Tuesday 18 September 2012

နွေတမာန်- စိတ်၏စေရာ (၀တ္ထုတို)



နွေတမာန်
စိတ်၏စေရာ

အမေရန်ကုန်သို့လာသည့်အခါတိုင်း … ကျွန်တော်တို့မြို့မှ သတင်းများ၊ နောက်ဆုံးအဖြစ်အပျက်များကို ပြောပြတတ်ပါသည်။ အများအားဖြင့် ကျွန်တော်တို့နေထိုင်ရာရပ်ကွက်ထဲက လူများအကြောင်းဖြစ်ပါသည်။ ဘယ်သူဘယ်ဝါဖြင့် ကွယ်လွန်သွားပြီ၊ ဘယ်သူနဲ့ဘယ်သူအိမ်ထောင်ကျတယ်၊ ဘယ်လင်မယားဖြင့်ကွဲသွားကြပြီဆိုသည့်အကြောင်းများပင်။
သူငယ်ချင်းများအကြောင်း၊ ငယ်ပေါင်းကြီးဖော်များအကြောင်း၊ တစ်ရပ်တည်းနေသူများအကြောင်းတွေကို သိခွင့်ရသည့်အတွက် အဘိုးတန် လှပါသည်။ တကယ်တော့ နယ်မြို့ကလေး၏ရပ်ကွက်တစ်ခုမှ သာမန်လူတန်း စားများအကြောင်းကို ယခုလို နေရင်းဒေသက လူကြုံကပြောပြမှသာ သိခွင့်ရတတ်မြဲဖြစ်သည်။
သည်တစ်ခေါက် အမေရန်ကုန်ကိုရောက်လာတော့ ရောက်သည့်ညမှာပင် နာရေးသတင်းတစ်ခုကိုပြောပြသည်။
]]မသိန်းမြိုင်တစ်ယောက်တော့ ဆုံးသွားရှာပြီသားရေ}}
]]ဗျာ- မသိန်းမြိုင်၊ ကျော်ဟိန်းမယားမသိန်းမြိုင်လား အမေ}}
]]အေးပေါ့ကွယ်၊ ဘယ်သူရှိရဦးမှာလဲ၊ ကျော်ဟိန်းမယားမသိန်းမြိုင်ပေါ့ကွဲ့}}

]]အင်း- မသိန်းမြိုင်ကြီးလည်း မငယ်တော့ဘူး၊ အသက်၆၀ကျော်လောက်ရှိရောပေါ့နော်အမေ}}
]]ရှိတာပေါ့၊ အမေတို့ထက်ငယ်လှ လေးငါးခြောက်နှစ်ပေါ့ကွယ်}}
]]သူ့သားကျော်ဟိန်းလေးရော…  ပြန်လာသေးလားအမေ}}
]]လာတာမတွေ့ပါဘူး၊ မနေချင်လို့ထွက်ပြေးသွားမှတော့ ဘယ်ပြန် လာတော့မှာလဲကွယ်၊ သူ့အမေသေတာလည်း ဘယ်သိလိမ့်မလဲ}}
 ကျွန်တော်သည် မသိန်းမြိုင်ကြီးအကြောင်းကို ပြန်တွေးနေမိသည်။ တကယ်တော့ အမေပြောသောမသိန်းမြိုင်ဆိုသူမှာ ကျွန်တော်တို့ရပ်ကွက်ထဲမှ အရူးမကြီးတစ်ယောက်သာဖြစ်ပါသည်။ မသိန်းမြိုင်ကြီးရူးနေသည်ကို ကျွန်တော်လူမှန်းသိတတ်စကတည်းက မြင်ခဲ့ရသည်။
တစ်ရပ်လုံးက မသိန်းမြိုင်ကို အရူးမတစ်ယောက်လို့ ရင့်ရင့်သီးသီး မပြောကြပါ။ မသိန်းမြိုင်ကို ]]ကျော်ဟိန်းမယားမသိန်းမြိုင်}}လို့ပင် ကင်ပွန်း တပ်ခေါ်ဝေါ်ကြလေ၏။
ထိုသို့ခေါ်ဝေါ်သည်မှာလည်း အကြောင်းရှိပေသည်။ မသိန်းမြိုင် ကြီးရူးနေပုံကိုက နည်းနည်းဆန်းနေ၏။ အချို့ကတော့ မသိန်းမြိုင်ကြီးကို ]]လင်တရူး}}ဟုပြောကြသည်။ ဟုတ်မဟုတ်တော့ မသိန်းမြိုင်ကြီး ရူးပုံရူးနည်းကိုကြည့်၍ အကဲဖြတ်ရုံသာရှိလေသည်။
နံနက်မိုးလင်းသည်နှင့် မသိန်းမြိုင်ကြီး သူ့အိမ်ကထွက်လာတတ်သည်။ လမ်းထိပ်ကအုတ်ခုံမှာထိုင်သည်။ တွေ့သမျှ မြင်သမျှလူတွေကို ယောက်ျားနှင့်မိန်းမ တွဲဖက်ကာ သူ့ပါးစပ်ထဲမှာ သူ့သဘောနှင့်သူ ပေးစားနေတတ်သည်။
]]ကွမ်းယာရောင်းတဲ့ မဆစ်တိုနဲ့ ရေထမ်းတဲ့ကုလားဆာမိနဲ့ ညား}}
]]အိမ်သာတွင်းတူးတဲ့ ကိုညိုအေးနဲ့ မုဆိုးမ ဒေါ်စိန်မြနဲ့ ညား}}
]]ဆိုက်ကားသမား မြတ်စံနဲ့ အကြော်သည် မတင်မေနဲ့ ညား}}
]]ကောလိပ်ကျောင်းသား မောင်သက်ဖေနဲ့ ကျောင်းဆရာမ တင်တင်ဝေနဲ့ ညား}}
]]အမဲသားသည် မောင်ကျောက်နဲ့ ဆိတ်သားသည် ခတီမာနဲ့ ညား}}
]]ဖဲသမားအောင်မင်းနဲ့ အငြိမ့်မင်းသမီး မြရတီနဲ့ ညား}}
]]အရက်သမား ငအေးကြီးနဲ့ ခွက်ပုန်းရောင်းတဲ့ မဘုဒိုနဲ့ ညား}}
]]ငါနဲ့ ကျော်ဟိန်းနဲ့ ညား- ဟား- ဟား- ဟား- -}}
တွေ့သမျှ ယောက်ျားမိန်းမများကို ပြောဆိုပေးစားပြီးနောက် နိဂုံး ချုပ်အဆုံးသတ်မှာ ]]ငါနဲ့ကျော်ဟိန်းနဲ့ညား}}နှင့်ချည်း အဆုံးသတ်မြဲဖြစ် လေသည်။
တော်တော်လည်သော အရူးမမသိန်းမြိုင်ပါပေ။ ကျွန်တော်သည် လူမှန်းသိတတ်စကတည်းက မသိန်းမြိုင်ကြီး ရပ်ကွက်ထဲက လမ်းတကာ လှည့်သွားကာ တွေ့တွေ့သမျှ မြင်မြင်သမျှ ယောက်ျားမိန်းမများကို သူ့အာရုံ ထဲတွင်ပေါ်လာသည့်အတိုင်း နှုတ်မှအော်ဟစ်ပေးစားလေ့ရှိတာကို နေ့ရှိသမျှ မြင်တွေ့ခဲ့ရပါ၏။
]]ဗေဒင်ဆရာ ဆရာခနဲ့ နတ်ကတော် စိန်မြညိုနဲ့ ညား}}
]]စက်ချုပ်တဲ့ တင့်အောင်နဲ့ အထည်သည် မအုံးတင်နဲ့ ညား}}
]]ဘိန်းစားကျော်ဆန်းနဲ့ အရပ်ပျက်မ မိကြိုင်နဲ့ ညား}}
]]ငါနဲ့ ကျော်ဟိန်းနဲ့ ညား- ဟား- ဟား- ဟား- -}}
တစ်ခုတော့ရှိသည်။ မသိန်းမြိုင်ကြီး တစ်ယောက်နှင့်တစ်ယောက် လှည့်ပတ်ပေးစားနေသူများမှာ လက်ရှိအခြေအနေတွင် အိမ်ထောင်မရှိသူ များဖြစ်သည်။ အိမ်ထောင်သည်အချင်းချင်းကို မသိန်းမြိုင်ကြီးက ဘယ်တော့မှ ပေးစားပြောဆိုခြင်းမရှိချေ။ လူပျိုအပျိုများ၊ မုဆိုးဖိုမုဆိုးမများ၊ တစ်ခုလပ်တစ်လင်ကွာများကို မသိန်းမြိုင်ကြီးက သိနေသည်။ မသိန်းမြိုင်ကြီးသည် ရပ်ကွက်ထဲမှလူအားလုံးကို နာမည်နှင့်အလုပ်အကိုင် များတွဲ၍မှတ်မိနေပေ၏။
မသိန်းမြိုင်ကြီးနှုတ်မှ ပေးစားခံရသူများမှာ လူလွတ်အချင်းချင်းလည်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်လည်း အလုပ်အကိုင်ချင်း အသက်အရွယ်ချင်း လိုက်ဖက်နေသူများဖြစ်တတ်ပေသည်။
]]နတ်ဆိုင်းတီးတဲ့ စိန်အောင်ဝင်းနဲ့ နတ်ကတော် ခင်ထွေးရီနဲ့ ညား}}
]]ကျောင်းဆရာ ကိုသာဘေးနဲ့ ကျောင်းဆရာမ မယဉ်ကျေးနဲ့ ညား}}
]]ဆရာဝန်ဒေါက်တာတင်ထွဋ်နဲ့ သားဖွားဆရာမ နော်မူယာနဲ့ ညား}}
ထိုသို့ တွဲဖက်ပေးထားသောအတွဲများမှာ လုပ်ငန်းချင်းသဟဇာတ မျှနေသော လိုက်ဖက်ညီသည့်အတွဲများပင်ဖြစ်လေသည်။
မည်သို့ဆိုစေ¼¼ အရူးမတစ်ယောက်က အော်ကြီးဟစ်ကျယ် တစ်ရပ်လုံးကြားအောင် အော်ဟစ်ပေးစားခံရသည့်အတွက် ကာယကံရှင် များကမူ မကြေနပ်ကြသည်က များပေ၏။ ပေးစားခံရသူအချင်းချင်းလည်း တစ်ယောက်မျက်နှာတစ်ယောက် အကြည့်ရခက်အောင်ဖြစ်ကုန်ကြသည်။  အရူးဖြစ်နေတော့လည်း ဘယ်လိုမှ အရေးမယူသာ၊ မပြောသာနှင့် ကြိတ်ခံ နေရသည်။
သည်ကြားထဲမှာ အရူးရေးတဲ့ဖူးစာကြောင့် တကယ်ပင် ]]ညား}} သွားကြသူများရှိပါသေးသည်။
အမဲသားသည် မောင်ကျောက်နဲ့ ဆိတ်သားသည် ခတီမာတို့အတွဲ။
စက်ချုပ်တဲ့ တင့်အောင်နဲ့ အထည်သည် မအုံးတင်တို့အတွဲ။
ကျောင်းဆရာ ကိုသာဘေးနဲ့ ကျောင်းဆရာမ မယဉ်ကျေးတို့အတွဲ များဖြစ်ကြသည်။
ထိုအတွဲများမှာ မသိန်းမြိုင်ကြီး နှုတ်မှပေးစားသောကြောင့် စိတ်ဝင်စားပြီး ယူဖြစ်ကြတာလားဆိုတာတော့ ကာယကံရှင်များသာ သိပေမည်။
မသိန်းမြိုင်ကြီးသည် ရပ်ကွက်ထဲတွင်သာမက၊ တစ်မြို့လုံးကို လျှောက်သွားနေတတ်သည်။ ဈေးထဲလည်းရောက်သည်။ သင်္ဘောဆိပ်လည်း ရောက်သည်။ တစ်ခါတစ်ရံ ကျွန်တော်တို့ကျောင်းကိုပင်ရောက်လာတတ်သေးသည်။
]]ကျောင်းအုပ်ဆရာလူပျိုကြီးနဲ့ မုဆိုးမဆရာမဒေါ်အေးကြည်နဲ့ ညား}}
]]ကျောင်းစာရေးတင်ဆောင်နဲ့ အသုပ်သည် မငြိမ်းအေးနဲ့ ညား}}
]]ငါနဲ့ ကျော်ဟိန်းနဲ့ ညား- ဟား- ဟား- ဟား- -}}
ကျောင်းပတ်ဝန်းကျင်ကလူများကိုလည်း နာမည်ပါရအောင်စုံစမ်းကာ အော်ဟစ်ပေးစားတတ်ပြန်သည်။
ဣနြေ္ဒကြီးသူ၊ ရှက်တတ်သူများက ကြာတော့…  မသိန်းမြိုင်ကြီးနှင့် လမ်းမှာဆုံရတွေ့ရမှာကိုကြောက်လာသည်။ မသိန်းမြိုင်ကြီးကိုမြင်လျှင် ဝေးဝေးကရှောင်ပြေးကြလေ၏။
]]ဆရာဝန်နဲ့နပ်စ်မနဲ့ ညား}}
]]ကျောင်းဆရာနဲ့ဆရာမနဲ့ ညား}}
]]မင်းသားနဲ့မင်းသမီးနဲ့ ညား}}
]]စာရေးနဲ့စာရေးမနဲ့ ညား}}
]]ငါနဲ့ ကျော်ဟိန်းနဲ့ ညား- ဟား- ဟား- ဟား- -}}
တစ်ခါတစ်ရံ တွဲဖက်ပေးစားရန် လူရှာလို့မရလျှင် အထက်ပါအတိုင်း ယေဘူယျသဘော အော်ဟစ်ပေးစားနေတတ်ပြန်၏။
မည်သို့အော်အော်၊ နာမည်တပ်ပြီးတော့ပဲ ပေးစားçပေးစား၊ နာမည်မပါပဲ ပေးစား… ပေးစား …  နောက်ဆုံးနိဂုံးအချုပ်တွင်တော့ သူနှင့်ကျော်ဟိန်း တို့ညားကြလေသတည်းနှင့် အဆုံးသတ်သည်သာဖြစ်သည်။
ထိုကဲ့သို့…  အချိန်ရှိသရွေ့ ယောက်ျားနှင့်မိန်းမ ပေးစားကာ အိမ်ထောင်မှုကိစ္စတစ်ခုတည်းကို စိတ်ဝင်စားရူးသွပ်နေသောကြောင့် ]]လင်တရူး}}ဟုစွတ်စွဲကြခြင်းပင်ဖြစ်လေသည်။
+ + + + + + + + +
မသိန်းမြိုင်နှင့်သူ့မိခင်သည် ရပ်ကွက်ထဲက ခြံလေးထဲတွင်နေထိုင် ခဲ့ကြသည်။ မသိန်းမြိုင်တို့ခြံထဲတွင် သီးပင်စားပင်များစိုက်ပျိုးထားသည်။ သူမ၏မိခင်ကြီးက ထိုသီးနှံများကိုရောင်းချခြင်းဖြင့် စီးပွားရှာခဲ့သည်ဟုဆို သည်။
မသိန်းမြိုင်ကြီး မရူးသွပ်ခင်ကအကြောင်းများကို ကျွန်တော်မသိမီခဲ့ပါ။ ကျွန်တော်လူမှန်းသိတတ်သည့်အချိန်တွင် မသိန်းမြိုင်ကြီးကို ရပ်ကွက် ထဲက အရူးမကြီးတစ်ယောက်အဖြစ် သိမြင်ခဲ့ရခြင်းဖြစ်သည်။ မသိန်းမြိုင်ကြီးမှာ အမေနှင့်အရွယ်ချင်းမတိမ်းမယိမ်းမို့ ငယ်စဉ်က အကြောင်းများကို အမေပြန်ပြောပြ၍သိရခြင်းဖြစ်သည်။
]]မျိုးရိုးလည်း မရှိရှာပါဘူး၊ ငယ်ငယ်တုန်းကတော့ အကောင်းပါ၊ သုံးတန်းလောက်အထိတောင် ကျောင်းနေခဲ့သေးတယ်၊ အပျိုပေါက်လေး ဖြစ်လာမှ တငိုငိုတရယ်ရယ်နဲ့ဖြစ်လာတာ၊ အစပိုင်းက မသိသာသေးဘူး၊ အသက်နှစ်ဆယ်လောက်ရောက်တော့ ခုလိုအခြေအနေဖြစ်သွားတာပဲ၊ သူ့ အမေဆုံးသွားတဲ့အချိန်မှာ ပိုဆိုးသွားတာ၊ ဆွေမျိုးသားချင်းလည်း မရှိတော့ ကုဖို့သဖို့ ကူညီပေးမယ့်လူလည်း မရှိဘူးလေ၊ သနားစရာပါကွယ်}}
တကယ်တော့ မသိန်းမြိုင်ကြီးသည် အရူးဆိုသော်လည်း ဘယ်သူ့ကိုမှဒုက္ခမပေး။ ရုန်းရင်းကြမ်းတမ်းခြင်းလည်းမရှိ။ ဆဲဆိုခြင်းလည်း မရှိပေ။ ညစ်ညစ်ညမ်းညမ်းလည်းမနေ။ သနပ်ခါးဘဲကြားကြီးအမြဲလိမ်းကာ အဝတ် အစားကိုလည်း သပ်သပ်ရပ်ရပ်ပင်ဝတ်ဆင်တတ်လေသည်။
မိခင်နှင့်နေထိုင်ခဲ့သော ခြံလေးထဲမှတဲအိမ်လေးမှာပင် မသိန်းမြိုင်ကြီးက တစ်ယောက်တည်းနေသည်။
မသိန်းမြိုင်ကြီးခြံထဲမှာ သီးပင်စားပင် အတော်များများရှိသည်။ ဇီးသီးပေါ်ချိန်၊ မကျည်းသီးပေါ်ချိန်များမှာ လာခူးနေကျဖောက်သည်များက အပင်လိုက်ခူးဆွတ်ကာ မသိန်းမြိုင်ကြီးကို သင့်တော်သလို မုန့်ဖိုးပေးသွား တတ်၏။
မသိန်းမြိုင်ကြီးသည် ဘယ်တော့မှချက်ပြုတ်မစားချေ။ မနက်မိုး လင်းသည်နှင့် ရေမိုးချိုးဖီးလိမ်းပြင်ဆင်ကာ လမ်းတကာလျှောက်သွားနေ တတ်သည်။ တွေ့သမျှလူကို တစ်ယောက်နှင့်တစ်ယောက်ပေးစားနေတတ် သည်။
ကျွန်တော်တို့ကလေးများက ကျောင်းပိတ်ရက်ဆိုလျှင် မသိန်းမြီုင် ကြီးခြံထဲသွားကာ ဆော့ကစားကြသည်။ ဇီးသီနှင့်ကုလားမကျည်းသီးများ ကိုခူးဆွတ်စားကြသည်။ မသိန်းမြိုင်ကြီး ရှိရှိ… မရှိရှိ၊ တခါးမရှိသောခြံထဲသို့ ဝင်ချင်သလိုဝင်လို့ရပေသည်။
မသိန်းမြိုင်ကြီးသည် ကလေးများကိုချစ်တတ်သည်။ ကလေးများ သူ့ခြံထဲလာဆော့တာ၊ အသီးတွေခူးဆွတ်စားတာကို ဘာမှမပြော။ သူ့မှာ ပိုက်ဆံရှိလျှင် ကလေးတွေကို တစ်ယောက်ငါးပြား၊ ဆယ်ပြား၊ တစ်မတ် စသည်ဖြင့် မုန့်ဖိုးပေးသေးသည်။
ရပ်ကွက်ထဲက ကျွန်တော်တို့ကလေးများသည် မသိန်းမြိုင်ကြီးကို ခင်ကြ၏။
မသိန်းမြိုင်ကြီးက ကလေးများကိုဘာမှမပြော။ မဟန့်တား။ သူ့ ဟာသူ နှုတ်မှတတွတ်တွတ်ရေရွတ်ကာ အရွယ်ရောက်ပြီးယောက်ျားနှင့်မိန်းမ များကိုပေးစားနေတတ်လေသည်။
]]ရွှေဘုံသာဘုရားက ဂေါပကလူကြီးနဲ့ ဘုရားမှာပန်းရောင်းတဲ့ ကောင်မလေးနဲ့ ညား}}
]]မိန်းမလျာလှမြင့်နဲ့ ယောက်ျားလျာ တင်အေးမာနဲ့ ညား}}
]]လက်ဖက်ရည်ဖျော်တဲ့ကုလားနဲ့ အကြော်ရောင်းတဲ့ကုလားမနဲ့ ညား}}
]]ငါနဲ့ ကျော်ဟိန်းနဲ့ ညား- ဟား- ဟား- ဟား- -}}
]]မသိန်းမြိုင်ကြီး၊ ခင်ဗျားက လည်လိုက်တာဗျာ၊ ခင်ဗျားက    ကိုယ့်ကိုကိုယ်ကျတော့ ကျော်ဟိန်းနဲ့ချည်း ပေးစားတယ်၊ တခြားလူတွေကို    ခင်ဗျားမကြိုက်ဘူးလားဗျ}}
]]ကြိုက်ပေါင်တော်၊ ငါ့ရည်းစားက ကျော်ဟိန်း၊ ငါ့လင်က ကျော်ဟိန်း၊ ကျော်ဟိန်းပဲငါချစ်တယ်၊ ကျော်ဟိန်းက ငါ့ယောက်ျား}}
]]ခင်ဗျား ဝင်းဦးမကြိုက်ဘူးလားဗျ}}
]]မကြိုက်ပေါင်၊ နှုတ်ခမ်းမွေးကြီးနဲ့}}
]]ညွန့်ဝင်းတို့ ဇော်ဝမ်းတို့ရော}}
]]မကြိုက်ပေါင်၊ ကျော်ဟိန်းမှကျော်ဟိန်းပဲ၊ ကျော်ဟိန်းကို ငါသစ္စာမဖောက်ဘူး၊ ကျော်ဟိန်းက ငါ့ကိုသိပ်ချစ်တာဟဲ့}}
လည်လည်းလည်တဲ့ အရူးပါးပါပေ။
ကျော်ဟိန်းဇာတ်ကားများရုံတင်လျှင်လည်း မသိန်းမြိုင်ကြီးက မလွတ်တန်းကြည့်လေသည်။ ကျွန်တော်တို့မြို့ကရုပ်ရှင်ရုံလေးမှာ တောရုံဖြစ် ရာ အတန်းနှစ်တန်းသာရှိလေသည်။ ရှေ့တန်းနှင့်နောက်တန်းဟူ၍ဖြစ်သည်။ ထိုစဉ်က ရှေ့တန်းပြားငါးဆယ်၊ နောက်တန်း တစ်ကျပ်ပေးရသည်။ နောက်တန်းမှာသာ ခုံတန်းနှင့်ခုံနံပါတ်နှင့်ဖြစ်သော်လည်း ရှေ့တန်းမှာ ခုံများချမထားပေ။ သံမံတလင်းခင်းအတိုင်းထားကာ ဖျာကြမ်းများကို ဘေးမှာပုံပေးထား၏။ ရုပ်ရှင်ကြည့်သူက ကိုယ်ဖာသာ ဖျာယူ၍ခင်းထိုင်ရသည်။
မသိန်းမြိုင်ကြီးသည် ကျော်ဟိန်းကားရုံတင်လျှင် ပြားငါးဆယ်တန်း ရှေ့တန်းသို့ ပိုက်ဆံမပေးပဲစွတ်ဝင်သွားသည်။ လက်မှတ်စောင့်များကလည်း မသိန်းမြိုင်ကြီးအကြောင်းကိုသိနေ၍ မတားမြစ်ကြပေ။ မသိန်းမြိုင်ကြီးက ကျော်ဟိန်းကားကို တစ်ခါတစ်ရံ ညစဉ်ရက်ဆက်ကြည့်လေ၏။
သည်လိုနှင့် တစ်ချိန်တွင် မသိန်းမြိုင်ကြီး၌ကိုယ်ဝန်ရှိလာသည်။ဆန်းပြားသောအဖြစ်တော့မဟုတ်ပါ။ အရွယ်ကလည်း အရွယ်ကောင်း။ ရုပ်ရည်လေးလည်း အသင့်အတင့်ရှိသည်။ ရူးနေသော်လည်း သပ်သပ်ရပ်ရပ်နေတတ်သောမိန်းမတစ်ယောက်ကို ဆိတ်ကွယ်ရာတွင် စော်ကားမော်ကား ပြုလိုသည့်ယောက်ျားမျိုး တစ်ယောက်တော့ ရှိပေမည်။ တစ်ယောက်မကလည်း ဖြစ်နိုင်ပေသည်။
မသိန်းမြိုင်မှာကိုယ်ဝန်ဆောင်ထားရသည့်အရိပ်အယောင်များကို မြင်တော့ ရပ်ကွက်ထဲက ကျွန်တော့်အမေအပါအဝင် မိန်းမကြီးများက တိုးတိုးတိတ်တိတ်မေးမြန်းခဲ့ကြလေသည်။
]]ဘယ်သူနဲ့ဖြစ်တာလဲ}}ဆိုသည့်မေးခွန်းကို ]]ကျော်ဟိန်းနဲ့ဖြစ်တာပါ}}လို့ ရယ်ရယ်မောမောပင် ပြန်ဖြေခဲ့ပါသတဲ့။
]]သိန်းမြိုင်၊ ညီး ဒီကိုယ်ဝန်ဘယ်သူနဲ့ရတာလဲ၊ ညီး ဘယ်သူနဲ့ အတူတူအိပ်ခဲ့လဲ၊ ညီး ကလေးမွေးရတော့မယ်ဆိုတာ သိသလား}}
]]သိသားပဲ၊ ဗိုက်ကြီးရင် ကလေးမွေးရမှာပေါ့}}
]]ဒီဗိုက်ဘယ်သူနဲ့ရတယ်ဆိုတာ ငါတို့ကိုပြောစမ်း၊ ငါတို့ တရားသဖြင့်ဖြစ်အောင် လုပ်ပေးမယ်}}
]]အို…  အစ်မတို့ကလည်း၊ ဘယ်သူနဲ့ရရမှာလဲ၊ ကျွန်မယောက်ျားကကျော်ဟိန်းလေ၊ ဒီဗိုက်က ကျော်ဟိန်းနဲ့ရတဲ့ဗိုက်ပေါ့}} 
]]အေး- အဲဒီကျော်ဟိန်းနဲ့ ညီးဘယ်မှာတွေ့ခဲ့သလဲ၊ ဘယ်နေရာမှာညားခဲ့သလဲ၊ ငါတို့ကိုပြောစမ်း}}
]]ရုပ်ရှင်ကြည့်ပြီး ကျွန်မပြန်လာတော့ ကိုကျော်ဟိန်းက ကျွန်မနောက်ကိုလိုက်လာတာတော့- ဟီဟီ၊ အိမ်မှာတစ်ညလုံးအိပ်ပြီး မနက်မိုး လင်းခါနီးမှသူကပြန်တာ၊ ညကျတော့ ရုပ်ရှင်ထဲမှာပါရဦးမှာမို့လို့ ပြန်နားဦးမယ်တဲ့}}
]]ဘုရား-ဘုရား- အဲဒါ တကယ့်ကျော်ဟိန်းမဟုတ်မှန်း ညီး မသိဘူးလားအေ}}
]]တကယ့်ကျော်ဟိန်းပါတော်၊ တကယ်ကျော်ဟိန်းမို့လို့ ကျွန်မ နောက်လိုက်လာတာပေါ့}}
မသိန်းမြိုင်အပြောဖြင့်ပင် တကယ်ဖြစ်ရပ်၏ရုပ်လုံးက ထင်ပေါ်လာလေသည်။ တစ်စုံတစ်ဦးသည် မသိန်းမြိုင်ကို ကျော်ဟိန်းအယောင်ဆောင် ကာ သားမယားပြုကျင့်ခဲ့ခြင်းပင်ဖြစ်တော့သည်။ ထိုသူသည် မည်သူလဲ။ မသိန်းမြိုင်ကတော့ ကျော်ဟိန်းအစစ်ပါလို့ချည်းပြောနေသည်။ ကျော်ဟိန်း အစစ်လို့ထင်ရအောင် ထိုသူသည် ရူးနေသောမသိန်းမြိုင်ကို မည်သို့လှည့်စားခဲ့ပါလိမ့်။
အရပ်ထဲမှလူများစုဝေးကာ မသိန်းမြိုင်ခြံထဲတွင် ပုန်းကွယ်ရင်း တစ်ညလုံးစောင့်ကြည့်ကြသည်။ လေးငါးညဆက်တိုက်စောင့်ကြည့်ကြသည်။ မသိန်းမြိုင်၏ ကျော်ဟိန်းအယောင်ဆောင်လူယုတ်မာသည် ရောက်မလာခဲ့တော့ပါ။ မသိန်းမြိုင်ကိုစွန့်ခွာသွားခဲ့တာလား။ လူများစောင့်ကြည့်နေမှန်း သိ၍ မလာတော့တာလား။ စောင့်ကြည့်နေသောလူအများထဲတွင်ပင် ကျော်ဟိန်းအယောင်ဆောင်သူပါခဲ့လေသလား။ ကျော်ဟိန်းအယောင်ဆောင် ပုဂ္ဂိုလ်မှာ တစ်ဦးတည်းရော ဟုတ်ပါလေစ။
မည်သို့ပင်ဆိုစေ… မသိန်းမြိုင်ကိုခြေတော်တင်ခဲ့သော ကျော်ဟိန်းကိုယ်ခွဲသည် မည်သူဖြစ်ကြောင်းမပေါ်ပေါက်ခဲ့ပါ။
အချိန်တန်သောအခါ မသိန်းမြိုင်ကြီးသည် ကလေးတစ်ယောက်ကို မွေးဖွားခဲ့လေသည်။ ကလေးက ယောက်ျားလေး။ အဖေမပေါ်သောကလေး ကို အရပ်က သူ့မိခင်မသိန်းမြိုင်လက်သုံးစကားအတိုင်း ကျော်ဟိန်းသားဟု သတ်မှတ်ကာ ]]ကျော်ဟိန်းလေး}}ဟု နာမည်ပေးခေါ်ဝေါ်ခဲ့ကြလေသည်။
ထိုအဖြစ်များသည် ကျွန်တော်ခုနစ်တန်းနှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်များဖြစ်ပါ၏။ ငယ်သေး၍ အလုံးစုံနားမလည်သေးချေ။ ယခုကဲ့သို့ အသေးစိတ်ဖော်ပြနိုင်သည်မှာ နောင်ကြီးလာတော့မှ လူကြီးများပြန်ပြောသောစကားအရ ပြောနိုင်ခြင်းဖြစ်ပါသည်။
မသိန်းမြိုင်ကြီးကတော့ ]]ကျော်ဟိန်းလေး}}ကိုပွေ့ပိုက်ကာ လမ်းတကာထွက်ဆဲ။ တွေ့သမျှလူများကို သူ့သဘောနှင့်သူအော်ဟစ်ပေးစားမြဲ။ သူမ၏နောက်ဆုံးနိဂုံးချုပ်စကားမှာလည်း- ]]ငါနဲ့ကျော်ဟိန်းနဲ့ညား}}ဖြစ်စမြဲပင်တည်း။
ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ ရန်ကုန်မှာ တက္ကသိုလ်ဆက် တက်ဖြစ်သည်။ ထိုအချိန်မှစ၍ ဇာတိမြို့ကလေးနှင့်ကင်းကွာသွားသည်ဟု ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် တက္ကသိုလ်တက်ချိန် မှစ၍ ဇာတိမြို့သို့ ရက်ရှည်ရှည်ကြာကြာပြန်မရောက်တော့သောကြောင့် ဖြစ်သည်။
ဘွဲ့ရအပြီးတွင် ဘွဲ့လွန်ဆက်တက်သည်။ ဘွဲ့နှစ်ခုရအပြီးမှာ ရန်ကုန်မှာပဲ အစိုးရအလုပ်ဝင်လုပ်ဖြစ်သည်။ ထို့နောက် အိမ်ထောင်ကျသည်။ သည်လိုနှင့် ဇာတိရပ်ရွာနှင့်ကင်းကွာခဲ့ရခြင်းဖြစ်သည်။ သုံးလေးနှစ်နေမှ တစ်ခါလောက်သာ အလည်အပတ်ရောက်ဖြစ်တော့သည်။ ရောက်တော့လည်း လေးငါးရက်(သို့မဟုတ်)တစ်ပတ်လောက်သာနေဖြစ်သည်။
မသိန်းမြိုင်ကြီးကတော့ ရှိနေဆဲပင်။ လမ်းတကာလည်ကာ လူလွတ်မှန်သမျှကို ပါးစပ်နှင့်ဖူးစာရေးပေးနေမြဲပင်။ သူမ၏နိဂုံးချုပ်စကားသည် လည်းပြောင်းမသွားခဲ့။ ]]ငါနဲ့ကျော်ဟိန်းနဲ့ညား}}မြဲပင်တည်း။
ကျွန်တော်နောက်ဆုံးမြင်တွေ့ခဲ့သည့်အခေါက်တွင် ကျော်ဟိန်းလေးပင် အတော်ကြီးပြင်းလူလားမြောက်နေပေပြီ။
+ + + + + + + + +
တစ်နှစ်နွေရာသီတွင် တူများရှင်ပြုပွဲရှိ၍ နေရပ်သို့ကျွန်တော်ပြန်ဖြစ်ခဲ့သည်။ အလှူရှိနေ၍ဆယ်ရက်ကြာအောင်နေဖြစ်ခဲ့သည်။
ရှင်ပြုအလှူကို အိမ်ရှေ့တွင် မဏ္ဍပ်ထိုး၍ကျင်းပရာ အလှူနေ့က တစ်ရက်သာဖြစ်သော်လည်း မဏ္ဍပ်ထိုးခြင်း၊ အလှူအတွက်ပြင်ဆင်ခြင်း များအတွက် တစ်ပတ်လောက်အချိန်ယူရသည်။ အိမ်မှာလည်း ဆွေမျိုးများ လူစုံရှိနေကာ အရပ်ထဲမှလာကူကြသူများဖြင့် စည်ကားနေပေသည်။
ထိုပွဲတွင် အလှူအတွက်လိုအပ်သောရေများကို ဆိုင်းထမ်းဖြင့် ထမ်းကာ အခေါက်ခေါက်အခါခါ သယ်ပို့ဖြည့်ဆည်းပေးနေသောလူငယ်လေး ကို ကျွန်တော်သတိထားမိလိုက်သည်။
ကျော်ဟိန်း။ ရုပ်ရှင်မင်းသားကျော်ဟိန်းအစစ်ကို အပြင်မှာမြင်လိုက်ရသကဲ့သို့ ကျော်ဟိန်းနှင့်တူလွန်းလှသောလူငယ်လေး။ အနည်းငယ် ဂင်တိုတိုရှိသောဟန်၊ လမ်းလျှောက်ပုံ၊ မျက်လုံးကြည့်ပုံများအားလုံးက ကျော်ဟိန်းနှင့်တူလှပေသည်။
ကျွန်တော်သည် မြင်မြင်ချင်း သူ့ကိုသိလိုက်သည်။
]]အဲဒါ ကျော်ဟိန်းလေးမဟုတ်လား မမ}}
အနားမှာရှိသည့်အစ်မကြီးကို မေးလိုက်သည်။
]]ဟုတ်တယ်လေ၊ မသိန်းမြိုင်ကြီးသား ကျော်ဟိန်းလေးပေါ့}}
]]သူ- သူက ဘာလို့ တကယ့်ကျော်ဟိန်းနဲ့တူနေရတာလဲဟင်}}
]]အဲဒါပေါ့မောင်လေးရယ်၊ မသိန်းမြိုင်ကြီး ကျော်ဟိန်းရူးရူးနေတာကို ကလေးတစ်ယောက်ရတဲ့အထိ အမှတ်မထင်ပဲ၊ ကျော်ဟိန်းလေး အရွယ်ရောက်လာပြီး တကယ့်မင်းသားကျော်ဟိန်းနဲ့ချွတ်ဆွတ်တူနေတော့ လူတွေအံ့ဩကုန်ကြတယ်လေ၊ တစ်မြို့လုံးပဲ အံ့ဩကြတယ်}}
ကျွန်တော်တို့မောင်နှမပြောနေသည့်စကားများကိုကြားကာ မဏ္ဍပ်တွင်ရောက်နေသူများက မသိန်းမြိုင်နှင့်ကျော်ဟိန်းလေးတို့အကြောင်းကို အသစ်အဆန်းလို ပြန်ဆွေးနွေးလာကြလေသည်။
]]အဲဒါပေါ့ ငါ့တူရဲ့၊ သိန်းမြိုင်ကလေးတစ်ယောက်ရတော့ ယောက်ျားတစ်ယောက်ယောက်က စော်ကားခဲ့လို့ဆိုတာ ရှင်းတယ်လေ၊ ဘာမှမဆန်းဘူး၊ ဟော- ကျော်ဟိန်းလေးအရွယ်ရောက်လာတော့ တွေးစရာတွေကရှိလာရော၊ ကျော်ဟိန်းလေးဟာ ကျော်ဟိန်းနဲ့ဘာလို့တူ နေရတာလဲ ဆိုတာပေါ့၊ တူတာမှ အရွယ်ရောက်လာလေ တစ်နေ့တစ်ခြားကို တူတူလာတာ မောင်}}
]]မသိန်းမြိုင်ကြီးနဲ့ဖြစ်ခဲ့တဲ့လူက ကျော်ဟိန်းနဲ့တူလို့များလားဗျာ}}
]]တို့တစ်မြို့လုံးမှာ ကျော်ဟိန်းနဲ့တူတာ ဘယ်သူရှိလို့တုန်းကွာ}}
]]အင်း- ဆန်းတော့ဆန်းတာပဲ}}
ရေထမ်းနားနေချိန်တွင် ကျွန်တော်က ကျော်ဟိန်းလေးနားသွားကာ စကားပြောခဲ့သေးသည်။
]]ကျော်ဟိန်းလေး၊ မင်းအမေမသိန်းမြိုင်ကြီးနေကောင်းလားကွ၊ အလှူကိုလာခဲ့ဖို့ပြောလိုက်ပါဦး၊ ငါက မင်းအမေခြံထဲမှာ ငယ်ငယ်က ကစားခဲ့တာပေါ့၊ မသိန်းမြိုင်ကြီးတောင် ငါ့ကိုမှတ်မိပါဦးမလားမသိဘူး}}
ကျွန်တော်စကားသွားပြောသည်ကို ဘာမျှပြန်မပြောပဲ မှုံတေတေ ပြန်ကြည့်သည်။ မှုံတေတေကြည့်ဟန်ကပင် ကျော်ဟိန်းအစစ်နှင့်တူနေပြန် ၏။
ကျော်ဟိန်းလေးက ထမ်းပိုးနှင့်ရေပုံးကိုမçကာ-
]]ကျွန်တော်ရေထမ်းရဦးမယ်}}
-ဟုဆိုပြီး ထထွက်သွားလေသည်။
]]ကျော်ဟိန်းလေးက ဘယ်သူနဲ့မှအရောမဝင်ဘူး၊ သူ့ကို မသိန်းမြိုင်သားလို့သိနေကြတာကို ကြိုက်ပုံမရဘူး၊ သူ့အမေက အရူးမကြီးဆို တော့ ရှက်တယ်ထင်ပါရဲ့ဟယ်}}
]]ဪ- ဒီကောင်လေး ကျောင်းတွေဘာတွေရော နေရရဲ့လား၊ စာကောတတ်ရဲ့လားဟင်}}
]]အရပ်ကဝိုင်းထားပေးလို့ လေးတန်းအထိနေဖူးတယ်၊ ခုတော့ သူ့အမေကို ရေထမ်းကျွေးနေတာပဲလေ}}
]]ဒါတော့ ဘယ်ဆိုးလို့လဲ၊ သူ့အသက်-အင်း ..ကျွန်တော် ခုနစ်တန်းနှစ်လောက် သူ့ကိုမွေးတာဆိုတော့ ၁၅နှစ်လောက်တော့ရှိရောပေါ့နော်}}
+ + + + + + + + +

အလှူမှာကျော်ဟိန်းလေးကိုသိခဲ့ပြီးနောက်ပိုင်း…  နောက်တစ်နှစ်လောက်အကြာတွင် အမေရန်ကုန်လာတော့ ကျော်ဟိန်းလေးမြို့ကနေ ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရသည်။
]]သူ့အမေကို အပြင်အထွက်မခံဘူး၊ သိန်းမြိုင်က လမ်းတကာလျှောက်ပြီး လူတွေကိုပေါက်ကရလျှောက်ပေးစားနေတော့ ကျော်ဟိန်းလေး က ရှက်တယ်လေ၊ သိန်းမြိုင်ကြီးကလည်း သူ့ဝသီဖြစ်နေပြီကိုး၊ အပြင်မထွက်ပဲမနေနိုင်ဘူး၊ သူ့ထုံးစံအတိုင်း မိုးလင်းမိုးချုပ် လျှောက်သွား…  လူတကာကို ပေးစားနေတာပဲ၊ သားအမိနှစ်ယောက်က တကျက်ကျက်နဲ့၊ ကြာတော့ ရှက်လို့ထွက်ပြေးသွားတာပဲဖြစ်မှာ}}
]]မသိန်းမြိုင်ကြီးက ဘာပြောလဲအမေ၊ သူ့သားပျောက်သွားတာကို}}
]]သူ့အဖေဆီသွားတာနေမှာပေါ့၊ သွားပေစေတဲ့}}
]]ဟင်-}}
+ + + + + + + + +
ခုတော့ … …  မသိန်းမြိုင်ကြီး သေရှာလေပြီ။
ကျော်ဟိန်းလေး အိမ်ကထွက်ပြေးသွားတာလည်း ဆယ်နှစ်ဆယ် မိုးမကတော့။
]]ကျော်ဟိန်းလေးလည်း လုံးဝပြန်ပေါ်မလာတော့ဘူးလားအမေ}}
]]မလာတော့ပါဘူးကွယ်}}
]]သူ့အမေသေတာလည်း ဘယ်သိမလဲနော်၊ ခုဆို ကျော်ဟိန်းလေးတောင် အသက်သုံးဆယ်နီးပါးရှိရော့မယ်}}
]]ဒီလိုပါပဲသားရယ်၊ ဘ၀ဆိုတာ မွေးချိန်နဲ့သေချိန်ကြားမှာ ပုံစံအမျိုးမျိုးနဲ့ရှင်သန်ကြရတာ၊ ကိုယ့်ကံတရားနဲ့ကိုယ်ပေါ့၊ နောက်ဆုံးတော့ လည်း လူတိုင်း ဒီလမ်းကိုသွားကြရမှာပဲမဟုတ်လား၊ ရူးတဲ့လူရော၊ ကောင်းတဲ့လူရော၊ သူဌေးရော၊ ဆင်းရဲသားရော¼¼ တစ်နေ့တော့ သေကြရ မှာချည်းပဲလေ}}
အမေက သံဝေဂစကားကိုဆိုသည်။
]]ဒါနဲ့အမေ… ကျော်ဟိန်းလေးက ကျော်ဟိန်းနဲ့တူနေတာ မဆန်းလွန်းဘူးလားဟင်၊ မသိန်းမြိုင်ကြီးနဲ့ဖြစ်ခဲ့တဲ့လူဟာ ကျော်ဟိန်းနဲ့တူလို့ များလား၊ ဒါလည်း မဖြစ်နိုင်ဖို့များပါတယ်၊ ကျွန်တော်တို့မြို့မှာ ကျော်ဟိန်းနဲ့ဒါလောက်တူတဲ့လူမျိုး ရှိမှမရှိပဲ၊ နော်-အမေ}}
]]စိတ်ပေါ့သားရယ်၊ သိန်းမြိုင်က ကျော်ဟိန်းကိုစွဲလမ်းနေတာ မဟုတ်လား၊ ကျော်ဟိန်းကို သူ့ယောက်ျားလို့ကို သူ့စိတ်က သတ်မှတ်ထား တာကိုး၊ မြောက်ပိုင်းကွက်သစ်က မချိုလေးဟာ ကလေးမွေးတော့ မွေးလာတဲ့ကလေးက ခြေနှစ်ဖက်လက်နှစ်ဖက်ပါမလာဘူးလေ၊ ဒါကိုလူတွေက သူတို့ အိမ်မှာထားတဲ့အရုပ်ကြောင့်လို့ပြောကြတယ်၊ အရုပ်က သစ်သားကို ကလေးရုပ်ပေါ်အောင်ဆေးချယ်ထားတဲ့အရုပ်၊ ခြေလက်တွေမပါဘူး၊ ဒီအရုပ်ကို နေ့တိုင်းမြင်နေရလို့ မွေးလာတဲ့ကလေး ဒီလိုဖြစ်ရတာတဲ့၊ ဟုတ်-မဟုတ် တော့ ဘုရားမှသိမယ်၊ နိုင်ငံခြားမှာလည်း ကပ္ပလီရုပ်ကလေးကို အိမ်ခန်းထဲမှာထားနေကျ အင်္ဂလိပ်မတစ်ယောက်ဟာ မွေးလာတော့ အသားမည်းမည်းကပ္ပလီကောင်လေးမွေးလာတယ် ဆိုတယ်မဟုတ်လား၊ သိန်းမြိုင်ကြီးလည်း ဒီလိုနေမှာပေါ့၊ ဘယ်သူနဲ့ဖြစ်ခဲ့ဖြစ်ခဲ့ သူ့အာရုံက သူ့ယောက်ျားဟာ ကျော်ဟိန်းပါလို့သတ်မှတ်ထားတော့ မွေးလာတဲ့ကလေးဟာ ကျော်ဟိန်းနဲ့တူနေတာပဲဖြစ်ရမယ်၊ အမှန်ကိုတော့ ဘုရားမှသိမှာပဲသားရေ}}
အမေပြောသည့်စကားကို ကျွန်တော်စဉ်းစားနေမိသည်။
မည်သို့ပင်ဆိုစေ…  ဒေါ်သိန်းမြိုင်ကြီးသည် သေသည်အထိ  သူမသည် ကျော်ဟိန်းနဲ့ညားခဲ့သည်ဟု သူ့စိတ်ထဲမှာ ယုံကြည်သွားခဲ့သည်။ ကျော်ဟိန်းကိုသူ့ယောက်ျားလို့ပင် သေတဲ့အထိမှတ်ယူသွားခဲ့သည်။
တကယ့်အမှန်မဟုတ်သော်လည်း ရူးနေသောမသိန်းမြိုင်ကြီးအဖို့တော့ သူ့တစ်ကိုယ်တော် စိတ်ချမ်းမြေ့ကြေနပ်ဖွယ်သုခကို ခံစားခဲ့ရမည် အမှန်ပင်။
စိတ်သည် ဆန်းကြယ်လှပေစွ။
ကျွန်တော့်အတွေးထဲ၌ မသိန်းမြိုင်ကြီး အော်ဟစ်နေကျစကားလုံးများကို ကြားယောင်နေမိလေသည်။
“ငါနဲ့ ကျော်ဟိန်းနဲ့ ညား- ဟား- ဟား- ဟား- -“
+ + + + + + + + +
                                                                               နွေတမာန်

No comments: