Saturday 28 July 2012

နွေတမာန်၏၀တ္ထုတို- အတူတူကစားရအောင်

နွေတမာန်

အတူတူကစားရအောင်

ငါနေတဲ့တောင်ကုန်းလေးပေါ်ကို ငါနဲ့ရွယ်တူ ကလေး ၄ ယောက်တက်လာတာ ကိုမြင်လိုက်တော့ ငါအရမ်းပျော်သွားတာပဲ။
ငါနဲ့တူတူကစားဖို့အဖော်တွေကိုမျှော်နေတာ ကြာလှပါပြီ
ဘယ်လောက်ကြာပြီလဲဆိုတော့ မမှတ်မိအောင်ကို ကြာလှပါပြီ။
သူတို့လေးယောက် လာနေကြတာကိုကြည့်ပြီး ငါ့စိတ်တွေ အရမ်းတက်ကြွသွားတယ်။လေးယောက်စလုံးက ငါနဲ့အရွယ်မတိမ်းမယိမ်းတွေ၊ ငါလိုပဲအသက်ရှစ်နှစ်ပတ်ဝန်းကျင်အရွယ်တွေပဲပေါ့။
တောင်ကုန်းလေးအောက်ခြေက ကားလမ်းမပေါ်မှာ ကားတစ်စီးပျက်နေတာကိုငါမြင်နေရတယ်။ ကားအောက်မှာ အဘွားအိုကြီးတစ်ယောက်ရယ်၊ ယောကျာ်းကြီး၊ မိန်းမကြီးတွေရယ်ကို ငါမြင်နေရတယ်
 ကြည့်ရတာ လမ်းမှာကားပျက်သွားတာထင်ပါရဲ့။
ငါကြည့်နေတုန်းမှာပဲ ယောကျာ်းကြီးတစ်ယောက်က ကားပေါ်က ဘီးပိုတစ်ဘီးကိုဖြုတ်ပြီးအောက်ချလိုက်တာမြင်လိုက်ရတယ်။
ကားဘီးပေါက်လို့ ဘီးလဲမလို့ကိုး။
သူတို့လေးယောက်က ကားဘီးလဲတုန်းမှာ ကစားကြမယ်ဆိုပြီးငါရှိတဲ့တောင်ကုန်းလေးပေါ် တက်လာကြတာဖြစ်မှာပေါ့။သူတို့လေးယောက်စလုံးဟာ အသက်ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ် အရွယ်တွေချည်းပဲ။
ယောကျာ်းလေးကနှစ်ယောက်၊ မိန်းကလေးက နှစ်ယောက်။ သူတို့ဟာမောင်နှမတွေတော့မဖြစ်နိုင်ပါဘူး။ အို...ဒါတွေက အရေးမကြီးပါဘူး။ သူတို့ငါနေတဲ့နေရာမှာကစားဖို့လာကြတာဆိုရင် ငါလည်းသူတို့နဲ့အတူတူ ၀င်ကစားမှပဲ။ငါလေ ရွယ်တူကလေးတွေနဲ့မတွေ့ရတာကြာပြီ။ မကစားရတာလည်းကြာပြီ။ ငါ့ဟာငါ တစ်ယောက်တည်းကစားရတာ သိပ်ပျင်းဖို့ကောင်းတာပဲ။


"ဟေး.........
"
တောင်ကုန်းပေါ်သူတို့ ရောက်လာတာနဲ့ ငါကအော်ပြီးနှုတ်ဆက်လိုက်တယ်။ ဒါပေမဲ့ငါအော်တာကို သူတို့မကြားကြဘူး။ ဒါနဲ့ငါလည်း သူတို့မမြင်အောင် တိတ်တိတ်ကလေး သူတို့အနားကပ်သွားလိုက်တယ်။
"ငါတို့ တူတူပုန်းတမ်းကစားရအောင်ဟေ့"
"အချိန်ရပါမလားဟယ်"
"ရသလောက်ပဲကစားကြတာပေါ့"
"စိန်ပြေးတမ်းကစားရင်ကော"
"ဒီနေရာလေးက တူတူပုန်းတမ်းဆော့လို့ကောင်းမှဟ ကြည့်ပါလား၊သစ်ပင်တွေလည်းအများကြီး။ တောင်ကုန်းလေးတွေ ကျောက်တုံးကြီးတွေ လည်းရှိတယ်။ပုန်းစရာနေရာတွေမှာ အများကြီးပဲ။ တူတူပုန်းတမ်းပဲကစားရအောင်ပါဟာ"
ငါကသူတို့အနား တိတ်တိတ်ကလေး ကပ်သွားပြီး သူတို့တိုင်ပင်တာကို
နားထောင်နေလိုက်တယ်။ တူတူပုန်းတမ်းကစားကြမလို့တဲ့။ ကောင်းတာပေါ့၊
ဒီနားမှာ တူတူပုန်းလို့ကောင်းတဲ့နေရာတွေ အများကြီးရှိတာ ငါသိတယ်လေ။
ငါသူတို့နဲ့အတူတူကစားရင်းသူတို့ကိုကူညီမှာပေါ့။ ပုန်းတဲ့သူတွေကိုလည်း ပုန်းလို့ကောင်းတဲ့နေရာတွေပြမယ်။
လိုက်တဲ့လူကိုလည်း ပုန်းတဲ့ကောင်တွေမိအောင် ကူညီပေးလိုက်မယ်။ သိပ်ပျော်ဖို့ကောင်းမှာပဲ။
သူတို့က "ကျား-ဗိုလ်"ဆွဲပြီး လိုက်ရှာမယ်လူကိုရွေးကြတယ်။ ဂါဝန်ဝါ၀ါနဲ့ကောင်မလေးက ရှာဖို့မဲကျတယ်။ ကောာင်မလေးက သူတို့ထဲမှာအငယ်ဆုံးပဲ။ သူကပုန်းတဲ့လူတွေကို ရှာရမှာမို့လို့ နှုတ်ခမ်းလေးစူနေတယ်။
စိတ်မပျက်ပါနဲ့ဟယ်၊
သူတို့အားလုံး မိအောင်နင့်ကို ငါကူညီမှာပေါ့။
"ကဲ - ပုန်းတော့မယ်ဟေ့၊ ဇာဇာ မျက်စိကိုပိတ်ထား"
"ကိုကြီးတို့ အဝေးကြီးသွားမပုန်းနဲ့နော်၊ ညီမလေး တစ်ယောက်တည်းကြောက်တယ်"
မကြောက်ပါနဲ့ဟယ် ငါနင့်ကို ကူရှာပေးမှာပေါ့။ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးက ဇာဇာတိုတဲ့ကောင်မလေးမျက်စီပိတ်ထားတုန်း ပုန်ဖို့ထွက်ကသွားကြတယ်။
ငါကပုန်းလို့ကောင်းတဲ့နေရာကိုပြဖို့ သူတို့နောက်က လိုက်သွားတာပေါ့။
အကြီးဆုံးကောင်လေးရှေ့ကိုရောက်အောင်ပြေးပြီး ငါကခေါ်လိုက်တယ်။
သူကငါ့ကိုမြင်လိုက်တော့ လိုက်သွားတယ်။
"မင်း - မင်းဘယ်သူလဲ"
"မင်း ကိုပုန်းမယ့်နေရာပြမလို့ပေါ့၊ လာ - ငါ့နောက်လိုက်ခဲ့"
ငါကသူလက်ကှိုဆွဲခေါ်တော့ သူက "လွှတ် - လွှတ် - ငါ့လက်ကိုလွှတ်"
ဆိုပြီး ရုန်းနေသေးတယ်။
ငါကသူ့ကို ထနောင်းပင်ကြီးတစ်ပင်ရဲ့ သစ်ခေါင်းထဲကို တွန်းထည့်လိုက်တယ်။
ထနောင်းပင်အခေါင်းက အကျယ်ကြီးရယ်၊ ကလေးတစ်ယောက်ပုဝင်နေရာင်
ဘယ်သူမှမမြင်နိုင်တော့ဘူး။ ကောင်လေးက သစ်ခေါင်းထဲကနေ ငါ့ကိုပြန်ချောင်းကြည့်ပြီး
ချွေးတွေပြန်နေတယ်။
ငါက သူ့ကိုရယ်ပြလိုက်တယ်။
"မင်း ဒီမှာနေခဲ့ဦးနော်၊ ကျန်တဲ့လူတွေကို ငါကူလိုက်ဦးမယ်"
ငါက ပုန်းမယ့်ကောင်မလေးနောက်ကို လိုက်သွားလိုက်ပြန်တယ်။ ကောင်မလေးက
ခြုံပုတ်ထဲဝင်ပုန်းရနိုးနိုး၊ ကျောက်တုံးအကွယ်မှာပုန်းရနိုးနိုးနဲ့
ဝေခွဲမရဖြစ်နေပုံပဲ။ သူရပ်နေတဲ့ချုံပုတ်အကွယ်ကနေ ငါထွက်လာတာလည်းမြင်ရော ကောင်မလေးက အောက်လိုက်တာလေ။
"ဟော့ - မအော်နဲ့၊ နင့်ကိုပုန်းစရာနေရာပြမလို့ပါဟ၊ လာ - လာ"
"ဘာလဲ၊ နင်က ဘယ်သူလဲ။ ဘာလို့ ငါတို့ထဲဝင်ပါတာလဲ့"
"ငါလည်းပါချင်လို့ပေါ့ဟ။ လာပါ၊ နင်ပုန်လို့ကောင်းတဲ့နေရာကို ငါပို့ပေးပါ့မယ်။
ဟိုကောင်မလေး ရှာမတွေ့စေရဘူး"
"ဟင့်အင်း - ဟင့်အင်း - မလိုက်ဘူး"
"လာစမ်းပါဟာ"
ငါကသူ့လက်ကို ဆွဲခေါ်လိုက်တာပေါ့။
"ဟယ် - နင့်လက်က အေးစက်နေတာပဲ။ နင်ငါ့ကိုဘယ်ခေါ်သွားမလို့လဲ"
"တိတ်တိတ်နေ၊ နင့်ကို တစ်ပင်ခွကြားထိ တွန်းတင်ပေးမယ်။ နင်အဲ့ဒီမှာ
တိတ်တိတ်ကလေးပုန်းနေနော်"
ငါက ချက်ချင်းပဲ သူ့ကိုသစ်ပင်တစ်ပင်ရဲ့ခွကြားရောက်တဲအထိသူ့ကိုယ်လေးကိုမြှောက်ပြီး တွန်းတင်လိုက်တာပေါ့။ သူဟာ အလွယ်တကူပဲသစ်ပင်ခွကြားပေါ်ရောက်သွားပါတယ်။
"ဟယ် - ငါကြောက်တယ်၊ ငါ့ကိုအောက်ပြန်ချပေးပါ"
ကောင်မလေးက ငိုမဲ့မဲ့နဲ့ငါ့ကို တောင်းပန်းနေတယ်။ ငါကဘာမျှပြန်မပြောမနေတော့ဘဲ
သူ့ကိုအဲ့ဒီအတိုင်းထားခဲ့ပြီး ကျန်တဲ့ကောင်လေးတစ်ယောက်နောက်ကို ထွက်လာခဲ့လိုက်တယ်။
တကယ်ဆို ငါကသူတို့ကို ပုန်းလို့ရအောင်ကူညီပေးတာ ငါ့ကိုကျေးဇူးတင်သင့်ပါတယ်။ သူ့တို့ငါ့ကို ဘာလို့ကြောက်နေကြမှန်းမသိဘူး။
ကျန်တဲ့ကောင်လေးတစ်ယောက်နား ရောက်သွားတော့ ကောင်လေးက
ကျောက်တုံးကြီးတစ်တုံး နောက်ကိုဝင်ပုန်းဖို့လုပ်နေတယ်။
အို ကျောက်တုံးနောက်ကငါနေတဲ့နေရာလေးကို တွေ့သွားတော့မှာပဲ။
ငါက သူ့ပခုံးကိုနောက်ကနေလှမ်းပုတ်လိုက်တာပေါ့။ ဒီကောင်လေးလည်း ဟိုနှစ်ယောက်လိုပါပဲ။ ငါ့ကိုမြန်တာနဲ့ လန့်သွားလိုက်တာ။
"လာ - ပုန်းရမယ့်နေရာ ငါလိုက်ပြမယ်၊ မင်းကိုရှာလို့မတွေ့စေရဘူး"
ငါကသူပခုံးကိုဖတ်ပြီး မြေတွင်းကြီးတစ်ခုဆီကိုခေါ်လာခဲ့လိုက်တယ်။ သူကငါ့လက်ထဲကရုန်းနေပေမယ့် ငါက လွှတ်မပေးဘူး။ ဒီကောင်ကပိုပြီးတောင်ကြောက်တက်ပါသေးလား။ ငါ့ကိုစကားတောင်ပြန်မမေးနိုင်ဘူ၊
မျက်လုံးကြီးပြူးကြည့်ပြီး ရုန်းနေတော့တာပဲ။ ရယ်စရာကောင်းလိုက်တာ၊ ငါလည်းသူ့ကို
ကလေးတစ်ရပ်လောက်ရှိတဲ့ကျင်းထဲကို ပခုံးကနေ မပြီးချပေးလိုက်တယ်။
ပြီးပြီ။ သူတို့အားလုံးကို လုံလုံခြုံခြုံ ပုန်းနိုင်အောင် ငါကူညီပေးလိုက်ပြီ။
ငါစိတ်တွေဟာ သိပ်ကိုပျော်နေတာပဲ။ ငါဒီလိုရွယ်တူသူငယ်ချင်းတွေနဲ့ မကစားရတာ
ကြာပြီလေ။ငါက ဇာဇာဆိုတဲ့ ကောင်မလေးဆီကို ပြန်ပြေးလာခဲ့တယ်။ဇာဇာက မျက်နှာကို လက်ဝါးလေးနဲ့အုပ်ထားတုန်းပဲ။
"တူပြီလားဟေ့၊ ကြာလိုက်တာ"
"တူပြီး" - လို့အော်တဲ့အသံထွက်မလာလို့ ဇာဇာက စိတ်မရှည်နိုင်ပဲ
အော်မေးနေတာလေ။
"သူတို့ပုန်းနေကြပြီဟ၊ လာ - သူတို့ကိုနင်နဲ့ငါနဲ့ အတူတူလိုက်ရှာရအောင်"
ငါစကားပြောလိုက်တဲ့အသံလည်းကြားရော ဇာဇာက တအံ့တသြနဲ့လက်ကိုဖယ်ပြီးကြည့်လိုက်တယ်။
"ဟင် - ဘာလဲ၊ နင့်က ဘယ်သူလဲ"
"ရှူး တိုးတိုး သူတို့တွေဘယ်မှာပုန်းနေတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့
နင်တွေ့အောင်ရှာကြည့်ဦး။ နင်မတွေ့မှ သူတို့ပုန်းတဲ့နေရာကို
ငါတိုးတိုးလေးပြောပြမယ် သိလား"
"အိုး - ဟင့်အင်း။ ဟင့်အင်း။ နင်ကဘယ်ကလဲ။ နင်ဘယ်လိုရောက်လာတာလဲ"
"ငါလား၊ နင်တို့နဲ့တူတူကစားချင်လို့လာတာပေါ့ဇာဇာရဲ့"
"အာ - ငါ့နာမည်ကိုလည်း နင်ကသိနေတယ်။ ဒါပေမယ့် နင့်ကိုငါကြောက်တယ်။
နင့်ကြည့်ရတာ တစ်မျိုးကြီးပဲ၊ နင်သွားပါ"
ငါက သူ့လက်ကိုဆွဲလိုက်တော့ -
"ဟင် - နင့်လိုက်ကြီးက အေးအေးကြီး၊ ဖယ် ဖယ် ငါ့ကိုလွှတ်။ ကိုကိုကြီးရေ၊
အောင်အောင်ရေ၊ မ၀ါရေ ဘယ်ရောက်နေကြလဲ၊ လာကြပါဦး"
ဇာဇာက အတင်းအော်ပြီး ငါ့လက်ထဲက ရုန်းထွက်သွားတယ်။
"ကလေးတွေ၊ ကလေးတွေ၊ ကားပြင်ပြီးပြီဟေ့၊ ဘာလုပ်နေကြလဲ၊ လာခဲ့တော့"
တောင်ကုန်းအောက်လမ်းမပေါ်က လူကြီးတွေအော်ခေါ်သံထွက်လာတယ်။
ဒီတစ်ခါလန့်သွားရတာက ငါပါပဲ။ လူကြီးတွေငါ့ကိုမြင်သွားမှာကိုတော့ ငါကြောက်တယ်လေ။
ငါနဲ့ရွှယ်တူကလေးတွေနဲ့သာ ငါကကစားချင်တာလေ။
"ဖေဖေ၊ ဘွားဘွားကြီး၊ လုပ်ပါဦး။ ဒီမှာ ဘယ်ကကောင်လေးလဲမသိဘူး။
ကိုကိုကြီးတို့ကိုလည်းခေါ်လို့မရဘူး။ ဘယ်ရောက်နေမှန်းမသိဘူး"
ဇာဇာက အော်ဟစ်ရင်းက တောင်ကုန်းအောက်ကိုပြေးဆင်းသွားတယ်။
တော်တော်ဆိုးတဲ့ကောင်မလေးပဲ။ လူကြီးတွေ တောင်ကုန်းပေါ်တက်လာတာမြင်တာနဲ့ ငါလည်းခြုံတစ်ခုကိုကွယ်ပြီး ပုန်းနေလိုက်ရတယ်။
"ဘာဖြစ်တာလဲ၊ ငါမြေးတွေဘာဖြစ်တာလဲ"
အသက်အကြီးဆုံး အဘွားအိုကြီးက ဇာဇာ့ကိုမေးလိုက်တယ်။ ဟင်... အဘွားကြီးက
ကြောက်စရာကြီး၊ လက်မှာစိတ်ပုတီးကြီးကိုင်လို့။
"ဖေဖေ၊ မေမေ၊ ဘွားဘွား။ ကျွန်တော်ဒီမှာ။ သစ်ခေါင်းထဲမှာ။ ကျွန်တော့်ကိုလာခေါ်ပါ"
"မေမေရေ၊ ၀ါဝါ သစ်ပင်ခါကြားမှာရောက်နေတယ်၊ သမီးကိုလာခေါ်ပါမေမေ"
"ဘွားဘွား၊ သားမြေတွင်းထဲကိုကျနေတယ်ဗျို့။
ကောင်လေးတစ်ယောက်ကတွန်းချတာ၊ ပြန်တက်လို့မရဘူး။ ဘာခေါ်ပါဦး"
လူကြီးတွေက အသံထွက်လာတဲ့ဆီကိုပြေသွားကြတယ်။အားလုံးစုံတော့သူတို့ကို မေးနေတဲ့အသံကိုကြားရတယ်။ ကလေးတွေကငါ့အကြောင်းကိုပြောပြနေကြတယ်။
"ဘယ်ကကောင်လေးမှန်းမသိဘူး၊ ပေါ်လာပြီး
ကျွန်တော့်ကိုသစ်ခေါင်းထဲအတင်းထိုးထည့်သွားတာ။ ကျွန်တော် ဖေဖေတို့ကို
လှမ်းအော်ခေါ်မလို့လုပ်တော့ ခေါ်လို့မရဘူး"
"သားကိုလည်း သူက မြေတွင်းထဲမှာ ၀င်ပုန်းခိုင်းတယ်။ သူလက်ကြီးကအေးစက်နေတာပဲ"
"ဟုတ်တယ်၊ သမီးကိုလည်း သစ်ပင်ခွကြားပေါ် အတင်းတွန်းတင်ပေးခဲ့တာအဲ့ဒီကောင်လေးပဲ။ သမီးက ဘွားဘွားကြီးတို့ကို အော်ခေါ်မလို့လုပ်တာ၊အသံထွက်လို့ကိုမရဘူး"
"ဟုတ်တယ်နော်၊ သမီးကိုလည်း ပုန်းနေတဲ့လူတွေကိုလိုက်ရှာပေးမယ်ဆိုပြီး
လက်ကိုလာဆွဲတာ။ သမီး သူ့ကိုသိပ်ကြောက်တာပဲ။ သူကိုကြည့်ရတာ တစ်မျိုးကြီးပဲ"
"ဘုရား ဘုရား အဲ့ဒီကောင်လေးက အခုဘယ်ရောက်သွားတုံး။ လူစင်စစ်ဆို ဒီနားမှာတွေ့ရမှာပေါ့။ ဒီလိုနေရာကို
ကလေးတစ်ယောက်တည်းရောက်နေစရာအကြောင်းမှမရှိတာ"
အဘွားကြီးက သူရင်ဘတ်ကြီးကိုလက်နဲ့ဖိရင်း ပြောနေတာလေ။
"ဟော - ဟိုမှာ၊ ဟိုမှာ၊ ဟိုမှာကြည့်ကြစမ်း"
လူကြီးတစ်ယောက်က ငါနေတဲ့နေရာလေးကို လက်ညှိုးထိုးပြပြီးပြောလိုက်တယ်။ သူတို့ငါနေရာလေးကို တွေ့သွားကြပြီ။
"ဟယ် အုတ်ဂူလေးပါလား။ အုတ်ဂူကသေးသေးလေး။ ကလေးအုတ်ဂူပဲ။
ဂူပ်ါကစာကိုဖတ်ကြည့်စမ်း"
"မောင်ဘိုဘို၊ အသက်ရှစ်နှစ်၊ ရှစ်ရက် လေးလ။ တစ်ထောင်ကိုးရာ
ရှစ်ဆယ်ငါးခုနှစ်တွက် ကားမတော်တဆတိမ်းမှောက်၍ ဤနေရာတွင်ကွန်လွန်သည်တဲ့၊ ဘုရား - ဘုရား"
"၈၅ ခုနှစ်ဆို ကြာပြီပဲ၊ အနှစ် ၂၀ တောင်ရှိပြီ"
"ကလေးးတွေတွေ့တဲ့ကောင်လေးက အဲ့ဒီဟာလေးများလားဟဲ့၊ ဖွဟဲ့ - ဖွ -"
အဘွားကြီးက ပါးစပ်က ဘာတွေရွတ်နေတယ်မသိဘူး။ ငါ့တစ်ကိုယ်လုံးဟာလေထဲမှာမြောက်တက်ပြီး အဝေးကြီးကိုလွင့်သွားတော့တယ်။ သစ်ပင်တစ်ပင်ရဲ့သစ်ကိုင်းကိုဆုပ်ကိုင်ထားတော့မှ ငါဟာ သစ်ပင်မှာတွဲလောင်းကြီးဖြစနေတော့တယ်။
သူတို့ ငါနေတဲ့တောင်ကုန်းပေါ်ကနေ ခတ်သုတ်သုတ်ဆင်းသွားကြတာကိုငါမြင်နေရပါတယ်။ အားလုံးကားပေါ်တက်ပြီး ကားကိုမောင်းထွက်သွားကြတယ်။
ငါလေ သူတို့ကိုကြည့်ပြီးအရမ်းကြေကွဲတာပဲ။
ငါနင်တို့နဲ့အတူ ကစားချင်လို့ပါဟယ်။ မင်းတို့ကို ငါခင်လို့ပါကွာ။
မင်းတို့ကြောက်အောင် ငါဘာလုပ်လို့လဲဟင်။
ငါ့မှာကစားစရာအဖော်မရှိလို့ မင်းတို့နဲ့ကစားချင်လို့ပါ။ ဒီနေရာမှာ
ငါတစ်ယောက်တည်းနေရတာ ပျင်းလို့ပါ။ ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့ကြပြီပေါ့။
ငါဟာ သူတို့ကားလေးထွက်သွားတာကို တောင်ကုန်းလေးပေါ်ကနေရပ်ကြည့်နေမိတယ်။
ငါနဲ့ရွယ်တူကလေးတွေပြန်သွားကြတာကိုကြည့်ပြီး၊
မျက်ရည်တွေဟာ ငါ့ပါးပြင်ပေါ်ကိုစီးကျလာတော့တယ်။
                                                                                   နွေတမာန်
၂၀၀၈ခုနှစ်၊ သြဂုတ်လထုတ်၊ ဂမ္ဘီရလောကမဂ္ဂဇင်း….မှ

No comments: