Sunday 20 January 2013

ဆောင်းလုလင်- မိတ္တူကမ္ဘာ (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
မိတ္တူကမ္ဘာ

 
ကမ္ဘာပေါ်မှ အာကာသသိပ္ပံပညာရှင်များသည် စကြာဝဠာအတွင်း၌ ဂြိုဟ်အသစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ၎င်းဂြိုဟ်သည် ကမ္ဘာမှ ကီလိုမီတာသန်းပေါင်း ၇၄ ဒသမ ၆၅ သိန်းအကွာ၌ တည်ရှိနေသော ဂြိုဟ်ငယ်လေးတစ်ခု ဖြစ်လေသည်။ ထူးခြားသည်မှာ ထိုဂြိုဟ်ငယ်နှင့် ကမ္ဘာတို့ ကြားတွင် အခြားမည်သည့် ကြယ်တာရာဂြိုဟ်နက္ခတ်မှ ကြားခံရှိမနေဘဲ ကမ္ဘာနှင့်အသစ်တွေ့ရှိသော ဂြိုဟ်ငယ်လေးမှာ တန်းလျက်ရှိနေခြင်းပင်။
သိပ္ပံပညာရှင်များသည် ကြားခံအဟန့်အတားမရှိဘဲ ယခင်က ထို ဂြိုဟ်ငယ်ကိုမတွေ့ရှိခဲ့ကြသဖြင့် အံ့အားသင့်ခဲ့ရလေသည်။ ဂြိုဟ်ငယ်သည် ယခုမှပေါ်ပေါက်လာသော ဂြိုဟ်ငယ်လေးတစ်လုံးလော၊ သို့မဟုတ် ဥက္ကာပျံ အပိုင်းအစတစ်ခုလော သိရှိနိုင်ရန် လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြလေ သည်။
ထိုအခါ ပို၍ထူးဆန်းအံ့ဩဖွယ်ကောင်းသော အချက်အလက်များကို တွေ့ရှိရပြန်လေသည်။ ဂြိုဟ်ငယ်ပေါ်မှ တောတောင်ရေမြေ အနေအထား များမှာ ကမ္ဘာဂြိုဟ်နှင့် ပုံစံတူထပ်တူထပ်မျှ ရှိနေခြင်းပင်။ အားကောင်းသော နက္ခတ်တာရာကြည့်မှန်ပြောင်းများဖြင့် ကြည့်ရှုရာမှ ဖမ်းယူရရှိသော ပုံရိပ်များ တွင် ဂြိုဟ်ငယ်ပေါ်ရှိ ရေမြေဒေသ၊ တောတောင်အနေအထား၊ ပင်လယ် သမုဒ္ဒရာ၊ မြစ်ချောင်းအင်းအိုင်များ တည်နေပုံမှာ ကမ္ဘာနှင့်တစ်ထပ်တည်း ဖြစ်နေလေသည်။

သိပ္ပံပညာရှင်များသည် လေ့လာတွေ့ရှိမှုများကို ကမ္ဘာသို့ ထုတ်ပြန် ကြေညာလိုက်သည်။ ဂြိုဟ်ငယ်လေး၏ပုံရိပ်ကိုလည်း ရုပ်မြင်သံကြားများမှ တစ်ဆင့် ကမ္ဘာလူထုသို့ အသိပေးတင်ပြလိုက်လေသည်။ ကမ္ဘာသူကမ္ဘာသား အားလုံးတို့သည် မိမိတို့ကမ္ဘာဂြိုဟ်နှင့် ပုံစံတူသော ဂြိုဟ်ငယ်လေးကို စိတ်ဝင် စားခဲ့ကြလေ၏။ နောက်ဆုံး ရေပန်းအစားဆုံးသတင်းတစ်ခု ဖြစ်သွားခဲ့လေ သည်။
သိပ္ပံပညာရှင်တို့သည် ပို၍အားကောင်းသောမှန်ပြောင်းများကို အသုံးပြုကာ နက္ခတ်တာရာကြည့်မျှော်စင်များ၊ အာကာထဲတွင် လွှင့်တင်ထား သော အာကာသစခန်းများ၊ ဂြိုဟ်တုများမှတစ်ဆင့် ဂြိုဟ်ငယ်အား အနီးကပ် ၍ ထပ်မံလေ့လာခဲ့လေသည်။
ထိုအခါ ထိုဂြိုဟ်ငယ်လေးပေါ်၌ ရေထုကသုံးပုံနှစ်ပုံ၊ မြေသားထု သုံးပုံတစ်ပုံ ရှိနေပုံသည်လည်းကောင်း၊ တိုက်ကြီးခြောက်တိုက် တည်ရှိနေပုံ သည် လည်းကောင်း၊ ရေမြေတောတောင်များ တည်နေပုံသည်လည်းကောင်း၊ မြစ်ချောင်းအင်းအိုင်များစီးဆင်းနေပုံနှင့် ပင်လယ်သမုဒ္ဒရာများ တည်ရှိနေပုံ သည်လည်းကောင်း ကမ္ဘာပေါ်မှအနေအထားနှင့် ထပ်တူထပ်မျှတူညီနေသည် ကို တွေ့ရှိလာရပြန်လေသည်။
ကီလိုမီတာသန်းပေါင်း ၇၄ သိန်းကျော်ကွာဝေးသော ဂြိုဟ်ငယ်လေး ပေါ်မှ အနေအထားသည် ကမ္ဘာဂြိုဟ်နှင့်အဘယ်ကြောင့် ဤမျှထိ သွားရောက် ဆင်တူနေရပါသနည်း။ ထူးဆန်း၍ အံ့ဩဖွယ်ကောင်းသော ကိစ္စတစ်ရပ် ဖြစ်လေသည်။
ထိုဂြိုဟ်ငယ်အကြောင်းကို စိတ်ကူးယဉ်မှန်းဆ ရေးသားကြသော ဆောင်ပါးများမှာ ထွက်သမျှမဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များ၌ ပလူပျံအောင် ပါလာခဲ့လေသည်။ စာရေးဆရာအချို့က ထိုဂြိုလ်ငယ်ကို ကမ္ဘာငယ်လေး Small နမေအ့ ဟု ကင်ပွန်းတပ်ခေါ်ဝေါ်ကြလေ၏။
မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များသည် ထိုသတင်းကို ဦးစားပေး ရေးသားကြကာ သတင်းစာများ၌လည်း အသစ်တွေ့ရှိမှုများကို နေ့စဉ်နှင့်အမျှ ဖော်ပြခဲ့ကြလေသည်။ သိပ္ပံပညာရှင်များကလည်း လေ့လာတွေ့ရှိချက်အားလုံး ကို ကမ္ဘာသို့မခြွင်းမချန် ထုတ်ပြန်ပေးလျက်ရှိလေ၏။
ဆက်လက်၍ အနီးကပ်လေ့လာချက်များအရ ဂြိုဟ်ငယ်ပေါ်တွင် အဆောက်အဦးများ၊ သက်ရှိတို့ဖောက်လုပ်ထားသော လမ်းများ၊ တံတားများ၊ မြေပြင်တွင်သွားလာနေသော ယာဉ်များ၊ ရေပြင်၌ သွားလာနေသောယာဉ်များ၊ လေထုထဲတွင် ဝဲပျံနိုင်သောယာဉ်ပျံများ၊ သဘာဝအလျောက်မဟုတ်ဘဲ သက်ရှိတို့ဖောက်လုပ်ထားသည့် တူးမြောင်းများ စသည်တို့ကို တွေ့ရှိလာရ ပြန်လေသည်။
အဆောက်အဦးများ၊ ယာဉ်ရထားများ တည်ရှိနေသည်ကိုထောက်၍ ထိုဂြိုဟ်ငယ်ပေါ်၌ သက်ရှိများရှိနေသည်မှာ ထင်ရှားလေပြီ။
စိတ်ကူးယဉ်တတ်သူတို့က ထိုဂြိုဟ်ပေါ်မှလူသားများသည် တစ်ချိန် က ကမ္ဘာဂြိုဟ်ပေါ်သို့ တိတ်တဆိတ်ရောက်လာကာ ကမ္ဘာပေါ်မှ ဗိသုကာ လက်ရာများ၊ စက်မှုနည်းပညာများကို အတုခိုး၍ ၎င်းတို့ဂြိုဟ်ပေါ်တွင် ကမ္ဘာ ပေါ်ကအတိုင်း ပြန်လည်တည်ဆောက်ဖန်တီးထားကြခြင်း ဖြစ်မည်ဟု ဆိုကြ လေသည်။ အဆိုပါစိတ်ကူးသည် ဖြစ်နိုင်ကောင်းသောမှန်းဆချက်တစ်ခု ဖြစ် သော်လည်း ခြွင်းချက်များရှိနေပေ၏။ ဗိသုကာလက်ရာများနှင့် စက်မှုနည်း ပညာများကို အတုခိုးဖန်တီးနိုင်သည်ထားဦး၊ ရေမြေဒေသအနေအထားနှင့် မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာ၊ သစ်တော၊ တောင်တန်းတို့မှာ အတုလုပ် တည်ဆောက်လို့ ရနိုင်ကောင်းသောအရာများ မဟုတ်ချေ။
ဂြိုဟ်ငယ်ပေါ်တွင် ကမ္ဘာပေါ်ကပုံစံအတိုင်း ဂျပန်နိုင်ငံမှ ဖူဂျီတောင် ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်းစုများနှင့်အတိပြီးသော ကမ္ဘာပေါ်မှ ဂျပန်နိုင်ငံနှင့်ပုံစံတူ နိုင်ငံတစ်နိုင်ငံကိုလည်း တွေ့ခဲ့သည်။ သဲကန္တာရကြီးများ နှင့် ယင်းတို့အပေါ်မှ ပိရမစ်ကြီးများကိုလည်း တွေ့ရသည်။ အိန္ဒိယနိုင်ငံနှင့် ပုံစံတူနိုင်ငံတစ်နိုင်ငံနှင့်တကွ တပ်ဂ်ျမဟာအဆောက်အဦးကြီးလည်း ရှိနေ သည်။ စေတီပုထိုးများနှင့် အတိပြီးသော ပုဂံမြေနှင့် ပုံစံတူဒေသတစ်ခုသည် လည်း ကမ္ဘာပေါ်မှအတိုင်းရှိနေ၏။ ထိုဂြိုဟ်ပေါ်၌ ရွှေတိဂုံစေတီကိုတွေ့ရသလို နိုင်းမြစ်ကိုလည်း တွေ့ရသည်။ ဧရာဝတီသည်လည်း ပုံစံတူစီးဆင်းလျက် ရှိသည်။ ဧ၀ရက်တောင်၊ အမေဇုံသစ်တော၊ ပစိဖိတ်သမုဒ္ဒရာ၊ ပင်လယ်နီ၊ ဆာဟာရသဲကန္တာရ အားလုံး ...အားလုံးသောအရာများမှာ ကမ္ဘာပေါ်က အတိုင်း တစ်သဝေမတိမ်း တူညီစွာရှိနေကြလေ၏။
သို့ဆိုပါလျှင် ထိုဂြိုဟ်ပေါ်မှသက်ရှိများသည်လည်း ကမ္ဘာပေါ်မှ လူတို့ကဲ့သို့ပင် ခြေနှစ်ဖက်၊ လက်နှစ်ဖက်ရှိ၍ မြေပေါ်တွင် မတ်မတ်လျှောက် သော လူသားများပင် ဖြစ်ပေလိမ့်မည်။ ကမ္ဘာပေါ်မှ လူသားများကဲ့သို့ အသိဉာဏ်ပညာ၊ သိပ္ပံပညာများတွင် တန်းတူရှိသော လူသားများပင် ဖြစ်လိမ့် မည်။
စကြာဝဠာအတွင်းတွင် သက်ရှိများပေါ်ပေါက်ထွန်းကားလျက် ရှိ သော ဂြိုဟ်ပေါင်းမြောက်များစွာရှိပါ၏။ သက်ရှိများနေထိုင်သော ဂြိုဟ်ပေါင်း များစွာကို ရှာဖွေတွေ့ရှိခဲ့ပြီးရုံမက သက်ရှိအချင်းချင်းလည်း ကူးလူးဆက်သွယ် ဆက်ဆံမှုများ ရှိနေခဲ့ပြီးဖြစ်သည်။
သို့ရာတွင် စကြာဝဠာအနန္တအတွင်းမှ ဂြိုဟ်တိုင်းမှာ ရေမြေဒေသ၊ တည်ရှိပုံပထဝီအနေအထား၊ ရာသီဥတုမတူညီကြချေ၊ သက်ရှိတို့၏ ပုံပန်း သ္ဌဏာန်များသည်လည်း သူ့ဂြိုဟ်နှင့်သူ အနေအထား၊ အရွယ်အစား၊ ပုံစံ များတွင် ကွဲပြားစွာတည်ရှိနေကြခြင်းဖြစ်၏။ ဂြိုဟ်သားများ၏ ဓလေ့စရိုက်၊ ဦးနှောက်ဉာဏ်ရည်၊ ယဉ်ကျေးမှုများမှာလည်း မတူညီကြချေ။
ယခုကဲ့သို့ ကီလိုပေါင်းသန်းပေါင်းသိန်းဂဏန်းနှင့် ချီ၍ကွာဝေးသော အရပ်မှဂြိုဟ်နှစ်ခုတို့ အားလုံးချွတ်စွပ် တူညီနေကြသည်ဆိုခြင်းမှာ မဖြစ်နိုင် ကောင်းသောအရာသာ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ မဖြစ်နိုင်ကောင်းသော အရာသည် လက်တွေ့တွင် လာ၍ဖြစ်နေပေပြီ။
ကမ္ဘာနှင့်ချွတ်စွပ်တူညီသော ဂြိုဟ်တစ်လုံးသည် မိုင်ပေါင်းသန်းချီ ကွာဝေးသောအရပ်၌ အဘယ်ကြောင့် ရှိနေရသနည်း။
ဤအတိုင်းဆိုလျှင် ကမ္ဘာပေါ်၌ ဟစ်တလာရှိခဲ့သလို ၎င်းဂြိုဟ်ပေါ်၌ လည်း ဟစ်တလာတစ်ယောက် ရှိနေမည်ပင်။ ကမ္ဘာပေါ်၌ အနော်ရထာ ရှိသလို အနော်ရထာနောက်တစ်ယောက်သည် ထိုဂြိုဟ်ငယ်ပေါ်၌ ရှိနေနိုင် လေသည်။ ကမ္ဘာပေါ်က နပိုလီယံ၏ကိုယ်ပွားသည်လည်း ထိုဂြိုဟ်ငယ်ပေါ် တွင် ရှိနေလိမ့်မည်။ ကလီယိုပါထရာနောက် တစ်ယောက်သည်လည်းကောင်း၊ အမရာ၊ ကိန္ဒရီ၊ မဒီ၊ သမ္ဘူလမည်သော မိန်းမမြတ်များသည်လည်းကောင်း ထိုဂြိုဟ်ပေါ်၌ ပေါ်ထွန်းခဲ့ပြီးဖြစ်ပေလိမ့်မည်။ ထိုဂြိုဟ်ပေါ်မှရှိသမျှ သက်ရှိ လူသားများအားလုံးမှာ ကမ္ဘာပေါ်ရှိလူသားများ၏ ပုံတူကိုယ်ပွားများ ဖြစ်နေ ကြပေလိမ့်မည်။
သိပ္ပံညာရှင်တို့သည် နေ့မအားညမအား လေ့လာစူးစမ်းမှုများကို ပိုမို၍ ပြုလုပ်လာကြလေ၏။
x x x x x x x

ကမ္ဘာနှင့်ချွတ်စွပ်တူသော ဂြိုဟ်ငယ်၏အရွယ်အစားမှာ အမှန်စင်စစ် ကမ္ဘာ၏အပုံတစ်ရာပုံတစ်ပုံသာ ရှိလေသည်။ ကမ္ဘာထက် အဆတစ်ရာ ငယ်သော်လည်း ကမ္ဘာပေါ်တွင်ရှိသည့် အရာအားလုံး ထိုဂြိုဟ်ပေါ်တွင် ရှိနေ ၏။ အရာအားလုံးတို့သည် အဆတစ်ရာသေးငယ်နေ၍သာ အချိုးတကျ တည်ရှိနေခြင်းဖြစ်လေသည်။
သို့ဆိုပါလျှင် ထိုဂြိုဟ်ပေါ်မှ သက်ရှိလူသားများသည်လည်း ကမ္ဘာ့ လူသားများထက် အဆတစ်ရာပို၍သေးငယ်သော လူသေးသေးလေးတွေ ဖြစ်ပေလိမ့်မည်။ ထူးဆန်းလှပေစွ။
ဆက်လက်၍ အနီးကပ်လေ့လာမှုများအရ ထိုဂြိုဟ်ပေါ်တွင် လတ် တလော၌ စစ်ပွဲကြီးများဖြစ်ပွားနေပုံကို တွေ့ရှိရလေသည်။ လေယာဉ်ပျံများဖြင့် ဂြိုဟ်အနှံ့ဗုံးများကြဲချနေပုံများ၊ ကုန်းကြောင်းရေကြောင်းဖြင့် စစ်ချီနေပုံများ၊ စစ်လက်နက်တို့ ပေါက်ကွဲမှုများကို ဖမ်းယူရရှိနေလေသည်။
ဗဟုသုတပြည့်စုံသူများ၏အဆိုအရ ယင်းဂြိုဟ်ငယ်ပေါ်၌ ဖြစ်ပွား နေသောစစ်သည် ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးနှင့် တူညီနေသည်ဟု ဆိုကြလေသည်။ သုတေသီတို့သည် သက်တမ်းရင့် စာကြည့်တိုက်ကြီးများသို့ သွားရောက်ကာ ဒုတိယကမ္ဘာစစ်၏ မှတ်တမ်းများကို ပြန်လည်ရှာဖွေခဲ့လေသည်။ ဓာတ်ပုံမှတ်တမ်း အထောက် အထားများ၊ စာပေဖြင့် မှတ်တမ်းတင်ထားသော သတင်းဆောင်းပါးများအရ ဂြိုဟ်ငယ်ပေါ်၌ လက်ရှိဖြစ်ပွားနေသောစစ်ပွဲသည် ကမ္ဘာပေါ်မှ ဒုတိယကမ္ဘာ စစ်ကြီးပင်ဖြစ်ကြောင်း တွေ့ရှိရလေသည်။
ယင်းသို့ဖြင့် ဂြိုဟ်ငယ်သည် အနေအထားအရသာလျှင် ကမ္ဘာနှင့် တူသည်မဟုတ်။ ဖြစ်စဉ်များမှာလည်း ကမ္ဘာ့ရာဇဝင်အတိုင်း လိုက်၍ဖြစ်ပျက် နေသည်ဟု ကောက်ချက်ချရလေတော့သည်။ ယင်းသို့ ကမ္ဘာ့ရာဇဝင်ဖြစ်စဉ် များအတိုင်း လိုက်၍ဖြစ်ပျက်ပုံမှာလည်း ကမ္ဘာပေါ်မှအဖြစ်များထက် နှစ်ပေါင်း ၁၆၀ နောက်ကျပြီး ဖြစ်ပျက်နေခြင်းဖြစ်လေသည်။
ထိုမှန်းဆချက်ကို အတည်ပြုပေးလိုက်သော အဖြစ်အပျက်ကြီး တစ်ရပ်သည် မကြာခင်မှာပင် ဂြိုဟ်ငယ်ပေါ်၌ဖြစ်ပွားခဲ့လေ၏။
တစ်နေ့သ၌ ဂြိုဟ်ငယ်၌ ကျွန်းစုများဖြင့် ဖွဲ့စည်းထားသော နိုင်ငံ တစ်နိုင်ငံ၏ကျွန်းပေါ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့လေသည်။ ပေါက်ကွဲမှုသည် လွန်စွာပြင်းထန်ပြီး ကောင်းကင်သို့မှိုပွင့်ကြီးများ သ္ဌဏာန်အခိုးအငွေ့များ ထိုးတက်လာကာ ဂြိုဟ်တစ်ခုလုံးကို မမြင်ရတော့သည်ထိ အချိန်ကြာမြင့်စွာ အခိုးအငွေ့များ ဖုံးလွှမ်းနေခဲ့လေသည်။
ပေါက်ကွဲမှုဖြစ်သည့်နေရာမှာ ကျွန်းစုများဖြင့်အတိပြီးသော နေရာ တစ်ခုဖြစ်၍ ကမ္ဘာပေါ်မှ ဂျပန်နိုင်ငံနှင့် ထပ်တူထပ်မျှ တူညီသောနေရာပင် ဖြစ်လေသည်။ သို့ဖြစ်၍ ပြင်းထန်သောဗုံးပေါက်ကွဲမှုမှာ အဏုမြူဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း ခြေရာခံနိုင်ခဲ့လေသည်။ ဂြိုဟ်ငယ်ပေါ်ရှိ ဟီရိုရှီးမားမြို့ပေါ်တွင် ပေါက်ကွဲခဲ့သောအဏုမြူဗုံးပင် ဖြစ်ပါလေ၏။ အချိန်ကာလသည်လည်း ကမ္ဘာပေါ်တွင် ဒုတိယကမ္ဘာစစ်ဖြစ်စဉ်ကကဲ့သို့ ဂြိုဟ်အနှံ့စစ်ပွဲများ ဖြစ်ပွားနေ သည့်အချိန် ဖြစ်လေရာ ထိုပေါက်ကွဲမှုသည်လည်း ဒုတိယကမ္ဘာစစ်အတွင်းက ကမ္ဘာပေါ်တွင်ကြဲချခံခဲ့ရသော အဏုမြူဗုံးပေါက်ကွဲမှုအတိုင်း ထပ်တူထပ်မျှ ဖြစ်လာခြင်းပင် ဖြစ်လေသည်။
သို့ဖြစ်၍ ဂြိုဟ်ငယ်သည် ပုံသ္ဌဏာန်တွင် ကမ္ဘာနှင့် အရာရာတူညီ နေရုံမက ဖြစ်စဉ်ဖြစ်ရပ်များသည်လည်း ကမ္ဘာပေါ်ကအတိုင်း ဖြစ်နေကြောင်း ကို ထင်ရှားစွာတွေ့ရှိနေရလေပြီ။
ဗုံးပေါက်ကွဲမှုပြီးသည့်နောက်ပိုင်း ဂြိုဟ်ငယ်ပေါ်တွင် အစစအရာရာ အေးချမ်းငြိမ်သက်သွားခဲ့လေသည်။ စစ်ပွဲများထပ်မံဖြစ်ပွားသည်ကို မတွေ့ရ တော့ချေ။ ကမ္ဘာပေါ်၌လည်း ဟီရိုရှီးမား၌ အဏုမြူဗုံးကြဲချခံရပြီး နောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည် မဟုတ်ပါလော။
ဂြိုဟ်ငယ်သည် ကမ္ဘာနှင့်တူရုံမက ကမ္ဘာ့ဖြစ်ရပ်များအတိုင်း နှစ် ပေါင်း ၁၆၀ နောက်ကျကာ လိုက်၍ဖြစ်ပေါ်နေကြောင်း ထင်ရှားလေပြီ။
x x x x x x x

သိပ္ပံပညာရှင်များသည် အချိန်ကာလနှင့် အကွာအဝေးကိုလည်း မေ့မထားကြချေ။
ဂြိုဟ်ငယ်ပေါ်၌ ယခုတွေ့ရှိနေရသော အဖြစ်များမှာ ကမ္ဘာထက် နှစ်ပေါင်း ၁၆၀ နောက်ကျဖြစ်ပေါ်နေသည်ဆိုခြင်းမှာ အချိန်ကာလနှင့် အကွာအဝေးကို မတွက်ချက်တတ်သော သာမန်လူများ၌ အထင်အမြင်သာ ဖြစ်လေသည်။
သိပ္ပံညာရှင်တို့က ဂြိုဟ်ငယ်နှင့် ကမ္ဘာ၏အကွာအဝေးကို ထောက်ဆ ကာ အချိန်ကာလကို တွက်ချက်တင်ပြခဲ့လေ၏။
အလင်း၏အလျင်သည် တစ်စက္ကန့်လျှင် ကီလိုမီတာသုံးသောင်း ပြေးပါ၏။ ကမ္ဘာနှင့်ဂြိုဟ်ငယ်သည် ကီလိုမီတာသန်းပေါင်း ၇၄ သိန်း ကွာဝေး လေရာ ဂြိုဟ်ငယ်ထံမှပုံရိပ်များ ဤကမ္ဘာသို့ရောက်ရှိရန် နှစ်ပေါင်း ၈၀ ကြာမြင့်ပါသည်။
မည်သည့်နေရာမှ ပုံရိပ်များကိုမဆို အလင်းဓာတ်ဖြင့်သာ ပို့ဆောင် ပေးရမြဲဖြစ်ပါ၏။ ကမ္ဘာပေါ်ရှိ ရုပ်မြင်သံကြားများ၊ အင်တာနက်များ၊ အခြား သော ဆက်သွယ်ရေးကိရိယာများအားလုံးမှာ အလင်းဓာတ်ကို အသုံးပြု၍ ပို့ဆောင်ပေးနေသော စက်ကိရိယာများ ဖြစ်ပါသည်။ အလင်းအလျင်သည် တစ်စက္ကန့်ကီလိုသုံးသောင်းဖြင့် လျင်မြန်စွာပြေးနေရာ ကမ္ဘာပေါ်မှ ရုပ်မြင်သံ ကြား ထုတ်လွှင့်မှုများကို ကမ္ဘာပေါ်ရှိ ရုပ်မြင်သံကြားစက်များမှ ချက်ချင်း ဖမ်းယူရရှိနေခြင်းဖြစ်ပါ၏။
အလွန်ဝေးကွာသောအရပ် (သို့မဟုတ်) အလင်းအလျင်ဖြင့် လိုက် မမီအောင် ကွာဝေးသောအရပ်မှ ပုံရိပ်များကို မြင်ရစေရန်မှာမူ အချိန်ကာလ စောင့်ဆိုင်းရပါ၏။
ဥပမာ- ကျွန်ုပ်တို့ ယခုမြင်နေရသော ကောင်းကင်မှကြယ်တစ်လုံး သည် အလင်းဓာတ်ရောက်ရှိရန် နှစ်ပေါင်း ၁၀၀ ကြာသောအရပ်တွင် ရှိသည်ဆိုပါစို့။ ကျွန်ုပ်တို့မြင်နေရသော အမြင်သည် လွန်ခဲ့သောနှစ်ပေါင်း တစ်ရာက ယင်းကြယ်၏ပုံရိပ်ကို မြင်နေရခြင်းဖြစ်ပါသည်။ အကြောင်းမှာ ယင်းကြယ်ဆီမှအလင်းဓာတ်သည် ကျွန်ုပ်တို့ကမ္ဘာသို့ ရောက်ရှိရန် နှစ် ၁၀၀ ကြာမြင့်သောကြောင့်ဖြစ်ပါ၏။ အဆိုပါကြယ်သည် ယခုအချိန်တွင် ကြေမွ ပျက်စီးကာ အမှန်တကယ် မရှိတော့သည့်တိုင် ကျွန်ုပ်တို့ကား နှစ်ပေါင်းတစ်ရာ ကြာသည်ထိ ယင်းကြယ်၏ပုံရိပ်ကို မြင်တွေ့နေရမည်သာ ဖြစ်သည်။ ကြယ် ရှိခဲ့စဉ်က ကြယ်၏ပုံရိပ်သည် ကျွန်ုပ်တို့ကမ္ဘာကို အနှစ်တစ်ရာကြာသည်ထိ လာရောက်နေမြဲဖြစ်သောကြောင့် ဖြစ်လေသည်။ ကြယ်ကြီးပျက်စီးသွားပြီး နှစ် ၁၀၀ ကြာမှသာ ကြယ်၏ပုံရိပ်သည် ကျွန်ုပ်တို့အမြင်မှ ပျောက်ကွယ် သွားမည် ဖြစ်လေသည်။
ထိုဥပမာအတိုင်း ဂြိုဟ်ငယ်ပေါ်မှပုံရိပ်များ ဖြစ်ပျက်ခဲ့သည့်ကာလ ကို တွက်ချက်ရပေမည်။ ဂြိုဟ်ငယ်သည် ကမ္ဘာမှ ကီလိုသန်းပေါင်း ၇၄ သိန်းကျော်ကွာဝေးသည့်အတွက် အလင်းဓာတ်ရောက်ရှိရန် နှစ်ပေါင်း ၈၀ ကြာမြင့်မည်ဖြစ်ပါ၏။
ထိုကြောင့် ဂြိုဟ်ငယ်ပေါ်တွင် ယခုဖြစ်ပျက်သယောင် မြင်တွေ့နေ ရသောစစ်ပွဲများ၊ လှုပ်ရှားမှုများသည် အမှန်တကယ်တွင် ယခုလောလော လတ်လတ် ဖြစ်နေခြင်းမဟုတ်။ လွန်ခဲ့သောနှစ်ပေါင်း ၈၀ က ဖြစ်ပျက်ခဲ့သော အဖြစ်များသာ ဖြစ်လေသည်။
သိပ္ပံပညာရှင်များ တွက်ချက်တင်ပြမှုအရ ဂြိုဟ်ငယ်ပေါ်မှ အဖြစ် များသည် လွန်ခဲ့သောနှစ် ၈၀ က အဖြစ်များကို မြင်တွေ့နေရခြင်း ဖြစ် ကြောင်း သိလိုက်ရလေသည်။ သို့ဆိုလျှင် ကမ္ဘာပေါ်မှဖြစ်ရပ်များထက် နှစ် ၁၆၀ နောက်ကျပြီး ပုံမှန်ဖြစ်ပျက်နေသည်ဆိုသော ထင်မြင်ချက်မှာလည်း မှားယွင်းနေလေ၏။ တကယ်တော့ ဂြိုဟ်ငယ်ပေါ်မှ ဖြစ်ရပ်များသည် ကမ္ဘာ ထက် နှစ် ၈၀ နောက်ကျပြီးဖြစ်ပေါ်နေခြင်းသာ အမှန်ဖြစ်လေသည်။
x x x x x x x

ယင်းသို့ဖြင့် ဂြိုဟ်ငယ်နှင့်ပတ်သက်၍ တစတစနားလည်လာရသော ကမ္ဘာ့လူထုသည် ဂြိုဟ်ငယ်အပေါ်တွင် တဖြည်းဖြည်း စိတ်ဝင်စားမှုပိုကာ သံယောဇဉ်တွယ်ငြိလာကြလေသည်။ ဂြိုဟ်ငယ်ကို သက်ရှိလူသားတစ်ယောက် သဖွယ် ချစ်ခင်သံယောဇဉ်ငြိတွယ်မိခြင်းမှာလည်း မဆန်း။ သိပ္ပံပညာရှင်များ ၏ ထုတ်ပြန်ချက်များအရ ဂြိုဟ်ငယ်သည် ကမ္ဘာ၏ကိုယ်ပွားသဖွယ် အဖြစ် အပျက်များက နှစ် ၈၀ နောက်ကျဖြစ်ပေါ်နေလေရာ ဂြိုဟ်ပေါ်ရှိ သက်ရှိ လူသားများမှာလည်း မိမိတို့ကိုယ်ပွားများဖြစ်မည်ကို ယုံကြည်မိသောကြောင့် ဖြစ်လေသည်။
သူသူငါငါ လူအားလုံးတို့သည် တစ်နေ့သ၌ မိမိ၏ပုံတူကိုယ်ပွားသည် ဂြိုဟ်ငယ်ပေါ်၌ သက်ရှင် ရပ်တည်လာမည်ဟု ယုံကြည်ကြလေသည်။
စိတ်ကူးဉာဏ်ကွန့်မြူးတတ်သူများက ကမ္ဘာပေါ်မှ လူများသည် ကွယ်လွန်ပြီးသည့်အခါ ဂြိုဟ်ငယ်ပေါ်၌ လူသားအဖြစ် ဆက်လက်ရပ်တည်ခွင့် ရကြသည်။ သို့ဖြစ်၍သာ ဂြိုဟ်ငယ်သည် ဤကမ္ဘာမှ ကွယ်လွန်သေဆုံးပြီး ရောက်ရှိသွားကြသည့်လူများက ကမ္ဘာပေါ်ကအတိုင်း ဆက်လက်လုပ်ဆောင် နေကြသောကြောင့် ဂြိုဟ်ငယ်နှင့်ကမ္ဘာသည် အရာရာထပ်တူညီနေခြင်း ဖြစ်သည်ဟု စိတ်ကူးယဉ်ကြလေသည်။ ဂြိုဟ်ငယ်သည် ကမ္ဘာလူသားများ၏ သေဆုံးပြီးနောက် လားရာဂတိဖြစ်သည်ဟု ကောက်ချက်ချကြလေ၏။
ထိုအဆိုကို လက်ခံသူရှိသလို မယုံကြည်သူ၊ လက်မခံသူများလည်း ရှိလေသည်။
မည်သို့ဆိုစေ ဂြိုဟ်ငယ်အပေါ် စိတ်ဝင်စားမှုများက လျော့ပါးမသွား ခဲ့ချေ။ ဂြိုဟ်ငယ်ကို စက္ကန့်မလပ် အကဲခတ်ကြည့်ရှုနေခဲ့သည်။ ဂြိုဟ်ငယ်ပေါ် မှ ဖြစ်ရပ်များကိုလည်း ဂြိုဟ်တုများမှဖမ်းယူရရှိသည့်အတိုင်း မပြတ်တမ်း ထုတ်လွှင့်ပေးလျက်ရှိလေသည်။
ယင်းသို့ စောင့်၍ကြည့်ရှုနေစဉ်မှာပင် ဂြိုဟ်ငယ်အတွက် စိုးရိမ် မကင်းစရာ ထိတ်လန့်ဖွယ်အဖြစ်ဆိုးတစ်ခုကို မြင်တွေ့ခဲ့ရလေ၏။
ထိုအဖြစ်ကား ...
x x x x x x x

သိပ္ပံပညာရှင်တို့သည် ဂြိုဟ်ငယ်ကိုသာမက ဂြိုဟ်ငယ်၏ပတ်ဝန်း ကျင် အာကာသတွင်းသို့လည်း စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
တစ်နေ့သ၌ ဂြိုဟ်ငယ်နှင့် ကီလိုမီတာသန်းပေါင်းကိုးထောင်ခန့် ကွာဝေးသောအရပ်ဆီမှ ဂြိုဟ်ငယ်ဆီသို့ ဦးတည်၍ပျံသန်းလာနေသော အရာ တစ်ခုကို တွေ့ရှိခဲ့လေသည်။
ထိုအရာသည် ဥက္ကာပျံအပိုင်းအစတစ်ခုဖြစ်ပြီး အရွယ်အစားအား ဖြင့် ဂြိုဟ်ငယ်ထက် ၂ ဆခန့်ပိုကြီးလေသည်။ ဥက္ကာပျံသည် ဂြိုဟ်ငယ်ဆီသို့ တစ်စက္ကန့်လျှင် ကီလိုတစ်သောင်းနှုန်းဖြင့် တည့်တည့်ကြီး ပျံသန်းလာနေခြင်း ဖြစ်၏။ ကြယ်တစ်ခုမှ ပဲ့ကြွေလာသော အပိုင်းအစတစ်ခုဖြစ်ကာ ဤနှုန်း အတိုင်းသာ ပျံသန်းလာနေပါက နောက်ဆယ်ရက်အကြာတွင် ဥက္ကာပျံသည် ဂြိုဟ်ငယ်အား ပြင်းထန်စွာ ဝင်တိုက်မိမည်ဖြစ်ပေသည်။
ကမ္ဘာ့လူထုသည် ထိုသတင်းကိုကြားသိရပြီး ဖြစ်ရပ်ကို ရုပ်မြင်သံ ကြားများမှတစ်ဆင့် မြင်တွေ့လိုက်ရသည့်အခါ ထိတ်လန့်ချောက်ချားကုန်ကြ လေသည်။ မိမိတို့နှင့် သ္ဌဏာန်တူကမ္ဘာတစ်ခု ပျက်စီးတော့မည့်ဖြစ်ရပ်ကို မည်သူမတုန်လှုပ်ဘဲ ရှိပါမည်နည်း။
ဥက္ကာပျံအပိုင်းအစကြီးမှာလည်း ဂြိုဟ်ငယ်ဆီသို့ လမ်းကြောင်း ဦးတည်ကာ အရှိန်မပျက်ပျံသန်းလာလျက်ပင် ရှိလေ၏။
ဂြိုဟ်ငယ်ပေါ်မှ လူသားများသည် ဥက္ကာပျံကြီး ၎င်းတို့ဂြိုဟ်ဆီသို့ ရောက်မလာအောင် လမ်းကြောင်းလွှဲပြောင်းရန် တတ်နိုင်ပါမည်လား။ ဥက္ကာပျံကြီး ဦးတည်ပျံသန်းလာနေသည်ကိုပင် သိမှသိကြရဲ့လား။
ကမ္ဘာ့လူထုက ထိုအဖြစ်ကို ဂြိုဟ်ငယ်ပေါ်မှလူများ သိရှိရန် အကြောင်းကြား သတိပေးလိုကြပေသည်။ သိပ္ပံပညာရှင်များအား ပူဆာ တိုက်တွန်းကြလေသည်။
ဂြိုဟ်ငယ်ပေါ်သို့ ကမ္ဘာမှ သတင်းပေးပို့ရမည့်ကိစ္စမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ ကမ္ဘာ့ဖြစ်စဉ်အတိုင်း တစ်သဝေမတိမ်းလိုက်ဖြစ်နေသော ဂြိုဟ်ငယ်ပေါ်တွင် အာကာသသိပ္ပံပညာရပ်များ ထွန်းကားမည် မဟုတ်သေး ချေ။ ကမ္ဘာပေါ်၌လည်း ဒုတိယကမ္ဘာစစ်ပြီးစက သိပ္ပံပညာများ ယခုလောက် မထွန်းကားသေးသည့်အတွက် ဖြစ်ပါ၏။ ဂြိုဟ်ငယ်ပေါ်၌လည်း ယခုမှ ဒုတိယ ကမ္ဘာစစ်ပြီးစအချိန်သို့ ရောက်သေးသည်မဟုတ်ပါလား။ ကမ္ဘာမှ ပေးပို့လိုက် သော သတင်းအချက်အလက်များကို ဂြိုဟ်ငယ်ပေါ်မှ လူသားများ ဖမ်းယူ တတ်မည်မဟုတ်ပေ။ ထို့အပြင် ပို့လွှတ်လိုက်သောသတင်းသည် နောက်နှစ် ၈၀ ကြာမှ ဂြိုဟ်ငယ်သို့ရောက်ရှိမည်ဖြစ်ရာ လက်ရှိကြုံနေရသော အန္တရာယ် အတွက် အချိန်မီသတိပေးနိုင်ခွင့် မရတော့ချေ။
ဂြိုဟ်ငယ်ပေါ်သို့ လူသားများကိုယ်တိုင် သွားရောက်၍သတိပေးရန် မှာလည်း မဖြစ်နိုင်သောအရာသာဖြစ်ပေ၏။ ကီလိုသန်းပေါင်း ၇၀ ကျော် ဝေးသောအရပ်သို့ သွားရောက်ရမည့်ကာလမှာ နှစ်ပေါင်းရာနှင့်ချီ၍ ကြာနိုင် ပေသည်။ လူ့သက်တမ်းမှာ ထိုမျှမရှိသည့်အတွက် လမ်းခရီး၌ပင် သေဆုံး ကုန်ကြမည်ဖြစ်၏။
လူသားများ နောက်ဆုံးတီထွင်ထားသော ဒုံးယာဉ်သည် တစ်စက္ကန့် လျှင် ကီလို ၅၀၀၀ ပြေးသည့်အတွက် အလွန်လျင်မြန်သည့်နှုန်းပင် ဖြစ်လေ သည်။ ထိုဒုံးယာဉ်နှင့်သွားလျှင်ပင် ဂြိုဟ်ငယ်ဆီရောက်ဖို့ နှစ်ပေါင်း ၅၀၀ နီးပါးကြာနိုင်ပါ၏။ လူသားမျိုးဆက် ရှစ်ဆက်ခန့်သွားရောက်ရမည့်ခရီး ဖြစ်ပေ သည်။
ဂြိုဟ်ငယ်ပေါ်သို့ လူသားများစေလွှတ်မည်ဆိုလျှင် လင်မယားစုံတွဲ လေးစုံတွဲလောက်ကို ဒုံးယာဉ်ပေါ်သို့ တင်လွှတ်လိုက်ရမည်ဖြစ်၏။ သို့မှသာ ထိုလေးစုံတွဲမှ မျိုးဆက်များပွားများကာ ပွားများလာသော မျိုးဆက်အချင်း ချင်း ဒုံးယာဉ်ပေါ်၌ပင် အိမ်ထောင်ပြုကြ၍ နောက်ထပ်မျိုးဆက်ထပ်ပွားရင်းမှ မျိုးဆက် ၈ ဆက်ပျံပွားပြီးအချိန်တွင် ဂြိုဟ်ငယ်ပေါ်သို့ ရောက်ရှိမည် ဖြစ်ပေ သည်။ နောက်ဆုံးမျိုးဆက်သည်သာ ဂြိုဟ်ငယ်ပေါ်သို့ ရောက်နိုင်ပြီး ရှေ့ပိုင်း မျိုးဆက်များမှာ လမ်းခရီး၌ပင် သေဆုံးကုန်မည်ဖြစ်ပေ၏။
၎င်းတွက်ချက်မှုမှာ ခရီးအကွာအဝေးအရ ဂြိုဟ်ငယ်ပေါ် ရောက်နိုင် သော အချိန်ကာလကို တွက်ချက်မှုသာဖြစ်လေသည်။ အမှန်တကယ် လူသား များ သွားရောက်ဖို့မှာ အခက်အခဲရှိပေ၏။ ခရီးသည် လူသားများ နှစ်ပေါင်း ၅၀၀ အတွင်း လမ်းခရီး၌ စားသောက်ရန်ရိက္ခာကို ဘယ်ကရမည်နည်း။ လမ်းခရီး၌ လောင်စာကုန်ခန်းသွားလျှင် မည်သို့ဖြည့်တင်းမည်နည်း။ ဂြိုဟ် ငယ်ပေါ်သို့ လူသားများကိုယ်တိုင် သွားရောက်ရမည့်ကိစ္စမှာ မည်သို့မျှ မဖြစ် နိုင်ပါပေ။
ဥက္ကာပျံကြီး ဂြိုဟ်ငယ်ဆီသို့ ပျံသန်းလာနေသည့်အကြောင်းကို ဂြိုဟ်ငယ်ပေါ်မှလူများသိရှိရန် အကြောင်းကြားဖို့ကိစ္စမှာ မည်သို့မျှ မဖြစ်နိုင် ပါချေ။
ထိုအခါ စိတ်မကောင်းရုံမှလွဲ၍ မည်သို့မျှ မတတ်နိုင်ကြတော့ချေ။
စိတ်မခိုင်သူတို့သည် ဂြိုဟ်ငယ်ပေါ်မှ မျိုးတူလူသားတို့၏ ကံကြမ္မာ အတွက် ငိုကြွေးကြရလေ၏။
မိမိကိုးကွယ်ရာဘာသာအလျှောက် ဆုတောင်းပွဲများလည်း ပြုလုပ် ကြလေသည်။
ဥက္ကာပျံကြီးသည် လမ်းကြောင်းလွဲ၍ ဂြိုဟ်ငယ်ဆီမရောက်ဘဲ လမ်းကြောင်းသွေဖီသွားပါစေသတည်း။
x x x x x x x

မည်မျှစိုးရိမ်ကြောင့်ကျရှိနေစေ အဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းကို ကမ္ဘာ့လူထု သတိချပ်သင့် ပေသည်။
ဂြိုဟ်ငယ်ဆီမှ အချက်အလက်များကို နှစ် ၈၀ နောက်ကျပြီးမှ လက်ခံရရှိခြင်းဖြစ်လေရာ ဂြိုဟ်ငယ်သည် အကယ်၍ ဥက္ကာပျံကြီးနှင့် တိုက်မိ ကာ ပျက်စီးသွားသည်ဆိုပါက ယခုအချိန်၌ ပျက်စီးခဲ့သည်မှာပင် နှစ် ၈၀ ရှိပေရော့မည်။ ဥက္ကာပျံသည် လမ်းကြောင်းလွဲသွားပါကလည်း အဖြစ်အပျက် မှာ ပြီးဆုံးခဲ့ပြီဖြစ်လေသည်။
သို့ရာတွင် လူသားများဖြစ်သည့်အတိုင်း ကမ္ဘာ့လူထုမှာ သံယောဇဉ် တွယ်ငြိနေသော ဂြိုဟ်ငယ်အတွက် စိုးရိမ်ကြောင့်ကျမှုဖြစ်လျက်သာ ရှိပေ၏။ ဥက္ကာပျံနှင့်လမ်းကြောင်းလွဲကာ ဂြိုဟ်ငယ်လေး ယခုထိတိုင် တည်တံ့နေစေချင် သည့် ဆန္ဒက လူသားအားလုံးရင်မှာ ရှိနေကြလေသည်။
ဖြစ်ပြီးသည့်ဖြစ်ရပ်ပင် ဖြစ်လင့်ကစား အဖြေကိုမသိရသေးသည့် အတွက် စိုးရိမ်ကြောင့်ကျစွာ စောင့်မျှော်နေကြလေသည်။ စာရေးဆရာက ဝတ္ထုတစ်ပုဒ်ကို ဇာတ်သိမ်းအထိ အစအဆုံးစီရင် ရေးသားပြီးဖြစ်သော်လည်း စာဖတ်သူက ဇာတ်သိမ်းပိုင်းမသိရမီတွင် မည်သို့နိဂုံးချုပ်မည်ကို အသည်း တထိတ်ထိတ်ဖြင့် ရင်ဖိုလှိုက်မော ခံစားရသည်နှင့်တူပေသည်။
လူအားလုံးသည် ရုပ်မြင်သံကြားမှ မပြတ်ထုတ်လွှင့်ပေးနေသော သတင်းကို စောင့်ကြည့်နေကြလေ၏။
ငိုကြွေးသူကလည်း ငိုကြွေးဆဲ ...
ဆုတောင်းသူကလည်း ဆုတောင်းဆဲ ...
x x x x x x x

ကမ္ဘာသူကမ္ဘာသားအားလုံးတို့သည် ဂြိုဟ်ငယ်၏ကံကြမ္မာကို ရုပ်မြင် သံကြား ထုတ်လွှင့်ချက်မှတစ်ဆင့် စောင့်ကြည့်နေကြလေသည်။
ဥက္ကာပျံကြီးကား ကြီးမားသောအရှိန်အဟုန်ဖြင့် ဂြိုဟ်ငယ်ဆီသို့ ပျံဝဲလာနေဆဲပင် ...
လူသားများသည် ဥက္ကာပျံကြီးလမ်းကြောင်းလွဲသွားစေရန် ဆု တောင်းနေဆဲမှာပင် ဆယ်ရက်မြောက်သောနေ့၌ ဂြိုဟ်ငယ်အား ဥက္ကာပျံကြီး ဝင်ရောက်တိုက်မိသွားသည့်ပုံကို မြင်တွေ့လိုက်ရလေတော့၏။
ဂြိုဟ်ငယ်ကွဲအက်ကြေမွကာ အစိတ်စိတ်အမြွှာမြွှာ ပျံ့ကြဲလွင့်စင် သွားပုံကိုကြည့်၍ လူသားအားလုံး စူးစူးဝါးဝါးအော်ဟစ်လိုက်မိလေသည်။ စိတ်မခိုင်သူတို့ကား ဂြိုဟ်ပေါ်မှ လူသားတို့ကံကြမ္မာအတွက် ငိုကြွေးကြလေ၏။
ဂြိုဟ်ငယ်ကား သူ့ထက် ၂ ဆကြီးသောဥက္ကာပျံကြီး၏ အရှိန်ပြင်း စွာ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစအနရှာမရအောင် ပျက်စီးပျောက်ကွယ် သွားပေပြီ။
ဂြိုဟ်ငယ်အား အာကာသအတွင်း ရှာဖွေတွေ့ရှိပြီး တစ်နှစ်အကြာ တွင် ပေါက်ကွဲပျက်စီးသွားခဲ့ခြင်း ဖြစ်လေသည်။
ဂြိုဟ်ငယ်အပေါ် သံယောဇဉ်တွယ်နေသော လူသားများအဖို့ ဝမ်း နည်းကြေကွဲစရာ အဖြစ်ကြီးပင်ဖြစ်လေ၏။ ကမ္ဘာနှင့်ပုံသ္ဌဏာန် ထပ်တူထပ်မျှ တူရုံမက ကမ္ဘာပေါ်ကလူသားများကဲ့သို့ လူများအသက်ရှင်နေထိုင်ရာ ကမ္ဘာ ငယ်လေးပျက်စီးသွားရခြင်းမှာ မိမိတို့ကမ္ဘာ ပျက်စီးသည်နှင့်မခြားပါပေ။
လူအများသည် အနက်ရောင်ဝတ်စုံများဝတ်ဆင်ကာ ဂြိုဟ်ငယ် ပျက်စီးခြင်းအတွက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်ကို ပြသကြလေသည်။
ကမ္ဘာ့နိုင်ငံအသီးသီးကလည်း တစ်ပတ်တိတိ နိုင်ငံတော်အလံများ ကို တိုင်တစ်ဝက်လွှင့်ထူကာ ဂြိုဟ်ငယ်အတွက်ဝမ်းနည်းကြောင်း မှတ်တမ်း တင်ခဲ့လေသည်။
အဖြစ်အပျက်များကား ပြီးဆုံးခဲ့ပေပြီ။
ကမ္ဘာ့လူသားများအဖို့မှာကား တစ်ချိန်က စကြာဝဠာအတွင်းတွင် ပုံစံတူကမ္ဘာတစ်ခု ရှိခဲ့ဖူးသည်ကို တွေးတောရင်း ဂြိုဟ်ငယ်လေးအား လွမ်း ဆွတ်နေကြဆဲ ဖြစ်လေသည်။
x x x x x x x

ထိုအဖြစ်အပျက်များ ဖြစ်ပျက်ပြီး ၁၀ နှစ်တိတိကြာမြင့်ချိန်တွင်။
စကြာဝဠာအတွင်းမှ ကီလိုမီတာသန်းပေါင်း ၇၄ သိန်းအကွာတွင် တစ်ချိန်ကပေါ်ထွန်းခဲ့သော ဂြိုဟ်ငယ်လေးနှင့်ပတ်သက်သည့် အချက်အလက် အမှန်များကို လူသားတို့သိရှိခဲ့ရလေသည်။
ဂြိုဟ်ငယ်မှ ပေါက်ကွဲလွင့်စင်လာသော အပိုင်းအစအချို့သည် ကမ္ဘာ မှ လွှင့်တင်ထားသောအာကာသစခန်းများသို့ ရောက်ရှိလာလေရာ ဂြိုဟ် အပိုင်းအစများကို ဓာတ်ခွဲကြည့်ရှုရာမှ အဖြစ်မှန်ကို သိရှိခဲ့ရခြင်းဖြစ်ပေ၏။
အမှန်ကားဂြိုဟ်ငယ်သည် ဂြိုဟ်စစ်စစ်တစ်လုံးမဟုတ်ပေ။ မြေသား၊ ရေထု၊ ကျောက်သားများဖြင့် ဖွဲ့စည်းထားသော အစိုင်အခဲတစ်ခုလည်း မဟုတ်ပေ။
လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ကာလကပင် စကြာဝဠာအတွင်းရှိ ကြယ်တစ်လုံးပေါက်ကွဲရာမှ လွင့်စင်လာသောအပိုင်းအစတစ်ခုသာ ဖြစ်လေ သည်။ ပေါက်ကွဲသွားသောကြယ်သည် ဖန်သားများဖြင့် ဖွဲ့စည်းထားသော ဖန်သားပြင်ကြီးတစ်ခုဖြစ်ပြီး လွင့်စင်လာသော အပိုင်းအစတစ်ခုသည် နေအနီးသို့ ရောက်ရှိကာ နေကိုဗဟိုပြု၍ လည်ပတ်နေခဲ့ခြင်းဖြစ်သည်။
ပျော်ဝင်နေသောဖန်ရည်များသည် ကမ္ဘာနှင့် ကီလိုသန်းပေါင်း ၇၄ သိန်းအကွာတွင် အေးခဲသွားခဲ့ပြီး လုံးဝန်းသောသ္ဌဏာန်ဖြင့် လည်ပတ်နေခြင်း ဖြစ်လေသည်။ ထိုဂြိုဟ်ငယ်ပုံစံအပိုင်းအစသည် အပြင်ဘက်တွင် ဖန်သား များဖြင့် ဖွဲ့စည်းထားပြီး အတွင်းဘက်တွင် လေဟာနယ်ဖြစ်နေသော အခေါင်း ပွတစ်ခုသာ ဖြစ်လေသည်။ ဖန်ဘောလုံးတစ်လုံးနှင့် သ္ဌဏာန်တူပေ၏။
အဆိုပါ ဖန်လုံးကြီးသည် ကမ္ဘာနှင့်တည့်တည့်အရပ်၌ တည်နေကာ ကြား၌မည့်သည့်အရာမှ ကြားခံမရှိဘဲ ရပ်တည်နေခဲ့ခြင်းဖြစ်လေ၏။ ဖန်သား ထု၏ သဘောသဘာဝအတိုင်း မှန်ကဲ့သို့ပုံရိပ်များ ထင်ဟပ်သည့်အစွမ်းသတ္တိ ရှိပေရာ ကမ္ဘာနှင့် ဖန်လုံးကြီးကြားတွင် မည်သည့်အရာမှ ကြားခံမရှိသည့် အတွက် ကမ္ဘာ၏ပုံရိပ်များသည် ယင်းဖန်လုံးကြီးတွင် မှန်သဖွယ် သွားရောက် ထင်ဟပ်နေခြင်းဖြစ်လေသည်။
အကွာအဝေးအရ ကမ္ဘာ၏ပုံရိပ်များသည် ဖန်လုံးဆီရောက်ရှိဖို့ အနှစ် ၈၀ ကြာပေရာ ကမ္ဘာ့ပုံရိပ်များသည် အနှစ် ၈၀ နောက်ကျပြီး ဖန်လုံးမျက်နှာပြင်၌ ထင်ဟပ်နေခဲ့၏။ ထိုပုံရိပ်များကိုပင် ကမ္ဘာမှ ပြန်လည် ဖမ်းယူရရှိရန် အနှစ် ၈၀ ထပ်၍ကြာလေရာ လွန်ခဲ့သောနှစ် ၁၆၀ က အဖြစ်များကို ဖန်လုံးပေါ်၌ မြင်နေရခြင်းဖြစ်ပေ၏။
ဂြိုဟ်ငယ်သည် အမှန်စင်စစ် ကမ္ဘာကြီးအား မှန်တစ်ချပ်သဖွယ် ထင်ဟပ်ပြနေသော ဖန်လုံးကြီးတစ်လုံးသာ ဖြစ်ပါလေသတည်း။
လူသားများကား မိမိတို့ကမ္ဘာကအတိုင်း တစ်သဝေမတိမ်း လိုက်၍ ထင်ဟပ်ဖြစ်ပေါ်နေသော ပုံရိပ်ယောင်များကိုကြည့်ကာ မိမိတို့ကမ္ဘာ၏ ကိုယ်ပွားကမ္ဘာလေးအဖြစ် ထင်မှတ်ခဲ့ကြခြင်းဖြစ်လေသည်။
သိပ္ပံပညာရှင်များက အဖြစ်မှန်ကိုထုတ်ပြန်လိုက်သည့်အခါ မိမိတို့ သည် အမှန်မဟုတ်သော ပုံရိပ်ယောင်တစ်ခုကို စွဲလမ်းငြိတွယ်ခဲ့မိခြင်း ဖြစ် ကြောင်း ကမ္ဘာ့လူသားများ သိလိုက်ရလေ၏။
မည်သို့ပင်ဆိုစေ ခံစားတတ်သောနှလုံးသားပိုင်ရှင် လူသားတို့သည် တစ်ချိန်က အာကာသအတွင်း တည်ရှိခဲ့သော ပုံစံတူကမ္ဘာငယ်လေး အကြောင်းကို လွမ်းဆွတ်တမ်းတစွာ ပြောဆိုနေကြဆဲပင် ဖြစ်လေသည်။
                                                    ဆောင်းလုလင်
ဆောင်းလုလင်-၏ စက်ရုပ်တစ္ဆေ နှင့် သိပ္ပံဝတ္ထုတိုများစာအုပ်မှ ကောက်နှုတ်တင်ပြသည်။

No comments: