Thursday, 8 March 2012

ဆောင်းလုလင်၏၀တ္ထုတို (တိုက်ဆင်)


             ဆောင်းလုလင်
                     တိုက်ဆင်

ဆရာပြားတစ်ယောက် အလုပ်တွေရှုပ်နေသည်။ ဆရာပြားအတွက်
ဒီနေ့လုပ်သည့်ကိစ္စသည် အလွန်အရေးကြီးသည့် ကိစ္စကြီးဖြစ်ပေ၏။
သူ၏အောက်လမ်းပညာသက်တမ်းတလျှောက်တွင် ယနေ့စီရင်မည့် ကိစ္စထက် ပို၍အရေးကြီးသောအစီအရင်မျိုးမရှိခဲ့ဖူးသေးပေ။

ယနေ့လုပ်မည့်အစီအရင်သည် ဆရာပြားအတွက် ပထမဆုံးစမ်းသပ်
မှုဖြစ်သလို အကြီးကျယ်ဆုံးသော စွန့်စားမှုကြီးလည်းဖြစ်လေ၏။
ပြီးတော့- ဒီနေ့အစီအရင်သည် သူများအတွက်လုပ်ပေးရခြင်းမဟုတ်။
အလုပ်အပ်သူရှိ၍ စီရင်ပေးရသော အစီအရင်မဟုတ်။ ဆရာပြား
ကိုယ်တိုင်၏ကိုယ်ကျိုးအတွက် လုပ်ဆောင်ရခြင်းဖြစ်သည်။ တစ်နည်း
အားဖြင့်- အရေးကြီးသည်ဟု ဆိုရမည်။

ဆရာပြားသည် အောက်လမ်းဆရာတစ်ဦးဖြစ်သည့်အားလျော်စွာ…
အလုပ်အပ်သူရှိပါက ငွေမျိုးမျိုးမြက်မြက်ရလျှင် ဘယ်သူ့မျက်နှာမှ
မထောက်ထား။ ငွေပေးသူအလိုရှိသည့်အတိုင်း အစီအရင်များကို
အောက်လမ်းပညာဖြင့် ဆောင်ရွက်ပေးစမြဲဖြစ်သည်။
လင်ကွာမယားကွာကိစ္စ၊ လင်လိုချင် မယားလိုချင်သည့်ကိစ္စ၊ စာမေးပွဲ
အောင်ရန်၊ ရာထူးတက်ရန်၊ စကားအောင်ရန်၊ အမှုနိုင်ရန်ကိစ္စများ
လောက်တော့ ဆရာပြားတို့အတွက် ထမင်းစားရေသောက်မျှသာဖြစ်
သည်။ တရားသည့်ဖက်၊ မတရားသည့်ဖက်ကို ဆရာပြားက မတွေး။
ငွေပေးသူဖက်ကလိုက်၍ အစီအရင်တွေလုပ်ပေးသည်။

ဆရာပြားလုပ်ပေးသည့်အစီအရင်များသည် အောက်လမ်းနည်းပီသစွာ
အတော်ပင် ညစ်ပတ်စုတ်ပဲ့လှပေသည်။ မိမိစကားအောင်နိုင်လိုသူ
တစ်ဦးက ဆရာပြားကိုငွေပေး၍ အစီအရင်လုပ်ခိုင်းလျှင် ဆရာပြားက
အလုပ်အပ်သူ၏ မတော်ရာနေရာမှ အမွေးအမျှင်ကိုတောင်းကာ..
မီးရှို့ပြာချ၍ မန်းမှုတ်စီရင်ပေးသည်။ ထိုပြာကို မိမိနိုင်လိုသူ၊
စကားအောင်လိုသူအား အစားအစာထဲတွင်ထည့်၍ ကျွေးစေသည်။
ထိုနည်းနှင်နှင်.. ညစ်ပတ်စုတ်ပဲ့သောနည်းပေါင်းများစွာကို
ဆရာပြားက တတ်ကျွမ်းထားလေသည်။

ဆရာပြား၏အစီအရင်များသည် အောင်မြင်၍ပဲလားတော့မသိ။
ဆရာပြားကို လာ၍အကူအညီတောင်းသူ များလှပေသည်။
ယနေ့လုပ်မည့်အစီအရင်ကတော့ အခြားသူအတွက်မဟုတ်။
ဆရာပြားကိုယ်တိုင်အတွက်ဖြစ်သည်။

အစီအရင်ပြုလုပ်ရန် ရာသီဥတုအခြေအနေကလည်း
ပေးနေလေပြီ။ မိုးဦးကျအချိန်။ လေရော မိုးရော
ပြင်းထန်စွာ ၀င်ရောက်လာသည့်ရာသီ။
အနောက်တောင်ဆီက တိမ်ခိုးတိမ်တိုက်များက မည်းညို့ကာ
အုံ့ဆိုင်းနေလေပြီ။
ယခုလုပ်မည့်အောက်လမ်းနည်းက မိုးကာလမှာလုပ်မှသာ
အဆင်ပြေအောင်မြင်မည်မဟုတ်ပါလား။

ချမ်းသာရေ့… ဘုရာသာ တနေပေတော့ဟေ့။
ဟား - ဟား - ဟား - -
ဆရာပြားက ဦးချမ်းသာအိမ်ဖက်သို့ လှည့်၍ ကြိမ်းဝါးလိုက် လေတော့သတည်း။
နေနှင့်ဦးပေါ့ ချမ်းသာရယ်…..
x x x x x
ဦးချမ်းသာ။ ဆရာပြားကို မယုံကြည်သူ ဦးချမ်းသာ။
တကယ်တော့… ဦးချမ်းသာနှင့်ဆရာပြားသည် တစ်ရပ်တည်းသား။
သက်တူရွယ်တူများဖြစ်သည်။
ဆရာပြားက ခြောက်တန်းနှင့်ကျောင်းထွက်ပြီး ဗိန္နောအတတ်၊
ဆေးအတတ်၊ ဗေဒင်အတတ်၊ လက်ဖွဲ့မန္နာန်အတတ်များကို
ဆရာကြီးဆီမှာ သင်ကြားခဲ့သည်။
ချမ်းသာကတော့ ပညာဆက်သင်၍ ဘွဲ့တစ်ခုရသွားသည်။
ဘွဲ့ရခါစမှာတော့ ချမ်းသာသည် ယခုလောက် မကောင်းစားသေး။
အသက်လေးဆယ်ကျော်မှ ကောင်းစားလာခြင်းဖြစ်သည်။
ထုံးစံအတိုင်း ဆရာပြားဆိုတာက တစ်ရပ်လုံး၊ တစ်မြို့လုံးရဲ့
အားကိုးရာမဟုတ်လား။
ကြွယ်ဝချမ်းသာသူ၊ ရာထူးရာခံရှိသူမှန်သမျှ ဆရာပြားနှင့် ကင်းသူ
မရှိ။ အနည်းဆုံး ဆရာပြားထံမှာ အဆောင်လက်ဖွဲ့လေးလောက် 
တော့ လာလုပ်စမြဲ။ ဆရာပြားကလည်း လူအခြေအနေကိုလိုက်၍
အားလုံးကိုကူညီသည်။ အောက်လမ်းနည်းနဲ့စီရင်ပေးရမည့်ကိစ္စ
ရှိလျှင်လည်း ငွေမြိုးမြိုးမြက်မြက်သာပေး။ ထိရောက်အောင်
လုပ်ပေးသည်။
ဦးချမ်းသာကောင်းစားလာတော့လည်း ဆရာပြားက
ဦးချမ်းသာကို မျှော်လင့်မိသည်။
သို့သော်- သူထင်သလို ဦးချမ်းသာက သူ့ဆီက ဘာအကူအညီမှ
လာ၍မတောင်းခံခဲ့ပေ။
ဦးချမ်းသာမလာတော့လည်း ဦးချမ်းသာရှိရာကို ဆရာပြားက
သွားခဲ့ပါသည်။

`ကိုချမ်းသာရေ.. ကျုပ်အိပ်မက်တွေမကောင်းလို့ ခင်ဗျားကို
သတိပေးရအောင် လာခဲ့တာပဲဗျာ´
ဆရာပြားက လည်သည်။ ဦးချမ်းသာ သူ့ဆီကအကူအညီတောင်းစေဖို့
သူကပဲ စေတနာနှင့်လာ၍သတိပေးသယောင် လုပ်ကွက်ဆင်သည်။
`ဟင်- ကိုပြား၊ ဘာများလဲဗျ´
ဦးချမ်းသာဆီက အခေါ်အဝေါ်ကြားကတည်းက ဦးချမ်းသာအပေါ်
မကြည်မလင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ တစ်ရပ်လုံး၊ တစ်ရွာလုံးက
`ဆရာပြား၊ ဆရာပြား´နဲ့ ခေါ်နေတာကို သူက `ကိုပြား´တဲ့လေ။
ရှိစေတော့။ ငယ်သူငယ်ချင်းမို့လို့ ဆရာမခေါ်ချင်တာ ထင်ပါရဲ့။
`ညက ကျုပ်အိပ်မက်မက်တယ်၊ ခင်ဗျားကို ခွေးကိုက်လို့တဲ့၊
ခွေးကိုက်တဲ့အိပ်မက်ဟာ မကောင်းဘူးဗျ၊ ခင်ဗျားရဲ့လုပ်ငန်းတွေမှာ
အနှောက်အယှက်ရှိလာနိုင်တယ်၊ စည်းစိမ်ပြုတ်တဲ့အထိ ဖြစ်နိုင်တာ
မျိုးဗျ၊ ဒါ့ကြောင့်- ကျုပ် ခင်ဗျားကို အကူအညီပေးစရာရှိ
ကူညီနိုင်အောင် ပြေးလာခဲ့တာပဲ´
ဆရာပြားမျှော်လင့်သလို ဦးချမ်းသာဆီက အားကိုးတကြီးအကူအညီ
တောင်းခံမှုကို မရလိုက်ပေ။

`အိပ်မက်ပဲဗျာ။ ဘာဆန်းသလဲ၊ အိပ်မက်ကြောင့် လူထိခိုက်ရမယ်
ဆိုတာတော့ မဟုတ်သေးပါဘူး´
`ဒီလိုဘယ်ဟုတ်မလဲဗျ၊ ဘေးဆီးရန်ကာ လုပ်တန်တာ လုပ်ထားဖို့
လိုတာပေါ့၊ ခုဆို- ကိုချမ်းသာက နာမည်နဲ့လိုက်အောင် ချမ်းသာနေပြီ
ဆိုတော့ ရှိတဲ့စည်းစိမ် မယုတ်လျော့အောင်၊ ပိုပြီးတိုးပွားအောင်
ဆိုင်ရာပိုင်ရာတွေကို အပ်ပြီး……´
`ကျုပ် ဒါတွေ အယုံအကြည်မရှိပါဘူးဗျာ´
ဆရာပြားစကားမဆုံးခင်ပဲ ဦးချမ်းသာက ခါးခါးသီးသီးငြင်းဆန်
လိုက်သည်။
`လူဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလို အကျိုးခံစားရမှာပဲ၊
ဘယ် နတ်သိကြားကမှ လာပေးတာလဲမဟုတ်ဘူး၊ ကျုပ်
ဘုရားတရားကိုပဲ ကိုးကွယ်ရာလို့ မှတ်တယ်၊ ဘာ ယတြာ၊
ဘာ အဆောင်လက်ဖွဲ့မှလည်း ကျုပ် အယုံအကြည်မရှိဘူး
ကိုပြား´
ဦးချမ်းသာစကားကြောင့် ဆရာပြား တော်တော်တင်းသွားသည်။

နောက်ဆုံးအနေနဲ့ လေပြည်ထိုးကြည့်ခဲ့သေးသည်။
`ကျုပ်က စေတနာနဲ့ပါဗျာ၊ အိပ်မက်ထဲမှာ ခွေးကိုက်တယ်ဆိုတာ
လူကို ကံနိမ့်စေတတ်လို့ ကူညီမလို့ပါဗျ´
`အိပ်မက်က ဘ၀ကို မစိုးမိုးနိုင်ပါဘူးဗျာ၊ တကယ်လို့ ခွေးကိုက်ခံရတဲ့
အိပ်မက်ဟာ မကောင်းဘူးဆိုရင်လည်း ဒီအိပ်မက်ကို ကျုပ်မက်တာမှ
မဟုတ်ပဲဗျ၊ ခင်ဗျားမက်တာပဲ၊ ကံဆိုးစရာရှိ ခင်ဗျားပဲဆိုးမှာ
မဟုတ်လား၊ ကျုပ်နဲ့မဆိုင်ဘူးထင်ပါရဲ့ဗျာ´
`ဟင်-´
ဦးချမ်းသာစကားကြောင့် ဆရာပြားသည် နှုတ်ဆက်စကားပင်
မပြောတော့ပဲ ထိုင်ရာမှ ငေါက်ကနဲ ထထွက်လာလိုက်လေ၏။

ချမ်းသာ-ချမ်းသာ။ ငါက သူ့ဘ၀ကို ပိုကောင်းအောင် ကူညီဖို့
လုပ်တာကို သူက စော်ကားမော်ကားလုပ်တယ်၊ ငါ့ကိုအားမကိုး
ချင်တဲ့အကောင်၊ သိကြသေးတာပေါ့ကွာ၊ ကိုယ်ဘယ်လိုကြိုးစား
ကြိုးစား၊ ကံမကောင်းတဲ့အချိန်မှာ ဒုက္ခတွေ့တတ်တယ်ဆိုတာကို
ဒင်း ကောင်းကောင်းသိသွားစေရမယ်။
နေနှင့်ဦးပေါ့ ချမ်းသာရယ်…..
x x x x x
သည်လိုနှင့်… ဆရာပြားသည် ဦးချမ်းသာကို ပညာပေးရန်
စီစဉ်နေခြင်းပဲဖြစ်လေသည်။
ဦးချမ်းသာကို သူတတ်ကျွမ်းသည့် အောက်လမ်းပညာသုံး၍
ပညာကောင်းကောင်းပေးရမည်။ ချမ်းသာတစ်ယောက် နောင်တ
လုံးလုံးရသွားစေမည်။ နောက်ဆုံးမှာ သူ့ဆီရောက်လာပြီး
အကူအညီတောင်းခံ တောင်းပန်စေရမည်။
ဦးချမ်းသာကိုပညာပေးရာတွင် အစီအရင်လုပ်ဖို့အတွက်လည်း
လိုအပ်သည့်ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းထားပြီးပြီ။
ဆရာပြားက သူစုဆောင်းထားသည့်ပစ္စည်းများကို
ပြန်စစ်ဆေးလိုက်သည်။

သက်ရှိခရု ၄ကောင်၊ သက်ရှိလိပ်ပြာ၂ကောင်၊ သက်ရှိတီကောင်
၂ကောင်၊ သက်ရှိပိုးစုန်းကြူး၂ကောင်နှင့် ငါးသလောက်အရိုး
၂ချောင်း၊ သင်္ချိုင်းကုန်းက လတ်လတ်ဆတ်ဆတ်သေထားတဲ့
အပျိုမရဲ့မြေပုံက ဖဲ့ယူလာတဲ့ မြေကြီးခဲ တစ်ခဲ။
ပြီးတော့.. နွားမပေါက်ထားသော သေးတစ်ခွက်။

ဆရာပြား၏ဆရာကြီးသည် ဆရာပြားကို ပညာကုန်သင်ပေး
ခဲ့ပါသည်။ မိမိအလိုရှိရာကို ဖြစ်အောင်လုပ်နိုင်သည့် အောက်လမ်း
အစီအရင်များအားလုံးကို မချွင်းမချန်သင်ပေးခဲ့သည်။
ဆရာပြားကလည်း ဆရာကြီးသင်ပေးခဲ့သည့် အောက်လမ်းနည်းများ
ကို အသုံးပြုကာ စီးပွားရှာစားခဲ့သည်။
ဆရာပြားသည် ဆရာကြီးသင်ပေးခဲ့သည့် ပညာများကို အသုံးချ
သည့်အခါတိုင်း အောင်မြင်ခဲ့လျှင် စာနှင့်မှတ်တမ်းတင်၍
ရေးမှတ်ထားလေ့ရှိသည်။
ဦးချမ်းသားကိုပညာပေးမည့် ယခုလုပ်မယ့်အစီအရင်ကိုတော့
ဆရာပြား တစ်ခါမျှ မစမ်းသပ်ရသေးပေ။

မိုးကြိုးပစ်အောင်လုပ်နည်း ကို ဆရာကြီးက နှုတ်ဖြင့် ပြောပြ
သင်ပေးခဲ့ပါသည်။ မိုးကြိုးပစ်အောင်လုပ်ဖို့ကိုလည်း
အကူအညီတောင်းခံသူမရှိ၍ ဆရာပြား မစမ်းသပ်ခဲ့ဖူးခြင်း
ဖြစ်သည်။ ဘယ်သူကမှလည်း မိုးကြိုးပစ်အောင်လုပ်ပေးပါဟု
အကူအညီတောင်းခံမည်မဟုတ်ပေ။
ခုတော့… ဦးချမ်းသာကို ပညာပေးမည့်အစီအစဉ်မှာ မိုးကြိုးပစ်အောင်
လုပ်ရပေတော့မည်။

ဦးချမ်းသာ၏လုပ်ငန်းများစွာထဲတွင် ဆီများသိုလှောင်ခြင်းသည်လည်း
တစ်ခုအပါအ၀င်ဆိုတာ ဆရာပြားသိသည်။ ဆီဆိုရာတွင် ဓာတ်ဆီ
လှောင်ခြင်းဖြစ်သည်။ ဦးချမ်းသာအိမ်နောက်ဖေးက ဂိုဒေါင်ထဲမှာ
ဓာတ်ဆီတွေထည့်လှောင်ထားတာကို တစ်ရပ်လုံးက သိသည်။
ဆရာပြားလည်း သိတာပေါ့။
ဒင်း ဓာတ်ဆီတွေကို မိုးကြိုးပစ်လိုက်ရင် ဓာတ်ဆီသာမက
တစ်အိမ်လုံး မီးလောင်တိုက်သွင်းပြီးသားဖြစ်မယ်ဆိုတာကို
ဗေဒင်မေးစရာပင် မလို။

ဟင်း… ဟင်း…. ပညာပေးမယ့်အစီအစဉ်မှာ လူသေအောင်
လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဒီကောင့်ပစ္စည်းတွေ ဆုံးရှုံးရုံလောက်ပါ။
ပစ္စည်းတွေမီးလောင်တာနဲ့ ဒီကောင်နောင်တရပြီး ငါ့ဆီရောက်လာမှာ
မြင်ယောင်သေးတယ်။ ဒီတော့မှ… ငါသတိပေးပါရက်နဲ့
စောစောကတည်းက အကူအညီမတောင်းရကောင်းလားဆိုပြီး
အထက်စီးကနေ ကောင်းကောင်းပြောပစ်လိုက်ဦးမယ်။
နေနှင့်ဦးပေါ့ ချမ်းသာရယ်…..
x x x x x
အစီအရင်လုပ်ဖို့ ရာသီဥတုအခြေအနေကလည်း ပေးနေပြီ။
ဟုတ်သည်။ သည်အစီအရင်ကို မိုးကာလမှာသာလုပ်လို့ရတယ်လို့
ဆရာကြီးက သေချာမှာကြားသွားခဲ့သည်။ ဟုတ်တာပေါ့။
မိုးကြိုးပစ်အောင်လုပ်တယ်ဆိုမှတော့ မိုးရာသီမှသာဖြစ်မှာပေါ့။

`မလုပ်ကောင်း မလုပ်အပ်တဲ့အရာကိုလုပ်ရင် မိုးကြိုးပစ်တတ်တယ်
ဆိုတာ တပည့်ကြီးသိတယ်မဟုတ်လားကွဲ့၊ မဖွယ်မရာအလုပ်၊
သဘာဝကို အံတုဖက်ပြိုင်တဲ့အလုပ်ကိုလုပ်လို့ သဘာဝတရားရဲ့
ဒဏ်ခတ်ခံရခြင်းတစ်မျိုးပဲ၊ မိုးကြိုးပစ်အောင်လုပ်နည်းဟာလည်း
ဒီလိုသဘောတရားမျိုးပဲပေါ့၊ သဘာဝတရာကို တုပပြီး
အံတုဖက်ပြိုင်ပြီး မိုးကြိုးကို ခေါ်ယူတာပဲ´
ဆရာကြီးက မိုးကြိုးပစ်အောင်လုပ်နည်းကို နည်းနာနိသယ
စုံလင်အောင် သင်ကြားပေးခဲ့ပါသည်။

`ရွှံ့နဲ့ ဆင်ရုပ်တစ်ရုပ်ကို အရင်လုပ်ရမယ်၊ ဆင်ရုပ်မှာ နှာမောင်း မပါရဘူး၊ အမြီးမပါရဘူး၊ နားရွက်မပါရဘူး၊ အစွယ်မပါရဘူး၊
အဲဒီအင်္ဂါအစိတ်အပိုင်းတွေ မပါပေမယ့် လိုတဲ့အစိတ်အပိုင်းတွေ
နေရာမှာ တကယ့်ဆင်သဏ္ဍာန်မျိုးဖြစ်အောင် အသက်ရှိတဲ့အရာ
တွေကို တပ်ဆင်ရမယ့်ကွဲ့´

`ဆင်ရုပ်လုပ်တဲ့ ရွှံ့ဟာလည်း ရိုးရိုးမြေကြီးက ရွှံ့ မဖြစ်စေရဘူး၊
သင်္ချိုင်းကုန်းက လူသေကိုမြှုပ်ထားတဲ့မြေပုံက မြေကြီးခဲ့ကို
ဖျော်ထားတဲ့ ရွှံ့ ဖြစ်ဖို့လိုတယ်၊ မြေပုံဟာလည်း ရိုးရိုးလူသေမြှုပ်တဲ့
မြေပုံမဖြစ်စေရဘူး၊ တစ်ပတ်အတွင်းမှာသေတဲ့ အပျိုမရဲ့မြေပုံ
ဖြစ်ဖို့လိုတယ်၊ အစီအရင်လုပ်မယ့်နေ့မတိုင်မီ တစ်ပတ်အတွင်းမှာ
သေတဲ့ အပျိုစင်မိန်းကလေးရဲ့မြေပုံက မြေဆိုင်ခဲကို ညသန်းကောင်မှာ
သင်္ချိုင်းထဲသွားပြီး ဖဲ့ယူရမယ်´

ဆရာကြီးက ဆက်လက်မိန့်ကြားခဲ့သည်မှာ သင်္ချိုင်းမှဖဲ့ယူလာသော
မြေကြီးခဲကို အစီအရင်လုပ်မည့်နေ့တွင် နွားအမပေါက်သောသေးဖြင့်
ရွံ့ဖြစ်သည်အထိ နှယ်ရမည်။ ဤနေရာတွင် သတိထားရန်မှာ
နွားသေးဆိုတိုင်းမရ။ နွားအထီးပေါက်သော သေးမဟုတ်။
နွားမပေါက်သောသေးဖြစ်ဖို့ လိုပေသည်။

နွားမသေးဖြင့်နယ်ပြီး၍ ရွှံ့ဖြစ်သွားသည့်အခါ လူကြီးလက်တစ်ထွာ
ခန့်အမြင့်ရှိသည့် ဆင်ရုပ် လုပ်ရမည်။ ဆင်ရုပ်တွင် နှာမောင်း၊
အစွယ်၊ အမြီး၊ နားရွက်များ မပါရ။
လိုအပ်သောအင်္ဂါအစိတ်အပိုင်းနေရာများတွင် ထည့်ရန်
သတ္တ၀ါအချို့နှင့် ပစ္စည်းပစ္စယများကို ကြိုတင်စုဆောင်းထားရမည်တဲ့။

ဆရာပြားစုဆောင်းထားပြီးဖြစ်သော… သက်ရှိခရု ၄ကောင်၊ သက်ရှိလိပ်ပြာ၂ကောင်၊ သက်ရှိတီကောင် ၂ကောင်၊ သက်ရှိ ပိုးစုန်းကြူး၂ကောင်နှင့် ငါးသလောက်အရိုး ၂ချောင်း တို့ပဲ
ဖြစ်ပါ၏။

ဆရာပြားသည် မိုးရွာတော့မည့် ရာသီဥတုအခြေအနေကို
ကောင်းကင်သို့မော့်ကြည့်ပြီး သူ၏အောက်လမ်းအစီအရင်ကို
စတင်လေသည်။
နေနှင့်ဦးပေါ့ ချမ်းသာရယ်…..
x x x x x
ဆရာပြားက သင်္ချိုင်းကဖဲ့ယူလာတဲ့ အပျိုမမြေပုံက မြေဆိုင်ခဲကို
အသင့်ဆောင်ထားတဲ့ နွားမသေးများဖြင့်လောင်းကာ နယ်လိုက်
သည်။ ရွှံ့အဆင့်ရောက်ပြီး လိုရာပုံသွင်းလို့ရသည်တွင်
ဆင်ရုပ်ကိုလုပ်တော့သည်။
ဆရာပြားလုပ်သည့်ဆင်ရုပ်သည် အမြီး၊ နှာမောင်း၊ မျက်စိ၊ နားရွက်
နေရာများတွင် ဗလာဟင်းလင်းဖြင့် ပြီးစီးသွားလေ၏။
ဗလာဖြစ်နေသော အင်္ဂါအစိတ်အပိုင်းများကိုတော့
စုဆောင်းထားသည့်အရာများနှင့် ဖြည့်ဆည်းရမည်ဖြစ်ပါသည်။

`နှာမောင်းနေရမှာ တီကောင်တစ်ကောင်ကို ရွှံ့ထဲနှစ်ထည့်
ရမယ်ကွဲ့၊ အမြီးနေရာမှာလည်း တီကောင်တစ်ကောင်ကို
ထည့်ရမယ်၊ နှာမောင်းအဖြစ်ထားမယ့် တီကောင်က ပိုကြီးပြီး
အမြီးနေရာကတီကောင်ကတော့ ခပ်သေးသေးပေါ့ကွယ်၊
တကယ့်ဆင်ရဲ့အချိုးအစားမျိုးအတိုင်းဖြစ်အောင်
တီကောင်နှစ်ကောင်ကို ချင့်ချိန်ပြီး ထည့်ရမှာပေါ့´

ဆရာပြားက ဆရာကြီးစကားအတိုင်း နှာမောင်းနေရာတွင်
တီကောင်ခပ်တုတ်တုတ်အကြီးကို ထည့်ကာ ရွှံ့ဖြင့်
ကပ်နေအောင် ပိတ်လိုက်သည်။ နှာမောင်းနေရာတွင်
ရောက်ရှိသွားသော တီကောင်အရှင်သည် လှုပ်တုပ်
လှုပ်တုပ်ဖြင့် တကယ့်နှာမောင်းအလား လှုပ်ရှား
နေပေသည်။ နောက်ထပ်တီကောင်အသေးကိုတော့
အမြီးနေရာတွင် ထည့်လိုက်၏။ အမြီးနေရာမှ
တီကောင်ကလည်း လှုပ်ရှားကာ တကယ့်အမြီးလေး
ယမ်းနေသည့်သဖွယ် ရှိလေ၏။

`နားရွက်အဖြစ်တော့ လိပ်ပြာနှစ်ကောင် ရှာထားဖို့လိုတယ်၊
လိပ်ပြာအတောင်ပံဟာ ဆင်ရဲ့နားရွက်ပဲပေါ့၊ သက်ရှိဆင်
တစ်ကောင်ရဲ့နားရွက်တွေ လှုပ်ရှားနေသလိုဖြစ်ဖို့
လိပ်ပြာရဲ့အတောင်ပံကို နှုတ်မယူရဘူး၊ လိပ်ပြာကောင်
ရဲ့ကိုယ်ကို ရွှံ့ထဲမှာ တစ်ဝက်မြုပ်အောင် သွင်းထား
ပေတော့၊ ဒါမှသာ မသေသေးတဲ့လိပ်ပြာရဲ့အတောင်ပံဟာ
လှုပ်ရှားနိုင်မှာဖြစ်လို့ နားရွက်ဟာလည်း
လှုပ်ရှားနေလိမ့်မယ်´

ဆရာပြားက နားရွက်အဖြစ် အသုံးပြုမည့် လိပ်ပြာ
နှစ်ကောင်ထဲမှ တစ်ကောင်ကို အုပ်ဆောင်းအောက်မှ
ဖမ်းယူလိုက်သည်။ ဆင်၏ညာဖက်နားရွက်အဖြစ် အသုံးပြုမည့်
လိပ်ပြာ၏ ဘယ်ဖက်အတောင်ပံကို ဆွဲဖြုတ်ပစ်လိုက်သည်။
ထို့နောက် လိပ်ပြာ၏ကိုယ်ထည်အား ဆင်နားရွက်ရှိရမည့်
နေရာတွင် ရွှံ့ထဲသို့နှစ်၍ ကပ်လိုက်လေ၏။
နောက်တစ်ကောင်ကိုလည်း ညာဖက်အတောင်ပံဆွဲဖြုတ်ကာ
ဘယ်ဖက်နားရွက်အဖြစ် ရွှံ့ထဲ တစ်ဝက်တစ်ပျက် မြှုပ်ထား
လိုက်လေသည်။
မသေသေးသောလိပ်ပြာနှစ်ကောင်ခများ ရွှံ့ထဲတွင် ကပ်မိရင်း
ရုန်းကန်နေကြရာ အတောင်ပံနှစ်ဖက်သည် တဖျတ်ဖျတ်ခါလျှက်
ရှိကြလေသည်။ ထိုအဖြစ်သည်ပင် ဆင်၏နားရွက်များ လှုပ်ယမ်း
နေသကဲ့သို့ ရှိချေ၏။
ဆရာပြားက ဆင်စွယ်နေရာတွင် ငါးသလောက်အရိုးနှစ်ချောင်းကို
တစ်ဖက်တစ်ချက်စီ ထိုးစိုက်လိုက်လေသည်။
ထို့နောက်.. ပိုးစုန်းကြူးနှစ်ကောင်ကို မျက်လုံးနေရာတွင်
ကပ်လိုက်လေ၏။ ပိုးစုန်းကြူး၏အရွယ်အစားသည်
တစ်ထွာခန့်အမြင့်ရှိသောဆင်ကိုယ်လုံးပေါ်တွင်
သက်ရှိဆင်၏ သေးငယ်သောမျက်လုံးလေးများသဖွယ်
မြုပ်၍နေလေတော့သတည်း။

ဆင်တစ်ကောင်လုံးကား တကယ့်သက်ရှိဆင်တစ်ကောင်
သဖွယ် စီရင်ပြီးစီးသွားပေပြီ။

`တပည့်ကြီးစဉ်းစားကြည့်စမ်း၊ ရွှံ့ရုပ်ဆင်ဟာ နားရွက်လေး
တဖျတ်ဖျတ်၊ နှာမောင်းလေး တလှုပ်လှုပ်၊ အမြီးလေး တယမ်းယမ်း၊
ပြီးတော့.. မျက်လုံးလေးကလည်း မှိတ်တုပ်မှိတ်တုပ်နဲ့
တကယ့်ဆင်တစ်ကောင်နဲ့ ဘယ်လောက်တူမလဲဆိုတာ´
ဆရာကြီးစကား မှန်လှပါပေသည်။
ဆရာပြားလုပ်လိုက်သောဆင်ရုပ်သည် တကယ့်သက်ရှိဆင်သဖွယ်
အသက်ဝင်နေသည်မှာ ဆရာပြားမျက်မြင်ဖြစ်နေပြီ။

`ဒီကြားထဲ ဆင်က လမ်းထလျှောက်ဦးမယ်ဆိုတော့ ဒါဟာ….
သဘာဝတရားကို အံတုဖက်ပြိုင်တဲ့နေရာမှာ ထိပ်တန်းပေါ့ကွယ်´
`ဗျာ- လမ်းလျှောက်မယ်၊ ဟုတ်လား၊ လမ်းလျှောက်အောင်
ဘယ်လိုလုပ်မှာလဲ ဆရာကြီးရယ်´
`ဟဲ- ဟဲ- လွယ်ပါတယ် တပည့်ကြီးရဲ့၊ ဆင်ရဲ့ခြေထောက်လေးဖက်
အောက်မှာ ခရုလေးကောင်းကို ခံပေးလိုက်ရုံပေါ့´
`ဗျာ-´
`ဒီအစီအရင်ကို မိုးကာလမှာလုပ်ရတာ အကြောင်းရှိတယ်ကွဲ့၊
ခြေထောက်တစ်ချောင်းစီအောက်မှာ ခရုတစ်ကောင်စီ
မြှုပ်ထားမယ်လေ၊ ခရုတွေဟာ မိုးရွာလို့ အခွံထဲကထွက်လာပြီး
ရွေ့လျားသွားလာကြမယ်၊ အဲဒီအခါမှာ ခရုပေါ်ကဆင်ရုပ်ဟာလည်း
ခရုတွေနဲ့အတူ ရွေ့လျားပြီး တရွေ့ရွေ့လမ်းထလျှောက်တော့မှာ
ပေါ့ကွဲ့… ဟဲ - ဟဲ -´
`ဟုတ်လိုက်လေ ဆရာကြီးရယ်´

ဆရာပြားက မိုးကြိုးပစ်အစီအရင်ကို ဖန်တီးရင်း သွားလေသူ
ဆရာကြီး၏စကားကို ကြားယောင်နေမိလေသည်။
ဆရာပြားသည် နောက်ဆုံးအနေဖြင့် ခရုလေးကောင်ကိုယူကာ
ဆင်ရုပ်၏ခြေထောက်လေးဖက်တွင် တစ်ဖက်လျှင် တစ်ကောင်စီ
မြှုပ်လိုက်လေ၏။ ခရုများထွက်ပေါ်လာမည့် ခရုခွံအ၀ကို
အောက်ဖက်တည့်တည့်တွင်ကျအောင် အသေအချာ
မြှုပ်နှံလိုက်ခြင်းဖြစ်ပါသည်။ ခရုလေးကောင်းကတော့
အခွံထဲတွင်အောင်းကာ ထိပ်အ၀ကို အကြေးခွံဖြင့်
ပိတ်ထားလျက်သားရှိနေလေသည်။ ကိစ္စမရှိ။
မိုးရွာလာသည်နှင့် ခရုများသည် သူ့သဘာဝအတိုင်း
ခေါင်းပြူ၍ ထွက်လာလိမ့်မည်။ လမ်းထွက်လျှောက်ကြလိမ့်မည်။

`အဲဒီလို သဘာဝကို အံတုဖက်ပြိုင်ပြီး မဖွယ်မရာလုပ်ထားတဲ့
ဆင်ကို မိုးရွာထဲမှာသာလွှတ်ပေးလိုက်၊ မိုးကြိုးကြီး
ကျိန်းသေပစ်ကရောပေါ့ကွယ်´
`မိုးကြိုးက ဘာကိုပစ်မှာလဲဆရာကြီး´
`ဆင်ရုပ်ကိုပေါ့ကွ၊ မလုပ်ကောင်းလုပ်ကောင်း မဖွယ်မရာ
လုပ်ထားတဲ့ ဆင်ရုပ်ကို သဘာဝတရားကို အံတုဖက်ပြိုင်
တဲ့အတွက် မိုးကြိုးပစ်ပြီး အဆုံးမ-ခံရမှာပေါ့ကွ´

ဆင်ရုပ်အစီအရင်ကို မလိုအပ်သည့်အတွက် ဆရာပြား၏
အောက်လမ်းဆရာသက်တမ်းတလျှောက် တစ်ခါမျှ
မစမ်းသပ်ခဲ့ဖူးပေ။ ယခုတော့ ဦးချမ်းသာကိုဆုံးမလိုသည့်
အတွက် စမ်းသပ်ဖြစ်ပေပြီ။

ဒီဆင်ရုပ်ကို မိုးရွာတဲ့အချိန်မှာ ချမ်းသာအိမ်နောက်ဖေးက
ဂိုဒေါင်နဲ့ နီးတဲ့နေရာမှာ သွားချထားရမယ်၊ ဒါမှ မိုးကြိုးလည်း ပစ်၊
ဒင်းလှောင်ထားတဲ့ဓာတ်ဆီတွေလည်း မီးလောင်၊ ဒင်းအိမ်ကို မီးကူး။
မှတ်ကရောဟဲ့-
ဒီလိုလုပ်မှ ချမ်းသာဆိုတဲ့ကောင် ငါ့ကိုအားကိုးလာမှာ။
နေနှင့်ဦးပေါ့ ချမ်းသာရယ်…..
x x x x x
ညနေစောင်းအချိန်။
လေရိပ်မိုးရိပ်များက ကောင်းကင်အနှံ့ အုံ့ဆိုင်းမှိုင်းပျ၍ လာချေပြီ။
ဆရာပြား ဆင်ရုပ်အစီအရင်လုပ်ပြီးသည်နှင့် မိုးရွာတော့မည့်အချိန်နှင့်
အံကိုက်ပင်။
မိုးသားမိုးလိပ်များသာမက မိုးချိမ်းသံများကလည်း တဂျိမ်းဂျိမ်းညံကာ
ပတ်ဝန်းကျင်တစ်ခုလုံး မှိုင်းညို့လာလေ၏။

ဆရာပြားက ဆင်ရုပ်ကိုကောက်ယူကာ လွယ်နေကျလွယ်အိတ်ထဲသို့
ခပ်ဖွဖွထည့်လိုက်လေသည်။ ကျိုးကြေမသွားအောင်လည်း
လွယ်အိတ်ထဲသို့ လက်နှိုက်ကာ ကိုင်ထားလေ၏။
သူက မိုးမရွာမီ ဦးချမ်းသာအိမ်နောက်ဖေးသို့ရောက်အောင်
ခပ်သုတ်သုတ်ထွက်လာခဲ့လေသည်။
ဦးချမ်းသာအိမ်နောက်ဖက်မှာ ကွင်းပြင်ကြီးမို့ အစီအရင်ကို
သွားချရတာ လွယ်လှပေသည်။ ခြံစည်းရိုးကို သံဆူးကြိုး
ဖြင့်သာ ကာရံထား၍ ခြံတွင်းကို ဒိုးယိုပေါက် မြင်နေရပေ၏။

ဆရာပြားသည် အိမ်နောက်ဖေးတည့်တည့်အရောက်တွင်
အိတ်ထဲမှ ဆင်ရုပ်ကိုထုတ်ကာ… ဆင်ခေါင်းကို ခြံဝင်းဖက်ဆီ
ဦးလှည့်၍ ချထားလိုက်သည်။ ဆရာပြား ဆင်ရုပ်ချလိုက်သည့်
နေရာက ဓာတ်ဆီများလှောင်ထားသည့်ဂိုဒေါင်နှင့်တည့်တည့်။
ဆင်ဦးခေါင်းကိုလည်း ဂိုဒေါင်ဆီဦးတိုက်၍ ချထားလိုက်ခြင်းဖြစ်သည်။
တိုက်ဆင်ရုပ်သည် မိုးရွာ၍ ခရုများခေါင်းပြူထွက်လာသည်နှင့်
သံဆူးကြိုးများအောက်မှဖြတ်သန်းကာ ခြံဝင်းထဲသို့
တည့်တည့်မတ်မတ် ၀င်သွားပေလိမ့်မည်။

ဆရာပြားသည် ဆင်ရုပ်ကို စိတ်တိုင်းကျ နေရာချပြီးသည်နှင့်
နေရာမှ ထွက်ခွာလာခဲ့၏။ ဦးချမ်းသာ၏ခြံနောက်ဖေးသည်
လမ်းမမဟုတ်ပဲ ကွင်းပြင်ကျယ်ကြီးဖြစ်နေခြင်းသည်
ဆရာပြားအတွက် အဆင်သင့်ဖြစ်နေရလေ၏။ သူလုပ်ကိုင်
နေသည်ကို ဘယ်သူမျှလည်း မမြင်။ ဆင်ရုပ်အတွက်လည်း
ဘာအနှောက်အယှက်မျှ မ၀င်နိုင်။ မိုးကလည်း မကြာခင်
ရွာတော့မည်။ အခုပင်.. မိုး၏ရှေ့ပြေး လေညင်းသုန်သုန်များသည်
မိုးဖွားလေးများကို သယ်ယူလာနေပေပြီ။ ကောင်းကင်၌လည်း
မှိုင်းညို့ကာ မိုးချိမ်းသံများ ညံလို့နေပေ၏။ တစ်ချက်တစ်ချက်
လျှပ်စီးပင် လက်လိုက်ပေသေးသည်။
ဆရာပြားစီရင်ထားသမျှအတွက် သဘာဝပတ်ဝန်းကျင်
အခြေအနေက အဆင်ပြေအောင် ဖန်တီးထားပေးနေပါပကော။
နေနှင့်ဦးပေါ့ ချမ်းသာရယ်…..
x x x x x
ဆရာပြားသည် ဦးချမ်းသာ၏ခြံနောက်မှ ခွာခဲ့ကာ မလှမ်းမကမ်းရှိ
ထနောင်းပင်ကြီးအောက်သို့ သွားရပ်နေလိုက်သည်။ ထနောင်းပင်ကြီး
သည် ကုန်းကမူအမြင့်ပေါ်မှာရှိနေ၍ ဦးချမ်းသာခြံကို ကောင်းကောင်း
စီးမိုး၍ မြင်နေရပေသည်။
ပြီးတော့.. ဆရာပြားမှာ မှန်ပြောင်းပါသေးသည်။ ဖြစ်လာသမျှ
အပြောင်းအလဲတွေကို ကြည့်မြင်နိုင်ဖို့ ဆောင်လာသောမှန်ပြောင်းပဲ
ဖြစ်ပါသည်။

ဆရာပြား ထနောင်းပင်အောက်ရောက်သည်နှင့် မိုးစ၍ရွာလေသည်။
ဆရာပြားက လွယ်အိတ်ကြီးထဲမှမှန်ပြောင်းကိုထုတ်ကာ
ဆင်ရုပ်ချထားရာနေရာသို့ ချိန်၍ကြည့်လိုက်သည်။
ဆင်ရုပ်ကလေးက ချထားခဲ့သည့်အတိုင်း နေရာမရွေ့
တည်ငြိမ်စွာ ရှိနေဆဲ။

မိုးက တဖြည်းဖြည်း သည်း၍ သည်း၍ လာချေပြီ။
လျှပ်စီးများလည်းလက်သည်။ မိုးချိမ်းသံများလည်း တအုန်းအုန်း
ညံနေသည်။ မိုးသည် ရွာနေကျထက်ပိုပြီး သည်းမည်းကာ
ရွာနေမှန်း သိသာလှပေသည်။

ဆရာပြားက မှန်ပြောင်းကို မျက်စိနှင့်မခွာတမ်းကပ်ကာ
ဆင်ရုပ်ဆီသို့ စိတ်ဝင်တစားကြည့်နေခဲ့လေသည်။
ဆရာကြီးသင်ပြခဲ့သည့်နည်းသည် အောင်မြင်ရမည်အမှန်ပင်။
ဆရာကြီးသင်ပေးခဲ့သော အစီအရင်များအားလုံး အောင်မြင်
ထမြောက်သည်ချည်းဖြစ်သည်။
ဒီတစ်ခါလည်း အောက်လမ်းနည်းတစ်ခု၏အောင်မြင်မှုကို
စာဖြင့်ရေးသားမှတ်တမ်းတင်ရပေအံ့။

ဆရာပြားကြည့်နေစဉ်မှာပင်… ဆင်ရုပ်ကလေးသည်
မသိမသာ လှုပ်ရှားသွားသည်ကို တွေ့မြင်လိုက်ရလေသည်။
ဟုတ်ပါရဲ့။ မသိမသာမှ သိသိသာသာ။
ဆင်ရုပ်ကလေးသည် ဆရာပြားဦးတည်ပေးထားခဲ့သည့်အတိုင်း
တရွေ့ရွေ့လှုပ်ကာ သွားနေပေပြီ။ တကယ်ကို သွားနေပေပြီ။
ဆင်ရုပ်၏လှုပ်ရှားမှုကတော့ နှေးကွေးလှပေသည်။
ဒါလည်း သူ့ခြေထောက်အောက်က ရွေ့လျားနေသောသတ္တ၀ါများမှာ
ခရုကောင်များမို့ ဒီလောက်ပဲ ရွေ့လျားနိုင်ပေမည်။ ခရုများအတွက်
ဆင်ရုပ်အလေးချိန်ကို ထမ်းထားရသေးသည် မဟုတ်ပါလား။

မိုးကျလာ၍ အခွံထဲမှထွက်လာသောခရုလေးများသည်
ဦးတည်ပေးထားရာအတိုင်း တရွေ့ရွေ့တွားသွားနေကြသည်။
လေးကောင်စလုံးက ဦးချမ်းသာ၏ခြံဆီသို့ ညီညီညာညာ
ဦးတည်ရွေ့လျားနေကြခြင်းပဲဖြစ်ပါသည်။

ဆင်ရုပ်က တကယ့်သက်ရှိဟိုင်းဆင်ကြီးတစ်ကောင်သဖွယ်
ဣနြေ္ဒကြီးရင့်စွာဖြင့် ရွေ့လျားသွားသည်မှာ… သံဆူးကြိုးကို
ကျော်လွန်၍ ခြံဝင်းထဲသို့ပင် ရောက်ရှိသွားလေပြီ။

မှန်ပြောင်းဖြင့် ဆင်ရုပ်လှုပ်ရှားမှုကို မပြတ်ကြည့်နေသော
ဆရာပြား၏ရင်သည် တထိတ်ထိတ်ခုန်လျှက်ရှိလေ၏။
မိုးသည်လည်း ပို၍သည်းလာသည်။ လျှပ်စီးများကလည်း မပြတ်တမ်း
လက်နေလိုက်သည်မှာ တစ်ခုပြီးတစ်ခု ဆက်ပြီး
ဝန်းကျင်တစ်ခုလုံး နေ့ခင်းအလား လင်းထိန်၍နေတော့သည်။

ထိုစဉ်… ကောင်းကင်တစ်ခုလုံး အက်၍ပြိုကျတော့မည့်အလား
ချောက်ခြားဖွယ်ကောင်းသောအသံကြီးသည်
တအိအိပြိုဆင်းလာလေ၏။
တိုက်ဆင်ရုပ်ကား ဆီဂိုဒေါင်နှင့် တစစ နီးကပ်နေချေပြီ။
လျှပ်စီးများ၊ မိုးချိမ်းသံများ ဆက်တိုက်မြည်ဟိန်းလိုက်သည်နှင့်အတူ
နောက်ဆက်တွဲပါလာသောအသံကြီးကား
ကြောက်မယ်ဖွယ်ကောင်းလှပေ၏။

ထိုအသံကြီးသည် ကမ္ဘာမြေကြီးတစ်ခုလုံးကိုပင်
တုန်ဟည်းသွားစေကာ အ၀ီစိအထိပင် ထိုးဖောက်သွားသည့်သဖွယ်
နက်ရှိုင်းကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။

ပစ်ပြီဟဲ့။ ပစ်ပြီ။ မိုးကြိုးကြီးပစ်ပြီ။

ဆရာပြားက နှုတ်မှယောင်၍ အော်လိုက်မိလေသည်။
ဆရာပြား၏အော်သံ အဆုံးမသတ်မီမှာပင်
ကောင်းကင်မှ ကျယ်လောင်သော အသံနက်ကြီးနှင့်အတူ
တစ်စုံတစ်ခုသည် မြေပြင်ပေါ်သို့ ပြင်းထန်လေးလံစွာ
ကျဆင်းလာသည့်သဖွယ် ထင်မှတ်လိုက်ရကာ…
ကမ္ဘာ့မြေလွှာတစ်ခုလုံး သိမ့်သိမ့်တုန်ဟီးသွားလေတော့သတည်း။

မိုးကြိုးကြီးကား အမှန်တကယ်ပင် ပစ်ခဲ့ပါချေပြီ။
x x x x x
မိုးစည်းသွားသည်နှင့် မိုးကြိုးပစ်လိုက်သောနေရာသို့
လူအများ စုပြုံရောက်ရှိလာကြလေသည်။
မိုးကြိုးပစ်လိုက်သောကွင်းပြင်ထဲဝယ် ထနောင်းပင်အိုကြီးသည်
မြေသို့ တုံးလုံးလဲလျှက်ရှိလေ၏။

ထနောင်းပင်ကြီးဘေးမှာတော့….
တစ်ကိုယ်လုံးမီးကျွမ်းကာ မီးသွေးတုံးအဖြစ် အသွင်ပြောင်းသွားသော
လူတစ်ယောက်၏ခန္ဓာကိုယ်ကို မြင်လိုက်ကြရသည်။
ရပ်သူရွာသားများသည် မီးသွေးတုံးရုပ်အလောင်းကိုမြင်သည်နှင့်
ဆရာပြားဖြစ်ကြောင်း သိလိုက်ကြသည်။
အလန့်တကြားအော်ဟစ်သံ၊ စုပ်သပ်ငြီးငြူသံများဖြင့်
စီစီညံသွားလေ၏။
x x x x x
 
သဘာဝတရားကို အံတုဖက်ပြိုင်ခြင်း၊ မဖွယ်မရာပြုမူခြင်း၊
မလုပ်သင့်မလုပ်အပ်သောအမှုကို ပြုမူကျင့်ကြံခြင်းတို့ကြောင့်…
သဘာဝတရားက မိုးကြိုးပစ်ခြင်းဖြင့် တုန့်ပြန်ခဲ့လေပြီ။

သို့သော်… မိုးကြိုးပစ်ခံရသည့်အရာကား
မဖွယ်မရာပြုလုပ်စီရင်ထားသော ဆင်ရုပ်ကို မဟုတ်။

မကြံကောင်း မစည်ရာဖြင့် ပြုမူကျင့်ကြံခဲ့သူထံသို့သာ….

ဆရာပြားခမျာ.. တိုက်ဆင်ရုပ်အစီအရင်ဖြင့်
မိုးကြိုးအမှန်ပစ်ကြောင်း သူ၏အောင်မြင်မှုကို
စာထက်အက္ခရာတင်၍
ကဗ္ဗည်းမှတ်တမ်း မရေးထိုးနိုင်ရှာခဲ့ပေ။
x x x x x

                    ဆောင်းလုလင်


2 comments:

Anonymous said...

ဂွတ်ဒ

Anonymous said...

မဆိုးပါဘူး။ ဗဟုသုတရတယ်။