Friday, 22 February 2013

ဆောင်းလုလင်- ခေတ်သစ်စုန်းမ (သိပ္ပံဝတ္ထုတို)

ဆောင်းလုလင်

ခေတ်သစ်စုန်းမ

သိပ္ပံဝတ္ထုတို


အပြည်ပြည်ဆိုင်ရာတရားရုံးအထိ တက်လာသော ထူးခြားဆန်းကြယ်လှသည့် အမှုတွဲအတွက် အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့ဥက္ကဌ မစ္စတာဝေါလေ့စ်တစ်ယောက် အကြီးအကျယ် ဦးနှောက် ချောက်နေရလေသည်။ မစ္စတာဝေါလေ့စ် တစ်ဦးတည်းသာမဟုတ်၊ တရားသူကြီးအဖွဲ့ဝင်အားလုံးနှင့် တရားရုံးဝန်ထမ်းများအားလုံးပင် မကြုံစဖူးထူးကဲလှသော ဆန်းကြယ်သည့် အမှုတွဲအတွက် ရင်ခုန် ထိတ်လန့်လျက်ရှိပေသည်။ 
အမှုတွဲကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့်တကွ ကမ္ဘာ့အဆင့် ရှိအဖွဲ့အစည်းများ၊ သမ္မတ၊ ဝန်ကြီးချုပ်ကဲ့သို့သော နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအားလုံးကလည်း စိတ်ဝင်စားလျက်ရှိပေသည်။ အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့အနေဖြင့် ယင်းအမှုတွဲကို မည်သို့အမိန့်ချမှတ်မည်ကိုလည်း ကမ္ဘာ့ လူထုတစ်ရပ်လုံးက မျက်လုံးဒေါက်ထောက် ကြည့်နေကြ၏။ 
အမှုတွဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ရောက်လာရာတွင် လာရိုးလာစဉ်အတိုင်းမဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆင့်မြင့် ပညာသည်များအဖွဲ့မှ တရားခံကို အမျိုးမျိုးစမ်းသပ်စစ်ဆေး ပြီးမှ တရားရုံးသို့ လွှဲအပ်လိုက်ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ မစ္စတာဝေါလေ့စ်အနေဖြင့် တရားခံအား အပြစ်ပေးရာတွင် လက်လွတ်စပယ်ပြုလုပ်၍ရမည်မဟုတ်ပေ။ မိမိ၏အဖွဲ့ဝင်များနှင့် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကာ တရားမျှတ၍ ကမ္ဘာ့လူထုတစ်ခုလုံး လက်ခံနိုင်သော ပြစ်ဒဏ်မျိုးကိုချမှတ်မှသာ သင့်လျော် ပေလိမ့်မည်။ 
ဥက္ကဌမစ္စတာဝေါလေ့စ်ခေါင်းဆောင်သော အပြည်ပြည်ဆိုင်ရာတရားသူကြီးအဖွဲ့သည် အကိုးအ ကားအဖြစ် စီရင်ထုံးများ၊ ကျမ်းကိုးများကို မရရအောင် ရှာဖွေခဲ့ရသည်။ ယခုကြုံတွေ့နေရသော အမှုတွဲမျိုးမှာ နှစ်ပေါင်းငါးရာအတွင်း၌ ပေါ်ပေါက်ဖူးခြင်း မရှိပါ၍ ကျမ်းကိုးပြုစရာ အချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါပေ။ 
ယင်းသို့ဖြင့် အမှုတွဲမှာ မပြတ်ဘဲ သုံးနှစ်ခန့်ကြာသွားရလေသည်။ 
နိုင်ငံပေါင်းစုံ၏ တရားစီရင်မှုသမိုင်းကြောင်းကို နှစ်ပေါင်းတစ်ထောင်အထိ နောက်ကြောင်းပြန် လေ့လာသည့်အခါမှပင် ၁၈ ရာစုမှ ၂၀ ရာစုအတွင်း ပေါ်ပေါက်ခဲ့သော အမှုတွဲအချို့တွင် အလားတူ အမှုမျိုးကို တွေ့ရှိရလေတော့သည်။ 
ထိုခေတ်ဟောင်းကာလများတုံးက ယခုကဲ့သို့သောတရားခံမျိုးအား အများလူထုရှေ့မှောက်တွင် မီးရှို့သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးကို မြေတွင်မြှုပ်ကာ ဦးခေါင်းတစ်ခုသာဖော်ထားလျက် လူ အများက သေသည်အထိ ဦးခေါင်းအား ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခြင်း စသည်ဖြင့် အပြစ်ပေးခဲ့ ကြောင်းကို တွေ့ရလေသည်။ 
ထိုအပြစ်ပေးနည်းများမှာ အနောက်နိုင်ငံများမှ အပြစ်ပေးနည်းများဖြစ်ပြီး အရှေ့တိုင်းနိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံ၌မူ ညင်သာပျော့ပျောင်းသောနည်းဖြင့်သာ အပြစ်ပေးခဲ့ကြောင်း တွေ့ရလေသည်။ 
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ပြစ်မှုမျိုးကို ကျူးလွန်သည်ဟု ယူဆရသူများအား လူနေရပ်ရွာ၏ ပြင်ပသို့နှင်ထုတ်ခြင်းဖြင့် ပြစ်ဒဏ်ခတ်ခဲ့ကြလေသည်။ (ကျေးလက်တောရွာများ၌ ရွာထဲတွင် မနေထိုင် စေဘဲ ရွာပြင်နှင်ထုတ်ကာ အပြစ်ပေးခြင်းမျိုး၊ တရားခံအား မခေါ်မပြော မဆက်ဆံဘဲ ပ-ထားခြင်းမျိုး ဖြစ်ပေသည်။) 

သာမန်အားဖြင့်ကြည့်လျှင် ပြစ်ဒဏ်မှာ ပျော့ပျောင်းသည်ဟု ယူဆရပေ၏။ တကယ်တမ်းတွင် လူ့အဖွဲ့အစည်းမှ ဖယ်ကျဉ်ခံရပြီး လူ့အသိုင်းအဝိုင်းသို့ ဝင်ခွင့်ပိတ်ပင်ခံရခြင်းမှာ ကာယကံရှင်၏ စိတ်ဓာတ်အား အကြီးအကျယ် ညှိုးနွမ်းစေပါသည်။ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါသည်။ အဆိုပါ နည်းဖြင့် အပြစ်ပေးအရေးယူခံရသူသည် စိတ်ဓာတ်ညှိုးနွမ်းကာ တရိရိဖြင့် လုံးပါးပါးသေဆုံးရဖွယ်သာ ရှိပေ၏။ 
အနောက်နိုင်ငံမှ ရက်စက်စွာသတ်ဖြတ်အပြစ်ပေးခြင်းထက် ပို၍ ထိရောက်သော ပြစ်ဒဏ်ခတ်မှု မျိုးပင် ဖြစ်ပေတော့သည်။ 
၂၀ရာစုအစပိုင်း မြန်မာနိုင်ငံတွင် “စုန်း”…အဖြစ် ယိုးစွတ်ခံရသူများအား အထက်ပါနည်းအတိုင်း ရပ်ရွာမှအပြစ်ပေးခဲ့ကြ သည်ကို လေ့လာတွေ့ရှိရပေသည်။ 
မှန်ပေသည်။ ယခုကြုံတွေ့နေရသော ထူးဆန်းသောတရားခံ ဒေါ်မိုးထက်ထက်ဂွက်ထော် သည်လည်း “စုန်းမ”အဖြစ် ယိုးစွတ်ခံထားရသူ ဖြစ်သည်။ ထို့ပြင် တိုက်ဆိုင်စွာဖြင့် မြန်မာနိုင်ငံမှ မြန်မာ လူမျိုးတစ်ယောက်လည်း ဖြစ်နေပါသေးသည်။ 
 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် သာမန်အရပ်သူတစ်ယောက်သာ ဖြစ်သည်။ အသက် ၅၀ အရွယ်ရှိနေပြီဖြစ်သော မြန်မာမိန်းမတစ်ယောက်ဖြစ်သည်။ အပျိုကြီးတစ်ဦးလည်း ဖြစ်လေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်တွင် ဝမ်းတွင်းပါ စုန်းအတတ်ပညာများ ရှိနေကြောင်းကို လွန်ခဲ့သည့် နှစ်အနည်းငယ်မှစတင်၍ သဲလွန်စရခဲ့ကြပေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်သည် စက္ကူများပေါ်တွင် စာရေးလေ့ရှိသူ ဖြစ်၏။ ထိုအချက်ကပင် အများတကာထက်တစ်မူထူးသော အလေ့အထတစ်ခုဖြစ်နေခဲ့ပေသည်။ စက္ကူဆိုသည်မှာ ရှေးခေတ် ဟောင်းက ဆက်သွယ်ရေး၊ ပညာရေး၊ လူမှုရေးနှင့် မီဒီယာကိစ္စများတွင် အသုံးပြုခဲ့သည့် ကြားခံပစ္စည်း တစ်ခုဖြစ်ပေသည်။ သစ်တောများဖြုန်းတီးမှုအား ကန့်သတ်ပြီးသည့်နောက် ကမ္ဘာပေါ်တွင် စက္ကူထုတ် လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။ စက္ကူကို ရှေးဟောင်း အမှတ်တရပစ္စည်းတစ်ခုအဖြစ် အနည်းငယ်သာ ထုတ်လုပ်ကာ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချတော့သည်။ 
ခေတ်ကာလအနေအထားအရ လူထုဆက်သွယ်ရေးလုပ်ငန်းတွင် တစ်ကမ္ဘာလုံး လူတစ်ကိုယ် ကွန်ပျူတာတစ်လုံး ကိုင်နေကြပြီဖြစ်သည်။ မည်သည့်ကိစ္စအတွက်မဆို လူတိုင်း ကိုယ်ပိုင်ကွန်ပျူတာကို သာ အသုံးပြုကြသည်။ ကိုယ်ပိုင်သုံးကွန်ပျူတာဆိုသည်မှာလည်း ကြီးကြီးမားမားမဟုတ်။ လက်တစ်ဝါး အရွယ် မြင်ကွင်းပါသည့် သုံးလက်မထူသော စက်ပြားပြားလေး တစ်လုံးသာ ဖြစ်လေသည်။ 
လူအဖြစ်မွေးဖွားလာသည်နှင့် မည်သည့်နိုင်ငံ၊ မည်သည့်နေရာတွင် မွေးမွေး ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်ခွင့်ရှိကြသည်။ မွေးလာသောကလေးအတွက် ကွန်ပျူတာကို သက်ဆိုင်ရာဌာနမှ ထုတ်ပေးကြ သည်။ မွေးစာရင်းပြရုံနှင့် ကွန်ပျူတာတစ်လုံး အလွယ်တကူ ထုတ်ယူလို့ရပေသည်။ အခကြေးငွေ ပေးစရာမလို၊ အခမဲ့ရနိုင်ခြင်းဖြစ်သည်။ 
လူတစ်ယောက်သည် ထိုကွန်ပျူတာဖြင့် စာသင်နိုင်သည်။ လိုအပ်သမျှ လေ့လာနိုင်သည်။ ရုပ်ရှင်ကြည့်နိုင်သည်။ တေးဂီတနားဆင်နိုင်သည်။ ဝတ္ထုဖတ်နိုင်သည်။ စာပေးစာယူပြုလုပ်နိုင်သည်။ ရည်းစားထားနိုင်သည်။ ဖူးစာရှင်ကြင်ယာရှာနိုင်သည်။ အင်တာနက်မှတစ်ဆင့် လိုအပ်သည်များ အားလုံးကို ဆက်သွယ်နိုင်သည်။ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးရှိရုံနှင့် လူတစ်ယောက်အတွက် လိုအပ် ချက်အားလုံး ပြည့်စုံနိုင်လေ၏။ မိမိအသုံးပြုနေသော ကွန်ပျူတာ ပျက်စီးသွားပါကလည်း အဟောင်းကို ပြန်အပ်၍ အသစ်တစ်လုံး အခမဲ့ ထုတ်ယူနိုင်သေးသည်။ 
သာမန်လူတစ်ယောက်အသုံးပြုသည့် အဆင့်အနိမ့်ဆုံး ကွန်ပျူတာတစ်လုံးသည် လုံးချင်းဝတ္ထု ပုဒ်ရေ တစ်ထောင်၊ သီချင်းပုဒ်ရေသုံးသောင်း၊ ရုပ်ရှင်ဇာတ်ကားကြီးငါးရာ၊ ပန်းချီကားချပ်နှစ်သောင်းကို တစ်ပြိုင်တည်း သိုလှောင်ထားလို့ရပေသည်။ ထို့ကြောင့် သာမန်ကွန်ပျူတာတစ်လုံးရှိရုံဖြင့် လူတစ် ယောက်အတွက် စိတ်အပန်းပြေမှုအားလုံး ပြီးပြည့်စုံနေပေတော့သည်။ 
ကွန်ပျူတာထုတ်လုပ်မှုမှာ စာရွက်စက္ကူထုတ်လုပ်မှုထက် ယခုအခါတွင် များစွာဈေးသက်သာနေ ပေသည်။ သစ်တောပြုန်းတီးမှုကိုလည်း မဖြစ်ပေါ်စေပေ။ စက္ကူထက် ထုတ်လုပ်ခသက်သာရုံမက လုပ်ငန်းတွင်ကျယ်မှုတွင် စက္ကူထက် အဆပေါင်းများစွာ သာလွန်နေသည့်အတွက် စက္ကူဆိုသည်မှာ အသုံးပြုရန် မလိုအပ်တော့သော ပစ္စည်းတစ်ခုဖြစ်နေပေပြီ။ 
ဤလိုအချိန်အခါမျိုးဝယ် ဒေါ်မိုးထက်ထက်ဂွက်ထော်သည် စက္ကူများကို ဈေးကြီးပေးဝယ်ယူကာ စက္ကူများပေါ်တွင် ကလောင်တံဖြင့် ရေးခြစ်ခြင်း၊ တွက်ချက်ခြင်းများပြုလုပ်နေသည့်အခါ လူအများ အနေဖြင့် နားမလည်နိုင်အောင် ရှိခဲ့ရလေ၏။ 
ဒေါ်မိုးထက်ထက်ဂွက်ထော် စက္ကူများပေါ်တွင် ရေးသားသော စာများမှာ ဂဏန်းသင်္ချာများ ဖြစ်နေပေ၏။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်၏ မူမမှန်ပုံကို စတိုးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်စဉ်မှ စတင်၍ အကဲ ခတ်မိခဲ့ကြလေသည်။ 
 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် ဈေးဝယ်ရန်အတွက် ကုန်မျိုးစုံရောင်းသော စူပါမားကက် တစ်ခုအတွင်းသို့ ရောက်လာလေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်က လိုအပ်သောပစ္စည်းများကို ဆိုင်တွင် အသင့်ထားပေးသော လက်တွန်းလှည်းလေးထဲသို့ တစ်ခုပြီးတစ်ခု ရွေးထည့်သွားကာ တွန်းလှည်းကို ငွေရှင်းကောင်တာဆီသို့ တွန်းယူခဲ့လေသည်။ 
ကောင်တာမှအရောင်းစာရေးမလေးက ဒေါ်မိုးထက်ထက်ဂွက်ထော် ယူလာသောပစ္စည်းများကို ရေတွက်ကာ ကျသင့်ငွေကို ကွန်ပျူတာဖြင့် တွက် ချက်လေ၏။ 
“ပေါင်မုန့်က ၆ လုံး၊ တစ်လုံးကို သုံးကျပ် ...” 
စာရေးမလေးက ကွန်ပျူတာပေါ်မှ ၆ ဂဏန်းနှင့် ၃ ဂဏန်းများကို နှိပ်ကာ တွက်ချက်ရန် ပြင်ဆင်၏။ 
“၃ ကျပ်တန် ၆ လုံးဆိုတော့ ၃ x ၆ လီ ၁၈၊ ၁၈ကျပ်ပေါ့သမီးရယ်” 
ဒေါ်မိုးထက်ထက်ဂွက်ထော်က နှုတ်ဖြင့်တွက်ပြလိုက်ရာ ကွန်ပျူတာကို နှိပ်ရန်ပြင်နေဆဲ စာရေး မလေးမှာ အံ့အားသင့်သွားလေ၏။ 
“ကြည့်စမ်း၊ အန်တီက ကွန်ပျူတာမပါပဲ တွက်နိုင်တယ်နော်” 
“အန်တီမှာ ကွန်ပျူတာပါပါတယ်။ ဟောဒီမှာလေ ... ဒါလောက်လေးကတော့ ကွန်ပျူတာ ထုတ်ပြီး နှိပ်နေစရာမလိုဘူးလေ သမီးရဲ့။ လက်တန်း တွက်လို့ရနေတာကိုး။ ကဲ ...အန်တီပဲတွက်ပြမယ်” 
ဒေါ်မိုးထက်ထက်ဂွက်ထော်က သူဝယ်ယူသည့်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို ဒိုးဒိုးဒေါက်ဒေါက် တွက်ပြလိုက်လေသည်။ 
“ယိုဘူးက တစ်ဘူး ၄ ကျပ်နဲ့ ၂ ဘူးဆိုတော့ လေးနှစ်လီ ၈ ကျပ်၊ အာလူးက တစ်ပိဿာ တစ်ဆယ်ဈေးမဟုတ်လား။ အန်တီယူလာတာ အစိတ်သားထုပ်ဆိုတော့ ၂ ကျပ်ခွဲကွယ်။ တစ်စည်း တစ်ကျပ်တန် ကန်စွန်းရွက်က ၃ စည်းဆိုတော့ ၃ ကျပ်၊ အမဲသားဘူးက တစ်ဘူး ၅ ကျပ်တန် ၂ ဘူး ဆိုတော့ တစ်ဆယ်ပေါ့ကွယ့်။ ကဲ ...အားလုံးပေါင်းမယ်၊ ၁၈ ကျပ်ရယ် ၈ ကျပ်ရယ်က ၂၆ ကျပ်။ အားလူး ၂ ကျပ်ခွဲဖိုးနဲ့ ကန်းစွန်းရွက် ၃ ကျပ် ဖိုးပေါင်းတော့ ၅ ကျပ်ခွဲ၊ ခုန ၂၆ ကျပ်နဲ့ပေါင်းတော့ ၃၁ ကျပ်ခွဲမနေလား။ အမဲသား ၂ ဘူးက တစ်ဆယ်နဲ့ စုစုပေါင်း ၄၁ ကျပ်ခွဲကျတာပေါ့” 
အရောင်းစာရေးမလေးသည် ဒေါ်မိုးထက်ထက်ဂွက်ထော် တွက်ပြသည်များကို နားထောင်ကာ ပါးစပ်အဟောင်းသားဖြင့် အသက်ပင်မရှူမိဘဲ ငေးနေသည်။ ထို့နောက် စာရေးမလေးက ကွန်ပျူတာ ခလုတ်များကိုနှိပ်ကာ ကုန်ကျစရိတ်ကို တွက်ကြည့်လိုက်၏။ ထွက်လာသည့်အဖြေမှာ ဒေါ်မိုးထက် ထက်ဂွက်ထော် ထုတ်လိုက်သည့်အဖြေအတိုင်း ကွက်တိဖြစ်နေလေသည်။ ကွန်ပျူတာထက်ပင် မြန်ဆန် စွာ အဖြေထုတ်နိုင်သော ဒေါ်မိုးထက်ထက်ဂွက်ထော်ကို စာရေးမလေးက အထူးအဆန်းသဖွယ် ငေး ကြည့်နေမိသည်။ အနီးတွင် ရပ်နေသူများကလည်း စိတ်ဝင်စားစွာ ရပ်ကြည့်နေကြလေ၏။ 
“အန်တီက ကွက်တိမှန်အောင် တွက်နိုင်တယ်နော်။ အိမ်က ထွက်လာကတည်းက ဒီပစ္စည်း တွေဝယ်မယ်လို့ဆုံးဖြတ်ပြီး အန်တီ့ကွန်ပျူတာနဲ့ တစ်ခါတည်းတွက်လာခဲ့တာလား အန်တီ” 
“ကြံကြံဖန်ဖန်ကွယ်၊ အန်တီ့ဟာအန်တီ စိတ်တွက်နဲ့ တွက်လိုက်တာပါ။ တကယ်တော့ ဒါ မခက်ပါဘူးကွယ့်” 
ဒေါ်မိုးထက်ထက်ဂွက်ထော်က ကျသင့်ငွေကိုရှင်းပေးပြီး ပစ္စည်းများကို ယူကာ ဆိုင်ထဲမှ ထွက်သွားလေတော့သည်။ 
အရောင်းစာရေးမလေးသည် မန်နေဂျာအခန်းသို့ အပြေးသွားကာ သူကြုံတွေ့ခဲ့ရသော ထူးဆန်းအံ့ဩဖွယ်အဖြစ်ကို အစီရင်ခံတင်ပြလိုက်လေသည်။ 
“ကုန်ကျစရိတ်တွေကို ကွန်ပျူတာမသုံးဘဲ စိတ်နဲ့တွက်တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ မင်း နေကောင်းရဲ့လား” 
မန်နေဂျာက အရောင်းစာရေးမလေးကို မယုံသင်္ကာဖြင့် မေးမြန်း လိုက်လေသည်။ 
“ကျွန်မက မျက်မြင်ကြုံခဲ့တာပါ ဆရာ။ မယုံရင် မှတ်တမ်းရုပ်သံမှာ ပြန်ကြည့်လို့ရပါတယ်” 
မန်နေဂျာက ကွန်ပျူတာထိန်းချုပ်ဌာနသို့ လွန်ခဲ့သည့်ဆယ်မိနစ်က အရောင်းကောင်တာရှေ့မှ ရုပ်မြင်သံကြားမှတ်တမ်းကို သူ့အခန်းထဲသို့ လွှင့်ပေးရန် ဖုန်းဖြင့် အမိန့်ပေးလိုက်လေသည်။ 
စူပါမားကက်၏ ထောင့်တိုင်း၊ နေရာတိုင်းတွင် ရုပ်သံကင်မရာများ တပ်ဆင်ထားကာ ဈေး ရောင်းဈေးဝယ်မြင်ကွင်းများကို စက္ကန့်မလပ် မှတ်တမ်းတင်ထားလျက်ရှိပါသည်။ ဝယ်သူများ ဝယ်ယူ သည့်ပစ္စည်းကို အငြင်းမပွားစေရန်၊ ပစ္စည်းများ အခိုးခံရမှုမှကာကွယ်ရန် တပ်ဆင်မှတ်တမ်းတင်ထား ခြင်းပင် ဖြစ်ပါသည်။ 
ကွန်ပျူတာထိမ်းချုပ်ဌာနမှ လွှင့်ပေးလိုက်သည့် လွန်ခဲ့သော ဆယ်မိနစ်က အရောင်းကောင်တာ ရှေ့မှ ရုပ်သံမှတ်တမ်းသည် စက္ကန့်ပိုင်းအတွင်း မန်နေဂျာအခန်းထဲမှ တီဗီစက်တွင် ထင်ဟပ်လာ လေသည်။ 
အရောင်းစာရေးမလေးနှင့် ဒေါ်မိုးထက်ထက်ဂွက်ထော်တို့ ပြောဆိုနေပုံ။ ဒေါ်မိုးထက်ထက်ဂွက် ထော်က ပစ္စည်းကုန်ကျစရိတ်ကို လျင်မြန်စွာ နှုတ်တိုက်တွက်ချက်ပြပုံများကို မန်နေဂျာ မြင်တွေ့နေရ၏။ 
“ဘုရား ...ဘုရား၊ ထူးဆန်းလှချည်လား။ သူ ကွန်ပျူတာကို တစ်ချက်မနှိပ်ဘဲနဲ့ ဂဏန်း သင်္ချာတွေကို တွက်တတ်တယ်။ သူ့အဖြေတွေရော မှန်ရဲ့လား ...မှန်း ...” 
မန်နေဂျာက ဒေါ်မိုးထက်ထက်ဂွက်ထော်ဝယ်ယူသည့် ပစ္စည်းများကို ဈေးနှုန်းနှင့် အရေ အတွက်များ ကွန်ပျူတာထဲတွင် ရိုက်ထည့်ကာ တွက်ချက် ကြည့်လိုက်လေသည်။ 
“ဟိုက် ...ကွက်တိပါလား” 
မန်နေဂျာက အံ့ဩတကြီးရေရွတ်လိုက်လေသည်။ 
“အဲဒါကြောင့်ပြောတာပေါ့ ဆရာ။ ထူးဆန်းလွန်းလို့ သမီး ဆရာ့ဆီ လာသတင်းပို့တာပါ” 
“ဟုတ်တယ်ဟေ့။ ဒီမိန်းမဟာ သာမန်မိန်းမတစ်ယောက် မဟုတ်ဘူး” 
“သိပ်တော်တဲ့မိန်းမတစ်ယောက်လို့ ဆိုလိုတာလား ဆရာ” 
“မဟုတ်ဘူး။ သူ့မှာ လျှို့ဝှက်တဲ့ အတတ်ပညာတစ်ခုခုတော့ ရှိရမယ်။ လူစင်စစ်မှ ဟုတ်ရဲ့ လားကွာ” 
အံ့ဖွယ်သရဲ ထူးဆန်းလှသည့် အစွမ်းအစကိုကြည့်ရင်း မန်နေဂျာက မှတ်ချက်ချလိုက်လေသည်။ 
 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အသက် ၄၀ အထိ အစိုးရဘက်ဆိုင်ရာ ရုံးတစ်ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့ပေသည်။ အသက် ၄၀ ပြည့်သည်တွင် ပင်စင်ယူ၍ သက်သောင့်သက်သာ နေထိုင်ခဲ့၏။ သူမသည် အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦးဖြစ်သည်။ 
အလုပ်မှအနားယူပြီးသည့်အချိန်တွင် ဒေါ်မိုးထက်ထက်ဂွက်ထော်မှာ အားလပ်နေခဲ့သည်။ အသက်ကလည်း ကြီးလှသည်မဟုတ်သေး။ ကျန်းမာရေးကလည်း ကောင်းနေသေးသူဖြစ်ရာ ဒေါ်မိုး ထက်ထက်ဂွက်ထော်သည် ကျောင်းနေစဉ်ကနှင့် လုပ်ငန်းခွင်အတွင်းတွင် မလေ့လာခဲ့ရသည့် ပညာရပ် များကို လေ့လာခဲ့လေ၏။ 
သူမသည် အတွက်အချက်ဝါသနာပါသူဖြစ်ရာ ဂဏန်းသင်္ချာ ဘာသာရပ်ကို ကိုယ်တိုင်လေ့လာ ခဲ့လေသည်။ 
ယခုကာလတွင် အစစအရာရာ တိုးတက်နေပြီဖြစ်ရာ လူတို့သည် အတွက်အချက်ကို အပင်ပန်း ခံ၍ တွက်ချက်မနေတော့ပေ။ ဂဏန်းသင်္ချာ အပေါင်းအနှုတ်တစ်ခုကို တစ်လုံးစီချရေး၍ ပေါင်းနှုတ် မြှောက်စားသည့်ခေတ်မှာ နှစ်ပေါင်းလေးရာခန့် နောက်ကျကျန်ရစ်ခဲ့ပြီဖြစ်သည်။ ဘယ်အချက်အလက် ကိုပဲ သိချင်သိချင် ကွန်ပျူတာခလုတ်ကလေးကို နှိပ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း သိရှိနေနိုင်ပေရာ မည်သူ ကမှလည်း အပင်ပန်းခံ တွက်ချက်မနေတော့ပေ။ သိလိုသမျှ ကွန်ပျူတာခလုတ်နှိပ်၍ အဖြေရှာ ခိုင်းလိုက်ရုံသာ ဖြစ်ပေ၏။ 
ရာစုနှစ်ပေါင်းများစွာ ကွန်ပျူတာကို အရိုးစွဲအောင် သုံးလာကြပြီးဖြစ်သည့် ကမ္ဘာ့လူသားတို့သည် အခြေခံအတွက်အချက်ပညာကို မတတ်ကျွမ်းကြတော့ပေ။ ၁ နှင့် ၂ ပေါင်းပါက မည်မျှရသည်ကိုပင် ခေါင်းရှုပ်ခံ၍ စဉ်းစားမနေကြတော့။ ကွန်ပျူတာ၏ ဂဏန်း ၁ ခလုတ်၊ အပေါင်းလက္ခဏာ ခလုတ်နှင့် ဂဏန်း ၂ ခလုတ်တို့ကို အစဉ်အတိုင်းနှိပ်၍ အသင့်ပေါ်လာသော အဖြေကို ကြည့်ကြသည်။ 
လူတို့သည် မွေးကတည်းကပင် ဂဏန်းသင်္ချာ အတွက်အချက်နှင့် ပတ်သက်၍ စဉ်းစားတွေး ခေါ်သည့် အလေ့အကျင့်မရှိသည့်အတွက် ဦးနှောက်များ တုံးနေကြပြီဖြစ်သည်။ ကျောင်းများ၌လည်း သင်ကြားခြင်းမပြုတော့ပါ။ ပုစ္ဆာတစ်ပုဒ်၏အဖြေကို သိလိုပါက ကွန်ပျူတာခလုတ်များကို မည်သို့ မှန်ကန်စွာနှိပ်ရမည့်နည်းကိုသာ သင်ကြားပို့ချပေးကြသည်။ 
ဂဏန်းမတွက်တတ်၍လည်း မည်သည့်လူသားမှ ဒုက္ခရောက်မသွားကြပါချေ။ ရှေးအထက်ကာရီ က သိပ္ပံပညာရှင်လူသားများက လက်ရှိခေတ် လူသားများအတွက် ကွန်ပျူတာများကို ပြီးပြည့်စုံအောင် တီထွင်ပေးသွားပြီး ဖြစ်သည်။ 
ထို့ကြောင့် အများတကာထက် တစ်ယောက်တည်းထူးကဲ၍ ဂဏန်းသင်္ချာပညာကို လေ့လာ နေသော ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အများထဲမှာ ကွက်၍ တမူထူးခြားနေခြင်းပင် ဖြစ်တော့သည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်သည် လေ့လာဆည်းပူးသည့် အားလျော်စွာ ဂဏန်းများကို ကိုယ် တိုင်ချရေး၍ တွက်ချက်တတ်လာသည်။ ၁ နှင့် ၂ ပေါင်းလျှင် ၃ ရကြောင်းကို ကွန်ပျူတာနှိပ်မှ သိရ သည်မဟုတ်။ တုတ်ချောင်းလေးတစ်ချောင်းနှင့် နောက်ထပ်တုတ်ချောင်းလေး ၂ ချောင်းကိုချ၊ ရေတွက် ကြည့်လျှင် ၃ ဆိုသည့်အဖြေကို ရနိုင်ပါသည်။ ဤနည်းဖြင့် ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အပေါင်း အနှုတ်အချို့ကို တွက်တတ်လာသည်။ တစ်ဆင့်တက်၍ အမြှောက်အစားများကိုပါ တတ်မြောက် လာခဲ့သည်။ 
စင်စစ် ဒေါ်မိုးထက်ထက်ဂွက်ထော် ရှာဖွေတွေ့ရှိသည့် ဂဏန်းတွက်နည်းများမှာ ရှေးခေတ်က မူလတန်းကလေးများကို သင်ကြားသည့် အခြေခံ အတွက်အချက်ပညာများသာ ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိအသက်ရှင်နေသူ လူသားမှန်သမျှသည် ထိုအခြေခံတွက်နည်းများကို မသင်ကြားဖူး၍ လုံးဝမသိ ကြချေ။ လက်ရှိအသက်ရှင်နေသော လူသားများသည် ကိန်းဂဏန်းတစ်ခုကို သိလိုပါက ကွန်ပျူတာ တွင်နှိပ်၍ အဖြေရှာရမည်ဟုသာ သိကြသည်။ ကွန်ပျူတာမှ ဖော်ပြသောအဖြေသည် မည်သို့မည်ပုံ အဆင့်ဆင့်တွက်ချက်ရာမှ ရရှိလာကြောင်းကို မသိကြချေ။ 
ထိုအခါ ဒေါ်မိုးထက်ထက်ဂွက်ထော်တစ်ယောက် ဂဏန်းသင်္ချာများကို နှုတ်တိုက်သော် လည်းကောင်း၊ လက်တန်းသော်လည်းကောင်း၊ စာရွက်ပေါ်ချရေး၍သော်လည်းကောင်း တွက်ချက်တတ် မြောက်နေခြင်းသည် အားလုံးအတွက် အဆန်းတကြယ် ဖြစ်နေကြတော့သည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်ကလည်း ဂဏန်းသင်္ချာနှင့်ပတ်သက်၍ ရှေးခေတ် သမိုင်းကြောင်း ကိုပါမကျန် စာကြည့်တိုက်များ ပြတိုက်များအထိ သွားရောက်ကာ လှန်လှောလေ့လာရှာဖွေခဲ့ရာ တစ်ခါ တော့ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော်က ဗလာစာအုပ်တစ်အုပ်ကို ပြတိုက်တစ်ခု၌ တွေ့ရှိခဲ့လေ သည်။ စာအုပ်မှာ နှစ်ငါးရာကျော်သက်တမ်းရှိပြီးမို့ ကျွတ်ရွကာ ကြွေကျလုမတတ်ရှိနေလေပြီ။ ဒေါ်မိုး ထက်ထက်ဂွက်ထော်က ပြတိုက်မှူးထံ ခွင့်တောင်းကာ ထိုဗလာစာအုပ်ကို တစ်အုပ်လုံး မိတ္တူကူး ယူခဲ့လေသည်။ 
ဗလာစာအုပ်မှာ ၂၀ ရာစုကာလက နှစ်တန်းကျောင်းသား တစ်ယောက် အသုံးပြုခဲ့သောစာအုပ် ဖြစ်လေသည်။ ဒေါ်မိုးထက်ထက်ဂွက်ထော်သည် စာအုပ်နောက်ကျောမှ အလီတိုင်ဇယားကို တွေ့ရှိ ခဲ့လေသည်။ အစပိုင်းတွင် ဒေါ်မိုးထက်ထက်ဂွက်ထော် နားမလည်မိ။ သေချာလေ့လာကြည့်ပါမှ အလီတိုင်ဇယားဆိုသည်မှာ ကိန်းဂဏန်းတစ်ခုနှင့် အခြားကိန်းဂဏန်းတစ်ခုတို့ မြှောက်ခြင်းမှရသော ရလဒ်များကို တန်းစီဖော်ပြထားသည့် ဇယားဖြစ်နေတာကို သတိပြုမိတော့သည်။ ကိန်းဂဏန်း တစ်ခုနှင့်တစ်ခု မြှောက်ခြင်းကို ဂဏန်းစဉ်အတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်က အလီတိုင်ဇယားကို အရကျက်မှတ်ခဲ့ရာ တစ်နှစ်ကြာချိန်တွင် ၁ အလီမှ ၉ အလီအထိ အလွတ်ရသွားခဲ့လေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်က သူ လေ့လာတွေ့ရှိသော ဂဏန်းသင်္ချာပညာရပ်အတွက် အလွန် ပင်ဂုဏ်ယူခဲ့လေသည်။ အလျဉ်းသင့်သည့်အခါတိုင်းလည်း သူမ တတ်ကျွမ်းသော သင်္ချာပညာကို လူတောထဲတွင် အသုံးချခဲ့လေ၏။ 
တစ်ခါက ဘတ်စ်ကားဖြင့် တစ်နေရာသို့သွားခဲ့ရာ မှတ်တိုင်တစ်ခုတွင် ကျောင်းသူ ၆ ယောက် ကားပေါ်တက်လာလေသည်။ ကျောင်းသူများက လွှတ်တော်အဆောက်အအုံထိစီးလျှင် ဘယ်လောက် ကျမည်လဲဟု စပယ်ယာကို မေးလေသည်။ စပယ်ယာက တစ်ဦးလျှင် ၁၅ ပြားကျကြောင်း ပြန်ပြော၏။ ကျောင်းသူတစ်ဦးက ၆ ယောက်အတွက် ငွေထုတ်ပေးရန် သူ့အဖော်များအား “ဘယ်လောက်ကျသလဲ တွက်ကြပါဦး”..ဟုဆိုကာ သူကိုယ်တိုင်လည်း လွယ်အိတ်ထဲမှ ကွန်ပျူတာလေးကိုထုတ်ကာ တွက်ရန် ပြင်လေသည်။ ကျန်ကျောင်းသူများကလည်း မိမိတို့ကွန်ပျူတာများကို အသီးသီးထုတ်လိုက်ကြ၏။ ဘတ်စ်ကားစပယ်ယာကလည်း သူ၏ လွယ်အိတ်ထဲမှကွန်ပျူတာကို ထုတ်လိုက်လေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်သည် မနေသာတော့ဘဲ ဝင်ပြောလေတော့သည်။ 
“ဒါလောက်က ကွန်ပျူတာထုတ် တွက်နေစရာ မလိုပါဘူးကွယ်။ လွယ်ပါတယ်။ တစ်ယောက် ၁၅ ပြား၊ ၆ ယောက်အတွက်ဆိုတော့ ၁၅ ကို ၆နဲ့မြှောက်၊ ဆယ့်ငါးခြောက်လီ ၉၀၊ ပြားကိုးဆယ် ပေါ့ကွယ့်” 
ဒေါ်မိုးထက်ထက်ဂွက်ထော်က ဒိုးဒိုးဒေါက်ဒေါက်တွက်ပြလိုက်ရာ ကြားရသူအပေါင်း အံ့အား သင့်သွားကြလေသည်။ စပယ်ယာရော၊ ကျောင်းသူ ၆ ယောက်လုံးပါ သူတို့ကွန်ပျူတာများဖြင့် အမြန် တွက်ချက်အဖြေရှာလိုက်ရာ ဒေါ်မိုးထက်ထက်ဂွက်ထော်ပြောသော အဖြေအတိုင်း ဖြစ်နေသည်ကို တွေ့ ရလေ၏။ အခြားသော ဘတ်စ်ကားစီးခရီးသည်များကလည်း ဒေါ်မိုးထက်ထက်ဂွက်ထော် လျင်မြန်စွာ ပြောလိုက်သောအဖြေသည် အမှန်ဟုတ်မဟုတ်ကို သူတို့၏ ကိုယ်ပိုင်ကွန်ပျူတာများကိုထုတ်ကာ တွက် ချက်ကြည့်ကြလေ၏။ 
အံ့ဩသောမျက်လုံးအကြည့်များက ဒေါ်မိုးထက်ထက်ဂွက်ထော်ထံ စုပြုံကျရောက်လာလေ တော့သည်။ 
 

ဒေါ်မိုးထက်ထက်ဂွက်ထော်သည် သူမတတ်ကျွမ်းထားသည့်ပညာကို အလျဉ်းသင့်တိုင်း ထုတ် သုံးခဲ့ပေသည်။ 
ရပ်ကွက်စည်းဝေးပွဲတစ်ခုတွင်ဖြစ်သည်။ ပျက်စီးနေသော လမ်းမကြီးအား အသစ်ပြုပြင်ခင်း ကျင်းရန်အတွက် စည်းဝေးပွဲခေါ်ယူခဲ့ရာ ကုန်ကျစရိတ်နှင့် အတိုင်းအထွာများတွက် ချက်ရန်လိုအပ် သဖြင့် လူအားလုံး မိမိတို့ ကွန်ပျူတာအသီးသီးကို လက်ထဲမှာ အသင့်ထုတ်ကိုင်ထားလျက် ရှိကြလေ သည်။ 
“ကျွန်တော်တို့ ပြုပြင်ရမယ့်လမ်းအရှည်ဟာ ပေ ၈၀၀ တိတိ ရှိပါတယ်။ လမ်းတစ်ခုလုံးကို အသစ်ပြန်ပြီး ခင်းမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်က တော်တော်များသွားပါလိမ့်မယ်။ လမ်းခင်းရမယ့် ဧရိယာကကို မနည်းပါဘူး။ လမ်းအရှည်က ပေ၈၀၀၊ လမ်းအကျယ်က ပေ ၃၀ ဆိုတော့ ...” 
ရပ်ကွက်ဥက္ကဌက သူ၏ကွန်ပျူတာကိုထုတ်ကာ ပြုပြင်ရမည့် ဧရိယာအကျယ်အဝန်းကို တွက်ချက်ရန်ပြင်နေဆဲမှာပင် ဒေါ်မိုးထက်ထက် ဂွက်ထော်က ဝင်ပြောလိုက်လေသည်။ 
“ပေ ၈၀၀ နဲ့ ပေ ၃၀ ဆိုတော့ စတုရန်းပေနှစ်သောင်းလေးထောင်ပေါ့ ဥက္ကဌကြီးရဲ့” 
ဥက္ကဌက ဒေါ်မိုးထက်ထက်ဂွက်ထော်ကို မျက်လုံးပြူးကြည့်လိုက်လေသည်။ ကွန်ပျူတာကို နှိပ်ကြည့်ရာတွင်လည်း ဒေါ်မိုးထက်ထက်ဂွက်ထော်ပြောသည့်အဖြေသာ ထွက်လာသည့်အတွက် အံ့ဩ သွားလေသည်။ 
ရပ်ကွက်သူ ရပ်ကွက်သားအားလုံးကလည်း ကိုယ်ပိုင် ကွန်ပျူတာများဖြင့် ၈၀၀ နှင့် ၃၀ ကို မြှောက်ကြည့်ရာ ၂၄၀၀၀ အဖြေထွက်သည်ကို တွေ့လိုက်ရလေသည်။ 
“ခင်ဗျားဘယ်လိုတွက်လိုက်တာလဲ ဒေါ်မိုးထက်ထက်ဂွက်ထော်။ ခင်ဗျား ကွန်ပြူတာနှိပ်တာ လည်း မတွေ့ပါလား” 
“ကျွန်မ စိတ်တွက်နဲ့တွက်လိုက်တာပါ ဥက္ကဌကြီး” 
“စိတ်တွက်၊ ဒါလောက်ကြီးမားတဲ့ ရာဂဏန်းအတွက်အချက်ကို ကွန်ပျူတာမသုံးဘဲ တွက်ချက် တယ်ဆိုတာ မဖြစ်နိုင်ဘူး” 
“ဘာခက်လို့လဲ ဥက္ကဌကြီးရဲ့။ ၈ နဲ့ ၃ နဲ့မြှောက်ရုံပဲလေ။ ရလဒ်မှာ နောက်က သုညသုံးလုံး ထည့်လိုက်ရုံပေါ့။ ကျွန်မ ၈ အလီရတယ်ရှင့်” 
“အလီ ! ” 
“ဟုတ်ကဲ့၊ ကိန်းဂဏန်းတစ်လုံးနဲ့တစ်လုံးမြှောက်ရင် ဘယ်လောက် ရတယ်ဆိုတာကို ကျွန်မက အလွတ်ကျက်ထားတာပါ” 
လူအားလုံးက တီးတိုးတီးတိုးပြောကုန်ကြသည်။ ဒေါ်မိုးထက်ထက်ဂွက်ထော်၏အစွမ်းအစမှာ အံ့ဖွယ်သရဲဖြစ်နေပေရာ လူအားလုံး မယုံကြည်နိုင်အောင်ဖြစ်နေကြ၏။ 
အစည်းအဝေးပွဲတွင် လိုအပ်သောအတွက်အချက် ကိန်းဂဏန်းအားလုံးကို လူတွေ ကွန်ပျူတာ နှိပ်မပြီးခင် ဒေါ်မိုးထက်ထက်ဂွက်ထော်က စိတ်ဖြင့်တွက်ကာ အဖြေထုတ်ပြီး ဖြစ်နေလေသည်။ 
တစ်စတုရန်းပေလျှင် ငွေ ၁၂၀ ကုန်ကျမည့်အတွက် လမ်းတစ်ခုလုံး ခင်းခ ၂၈ သိန်း ၈ သောင်း ကုန်ကျမည်ကိုလည်းကောင်း၊ ကုန်ကျငွေကို အိမ်ခြေ ၁၀၀ က စိုက်ထုတ်ကျခံရမည်ဖြစ်သည့်အတွက် တစ်အိမ်လျှင် နှစ်သောင်းရှစ်ထောင့်ရှစ်ရာ ကျသင့်မည်ကိုလည်းကောင်း အခြားသူများ ကွန်ပျူတာ နှိပ်နေဆဲ ဒေါ်မိုးထက်ထက်ဂွက်ထော်က အဖြေထုတ်ပေးပြီး ဖြစ်နေလေသည်။ 
တစ်ရပ်ကွက်လုံးတက်ရောက်သော အစည်းအဝေးတွင် ဒေါ်မိုးထက်ထက်ဂွက်ထော် အစွမ်းပြ လိုက်ခြင်းဖြစ်ရာ သူမ၏ ထူးခြားသောစွမ်းရည်ကို ပို၍လူသိများသွားလေတော့သည်။ 
 

ဒေါ်မိုးထက်ထက်ဂွက်ထော် ဂဏန်းသင်္ချာများကို ကွန်ပျူတာအသုံးမပြုဘဲ တွက်တတ်နေခြင်းမှာ ယခုခေတ်တွင် အလွန်ထူးဆန်းနေပေ၏။ ကွန်ပျူတာများ ပေါပေါလှိုင်လှိုင် အသုံးမပြုနိုင်သေးသည့် ၂၀ ရာစုနှင့် ၂၁ ရာစုလို လွန်ခဲ့သော နှစ်ပေါင်းလေးငါးရာတုန်းကဆိုလျှင် ဤကိစ္စသည် ထူးဆန်းမည်မဟုတ်။ ဒေါ်မိုးထက်ထက်ဂွက်ထော် တတ်ကျွမ်းနေသောပညာရပ်မှာ ယခုခေတ်အမြင်ဖြင့်ကြည့်လျှင် ရှေး ဟောင်းအတတ်ပညာတစ်ခုသာဖြစ်သည်။ ဂမ္ဘီရဆန်သော ဂန္ဓာရီအတတ်ပညာတစ်ခုဟု အများကယူဆ လေသည်။ 
ထို့ပြင် ရှေးဟောင်းပညာများကို လေ့လာလိုက်စားနေသော ဒေါ်မိုးထက်ထက်ဂွက်ထော်ကို လည်း ကြောက်ရွံ့ထိတ်လန့်လာကြလေသည်။ စက္ကူများပေါ်တွင် ကလောင်တံဖြင့် စာရေးခြင်း၊ ကိန်း ဂဏန်းများအား စက္ကူပေါ်ရေးချတွက်ချက်ခြင်းများကို ကြည့်၍ ထူးဆန်းသောအပြုအမူအတွက် စိုးရိမ် ကြောင့်ကျစိတ်များ ဝင်လာကြလေသည်။ လူတစ်ယောက် စက္ကူပေါ်တွင် စာရေးသည့်မြင်ကွင်းကို ရှေး ခေတ်ဟောင်း အရုပ်ကားချပ်များ၊ ဓာတ်ပုံများ၊ ဟောင်းနွမ်းဆွေးမြေ့နေသော ရုပ်ရှင်ကားအဟောင်း များတွင်သာ မြင်ဖူးကြသည်။ ရှေးရိုးဆန်လှစွာ စာရွက်ပေါ်တွင် ရေးခြစ်တွက်ချက်နေသည့် မြင်ကွင်းကို ကြည့်၍ အများပြည်သူကို မကောင်းကြံစည်နေသည် (သို့မဟုတ်) ပြုစားရန် ကြံစည်နေသည်ဟု ယူဆလာကြလေ၏။ 
ယင်းသို့ဖြင့် ဒေါ်မိုးထက်ထက်ဂွက်ထော်အား ဝမ်းတွင်းစုန်းဟု ယိုးစွတ်သူများ ရှိလာခဲ့လေသည်။ 
လူထုအများစု၏ ထင်မြင်ချက်နှင့် စွပ်စွဲချက်များကို မျက်ကွယ်ပြု၍ မရသော အာဏာပိုင်များ သည် ဒေါ်မိုးထက်ထက်ဂွက်ထော်အား ခေါ်ယူစစ်ဆေးရလေတော့သည်။ 
မြို့နယ်အာဏာပိုင်များ စစ်ဆေးပြီးသည့်အခါ ဒေါ်မိုးထက်ထက်ဂွက်ထော်အား အစိုးရက ခေါ်ယူစစ်ဆေးပြန်သည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်ကလည်း ရိုးသားစွာပင် သူမ တတ်ကျွမ်းထားသမျှကို တင်ပြခဲ့ပေ၏။ 
“ခင်ဗျားဟာ ဂဏန်းသင်္ချာတွေကို ဘာကြောင့် လက်တန်းတွက် တတ်နေသလဲ” 
“ကျွန်မ လေ့လာထားလို့ပါ။ အားလုံးကို လက်တန်းမတွက်တတ်ပါဘူး။ ခုဂဏန်းနဲ့ ဆယ် ဂဏန်းလောက်ကိုသာ စိတ်နဲ့တွက်နိုင်တာပါ။ ဂဏန်းသုံးလုံးထက်ပိုရင်တော့ စာရွက်ပေါ်မှာချရေးပြီး တွက်ချက်မှရပါတယ်ရှင့်” 
“ခင်ဗျားဟာ ခက်ခဲနက်နဲတဲ့ ဒီပညာတွေကို ဘာကြောင့်လေ့လာနေတာလဲ။ ကွန်ပျူတာ တစ်ချက်နှိပ်ရုံနဲ့ အဖြေရနိုင်တဲ့ပုစ္ဆာတွေကို စက္ကူဖိုးတွေ အကုန်အကျခံပြီး အဆင့်ဆင့်တွက်ချက်နေတာ ဘာသဘောနဲ့လဲ” 
“ကျွန်မ သင်္ချာတွက်ရတာ ပျော်လို့ပါရှင်” 
“ခင်ဗျားဟာ လူအများ ကွန်ပျူတာနှိပ်မှ အဖြေရတဲ့ ကတ်သီးကတ်သတ် ပုစ္ဆာတွေကိုလည်း အလွယ်တကူ တွက်နိုင်တယ်လို့ သိရတယ်၊ ခင်ဗျားကို ဉာဏ်စမ်းပုစ္ဆာတစ်ချို့ မေးပါရစေလား” 
“မေးပါရှင်။ ကျွန်မ ကြိုးစားဖြေကြည့်ပါ့မယ်” 
“အမဲသားတစ်ပိဿာကို ၅ ကျပ်ပေးရတယ်ဗျာ။ တစ်ပိဿာနဲ့ ၂၅ ကျပ်သားဆို ဘယ်လောက် ကျမလဲ” 
“တစ်ပိဿာကို ၅ ကျပ်ဆိုတော့ ပိဿာဝက်က ၂ ကျပ်ခွဲ၊ ၂၅ ကျပ်သားဆိုတာ ပိသာဝက် ရဲ့တစ်ဝက်ဆိုတော့ ၁ ကျပ်နဲ့ ၂၅ ပြားပေါ့” 
အစိုးရအရာရှိများသည် ဒေါ်မိုးထက်ထက်ဂွက်ထော် တွက်ချက်နေပုံများကို အံ့ဩတကြီး စိုက် ကြည့်နေကြသည်။ ဒေါ်မိုးထက်ထက်ဂွက်ထော်၏ တွက်ပုံတွက်နည်းများကို သူတို့ လိုက်မမီကြပါချေ။ 
“၂၅ ကျပ်သားဖိုးက ၁ ကျပ်နဲ့ ၂၅ ပြား၊ တစ်ပိသာဖိုး ၅ ကျပ်နဲ့ပေါင်းတော့ ၆ ကျပ်နဲ့ ၂၅ ပြားပါရှင်” 
ဒေါ်မိုးထက်ထက်ဂွက်ထော်က အဖြေပေးလိုက်သည်နှင့် အစိုးရအရာရှိမင်းများသည် ကွန်ပျူတာ များကိုနှိပ်ကာ ပုစ္ဆာ၏အဖြေကိုရှာလေ၏။ အဖြေမှာ ဒေါ်မိုးထက်ထက်ဂွက်ထော် နှုတ်တိုက်တွက်၍ ပေး လိုက်သော အဖြေအတိုင်း ဖြစ်နေလေသည်။ 
အရာရှိများက သက်ပြင်းကိုချလိုက်သည်။ ထို့နောက် အခြားခက်ခဲသောပုစ္ဆာများကို မေးပြန်၏။ ဒေါ်မိုးထက်ထက်ဂွက်ထော်သည် မေးသမျှကို ဖြေနိုင်သည်။ ကိန်းဂဏန်းကြီးမားသည့်အတွက် အချက် များကိုသာ စာရွက်ပေါ် ချရေး၍ တွက်ချက်စရာလိုပေ၏။ အဖြေကို အလွယ်တကူ ထုတ်ပေးနိုင်သည် ချည်း ဖြစ်လေသည်။ 
“ဒေါ်မိုးထက်ထက်ဂွက်ထော် ခင်ဗျားဟာ ရာဂဏန်းထောင်ဂဏန်းလို ကိန်းများတဲ့ပုစ္ဆာတွေကို လည်း အလွယ်တကူတွက်နိုင်တယ်နော်။ အဲဒီလောက် ကိန်းများတဲ့ အလီတွေကိုလည်း ခင်ဗျားအလွတ် ရတာပဲလား” 
“တွက်တတ်ရင် ရာအလီ ထောင်အလီတွေ ရစဂာမလိုဘူးရှင့်။ ကျွန်မတွက်နည်းက ဒီလို။ မြှောက်မယ့်ကိန်းဂဏန်း ၂ ခုကို အထက်အောက် ချရေးလိုက်တယ်။ မြှောက်တော့ တစ်လုံးချင်း မြှောက်တယ်။ ထွက်လာတဲ့အဖြေ ၂ တန်းကိုပြန်ပေါင်းတာပါ။ လူကြီးမင်းကြိုက်တဲ့ ဂဏန်းတွဲသုံးလေး လုံးပါတဲ့ နံပါတ် ၂ ခုကိုပြောလိုက်ပါ။ ကျွန်မ လက်တွေ့မြှောက်ပြပါ့မယ်” 
နမူနာမြှောက်ခိုင်းသည့် ၃၁၅၂ နှင့် ၂၈ တို့၏ မြှောက်လဒ်အဖြေကို ဒေါ်မိုးထက်ထက် ဂွက်ထော်က စာရွက်ပေါ်တွင် တွက်ချက်ပြလိုက်သည်။ သို့သော် ကြည့်ရှုစစ်ဆေးနေသူ လူကြီးအားလုံး လိုက်မမီပါ။ နားမလည်ပါ။ 
စစ်ဆေးသူလူကြီးများသည် ဒေါ်မိုးထက်ထက်ဂွက်ထော်ကို ကြည့်ရင်း ထိတ်လန့်ကြောက်ရွံ့လာ ကြသည်။ 
“ဒေါ်မိုးထက်ထက်ဂွက်ထော်၊ ခင်ဗျားဟာ သာမန်လူမဟုတ်ဘူး” 
“အို ...” 
“ခင်ဗျားဟာ အများစွပ်စွဲသလို စုန်းတစ်ယောက်ပဲ” 
“ရှင် ...” 
“ခင်ဗျားဟာ စုန်းမတစ်ကောင်ဆိုတာ ထင်ရှားနေပြီ ဒေါ်မိုးထက်ထက်ဂွက်ထော်။ ဒီတော့ နိုင်ငံအတွက်ရော၊ အများပြည်သူအတွက်ပါ အန္တရာယ်ကြီးတဲ့ခင်ဗျားကို ကျုပ်တို့ ဒီအတိုင်း လွှတ် မထားနိုင်ဘူး။ ခင်ဗျားကို ကျုပ်တို့ ဖမ်းချုပ်လိုက်ပြီ” 
 

ဒေါ်မိုးထက်ထက်ဂွက်ထော်၏သတင်းမှာ ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားလေသည်။ ရှိသမျှ မီဒီယာ အားလုံးမှ ထုတ်လွှင့်လိုက်သည့်အတွက် ဒေါ်မိုးထက်ထက်ဂွက်ထော်၏ ထူးဆန်းသောအစွမ်းအစကို တစ်ကမ္ဘာလုံး သိရှိသွားကြလေတော့သည်။ 
ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့များသည် ကိန်းဂဏန်းများကို ကွန်ပျူတာသုံးစရာမလိုဘဲ ဒိုးလိုမွှေရေလိုနှောက် တွက်ချက်နိုင်သည့် ဒေါ်မိုးထက်ထက်ဂွက်ထော်၏ အစွမ်းအစကို ထိတ်လန့်သွား ကြလေသည်။ 
အစိုးရအဖွဲ့များကိုယ်တိုင် ထိတ်လန့်ကြောက်ရွံ့ကုန်ခြင်းမှာ အကြောင်းရှိပါသည်။ 
ယခုကာလတွင် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် အနုမြူလက်နက်များကို ပိုင်ဆိုင်ထားပြီးဖြစ်ကြ သည်။ မိမိတို့နိုင်ငံအား ထိပါးလာလျှင် အသုံးချနိုင်ရန် အသင့်ဆောင်ထားကြခြင်းဖြစ်ပါ၏။ အနုမြူ လက်နက်မှာ အလွန်အန္တရာယ်ကြီးမားသည့်အတွက် လျှို့ဝှက်နက်နဲစွာဖြင့် သိမ်းဆည်းသိုဝှက်ထားရပါ သည်။ အနုမြူလက်နက်များမပေါက်ကွဲအောင် ကုတ်နံပါတ်များဖြင့် အထူးအရေးကြီး အဆင့်သတ်မှတ် ကာ လျှို့ဝှက်ထားရှိရပါသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်သည် မည်သည့်လူသားမှ မတတ်ကျွမ်းသော သင်္ချာအတွက်အချက် ပညာများကို တတ်ကျွမ်းနေလေရာ အနုမြူလက်နက်များ၏ လျှို့ဝှက်နံပါတ်များကို တစ်ချိန်တွင် တွက် ချက်သိရှိသွားမည်ဟု မည်သူမျှ အာမမခံနိုင်ချေ။ အနုမြူလက်နက် ကုတ်နံပါတ်များကိုသာ ရှာဖွေ ဖော်ထုတ်နိုင်ပါက နိုင်ငံတစ်ခုတည်းမဟုတ်။ တစ်ကမ္ဘာလုံး ဒုက္ခကြုံတွေ့သွားနိုင်ပေသည်။ 
ထိုကြောင့် ၎င်း၏အစိုးရက ဒေါ်မိုးထက်ထက်ဂွက်ထော်အား ဖမ်းချုပ် ထိန်းသိမ်းလိုက်ရခြင်းဖြစ် လေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်၏သတင်း ကမ္ဘာအနှံ့သို့ ပြန့်သွားသည့်အခါ ကမ္ဘာ့နိုင်ငံကြီးများမှ အစိုးရများလည်း စိုးရိမ်သောက ရောက်ခဲ့ရပြန်လေသည်။ ထိုနိုင်ငံကြီးများ၏ စိုးရိမ်ပူပန်မှုမှာ တစ်မျိုး ဖြစ်သည်။ မဟာမိတ်နိုင်ငံအချင်းချင်း ပူးပေါင်းစည်းရုံးကာ ဒေါ်မိုးထက်ထက်ဂွက်ထော်အား ရန်သူနိုင်ငံ များ၏ အနုမြူလက်နက်ကုတ်နံပါတ်များကို တွက်ချက်ဖော်ထုတ်စေပြီး မိမိတို့နိုင်ငံပိုင် အနုမြူလက်နက် များကို ဖျက်ဆီးပစ်မှာ စိုးရိမ်ကြခြင်း ဖြစ်လေသည်။ 
ဤသို့ဖြင့် ၎င်းတို့၏ စိုးရိမ်ပူပန်ရသောအခြေအနေကို နိုင်ငံအချို့က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အား ဖိအားပေးတင်ပြခဲ့လေသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဖွဲ့စည်းကာ ဒေါ်မိုးထက်ထက်ဂွက်ထော်အား စစ်ဆေးလေတော့သည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်ကလည်း သူမအား စုန်းအဖြစ် စွပ်စွဲထားသည့် စွပ်စွဲချက်ကို ပျောက်ပျက်စေရန် သူမတတ်ကျွမ်းသောပညာကို စစ်ဆေးရေးအဖွဲ့ရှေ့တွင် စစ်ဆေးခံခဲ့လေသည်။ သူမ၏အထင်မှာ သူမ တတ်ထားသောပညာရပ်ကို သာမန်အတွက်အချက်ပညာရပ်တစ်ခုအဖြစ် လက်ခံ သွားခြင်းဖြင့် စုန်းအဖြစ်စွပ်စွဲထားမှုကို ပြန်လည်ရုတ်သိမ်းလိမ့်မည်ဟု ထင်နေရှာလေသည်။ 
တကယ်တမ်းတွင် ဒေါ်မိုးထက်ထက်ဂွက်ထော်၏ အတွက်အချက်ပညာများကို အသေးစိတ် သိရှိလိုက်ရသော စုံစမ်းစစ်ဆေးရေးအဖွဲ့က သူမအား ရှေးဟောင်းဂမ္ဘီရပညာ ကျွမ်းကျင်သော အဆင့် မြင့်စုန်းပညာရှင်တစ်ယောက်အဖြစ် အတည်ပြုလိုက်ကြလေသည်။ 
“တစ်ပေရဲ့လေးပုံသုံးပုံဟာ အရှည်ဘယ်လောက်ရှိသလဲ” 
“၁ ပေမှာ ၁၂ လက်မဆိုတော့ လေးပုံတစ်ပုံက ၁၂ ကို ၄ နဲ့ စား၊ ၃ လက်မရှိပါတယ်။ လေးပုံသုံးပုံဆိုတော့ ၃ ကို ၃ နဲ့ထပ်မြှောက်ရမယ်။ ၃ x ၃ လီက ၉၊ တစ်ပေရဲ့လေးပုံသုံးပုံဟာ ကိုးလက်မရှိပါတယ်ရှင်” 
ထိပ်တန်းနိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံပညာရှင်များပါဝင်သော စစ်ဆေးအဖွဲ့လူကြီးများ အလုပ်ရှုပ်သွားကြသည်။ ဒေါ်မိုးထက်ထက်ဂွက်ထော်၏အဖြေ ဟုတ်မဟုတ်ကို လက်တွေ့တိုင်းတာ ကြည့်ကြလေ၏။ သူတို့သည် ပေတံတစ်ချောင်းကိုယူကာ လေးပိုင်းအညီအမျှ ပိုင်းလိုက်သည်။ ပေတံကို တစ်ဝက်တိတိပိုင်း၊ ပိုင်းထားသောအစကို နောက်ထပ်တစ်ဝက်တိတိ ထပ်ပိုင်းခြင်းဖြင့် လေးပုံတစ်ပုံ ၏အရှည် မည်မျှရှိသည်ကို သိလိုက်ကြ၏။ 
ထို့နောက် လေးပိုင်းပိုင်းထားသောအပိုင်းအစများထဲမှ သုံးပိုင်းကို ဆက်ကာ အရှည်ကို တိုင်း ကြည့်ကြလေသည်။ အံ့ဩဖွယ်ကောင်းစွာပင် ဒေါ်မိုးထက်ထက်ဂွက်ထော် နှုတ်တိုက်တွက်ပြလိုက်သည့် အတိုင်း ၉ လက်မ ရှည်လျားသည်ကို တွေ့လိုက်ရလေ၏။ 
“မစ္စဂွက်ထော်ဟာ အလွန်တရာခက်ခဲနက်နဲတဲ့ တွက်နည်းတွေကို အလွယ်တကူတွက်တတ် နေတာပဲ။ နောက်ထပ်ကော ဘာတွေများ တတ်ကျွမ်းသေးလဲ” 
“ကျွန်မ ရာခိုင်နှုန်းကိုလည်း တွက်တတ်တယ်ရှင့်” 
“ရာခိုင်နှုန်းကို တွက်တတ်တယ်။ ဘုရားရေ၊ ဒါဖြင့် စစ်ပွဲတစ်ပွဲမှာ စစ်သား ၅၀၀ တိုက် ခိုက်ကြတယ်ဗျာ။ စစ်သား ၆၀ ကျဆုံးသွားတယ်ဆိုပါစို့။ ကျဆုံးသွားတဲ့ စစ်သားရာခိုင်နှုန်းဟာ ဘယ်လောက်ရှိမလဲ” 
“၁၂%ပေါ့ရှင်” 
ဒေါ်မိုးထက်ထက်ဂွက်ထော်က ချက်ချင်းအဖြေပေးလိုက်လေသည်။ 
စစ်ဆေးရေးအဖွဲ့ဝင်လူကြီးများ အလုပ်ရှုပ်သွားကြလေ၏။ အသီးသီး ကိုယ်ပိုင်ကွန်ပျူတာများ ဖြင့် တွက်ချက်ကြလေတော့၏။ ရာခိုင်နှုန်းရှာသောပုစ္ဆာကို တွက်နေကြမဟုတ်၍ အတော်ကြာသွား ကြသည်။ ထွက်လာသော အဖြေမှာ ဒေါ်မိုးထက်ထက်ဂွက်ထော် ပြောသည့်အတိုင်း ၁၂%ဖြစ်နေသည်။ 
“ခင်ဗျား ဘယ်လိုတွက်လိုက်တာလဲ မစ္စဂွက်ထော်” 
“လွယ်ပါတယ်။ ရာခိုင်နှုန်းဆိုတာ ၁၀၀ ပေါ်မှာမူတည်ပြီး တွက်ရတာ မဟုတ်လားရှင့်။ ၅၀၀ မှာ ၆၀ ကျဆုံးတယ်။ ၁၀၀ မှာကျဆုံးတဲ့ အရေအတွက်သိချင်တော့ ၆၀ ကို ၁၀၀ နဲ့ မြှောက်ပြီးမှ ၅၀၀ နဲ့ စားလိုက်တာလေ” 
ဒေါ်မိုးထက်ထက်ဂွက်ထော်ပြောသည့်တွက်နည်းကို စစ်ဆေးရေးအဖွဲ့ဝင်လူကြီးများ နားမလည် ကြချေ။ လိုက်မမီကြချေ။ 
“နောက်ထပ်ကော ခင်ဗျားဘာတွေတတ်သေးလဲ” 
“ကျွန်မ နှစ်ထပ်ကိန်းရင်း ရှာတတ်တယ်ရှင့်” 
စစ်ဆေးကြည့်ရာ ဒေါ်မိုးထက်ထက်ဂွက်ထော်သည် နှစ်ထပ်ကိန်း ရင်းကိုလည်း မှန်ကန်စွာနှင့် မြန်ဆန်စွာတွက်ချက်တတ်ကြောင်း တွေ့ရပြန်လေသည်။ ကိန်းပြည့်နောက်မှ ဒဿမများကိုပင် မှန်ကန် တိကျစွာ တွက်ပြခဲ့လေသည်။ 
စစ်ဆေးရေးအဖွဲ့ဝင်လူကြီးများ ခေါင်းချင်းရိုက်သွားကြလေ၏။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်အား ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသည့် ဦးနှောက်ပိုင် ရှင်တစ်ယောက်ဟု တညီတညွတ်တည်း သတ်မှတ် ဆုံးဖြတ်လိုက်ကြလေသည်။ 
သို့ဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် စုန်းအဖြစ် စွပ်စွဲခံရသော တရားခံ ဒေါ်မိုးထက် ထက်ဂွက်ထော်အား သူမ၏မိခင်နိုင်ငံထံမှလွှဲယူကာ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တရားစွဲဆိုတင်ပို့ လိုက်လေသည်။ တရားခံကိုလည်း ပိုမိုတင်းကျပ်သော အစောင့်အရှောက်များဖြင့် ချုပ်နှောင်ထားလိုက် လေတော့၏။
 

အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားသူကြီးအဖွဲ့ခေါင်းဆောင် မစ္စတာဝေါလေ့စ် ခေါင်းရှုပ် ဦးနှောက်ချောက်နေရသည့်ကိစ္စမှာ အထက်ပါကိစ္စပင် ဖြစ်ပေတော့သည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်အား ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူ၊ ကမ္ဘာဖျက် လက်နက်များ တီထွင်ထုတ်လုပ်နိုင်သည့် ဦးနှောက်ဉာဏ်ရှိသူအဖြစ် မည်သည့်ပြစ်ဒဏ်မျိုးပေးရမည်ကို စဉ်းစားမရအောင် ဖြစ်နေလေ၏။ 
အစိုးရိမ်ကြီး စိုးရိမ်လျက်ရှိကြသော အနုမြူလက်နက်ပိုင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ အသီးသီးက လည်း ထိရောက်သောပြစ်ဒဏ်ပေးရန် မစ္စတာ ဝေါလေ့စ်ကို ဖိအားပေးလျက် ရှိပေသည်။ 
မစ္စတာဝေါလေ့စ်အဖို့ တရားခံအား မည်သို့သောပြစ်ဒဏ်မျိုး ပေးရမည်ကို စဉ်းစားမရအောင် ရှိလေသည်။ များစွာသော ဥပဒေအကြံပေးများ၏ အကြံဉာဏ်ကိုရယူသည့်တိုင် ကျေနပ်လောက်သော အကြံဉာဏ်ကို မရခဲ့ချေ။ 
မစ္စတာဝေါလေ့စ်သည် ခေတ်ဟောင်းကာလမှ နိုင်ငံပေါင်းစုံ၏ စီရင်ထုံးများကို ပြန်လည်လေ့လာ ရတော့၏။ ထိုအခါ စုန်းဟုစွပ်စွဲခံရသူများအား အပြစ်ပေးပုံအမျိုးမျိုးကို တွေ့ရှိရလေတော့သည်။ ၁၉ ရာစု ၂၀ ရာစုကာလ များတွင် အနောက်နိုင်ငံများ၌ စုန်းများအား မီးရှို့သတ်ဖြတ်ခြင်းပြုကြသည်ကို တွေ့ရလေ၏။ 
မစ္စတာဝေါလေ့စ်အဖို့ လူတစ်ယောက်အား သတ်စေအမိန့်ပေးလို့ မဖြစ်ပါပေ။ ယခုခေတ်တွင် သေမိန့်ပေးခြင်းမှာလည်း ပပျောက်သွားပေပြီ။ လူတစ်ယောက်အား သေစေခြင်းကို အလွန်တရာရိုင်းပျ သော အပြုအမူအဖြစ် သတ်မှတ်ကြလေသည်။ 
မစ္စတာဝေါလေ့စ်သည် ခေတ်ဟောင်းကာလက မြန်မာနိုင်ငံတွင် စုန်းဟုယိုးစွတ်ခံရသူများအား အပြစ်ပေးပုံကို သဘောကျမိလေ၏။ မြန်မာတို့၏ စုန်းများအားအပြစ်ပေးပုံမှာ “ရွာပြင်ထုတ်”ခြင်းပင် ဖြစ်သည်။ လူနေရပ်ရွာ လူ့အဖွဲ့အစည်းအတွင်း နေထိုင်ခွင့်မပေးဘဲ သီးခြားပ-ထားခြင်းဖြင့် အပြစ် ပေးအရေးယူခြင်းပင် ဖြစ်လေသည်။ 
သို့သော် ဒေါ်မိုးထက်ထက်ဂွက်ထော်အား “ရွာပြင်ထုတ်”နည်းဖြင့် အပြစ်ပေးမည်ဆိုလျှင် မည်သည့်နေရာကို နှင်ထုတ်မည်နည်း။ စွပ်စွဲချက်များအရ ဒေါ်မိုးထက်ထက်ဂွက်ထော်သည် ကမ္ဘာ့ လူသားထုအားလုံးအား အန္တရာယ်ပေးနိုင်သူ၊ လူသားထုတစ်ရပ်လုံး၏ ရန်သူဖြစ်နေ၏။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၊ မည်သည့်နိုင်ငံကမှ သူမကို လက်ခံမည်မဟုတ်ပေ။ 
အပြည်ပြည်ဆိုင်ရာတရားသူကြီး မစ္စတာဝေါလေ့စ်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို အကူ အညီတောင်းခံကာ သူ၏စိတ်ကူးကို တင်ပြရလေတော့၏။ 
 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဂြိုဟ်အသီးသီးမှ ကမ္ဘာပေါ်တွင် လာရောက်တာ ဝန်ထမ်းဆောင် နေကြသော သံအမတ်ကြီးများကို ဖိတ်ကြား ခေါ်ယူလိုက်လေသည်။ 
ကမ္ဘာကြီးသည် စကြာဝဠာအတွင်းရှိ သက်ရှိများနေထိုင်သော ဂြိုဟ်အချို့နှင့် အဆက် အသွယ်ရခဲ့ပြီးဖြစ်ရာ ၎င်းဂြိုဟ်များပေါ်သို့ ကမ္ဘာပေါ်မှ သံအမတ်များ ခန့်အပ်စေလွှတ်ထားပြီးဖြစ်လေ သည်။ သက်ဆိုင်ရာဂြိုဟ် အသီးသီးမှလည်း ကမ္ဘာဂြိုဟ်ပေါ်သို့ ၎င်းတို့ဂြိုဟ်ဆိုင်ရာ သံအမတ်များ စေလွှတ်ထားပြီး ဖြစ်လေ၏။ 
ကုလသမဂ္ဂအဖွဲ့ကြီးသည် လူနှင့် အသွင်သ္ဌဏာန်အနီးစပ်ဆုံး တူညီသော ဂြိုဟ်ဆယ်လုံးမှ သံအမတ်ကြီးများကို ဖိတ်ကြားလိုက်ခြင်း ဖြစ်လေသည်။ 
သံအမတ်ကြီးများအား ဒေါ်မိုးထက်ထက်ဂွက်ထော်နှင့် ပတ်သက်၍ ပြောကြားရာတွင် ပရိယာယ်ဆင်၍ အသိပေးပြောကြားခဲ့လေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်သည် အလွန်တရာ ဦးနှောက်ဉာဏ်ရည်ထက်မြက်သည့် မိန်းမ တစ်ယောက်ဖြစ်ကြောင်း၊ သူမမှာ တော်လွန်း တတ်လွန်းသောကြောင့် သူမ၏အရည်အချင်းများမှာ ကမ္ဘာဂြိုဟ်နှင့် မတန်မမျှ ဖြစ်နေကြောင်း၊ သူမအား အခြားသောဂြိုဟ်တစ်ခုခုဆီသို့ စေလွှတ်လိုကြောင်း၊ သူမသည် လက်ခံမည့်ဂြိုဟ်၏ ကောင်းကျိုးများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေါ်မိုးထက်ထက် ဂွက်ထော်အား လက်ခံနိုင်ပါက မိမိတို့ ကုန်ကျစရိတ်ဖြင့် သက်ဆိုင်ရာဂြိုဟ်ကို လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ကြောင်း ကြေညာလိုက်လေ၏။ 
သံအမတ်ကြီးများက အချက်အလက်များကို မှတ်သားကာ ၎င်းတို့၏ မိခင်ဂြိုဟ်များဆီသို့ သတင်းပို့မေးမြန်းလိုက်ကြလေသည်။ 
တစ်ပတ်ကြာသည့်အချိန်တွင် အားနက်စ်အမည်ရှိဂြိုဟ်မှ သံအမတ်ကြီးက အကြောင်းပြန်ကြား လေ၏။ ဒေါ်မိုးထက်ထက်ဂွက်ထော်အား မိမိတို့ ဂြိုဟ်တွင် လက်ခံမည့်အကြောင်းပင် ဖြစ်လေသည်။ 
အပြည်ပြည်ဆိုင်ရာတရားသူကြီး မစ္စတာဝေါလေ့စ်သည် အားရဝမ်းသာဖြင့် ဒေါ်မိုးထက်ထက် ဂွက်ထော်အား အားနက်စ်ဂြိုဟ်သို့ “ဂြိုဟ်နှင်ဒဏ်”ပေးကြောင်းအမိန့်ကို ချမှတ်လိုက်လေသည်။ 
 

ဒေါ်မိုးထက်ထက်ဂွက်ထော်အား အားနက်စ်ဂြိုဟ်သို့ ဂြိုဟ်နှင်ဒဏ်ပေးသည့်သတင်း ထွက်ပေါ် လာသည်နှင့် ကမ္ဘာ့လူသားထုအားလုံးသည် လူအများကို ဒုက္ခပေးမည့် စုန်းမတစ်ကောင် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားတော့ မည်ဖြစ်၍ ဝမ်းသာနေကြလေ၏။ 
ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရအရာရှိများသည်လည်း အနုမြူလက်နက်၏ လျှို့ဝှက်နံပါတ်ကို ဖော်ထုတ်နိုင်စွမ်းရှိသူဟု ယူဆရသည့် ဒေါ်မိုးထက်ထက်ဂွက်ထော်ကို ဂြိုဟ်နှင်ဒဏ်ပေးလိုက်သည့် အတွက် သက်ပြင်း ကိုယ်စီချကာ ကျေနပ်အားရ ရှိနေကြလေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်အတွက်လည်း အားနက်စ်ဂြိုဟ်သို့ ဂြိုဟ်နှင်ဒဏ် အပေးခံရခြင်းမှာ ကံကောင်းထောက်မသည်ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အားနက်စ်ဂြိုဟ်သည် ကမ္ဘာ နှင့် ဆွဲငင်အားချင်း တူညီပြီး၊ ရေမြေတောတောင်သဘာဝများမှာ ကမ္ဘာဂြိုဟ်အတိုင်း တည်ရှိနေသည့် အတွက်ဖြစ်သည်။ ဂြိုဟ်သားများ၏အသွင်သ္ဌဏာန်မှာလည်း ကမ္ဘာ့လူသားများအတိုင်း ဖြစ်ကြလေ သည်။ ကမ္ဘာ့လူသားများထက် ပို၍ထူးခြားသောအချက်ဆို၍ အားနက်စ်ဂြိုဟ်သားများ၏ နားရွက် နှစ်ဖက်မှာ ပခုံးအထိ ရှည်တွဲကျနေခြင်းနှင့် သူတို့၏ နဖူးထိပ်တည့်တည့်တွင် ဦးချိုတစ်ချောင်း ပေါက် နေခြင်းတို့သာ ကွာခြားလေသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်အား တင်ဆောင်သွားသည့် အာကာသယာဉ်ကြီး အားနက်စ်ဂြိုဟ် သို့ ထွက်ခွာသွားပုံကို တစ်ကမ္ဘာလုံးအား ရုပ်မြင်သံကြားမှ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသရာ အာကာသ ယာဉ်ကြီး ထွက်ခွာ သွားသည်နှင့် ကမ္ဘာသားအားလုံးက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ကြလေသည်။ 
ထိုအာကာသယာဉ်သည် ခရီးအကွာအဝေးအရ အားနက်စ်ဂြိုဟ်သို့ နောက်တစ်နှစ်ကြာမှ ရောက်ရှိမည်ဖြစ်၏။ မည်သို့ပင်ဆိုစေ မိမိတို့တစ်ကမ္ဘာလုံးအား ဒုက္ခပေးနိုင်သည့် စုန်းမကြီးကို ဂြိုဟ်နှင် ဒဏ်ပေး၍ နှင်ထုတ်လိုက်နိုင်ခြင်းအတွက် ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်အေးသွားကြလေတော့ သတည်း။ 
တကယ်တော့ ကမ္ဘာဂြိုဟ်မှ လူလည်ပညာရှင်ကြီးများသည်အား နက်စ်ဂြိုဟ်သားများကို “နှပ်ချ” လိုက်ခြင်းဖြစ်ပါသည်။ မိမိတို့ကမ္ဘာကို အန္တရာယ်ပေးနိုင်သည့် ဒေါ်မိုးထက်ထက်ဂွက်ထော်၏ အရည် အချင်းများအား အကောင်းဘက်သို့ဦးတည်ကာ ညာပြောခြင်းဖြင့် အားနက်စ်ဂြိုဟ်မှ လက်ခံအောင် နှပ်ချလိုက်ခြင်းပင် ဖြစ်တော့သည်။ 
မည်သို့ဆိုစေ ကမ္ဘာမီးလောင်သားကောင်ချနင်းဟု ဆိုပေရာ မိမိတို့ကမ္ဘာကြီး မီးလောင်ပျက်စီး မည့်အရေးမှ ကာကွယ်သည့်အနေဖြင့် လိမ်ညာ နှပ်ချရခြင်းပင် ဖြစ်တော့သည်။ 
 

ကမ္ဘာဂြိုဟ်သားများက သူတို့ကိုယ်သူတို့ လည်လှပြီဟုယူဆကာ အားနက်စ်ဂြိုဟ်သားများအား နှပ်ချလိုက်ခြင်းဖြစ်သော်လည်း အားနက်စ်ဂြိုဟ်သားများကမူ ကမ္ဘာသားများကို ပြန်၍ “လှောင်ပြုံး” ပြုံး နေကြောင်းကိုတော့ ကမ္ဘာသားများ မသိရှာပေ။ 
အားနက်စ်ဂြိုဟ်မှ သံအမတ်ကြီးသည် မီဒီယာများမှ ထုတ်လွှင့်ချက်များကြောင့် ဒေါ်မိုးထက် ထက်ဂွက်ထော်အား စုန်းမဟုစွပ်စွဲနေကြကြောင်းကို သိပြီးဖြစ်သည်။ သံအမတ်များကိုခေါ်ယူ၍ သဘော ထားတောင်းခံသည့်ပွဲတွင် ဒေါ်မိုးထက်ထက်ဂွက်ထော်၏ အရည်အချင်းများကို အမွှန်းတင်ပြောနေခြင်း မှာလည်း တမင် “နှပ်ချ”လို၍ ပြောနေမှန်းသိသည်။ 
သို့သော် သံအမတ်ကြီးက ဒေါ်မိုးထက်ထက်ဂွက်ထော်အား သူတို့ ဂြိုဟ်တွင် လက်ခံလိုက်ရန် မိခင်ဂြိုဟ်မှ အကြီးအကဲများအား တိုက်တွန်းခဲ့ပေသည်။ 
အဘယ်ကြောင့်နည်း။ 
ကမ္ဘာသားများသည် တိုးတက်မှုလွန်ကဲကာ အလွယ်လမ်းလိုက်ခဲ့သည့်အတွက် အခြေခံကျ သောပညာရပ်များကို မသိနားမလည်တော့သည်အထိ ဦးနှောက်ဉာဏ်ရည်များ တုံးနေကြပြီ။ တကယ် တမ်းတွင် ဒေါ်မိုးထက်ထက်ဂွက်ထော် တတ်ကျွမ်းထားသည့်ပညာများမှာ အလွန်တန်ဖိုးရှိသော ပညာ များဖြစ်ကြောင်းကို အားနက်စ်ဂြိုဟ်ဆိုင်ရာသံအမတ်ကြီးက သိရှိလေသည်။ 
၎င်းတို့၏အားနက်စ်ဂြိုဟ်သည် ကမ္ဘာနှင့်စာလျှင် တိုးတက်မှု နှေးကွေးလျက်ရှိရာ အားနက်စ် ဂြိုဟ်၏ လက်ရှိအနေအထားမှာ လွန်ခဲ့သောနှစ်တစ်ထောင်က ကမ္ဘာဂြိုဟ်၏အခြေအနေလောက်ပင် ရှိသေးသည်။ ဤသို့သော အခြေအနေတွင် အားနက်စ်ဂြိုဟ်သည် ဒေါ်မိုးထက်ထက်ဂွက်ထော်ကဲ့သို့ သင်္ချာပညာရှင်မျိုးကို လိုအပ်လျက်ရှိပါသည်။ 
ထို့ကြောင့် ကမ္ဘာသားများက နှပ်ချသည်ကို မသိချင်ယောင်ဆောင်ကာ ဒေါ်မိုးထက်ထက် ဂွက်ထော်အား မိမိတို့အားနက်စ်ဂြိုဟ်သို့ ပါအောင် ခေါ်ယူခဲ့ခြင်း ဖြစ်ပါသည်။
သူတို့ကိုယ်သူတို့ လည်လှပြီထင်နေသော ကမ္ဘာသားများကို အားနက်စ်ဂြိုဟ်သားများက ပြန်၍ လှောင်ပြုံးပြုံးသရော်နေကြသည်ကို ကမ္ဘာဂြိုဟ်သားများ မသိရှာပေ။ 
အားနက်စ်ဂြိုဟ်မှအကြီးအကဲများက ဒေါ်မိုးထက်ထက်ဂွက်ထော်အား သူတို့ဂြိုဟ်၏တက္ကသိုလ် ကြီးတွင် သင်္ချာပါမောက္ခအဖြစ် ခန့်ထားရန် စီစဉ်ပြီးဖြစ်ပါသည်။ 
ဒေါ်မိုးထက်ထက်ဂွက်ထော်အား လိုက်ပါပို့ဆောင်သော အာကာသယာဉ်ကြီးသည် တစ်နှစ်ကြာ မြင့်ချိန်တွင် အားနက်စ်ဂြိုဟ်ပေါ်သို့ ရောက်ရှိသွားလေ၏။ 
ထိုအခါ….. နားရွက်များရှည်လျား၍ နဖူးထိပ်တည့်တည့်၌ ဦးချိုတစ်ချောင်းပေါက်နေသော အားနက်စ်ဂြိုဟ်သားများသည် သူမအား အိုးစည်ဗုံမောင်းများဖြင့် သောင်းသောင်းဖြဖြကြိုဆိုနေသည်ကို ဒေါ်မိုးထက်ထက်ဂွက်ထော် တွေ့ကြုံလိုက်ရလေတော့သည်။ 

                                                                                  ဆောင်းလုလင်

No comments: