၈၈၈၈ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ၀တ္ထုတို
မိုးခါးရေ
ဤ၀တ္ထုကို ၁၉၈၈ခုနှစ် အောက်တိုဘာလတွင် ရေးသားခဲ့ပါသည်။
ပုံနှိပ်စာမူဖြစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း
ထိုစဉ်က အခြေအနေများ(စာပေစီစစ်ရေး)ကြောင့်
ပရိဿတ်သို့ တင်ပြခွင့်မရခဲ့ပါ။
စာမူကိုပြန်လည်ရှာဖွေတွေ့ရှိပါသဖြင့်
ရှစ်လေးလုံး ၈၈၈၈ ငွေရတုအထိမ်းအမှတ်အဖြစ်
၁၀-၈-၂၀၁၃နေ့ထုတ် ဓာတ်ပေါင်းစုဂျာနယ် အမှတ်(၁၂)တွင်
အမှတ်တရတင်ဆက်လိုက်ပါသည်။
ဆောင်းလုလင်..၏ မိုးခါးရေ ၀တ္ထုတိုအား အောက်တွင် အစအဆုံးဖတ်ရှုနိုင်ပါသည်။
ဆောင်းလုလင်
မိုးခါးရေ
အဖြစ်အပျက်မှာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်မှ
အဖြစ်အပျက်မဟုတ်ပါ။ အခြားဂြိုဟ်တစ်ခုမှ ဖြစ်ရပ်သာဖြစ်ပါသည်။
+++++++++
သူသည် ထိုဂြိုလ်ပေါ်မှလူသားတစ်ဦးဖြစ်သည်။
သူသည် သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ သူတို့
ဂြိုဟ်ပေါ်တွင် သူသည် အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လေသည်။
သူသည် မိုးလေ၀သအခြေအနေများကိုလည်း ခန့်မှန်းတတ်လေသည်။
ထိုသို့ မိုးလေ၀သကိုခန့်မှန်းတတ်ခဲ့၍လည်း ထိုဂြိုဟ်ကြီးတစ်ခုလုံးကို
အုပ်ချုပ်ရသည့် ဘုရင်ဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
တစ်ခါတွင် သူ၏ကြိုတင်တွက်ချက်မှုအရ ဂြိုဟ်ပေါ်၌ မိုးခါးရေရွာ
သွန်းမည့်အဖြစ်ကို သူ ကြို၍ခန့်မှန်းနိုင်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသည် မှာ
ရွာသွန်းမည့်မိုးခါးရေသည် ခါးသက်သောအရသာ ရှိရုံသာမက ထိုမိုးခါးရေကို
သောက်သုံးမိပါက ရူးသွပ်သွားစေနိုင်ခြင်း ဖြစ်လေသည်။
သူသည် သူ၏ကြိုတင်မှန်းဆတွက်ချက်မှုကို ထိုစဉ်က
အုပ်ချုပ်နေ သော သူတို့ဂြိုဟ်၏အစိုးရအဖွဲ့အား တင်ပြလိုက်လေသည်။ နောက်တစ်ရက်
ခြားတွင် ရွာသွန်းမည့်မိုးရေထဲသို့ မည်သူမျှမထွက်ကြရန်၊ မိုးရေကို မသောက်
သုံးကြရန် နှိုးဆော်ပေးဖို့ကိုလည်း သူက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါ၏။
အစိုးရကလည်း ဂြိုဟ်ပေါ်တွင်ထုတ်ဝေသည့် သတင်းစာ၊ စာစောင်
များ၊ တီဗီများမှ ကြိုတင်ကြေညာပေးထားခဲ့ပါသည်။
သို့သော် လူထုသည် သိပ်အရေးမစိုက်ခဲ့ချေ။
မိုးပြိုမှာကို တွေး ကြောက်မနေသည့် ဂြိုဟ်သားတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။
ကြိုတင် ခန့်မှန်းမှုဆိုတော့လည်း ဖြစ်ချင်မှဖြစ်လာမှာဟု တွေးကြသည်။ သည်လို
အဖြစ်မျိုးလည်း တစ်ခါမှမကြုံဖူး၍ သိပ်ဂရုမထားခဲ့ကြချေ။ အချို့ကဆိုလျှင်
ယုံတောင်မယုံ၊ ပြက်ရယ်ပြုသူများပင်ရှိခဲ့ကြ၏။
+++++++++
မည်သို့ဆိုစေ သူ ခန့်မှန်းသည့်အတိုင်း
ထိုနေ့ထိုရက်တွင် မိုးခါးရေ မိုးကြီး ရွာသွန်းခဲ့လေသည်။ သူက သူ့တပည့်များကိုတော့
တင်းကျပ်စွာ တားမြစ်၍ အိမ်ထဲတွင် သော့ခတ်ပိတ်လှောင်ထားသောကြောင့် သူနှင့် သူ၏
တပည့်တပန်းများကတော့ မိုးခါးရေထဲသို့ မထွက်ဖြစ်ကြချေ။
သို့ရာတွင် မိုးခါးရေမိုးကြီးရွာသွန်းနေစဉ်၌
မိုးရေထဲမှ ငြိမ့်ညောင်း သာယာသောဂီတသံများ ထွက်ပေါ်နေရုံမက၊ ချိုအီမွှေးမြသော
ရနံ့များလည်း ထွက်ပေါ်လာလေသည်။ ဂီတသံနှင့်ရနံ့သည် လူအားလုံးကို ဆွဲဆောင်နေခဲ့သည်။
သူ၏တပည့်များသည်ပင် အပြင်သို့ထွက်၍
မိုးရေချိုးမည်တကဲကဲ လုပ်နေကြ၍ တင်းကျပ်စွာတားမြစ်ထားခဲ့ရလေ၏။
သူ တားမြစ်ရန် အခွင့်အာဏာမရှိသည့် အခြားသောသူများကား
မိုးခါးရေ၏ဆွဲဆောင်မှုကြောင့် လမ်းမပေါ်သို့ အလုံးအရင်းဖြင့် ရောက်ရှိသွား ကြလေသည်။
လူတို့သည် မိုးရေထဲတွင်ထွက်၍ ကောင်းကင်မှာကျလာသော မိုးရေကိုချိုးကာ
ခေါင်းများမော့၍ မိုးရေကိုသောက်သုံးကြလေသည်။
မိုးရေထဲမှလူအားလုံး ပျော်ရွှင်နေကြဟန်ရှိလေသည်။
လူအားလုံးသည် မိုးရေကိုချိုး၊ မိုးရေကိုသောက်ကာ
ပျော်ကြရင်းမှ မိုးရေထဲတွင် ပြေးလွှားဆော့ကစားကြလေသည်။ ထို့နောက် ကခုန်ကြလေ သည်။
ထို့နောက် ပို၍ပို၍ပျော်လာကာ ဝတ်ထားသောအဝတ်အစားများကို ချွတ်ပစ်၍ ကိုယ်လုံးတီး
ကခုန်ပျော်မြူးကြပြန်လေ၏။
ယောက်ျား၊ မိန်းမ၊ လူကြီး၊ ကလေး၊ ရဟန်းသူတော်စင်မကျန်
အားလုံးသော ဂြိုလ်သားတို့သည် မိုးခါးရေထဲ၍ ပျော်ပျော်ကြီး ကခုန်မြူးတူးနေ
ကြလေသတည်း။
‘ဪ ...ဂြိုဟ်သားတွေ၊ ဂြိုဟ်သားတွေ၊ သံဝေဂရစရာပဲ။
မိုးခါးရေသောက်ရင် ရူးလိမ့်မယ်ဆိုတာ ကြိုတင်သတိပေးထားပါရက်နဲ့ မိုက်မဲ လိုက်ကြတာ။
ကြည့်ကြစမ်း တပည့်တို့၊ စိတ်အလိုလိုက်လို့ လူတွေအားလုံး ရူးသွပ်ကုန်ကြပြီကွယ့်’
မိုးခါးရေမိုးကြီးကား တစ်နေ့ပတ်လုံး
သဲသဲမဲမဲရွာသွန်းလိုက်ရာ လူအားလုံးတို့သည် အစားမေ့အသောက်မေ့ အိမ်မေ့ရာမေ့ဖြင့်
အပျော်ကြူး နေကြလေ၏။
တစ်ရက်အချိန်ကုန်လွန်မှသာလျှင် မိုးခါးရေမိုးသည်လည်း
ရွာသွန်း မှု ရပ်တန့်သွားလေ၏။
လူအားလုံးကား မိုးခါးရေ၏အာနိသင်ကြောင့် ရူးသွပ်၍
ကျန်ရစ်ခဲ့ လေသည်။
+++++++++
တစ်တိုင်းပြည်လုံးရှိ လူအားလုံးကား ရူးသွပ်သွားကြလေပြီ။
ဂြိုဟ် ကြီးတစ်ခုလုံးကို အုပ်ချုပ်နေသူများအပါအဝင် ယောက်ျm;မိန်းမ၊ ကလေး လူကြီး၊
ရဟန်းသံဃာ၊ ပြည့်တန်ဆာ သူတောင်းစား၊ လက်လုပ်လက်စား၊ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား၊
ဆင်းရဲသူဆင်းရဲသား၊ လယ်သမား ကိုင်း သမား၊ အလုပ်ရှင် အလုပ်သမား၊ ကျောင်းသားကျောင်းသူ၊
အရာထမ်း အမှုထမ်း လူမှန်သမျှ တစ်ယောက်မှမကျန် ရူးသွပ်သွားကြခြင်းဖြစ်လေ၏။
မွေးကင်းစကလေးပါမကျန် ရူးသွပ်ကုန်ကြခြင်း ဖြစ်လေသည်။
မရူးဘဲကျန်ခဲ့သူဆို၍ သူနှင့်သူ၏တပည့် ၁၀ ယောက်သာ ရှိလေ
သည်။
‘တွေ့ပြီမှုတ်လား တပည့်တို့။ ဒီအရေးတွေကြိုမြင်လို့ ငါက
မင်းတို့ ကို မိုးခါးရေထဲမထွက်ဖို့ တားမြစ်ရတာပဲ’
ထိုအခါမှသာ တပည့်တပန်းများလည်း သူ့ကို ကျေးဇူးတင်ကြလေ
တော့သည်။
သည်လိုနှင့် ဂြိုဟ်တစ်ခုလုံး အုပ်ချုပ်သူရော၊
တိုင်းသူပြည်သားတွေ ပါ ရူးသွပ်သွားကြလေရာတွင် အားလုံး ကမောက်ကမဖြစ်ကုန်ကြလေသည်။
သူရူးတို့သည် အလုပ်လုပ်ရကောင်းမှန်းမသိ၊ စားချိန်သောက်ချိန်
နားမလည်၊ ယဉ်ကျေးမှုမဲ့၊ ပညာမဲ့ကာ ဗရမ်းဗတာနှင့် ဖြစ်ချင်တိုင်းဖြစ်နေကြတော့၏။
သည်တွင် သူက အကြံတစ်ခုရလိုက်ခြင်း ဖြစ်လေသည်။ သူ၏
အကြံသည် ဂြိုဟ်သားများကို ကယ်တင်စောင့်ရှောက်ရာ ကျရုံမက၊ သူနှင့်
သူ့တပည့်များအတွက်လည်း အကျိုးရှိလေသည်။
တစ်ဂြိုဟ်လုံးရူးသွပ်ကာ ဗရမ်းဗတာဖြစ်နေချိန်တွင် သူက
ဂြိုဟ်ကြီး ကို ဘုရင်အဖြစ် အုပ်ချုပ်မင်းလုပ်ရန် ဖြစ်လေသည်။ သူက ဘုရင်အဖြစ်
အုပ်ချုပ်ကာ သူ၏တပည့်တပန်း ၁၀ ယောက်က မှူးကြီးမတ်ရာ သေနာ ပတိများအဖြစ်
ဆောင်ရွက်ရန်ဖြစ်ပေ၏။
သူက မဆိုင်းမတွပင် သူသည်
ဂြိုဟ်၏ဘုရင်ဧကရာဇ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်လေသည်။
သူရူးများအလည်တွင် သူ့အားကန့်ကွက်မည့်သူ မရှိပေ။
သူသည် မရည်ရွယ်ဘဲ မင်းဖြစ်ခဲ့ရလေ၏။
+++++++++
သူကား ဘုရင်ဧကရာဇ်တစ်ပါးအဖြစ် အရူးများကို
ကောင်းကောင်း ကြီး ခိုင်းစားခဲ့လေသည်။ အရူးများသည် သူတစ်ယောက်ကောင်းကျိုးအတွက်
အလုပ်များ လုပ်ပေးခဲ့ရသည်။
သူသည် အခွန်အတုပ်များကိုလည်း ကြီးလေးစွာကောက်ခံခဲ့သည်။
သူ၏လုပ်ရပ်များကို ကန့်ကွက်မည့်သူ၊ ဝေဖန်မည့်သူမရှိ၊ သူ၏ မှူးကြီးမတ်ရာ များမှာလည်း
သူပြီးလျှင် ပြီးရသည့် တပည့်များသာဖြစ်လေသည်။
သူသည်နှစ်ပေါင်းများစွာပင် စည်းစိမ်ဥစ္စာအာဏာများထဲ၌
ယစ်မူး နေနိုင်ခဲ့ပေသည်။ သူနှင့် သူ့တပည့်များကား အရူးများ၏လုပ်ကိုင်ကျွေးမွေးမှု
ကြောင့် အဆမတန် ကြွယ်ဝချမ်းသာလာခဲ့သည်။
သူရူးများကား သူတို့ကို ကုပ်သွေးစုပ်
အမြတ်ထုတ်ခံနေရမှန်းလည်း မသိရှာကြပေ။ ပညာမဲ့၊အသိဉာဏ်မဲ့ကာ ပျော်ပျော်ကြီးပင်
သူနှင့်သူ့အဖွဲ့ကို အလုပ်အကျွေးပြုနေကြပေ၏။
ယင်းသို့ဖြင့် သူရူးများချည်းရှိသော ဂြိုဟ်ကြီးကို
သူတစ်ယောက်ထဲ သဘောဖြင့် ထင်သလို မင်းလုပ်အုပ်ချုပ်လာခဲ့သည်မှာ
နှစ်ပေါင်းများစွာပင် ကြာမြင့်လာခဲ့လေ၏။
+++++++++
တစ်နေ့တော့ သူသည် ထိတ်လန့်ချောက်ချားဖွယ်အဖြစ်တစ်ခုကို
ကြိုတင်တွက်ချက် သိရှိလိုက်ရလေသည်။
လူများကိုရူးသွပ်စေခဲ့သည့် မိုးခါးရေမိုးကြီးသည်
နောက်တစ်ဖန် ရွာသွန်းတော့မည့် နိမိတ်ကို တွေ့မြင်လိုက်ရခြင်းဖြစ်လေသည်။
သူ အတော်ထိတ်လန့်သွားလေသည်။
မိုးခါးရေမိုးကြီး၏အာနိသင်မှာ
ယခင်အခါကအတိုင်းဖြစ်လေသည်။ သူသည်ရူးနေသော သူ့တိုင်းသူပြည်သား ဂြိုဟ်သားများ
ပိုရူးသွားပြီး အလုပ် ခိုင်းမရအောင် သွက်သွက်လည်သွားမှာကိုလည်း စိုးရိမ်သည်။
လူကောင်းများ ဖြစ်သော သူ့တပည့်လက်သားများကိုလည်း မိုးရေထဲမှာ ထွက်မှာကို
စိုးရိမ်သည်။
သည်လိုနှင့် သူသည် မိုးရွာမည့်နေ့တွင်
မည်သူမှအပြင်သို့ မထွက် ကြရန် အမိန့်ထုတ်ပြန်လိုက်လေသည်။
ယင်းသို့ဖြင့် ဒုတိယအကြိမ်မိုးခါးရေမိုးကြီး
ရွာသွန်းသည့်နေ့သို့ ရောက်ရှိလာလေသည်။
မိုးကြီးက ပထမအကြိမ်ကထက်ပင် ပို၍သည်းကာ လူတို့၏စိတ်ကို
လည်း ပိုမိုဆွဲဆောင်နေခဲ့လေသည်။ မိုးရေနှင့်အတူ ပါလာသော မွှေးပျံ့သည့် ရနံ့များ၊
တူရိယာဂီတသံများသည် လူအားလုံးကို အပြင်သို့ထွက်ခဲ့ရန် ဆွဲဆောင်နေကြလေသည်။
သူ၏အမိန့်သည် စာရွက်ပေါ်မှစာသားများအဖြစ်သာ
ရှိခဲ့လေသည်။ သူရူးများသည် အမိန့်ကို နာခံရကောင်းမှန်းမသိပါ။ စိတ်အလိုကိုလိုက်၍
ပိတ်လှောင် တားဆီးထားသည့်ကြားမှပင် အိမ်ပြင်ပသို့ ရောက်အောင် ပြေး ထွက်ကုန်ကြသည်။
ပို၍ဆိုးသည်မှာ မှူးကြီးမတ်ရာများဖြစ်သော
သူ့တပည့်များကိုယ်တိုင် သတိတရားနှင့် ထိမ်းချုပ်ထားသည့်ကြားမှ
စိတ်ဆန္ဒကိုမတားဆီးနိုင်ဘဲ မိုးရေ၏ဆွဲဆောင်ရာနောက်သို့ ပါသွားကြခြင်းဖြစ်လေသည်။
သူ တားဆီး သတိပေးနေသည့်ကြားမှပင် သူ့တပည့်များသည်
အတားအဆီးများကို ရိုက်နှက်ချိုးဖျက်ကာ မိုးရေထဲသို့ ပြေးဆင်းသွားကြလေ သတည်း။
သူကိုယ်တိုင်ပင် မနည်းဣနြေ္ဒဆည်ကာ ချုပ်ထိန်းထားခဲ့ရလေ
သည်။ မိုးခါးရေမိုးကြီးထဲတွင် ပျော်ရွှင်စွာ ကခုန်မြူးတူးနေကြသော သူရူး များနှင့်
သူတပည့်များကိုကြည့်ကာ သူလည်း ပါဝင်ပျော်ပါးလိုစိတ်များ ပေါ်လာသောကြောင့် ဖြစ်သည်။
သို့သော် သူသည် ပညာရှိ သိပ္ပံပညာရှင် ကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ သတိဖြင့် ချုပ်ထိန်းနိုင်ခဲ့ပါသည်။
မိုးခါးရေမိုးကြီး တစ်နေ့ပတ်လုံး
ရွာသွန်းပြီးစီးသွားသည့် အခါတွင်ကား သူ မမျှော်လင့်သောဖြစ်ရပ်များ
ဖြစ်ပေါ်လာခဲ့လေသည်။
+++++++++
မိုးခါးရေကြောင့် သူ့တပည့်များ ရူးသွပ်သွားတော့မည်ကို
သူက ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ တကယ်လည်း သူ့တပည့် မှူးကြီးမတ်ရာ များမှာ
မိုးခါးရေကြောင့် သွက်သွက်လည်အောင် ရူးသွပ်သွားခဲ့ကြလေသည်။
သူ မမျှော်မှန်းဘဲ ဖြစ်လာသည့်အရာကား ယခင်က
ရူးသွပ်နေသော သူများသည် မိုးခါးရေကြောင့် ပို၍ရူးသွပ်မသွားဘဲ၊ လူကောင်းပကတိအဖြစ်
ပြန်လည်ရောက်ရှိသွားကြခြင်း ဖြစ်ပါသတည်း။
မိုးခါးရေ၏အာနိသင်က လူကောင်းကိုရူးသွပ်စေပြီး၊
သူရူးများကို လူကောင်းပကတိ ပြန်ဖြစ်စေသော ဓာတ်သဘာဝများ ရှိနေပါကလား။
+++++++++
တပည့်တပန်းများ ရူးသွပ်ကုန်သောကြောင့်
ဘုရင်ဖြစ်နေသောသူ့၌ အားကိုးအားထား မရှိတော့ချေ။
ပို၍ဆိုးသည်ကား ယခင်က ရူးသွပ်နေ၍ သူအုပ်ချုပ်
မင်းလုပ်ပြီး ခိုင်းချင်ရာခိုင်း၍ရခဲ့သော သူရူးများသည် စဉ်းစားဆင်ခြင်တတ်သော အသိ
ပညာများ ပြန်လည်ရရှိလာကြခြင်း ဖြစ်လေသည်။
တိုင်းသူပြည်သားလူထုအများတို့သည်
မှတ်တမ်းမှတ်ရာအဟောင်း များကို ပြန်လည်လှန်လှောကြည့်ရှုကာ သူ၏မတရားသော
တစ်ကိုယ်ကောင်း ဆန်သော လုပ်ရပ်များကို သိရှိသွားကြလေသည်။ သူတို့သည်
နှစ်ပေါင်းများစွာ ကုပ်သွေးစုပ် အမြတ်ထုတ်ခံထားရသူများဖြစ်ကြောင်း သိရှိလာကြသည်။
လူထုသည် ဝိုင်းဖွဲ့စုဝေးကာ သူ၏နန်းတော်ရှိရာသို့
ချီတက်လာ ကြလေသည်။ ဒေါသထွက်နေသောလူအုပ်ကြီးသည် သူ့ကို လက်စားချေ
တုံ့ပြန်တော့မည်ကို သူ သိလိုက်သည်။ လူအမျာကား လက်သီးလက်မောင်း များတန်းကာ
နန်းတော်ရှိရာသို့ စုဝေးချီတက်လာကြလေပြီ။
သူ့တွင် အားကိုးအားထားမရှိတော့။ လူထု၏အင်အားကို သူ တစ်
ယောက်တည်း၏ ပညာဉာဏ်ဖြင့် တုံ့ပြန်လို့လည်း မဖြစ်နိုင်တော့ပေ။
သူသည် သူတီထွင်ထားသောယာဉ်ပျံကိုစီးနင်းကာ
ထိုဂြိုဟ်ပေါ်မှ အမြန်ဆုံး ထွက်ပြေးလာခဲ့ရတော့သည်။
+++++++++
ထိုသူကို ကျွန်တော် သတိထားမိနေသည်မှာ
တစ်လခန့်ရှိပါပြီ။ ညနေတိုင်း ကျွန်တော် လမ်းလျှောက်ထွက်သောကမ်းခြေတွင် သူ
ရောက်နှင့် နေတတ်သည်။
ထိုသူသည် ကျွန်တော်တို့အရပ်မှမဟုတ်သော လူစိမ်းတစ်ဦး
ဖြစ် လေသည်။
သူသည် ကမ်းခြေတစ်နေရာထဲတွင်ရပ်ကာ မိုးပေါ်သို့
မော့ကြည့်နေ တတ်လေသည်။ အခြားနေရာများသို့ မသွား။ သူ့ကိုကြည့်ရသည်မှာ
ကျွန်တော်တို့လို ညနေခင်းလမ်းလျှောက်ရန် ထွက်လာခြင်းမျိုးမဟုတ်ပေ။
ကောင်းကင်သို့မော့ကြည့်ရာ၍လည်း လက်ထဲ၍ သတ္တုပြားလေး
တစ်ချပ် (သတ္တုပြားဟု ကျွန်တော်က ထင်ခြင်းဖြစ်သည်။)ကို ကိုင်ကာ ထိုသတ္တု ပြားလေးကို
ကြားကခံ၍ ကောင်းကင်သို့ ကြည့်နေခြင်းဖြစ်လေ၏။ သူ၏ ထူးခြားသော ထိုအမူအရာကြောင့်
ကျွန်တော်က သူ့ကို သတိထားမိခဲ့ခြင်း ဖြစ်ပါသည်။
အမူအရာသာ ထူးခြားခြင်းမဟုတ်ဘဲ သူ၏အသွင်သဏ္ဍာန်ကလည်း
အများထက် ထူးခြားနေပါသည်။ သူ၏မျက်လုံးများသည် အပြင်သို့ သိသိ သာသာ ပြူးထွက်နေကာ
ဝင်းဝင်းလက်နေခြင်းဖြစ်သည်။ သူ၏နားရွက်များ ကလည်း သိသိသာသာ ကား၍နေသည်။
သူကတော့ နေ့စဉ်လိုပင် ကျွန်တော့်ထက်စောစွာ ကမ်းခြေသို့
ရောက်ရှိနေတတ်ကာ သတ္တုပြားလိုအရာလေးကို ကြားကခံပြီး ကောင်းကင် သို့
မော့ကြည့်နေမြဲပင် ဖြစ်လေသည်။
တစ်နေ့တွင် မိုးလေးတဖွဲဖွဲကျလာရာ ကျွန်တော်က
သူရှိနေသည့် သစ်ပင်အောက်တွင် မိုးဝင်ခိုရင်း စကားပြောကာ သူနှင့်ရောလိုက်သည်။
‘မိုးက အချိန်မဟုတ်ဘဲ ရွာလာတာ၊ အတော်သည်းမယ့်ပုံပဲ။
ထီးလည်း ယူမလာမိဘူး။ ခင်ဗျားမှာရော ထီးပါရဲ့လားဗျ’
သူသည် ကျွန်တော့်အား လှည့်၍စိုက်ကြည့်လိုက်ရာ
ပြူးထွက်နေ သော သူ့မျက်လုံးများ၏ စူးဝါးသောဒဏ်ကြောင့် ကြက်သီးပင်ထသွားရလေ သည်။
‘ထီးမပါဘူး။ မိုးရွာမှာတော့ ကျုပ်သိတယ်ဗျ။
ဒီမိုးလောက်က မှုစရာမဟုတ်လို့ ထီးယူမလာတာ။ ခင်ဗျားတို့ကမ္ဘာမှာ ရွာတဲ့မိုးက မပြောပ
လောက်ပါဘူး။ လူကို အန္တရာယ်မဖြစ်စေပါဘူးဗျာ’
‘ဗျာ ...’
သူ့စကားမှာ ဆန်းပြားနေ၍ ကျွန်တော်က အံ့အားသင့်သွားလေ
သည်။
‘ကျွန်တော်တို့ကမ္ဘာ၊ ဟုတ်လား။ ခင်ဗျားကတော့ ဒီကမ္ဘာပေါ်က
လူသား မဟုတ်တာကျနေတာပဲဗျာ’
ကျွန်တော်က သူ့ကို ခပ်ကြောင်ကြောင်လူတစ်ယောက်ဟုပင်
မှတ် ယူလိုက်လေသည်။ သို့သော် သူပြန်ပြောလိုက်သောစကားက ကျွန်တော့်ကို
ကြောင်သွားစေပါသည်။
‘ဟုတ်တယ်။ ကျုပ်က ဒီကမ္ဘာသားမဟုတ်ဘူး၊ လူလည်းမဟုတ်ဘူး။
ကျုပ်က တခြားကမ္ဘာကဂြိုဟ်သား’
ကျွန်တော် သူ့ကိုဝင်ရောမိတာ မှားပေပြီ။ သူသည် အရူး တစ်
ယောက်ပါတကား။ သွက်သွက်လည်အောင်ရူးမနေတောင် ယဉ်ယဉ်လေးနှင့် ရူးနေသူ ဖြစ်ချေမည်။
‘ခင်ဗျားက ကျုပ်စကားကို မယုံဘူးမဟုတ်လား။ ခင်ဗျား
ကျုပ်ကို အရူးလို့ ထင်နေတာ ကျုပ်သိတယ်’
‘အာ ...မဟုတ်ပါဘူး’
ကျွန်တော်က အားနားစွာဖြင့် ငြင်းလိုက်သည်။
‘ကျုပ်ကို အရူးထင်လည်း ကျုပ် စိတ်မဆိုးပါဘူး။
ခင်ဗျားတို့ကမ္ဘာ သားတွေက ကျုပ်တို့ဂြိုဟ်ထက် အများကြီးအဆင့်နိမ့်တာပဲ။ ကျုပ်
ခွင့်လွှတ် ပါတယ်’
‘ဘာဗျ’
‘ခင်ဗျား ဒေါသထွက်သွားပြန်ပြီမဟုတ်လား။ ဆောရီးဗျာ၊
ကျုပ် ကလည်း ကမ္ဘာသားတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့ကြားက တစ်ခါတစ်ခါ
အမှန်အတိုင်းပြောမိတယ်။ စိတ်မဆိုးပါနဲ့နော်’
‘ထားပါတော့၊ ခင်ဗျားက ဂြိုဟ်သားဆိုတော့ ဘယ်ဂြိုလ်ကလဲ။
ဒီမှာဘာလာလုပ်နေတာလဲ’
‘ကျုပ်ဂြိုဟ်နာမည်ကို ပြောပြလည်း ခင်ဗျား
အသံထွက်တတ်မှာ မဟုတ်ဘူး။ ကျုပ်တို့ဂြိုဟ်က ဒီကနေတွက်ရင် ခင်ဗျားတို့စကေးနဲ့ဆိုရင်
ကီလိုမီတာသန်းချီဝေးတဲ့နေရာမှာ ရှိတယ်ဗျ’
‘ထားပါတော့လေ၊ ခင်ဗျား ဒီကိုရောက်အောင် ဘယ်လိုလာလဲ။
ဘာလာလုပ်တာလဲ ပြောပါဦး’
မိုးကလည်း ခပ်ဖွဲဖွဲဆက်ရွာနေ၍ ကျွန်တော်က မထူးတော့သည့်
အတူတူ သူနှင့် စကားဆက်ပြောနေလိုက်သည်။
‘အမှန်အတိုင်းပြောရရင်တော့ ကျုပ် ထွက်ပြေးလာတာပဲဗျ။ ကျုပ်
ဟာ ကျုပ်တို့ဂြိုဟ်ပေါ်မှာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်။ ပညာရှိ တစ်
ယောက်လည်းဖြစ်တယ်။ ပြီးတော့ ဂြိုဟ်တစ်ခုလုံးကိုအုပ်ချုပ်ရတဲ့ ဘုရင်လည်း
ဖြစ်ခဲ့သေးတယ်’
သူ ဆက်ပြောပြသောအကြောင်းများမှာ အထက်တွင်ရေးသား
ဖော်ပြခဲ့သော အကြောင်းများပင်ဖြစ်ပါသည်။
ယုံသည်မယုံသည်အပထား၍ ကျွန်တော်က သူ့စကားပေါ်မှာ ဆက်
နင်းကာ သူနှင့် စကားလက်ဆုံကျရင်း သူ့ကိုအကဲခတ်နေလိုက်သည်။
‘ကျွန်တော်ကြားဖူးတာတော့ ဂြိုဟ်သားဆိုတာ သေးသေးညှက်
ညှက် ပုပုလေးတွေလို့ ကြားဖူးတာ။ ခင်ဗျားကတော့ ကျုပ်တို့လူသားတွေ အတိုင်းပါလား’
‘စကြာဝဠာထဲမှာ သက်ရှိတွေနေတဲ့ ဂြိုလ်ပေါင်းများစွာရှိတယ်။
ပုံစံတွေကလည်း မျိုးစုံရှိတယ်။ ကံအားလျော်စွာ ကျုပ်တို့ဂြိုဟ်သားတွေဟာ
ခင်ဗျားတို့ကမ္ဘာသားတွေနဲ့ အသွင်အပြင်အလုံးအရပ်ကအစ တူနေကြတယ်။ ကျုပ်
နေဖို့ထိုင်ဖို့အဆင်ပြေအောင်၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်
ခင်ဗျားတို့ကမ္ဘာကိုရွေးပြီး ထွက်ပြေးလာခဲ့တာပဲဗျ။ ပြီးတော့ ကမ္ဘာသားတွေရဲ့
နေပုံထိုင်ပုံတွေးခေါ်ပုံနဲ့ ဘာသာစကားတွေဟာ သင်ယူရတာ လွယ်လွန်းလို့ ကမ္ဘာမြေကို
ရွေးချယ်လိုက်ရတာပဲ။ ဒါပေမဲ့ အားလုံးချွတ်စွပ် မတူပါဘူးလေ။ ခင်ဗျား
မကြည့်တတ်လို့ပါ။ ကျုပ်မှာ ခင်ဗျားတို့နဲ့မတူတဲ့ အချက်တွေ အများကြီးရှိပါတယ်’
‘ထားပါတော့လေ၊ ဒါနဲ့ ခင်ဗျား
မိုးပေါ်ကိုမော့မော့ပြီးကြည့်နေတာ ဘာကြည့်တာလဲ။ ခင်ဗျားလက်ထဲက သတ္တုပြားလေးကကော
ဘာလဲ’
သူကရယ်လိုက်လေသည်။ သတ္တုပြားလေးကို ကျွန်တော့်အား
ထောင်ပြကာ ...
‘ဒါကိုသတ္တုပြားလို့ ခင်ဗျားကထင်နေတာကိုး။ တကယ်တော့
ဒါဟာ ခင်ဗျားတို့ကမ္ဘာပေါ်က သတ္တုမဟုတ်ဘူးဗျ။ ကျုပ်တို့ဂြိုဟ်က ဓာတ်စင်တွေကို
ရောမွှေပြီး ကျုပ်တီထွင်ထားတဲ့ မှန်ပြောင်းပါ’
‘ဘာ ...မှန်ပြောင်း။ မှန်လည်း မပါပါလား။
အချပ်လိုက်ကြီးပဲ’
‘ခင်ဗျားတို့အခေါ်အဝေါ်အတိုင်း ခင်ဗျား နားလည်လွယ်အောင်
မှန်ပြောင်းလို့ ပြောလိုက်တာပါ။ ကျုပ်တို့ဂြိုဟ်ပေါ်အထိ လှမ်းမြင်နိုင်အောင် အထောက်အကူပြုတဲ့
ပစ္စည်းလေးပေါ့ဗျာ’
‘အဲဒါလေး ကြားကခံကြည့်ရင် ခင်ဗျားတို့ဂြိုဟ်ပေါ်ကို
မြင်ရတယ် ပေါ့။ ဟုတ်လား၊ ကျွန်တော် ကြည့်ပါရစေဗျာ’
‘ခင်ဗျားတို့ လူသားမျက်လုံးနဲ့ကြည့်လို့
ဘာမှအကျိုးမထူးဘူး။ မြင်ရမှာလည်း မဟုတ်ဘူး။ ကျုပ်ပြောခဲ့ပါပကော၊ ကျုပ်ဟာ
ကမ္ဘာသားတွေနဲ့ အသွင်အပြင်တူပေမဲ့ ကွဲပြားတဲ့အချက်တွေ ရှိပါသေးတယ်လို့’
‘ဒါက ခင်ဗျားအပြောကိုးဗျ။ ရှိပါစေတော့လေ။ ဒါဆို
ခင်ဗျားက အဲဒီမှန်ပြောင်းလိုဟာလေးနဲ့ ဘာလို့နေ့ရှိသ၍ ခင်ဗျားတို့ဂြိုဟ်ပေါ်ကို
လှမ်းကြည့်နေရတာလဲဗျာ’
‘ရာသီဥတုအခြေအနေကို ထောက်လှမ်းနေတာလေ။ ကျုပ်တို့
ဂြိုဟ်ပေါ်မှာ မိုးရွာမရွာကို ဒီကနေ လှမ်းပြီးတွက်ချက်နေတာ’
‘ဟိုက ရာသီဥတုအခြေအနေကိုသိရတော့ ဘာထူးခြားမှာမို့လဲ’
‘မိုက်လိုက်တာ။ ကျုပ်ပြောခဲ့တယ်လေ၊ မိုးခါးရေမိုးကြီး
ပထမ အကြိမ်ရွာခဲ့လို့ ကျုပ် ဘုရင်ဖြစ်ခဲ့တယ်။ ဒုတိယအကြိမ်ရွာတော့ ကျုပ်
ထွက်ပြေးခဲ့ရတယ်။ တတိယအကြိမ် ဘယ်တော့ရွာမလဲဆိုတာ ကျုပ်
ထောက်လှမ်းတွက်ချက်နေရတာပေါ့’
‘တတိယအကြိမ်ရွာတော့ ဘာဖြစ်မှာမို့လဲ’
‘မိုက်ပါဘိ၊ စဉ်းစားဉာဏ်နည်းလိုက်တာ၊ တတိယအကြိမ်ရွာရင်
အခုလူကောင်းတွေဟာ ပြန်ရူးသွားကြမယ်လေ။ ရူးနေတဲ့ ကျုပ်တပည့်တွေက
လူကောင်းပြန်ဖြစ်လာကြလိမ့်မယ်။ တတိယအကြိမ်မြောက် မိုးခါးရေမိုးကြီး ရွာတာနဲ့
ကျုပ်ဂြိုဟ်ကို ကျုပ်ပြန်ပြီး ဘုရင်လုပ်မှာပေါ့ဗျ။ ဟဲ ...ဟဲ’
ဆောင်းလုလင်
No comments:
Post a Comment