Wednesday 24 October 2012

ဆောင်းလုလင် - မ (၀တ္ထုတို)



ဆောင်းလုလင်


"သား  ...ပြန်တော့လေ၊ ရုံးကထွက်လာတာ ကြာပြီမဟုတ်လား၊ ရထားလည်းထွက်တော့မှာပဲ၊ အမေတို့ နေလို့ဖြစ်ပါပြီ၊ ရုံးမှာပြောစရာဖြစ်နေ မယ်၊ ပြန်တော့သား"
အမေက ကျွန်တော့်ကို ပြောလိုက်သည်။
အမေတို့ပြန်မယ့်ရထားထွက်ချိန်အထိ ကျွန်တော်စောင့်ချင်ပါသည်။ ရထားပေါ်မှာ အမေပါသွားတာကိုကြည့်ပြီး လက်ပြနှုတ်ဆက်ချင်ပါသေး သည်။
သို့သော်  ...အခြေအနေက အမေပြောသလိုဖြစ်နေသည်။ အမေ တို့ကို ဘူတာလိုက်ပို့ဖို့ ရုံးမှထွက်လာခဲ့ရာ ကြည့်မြင်တိုင်မှ အမေတည်းခိုသည့် ကျွန်တော့်အစ်မကြီးအိမ်မှာသွားခေါ်ရသည်။ အမေနှင့်တူမလေးကို ဘူတာ အထိလိုက်ပို့ပေးတာနှင့်ပင် အချိန်က တစ်နာရီကျော်ကြာသွားပါပြီ။ ကျွန်တော် ရုံးကိုပြန်ဖို့သင့်ပြီ။ အချိန်အကြာကြီးပျောက်နေလို့ မသင့်တော်ပါ။
"ဟုတ်ကဲ့အမေ၊ ဒါဆို သားသွားတော့မယ်နော်၊ အမေတို့လည်း ရထားပေါ်တက်တော့လေ"
ကျွန်တော်က အင်္ကျီအိတ်ကပ်ထဲမှ ငါးရာတန်တစ်ရွက်ကိုထုတ် ယူလိုက်သည်။ ကျွန်တော့်တူမလေးကို ပွေ့ချီကာနမ်းလိုက်ရင်း ငါးရာတန် ကို သူ့အတွက် မုန်းဖို့အဖြစ်ပေးလိုက်သည်။ တူမလေးအတွက် ကျွန်တော် တတ်နိုင်သည်မှာ ဤမျှသာဖြစ်ပါသည်။ 
"ဦးဦး မြို့ကိုလာခဲ့ဦးနော်၊ ညီမလေးကိုပါ ခေါ်ခဲ့"
တူမလေးက ပြောသည်။
"ကဲ  ...ငါ့သားပြန်တော့၊ အမေတို့လည်း ရထားပေါ်တက်တော့မယ်"

ကျွန်တော်က အမေနှင့်တူမလေးရထားပေါ်ရောက်ပြီး နေရာတကျ ထိုင်သည်ကိုစောင့်ကြည့်ပြီး လက်ပြကာ ဘူတာထဲမှထွက်လာခဲ့ပါသည်။ ရထားထွက်သည်အထိ မစောင့်နိုင်တော့ပါ။ ရုံးမှာ ပြင်ပထွက်ခွင့်စာအုပ် တွင် လက်မှတ်ထိုးပြီးထွက်လာခဲ့ရာ ကျွန်တော်ထွက်လာချိန်က ခေတ္တခဏ ထွက်ချိန်ထက် များစွာပိုလွန်နေပါပြီ။
+ + + + +
ကျွန်တော်သည် ပန်းဆိုးတန်းရှိ ကျွန်တော်တို့ရုံးရှိရာသို့ ရန်ကုန် ဘူတာကြီးမှ ခြေလျင်ပြန်လျှောက်လာခဲ့ရင်း  ...အမေ့အကြောင်းများကို စဉ်းစားနေမိသည်။
တကယ်တော့ အမေ့အသက်မှာ ကြီးပါပြီ၊ ခြောက်ဆယ်ကျော်နေ ပြီ။ အမေ့အရွယ်က သားသမီးများကိုပြန်လည်မှီခိုကာ အေးဆေးစွာနေသင့် သောအရွယ်ကိုရောက်နေပါပြီ။ 
ဒါပေမယ့် အခြေအနေအရပ်ရပ်အရ အမေသည် အေးဆေးစွာ မနေနိုင်သေး။ အသက်ကြီးတဲ့အထိ ကိုယ်တိုင်ငွေရှာနေရမြဲ။ ဈေးရောင်းနေ ရမြဲပင်ဖြစ်ပါသည်။
ကျွန်တော့်အတွေးထဲ၌ ကျွန်တော်ငယ်စဉ်ကတည်းက သိလာခဲ့ သောအမေ့ပုံရိပ်များကို ပြန်လည်မြင်ယောင်လာမိသည်။
ကျွန်တော်တို့အဖေဆုံးတော့ အမေ့အသက်က သုံးဆယ့်ငါးနှစ်ပဲ ရှိပါသေးသည်။ အဖေသည်ပင် အသက်၄၂နှစ်အရွယ်ဖြင့် ဆုံးပါးခဲ့ခြင်းဖြစ်ရာ အသက်ငယ်ငယ်ဖြင့် ရောဂါကြောင့်ဆုံးပါးခဲ့ရခြင်းဖြစ်ပါသည်။ အဖေဆုံးချိန် က ကျွန်တော့်အသက်က လေးနှစ်။ ကျွန်တော့်အတွက် အဖေဆိုသောပုံရိပ် မှာ ခပ်ဝါးဝါးသာရှိပါသည်။
အဖေဆုံးပါးချိန်၌ ကျွန်တော်တို့မောင်နှမငါးယောက်ကျန်ရစ်ခဲ့ သည်။ ကျွန်တော်က အငယ်ဆုံးဖြစ်ပါသည်။
ပြန်တွေးကြည့်လျှင် မုဆိုးမဖြစ်စက အမေ့အသက်မှာ သုံးဆယ့် ငါးနှစ်ပဲရှိသေးသည်။ မိန်းမတစ်ယောက်အတွက် အရွယ်ကောင်းပင်ဖြစ်ပါ သည်။ အမေ့ကို ဆွေမျိုးများက သင့်တော်ရာလူနှင့် နောက်အိမ်ထောင်ထူ ဖို့ စပ်ဟပ်ပေးစားခဲ့ကြတာကို နောင်တော့ ကျွန်တော်ပြန်သိခဲ့ရပါသည်။
အမေ့ကိုစကားကမ်းလှမ်းလာသူများလည်း ရှိခဲ့ပါသည်။
သို့သော်  ...အမေသည် သားသမီးတွေမျက်နှာကိုထောက်ထား ကာ နောက်အိမ်ထောင်မပြုခဲ့ပါ။ သူ့သားသမီးတွေ ပထွေးနဲ့မနေစေရဘူး ဆိုသည့်မာနဖြင့် သူကိုယ်တိုင် စီးပွားရှာကျွေးမွေး ပညာသင်ပေးခဲ့ပါသည်။
တကယ်တော့ အမေသည် ပညာမတတ်ရှာပါ။ ပညာမတတ်သော အမေသည် သားသမီးငါးယောက်ကို အတန်းကုန်ကျောင်းထားပေးခဲ့ကာ လူတန်းစေ့ကျွေးမွေးနိုင်ခဲ့ပါသည်။
အမေသည် ကျွန်တော်တို့ကို ဈေးရောင်းကျွေးခဲ့ခြင်းဖြစ်ပါသည်။ အမေသည် မြို့အစွန်ရှိ ရပ်ကွက်လေးထဲတွင်လည်ကာ ဈေးရောင်းခဲ့ရသည်။ ဈေးတောင်းခေါင်းရွက်ကျွေးတယ်ဆိုသည့်စကား ရှိပါသည်။ အမေသည် ရပ်ကွက်ထဲလည်ပြီးဈေးရောင်းရသော်လည်း ဈေးတောင်းကိုတော့ ခေါင်းပေါ် မတင်ခဲ့ရပါ။ အမေရောင်းသည့်ကုန်ပစ္စည်းမှာလည်း စားကုန်သောက်ကုန် မဟုတ်ပါ။
အမေသည် အဝတ်အထည်များရောင်းချခဲ့ခြင်းဖြစ်ပါသည်။ ဈေးထဲ က ရင်းနှီးသောအထည်ဆိုင်ကြီးမှ အထည်များကို အကြွေးယူကာ အမြတ် ဖြင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြစ်ပါသည်။ တစ်ဆင့်ဈေးသည်ဖြစ်၍ ဝယ်သူထံ အိမ်တိုင်ရာရောက် သွားရောက်ရောင်းချရခြင်းဖြစ်ပါသည်။ ယခု ခေတ် အရောင်းကိုယ်စားလှယ်များ၊ မိုဘိုင်းဈေးသည်များထက်ပင် အမေ က နှစ်ပေါင်းသုံးလေးဆယ်စော၍ စတင်ခဲ့ခြင်းဖြစ်ပါသည်။
အမေက သူ၏ဈေးကွက်ကို ကွယ်လွန်သူအဖေ့တပည့်များရှိသော ရပ်ကွက်ကို ရွေးချယ်ခဲ့သည်။ အဖေမှာ မကွယ်လွန်မီက ပြည်တွင်းရေ ကြောင်းသယ်သူပို့ဆောင်ရေးအဖွဲ့တွင် စာရေးကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ 
မြစ်ဆိပ်ကမ်းတလျှောက်မှ သင်္ဘောကုန်တင်ကုန်ချအလုပ်သမား များမှာ အဖေ့တပည့်များဖြစ်ခဲ့ပါသည်။ အမေသည် ကုန်တင်ကုန်ချအလုပ် သမားများနေသောရပ်ကွက်မှ အဖေ့တပည့်များ၏အဆက်အသွယ်ဖြင့် ထိုရပ်ကွက်တွင် ဈေးရောင်းခဲ့သည်။ အဝတ်အထည်များကို ဆိုင်ကြီးမှယူ တစ်ဆင့်ရောင်းချခဲ့သည်။
လက်လုပ်လက်စားများကို ရောင်းစားရသောဈေးကွက်ဖြစ်သည့် အတွက် ပိုက်ဆံကို ချက်ချင်းလက်ငင်းမရပါ။ လပေးရောင်းရခြင်းလည်း မဟုတ်ပါ။ နေ့စဉ် ငွေချေစံနစ်ဖြင့်ရောင်းချရခြင်းဖြစ်ပါသည်။ ကုန်တင် ကုန်ချအလုပ်သမားများမှာ တစ်နေ့လုပ်ခတစ်နေ့ရကြသူများမို့ လုံးကနဲ ခဲကနဲမသုံးစွဲနိုင်ကြပေ။ သူတို့အဖို့ နေ့စဉ်စားဖို့သောက်ဖို့သာ လုံးပန်းနေရ ပေရာ အဝတ်အစားလို အပိုအသုံးအဆောင်ကို လုံးကနဲငွေသုံးပြီးဝယ်နိုင် ဖို့ဆိုတာ ခက်ခဲပါသည်။ သည်တော့ အမေသူတို့ရပ်ကွက်ကိုရောက်လာပြီး ဈေးရောင်းပေးတာ သူတို့အတွက်လည်း အဆင်ပြေသွားသည်။ အမေ့ကို ကျေးဇူးတင်ကြသည်။
အမေဈေးရောင်းသည့်စံနစ်ကတော့ နေ့စဉ်ပေးစံနစ်ဖြင့် ရောင်း ခြင်းဖြစ်ပါသည်။ အမေက ပစ္စည်းတစ်ခုကို တစ်လဖြင့်အကြေတွက်ကာ ရောင်းချသည်။ ဥပမာ  ...သုံးရာတန်ပစ္စည်းဖြစ်ပါက တစ်လ(ရက်၃၀)ဖြင့် အကြေပေးရလျှင် တစ်နေ့ကို တစ်ဆယ်ကျပါသည်။ ဝယ်သူက တစ်နေ့ တစ်ဆယ် နေ့စဉ်ပေးသွင်းရခြင်းဖြစ်သည်။ ထို့အတွက်  ...အမေက ပစ္စည်းတစ်ခုပေါ်တွင် ဆယ်ရာခိုင်နှုန်းမှ ဆယ့်ငါးရာခိုင်နှုန်း ဈေးတင်ထား ပါသည်။
ဝယ်သူအတွက် နေ့စဉ်ပေးသွင်းရခြင်းဖြစ်၍ မသိသာသလို၊ အမေ့ အတွက်လည်း ဝယ်သူများလေ အကျိုးရှိလေဖြစ်ပါသည်။
ဝယ်သူများမှာကြားသော အဝတ်အထည်များကို မနက်ပိုင်းတွင် ဈေးမှာသွားယူကာ ညနေလေးနာရီလောက်တွင် ဈေးရောင်းမည့်ရပ်ကွက် သို့ အမေခြေလျင်သွားရသည်။ အမေ၏ ယိုးဒယားပလတ်စတစ်ခြင်းတောင်း ကြီးထဲတွင် အထည်စမျိုးစုံပါသည်။ ထိုစဉ်က ခေတ်စားသော တက်ထရွန် စများ၊ လှိုင်းကြီးလှိုင်းလေး ဖော့ခရစ်စများ၊ အရိပ်ပန်းအထည်များ၊ ယောက်ျားဝတ်ပုဆိုးများ၊ မိန်းမဝတ်လုံချည်များမှာလည်း အပေါစားချည်ထည် မှသည် ပါတိတ်ထမီအထိ ပါဝင်ပါသည်။ အမေ့ဈေးခြင်းတောင်းလေးထဲ တွင် အထည်စများကို ကိုက်ညှပ်ပေးရန် ကတ်ကျေးပါသည်။ အထည်စတိုင်း ထွာပြီး မှတ်သားရန် နီပြာခဲတံကြီးတစ်ချောင်းပါသည်။ တိုင်းထွာရန် ကိုက်တံ လေးတစ်ခုကိုလည်း ခြင်းထဲ၌ ထောင်လျှက်တွေ့နိုင်ပါသည်။
စနေ၊ တနင်္ဂနွေလိုကျောင်းအားရက်များမှာ အမေဈေးရောင်းသည့် ရပ်ကွက်သို့ ကျွန်တော်လိုက်သွားတတ်ပါသည်။ အမေဆက်ဆံရသည့်ဖောက် သည်များမှာ လက်လုပ်လက်စားများဖြစ်သည်။ သူတို့နေသည့်အိမ်များမှာ လည်း စုတ်ချာမွဲတေနေသော တဲကလေးများသာဖြစ်ပါသည်။ အချို့နေရာ များ၌ အိမ်သာအကြိုအကြားမှပင် သွားရပါသည်။
အမေ့အလုပ်အတွက် ကျွန်တော်က စိတ်မကောင်းဖြစ်ပြီး အစ်ကို အစ်မများကိုပြောပြသည့်အခါ အစ်မများက ထိုအလုပ်ကိုစွန့်လွှတ်ပြီး အိမ်မှာ ပဲအိမ်ဆိုင်လေးဖြစ်ဖြစ်ဖွင့်ဖို့ တိုက်တွန်းကြပါသည်။
အမေက  ...
]]အိမ်မှာဈေးဆိုင်ဖွင့်တော့ အိမ်ပတ်ဝန်းကျင်လောက်ပဲ ရောင်းအား ရှိမှာပေါ့ သမီးတို့ရယ်၊ အခုအမေရောင်းနေတဲ့ ဈေးကွက်က ကျယ်တယ်၊ ဆင်းရဲသားတွေဆိုပေမယ့် ဈေးသည်က အမေတစ်ယောက်တည်းဆိုတော့ အမေ့ဆီမှာပဲ တစ်ရပ်ကွက်လုံးက ဝယ်ကြတာလေ၊ နေ့စဉ်ပေးဆိုတော့ သူတို့အတွက်လည်း မသိသာဘူး၊ အမေလည်း ဈေးထဲကဆိုင်ကြီးကို နေ့စဉ် ခွဲသွင်းနိုင်တယ်၊ ဈေးကွက်ကျယ်တော့ အမြတ်များများရတာပေါ့၊ သွားရ လာရတာ ဒုက္ခများတာလောက်တော့ သည်းခံရမှာပေါ့၊ အမေ့သားသမီးတွေ ငါးယောက်အတွက် ကျောင်းစရိတ်ကို ဒီလိုနည်းနဲ့ရှာမှ အလျင်မှီတော့မှာ ပေါ့ကွယ်}}
အထက်ပါအတိုင်း ရှင်းပြခဲ့ပေသည်။
ကျွန်တော်တို့က အမေ ပင်ပင်ပန်းပန်းလုပ်ရကိုင်ရတဲ့အတွက်  အမေ့ကိုသနားနေသော်လည်း အမေကတော့ သူ့အလုပ်အတွက် ဂုဏ်ယူ နေပါသည်။
]]အိမ်ဆိုင်ဖွင့်ရင် ဆိုင်မှာ တစ်နေကုန်ထိုင်ရောင်းနေရဦးမယ်၊ ဈေးဝယ်ကိုမျှော်နေရဦးမယ်၊ အခု ငါ့အလုပ်က နေ့လည်နေ့ခင်း တစ်ရေးမှေး လို့ရသေးတယ်၊ လက်ဖက်ရည်ဆိုင်ဖွင့်တဲ့ မမြင့်တို့ကိုကြည့်၊ မနက်ဆို သုံး နာရီလေးနာရီထရတာ၊ ငါ့အလုပ်က နေပူစပ်ခါးသွားရတာလဲ မဟုတ်ဘူး၊ ညနေအေးမှ ဈေးရောင်းမယ့်ရပ်ကွက်ကို သွားရုံပဲ၊ သွားရလာရတာလည်း ကျန်းမာရေးအတွက် လမ်းလျှောက်သလိုဖြစ်နေတယ်လေ၊ တကူးတက လမ်းလျှောက်စရာတောင်မလိုတော့ဘူးပေါ့}}
သူ့ဆင်ခြေနဲ့သူတော့ အမေပြောတာ မှန်နေပါသည်။
ကျွန်တော်တို့မောင်နှမများကတော့ ကြီးလာလို့ အလုပ်အကိုင် ရရင် အမေ့ကို အနားယူခိုင်းမယ်၊ အိမ်ဦးခန်းမှာပဲ သက်သက်သာသာနေစေမယ် လို့ စိတ်ကူးယဉ်ခဲ့ကြပါသည်။
+ + + + +
စိတ်ကူးယဉ်နှင့်လက်တွေ့ဘ၀မှာ ကွာခြားခဲ့ပါသည်။
အမေသည် သားသမီးငါးယောက်ထဲတွင် နှစ်ယောက်ကို ဘွဲ့ရ သည်ထိ ပညာသင်ပေးနိုင်ခဲ့သည်။ အငယ်ဆုံးကျွန်တော်နှင့် အကြီးဆုံး အစ်မကြီးတို့ ဘွဲ့ရခဲ့ပါသည်။ ကျန်မောင်နှမသုံးယောက်ကိုလည်း အမေက သူ့တာဝန်ကျေအောင် အတန်းကုန်ပညာသင်ပေးခဲ့ပါသည်။ သူတို့ကသာ ဆယ်တန်းအောင်အောင် မကြိုးစားနိုင်ခဲ့ခြင်းဖြစ်သည်။
အခုဆိုရင်  ...ကျွန်တော်တို့မောင်နှမအားလုံး အိမ်ထောင်ကျ ကုန်ကြပြီ။ သားသမီးကိုယ်စီနှင့်ဖြစ်ပါသည်။ ကျွန်တော်နှင့် အစ်မအကြီးဆုံး က ရန်ကုန်မြို့တွင်နေထိုင်လျှက်ရှိပါသည်။
အမေ သားသမီးများကို ပြန်ပြီးမှီခိုနိုင်ပါပြီလား။ ကျွန်တော်တို့ သားသမီးများကရော အမေ့ကို အိမ်ဦးခန်းမှာ တင်ကျွေးထားနိုင်ပါပြီလား။
အခြေအနေအရပ်ရပ်က စိတ်ကူးယဉ်သလိုဖြစ်မလာခဲ့ပါ။
ကျွန်တော်၏ဒုတိယအစ်မမှာ ဆယ်တန်းမအောင်ခဲ့။ သားဖွားဆရာ မသင်တန်းတက်ကာ သားဖွားဆရာမဖြစ်သွားသည်။ ရှမ်းပြည်နယ်တစ်နေရာ တာဝန်ကျသည်။ တာဝန်ကျရာအရပ်မှာပင် တပ်မတော်သားနှင့်အိမ်ထောင် ကျသည်။ ကလေးတစ်ယောက်ရအပြီးတွင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါ သည်။ သမီးလေးတစ်ယောက်ကျန်ရစ်ခဲ့သည်။
ကွယ်လွန်သူအစ်မ ကျန်ရစ်ခဲ့သောသမီးလေးမှာ ဘူတာတွင် ကျွန်တော်ပွေ့ချီနှုတ်ဆက်ကာ မုန့်ဖိုးပေးခဲ့သော တူမလေးဖြစ်ပါသည်။
အမေသည် ကွယ်လွန်သူသမီးမှကျန်ရစ်သောမြေးမလေးအတွက် သူ့ဖခင်နှင့်ထားခဲ့ရမှာကို စိတ်မချခဲ့ပေ။
]]စစ်သားဆိုတော့ အတည်တကျမရှိဘူး၊ နောက်အိမ်ထောင်လည်း ပြုချင်ပြုမှာ၊ ငါ့မြေးအတွက်စိတ်မချပါဘူး၊ ငါပဲခေါ်ထားပါ့မယ်}}
-ဆိုကာ မြေးမလေးကို သူနှင့်အတူခေါ်ထားခဲ့ပါသည်။
အစ်ကိုအလတ်က အခြားမြို့တစ်မြို့တွင် စက်ရုံအလုပ်သမားအ ဖြစ်ရောက်နေပြီး ဟိုမှာပင် အိမ်ထောင်ကျကာ သားသမီးများရရှိနေပါပြီ။
ယခု အမေသည် ကျွန်တော်တို့ငယ်ငယ်ကနေထိုင်ခဲ့ရာ ဇာတိမြို့ မှ အဖေထားရစ်ခဲ့သောအိမ်မှာပင် နေထိုင်နေဆဲဖြစ်သည်။ အမေနှင့်အတူ အစ်ကိုကြီး၏မိသားစုနေထိုင်နေပါသည်။
အစ်မကြီးက ရန်ကုန်မှာ အမေ့ကိုလာနေဖို့ခေါ်သော်လည်း အမေ မနေ။ တစ်ယောက်တည်းအတွက်ဆိုလျှင် ကိစ္စမရှိသော်လည်း အစ်မအလတ် မွေးခဲ့သောကလေးက ရှိနေသေး၍ သူစိမ်းဖြစ်သော သားမက်ကငြိုငြင်မည် ကို အမေလက်မခံနိုင်ပေ။
ကျွန်တော်ကတော့ ရှင်းရှင်းဝန်ခံရလျှင် အမေ့ကိုခေါ်ထားလိုသော် လည်း ကျွန်တော်ကိုယ်တိုင်ပင် ယောက္ခမအိမ်မှာ မှီခိုနေထိုင်နေရသူဖြစ်၍ အမေ့ကို ကျွန်တော်နဲ့လာနေပါဆိုတဲ့စကားကိုပင် မပြောနိုင်ခဲ့ပါ။
လက်ရှိအခြေအနေတွင် အမေသည် ကျွန်တော်တို့ငယ်ငယ် ကတည်းကလုပ်ကိုင်ခဲ့သော ဆင်းရဲသားရပ်ကွက်တွင် ဈေးရောင်းသောအလုပ် ကို လုပ်နေရဆဲပါ။ သားသမီးများကိုရှာကျွေးပြီးတော့  ...မြေးအတွက် အမေ  ကိုယ်တိုင်စီးပွားရှာနေရဆဲပါ။ ပြီးတော့  ...အလုပ်အကိုင်မယ်မယ် ရရမရှိ၊ ဝင်ငွေမလုံလောက်သော အစ်ကိုကြီးမိသားစုကိုလည်း အိမ်ပေါ် ခေါ်တင်ကာ ကြည့်ရှုထားရဆဲပါ။
ဘယ်မှာလဲ  ...အမေ့ကို အိမ်ဦးခန်းမှာထားပြီး ပြုစုမယ်ဆိုတဲ့ ကျွန်တော်တို့စိတ်ကူးတွေ။
ခေတ်ကာလအခြေအနေအရ အမေ့ကို အဝေးကပင် ငွေလုံလောက် အောင် မထောက်ပံ့နိုင်ခဲ့ပါပေ။ အမေကလည်း သားသမီးတွေဆီက ရလို စိတ်ဖြင့် မည်သည့်အခါကမျှ မတောင်းခံခဲ့ပေ။ အမေသည် မာနကြီးသူ ဖြစ်သည်။ သားသမီးများရှေ့တွင် ငြီးငြူခြင်းလည်း မပြုခဲ့ပေ။
အမေ အသက်ခြောက်ဆယ်ကျော်တဲ့ယခုအရွယ်တိုင် အရပ်ထဲ လှည့်လည်ကာ ဈေးရောင်းနေရဆဲအဖြစ်ကို တွေးမိတိုင်း ကျွန်တော့်ရင်ထဲ မှာမချိပါ။ ကျွန်တော့်အဖို့ ဘာမျှလည်း မတတ်နိုင်ခဲ့ပါပေ။
အမေသည် မြေးမလေးအတွက် ဈေးရောင်းကျွေးနေရဆဲဖြစ်ရုံမက အလုပ်အကိုင်မယ်မယ်ရရမရှိသော အစ်ကို့မိသားစုကိုလည်း ထောက်ပံ့ကျွေး မွေးရဆဲဖြစ်သည်။
အသက်သုံးဆယ့်ငါးနှစ်အရွယ်ဖြင့် မုဆိုးမဘ၀ရောက်ကာ ပညာ အခြေခံမရှိပါပဲ သားသမီးငါးယောက်ကို မျက်နှာမငယ်အောင် တစ်ဦးတည်း ရှာကျွေးခဲ့သောအမေ့မေတ္တာများကိုတွေးမိသည့်အခါတိုင်း ကြက်သီးမွေးညင်း ထအောင် အံ့ဩရပါသည်။
+ + + + +
ရုံးကိုပြန်ရောက်ရောက်ချင်း  ...အရာရှိစားပွဲမှာထားသော ပြင်ပ ထွက်ခွင့်မှတ်တမ်းစာအုပ်တွင် ပြန်ရောက်ကြောင်း ကျွန်တော် လက်မှတ်ထိုး လိုက်သည်။
အရာရှိအမျိုးသမီးကြီးက ကျွန်တော့်ကိုမျက်လွှာပင့်ကြည့်ပြီး အလို မကျသလို တစ်ဖက်ကိုလှည့်သွားသည်။ အပြင်ထွက်တာ ကြာလို့ မကြည်တဲ့ ပုံဖြစ်ပါသည်။ ဘာမျှတော့ မမေး။ မပြော။
ကျွန်တော်က အပြင်ထွက်စဉ်က ရေးသွင်းထားခဲ့သော ကျွန်တော့် အမည်နှင့်တည့်တည့်မှ ]]ပြန်ရောက်ချိန်}}ဆိုသောအကွက်တွင် ]]၁နာရီ ၂၀ မိနစ်}}ဟု ရေးဖြည့်လိုက်သည်။ ထိုအကွက်ရှေ့မှ ]]အပြင်ထွက်ချိန်}}ဆိုသော အကွက်တွင် ]]၁၀နာရီ၂၀မိနစ်}}ဟု ကျွန်တော်ရေးဖြည့်ထားခဲ့ပါသည်။ ထို့ကြောင့်  ...]]ကြာမြင့်ချိန်}}ဆိုသောအကွက်တွင် ]]၂နာရီ၅၀မိနစ်}}ဟုရေး ဖြည့်လိုက်ရပါသည်။ ထိုမျှကြာသွားသည့်အတွက် မန်နေဂျာမမကြီး မကြည် မယ်ဆိုလည်း မကြည်စရာပါပဲ။ ]]အကြောင်းအရာ}}ဆိုတဲ့အကွက်မှာ ]]မိခင် ကြီးနယ်ပြန် ဘူတာလိုက်ပို့ရန်}}ဟု ကျွန်တော်က အကြောင်းပြချက်ရေး ထားခဲ့သည်။
ကျွန်တော်က မန်နေဂျာမမကြီးမကြည်မလင်ဖြစ်နေပုံကို မသိ ကျိုးကျွံပြုကာ ကျွန်တော့်စားပွဲကိုပြန်လာလိုက်ပါသည်။
ကျွန်တော့်စားပွဲကိုရောက်တော့ ဘေးစားပွဲမှာ စာရေးမ အစ်မကြီး က ကိုယ်ကိုကိုင်းကာ ခပ်တိုးတိုးပြောသည်။
]]ဟဲ့  ...နင်အပြင်သွားတာကြာလို့တဲ့၊ မန်နေဂျာက နင့်ကိုလာ မေးနေသေးတယ်}}
]]ဟုတ်လားအစ်မ၊ ကျွန်တော့်ကိုတော့ ဘာမျှမပြောဘူး၊ ကြည် တော့ကြည်ပုံမရဘူး}}
]]နင်ကရော  ...ဘယ်သွားနေတာလဲ၊ ကြာလိုက်တာ}}
]]အမေ မြို့ကိုပြန်လို့အစ်မ၊ ဘူတာလိုက်ပို့နေတာ၊ ကြည့်မြင်အထိ သွားခေါ်ရလို့ ကြာသွားတာပါ}}
]]  ...နင့်အမေ နယ်ကရောက်နေတယ်ဆိုတာ ပြန်သွား ပြီပေါ့}}
]]ဟုတ်တယ်အစ်မ}}
]]နင့်အမေက ဘယ်သူနဲ့နေတာလဲ၊ ရန်ကုန်မှာ နင်တို့နဲ့အတူတူ လာမနေဘူးလား}}
အမေ့အကြောင်းများကိုတွေးရင်း စိတ်မကောင်းဖြစ်နေသော ကျွန်တော်သည် အစ်မကြီးမေးလာ၍ အမေ့အကြောင်းတွေကို စိတ်လိုလက်ရ ပြောပြနေမိပါတော့သည်။
အစ်မကြီးက ကျွန်တော်ပြောသမျှကို စိတ်ဝင်တစားနားထောင်နေ ခဲ့သည်။
  ...အမေတွေများ မေတ္တာတော်တော်ကြီးတာပဲနော်၊ နင့်တို့ အမေက နင်တို့ကို မုဆိုးမဘ၀နဲ့ ပင်ပင်ပန်းပန်းလုပ်ကျွေးခဲ့ရှာတာပဲ
အဲဒါပေါ့အစ်မရယ်၊ ကျွန်တော်တွေးမိတိုင်း ကြက်သီးထအောင် အံ့ဩမိပါတယ်၊ အဖေဆုံးတော့ အမေ့အသက်က သုံးဆယ့်ငါးနှစ်ရှိသေး တယ်၊ အရွယ်ကောင်းပေါ့၊ နောက်အိမ်ထောင်ပြုရင်ရတယ်၊ အမေဟာ ပညာလည်း မရှိရှာပဲ သားသမီးငါးယောက်ကို အားကိုးမရှာပဲ တစ်ယောက် တည်းလုပ်ကျွေးခဲ့တယ်၊ အခု ကျွန်တော်ဆိုရင် ပညာတတ်တစ်ယောက်ပါ၊ ကလေးလည်းတစ်ယောက်ပဲရှိပါတယ်၊ အလုပ်အကိုင်လည်းရှိတယ်၊ မပြော ကောင်းမဆိုကောင်း ကျွန်တော့် မိန်းမသာ ခုနေသေသွားခဲ့ရင် ဘ၀ကို အဖော်မပါပဲ ကျွန်တော်မဖြတ်သန်းရဲဘူးအစ်မရာ၊ နောက်အိမ်ထောင်ပြု မိမှာပဲ၊ အမေဘ၀မှာ အဖော်မပါပဲ သားသမီးငါးယောက်ကို တစ်ယောက် တည်းလုပ်ကျွေးခဲ့တာတွေးမိတိုင်း အမေ့ကိုလေးစားမိသလို အမေ့အားမာန် တွေအတွက် အံ့ဩမိတယ် အစ်မရယ်၊ ကျွန်တော်တောင် ယောက်ျားတစ် ယောက်ဖြစ်ရက်နဲ့ ဘ၀ကိုအဖော်မပါပဲ ရုန်းကန်ဖို့ သတ္တိမရှိဘူး၊ အမေ့မှာ တော့ ဒီလိုသတ္တိတွေဘယ်လိုရလာတယ်ဆိုတာ တွေးတိုင်းအံ့ဩမိတယ်ဗျာ
နင့်စကားထဲမှာတင် အဖြေက ပါသွားပြီလေ
ဗျာ  ...”
နင်ပြောတယ်မဟုတ်လား၊ နင်က ယောက်ျားဖြစ်ရက်နဲ့ ဘ၀ကို တစ်ယောက်တည်း မရုန်းကန်ရဲဘူးဆိုတာလေ၊ နင့်အမေက ယောက်ျားမှ မဟုတ်ပဲ၊ နင့်အမေက မိန်းမလေဟယ်  ...မိန်းမ
_________
                                                                                                       ဆောင်းလုလင်
                                                            

No comments: