Saturday 28 July 2012

ဆောင်းလုလင်၏၀တ္ထုတို- ဂီတညချမ်းသဘင်


ဆောင်းလုလင်
ဂီတညချမ်းသဘင်

မြို့သစ်အဖြစ် မြေကွက်များဖော်ထုတ်ပြီး လူနေအိမ်များ တည် ဆောက်ဆဲကာလဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက် ကပ်လျှက်ရှိပါသည်။ ယခင်က လယ်တောနှင့် ယာမြေ များဖြစ်ပြီး အချို့ နေရာတို့မှာ ရေ၀ပ်သောဧရိယာများဖြစ်ပါ၏။ မြို့သစ်အဖြစ်ဖော်ထုတ် လိုက်သည့် အခါ ရေ၀ပ်သည့်အပိုင်းများကို မြေဖို့ပစ်ရသည်။ လယ်မြေ နှင့်ဖုန်းဆိုးမြေများကို ညှိပစ်ရသည်။ လမ်းနေရာများ အကွက်ချပြီးဖြစ် သော်လည်း ကတ္တရာမခင်းရသေးသည့် မြေကြီးသက်သက်သာဖြစ်၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် မြို့နံ့မသင်းသေးပါ။ မြို့အင်္ဂါရပ်နှင့် မညီညွတ်သေးသည့်အားလျော်စွာ လူနေလည်း နည်းပါးလှသေး၏။ ယခုလို ညအချိန်တွင်လည်း မှောင်နှင့်မည်းမည်းသာ ရှိနေတတ်လေ သည်။ လျှပ်စစ်မီးများ မသွယ်တန်းရသေးသည့်အတွက် ဖြစ်ပါသည်။
ထိုကဲ့သို့သောကာလတွင် ကျွန်တော်သည် ဆောက်လက်စ တိုက်အိမ်တစ်လုံးတွင် ညစောင့်အလုပ်သမားအဖြစ် နေထိုင်ခဲ့ရဖူးပါ သည်။
ကျွန်တော်နေထိုင်စဉ်က ပြိုင်လျှက်ရှိသောလမ်းမကြီးနှစ်လမ်းကြားတွင်အိမ်၆လုံးသာ ဆောက်လုပ် ဆဲရှိပါသေးသည်။ လမ်းနှစ်လမ်းကြားတွင် မြေကွက်၈၀တိတိ နေရာချထားပေး ပြီးဖြစ်သော်လည်း အကွက် ရိုက် ခြံစည်းရိုးခတ်ရုံသာပြုလုပ်ထားပြီး အိမ်များမဆောက် လုပ်ကြသေးပါ။
ထိုစဉ်က ဆောက်လက်စ တိုက်၆လုံးတွင် ကျွန်တော်စောင့်ရ သောတိုက်အပါအ၀င် တိုက်၅လုံးမှာ အရှိန်မပျက် ဆက်ဆောက်နေဆဲ ဖြစ်ပါ၏။ လမ်းမကြီးဘေးကပ်ရက်မှ လေးထပ်အထိဆောက် လုပ် ပြီး ဖြစ်သော တိုက်ကြီးမှာမူ ဆက်လက်ဆောက်လုပ်သည်ကို မတွေ့ရပဲ လုပ်ငန်းရပ်ဆိုင်းထား ဟန်တူပေသည်။ အတော်အတန်ရုပ်လုံးပေါ်ပြီး ပြီးစီးလုအခြေအနေရောက်နေကာမှ ဘာကြောင့်ဆက် မဆောက်သည် မသိပေ။
ကျွန်တော်သည် ည(၆)နာရီဆိုလျှင် အလုပ်မှဆင်းကာ စောင့်ရ မည့်တိုက်ဆီသို့ လာမြဲဖြစ်ပါသည်။ စင်စစ် ကျွန်တော်စောင့်ပေးနေ သောတိုက်မှာ ကျွန်တော့်အလုပ်ရှင်သူဌေး၏တိုက်ဖြစ်ပါသည်။ နေ့ပိုင်း တွင် ဈေးချိုရှိ သူဌေး၏ကုန်မာဆိုင်တွင် အလုပ်ဆင်းကာ ညအလုပ် ပြန်ချိန်ကျမှ မြို့သစ်ရှိ ဆောက်လက်စ တိုက်ကို သွားစောင့်ပေးခြင်းဖြစ်ပါသည်။
ထိုစဉ်က လူနေနည်းသေးသောမြို့သစ်မှာ လမ်းမီးများသွယ် တန်းခြင်းမပြုရသေး၍ ညဆိုလျှင် မှောင်နှင့်မည်းမည်းဖြစ်နေတတ်ပါ သည်။ ထို့ကြောင့် ကျွန်တော်စောင့်အိပ်ရသောတိုက်သို့ရောက်ပြီးလျှင် အပြင်ပြန်မထွက်ဖြစ်သည်က များပါသည်။ မအိပ်ချင်သေးလျှင် ခြံထဲ မှာပင် တစ်ယောက်တည်း ဂစ်တာတီးကာ အပြင်းဖြေနေတတ်၏။
ထိုကဲ့သို့ ပျင်းရီငြီးငွေ့ဖွယ်အခြေအနေမှာ လွန်ခဲ့သည့်လအထိ ပင်ဖြစ်လေ၏။
x x x x x
ယခုတော့ မြို့သစ်ကလေးသည် ယခင်ကနှင့်မတူစွာ ပြောင်းလဲ ၍ လာခဲ့လေပြီ။
ချထားပေးသောမြေကွက်များကို အိမ်မဆောက်လုပ်ပါက ပြန် လည်သိမ်းယူမည်ဟု သက်ဆိုင်ရာ က ကြေငြာလိုက်သည့်အတွက်ဖြစ် လေ၏။ ယခုဆိုလျှင် အိမ်များအပြိုင်အဆိုင်ဆောက်လုပ်နေပုံမှာ နေ့ လည်ခင်းတွင် ထုသံ၊ရိုက်သံများဖြင့် ပွက်လောညံနေသည်။ ပန်းရံသ မား၊ လက်သမားများ နေပူပူထဲတွင် အလုပ်လုပ်နေသည့်မြင်ကွင်းကို လည်း မြင်တွေ့နိုင်လေသည်။ မိုးမကျမီ အိမ်များပြီးစီးရန် လုံးပန်းနေ ခြင်း ပင် ဖြစ်တော့သည်။
လပိုင်းအတွင်းမှာပင် အိမ်အကြမ်းထည်များ အပြိုင်းအရိုင်းပေါ် ပေါက်လာလေပြီ။ မကြာခင်မှာ သာယာစည်ပင်လာတော့မယ်ဆိုတာ လည်း အလွယ်တကူခန့်မှန်းကြည့်နိုင်လေ၏။
ဆောက်လက်စအိမ်များကို လာရောက်စောင့်ကြပ်ကြသည် ကျွန်တော့်ကဲ့သို့ အစောင့်များလည်း အိမ်တိုင်းလိုလိုမှာ ရှိနေကြသည်။ တချို့မိသားစုများကတော့ ဆောက်လက်စအိမ်မှာပင် မိသားစုလိုက် ပြောင်းပြီးနေကြတာမျိုးကိုလည်း တွေ့ရသည်။
လျှပ်စစ်မီးများသွယ်တန်းပေးခြင်း၊ လမ်းမီးတိုင်များထူခြင်း စ သဖြင့် သက်ဆိုင်ရာကလည်း ပံ့ပိုးကူညီခဲ့ရာ ယခုဆိုလျှင် ယခင်ကလို လယ်ကွင်းခေါင်ခေါင်ထဲက ပျင်းရိငြီးငွေ့ဖွယ်နေရာတစ်ခု မဟုတ်တော့ ပါပေ။
လမ်းမကြီးပေါ်မှာလည်း ကွမ်းယာဆိုင်၊ ဆေးလိပ်ဆိုင်၊ အသုပ် ဆိုင်နှင့် လက်တွန်းလှည်းဖြင့်ရောင်းသော ၀က်သားဒုတ်ထိုးဆိုင်၊ အကင်ဆိုင်လေးများ ရှိလာခဲ့ပြီ။
x x x x x
 တစ်ညတွင် ကျွန်တော်သည် ဂစ်တာကိုကျောမှာလွယ်ကာ စက်ဘီးဖြင့် လမ်းထိပ်အထိ ထွက်လာခဲ့လေသည်။
နွေရာသီမို့ နေ့တာရှည်လေရာ ည၇နာရီအချိန်သည် နေ၀င်ပြီး စရှိသေး၏။ ပူပြင်းလှသော မန္တလေးနွေ၏အရှိန်က နေ၀င်သည့်တိုင် အပူရှိန်မကျချင်သေးပေ။ အိပ်မရပဲ ခြင်ကိုက်ခံရတာချင်းအတူတူ လေ တဖြူးဖြူးရှိသည် လမ်းမကျယ်ကြီးဆီသို့ ထွက်လာခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်က အုတ်ခုံဘောင်တွင် စက်ဘီးကိုမှီထောင်၍ ရပ် ထားလိုက်သည်။
လမ်းမဘေးမှ အုတ်ခုံကျယ်ကြီးတွင်ထိုင်ကာ ကျွန်တော်တစ် ယောက်တည်း ဂစ်တာတီးနေခဲ့သည်။
ကျွန်တော်ဂစ်တာထိုင်တီးနေသော အုတ်ခုံကြီးမှာ ဆောက် လက်စကို ဆက်မဆောက်ပဲ ပစ်ထားသော လေးထပ်တိုက်ကြီးအနီးမှာ ဖြစ်သည်။ ယခုတော့ လေးထပ်တိုက်ကြီးလည်း ဆက်မဆောက်ပဲ မနေသာတော့ပေ။ ခြံ၏လေးဖက်လေးတန်၌ မီးချောင်းများတပ်ဆင်ပြီး အလင်းရောင်ရအောင် ဖန်တီးထားသည်ကို တွေ့ရ၏။ မနက်ပိုင်းအ လုပ်အသွားတွင်လည်း ဆောက်လုပ်ရေးလုပ်သားများ အလုပ်လုပ်နေ သည်ကို တွေ့နေရသည်။
တိုက်ကြီးမှာ နဂိုကပင် လေးထပ်အထိတက်ပြီးဖြစ်၍ မွမ်းမံ လိုက်ရာ အတန်အသင့်ပြီးစီးသည့်အခြေအနေကို ရောက်နေလေပြီ။ တိုက်အပြင်နံရံများကို ဆေးသုတ်လက်စတွေ့ရ၏။ မကြာခင် လူနေနိုင် ပေတော့မည်။
ကျွန်တော်က လေညင်းခံရင်း ဂစ်တာတီးကာ ရောက်တတ်ရာ ရာသီချင်းများကို ငြီးနေမိသည်။
ထိုစဉ်မှာပဲ … လေးထပ်တိုက်ကြီး၏ခြံဝင်းထဲမှထွက်လာသော လူငယ်လေးကို မြင်လိုက်ရခြင်းဖြစ်ပါသည်။ တီရှပ်အနက်ရောင်နှင့် ဂျင်းဘောင်ဘီခပ်နွမ်းနွမ်းကို ၀တ်ဆင်ထားသော လူငယ်လေးသည် တိုက်ထဲမှထွက်လာကာ ကျွန်တော်ထိုင်နေသည့်အုတ်ခုံဆီသို့ လမ်း လျှောက်လာလျှက်ရှိသည်။
သူလည်း ပျင်းပျင်းနှင့် ကျွန်တော်ဂစ်တာတီးတာကို လာနား ထောင်ခြင်းဖြစ်လိမ့်မည်ဟု တွေးမိသည်။
သို့သော်- မဟုတ်ပါ။
သူကအုတ်ခုံအထိလျှောက်မလာပဲ အုတ်ခုံနှင့်ငါးကိုက်လောက် အကွာအဝေးတွင်ရပ်နေသည်။ ကျွန်တော်ဂစ်တာတီးသည်ကိုရပ်ကြည့် နေသည်။
သူ ဘာလို့မလာရဲတာလဲ။ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး မ၀ံ့မရဲဖြစ်နေဟန်ကိုကြည့်ကာ ကျွန်တော်အံ့သြနေမိသည်။
သူသည် ကျွန်တော်နှင့်ဂစ်တာကို အားကျနှစ်လိုဟန်ဖြင့် ငေး ကြည့်နေတာကို တွေ့ရ၏။
`ညီလေး၊ လာလေကွာ၊ ဒီမှာလာထိုင်လေ´
ကျွန်တော်က ဖိတ်ခေါ်လိုက်သည်။
သူက ပြူးကျယ်ဝိုင်စက်သောမျက်လုံးများဖြင့် ကျွန်တော့်ကို ကြည့်လိုက်ကာ …
`ကျွန်တော့်ကိုခေါ်တာလား၊ ကျွန်တော်လာလို့ရတယ်ပေါ့´
`ရပါတယ်ကွ၊ လမ်းဘေးအုတ်ခုံပဲ၊ ဘယ်သူထိုင်ထိုင်ပေါ့´
သူက မ၀ံ့မရဲဟန်ဖြင့် အုတ်ခုံဆီသို့လျှောက်လာလေသည်။
`ထိုင်လေကွာ၊ မင်းက ဟိုအိမ်က အစောင့်လား´
`အစောင့်၊ ဟုတ်ကဲ့၊ အစောင့်ပါ၊ ခုတော့- ကျွန်တော်ဟာ အစောင့်တစ်ယောက်ပါပဲအစ်ကို၊ ဒါပေမယ့် .. ဒါပေမယ့် .. မကြာခင် ကျွန်တော် သွားရတော့မှာပါ၊ ဒီအိမ်ကနေ သွားရတော့မှာပါ´
`ဒါ မဆန်းပါဘူးညီလေးရယ်၊ အိမ်ပြီးရင် တို့လိုအစောင့်တွေမှာ တာဝန်မှမရှိတော့ပဲ၊ ဖယ်ပေးရမှာပေါ့၊ ပြန်ရမှာပေါ့ကွာ´
ကျွန်တော်က အိမ်ကြီးပြီးစီး၍ ပိုင်ရှင်မိသားစုများ ပြောင်းရွှေ့ လာပါက သူ့အတွက် နေစရာရော၊ အလုပ်အကိုင်ပါ စွန့်လွှတ်ရတော့ မည်မို့ စိတ်မကောင်းဖြစ်နေသည်ထင်ကာ နှစ်သိမ့်စကားပြောလိုက် ခြင်းဖြစ်ပါသည်။
သူက ကျွန်တော့်စကားကိုနားထောင်ရင်း မျက်လုံးအပြူးသား ဖြင့် ကြည့်နေလေ၏။
`ရော့- ပီကေ၀ါးမလား´
ကျွန်တော်က အိတ်ကပ်ထဲမှပီကေတစ်ထုတ်ကိုယူပြီး သူ့ဆီ လက်ကမ်းပေးလိုက်သည်။ သူက ပီကေကိုစိုက်ကြည့်နေ၏။
`ရော့- ယူလေ၊ ၀ါးတတ်ရင်ဝါး၊ အပျင်းပြေပေါ့´
သူသည် ကျွန်တော့်လက်ထဲမှပီကေကို ဆတ်ကနဲ လှမ်းယူ လိုက်လေ၏။ လျင်မြန်လွန်းသောကြောင့် ကျွန်တော်အံ့သြသွားမိလေ သည်။ သည်အခါကျတော့ သူ့ထံမှ မ၀ံ့မရဲဟန်နှင့်တွန့်ဆုတ်ဆုတ်ဟန် များ ပျောက်သွားပြန်လေ၏။
ပီကေကိုပတ်ထားသော စက္ကူစများကို ဖြည်လိုက်ပုံမှာလည်း မြန်ဆန်လွန်းလှပါ၏။ စက္ကူစကိုဖြည်ပြီးသည်နှင့် သူက ပီကေကို ပါးစပ် ထဲသို့ ပစ်ထည့်လိုက်လေသည်။ ပြီး- တစ်ကိုက်တည်းကိုက်၍ ၀ါးလိုက် ကာ မြိုချလိုက်လေသည်။
သူပီကေစားပုံကိုကြည့်ကာ ကျွန်တော် အံ့အားသင့်နေမိသည်။ ပီကေဆိုတာမျိုးဟာ အပျင်းပြေ ဇိမ်ပြေနပြေ၀ါးကာ အရသာခံရသည့် သရေစာဆိုတာ သူသိမှသိပါလေစ။ သူသည် ပီကေကို အ၀စား အစား အသောက်တစ်ခုသဖွယ် ကိုက်ဝါးစားပစ်လိုက်ခြင်းဖြစ်လေသည်။
သူ အတော်ပဲ ဆာလောင်မွတ်သိပ်နေသလား။
ကျွန်တော်က ကျန်သည့်ပီကေတစ်ခုကို ထပ်ထုတ်ပေးလိုက်၏
ရှေးနည်းအတိုင်းပင်၊ သူက စက္ကူပတ်ကိုခွာကာ တစ်ကိုက်ထဲ နှင့် ကိုက်ဝါးစားပစ်လိုက်လေသည်။ သူစားသောက်ပုံမှာ အငမ်းမရ ဆန်လွန်းနေပေ၏။
ကျွန်တော်က လူငယ်လေးကို အကဲခတ်ကြည့်လိုက်သည်။ သူ ၀တ်စားပုံနှင့်ပြင်ဆင်ထားပုံက လူရည်သန့်တစ်ယောက်ဟန် ဖော်ပြနေ ၏။ ညာဖက်နားရွက်တွင်အပေါက်ဖောက်ကာ နားကပ်လေးပန်ဆင် ထားသည်ကို တွေ့ရ၏။ ယခုခေတ်လူငယ်လေးများ၏ စတိုင်အတိုင်းပါ ပင်။ ဆံပင်က ဂုတ်ပေါ်အထိဝဲကျနေကာ နီညိုရောင်ဆေးဆိုးထားလေ သည်။ တစ်ကိုယ်လုံးခြုံကြည့်လျှင် ခေတ်ရှေ့ပြေးနေသော လူငယ်တစ် ယောက်ဟန်ပန်မျိုး။
ပီကေကို အငမ်းမရစားသောက်နေပုံကတော့ သူ့အသွင်နှင့် မ လိုက်ဖက်လှပေ။
ကျွန်တော်က သူ့ကို သေချာအကဲခတ်နေမိရာ သူရိပ်မိသွားပြီး ရှက်ဟန်ဖြင့် မျက်လွှာချသွားလေသည်။ ကျွန်တော်လည်း အားနာသွား မိလေ၏။
`မင်း ဂစ်တာတီးတတ်လား၊ တီးမလား´
ကျွန်တော်က အာရုံပြောင်းသွားအောင် ဂစ်တာကိုမြှောက်ပြ ရင်း ပြောလိုက်သည်။ သူ့မျက်လုံးများ သိသိသာသာဝင်းလက်သွား လေ၏။
`ဂစ်တာ၊ ကျွန်တော် ဂစ်တာကောင်းကောင်းတီးတတ်တယ်၊ တီးချင်တယ်´
`ရော့- တီးလေကွာ´
သူက ကျွန်တော်လှမ်းပေးသောဂစ်တာကို တယုတယလှမ်းယူ လိုက်လေသည်။
သူ ဂစ်တာကိုင်ပုံကိုကြည့်၍ ဂစ်တာကောင်းကောင်းကျွမ်းကျင် သူတစ်ဦးဖြစ်မှန်း သိလိုက်သည်။
သူက ဂစ်တာကြိုးများကိုညှိရင်း သီချင်းတစ်ပုဒ်၏အတော်ပိုဒ် ကို စလိုက်သည်။ တီးလုံးကိုနားထောင်ရုံဖြင့် ခင်မောင်တိုး၏ မဟာ ဆန်သူသီချင်းဆိုတာ ကျွန်တော်သိလိုက်ပါသည်။
နှုတ်ဆက်ပြုံးနေသူ ရှက်လို့သွားအောင် xxxx
တခြားဖက်လှည့်ကာ ကျောခိုင်းပြေးတော့မယ်ပေါ့ xxxxx
ပြန်ပါစေလေ xx မဟာဆန်သူရေ xx မတားနဲ့တော့ xxxxxx
လက်နဲ့ဆက်လိုသူ xxxx တွေ့ဖို့ခက်အောင် xxxx
ပြတင်းတံခါးပိတ်ကာ ကြိတ်မှိတ်အိပ်တော့မယ်ပေါ့ xxxx
မဟာဆန်သူရေ xxxx
ပျော်ပါစေလေ xxxx မလွမ်းနဲ့တော့ xxxxx

သူ့အသံက အဝေးကလာတဲ့အသံလိုလို ကျွန်တော့်နားထဲမှာ ဝေးသွားလိုက်၊ နီးလာလိုက်ဖြစ်နေ၏။ အသံကတော့ အေးဆေးတည် ငြိမ်ကာ တစ်လုံးချင်း ပီပီသသ ကြည်ကြည်လင်လင်ရှိလှပေသည်။

အကျိုးနဲ့အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့ဘယ်ကို နှင်မှာလဲ ဆုံးဖြတ်တဲ့အတိုင်း
မင်းရဲ့ကံပေါ့ xxx

သူ့လက်ချောင်းများက ဂစ်တာကြိုးပေါ်တွင် ကျင်လည်စွာ တို့ ထိကစားနေသည်။ ဂစ်တာသံစဉ်ကလည်း နုနွဲ့ညင်သာစွာ ပေါ်ထွက် လျှက်ရှိလေ၏။

အနားတိုးလှမ်းလိုသူ ရပ်တန့်သွားအောင် xx
အနောက်ဖက်မျက်နှာ ကျားကွက်ရွှေ့လိုက်တယ်ပေါ့ xxxx
နေပါစေလေ xxx မဟာဆန်သူရေ xx မလှမ်းနဲ့တော့ xxxx

ကျွန်တော်က သူ့တေးသံကို မျက်လုံးများမှေးစင်းကာ ဇိမ်ပြေ နပြေနားထောင်နေမိသည်။ အတော်ပါရမီရှိတဲ့ လူငယ်လေးတယောက် ပေပဲ။ ရှေ့ပိုင်းတွင် ၀ါသနာရှင်အဆင့်မျှဖြင့် တီးခတ်သီဆိုခဲ့သည့် ကျွန် တော့်သီဆိုမှုများအတွက် ရှက်များပင် ရှက်မိပါသေးသည်။ သူဟာ ကျွန်တော့်ထက် အများကြီး သာပါကလား။

လှသထက်နုယဉ်သူ မင်းမို့ပြုံးရင်
အနီးကအလှတွေ ခေါင်းငုံ့ထားကြမယ်ပေါ့
မဟာဆန်သူရေ xxx
အိနြေ္ဒရှင်ရေ xxxx မင်းအတွက်ပေါ့ xxx

ကျွန်တော်သည် သူ၏သံစဉ်နှင့် အောင်မြင်ထည်ဝါသောအသံ လှိုင်းတွင်နစ်ဝဲကာ မျက်စိစုံမှိတ်ကာ အရသာခံ နားထောင်နေခဲ့လေ သည်။
လမ်းမပေါ်မှ အဝေးပြေးကုန်တင်ကားကြီးတစ်စီး အရှိန်ပြင်းစွာ ဖြတ်မောင်းသွားသည့်အခါကျမှပင် ကျွန်တော်လည်း အာရုံပျက်သွားရ လေ၏။
ကားသံနှင့်အတူ သူ့သီဆိုသံလည်း ပျောက်သွားလေသည်။
ကျွန်တော်က မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
အုတ်ခုံပေါ်မှာ သူမရှိပါလေတော့။
ဘယ်များပျောက်သွားသလဲ။
သီချင်းသီဆိုရက်တန်းလန်းမှ ချက်ချင်းပျောက်သွားပုံကို ကျွန် တော်က အံ့အားသင့်စွာ အနီး ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ရှာကြည့် လိုက်သည်။ မတွေ့။ သူ အိမ်ထဲပြန်ဝင်သွားရလောက်အောင်ကလည်း အုတ်ခုံနှင့်ခြံမှာ အတန်ငယ်လှမ်းသည်မို့ မဖြစ်နိုင်ပေ။
သီချင်းဆိုသံရပ်သည်နှင့်တစ်ပြိုင်နက် ပျောက်သွားပုံကို ကျွန် တော်က တွေးမရဖြစ်ကာ ဘေးဘီကို လှမ်းကြည့်ရှာဖွေမိသည်။ အနီး အနား၌ သူသာမဟုတ်။ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပါ။ လမ်း ဘေးအုတ်ခုံပေါ်တွင် ကျွန်တော်တစ်ယောက်တည်း။
သူတီးခဲ့သောဂစ်တာလေးက အုတ်ခုံပေါ်တွင် သူထိုင်သွား သောနေရာ၌ ချထားရက်သားရှိနေသည်။ ကျွန်တော့်စက်ဘီးမှာလည်း အုတ်ခုံကို မှီထောင်ထားရက်သားအတိုင်း ရှိနေ၏။
ဘာမပြော ညာမပြောနဲ့ ပျောက်ချင်းမလှ ပျောက်သွားတာပါ လား။ ကျွန်တော် မျက်လုံးစုံမှိတ်ပြီး သီချင်းကိုအရသာခံနားထောင်နေ တဲ့ကြားက နှုတ်မဆက်ပဲ ထွက်သွားခြင်းဖြစ်သည်။
ကျွန်တော်က အသိရခက်သောလူငယ်လေးကို အံ့သြမိရင်း ပြန်ရန်ပြင်လိုက်သည်။
ဂစ်တာကိုကျောမှာလွယ်၊ စက်ဘီးကို နင်းပြန်ခဲ့ရာ သူ့အိမ်ရှေ့ အရောက်တွင် အိမ်ဝင်းထဲသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ တိုက်အိမ်ကြီး၏ ရှေ့တည့်တည့်ဝင်ပေါက်တွင် အိမ် ရှေ့ကိုမျက်နှာပြု၍ရပ်နေသော သူ့ကို မြင်လိုက်ရလေ၏။ သူက ကျွန် တော်စက်ဘီးစီးပြန်သွားတာကို ငေးကြည့်နေခြင်းဖြစ်လေ၏။
ကျွန်တော်က သူ့ကို လက်တစ်ဖက်မြှောက်ပြကာ နှုတ်ဆက် လိုက်သည်။ သူကတော့ ပြန်နှုတ်မဆက်ချေ။ ငေးမြဲငေးကြည့်နေ၏။
ဘယ်လိုကောင်လေးပါလိမ့်။
x x x x x
နောက်နေ့ညများမှာတော့ လမ်းဘေးအုတ်ခုံဆီသို့ ကျွန်တော် မရောက်ဖြစ်တော့ပါ။
ထိုအိမ်ကြီးရှေ့မှမူ မနက်အလုပ်ဆင်းတိုင်း စက်ဘီးဖြင့် ဖြတ် သွားဖြစ်ခဲ့လေသည်။ အိမ်ကြီးကို အလုပ်သမားအင်အားများများဖြင့် အမြန်ပြီးအောင် တည်ဆောက်နေဆဲဖြစ်လေသည်။
ကောင်လေးကိုတော့ မမြင်မိပါ။ ကောင်လေးသည် ကျွန်တော့် လို နေ့လည်ပိုင်းတွင် အခြားတစ်နေရာ၌ အလုပ်ဆင်းသူဖြစ်ကောင်း ဖြစ်ပေမည်။ အသွားအပြန် အိမ်ကြီးရှေ့မှဖြတ်သွားသည့်အခါတိုင်း တစ်ညက ဆုံခဲ့ဖူးသူကောင်လေးကို ကျွန်တော်သတိရမိသည်။ ထိုတစ် ညသာတွေ့ဖြစ်ခဲ့ပြီး ကောင်လေးနှင့် နောက်တစ်ခါမဆုံတော့ပါ။
တစ်လခန့်ကြာသောအခါ ကောင်လေးစောင့်ရသောအိမ်ကြီး လုံးဝပြီးစီးသွားသည်ကို တွေ့ရလေ သည်။ တိုက်ကြီးကို ဆေးများသုတ် မွမ်းမံပြီးစီးသွားကာ ခြံစည်းရိုးကိုလည်း အုတ်တံတိုင်းဖြင့် အပြည့် ခတ် ပြီးသွားသည်ကို တွေ့ရလေ၏။
တစ်နေ့တွင်- ကားကြီးသုံးစီးဖြင့် အိမ်ထောင်ပရိဘောဂများ သယ်ပိုးရွှေ့ပြောင်းလာသည် ကို တွေ့ရသည်။ အိမ်ပိုင်ရှင်များ အိမ်သစ် တွင်နေထိုင်ပေတော့မည်။
ကျွန်တော့်မိတ်ဆွေကောင်လေးသည် အိမ်ကြီးဆီမှ ထွက်ခွာ သွားရလောက်ပေပြီ။
အိမ်ကြီးရှေ့ရောက်တိုင်း ကောင်လေးကိုသတိရ၍ လှည့်ကြည့် မိသော်လည်း အရိပ်အယောင်ပင် မတွေ့ရတော့ပါ။ ကောင်လေးကို သတိရသည်နှင့်အတူ သူဆိုသွားသော ခင်မောင်တိုး၏ မဟာဆန်သူ သီချင်းသံလေးကိုပါ ကြားယောင်မိပါသည်။
တစ်ညနေ- ကျွန်တော် အလုပ်မှပြန်အလာ၌ ခြံဝင်းဝသံတံခါး တွင် ညှပ်ထားသော စာအိတ်တစ်လုံး ကို တွေ့ရလေသည်။ ဖောက် ဖတ်ကြည့်ရာ ဖိတ်စာတစ်စောင်ဖြစ်နေပြီး အိမ်သစ်တက်ပရိတ်တရားနာ အတွက် ဖိတ်ကြားသော ဖိတ်စာတစ်စောင်ဖြစ်နေပါသည်။ ဖိတ်ကြားသူများကတော့ ကောင်လေးစောင့် ခဲ့သည့် တိုက်သစ်ကြီးမှ အိမ် ရှင်များပင်ဖြစ်လေသည်။
သိသိ၊ မသိသိ အိမ်နီးချင်းအားလုံးကို ရင်းနှီးကျွမ်းဝင်လို၍ ဖိတ် ကြားတာမျိုးဖြစ်ပေမည်။
အိမ်သစ်တက်ပွဲ ပြုလုပ်မည့်နေ့မှာ လကွယ်ဥပုသ်နေ့ဖြစ်၍ ကျွန်တော်အလုပ်နားသည့်နေ့ဖြစ်နေပါသည်။
ကျွန်တော်က အိမ်သစ်တက်ပွဲကို သွားရောက်ရန် ဆုံးဖြတ် လိုက်၏။
ကောင်လေးနဲ့လည်း ပြန်ဆုံချင်ဆုံမှာပေါ့။
x x x x x
အလှူပွဲသို့ ကျွန်တော်ရောက်ချိန်မှာ ဧည့်သည်စုံလင်သောအ ချိန်ဖြစ်ပါသည်။ အိမ်နီးချင်းအသစ်များနှင့်အတူ ကျွန်တော်ကဲ့သို့ ခြံ စောင့်များကိုလည်း အလှူပွဲတွင် တွေ့ခဲ့ရသည်။ ဧည့်သည်အများစုမှာ မြို့ထဲမှလာသူများဖြစ်လေ၏။
တိုက်သစ်အိမ်ရှေ့မြေကွက်လပ်တွင် စားပွဲများချထားပြီး ဧည့် ခံကျွေးမွေးခြင်းဖြစ်သော်လည်း ကျွန်တော်ရောက်သွားချိန်၌ လူများ ပြည့်နေ၍ ကျွန်တော့်ကို အိမ်ဧည့်ခန်းအထိ ခေါ်သွားကာ နေရာချထား ပေးလေသည်။
ဒံပေါက်ထမင်းဖြင့် ဧည့်ခံခြင်းဖြစ်ပြီး အိမ်ရှင်အမျိုးသမီးကြီးက လိုက်၍ဧည့်ခံနေပေသည်။
ကျွန်တော်က ဒံပေါက်စားရင်း ဧည့်ခန်းအပြင်အဆင်ကို မျက် လုံးဝေ့ကြည့်လိုက်ရာ နံရံတွင်ကပ်ထားသောဓာတ်ပုံတစ်ပုံကိုမြင်လိုက် ၍ အံ့အားသင့်သွားလေသည်။ ဓာတ်ပုံမှာ ကောင်လေး၏ပုံဖြစ်သည်။ တစ်ညချမ်းတွင် ကျွန်တော်ဆုံတွေ့ခဲ့ရသည့်ကောင်လေး။ ကျွန်တော့် ကို ဂစ်တာတီးပြပြီး မဟာဆန်သူသီချင်းဆိုပြခဲ့တဲ့ ကောင်လေးရယ် လေ။
ဓာတ်ပုံမှာ ၂ပေx၃ပေအရွယ်ဆိုက်ကြီးဖြစ်ကာ ကိုယ်တစ်ပိုင်း ပုံဖြစ်လေသည်။ ထူးခြားသည်မှာ ဓာတ်ပုံဘေးနံရံတွင် ဂစ်တာနှစ်လက် ကို စောင်း၍ချိတ်ဆွဲထားခြင်းဖြစ်သည်။
ဓာတ်ပုံထဲ၌ ကောင်လေးသည် ကျွန်တော်နှင့်တွေ့ခဲ့စဉ်က ပုံစံ အတိုင်း တီရှပ်အနက်လေးကို ၀တ်ဆင်ထားသည်။ ဆံပင်ကို နီညို ရောင်ဆေးဆိုးထားသည်။ ညာဖက်နားရွက်၌ နားကပ်ကလေးပန်ဆင် ထားသည်ကိုလည်း တွေ့ရ၏။
ကျွန်တော်က ထင်မိထင်ရာဖြင့် သူ့ကို ခြံညစောင့်ဟု ထင်မိခဲ့ ပေသည်။ တကယ်တော့ သူသည် အိမ်ပိုင်ရှင်များ၏ သားတစ်ယောက် ပါကလား။ ဆောက်လက်စတိုက်ကို ကိုယ်တိုင်လာစောင့်အိပ်နေခြင်းပဲ ဖြစ်ပေမည်။
ကျွန်တော်သည် ကောင်လေးကိုတွေ့ရလို တွေ့ရငြား ရှာကြည့် သော်လည်း အရိပ်အယောင်ပင် မမြင်ရပါချေ။
ခဏနေတော့ အိမ်ရှင်အမျိုးသမီးကြီး ကျွန်တော့်ဆီရောက်လာ ၏။
`သုံးဆောင်နော် သား၊ သားက ဘယ်အိမ်ကလဲ´
အမျိုးသမီးကြီးက မိတ်ဖွဲ့ဟန် မေးရင်း ဧည့်ခံလိုက်သည်။
`၈လမ်းဒေါင့်အိမ်ကပါ အန်တီ၊ ကျွန်တော့်ဆရာအိမ်ကို လာ စောင့်ပေးနေတာပါ´
`သြော်- အေး-အေး- အိမ်နီးချင်းတွေပဲ၊ နောင်လည်း ၀င်နော်၊ ထွက်နော် သား´
`ဟုတ်ကဲ့ပါအန်တီ၊ ဒါနဲ့ ….´
ကျွန်တော်က ကောင်လေးအကြောင်းကို မေးကြည့်ရန် စကား စလိုက်သည်။
`ဒါနဲ့ .. ဟို .. ဟို .. ညီလေးရော အန်တီ´
ကျွန်တော်က နံရံပေါ်က ကောင်လေးဓာတ်ပုံကို ညွှန်ပြရင်း မေးလိုက်သည်။ ကျွန်တော့်အမေးကြောင့် အိမ်ရှင်အန်တီကြီးမျက်နှာ ညိုမှိုင်းသွားလေသည်။
`သားသားကို .. သားသားကို .. မင်း သိလို့လားကွယ်´
`ဖြတ်သွားဖြတ်လာ မြင်ဖူးနေလို့ပါ အန်တီ´
`သြော်.. ဟုတ်မှာပေါ့၊ သားသားက ဒီတိုက်ကြီးဆောက်က တည်းက တိုက်မှာ လာစောင့်နေတာ၊ ခုတော့.. ခုတော့.. သားသား ဆုံးသွားပြီလေ´
`ဗျာ..´
`မင်း မသိလိုက်ဘူးထင်တယ်´
`ဟုတ်..ဟုတ်ကဲ့´
`တစ်နှစ်ခွဲရှိပြီကွဲ့၊ သားသားဆုံးတာ၊ မင်းမသိလိုက်လို့ပါ၊ ဒီတိုက်လေးထပ်တက်အပြီးမှာ လေးထပ်အပေါ်ကနေ ကျပြီး ဆုံးသွား တာလေကွယ်´
`ဟာ…´
`အဲဒီညက သူငယ်ချင်းတွေစုပြီး တိုက်အမိုးပေါ်မှာ ဂစ်တာတီး ကြသတဲ့၊ လူငယ်တွေဆိုတော့လည်း အသောက်အစားလေးတွေ ပါ တာပေါ့လေ၊ သားသားဟာ အမိုးအစပ် ဘောင်ပေါ်မှာ ဂစ်တာထိုင် တီး နေရင်းက မူးမူးနဲ့ အောက်ကိုပြုတ်ကျသွားခဲ့ရှာတာပေါ့´
`ဖြစ်ရလေအန်တီ၊ ဒါတွေ ကျွန်တော်မသိလိုက်ဘူး´
`အန်တီတို့လည်း သားသားအဖြစ်ကြောင့် လေးထပ်အထိ တက်ပြီးမှ တိုက်ကို ဆက်မဆောက်ဖြစ်တော့ဘူး၊ ဒီတိုင်းပစ်ထားလိုက် တယ်၊ ခုမှ သက်ဆိုင်ရာက အပြီးအစီးမဆောက်မနေရ ဆိုတော့မှ အပြီး သတ်လိုက်တာလေ၊ သားသားဆုံးခဲ့တာလည်း တစ်နှစ်ခွဲရှိခဲ့ပါပြီကွယ်´
`အန်တီတို့မှာ ဒီညီလေးတစ်ယောက်ပဲ သားရှိတာလား၊ သူနဲ့ ရွယ်တူညီအစ်ကိုတွေရော ရှိသေးလားအန်တီ´
တစ်ညချမ်းတွင် ကျွန်တော်တွေ့ခဲ့သော ကောင်လေးသည် ဓာတ်ပုံထဲမှ ကွယ်လွန်သွားသူမဟုတ်ပဲ သူ၏ညီအစ်ကိုတစ်ယောက် ယောက်များဖြစ်နေမလားအတွေးဖြင့် မေးလိုက်ခြင်းဖြစ်ပါသည်။
`သားသမီးသုံးယောက်မှာ ယောကျာ်းလေးဆိုလို့ သူပဲ ပါပါ တယ်ကွယ်၊ ဂီတကို သိပ်ဝါသနာပါတဲ့ကလေးပေါ့ကွယ်၊ ဒါ့ကြောင့် .. သူ့ဓာတ်ပုံဘေးမှာ သူတီးခဲ့တဲ့ ဂစ်တာလေးနှစ်လက်ကို အမှတ်တရ ချိတ်ပေးထားတာလေ´
`ညီလေးအတွက် ကျွန်တော်စိတ်မကောင်းပါဘူးအန်တီ´
x x x x x
အန်တီကြီး ကျွန်တော့်ရှေ့မှထွက်ခွာသွားချိန်တွင် ကောင်လေး ၏ဓာတ်ပုံကိုကြည့်ကာ အတွေးနယ် ချဲ့နေမိသည်။
ကျွန်တော်နှင့်တွေ့ဆုံစဉ်က…
`အစောင့်၊ ဟုတ်ကဲ့၊ အစောင့်ပါ၊ ခုတော့- ကျွန်တော်ဟာ အစောင့်တစ်ယောက်ပါပဲအစ်ကို၊ ဒါပေမယ့် .. ဒါပေမယ့် .. မကြာခင် ကျွန်တော် သွားရတော့မှာပါ၊ ဒီအိမ်ကနေ သွားရတော့မှာပါ´
-ဟုပြောကြားခဲ့သောစကားများကို ကြားယောင်လာမိသည်။
ကျွန်တော်က အိမ်ကြီးပြီးစီးပါက ပိုင်ရှင်မိသားစုများပြောင်းရွှေ့ လာလျှင် သူ့အတွက် နေစရာရော အလုပ်အကိုင်ပါ စွန့်လွှတ်ရတော့ မည်မို့ စိတ်မကောင်းဖြစ်နေသည်ထင်ကာ…
`ဒါ မဆန်းပါဘူးညီလေးရယ်၊ အိမ်ပြီးရင် တို့လိုအစောင့်တွေမှာ တာဝန်မှမရှိတော့ပဲ၊ ဖယ်ပေးရမှာပေါ့၊ ပြန်ရမှာပေါ့ကွာ´
-ဟု နှစ်သိမ့်စကား ပြောခဲ့မိသေးသည်။
ခုတော့- အိမ်သစ်တက်ပွဲအတွက် ပရိတ်ရွတ်၊ ကမ္မ၀ါစာများ ဖတ်ကြားပြီးပြီမို့ ကောင်လေးလည်း ဒီနေရာမှာဆက်နေလို့ရတော့မည် မဟုတ်ပေ။
ကျွန်တော်ပေးသည့် ပီကေလေးနှစ်ခုကို အငမ်းမရ ကိုက်ဝါး စားသောက်လိုက်ပုံကို ခုတော့.. ကျွန်တော် သဘောပေါက်ပေပြီ။ အ စားအသောက်ရှားပါးလှသည့် မကျွတ်မလွတ်သောပြိတ္တာများဘ၀ကို ကြားရုံကြားခဲ့ရဖူးသော်လည်း ခုတော့.. လက်တွေ့ယုံလိုက်ရလေပြီ။
ကျွန်တော်သည် နံရံမှ ကောင်လေးဓာတ်ပုံချိတ်ထားရာသို့ ထ သွားကာ ဘေးမှ ဂစ်တာလေးနှစ်လက်ကို ကိုင်ကြည့်လိုက်သည်။ အ သက်ရှင်စဉ်က သူသည် ဤဂစ်တာလေးများဖြင့် လှပသောသံစဉ်တေး သွားများတီးခတ်ကာ သီချင်းများ သီဆိုကြူးရင့်ခဲ့ပေမည်။
ကျွန်တော့်ကိုပင် မဟာဆန်သူသီချင်းဖြင့် သီဆိုဖျော်ဖြေသွားခဲ့ သေးသည် မဟုတ်ပါလား။
သီချင်းဆုံးတာနဲ့ နှုတ်တောင်မဆက်ပဲ ဂစ်တာကို အုတ်ခုံပေါ် ထားခဲ့ပြီး ပျောက်သွားတဲ့မင်းကို လူမှုရေးခေါင်းပါးတဲ့ ခပ်ရိုင်းရိုင်း ကောင်လေးတစ်ယောက်လို့ အစ်ကိုထင်ခဲ့မိတာ ခွင့်လွှတ်ပါညီလေး ရယ်…
ကျွန်တော်က နွေတစ်ညတွင်ဆုံဆည်းခဲ့သည် တမလွန်သား တေးချစ်သူကောင်လေးကို ကောင်းရာမွန်ရာရောက်ပါစေကြောင်း ဆု တောင်းရင်း သူ့ဓာတ်ပုံရှေ့မှ လှည့်ထွက်ခဲ့လေသည်။

ဆောင်းလုလင်

ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြပြီး ၀တ္ထုဖြစ်ပါသည်။

No comments: