိုင်း ရွာလေးရွာလှည့်၊ ဟင်းရွက်ကောက်ပြီး အပြန်မှာ လမ်းမှာမိုးမိပါလေရော၊ မိုးကတော်တော်သည်းလို့ မသွားပါနဲ့ဦးလို့ ထန်းတောရွာက လူတွေက မခင်မွှေကို တားပါသေးတယ်။ စီးပွားရေးလောဘဇောကလည်းရှိသေးတဲ့မခင်မွှေဟာ ပြောလို့မရပါဘူး။ မိုးရွာကြီးထဲမှာပဲ စက်ဘီးနင်းပြီး မြို့ဈေးအရောက်ပြန်လာတယ်။
မိုးမိလို့ ဖျားပါတော့တယ်။
မခင်မွှေအမေက ဖျားနေရင် သုံးလေးရက်အနားယူဖို့ပြောပေမယ့် မခင်မွှေက မနားဘူး။ သူ့မှာစီးပွားရှာချင်စိတ် ငွေရှာချင်စိတ်ကတော့ အပြည့်ရှိတယ်။ ဖျားရက်တန်းလန်းကြီးက ပုံမှန်အတိုင်း ရွာစဉ်လှည့် ဟင်းရွက်ကောက်တယ်။ ထပ်မိုးမိတယ်။
အဖျားကြီးလာတော့ မခင်မွှေလည်း မတတ်နိုင်တော့ပါဘူး။ နားရတော့တယ်။ အိမ်မှာနားရတာမဟုတ်ပါဘူး၊ အဖျားကြီးလွန်းလို့ ဆေးရုံတက်ပြီး ဆေးရုံပေါ်မှာနားရတာပါ။
ဖြစ်စက ခပ်ပေါ့ပေါ့သဘောထားပြီး အလုပ်ကိုဇောနဲ့လုပ်ခဲ့တဲ့ မခင်မွှေ။ ဆေးရုံရောက်တဲ့ အချိန်မှာ ရောဂါက တော်တော်သည်းနေပါပြီ။
ဆေးရုံတက်ပြီးသုံးရက်အကြာမှာပဲ မခင်မွှေကွယ်လွန်ရှာတယ်။
သေမယ့်နေ့က ကယောင်ကတမ်းနဲ့ သူသွားနေကျရွာနာမည်တွေကိုရွတ်တယ်။ ဈေးထဲက သူ့ဖောက်သည်တွေနာမည်ကိုခေါ်တယ်။ မကြာပါဘူး။ သတိလစ်တက်ချက်သွားပြီး အသက်ပါပါသွားတော့တာပါပဲ။
မခင်မွှေအသုဘမှာ မခင်မွှေအမေဟာ ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုရှာပါတယ်။
]]အမလေးဟဲ့  ...ခင်မွှေးရေ၊ ဂြိုဟ်မွှေလွန်းလို့ လူတကာက ခင်မွှေလို့အခေါ်ခံရတဲ့ ငါ့သမီးလေး၊ မိဘတွေကိုကျွေးချင်မွေးချင်လွန်းလို့ အလုပ်တွေကုန်းလုပ်လိုက်တာ သေပါ ရောလား ငါ့သမီးရဲ့၊ အမလေး  ... အဟဲ့ဟဲ့  ...ထပြီးတော့ မွှေပါဦးတော့လား ခင်မွှေးရဲ့  ...အယ်  ... ခင်မွှေရဲ့၊ သေရာကထပြီး မွှေပါဦးတော့လားဟဲ့}}
ခင်မွှေသေတော့ အသက်က၂၄နှစ်ရှိသေးတာကိုး။ အပျိုအရွယ်လေး။ အပျိုလည်းအပျို။ ဘယ်လောက်ပဲမွှေမွှေ ဒီလိုငယ်ငယ်ရွယ်ရွယ်လေးနဲ့သေသွားတာဆိုတော့လည်း လူတကာက သနားကြတယ်။
ခင်မွှေ့အသုဘမှာ လူတိုင်းက ]]တစ်သက်လုံး အမျိုးမျိုးမွှေလာတဲ့ခင်မွှေ၊ ခုတော့  ...မမွှေနိုင်တော့ဘူးပေါ့}}လို့ ပြောကြပါတယ်။
အသုဘမှာ  ...
ခင်မွှေ့အမေကလည်း  ...
]]ဟဲ့  ...ခုတော့ နင်မမွှေနိုင်တော့ဘူးမဟုတ်လားဟဲ့}}
-လို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုတယ်။
အသုဘပို့ပရိတ်သတ်ကလည်း  ...
]]တစ်သက်လုံးမွှေလာတဲ့ ခင်မွှေတစ်ယောက် အမွှေဇာတ်လမ်းဆုံးပြီ}}
-လို့ မှတ်ချက်ချကြတယ်။
တကယ်တော့  ...ခင်မွှေ့အမေရော၊ လူတွေရော မှားကြပါတယ်။
ခင်မွှေကို သေပြီးလို့ မမွှေနိုင်တော့ဘူးလို့ထင်ကြတာဟာ မဟုတ်ပါဘူး။ မှားပါတယ်။
ခင်မွှေဟာ သေပြီးနောက်ပိုင်းလည်း ဆက်မွှေနေပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့  ...
+ + + + +

မခင်မွှေသေပြီးသုံးရက်မြောက်နေ့မှာ လမ်းထဲကမိန်းမကြီးတစ်ယောက်ကို မခင်မွှေ ဝိညာဉ်က ဝင်ပူးတယ်။
ဒေါ်ဆယ်ဆိုတဲ့မိန်းမကြီးဟာ ညနေခင်း အိမ်ရှေ့ကပန်းပင်တွေကိုရေလောင်းနေတုံး လက်ထဲ ကရေပန်းကရားလွတ်ကျသွားပြီး အသားတွေ တဆတ်ဆတ်တုန်လာပါလေရော။ သားသမီးတွေက ပြေးလာပြီး အမေဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲမေးတော့  ...
]]ငါ နင်တို့အမေမဟုတ်ဘူး၊ ငါ ခင်မွှေးဟေ့၊ ငါ့အမေကို ခေါ်ပေးစမ်း}}-လို့ ပြောတယ်။
မခင်မွှေသရဲဝင်ပူးတယ်ဆိုတာသိလိုက်တော့ ကလေးတွေလည်း ကြောက်လန့်သွား တယ်။ မခင်မွှေရဲ့အမေကို အပြေးအလွှားသွားခေါ်ရတာပေါ့။
မခင်မွှေအမေရောက်လာတော့  ...မခင်မွှေသရဲဝင်ပူးနေတဲ့ ဒေါ်ဆယ်ကြီးက  ...
]]အမေ ...အမေ  ...ကျုပ်မကျွတ်သေးဘူးအမေရဲ့၊ ကျုပ်ပြိတ္တာဘ၀ ရောက်နေတယ်၊ ကျုပ်ကိုအမဲသားကျွေးပါအမေ၊ ကျုပ်သိပ်ဆာတယ်၊ ကျုပ် အဆာမစားရတာကြာပြီ၊ ကျုပ်ကို အမဲသားကျွေးပါ}}
-လို့ ပူဆာပါလေရော။
မခင်မွှေအမေလည်း သမီးအတွက်ငိုကြီးချက်မနဲ့စိတ်မကောင်းဖြစ်ရတဲ့ကြားထဲက အမဲသား ရှာပြီးကျွေးရတယ်။
]]ခင်မွှေး  ...သမီးလေး၊ သမီးကိုကျွတ်အောင်လွတ်အောင် အမေတို့ဘယ်လိုလုပ် ပေးရမလဲ၊ ပြောပါဦးသမီးရယ်}}
သူ့အမေကမေးတာကို မခင်မွှေသရဲမက မဖြေဘူး၊ အမဲသားတွေကိုချည်း ကုန်းစား နေတယ်။
အမဲသားလည်းကုန်ရော  ...
]]အမေ  ...နောက်လည်း ကျုပ်ကိုအမဲသားကျွေးဦးနော်}}
-လို့ပြောပြီး ဝါးကနဲသမ်းလိုက်တာမှာ ဒေါ်ဆယ်ကြီး ပျော့ခွေပြီး လဲကျသွားပါတယ်။ မခင်မွှေသရဲ ထွက်သွားပြီပေါ့။
မခင်မွှေအမေကတော့ သူ့သမီးက ကျွတ်အောင်လွတ်အောင် ဘယ်လိုလုပ်ပေးရမယ် ဆိုတာ ပြောမသွားလို့ စိတ်မကောင်းဖြစ်ကျန်ခဲ့ရပါတယ်။
ဒါပေမယ့်  ...မခင်မွှေကိုမေးဖို့ ကြာကြာမစောင့်လိုက်ရပါဘူး၊ သေပြီးဆယ်ရက်မြောက် နေ့မှာ မခင်မွှေသရဲမက တစ်ခါဝင်ပူးပြန်တယ်။
ဒီတစ်ခါဝင်ပူးတာက လမ်းထိပ်က အပျိုကြီးမသိန်းကြည်ကို ဝင်ပူးတာပါ။ မှတ်မှတ်ရရ အပျိုကြီးမသိန်းကြည်ဆိုတာ မခင်မွှေငယ်ငယ်က ရူးပေါပေါလူပျိုကြီးကိုမြှောက်ပင့်ပြီး မွှေခဲ့ဖူးတဲ့ အပျိုကြီးလေ၊ မခင်မွှေနဲ့ မတည့်ပါဘူး။ သူနဲ့မတည့်တဲ့အပျိုကြီးကိုမှ မခင်မွှေသရဲမကလည်း ဝင်ပူးတယ်။
+ + + + +

ဒီတစ်ခါလည်း သူ့အမေကိုခေါ်ခိုင်းတာပါပဲ။
အဲဒီနေ့ကတော့ အပျိုကြီးမသိန်းကြည်အိမ်မှာကို အမဲသားချက်တယ်။   
သရဲမက သူ့အမေလာအောင်တောင်မစောင့်တော့ပဲ  ...
]]ဒီအိမ်မှာအမဲသားချက်တာ ငါသိတယ်ဟဲ့၊ ခုချက်ချင်းကျွေး}}
-လို့ပြောတယ်။
အိမ်သားတွေလည်းမနေသာဘူး၊ သရဲကိုကြောက်ကြောက်နဲ့ချကျွေးလိုက်ရတာ တစ်အိမ် သားလုံးအတွက်ချက်ထားတဲ့အမဲသားတွေပြောင်ပါရော။
အမဲသားကုန်မှ မခင်မွှေအမေရောက်လာတယ်။ အမေရောက်လာတော့ အမေကိုကြည့်ပြီး သရဲမမခင်မွှေက ငိုလိုက်ပါသေးတယ်။
]]အမေရဲ့၊ ကျုပ်ဒုက္ခတွေရောက်နေတယ်၊ ကျုပ်တို့ဘ၀မှာစားစရာ သောက်စရာရှားလို့ လာတောင်းစားရတာပါအမေရယ် အဟီး  ...ဟီးဟီး}}
]]ခင်မွှေး  ...သမီး၊ သမီးကိုကျွတ်အောင်လွတ်အောင် အမေတို့ ဘာလုပ်ပေးရမလဲ၊ ရက်လည်တုန်းက အမေတို့ပေးတဲ့အမျှကို သမီးမရဘူးလားကွယ်}}
]]ကျုပ်ကိုကျွတ်အောင်လုပ်လို့ မရသေးဘူးအမေ၊ ကျုပ်မွှေခဲ့တဲ့ဒဏ်တွေ ကျုပ်ခံရဦးမယ်၊ အမေတို့ ကျုပ်အတွက် အလှူအတန်းဘယ်လောက်လုပ်လုပ် ကျုပ်ကျွတ်မှာမဟုတ်သေးဘူး၊ ရက်လည်တုံးက အမေတို့အမျှဝေတာကိုကြားသားပဲ၊ ကျုပ် သာဓုခေါ်လို့မရဘူးအမေ}}
]]အမလေး  ...အဖြစ်ဆိုးလှချည်လားသမီးရဲ့}}
]]ကျုပ်သွားတော့မယ်၊ နောက်တစ်ခါလည်း ကျုပ်ကို အမဲသားကျွေးဦးနော်}}
အပျိုကြီးမသိန်းကြည်က ဝါးကနဲသမ်းလိုက်တာမှာ သရဲမမခင်မွှေ ထွက်သွားတော့တယ်။
အပျိုကြီးက ကျီးကြည့်ကြောင်ကြည့်ကြည့်ပြီး သူဘာဖြစ်တာလဲလို့မေးတယ်။ သူ့ကို မခင်မွှေသရဲဝင်ပူးတာပါလို့လည်းပြောလိုက်ရော တစ်ခါက သူ့ကိုအရှက်ကွဲအောင်လုပ်ခဲ့ဖူးတဲ့ မခင်မွှေသရဲကမှ ဝင်ပူးရပါ့မလားဆိုပြီး အပျိုကြီးခမျာ တောက်တစ်ခေါက်ခေါက်ဖြစ်နေပါ တော့တယ်။
တတိယအကြိမ်မြောက် ပူးတာကတော့ သေပြီး ၂၃ရက်အကြာမှာပါ။ ဒီတစ်ခါတော့ လမ်းထိပ်က တရုတ်ကုန်စုံဆိုင်က တရုတ်မအပျိုလေးကိုဝင်ပူးတာ။
တရုတ်မကလည်း အမဲသားတောင်းစားတာပါပဲ။ ခက်တာက အဲဒီ တရုတ်အိမ်က အမဲသားလုံးဝမစားဘူး။ ဒီတော့ သရဲမမခင်မွှေတောင်းစားတဲ့အမဲသားကိုမကျွေးနိုင်ဘူးလို့ ငြင်းတယ်။ စားချင်ရင် အိမ်မှာရှိတဲ့ ဝက်သားကိုပဲစားပါလို့ပြောတယ်။
သရဲမမခင်မွှေ သောင်းကျန်းတော့တာပါပဲ။
]]ဝက်သားငါမကြိုက်ဘူးဟဲ့၊ ငါ့ကိုအမဲသားဝယ်ကျွေး၊ ငါ့ကို ဘာမှတ်သလဲ၊ ဒီကောင်မနဲ့ နေရာချင်းလဲပစ်လိုက်မယ်}}
အိမ်ရှင်တရုတ်တွေလည်း ကြောက်ကြောက်နဲ့ လမ်းဘေးဆိုင်က အမဲအူပြုတ်တွေဝယ် ကျွေးလိုက်ရတယ်။ မ၀သေးဘူးဆိုလို့ တစ်အိုးလုံး မ-လာပြီးကျွေးလိုက်ရတယ်လေ။
မခင်မွှေအမေရောက်လာတော့ သရဲမက စားသောက်ပြီးနေပါပြီ။
သရဲမ ထွက်သွားတော့ အပူးခံရတဲ့အပျိုမလေးက ရှက်ရှက်နဲ့ ငိုလိုက်တာ။ အိမ်ရှင် တရုတ်တွေက သရဲမမခင်မွှေကိုကြောက်ကြောက်နဲ့ အမဲသားဝယ်ကျွေးလိုက်ရသမျှတွေအတွက် မခင်မွှေအမေကို ရန်လုပ်ကြတယ်။ မခင်မွှေအမေလည်း တောင်းပန်လိုက်ရတာပေါ့။ အဖြစ်ကတော့ တစ်မျိုးကြီးပါပဲ။ သေပြီးလို့ သရဲဖြစ်နေတဲ့သမီးအတွက် တောင်းပန်နေရ တာကိုး။
+ + + + +

မခင်မွှေသရဲမက ရပ်ကွက်ထဲမှာ သုံးကြိမ်သုံးခါလည်း ဝင်ပူးပြီးရော တစ်ရပ်ကွက်လုံး ခြောက်ခြားနေကြပြီ။
အရင်က သူတို့ရပ်ကွက်ထဲမှာ သရဲပူးတယ်ဆိုတာ တစ်ခါမျှ မရှိခဲ့ဖူးပါဘူး။ မခင်မွှေ အမွှေမ သေမှ လူတွေသရဲအပူးခံရတော့တာပါ။ မခင်မွှေ သရဲမက အဲဒီလိုသာ ခဏခဏဝင်ပူးနေရင် နောင်  ...ငါတို့ကိုများဝင်ပူးနေဦးမှာလားဆိုတဲ့အတွေးနဲ့ ကြောက်လန့် နေကြတာပါ။
မခင်မွှေဟာ မသေခင်ကလည်းမွေ  ...သေပြီးတော့လည်း မွှေတုန်းပါလား။
တစ်ရပ်ကွက်လုံး သရဲပူးတဲ့အတွေ့အကြုံကို မတွေ့ဖူး မကြုံဖူးကြပေမယ့်  ...မခင်မွှေသရဲ တကယ်ဝင်ပူးတယ်ဆိုတာကိုတော့ ယုံကြပါတယ်။ ဆိုလိုတာက  ...အပူးခံရတဲ့လူတွေဟာ သူတို့ကို မခင်မွှေဝင်ပူး ပါတယ်ဆိုပြီး လိမ်နေကြတာမဟုတ်ဘူး၊ တကယ်ကိုအပူးခံရတယ် ဆိုတာ ယုံလောက်တယ်လို့ဆိုချင်တာပါ။
ဘာဖြစ်လို့လဲဆိုတော့  ...ပထမအပူးခံရတဲ့ဒေါ်ဆယ်ဆိုတာလည်း လူကြီးတစ်ယောက်၊ လိမ်စရာအကြောင်းမရှိဘူး။ ဒုတိယအပူးခံရတဲ့ အပျိုကြီးမသိန်းကြည်ကလည်း သူနဲ့မတည့်တဲ့ မခင်မွှေ သရဲဖြစ်မှသူ့ကိုဝင်ပူးပါတယ်လို့ ဟန်ဆောင်မှာမဟုတ်ဘူး။ တရုတ်မအပျိုလေးကလည်း အမဲသားမစားပဲ သရဲပူးမှတောင်းစားတာ၊ သရဲအပူးခံရမှန်းသိတော့ ရှက်ပြီးငိုတာတွေကိုကြည့်ရင် ဟန်ဆောင်နေ တာမဟုတ်မှန်းသိသာတယ်လေ။
ဒီတော့  ...မခင်မွှေဟာ မကျွတ်မလွတ်ပဲ သရဲတစ္ဆေဘ၀နဲ့ ရပ်ကွက်ထဲမှာ လှည့်မွှေ နေပြီဆိုတာ ထင်ရှားနေတယ်။
သရဲမမခင်မွှေဟာ ဘယ်လောက်ထိ ဆက်မွှေနေဦးမှာလဲ။ အခုပဲ သေပြီးတာ လ တောင်မလည်သေးဘူး၊ သုံးခါဝင်ပူးပြီးပြီ။ နောင်ဆိုရင် ရှိသမျှလူတွေကို ဝင်ပူးပြီး အမဲသား တောင်းစားနေဦးမှာလား။
တစ်ရပ်ကွက်လုံးဟာ မခင်မွှေသရဲကိုကြောက်ကြောက်နဲ့ စိတ်ဓာတ်ခြောက်ခြား ကုန်ကြပါပြီ။ ညနေစောင်းတာနဲ့ အိမ်ပြင်တောင် သိပ်မထွက်ရဲကြတော့ဘူး။ မခင်မွှေ ဝင်ပူးမှာစိုးလို့တဲ့။
+ + + + +

ဒီလိုနဲ့ မခင်မွှေအတွက် လလည်ဆွမ်းကျွေးတဲ့နေ့ ရောက်လာတယ်။
မခင်မွှေအမေက ဆွမ်းကျွေးပွဲကို ကြွလာတဲ့ဘုန်းကြီးတွေကို မခင်မွှေသုံးကြိမ်သုံးခါ ဝင်ပူးပြီး မကျွတ်လွတ်သေးတဲ့အကြောင်းလျှောက်ထားတယ်။ ကျွတ်အောင်လွတ်အောင်အမျှ အတန်း ဝေပေးဖို့လည်း လျှောက်ထားလိုက်တယ်။
ရေစက်ချအမျှဝေအပြီးမှာ မခင်မွှေရောက်လာပါတော့တယ်။ ရောက်လာပုံက အလှူပွဲမှာ လာကူပေးနေတဲ့ မခင်မွှေရဲ့သူငယ်ချင်း ခင်တင့်ဆိုတဲ့ကောင်မလေးကိုယ်ထဲကို ဝင်ပူးပြီး ရောက် လာတာပါ။
ခင်တင့်က အသားတွေတဆတ်ဆတ်တုန်ရင်းက သူဟာ မခင်မွှေဖြစ်ကြောင်း ပြောတယ်။
အတော်ပဲ။ ဘုန်းကြီးတွေပြန်မကြွသေးခင် ဝင်ပူးတော့ သရဲမကို တစ်ခါတည်း တရားပြ လို့ရတာပေါ့။
ဘုန်းကြီးကလည်း တရားပြပါတယ်။
]]ဒကာမလေး ဘုန်းကြီးတို့ရေစက်ချအမျှဝေချိန်မှာ သာဓုမခေါ်ဘူးလား}}
]]သာဓုခေါ်လို့မရပါဘူးဘုရား}}
မခင်မွှေဝင်ပူးနေတဲ့ ခင်တင့်ကပြန်ဖြေတယ်။
]]ဘာလို့ခေါ်လို့မရတာလဲ}}
]]တပည့်တော်မလုပ်ခဲ့တဲ့မကောင်းမှုတွေကများလွန်းလို့ပါဘုရား၊ ပြိတ္တာဘ၀နဲ့ပြန်ပြီး ပေးဆပ် ရမယ်လို့ ပြိတ္တာဘုံက အကြီးအကဲတွေက ပြောပါတယ်}}
]]ဒုက္ခ၊ ဒုက္ခ၊ ဒုက္ခပါလား၊ ဒါဖြင့်လည်း ဒကာမလေး၊ ကျန်ရစ်သူမိဘတွေ ပူပန် သောကမဖြစ်ရအောင် လူတွေကိုဝင်ဝင်ပူးတာမျိုးမလုပ်ပါနဲ့}}
]]လူတကာကို ပူးချင်တိုင်းပူးလို့မရပါဘူးဘုရား၊ ကံနိမ့်နေတဲ့လူ၊ စိတ်အားငယ် တဲ့သူတွေကိုသာ ဝင်ပူးနိုင်တာပါ}}
]]ဘယ်သူ့ကိုမှ ဒုက္ခမပေးပါနဲ့၊ ဒကာမလေးရောက်ရောက်လာတော့ မိဘများလည်း စိတ်ဆင်းရဲရတယ်၊ အပူးခံရသူများလည်း ဒုက္ခရောက်ရတယ်၊ ကိုယ့်ဘ၀နဲ့ကိုယ် အေးအေး နေပါ}}
]]တပည့်တော်မ ဆာလောင်မွတ်သိပ်လွန်းလို့ပါဘုရား}}
]]အေး  ...နောင်အခါပူးရင် အစားစားရလိမ့်မယ်မထင်နဲ့၊ ဘယ်လောက်ပူးပူး ဘယ်သူ့ကိုပူးပူး ဘာမျှမကျွေးဖို့ အားလုံးကိုငါမိန့်ခဲ့မယ်၊ လူတွေကိုဒုက္ခမပေးနဲ့၊ ကြားလား}}
ဘုန်းကြီးကလည်းမိန့်လိုက်ရော မခင်မွှေဝင်ပူးနေတဲ့မခင်တင့်ဟာ ကြူကြူပါအောင် ငိုပါတော့တယ်။
]]ဖြစ်မှဖြစ်ရလေသမီးရယ်}}
မခင်မွှေအမေကလည်း ဝမ်းပန်းတနည်း ငိုချလိုက်ပါတယ်။
မခင်မွှေဟာ ငိုရှိုက်ရင်းကနေပဲ မခင်တင့်ကိုယ်ထဲက ထွက်သွားပါတော့တယ်။ ဒီတစ်ခါ တော့ ဘာမျှလည်းတောင်းမစားလိုက်ရ၊ သူ့ကိုလည်း ဘာမျှမကျွေးလိုက်ရပါဘူး။
မခင်မွှေအမေက အမေဆိုတော့ သရဲဘ၀ရောက်နေတဲ့သူ့သမီးကို ဘာမျှမကျွေးလိုက fရတဲ့အတွက် စိတ်မကောင်းဖြစ်ကျန်ခဲ့ပါတယ်။
ဘုန်းကြီးကတော့ နောင်ကို ဘယ်သူ့မျှဝင်မပူးဖို့ မိန့်လိုက်ပြီ။ ဝင်ပူးရင်လည်း အစား အသောက်မကျွေးမွေးဖို့ အားလုံးကိုမိန့်ကြားခဲ့တယ်။ အစားအသောက်ကျွေးလေ စားရမှန်းသိလို့ ပူးဖို့ကြိုးစားလေဖြစ်နေမှာစိုးလို့ ဘုန်းကြီးက မိန့်မှာခဲ့တာပါ။
ရှေ့ဆက်ပြီး ဘယ်လိုဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။
+ + + + +

သရဲမမခင်မွှေဟာ သူ့ရက်လည်နေ့မှာ မခင်တင့်ကိုဝင်ပူးပြီးနောက် ဘယ်သူ့ကိုမျှ ဝင်မပူးတော့ပါဘူး။ တစ်လလောက်စောင့်ကြည့်တဲ့အထိ ဘယ်သူ့ကိုမျှ ဝင်ပူးတာ မတွေ့ရ တော့ပါဘူး။
မခင်မွှေ သရဲဘ၀ကကျွတ်လွတ်သွားတာလား၊ ဘုန်းကြီးအမိန့်ကိုနာခံလို့ပဲလားဆိုတာတော့ ဝေခွဲရခက်ပါတယ်။
ဘာပဲဖြစ်ဖြစ်  ...ရပ်ကွက်ထဲမှာ သရဲမပူးတော့တာကိုပဲ တစ်ရပ်ကွက်လုံး သက်ပြင်းကိုယ်စီ ချပြီး ဝမ်းသာနေရပါတော့တယ်။
ဒါပေမယ့်  ...သိပ်မကြာဘူး။ ရပ်ကွက်ထဲက ဒေါ်ဘုမဆိုတဲ့ အဒေါ်ကြီးတစ်ယောက် သေသွားတယ်။ ကိုးဆယ့်ခြောက်ပါးရောဂါနဲ့ ရိုးရိုးသေသွားတာပါ။ ဒေါ်ဘုမအသက်ကလည်း ခြောက်ဆယ်ကျော်နေပါပြီ။
ဒေါ်ဘုမကြီးသေပြီးလို့ တစ်ပတ်မပြည့်သေးဘူး ဒေါ်ဘုမရဲ့ဝိညာဉ်ဟာ မိန်းမတစ် ယောက်ကိုဝင်ပူးပါလေရော။ ဒေါ်ဘုမက ဝင်ပူးတဲ့မိန်းမကတစ်ဆင့် ထမင်းတောင်းစားတယ်။ ဒေါ်ဘုမအိမ်ကလူတွေလည်းရောက်လာကြတယ်။
သေပြီးမကြာဘူး  ...ဒေါ်ဘုမ သရဲဖြစ်ပြီး လူကိုဝင်ပူးတယ်၊ အစားအသောက်တောင်းစား တယ်ဆိုတော့ လူတွေလည်း အံ့ဩသွားကြ၊ ကြောက်လန့်သွားကြတယ်။ ဒီလိုပဲ လူသေတိုင်း သရဲဖြစ်ပြီး ဝင်ဝင်ပူးနေတော့မှာလား။ အရင်က သရဲပူးတယ်ဆိုတာ မကြားဘူးပါဘူးပေါ့။
ဒေါ်ဘုမကတော့ တစ်ခါပဲ အဲဒီလိုပူးလိုက်ပါတယ်။ နောက်ထပ်ပြီး ပူးတာ မတွေ့ရ တော့ဘူး။
ဒါပေမယ့်  ...လွန်ခဲ့တဲ့တစ်နှစ်ကျော်ကသေသွားတဲ့ ရေထမ်းသမားကိုစံအေးရဲ့ဝိညာဉ် သရဲက ကလေးတစ်ယောက်ကို ဝင်ပူးပြန်တယ်။ သူကတော့ မုန့်ဟင်းခါးတဲ့။ မုန့်ဟင်းခါးကျွေးဖို့ တောင်းစားတယ်။ အနီးအနားမှာရှိတဲ့လူတွေလည်း ဝယ်ကျွေးလိုက်ရတာပေါ့။
ဘယ့်နှယ်လဲ။ ကိုစံအေးသေတာဖြင့် တစ်နှစ်ကျော်နေပြီ။ သရဲဖြစ်လို့ပူးမယ်ဆိုလည်း သေခါစကတည်းက ပူးပါတော့လား။ ခုမှ ဘာကြောင့် လာပြီးပူးနေရတာလဲ။ ကြည့်ရတာ သရဲတစ္ဆေလောကမှာ မခင်မွှေ လူတွေကိုဝင်ဝင်ပူးပြီး အစားအသောက်တောင်းစားတာမြင်လို့ အကြံရပြီး  ...ခုမှ မခင်မွှေလုပ်သလိုလိုက်လုပ်ကြတာ ထင်ပါရဲ့။ မခင်မွှေကိုအမဲသားကျွေး တာကြည့်ပြီး သရဲတွေ ထကြွလာကြတာလား။ 
ဒီလိုဆိုရင်ဖြင့်  ...ခက်ကုန်တော့မှာပါလား။ ရပ်ကွက်ထဲက သေသွားတဲ့လူတွေထဲမှာ ဘယ်နှယောက်များ သရဲဖြစ်နေကြပါလိမ့်။ ရှိသမျှသရဲတွေ လူတကာဝင်ပူးနေရင် ခက်လှချည် ရဲ့လို့ တွေးကြတယ်။
နောက်တစ်မျိုးတွေးကြတဲ့သူတွေလည်းရှိပါသေးတယ်။ သရဲအပူးခံရတဲ့သူတွေဟာ အစားအသောက်စားရအောင် သရဲပူးချင်ယောင်ဆောင်တာများလားဆိုတဲ့ အတွေးပါ။ ဒါလည်း သိပ်တော့မဖြစ်နိုင်ဘူး။ လူတစ်ယောက်က အစားလေးတစ်လုပ်စားချင်တာနဲ့ သရဲပူးချင် ယောင်ဆောင်ဖို့ဆိုတာ ခဲယဉ်းသားပဲ။
ပြီးတော့  ...ကိုစံအေးသရဲဝင်ပူးတဲ့ကောင်လေးက အသက်ဆယ်နှစ်လောက်ရှိသေးတာ။ ကိုစံအေးကို ကောင်းကောင်းသိတဲ့ကလေး မဟုတ်ဘူး။ ကိုစံအေးနေခဲ့တဲ့ရပ်ကွက်အစွန်နဲ့ ကောင်လေးနေတဲ့အိမ်နဲ့က အဝေးကြီး။ ကောင်လေးကို ကိုစံအေးဝင်ပူးတော့ သူ့မိန်းမနဲ့သူ့သား သမီးတွေကိုခေါ်ခိုင်းလို့ သွားခေါ်ပေးရတယ်လေ။ ရောက်လာတော့ ပူးနေတဲ့ ကောင်လေးက ကိုစံအေးမိန်းမနဲ့ကလေးတွေကို နာမည်နဲ့တကွခေါ်နိုင် ပြောနိုင်တယ်။ သူ ဘောလုံးကွင်းထိပ်က မကျည်းပင်ကြီးမှာ သရဲဖြစ်နေတဲ့အကြောင်းလည်း ပြောသွားတယ်။ ဒီတော့  ...အပူးခံရတဲ့ ကောင်လေးကို လိမ်တယ်လို့လည်း စွတ်စွဲဖို့ခက်ပြန်ရော။
ဒေါ်ဘုမဝင်ပူးတဲ့မိန်းမကလည်း ဒေါ်ဘုမသမီးတွေကိုခေါ်ခိုင်းတာပဲ။ သူကမှ ဒေါ်ဘုမ တစ်ယောက်တည်းသိတဲ့လျှို့ဝှက်ချက်တစ်ခုကိုပြောသွားသေးတယ်။ ဒေါ်ဘုမက သူတို့လမ်း ထဲက မလှအေးဆိုတဲ့မိန်းမကို ငွေငါးရာ ချေးထားတဲ့အကြောင်း၊ သူသေသွားလို့ မလှအေးက အမေ့ခံထားတဲ့အကြောင်း၊ အတိုးနဲ့တွက်ရင် မနည်းကြောင်း၊ ဒါပေမယ့် အတိုးကိုမတောင်း တော့ပဲ အရင်းငါးရာကို ရအောင်တောင်းဖို့အကြောင်း၊ ရတဲ့ငွေနဲ့ သူ့အတွက် ဘုရားမှာ ရွှေသင်္ကန်းကပ်ပြီး အမျှဝေပေးဖို့အကြောင်း  ...သူ့သမီးတွေကို မှာတယ်။
သတင်းကြားတာနဲ့ အကြွေးငါးရာယူထားတဲ့ဒေါ်လှအေးဟာ ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေပြီ။ ဒေါ်ဘုမသမီးတွေသွားတောင်းစရာတောင်မလိုဘူး။ အကြွေးငါးရာကို အိမ်အထိလာပေး သွားတယ်လေ။
ကဲ  ...အဲဒီလို သေသူတစ်ယောက်တည်းသိတဲ့အကြောင်း အရာမျိုးပြောနိုင်နေတော့ ဟန်ဆောင်နေတာပါလို့ ပြောလို့ ဘယ်ရတော့မှာလဲ။
ဒေါ်ဘုမနဲ့ကိုစံအေးဟာ တစ်ခါစီပဲပူးပြီး ထပ်မပူးတော့ပါဘူး။
အဲ  ...ဒါပေမယ့် နောက်တစ်လလောက်အကြာမှာ နောက်ထပ် သရဲတစ်ကောင်ဟာ ဝင်ပူးပြန်တယ်။
ဒီတစ်ခါဝင်ပူးတဲ့သရဲကတော့ တော်တော်ထူးခြားပါတယ်။
+ + + + +

ဒီတစ်ခါဝင်ပူးတဲ့သရဲက ရပ်ကွက်ထဲမှာ အချမ်းသာဆုံးစာရင်းဝင် ပန်းထိမ်ဖိုပိုင်ရှင်ဖြစ် ခဲ့တဲ့ ဦးကြာခိုင်ပါ။
တစ်နေ့ညနေစောင်းမှာ မိန်းမတစ်သိုက် အိမ်တစ်အိမ်ရှေ့က ခုံတန်းလျားလေးမှာ စကားထိုင်ပြောနေကြတုံး မသက်တင်ဆိုတဲ့မိန်းမဟာ အသားတွေတဆတ်ဆတ်တုန်လာတယ်။ ဝါးကနဲသမ်းလိုက်ရင်းက အနားက မိန်းမတွေကို မျက်ထောက်နီကြီးနဲ့ကြည့်တယ်။
]]ဟေ့  ...ငါ ကိုကြာခိုင်ပဲ၊ မယွန်းခင်ကို ငါ့ဆီခေါ်ပေးစမ်း}}
ဒေါ်ယွန်းခင်ယောက်ျား ဦးကြာခိုင်ကြီး ဝင်ပူးပြီဆိုတာ သိလိုက်ကြတယ်။ တစ်ယောက်က ဒေါ်ယွန်းခင်ကိုပြေးခေါ်တယ်။ ဒေါ်ယွန်းခင်ရော သူ့သားနဲ့သမီးရော၊ မြေးနှစ်ယောက်ပါ  ...သရဲပူး တဲ့နေရာကို ရောက်ချလာတယ်။
ပူးနေတဲ့မိန်းမက ရောက်လာတဲ့လူတွေအားလုံးကို နာမည်နဲ့တကွ ခေါ်တယ်။ သူ ဦးကြာခိုင်ဖြစ်ကြောင်း၊ မီးပွိုင့်ရှိတဲ့လမ်းဆုံက ထနောင်းပင်ကြီးမှာ သရဲဖြစ်နေတဲ့အကြောင်း၊ သူ့ကို ဒံပေါက်ကျွေးဖို့တောင်းဆိုပါတော့တယ်။
ဒေါ်ယွန်းခင်ဟာ သူ့ယောက်ျားသရဲဖြစ်နေတယ်ဆိုတာ သိလိုက်ရတော့ ရှက်လည်းရှက်၊ ငိုကြီးချက်မဖြစ်သွားတယ်။
]]ကိုကြာခိုင်ရယ်  ...ရှင်ဟာ ဘုရားဒကာ ကျောင်းဒကာပါ၊ ကောင်းမှုကုသိုလ်တွေအများ ကြီး လုပ်ခဲ့တဲ့လူပါ၊ ဘာဖြစ်လို့ သရဲဖြစ်နေရတာလဲရှင်}}
]]ငါ ဘယ်သိမလဲ၊ ငါ့ကိုသာ ဒံပေါက်ဝယ်ကျွေးစမ်းပါယွန်းခင်}}
]]အမလေး  ...ဖြစ်ရလေကိုကြာခိုင်ရဲ့}}
ဦးကြာခိုင်သရဲက ဒံပေါက်လည်းစားပြီးရော ထွက်သွားရော။ ဘာမျှ ဆက်မမေးနိုင်တော့ ဘူး။
ဒေါ်ယွန်းခင်ကတော့ သူ့ယောက်ျားသရဲဖြစ်နေတယ်ဆိုတာကို မယုံဘူး။ မသက်တင်ကိုပဲ ဟန်ဆောင်တယ်လို့ စွပ်စွဲတယ်။ မသက်တင်က သူတို့တစ်အိမ်လုံးအကြောင်းသိနေတဲ့ အိမ်ချင်း မနီးမဝေးနေတဲ့သူတွေကိုး။ မသက်တင်က သူတို့ကိုအရှက်ခွဲချင်လို့ ဦးကြာခိုင်ကိုသရဲဖြစ် နေသယောင် ဟန်ဆောင်ပြီး အရှက်ခွဲတာပါလို့ ထင်နေတယ်။
ဒေါ်ယွန်းခင်တို့မိသားစုတွင်မဟုတ်ပါဘူး။ တစ်ရပ်ကွက်လုံးကလည်း မသက်တင်ကို သံသယဝင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့  ... ဦးကြာခိုင်ဟာ မသေခင်က တစ်ရပ်ကွက်လုံးက လေးစားရတဲ့ ဘုရားဒကာ ကျောင်းဒကာကြီး။ အလှူအတန်းတွေလည်းလုပ်တယ်။ အပေး အကမ်းလည်း ရက်ရောတယ်။ သမာသမတ်လည်းရှိတယ်။ ပိုက်ဆံရှိတဲ့လူကုံထံကြီး။ ဦး ကြာခိုင်ရဲ့သမာသမတ်ရှိမှု၊ လူမှုရေးကျွမ်းကျင်မှုတွေကိုယုံလို့ တစ်ခေတ်တစ်ခါတုံးက ရပ်ကွက် လူကြီးအဖြစ်တောင် တစ်ရပ်ကွက်လုံးက ဝိုင်းပြီးတင်မြှောက်ထားခဲ့ကြဖူးတယ်လေ။ ရပ်ကွက် ထဲက ဓမ္မာရုံကြီးဟာ ဦးကြာခိုင်တို့မိသားစုတစ်စုထဲရဲ့အလှူငွေနဲ့ဆောက်ထားခဲ့တာပါ။ ဓမ္မာရုံ ထိပ်က အလှူရှင်စာတန်းကြီးက ခုထိ ထင်ထင်ရှားရှား သစ်သစ်လွင်လွင်ရှိနေတုံးပါ။
အဲဒီလို လူရိုးလူဖြောင့် ဘုရားတရားကြည်ညိုတဲ့ ဦးကြာခိုင်လိုလူမျိုးက ဘာလို့သရဲဖြစ် နေရတာလဲ။
ပြီးတော့  ...ထူးဆန်းလွန်းတဲ့အချက်တစ်ချက်ရှိသေးတယ်။
ဦးကြာခိုင်ကွယ်လွန်ခဲ့တာ ဆယ်နှစ်ကျော်ပါပြီ။ သရဲဖြစ်နေတယ်ဆိုရင်လည်း စောစော ကတည်းက အသိပေးပါလား။ မကျွတ်မလွတ်ပဲ သရဲဖြစ်နေတဲ့လူက ဆယ်နှစ်ကျော်မှပဲ လူကိုဝင်ပူးရသလား။
အဲဒီအကြောင်းအချက်တွေကိုထောက်ပြီး ဒေါ်ယွန်းခင်တို့မိသားစုက မသက်တင်ကို ဟန်ဆောင်တာပါလို့စွတ်စွဲတယ်။ ရန်လည်းလုပ်ကြတယ်။
ဒေါ်ယွန်းခင်တို့မိသားစုတွင်မဟုတ်သေးဘူး၊ ရပ်ကွက်ထဲကလူတွေကလည်း ဦးကြာခိုင် သရဲဖြစ်နေတယ်ဆိုတာကို လက်မခံချင်ကြပါဘူး။ လူတိုင်းလိုလိုက ဦးကြာခိုင်ကိုကြည်ညိုကြ တာကိုး။ ဦးကြာခိုင်လူကောင်းဖြစ်တာ သိနေကြတာကိုး။ တော်တော်များများကလည်း ဦးကြာ ခိုင်ကျေးဇူးနဲ့မကင်းကြတဲ့သူတွေဖြစ်နေတယ်။
သူ့ကို သရဲမပူးပဲ ဟန်ဆောင်လှည့်ဖျားတယ်လို့အစွပ်စွဲခံရတော့ မသက်တင်လည်း တော်တော်စိတ်မချမ်းမသာဖြစ်သွားရှာပါတယ်။ ဒေါ်ယွန်းခင်အိမ်ကိုလာပြီး ရှင်းပြတောင်းပန်ရှာ တယ်။
]]မမယွန်းခင်ရယ်  ...ကိုကြီးကြာခိုင်ကျွန်မကိုပူးတယ်ဆိုတာ ကျွန်မတကယ်မသိပါဘူးရှင်၊ အဲဒီတုံးက ကျွန်မသတိလက်လွတ်သလိုဖြစ်သွားပြီး ဘာတွေဆက်ဖြစ်တယ်၊ ပါးစပ်က ဘာတွေ ပြောမိတယ်ဆိုတာ ဘာမျှမမှတ်မိပါဘူး၊ တကယ်ပါမမယွန်းခင်၊ ကျွန်မက ကိုကြီးကြာခိုင် ဝင်ပူးတယ် ဆိုတာကို ဘာလို့ဟန်ဆောင်ရမှာလဲ၊ ကျွန်မတို့မိသားစုအပေါ်မှာ ကိုကြီးကြာခိုင် ကျေးဇူးတွေ အများကြီးပါ၊ ကျွန်မယောက်ျားနေမကောင်းတုံးက ညကြီးသန်းကောင် ဆေးရုံကို ကိုကြီးကြာခိုင် ကိုယ်တိုင် ကားမောင်းလိုက်ပို့တာ ကျွန်မမမေ့သေးပါဘူး၊ ကျွန်မမလိမ်ပါဘူး မမယွန်းခင်ရယ်}}
မသက်တင်က ဝမ်းပန်တနည်းနဲ့ငိုယိုပြီးရှင်းပြတော့လည်း သံသယဝင်ဖို့ ခက်သွားပြန် ပါတယ်။
ဘာပဲဖြစ်ဖြစ်  ...သေပြီးတာဆယ်နှစ်ကြာမှ ဝင်ပူးတယ်ဆိုတဲ့ အဖြစ်က သဘာဝမကျ လွန်းလို့ လူတိုင်းက အစာမကြေကြပါဘူး။
+ + + + +

မသက်တင်အပေါ်မှာ လူတွေဝင်နေတဲ့သံသယက နောက်သုံးရက်အကြာမှာပဲ ပျက်ပျယ် သွားပါတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့  ...ဦးကြာခိုင်သရဲက မသက်တင်မဟုတ်တဲ့ တခြားတစ်ယောက်ကို ဝင်ပူးပြန်လို့လေ။
ဒီတစ်ခါ ဦးကြာခိုင်ဝင်ပူးတာက အသက်၁၂နှစ်အရွယ် ကလေးမလေးကိုပါ။ ရပ်ကွက် တောင်ဖက်ထိပ်မှာနေတဲ့ကလေး။ ဒေါ်ယွန်းခင်တို့အိမ်က ရပ်ကွက်မြောက်ဖက်ထိပ်မှာဆိုတော့ ဦးကြာခိုင်ပူးနေပြီဆိုပြီးလာခေါ်ချိန်မှာ ဒေါ်ယွန်းခင်တို့မိသားစု ကားနဲ့လိုက်လာရတယ်။
ဟိုရောက်တော့ ဦးကြာခိုင်ပူးနေတဲ့ကလေးက သူ့ကိုဒံပေါက်ဝယ်ကျွေးဖို့ပြောနေပါပြီ။
ဒေါ်ယွန်းခင်ကိုမြင်လိုက်တာနဲ့  ...
]]မယွန်းခင်၊ ငါ့ကို ဒံပေါက်မြန်မြန်ကျွေးစမ်း ငါစားချင်လှပြီ}}
-လို့ပြောတယ်။
သားအကြီးက ကားနဲ့ပဲ ဒံပေါက်သွားဝယ်တယ်။
ဒံပေါက်သွားဝယ်နေတုံးမှာ ဦးကြာခိုင်သရဲနဲ့ တော်တော်ကြာ စကားပြောခွင့်ရခဲ့ပါတယ်။
ဦးကြာခိုင်ဝင်ပူးနေတဲ့ကလေးမက  ...
]]ဟဲ့  ...မယွန်းခင်၊ ငါ့သားအငယ် ကျော်လင်းမောင်ရော၊ မတွေ့ပါလား၊ ဟိုတစ်ခေါက်က လည်း မတွေ့ဘူး၊ အခုလည်း ပါမလာဘူး}}
ဒေါ်ယွန်းခင်တို့တစ်မိသားစုလုံး အံ့အားသင့်သွားတယ်။ အသက် ၁၂နှစ်အရွယ်မိန်းက လေးက သူတို့မိသားစုအကြောင်း ဘယ်လိုလုပ်သိနိုင်မှာလဲ၊ ဦးကြာခိုင်သေတုံးက ဒီကလေး အသက်က တစ်နှစ် နှစ်နှစ်ရှိဦးမှာလေ။ သားအငယ်အကြောင်းကို နာမည်နဲ့တကွထုတ်မေး တယ်ဆိုတော့  သရဲဦးကြာခိုင်ဝင်ပူးတယ်ဆိုတာ ယုံလောက်စရာဖြစ်သွားတာပေါ့။
]]ရှင့်သားအငယ် နိုင်ငံခြားကိုအလုပ်သွားလုပ်တယ်ကိုကြာခိုင်၊ သုံးနှစ်ရှိပြီ}}
ပြောဆိုနေတုံး ဒံပေါက်သွားဝယ်တဲ့လူပြန်ရောက်လာလို့ ဒံပေါက်ထုတ်ကိုဖြည်ကျွေး ရတယ်။
ဦးကြာခိုင်ဝင်ပူးနေတဲ့ကလေးက ဒံပေါက်တွေကို လက်နဲ့နယ်ဖတ်ပြီး ပလုတ် ပလောင်းစားတယ်။ အဲဒါကိုကြည့်ပြီး ဒေါ်ယွန်းခင်ခမျာ မျက်ရည်မဆည်နိုင်ဖြစ်ရတာပေါ့။ လူ့ဘ၀တုံးက ဘုရားတရားကြည်ညိုပြီး ပေးကမ်းလှူတန်းခဲ့တဲ့သူတော်ကောင်းကြီး...သရဲဖြစ်ပြီး အငတ်ငတ်အပြတ်ပြတ် ဖြစ်နေတာမြင်ရတော့  ...ချစ်လင်အတွက် အသည်းနှလုံးကြွေမတတ် ပူဆွေးသွားရပါတယ်။
ဒံပေါက်စားပြီးတာနဲ့ ကောင်မလေးက ဒေါ်ယွန်းခင်ကို မျက်ထောက်နီကြီးနဲ့ကြည့် လိုက်တယ်။ ကောင်မလေးမျက်လုံးက သာမန်မျက်လုံးမျိုး မဟုတ်ပါဘူး။ နီရဲပြီး အရောင် တလက်လက်ထွက်နေ တယ်။ ကြောက်စရာကြီး။ ဒေါ်ယွန်းခင် ရင်ဆိုင်မကြည့်ရဲလို့ မျက်လွှာချ ပစ်လိုက်ရတယ်။
]]ဟဲ့  ...မယွန်းခင်၊ လှကြွေတို့မိသားစု လာကြသေးလား}}
]]ဟင်  ...}}
သရဲအမေးကြောင့် ဒေါ်ယွန်းခင် တုန်လှုပ်သွားရပြန်ပါတယ်။ ဒါဟာ တကယ်ပဲဦးကြာခိုင် မို့လို့ ဒီမေးခွန်းမေးနိုင်ခြင်းမဟုတ်ပါလား။ လှကြွေဆိုတာ ရွာမှာနေတဲ့ ဦးကြာခိုင်ရဲ့အမျိုးလေ။ တစ်နှစ်တစ်ခေါက် လာလည်နေကျ ဆွေမျိုးထဲကပါ။
]]လာ  ...လာပါတယ်ကိုကြာခိုင်}}
]]အေး  ...အေး  ...သူ့သားသမီးတွေရော အိမ်ထောင်ကျကုန်ကြပြီလား}}
]]အကြီးနှစ်ယောက်တော့ ကျသွားပါပြီ}}
]]အေး  ...အေး  ...လှကြွေလာရင် တတ်နိုင်သမျှ ပေးပါ ကမ်းပါမယွန်းခင်၊ ငါ့အမျိုးဆိုပြီး ဥပေက္ခာမပြုပါနဲ့၊ သူတို့ခမျာ မရှိရှာဘူး}}
]]ကျွန်မ ပေးပါကမ်းပါတယ်ကိုကြာခိုင်၊ နောက်ဆုံးအခေါက်က လယ်လေးတစ်ကွက် ဝယ်ချင်တယ်ဆိုလို့ ကျွန်မ ငွေတစ်သိန်းထုတ်ပေးလိုက်ပါသေးတယ်}}
]]အေးဟယ်  ...ငါ့ညီမလေးကိုကြည့်ရှုပါမယွန်းခင်၊ ငါ့မှာ ညီမဆိုလို့ ဒီတစ်ယောက်ရှိတာ}}
]]ဟင်  ...}}
ဦးကြာခိုင်ရဲ့နောက်ဆုံးစကားကြောင့် ဒေါ်ယွန်းခင်အံ့ဩသွားတယ်။ ပူးနေတဲ့ကလေးမကို မျက်လွှာပင့်ကြည့်တယ်။
ဒေါ်ယွန်းခင်က တစ်ခုခုပြောမလို့ပြင်နေတုံး  ...
]]ငါနောက်တစ်ခါလာရင်လည်း ငါ့ကိုဒံပေါက်ကျွေးဦးနော်၊ ငါသွားပြီမယွန်းခင်}}
ကောင်မလေးပါးစပ်က ]]ဝါး}}ကနဲသမ်းရင်း ဦးကြာခိုင်သရဲက ထွက်သွားပါတော့တယ်။ ဒေါ်ယွန်းခင် မေးချင်တဲ့မေးခွန်းကို မမေးလိုက်ရတော့ဘူး။
+ + + + +

အိမ်ရောက်တာနဲ့ ဒေါ်ယွန်းခင်တို့မိသားစုတတွေ ခေါင်းချင်းဆိုင်ကြတယ်။
]]နင်တို့သတိထားမိလား၊ နင်တို့အဖေက မလှကြွေကို သူ့ညီမလို့ ပြောသွားတယ်}}
]]သတိထားမိတယ်အမေ၊ တကယ်တော့ အဒေါ်လှကြွေက အဖေ့ညီမမှမဟုတ်ပဲ၊ တူမပဲ}}
]]အေး  ...အဲဒါကြောင့် နင်တို့အဖေသရဲဖြစ်နေတယ်ဆိုတာကို ငါ သံသယဝင်သွားရပြန်ပြီ}}
]]ဟုတ်တော့ဟုတ်ပါတယ်အမေ၊ ဒါပေမယ့် ပထမတစ်ခါဝင်ပူးတုန်းကတစ်ယောက်၊ အခုဝင်ပူးတာက ကလေးမငယ်ငယ်လေးလေ၊ ဒီကလေးမကတော့ ဒေါ်သက်တင်လို အဖေ့အကြောင်း တွေ သိမှာမဟုတ်ဘူး၊ ပြီးတော့ ကျော်လင်းမောင်အကြောင်းကိုမေးသွားတာ ထူးခြားမနေဘူးလား၊ ယုံချင်စရာဖြစ်မနေဘူးလား}}
]]မလှကြွေကိုတော့ ညီမလို့ ဘာလို့ပြောလဲ၊ တကယ်က တူမတော်တာမဟုတ်လား}}
]]သေတာကြာသွားလို့ လူ့ဘ၀ကအကြောင်းတွေ တချို့ မမှတ်မိတော့တာရော မဖြစ fနိုင်ဘူးလားအမေ}}
]]ဟေ့  ...ဘာပဲဖြစ်ဖြစ်၊ နင်တို့အဖေသရဲဖြစ်နေတယ်ဆိုတာကို ငါ လက်မခံချင်ဘူး၊ အမှန်ပေါ်အောင် တစ်ခုခုတော့ လုပ်ရမှာပဲ}}
ဝင်ပူးတဲ့ဦးကြာခိုင်က သူ့ညီမပါလို့ပြောသွားတဲ့ ရွာကမလှကြွေဆိုတာ တကယ်တော့ ညီမမဟုတ်ပါဘူး။ တူမတော်တာပါ။ ဦးကြာခိုင် အစ်မကြီးကမွေးတဲ့တူမ။ ဦးကြာခိုင်နဲ့အသက် သိပ်မကွာလှလို့ တစ်ချို့က ညီမလို့ထင်ကြတယ်။
ဦးကြာခိုင်သရဲက သူ့ညီမလို့ မှားပြောသွားတယ်။
ဒီအဖြစ်မှာ ဝင်ပူးတဲ့ကလေးမကို လိမ်တယ်ညာတယ်လို့စွတ်စွဲဖို့လည်း ခက်နေတယ်။ ကလေးမလေးက အသက်ဆယ်နှစ်ကျော်ပဲ ရှိသေးတယ်။ သူတို့မိသားစုအကြောင်းသိထားဖို့ ဆိုတာလည်း မလွယ်လှဘူးလေ။
ဒေါ်ယွန်းခင်စိတ်ထဲမှာတော့ သူ့ယောက်ျားသရဲဖြစ်နေတဲ့ကိစ္စအပေါ်မှာ သံသယတွေ ဝင်သွားပါပြီ။ တစ်နေရာရာမှာ လွဲမှားမှုတစ်ခုခုတော့ ရှိနေပြီ။
ဒေါ်ယွန်းခင်က သူပြောတဲ့အတိုင်း အဖြစ်မှန်ပေါ်အောင် ကြံစည်ပါတော့တယ်။
+ + + + +

တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အထက်လမ်းဆရာတစ်ယောက်နဲ့ ဆက်မိတယ်။ ဒေါ်ယွန်းခင်က အဲဒီအထက်လမ်းဆရာကို အိမ်ကိုပင့်လိုက်တယ်။ အကျိုးအကြောင်းပြောပြ တယ်။
ဆရာကြီးက သူအဖြစ်မှန်ပေါ်အောင်လုပ်ပေးပါ့မယ်လို့ တာဝန်ယူတယ်။
ဆရာကြီးက နောက်တစ်ခါ ဦးကြာခိုင်သရဲဝင်အပူးကို ဓမ္မာရုံမှာ တည်းခိုပြီး စောင့်ဆိုင်းနေပါတယ်။
+ + + + +

အထက်လမ်းဆရာကြီး ကြာကြာမစောင့်လိုက်ရပါဘူး။
နောက်တစ်ပတ်အကြာမှာပဲ ဦးကြာခိုင်သရဲဟာ လူတစ်ယောက်ကို ဝင်ပူးပြန်တယ်။
ဒီတစ်ခါဝင်ပူးတာက ဒေါ်ယွန်းခင်တို့အိမ်နဲ့မလှမ်းမကမ်းက တက္ကသိုလ်ကျောင်းသ lအပျိုမလေးတစ်ယောက်ကို ဝင်ပူးတာပါ။ ကောင်မလေးနာမည်က မိုးမြတ်သီတာတဲ့။ မိုးမြတ်သီတာ စာကျက်နေတုံး ဝင်ပူးတာပါ။
ပူးပြီး သူဟာ ဦးကြာခိုင်ဖြစ်ကြောင်းပြောတယ်။ သူ့ကို ဒံပေါက် ဝယ်ကျွေးဖို့ လည်းပြောတယ်။
မိုးမြတ်သီတာမိဘတွေက ဒေါ်ယွန်းခင်ကို အရင်ပြေးပြီးအကြောင်းကြားကြတယ်။ ဒေါ်ယွန်းခင် လိုက်လာပြီး သူ့သားကိုတော့ ဆရာကြီးကို သွားပင့်ဖို့လွှတ်လိုက်တယ်။ မိုးမြတ်သီတာမိဘတွေကိုလည်း ဆရာကြီးကြွလာရင်လက်ခံပေးဖို့ကြိုပြီးခွင့်တောင်း ထားလိုက်တယ်။
မြန်မြန်ဆန်ဆန်ရောက်အောင် ဒေါ်ယွန်းခင်သားက ကားနဲ့ပင့်လာလို့ မကြာခင်မှာပဲ ဆရာကြီးရောက်လာပါတယ်။
ဆရာကြီးကလည်း ရောက်ရောက်ချင်း သရဲပူးနေတဲ့လူကိုကြည့်လိုက်တာနဲ့ မူမှန် မဟုတ်တာကိုသိလိုက်တယ် လို့ နောင်တော့ပြန်ပြောပြပါတယ်။
ဆရာကြီးက မိုးမြတ်သီတာရှိနေတဲ့တဝိုက်ကို သူ့ဆေးကြိမ်လုံးကြီးနဲ့ဝိုင်းပတ်ပြီး စည်းတားလိုက်တယ်။
ဆရာကြီးအိမ်ထဲဝင်လာကတည်းက သရဲပူးနေတဲ့မိုးမြတ်သီတာ မျက်နှာပျက်နေပါပြီ။ ပူးနေတဲ့သရဲမျက်နှာပျက်တယ်လို့ ပြောရမှာပေါ့လေ။
]]ဟဲ့  ...နင်ဘယ်သူလဲ  ...ပြောစမ်း}}
ဆရာကြီးက ဆေးကြိမ်လုံးနဲ့ရွယ်ပြီး မေးလိုက်တယ်။
သရဲက ချက်ချင်းပြန်မဖြေဘူး။
]]ငါမေးနေတယ်၊ နင်ဘယ်သူလဲ၊ ပြောစမ်းလို့ဆို}}
]]ကျုပ်  ...ကျုပ်  ...ကိုကြာခိုင်ပါ}}
]]မဟုတ်ဘူး၊ နင် ယောက်ျားသရဲမဟုတ်ဘူး၊ မိန်းမသရဲဆိုတာ ငါသိတယ်၊ နင်ဘယ်သူလဲ ပြောစမ်း}}
မိုးမြတ်သီတာက ကျီးကြည့်ကြောင်ကြည့်နဲ့ ဟိုဟိုဒီဒီကြည့်တယ်။
]]ပြေးဖို့ပြင်နေတာလား၊ နင်ပြေးမရဘူး၊ နင့်ကိုစည်းတားထားပြီးပြီ၊ နင်ဘယ်သူလဲ ဆိုတာသာ ငါ့ကိုပြော}}
သရဲကဘာမျှပြန်မပြောဘူး၊ ရေငုံနှုတ်ပိတ်လုပ်နေတယ်။
]]ဟဲ့  ...မပြောဘူးလား၊ ဒီမှာကြည့်စမ်း  ...ဆေးကြိမ်လုံး}}
ဆရာကြီးက ဆေးကြိမ်လုံးကြီးကို လေထဲမှာ တရွှမ်းရွှမ်းမြည်အောင် မွှေ့ရမ်းပြ လိုက်တယ်။
]]ကြောက်တယ်၊ ကြောက်တယ်၊ ကြောက်လှချည်ရဲ့၊ ချမ်းသာပေးပါဆရာကြီးရယ်}}
]]ချမ်းသာပေးစေ့ချင်ရင် နင်ဘယ်သူလဲဆိုတာပြော၊ ခုပြော  ...}}
]]ကျွန်မ  ...ကျွန်မ  ...မခင်မွှေးပါ}}
ပူးနေတဲ့မိုးမြတ်သီတာနှုတ်က အဲဒီစကားလည်းထွက်လာရော ဘေးကလူတွေအကုန်လုံး ]]ဟင်}]ကနဲ ]]ဟာ}}ကနဲ ဖြစ်ကုန်ကြ တယ်။
]]မခင်မွှေးတဲ့၊ မခင်မွှေးဆိုတာ သိကြသလား}}
ဆရာကြီးက ဝိုင်းကြည့်နေတဲ့သူတွေကို လှည့်မေးလိုက်တယ်။
]]သိပါတယ်ဆရာကြီး၊ ခင်မွှေးဆိုတာ လွန်ခဲ့တဲ့ခြောက်လလောက်တုံးက သေသွား တာပါ၊ မသေခင်ကတည်းက ဂြိုဟ်မွှေလွန်းလို့ သူ့ကို တစ်ရပ်လုံးက ခင်မွှေလို့ခေါ်ပါတယ်၊ သေခါစက သူကိုယ်တိုင် လူသုံးလေးယောက်ကို ဝင်ပူးဖူးပါတယ်}}
ဒေါ်ယွန်းခင်ကပဲ ဆရာကြီးကို ရှင်းပြလိုက်တယ်။
တစ်ဆက်တည်း  ...မိုးမြတ်သီတာကိုကြည့်ပြီး ရန်တွေ့လိုက်တယ်။
]]ခင်မွှေ  ...ညီးဂြိုဟ်မွှေလှချည်လားအေ၊ ငါ့ယောက်ျားသူတော်ကောင်းကြီးနာမည်ကိုများ သုံးပြီး မွှေရက်သေးတယ်၊ ခင်မွှေ  ...ခင်မွှေ  သရဲဘ၀ရောက်တာတောင် ညီးအကျွတ် တရား မရသေးပါလားနော်}}
ဆရာကြီးက ဒေါ်ယွန်းခင်ကို ဆေးကြိမ်လုံးကြီးယမ်းပြပြီး ဆက်မပြောဖို့ တားလိုက်တယ်။
]]ဟဲ့  ...သရဲမ၊ နင်ဘာအကြံနဲ့ သူများနာမည်သုံးပြီး ခုလို လုပ်ရတာလဲ၊ ငါ့ကိုပြောစမ်း}}
သရဲမ မခင်မွှေက ဒီတော့မှ အကြောင်းစုံကိုဇာတ်ကြောင်းလှန် ရှင်းပြရင်း ဝန်ခံပါ တော့တယ်။
သူ့ရဲ့လလည်ဆွမ်းကျွေးပွဲမှာ ဘုန်းကြီးက နောင် လူတွေကိုဝင်မပူးဖို့ဆုံးမလိုက်ရုံမက၊ ဝင်ပူးခဲ့ရင်လည်း အစားအသောက်မကျွေးဖို့ အားလုံးကိုတားမြစ်ခဲ့တာကြောင့် ခင်မွှေအဖြစ်နဲ့ ဝင်ပူးရင် မစားသာတော့ဘူးဆိုတာ သိလိုက်တယ်တဲ့။
ဒါနဲ့ပဲ  ...အရပ်ထဲကသေပြီးသွားတဲ့ ဒေါ်ဘုမတို့ ကိုစံအေးတို့ အယောင်ဆောင်ပြီး ဝင်ပူးခဲ့တာပါတဲ့။ အမဲသားကြိုက်ပေမယ့် အမဲသားတောင်းစားရင် သူဆိုတာ ရိပ်မိမှာစိုးလို့ ထမင်းတို့ မုန့်ဟင်းခါးတို့ပဲ တောင်းစားခဲ့ရတယ်တဲ့။ ဒေါ်ဘုမတို့ ကိုစံအေးတို့ဟန်ဆောင်ပြီး ပူးရတာ မစားသာပါဘူးတဲ့၊ သူတို့က ဆင်းရဲတော့ ကျန်ရစ်သူတွေက အစားအသောက် ကောင်းကောင်း မကျွေးနိုင်ဘူးလေ။
ဒါနဲ့ပဲ  ...ကောင်းကောင်းစားရသောက်ရအောင် ဘယ်သူ့ ဟန်ဆောင်ရရင်ကောင်းမလဲလို့ စဉ်းစားခဲ့တယ်တဲ့။ အဲဒီမှာ  ...အရပ်ထဲက သေဖူးတဲ့ သူဌေးကြီးဦးကြာခိုင်ကိုသတိရပြီး ဦးကြာခိုင fဟန်ဆောင်ပြီးဝင်ပူးရင်တော့ ကောင်းကောင်းစားရမှာပဲဆိုတာတွေးမိပြီး ဦးကြာခိုင် သရဲဖြစ်ပြီး ဝင်ပူးသယောင် ဟန်ဆောင်ခဲ့တာပါတဲ့။
ဒေါ်ဘုမတို့ ကိုစံအေးတို့ ဟန်ဆောင်ခဲ့တုန်းကလည်း သူတို့အကြောင်းတွေကို သိပြီး သားမို့လို့ ပိပိရိရိဟန်ဆောင်နိုင်ခဲ့ပါတယ်တဲ့။ သူတို့ မိသားစုတွေကို နာမည်နဲ့တကွ မှန် အောင်ခေါ်နိုင်ခဲ့တယ်။
ဒေါ်ဘုမက ဒေါ်လှအေးကို ငွေငါးရာအတိုးနဲ့ချေးထားတာကိုလည်း မခင်မွှေမသေခင fကတည်းက သိထားတာပါ၊ ဒေါ်ဘုမကိုယ်တိုင်က  ...
]]မလှအေးကို ငွေငါးရာ အတိုးနဲ့ချေးထားတာ တစ်နှစ်ကျော်ပြီအေ၊ အတိုးလည်း မပေးဘူး၊ အရင်းလည်းမဆပ်ဘူး၊ အတိုးတွက်ရင်တောင် အရင်းကျော်နေပါပြီ}}
-လို့ မခင်မွှေကို ငြီးပြခဲ့ဖူးတာကိုး။
ဦးကြာခိုင်အနေနဲ့ဟန်ဆောင်တော့လည်း ဦးကြာခိုင်မိသားစုအကြောင်းကို သိပြီးသားမို့ ယုံအောင်လုပ်နိုင်ခဲ့ပါတယ်တဲ့။ သားအငယ် ကျော်လင်းမောင်ကိုမတွေ့လို့ မေးမြန်းတာမျိုးပေါ့။
(ဦးကြာခိုင်တူမ မလှကြွေကို ညီမလို့ မှားပြောမိမှန်းကို သရဲမ မခင်မွှေ သိမသွားခဲ့ပါဘူး၊ အဲဒီအမှားကြောင့် သူ့လိမ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့မှန်းလည်း သူသိမှာမဟုတ်ဘူး)
ဦးကြာခိုင်အနေနဲ့ဟန်ဆောင်ရတာ ဒံပေါက်ကောင်းကောင်းစားရလို့ ဦးကြာခိုင်အဖြစ်နဲ့ပဲ ဆက်ပြီးဟန်ဆောင်နေတာပါတဲ့။
]]သယ်  ...တော်တော်ဂြိုဟ်မွှေတဲ့အမွှေမပဲ၊ နင် နောင် ဒါမျိုး ဆက်လုပ်ဦးမလားဟဲ့}}
]]ကြောက်ပါတယ်၊ မလုပ်တော့ပါဘူး}}
]]နင့်ကို ကျွတ်အောင်လွတ်အောင်လုပ်ပေးမယ်၊ နင့်အတွက် အမျှအတန်းဝေတာတွေ နင်တစ်ခုမျှမရဘူးလားသရဲမ}}
]]ရပါတယ်၊ သာဓုခေါ်လိုက်ရင် ဒီဘ၀ကကျွတ်သွားမှာစိုးလို့ သာဓုမခေါ်ခဲ့တာပါ}}
]]တယ်မိုက်ပါလား၊ အောက်တန်းနောက်တန်းကျတဲ့သရဲတစ္ဆေဘ၀ကို နင်ဘာလို့ ဒါလောက်ခင်တွယ်နေရသတုံး}}
]]ပျော်လို့ပါ၊ ခုလိုလိုက်လုပ်ရတာ ပျော်စရာကောင်းလို့ပါ}}
]]အမိုက်မ၊ ငါကြိမ်နဲ့ဆော်လိုက်ရ မကောင်းရှိရော့မယ်}}
]]ကြောက်ပါတယ်၊ နောက်ဒါမျိုးမလုပ်တော့ပါဘူး}}
အဲဒီအချိန်မှာ မခင်မွှေဝင်ပူးနေတဲ့အကြောင်း လူတစ်ယောက်က သူ့အိမ်ကိုသွား အကြောင်းကြားလို့ မခင်မွှေအမေ ရောက်လာပါပြီ။
]]ဟဲ့  ...ခင်မွှေ၊ အမလေးတော်  ...ကြားလို့မှကောင်းကြသေးရဲ့လား၊ သေတာတောင် မိဘတွေမျက်နှာပျက်အောင်မွှေချင်တုန်းပါလား ခင်မွှေရဲ့၊ သရဲဘ၀ကလွတ်ရင်တောင် အဝီစိမှာ ဂျိုးကပ်မယ့်ကောင်မ}}
ခင်မွှေ့အမေက သူ့သမီးပူးနေတဲ့မိုးမြတ်သီတာကိုကြည့်ရင်း ငိုလည်းငို၊ ရန်လည်း တွေ့တယ်။
]]ကျုပ်ကိုခွင့်လွှတ်ပါအမေရယ်၊ နောင်ဆက်မမိုက်တော့ပါဘူး}}
မခင်မွှေပူးနေတဲ့မိုးမြတ်သီတာကလည်း ငိုရင်းပြောပါတယ်။
]]ကဲ  ...ကဲ  ...နင့်ကိုကျွတ်အောင် ဘယ်လိုလုပ်ပေးရင်ရမလဲ၊ ပြောစမ်း}}
ဆရာကြီးက မေးတယ်။
]]ရပ်ကွက်ထဲကရွှေဘုံသာဘုရားမှာပဲ ရွှေသင်္ကန်းကပ်ပေးပါ၊ အမေကိုယ်တိုင်ကပ်ပေးပါ၊ ကျွန်မကိုအမျှဝေပါ၊ ကျွန်မသာဓုခေါ်ရင် ဒီ့ထက်ကောင်းတဲ့ဘ၀ကိုကူးရမှာပါ}}
]]သေချာသလားဟဲ့}}
]]ကျွန်မနောင်တရပါပြီ}}
]]ငါတို့ကလည်း နင်တွင်မဟုတ်ဘူး၊ ဘယ်သရဲတစ္ဆေမျှ ရပ်ကွက်ထဲမလာနိုင်အောင် အတားအဆီးလုပ်ထားမှာဆိုတော့ နင်နောင်တ မရလို့လည်း မဖြစ်တော့ဘူး၊ စားပေါက်ချောင် လိမ့်မယ်မထင်နဲ့၊ ကြားလား}}
]]ဟုတ်ကဲ့ပါ၊ ကျွန်မကိုသွားခွင့်ပြုပါတော့၊ ကျွန်မသွားပါရစေတော့}}
မခင်မွှေကငိုယိုတောင်းပန်ရင်းက မိုးမြတ်သီတာကိုယ်ထဲကနေ ထွက်သွားပါတော့တယ်။
ဝါးကနဲသမ်းလိုက်ပြီးတာနဲ့ မိုးမြတ်သီတာလည်း ကြမ်းပြင်ပေါ် ပုံလဲကျသွားပါတော့တယ်။
+ + + + +

နောက်တစ်နေ့မှာပဲ မခင်မွှေအမေက မခင်မွှေမှာတဲ့အတိုင်း ရွှေဘုံသာဘုရားမှာ ရွှေသင်္ကန်းကပ်ပေးခဲ့ပါတယ်။ ပြုရတဲ့ကုသိုလ်ကိုလည်း မခင်မွှေရအောင် အသံကျယ်ကျယ်နဲ့ အမျှဝေပေးလိုက်တယ်။
ရပ်ကွက်ထဲမှာလည်း လမ်းတိုင်းလမ်းတိုင်း ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်ကြ၊ ကမ္မဝါဖတ်ကြပါတယ်။ နေရာအနှံ့ကို ပရိတ်ကြိုးတွေချည်၊ ပရိတ်သဲတွေပက်နဲ့ မကောင်းဆိုးဝါး တွေမဝင်နိုင်အောင် အတားအဆီးလုပ်ကြပါတယ်။ ဆရာကြီးကဦးဆောင်ပြီး စီစဉ်ပေးခဲ့တာပါ။
အဲဒီနောက်ပိုင်း မခင်မွှေသရဲမကို မတွေ့ရတော့ပါဘူး။ ကျွတ်ပဲ ကျွတ်သွားတာလား၊ အတားအဆီးလုပ်ထားလို့ မလာနိုင်တာလား။မလာရဲတော့လို့မလာတာလား။ တခြားနေရာမှာပဲ သွားသောင်းကျန်းနေ မွှေနေသလား  ...မသိနိုင်ပါဘူး။
ဒီရပ်ကွက်ထဲမှာတော့ မခင်မွှေသရဲသာမက  ...ဘယ်မကောင်းဆိုးဝါး နာနာဘာဝရဲ့ အနှောက်အယှက်မှ မခံရတော့ပါဘူး။
ခုဆို  ...မခင်မွှေသေသွားတာ ငါးနှစ်ရှိပါပြီ။ ဒါပေမယ့်  ...မသေခင်က မခင်မွှေ မွှေခဲ့တဲ့ အကြောင်းတွေရော၊ သေပြီးနောက်မှာ မွှေခဲ့ တဲ့အဖြစ်တွေကိုပါ ရပ်ကွက်ထဲမှာ ခုအချိန်ထိ ပြောလို့မဆုံးကြသေးဘူး။
နောင်ကာလကြာတဲ့အထိလည်း  ...နောင်လာနောက်သားတွေကို မခင်မွှေအကြောင်းတွေ ဆက်ပြောဖြစ်နေဦးမှာပါ။
ဘာဖြစ်လို့လဲဆိုတော့  ...လူ့ဘ၀ကနေ သရဲဘ၀ရောက်တဲ့အထိ မခင်မွှေ မွှေခဲ့တဲ့ လုပ်ရပ်တွေက ထူးဆန်းလွန်းလှတယ် မဟုတ်လား။
+ + + + + + + + +
                                                                             ဆောင်းလုလင်
                                                 

1 comment:

ဆောင်းလုလင် said...

သရဲမလေးမခင်မွှေ-၀တ္ထုတိုအား ဗီဒီယိုဇာတ်ကားရိုက်ကူးရန်အတွက် ခရေဖြူဗီဒီယိုထုတ်လုပ်ရေးမှ ၀ယ်ယူထားပါသည်။ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)မှ ရိုက်ကူးမည်ဟု သိရပါသည်။