Thursday 8 March 2012

နွေတမာန်၏၀တ္ထုတို (လုပ်ကြံဇာတ်)


နွေတမာန်
လုပ်ကြံဇာတ်

ကျွန်တော်ပြောပြမည့်ဇာတ်လမ်းမှာ လူအတော်များများ သိပြီး သည့် ဇာတ်လမ်းတစ်ပုဒ်ပင်ဖြစ်ပါ သည်။ ထိုဇာတ်လမ်းမျိုးမှာ စာသင် ကျောင်းများတွင် ဖြစ်ပျက်လေ့ရှိပါ၏။ တက္ကသိုလ်စာသင်ကျောင်းများ တွင် ထိုဇာတ်လမ်းမျိုးကို မကြာခဏကြားရတတ်ပါသည်။
ကျောင်းစာသင်ခန်းများ၌ ထိုကဲ့သို့ ဆင်တူသောအဖြစ်မျိုးရှိနေတတ်သည်မှာ အံ့သြဖွယ်ကောင်းပါ သည်။ လက်တွေ့မဟုတ်လျင် စိတ် ကူးယဉ်ဖန်တီးထားသောဇာတ်လမ်းဟု ထင်စရာရှိပါသည်။
ကျွန်တော်ကတော့ လက်တွေ့မို့ ကျွန်တော့်အတွေ့အကြုံကို အားရစွာပြောပြနေမိခြင်းဖြစ်ပါသည်။
x x x x x
စာသင်ကျောင်းတစ်ခု၏ ကျောင်းဆင်းချိန်တွင် အတန်းသား အာလုံးကျောင်းဆင်းကာ စာသင် ခန်းအပြင်သို့ ရောက်သွားကြချိန်။
မိန်းကလေးတစ်ယောက်က သူမ၏မှတ်စုစာအုပ်တစ်အုပ် စား ပွဲပေါ်တွင် မေ့ကျန်ခဲ့သည်။ မိန်း ကလေး သည် စာအုပ်ကိုပြန်ယူရန် စာ သင်ကျောင်းအပေါ်ထပ်သို့ ပြန်တက်ခဲ့သည်။
စာသင်ခန်းထဲတွင် ကျောင်းသားကျောင်းသူတစ်ယောက်မျှမရှိ တော့ပဲ တိတ်ဆိတ်လျှက်ရှိသည်။ အ၀င်ပေါက်ကိုနောက်ကျောခိုင်း၍ တံမြက်စည်းလှဲနေသော လူကြီးတစ်ဦးကိုသာ တွေ့ရသည်။ သန့် ရှင်း ရေးအလုပ်သမားဖြစ်ဟန်တူပါ၏။
မိန်းကလေးသည် သူမကျန်ခဲ့သောစာအုပ်ကို စားပွဲပေါ်၌ မတွေ့။ သူမက သန့်ရှင်းရေးသမား ကြီးကို မေးကြည့်လိုက်သည်။
`ဦးလေး- ဦးလေး- ဒီစားပွဲပေါ်က ဗလာစာအုပ်တစ်အုပ် တွေ့ မိသလားရှင့်၊ ဦးလေးများ သိမ်းထားလိုက်လား´
မိန်းကလေး၏အသံကြောင့် ထိုလူကြီးက နောက်ကျောခိုင်း ရက်အနေအထားမှ မိန်းကလေးဖက်သို့ လှည့်လိုက်သည်။
ထိုအခါ- လူကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော အခြင်း အရာကို မိန်းကလေး တွေ့ လိုက်ရလေသည်။
လူကြီး၏၀မ်းဗိုက်မှာ ပေါက်နေသည်။ ပေါက်နေပုံက အခေါင်း ပေါက်ကြီးဖြစ်ကာ ဒိုးယိုပေါက် -ပေါက်နေခြင်းဖြစ်သည်။ ထိုအပေါက် ကြီးမှတစ်ဆင့် နောက်ဖက်မှ ပစ္စည်းပစ္စယများကို မြင်နေရသည်။
မိန်းကလေးသည် ကြောက်လန့်ကာ အောက်ထပ်သို့ တရှိန်ထိုး ပြေးဆင်းခဲ့လေသည်။
လှေကားရင်းသို့အရောက်တွင် လူတစ်ယောက်နှင့် တွေ့ပြန် သည်။
ထိုသူကို ကျောင်းစောင့်ကြီးဟုယူဆကာ မိန်းကလေးက သူမ တွေ့ခဲ့ရသောအတွေ့အကြုံ ကို ပြောပြလိုက်သည်။
`ဘကြီး- သရဲ- သရဲ- အပေါ်ထပ်မှာသရဲ၊ သူ့ဗိုက်ကြီးက ဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ် ဘကြီး၊ သိပ်ကြောက်စရာ ကောင်းတာပဲ´
ထိုအခါ- ထိုလူကြီးက မိန်းကလေးကို သူဝတ်ထားသောအင်္ကျီ ကိုလှပ်ပြရင်း မေးလိုက်သည်။
`မင်းတွေ့ခဲ့ရတဲ့ ဟောင်းလောင်းပေါက်က ဟောဒီလိုမျိုးလား ကွဲ့´
`အောင် မယ် လေး . . . .´
အပေါ်ထပ်တွင်တွေ့ခဲ့သော သရဲကြီးဆီမှ ဗိုက်အပေါက်ကြီးအ တိုင်း ထိုလူကြီး၏ဗိုက်တွင်ပါ အပေါက်ကြီးကို တွေ့လိုက်ရသည့်အခါ- မိန်းကလေးသည် စူးစူးဝါးဝါးအော်ဟစ်ရင်း ထိုနေရာ၌ သတိ လစ်မေ့ မျောသွားလေသည်။
x x x x x
ထိုဇာတ်လမ်းမျိုးကို ကြားဖူးပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
ကျွန်တော့်အတွေ့အကြုံအရ- တက္ကသိုလ်တိုင်း၌ ထိုဇာတ်လမ်း မျိုးဖြစ်ပျက်ခဲ့ဖူးသယောင်ပြောဆိုကြ သည် ကို မှတ်သားဖူးပါသည်။
အထက်ပါ ဆင်တူယိုးမှားဇာတ်လမ်းများ၌ အခြောက်ခံရသူ အချို့သည် ကြောက်လန့်ဖျားနာ ကာ သေဆုံးသွားခဲ့ကြသည်။
အချို့က ဗိုက်အပေါက်နေရာတွင် `ကျောပေါက်ကြီး´ဟုပြော ကြသည်။ `ရင်ဘတ်အပေါက် ကြီး´ဟု ပြောကြသည်။ ဇာတ်လမ်းအ သွားကတော့ အတူတူချည်းပင်ဖြစ်နေ၏။
သရဲနှစ်ကောင် ညှပ်ပူးညှပ်ပိတ်ခြောက်တဲ့ဇာတ်။
x x x x x
အမှန်တကယ်သာဖြစ်လျှင်- ကျောင်းများတွင် မှီခိုနေသည့်သရဲ များသည် အဘယ်ကြောင့် ထိုနည်းလမ်းတစ်မျိုးဖြင့် ခြောက်လှန့်နေကြ သနည်း။ သူတို့အချင်းချင်း ညှိနှိုင်းထားလို့လား။ ကျောင်းမှာခြောက်တဲ့ သရဲဆိုတာ ဒီအတိုင်းပဲခြောက်ရတယ်လို့ အလိုလိုဖြစ်နေတာလား။
မည်သို့ပင်ဆိုစေ- ပညာသင်ကြားနေသော အပြစ်မဲ့လူငယ် ကျောင်းသားကျောင်းသူလေးများကို သရများအနေဖြင့် ဒုက္ခမပေးသင့် ပါ။
x x x x x
ကျွန်တော်သည် ကျောင်းတစ်ကျောင်းမှ အဆိုပါနည်းဖြင့် ခြောက်လှန့်နေသော သရဲနှစ်ကောင် ကို နှိမ်နင်းရန် လာရောက်ခဲ့လေ သည်။
ဤကျောင်းမှသရဲနှစ်ကောင်သည် ဗိုက်တွင် အပေါက်ကြီးများ ဖန်တီးကာ ကျောင်းသားကျောင်းသူ များ ကို ခြောက်လှန့်နေကျဖြစ်၏။
ထိုသတင်းကိုသိထားသည့် ကျောင်းသားများသည် ကြောက် လန့်လွန်း၍ ကျောင်းကို ဘယ်သော အခါမျှ စောစောမလာ၊ အခန်းထဲ တွင် ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့လျင်လည်း ဘယ်တော့မျှ ပြန်ယူခြင်းမပြု ကြချေ။
ကျွန်တော်သည် ကျောင်းဆင်းပြီးခါစအချိန်တွင် ကျောင်းသား အယောင်ဆောင် ၍ ကျောင်းဝင်းထဲသို့ဝင်ခဲ့လေသည်။ ကျွန်တော့် အမူ အရာက မင်သေသေ၊ ပိပိရိရိ။ လွယ်အိတ်ကလေး ကိုလွယ်ကာ ရိုးသား ဟန် မျက်နှာသေလေးဖြင့် ကျောင်းအပေါ်ထပ်သို့ ခပ်ကုပ်ကုပ်တက် သွားလေ၏။
သရဲနှစ်ကောင်အဖို့လည်း မခြောက်ရတာကြာလို့ ခြောက်ချင် လွန်းနေရော့မည်။
x x x x x
ကျွန်တော်မျှော်လင့်ထားသည့်အတိုင်းပါပင်။
သရဲသည် စာသင်ခန်းအ၀ကိုနောက်ကျောခိုင်း၍ တံပြက်စည်း လှဲဟန် ဆောင်လျှက်ရှိသည်။ ဟန်ဆောင်လုပ်နေမှန်း သိသာလှပါ၏။
မခြောက်ရတာ ကြာ၍ သူဝတ်ထားသောအင်္ကျီကြီး၏နောက် ကျောမှာ ဖုံများတက်နေလေသည်။ သရဲသည် ကျွန်တော့်ကိုခြောက် ချင်လွန်း၍ ဖုံပေနေသောအင်္ကျီကို အမြန်ကောက်ယူဝတ်ဆင်ခဲ့ဟန် တူ ပေ၏။
ကျွန်တော်က ချောင်းဟန့်ရင်း သူ့ကိုမေးလိုက်သည်။
`အဟမ်း- အဟမ်း- ဦးလေး- ဗျို့- ဦးလေးကြီး၊ ဒီစားပွဲပေါ်မှာ ကျွန်တော်ကျန်ခဲ့တဲ့ စာအုပ်လေးများ မတွေ့မိဘူးလားဗျ´
သူက နောက်ကျောခိုင်းထားရာမှ ကျွန်တော့်ဖက်လှည့်လိုက် သည်။ မျှော်လင့်ထားသည့်အတိုင်း ပင်- သူ့ဗိုက်မှာ အပေါက်ကြီး။ အ ပေါက်ကြီးက အ၀ိုင်းပုံ တိတိကျကျပေါက်နေကာ နောက်မှပစ္စည်းများ ကို ဒိုးယိုပေါက် မြင်နေရပေ၏။
ကျွန်တော်က သူ့ဗိုက်က အပေါက်ကြီးကို လက်ညှိုးထိုးပြရင်း-
`ဟင်- ဦးလေးဗိုက်က အပေါက်ကြီးနဲ့ပါလား´
`အေး- ဟုတ်တယ်၊ အပေါက်ကြီးနဲ့ကွ၊ မင်း မကြောက်ဘူး လား´
`ဟာ- ဦးလေးကလည်း၊ ဦးလေးအပေါက်က ဘာဟုတ်သေး လို့လဲ၊ ကျွန်တော့်အပေါက်ကမှ မိုက်တာ၊ ဟောဒီမှာ ကြည့်ပါဦး´
ကျွန်တော်က ကျွန်တော့်အင်္ကျီကို လှန်ပြလိုက်လေသည်။
`အောင် မယ် လေး ဗျ´
သူသည် ကြောက်လန့်တကြားအော်ရင်း လန့်ခုန်လိုက်ရာ ပေါ့ ပါးသောနာနာဘာဝဖြစ်သည် မို့ နောက်ကျွမ်းပြန်ကာ လွင့်ထွက်သွား လေသည်။
`အောင်မယ်လေး- အောင်မယ်လေး- ကြောက်စရာကြီးဗျ´
သရဲသည် အလန့်တကြားအော်ဟစ်ရင်း အသက်ပါထွက်သွား လေတော့သည်။
x x x x x
ကျွန်တော်က ကြေနပ်စွာပြုံးရင်း အောက်ထပ်သို့ဆင်းခဲ့လေ၏။
အောက်ထပ်လှေကားရင်း၍ လူတစ်ယောက်က အသင့်စောင့် လျက်ရှိလေသည်။
ကျွန်တော်က မင်သေသေနှင့် သူ့ကိုပြောလိုက်၏။
`ဘကြီး- အပေါ်ထပ်မှာ ဗိုက်အပေါက်နဲ့လူကြီးတစ်ယောက် တွေ့ခဲ့တယ်ဗျ´
`ဟုတ်လား- အေး- သူ့ဗိုက်ကအပေါက်ကြီးက ဟောဒီလိုမျိုး မဟုတ်လားကွဲ့´
သူက ကျွန်တော်ကြောက်လန့်သွားမည်ဟု တစ်ထစ်ချယူဆ ကာ ၀ံ့ကြွားစွာဖြင့် သူ့အင်္ကျီကို လှပ်ပြလိုက်လေသည်။ အ၀ိုင်းပုံအ ပေါက်ကြီး ပေါ်လာလေ၏။
`အဲဒါပြောတာပေါ့ဘကြီးရ၊ ဘကြီးတို့အပေါက်က ရိုးလွန်း တယ်ဗျ၊ ခုခေတ်မှာ အပေါက်ဆိုတာ ဟောဒီက ကျွန်တော့်ဗိုက်က အပေါက်မျိုးမှ မိုက်တာ- ကြည့်-´
ကျွန်တော်က အင်္ကျီကိုလှပ်ပြီး ဗိုက်ကိုလှန်ပြလိုက်လေသည်။
`အောင် မယ် လေး ဗျ´
သူလည်း အပေါ်ထပ်ကသရဲလိုပင်၊ လန့်ဖြတ် ထခုန်လိုက်ရာ ကျောင်းဝင်းအပြင်ထိ ပင် ရောက်သွားလေတော့၏။
ထို့နောက်-လျှာတစ်လစ်ထွက်ကာ သေဆုံးသွားလေတော့၏။
x x x x x
သရဲနှစ်ကောင် ကြောက်လန့်သွားသည်မှာ အကြောင်းရှိပါ သည်။
သူတို့အပေါက်များမှာ ဒိုးယိုပေါက်မြင်ရသော ရိုးရိုးအ၀ိုင်း ပေါက်များသာဖြစ်သည်။
ကျွန်တော်ဖန်တီးထားသောအပေါက်က သူတို့လိုမဟုတ်။ သူ တို့ထက် သာသည်။
ကျွန်တော့်အပေါက်ထဲတွင် လောက်များ တရွရွတွယ်နေသည်။ သွေးများ ဒလဟော စီးကျနေသည်။ ပြည်ပုပ်များလည်း ထွက်လျက်ရှိ သည်။ ပြီးတော့- အနံ့အသက်။
ကျွန်တော့်အပေါက်မှာက အနံ့အသက်လည်း ပါသေးသည်။ မသတီစရာ ပုပ်ဟောင် နံစော်နေသော အော်ဂလီဆန် စက်ဆုပ်ဖွယ် အနံ့အသက် ဖြစ်ပါသည်။
ထိုမျှ ရွံရှာစက်ဆုပ်ကြောက်လန့်ဖွယ်ကောင်းသည့် အပေါက် ကြီးကို မမျှော်လင့်ပဲတွေ့လိုက်ရ၍ သရဲနှစ်ကောင် အသက်ထွက်သည် အထိ ကြောက်လန့်သွားကြခြင်းပဲဖြစ်ပါ၏။
ကျွန်တော်က သူတို့ထက်သာသော အပေါက်ကြီးကို လုပ်ကြံ ဖန်တီးကာ သူတို့လုပ်ရပ်ကို တန်ပြန်လိုက်ခြင်းဖြစ်ပါသည်။
တစ်နည်းအားဖြင့်- လက်စားချေလိုက်ခြင်းဖြစ်ပါသည်။
x x x x x
ကျွန်တော်သည် ကျောင်းထဲတွင်သောင်းကျန်းနေသည့် သရဲ နှစ်ကောင် ကို အောင်မြင် စွာ ချွေချွတ်လိုက်နိုင်၍ ကြေနပ်စွာဖြင့် ကျောင်းထဲမှ ထွက်ခွာခဲ့လေတော့သည်။
x x x x x
သြော်- တစ်ခုပြောဖို့ မေ့ကျန်သွားသည်။
ကျွန်တော်သည် …
လွန်ခဲ့သောဆယ်နှစ်က…. ဤကျောင်းတွင်….
သရဲနှစ်ကောင် ညှပ်ပူးညှပ်ပိတ်အခြောက်ခံရ၍ …..
ကြောက်လန့် ဖျားနာ သေဆုံးကာ …….
သရဲတစ္ဆေဘ၀ရောက်နေသော …..
         ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပါသည်။
x x x x x
နွေတမာန်
၂၀၀၈ခုနှစ်၊ဇန်န၀ါရီလထုတ်၊ဂမ္ဘီရလောကမဂ္ဂဇင်းမှ

2 comments:

Anonymous said...

ကြားဖူးနားဝဇာတ်လမ်းကို အခြေခံထားတာလေးပါ

သတိုး said...

ခုမှသိလို့ ခုပဲ ရောက်လာပါတယ် ကိုနွေမိုး။