ဆောင်းလုလင်
အချော်ကောက် တစော်ကေ
သရဲဟာသ၀တ္ထု
ဝါခေါင်လတုန်းက
တောင်ပြုန်းပွဲမှပြန်လာသည့်ကားတစ်စီး အ ဆောင်ရှေ့မှာ တိမ်း မှောက်မှု ဖြစ်သည်။
လူအသေအပျောက်ရှိသည်။
ကားမှောက်မှုက စစ်ပြန်ကြီးအဆောင်
နှင့် မလှမ်းမကမ်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျောင်းသားများ ကျောင်းတက်နေသည့်
နေ့လည်ပိုင်းဖြစ်၍ ဘယ်နှယောက်သေပြီး၊ ဘယ်နှယောက် ဒဏ်ရာရမှန်း မသိလိုက်ကြ။ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့
မတွေ့လိုက်ရ၍လည်း ထိုအဖြစ်ကို ဘယ်သူမျှ အမှတ်မရကြတော့ပေ။
သီတင်းကျွတ်လလောက်မှစကာ
စစ်ပြန်ကြီးအဆောင်တွင် ထူးခြားသောအဖြစ်များဖြစ် ပွားလာခဲ့သည်။
ပထမဆုံးတွေ့ကြုံရသူမှာ
အောင်အောင်ဦးဆိုသော မိတ္ထီလာ မှကျောင်းသားဖြစ်သည်။ သူအိပ်နေစဉ် သူ့တစ်ကိုယ်လုံးကိုလာရောက်
ပွတ်သပ်သလိုခံစားရ၍ မျက်စိဖွင့်ကြည့်လိုက်ရာ ခုတင်ဘေးတွင် တင်ပလွဲထိုင်၍
သူ့ကိုကိုင်တွယ်ပွတ်သပ်နေသော အမျိုးသမီးတစ် ယောက်၏ သဏ္ဍာန်ကို
ခပ်ရေးရေးတွေ့ရသည်ဟုဆိုသည်။ သူလည်း လန့်အော်လိုက်သည်။ အမျိုးသမီးလည်း အဆောင်ထဲမှ
ထွက်ပြေး ပျောက်ကွယ်သွားသည်ဟု ဆိုသည်။
သူ့အော်သံကြောင့်
တစ်ဆောင်လုံး လန့်နိုးအလာတွင်
အောင်အောင်ဦးက ထိုအတွေ့အကြုံကိုပြောပြခြင်းဖြစ်သည်။ အောင် အောင်ဦးအပြောကို
ဘယ်သူကမျှ မယုံ။
ဒုတိယကြုံရသူမှာ
ရွှေဘိုမှကျောင်းသားမောင်မြတ်စံဖြစ်၏။ မြတ်စံကတော့ အမျိုးသမီးကို
အဆောင်ထဲဝင်လာကတည်းက မြင် လိုက်ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ယောက်သည် အဆောင်အ နောက်ဖက်မှ
အဆောင်ထဲဝင်လာကာ တန်းစီချထားသော ခုတင်များ ကို တစ်ခုတင်ပြီးတစ်ခုတင်
လိုက်ငုံ့ကြည့်နေတာကို သူမြင်နေရသည်။
`ဟေ့- ဘယ်သူလဲ´
မြတ်စံက
လှမ်းအော်လိုက်ရာ အမျိုးသမီးသဏ္ဍာန်သည် ဖြတ်ကနဲပျောက်ကွယ်သွား လေသည်။
မြတ်စံက
တစ်ဆောင်လုံးကို နှိုးပြောသည်။
`အပြင်ကိုထွက်ပြေးသွားတာမဟုတ်ဘူးကွ၊
ငါအော်လိုက်မှ အဲဒီနေရာတွင် ပျောက်သွားတာ၊ သူက ကျော်ကျော်မောင့်ခုတင်ဘေး ကနေ
ကျော်ကျော်မောင့်ကို ငုံ့ကြည့်နေတုန်း ငါ အော်လိုက်လို့ ပျောက်သွားတာ´
ထွက်ပြေးသွားတာမဟုတ်၊
ပျောက်သွားတာဆိုတော့-မြတ်စံ အပြောအရ အမျိုးသမီးမှာ နာနာဘာဝလိုဖြစ်နေသည်။ လူငယ် ကျောင်းသားများမို့
သရဲတစ္ဆေကို အယုံအကြည်မရှိကြ။ သရဲဖြစ် မည်ဟုမထင်၊ တကယ်ပင်
အမျိုးသမီးတစ်ယောက်ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ်- မြတ်စံအမြင်မှားတာ
ဖြစ်ချင်ဖြစ်မည်။
အမျိုးသမီးတကယ်ဖြစ်ခဲ့လျှင်
ယောကျာ်းလေး အယောက်နှစ် ဆယ်နေသည့်အဆောင်ကို ညအချိန်မတော်ကြီး ဘာလာလုပ်သနည်း။
ပစ္စည်းခိုးဖို့လား။ အောင်အောင်ဦးရဲ့အတွေ့အကြုံအရ သူ့တစ်ကိုယ် လုံးကို ပွတ်သပ်သည်၊
ကိုင်တွယ်သည်ဆိုပြန်ရာ မိန်းမတစ်ယောက် သည် ဤမျှ အတင့်ရဲရသလား။
`မိန်းကလေးမြင်ရဲ့သားနဲ့ကွာ၊
မင်းက မင်းဆီကို တိုးတိုးတိတ် တိတ်လှမ်းမခေါ်ပဲ၊ ဘာလို့ အော်လိုက်ရတာလဲ´
မိန်းမကိစ္စ
ဝါသနာပြင်းပြသည့် ကျောင်းသားတစ်ယောက်က တောက်တခေါက်ခေါက် ဖြင့်
ကျော်ကျော်မောင့်ကိုအပြစ်တင်သည်။
`သူ့ပုံစံက
ကြောက်စရာကြီးကွ´
`ဘယ်လိုလဲ၊ ဗီဒီယိုထဲက
သရဲပုံမျိုးလား´
`မဟုတ်ပါဘူး၊
ရိုးရိုးပဲ၊ ဆံပင်အတိုနဲ့၊ မျက်နှာကတော့ ဖွေး နေတာပဲ၊ မိတ်ကပ်တွေ လိမ်းထားတာနဲ့
တူတယ်´
`အရွယ်ကရော´
`နှစ်ဆယ်မကျော်လောက်ဘူး၊
၁၆-၁၇လောက် ထင်ရတယ်´
`ဒါနဲ့များကွာ´
`ဟကောင်ရ-
ဘာဖြစ်မှန်းမသိဘူး၊ သူ့မြင်လိုက်တာနဲ့ ငါ ကြက်သီးတွေဖြန်းဖြန်းထပြီး ကြောက်လာတာပဲ၊
ကြောက်ကြောက်နဲ့ အော်လိုက်မိတာကွ´
မည်သို့ပင်ဆိုစေ-
ထိုကိစ္စအတွက် အဖြေကမထွက်။
နောက်သုံးရက်အကြာမှာ
ထပ်ကြုံရပြန်သည်။
သည်တစ်ခါကြုံရသူက
မလှိုင်ကကျောင်းသား သီဟဇော်ဖြစ် သည်။ သီဟဇော်အိပ်နေတုန်း
သူ့ရဲ့မတော်ရာကိုအကိုင်ခံလိုက်ရ သည့်အတွက် လန့်နိုးသွားသည်။ သူကြည့်လိုက်တော့
မိန်းမတစ် ယောက်သည် သူ့ခုတင်ဘေးမှာ ရပ်နေသည်။ အေးစက်လွန်းသော အထိအတွေ့ ကြောင့်
သူအလန့်တကြားအော်လိုက်လေသည်။
ထိုအခါ
ထိုမိန်းမသည် ဖြတ်ကနဲ ပြတင်းပေါက်ကိုခုန်ကျော်ကာ ပျောက်ကွယ်သွားလေ ၏။
သီဟဇော်အပြောသာ အမှန်ဖြစ်လျှင် အမျိုးသမီးမှာ နာနာဘာဝဖြစ်မည်မှာ သေချာသလောက်ရှိသွားသည်။
အဘယ်ကြောင့်ဆိုသော်- ပြတင်းပေါက်ကို သံတိုင်၇-ချောင်း ကာရံ ထားသောကြောင့်ဖြစ်သည်။ လူမပြောနဲ့၊
မျောက်တစ်ကောင်တောင် အလွယ်တကူ တိုးဝင်လို့ မရနိုင်။ သံတိုင်ကာထားသောပြတင်း ပေါက်က
ခုန်ကျော်သွားသည်ဆိုတော့ သရဲတစ္ဆေမို့သာ ဖြစ် ရပေမည်။
သုံးကြိမ်ကြုံအပြီးတွင်တော့-
ထိုသတင်းများက အဆောင် ပိုင်ရှင် အဘိုးကြီး ဦးဘဇံ နားထဲသို့ ရောက်သွား၏။
x x x x x
အဆောင်ကို စစ်ပြန်ကြီး ဟု
နာမည်မှည့်ထားခြင်းမှာ အ ဆောင်ပိုင်ရှင် ဦးဘဇံကိုယ်တိုင် စစ်ပြန်ကြီးတစ်ယောက် ဖြစ်သော
ကြောင့်ပင်။ သူ့ကို တစ်ရွာလုံးက စစ်ပြန်ကြီးဘဇံ ဟု ခေါ်ကြသည်။ တပ်ထဲတွင်
တပ်ကြပ်ကြီးအဆင့်အထိ တာဝန်ထမ်းဖူးသည်။ သူ့ အိမ်ရှေ့၌ `အငြိမ်းစားတပ်ကြပ်ကြီး ဘဇံ´
ဆိုသောဆိုင်းဘုတ်ကလေး ချိတ်ထား၏။
ယခင်က
ဤရွာကလေးသည် ရန်ကုန်-မန္တလေးလမ်းဘေးက ရွာလေးတစ်ခုသာဖြစ်သည်။ တက္ကသိုလ်ကောလိပ်တွေ
မြို့အပြင်ဖက် တွေမှာ တိုးချဲ့လာကြတော့ ဤရွာလေးနှင့် မလှမ်းမကမ်းမှာ တက္က သိုလ်တစ်ခုရောက်လာသည်။
စစ်ပြန်ကြီးဘဇံအိမ်မှာလည်း ကတ္တရာ လမ်းဘေးက ခြံဝင်းကျယ်တစ်ခုဖြစ်သည်။
ခြံဝင်းကျယ်ထဲမှာ နှစ်ထပ် အိမ်လေးဆောက်၍ ပင် စင်စားစစ်ပြန်ကြီးတို့မိသားစု
နေကြသည်။
တက္ကသိုလ်ဖွင့်လိုက်တော့
အခြားအိမ်များနည်းတူ စစ်ပြန်ကြီး ကလည်း ခြံဝင်းထဲတွင်အဆောက်အအုံတစ်ခုဆောက်ကာ
ယောကျာ်း လေးကျောင်းသားများကို အဆောင်ငှားထားခြင်းဖြစ်သည်။ အဆောင် နာမည်ကိုလည်း `စစ်ပြန်ကြီး´အဆောင်လို့ပင်
ပေးလိုက်သည်။
ဦးဘဇံက
သူ့အဆောင်ကို စည်းကမ်းကြီးသောအဆောင်ဖြစ် အောင် လုပ်ထားသည်။ ကိုယ်တိုင်ကလည်း တပ်ထွက်တစ်ယောက်မို့
အဆောင်နေကျောင်းသားများကို တပ်ထဲက ဘားတိုက်တွင်ထားတဲ့ အတိုင်း ထားသည်။ အဆောင်ကို
ဂိုဒေါင်ပုံစံ လေးထောင့်စပ်စပ် ဆောက်ထားသည်။ အတွင်းမှာ အခန်းကန့်ပေးမထား။
လူနှစ်ဆယ် အတွက် ခုတင်အလုံးနှစ်ဆယ်ကို နံရံတစ်ဖက်စီတွင် ဆယ်လုံးစီချ ထားသည်။
ခုတင်ချင်း ခြေရင်းချင်းဆိုင်၍ ချထားခြင်းဖြစ်သည်။ ကျောင်းသားနှစ်ဆယ်လုံး
အခန်းရှည်တစ်ခုတည်းတွင် နေပေရော့။
အဆောင်၌
ကျောင်းသားအယောက်နှစ်ဆယ် အပြည့်ရှိပါ သည်။
အဆောင်ကို
ည(၉)နာရီနောက်ဆုံးထားပြန်ရန် ကန့်သတ်ထား သည် (၉)နာရီကျော်လျှင်
အဆောင်ထဲဝင်ခွင့်မရှိ။ (၉)နာရီထိုးသည်နှင့် သူကိုယ်တိုင် ခြံဝင်းတံခါးကို သော့ခတ်သည်။
အဆောင်ထဲမှာ အရက်မသောက်ရ။ အပြင်ကသောက်လာရင်လည်း မဆူရ။ (၉)နာရီ ကျော်လျှင်
ဂစ်တာမတီးရ။ အထူးသဖြင့် အဆောင်ထဲကို မိန်းမ များခေါ်မလာရ။ သူဆိုလိုသည့်
မိန်းမများမှာ မိန်းမပျက်များ၊ ပြည့် တန်ဆာများကို ဆိုလိုပါသည်။
သူ့စည်းကမ်းအတိုင်း
ဖြစ်မဖြစ်လည်း မကြာခဏစစ်ဆေးလေ့ ရှိသည်။ သူ စည်းကမ်းတင်းကျပ်ထားတာတွေအတွက်လည်း
ဂုဏ်ယူ သည်။
ထိုကဲ့သို့
ဦးဘဇံကြီးသည် သူ့အဆောင်ထဲသို့ မိန်းကလေး တစ်ယောက်ဝင်သည်ဟု သိရသည့်အခါ
ယုံလည်းမယုံ၊ ဒေါသလည်း ထွက်သွားလေသည်။
`မင်းတို့
မိန်းမခေါ်လာပြီး ငါသိမှာစိုးလို့ မဟုတ်မဟတ် လျှောက်ပြောနေတာ မဟုတ်လားကွ၊ ဟေ-´
`ဟာဗျာ- အဘကလည်း၊
အဘကိုယ်တိုင် ခြံတံခါးသော့ ခတ်နေတာပဲ၊ မိန်းမပါလာရင် အဘသိမှာပေါ့´
အမျိုးသမီးသဏ္ဍာန်ကိုတွေ့လိုက်သူသုံးယောက်က
သူတို့တွေ့ လိုက်သည့်အတိုင်း ပြန်ပြောပြလိုက်သည်။
စစ်ပြန်ကြီးက
အစာမကြေ၊ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတွေချည်းနေတဲ့အဆောင်ထဲဝင်ပြီး
ဟိုကိုင်ဒီကိုင်လုပ် တယ်ဆိုတာလည်း မယုံနိုင်အောင်ဖြစ်နေသည်။ ဘယ်လိုမိန်းမမျိုးဖြစ်
လေမလဲ။ သရဲတစ္ဆေဆိုတာလည်း သူက မယုံသူမို့ စဉ်းစားရခက် နေသည်။ သူ့ ခြံဝင်းထဲကို
လူစိမ်းဝင်ဖို့ဆိုတာကလည်း ညကြီးအချိန် မတော်မှာ ပို၍မလွယ်သေးသည်။
အဆောင်နှင့်ခြံဝင်းတစ်ဝင်းတည်းအတူဖြစ်သည့်
သူ့အိမ်မှာ တော့ မိန်းမသုံးယောက်ရှိပါသည်။ သူနှင့်ရွယ်တူ အသက်(၆၅)နှစ်ခန့်ရှိ
သူ့ဇနီးရယ်၊ သူ့အစ်မအရင်း အသက်(၇၂)နှစ်အရွယ် မုဆိုးမ အဘွားကြီးရယ်၊ သူ့သမီး
အသက်(၄၃)နှစ်အရွယ် အပျိုကြီးရယ်။ ကျောင်းသား တွေအပြောအရ သည်မိန်းမတွေထဲကလည်း မဟုတ်နိုင်။
စိတ်မနှံ့တဲ့အရူးမတစ်ယောက်များ
ခြံကိုကျော်ဝင်လာသလား လို့ တွေးသည်။ ဖြစ်နိုင်ချေတော့ နည်းလှပေ၏။
ရွာနီးချုပ်စပ်မှာလည်း အရူးမ တစ်ယောက်မျှမရှိချေ။
`ဒါဖြင့်-
မင်းတို့ အဲဒီကောင်မကို နောက်တစ်ခါတွေ့ရင် မိအောင်ဖမ်းစမ်းကွာ၊ ငါ တစ်
ညလုံးမီးဖွင့်ပေးထားမယ်´
ဦးဘဇံက
အဆောင်ထဲတွင် မီးမပိတ်စေပဲ တစ်ညလုံးဖွင့် ထားစေသည်။ မီးပျက်သွား ချိန်မှာပင်
မီးစက်ကိုဖွင့်ပေးထားသေး၏။
သုံးလေးညတော့
ငြိမ်သက်သွားသည်။ ဘာမျှမထူးခြား။
တစ်ညတွင်-
တစ်ဆောင်လုံးထိန်နေအောင် မီးဖွင့်ထားသည့် ကြားမှ ထိုမိန်းမအရိပ်ကို
ပြန်တွေ့ရလေသည်။ တွေ့မယ့်တွေ့တော့ အဆောင်ပိတ်ချိန်ပင် မတန်သေးသည့် ည(၈)နာရီ
အချိန်ကြီး။
သက်ပိုင်ဆိုသောကျောင်းသားက
အပေါ့သွားရာ အိမ်သာအထိ မသွားပဲ အဆောင်နှင့် မလှမ်းမကမ်းမှ တမာပင်အောက်တွင် သွား လိုက်သည်။
သက်ပိုင် အလန့်တကြားအော်လိုက်သံကြောင့်
ကျောင်းသား တွေ အားလုံးပြေးသွားကြတော့- သက်ပိုင်တစ်ယောက် ကြောက်လန့် ကာ
တက်လျက်နေသည်ကို တွေ့ရသည်။ စစ်ပြန်ကြီးရော၊ အဘွား ကြီးများပါ
အပြေးအလွှားရောက်လာကြ၏။
သက်ပိုင်နှုတ်မှ
`သရဲ-သရဲ´ဟု အော်နေသည်။
စစ်ပြန်ကြီးက
ပတ်ဝန်းကျင်ကိုလူဖြန့်ပြီး သေချာကြည့်ခိုင်း သည်။
သူကိုယ်တိုင်လည်း
ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးကြီးဖြင့် ခြံဝင်းအနှံ့လိုက်ထိုးကြည့်၏။
ဘာမျှမတွေ့ရ။ သက်ပိုင်အသံကြားကြား ချင်း ပြေးလာကြရာ သက်ပိုင်အပေါ့စွန့်သော
သစ်ပင်အောက်မှ ခြံဝင်း အပြင်ကိုထွက်ပြေးဖို့ အချိန်မရနိုင်။
သစ်ပင်တွေအပေါ်လည်း
ထိုးကြည့်သည်။ ဘာမျှမရှိ။
သက်ပိုင်ကို
အကျိုးအကြောင်းမေးကြည့်တော့-
`ကျွန်တော်အပေါ့သွားနေတုန်း
အဲဒါကြီးက သစ်ပင်အောက် ကနေ လေးဖက်ကြီးကုန်းပြီး ထွက်လာတာ အဘ´
`လေးဖက်ကုန်း´
`ဟုတ်တယ်အဘ၊
မြေကြီးပေါ် လေးဖက်ထောက်ပြီး လာ တာ´
`မိန်းမဆိုတာ
သေချာလား´
`သေချာပါတယ်၊
မျက်နှာမှာ မိတ်ကပ်တွေ ဖွေးနေတာပဲ´
`ဟေ- မင်းကို
ဘယ်လိုခြောက်တုန်း´
`ခြောက်တာမဟုတ်ဘူးအဘရဲ့၊
ဟို- ဟို-´
သက်ပိုင်က
ဘေးမှအဘွားကြီးများကိုကြည့်ကာ ပြောမထွက် ပဲဖြစ်နေ၏။
`ပြောစမ်းပါကွာ၊
မြန်မြန်´
`ဟို-ဟို-
သူ့လက်နဲ့ ကျွန်တော့်ပေါင်ခွကြားကို လှမ်းကိုင် တယ်´
`ငါ့လခွေး-´
`လက်အေးအေးကြီးနဲ့
လှမ်းကိုင်လိုက်တာ၊ ကြက်သီးထလိုက် တာဗျာ၊ ကျွန်တော်လည်း ကြောက်ကြောက်နဲ့အော်လိုက်တာ
အဘ၊ သူက သစ်ပင်အကွယ်ကို ပြန်ဝင်သွားတယ်´
`ဟဲ့- သောက်ခွေး၊
သရဲဆိုလည်း ဘယ်လိုသရဲပါလိမ့်၊ တော်တော် တဏှာထတဲ့ သရဲမပဲဟေ့´
ထိုစဉ်
အဆောင်ထဲမှ ရုတ်ရုတ်သဲသဲနှင့် လှမ်းခေါ်သံကို ကြားလိုက်ရသည်။
`အဘရေ- အဘ၊
လာပါဦး- ဒီမှာ-´
လူကြီးအားလုံး
အဆောင်ထဲပြေးဝင်သွားရပြန်သည်။
အဆောင်ထဲရောက်တော့-
ရာဂျားဆိုသော ဟိန္ဒူကုလား လေးက သူ့ခုတင်ပေါ်တွင် ပုဆစ်တုပ်ထိုင်ရင်း ငိုရှိုက်နေတာ
တွေ့ ရ၏။
`အဟင့်- အဟင့်-
အဟီး-ဟီး-´
ရာဂျားပုံစံထူးခြားလှ၍
အားလုံးက အံ့အားသင့်နေကြသည်။ ထိုင်နေပုံက မိန်းမများ ထိုင်နေသလို
ပုဆစ်တုပ်ထိုင်နေသည်။ ခေါင်းကိုငုံ့ကာ မျက်နှာကိုလက်ဝါးနှင့်အုပ်၍ ကျိတ်ငိုနေပုံမျိုး
ငိုနေ ခြင်းဖြစ်သည်။ ပခုံးများက တွန့်တွန့်သွား၏။
ရာဂျားမှာ
မုတ်ဆိတ်၊ ပါးမြိုင်းနှင့် အမွေးများများ ကုလား ဖြစ်ကာ အားကစားသမားတစ်ဦးမို့
ထွားထွားကြိုင်းကြိုင်း ကျားကျား လျားလျားရှိသူဖြစ်သည်။ မခို့တရို့အမူအရာကိုကြည့်၍
ရယ်လည်း ရယ်ချင်သည်။ အံ့လည်း အံ့သြနေကြသည်။
`အဟင့်- အဟင့်-
သူများကို ကယ်ပါ၊ သူများကို သနားကြပါ၊ သူများ- သူများ- ဒုက္ခ ရောက်နေလို့ပါ၊
သူများကိုကယ်ပါနော်- အစ်ကိုတို့ရယ်- အဟင့်- အဟင့်-´
နှုတ်မှထွက်လာသောအသံကလည်း
မိန်းမလျာတစ်ဦးစကား ပြောသံ ဖြစ်နေသည်။ `သူများ´ဆိုသည့် နာမ်စား အသုံးအနှုန်း ကလည်း
မိန်းမလျာတွေစကားပြောရာတွင်သုံးသည့် အသုံးအနှုန်း ဖြစ်နေ၏။
ရာဂျားက ငိုရင်း
မျက်ရည်များကို လက်ခုံနှင့် ပွတ်သုတ်လိုက် သည်။ မျက်ရည်သုတ်ဟန်ကလည်း မိန်းမဟန်။
`ဟဲ့-
နင်ဘယ်သူလဲ၊ ဘာပြောချင်လို့လဲ´
စစ်ပြန်ကြီးအစ်မ
အသက်အကြီးဆုံးအဘွားကြီးက ရှေ့ထွက် လာကာ မေးလိုက်သည်။
ရာဂျားက
အဘွားကြီးကို ခေါင်းမော်ကြည့်သည်။
`အဘွား၊ သဲသဲကို
ကယ်ပါ အဘွားရယ်´
`အေး-
နင်ဘယ်သူလဲလို့ မေးနေတယ်လေ´
`သဲသဲ- သဲသဲက
ရန်ကုန်ကပါ အဘွားရယ်၊ တောင်ပြုန်း ကအပြန် ဒီနေရာမှာ ကားမှောက်တုန်းက
သဲသဲတစ်ယောက်တည်း ကျန်နေခဲ့တာပါ´
`အို- ဟဲ့-
ဒါဖြင့်- နင်-- နင်-- မကျွတ်မလွတ်သေးတဲ့ဟာပေါ့´
`ဟုတ်ပါတယ်အဘွားရယ်၊
သဲသဲကိုကယ်ပါ၊ မာမီ့ကိုခေါ်ပေးပါ အဘွားရယ်၊ သဲသဲမာမီ့ ကို ခေါ်ပေးပါ´
`ဘယ်က မာမီလဲ´
`ရန်ကုန်ကပါ၊
သဲသဲကိုမွေးစားတဲ့မာမီပါ၊ မာမီ့ကိုပြောပြရင် မာမီလာပါလိမ့်မယ်´
`နင့်မာမီကို
ဘယ်လိုခေါ်ပေးရမှာလဲ´
`မာမီ့လိပ်စာပြောပါ့မယ်´
သဲသဲဆိုသူက
မာမီ့လိပ်စာကို ဖုန်းနံပါတ်နှင့်တကွပြောပြ၏။ ကျောင်းသားတစ်ယောက် က စာအုပ်ထဲတွင်
ရေးမှတ်ထားသည်။
`မာမီစိုး၊ ဒေ၀ီစိုးလှရိပ်မြုံ´- ဆိုသောကြောင့်
မာမီဆိုသည် မှာလည်း မိန်းမလျာတစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းရသည်။
`နင့်မာမီက
မိန်းမလျာလား´
`ဟုတ်ကဲ့။
မာမီလည်း မိန်းမလျာ၊ သဲသဲလည်း မိန်းမလျာပါပဲ အဘွားရယ်´
`အဆောင်ထဲက
ကလေးတွေကို မဖွယ်မရာလိုက်လုပ်နေတာ နင်လားဟဲ့´
`ဟုတ်ပါတယ်အဘွား၊
သဲသဲ သူတို့ကို ချစ်လို့ပါ´
`ဟယ်-
ဒါမျိုးလုပ်နေရင် နင့်မာမီကို ခေါ်မပေးဘူး၊ နောက် မလုပ်ဘူးလို့ ကတိပေးစမ်း´
`ဟုတ်-
ဟုတ်ကဲ့ပါ´
`နင်ဘယ်လိုဖြစ်တာလဲ၊
ဖြစ်ပုံကို ပြောစမ်း´
`ဒီအရှေ့မှာ
ကားမှောက်တော့ သဲသဲသေသွားတယ်၊ အဟင့်- ။ မာမီတို့က သဲသဲကို
တစ်ယောက်တည်းထားပစ်ခဲ့ကြတယ်၊ သဲသဲ တို့သူငယ်ချင်းတွေစုပြီး တောင်ပြုန်းပွဲကိုလာတာ၊
သိပ်ပျော်ဖို့ကောင်း တာပဲ၊ အပြန်ကျတော့ သဲသဲတစ်ယောက်တည်း ဒီမှာကျန်ခဲ့ရတယ်၊ သဲသဲလေ-
အခု အဆောင်နောက်က တမာပင်ကြီးအပေါ်မှာ နေပါတယ် အဘွားရယ်´
`အေး-
နင်ကျောင်းသားတွေကို မနှောက်ယှက်နဲ့၊ ကောင်း ကောင်းနေရင် နင့်မာမီကို မှာပေးမယ်၊
ကြားလား´
သဲသဲ . . အဲ . .
ရာဂျားက ခေါင်းညိတ်သည်။
ငိုနေရင်းမှ
တစ်ချက်သန်းလိုက်ကာ ရာဂျား ခုတင်ပေါ်လှဲချ လိုက်လေသည်။
စစ်ပြန်ကြီးဦးဘဇံက
ရာဂျားအဖြစ်ကိုကြည့်ရင်း ယုံရခက်ခက် ဖြင့် ဇဝေဇ၀ါဖြစ်နေသည် ရာဂျားပဲ
လှည့်စားလေသလား၊ ရာဂျား ကိုယ်တိုင် အခြောက်စိတ်ဝင်ပြီး အခြောက်လိုနေချင်လို့
ဟန်ဆောင် နေတာလားလို့ တွေးမိသည်။
ကျောင်းသားများက
ရာဂျားကို သတိရအောင် ၀ိုင်းလုပ်လိုက် ကြလို့ ရာဂျားသတိရလာသည်။ ဘေးမှ
ဦးဘဇံနှင့်အိမ်သားများ ကိုကြည့်၍ အံ့သြနေသည်။
`ငါ
ဘာဖြစ်သွားတာလဲ၊ အဘတို့ရော ဘာလာလုပ်နေတာလဲ´
ရာဂျားအသံက
အခြောက်သံမဟုတ်တော့။ ပုံမှန်အသံဖြစ်နေ သည်။ ဖြစ်ပျက်ပုံကိုလဲ မှတ်မိဟန်မတူ။
စစ်ပြန်ကြီးဦးဘဇံက
စိတ်ရှုပ်ရှုပ်ဖြင့် အဆောင်ထဲမှထွက်ခဲ့ လေသည်။
x x x x x
နောက်တစ်နေ့မနက်ရောက်တော့-
အစ်မကြီးက သဲသဲအမှာ ပါးသည့်အတိုင်း ရန်ကုန်မှ မာမီစိုးဆိုသူကို
ဖုန်းဆက်အကြောင်းကြားဖို့ ဦးဘဇံကိုသတိပေးသည်။
စစ်ပြန်ကြီးက
အင်တင်တင်လုပ်နေ၏။ သူ့အနေဖြင့် သူ့ အဆောင်ထဲဝင်သည့်သရဲကို အခုထိ အစာမကြေသေး။
သရဲကလည်း ကြံကြံဖန်ဖန် မိန်းမလျာသရဲဖြစ်နေရသေးသည်။
`ကျွန်တော်
ဒါတွေမယုံဘူးအစ်မ၊ ခေါ်မပေးနိုင်ဘူး´
`ဟဲ့-
ခေါ်မပေးလို့ဖြစ်မလား ဘဇံ၊ နင်ယုံယုံ မယုံယုံ ဖုန်း ဆက်ကြည့်လိုက်စမ်းပါ၊ ဖုန်းဆက်ကြည့်လို့
မာမီစိုးဆိုတာ တကယ်ရှိ ရင် သူပြောတာ မှန်လို့ပေါ့´
`ဟုတ်ပါတယ်ကိုဘဇံရယ်၊
တော်ကြာ မိန်းမလျာသရဲ မကျွတ် ရင် ကျုပ်တို့အဆောင်မှာ အမြဲသောင်းကျန်းနေမှာပေါ့၊
သူပြောသလို အကြောင်းကြားကြည့်လိုက်စမ်းပါ၊ ကတိလည်းပေး ထားပြီးပြီ´
ဇနီးဖြစ်သူကလည်း
ဝင်တိုက်တွန်းပြန်သည်။
`ဘာပဲဖြစ်ဖြစ်
တောင်ပြုန်းကပြန်လာတဲ့ကားတစ်စီး ဒီအရှေ့ နားမှာမှောက်ခဲ့တာ တို့လည်းသိနေတာပဲ၊
မိန်းမလျာတွေတောင်ပြုန်း သွားတာ ဘာဆန်းလို့လဲ၊ ရာဂျားကိုဝင်ပူးတာ ဖြစ်နိုင်တယ်´
နောက်ဆုံးတော့
စစ်ပြန်ကြီးဦးဘဇံသည် သူကိုယ်တိုင်လည်း ဒီအဖြစ်ကို တကယ် ဟုတ်-မဟုတ်စုံစမ်းချင်၍
ရန်ကုန်ကိုဖုန်းဆက်ရန် ရွာထိပ်က ပီစီအိုဖုန်းရှိရာသို့ ထွက်လာလိုက် သည်။
သဲသဲဝင်ပူးပြောသွားသည့်ဖုန်းနံပါတ်အတိုင်းဆက်ကြည့်လိုက်တော့
တကယ်ပဲ မာမီစိုးဆိုသူနှင့်တွေ့၏။ အကျိုးအကြောင်း ပြော ပြတော့ တစ်ဖက်က
မာမီစိုးဆိုသူက၀န်ခံသည်။ သူတို့တောင်ပြုန်း ကအပြန်မှာ တက္ကသိုလ်ကျောင်းအနီး
ကားမှောက်ခဲ့တာလည်း ဟုတ် နေသည်။ သူ့တပည့် သဲသဲဆိုသည့်မိန်းမလျာလေး သေကျန်ခဲ့တာ လည်း
မှန်နေသည်။
မာမီစိုးဆိုသူက
ဦးဘဇံပြောပြသည်များကို နားထောင်ကာ မိန်းမလျာသံဖြင့် ငိုယိုနေသေးသည်။
`ကျေးဇူးတင်ပါတယ်အစ်ကိုကြီးရယ်၊
စိုးတို့ ချက်ချင်းလာခဲ့ပါ့ မယ်၊ အောင်မယ်လေး- - သဲသဲ . . မာမီ့သမီးလေး . .
ဖြစ်ရလေကွယ်- ဖြစ်ရလေ ..´
စစ်ပြန်ကြီးအဆောင်အတွင်း
မိန်းမလျာသရဲဝင်ရောက်ကြောင်း သတင်းမှာလည်း တက္ကသိုလ်တစ်ခုလုံးနှင့် ရွာထဲတွင်
ပျံ့နှံ့သွားလေ တော့သတည်း။
x x x x x
နောက်နှစ်ရက်အကြာတွင်
မာမီစိုးဆိုသူရောက်လာ၏။ မာမီ စိုးနှင့်အတူ နောက်လိုက်နောက်ပါ
မိန်းမလျာလေးယောက်လည်း ပါ လာ၏။ ပါလာသူများက ဆယ်ကျော်သက်အရွယ် ငယ်ငယ်လေးများ ဖြစ်ကြသည်။
မာမီစိုးတို့မှာ
ရန်ကုန်မှသည်အထိ ကားတစ်စီးကိုငှားလာခြင်း ဖြစ်သည်။ ရောက်သည်နှင့်
စစ်ပြန်ကြီးအဆောင်ထဲဝင်လာကာ မိတ် ဆက်သည်။
`ကျွန်မမာမီစိုးပါ၊
သဲသဲကိစ္စနဲ့လာတာပါ´
မိတ်ကပ်တွေ
ဖွေးနေအောင်လိမ်း၍၊ စိန်ရွှေရတနာတွေ ညွှတ် နေအောင်ဝတ်ဆင်ထားသော
အသက်ငါးဆယ်ကျော်မိန်းမလျာကြီးကို ကြည့်၍ အားလုံး အံ့အားသင့်နေကြသည်။
သည်လိုလူတန်းစားမျိုးနှင့် တစ်ခါမျှမဆက်ဆံဖူး၍ ဘယ်လိုပြောဆိုဆက်ဆံရမှန်းမသိ ဖြစ်နေ
သည်။
ထိုနေ့က
စနေနေ့ဖြစ်၍ ကျောင်းသားတွေအားလပ်နေသည်။ မာမီစိုးတို့ရောက်လာတာ အစောကြီးဖြစ်၍
အဆောင်မှာ လူတွေစုံ နေသည်။ မာမီစိုးတို့အဖွဲ့ကိုအမြင်တွင် ကျောင်းသားအားလုံး
စစ်ပြန် ကြီးအိမ်ဖက်ရောက်လာကြ၏။
`ဟယ်-
သူငယ်လေးတွေက အဆင်လေးတွေတော့´
မာမီစိုးနောက်က
မိန်းမလျာလေးများက ကျောင်းသားတွေကို ကြည့်ကာ မိန်းမလျာလက်သုံးစကားဖြင့်
ပြောလိုက်သည်။ `သူငယ်´
ဆိုတာက ယောကျာ်းလေးများကိုခေါ်ပြီး `အဆင်´ဆိုတာက လှတယ်၊
ချောတယ်လို့ဆိုလိုခြင်းဖြစ်သည်။
မာမီစိုးက
သူ့သမီးများကို မျက်စောင်းလှည့်ထိုးကြည့်လိုက်ကာ
က္ကနြေ္ဒရရနေဖို့ သတိ ပေးသည်။
`လာကြပါ၊ လာကြပါ၊
အဖြစ်က အဆောင်ထဲမှာဖြစ်တာကွဲ့´
စစ်ပြန်ကြီး၏
အစ်မကြီးကပင် မာမီစိုးတို့ကိုဦးဆောင်၍ အ ဆောင်ထဲကိုခေါ်သွားသည်။
`စိုးကိုဖုန်းဆက်တာ
ဟောဒီက အစ်ကိုကြီးလားဟင်´
မာမီစိုးက
စစ်ပြန်ကြီးအနားကပ်ကာ မေးလိုက်ခြင်းကြောင့် ဦးဘဇံတစ်ယောက် တွန့်ကနဲဖြစ်သွားလေသည်။
`ဟုတ်တယ်၊
ကျုပ်ပဲ´
`ကျေးဇူးတင်ပါတယ်
အစ်ကိုကြီးရယ်´
ကျောင်းသားများက
ဦးဘဇံ၏ စိတ်မသက်မသာပုံစံကိုကြည့် ကာ ပြုံးစိစိဖြစ်နေကြ၏။
အဆောင်ဝရောက်ရုံရှိသေးသည်။
ဟိုတစ်ညက ၀င်ပူးခံရသော ရာဂျားပင် မာမီစိုးနား ပြေးလာကာ . .
`မာမီ- မာမီရဲ့၊
သမီးဆီလိုက်လာတာလား၊ သမီး သဲသဲလေ မာမီရဲ့- အီး- ဟီး- ဟီး-´
ရာဂျားက
အခြောက်သံဖြင့်ပြောရင်း မာမီစိုးကို ဖက်ငိုပါလေ တော့သည်။
`အို- သမီး၊ သဲသဲ´
`ဟယ်-
ဟုတ်တယ်တော့၊ ဒါ သဲသဲအသံပဲ၊ သဲရေ- တို့လည်းပါတယ်လေ´
`သဲ- သဲ- ဖြစ်ရလေ
သဲရယ်-´
`သဲလေး- ညီမလေး-
အဟင့်- အဟင့်-´
မိန်းမလျာများအားလုံး
ရာဂျားကိုကြည့်ကာ ငိုပွဲဆင်ကြလေ တော့သည်။
သဲသဲဝင်ပူးနေသောရာဂျားကတော့
အခြားမိန်းမလျာများကို ဂရုမစိုက်။ မာမီစိုးကိုသာ တိုင်တည်၍ပြောနေသည်။
`မာမီရယ်- မာမီ၊
သမီးကိုကယ်ပါ၊ သမီး ဒေါ်ကုတ်ခတွေ ရောက်နေပြီမာမီ၊ သမီးကို ကျော်ကွတ်လော်ကွတ်အောင်
လုပ်ပေးပါ မာမီရယ်´
`သမီး သဲသဲ၊
မာမီလုပ်ပေးပါ့မယ်ကွယ်၊ ဘယ်လို လော်ကုတ် ရမလဲသာ ပြောပါသမီး ရယ်´
`အဟင့်- အဟင့်-
မာမီတို့က သဲသဲကို တစ်ယော်ကောက် တည်း ထားပစ်ခဲ့တာ၊ သမီး သိပ် မျော်ကက်နှာငယ်တာပဲ
မာမီရယ်၊ အဟင့်- အဟင့်- ဟီး-´
မာမီစိုးနှင့်ရာဂျားတို့
အခြောက်ဗန်းစကားဖြင့် ပြောဆိုနေကြ ခြင်းဖြစ်ရာ မည်သူမျှနားမလည်ကြပေ။ အခြောက်အချင်းချင်းသာ
နားလည်ကြလေ၏။
`ဒေါ်ကုတ်ခ´ဆိုသည်မှာ
`ဒုက္ခ´ကိုဆိုလိုခြင်းဖြစ်၍ သဲသဲ၏ ၀ိညာဉ်က သူဒုက္ခရောက်နေကြောင်းကို ရာဂျားမှတစ်ဆင့်
အသိပေး ခြင်းဖြစ်ပါသည်။
`ကျော်ကွတ်လော်ကွတ်´ဆိုတာက
`ကျွတ်လွတ်´ဖြစ်ပါသည်။
မာမီစိုးကလည်း
သဲသဲကို ကျွတ်လွတ်အောင် `လော်ကုပ်´ (လုပ်)ပေးမည်ဟု ကတိ
ပေးလိုက်ခြင်းဖြစ်ပါသည်။
သဲသဲက `တစ်ယော်ကောက်တည်း´(တစ်ယောက်တည်း)
`မျော်ကက်နှာငယ်´(မျက်နှာငယ်)ရတယ်ဟုဆိုပေရာ
မိန်းမလျာတွေ အားလုံး စိတ်မကောင်းစွာဖြင့်
ငိုပွဲဆင်ကြလေတော့၏။
ထိုအချိန်၌
မိန်းမလျာများရောက်လာကြောင်း သတင်းကြား လိုက်သော ရွာထဲက လူကြီးကလေးများ
အထူးအဆန်းကြည့်ကြရန် စစ်ပြန်ကြီးအဆောင်ဝင်းထဲသို့ ရောက်လာကြလေသည်။ မာမီစိုးနှင့်
သဲသဲဝင်ပူးနေသောရာဂျားအနားမှာ လူတွေဝိုင်းနေလေတော့၏။
`မာမီက
သမီးလေးကို တစ်ယော်ကောက်တည်း
တမင်ထားပစ် ခဲ့တာ မဟုတ်ပါဘူးကွယ်၊ မာမီတို့ တောင်ပြုန်းကအပြန်မှာ ကား မှော်ကောက်တယ်လေ၊
ဒါတွေ သမီးမှတ်မိလား´
မှောက်ကောက် = မှောက်
`မှော်ကတ်မော်ကိပါတယ်
မာမီ´
မှော်ကတ်မော်ကိ = မှတ်မိ
ပြိတ္တာဘ၀သာရောက်နေတယ်
အသုံးအနှုန်းမပြောင်းလဲသည့် မိန်းမလျာတစ္ဆေကို ကြည့်ပြီး အားလုံးအံ့သြနေကြ၏။ ဒါသည်ပင်
ရာဂျားဟန်ဆောင်ညာဝါးနေခြင်းမဟုတ်ကြောင်းဖော်ပြနေပေ၏။ ရာဂျား သည် ယခင်က
အခြောက်ဗန်းစကား မပြောတတ်ပါ။
`မာမီ သမီးကို
မန္တလေးဆေးရုံကြီးအထိခေါ်သွားတယ်လေ၊ သမီး လမ်းမှာတင် အသက်ထွက်သွားတာရော မှတ်မိလား၊
မာမီလေ-သမီးကို တောင်မြင့်သင်္ချိုင်းမှာ ကောင်းကောင်း သဂြိုဟ်ပေးခဲ့တာလေ သမီးရဲ့´
`အဲဒါတွေတော့
သမီး မသော်ကိ(မသိ)တော့ဘူး၊
သမီး သတော်ကိ(သတိ)ရတော့
ဒီအဆောင်နားမှာရောက်နေတယ်၊ သမီးကို လေ- ရုပ်ဆိုးဆိုးနဲ့ သရော်ကဲ(သရဲ)ကြီးတစ်ကောင်က အဆောင် အနောက်က
တမာပင်ပေါ်မှာနေရမယ်ဆိုလို့ သမီး အဲဒီအပင်ပေါ်မှာ နေရတယ် မာမီရဲ့၊ သူက ဒီအနားမှာ
အကြီးအကဲတဲ့၊ သမီးကို ကျော် ကွတ်လော်ကွတ်(ကျွတ်လွတ်)အောင် လုပ်ပေးပါမာမီ၊
သမီး ပေါ်ကိတ် တာ
(ပြိတ္တာ)ဘ၀မှာ မနေချင်တော့ဘူး´
`ဖြစ်ရလေသမီးရယ်၊
မာမီ ဘယ်လို လော်ကုပ်(လုပ်)ပေး
ရမလဲ၊ ပြော-´
`ဘုန်းကြီးငါးပါးပင့်ပြီး
သင်္ကန်းတစ်စုံနဲ့ ဆွမ်းကပ်ပေးပါ မာမီ၊ သဲသဲကြိုက်တဲ့ မုန့်ဟင်းခါးဆွမ်း ကပ်ပေးပါ၊
ဒါဆို- သဲသဲ ကျော်
ကွတ်(ကျွတ်)မှာပါ´
`စိတ်ချပါသမီးရယ်၊
စိတ်ချ၊ မာမီ လုပ်ပေးပါ့မယ်ကွယ်´
မာမီစိုးကတိပေးလိုက်သည်နှင့်
ရာဂျားက ၀ါးကနဲသမ်းလိုက် ကာ ၀င်ပူးနေသော သဲသဲ ၀ိညာဉ်ထွက်သွားလေ၏။ ရာဂျားလည်း
ပျော့ခွေလဲကျသွားလေသည်။
`သဲ- သဲ-´
`သဲရေ-
တို့နဲ့တောင် စကား မပြော်ကော(မပြော)လိုက်ရဘူး ဟယ်´
`ဟုတ်ပါရဲ့သဲသဲရယ်၊
ဒီမှာ နင့်သူငယ်ချင်း ဒီဒီးလည်း ပါ တယ်လေ၊ ဒီဒီးတို့ဆီ လော်ကာ(လာ)ပါဦး၊ လာပါဦး
သူငယ်ချင်းရဲ့´
ကျန်မိန်းမလျာများက
သဲသဲကိုတကာ ငိုနေကြသေး၏။
`ကဲ- ကဲ-
သဲသဲမှာတဲ့အတိုင်းလုပ်ပေးကြရအောင်၊ မငိုကြနဲ့ တော့ သမီးတို့၊ အစ်ကိုကြီးတို့
အစ်မကြီးတို့လည်း စိုးကို ကူညီကြ ပါဦးရှင်၊ သဲသဲစိတ်တိုင်းကျ ဒီအဆောင်မှာပဲ
ဘုန်းကြီးဆွမ်းကပ်လိုက် ချင်ပါတယ်´
မာမီစိုးက
မျက်ရည်များသုတ်ရင်း စစ်ပြန်ကြီးမိသားစုကို ပြောသည်။
`ဟုတ်တာပေါ့၊
သေသူ့ဆန္ဒအတိုင်းလုပ်ရမှာပေါ့၊ လာကြပါ၊ လာကြပါ´
ဦးဘဇံအစ်မကြီးက
မာမီစိုးတို့ကို အိမ်ထဲခေါ်သွားသည်။
`စိုးတော့
မနက်ဖန်မနက်ပဲ လုပ်လိုက်ချင်ပါတယ်၊ စိုးသမီး လေးကို သနော်ကားလို့ပါ၊ အဲ- သနားလို့ပါ´
`ရတယ်၊ ရွာထဲက
ဘုန်းကြီးပင့်ပေးမယ် မာမီ´
အဘွားကြီးက
မာမီစိုးကို မာမီလို့ပင် ခေါ်လိုက်သည်။
`မုန့်ဟင်းခါးချက်ဖို့ရောဟင်၊
ဘယ့်နှယ်လုပ်ပါ့မလဲ၊ ကုန်ကျ စရိတ်အားလုံး စိုးကျခံပါ့မယ်၊ အော်ဒါမှာရမှာလား၊
ကိုယ်တိုင်ချက် ရမှာလား ဟင်´
`အော်ဒါကတော့
မြို့ထဲမှာမှရမှာပဲမာမီ၊ ဒီအထိ ပို့ပေး မပေးတော့ ကျွန်မတို့မသိဘူး၊
ချက်ချင်ပြုတ်ချင်လည်း အိုးခွက်အစုံ ရှိပါတယ်၊ ပန်းကန်ခွက်ယောက်လည်း
ငှားစရာမလိုဘူး´
`မာမီ၊ ဒါဆို
သမီးတို့ ဒေါ်ကီ(ဒီ)မှာပဲ
တော်ကဲ(တည်း)လိုက်ပြီး
ကိုယ်တိုင်ချော်ကက်
(ချက်)လိုက်ရင် မကောင်းဘူးလား ဟင်´
`နင်တို့
ဒီမှာတည်းလို့ ဘယ်သင့်တော်မလဲဟဲ့´
သူတို့စကားကို
နားထောင်ရည်ဝ၍ အတော်အသင့်သဘော ပေါက်သွားသော ဦးဘဇံက ၀င်ပြောလိုက်ခြင်းဖြစ်ပါသည်။
`အို-
ဘာဖြစ်လို့လဲ အန်ကယ်ကြီးရဲ့´
`ဟဲ့- ဒါက
ယောကျာ်းလေးအဆောင်၊ နင်တို့တည်းလို့ ဘယ်ဖြစ်မလဲ´
`အို-
အန်ကယ်ကြီးကလည်း သမီးတို့လည်း ယောကျာ်းလေး ပဲဟာကို´
`ဟဲ့- သောက်ခွေး´
စစ်ပြန်ကြီး
အလန့်တကြားအော်ရင်း ပါးစပ်ပြဲသွားသည်။
မိန်းမလျာလေးများက
တခစ်ခစ်ရယ်နေကြ၏။
`က္ကနြေ္ဒရရ
နေကြစမ်းသမီးတို့၊ မာမီစီစဉ်ပါ့မယ်၊ ဒီလို လုပ်မယ်လေ၊ စိုးတို့တည်းတာတော့
မန္တလေးမြို့ထဲက တည်းခိုခန်း တစ်ခုခုမှာ သွားတည်းပါ့မယ်၊ မုန့်ဟင်းခါးကိုတော့ ညကတည်းက
အပြီးချက်ပြုတ်ထားလိုက်မယ်၊ မနက်အစောကြီး စိုးတို့ထလာတာပေါ့၊ မကောင်းဘူးလား´
`မာမီ့သဘောပါ၊
လုပ်ပါ´
သည်လိုနှင့်
လူအရေအတွက်နှင့် ကုန်ကျစရိတ်တွက်ချက် ကြပြီး မာမီစိုးငှားလာသောကားနှင့်ပင်
စက်မှုဈေးမှာ ဈေးသွားဝယ် ကြသည်။ စစ်ပြန်ကြီးသမီး အပျိုကြီးက လိုက်ဝယ်ပေးသည်။
ညပိုင်းတည်းဖို့ကိုလည်း
အသွားအလာလွယ်ကူသည့် စက်မှု ဇုန်က တည်းခိုခန်းတစ်ခုမှာ ၀င်ပြီးစီစဉ်ထားလိုက်သည်။
x x x x x
တကယ်တန်းကျတော့-
ဘွတ်ကင်လုပ်ထားသည့်တည်းခိုခန်း မှာ ပြန်မအိပ်ဖြစ်ကြပေ။
ချက်ရင်းပြုတ်ရင်းဖြင့်
အချိန်ကုန်မှန်းမသိ ကုန်သွားကြသည်။
မာမီစိုးသမီးများက
အကြံဖြင့် အချိန်ဆွဲနေကြခြင်းဖြစ်သည်။ အဆောင်က ယောကျာ်းလေးတွေ၊ သူတို့အခေါ် `သူငယ်´တွေက
သူတို့စကားနှင့် `အဆင်´လေးတွေမို့
ကပ်နေကြ ခြင်းဖြစ်သည်။
ချက်ရာပြုတ်ရာမှာ
ကူညီတာက နည်းနည်း၊ ဟိုဟာလိုတယ် ဒီဟာလိုတယ်အကြောင်းပြကာ ကောင်လေးတွေကို
ရွာထဲကဈေးဆိုင် လိုက်ပို့ဖို့ အဖော်ခေါ်သည်။ သဲသဲအကြောင်း မေးချင်လို့ပါဆိုပြီး
အဆောင်ထဲ ခဏခဏ၀င်သွားသည်။ သန့်ရှင်းရေးလုပ်ဖို့ဆိုကာ အ ဆောင်ထဲ အကြောင်းရှာဝင်သည်။
ညပိုင်းကျတော့-
တစ်ဆောင်လုံးအတွက်ရော တစ်အိမ်လုံးအ တွက်ပါ ညစာထမင်းကို မာမီစိုးက
တာဝန်ယူကျွေးမည်ဆိုတော့ သူတို့အတွက် အကြိုက်ဖြစ်သွားသည်။
စစ်ပြန်ကြီးကတော့
မိန်းမလျာတွေကြည့်ရတာ အော်ဂလီ ဆန်လှသည်နှင့် ဘုန်းကြီးပင့်မည်ဟုအကြောင်းပြကာ
နေ့လည်က တည်းက အိမ်မှထွက်သွားလေ၏။ မိန်းမလျာတွေပြန် လောက်ပြီအ ထင်နှင့်
မှောင်မှအိမ်ပြန်လာရာ သူတို့က ရေမိုးချိုး၊ အ၀တ်အစားလဲ၊ ဖီးလိမ်းပြင်ဆင်ပြီးကြလို့
ဒီမှာပဲ မအိပ်ပဲ တစ်ညလုံး ချက်ပြုတ်ပြီးနေ မယ်ဟုဆိုသည်။ အိမ်သားအားလုံးနှင့်ရော
တစ်ဆောင်လုံးနှင့်ပါ အ ကြောင်းသင့်နေလေရာ စစ်ပြန်ကြီးလည်း ပြန်ပါတော့ဟုပြောမထွက် တော့ပေ။
တကယ်လည်း
တစ်ညလုံးမအိပ်ကြပေ။ အိမ်ရှေ့ကွက်လပ်မှာ မီးချောင်းနှစ်ချောင်း ထွန်းကာ
ချက်ကြပြုတ်ကြသည်။ ရွာထဲက အ ထူးအဆန်းလုပ်လာကြည့်နေသော ကလေးပရိသတ်နှင့်
တရုန်းရုန်း။ မာမီစိုးသမီးများက ညအမှောင်တွင် တစ်ယောက်ပြီးတစ်ယောက် လှစ် ကနဲ
လှစ်ကနဲ ပျောက်သွားကာ အဆောင်ထဲရောက်ရောက်သွားကြ ၏။ ပြီးတော့- တစ်ယောက်နှင့်တစ်ယောက်
ပြန်ပြောပြကာ တဟီးဟီး တဟားဟား။
စစ်ပြန်ကြီးမှာ
အသက်ကြီးသွားလို့သာ မလွှဲသာပဲ မိန်းမလျာ တွေကို ကြည့်နေရခြင်းဖြစ်သည်။ စစ်ပြန်ကြီးက
မိန်းမလျာဆို မုန်း သည်။ စစ်သားပီပီ ယောကျာ်းဆို ကျားကျားလျားလျားနေမှ သဘော ကျသည်။
သူ တပ်ကြပ်ဘ၀တုန်းက စစ်တပ်ရှေ့လာပြီး စစ်သားလေး များကို တစ်ရစ်ဝဲ၀ဲလာလုပ်နေသည့်
မိန်းမလျာသုံးယောက်ကို တပ်ထဲ ဖမ်းခေါ်ကာ ဖင်ကုန်းခိုင်းပြီး စစ်ခါးပတ်နဲ့ရိုက်ခဲ့ဖူး၏။
အခုတော့- အ သက်လည်းကြီး၊ ကိုယ်ကလည်း အိမ်ရှင်ဖြစ်နေ၍ ဥပေက္ခာပြုထားရ ခြင်းဖြစ်လေသည်။
စစ်ပြန်ကြီးမှာ
ဘုရားရှိခိုး၊ ပုတီးစိတ်ကို စိတ်ပါလက်ပါ မလုပ်နိုင်။ သူတို့ပြောစကားတွေကို
ကြားနေရသည်။
`ရွှေဘိုကသူငယ်က
မာနကြီးတယ်တော့၊ အကပ်မခံဘူး၊ လျှမ်း မလို့ ကြံရုံရှိသေး၊ ပြော်ကေး(ပြေး)တာပဲ´
`ညည်းက
ပေါ်တင်ကြီး သွား လျှမ်းတာကိုးအေ့´
`သက်ပိုင်ဆိုတဲ့ သငေါ်ကယ်(သူငယ်)ကလည်း
အဆင်ပဲနော်´
`သဲသဲ
လှမ်းဆွဲတယ်ဆိုတဲ့ သငေါ်ကယ်လား၊ သူသေးပေါက် နေတုန်း သဲသဲက လှမ်းဆွဲတယ်ဆိုတော့ အကိတ်ကြီးမို့လို့ဖြစ်မှာ
ပေါ့အေ့၊ ဟီဟီ´
`ငါတော့အေ- ပြော်ကန်(ပြန်)တောင်
မပြော်ကန်(မပြန်)ချင်
တော့ဘူး၊ ဒီအဆောင်မှာပဲ နော်ကေ(နေ)လိုက်ချင်တော့တယ်´
`ဒေါ်ကီမှာ
နော်ကေချင်ရင်
စော်ကစ်ပြန်ကြီးကို
ယော်ကူလိုက်
ပါလား´
ပုတီးစိတ်ရင်း
စစ်ပြန်ကြီး တွန့်သွားသည်။ `ဒီမှာနေချင်ရင် စစ်ပြန်ကြီးကို ယူလိုက်ပါလား´ဆိုတဲ့
စကားအဓိပ္ပါယ်ကို သူသေချာ နားလည်လိုက်၍ဖြစ်၏။
ပြိတ္တာဘ၀ရောက်နေတဲ့
သူတို့သူငယ်ချင်းသဲသဲကို သတိမှ ရကြသေးရဲ့လားမသိပေ။ သဲသဲတစ္ဆေလည်း
သူ့သူငယ်ချင်းများကို မယှဉ်သာလို့ပဲထင်သည်။ ဤတစ်ညတွင် ငြိမ်သက်နေပေ၏။
x x x x x
မနက်ပိုင်းကျတော့လည်း
မျက်နှာသေလေးတွေနှင့် မျက်ရည် လေးတစမ်းစမ်းဖြစ်နေ ကြပြန်သည်။
အဆောင်ထဲမှာ
ခုတင်တွေကို ခြေရင်းကပ်ကာ အဆောင် ထက်ဝက်ခန့်ကိုရှင်းလင်းပြီး ဘုန်းကြီးများကို
ဆွမ်းကပ်ဖို့စီစဉ်ထား၏။
ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင်
ကြွလာပါ၏။
ဘုန်းတော်ကြီးအိုကြီးက
မိန်းမလိုဝတ်စားပြင်ဆင်ထားသော မိန်းမလျာများကိုကြည့်၍ စိတ်မသက်သာစွာ
သက်ပြင်းချရှာသည်။
သူတို့ကိုအကြောင်းပြု၍
ရဟန္တာကို စိတ်ဖြင့်ပြစ်မှားမိ၍ မိန်းမ ဘ၀ရောက်ရသော `မောင်မစ္စက´ဇာတ်ကို ဟောပြသည်။
`ဘုန်းဘုန်း-
မောင်မစ္စက က မိန်းမစစ်စစ် တကယ်ဖြစ်သွား တာလား ဘုရာ့´
`ဒါပေါ့-
ရဟန္တာကိုသွားပြီး ပြစ်မှာမိတာကိုးကွဲ့´
`ဟယ်- ကောင်းလိုက်တာ၊
မိန်းမအစစ်ဖြစ်သွားတာတဲ့တော်´
`ဟေ-´
ဓမ္မာစရိယဘွဲ့ရဘုန်းတော်ကြီး
မျက်လုံးပြူးသွားလေသည်။
`လောကမှာ
လူရယ်လို့ဖြစ်လာရင် ယောကျာ်းဆိုလည်း ယောကျာ်းစစ်စစ်၊ မိန်းမဆိုလည်း မိန်းမစစ်စစ်ဖြစ်တာဟာ
အကောင်း ဆုံးပဲကွဲ့´
`တင်ပါ့ဘုရား´
`ဟိုလိုလို
ဒီလိုလို နပုလ္လိင်ဖြစ်ရတာ ရှေးဘ၀၀ဋ်ကြွေးကြောင့်၊ သူများသားမယားစော်
ကားခဲ့လို့ဟဲ့၊ နောင်ဘ၀ လူဖြစ်ရင် ကျား ဆိုလည်း ကျား၊ မဆိုလည်း မ၊ ပီပီသသဖြစ်အောင်
ဆုတောင်းကြ´
`တင်ပါ့ဘုရား၊
နောင်ဘ၀တော့ မိန်းမစစ်စစ်ဖြစ်ရပါစေလို့ ဆုတောင်းထားပါတယ် ဘုရာ့´
`ဘာ-´
ဘုန်းကြီး
သြချသွားရလေတော့သည်။
မာမီစိုးက
ကြားက၀င်ပြီး တောင်းပန်ရှာသည်။
`မှန်လှပါဘုရား၊
တပည့်တော်သမီး အမိုက်အမဲလေးတွေ မပြောတတ်မဆိုတတ်တာ ဗွေမယူပါနဲ့ဘုရား´
`အေး-
ငါကဗွေမယူပါဘူး၊ ငရဲက ဗွေယူလိမ့်မဟေ့၊ ကိုင်း-ကိုင်း- သီလယူကြစို့၊ မင်း
တို့သူငယ်ချင်းကို ဖိတ်ထားပြီးပြီလား´
`တင်ပါ့´
ဘုန်းကြီးငါးပါးက
ပရိတ်ရွတ်ပေးသည်။ ကမ္မ၀ါဖတ်ပေးသည်။
ရေစက်ချအမျှဝေချိန်တွင်
ဘုန်းကြီးက မေး၏။
`အမျှဝေရအောင်၊
ကွယ်လွန်သူနာမည် ပြော´
`သဲသဲပါဘုရာ့၊
နာမည်အပြည့်အစုံက သဲဦးပန်း-တဲ့´
`နာမည်ရင်းလည်း
ပြောမှပေါ့၊ ယောကျာ်းနာမည်အပြည့်အစုံ လည်း ပြောဦး၊ ဒါမှ အမျှ ဝေရင် အပြည့်အ၀ရမှာ´
`သဲသဲနာမည်ရင်းက
ဘာပါလိမ့်´
မာမီစိုးကိုယ်တိုင်
သဲသဲယောကျာ်းနာမည်ရင်းကို ရုတ်တရက် စဉ်းစားမရပဲဖြစ်နေသည်။
`ကျော်စွာဦးလေ
မာမီရဲ့´
`အို- ဟုတ်ပါရဲ့၊
ကျော်စွာဦးပါ ဘုရာ့´
ဘုန်းကြီးက
ရေစက်ချကို ရှေ့မှတိုင်ပေးကာ အမျှဝေသည်။
မိန်းမလျာများအားလုံး
ငိုသံပါဖြင့် အမျှဝေကြ၏။
အမျှဝေသံဆုံးသည်နှင့်
ထူးခြားမှုတစ်ခုကို ကြုံလိုက်ကြရ၏။ အပုပ်နံ့ပေးခြင်းဖြစ်၏။ အပုပ်နံ့ကို တခဏတာမျှ
လူတိုင်းခံစား လိုက်ရသည်။ ခဏမျှသာကြာပြီး ချက်ချင်းပျောက်သွားပါသည်။ ဘယ်သူ့ကိုမှ
ဝင်မပူးတော့ပေ။
`မင်းတို့ရဲ့ဒကာလေး
ကျွတ်လွတ်သွားရှာပါပြီကွယ်၊ ကောင်း ရာ မွန်ရာရောက်ဖို့သာ ဆုတောင်းကြပေရော့´
x x x x x
ကိစ္စအားလုံးပြီးတော့
မာမီစိုးတို့တတွေ ပြန်ကြရပေတော့မည်။ တစ်နေ့နှင့်တစ်ည နားခိုရင်း
ခင်မင်ရင်းနှီးပြီးဖြစ်၍လား၊ သဲသဲကို သတိရလို့ပဲလား မသိ။ မာမီစိုးကအစ မျက်ရည်လေး
တစမ်းစမ်း ဖြစ်နေသည်။
မာမီစိုးသမီးများက
အဆောင်နေကျောင်းသားများကို နှုတ် ဆက်သည်။ ရန်ကုန်ရောက်ရင် ၀င်လည်ပါဆိုကာ
လိပ်စာများ၊ ဖုန်း နံပါတ်များပေးကြသည်။
သူတို့လည်းပင်ပန်းနေကြပြီ။
ရန်ကုန်ကနေ တစ်ညလုံး ကားစီး လာရသည်။ ဒီရောက်တော့လည်း တစ်ညလုံး ချက်ဟယ်ပြုတ်ဟယ် နှင့်
အိပ်ပျက်ကြရ၏။ နှစ်ညဆက်တိုက် အိပ်ပျက်သည့်ဒဏ်ဖြင့် မျက်လုံးများမှေးစင်းနေကြပြီ။
ဒီတစ်ညတော့
ဘွတ်ကင်လုပ်ထားတဲ့တည်းခိုခန်းမှာ သွားအိပ် ကြမည်။
`သွားတော့မယ်နော်၊
စိုးတို့ကိုကူညီတာ အများကြီး ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး သွားမယ်နော်´
မာမီစိုးက
စစ်ပြန်ကြီးကိုပါ တလေးတစားနှုတ်ဆက်ရှာသည်။
`ရန်ကုန်အပြန်ကျ
ဝင်နှုတ်ဆက်ဦးမယ်၊ သွားပြီ´
`တာ့တာ´
`ဟေး-
တို့ပြန်ပြီနော်၊ မမေ့နဲ့နော်´
`ရန်ကုန်ရောက်ရင်
ဝင်ခဲ့နော်´
`အပြန်ကျ
ဝင်နှုတ်ဆက်ဦးမှာ၊ သိလား´
`တောင်ပြုန်းကိုနှစ်တိုင်းလာတယ်၊
နောက်နှစ်လာရင် ဆုံကြ ဦးမယ်နော်´
`အန်ကယ်ကြီး၊
သမီးတို့ ပြော်ကန်တော့မယ်နော်၊
တာ့တာ´
`အန်ကယ်ကြီးကို ကျော်ကေးဇူးတင်ပါတယ်´
`ဘိုင့်ဘိုင်´
ဆူညံစွာအော်ဟစ်နှုတ်ဆက်ကြပြီး
ကားအမြန်ထွက်သွားမှပင် နားအေးသွားလေတော့ သတည်း။
စစ်ပြန်ကြီးဦးဘဇံက
သက်ပြင်းချလိုက်၏။
ဘာပဲဖြစ်ဖြစ်
သူတို့တကူးတကလာ၍ ကုသိုလ်ကောင်းမှုပြု ပေးလိုက်သည့်အတွက် အဆောင်မှာနှောင့်ယှက်နေသော
မိန်းမလျာ သရဲရန်က အေးသွားခြင်းဖြစ်သည်။
ဦးဘဇံက ကားမှောက်ရာတွင်
ကွယ်လွန်သွားရှာသော သဲသဲ ဆိုသည့် မိန်းမလျာလေးကို ကောင်းရာဘ၀ရောက်စေဖို့ ဆုတောင်း လိုက်လေသည်။
မိန်းမလျာတွေလက်သုံးစကားကို
တစ်ချိန်လုံး နားယဉ်ထား သည်မို့ သူ့ဆုတောင်းက အခြောက်ဗန်းစကားအတိုင်း ယောင်၍ထွက် သွားလေ၏။
`သဲသဲတစ်ယောက်
ကော်အောင်းရာ ဘဝေါ်ကကို ရော် ကောက်ပါစေ´ တဲ့။
x x x x x
ဆောင်းလုလင်
ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့်ဝတ္ထုတိုဖြစ်ပါသည်။
No comments:
Post a Comment