Tuesday 18 September 2012

ဆောင်းလုလင်- မာယာရှင်ဝိညာဉ်မ (မဂ္ဂဇင်းဝတ္ထုရှည်)



ဆောင်းလုလင်
မာယာရှင်ဝိညာဉ်မ

ဖိုးသာအောင်တို့ယာတောမှ စိုင်းဇော်ဇော် ကားမောင်း၍ပြန်လာချိန်မှာ နေဝင်ရီတရောအချိန်ဖြစ်သည်။ ထိုအချိန်တွင် စိုင်းဇော်ဇော်၏ထုံးစံအတိုင်း ယမကာတန်ခိုးဖြင့် မူးယစ်နေပြီဖြစ်သည်။
ဖိုးသာအောင်က ယာတောထိပ်ကလမ်းမပေါ်အထိ လိုက်ပို့ရင်းမှ နှုတ်ဆက်စကားပြောလိုက်သည်။
]]သူငယ်ချင်း ဖိုးဇော်၊ ဖြောင့်ဖြောင့်တန်းတန်း မောင်းပြန်နော်။ လမ်းမှာ ဟိုဝင်ဒီထွက် လုပ်မနေနဲ့}}
]]အေးပါကွာ၊ လမ်းမကြီးကလည်း ဖြောင့်ဖြူးနေတာပါ။ ငါအရက်မူး ပေမဲ့ ဘယ်တုန်းကများ မှားဖူးလို့လဲ၊ စိတ်ချပါ၊ သွားမယ်သူငယ်ချင်း}}
စိုင်းဇော်ဇော်က ဖိုးသာအောင်ကို နှုတ်ဆက်ကာ ကားကို မောင်းထွက်ခဲ့လေသည်။ စိုင်းဇော်ဇော်ပြောသလိုပင် ကားလမ်းမကြီးက ဖြူးဖြောင့်နေ ပါသည်။ ဖိုးသာအောင်တို့ရွာမှာ ရွာဆိုသော်လည်း မြို့နှင့်ဆယ်မိုင်မျှသာ လှမ်းသည်။ အလှမ်းမဝေးသလို လမ်းခရီးကလည်း သာယာပါသည်။ ဆည် မြောင်းဌာနမှ ဖောက်လုပ်ထားသော တူးမြောင်းရှည်ကြီးက ဖိုးသာအောင်တို့ ရွာကို ဖြတ်သွားသောကြောင့် တူးမြောင်းဘေးမှကပ်လျက် ဖောက်လုပ်ထား သော ကျောက်ကြမ်းလမ်းမှာ ညီညာရုံမက ဖြောင့်ဖြူးလှပေသည်။ တူးမြောင်း ကြီးမှာ ဆည်ကြီးဆီမှ ဆွယ်ထားသော ရေမြောင်းကြီးဖြစ်ပြီး ပတ်ဝန်းကျင်ရွာ အားလုံးရှိ လယ်ကွင်းများ ယာတောများဆီသို့ ရေများ ပို့လွှတ်ပေးလေ သည်။

ဆည်မြောင်းဌာနကျေးဇူးကြောင့် ဖိုးသာအောင်တို့ရွာရော ပတ်ဝန်းကျင်ရွာများပါ ရေအတွက်မပူပင်ရဘဲ စိုက်ရေးပျိုးရေး ဖြစ်ထွန်းလျက် ရှိ ပေသည်။
စိုင်းဇော်ဇော်သည် ညနေခင်း နေဝင်ရီတရော မှောင်ရီသန်းစအချိန်တွင် ရွာမှ ကတ္တရာလမ်းမကြီးပေါ်အရောက် တူးမြောင်းဘေးလမ်းတစ်လျှောက် အေးအေးလူလူ မောင်းနှင်လာခဲ့လေသည်။ လုံးလုံးကြီးမမှောင်သေး သည့်အတွက် ကားရှေ့မီးများကိုပင် ဖွင့်စရာမလိုသေးပေ။
တူးမြောင်းဘေးလမ်းမှာ ရွာများသို့သွားရာလမ်းဖြစ်သည့်အတွက် အသွားအလာမများလှပေ။ မော်တော်ကားဆို၍ စိုင်းဇော်ဇော်၏ကားတစ်စီး သာ မြို့သို့သွားသော အဝေးပြေးလမ်းမကြီးဆီ ရှေးရှုမောင်းနှင်လာလေသည်။
လမ်းမ၏တစ်ဖက်မှာ အင်္ဂတေဖြင့် သေသပ်စွာဖောက်လုပ်ထား သော တူးမြောင်းကြီးဖြစ်ကာ၊ အခြားတစ်ဖက်သည် ရှေးယခင်ကတည်းက ရှိခဲ့သော သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးများ ဖြစ်လေသည်။ တောလမ်းခရီး ဖြစ်သော်လည်း လမ်းဖြောင့်ဖြောင့်ဖြူးဖြူးနှင့် သဘာဝကျေးလက် အလှအပ များကို ခံစားနိုင်သော ကြည်နူးဖွယ်ရှုခင်းများ အပြည့်ရှိလေသည်။
ထိုကဲ့သို့ မြို့နှင့်ဆယ်မိုင်ခန့်သာလှမ်းခြင်း၊ သွားရေးလာရေးမခက်ခဲခြင်း၊ သဘာဝတောတောင်ရေမြေမှာ သာယာကြည်နူးဖွယ်ကောင်းခြင်းတို့က သမီးရည်းစားစုံတွဲများကို ဆွဲဆောင်နေသည် ထင်ပါသည်။ မော်တော်ဆိုင်ကယ်ရှိသော သမီးရည်းစားစုံတွဲများသည် အဝေးပြေးကတ္တရာလမ်းမကြီးမှ ဖဲ့ဆင်းလာသော တူးမြောင်းလမ်းဘေးရှိ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများအောက်၌ ချိန်းတွေ့တတ်သည်။
စိုင်းဇော်ဇော် ပြန်လာချိန်မှာပင် ချိန်းတွေ့နေသောစုံတွဲအချို့ကို သစ်ပင်ကြီးများအောက်၌လည်းကောင်း၊ တူးမြောင်းအုတ်ပေါင်ပေါ်၌လည်း ကောင်း တွေ့မြင်နေရပေ၏။ အချို့လည်း မှောင်ရီပျိုးပြီမို့ ဆိုင်ကယ်ကိုယ်စီဖြင့် မြို့ဘက်သို့ ပြန်သွားနေကြပေပြီ။
စိုင်းဇော်ဇော်က မူးယစ်ရီဝေသောအရသာကို ခံစားရင်း လေညင်းခံ ရင်းမှ ကားကို အရှိန်ဖြည်းဖြည်းဖြင့်ပင် မောင်းလာခဲ့လေသည်။
စိုင်းဇော်ဇော်သည် ဖိုးသာအောင်တို့ယာတောသို့ နေ့လယ်ခင်းကတည်းက ရောက်နေခဲ့ခြင်းဖြစ်ပါ၏။ သူငယ်ချင်းဖြစ်သူဖိုးသာအောင်၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် စိုင်းဇော်ဇော်က အရင်းအနှီးများစွာ ထည့်ဝင်ထားလေသည်။ လုပ်ငန်းအတွက် အရင်းအနှီးအားလုံး၏ လေးပုံသုံးပုံကို စိုင်းဇော်ဇော် မတည်ပေးထားခြင်းဖြစ်သည်။ စိုင်းဇော်ဇော်က ငွေစိုက်၊ ဖိုးသာအောင်က လုပ်အားနှင့်ကျွမ်းကျင်မှုစိုက်၍ သူငယ်ချင်းနှစ်ယောက် စပ်တူလုပ်ကိုင်နေကြခြင်းဖြစ်၏။
ယနေ့ ဖိုးသာအောင်က လုပ်ငန်းများကို လာရောက်ကြည့်ရှုရန်နှင့် စာရင်းတချို့ရှင်းလင်းရန် ဖိတ်ကြားထားသောကြောင့် စိုင်းဇော်ဇော် ယာတောသို့ ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
စိုင်းဇော်ဇော်သည် ဖိုးသာအောင်တင်ပြသော စာရင်းဇယားများကို စိတ်ဝင်စားလှသည် မဟုတ်ပါ။ စစ်ဆေးလိုစိတ်လည်း မရှိပါ။ သူ့အနေနှင့် သူငယ်ချင်းဖြစ်သူကို ယုံကြည်ပြီးသားဖြစ်သည်။ လုပ်ငန်းကလည်း အောင် မြင်နေသည်။ ဝင်ငွေလည်း ရနေသည်မို့ အထူးအထွေ စစ်ဆေးမနေတော့ပေ။ အိမ်ထောင်မရှိသော လူပျိုလူလွတ်လည်းဖြစ်သည်မို့ စီးပွားရေးအတွက် မပူပင်လှပေ။ ဝင်ငွေရနေလျှင် ပြီးရောဟု သဘောထားသည်။ မိဘများလည်း ကွယ်လွန်သွားပြီး မွေးချင်းမရှိသော စိုင်းဇော်ဇော်အဖို့ အမွေအနှစ် လုံလောက် စွာ ရထားသည်မို့ ဘ၀အတွက်ပူပန်စရာမရှိ အေးဆေးလှပေသည်။
သူငယ်ချင်းများက စိုင်းဇော်ဇော်ကို ကံကောင်းသူဟု ဆိုကြသည်။ စိုင်းဇော်ဇော်ဘ၀သည် ဘာမှထူးထူးခြားခြား ကြိုးစားစရာမလိုဘဲ အဆင်ပြေ နေသည်။ သူငယ်ချင်းသုံးယောက်ရှိရာတွင် ဖိုးသာအောင်က လယ်သမားယာ သမားဘ၀ကို ခံယူထားသည်။ နိုင်မျိုးဦးကတော့ ဘွဲ့ရအပြီးတွင် ပြည်သူ့ ရဲတပ်ဖွဲ့ထဲဝင်ပြီး အမှုထမ်းရာ ယခုဒုရဲအုပ်အဖြစ် ဇာတိမြို့မှာပင် တာဝန် ထမ်းဆောင်နေပါသည်။
ဖိုးသာအောင်နှင့်နိုင်မျိုးဦးက ဘာအလုပ်မျှ ဝါယမစိုက်ထုတ်လုပ် ဆောင်စရာမလိုဘဲ မိဘအမွေကို အတိုးအရင်းပွားအောင်လုပ်ရင်း ထိုင်စားနေ နိုင်သည့် စိုင်းဇော်ဇော်ကို ကံကောင်းသည်ဟု ဆိုကြခြင်းဖြစ်သည်။
စိုင်းဇော်ဇော်မှာ ပြောစရာဆို၍ တစ်ခုသာရှိပါသည်။ အရက်ကို မိုးလင်းမိုးချုပ်သောက်ခြင်းဖြစ်သည်။ သူငယ်ချင်းတွေက စိုင်းဇော်ဇော်ကို အသောက်လျှော့စေချင်ကြသည်။ အရက်သောက်လွန်းလို့ တစ်ခုခု ဖြစ်သွား မှာကို စိုးရိမ်ကြ၏။ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်း၍ အမြဲသွားလာနေသူ ဖြစ်လို့လည်း စိုးရိမ်ကြခြင်းဖြစ်ပါသည်။
စိုင်းဇော်ဇော်ကတော့ သူသည် မူးသော်လည်း မည်သည့်အခါမှ မမှားကြောင်းကို အမှားတစ်စုံတစ်ရာဖြစ်မလာသေး၍ ပြောအားရှိရှိ ပြောနေ ဆဲ၊ ဆင်ခြေပေးနေဆဲဖြစ်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ အချိန်ပြည့် မူးယစ်နေသော်လည်း စိုင်းဇော်ဇော်သည် မည်သည့်အမှားတစ်ခုမျှ မကျူးလွန် ဖူးပါ။
စိုင်းဇော်ဇော်သည် ကားကို အမြန်ကြီးလည်းမဟုတ်၊ နှေးနှေးလေး လည်း မဟုတ်ဘဲ မောင်းနှင်လာရာ တူးမြောင်းလမ်း၏ တစ်ဝက်ကျော်ကျော် အထိ ရောက်ရှိလာပေပြီ။
အမှောင်ထုလွှမ်းလာပြီမို့ စိုင်းဇော်ဇော်က ကားရှေ့မီးကို ဖွင့်လိုက် လေ၏။
+ + + + +
စိုင်းဇော်ဇော်၏ကားလေးသည် တူးမြောင်း၏ရေလွှဲတံခါးအနီးသို့ ရောက်လာလေသည်။ ဤနေရာ၌ တူးမြောင်းသည် အခြားတစ်ဖက်သို့ မြောင်း တစ်သွယ် ခွဲထွက်သွားသည့်အတွက် ရေလွှဲတံခါးပြုလုပ်ထားခြင်းဖြစ်ပါ၏။ ရေလွှဲတံခါးကို ထိန်းချုပ်သောမျှော်စင်ကလေးမှာ မြေပြင်မှအတော်မြင့်မြင့်ထိ ရှိနေသည်။
ဤနေရာသည် ရှုခင်းကောင်းလှသောနေရာလေးဖြစ်ကာ မြောင်း ပေါင်ပေါ်မှတက်ကြည့်လျှင် ခွဲထွက်သွားသော တူးမြောင်းလေးများကိုလည်း ကောင်း၊ ခပ်ဝေးဝေးရှိ ရိုးမတောင်တန်းကြီးကိုလည်းကောင်း၊ သစ်တောအုပ် စိမ်းစိမ်းများနှင့် လယ်ကွင်းပြင်ပြန့်ပြန့်များကိုလည်းကောင်း တပြန့်တပြော မြင်ရနိုင်လေသည်။
ထို့ကြောင့် အလှဓာတ်ပုံရိုက်သူများ ဤနေရာသို့ ဓာတ်ပုံလာရိုက်တတ်သည်။ ဤမြို့တွင် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားလာရိုက်သူများကလည်း ရေလွှဲတံခါးရှုခင်းတွင် သမီးရည်းစားပျော်မွေ့သည့်အခန်းများကို လာ ရိုက်တတ်လေ၏။
စိုင်းဇော်ဇော်၏ကားလေး ရေလွှဲတံခါးနားရောက်လုတွင် ရေလွှဲတံခါး ရှိသည့် ကုန်းမို့မို့ပေါ်မှ အပြေးကလေး ဆင်းလာသော မိန်းကလေးတစ် ယောက်၏ အသွင်ကို မြင်လိုက်ရလေသည်။ အချိန်က အမှောင်ထုသမ်းနေ ပေပြီ။ သည်လိုမှောင် ရီပျိုးချိန်မှာ မိန်းကလေးကို တစ်ယောက်တည်း တွေ့လိုက်ရသည့်အတွက်လည်း စိုင်းဇော်ဇော် အံ့ဩသွားလေ၏။
မိန်းကလေးက ကုန်းမို့ပေါ်မှ အပြေးဆင်းလာကာ စိုင်းဇော်ဇော်၏ ကားရှေ့၌ပိတ်ရပ်ရင်း လက်ပြတားလိုက်လေ၏။ သူမသည် စိုင်းဇော်ဇော် ကားကိုမြင်၍ အမှီပြေးဆင်းလာခြင်း ဖြစ်ပုံရလေသည်။
မိန်းကလေး၏အသွင်ကို ကားမီးရောင်ထဲတွင် ထင်ထင်ရှားရှား မြင်လိုက်ရလေ၏။ ထိုအခါ စိုင်းဇော်ဇော် အံ့အားသင့်ရပြန်သည်။ မိန်း ကလေး၏တစ်ကိုယ်လုံး ရေများရွှဲစိုနေသောကြောင့် ဖြစ်ပါသည်။ ရေများက ဦးခေါင်းမှစ၍ရွှဲစိုနေကာ ဆံပင်များပင် ရေကြောင့် ကပ်နေပေသည်။ ရေစက် ရေပေါက်များကလည်း တစ်ကိုယ်လုံးမှ စီးကျနေပေ၏။
စိုင်းဇော်ဇော်က အံ့အားသင့်စွာပင် လက်တားနေသော မိန်းကလေး ကို ကားရပ်ပေးလိုက်သည်။
မိန်းကလေးက စိုင်းဇော်ဇော်အနီးသို့လျှောက်လာရင်း မေးလိုက်၏။
]]မြို့ကိုပြန်မှာ မဟုတ်လားဟင်၊ ကျွန်မလိုက်ပါရစေ}}
သူမ စကားကခွင့်တောင်းသောစကားဖြစ်သော်လည်း စိုင်းဇော်ဇော် ကို ငြင်းပယ်ခွင့်မပေးဘဲ ကားကြုံလိုက်ကိုလိုက်မည်ဟု ဆိုလိုက်သကဲ့သို့ ဖြစ်နေသည်။
]]မြို့ကိုပြန်မှာတော့ ဟုတ်တယ်၊ ဒါနဲ့ အမိက တစ်ကိုယ်လုံး ရေတွေ ရွှဲလို့ ဘယ်လိုဖြစ်တာလဲ}}
]]အို ဒါတွေနောက်မှမေးပါ၊ ကျွန်မ လိုက်ခဲ့မယ်နော်}}
မိန်းကလေးက စကားမဆုံးမီပင် ကားရှေ့မှကွေ့ကာ တစ်ဖက်ကား တံခါးပေါက်ကိုဆွဲဖွင့်ကာ တက်ထိုင်လိုက်သည်။ သူမ တက်ထိုင်လိုက်သည် နှင့် စိုင်းဇော်ဇော်တစ်ကိုယ်လုံး အေးစိမ့်သွားသော ခံစားမှုကို ရလိုက်လေ သည်။ ရိုးတွင်းခြင်ဆီထိအောင် အေးစိမ့်သွားသော ခံစားမှုမျိုး ဖြစ်ပါ၏။
]]ရှင့်ကားထဲတော့ ရေတွေစိုကုန်ပြီ၊ အားနာစရာပဲ။ ဒါပေမဲ့ မတတ် နိုင်ဘူးလေ၊ ကျွန်မ တစ်ကိုယ်လုံးရေစိုနေတာကိုး}}
]]ရပါတယ်၊ ကျွန်တော်ကလည်း ခင်ဗျားကို နည်းနည်းတော့ အား နာတယ်ဗျ၊ ကျွန်တော် အရက်နည်းနည်းမူးနေတယ်}}
]]အို  ...ဒါဘာဖြစ်လဲ၊ ရှင်ကားမောင်းနိုင်ရင်ပြီးတာပဲ။ ကျွန်မက မြို့အဝင်နားတင် ဆင်းမှာပါ}}
စိုင်းဇော်ဇော်က ကားကိုမောင်းထွက်ခဲ့လေသည်။
+ + + + +
]]ကဲ  ...အမိ၊ ပြောပါဦး၊ ဘယ်လိုဖြစ်လာတာလဲ။ အိမ်နဲ့စိတ်ဆိုး လာတာလား}}
စိုင်းဇော်ဇော်အမေးကို မိန်းကလေးက ရယ်မောလိုက်သည်။
]]ရှင်မေးပုံကလည်း ဒီနားမှာ လူနေအိမ်ရှိလို့လား}}
]]မသိဘူးလေ၊ ခင်ဗျားပုံစံက ရေတွေလည်း တစ်ကိုယ်လုံးရွှဲလို့၊ ရေးကြီးသုတ်ပျာနဲ့ တစ်ခုခုကို စိတ်ဆိုးလာတဲ့ပုံ}}
မိန်းကလေးက စိုင်းဇော်ဇော်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူမက အကြည့်ကိုမလွှဲဘဲ ကားမောင်းနေသော စိုင်းဇော်ဇော်ကို စိုက်ကြည့် နေပေ၏။
အဝေးပြေးကတ္တရာလမ်းမကြီးဆီရောက်လုပြီမို့ စိုင်းဇော်ဇော်က ကားကို ဂရုစိုက်မောင်းနေရာ သူမကို ပြန်လှည့်မကြည့်မိပေ။
]]ဟုတ်တယ်၊ ကျွန်မ စိတ်ဆိုးလာတာတော့ အမှန်ပဲ}}
စိုင်းဇော်ဇော်က ခေါင်းညိတ်ပြလိုက်သည်။
ကားက တူးမြောင်းနှင့်လမ်းမကြီး၏ လမ်းခွဲသို့ရောက်လာသည်။ လမ်းခွဲတွင် သစ်သားမောင်းတံကြီးတစ်ခု ပြုလုပ်ထား၏။ စိုင်းဇော်ဇော် ကားလာနေသည်ကိုမြင်၍ အစောင့်ဝန်ထမ်းက မောင်းတံကြီးကို အထက်သို့ မြောက်ကာ လမ်းဖွင့်ပေးလိုက်သည်။
စိုင်းဇော်ဇော်သည် ကားကို မြို့ရှိရာ ညာဘက်သို့ ချိုးကွေ့လိုက်၏။
ကတ္တရာလမ်းချောပေါ်ရောက်သွား၍ စိုင်းဇော်ဇော်က ကားအရှိန် ကို မြှင့်လိုက်လေသည်။ ကားသည်လည်း ကျောက်ခင်းလမ်းတွင် မောင်းရ သည်ထက် ပို၍ ငြိမ့်ညောင်းသွားလေသည်။
]]မေးဦးလေရှင့်၊ ကျွန်မ ရေတွေ ဘာလို့ရွှဲလာတယ်။ ဘာကို စိတ် ဆိုးလာတယ်ဆိုတာ မမေးတော့ဘူးလား}}
မိန်းကလေးက စိုင်းဇော်ဇော်ကို ပြောလိုက်သည်။ စိုင်းဇော်ဇော်က သူမကို ပြန်လှည့်ကြည့်လိုက်၏။ မိန်းကလေးက မိန်းမချောတစ်ဦး ဖြစ်လေ သည်။ သူမသည် စိုင်းဇော်ဇော်၏ ညာဘက်တွင်ထိုင်နေ၍ သူမ၏ဘယ်ဘက် ပါးပေါ်မှ စံပယ်တင်မှဲ့လေးကို မြင်နေရလေသည်။ ရေစို၍ကပ်နေသော အဝတ် အစားမှာ အင်္ကျီနှင့်ထဘီကို အစတစ်စတည်း တစ်ဆင်တည်း ချုပ်ထားခြင်း ဖြစ်၏။ အဝါရောင်ပန်းပွင့်များ ရိုက်နှိပ်ထားသော ပါတိတ်စဖြစ်ပါသည်။ သူမလက်ထဲ၌ ပိုက်ဆံအိတ်သော်လည်းကောင်း၊ လက်ပွေ့အိတ်သော်လည်း ကောင်း ကိုင်ထားခြင်းမရှိချေ။ အိမ်ပြင်ပသို့ ထွက်လာသောမိန်းကလေးတိုင်း လက်ထဲမှာ အိတ်တစ်မျိုးမျိုးကိုင်လာလေ့ရှိတာ ထုံးစံမို့ စိုင်းဇော်ဇော်က သူမကို ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေလေသည်။ မိန်းကလေး၏ စရိုက် လက္ခဏာကတော့ ပညာတတ်သော၊ တည်ကြည်သော မိန်းမကောင်းတစ်ဦး ဟန်မျိုး ရှိနေပါသည်။
စိုင်းဇော်ဇော်က ကားမောင်းရင်း သူမကိုအကဲခတ်နေမိ၍ သူမ စကားကို ရုတ်တရက် ပြန်မဖြေဖြစ်ပေ။
]]ကျွန်တော် မစပ်စုတတ်ပါဘူးဗျာ၊ ခင်ဗျားကိုမြင်စက ရေတွေ စိုရွှဲနေလို့ အံ့အားသင့်ပြီးမေးမိတာပါ။ တကယ်တော့ ခင်ဗျား လိုရာခရီးရောက် တာနဲ့ ခင်ဗျားနဲ့ ကျွန်တော်ခွဲရမှာပဲ မဟုတ်လား။ အမှတ်မထင် တခဏလေး ဆုံရတဲ့ လူတစ်ယောက်အကြောင်းကို စပ်စုမနေချင်တော့ပါဘူး}}
]]ရှင်က လူတစ်မျိုးပဲ}}
မိန်းကလေးက ရယ်မောရင်းပြောလိုက်လေ၏။
]]ရှင်မသိချင်ပေမဲ့ ကျွန်မကတော့ ပြောရဦးမယ်။ ရှင်ပဲ ကျွန်မကို အိမ်နဲ့ စိတ်ဆိုးလာသလားလို့ မေးခဲ့သေးတယ် မဟုတ်လား}}
]]ပြောချင်သပဆိုရင်လည်း ပြောပါ၊ နားထောင်ရတာ မပင်ပန်းပါ ဘူး။ ကျွန်တော်ကတော့ မစပ်စုဘူးနော်}}
]]ဟုတ်ပါတယ်ရှင်၊ ရှင်မစပ်စုပါဘူး။ ကျွန်မကကို ပြောချင်လွန်း လို့ပါ။ ဒီမယ်ရှင့် ကျွန်မဘာလုပ်ခဲ့တယ်လို့ ရှင်ထင်သလဲ}
]]မေးပြန်ပြီ၊ ခင်ဗျားပြောချင်တယ်ဆိုရင် ခင်ဗျားဟာခင်ဗျား အစ အဆုံးသာ ပြောပေတော့ အမိ}}
စိုင်းဇော်ဇော်စကားကြောင့် မိန်းကလေးက ရယ်လိုက်ပြန်၏။
]]ရှင်ကတစ်မျိုးပဲနော်၊ ကိုယ့်ကားပေါ်မှာ မိန်းကလေးတစ်ယောက်ပါ လာတာတောင် အရောတဝင် မနေဘူး၊ ကျွန်မနာမည်တောင် ရှင် မေးဖော် မရဘူး}}
]]ပြောချင်စိတ်ရှိရင် ပြောသာပြောပါဗျာ}}
]]ကျွန်မနာမည်က ငုဝါဆွေတဲ့}}
]]အမယ် ဒါတော့ ခင်ဗျားအဝတ်အစားနဲ့ခင်ဗျား လိုက်သွားပြီဗျို့၊ ခင်ဗျား ဝတ်ထားတာကလည်း ငုဝါရောင်ပဲ}}
]အင်း  ...ဟုတ်ပါရဲ့}
ငုဝါဆွေက သူမ၏အဝတ်အစားများကို ငုံ့ကြည့်ရင်း ပြောလိုက် ၏။
]]ဒီတော့ ကျွန်မနာမည်ကို ရှင် မှတ်ရလွယ်သွားတာပေါ့လေ။ အို တခြားစကားတွေ ရှည်နေလို့ မဖြစ်ပါဘူးလေ။ မြို့ကိုရောက်ခါနီးပြီ၊ ကျွန်မ ပြောချင်တာတွေ မပြောလိုက်ရပဲနေမယ်}}
စိုင်းဇော်ဇော်က ဘာမှပြန်မမေးမိတော့ပါ။ ငုဝါဆွေတစ်ယောက် ယခုမှ တွေ့တဲ့လူစိမ်းကို ကိုယ့်အကြောင်းကိုယ် ဘာလို့ပြောချင်နေရသလဲ ဆိုတာကိုပဲ အံ့အားတသင့် တွေးနေမိသည်။
]]ကျွန်မလေ ကျွန်မ လူသတ်လာတာရှင့်၊ သိရဲ့လား}}
]]ဘာ}}
ငုဝါဆွေနှုတ်မှ ထွက်လာသောစကားကြောင့် စိုင်းဇော်ဇော်သည် ဘရိတ်ကိုယောင်၍ နင်းလိုက်မိပေသည်။ ကားသည်ပင် တုံ့ခနဲ ဖြစ်သွားလေ ၏။
]]ဟုတ်တယ်၊ ကျွန်မလူသတ်ခဲ့တာ၊ ရေလွှဲတံခါးပေါ်ကနေ သူ့ကို ရေထဲတွန်းချပြီး သတ်ပစ်ခဲ့တာ၊ သူက ကျွန်မချစ်သူပေါ့၊ ကိုခင်မောင်ဌေး တဲ့}}
]]မင်း မင်း တကယ်ပြောနေတာလား ငုဝါဆွေ}}
]]တကယ်ပေါ့ရှင့်၊ သူ့ကိုရေထဲတွန်းချလိုက်တယ်။ ကျွန်မပါ ရေထဲ ကျသွားတယ်။ အဲဒါကြောင့် ကျွန်မတစ်ကိုယ်လုံး ရေတွေစိုရွှဲနေတာပေါ့။ ကျွန်မက ရေကူးတတ်တော့ ကမ်းပေါ်ကို အမြန်ပြန်တက်ခဲ့တယ်လေ။ သူ ပြန်ပေါ်လာçမလာ ကျွန်မ အကြာကြီးစောင့်ကြည့်နေသေးတယ်။ သူ ပြန်ပေါ် မလာတာသေချာမှ ကျွန်မပြန်လာခဲ့တာ}}
]]နေပါဦး၊ ဟိုလူက မင်းချစ်သူ၊ မင်းရဲ့ချစ်သူကို မင်း ဘာကြောင့် သတ်ရတာလဲ။ တကယ်ပြောနေတာလား၊ ကျုပ်ကိုနောက်နေတာလား ငုဝါဆွေ}}
]]ဒါနောက်စရာလားရှင့်၊ ချစ်သူရည်းစားပေမဲ့ သတ်သင့်တဲ့ အကြောင်း ပေါ်တော့လည်း သတ်ရတာပဲ}}
]]သတ်သင့်တဲ့အကြောင်း}}
]]ရှင်စဉ်းစားကြည့်စမ်း၊ ရှင့်မှာ နှမရှိရင် နှမချင်းစာပြီး စဉ်းစားကြည့် ပါ။ ရှင့်နှမကို ကိုယ်ဝန်ရှိတဲ့အထိ ဆက်ဆံပြီးမှ လက်ထပ်မယူနိုင်ပါဘူးလို့ ငြင်းရင် ရှင် ဘယ်လိုခံစားရမလဲ}}
]]ဘာ ဘာပြောတယ်}}
]]ကိုခင်မောင်ဌေးက အဲဒီနည်းနဲ့ ကျွန်မအပေါ်မှာ ယုတ်မာခဲ့တယ် လေ။ သူက ဒီအခြေအနေရောက်မှ ကျွန်မကို မယူနိုင်ဘူးတဲ့}}
]]ဟင်}}
]]အခု ကျွန်မမှာ ကိုယ်ဝန် ၂ လရှိနေပြီရှင့်။ သူကတော့ အကြောင်း ပြတာပေါ့။ သူ နိုင်ငံခြားသွားရဖို့နီးနေပြီ၊ အိမ်ထောင်ပြုလိုက်ရင် အဟန့် အတား ဖြစ်မယ်။ သူ့အိမ်က ငွေထုတ်ပေးတော့မှာ မဟုတ်ဘူးတဲ့။ ကိုယ်ဝန်ကို ဖျက်ချဖို့ သူကပြောတယ်ရှင်။ ရှင် စဉ်းစားကြည့်စမ်း။ မိန်းကလေးတစ်ယောက် ကို ကိုယ်ဝန်ရမှ ဒီစကားပြောတာ ယောက်ျာလား။ သူနဲ့ကျွန်မ အချေအတင် ငြင်းကြခုံကြရင်းက ကျွန်မ စိတ်မထိန်းနိုင်ဘဲ သူ့ကို ရေထဲ တွန်းချလိုက်တာပါ}}
]]မင်းဖြေရှင်းလိုက်ပုံကိုရော မှန်တယ်လို့ မင်းယူဆသလား}}
]]မှန်သလား မှားသလားတော့ ကျွန်မမသိဘူး၊ စိတ်မထိန်းနိုင်လို့ ခင်မောင်ဌေးကို ရေထဲတွန်းချသတ်ပစ်လိုက်ပြီ}}
စိုင်းဇော်ဇော်သည် အမူးများပင် ပြေပျောက်သွားကာ မိမိဘေးမှ မိန်းကလေးကို အံ့အားသင့်စွာ ငေးမောနေမိပေတော့၏။
]]ကားကိုလည်း ဂရုစိုက်ပါဦးရှင့်}}
ငုဝါဆွေကပင် ပြန်၍သတိပေးလိုက်ရ၏။
]]ဟော  ...ကျွန်မအိမ်ရောက်လုပြီ၊ ရှေ့နားက ညာဘက်ခြမ်းက တိုက်ပဲ ကိုအဝှာ။ အို  ...ကျွန်မ ရှင့်နာမည်တောင် မမေးမိပါလား}}
]]ကျွန်တော့်နာမည် စိုင်းဇော်ဇော်ပါ မငုဝါဆွေ}}
]]ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မကို ကားနဲ့ခေါ်လာတာရော၊ ကျွန်မ ပြောတာတွေ နားထောင်ပေးတဲ့အတွက်ရော}}
]]မငုဝါဆွေ၊ ခင်ဗျား လူသတ်ခဲ့တဲ့လုပ်ရပ်ကို ကျုပ်ကို ဘာလို့ပြော ရတာလဲဟင်၊ ကျုပ်က ရဲစခန်းသွားတိုင်မှာ ခင်ဗျား မစိုးဘူးလား}}
စိုင်းဇော်ဇော်အမေးကို ငုဝါဆွေက ပြန်မဖြေဘဲ ရယ်မောနေလေ၏။ ပခုံးသားလေးများ လှုပ်ခါသည်အထိပင် ရယ်မောနေတော့သည်။
]]ဟော  ...ရောက်ပြီ၊ ညာဘက်ကိုကပ်ပြီး ရပ်လိုက်တော့၊ ]မင်္ဂလာရိပ်မြုံ} လို့ ရှေ့မှာ ဆိုင်းဘုတ်လေးရေးထားတဲ့တိုက်ဟာ ကျွန်မ အိမ်ပဲ}}
စိုင်းဇော်ဇော်က ဘရိတ်ကိုမှေး၍ အရှိန်လျှော့လိုက်ရင်းမှ မင်္ဂလာ ရိပ်မြုံရှေ့အရောက်တွင် ကားကိုရပ်လိုက်လေသည်။
ငုဝါဆွေက ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်၏။
ကားတံခါးကိုပြန်ပိတ်ပေးရင်းမှ သူမက ကိုယ်ကိုငုံ့ကိုင်းကာ စိုင်းဇော် ဇော်ကို နှုတ်ဆက်လိုက်လေသည်။ 
]]ကျေးဇူးပါပဲ ကိုစိုင်းဇော်ဇော်၊ ကျွန်မအကြောင်းကို ရဲစခန်းမှာ သွားတိုင်ချင်လည်း တိုင်လိုက်ပါရှင်၊ ကျွန်မ စိတ်မဆိုးပါဘူး}}
စိုင်းဇော်ဇော်က ငုဝါဆွေကို မျက်မှောင်ကြုတ်၍ ပြန်ကြည့်လိုက် ရင်း-
]]အဲဒါတော့ ကျွန်တော်စဉ်းစားပါဦးမယ် အမိ။ ကဲဗျာ  ...ကျွန် တော့်ကို ခွင့်ပြုပါဦး၊ သွားပြီနော်}}
စိုင်းဇော်ဇော်က နှုတ်ဆက်ပြီး ကားကိုမောင်းထွက်လာခဲ့သည်။
ငုဝါဆွေသည် အိမ်ထဲသို့ချက်ချင်းဝင်မသွားသေးဘဲ ခြံရှေ့တွင် မတ်တတ်ရပ်ရင်းမှ သူ့ကားလေးကို ရပ်ကြည့်ကျန်ခဲ့သည်ကို နောက်ကြည့်မှန် မှတစ်ဆင့် စိုင်းဇော်ဇော် မြင်တွေ့နေရလေသည်။
+ + + + +
စိုင်းဇော်ဇော်သည် အိမ်သို့တန်းမပြန်သေးဘဲ စားသောက်ဆိုင်တစ်ခု သို့ ဝင်ခဲ့သည်။ သူ့ထုံးစံကလည်း ဒီအချိန် အိမ်မပြန်သေးပါ။ သောက်လို့ ကောင်းအောင်စား၊ အိပ်လို့ကောင်းအောင်သောက်ပြီးမှ အိမ်ပြန်မြဲ ဖြစ်သည်။
တစ်ခုပဲရှိသည်။ ခုလိုအချိန်မျိုးမှာ အိမ်ပြန်ပြီး ရေမိုးချိုးလေ့ရှိ သည်။ လူကို လန်းဆန်းအောင်လုပ်ပြီးမှ နောက်တစ်ကြိမ် ပြန်ထွက်လေ့ ရှိ၏။ စိုင်းဇော်ဇော် အကျင့်က သောက်ရင်းက အေးအေးဆေးဆေးစား၊ ည ၁၁ နာရီ လောက်ကျခါမှ အစားပိတ် အပြီးသောက်ကာ အိမ်ပြန်အိပ်မြဲ ဖြစ်လေသည်။
ခုလိုအချိန်မျိုးမှာ ရေမိုးချိုးပြီးမှ အိမ်ကထွက်လျှင် သင့်တော်ရာ ယမကာ အပေါင်းအသင်းတစ်ယောက်ယောက်ကို ရှာပြီးမှ ထမင်းလည်း စားလို့ရ၊ အရက်လည်း သောက်လို့ရသော စားသောက်ဆိုင်တစ်ခုခုမှာ ညဥ့်နက်သည်အထိ ထိုင်တတ်လေသည်။ သုံးနိုင်ဖြုန်းနိုင်သော တစ်ကိုယ် တည်း လူပျိုမို့ ထင်သလို နေခွင့်ရနေခြင်းဖြစ်သည်။
စိုင်းဇော်ဇော်သည် အများအားဖြင့် ညပိုင်း ထွက်သောက်သည့်အခါ တိုင်း ငယ်သူငယ်ချင်း နိုင်မျိုးဦးကိုသာ ရအောင်သွားခေါ်တတ်သည်က များလေ၏။ သို့သော် နိုင်မျိုးဦးက တာဝန်များပြားသော ဒုရဲအုပ်အဆင့် ရဲဝန်ထမ်းတစ်ဦးမို့ ညတိုင်း အားမနေတတ်ပေ။
သည်ကနေ့ညတော့ စိုင်းဇော်ဇော်၏အစီအစဉ်များ ကပြောင်းကပြန် ဖြစ်ကုန်ရပါလေပြီ။ အိမ်ကိုလည်း ရေပြန်ချိုးချင်စိတ်မရှိတော့။ သောက်ဖော် သောက်ဖက် အပေါင်းအသင်းများကိုလည်း လိုက်ရှာချင်စိတ်မရှိတော့။ လမ်း ကြုံရာ စားသောက်ဆိုင်တစ်ခုသို့ မောင်းလာခဲ့လေသည်။
စိုင်းဇော်ဇော် စိတ်ထွေပြားသွားရခြင်းမှာ ငုဝါဆွေဆိုသော အမျိုး သမီးကြောင့်ပင် ဖြစ်ပါသည်။ မမျှော်လင့်၊ မထင်မှတ်ဘဲ ကြုံဆုံခဲ့ရသော အမျိုးသမီးက သူ့ခေါင်းထဲကို ပဟေဠိပေါင်းများစွာ ထည့်ပေးသွားခဲ့လေ ပြီ။
ငုဝါဆွေ ထိုင်သွားသောနေရာသို့ စိုင်းဇော်ဇော် လှည့်ကြည့်လိုက် သည့်အခါ သူမကိုယ်မှကျကျန်ခဲ့သော ရေစက်များက ထိုင်ခုံနှင့်ကားကြမ်းပြင် တွင် ဝပ်အိုင်နေဆဲရှိပေသည်။
မိန်းကလေးသည် အေးဆေးစွာ ကားကြုံလိုက်ရုံမလိုက်ဘဲ သူမ အကြောင်းများကို စိုင်းဇော်ဇော်အား ဘာကြောင့်ပြောသွားလေသနည်း။ သူမ ကျူးလွန်ခဲ့သော ရာဇဝတ်မှုကို လူစိမ်းတစ်ယောက်အား ဘာကြောင့် ဖွင့်ပြော ရလေသနည်း။ သူမက ထိုအကြောင်းကို ရဲစခန်းတိုင်လိုက တိုင်ပါဟု စိန်ခေါ် သွားလိုက်သေးသည်။
စိုင်းဇော်ဇော်သည် စားသောက်ဆိုင်တစ်ဆိုင်သို့ဝင်ကာ အရက်မှာ သောက်ရင်းမှ ခေါင်းပူအောင် စဉ်းစားနေမိ၏။ တစ်ချက်တစ်ချက်တော့လည်း သူ ကြုံခဲ့ရသော အတွေ့အကြုံသည် အမှန်တကယ်မှ ဟုတ်ပါလေစဟု သံသယဝင်မိပြန်သည်။
စိုင်းဇော်ဇော်က တစ်မျိုးလှည့်၍ တွေးကြည့်ပြန်သည်။ ငုဝါဆွေဆို သော အမျိုးသမီးသည် သူမကို စိုင်းဇော်ဇော်က အထင်အမြင်သေးစွာဖြင့် ဗလက္ကာရပြုမည်စိုးကာ သူမကိုယ်သူမ ကာကွယ်သည့်အနေနှင့် မာယာဖြင့် လှည့်စားပြောဆိုခဲ့ခြင်းများ ဖြစ်လေမလား။ ထိုအတွေးမှာ ဖြစ်နိုင်ချေရှိသော် လည်း အူကြောင်ကြောင်နိုင်လှသောအတွေးမျိုး ဖြစ်လေသည်။ ငုဝါဆွေဆို သော အမျိုးသမီးမှာ ထက်မြက်၍ ပညာဉာဏ်ရှိသော မိန်းကလေးမျိုး ဖြစ်သည်။ ကြောင်စီစီ အတွေးအခေါ်မျိုးဖြင့် လှည့်စားမည် မထင်ပါ။ 
ငုဝါဆွေ ပြောသွားသောအဖြစ်အပျက်များမှာ အမှန်တကယ်ဆိုပါစို့။ သူ့အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနများသို့ အသိပေးသင့်ပေသည်။ သူ့မှာ အလွယ်တကူ တိုင်တန်းပြောကြားနိုင်သည့် သူငယ်ချင်းဒုရဲအုပ်တစ် ယောက်လုံးလည်း ရှိနေသည်။
ငုဝါဆွေ၏ရာဇဝတ်မှုကို သူတိုင်ကြားသင့်သလား။ မိမိအချစ်ကို စော်ကားခံရသည့် မိန်းကလေးတစ်ယောက်၏ တုံ့ပြန်မှုနှင့်သတ္တိကို ဂုဏ်ပြု သည့်အနေဖြင့် ရေငုံနှုတ်ပိတ်နေလိုက်သင့်သလား။
ငုဝါဆွေကိုယ်တိုင်က ရဲစခန်းကိုတိုင်လိုကတိုင်ပါဟု လမ်းဖွင့်ပေး သွားခြင်းကရော ဘာကြောင့်လဲ။ သွေးရူးသွေးတန်းဖြင့် ပြောကြားသွားခြင်း လား၊ စိန်ခေါ်ခြင်းလား။
စိုင်းဇော်ဇော်သည် အမျိုးမျိုးတွေးရင်းဖြင့် ခေါင်းတွေ ချာချာလည် လာသည်။ အရက်မူးသောကြောင့် လည်ရခြင်းမျိုးမဟုတ်ဘဲ အတွေးရှုပ်ထွေး ၍ ခေါင်းနောက်ရခြင်းမျိုးဖြစ်ပါသည်။
ခုလိုအချိန်မှာ သူစဉ်းစားလျှင်လည်း မှန်ကန်သောဆုံးဖြတ်ချက် ထွက်လာမည် မဟုတ်ပေ။
စိုင်းဇော်ဇော်က ထိုအဖြစ်ကိုမေ့သွားအောင် အရက်ကို ဇွတ်မှိတ် သောက်နေလိုက်သည်။ သို့သော် မေ့လို့မရပါ။
အိမ်ပြန်ရောက်ပြီး အိပ်ရာထဲဝင်ချိန်အထိ သူ့အတွေးထဲမှာ ငုဝါ ဆွေက နေရာယူနေဆဲဖြစ်ပါ၏။
နောက်တစ်နေ့မနက် မိုးလင်းတော့လည်း ညကအကြောင်းကိုသာ သတိရ နေမိလေသည်။
ဤအချိန်တွင်တော့ ငုဝါဆွေ၏လုပ်ရပ်ကို မြုံမထားသင့်ကြောင်း စိုင်းဇော်ဇော် စဉ်းစားလို့ရပေပြီ။ အမျိုးသမီးသည် သူမလုပ်ရပ်ကို အမှန် အတိုင်း ဖွင့်ပြောသည်ဖြစ်စေ၊ ရည်ရွယ်ချက်တစ်ခုခုဖြင့် လုပ်ကြံပြောသည် ဖြစ်စေ စိုင်းဇော်ဇော်အဖို့ နိုင်ငံသားကောင်းတစ်ဦးပီသစွာ မိမိသိထားသည့် ရာဇဝတ်မှုကို သက်ဆိုင်ရာအဖွဲ့အစည်းအား ဖွင့်ပြောရပေမည်။ ဤသို့ဖွင့် ပြောခြင်းမှာ ငုဝါဆွေအား ချစ်ခြင်း၊ မုန်းခြင်း၊ သနားခြင်း၊ ညှာတာထောက် ထားခြင်းများနှင့် မဆိုင်ပါ။ တာဝန်တစ်ရပ်အဖြစ် သိထားသော ရာဇဝတ်မှု တစ်ခုကို ဖွင့်ဟတိုင်ကြားရမည်သာ ဖြစ်သည်။
သို့သော် စိုင်းဇော်ဇော်က မိမိသူငယ်ချင်း ဒုရဲအုပ်ဖြစ်သူနိုင်မျိုးဦးကို ဦးစွာပြောပြတိုင်ပင်ဦးမည် ဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် စိုင်းဇော်ဇော်သည် နိုင်မျိုးဦးရှိမည့် နေရာသို့ ထွက်လာလိုက်သည်။ သူအိပ်ရာထချိန်မှာ ကိုးနာရီကျော်နေပြီဖြစ်၍ သည်အချိန်မှာ နိုင်မျိုးဦးတစ်ယောက် သူ့အိမ်တွင်ရှိတော့မည် မဟုတ်ချေ။ အလုပ်ခွင်ထဲသို့ ရောက်နေလောက်ပေပြီ။
ထို့ကြောင့် စိုင်းဇော်ဇော်က နိုင်မျိုးဦး တာဝန်ထမ်းဆောင်သော ရဲစခန်းသို့ သူ၏ကားလေးကို ရှေးရှုမောင်းနှင်ခဲ့လေ၏။
ကားကိုဂိုဒေါင်မှ ထုတ်လာချိန်တွင် ညက ငုဝါဆွေထံမှ ကျနေခဲ့ သောရေများကိုကြည့်လိုက်ရာ ထိုင်ခုံပေါ်တွင်ရော၊ ကြမ်းပြင်ပေါ်တွင်ပါ ရေ များမရှိတော့ဘဲ သွေ့ခြောက်နေသည်ကို တွေ့ရလေ၏။

သူငယ်ချင်းဖြစ်သူ ဒုရဲအုပ်နိုင်မျိုးဦးအား သူတာဝန်ကျသည့်ရဲစခန်း မှာပင် အဆင်သင့် တွေ့ရလေသည်။
စိုင်းဇော်ဇော်က အလုပ်သဘောမျိုး ချက်ချင်းတိုင်ချက် မဖွင့်လိုသေး ၍ နိုင်မျိုးဦးနှင့်တိုင်ပင်နိုင်ရန် နိုင်မျိုးဦးအား စခန်းအနီးရှိ လက်ဖက်ရည်ဆိုင် သို့ ခေါ်လာခဲ့လေသည်။
လက်ဖက်ရည်ဆိုင်၌ ထိုင်မိလျှင် ထိုင်မိချင်းပင် ညက သူ့အတွေ့ အကြုံကို နိုင်မျိုးဦးအား စီကာစဉ်ကာ ပြောပြလိုက်လေ၏။
စိုင်းဇော်ဇော်စကားအဆုံးတွင် နိုင်မျိုးဦးက ပြုံးနေလေသည်။
]]ဘာပြုံးတာလဲ နိုင်ကြီး၊ မင်းက ငါ ပြောတာ မယုံဘူးလား}}
]]မင်းမေးလိုက်တဲ့အမေးကိုက မင်းပြောတဲ့အကြောင်းကို မင်းကိုယ် တိုင် မယုံနိုင်သလို ဖြစ်နေတယ် ဖိုးဇော်}}
]]ဘာကွ}}
]]ကျောင်းတုန်းကလို စိတ်ကူးယဉ်ဇာတ်လမ်းတွေ မလုပ်ချင်ပါနဲ့ တော့ ဖိုးဇော်ရာ။ မင်းညက ငုဝါဆွေဆိုတဲ့ အမျိုးသမီးကို တွေ့ခဲ့ရတာ တကယ်ရော ဟုတ်ရဲ့လား။ မင်းရဲ့အိပ်မက်လား၊ စိတ်ကူးယဉ်ဇာတ်လမ်းလား၊ ပြန်စဉ်းစားပါဦး ဖိုးဇော်ရ}}
နိုင်မျိုးဦး အပြောကြောင့် စိုင်းဇော်ဇော် အခံရ ခက်သွားလေ သည်။
နိုင်မျိုးဦး ပြောသည်ကိုလည်း အပြစ်မဆိုသာပေ။ စိုင်းဇော်ဇော်သည် ငယ်စဉ်ကပင် စိတ်ကူးအလွန်ယဉ်တတ်ကာ စိတ်ကူးကို အမှန်တကယ်လို လုပ်ပြောတတ်သူမျိုးဖြစ်သည်။ တစ်ခါတစ်ရံလည်း ညကမက်ခဲ့သည့် အိပ်မက် ကို သူကိုယ်တိုင်ပင် တကယ့်အတွေ့အကြုံလို့ထင်ကာ ပြန်ပြောတတ်သေး၏။ ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ကို ကိုယ်တိုင်ကြုံဖူးသော အတွေ့အကြုံလို့ ထင်နေ ခြင်းမျိုးလည်း ရှိဖူးသည်။
တစ်ခါကဆိုလျှင် စိုင်းဇော်ဇော်နှင့်အတူ နိုင်မျိုးဦးရော၊ ဖိုးသာအောင် ပါ သုံးယောက်အတူ ကြည့်ထားသည့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို သူ တကယ် ကြုံဖူးသည့်အတွေ့အကြုံအလား ပြန်ပြောပြနေတာမျိုးကိုပင် ကြုံခဲ့ဖူး၏။ နိုင်မျိုးဦးနှင့်ဖိုးသာအောင်က ရုပ်ရှင်ဇာတ်ဝင်ခန်းဖြစ်ပါတယ်လို့ အကိုးအကားနဲ့ ထောက်ပြမှပင် သူစိတ်ကူးအယဉ်လွန်မှုကို စိုင်းဇော်ဇော် ဝန်ခံခဲ့ရ၏။
တကယ်တော့ စိုင်းဇော်ဇော်သည် စိတ်ကူးအလွန် ယဉ်တတ်သော လူတစ်ဦးဖြစ်ကာ စိတ်ပျံ့လွင့်လွယ်သူလည်း ဖြစ်ပါ၏။ သူငယ်ချင်းများက စိုင်းဇော်ဇော်ကို ကြီးလာရင် စာရေးဆရာဖြစ်မယ်လို့ပင် ထင်ကြေးပေးထား ခဲ့ကြသည်။
ငယ်ကတည်းကအကြောင်းများကို သိနေသောနိုင်မျိုးဦးက စိုင်းဇော် ဇော် ပြောစကားများကို ချက်ချင်းလက်မခံနိုင်တာ မဆန်းပါပေ။ ပြီးတော့ စိုင်းဇော်ဇော် အရက်အလွန်အကျွံသောက်နေခြင်းကလည်း သူ့စကားကို ယုံကြည်ဖို့ခဲယဉ်းသည့်အချက် ဖြစ်နေပြန်၏။
]]မင်းက ငါပြောတာကို မယုံချင်ဘူးပေါ့။ အေး  ...တွေ့ရကြုံရပုံက ခပ်ဆန်းဆန်းမို့လို့ ငါကိုယ်တိုင် ဇဝေဇဝါဖြစ်နေတာတော့အမှန်ပဲ နိုင်ကြီး။ တကယ်လို့ ငုဝါဆွေပြောပြသွားတာတွေဟာ အမှန်တွေဖြစ်နေရင်ကောကွာ၊ မင်း ပြည်သူ့ရဲ စ်ယောက်အနေနဲ့ ဒီအတိုင်းကြည့်နေမှာလား၊ အရေးမယူတော့ ဘူးလားကွာ}}
စိုင်းဇော်ဇော်၏ မခံချင်သောအပြောကြောင့် နိုင်မျိုးဦး မျက်မှောင် တွန့်သွားလေသည်။
]]ငါက မင်း ငုဝါဆွေဆိုတဲ့အမျိုးသမီးနဲ့ တွေ့ခဲ့တာကို အမှန်မှ ဟုတ်ရဲ့လား။ ဖိုးသာအောင်ဆီကအပြန် အရက်မူးမူးနဲ့ စိတ်ထင်ရာမြင်ရာတွေ ဖြစ်လာတာလား။ ဒါမှမဟုတ် မင်း ညကမက်တဲ့အိပ်မက်တစ်ခုပဲလား၊ မူးမူးနဲ့ တစ်နေရာမှာ ကြည့်လာတဲ့ နိုင်ငံခြားဗီဒီယိုကားတစ်ခုပဲလားဆိုတာတွေ စဉ်း စားနေတာကွ}}
]]ငါ့မှာ သက်သေပြစရာရှိတယ်။ ငုဝါဆွေ ဆင်းသွားတဲ့ မင်္ဂလာရိပ်မြုံ ဆိုတဲ့ အိမ်ကို သွားစုံစမ်းကြည့်ကွာ။ ငုဝါဆွေဆိုတဲ့ မိန်းကလေးနဲ့တွေ့ရင် ငါ့စကားမှန်çမမှန်ဆိုတာ ရှင်းရော မဟုတ်လား}}
]]ဒီလိုဆိုရင် မင်းတိုင်ချက်ဖွင့်လိုက်လေ၊ ငါခုချက်ချင်း လိုက်စစ် ပေးမယ်}}
]]အဲဒီလို မလုပ်ချင်လို့ပေါ့ နိုင်ကြီး။ ငုဝါဆွေဟာ ပရိယာယ်မာယာနဲ့ ထွင်ပြီး ပြောသွားတာမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ကုန်ကုန်ပြောမယ်ကွာ၊ ငုဝါဆွေဟာ စိတ်မူမမှန်တဲ့ အရူးမလေးဖြစ်နေပါပြီတဲ့။ တိုင်ချက်ဖွင့်တဲ့ငါပါ အရူးဖြစ်တော့မှာပေါ့။ ငါက မင်းကို အလွတ်သဘောအကူအညီ တောင်းနေ တာ၊ ငုဝါဆွေနေတဲ့ မင်္ဂလာရိပ်မြုံကို သွားကြည့်မယ်။ ငုဝါဆွေနဲ့တွေ့လို့ ညကစကားတွေကို ပြန်မေးကြည့်မယ်။ သေချာမှ မင်းအပိုင်းက ဆက်လုပ် စရာရှိတာ လုပ်။ အဲဒီကျမှ တိုင်ချက်ဖွင့်ဆိုရင် ငါဖွင့်ပေးမယ်}}
စိုင်းဇော်ဇော် စိတ်အားထက်သန်စွာပြောနေသည်ကို တွေ့ရမှ နိုင်မျိုး ဦး ယုံကြည်သွားလေသည်။
]]ကောင်းပြီလေ၊ ဒါဖြင့် ငုဝါဆွေအိမ်ကို အခုသွားကြည့်ကြတာ ပေါ့}}
+ + + + +
ငုဝါဆွေတို့အိမ် မင်္ဂလာရိပ်မြုံသို့အရောက်တွင် အိမ်ရှေ့မှပန်းပင်များ ကို ရေပိုက်တစ်ခုဖြင့် ရေလိုက်ဖျန်းနေသော အဘိုးကြီးတစ်ဦးကို တွေ့ရလေ သည်။ အဘိုးကြီးမှာ သန့်သန့်ပြန့်ပြန့် ဥပဓိရုပ်ကောင်းကောင်းမို့ အိမ်ရှင်ဖြစ် နိုင်သည်။ ငုဝါဆွေ၏ဖခင် ဖြစ်လိမ့်မည်ထင်သည်။
စိုင်းဇော်ဇော်၏ကားရပ်လိုက်သည်နှင့် အဘိုးကြီးက ရေပိုက်ကိုပိတ် ပစ်ကာ ဝင်းတံခါးကို လာဖွင့်ပေး၏။
]]ငုဝါဆွေနဲ့ တွေ့ချင်လို့ပါခင်ဗျာ}}
စိုင်းဇော်ဇော်က လိုရင်းကိုပင် ပြောလိုက်လေ၏။
စိုင်းဇော်ဇော်စကားကြောင့် အဘိုးကြီး အံ့ဩသွားပုံရလေသည်။
]]ငုဝါဆွေ ဟုတ်လား၊ ဒီမိန်းကလေး မလာဘူးကွယ့်}}
]]ဗျာ  ...ငုဝါဆွေက ဒီအိမ်မှာနေတာ မဟုတ်ဘူးလား}}
]]ကြံကြံဖန်ဖန်ကွယ်၊ ငုဝါဆွေက တက္ကသိုလ်နားက အဆောင်မှာနေ တာကွယ့်}}
]]သူက ဒါ သူ့အိမ်လို့ပြောသွားလို့ပါခင်ဗျာ၊ အန်ကယ်က ငုဝါဆွေရဲ့ အဖေလား}}
အဘိုးကြီးက စိုင်းဇော်ဇော်စကားကို ရယ်လိုက်သည်။ နိုင်မျိုးဦးသည် စိုင်းဇော်ဇော်နှင့် အိမ်ရှင်အဘိုးကြီးစကားပြောနေသည်ကို ရဲအမြင်ဖြင့် သေချာ စူးစိုက် အကဲခတ်နားထောင်နေလေ၏။
]]အဟဲ  ...ဟဲ ငုဝါဆွေက အန်ကယ်နဲ့ဘာမှမတော်ပါဘူးကွယ့်၊ နောက်မှသာ အမျိုးတော်လာမယ့် မိန်းကလေးလေ}}
]]ဗျာ}}
]]ဒီလိုပါ ငုဝါဆွေက အန်ကယ့်သား မောင်ခင်မောင်ဌေးရဲ့ချစ်သူ ပါ}}
ငုဝါဆွေပြောပြသော ခင်မောင်ဌေးအမည် ပါလာသဖြင့် စိုင်းဇော် ဇော် အံ့ဩသွားသည်။
]]ဒါ  ...ဒါဖြင့် ဒါ ခင်မောင်ဌေးအိမ်ပေါ့၊ ဟုတ်လား အန်ကယ်}}
]]ဟုတ်ပါတယ်ကွယ်}}
စိုင်းဇော်ဇော်တစ်ယောက် အမူအရာပျက်နေသဖြင့် နိုင်မျိုးဦးက ဝင်ပြောလိုက်သည်။
]]အန်ကယ့်သား ကိုခင်မောင်ဌေးရော အိမ်မှာရှိပါသလားခင်ဗျာ}}
]]ရှိပါတယ်၊ ရှိပါတယ်။ သားရေ ခင်မောင်ဌေး၊ အိမ်ရှေ့ကိုထွက်ခဲ့ ပါဦးကွယ်။ ဒီမှာဧည့်သည်တွေ ရောက်နေတယ်}}
အဘိုးကြီးက အိမ်ထဲသို့တစ်ဆက်တည်း လှမ်းအော်ခေါ်လိုက်၏။
စိုင်းဇော်ဇော်နှင့်နိုင်မျိုးဦး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိ လေသည်။ ငုဝါဆွေက သူ့ချစ်သူသည် ခင်မောင်ဌေးဖြစ်ကြောင်း ပြောခဲ့တာ တော့ မှန်နေသည်။ ခင်မောင်ဌေးကို သူမကိုယ်တိုင် ရေထဲတွန်းချသတ်ခဲ့သည် ဟု ဆိုခဲ့၏။ ခင်မောင်ဌေးက ယခုအိမ်မှာရှိနေသည်။ ဘယ်လိုတွေ ဖြစ်ကုန် ပြီလဲ။
ညက ငုဝါဆွေက ဤအိမ်ရှေ့တွင် ကားပေါ်မှဆင်းသွားကာ မင်္ဂလာ ရိပ်မြုံသည် သူမ နေထိုင်ရာအိမ်ဟု ပြောခဲ့ပြန်သည်။ ငုဝါဆွေထံမှ သိထားရ သော အချက်အလက်များမှာ အမှားတွေရော အမှန်တွေပါ ရောနေသဖြင့် စိုင်းဇော်ဇော် မစဉ်းစားတတ်အောင် ဖြစ်နေလေပြီ။
ခင်မောင်ဌေးဆိုသူ အိမ်ထဲမှထွက်လာလေ၏။
]]ဘယ်သူတွေလဲ ဖေဖေ}}
]]ဒီမှာ ဒီသူငယ်တွေက ငုဝါဆွေကို လာမေးနေကြတယ်သားရဲ့။ သူတို့က ဒီအိမ်ကို ငုဝါဆွေအိမ် ထင်နေကြတာ။ ဖေဖေက ရှင်းပြနေတာ}}
အဘိုးကြီးရှင်းပြနေစဉ်တွင် ခင်မောင်ဌေးက စိုင်းဇော်ဇော်နှင့် နိုင်မျိုး ဦးကို အကဲခတ်နေ၏။ ပြည်သူ့ရဲယူနီဖောင်းဝတ်ထားသည့် နိုင်မျိုးဦးကို ကြည့်ကာ မျက်နှာ ပျက်နေလေသည်။
]]ကိုခင်မောင်ဌေး၊ ကိုခင်မောင်ဌေးနဲ့ ငုဝါဆွေတို့ အနေအထားက ဘယ်လို ရှိပါသလဲခင်ဗျာ}}
နိုင်မျိုးဦးက ရည်မွန်စွာမေးလိုက်သည်။ စိုင်းဇော်ဇော်ကိုလည်း ဝင်မပြောရန် မျက်ရိပ်ပြထား၏။
]]ကျွန်တော် ကျွန်တော်နဲ့ငုဝါနဲ့က ဟို လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ သူတွေပါဗျာ။ ဘာ  ...ဘာဖြစ်လို့ပါလိမ့်}}
]]ညက ငုဝါဆွေက ကျွန်တော့်သူငယ်ချင်းကားကို တားစီးလာတယ် လေ။ တူးမြောင်းဘေးကနေ တားစီးတာပါ ကိုခင်မောင်ဌေး။ ပြီးတော့ ငုဝါဆွေ က ဒီအိမ်ရှေ့မှာဆင်းသွားပြီး ဒါဟာ သူ့အိမ်ပါလို့ပြောသွားတယ်တဲ့}}
ခင်မောင်ဌေးဆိုသူသည် ဟန်မဆောင်နိုင်အောင် ဣနြေ္ဒပျက်နေ လေပြီ။
]]ဪ  ...မိန်းကလေးက နောက်သွားတာထင်ပါရဲ့ကွယ်။ ဟဲဟဲ၊ ကဲကွယ်  ...မောင်ရင်တို့ အိမ်ထဲဝင်ကြပါဦးလား၊ မတ်တတ်ကြီး}}
]]ကိစ္စမရှိပါဘူးအန်ကယ်၊ ကျွန်တော်တို့ ခုပြန်မှာပါ။ ဪ  ...ဒါနဲ့ ညက ကိုခင်မောင်ဌေး ဘယ်ကိုများ သွားသေးလဲခင်ဗျ}}
]]ဘယ်မှမသွားပါဘူး၊ တစ်နေ့လုံး အိမ်မှာပဲရှိပါတယ်}}
]]ဟုတ်ပါတယ် မောင်ရင်၊ မနေ့က အန်ကယ့်သား အိမ်မှာပဲရှိနေပါ တယ်}}
]]ငုဝါဆွေနဲ့ရော နောက်ဆုံး ဘယ်နေ့ကတွေ့ခဲ့သလဲ ကိုခင်မောင် ဌေး}}
]]အဲ  ...နှစ်ရက်သုံးရက်၊ ဒီနေ့ အင်္ဂါနေ့ဆိုတော့ သောကြာနေ့က ဟုတ်တယ်  ...သောကြာနေ့က နောက်ဆုံးတွေ့ခဲ့ပါတယ်ဗျာ}}
]]ကောင်းပါပြီ၊ ကျွန်တော်တို့ကိုခွင့်ပြုပါဦး၊ ဪ  ...ဒါနဲ့ အန်ကယ်၊ ငုဝါဆွေနေတဲ့ တက္ကသိုလ်နားကအဆောင်ဆိုတာ ဘယ်အဆောင် များလဲဗျာ}}
]]မိန်းကလေးဆောင်တစ်ခုပဲကွယ့်။ သားရေ  ...နာမည်က ဘာ တဲ့}}
]]ငုဝါနေတဲ့အဆောင်နာမည်က သရဖီပါတဲ့ဗျာ}}
]]ဟုတ်ကဲ့၊ ကျွန်တော်တို့ကို ခွင့်ပြုပါဦး}}
+ + + + +
]]တက္ကသိုလ်နားက သရဖီဆောင်ကိုသာ မောင်းပေတော့ ဖိုးဇော်}}
နိုင်မျိုးဦးက စိုင်းဇော်ဇော်ကို ပြောလိုက်သည်။
]]ငါတော့ ဘာမျှနားမလည်တော့ဘူး နိုင်ကြီး}}
]]ငုဝါဆွေနေတဲ့ အဆောင်ရောက်ရင်တော့ ရှင်းတန်သလောက် ရှင်းသွားပါလိမ့်မယ်ကွာ}}
သရဖီဆောင်ကို ခက်ခက်ခဲခဲရှာစရာမလိုပေ။ တက္ကသိုလ်ဘေး လမ်းကြား၏ ထိပ်နားတွင်ပင် တွေ့ရသည်။
]]ဖိုးဇော် ငါပဲ ဦးဆောင်မေးမယ်၊ ပြောမယ်။ မင်း ဘာမှ ဝင်မပြော နဲ့နော်}}
နိုင်မျိုးဦးက စိုင်းဇော်ဇော်ကို သတိပေးလိုက်၏။
အဆောင်ပိုင်ရှင်ကို တွေ့ခွင့်တောင်းပြီး ငုဝါဆွေရှိçမရှိ စုံစမ်းကြည့် လိုက်သည်။ အဆောင်ပိုင်ရှင်အမျိုးသမီးကြီးက ငုဝါဆွေ အဆောင်ပြန်မအိပ် တာ နှစ်ညရှိပြီဖြစ်ကြောင်း ပြောပြ၏။
]]သူ အရင်ကရော ဒီလိုပဲ ပြန်မအိပ်တာမျိုး ရှိတတ်သလား အန်တီ}}
]]အန်တီ့အဆောင်မှာနေလာတဲ့ ၂ နှစ်လုံးတော့ မပြောမဆိုဘဲ ထွက်သွားတာမျိုး မလုပ်ဖူးပါဘူး။ နယ်ပြန်မယ်ဆိုလည်း ပြောသွားတယ်၊ ကြိုပြီးလည်း ပြောပြထားတတ်ပါတယ်ကွယ်}}
]]ငုဝါဆွေဟာ ဘယ်လိုမိန်းကလေးမျိုးလဲ အန်တီ}}
]]စိတ်ထားကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ ထက်လည်း ထက်တယ်။ အနေအထိုင်လည်း အေးတယ်၊ ဘွဲ့ရပြီးကတည်းက အန်တီ့ အဆောင်မှာ လာနေတာ။ သူကနယ်ကလေ၊ အလုပ်လုပ်တော့ ကုမ္ပဏီမှာလုပ် တယ်။ ရာထူးတွေ ဘာတွေတော့ အန်တီမမေးမိဘူးကွယ်}
]]သူ့မှာ ချစ်သူရည်းစားရှိတယ်လို့ရော အန်တီသိထားသလား}}
]]ရှိတယ်ကွယ့် တစ်ခါတစ်ခါ ဆိုင်ကယ်လေးနဲ့ ရောက်ရောက်လာ တတ်တယ်။ နာမည်က ဘာတဲ့ ပါးစပ်ဖျားလေးတင် မေ့နေပြန်ပြီ}}
]]ခင်မောင်ဌေး}}
]]အဲ  ...အဲ ဟုတ်တယ်၊ မောင်ခင်မောင်ဌေး}}
]]ငုဝါဆွေအဆောင်ပြန်မအိပ်တာ ၂ ညရှိပြီဆိုတော့ ဒီနေ့က အင်္ဂါနေ့၊ တနင်္ဂနွေ၊ တနင်္လာ နှစ်ရက်ပေါ့နော် အန်တီ}}
]]ဟုတ်တယ်၊ ဟုတ်တယ်}}
]]သူ တနင်္ဂနွေနေ့မှာ အဆောင်ကထွက်သွားတာပေါ့။ သူတစ် ယောက်တည်း ထွက်သွားတာလား။ တစ်ယောက်ယောက်နဲ့ အတူထွက်သွား တာလား ဆိုတာရော အန်တီသတိထားမိသလား}}
]]မောင်ခင်မောင်ဌေး လာခေါ်သွားတာကွယ့်။ ဆိုင်ကယ်နဲ့ လာခေါ် သွားတာ။ ဟုတ်တယ်၊ စနေ တနင်္ဂနွေလိုပိတ်ရက်မျိုးဆို သူတို့အပြင် ထွက် ထွက်လည်တတ်ကြတယ်}}
]]ကျေးဇူးတင်ပါတယ် အန်တီ}}
+ + + + +
]]စခန်းကိုသာ ပြန်မောင်းပေတော့ ဖိုးဇော်ရေ၊ လုပ်စရာအလုပ်တွေ က အများကြီးရှိလာပြီကွ}}
နိုင်မျိုးဦးစကားကို စိုင်းဇော်ဇော် နားမလည်ပေ။
]]ဘာလုပ်စရာရှိတော့လို့လဲကွ၊ အဖြေက ရှင်းနေပြီပဲ}
]]ဘယ်လိုရှင်းတာလဲ ဖိုးဇော်}}
]]ငုဝါဆွေက သူ့ချစ်သူခင်မောင်ဌေးကို ရေထဲတွန်းချ သတ်ခဲ့ပါတယ် လို့ ငါ့ကိုပြောခဲ့တာလေ။ အခု ခင်မောင်ဌေးကို မသေပဲ ငါတို့တွေ့နေရပြီပဲ။ ငုဝါဆွေ ငါ့ကိုပြောသွားတဲ့စကားဟာ စကားအမှားပဲပေါ့။ သက်သက်မဲ့ နောက် ပြီး ပြောသွားတာပေါ့ကွ}}
]]ဒါဖြင့် ငုဝါဆွေပျောက်နေတာကကောကွာ}}
]]ဒါတော့ သူ့ဟာသူ တခြားနေရာ လျှောက်သွားနေတာ ဖြစ်မှာ ပေါ့}}
]]ဖိုးဇော် ဖိုးဇော် ဒီနေရာကျ မင်းစိတ်ကူးယဉ်ပြီး ချဲ့မတွေးတော့ပြန် ဘူး။ သံသယနဲ့တွေးကြည့်ရင် စဉ်းစားစရာအချက်တွေက အများကြီးပဲကွ}}
]]ဒါတော့ မင်းက ရဲအမြင်နဲ့ပြောတာကိုး}}
]]ထားပါတော့ကွာ၊ ဒါပေမဲ့ ဒီကိစ္စကိုယူလာတာ မင်းကိုယ်တိုင်ပဲ မဟုတ်လား။ အစကတော့ ငါ အလေးအနက်မထားလို့ မင်းစိတ်ဆိုးတယ်။ ငါက အလေး အနက်ထားနေပြန်တော့ မင်းက မလိုအပ်ဘူးထင်ပြန်ရော။ တကယ်တော့ လိုအပ်တယ်ထင်လို့ လုပ်နေတာတွေပါ ဖိုးဇော်ရာ}}
]]ဒါဖြင့်လည်း ပြီးရောကွာ၊ ငါ့စိတ်ထင်တော့ ငုဝါဆွေက ခင်မောင် ဌေးကို ရေထဲတွန်းချလိုက်တာ မှန်ရင်တောင် ခင်မောင်ဌေးမသေဘဲ ရေထဲက ပြန်တက်လာတာ ဖြစ်မယ်ကွ}}
စိုင်းဇော်ဇော်စကားကို နိုင်မျိုးဦးက ရယ်မောပစ်လိုက်သည်။
]]ခင်မောင်ဌေးအဖေကိုယ်တိုင်က သူ့သား မနေ့က တစ်နေ့လုံး အိမ်မှာရှိနေတယ်လို့ ပြောခဲ့တယ်လေ}}
]]အေ  ...ငါလည်း မစဉ်းစားတတ်တော့ဘူး။ ငါ့ကားပေါ်မှာပါလာ တဲ့ တစ်ကိုယ်လုံးရေစိုနေတဲ့ မိန်းမဟာ ငုဝါဆွေလို့သာ ပြောတာ။ တကယ့် ငုဝါဆွေဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ တခြားမိန်းမတစ်ယောက်က အယောင်ဆောင်ထားတာလားမှ မသိတာ}}
]]အမှုတစ်ခုကို စဉ်းစားတဲ့နေရာမှာ အဲဒီလိုချဲ့ထွင်ပြီး စဉ်းစားရတယ် ဖိုးဇော်။ မင်း စဉ်းစားတတ်လာပြီ။ ဒါပေမဲ့ မင်းအထင်လည်း မဟုတ်နိုင်သေး ဘူးထင်တယ်။ ငါ့အတွေးက တစ်မျိုးကွ၊ အေးလေ အမှန်တွေဟာ မကြာခင် ပေါ်လာမှာပါ။ တကယ့်အဖြစ်မှန်ဟာ ဘယ်လိုဆိုတာ စောင့်ကြည့်ကြတာပေါ့ ကွာ}}
+ + + + +
စခန်းကိုပြန်အရောက်တွင် နိုင်မျိုးဦးက စခန်းမှူးကို အဖြစ်အပျက် အား ပြန်လည်တင်ပြနေသည်။ စိုင်းဇော်ဇော်ကိုတော့ ပြန်မလွှတ်သေးပေ။ ကူလက်စနဲ့ အစအဆုံးကူညီပေးပါ။ သူ့ကားကိုသုံးပါရစေဆို၍ စိုင်းဇော်ဇော် လည်း စခန်းတွင် ထိုင်စောင့်နေရ၏။
စခန်းမှူးကိုယ်တိုင်က နိုင်မျိုးဦးတင်ပြချက်များကို အလေးအနက် ထားကာ စီစဉ်စရာများစီစဉ်လုပ်ဆောင်နေသည်ကို စိုင်းဇော်ဇော် မြင်တွေ့နေ ရသည်။ ဘာတွေ လုပ်နေတယ်တော့ စိုင်းဇော်ဇော်လည်း မသိရပေ။
အတန်ကြာချိန်၌ နိုင်မျိုးဦး စိုင်းဇော်ဇော် ရှေ့ရောက်လာသည်။
]]ဖိုးဇော်ရေ၊ ငါတို့မြို့တည်း တစ်ခေါက်ထပ်ထွက်ကြစို့}}
ကားမောင်းထွက်လာမှ ဘယ်နေရာကိုသွားမယ်ဆိုတာ နိုင်မျိုးဦးက ပြောပြ၏။
]]အခုန ငါတို့ဝင်ခဲ့တဲ့ ကိုခင်မောင်ဌေးတို့ မင်္ဂလာရိပ်မြုံနဲ့ မျက် စောင်းထိုးမှာ အရက်ဆိုင်တစ်ဆိုင်ရှိတာ မင်းတွေ့တယ် မဟုတ်လား}}
]]တွေ့တာပေါ့၊ ငါတောင် အဲဒီဆိုင်မှာ သုံးလေးခါ သောက်ဖူး တယ်}}
]]မင်းကတော့ စံပါပဲကွာ၊ အေး  ...အဲဒီဆိုင်မှာ ငါတို့ သွားထိုင် မယ်။ မင်းက မင်းဟာမင်း အကြိုက်သာသောက်ပေတော့။ ငါ ခင်မောင်ဌေး တို့ အိမ်ကို စောင့်ကြည့်ချင်လို့}}
]]ဘာကွ၊ အသတ်ခံရပါတယ်ဆိုတဲ့ ခင်မောင်ဌေး သေမှမသေပဲ။ မင်း မျက်မြင်ပဲဟာကို။ ဘာစောင့်ကြည့်စရာလိုသေးလဲ။ ဘာလဲ၊ မင်းက ငါတို့တွေ့ခဲ့တာ ခင်မောင်ဌေးအတု ထင်လို့လား}
စိုင်းဇော်ဇော်အပြောကို နိုင်မျိုးဦးက ]ကျွတ်}ခနဲ စုပ်သပ်လိုက် သည်။
]]သွားမှာသာသွားပါကွာ၊ ဒီမယ်ဟေ့ကောင် ငါတို့ကားကို ခင်မောင် ဌေး မှတ်မိရင်မှတ်မိနိုင်တယ်။ ဒီတော့ သူတို့အိမ်ရှေ့က ဖြတ်သွားရတဲ့ လမ်းမကြီးကနေ မသွားနဲ့ကွာ။ အနောက်လမ်းက မောင်း၊ ပြီးမှ အရက်ဆိုင် ဘက်ကို ပတ်ဝင်}}
]]အေးပါကွာ  ...အေးပါ၊ ငါဆတ်ဆော့မိမှတော့ မင်းခိုင်းသမျှ လုပ်ပါ့မယ်}}
စိုင်းဇော်ဇော်က ခပ်ငေါ့ငေါ့ပြောလိုက်သည်။
]]အခု ငါနဲ့စခန်းမှူးကြီးနဲ့ ဘာစီစဉ်ထားသလဲ  ...သိလား၊ ရေလွှဲ တံခါးနားမှာ အလောင်းရှာဖို့ အဖွဲ့တစ်ဖွဲ့လွှတ်ထားတယ်။ အဲဒီအဖွဲ့က တူးမြောင်းဘေးက ရဲကင်းနဲ့ပေါင်းပြီး အလောင်းရှာကြလိမ့်မယ်}}
]]ဟာ  ...ဟေ့ကောင်၊ ဘာကြောင်ပြန်တာလဲ။ ခင်မောင်ဌေးက မသေဘူးလေ။ အသက်ရှင်လျက် ငုတ်တုတ်ကြီးတွေ့နေတာကို သူ့အလောင်း ကို ရေထဲ သွားရှာလို့ ဘာထူးမှာလဲကွ}}
]]ငါက အလောင်းရှာမယ်လို့သာပြောတာ ဖိုးဇော်၊ ခင်မောင်ဌေး အလောင်းလို့ မင်းကိုပြောလို့လား}}
]]ဒါဖြင့် ဘယ်သူ့အလောင်းလဲ}}
]]တစ်ယောက်ယောက် အလောင်းပေါ့ကွာ။ အဲဒီနားမှာ အလောင်း တစ်ခု ရှိကိုရှိရမယ် သူငယ်ချင်း}}
]]မင်းတို့ရဲတွေဦးနှောက်တော့ ငါလိုက်မမီတော့ပါဘူးကွာ။ မင်း ဟာ မင်း လုပ်ချင်ရာသာလုပ်၊ ငါလည်း ငါ့ဟာငါ အရက်ထိုင်သောက်နေ မယ်}}
]]အေးပါကွာ၊ မင်းကားနဲ့လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ် သူ ငယ်ချင်းရယ်။ ဒီမှာ လိုအပ်ရင်သုံးဖို့ စခန်းမှူးကြီးက ငါ့ကိုလက်ကိုင်ဖုန်း ပေးလိုက်တယ်}}
+ + + + +
မနက်ခင်းဖြစ်၍ အရက်ဆိုင်ထဲ၌ လူသိပ်မရှိလှပေ။
နိုင်မျိုးဦးနှင့် စိုင်းဇော်ဇော်က ဒေါင့်ဘက်ကျသောစားပွဲကို ရွေး ထိုင်လိုက်၏။
စိုင်းဇော်ဇော်က အရက်မှာသောက်သည်။ နိုင်မျိုးဦးက မျက်စောင်း ထိုးဘက်ခြမ်းမှ ခင်မောင်ဌေးတို့မင်္ဂလာရိပ်မြုံအိမ်ကို စောင့်ကြည့်နေ၏။
စိုင်းဇော်ဇော် ၂ ပက် ၂ ခွက်သောက်ပြီးချိန်၌ -
]]ဟော  ...ဖိုးဇော်၊ ဟောဟိုမှာကြည့်၊ ခင်မောင်ဌေးအိမ်ထဲက ထွက်လာပြီ}}
စိုင်းဇော်ဇော် လှမ်းကြည့်လိုက်ရာ ခရီးသွားမည့်ဟန်မျိုးဖြင့် ခရီး ဆောင်အိတ်ကိုလွယ်ရင်း အိမ်ထဲမှထွက်လာသော ခင်မောင်ဌေးကို မြင်လိုက် ရသည်။ ခင်မောင်ဌေးက အိမ်ရှေ့တွင်ခေတ္တရပ်ကာ တက်စီကားများကို တားနေ၏။ အငှားကားအလွတ်တစ်စီး အဆင်ပြေသွားပြီး ကားနှင့်လိုက်ပါ သွားလေသည်။
နိုင်မျိုးဦးသည် ထိုင်ရာမှထကာ ဆိုင်နောက်ဘက်သို့ထွက်သွား၏။ ဟဲန်းဖုန်းဖြင့် တစ်နေရာသို့ ဆက်သွယ်ပြောကြားနေလေသည်။
စိုင်းဇော်ဇော်သည် နိုင်မျိုးဦးလုပ်ရပ်များကို လိုက်မမီတော့သဖြင့် ဘာမျှမေးမြန်းမနေတော့။ ကိုယ့်အရက်ကိုယ်သာ ဇိမ်ဆွဲသောက်နေလိုက်လေ သည်။
+ + + + +
နိုင်မျိုးဦး၏ဟဲန်းဖုန်းထဲသို့ ခေါ်သံဝင်လာသည်။
နိုင်မျိုးဦးက တစ်ဖက်နှင့်စကားအပြန်အလှန်ပြောနေသည်။
ဖုန်းပြောအပြီးတွင် နိုင်မျိုးဦးက စိုင်းဇော်ဇော်ကိုပြောလိုက်၏။
]]ကဲ  ...မင်းသောက်လက်စကို လက်စသတ်လိုက်ပေတော့ ဖိုးဇော်။ ငါတို့ သွားကြမယ်}}
]]ဘယ်သွားကြဦးမှာလဲ}}
]]တူးမြောင်းကိုလေ၊ တူးမြောင်းရေလွှဲတံခါးကို၊ ရေလွှဲတံခါးမှာ အလောင်းတစ်လောင်း ဆယ်လို့ရတယ်တဲ့}}
]]ဟင်}}
]]ကဲ  ...မင်းဥစ္စာကို လက်စသတ်လိုက်ပါ၊ ဟိုမှာတွေ့တာ ဘယ် သူ့အလောင်းဆိုတာ ငါ့တို့သွားကြည့်ကြမယ်}}
ရေလွှဲတံခါးရောက်သည့်အခါ အလောင်းရှာသောအဖွဲ့က ရေထဲမှ ဆယ်ယူရရှိသောအလောင်းကို မြောင်းပေါင်ပေါ်ချထားရင်း နိုင်မျိုးဦးကို စောင့် နေလေ၏။
ရဲတပ်ဖွဲ့ဝင်တစ်ဦးက အလောင်းမှာ ရေလွှဲတံခါးကြားတွင် ညပ်နေ ၍ ရှာဖွေရမခက်ခဲကြောင်း နိုင်မျိုးဦးကို ဆီး၍အစီရင်ခံသည်။ အမှန်တော့ လည်း တူးမြောင်းကို အုတ်ပေါင်နှင့်သေသပ်စွာ ပြုလုပ်ထားခြင်းကြောင့် ချောင်းများ၊ မြစ်များထဲမှာလို မျောချင်ရာ မျောမသွားခြင်း ဖြစ်လေသည်။
]]ဖိုးဇော်၊ အလောင်းက မိန်းမအလောင်းတဲ့။ မင်းအသိထဲကများ ဖြစ်နေမလား၊ ကြည့်လိုက်ပါဦးကွာ}}
စိုင်းဇော်ဇော်က စိတ်မပါသော်လည်း နိုင်မျိုးဦးနှင့်အတူ မြောင်းပေါင် ပေါ်တက်လိုက်သွားခဲ့သည်။
မြောင်းပေါင်ပေါ်အရောက်တွင် အလောင်းကို နိုင်မျိုးဦးတို့ လေ့လာ နိုင်ရန် နေရာချဲပေးလိုက်ကြသည်။
စိုင်းဇော်ဇော်က အလောင်းကို ငုံ့ကြည့်လိုက်၏။
အမျိုးသမီးအလောင်းကို မြင်လိုက်ရသည်နှင့် -
]]ဟာ}}
စိုင်းဇော်ဇော်ရင်ထဲ၌ လှိုက်ခနဲဖြစ်ကာ လူသည်လည်း ယိမ်းထိုးသွား လေသည်။ သောက်ထားသော အရက်များလည်း ဘယ်ထွက်ပြေးသွားမှန်းမသိ ဖြစ်ကာ တစ်ကိုယ်လုံး ကတုန်ကယင်ကြီး ဖြစ်သွားလေ၏။
နိုင်မျိုးဦးက စိုင်းဇော်ဇော်ကိုဖေးကိုင်ထားရင်း မေးလိုက်သည်။
]]ဘာဖြစ်လို့လဲ ဖိုးဇော်}}
]]အဲဒါ အဲဒါ ငုဝါဆွေပဲ နိုင်ကြီး။ ညက ငါ့ကားကို ဒီနေရာမှာ တားစီးခဲ့တဲ့ ငုဝါဆွေပဲ}}
]]သေချာရဲ့လား ဖိုးဇော်၊ သေချာအောင်ကြည့်ပါဦး}}
အလောင်းက ပက်လက်အနေအထားဖြင့် ရှိနေသည်။ ဦးခေါင်းက အထက်သို့ လန်နေသည်။ ရုပ်ပျက်ဆင်းပျက် မရှိလှသေး။
အလောင်းတွင် အင်္ကျီရှိနေဆဲ။ ခါးဝတ်ထမီကတော့ မရှိတော့ချေ။ မြင်ကောင်းစေရန် အဝတ်စအပိုင်းတစ်ခုဖြင့် အောက်ပိုင်းကို ဖုံးအုပ်ထားလေ ၏။
]]ငုဝါဆွေ သေချာသလား ဖိုးဇော်}}
]]ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ သူပါပဲကွာ၊ သူပါပဲ}}
ငုဝါဆွေ၏ဘယ်ဘက်ပါးမှ စံပယ်တင်မှဲ့လေးက မမှားနိုင်ကြောင်း ဖော်ပြနေပေသည်။ ကားမောင်းနေစဉ်တစ်လျှောက်လုံး သူမဘက်သို့ လှည့် ကြည့်လိုက်သည့်အခါတိုင်း ထိုစံပယ်တင်မှဲ့လေးကိုမြင်ခဲ့ရတာ သူမှတ်မိနေပါ သေးသည်။
]]အဝတ်အစားကလည်း ဒီအဝတ်အစားပါပဲ နိုင်ကြီး}}
စိုင်းဇော်ဇော်က ငုဝါဆွေအလောင်းကို စိတ်မကောင်းစွာကြည့်ရင်း နောက်တစ်ကြိမ် အတည်ပြုပြောကြားလိုက်သည်။
]]မင်း ကားပေါ်မှာ သွားနားနေလိုက်ဦး ဖိုးဇော်။ လာ လာ ငါ လိုက်ပို့မယ်}}
နိုင်မျိုးဦးက စိုင်းဇော်ဇော်ကိုဖေးမç၍ မြောင်းပေါင်ပေါ်မှ ဆင်းလာ ခဲ့၏။
စိုင်းဇော်ဇော်ကို ကားပေါ်တွင်ထိုင်ခိုင်းထားပြီး တစ်နေရာသို့ ဖုန်း ဆက်လိုက်ပြန်သည်။
ဖုန်းဆက်အပြီးတွင် အားလုံးကြားသာအောင် ဒုရဲအုပ်နိုင်မျိုးဦးက အော်ပြောလိုက်လေသည်။
]]လူသတ်တရားခံကို အဝေးပြေးကားကွင်းမှာ ဖမ်းမိထားပြီတဲ့ဗျို့။ အချိန်မီလေးတင်ပဲ။ ကျွန်တော်တို့ဘက်က လက်ဦးမှုရသွားပါတယ်}}
စိုင်းဇော်ဇော်က ကားစတီယာရင်ကို ခေါင်းမီထားရာမှ မော်ကြည့် ရင်း မေးလိုက်သည်။
]]လူသတ်ကောင်ကို မိပြီ၊ ဟုတ်လား၊ လူသတ်သမားက ဘယ်သူ လဲ}}
]]ခင်မောင်ဌေးလေ၊ သေသူငုဝါဆွေရဲ့ချစ်သူ ခင်မောင်ဌေးပေါ့}}
]]ငါတော့ နားမလည်နိုင်တော့ဘူး နိုင်ကြီးရာ။ ညက ငုဝါဆွေကို ဒီနေရာကနေ ကားနဲ့တင်ခေါ်ခဲ့တယ်။ သူ့အပြောက သူကိုယ်တိုင် ခင်မောင် ဌေးကို ရေထဲ တွန်းချသတ်ပစ်ခဲ့တယ်တဲ့။ အခုကျတော့ သေတဲ့သူက ငုဝါဆွေ ဖြစ်ပြီး သတ်တဲ့သူက ခင်မောင်ဌေး ဖြစ်နေတယ်။ ဘယ်လိုမှ နားမလည်နိုင် တော့ဘူး}}
]]ငါရှင်းပြပါ့မယ် သူငယ်ချင်း}}
+ + + + +
]]မင်္ဂလာရိပ်မြုံကို သွားစုံစမ်းတဲ့အချိန်မှာ ငါ့သံသယစခဲ့တာပဲ ဖိုးဇော်။ မင်္ဂလာရိပ်မြုံဟာ ငုဝါဆွေအိမ်လို့ တို့ထင်ထားခဲ့တယ် မဟုတ်လား။ ဟိုရောက်တော့ ခင်မောင်ဌေး အိမ်ဖြစ်နေတယ်။ တို့က ခင်မောင်ဌေးကို မြောင်းထဲကျသေပြီလို့ ထင်ထားတယ်။ ဟိုရောက်တော့ ခင်မောင်ဌေးကို အသက်ရှင်လျက်တွေ့ရတယ်။ ငုဝါဆွေ ပြောသွားသမျှတွေဟာ အားလုံး ပြောင်းပြန်တွေချည်းပဲ။ တို့ရောက်သွားတဲ့အချိန်မှာ ခင်မောင်ဌေး မူပျက်နေ တာလည်း သိပ်သိသာတယ်လေ။ အဲဒါကြောင့် ငါက ငုဝါဆွေရဲ့ အဆောင်ထိ သွားပြီး စုံစမ်းခဲ့တာပေါ့။ အဆောင်ရှင်အန်တီကြီးက တနင်္ဂနွေနေ့ညနေမှာ ခင်မောင်ဌေးက ငုဝါဆွေကို ဆိုင်ကယ်နဲ့ လာခေါ်သွားတယ်လို့ အစစ်ခံခဲ့တာ မင်း မှတ်မိမှာပေါ့}}
]]အေး  ...မှတ်မိတယ်}}
]]ခင်မောင်ဌေးက ငုဝါဆွေကို သောကြာနေ့က နောက်ဆုံး တွေ့ခဲ့ တယ်လို့ပြောခဲ့တယ်လေ။ ဒီမှာတင် ခင်မောင်ဌေး လိမ်ညာပြောတယ်ဆိုတာ ပေါ်နေပြီ။ ပြီးတော့ မင်းကားကို တားစီးခဲ့တုန်းက ငုဝါဆွေကို ရေလွှဲတံခါးနား မှာ လူချည်းပဲတွေ့ခဲ့ရတယ်။ မင်းစဉ်းစားကြည့်လေ ဆယ်မိုင်လောက်ဝေးတဲ့ ခရီးကို မိန်းကလေးတစ်ယောက်က ဘာမျှမပါပဲလာမလား။ အနည်းဆုံး ဆိုင်ကယ်တော့ပါရမယ်။ သူ တကယ်ပဲ ခင်မောင်ဌေးကိုသတ်ခဲ့ရင် ခင်မောင် ဌေး ဆိုင်ကယ်ကို စီးပြန်ခဲ့လို့ရတာပဲ။ လူချည်းသက်သက် မင်းကားကို တားစီးတယ်ဆိုကတည်းက ငုဝါဆွေ ရေလွှဲတံခါးနား ရောက်နေတဲ့အနေ အထားဟာ ပုံမှန် မဟုတ်ဘူး}}
]]ဒါဖြင့် ငါ တွေ့ခဲ့တဲ့ ငုဝါဆွေဟာ}}
]]အဲဒီအချိန်မှာ ငုဝါဆွေ သေပြီးနေပြီကွ၊ မင်းတွေ့ခဲ့တာ ငုဝါဆွေရဲ့ နာနာဘာဝဝိညာဉ်ပဲ}}
]]ဟင်}}
]]ဒါကို ငါတွေးမိပေမဲ့ ဖြစ်နိုင်ဖို့ခဲ့ယဉ်းလို့ မင်းကိုဖွင့်မပြောခဲ့တာ။ စခန်းမှူးကြီးနဲ့ ညှိပြီး အလောင်းကို အရင်ရှာခိုင်းထားလိုက်တာ။ တကယ်လို့ ခင်မောင်ဌေးသာ လူသတ်သမားဖြစ်ရင် ဒီလူပြေးတော့မယ်ဆိုတာလည်း ငါ့စိတ်ထဲက သိနေတယ်။ အဲဒါကြောင့် သူ့အိမ်နားက အရက်ဆိုင်ကနေ စောင့်ကြည့်နေခဲ့တာလေ}}
]]ဪ}}
]]သူအိမ်ကထွက်သွားတော့ ခရီးဆောင်အိတ်လည်းပါတယ်။ ဆိုင် ကယ်ရှိလျက်နဲ့ ဆိုင်ကယ်နဲ့မထွက်ဘူးဆိုတော့ အဝေးတစ်နေရာကို ပြေးတော့ မယ်ဆိုတာ သိသာတာပေါ့။ အဲဒါကြောင့် စခန်းကိုဖုန်းဆက်ပြီး ဘူတာရုံနဲ့ ကားဂိတ်မှာ ခင်မောင်ဌေးကို စောင့်ကြည့်ခိုင်းလိုက်တာပဲ။ ဘူတာမှာ ဒီအချိန် ရထားအဝင် အထွက်မရှိလို့ အရေးကြီးတာက ကားဂိတ်ပဲလေ။ တို့ပြည်သူ့ရဲ တွေကလည်း ခင်မောင်ဌေးကို ကားဂိတ်မှာတွေ့လို့ ကားတွေကိုမထွက်သေးဖို့ ပရိယာယ်နဲ့ တားထားနိုင်ခဲ့တယ်။ တူးမြောင်းထဲကအလောင်းဟာ ငုဝါဆွေ ဆိုတာ သေချာလို့ ငါဖုန်းဆက်လိုက်တာနဲ့ ကားဂိတ်မှာရှိနေတဲ့ ခင်မောင်ဌေး ကို အလွယ်တကူ ဖမ်းချုပ်လိုက်နိုင်တာပဲ ဖိုးဇော်}}
]ဒီလိုလား၊ မင်း ဒီလိုတွေ စီစဉ်နေတယ်ဆိုတာ ငါမတွေးမိဘူး ကွာ}}
]]ခင်မောင်ဌေးကို စစ်မေးကြည့်တော့ ငုဝါဆွေကို သူသတ်တာ ဝန်ခံတယ်တဲ့။ လက်မထပ်နိုင်သေးလို့ သူနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချခိုင်းတာ ငုဝါဆွေက လက်မခံလို့ ကတောက်ကဆတ်ဖြစ်ကြရင်းက တွန်းရင်းထိုးရင်း ရေထဲကျသွားတာတဲ့ကွာ။ ဒါနဲ့ပဲ သေတဲ့ထိအောင် ရေနှစ်သတ်ခဲ့မိပါတယ် ဆိုတာကို ဝန်ခံလိုက်ပြီတဲ့ သူငယ်ချင်း}}
]]မင်း တော်ပါတယ်ကွာ၊ မင်း စဉ်းစားဆင်ခြင်တာကောင်းလို့ ဒီ အမှုပေါ်တာပဲ}}
]]ငါ့ထက်တော်တာက ငုဝါဆွေပါ ဖိုးဇော်ရယ်}}
+ + + + +
]]ငုဝါဆွေဟာ ငါနဲ့တွေ့တဲ့အချိန်မှာ သူအသတ်ခံရတဲ့အကြောင်း ငါ့ကို ပြောပြနိုင်လျက်နဲ့ ဘာဖြစ်လို့ လှည့်စားပြီး ပြောခဲ့ရတာလဲ နိုင်ကြီး။ ပြီးတော့ ခင်မောင်ဌေးအိမ်ရှေ့မှာဆင်းသွားပြီး ခင်မောင်ဌေးအိမ်ကို သူ့အိမ်လို့ ပြောခဲ့သေးတယ်}}
]]ငုဝါဆွေ တော်တယ်ဆိုတာ အဲဒီအချက်ပဲပေါ့ ဖိုးဇော်ရယ်။ ငုဝါဆွေ ဟာ စိတ်ပညာကို နားလည်တဲ့မိန်းကလေးတစ်ယောက်ပဲကွ}}
]]ဆိုပါဦး}}
]]မင်းကို ငုဝါဆွေက သူဟာ ခင်မောင်ဌေးသတ်လို့ သေထားတဲ့ လူတစ်ယောက်ပါလို့ပြောရင် မင်းယုံမလား}}
]]အဲဒီအချိန်တုန်းက ဘယ်ယုံနိုင်မလဲ နိုင်ကြီး။ လူကိုအကောင်လိုက် ကြီး မြင်နေလျက်သားနဲ့ သူ့ကိုယ်သူ သေပြီးသားလူလို့ပြောရင် ငါ ဘယ်ယုံ နိုင်မလဲ}}
]]အေး  ...သူက ဒါကို စဉ်းစားမိပုံရတယ်။ မင်းယုံခဲ့မယ်ဆိုရင် လည်း သူ့ကို သရဲတစ္ဆေမှန်းသိပြီး ထွက်ပြေးသွားနိုင်တယ်လေကွာ။ ဒါကို သိထားလို့ သူက ဆိုက်ကို သုံးပြီး မိန်းမမာယာနဲ့ မင်းကိုလှည့်စားခဲ့တာပဲ ဖိုးဇော်}}
]]ဟင်}}
]]သူကိုယ်တိုင် လူသတ်ခဲ့ပါတယ်လို့ပြောရင် မင်း သူ့ကိုစိတ်ဝင်စား မယ်ဆိုတာ သူသိတယ်။ အမှုကို မင်းက ရဲစခန်းတိုင်လို့ မီးခိုးကြွက်လျှောက် လိုက်စစ်ရင် အမှန်တွေပေါ်လာနိုင်တယ်ဆိုတာ သူတွေးမိပုံပဲ။ အဲဒါကြောင့် ခင်မောင်ဌေး အိမ်ရှေ့မှာဆင်းပြီး သူ့အိမ်ပါလို့ လှည့်စားခဲ့တာပဲပေါ့။ ပြီးတော့ သူ့အမှုကို ရဲစခန်း တိုင်ချင်တိုင်ပါဆိုပြီး မင်းကို စိန်ခေါ်ခဲ့သေးတယ်လေ။ ဒါဟာ မင်း ရဲစခန်း တိုင်ဖြစ်အောင် ဆိုက်ကိုသုံးပြီးလှည့်စားခဲ့တာပဲဖိုးဇော်၊ သူထင်တဲ့အတိုင်းပဲလေ ငါတို့က သူပြောထားတာတွေနဲ့ လွဲနေတော့ သဲလွန်စ လိုက်ရှာရင်းက အခု အမှုမှန်ပေါ်ရပြီ မဟုတ်လား}}
]]မယုံနိုင်စရာပါပဲလားကွာ၊ ငါ့ကားပေါ်မှာ ပါလာတဲ့ မိန်းကလေးနဲ့ သေတဲ့ အလောင်းနဲ့ တစ်ယောက်တည်းဖြစ်နေလို့သာ ငါတွေ့ခဲ့တာ မကျွတ် လွတ်တဲ့ သရဲတစ္ဆေလို့လက်ခံလိုက်ရတယ်။ လောကမှာ သရဲတစ္ဆေရှိတယ် ဆိုတာ ငါယုံခဲ့တဲ့ကောင် မဟုတ်ဘူး}}
]]ငါလည်း မယုံခဲ့ပါဘူး၊ ခုလိုကိုယ်တွေ့ကြုံရတော့ လက်ခံရပြီလေ။ မင်းဆိုရင် မျက်မြင်ဒိဌိတွေ့ရပြီး စကားပါပြောခဲ့ရတော့ ကုသိုလ်ကံ ထူးတာ ပေါ့ကွာ}}
သူ့ကားပေါ် ငုဝါဆွေတက်လာစဉ်က တစ်ကိုယ်လုံးအေးစိမ့်ကာ ကြက်သီးမွေးညင်းထခဲ့သည်ကို ပြန်တွေးရင်း စိုင်းဇော်ဇော် ကျောချမ်းသွား မိလေသည်။
]]သရဲခြောက်ခံရတာချင်းအတူတူ ငုဝါဆွေလို ထက်မြက်တဲ့ မိန်း ကလေးတစ်ယောက်ရဲ့ဝိညာဉ်က အခြောက်ခံရတာကို မင်းဂုဏ်ယူသင့်ပါတယ် ဖိုးဇော်}}
]]မင်းကလဲကွာ}}
]]ဟုတ်တယ်လေ ...သေပြီး မကျွတ်မလွတ်တဲ့ တစ္ဆေဘ၀ရောက် တဲ့အထိ ကိုယ့်ကိုသတ်သွားတဲ့ လူသတ်သမားကိုပေါ်အောင်လုပ်နိုင်တဲ့ သရဲ တစ္ဆေဆိုတာ ရှိနိုင်ပါ့မလားကွ။ ငုဝါဆွေဟာ ရှာမှရှားတဲ့တစ္ဆေမလေးပဲ ဖိုးဇော်}}
စိုင်းဇော်ဇော်က သက်ပြင်းကိုချရင်း အလေးအနက် ပြောလိုက်လေ သည်။
]]အဲဒီတစ္ဆေမလေး ဝိညာဉ်ဘ၀က မြန်မြန်ကျွတ်လွတ်ပြီး ကောင်း ရာ မွန်ရာရောက်ဖို့ ငါတို့ ဆုတောင်းပေးကြရအောင်ကွာ}}
+ + + + +                                                                             
                                                           ဆောင်းလုလင်     

No comments: