Showing posts with label မဂ္ဂဇင်းဝတ္ထုရှည် - နွေတမာန်. Show all posts
Showing posts with label မဂ္ဂဇင်းဝတ္ထုရှည် - နွေတမာန်. Show all posts

Saturday, 18 August 2012

နွေတမာန် - ကိုကိုလာခေါ်လှည့် (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ကိုကိုလာခေါ်လှည့်

အိမ်ကြီးမှာ ရှေးတိုက်အိုဟောင်းကြီးဖြစ်သည်။ ခြံဝင်းကလည်း ကျယ်သည်။
ညသန်းကောင်အချိန်များတွင် ပတ်ဝန်းကျင်တိတ်ဆိတ်နေချိန်ဖြစ်၍ အိမ်ကြီးအတွင်းမှအသံများက တစ်ချက်တစ်ချက် လမ်းမပေါ်အထိ ပျံ့လွင့်လာတတ်၏။
]]ကိုကိုရေ... လာခေါ်လှည့်ပါ}}
]]ညီမလေးကို လာခေါ်ပါတော့ ကိုကိုရယ် ...}}
]]ကိုကိုလာခေါ်လှည့်...}}
အသံမှာ မိန်းကလေးတစ်ယောက်၏အသံဖြစ်သည်။ ဆွေးဆွေးမြေ့မြေ့ရှိလှသည်။ တစ်ဦးတစ်ယောက်ကို တမ်းတခေါ်ငင်နေမှန်းသိသာသည်။
အကယ်၍သာ... ရှေးတိုက်အိုဟောင်းကြီးသည် မြို့အပြင်ဖက်လို လူသူဝေးလံရာတွင်ရှိပြီး... ညသန်းကောင်အချိန်တွင် အသံများ ထွက်ပေါ်လာပါက... အလွန်တရာစိတ်ခြောက်ချားဖွယ်ကောင်းပေလိမ့်မည်။ မကောင်းဆိုးဝါးများခြောက်လှန့်နေသည်ဟု ထင်မှတ်ကောင်း ထင်မှတ်နိုင်ပေမည်။
သို့ရာတွင်... အိမ်ကြီးသည် မြို့အလည်ကျကျ၌ရှိနေပြီး... အိမ်ထဲမှ ထွက်ပေါ်လာသောအသံမှာ မည်သူ့အသံ၊ မည်သည့်အတွက် ထွက်ပေါ်နေရသည်များကို ပတ်ဝန်းကျင်က သိနေသည်။ တစ်မြို့လုံးနီးပါးကပင် သိနေကြပါသည်။
ထို့အတွက်... စိတ်ခြောက်ချားဖို့ထက် အသံရှင်ကို ဂရုဏာသက်ကြသည်။ အသနားပိုကြသည်။
]]ကိုကိုရေ... လာခေါ်လှည့်ပါ}}
]]ညီမလေးကို လာခေါ်ပါတော့ ကိုကိုရယ်...}}
]]ကိုကိုလာခေါ်လှည့်...}}
မိန်းကလေးတစ်ဦး၏ ကြေကွဲဖွယ်တမ်းတခေါ်ငင်သံများမှာ... ညအချိန်ရောက်တိုင်း အိမ်အိုကြီးဆီမှ ထွက်ပေါ်လာမြဲဖြစ်လေသည်။

နွေတမာန် - ရုန်းမဖယ်သာ (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ရုန်းမဖယ်သာ

]]သား အပြန်မိုးမချုပ်စေနဲ့နော်၊ အရက်တွေကိုလည်း မူးအောင်သောက်မလာနဲ့၊ အပြင်ကဝယ်လာပြီး အိမ်ကျမှအဝသောက်ချင်သောက်}}
ဒေါ်သန်းမြင့်က သူ့သားအောင်ထူး အပြင်ထွက်ခါနီးမှာ နေ့စဉ်မှာနေကျစကားနဲ့ မှာနေတာပါ။ ဒေါ်သန်းမြင့်အတွက် ဒီစကားဟာ နေ့စဉ်ပြောရလို့ အပ်ကြောင်းထပ်နေပြီ။
]]အင်းပါ  ...အမေရာ}}
အောင်ထူးကလည်း နေ့စဉ်ပြန်ပြောနေကျအတိုင်း စိတ်မပါ့တပါလေသံနဲ့ပြန်ပြောရင်းက အိမ်ကထွက်သွားတယ်။
ဒေါ်သန်းမြင့် အောင်ထူးကျောပြင်ကို နောက်ကနေကြည့်ရင်းက ကျန်ခဲ့တယ်။ အောင်ထူးသူ့မြင်ကွင်းထဲကပျောက်သွားတဲ့အထိ ငေးကြည့် နေမိတာပါ။ ဒါလည်း ဒေါ်သန်းမြင့်အတွက် နေ့စဉ်လုပ်မိနေကျအလုပ်တစ်ခုလိုပါပဲ။
အမေတစ်ခုသားတစ်ခုဘ၀မှာ ဒေါ်သန်းမြင့်ဟာ အောင်ထူးအတွက် အမြဲတမ်းစိတ်ပူပန်နေရတယ်။ အောင်ထူးအလုပ်ကလည်း ကားမောင်းတဲ့ အလုပ်ဆိုတော့ စိတ်မြန်လက်မြန်ရှိတတ်တဲ့သူ့သားအကျင့်ကိုသိထားလို့ ဒေါ်သန်းမြင့်ပူပန်မယ်ဆိုလည်း ပူပန်စရာပါ။ တစ်နေ့တစ်နေ့ ဒေါ်သန်းမြင့် မှာ အောင်ထူးမောင်းတဲ့ကား ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းရတာအမော။

Thursday, 16 August 2012

နွေတမာန် - ယာယီတစ္ဆေ (မဂ္ဂဇင်းဝတ္ထုရှည်)


နွေတမာန်
ယာယီတစ္ဆေ

ကျွန်တော်သည် နှစ်ရှည်လများ အရက်သောက်သုံးမှုဒဏ်ကြောင့် ရောဂါဘယမျိုးစုံဖြင့် သေလွန်ရပေတော့မည်။ ကျွန်တော့်ဘ၀ ၏နောက်ဆုံးအချိန်မှာ အလွန်ပင်နီးကပ်နေပြီဟုထင်မိပါသည်။
ဆေးရုံပေါ်သို့ရောက်နေသည်ဆိုသည်ကို တစ်ချက်တစ်ချက် သတိရလိုက်သော်လည်း အချိန်ကာလတော်တော်များများမှာ သတိလစ် မေ့မျောနေလေသည်။
တစ်ချက်တစ်ချက် ခဏတာမျှ သတိရလိုက်ချိန်တွင် ကုတင်နဘေး၌ စိတ်သောကရောက်စွာ ကျွန်တော့်မျက်နှာကိုထိုင်ကြည့်နေရှာသည့် မိခင်အိုကြီးကိုလည်းကောင်း၊ အားကိုးရာမဲ့စွာငိုရှိုက်နေသောဇနီးသည်ကိုလည်းကောင်း၊ မျက်စိသူငယ်နားသူငယ်ဖြင့် ရပ်ကြည့်နေရှာသော လူမမယ် သားနှင့်သမီးလေးကိုလည်းကောင်း မြင်လိုက်ရလေသည်။
ထိုအခါများ၌ ကျွန်တော်သည် … ငါသေလျှင် အမေလည်း စိတ်သောကရောက်ကျန်ရစ်တော့မည်။ ငါ့မိန်းမလည်း အားကိုးရာ မဲ့တော့မည်။ သားသမီးလေးများလည်း မျက်နှာငယ်ကျန်ရစ်ရှာတော့မည်ဟု တွေးမိပြီး နောင်တကြီးစွာရမိပေတော့၏။
သို့သော်… …  နောင်တက နောင်တသာဖြစ်၍ အရက်ကြောင့်  ကျွမ်းနှင့်ပြီးသောဝေဒနာများကို ယခုအချိန်ကျမှ တားမြစ်ထားလို့ မဖြစ်နိုင်တော့ပေ။
မိခင်ကြီးက ကုတင်ဘေးတွင်ထိုင်ရင်း ပုတီးမပြတ်စိတ်ကာ စိတ်ပုတီးဖြင့် ကျွန်တော့်ကို ခေါင်းမှရင်ပတ်အထိ သပ်သပ်ပေးနေသည်ကို မြင်ရသည့်အခါ မိခင်ကြီး၏သောကနှင့်မေတ္တာကို ခံယူမိပြန်သည်။ သည်ဘ၀မှာဖြင့် ကျွန်တော်သည် မိဘကျေးဇူးကိုပြန်ဆပ်နိုင်တော့မည် မဟုတ်ပေ။
အမေသည် ကျွန်တော်တို့မောင်နှမများကို မုဆိုးမဘ၀ဖြင့် လုပ်ကိုင်ကျွေးမွေးကာ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကြံဆောင် နိုင်ခဲ့ပေသည်။ အမေက ကျွန်တော့်အပေါ်တာဝန်ကျေသလောက် ကျွန်တော်က ကျွန်တော့်သားသမီးများအပေါ် တာဝန်ကျေနိုင် တော့မည်မဟုတ်ပါ။
]]သားရယ် မင်းအဖေသေရတာလည်း အရက်ကြောင့်၊ အရက်ကြောင့် မင်းအဖေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့သေရရှာတယ်၊ ဘုရားမကြိုက်တဲ့အလုပ်ကို ရှောင်ပါသားရယ်}}
အမေ မကြာခဏဆုံးမခဲ့သောစကားများဖြစ်ပါသည်။

နွေတမာန် - မုဆိုးလား သားကောင်လား (မဂ္ဂဇင်းဝတ္ထုရှည်)


နွေ တ မာ န်
မုဆိုးလား သားကောင်လား

လောကမှာ လူရယ်လို့ဖြစ်လာရင် တစ်ခါတစ်ရံ မုဆိုးဖြစ်မည်။ တစ်ခါတစ်ရံတော့ သားကောင်ဖြစ်ပေမည်။ မုဆိုးနေရာမှာ နေရသည်ဖြစ်စေ၊ သားကောင် နေရာမှာနေရသည်ဖြစ်စေ... လောကဓံကို ခံနိုင်ရည်ရှိဖို့တော့ လိုအပ်သည်ဟု မိသိန်းအေးက ထင်ပါသည်။
မိသိန်းအေးလို ကွမ်းယာသည်မလေးတစ်ယောက်က တရားသဘောတွေကို လောကကြီးနှင့်ချီပြီး ပြောနေတော့ ကြီးကျယ်ရန်ကောဟု ထင်ကြပေလိမ့်မည်။ တကယ်တော့ မိသိန်းအေးကိုယ်တိုင်ပင် လောက ဇာတ်ခုံ၌ မုဆိုးနေရာ၌ ကပြနေ သလား... သားကောင် နေရာမှာကပြနေသလား မသေချာပါ။
သေချာတာကတော့ ဘယ်သူမဆို တစ်ခါတစ်ရံ မုဆိုးနေရာရောက်၍ တစ်ခါတစ်ရံမှာ သားကောင်နေရာ ၌ နေရခြင်းပင်ဖြစ်သည်။ အရေးကြီးတာက မုဆိုးနေရာမှာ များများနေရာယူနိုင်ဖို့ပဲဖြစ်ပါ၏။
မိသိန်းအေးသည် အမြဲတစေမုဆိုးဖြစ်ရန် ကြံဆောင်နေသော မိန်းကလေးတစ်ဦးဖြစ်ပေ၏။
သို့သော် ...
 x x x x x x x

ထိုအစ်မကို သူ့အတွက်သားကောင်တစ်ကောင်ဖြစ်လာမည်ဟု တွေ့စက မိသိန်းအေး မထင်ခဲ့မိချေ။ သာမန်တွေ့ရိုးတွေ့ စဉ်တွေ့ပြီး သူ့ခရီးသူဆက်သွားမည့် ခရီးသည်တစ်ဦးလို့ပင် မိသိန်းအေးက ထင်ခဲ့လေသည်။
ထိုအစ်မ မိသိန်းအေးရှေ့မှောက်ကိုရောက်လာပုံကတော့ နည်းနည်းထူးခြားနေပေသည်။ မိသိန်းအေး ကွမ်းယာရောင်းနေ သည့်ကူးတို့ဆိပ်ကို ထိုအစ်မရောက်လာပုံမှာ မိသိန်းအေးဆီက ကွမ်းဝယ်စားနေကျ ကောင်လေးက ဆိုင်ကယ်ဖြင့်တင်ခေါ် လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သမားရိုးကျ အနေဖြင့်တော့ ကူးတို့ဆိပ်ကို လူတွေရောက်လာပုံမှာ... ဆိုက်ကားနှင့်သော် လည်းကောင်း၊ မြင်းလှည်းနှင့်သော်လည်းကောင်းရောက်လာကြ၊ မိမိစီးနင်းမည့်မော်တော် (သို့မဟုတ်)စက်လှေ ဆိုက်ရောက်လာ လျှင် ကိုယ်သွားမည့်ခရီးကို ဆက်သွားကြနှင့် လည်ပတ်နေကြသည်ပင်။
သွားနေလာနေကျလူတွေကိုတော့ မိသိန်းအေး မှတ်မိနေသည်။ သိနေသည်။ မျက်မှန်းတန်း မိ၍သိနေပုံမျိုးသာဖြစ် ပါသည်။ ကိုယ့်ဆီက ကွမ်းဝယ်စားနေကျ ဖောက်သည်မျိုးကျတော့ တစ်ချို့ကိုနာမည် သိသည်။ တစ်ချို့လည်း မသိ။
ထိုအစ်မကိုလည်း ယခင်က တစ်ကြိမ်မှမမြင်ဖူးခဲ့ချေ။
ဒီနေ့မနက် မောင်သက်တင်ရောက်အလာတွင် မောင်သက်တင်၏ မော်တော်ဆိုင်ကယ်နောက်မှာ ထိုအစ်မ ပါလာခဲ့ခြင်းဖြစ်သည်။
မောင်သက်တင်က မိသိန်းအေးဆိုင်နှင့် ခပ်လှမ်းလှမ်းရှိ ဘီယာဆိုင်မှာ အလုပ်လုပ်သည့်လူငယ်တစ်ယောက်ဖြစ်သည်။ ဘာအဆင့်လည်း တော့ မိသိန်းအေးလည်းမသိ။ မနက်ကိုးနာရီလောက်လာပြီး ညဆိုလျှင် ဆယ်နာရီ ဆယ့်တစ်နာရီ မှ ပြန်ရသည်ဟုဆိုသည်။ မနက်အလာမှာ မိသိန်းအေးဆိုင်က ကွမ်းတစ်ရာဖိုးဝင်ထုတ်နေကျမို့ သူလာချိန်ကို သိနေသော်လည်း... မိသိန်းအေးက ညနေ၅နာရီဆိုလျှင် ဆိုင်ပိတ်သည်မို့ သူပြန်ချိန်ကိုတော့ အသေအချာမသိပေ။
ဒီနေ့ မောင်သက်တင်အလာတွင် သူ့ဆိုင်ကယ်နောက်မှာ ထိုအစ်မ ပါလာခြင်းဖြစ်၏။
ထုံးစံအတိုင်း... အသင့်ထုတ်ပေးထားသည့် ကွမ်းထုတ်ကလေးကို မိသိန်းအေးကမ်းပေးသည်ကို မောင်သက်တင်က လှမ်းမယူသေး။ ဆိုင်ကယ်ပေါ်မှဆင်းကာ ဆိုင်ကယ်ခွကြားမှာ ညှပ်လာသည့် ထိုအစ်မ ၏သေတ္တာလေးကိုဖြုတ်သည်။ ထိုအစ်မ ကိုညောင်ပင်အောက်က ခုံပေါ်ထိလိုက်ပို့သည်။
]]ကူးတို့တွေက ခဏနေရင် လာမှာအစ်မ၊ ဒီကသာ ထိုင်စောင့်နေ}}
မောင်သက်တင်ပြောလိုက်သည့်အသံကိုလည်း ကြားလိုက်သည်။
မိသိန်းအေးကွမ်းယာဆိုင်လေးက ဧရာဝတီမြစ်ကို ကျောခိုင်းထားသည်။
မိသိန်းအေးဆိုင် နောက်ကျောတည့်တည့်တွင် တစ်ဖက်ကမ်းရှိ ရွာများနှင့်မြို့ကိုသွားသော ကူးတို့ဆိပ်ရှိသည်။ ကူးတို့ဆိပ်၌ အချိန်ပြည့် မော်တော်များ၊ စက်လှေများ ဝင်ထွက်လျှက်ရှိသည်။ ခရီးသည်များလည်း ဥဒဟိုသွားလာလျှက်ရှိလေ သည်။

Monday, 13 August 2012

နွေတမာန် - အလောင်းအမြွာ - မဂ္ဂဇင်းဝတ္ထုရှည်

နွေတမာန်
အလောင်းအမြွာ

၁၉၉၈ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသရှိ မြို့ကြီးတစ်မြို့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ဆန်း တစ်ခုဖြစ်ပါသည်။
+ + + + +
ဦးကျော်စွာသန်းသည် မြစ်ဝကျွန်းပေါ်ဒေသကို အကြိမ်ကြိမ်ရောက်ဖူးသော်လည်း ယနေ့သွားရောက်မည့် ကျွန်းကလေး ကိုမူ တစ်ကြိမ်တစ်ခါ မျှမရောက်ဖူးသေးပေ။
ဦးကျော်စွာသန်းသည် ယခင်က အစိုးရဌာနကြီးတစ်ခုတွင် အရာရှိကြီးတစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ အသက်၅၀အရွယ်တွင် နှစ်ပြည့်ပင်စင်ယူခဲ့သည်။ ပင်စင်ယူပြီးမှ ပုဂ္ဂလိကကုမ္ပဏီကြီးတစ်ခုမှ ခေါ်ယူသောကြောင့် ထိုကုမ္ပဏီတွင် ထိပ်ပိုင်းအရာရှိတစ်ယောက် အဖြစ် ထပ်မံလုပ်ကိုင်နေခြင်းဖြစ်သည်။
ကုမ္ပဏီမှာ ပင်လယ်ထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့တင်ပို့ရောင်းချသောကုမ္ပဏီဖြစ်ပါသည်။ ယခုခရီးထွက်   လာခြင်းမှာ ပင်လယ်ဝမှ ကျွန်းတစ်ခုပေါ်တွင်တည်ရှိသော မိမိတို့ကုမ္ပဏီပိုင် စက်ရုံကို စစ်ဆေးရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ ဦးကျော်စွာသန်းသွားရောက်မည့်ကျွန်းပေါ်ရှိရွာ ကလေးအမည်မှာ ကမ်းညိုရွာ  ...ဟု ခေါ်ပါသည်။
ကျွန်းကလေးပေါ်မှ ကမ်းညိုရွာသို့  ...ယနေ့နေ့လည်တွင် ကုမ္ပဏီမှစီစဉ်ထားသော အထူးရေယာဉ်ဖြင့် သွားရောက်ရ မည်ဖြစ်သည်။
ဦးကျော်စွာသန်းသည် မနေ့က ရန်ကုန်မှထွက်လာခဲ့ပြီး ဤမြို့ရှိ ဟိုတယ်ကြီး တစ်ခုတွင် တည်းခိုနေခဲ့သည်။ 
ဦးကျော်စွာသန်းသည် ကျွန်းကလေးသို့ထွက်ခွာမည့်သင်္ဘောထွက်ရန် အချိန်လိုနေသေးသဖြင့်  ...ကမ်းနားဖက် သို့ လေညင်းခံထွက်ရန်  နေ့လည်စာစားသောက်အပြီးတွင် ဟိုတယ်မှ တစ်ယောက်တည်းလမ်းလျှောက်၍ ထွက်လာခဲ့လေသည်။
ဟိုတယ်မှာ မြစ်ကမ်းစပ်နှင့်မဝေးလှသောကြောင့် မကြာမီပင် မြစ်ကမ်းနားသို့ ရောက်သွားလေသည်။ ဦးကျော်စွာသန်းက ကမ်းစပ်မှနေ၍ မြစ်ထဲမှရှုခင်းများကို ငေးမော ကြည့်နေမိသည်။ ဆိပ်ကမ်းတွင် သင်္ဘောများရော စက်လှေများပါ ဆိုက်ကပ်ထား၏။ ကျွန်းသို့ခရီးထွက်လျှင် ဤဆိပ်ကမ်းမှပင် မိမိတို့သင်္ဘောထွက်ခွာရမည်ကို ဦးကျော်စွာသန်း သိထားပါသည်။
ဦးကျော်စွာသန်းမြစ်ထဲကိုငေးနေစဉ် တစ်ဖက်မှလျှောက်လာသော လူတစ်ယောက်က ဦးကျော်စွာသန်းကိုမြင်သွားသည်။
ထိုသူက  ...ဦးကျော်စွာသန်းကိုအံ့ဩစွာကြည့်ကာ အားရပါးရ နှုတ်ဆက်လိုက်လေသည်။
]]ဟကောင်ကြီး  ...ဘာလုပ်နေတာတုံး၊ မင်းဘယ်တုံးက ရောက်သလဲ၊ အောင်မယ်  ...ကြည့်စမ်း၊ မင်းက တိုက်ပုံနဲ့ဘာနဲ့၊ ဒီလို ဆိုတော့လည်း  ...မြို့ကြီးသားလိုလို ဘာလိုလို  ...အဲ  ...}}
ဦးကျော်စွာသန်းကိုခေါ်ပြောနှုတ်ဆက်နေသူသည် ဦးကျော်စွာသန်းက သူ့ကို တအံ့ တဩနှင့် ပြန်ကြည့်နေသည် ကိုမြင်လိုက်သည့်အခါ စကား တစ်ဝက်တစ်ပျက်နှင့်ရပ်သွားလေ၏။ ထိုသူ့မျက်နှာတွင် ဇဝေဇဝါအရိပ်အယောင်များ ထင်ဟပ် သွားလေသည်။
မိမိနှုတ်ဆက်နေသူသည် မိမိသိကျွမ်းသူ အမှန်တကယ်မှဟုတ်ပါရဲ့လားဟု ဇဝေဇဝါဖြစ် သွားပုံမျိုးဖြစ်၏။ ဖြစ် လည်းဖြစ်လောက်ပါပေသည်။ အမှန်တကယ်လည်း ဦးကျော်စွာသန်းသည် သူ့အသိအကျွမ်းမဟုတ်ပေ။
]]မိတ်ဆွေလူမှားနေပြီထင်တယ်၊ ကျွန်တော်က ရန်ကုန်ကလာတဲ့ ဧည့်သည်ပါဗျာ}}
]]ဟင်  ...ဟုတ်လား၊ တူလွန်းလို့ပါဗျာ၊ ကျုပ်တို့ရွာကလူနဲ့ တကယ်ကို တူတာဗျ၊ စိတ်မဆိုးနဲ့နော် နောင်ကြီး၊ ကျုပ်လူမှားသွားတာပါ}}
လူစိမ်းက သူ့ကိုတောင်းပန်ကာ လူမှားသည့်အတွက် ရှက်သွားဟန်ဖြင့် ခပ်သုတ်သုတ် ထွက်ခွာသွားလေ၏။
ဦးကျော်စွာသန်းက ထိုသူကို ငေး၍ကျန်ခဲ့သည်။ သူ့ကိုလူမှား နှုတ်ဆက်သူသည် တောသူတောင်သားတစ်ဦး အသွင်ဝတ်ဆင်ထားသူဖြစ် ၏။ ခေါင်းပေါင်းကြီးနှင့် ပုဆိုးတိုတိုဝတ်ထားသူဖြစ်သည်။ ဦးကျော်စွာသန်းနှင့်လူမှားခံရသူ သူ့အသိမိတ်ဆွေမှာလည်း သူ့လိုတောသူတောင်သားတစ်ယောက်ပင်ဖြစ်ပုံ ရသည်။ ကျုပ်တို့ရွာကလူနဲ့တူလို့ပါဟု ပြောသွားသည် မဟုတ် ပါလား။
ထိုသူသည် သူ့ကိုအမှန်တကယ်ပင် လူမှားခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်စွာသန်း ယုံကြည်ပါသည်။ တမင်တကာ ပုံမှားရိုက်ခြင်းမဟုတ်နိုင်ပါ။ ထိုသူ့အသွင်သဏ္ဍာန်က ရိုးသားသော တောသားတစ်ဦးဖြစ်မှန်း သိသာနေပါ၏။
ဦးကျော်စွာသန်းသည် မိမိနှင့်အမှားခံရသူသည် မိမိနှင့်ဘယ်လောက်ထိအောင်များ တူနေလို့ပါလိမ့်ဟု စဉ်းစားနေ မိလေတော့သည်။
+ + + + +
ဖိုးမာဒင်သည် မြစ်ကမ်းစပ်တွင်ရပ်နေသောလူကို ရုတ်တရက်အမြင်တွင် ရွာမှ ကိုကြာမောင်ဟု အထင်မှတ်ကာ အားရပါးရနှုတ်ဆက်လိုက် မိသည်။ ပြီးမှ ထိုလူဝတ်စား ဆင်ယင်ထားပုံက သန့်ပြန့်သပ်ရပ်ကာ မြို့ကြီးသားဟန်ပေါက်နေပုံ၊ ပညာတတ်လူတန်းစားဟန်ပေါက်နေပုံတို့ကိုကြည့်ရင်း ကိုကြာမောင်မှ ဟုတ်ပါလေစဟု ချက်ချင်းသံသယ ဝင်သွားခဲ့သည်။ စကားကိုပင်ဆုံးအောင်မပြောမိပဲ ထိုလူကို အကဲခတ်ကြည့် နေမိ၏။
ထိုလူက သူသည် ရန်ကုန်ကလာသောဧည့်သည်ဖြစ်ကြောင်းပြောလိုက်သောအခါ ဖိုးမာဒင်ရှက်သွား မိသည်။ မြို့ကြီးသားတစ်ယောက်ကို လူမှားနှုတ်ဆက်မိသည့်အတွက်လည်း အားနာသွားကာ သူ့ရှေ့မှ အမြန်လစ်ထွက်ခဲ့လေတော့သည်။
ထိုလူမှာ သူတို့ရွာမှကိုကြာမောင်နှင့် အလွန်ပင်တူသောကြောင့် သူမှားမိတာ သူ့အလွန်မဟုတ်ဟုပင် တွေးမိပါသည်။ ထိုလူနှင့်ကိုကြာမောင်မှာ မြို့သားပညာတတ်နှင့်တောနေလက်လုပ်လက်စားအသွင်အပြင်မျိုးသာ ကွာခြားသည်။ ရုပ်ရည် အရပ် အမောင်းတို့မှာ အတူတူပင်ဖြစ်ပါသည်။
ဖိုးမာဒင်က ထိုအကြောင်းကို ရွာရောက်လျှင်ပြောပြရဦးမည်ဟု တေးထားလိုက်သည်။

Monday, 30 July 2012

နွေတမာန် - အပူးနဲ့အခွ (မဂ္ဂဇင်းဝတ္ထုရှည်)

နွေတမာန်
အပူးနဲ့အခွ

မယဉ်ကြည်၏အသုဘ ရက်လည်နေ့တွင် အိမ်နီးချင်းအပျိုကြီး မတင်မွှေးကို မယဉ်ကြည်၏ဝိညာဉ်က ဝင်ပူးသည်။
ဘုန်းကြီးများဆွမ်းစားအပြီး ပြန်ကြွသွားမှ သေသူမယဉ်ကြည်က ဝင်ပူးခြင်းဖြစ်သည်။ အသုဘ ရက်လည်မှာကျွေးသောမုန့်ဟင်းခါးကိုစားနေ ရင်းမှ မတင်မွှေးကိုယ်က တဆတ်ဆတ်တုန်လာသည်။
]]ဟဲ့  ...ဟဲ့  ...ဘာဖြစ်တာလဲ၊ တင်မွှေး  ...တင်မွှေး}}
တစ်ဝိုင်းထဲစားနေသည့်မိန်းမကြီးက မတင်မွှေးကိုယ်ကိုထိန်းရင်း မေးလိုက်သည်။
မတင်မွှေးက တဆတ်ဆတ်တုန်ရင်း မျက်ဖြူကြီးလန်ကာ  ...
]]ကိုငြိမ်းမောင်ကိုခေါ်ပေး  ...ကိုငြိမ်းမောင်ကိုခေါ်ပေး}}
-ဟုပြောလေသည်။
ကိုငြိမ်းမောင်ဆိုသည်မှာ သေသူမယဉ်ကြည်၏ခင်ပွန်းဖြစ်သည်။
မတင်မွှေး၏ထူးခြားသောအမူအရာကြောင့် လူတွေ သူတို့စားပွဲနားရောက်လာသည်။
]]ကိုငြိမ်းမောင်ကိုခေါ်ပေး  ...ကိုငြိမ်းမောင်ကိုခေါ်ပေး}}
မတင်မွေးက တုန်နေရင်းမှ ထိုစကားကိုထပ်ပြောသည်။
ဘယ်သူမှခေါ်ပေးစရာပင်မလို။ အိမ်ကျဉ်းကျဉ်းလေးအတွင်းမှာ အဖြစ်အပျက်ကိုမြင်နေရသည့်အတွက် ကိုငြိမ်းမောင်ရောက်လာသည်။
ကိုငြိမ်းမောင်အနားရောက်လာသည်နှင့်မတင်မွှေးက ကိုငြိမ်းမောင်ကိုကြည့်ကာ  ...
]]ကိုငြိမ်းမောင်  ...ကိုငြိမ်းမောင်  ...ကျွန်မရှင့်ကိုတောင်းပန်ပါတယ် ကိုငြိမ်းမောင်ရယ်}}
]]ဟင်  ...မယဉ်ကြည်၊ မယဉ်ကြည်လား၊ ဟုတ်လား}}
ကိုငြိမ်းမောင်က မေးလိုက်သည်။
]]ဟဲ့  ...နင်ဘယ်သူတုံး၊ နင့်ကို မယဉ်ကြည်လားတဲ့မေးနေ တယ်၊ ဟုတ်ရင်ဟုတ်တယ်ပြော}}
အတွေ့အကြုံရှိဟန်တူသောမိန်းမကြီးတစ်ယောက်က မတင်မွှေး ကိုပြောလိုက်သည်။
]]ဟုတ်  ...ဟုတ်ပါတယ်၊ ကျွန်မ မယဉ်ကြည်ပါ၊ ကိုငြိမ်းမောင် ကို တောင်းပန်ချင်လို့}}
]]အို  ...မင်းကိုတောင်းပန်ချင်လို့တဲ့မောင်ငြိမ်းမောင်}}
]]မယဉ်ကြည်၊ မင်းဘာပြောချင်လို့လဲ၊ ပြောပါ}}
]]ကို  ...ကိုငြိမ်းမောင်ရယ်၊ ကျွန်မ  ...ကျွန်မ ရှင့်ကိုအနိုင်ကျင့် ခဲ့တာ၊ ရှင့်အပေါ် မောက်မာမိုက်ရိုင်းခဲ့ တာတွေအတွက် အခု  ...ခံနေရပါ ပြီရှင့်၊ အဟီး  ...ဟီး  ...ဟီး}}
မယဉ်ကြည်ဝိညာဉ်ဝင်ပူးနေသောမတင်မွှေးက ပြောရင်းငိုလိုက် လေသည်။
]]မယဉ်ကြည်ရယ်}}
]]ကျွန်မလေ  ..ကျွန်မ၊ ဘ၀ကူးမကောင်းဘူးရှင့်၊ ကျွန်မ  ...   ပြိတ္တာဘ၀ရောက်နေတယ်}}
]]ဟင်  ...}}
]]ဟယ်  ...}}
]]ကိုငြိမ်းမောင်၊ ကျွန်မလေ ရှင့်ကို နိုင်စားခဲ့၊ မောက်မာခဲ့တာတွေ အတွက် အခု ခံနေရပြီရှင့်၊ သရဲတစ္ဆေဘ၀မှာ ကျွန်မအတွက်နေစရာမရှိဘူး၊ ဘ၀တူ ပြိတ္တာတွေက ကျွန်မကို လင်ကိုအနိုင်ကျင့်ခဲ့တဲ့မိန်းမ မို့လို့တဲ့၊ နေစရာမပေးကြဘူး၊ အဖက်မလုပ်ကြဘူးရှင့်၊ အဟင့်ဟင့်  ...ဟီး  ...}}
မယဉ်ကြည်ဝင်ပူးနေသူမတင်မွှေးက ပြောရင်းငိုချလိုက်သည်။
]]မယဉ်ကြည်  ...မယဉ်ကြည်၊ ဖြစ်ရလေမယဉ်ကြည်ရယ်}}
ကိုငြိမ်းမောင်က မတင်မွှေးတစ်ဆင့်ပြောပြသော မယဉ်ကြည်အဖြစ်ကိုသိရပြီး စိတ်မကောင်းဖြစ် နေသည်။
မယဉ်ကြည်၏သမီးလည်း အပြေးရောက်လာကာ မတင်မွှေး ပြောတာတွေကိုနားထောင်နေကြ၏။ သမီးဖြစ်သူ စမ်းစမ်းဆင့်က အမေ့ အဖြစ်ကိုသိရပြီး ငိုနေရှာပေသည်။
]]ကိုငြိမ်းမောင်၊ သူဘာဖြစ်ချင်သလဲမေးလေ၊ သူ့ကို ကျွတ်အောင် လွတ်အောင် ဘာလုပ်ပေးရမလဲ မေး}}
ဘေးမှမိန်းမကြီးတစ်ယောက်က သတိပေးလိုက်သည်။
]]ကိုငြိမ်းမောင်ရယ်၊ ကျွန်မကိုခွင့်လွှတ်ပါ၊ ကျွန်မ ရှင့်အပေါ် နိုင်စားခဲ့တာတွေကိုဗွေမယူပါနဲ့ရှင်၊ ကျွန်မ နောင်တရပါပြီ၊ ကျွန်မတောင်းပန် ပါတယ်၊ ပြိတ္တာဘ၀မှာ ကျွန်မမှာ နေစရာလည်းမရှိ၊ စားစရာလည်းမရှိ၊ အဲဒါ လင်ကိုစော်ကားခဲ့မိလို့ ကျွန်မခံနေရတာရှင့်၊ အဟင့်ဟင့်  ...ဟီး}}
]]မယဉ်ကြည်၊ မယဉ်ကြည် ငါ မင်းအတွက်ဘာလုပ်ပေးရမလဲ}}
ကိုငြိမ်းမောင်မေးသည်ကို မယဉ်ကြည်ဝင်ပူးနေသောမတင်မွှေးက မဖြေ။ ငိုမြဲဆက်ငိုနေသည်။
]]အဟင့်  ...အဟင့်  ...ဟီး  ...ဟီး  ...}}
]]မယဉ်ကြည်  ...မယဉ်ကြည်}}
]]အမေ  ...အမေ၊ ကျွန်မစမ်းစမ်းဆင့်လေ၊ အမေဘာဖြစ်ချင် သလဲ၊ ပြောပါ}}
မတင်မွှေးက မေးနေသည်များကိုမဖြေပဲ အားရအောင်ငိုပြီးနောက် ဝါးကနဲသမ်းလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်ပစ်လဲသွားလေသည်။
မတင်မွှေးကို ဝိုင်းပြီးနှာနှပ်ကြ၊ သတိပြန်လည်အောင်ပြုစုကြသည်။