Sunday 20 January 2013

ဆောင်းလုလင်- မနုဿတိရစ္ဆာန် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
မနုဿတိရစ္ဆာန်
]]ထူးဆန်းသောတိရစ္ဆာန်တစ်ကောင် ဖမ်းဆီးရမိခြင်း}}
]]တိရစ္ဆာန်ရုံ၌ တိရစ္ဆာန်အမျိုးအစားသစ် တစ်ကောင်အား ပြသ ထားခြင်း}}
]]ဂြိုဟ်တစ်လုံးပေါ်မှ ဖမ်းဆီးရမိခဲ့သော ထူးခြားသည့် တိရစ္ဆာန် တစ်ကောင်}}
]]ထူးဆန်းသောတိရစ္ဆာန်တစ်ကောင်အား တိရစ္ဆာန်ရုံ၌ ကြည့်ရှုနိုင် ပြီ}}
အထက်ပါသတင်းများသည် ဘုမ္မိဂြိုဟ်ထုတ်သတင်းစာများ၌ သတင်းထူး အဖြစ် တစ်ပြိုင်တည်း ပါလာလေသည်။ ဘုမ္မိဂြိုဟ်သည် ကိစ္စထူးထွေ များပြား လှသော ဂြိုဟ်တစ်လုံးမဟုတ်သည့် အားလျော်စွာ အထက်ပါ သတင်းလေးသည်ပင် ဂြိုဟ်တစ်ခုလုံးအား အုံးအုံးကျွက်ကျွက် ဖြစ်သွားစေပါ၏။ ဘုမ္မိဂြိုဟ်သည် ထူးခြား ဆန်းသစ်သော အဖြစ်များ ဖြစ်လေ့ဖြစ်ထ မရှိသည့် ဂြိုဟ်သေးသေးလေးတစ်လုံး ဖြစ်ရုံမက အသက်ရှင်နေထိုင်ကြသော ဂြိုဟ်သားများလည်း နည်းပါးလှသည့် ဂြိုဟ်ငယ်လေးတစ်လုံး ဖြစ်လေသည်။ ဂြိုဟ်သားများအတွက် အထက်ပါကဲ့သို့သော အကြောင်းအရာလေးမှာပင် ထူးခြားဆန်းကြယ်လှ၍ စိတ်ဝင်စားဖွယ်ဖြစ်နေကြ လေ၏။
သတင်းစာများ၌ ဂြိုဟ်တစ်လုံးမှ ဖမ်းဆီးရမိခဲ့သည် ဆိုသော တိရစ္ဆာန်ကြီး၏ပုံကိုလည်း မျက်နှာဖုံး၌ပင် ဖော်ပြထားလေသည်။ ဓာတ်ပုံထဲမှ ထိုတိရစ္ဆာန်ကြီးမှာ ဂြိုဟ်သားများအမြင်တွင် အလွန်ပင်ဆန်းကြယ်နေပါသည်။ ဂြိုဟ်သားများအဖို့ ဤသို့သောအသွင်သ္ဌဏာန်ရှိသည့် သက်ရှိသတ္တဝါမျိုးကို မမြင်ဖူးရုံမက စိတ်ကူးပင် ယဉ်မကြည့်ခဲ့ဖူးပါပေ။ သတ္တဝါကြီးမှာ ဆန်းကြယ် လှလေသည်။ သတ္တဝါကြီးတွင် ခြေနှစ်ဖက်ရှိ၍ ထိုခြေနှစ်ဖက်နှင့် မြေပေါ်တွင် မတ်တပ်ရပ်နေနိုင်သည်ကို တွေ့ရပေ၏။ ထို့အပြင် လက်နှစ်ဖက်လည်း ပါလိုက်သေးသည်။ သတ္တဝါကြီး၏သွင်ပြင်သည် ဘုမ္မိဂြိုဟ်သားများအဖို့ ဆန်း ကြယ်ရုံမက ရယ်စရာလည်း ကောင်းလှလေသည်။
သတ္တဝါကြီးမှာ ကိုယ်လုံးနှင့်တွဲရက် ခြေလက်များပါသည့်အပြင် ဦးခေါင်းမှာ ကိုယ်လုံး၏အထက်ပိုင်းတွင် သီးခြားပေါက်နေပေ၏။ ထိုအဖြစ် သည်ပင် ဘုမ္မိဂြိုဟ်သားများအဖို့ ရယ်စရာကောင်းနေခြင်းဖြစ်ပါသည်။
သတ္တဝါကြီးသည် ဘုမ္မိဂြိုဟ်သားများနှင့် သွင်ပြင်ကွဲပြားပုံမှာလည်း စာဖွဲ့လောက်ပါသည်။
ဘုမ္မိဂြိုဟ်သားများ၏ပုံသ္ဌဏာန်မှာ ရှုပ်ထွေးမှုမရှိ။ အလွန်ရှင်းလင်း လှပေ၏။ ဘုမ္မိဂြိုဟ်သားတို့၏ ကိုယ်လုံးကိုယ်ထည်မှာ လုံးဝန်းဝိုင်းစက်သော အဖြူရောင် အလုံးတစ်လုံးဖြစ်သည်။ ထိုအလုံးပေါ်၌ပင် သူတို့၏မျက်စိနှစ်လုံး၊ အပေါက်ရာသာပါသော နှာခေါင်းပေါက်နှစ်ပေါက်နှင့် ပါးစပ်တစ်ပေါက်တို့ ရှိကြလေသည်။ လုံးဝန်းသော အဖြူရောင်အလုံးကြီးမှာ သူတို့၏မျက်နှာ ဖြစ်သလို သူတို့၏ကိုယ်လုံးကိုယ်ထည်လည်း ဖြစ်ပါပေသည်။ သူတို့၏ လက် နှစ်ဖက်နှင့်ခြေနှစ်ဖက်မှာ ထိုအလုံးကြီးထဲမှ အတက်များသဖွယ် ဖြာထွက် နေပေ၏။ အမွေးအမျှင် ပေါက်ရောက်မှုမရှိပါ။




ဘုမ္မိဂြိုဟ်သားများတွင် အဖိုအမလိင် ကွဲပြားမှုရှိသော်လည်း လိင်အင်္ဂါသည် အလုံး ကြီး၏ အောက်တည့်တည့်တွင်ရှိပြီး မမြင်ရချေ။ လိင်ဆက်ဆံရန် စိတ်ဆန္ဒရှိသည့်အခါမှ ပေါ် ထွက်လာလေ့ရှိ၏။ ထို့ကြောင့် အရှက်ကို ဖုံးအုပ် ထားရန်မလိုအပ်သဖြင့် ဘုမ္မိဂြိုဟ်သားများသည် အဝတ်အစားဝတ်ဆင်ခြင်း မရှိကြပါပေ။ အဝတ်အစားဆိုသည်ကိုလည်း နားမလည်ကြပေ။
သူတို့သည် အညစ်အကြေးစွန့်ထုတ်သည့်အခါ၌ အလုံးကြီး၏ နောက်ဘက်တည့်တည့်အပေါက်ဆီမှ စွန့်ထုတ်ကြလေသည်။ သူတို့စားသော အစားအစာမှာလည်း မြေဆီမြေနှစ်များနှင့် အပင်မှထွက်သည့် အသီး၊ အရွက်၊ သစ်ဥ၊ သစ်ဖုများသာဖြစ်သည်။ ဘုမ္မိဂြိုဟ်ပေါ်တွင် ဂြိုဟ်သားများမှ တစ်ပါး အခြားတိရစ္ဆာန်များ၊ ကျေးငှက်များ၊ ပိုးမွှားများ ရှင်သန်ခြင်းမရှိပါ၍ တိရစ္ဆာန်တို့၏အသားကို စားသောက်သည့်ဓလေ့ မရှိပါချေ။
သူတို့သည် သိပ္ပံပညာအရာတွင် အခြားသောစကြာဝဠာသားများ ထက်စောကာ ထူးချွန်တတ်မြောက်ကြသည့်အတွက် ဘုမ္မိဂြိုဟ်မှအပဖြစ်သော စကြာဝဠာအတွင်းမှ အခြားသောဂြိုဟ်များသို့ သွားရောက်နိုင်ကြလေသည်။ အခြားသောဂြိုဟ်များမှ သူတို့နှင့် အသွင်မတူသော သက်ရှိသတ္တဝါများကို တိရစ္ဆာန်များအဖြစ် သတ်မှတ်ကြသည်။ ဘုမ္မိဂြိုဟ်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင် ကာ သူတို့၏တိရစ္ဆာန်ရုံအတွင်း၌ လှောင်ထားပြီး အများပြည်သူကြည့်ရှုရန် ပြသထားတတ်လေ၏။
ယခုနောက်ဆုံးဖမ်းမိခဲ့သောဂြိုဟ်သားမှာ ဘုမ္မိဂြိုဟ်နှင့် အလွန် ဝေးလံသော ကမ္ဘာအမည်ရှိသည့် ဂြိုဟ်တစ်လုံးမှ ဖမ်းဆီးလာခဲ့ခြင်း ဖြစ် လေသည်။ ဖမ်းမိခဲ့သောသတ္တဝါမှာ သူတို့ဘုမ္မိဂြိုဟ်သားများနှင့် အသွင်သ ²ဏာန် အလွန်ကွဲပြားသည့်အတွက် သူတို့အတွက် ရယ်စရာကြီး ဖြစ်နေလေ သည်။
x x x x x x x

သတင်းစာများ၌ တိရစ္ဆာန်အသစ်တစ်ကောင် ဖမ်းဆီးရမိကြောင်း သတင်းပါလာသည့်ညတွင်ပင် ရုပ်မြင်သံကြား၌ ထိုသတင်းကို ထုတ်လွှင့်ခဲ့ လေ၏။ ဂြိုဟ်သားများသည် ထူးဆန်းသောတိရစ္ဆာန်ကြီး၏ပုံကို ရုပ်မြင်သံ ကြားမှတစ်ဆင့် လှုပ်ရှားပုံကိုပါ မြင်တွေ့ခွင့်ရကြလေ၏။
]]ကျွန်မတို့ရဲ့ တိရစ္ဆာန်ဖမ်းဆီးရေးအဖွဲ့ဟာ ထူးခြားတဲ့တိရစ္ဆာန်များ ကို စကြာဝဠာအတွင်းရှိ ဂြိုဟ်များအနှံ့ လိုက်လံဖမ်းဆီးရာမှ ယနေ့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်ရှင်။ တိရစ္ဆာန်ဖမ်းဆီးရေး အာကာသယာဉ်ဟာ ကျွန်မတို့ ဘုမ္မိဂြိုဟ်နဲ့ အလွန်တရာဝေးလံတဲ့ ဂြိုဟ်တစ်ခုကို ရောက်ရှိခဲ့ပြီး အာကာသခရီးစဉ်ရဲ့ သမိုင်းစာမျက်နှာသစ်ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ် ရှင်။ ယခုရောက် ရှိခဲ့တဲ့ဂြိုဟ်ဟာ အပြာရောင်အဆင်းရှိပြီး ရေမြေတောတောင် သဘာဝသစ်တော များနှင့် ပြည့်စုံတဲ့ သာယာလှပသော ဂြိုဟ်တစ်လုံးဖြစ်ပါ တယ်ရှင်}}
ရုပ်မြင်သံကြားဖန်သားပြင်၌ ကမ္ဘာဂြိုဟ်၏ရုပ်ပုံ ပေါ်လာလေသည်။ ဘုမ္မိဂြိုဟ်သားများ အာကာသယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်ပြီး တဖြည်းဖြည်း အနီးကပ်၍ ရိုက်ပြထားပေ၏။
]]ဘုမ္မိဂြိုဟ်သား တိရစ္ဆာန်ဖမ်းဆီးရေးအဖွဲ့ဟာ ကမ္ဘာအမည်ရှိတဲ့ ဂြိုဟ်ပေါ်ကိုရောက်ရှိပြီး လှည့်လည်စုံစမ်းခဲ့ရာမှာ ကမ္ဘာဂြိုဟ်ပေါ်မှာ တိရစ္ဆာန် အမျိုးပေါင်း မြောက်များစွာ ရှင်သန်ပေါက်ဖွားနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်ရှင်။ ယခုအခေါက်မှာတော့ လူလို့ခေါ်တွင်တဲ့ တိရစ္ဆာန်တစ်ကောင်ကို သာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်အခေါက်များမှာသည့်ထက် ပိုမိုထူးဆန်း တဲ့တိရစ္ဆာန်များကို ကမ္ဘာဂြိုဟ်ပေါ်မှ သွားရောက်ဖမ်းဆီးဦးမှာ ဖြစ်ပါတယ်}}
]]ယခုဖမ်းဆီးလာတဲ့ လူအမည်ရှိတိရစ္ဆာန်ကြီးဟာ အလွန်ပဲထူးခြား လှပြီး အသွင်သ္ဌဏာန်အားဖြင့်လည်း ဆန်းကြယ်လှတာကို မြင်တွေ့နိုင်ပါတယ် ရှင်}}
ရုပ်မြင်သံကြားဖန်သားပြင်၌ တိရစ္ဆာန်ကြီး၏ပုံ ပေါ်လာလေသည်။ တကယ်တော့ ဘုမ္မိဂြိုဟ်သားများက တိရစ္ဆာန်အဖြစ် ခေါ်ဝေါ်သတ်မှတ်ထား ကြသော သတ္တဝါမှာ ကမ္ဘာပေါ်မှလူတစ်ယောက်သာ ဖြစ်ပါသည်။
ဘုမ္မိဂြိုဟ်သားများ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသောလူသားကြီး သည် အဝတ်အစားများကင်းမဲ့ကာ ကိုယ်လုံးတီးဖြစ်နေပါ၏။ ဖမ်းဆီးခဲ့စဉ်က သူ့အပေါ်တွင် အဝတ်အစားများ လွှမ်းခြုံထားသော်လည်း ဖမ်းဆီးရေးအဖွဲ့သားများက ဖုံးကွယ် ထားသော အဝတ်အစားများကို ရှုပ်ထွေးသည်ဟုဆိုကာ ဆွဲချွတ်၍ ဆုတ်ဖြဲ ပစ်လိုက်ကြခြင်းဖြစ်သည်။ သူတို့သည် လူသားတိရစ္ဆာန်ကြီးကို အရှိအတိုင်း မြင်ရစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်၏။
လူသားကြီးသည် သူ့ပတ်ဝန်းကျင်ရှိအရာများကို နားမလည်သလို ကြည့်လျက် ရှိပြီး စိတ်ရှုပ်ထွေးဟန်ပေါက်နေပေသည်။
]]ဟော ...ဟော ...ကြည့်စမ်း၊ သူ့ကိုယ်လုံးကြီးက လေးထောင့် လိုလို ရှည်မျောမျောပုံကြီးတော့}}
]]ကြည့်ပါဦး၊ ကိုယ်လုံးကသပ်သပ်၊ ခေါင်းကသပ်သပ်နော်။ သိပ် ထူးဆန်းတာပဲ}}
]]ရယ်စရာရော မကောင်းဘူးလားဟေ့။ ကိုယ်လုံးက သပ်သပ်ဆိုတော့ သူဟာ အစားတော်တော်စားမယ့်ပုံပဲနော်}}
ရုပ်မြင်သံကြားကြည့်ပရိသတ်သည် ဖန်သားပြင်ပေါ်မှ လူသားကြီးပုံကို ကြည့်ကာ အမျိုးမျိုးဝေဖန်လျက် ရှိကြလေသည်။
]]ကြည့်ပါဦးတော်၊ ခေါင်းနဲ့ကိုယ်နဲ့ဆက်ထားတဲ့ အသားချောင်း တစ်ချောင်း အလယ်မှာရှိသေးသတော့။ လောကကြီးမှာ ဒီလိုသတ္တဝါမျိုးလည်း ရှိသေးသနော်။ အံ့ရော ...အံ့ရော}}
]]အမွှေးတွေပေါက်နေပုံလည်း ကြည့်ပါဦး။ ကြည့်ရတာ အသည်း ယားလိုက်တာ}}
]]ဘယ်လိုသတ္တဝါမျိုးပါလိမ့်၊ ဆန်းတော့တော်တော်ဆန်းသဟေ့}}
ရုပ်မြင်သံကြားကင်မရာသည် လူသားကြီး၏ကိုယ်လုံးတီးပုံကို ဘက် ပေါင်းစုံမှရိုက်ပြကာ ဆန်းပြားသော တိရစ္ဆာန်ကြီးအကြောင်းကို ရှင်းပြနေပေ သည်။
]]တိရစ္ဆာန်ကြီးမှာ ခြေနှစ်ဖက်လက်နှစ်ဖက်ပါပုံကတော့ ကျွန်မတို့ ဘုမ္မိဂြိုဟ်သားများနဲ့ တူညီကြပါတယ်ရှင်။ ဒါပေမဲ့ သူ့ရဲ့ခြေလက်များဟာ ကြီးမားတုတ်ခိုင်လှတာကို တွေ့ရမှာပါ။ အရပ်အမောင်းဟာလည်း ကျွန်မတို့ ဂြိုဟ်သားများရဲ့ နှစ်ဆဖြစ်နေတာကို တွေ့နိုင်ပါတယ်။ တိရစ္ဆာန်ကြီးဟာ အထီးတစ်ကောင်ဖြစ်ကြောင်း သိရပါတယ်။ ဖမ်းဆီးရေးအဖွဲ့ဟာ အထီးအမ တစ်စုံကိုဖမ်းယူရန် ကြိုးစားခဲ့သော်လည်း အချိန်မရတဲ့အတွက်ကြောင့် နောင် အခေါက်များမှ အမတစ်ကောင်ကိုရရှိအောင် ဖမ်းဆီးမှာဖြစ်ပါတယ်}}
]]ရုပ်မြင်သံကြားပရိသတ်များရှင်၊ ယခုတွေ့ရှိနေရတဲ့ တိရစ္ဆာန်ဟာ အထီးဖြစ်ပါတယ်။ သူတို့ရဲ့ အထီးအမကွဲပြားတဲ့လိင်အင်္ဂါဟာ ကျွန်မတို့ ဂြိုဟ်သားများကဲ့သို့ လုံခြုံမှုမရှိဘဲ အပြင်ပမှာ မြင်သာအောင် တည်ရှိနေပါ တယ်ရှင်}}
ကင်မရာက လူသားကြီး၏ပေါင်ခွကြားကို အနီးကပ်ရိုက်ပြလေ သည်။
]]ခြေထောက်နှစ်ချောင်းဆုံရာ ခွကြားမှ ငေါက်တောက်လေးထိုး ထွက်နေတဲ့အရာဟာ တိရစ္ဆာန်ကြီးရဲ့ အထီးလိင်အင်္ဂါ ဖြစ်ပါတယ်ရှင်}}
လူသားကြီးသည် သူ့လိင်အင်္ဂါကို ကင်မရာဖြင့် အနီးကပ်ရိုက်ပြနေ သည်ကို သိလိုက်သည့်အခါ လက်ဝါးဖြင့် သူ့ပစ္စည်းသူ အုပ်ထားလိုက်၏။
]]မင်းတို့ဘာလုပ်ကြတာလဲ။ မင်းတို့ တော်တော်ရိုင်းတဲ့ဟာတွေပဲ}}
လူသားကြီးက စိတ်တိုစွာ အော်ဟစ်ပစ်လိုက်လေသည်။
သတင်းပြောသူ ဂြိုဟ်သူမက ဆက်၍ပြောလေသည်။
]]တွေ့မြင်ရတဲ့အတိုင်း တိရစ္ဆာန်ကြီးဟာ ထူးဆန်းတဲ့အသံများစွာကို လည်း ပြုလုပ်တတ်တာတွေ့ရပါတယ်ရှင်။ သူတို့တိရစ္ဆာန်များဘာသာဘာဝ အော်ဟစ်ခြင်း ဖြစ်ပုံ ရပါတယ်}}
ဂြိုဟ်သားများသည် တိရစ္ဆာန်ကြီး၏ ပါးစပ်မှထွက်လာသော အသံ များကို ကြားလိုက်ရ၍ အံ့ဩသွားကြလေသည်။
]]ဒီကောင်ကြီး အသံထွက်တတ်သားပဲ။ သူ့ကို စကားသင်ပေးလို့ ရနိုင်တယ်၊ သိလား}}
ပရိသတ်ထဲမှ ဂြိုဟ်သားတစ်ယောက်က ပြောလိုက်သည်။
]]အို ...သူထွက်တဲ့အသံတွေက ပေါက်ကရတွေပါတော်။ ကျုပ်တို့ လို အဆင့်မြင့်တဲ့ ဂြိုဟ်သားတွေရဲ့စကားကို ဘယ်သင်လို့ရမှာတုန်း}}
]]ဟုတ်ပါတယ်လေ၊ တိရစ္ဆာန်ဆိုတော့ ဦးနှောက်က ဘယ်ဉာဏ် မှီပါ့မလဲ}}
ရုပ်မြင်သံကြားက တိရစ္ဆာန်ကြီးကို ဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးလာ ပုံအား ဆက်လက်ပြသနေလေသည်။ ကမ္ဘာပေါ်မှဖမ်းဆီးခဲ့စဉ်က မှတ်တမ်းတင် ရိုက်ကူး ထားသောဖလင်ကို ပြန်ပြနေခြင်းဖြစ်သည်။
]]လူဆိုတဲ့ တိရစ္ဆာန်များဟာ တဏှာရမ္မက်ကြီးသူများ ဖြစ်ပါတယ် ရှင်။ ဒီအချက်ကိုသိတဲ့ ကျွန်မတို့ရဲ့ ဖမ်းဆီးရေးအဖွဲ့ဝင်များဟာ တိရစ္ဆာန်ထီး ကြီးကို တိရစ္ဆာန်အမတစ်ကောင် ပုံစံပြုလုပ်ထားတဲ့အရုပ်ကြီးနဲ့ မျှားပြီး ဖမ်းဆီးခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်}}
တီဗွီမြင်ကွင်း၌ ကမ္ဘာပေါ်မှ တိရစ္ဆာန်ကြီးကို ဖမ်းဆီးလာစဉ်ကပုံကို ပြသနေပေသည်။
မြင်ကွင်းထဲ၌ တိရစ္ဆာန်ထီးကြီးသည် လက်ထဲ၌ လက်နက်ကိရိယာ တစ်မျိုးကိုကိုင်ကာ သစ်ပင်ကြီးတစ်ပင်ကို ထုနှက်နေသည်ကို မြင်ကြရလေ၏။ တိရစ္ဆာန်ကြီးက ထိုလက်နက်ဖြင့် ထုလိုက်သည့်အခါတိုင်း သစ်ပင်၏အသားစ များသည် မြေပေါ်သို့ ဖွာခနဲလွင့်စင်ကျသွားသည်ကို မြင်ကြရပေ၏။
]]သူ ဘာလုပ်နေတာလဲ မသိဘူးနော်}}
]]အသိဉာဏ်ကင်းမဲ့တဲ့ တိရစ္ဆာန်ဆိုတော့လည်း ရည်ရွယ်ချက်မရှိဘဲ လုပ်မိလုပ်ရာ လုပ်နေတာဖြစ်မှာပေါ့}}
]]ဟုတ်မှာပါ}}
ဖမ်းဆီးမခံရမီက တိရစ္ဆာန်ကြီးသည် သူ့အရှက်ကို ဖုံးအုပ်စေသည့် အဝတ်စတစ်စကို ခါး၌ပတ်ထားပေ၏။ ဘုမ္မိဂြိုဟ်သားများအဖို့ ထိုအရာကို နားမလည်ကြပေ။
]]သူ့ကိုယ်လုံးအောက်နားမှာ ဘာကြီးကပ်နေလဲ မသိဘူးနော်}}
ဖန်သားပြင်ပေါ်၌ ဘုမ္မိဂြိုဟ်သားဖမ်းဆီးရေးအဖွဲ့ဝင်များ၏ လုပ် ဆောင်မှု ပုံများပေါ်လာလေသည်။
တိရစ္ဆာန်ဖမ်းဆီးရေးအဖွဲ့ဝင်များ၏ အာကာသယာဉ်သည် တိရစ္ဆာန် ကြီး မမြင်သာသည့် တောတန်းလေး၏အကွယ်တွင် ရပ်နားထားသည်ကို တွေ့ရ၏။ ထို့နောက် သူတို့က လူသားမိန်းမ၏ပုံစံအတိုင်းအတု ပြုလုပ်ထား သော စက်ရုပ်ကို လူသားတိရစ္ဆာန်ထီးကြီး မြင်သာသည့်နေရာတွင် ချထား လိုက်လေသည်။ ထိုမိန်းမရုပ်ကို ဘုမ္မိဂြိုဟ်သားများက လူသားများအား တိတ်တခိုးလေ့လာကာ အာကာယာဉ်ထဲ၌ တီထွင်ဖန်တီးခဲ့ကြခြင်း ဖြစ်လေ သည်။
ဖမ်းဆီးရေးအဖွဲ့သားများ ထောင်ချောက်ဆင်လိုက်သည့်အတိုင်း ဖြစ်လာခဲ့လေသည်။
အဖွဲ့သားတစ်ယောက်က အဝေးထိန်းခလုတ်ဖြင့်နှိပ်၍ အချက်ပေး လိုက်သည့်အခါ မိန်းမရုပ်ထံမှ အသံထွက်ပေါ်လာလေ၏။
]]ဟေး ...}}
မိန်းမရုပ်၏အော်သံသည် လူသားထီးကြီးကို နားဝင်ပီယံ ဖြစ်သွား စေပုံရပါသည်။
လူသားကြီးက အသံထွက်လာရာသို့ လှည့်ကြည့်လိုက်ရာ မိန်းမရုပ် ကို မြင်သွားလေသည်။ တိရစ္ဆာန်ဖြစ်သည့်အားလျော်စွာ ထောင်ချောက်ဆင် ထားသော စက်ရုပ်ဖြစ်ကြောင်း မရိပ်မိရှာချေ။
လူသားထီးကြီးက မိန်းမရုပ်ရှိရာသို့ လျှောက်လာလေ၏။
စက်ရုပ်ထိန်းသူက အဝေးထိန်းခလုတ်ဖြင့် မိန်းမရုပ်ကို နောက်ပြန် လှည့်ကာ အာကာသယာဉ်ရှိရာ တောတန်းအကွယ်သို့ မျှားခေါ်သွားလေ သည်။ မိန်းမရုပ်သည် ကနွဲ့ကလျဖြင့် တင်ပါးများကို နိမ့်ချည်မြင့်ချည်လှုပ်ကာ လျှောက်သွားလျက် ရှိလေသည်။
]]တဏှာရမ္မက်ကြီးတဲ့ တိရစ္ဆာန်များဖြစ်တဲ့အတွက် တိရစ္ဆာန်အမ ခေါ်ဆောင်ရာကို တိရစ္ဆာန်ထီးက နောက်မှလိုက်ပါသွားတာကို တွေ့မြင်နိုင်ပါ တယ်ရှင်}}
စက်ရုပ်မိန်းမသည် နောက်သို့တစ်ချက်တစ်ချက် လှည့်ကြည့်ရင်း မျှားခေါ်သွားရာ အာကာသယာဉ်ရှိရာသို့ ရောက်ရှိသွားလေ၏။
အာကာသယာဉ်ကို မြင်လိုက်သည့်အခါ တိရစ္ဆာန်ထီးကြီးသည် တစ်ချက်တွန့်ဆုတ်သွားလေ၏။
စက်ရုပ်ထိန်းသူက မိန်းမရုပ်ကို အာကာသယာဉ်ပေါ်သို့ တက်စေ ကာ နောက်ပြန်လှည့်၍ လက်ယပ်ခေါ်စေလိုက်၏။
လူသားထီးကြီးသည် ဘာမှစဉ်းစားမနေတော့ဘဲ မိန်းမရုပ် တက် သွားသည့် အာကာသယာဉ်ပေါ်သို့ လိုက်တက်သွားလေ၏။
ဘုမ္မိဂြိုဟ်သားဖမ်းဆီးရေးအဖွဲ့က ချုံပုတ်များအတွင်း ပုန်းအောင်း နေရာမှ ယာဉ်ပေါ်သို့ လျင်မြန်စွာတက်လိုက်ကာ ယာဉ်တံခါးကို ပိတ်လိုက်လေ ၏။ ထို့နောက် သယ်ယူသွားလျှင် လေးလံမည်စိုးသည့်အတွက် မိန်းမရုပ်ကို ပြတင်းပေါက်မှ ပစ်ချလိုက်လေသည်။
တိရစ္ဆာန်ကြီးသည် အဖြစ်အပျက်ကို နားမလည်သည့်သဖွယ် မျက်လုံးအကြောင်သား ငေးကြည့်နေလေ၏။
အာကာသယာဉ်မှူးက အာကာသယာဉ်ကို မောင်းထွက်လိုက်ရာ လျင်မြန်သောအရှိန်ကြောင့် တစ်မဟုတ်ချင်းပင် အာကာသထဲသို့ ရောက်ရှိ သွားလေ၏။
x x x x x x x

ယခု မြင်တွေ့ခဲ့ရပုံများကတော့ ကျွန်မတို့ရဲ့ တိရစ္ဆာန်ဖမ်းဆီးရေး အဖွဲ့က လူဆိုတဲ့တိရစ္ဆာန်ကြီးကို လက်ရဖမ်းဆီးခေါ်ဆောင်ခဲ့ပုံများ ဖြစ်ပါ တယ်ရှင်။ အဖွဲ့ဝင်များဟာ လူသားတိရစ္ဆာန်များရဲ့ ရမ္မက်ဆန္ဒကို နားလည် သဘော ပေါက်တဲ့အတွက် အလွယ်တကူ ထောင်ချောက်ဆင်ဖမ်းဆီးနိုင်ခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ လူသားတိရစ္ဆာန်ကြီးဟာ အခုဆိုရင် ကျွန်မတို့ ဂြိုဟ်ပေါ်ကို ရောက်ရှိနေပြီဖြစ် ပါတယ်။ တိရစ္ဆာန်ရုံအတွင်းမှာ နောက်တစ်နေ့ကစလို့ အများပြည်သူကြည့်ရှု နိုင်အောင် ပြသထားမှာဖြစ်ပါတယ်ရှင်။ လူသားအမည်ရှိ တိရစ္ဆာန်ဟာ ကျွန်မတို့ ဘုမ္မိဂြိုဟ်ကဖမ်းဆီးမိတဲ့ အမှတ် ၈၄ မြောက် တိရစ္ဆာန်တစ်ကောင်ပဲ ဖြစ်ပါ တယ်ရှင်}}
]]တယ်ဟုတ်ပါလားဟေ့ ...ဒီပုံအတိုင်းဆို အကြီးအကဲတွေက ဖမ်းဆီးရေးအဖွဲ့သားတွေကို ဆုကောင်းကောင်းချီးမြှင့်ဦးမှာ မြင်ယောင်သေး သဟေ့}}
]]ချီးမြှင့်သင့်ပါတယ်တော်။ သူတို့တော်လို့ ကျုပ်လို့လည်း ထူးထူး ဆန်းဆန်း တိရစ္ဆာန်တစ်ကောင် ကြည့်ခွင့်ရတာပေါ့}}
]]ဖေဖေ ...ဖေဖေ၊ အဲဒီအကောင်ကြီးကြည့်ရအောင် သားသား တို့ကို တိရစ္ဆာန်ရုံ လိုက်ပြရမယ်နော်}}
]]လိုက်ပြမှာပေါ့ သားတို့ရယ်}}
]]တိရစ္ဆာန်ရုံတော့ စည်ကားမှာမြင်ယောင်သေးသဟေ့}}
x x x x x x x

ဘုမ္မိဂြိုဟ်သားများ လူသားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အချိန် ကာလမှာ ကမ္ဘာမြေပေါ်၌ ၇ ရာစုကာလသာ ရှိပါသေးသည်။
ကမ္ဘာမြေ၌ ၇ ရာစုကာလသည် သိပ္ပံပညာများ၊ သိပ္ပံအတွေးအခေါ် များ မပေါ်ထွန်းသေးသည့် ကာလဖြစ်လေသည်။ ဖမ်းဆီးခံရသော လူသား ကြီးမှာ တောတွင်းနေ ကျေးတောသားကြီးတစ်ယောက်ဖြစ်ပြီး သူသည် စာပေကိုလည်း သင်ယူဖူးခြင်းမရှိရုံမက မြို့ကြီးပြကြီးများသို့လည်း မရောက် ဖူးသော လူရိုးကြီးတစ်ယောက်သာ ဖြစ်လေသည်။
သူသည် တဲအိမ်ကလေး ၅ လုံးသာရှိသော တောင်ခြေရွာကလေး တွင် နေထိုင်ကာ ထင်းခုတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသည့် အိမ်ထောင်သည် ယောက်ျm;ကြီးတစ်ယောက် ဖြစ်လေသည်။
သူသည် ပုဂံနေပြည်တော်၏တစ်ဖက်ကမ်း ဧရာဝတီမြစ် အနောက် ဘက်ရှိ တောတန်းတစ်ခုတွင်နေထိုင်သော ရိုးသားဆင်းရဲသည့် တောသားကြီး တစ်ယောက်သာ ဖြစ်လေသည်။ ပုဂံနေပြည်တော်ကိုလည်း သူ မရောက်ဖူးပါ။ သူနေသည့်နိုင်ငံကို အုပ်ချုပ်မင်းလုပ်နေသည့်ဘုရင်မှာ မည်သူဖြစ်ကြောင်း လည်း သူ မသိပါ။ သူသည် အိမ်ခြေကျဲပါးသော ရွာကလေးတွင်ပင် မွေးဖွား ခဲ့ကာ မိဘလက်ငုပ်လက်ရင်း ထင်းခုတ်သည့်အလုပ်ကိုလုပ်၇င်း လူလား မြောက်လာခဲ့သည်။ အချိန်တန်သည့်အခါ ရွာထဲမှ သူနှင့် ရွယ်တူမိန်းမ တစ်ယောက်နှင့်အိမ်ထောင်ကျခဲ့သည်။ သူသည် သူ့မယားကို ထင်းခုတ် ကျွေးမွေးခဲ့သည်။ ခုတ်ယူရရှိသောထင်းများကို မြစ်ကမ်းစပ်တွင် ဆိုက်ကပ် လာသော ထင်းလှေကြီးများသို့ ပို့ပေးခြင်းဖြင့် သူတို့စားရန် ဆန်၊ ဆီ၊ ငါးပိ စသည်များနှင့် လဲလှယ်ကြသည်။
ဤသို့ သိပ္ပံအတွေးအမြင်များ မပေါ်ထွန်းသေးသည့် ရှေးဟောင်း ကာလဖြစ်ရုံမက တောရွာဇနပုဒ်မှာပင် တစ်သက်လုံးနေထိုင်လာခဲ့သော တော သားကြီးသည် သူကြုံတွေ့နေရသောအဖြစ်အပျက်ကို မည်သို့မျှ နားမလည် နိုင်ခဲ့ချေ။
အဖမ်းဆီးခံရသောနေ့က ငပြည့်သင်သည် နေ့စဉ်အလုပ်ဖြစ်သော ထင်းခုတ်ရန်အတွက် တောထဲသို့ထွက်ခဲ့လေသည်။ မနေ့ကတစ်ဝက် ခုတ်ထစ် ထားခဲ့သော သစ်ပင်ကြီးကို အပြီးသတ် ဆက်၍ခုတ်လှဲနေခဲ့သည်။
ထိုစဉ်မှာပင် သူ့နားထဲ၌ မိန်းမသူတစ်ယောက်၏ သာယာသော အသံတစ်သံကို ကြားလိုက်ရလေသည်။ ငပြည့်သင်က အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ ချောမောလှပသော မိန်းမသူတစ်ယောက်ကို တွေ့မြင် လိုက်ရလေ၏။ မိန်းမသူကို မြင်လိုက်သည့်အခါ ငပြည့်သင်သည် အံ့ဩသွား ရုံမက စိတ်တွင်း၌ ကြည်နူးချမ်းမြေ့၍လည်း သွားခဲ့လေသည်။ မိန်းမသူသည် နန်းတွင်းသူများကဲ့သို့ ဝတ်စားဆင်ယင်ထားကာ နှစ်လိုဖွယ်အဆင်းနှင့် ပြည့်စုံ ပေ၏။ ငပြည့်သင်က မိန်းမသူကိုကြည့်၍ တောစောင့်နတ်သမီးများ ကိုယ်ထင် ပြလေသလောဟု ထင်မိလေသည်။
နတ်သမီးလေးက သူ့ကိုလိုက်ခဲ့ရန်ခေါ်၍ နောက်ပြန်လှည့်သွားသည့် အခါ ငပြည့်သင်သည် လက်ထဲမှပုဆိန်ကိုပစ်ချကာ မိန်းမသူနောက်သို့ လိုက် လာခဲ့လေသည်။
နတ်သမီးကဲ့သို့သော မိန်းမသူသည် နောက်ပြန်လှည့်ကြည့်ရင်း ကြည့်ရင်းဖြင့် သူ့ကိုခေါ်ငင်သွားခဲ့ရာ မည်သည့်အရာမှန်းမသိသော အရာကြီး ပေါ်သို့ တက်ရောက်သွားသည်အထိပင်။ ထိုအရာကြီးသည် နေရောင်အောက် တွင် ပြောင်ချောဝင်းလက်နေကာ ပြားပြားဝိုင်းဝိုင်းသ္ဌဏာန်မျိုး ဖြစ်ပေ၏။ (အခြားသောဂြိုဟ်သားများ စီးနင်းလာသည့် ပန်းကန်ပြားပျံဆိုသော ယာဉ်မျိုး ဖြစ်ကြောင်းကို ငပြည့်သင်၏ဉာဏ်ရည်ဖြင့် မတွေးခေါ်နိုင်ခဲ့ချေ။)
ထိုအခါမှပင် ငပြည့်သင်သည် သတိတရားဝင်လာကာ ဆင်ခြင် ကြည့်မိလေတော့၏။ မိန်းမသူသည် လူစင်စစ်မှဟုတ်ပါ၏လော၊ မကောင်း ဆိုးဝါးများ လူယောင်ဖန်ဆင်းထားခြင်းလော။ တော၏ပရိယာယ်ကား နက်ရှိုင်း လှသည် မဟုတ်ပါလား။
မိန်းမသူကလေးက သူမ တက်ရောက်သွားသောအရာကြီးပေါ်မှ သူ့အား လက်ယပ်၍ခေါ်နေပေသည်။ ထိုအခါ သူသည် ဘာမှစဉ်းစားမနေ အားတော့ဘဲ ဆွဲဆောင်မှုရှိသော မိန်းမသူလေး တက်ရောက်သွားသည့် အရာကြီးပေါ်သို့ လိုက်၍တက်သွားမိလေတော့သည်။
ထိုအချိန်မှစ၍ သူသည် ထောင်ချောက်ထဲသို့ ကျရောက်သွားခြင်း ဖြစ်ကြောင်း နောင်မှသိရလေတော့သည်။
x x x x x x x

မိန်းမသူ တက်ရောက်သွားသောအပေါ်သို့ ငပြည့်သင်ရောက်သည် နှင့် အတွင်းသို့ ထူးဆန်းသောသတ္တဝါငယ်လေးများ ဝင်ရောက်လာကြလေ သည်။
ထိုသတ္တဝါလေးများကို မြင်သည်နှင့် သူသည်ရွံရှာစက်ဆုပ်ခြင်းနှင့် အတူ အသည်းတုန်အူတုန် ခံစားလိုက်ရလေသည်။ သတ္တဝါလေးများသည် သူ၏တစ်ဝက်ခန့်သာ ကြီးမားကာ သူတို့သ္ဌဏာန်သည် ကြက်ဥကို တုတ် ချောင်းလေးချောင်းတပ်ထားသည့် ပုံစံမျိုးဖြစ်ပေ၏။ ကြက်ဥလို ဖြူဖြူအလုံး ကြီးပေါ်မှ ပါးစပ်၊ မျက်လုံးနှင့် နှာခေါင်းပေါက်များကို ကြည့်ရသည်မှာ အသည်းယားဖွယ်၊ အော်ဂလီဆန်ဖွယ် ကောင်းလှပေသည်။ မှင်စာလေးများ ပါတကား။
ငပြည့်သင်က အဖြစ်အပျက်ကို နားမလည်နိုင်စွာ မင်သက်မိနေ ဆဲတွင် မှင်စာလေးများသည် တံခါးကိုပိတ်လိုက်ကာ လှုပ်ရှားမှုကင်းမဲ့ပြီး သက်မဲ့ အရုပ်လိုဖြစ်နေသော မိန်းမသူကို ပြတင်းမှပစ်ချလိုက်ကြလေ၏။
]]ဘာလဲ ...ဘာလဲ၊ ဘာဖြစ်တာလဲ။ မင်းတို့က ဘယ်သူတွေလဲ။ အလို ...}}
မှင်စာလေးများက သူ့အမေးကို ပြန်မဖြေဘဲ သူ့တစ်ကိုယ်လုံးကို ဝါယာကြိုးသေးမျှင်မျှင်လေးဖြင့် ရစ်ပတ်လိုက်ကြလေသည်။ သူသည် ခဏ ချင်းမှာပင် မလှုပ်နိုင်အောင် တုတ်နှောင်ခံရပြီး ဖြစ်သွားလေ၏။
တစ်ပြိုင်တည်းမှာပင် သူရောက်ရှိနေသောအရာကြီးမှာ လှုပ်ခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်မှ ကြွတက်သွားသည်ကို တွေ့လိုက်ရလေ၏။ ထိုအရာ ကြီးသည် လျင်မြန်သောအရှိန်ဖြင့် မြေပေါ်မှကြွတက်လိုက်ရာ ခဏချင်းမှာပင် မိုးကောင်းကင် ပေါ်သို့ ရောက်ရှိသွားလေ၏။
ငပြည့်သင်က အသည်းတအေးအေး ရင်တဖိုဖို ခံစားလိုက်ရလေ သည်။
ငပြည့်သင်သည် ယာဉ်ပြတင်းပေါက်မှ မြင်နေရသော မြင်ကွင်းအရ သူနေထိုင်ရာ တောတန်းသည် သူ့အောက်ဘက်ဆီတွင် ဝေး၍ဝေး၍ ကျန်ခဲ့ သည်ကို တွေ့လိုက်ရလေ၏။
]]ဟင် ...ဟင် ...ဘယ်လိုဖြစ်တာလဲ။ သင်တို့က ခုနက မိန်းမ သူကို မြေပေါ် ဘာကြောင့်ပစ်ချလိုက်တာလဲဟင်။ သင်တို့ ရက်စက်လှ ချည်လား။ သူ့ခမျာ နာကျင်သွားမှာပေါ့}}
သူမေးသည်များကို မှင်စာကောင်လေးများက ပြန်မဖြေကြချေ။ သူ့ကိုကြည့်၍ ရယ်မောနေကြလေ၏။
ဟုတ်သည်။ ရယ်မောနေခြင်းပဲ ဖြစ်လိမ့်မည်။ တကွိကွိအသံလေး များ ထွက်ကာ ပါးစပ်များဖြဲလျက် ကိုယ်လုံးကိုလှုပ်ယမ်းရင်း ရွှင်မြူးနေကြပုံ မှာ ရယ်မောနေသည့်သ္ဌဏာန်မျိုးပဲ ဖြစ်သည်။
မှင်စာလေးများက သူ့ကိုကြည့်၍ စကားတွေတစ်ယောက်တစ်ပေါက် ဝိုင်းပြောကြရာ ငပြည့်သင်နားထဲတွင် ကွိကွိကွကွ- ကွပ်ကွပ်ကွတ်ကွတ် ဆိုသော အသံကိုသာ ကြားရလေသည်။
]]သင်တို့ကား အသူများနည်း။ အကျွန့်ကို ဘာကြောင့် ဖမ်းဆီး ခေါ်ဆောင်လာသနည်း။ အသင်တို့သည် မကောင်းဆိုးဝါးနာနာဘာဝများ မဟုတ်လော}}
သူမေးသည့်စကားများကို မည်သူကမှ နားလည်ပုံမရပါချေ။
ယာဉ်သည်လျင်မြန်စွာ ရွေ့လျားနေရာ သူနေထိုင်ခဲ့ရာ မြေကမ္ဘာကြီးကို မြင်တွေ့နိုင်ခြင်းပင် မရှိတော့ချေ။
သည်အခါတွင် ငပြည့်သင်က တွေးမိလေ၏။
သူ့ကို ဆောင်ယူလာသောအရာကြီးမှာ ယာဉ်ပျံကြီးတစ်စီး ဖြစ်ကြောင်း သိလိုက်သည်။ ယာဉ်ပျံကြီးသည် မိုးကောင်းကင်အထက်သို့ ဦးတည် ရွေ့လျားနေသည်ကိုလည်း တွေ့နေရသည်။ ထိုအခါ သူ့ကို ကောင်းကင်ဘုံ အထက်မှ နတ်ပြည်သို့ ခေါ်ဆောင်သွားနေခြင်းဖြစ်မည်ဟု သူကတွေးမိလေ ၏။ အထက်ကောင်းကင်တွင် နတ်ပြည်ရှိသည်ဟု ဘုန်းတော်ကြီးများက ဟောကြားထားသည် မဟုတ်လော။
သူသည် ကောင်းမှုကုသိုလ် မည်မည်ရရမလုပ်ရဘဲနှင့် နတ်ပြည်ကို လားရပေတော့မည်။ နတ်ပြည်သို့ခေါ်ဆောင်သောယာဉ်မှာလည်း ဘုန်းတော် ကြီးများ ဟောကြားသည့်အတိုင်းလည်းမဟုတ်။ ဘုရားကျောင်းဆောင်များ တွင် ရေးဆွဲထားသည့်ပုံများနှင့်လည်းမတူ။ တန်တော့ ဘုန်းတော်ကြီးများ ပန်းချီအရုပ်ဖြင့် သရုပ်ဖော်သူများသည် နတ်ပြည်ကို တကယ်မရောက်ဖူးဘဲ ဟောကြား သရုပ်ဖော်နေကြခြင်းသာ ဖြစ်လေမည်။ ယခု နတ်ပြည်သို့ ခေါ်ဆောင်ခံနေ ရသောသူသည် နတ်ပြည်သို့သွားသောယာဉ်မှာ ပန်းချီကားထဲမှ ပန်းရထား ကဲ့သို့မဟုတ်ကြောင်း မျက်ဝါးထင်ထင်တွေ့နေရလေပြီ။ ဒါကို လူတွေသိအောင် သူကပြောပြချင်လှ၏။
သူ့ကို ပန်းရထားနှင့်မတူသော နတ်ပြည်သွားယာဉ်ဖြင့် ခေါ်ဆောင် လာသော သူများသည် စင်စစ် နာနာဘာဝများမဟုတ်ပေ။ နတ်ပျက်ကလေးတွေ၊ နတ်သေးသေးလေးတွေ ဖြစ်လိမ့်မည်။ မာတလိဆိုတဲ့ နတ်ကလေးတွေ ထင်ပါရဲ့ဟု ငပြည့်သင်က တွေးမိလေ၏။
နတ်ပြည်ကို ရောက်ရတော့မည်ဆိုသည့်အခါ ငပြည့်သင်သည် အိမ် မှာ ကျန်ရစ်ခဲ့သောဇနီးသည် အိုချစ်ဆုံကို သတိရမိလေသည်။ အိုချစ်ဆုံ တစ်ယောက် ယခုအချိန်ဆိုလျှင် ထမင်းတောင်းလေးကိုရွက်၍ သူ့ကို ထမင်း လာပို့နေပေ ရော့မည်။ တောတန်းထဲတွင် သူ့ကိုရှာမတွေ့လျှင် မယားသည် အိုချစ်ဆုံ ငိုယို၍များနေရှာလေမလား။ အိုချစ်ဆုံရေ မင်းလင်တော်မောင် အရှင်လတ်လတ် နတ်ပြည်ရောက်ရတဲ့အတွက် ဝမ်းသာလိုက်ပါတော့ရှင်မရေ။
သူ နတ်ပြည်ရောက်နေကြောင်းကို အိုချစ်ဆုံသိအောင် အိပ်မက် ပေး၍ ပြောရဦးမည်။ အိပ်မက်ပေးသည့်အခါ နတ်ပြည်သွားယာဉ်သည် ပန်းချီကား ထဲကပန်းရထားနှင့် မတူကြောင်းကိုလည်း ထည့်ပြောရမည်။ သူနှင့် အိုချစ်ဆုံ ညားကြသည်မှာမကြာသေး။ သားသမီးများလည်း မထွန်းကားသေးချေ။ အိုချစ်ဆုံ အသက်မှာ ငယ်ငယ်ပဲရှိသေးသည်။ သူ နတ်ဖြစ်သွားတဲ့ နောက်ပိုင်း နောက်အိမ်ထောင်ပြုချင်လည်းပြုပါဟု အိမ်မက်ပေးရင်း ပြောလိုက်ဦးမည်။ သူ့အတွက်ကတော့ နတ်သမီးတွေ အယောက်တစ်ထောင်တောင် နတ်ပြည်က စောင့်နေမှာဆိုတော့ အကြောင်းမဟုတ်။ နတ်ပြည်မှာ နတ်သမီး တစ်ဖက်ငါးရာနဲ့ စံစားရတာဆိုတော့ အယောက်တစ်ထောင်တောင်ပဲပေါ့။ အိုချစ်ဆုံကို သဝန်တိုမနေတော့ပါ။ ကိုယ်က နတ်သမီးတစ်ထောင်နဲ့ ပျော်ပါးနေချိန်မှာ သူလည်း လင်တစ်ယောက်တော့ ထပ်ယူပါစေတော့။ အိပ်မက်ပေးရင်း နောက်လင်ယူဖို့ ခွင့်ပြုကြောင်း ထည့်ပြောလိုက်တော့မည်။
သူက ထိုသို့တွေးတောနေသော်လည်း နတ်ပြည်သို့ သူ့ကိုဆောင်ယူ သွားနေသည့် နတ်ပျက်ကလေးများက သူ့ကို နတ်သားလောင်းလျာ တစ် ယောက်လို မဆက်ဆံသည့်အတွက်မူ သူ အံ့ဩရပြန်လေသည်။
ကြည့်လေ နတ်ပျက်ကလေးများက သူ့ကို ကြိုးသေးသေးလေးနှင့် ချုပ်နှောင်ထားသည်။ အစာကျွေးတော့လည်း သူတို့စားသည့် အနက်ရောင် ပျဉ်းတွဲတွဲ အတုံးလေးတစ်တုံးကိုပဲ ကျွေးသည်။ ထိုအရာသည် နတ်သုဒ္ဓါတော့ မဖြစ်နိုင်ချေ။ သူ့ပါးစပ်ထဲ၌ ဘာအရသာမှ ရှာမတွေ့ဘဲ လျှောဝင်သွားလေ သည်။ ဆာလောင်မှု လျော့ပါးသွားတာတော့သေချာ၏။ နတ်ပျက်ကလေး တစ်ယောက်က ထိုမည်းမည်းအတုံးလေးကို သူ့လက်သေးသေးလေးဖြင့် ကိုင် ကာ သူ့ပါးစပ်ထဲသို့ ထိုးသွင်းပေး၍စားရခြင်း ဖြစ်သည်။
နတ်ပျက်ကလေးတွေ စားပုံသောက်ပုံကိုလည်း ကြည့်ပါဦး။ သူတို့၏ လျှာများသည် သေးမျှင်၍ ရှည်လျားလှသောလျှာများ ဖြစ်လေသည်။ လျှာကို အစွမ်းကုန်ထုတ်လိုက်လျှင် လျှာသည် သူတို့အရပ်ထက်ပင် ပို၍ရှည်သည်ကို တွေ့ရပေ၏။ သူတို့က အစာတုံးမည်းမည်းကို လျှာရှည်ရှည်ဖြင့် ရစ်ပတ်ကာ လျှာကိုပါးစပ်ထဲ ပြန်ထည့်၍ မျိုသွင်းကြခြင်းဖြစ်သည်။ ကပ်စေးစေး ပျစ်ချွဲချွဲ လျှာ ရှည်မျောမျောလေးများကို ကြည့်၍ ငပြည့်သင် အသည်းယားနေမိသည်။ နတ်ပျက်ကလေးများကို ကြည့်ရသည်မှာ အသည်းယားစရာ အော်ဂလီဆန် စရာ ကောင်းလှလေသည်။ သူ့လက်များသာ လွတ်လပ်နေပါက နတ်ပျက် ကလေးများကို စိတ်ရှိလက်ရှိ ဆုပ်ညှစ်ထုနှက်ပစ်မိမှာ သေချာလေသည်။ သူ၏ သန်မာသောလက်ကြီးများနှင့်သာ ရိုက်နှက်ဖဲ့ချေပစ်လိုက်လျှင် နတ်ပျက် ကလေး တွေ တစစီကြေမွပဲ့ကြွေသွားမှာလည်း သေချာလေသည်။ ဒါကြောင့်လည်း သူတို့က သူ့ကို ကြိုးဖြင့်ချုပ်နှောင်ထားခြင်း ဖြစ်လိမ့်မည်။
နတ်ပြည်ရောက်ရင်တော့ နတ်ပျက်ကလေးများ ဆိုးဝါးပုံကို တင်ပြ ၍ တိုင်တန်းရပေလိမ့်မည်။ ဟိုမှာရှိတဲ့ အကြီးဆုံး နတ်အကြီးအကဲကြီးကိုပေါ့။
ပန်းရထားမဟုတ်သော နတ်ပြည်သွားယာဉ်သည် တစ်ရက်ပြီး တစ် ရက် အချိန်များစွာကုန်လွန်ကာ လျင်မြန်သောအရှိန်အဟုန်ဖြင့် နတ်ပြည်သို့ သွားလျက် ရှိလေသည်။ ငပြည့်သင်သည် ပြင်ပမှတိမ်တိုက်များ မြူခိုးများကို ရိပ်ခနဲ-ရိပ်ခနဲမြင်နေရသည်။ အခြားမြင်ရသော ဂြိုဟ်နက္ခတ်တာရာများ၊ ကြယ်များ၊ အာကာသတွင်းနက်ကြီးများကိုမူ မည်သည့်အရာများဖြစ်ကြောင်း သူနားမလည်ပေ။
သူနေထိုင်ခဲ့ရာ ကမ္ဘာမြေကြီးကိုပင် လုံးဝန်းသော အရာကြီးတစ်ခု ဖြစ်ကြောင်း မသိရှာသော ငပြည့်သင်သည် အာကာသထဲမှ ထိုအရာများကို နားမလည်သည်မှာ မဆန်းလှပေ။ သူသာမဟုတ်။ သူနှင့်အတူ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့သော လူသားများအားလုံးပင် ကမ္ဘာကြီး လုံးကြောင်းကို မသိသေး သည့်အချိန် ဖြစ်ပေသည်။ စကြာဝဠာအတွင်းရှိ အခြားသောဂြိုဟ်များ၌ လူကဲ့သို့သော သက်ရှိသတ္တဝါများ နေထိုင်လျက်ရှိကြောင်းကိုလည်း မည်သည့် လူသားမှ စိတ်ကူးဖြင့်ပင် ယဉ်မကြည့်ဖူးကြသေးပေ။
၇ ရာစုလူသားငပြည့်သင်သည် သူ့ကို လူသားများထက်စောပြီး သိပ္ပံပညာထွန်းကားသော အခြားဂြိုဟ်မှဂြိုဟ်သားများက တိရစ္ဆာန်တစ်ကောင် အဖြစ် သတ်မှတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လုံးလုံးမသိရှာပေ။ သူက ခရီးစဉ်ဆုံးသည်နှင့် နတ်ပြည်သို့ရောက်ရှိကာ နတ်စည်းစိမ်ကို ခံစားရ တော့မည်ဟုပင် ထင်နေရှာလေသည်။
x x x x x x x

ခရီးဆုံးသို့ရောက်သည့်အခါ သူ၏အထင်အမြင်များသည် တက် တက်စင်အောင်လွဲနေမှန်း ငပြည့်သင်သိလိုက်ရလေ၏။
ခရီးဆုံး၍ ယာဉ်ပေါ်မှဆင်းသည်နှင့် နတ်စုတ်နတ်ပြတ်ကလေးများ က သူ့ကို ယခင်ကထက်ပင် ပို၍ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြလေသည်။ သူတို့သည် အထူးသတိထားကာ ငပြည့်သင်နှင့် ခပ်လှမ်းလှမ်းမှနေ၍ ငပြည့် သင်အား ချည်နှောင်ထားသည့်ကြိုးဖြင့် ဆွဲခေါ်သွားကြလေသည်။
မြေပြင်ပေါ်၌ နတ်ပျက်ကလေးများနှင့်ပုံစံတူ ဂြိုဟ်သားများကို တစ်စုတစ်ဝေးထဲ တွေ့လိုက်ရလေသည်။ ငပြည့်သင်သည် ချောမောလှပသော ကြင်ယာတော် နတ်သမီးလေးများက ပန်းစည်းပန်းခြင်းများဖြင့် သောင်း သောင်းဖျဖျ ကြိုဆိုကြမည်အထင်နှင့် နတ်သမီးများကို ရှာကြည့်သော်လည်း မမြင်ရချေ။ ကြည့်လေရာရာမှာ ကြက်ဥကို တုတ်ချောင်းတပ်ထားသည့် မသတီစရာ သတ္တဝါများကိုသာ မြင်နေရလေသည်။
ထိုသတ္တဝါများက ယာဉ်ပေါ်မှ ဆွဲချခံလာရသည့် သူ့ကိုကြည့်ကာ အံ့ဩနေကြ၏။
သတင်းထောက်များက သူ့ကို ရုပ်ရှင်ရုပ်သေ ကင်မရာများဖြင့် ရိုက်ယူကြသည့်အခါ ငပြည့်သင်သည် အဖြစ်အပျက်ကိုနားမလည်နိုင်ပေ။
သူ့ကိုခေါ်ဆောင်သွားရာ လမ်းတစ်လျှောက်မှ ခမ်းနားသော တိုက် တာ အိမ်ခြေများကို ကြည့်၍အံ့ဩမိသည်။ မော်တော်ကားကိုလည်း ရှေ့မှ ဆွဲသည့် ကျွဲနွားမရှိဘဲ လမ်းပေါ်ပြေးသွားသည်ကိုကြည့်၍ အံ့ဩသည်။  သူ မြင်တွေ့နေရသောအရာများထဲမှ ရုပ်မြင်သံကြားများ၊ အသံဖမ်းစက်များ၊ ကွန်ပျူတာများ၊ ကင်မရာများ စသည်တို့မှာ သူ့အတွက် နားမလည်နိုင်သော ပစ္စည်းများသာ ဖြစ်လေသည်။ ကမ္ဘာပေါ်တွင် ထိုပစ္စည်းများ တီထွင်ရန် စိတ်ကူးပင် မရှိသေးသည့်ကာလဖြစ်ပေရာ ကမ္ဘာထက်များစွာစော၍ ခေတ်မီ တိုးတက်နေသော ဂြိုဟ်တစ်ခုဖြစ်ကြောင်းကိုလည်း သူမသိရှာ။
ဤနေရာသည် သူ မျှော်လင့်ထားသည့် နတ်ပြည်မဟုတ်တာက တော့ သေချာသွားလေပြီ။
ယာဉ်ပေါ်ရောက်ကတည်းက အရှက်လုံအောင် ခါးတောင်းကျိုက် ထားသော ပုဆိုးလေးကို သတ္တဝါလေးများက ဆွဲချွတ်ဆုတ်ဖြဲပစ်လိုက်၍ သူသည် ကိုယ်လုံးတီးဖြစ်နေလေသည်။ မိမိနှင့်မျိုးတူ လူတစ်ယောက်မှ မရှိသော်လည်း ကိုယ်တုံးလုံးချွတ်ကြီးဖြစ်နေ၍ သူသည် မနေတတ်မထိုင် တတ်ဘဲ ရှက်နေလေ၏။
သတ္တဝါငယ်များကတော့ မည်သူမျှ အဝတ်အစား ဝတ်မထားကြ ပါပေ။
ဘုရားရေ၊ ဒါဟာ အသူရကာယ်ဘုံများလား၊ ပြိတ္တာဘုံများလား၊ မှင်စာတို့၏တိုင်းပြည်လား။
ငရဲတော့မဟုတ်တန်ရာ။ ငရဲဆိုလျှင် မြေအောက်နက်ရှိုင်းသော နေရာ၌ ရှိရမည်။ သူ့ကိုယာဉ်ပျံကြီးနှင့် ခေါ်ဆောင်လာသောနေရာမှာ အမြင့်တစ်နေရာဖြစ်၍ ငရဲမဟုတ်နိုင်။
သို့ရာတွင် ငရဲမဟုတ်သောနေရာ၌ ငရဲကျသကဲ့သို့ စိတ်ပျက်တုန် လှုပ်စရာများကို မကြာခင်မှာပင် သူ ကြုံရလေ၏။
ဘုမ္မိဂြိုဟ်သားများက သတင်းစာရှင်းလင်းပွဲ ပြီးသည်နှင့် သူ့ကို တိရစ္ဆာန်ရုံထဲသို့ ပို့လိုက်ကြလေသည်။
x x x x x x x

နောက်တစ်နေ့တွင် တိရစ္ဆာန်ရုံသို့ ဘုမ္မိဂြိုဟ်သား အရွယ်အစား ပေါင်းစုံ ရောက်ရှိလာကာ လူဆိုသောတိရစ္ဆာန်ကြီးကို ကြိတ်ကြိတ်တိုးလာ၍ ကြည့်ကြလေသည်။
တိရစ္ဆာန်ရုံသို့ လာရောက်သည့်ပရိသတ် များပြားလွန်းသည့်အတွက် လက်မှတ်ရုံပေါက်တွင် တန်းစီစောင့်ကြရလေသည်။ တန်းစီစောင့်နေသူ များ လွန်းလှပေရာ တိရစ္ဆာန်အသစ်ကြီးကို နာရီဝက်လျှင် တစ်သုတ်စီသာ ကြည့် ခွင့်ပေးပြီး လူသားကြီးလှောင်ထားရာ လှောင်ချိုင့်ရှေ့မှ မနည်းမောင်းထုတ် ရလေသည်။
ဒါတောင်မှပင် လူတိရစ္ဆာန်ကြီးကို ကြည့်ရှုလိုသူများ စုပြုံ၍ ရောက် ရှိလာရာ လက်မှတ်ရုံကို ပိတ်ပစ်လိုက်ရလေ၏။ မကြုံစဖူး လက်မှတ်မှောင်ခို များပင် ပေါ်ပေါက်ခဲ့ရလေသည်။ တိရစ္ဆာန်ရုံသို့ လာရောက်သူအားလုံးမှာ အခြား တိရစ္ဆာန်များ၏ လှောင်အိမ်များအနီးသို့ မသွားကြ။ ထိုတိရစ္ဆာန်များမှာ သူတို့အတွက် ကြည့်ရတာရိုးနေပြီ။ လူဆိုသော အကောင်အသစ်ကြီးကိုသာ သူတို့ စိတ်ဝင်စားကြသည်။
လူအကောင်ကြီးမှာ သူတို့ဂြိုဟ်သားများထက် ၂ ဆပိုကြီးမားပြီး သန်လည်းသန်မာကြ၍ သံဆန်ကာနှစ်ထပ်ကာ၍ ထားကြလေသည်။ ဂြိုဟ် သား တစ်ယောက်ယောက်ကို လက်နှင့်ဖမ်းဆုပ်မိပါက လူကောင်ကြီး ချေမွပစ် လိုက်တာနှင့် ကြေမွသွားနိုင်သောကြောင့် လူကောင်ကြီး လက်လှမ်းမမီနိုင် စေရန် သံဆန်ကာနှစ်ထပ်ဖြင့် လှောင်ချိုင့်ကို စီမံထားရခြင်း ဖြစ်လေသည်။
လူကောင်ကြီးက စိတ်ပျက်လက်ပျက်အမူအရာဖြင့် လှောင်ချိုင့်ထဲ တွင် ထိုင်နေသည့်အခါ ကလေးများကမချင့်မရဲ ဖြစ်လာကြသည်။ ထိုအခါ လူကောင်ကြီးဆီသို့ ခဲများနှင့်ပစ်ပေါက်ကြလေ၏။
]]သင်တို့ ရိုင်းပျလှပါချေကလား။ အကျွန့်မှာ ဘာအပြစ်ရှိ၍ ခဲနှင့် ပေါက်သနည်း။ အဘယ်ကြောင့် အကျွန့်ကို ဖမ်းချုပ်ထားကြသနည်း}}
လူကောင်ကြီးက စိတ်ဆိုးမာန်ဆိုးအော်ဟစ်လိုက်သည့်အခါ ဂြိုဟ် သား ကလေးငယ်များ သဘောကျသွားကြလေသည်။
]]လူကောင်ကြီး အော်တယ်ဟေ့ ...အော်တယ်}}
]]သူထပ်အော်အောင် ခဲနဲ့ ထပ်ပစ်ကြရအောင်ဟေ့}}
ကလေးများက လူကောင်ကြီးအား ခဲများဖြင့် အဆက်မပြတ် ပစ် ခတ်ကြလေသည်။ တုတ်ချောင်းများဖြင့် ပစ်ပေါက်ကြသည်။ တုတ်ချောင်း ရှည်များဖြင့် သူ့ကိုယ်လုံးကို ထိုးဆွကြလေ၏။
]]ဟေ့ ...မိမဆုံးမ ဖမဆုံးမကလေးတွေ၊ တိရစ္ဆာန်တွေ၊ အောက် တန်းစားတွေ}}
လူကောင်ကြီးကလည်း သည်းမခံနိုင်သည့်အဆုံး သူ့ဘာသာဖြင့် ဆဲရေးတိုင်းထွာလေသည်။
ဂြိုဟ်သားများကလည်း ဆဲလို့ဆဲမှန်းမသိ။ လူကောင်ကြီး ဒေါသပုန် ထ၍ အော်သည်ကို သဘောကျကာ ခဲများနှင့်ထပ်ပစ်ကြပြန်သည်။ တုတ် များဖြင့် ထိုးကြပြန်သည်။
တိရစ္ဆာန်ရုံသည် လူကောင်ကြီးကြောင့် စည်ကားသိုက်မြိုက်နေလေ ၏။
x x x x x x x

ငပြည့်သင်သည် သူ့အဖြစ်သူ ယခုထိပင် နားမလည်နိုင်အောင် ဖြစ်နေလေသည်။
သူ့ကိုဖမ်းဆီးခေါ်ဆောင်လာသူများက ဘာအပြစ်ကြောင့် ဖမ်းဆီး လာကြသနည်း။ သူရောက်နေသောဘုံဌာနသည် မည်သို့သောနေရာနည်း။
သူ့ကို သံဆန်ကာနှစ်ထပ်ကာထားသော လှောင်ချိုင့်ထဲ၌ထားသည်။ သံလှောင်ချိုင့်သည်ခိုင်ခန့်လှပြီး လေးဘက်လေးတန်မှ မြင်သာအောင် လုပ် ထားလေသည်။
မနက်မိုးလင်းသည်နှင့် သူရှိသောနေရာသို့ နတ်ပျက်ကလေးများဟု သူထင်ထားသော သတ္တဝါငယ်လေးများရောက်လာကာ သူ့ကို ဝိုင်းဝန်းကြည့်ရှု ကြလေသည်။
သူ့ကိုထားသည့်လှောင်ချိုင့်သည် တောင်ကုန်းကလေးထိပ်တွင်ရှိပြီး သူသည် အခြားသောလှောင်ချိုင့်များကိုလည်း သူ့လှောင်ချိုင့်ထဲမှ မြင်တွေ့နေ ရလေ၏။ လှောင်ချိုင့်များထဲတွင် ဘာမှန်းမသိသော အရွယ်အစားစုံ၊ အမျိုး အစား ကွဲပြားသောသတ္တဝါများကို သူ မြင်နေရပါ၏။ ထိုသတ္တဝါများကိုလည်း သူ ယခင်က မမြင်ဖူးခဲ့ပါချေ။
သူ့လှောင်ချိုင့်၏ ညာဘက်ဘေးလှောင်ချိုင့်ထဲတွင် ခေါင်းသုံးလုံးရှိ၍ ခြေလေးချောင်းပါသော သတ္တဝါကြီးတစ်ကောင်ကို တွေ့ရသည်။ ဘယ်ဘက် ခပ်လှမ်းလှမ်းတွင် မြွေကြီးတစ်ကောင်ကို တွေ့ရ၏။ သို့ရာတွင် ထိုအကောင် ကြီးကို မြွေဟုလည်း ပြောလို့မရချေ။ သူ့မှာ ခြေထောက်များပါနေသည့် အတွက် ဖြစ်ပါ၏။ သူနှင့်ခပ်လှမ်းလှမ်း၌ ကြီးမားသောလှောင်ချိုင့်ကြီး ရှိနေကာ ထိုအထဲ့ အတောင်ပံပါ၍ ပျံနိုင်သောသတ္တဝါပေါင်းစုံ ထည့်လှောင်ထားသည်ကို တွေ့ရလေသည်။ လှောင်ချိုင့်ထဲမှ သတ္တဝါများမှာ အတောင်ပံပါ၍ ငှက်ဟု ဆိုနိုင်သော်လည်း သူတွေ့ဖူးသော ငှက်မျိုးများမဟုတ်ပါပေ။
ငပြည့်သင် စိတ်အဝင်စားမိဆုံးမှာ သူ့မျက်စိတစ်ဆုံးခန့်တွင် ရှိနေ သော လှောင်ချိုင့်တစ်ခု ဖြစ်ပါသည်။ ထိုလှောင်ချိုင့်ထဲတွင် သူကဲ့သို့ လူသုံး ယောက်ကို ထည့်လှောင်ထားသည်ကို မြင်နေ၇သည့်အတွက် ဖြစ်ပါသည်။ သို့ရာတွင် ထိုလူများမှာ လက်လေးဘက်ရှိနေပါ၏။ မည်သို့ဆိုစေ သူတို့သည် မိမိနှင့် သွင်ပြင်သ္ဌဏာန်အတူဆုံး သတ္တဝါများဖြစ်လေသည်။ သူတို့ကလည်း မိမိကို စိတ်ဝင်စားစွာ လှမ်းကြည့်အကဲခတ်နေသည်ကို ငပြည့်သင် တွေ့ရ သည်။ ညပိုင်းများတွင် ထိုလူသုံးယောက်ထံမှ အသံများကြားရသည်။ ငပြည့် သင် စိတ်အထင် သူ့ကို လှမ်း၍စကားပြောနေသည်ဟု ထင်မိ၏။ သို့သော် သူတို့ လှမ်းအော်ပြောသောစကားများကို ငပြည့်သင် နားမလည်ပါ။
ငပြည့်သင်ကလည်း ]]အကျွန်ဟာ လူတစ်ယောက်ဖြစ်ပါတယ်။ ဒီကအကောင်တွေက အကျွန့်ကို ဖမ်းဆီးလာခြင်းဖြစ်ပါတယ်။ သင်တို့ အကျွန့် ကို ကယ်နိုင်ပါမည်လား။ သင်တို့သည်ကော မည်သူများ ဖြစ်ကြပါသလဲ}} ဟု လှမ်းအော်ကာ အကြိမ်ကြိမ် မေးမြန်းဆက်သွယ်ကြည့်ဖူးလေသည်။ သို့သော် သူတို့သည်လည်း ငပြည့်သင်စကားကို နားလည်ပုံမရ။ လှောင်ချိုင့် ချင်း နီးလျှင်ဖြင့် နီးစပ်သောသတ္တဝါအချင်းချင်း အမူအရာပြကာ ဆက်သွယ် နိုင်ကြမည်ဟု ထင်မိလေသည်။
သို့ရာတွင် မိမိတို့အားလုံးသည် ဖမ်းဆီးချုပ်နှောင်ခံထားရသော အကျဉ်းသားများချည်းဖြစ်နေ၍ လှောင်ချိုင့်ထဲမှလည်း ထွက်ခွင့်မရ၊ ဆက် သွယ်ခွင့်လည်းမကြုံ၊ တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်ရင်းသာလျှင် အချိန်များကုန်လွန်လာရလေသည်။
ဂြိုဟ်သားများက ငပြည့်သင်အား သူတို့စားသည့် အစားအစာမျိုး ကိုပင် ကျွေးမွေးခဲ့ကြလေသည်။ ယာဉ်ပျံပေါ်တွင်စားခဲ့ရသည့် ပျဉ်းတွဲတွဲနှင့် အနက်ရောင်အခဲမျိုးပင် ဖြစ်သည်။ အချိန်တန်လျှင် တိရစ္ဆာန်ရုံစောင့် ဝန်ထမ်းသည် ထိုအစာတုံးတစ်တုံးကို သံချွန်ထိပ်တွင်ထိုးကာ သံချွန်ကို သူ့အနားရောက်သည်ထိ ထိုးပေးပြီး အစာကျွေးတတ်သည်။ ငပြည့်သင်သည် အစပိုင်းတွင် အရသာကင်းမဲ့သောထိုအစာကို မစားဘဲထားခဲ့သော်လည်း စားစရာမရှိသည့်အခါ ထိုအရာကိုပဲကိုက်ဝါးရင်းမှ ယခုအခါ ကျင့်သားရနေ ပေပြီ။
ငပြည့်သင် ဤအထဲရောက်ပြီး အချိန်ကြာလာသည့်အခါ ဂြိုဟ်သား ကလေးငယ်များက သူ့အားကြည့်ရုံ၊ ခဲနှင့်ပေါက်ရုံ၊ တုတ်နှင့်ထိုးရုံနှင့် အား မရတော့ဘဲ အမျိုးမျိုး စကြနောက်ကြရာ သူတို့အတွက် ငပြည့်သင် မခံချင် အောင် ကလိလို့ရသည့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားကြလေတော့ သည်။
သူတို့၏လျှာများမှာ အတော်ပင်ရှည်လျားကြရာ သူတို့အရပ်ထက် ပင် ပိုရှည်ကြလေ၏။ သူတို့သည် အစားအစာကို လျှာဖြင့်ရစ်ပတ်ပြီးမှ ပါးစပ်ထဲသွင်းကြသည်ကို ယာဉ်ပျံပေါ်မှာကတည်းက ငပြည့်သင် တွေ့ရှိခဲ့ပြီး ဖြစ်သည်။
သူတို့သည် အလိုရှိလျှင် သူတို့အရပ်ထက် သုံးပြန်လောက်အထိ ရှည်ထွက်လာအောင် လျှာကိုဆွဲထုတ်နိုင်စွမ်း ရှိကြလေသည်။ လျှာများမှာ သေးမျှင်၍ ချွဲကျိနေလေသည်။
ဂြိုဟ်သားကလေးငယ်များသည် သူ့ကိုတုတ်နှင့်ထိုး၍ စကြသည်ကို အားမရဘဲ သူတို့၏လျှာများကို အစွမ်းကုန်ထုတ်ကာ ငပြည့်သင်၏ကိုယ်အနှံ့ ကို လိုက်၍တို့ကြလေသည်။ ငပြည့်သင်သည် အသည်းယားဖွယ်ကောင်းလှ သော သေးမျှင်၍ချွဲကျိသည့် လျှာသေးသေးလေးများဖြင့် သူ့ကိုယ်ကို လာထိ သည်ကို မခံနိုင်ချေ။ လျှာများရန်မှ ကင်းလွတ်ရန် လှောင့်ချိုင့်ထောင့်တွင် ကပ်နေရ၏။
သို့ရာတွင် လှောင်ချိုင့်သည် လေးဘက်လေးတန်မှ ကြည့်လို့ရအောင် သံဆန်ကာ အနှံ့ကာထားလေရာ တစ်ယောက်က လျှာနှင့်လိုက်တို့၍ ငပြည့် သင်က တစ်ဖက်ထောင့်သို့ကပ်ပြီး ရှောင်နေလျှင် နောက်တစ်ယောက်က ရှောင်သည့်ဘက်သို့ လိုက်လာကာ လျှာဖြင့်တို့ပြန်သည်။ သည်လိုနှင့် ငပြည့် သင်သည် လှောင်ချိုင့်အနှံ့ ပတ်၍ပြေးနေရလေ၏။ ပြေးရလွန်း၍ မောသည့် အခါ မတတ်နိုင်တော့ဘဲ လှောင့်ချိုင့်အလယ်၌ ထိုင်နေလျှင် ကလေးများက ဇိမ်ပြေနပြေ သူ့ခန္ဓာကိုယ်အနှံ့ကို လျှာဖြင့်တို့ကာ ကလိကြလေတော့သည်။
ငပြည့်သင်သည် စိတ်တိုတိုဖြင့် လျှာများကိုဆွဲကိုင်ကာ ဖြတ်တောက် ပစ်ဖို့ ကြိုးစားကြည့်သေးသော်လည်း သေးမျှင်လွန်းရုံမက ပျစ်ချွဲချွဲအရည်များ ဖြင့် ပြည့်နေသောလျှာများကို ကိုင်လို့မရပေ။ သူတို့၏လျှာများသည်လည်း လျင်မြန်လွန်းလှကာ ငပြည့်သင်က ကိုင်မည်ကြံလိုက်သည်နှင့် ပါးစပ်ထဲသို့ ရွှတ်ခနဲ လျင်မြန်စွာပြန်ဝင် သွားကြလေသည်။
သည်လိုနှင့် လျှာများဖြင့်တို့၍ စကြနောက်ကြရင်းမှ တစ်ကြိမ်တွင် လျှာတစ်ချောင်းသည် ငပြည့်သင်၏ ချိုင်းကြားအောက်တည့်တည့်သို့ ရောက် သွားလေ၏။ လူတို့၏ချိုင်းကြားသည် ထိလျှင်ယားတတ်ပေရာ ပျစ်ချွဲသော လျှာဖျားလေး၏ အထိအတွေ့ကြောင့် ငပြည့်သင် ထွန့်ထွန့်လူးအောင် ယားယံ သွားလေသည်။ သဘာဝအတိုင်းပင် မထိမ်းနိုင်ဘဲ ရယ်မောလိုက်လေ၏။ ထိုအဖြစ်ကိုတွေ့ရသော ဂြိုဟ်သားကလေးငယ်သည် သဘောကျကာ ငပြည့် သင်၏ ချိုင်းကြားထဲသို့ လျှာဖြင့်ထိုးဆွကာ ရယ်အောင်ပြုလုပ်လေတော၏။
ငပြည့်သင်သည် မထိမ်းနိုင်အောင်ရယ်မောရင်း ကြမ်းပြင်ပေါ်၌ လူးလှိမ့်နေတော့သည်။
ထိုအဖြစ်ကို တွေ့သွားသောကလေးများသည် နောင်တွင် ငပြည့် သင်၏ ချိုင်းကြားနှစ်ဖက်ဆီသို့ရောက်အောင် လျှာများဖြင့်ထိုးဆွကာ ရယ် အောင် ပြုလုပ်ကြတော့သည်။
ထိုအခါမှစ၍ ငပြည့်သင်သည် နေ့စဉ် ကလေးများစွာ၏ ကလိထိုး ခြင်းကို ခံနေရကာ အူတက်မတတ်ရယ်မောရင်း ပျော်တော်ဆက်နေရလေ တော့၏။
ချိုင်းကြားမှ နုသောအသားကို ထိုးဆွခံရ၍ သဘာဝအရ ရယ်မော နေရသော်လည်း ငပြည့်သင်သည် စော်ကားခံရ၍ စိတ်တိုနေလေသည်။
ငပြည့်သင်သည် အယုတ္တ၊ အနတ္တပေါင်းစုံဖြင့် ကလေးများကို ဆဲဆိုအော်ဟစ်ပစ်လိုက်သည်။ ကလေးများသည် ဆဲလို့ဆဲမှန်းမသိ၊ လူကောင် ကြီး ဒေါသထွက်နေသည်ကိုလည်း ဂရုမထား။ ဆဲဆို ဒေါသူပုန်ထနေသည်ကို ကြည့်ကာ ပို၍ပင်သဘောကျနေကြလေ၏။
ပို၍လည်း ကလိထိုးနှိပ်စက်ကြပြန်သည်။ ငပြည့်သင်သည်လည်း စိတ်တိုသည့်ကြားမှ အူတက်မတတ်ရယ်မောရပန်သည်။
စိတ်တိုစိတ်ညစ်နေသော်လည်း လူကတော့ ရယ်မောနေရသည့် ဘ၀။ မည်မျှ အခံရခက်လိုက်ပါသနည်း။ တစ်ခါတစ်ရံတွင် သူသည် အူတက်မတတ်ရယ်မောရလွန်း၍ အမောဆို့ကာ အသက်ထွက်တော့မလိုပင် ဖြစ်ရလေသည်။
တိရစ္ဆာန်ရုံစောင့်ဝန်ထမ်းက ကလေးများကို လာလာဟန့်တား၍သာ တော်တော့သည်။
x x x x x x x

သည်လိုနှင့် ဘုမ္မိဂြိုဟ်သားများဖမ်းဆီးကာ တိရစ္ဆာန်အဖြစ် လှောင် ချိုင့်သွင်း ပြသခံခဲ့ရသောလူသားကြီးသည် တဖြည်းဖြည်း အချိန်ကာလ ရွေ့လျောလာသည်နှင့်အမျှ အိုမင်းရင့်ရော်လာခဲ့သည်။
လှောင်ချိုင့်အတွင်း၌လည်း သူ စွန့်ထုတ်ထားသည့်မစင်များဖြင့် ပေရေညစ်ပတ်နေလေသည်။ အစားအစာမှာ အနံအရသာမရှိ၍လားမသိ၊ မစင်များကလည်း နံစော်ခြင်းမရှိ၍ တော်ပေသေးသည်။ ရေမိုးချိုး သန့်စင်ရ ခြင်း မရှိ၍ သူ့တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေသည်။ ဆံပင်များမှာ ရှည်လျား ကာ ကျောလယ်အထိ ရှုပ်ထွေးပွေလိမ်စွာ ပြန့်ကျနေ၏။ သူသည် တိရစ္ဆာန် တစ်ကောင်နှင့် ယခုမှတူလာလေသည်။
ယခုဆိုလျှင် သူသည် သူနေထိုင်ခဲ့ရာ လူ့ပြည်လူ့ဘ၀ကိုလည်း သတိမရတော့။ သူ့ကိုယ်သူ ဘယ်လိုဘ၀ရောက်၍ ဘာဖြစ်နေသည်ကိုလည်း မဆန်းစစ်တတ်ရှာ။ လွတ်မြောက်ရာလမ်းစလည်း မရှိ။ လက်ရှိနေရာတွင် လည်း ပျော်ပိုက်ခြင်းမရှိဘဲ တကယ့်တိရစ္ဆာန်တစ်ကောင်သဖွယ် ဘ၀ကို ကုန်ဆုံး လွန်မြောက်ခဲ့ရလေ၏။
သူသည် မသေမချင်း ဘုမ္မိဂြိုလ်သားများ စိတ်ပျော်ရွှင်မှုအတွက် ပျော်တော်ဆက်ပေးရင်းဖြင့် သေဆုံးသည်အထိ တိရစ္ဆာန်ရုံထဲ၌ပင် နေထိုင် သွားရပေတော့မည်။
                                                     ဆောင်းလုလင်
ဆောင်းလုလင်-၏ စက်ရုပ်တစ္ဆေ နှင့် သိပ္ပံဝတ္ထုတိုများစာအုပ်မှ ကောက်နှုတ်တင်ပြသည်။

No comments: