ဆောင်းလုလင်
မိုးခါးရေ
အဖြစ်အပျက်မှာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်မှ အဖြစ်အပျက်မဟုတ်ပါ။
အခြားဂြိုဟ်တစ်ခုမှ ဖြစ်ရပ်သာဖြစ်ပါသည်။
သူသည် ထိုဂြိုလ်ပေါ်မှလူသားတစ်ဦးဖြစ်သည်။
သူသည် သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ သူတို့ ဂြိုဟ်ပေါ်တွင်
သူသည် အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လေသည်။
သူသည် မိုးလေ၀သအခြေအနေများကိုလည်း ခန့်မှန်းတတ်လေသည်။ ထိုသို့
မိုးလေ၀သကိုခန့်မှန်းတတ်ခဲ့၍လည်း ထိုဂြိုဟ်ကြီးတစ်ခုလုံးကို အုပ်ချုပ်ရသည့် ဘုရင်ဘ၀သို့
ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
တစ်ခါတွင် သူ၏ကြိုတင်တွက်ချက်မှုအရ ဂြိုဟ်ပေါ်၌ မိုးခါးရေရွာ
သွန်းမည့်အဖြစ်ကို သူ ကြို၍ခန့်မှန်းနိုင်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသည် မှာ ရွာသွန်းမည့်မိုးခါးရေသည်
ခါးသက်သောအရသာ ရှိရုံသာမက ထိုမိုးခါးရေကို သောက်သုံးမိပါက ရူးသွပ်သွားစေနိုင်ခြင်း
ဖြစ်လေသည်။
သူသည် သူ၏ကြိုတင်မှန်းဆတွက်ချက်မှုကို ထိုစဉ်က အုပ်ချုပ်နေ
သော သူတို့ဂြိုဟ်၏အစိုးရအဖွဲ့အား တင်ပြလိုက်လေသည်။ နောက်တစ်ရက် ခြားတွင် ရွာသွန်းမည့်မိုးရေထဲသို့
မည်သူမျှမထွက်ကြရန်၊ မိုးရေကို မသောက် သုံးကြရန် နှိုးဆော်ပေးဖို့ကိုလည်း သူက အစိုးရအဖွဲ့ကို
တိုက်တွန်းခဲ့ပါ၏။
အစိုးရကလည်း ဂြိုဟ်ပေါ်တွင်ထုတ်ဝေသည့် သတင်းစာ၊ စာစောင်
များ၊ တီဗီများမှ ကြိုတင်ကြေညာပေးထားခဲ့ပါသည်။
သို့သော် လူထုသည် သိပ်အရေးမစိုက်ခဲ့ချေ။ မိုးပြိုမှာကို
တွေး ကြောက်မနေသည့် ဂြိုဟ်သားတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။ ကြိုတင် ခန့်မှန်းမှုဆိုတော့လည်း
ဖြစ်ချင်မှဖြစ်လာမှာဟု တွေးကြသည်။ သည်လို အဖြစ်မျိုးလည်း တစ်ခါမှမကြုံဖူး၍ သိပ်ဂရုမထားခဲ့ကြချေ။
အချို့ကဆိုလျှင် ယုံတောင်မယုံ၊ ပြက်ရယ်ပြုသူများပင်ရှိခဲ့ကြ၏။
မည်သို့ဆိုစေ သူ ခန့်မှန်းသည့်အတိုင်း ထိုနေ့ထိုရက်တွင်
မိုးခါးရေ မိုးကြီး ရွာသွန်းခဲ့လေသည်။ သူက သူ့တပည့်များကိုတော့ တင်းကျပ်စွာ တားမြစ်၍
အိမ်ထဲတွင် သော့ခတ်ပိတ်လှောင်ထားသောကြောင့် သူနှင့် သူ၏ တပည့်တပန်းများကတော့ မိုးခါးရေထဲသို့
မထွက်ဖြစ်ကြချေ။