နွေတမာန်
ဥပါဒါန်
သမီးကို
ကျွန်မတို့လက်လွတ်ဆုံးရှုံးရတော့မည်။ သမီး၏ အခြေအနေမှာ
နောက်ဆုံးအခြေအနေသို့ရောက်ခဲ့ပြီ။
ဆရာဝန်ကြီးကိုယ်တိုင်က
မျှော်လင့်ချက်မထားတော့ဖို့၊ တရားနှင့်ဖြေသိမ့်ဖို့ ကျွန်မတို့မိသားစုကို
နှစ်သိမ့်ခဲ့ပြီးပါပြီ။
]တကယ်တော့...
မွေးရာပါနှလုံးရောဂါသည်တစ်ယောက်အတွက် လူ့လောကမှာနေရချိန်ဟာ ၁၈နှစ်ကနေ အနှစ်
၂၀အလွန်ဆုံးပါပဲ၊ သမီးအတွက် ခင်ဗျားတို့တာဝန်ကျေပါတယ်၊ သူ ဘ၀ကူးကောင်းအောင်သာ
ကြိုးစားကြပါတော့ဗျာ}
သမီးရယ်...၊
သမီးသွားတော့မယ်ဆိုတာ အမေကြိုသိထားပေမယ့် တကယ်ကြုံရတော့ အမေခံစားရပါတယ်သမီး။
သမီးကို အမေမခွဲချင်ဘူးကွယ်...‘ဒါပေမယ့် သမီးလေးက အမေတို့ဆီမလာခင်ကတည်းက
၁၈နှစ်ပဲနေခွင့်ပြုဖို့တောင်းဆို ထားတော့ သမီးပြန်ချိန်တန်ပြီပေါ့။
အမေခွင့်မပြုချင်ပေမယ့် ဘာမှမတတ်နိုင်တော့ပါလားသမီးလေး...
ကျွန်မသည်
ကုတင်ထက်တွင် ဖြူဖျော့နွမ်းလျစွာ လဲလျောင်းနေသည့် ဝေဒနာရှင်သမီးကိုကြည့်ရင်း
ကြေကွဲစွာ တွေးလိုက်မိသည်။ ရောဂါဝေဒနာခံစားနေရသော်လည်း သမီးမျက်နှာလေးကတော့
ဖူးညွန့်လန်းစွင့်၍ လှပနေမြဲသာ။ ကျွန်မနှင့်ပထမဆုံးတွေ့ဆုံစဉ်ကအတိုင်း
လှပကျော့ရှင်း လျှက်ရှိလေသည်။ ကျွန်မနှင့်အတူလာနေပါရစေဟု ခွင့်တောင်းစဉ်ကပင်
ကျွန်မသည် သမီး၏အလှအပကို ငေးကြည့်ခဲ့ရသည်။ သမီးဤမျှလှပနေခြင်းမှာ သူလာခဲ့ရာဘ၀၏
အထုံရေစက်မပျယ်သေး လို့ပဲဖြစ်လိမ့်မည်။ သမီးပြန်သွားခဲ့ရင်ကော...
အရင်ဘ၀ဟောင်းကိုပဲ ပြန်ရောက် သွားလေမလား။ ကျွန်မသိချင်မိသည်။
ကျွန်မသည်
ကျွန်မတို့မိသားစုထဲသို့ သမီးရောက်လာပုံကို ပြန်လည်သတိ၇မိကာ
အတွေးထဲနစ်မျောသွားလေသည်။
+
+ + + + + + + +
မောင်နှင့်ကျွန်မ
မင်္ဂလာဆောင်ပြီးမကြာမီ ထွက်ခဲ့သောခရီးမှ စခဲ့သည့်ဇာတ်လမ်း ဖြစ်ပါသည်။
တကယ်တော့...
ထိုခရီးသည် ကျွန်မတို့ကြင်စဦးဇနီးမောင်နှံ၏ ဆွေပြမျိုးပြခရီးပင် ဖြစ်ပါ၏။