Showing posts with label ၀တ္ထုတို - ဆောင်းလုလင်. Show all posts
Showing posts with label ၀တ္ထုတို - ဆောင်းလုလင်. Show all posts

Saturday, 10 August 2013

၈၈၈၈ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ၀တ္ထုတို (မိုးခါးရေ)

၈၈၈၈ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် ၀တ္ထုတို 

မိုးခါးရေ

  ဤ၀တ္ထုကို ၁၉၈၈ခုနှစ် အောက်တိုဘာလတွင် ရေးသားခဲ့ပါသည်။
ပုံနှိပ်စာမူဖြစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း
ထိုစဉ်က အခြေအနေများ(စာပေစီစစ်ရေး)ကြောင့် 
ပရိဿတ်သို့ တင်ပြခွင့်မရခဲ့ပါ။
စာမူကိုပြန်လည်ရှာဖွေတွေ့ရှိပါသဖြင့် 
ရှစ်လေးလုံး ၈၈၈၈ ငွေရတုအထိမ်းအမှတ်အဖြစ်
၁၀-၈-၂၀၁၃နေ့ထုတ် ဓာတ်ပေါင်းစုဂျာနယ် အမှတ်(၁၂)တွင်
အမှတ်တရတင်ဆက်လိုက်ပါသည်။

ဆောင်းလုလင်..၏ မိုးခါးရေ ၀တ္ထုတိုအား အောက်တွင် အစအဆုံးဖတ်ရှုနိုင်ပါသည်။


ဆောင်းလုလင်
မိုးခါးရေ

အဖြစ်အပျက်မှာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်မှ အဖြစ်အပျက်မဟုတ်ပါ။ အခြားဂြိုဟ်တစ်ခုမှ ဖြစ်ရပ်သာဖြစ်ပါသည်။

+++++++++…

သူသည် ထိုဂြိုလ်ပေါ်မှလူသားတစ်ဦးဖြစ်သည်။
သူသည် သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ သူတို့ ဂြိုဟ်ပေါ်တွင် သူသည် အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လေသည်။
သူသည် မိုးလေ၀သအခြေအနေများကိုလည်း ခန့်မှန်းတတ်လေသည်။ ထိုသို့ မိုးလေ၀သကိုခန့်မှန်းတတ်ခဲ့၍လည်း ထိုဂြိုဟ်ကြီးတစ်ခုလုံးကို အုပ်ချုပ်ရသည့် ဘုရင်ဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
တစ်ခါတွင် သူ၏ကြိုတင်တွက်ချက်မှုအရ ဂြိုဟ်ပေါ်၌ မိုးခါးရေရွာ သွန်းမည့်အဖြစ်ကို သူ ကြို၍ခန့်မှန်းနိုင်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသည် မှာ ရွာသွန်းမည့်မိုးခါးရေသည် ခါးသက်သောအရသာ ရှိရုံသာမက ထိုမိုးခါးရေကို သောက်သုံးမိပါက ရူးသွပ်သွားစေနိုင်ခြင်း ဖြစ်လေသည်။
သူသည် သူ၏ကြိုတင်မှန်းဆတွက်ချက်မှုကို ထိုစဉ်က အုပ်ချုပ်နေ သော သူတို့ဂြိုဟ်၏အစိုးရအဖွဲ့အား တင်ပြလိုက်လေသည်။ နောက်တစ်ရက် ခြားတွင် ရွာသွန်းမည့်မိုးရေထဲသို့ မည်သူမျှမထွက်ကြရန်၊ မိုးရေကို မသောက် သုံးကြရန် နှိုးဆော်ပေးဖို့ကိုလည်း သူက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါ၏။
အစိုးရကလည်း ဂြိုဟ်ပေါ်တွင်ထုတ်ဝေသည့် သတင်းစာ၊ စာစောင် များ၊ တီဗီများမှ ကြိုတင်ကြေညာပေးထားခဲ့ပါသည်။
သို့သော် လူထုသည် သိပ်အရေးမစိုက်ခဲ့ချေ။ မိုးပြိုမှာကို တွေး ကြောက်မနေသည့် ဂြိုဟ်သားတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။ ကြိုတင် ခန့်မှန်းမှုဆိုတော့လည်း ဖြစ်ချင်မှဖြစ်လာမှာဟု တွေးကြသည်။ သည်လို အဖြစ်မျိုးလည်း တစ်ခါမှမကြုံဖူး၍ သိပ်ဂရုမထားခဲ့ကြချေ။ အချို့ကဆိုလျှင် ယုံတောင်မယုံ၊ ပြက်ရယ်ပြုသူများပင်ရှိခဲ့ကြ၏။

+++++++++…

Friday, 22 February 2013

ဆောင်းလုလင်- ခေတ်သစ်စုန်းမ (သိပ္ပံဝတ္ထုတို)

ဆောင်းလုလင်

ခေတ်သစ်စုန်းမ

သိပ္ပံဝတ္ထုတို


အပြည်ပြည်ဆိုင်ရာတရားရုံးအထိ တက်လာသော ထူးခြားဆန်းကြယ်လှသည့် အမှုတွဲအတွက် အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့ဥက္ကဌ မစ္စတာဝေါလေ့စ်တစ်ယောက် အကြီးအကျယ် ဦးနှောက် ချောက်နေရလေသည်။ မစ္စတာဝေါလေ့စ် တစ်ဦးတည်းသာမဟုတ်၊ တရားသူကြီးအဖွဲ့ဝင်အားလုံးနှင့် တရားရုံးဝန်ထမ်းများအားလုံးပင် မကြုံစဖူးထူးကဲလှသော ဆန်းကြယ်သည့် အမှုတွဲအတွက် ရင်ခုန် ထိတ်လန့်လျက်ရှိပေသည်။ 
အမှုတွဲကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့်တကွ ကမ္ဘာ့အဆင့် ရှိအဖွဲ့အစည်းများ၊ သမ္မတ၊ ဝန်ကြီးချုပ်ကဲ့သို့သော နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအားလုံးကလည်း စိတ်ဝင်စားလျက်ရှိပေသည်။ အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့အနေဖြင့် ယင်းအမှုတွဲကို မည်သို့အမိန့်ချမှတ်မည်ကိုလည်း ကမ္ဘာ့ လူထုတစ်ရပ်လုံးက မျက်လုံးဒေါက်ထောက် ကြည့်နေကြ၏။ 
အမှုတွဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ရောက်လာရာတွင် လာရိုးလာစဉ်အတိုင်းမဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆင့်မြင့် ပညာသည်များအဖွဲ့မှ တရားခံကို အမျိုးမျိုးစမ်းသပ်စစ်ဆေး ပြီးမှ တရားရုံးသို့ လွှဲအပ်လိုက်ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ မစ္စတာဝေါလေ့စ်အနေဖြင့် တရားခံအား အပြစ်ပေးရာတွင် လက်လွတ်စပယ်ပြုလုပ်၍ရမည်မဟုတ်ပေ။ မိမိ၏အဖွဲ့ဝင်များနှင့် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကာ တရားမျှတ၍ ကမ္ဘာ့လူထုတစ်ခုလုံး လက်ခံနိုင်သော ပြစ်ဒဏ်မျိုးကိုချမှတ်မှသာ သင့်လျော် ပေလိမ့်မည်။ 
ဥက္ကဌမစ္စတာဝေါလေ့စ်ခေါင်းဆောင်သော အပြည်ပြည်ဆိုင်ရာတရားသူကြီးအဖွဲ့သည် အကိုးအ ကားအဖြစ် စီရင်ထုံးများ၊ ကျမ်းကိုးများကို မရရအောင် ရှာဖွေခဲ့ရသည်။ ယခုကြုံတွေ့နေရသော အမှုတွဲမျိုးမှာ နှစ်ပေါင်းငါးရာအတွင်း၌ ပေါ်ပေါက်ဖူးခြင်း မရှိပါ၍ ကျမ်းကိုးပြုစရာ အချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါပေ။ 
ယင်းသို့ဖြင့် အမှုတွဲမှာ မပြတ်ဘဲ သုံးနှစ်ခန့်ကြာသွားရလေသည်။ 
နိုင်ငံပေါင်းစုံ၏ တရားစီရင်မှုသမိုင်းကြောင်းကို နှစ်ပေါင်းတစ်ထောင်အထိ နောက်ကြောင်းပြန် လေ့လာသည့်အခါမှပင် ၁၈ ရာစုမှ ၂၀ ရာစုအတွင်း ပေါ်ပေါက်ခဲ့သော အမှုတွဲအချို့တွင် အလားတူ အမှုမျိုးကို တွေ့ရှိရလေတော့သည်။ 
ထိုခေတ်ဟောင်းကာလများတုံးက ယခုကဲ့သို့သောတရားခံမျိုးအား အများလူထုရှေ့မှောက်တွင် မီးရှို့သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးကို မြေတွင်မြှုပ်ကာ ဦးခေါင်းတစ်ခုသာဖော်ထားလျက် လူ အများက သေသည်အထိ ဦးခေါင်းအား ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခြင်း စသည်ဖြင့် အပြစ်ပေးခဲ့ ကြောင်းကို တွေ့ရလေသည်။ 
ထိုအပြစ်ပေးနည်းများမှာ အနောက်နိုင်ငံများမှ အပြစ်ပေးနည်းများဖြစ်ပြီး အရှေ့တိုင်းနိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံ၌မူ ညင်သာပျော့ပျောင်းသောနည်းဖြင့်သာ အပြစ်ပေးခဲ့ကြောင်း တွေ့ရလေသည်။ 
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ပြစ်မှုမျိုးကို ကျူးလွန်သည်ဟု ယူဆရသူများအား လူနေရပ်ရွာ၏ ပြင်ပသို့နှင်ထုတ်ခြင်းဖြင့် ပြစ်ဒဏ်ခတ်ခဲ့ကြလေသည်။ (ကျေးလက်တောရွာများ၌ ရွာထဲတွင် မနေထိုင် စေဘဲ ရွာပြင်နှင်ထုတ်ကာ အပြစ်ပေးခြင်းမျိုး၊ တရားခံအား မခေါ်မပြော မဆက်ဆံဘဲ ပ-ထားခြင်းမျိုး ဖြစ်ပေသည်။) 

Monday, 4 February 2013

ဆောင်းလုလင်- မိုးခါးရေ (၀တ္ထုတို)


ဆောင်းလုလင်

မိုးခါးရေ

အဖြစ်အပျက်မှာ ကျွန်ုပ်တို့ကမ္ဘာမြေပေါ်မှ အဖြစ်အပျက်မဟုတ်ပါ။ အခြားဂြိုဟ်တစ်ခုမှ ဖြစ်ရပ်သာဖြစ်ပါသည်။

သူသည် ထိုဂြိုလ်ပေါ်မှလူသားတစ်ဦးဖြစ်သည်။
သူသည် သိပ္ပံပညာရှင်တစ်ယောက်လည်း ဖြစ်ပါသည်။ သူတို့ ဂြိုဟ်ပေါ်တွင် သူသည် အတော်ဆုံးသိပ္ပံပညာရှင်တစ်ယောက် ဖြစ်လေသည်။
သူသည် မိုးလေ၀သအခြေအနေများကိုလည်း ခန့်မှန်းတတ်လေသည်။ ထိုသို့ မိုးလေ၀သကိုခန့်မှန်းတတ်ခဲ့၍လည်း ထိုဂြိုဟ်ကြီးတစ်ခုလုံးကို အုပ်ချုပ်ရသည့် ဘုရင်ဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
တစ်ခါတွင် သူ၏ကြိုတင်တွက်ချက်မှုအရ ဂြိုဟ်ပေါ်၌ မိုးခါးရေရွာ သွန်းမည့်အဖြစ်ကို သူ ကြို၍ခန့်မှန်းနိုင်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသည် မှာ ရွာသွန်းမည့်မိုးခါးရေသည် ခါးသက်သောအရသာ ရှိရုံသာမက ထိုမိုးခါးရေကို သောက်သုံးမိပါက ရူးသွပ်သွားစေနိုင်ခြင်း ဖြစ်လေသည်။
သူသည် သူ၏ကြိုတင်မှန်းဆတွက်ချက်မှုကို ထိုစဉ်က အုပ်ချုပ်နေ သော သူတို့ဂြိုဟ်၏အစိုးရအဖွဲ့အား တင်ပြလိုက်လေသည်။ နောက်တစ်ရက် ခြားတွင် ရွာသွန်းမည့်မိုးရေထဲသို့ မည်သူမျှမထွက်ကြရန်၊ မိုးရေကို မသောက် သုံးကြရန် နှိုးဆော်ပေးဖို့ကိုလည်း သူက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါ၏။
အစိုးရကလည်း ဂြိုဟ်ပေါ်တွင်ထုတ်ဝေသည့် သတင်းစာ၊ စာစောင် များ၊ တီဗီများမှ ကြိုတင်ကြေညာပေးထားခဲ့ပါသည်။
သို့သော် လူထုသည် သိပ်အရေးမစိုက်ခဲ့ချေ။ မိုးပြိုမှာကို တွေး ကြောက်မနေသည့် ဂြိုဟ်သားတို့၏ ထုံးစံအတိုင်းပင် ဖြစ်ပါသည်။ ကြိုတင် ခန့်မှန်းမှုဆိုတော့လည်း ဖြစ်ချင်မှဖြစ်လာမှာဟု တွေးကြသည်။ သည်လို အဖြစ်မျိုးလည်း တစ်ခါမှမကြုံဖူး၍ သိပ်ဂရုမထားခဲ့ကြချေ။ အချို့ကဆိုလျှင် ယုံတောင်မယုံ၊ ပြက်ရယ်ပြုသူများပင်ရှိခဲ့ကြ၏။

မည်သို့ဆိုစေ သူ ခန့်မှန်းသည့်အတိုင်း ထိုနေ့ထိုရက်တွင် မိုးခါးရေ မိုးကြီး ရွာသွန်းခဲ့လေသည်။ သူက သူ့တပည့်များကိုတော့ တင်းကျပ်စွာ တားမြစ်၍ အိမ်ထဲတွင် သော့ခတ်ပိတ်လှောင်ထားသောကြောင့် သူနှင့် သူ၏ တပည့်တပန်းများကတော့ မိုးခါးရေထဲသို့ မထွက်ဖြစ်ကြချေ။

Sunday, 20 January 2013

ဆောင်းလုလင်- စက်ရုပ်ဖုတ်ကောင် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
စက်ရုပ်ဖုတ်ကောင်

 
           စိန်သူဌေးဦးဘိုဘိုစိန်သည် ယနေ့မနက်တွင် ကလေးတစ်ယောက် ကို ကောက်ရလာခဲ့သည်။ယနေ့မနက် သူ၏ စိန်အရောင်းခန်းမသို့ အလုပ်ဆင်း ရန် အိမ်မှထွက်အလာတွင် လမ်းထိပ်အရောက်၌ ပလက်ဖောင်းပေါ်တွင် ငိုယိုနေသော အသက် ၂ နှစ်အရွယ် ကလေးလေးတစ်ယောက်ကို တွေ့ရလေ သည်။ ကလေးလေးမှာ ဖြူဖြူစင်စင်နှင့် ချစ်စဖွယ်ကလေးဖြစ်ပြီး လူ အများက ကလေးကို ဝိုင်းကြည့်နေကြ၏။ ကလေးချစ်တတ်ပြီး သားသမီး မရှိသောကြောင့် ကလေးရူး ရူးနေသူ ဦးဘိုဘိုစိန်သည် ကားကိုရပ်ကာ စုံစမ်းကြည့်ခဲ့သည်။
            မနက်ခင်းစောစောကတည်းက ထိုကလေးလေးမှာ လမ်းဘေး၌ ငိုယိုနေသည်ကို တွေ့ရကြောင်း၊ မိဘများက စွန့်ပစ်ခဲ့ဟန်တူကြောင်း၊ လူသွား လူလာ ရှင်းလင်းသည့်နေရာဖြစ်၍ ကလေးမျက်စိလည်ပြီး မိဘနှင့် ကွဲသွား ခြင်းမျိုး မဖြစ်နိုင်ကြောင်း ဘေးလူများက ပြောပြလေသည်။
            ကလေးလေးမှာ ယောက်ျားလေးဖြစ်ပြီး ပါးဖောင်းဖောင်း၊ မျက်လုံး ပြူးပြူး၊ နှာတံပေါ်ပေါ်နှင့် ဆံပင်လိမ်ကောက်ကောက်လေးများက ခေါင်းပေါ် ဝဲနေသော ကြောင့် ကစားစရာအရုပ်ကလေးနှင့် တူလှလေသည်။
            ]]ဒီလောက်သန့်ပြန့်ပြီး ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုမိဘမျိုးကများ စွန့်ပစ်သွားပါလိမ့်}}
            စိန်သူဌေးဦးဘိုဘိုစိန်က တွေးကာ ကားပေါ်မှဆင်းပြီး ကလေးကို ပွေ့ချီ လိုက်သည်။
            ]]သားသား၊ သားသားမိဘတွေ ဘယ်သူလဲ}}
            စိန်သူဌေး ဦးဘိုဘိုစိန်က မေးကြည့်သည်။
            ]]မသိဘူး}}
            ]]သူ စကားကောင်းကောင်း ပြောတတ်နေပြီပဲ။ သားသား ဘယ်က လာသလဲ}}
            ]]သားသား မသိဘူး}}
            သူ့ကို သားသား-သားသားဟု ဦးဘိုဘိုစိန်က ခေါ်သည့်အတွက် နောက်ဆုံး ပြန်ဖြေသည့်အဖြေတွင် သားသားဟု ထည့်ပြောလာသည်။

ဆောင်းလုလင်- မနုဿတိရစ္ဆာန် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
မနုဿတိရစ္ဆာန်
]]ထူးဆန်းသောတိရစ္ဆာန်တစ်ကောင် ဖမ်းဆီးရမိခြင်း}}
]]တိရစ္ဆာန်ရုံ၌ တိရစ္ဆာန်အမျိုးအစားသစ် တစ်ကောင်အား ပြသ ထားခြင်း}}
]]ဂြိုဟ်တစ်လုံးပေါ်မှ ဖမ်းဆီးရမိခဲ့သော ထူးခြားသည့် တိရစ္ဆာန် တစ်ကောင်}}
]]ထူးဆန်းသောတိရစ္ဆာန်တစ်ကောင်အား တိရစ္ဆာန်ရုံ၌ ကြည့်ရှုနိုင် ပြီ}}
အထက်ပါသတင်းများသည် ဘုမ္မိဂြိုဟ်ထုတ်သတင်းစာများ၌ သတင်းထူး အဖြစ် တစ်ပြိုင်တည်း ပါလာလေသည်။ ဘုမ္မိဂြိုဟ်သည် ကိစ္စထူးထွေ များပြား လှသော ဂြိုဟ်တစ်လုံးမဟုတ်သည့် အားလျော်စွာ အထက်ပါ သတင်းလေးသည်ပင် ဂြိုဟ်တစ်ခုလုံးအား အုံးအုံးကျွက်ကျွက် ဖြစ်သွားစေပါ၏။ ဘုမ္မိဂြိုဟ်သည် ထူးခြား ဆန်းသစ်သော အဖြစ်များ ဖြစ်လေ့ဖြစ်ထ မရှိသည့် ဂြိုဟ်သေးသေးလေးတစ်လုံး ဖြစ်ရုံမက အသက်ရှင်နေထိုင်ကြသော ဂြိုဟ်သားများလည်း နည်းပါးလှသည့် ဂြိုဟ်ငယ်လေးတစ်လုံး ဖြစ်လေသည်။ ဂြိုဟ်သားများအတွက် အထက်ပါကဲ့သို့သော အကြောင်းအရာလေးမှာပင် ထူးခြားဆန်းကြယ်လှ၍ စိတ်ဝင်စားဖွယ်ဖြစ်နေကြ လေ၏။
သတင်းစာများ၌ ဂြိုဟ်တစ်လုံးမှ ဖမ်းဆီးရမိခဲ့သည် ဆိုသော တိရစ္ဆာန်ကြီး၏ပုံကိုလည်း မျက်နှာဖုံး၌ပင် ဖော်ပြထားလေသည်။ ဓာတ်ပုံထဲမှ ထိုတိရစ္ဆာန်ကြီးမှာ ဂြိုဟ်သားများအမြင်တွင် အလွန်ပင်ဆန်းကြယ်နေပါသည်။ ဂြိုဟ်သားများအဖို့ ဤသို့သောအသွင်သ္ဌဏာန်ရှိသည့် သက်ရှိသတ္တဝါမျိုးကို မမြင်ဖူးရုံမက စိတ်ကူးပင် ယဉ်မကြည့်ခဲ့ဖူးပါပေ။ သတ္တဝါကြီးမှာ ဆန်းကြယ် လှလေသည်။ သတ္တဝါကြီးတွင် ခြေနှစ်ဖက်ရှိ၍ ထိုခြေနှစ်ဖက်နှင့် မြေပေါ်တွင် မတ်တပ်ရပ်နေနိုင်သည်ကို တွေ့ရပေ၏။ ထို့အပြင် လက်နှစ်ဖက်လည်း ပါလိုက်သေးသည်။ သတ္တဝါကြီး၏သွင်ပြင်သည် ဘုမ္မိဂြိုဟ်သားများအဖို့ ဆန်း ကြယ်ရုံမက ရယ်စရာလည်း ကောင်းလှလေသည်။
သတ္တဝါကြီးမှာ ကိုယ်လုံးနှင့်တွဲရက် ခြေလက်များပါသည့်အပြင် ဦးခေါင်းမှာ ကိုယ်လုံး၏အထက်ပိုင်းတွင် သီးခြားပေါက်နေပေ၏။ ထိုအဖြစ် သည်ပင် ဘုမ္မိဂြိုဟ်သားများအဖို့ ရယ်စရာကောင်းနေခြင်းဖြစ်ပါသည်။
သတ္တဝါကြီးသည် ဘုမ္မိဂြိုဟ်သားများနှင့် သွင်ပြင်ကွဲပြားပုံမှာလည်း စာဖွဲ့လောက်ပါသည်။
ဘုမ္မိဂြိုဟ်သားများ၏ပုံသ္ဌဏာန်မှာ ရှုပ်ထွေးမှုမရှိ။ အလွန်ရှင်းလင်း လှပေ၏။ ဘုမ္မိဂြိုဟ်သားတို့၏ ကိုယ်လုံးကိုယ်ထည်မှာ လုံးဝန်းဝိုင်းစက်သော အဖြူရောင် အလုံးတစ်လုံးဖြစ်သည်။ ထိုအလုံးပေါ်၌ပင် သူတို့၏မျက်စိနှစ်လုံး၊ အပေါက်ရာသာပါသော နှာခေါင်းပေါက်နှစ်ပေါက်နှင့် ပါးစပ်တစ်ပေါက်တို့ ရှိကြလေသည်။ လုံးဝန်းသော အဖြူရောင်အလုံးကြီးမှာ သူတို့၏မျက်နှာ ဖြစ်သလို သူတို့၏ကိုယ်လုံးကိုယ်ထည်လည်း ဖြစ်ပါပေသည်။ သူတို့၏ လက် နှစ်ဖက်နှင့်ခြေနှစ်ဖက်မှာ ထိုအလုံးကြီးထဲမှ အတက်များသဖွယ် ဖြာထွက် နေပေ၏။ အမွေးအမျှင် ပေါက်ရောက်မှုမရှိပါ။


ဆောင်းလုလင်- မိတ္တူကမ္ဘာ (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
မိတ္တူကမ္ဘာ

 
ကမ္ဘာပေါ်မှ အာကာသသိပ္ပံပညာရှင်များသည် စကြာဝဠာအတွင်း၌ ဂြိုဟ်အသစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ၎င်းဂြိုဟ်သည် ကမ္ဘာမှ ကီလိုမီတာသန်းပေါင်း ၇၄ ဒသမ ၆၅ သိန်းအကွာ၌ တည်ရှိနေသော ဂြိုဟ်ငယ်လေးတစ်ခု ဖြစ်လေသည်။ ထူးခြားသည်မှာ ထိုဂြိုဟ်ငယ်နှင့် ကမ္ဘာတို့ ကြားတွင် အခြားမည်သည့် ကြယ်တာရာဂြိုဟ်နက္ခတ်မှ ကြားခံရှိမနေဘဲ ကမ္ဘာနှင့်အသစ်တွေ့ရှိသော ဂြိုဟ်ငယ်လေးမှာ တန်းလျက်ရှိနေခြင်းပင်။
သိပ္ပံပညာရှင်များသည် ကြားခံအဟန့်အတားမရှိဘဲ ယခင်က ထို ဂြိုဟ်ငယ်ကိုမတွေ့ရှိခဲ့ကြသဖြင့် အံ့အားသင့်ခဲ့ရလေသည်။ ဂြိုဟ်ငယ်သည် ယခုမှပေါ်ပေါက်လာသော ဂြိုဟ်ငယ်လေးတစ်လုံးလော၊ သို့မဟုတ် ဥက္ကာပျံ အပိုင်းအစတစ်ခုလော သိရှိနိုင်ရန် လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြလေ သည်။
ထိုအခါ ပို၍ထူးဆန်းအံ့ဩဖွယ်ကောင်းသော အချက်အလက်များကို တွေ့ရှိရပြန်လေသည်။ ဂြိုဟ်ငယ်ပေါ်မှ တောတောင်ရေမြေ အနေအထား များမှာ ကမ္ဘာဂြိုဟ်နှင့် ပုံစံတူထပ်တူထပ်မျှ ရှိနေခြင်းပင်။ အားကောင်းသော နက္ခတ်တာရာကြည့်မှန်ပြောင်းများဖြင့် ကြည့်ရှုရာမှ ဖမ်းယူရရှိသော ပုံရိပ်များ တွင် ဂြိုဟ်ငယ်ပေါ်ရှိ ရေမြေဒေသ၊ တောတောင်အနေအထား၊ ပင်လယ် သမုဒ္ဒရာ၊ မြစ်ချောင်းအင်းအိုင်များ တည်နေပုံမှာ ကမ္ဘာနှင့်တစ်ထပ်တည်း ဖြစ်နေလေသည်။

Sunday, 13 January 2013

ဆောင်းလုလင်- ပုလင်းထဲကဥစ္စာစောင့် (၀တ္ထုတို)



ဆောင်းလုလင်
ပုလင်းထဲက ဥစ္စာစောင့်

ထူးဆန်းသောထိုပုလင်းလေးကို ကျွန်တော်၏တပည့်တစ်ယောက် က မြစ်ထဲမှဆယ်ယူလာခြင်းဖြစ်ပါသည်။
ပုလင်းမှာ ဟောလစ်ပုလင်းကဲ့သို့ ပုလင်းအကျယ်နှင့်ပုလင်းအဝ အတူတူဖြစ်သော ဆလင်ဒါပုံပုလင်းတစ်လုံးဖြစ်ပါသည်။ ပုလင်းတွင် ရေညှိ များတက်နေသည်မှာ ကာလအတော်ကြာနေပုံရသည်။ ပုလင်းပတ်ပတ်လည်၌ ရေညှိစိမ်းများက ထူပိန်းနေကာ ဓားဖြင့်ခြစ်ချမှပင် ကွာကျလေ၏။
ထိုသို့ ဓားဖြင့်ခြစ်ချလိုက်သောကြောင့်ပင် ပုလင်းအတွင်းမှ စက္ကူ တစ်ထပ်ကို ကျွန်တော်တို့မြင်လိုက်ရခြင်းဖြစ်ပါသည်။ အစပိုင်းက ပြင်ပမှာ ကပ်ငြိနေသောရေညှိများကြောင့် အတွင်းတွင် ဘာပါသည်ကို မမြင်ခဲ့ရပေ။
]မင်း ဘယ်လိုလုပ်ပြီး ဒီပုလင်းကိုရလာတာလဲ တင်လှိုင်}
ကျွန်တော်က ပုလင်းယူလာသော ကျွန်တော့်တပည့်ကိုမေးလိုက် သည်။
]နောက်ဖေးက ဒိုက်တွေကိုရှင်းရင်းက ဒိုက်တွေအောက်က ထွက် လာတာဆရာ၊ ကျွန်တော်လည်း ပုလင်းကထူးခြားပါတယ်ဆိုပြီး ဆရာ့ဆီ ယူလာတာ}
ကျွန်တော့်ခြံမှာ ဧရာဝတီမြစ်ကမ်းဘေး၌ရှိပါသည်။ မြစ်နှင့်ခြံမှာ မည်မျှထိ နီးကပ်နေသနည်းဆိုသော် ဝါဆိုဝါခေါင် ရေတက်သောကာလ များတွင် ခြံ၏အတွင်းဖက်တစ်ဝက်လောက်အထိ ရေမြုပ်သွားတတ်လေ၏။ အလွန်ရေတက်သောနှစ်များဆိုလျှင် နွားခြံများပင် ရေမြုပ်ပါသည်။

ဆောင်းလုလင်- ခေါစာ (၀တ္ထုတို)



ဆောင်းလုလင်

ခေါစာ

ကိုမြင့်ဇော်က ကျွန်တော့်ကို စကားလည်းအေးအေးဆေးဆေးပြော ချင်သည်၊ ပြုလည်းပြုစုချင်သည်ဆိုကာ¼¼¼ သူ့အိမ်ကိုလာဖို့ဖိတ်ကြားထားသော ကြောင့် ကိုမြင့်ဇော်အိမ်ကိုရောက်လာခဲ့ခြင်းဖြစ်ပါသည်။
သူ့အိမ်ကိုရောက်တော့ ကိုမြင့်ဇော်က မရှိ။ အိမ်ကိုတော့ ကျွန်တော် ကိုဖိတ်ထားတယ်ဆိုတာ မှာသွားသည်။
သူ့အိမ်ကလူတွေက ကျွန်တော့်ကို ဖော်ဖော်ရွေရွေကြိုဆိုပါသည်။
]]လာ- ဆရာ- လာ၊ ဆရာလာလိမ့်မယ်လို့ မောင်မြင့်ဇော်က  ကျွန်မတို့ကို မှာသွားပါတယ်၊ သူလည်း ကိစ္စလေးပေါ်လာလို့ ထွက်သွားတာပါ ဆရာ၊ မကြာပါဘူး၊ ပြန်လာပါလိမ့်မယ်}}
ကိုမြင့်ဇော်ယောက္ခမကြီးက ကျွန်တော့်ကိုကြိုဆိုရင်း ဧည့်ခန်းတွင် နေရာထိုင်ခင်းပေးသည်။
ဧည့်ခန်းဆိုသော်လည်း ဘုရားခန်းနှင့်ဧည့်ခန်းတွဲထားသော အိမ် ၏ရှေ့ဆုံးဖက်အခန်းလေးသာဖြစ်ပါသည်။ ကျွန်တော်ဝင်သွားတော့ သူတို့ မိသားစုတီဗွီကြည့်နေကြသည်။
တီဗွီက ဘုရားစင်အောက်မှာ။ သူတို့က ကြမ်းပြင်ပေါ်မှာထိုင်၍ ဘုရားခန်းဖက်လှည့်ကာ တီဗွီကြည့်နေသည်။ ကျွန်တော့်ကို ခြေရင်းဖက်မှာ ချထားသော တစ်လုံးတည်းသောခုံပေါ်မှာထိုင်စေပါ၏။ ခုံကလည်း တီဗွီရှိ သည့်ဘုရားစင်ဖက်ကိုပင် မျက်နှာပြုထား၏။

Saturday, 17 November 2012

ဆောင်းလုလင်- ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ (၀တ္ထုတို)



ဆောင်းလုလင်

ဖုတ်လှိုက် ဖုတ်လှိုက် ဆည်းဆာ

..............
ရန်ကုန်မြို့လည်ရှိ မြို့နယ်ရဲစခန်းတစ်ခုသို့ တယ်လီဖုန်းသတင်း တစ်ခုဝင်လာသည်။
တာဝန်ကျဝန်ထမ်းက ဖုန်းကိုလက်ခံနားထောင်သည့်အခါ လူသတ် မှုသတင်းပေးပို့ချက်တစ်ခုကို လက်ခံရရှိလေသည်။
]ကျွန်မ ကေဇာခိုင်သွယ်ပါ၊ သတင်းတစ်ခုပေးချင်လို့}
]ကေဇာခိုင်သွယ်၊ ဟုတ်လား}
]ဟုတ်ပါတယ်၊ ......လမ်း၊ တိုက်နံပါတ်၈က ကေဇာခိုင်သွယ် ပါ၊ လူကြီးမင်းတို့ရဲစခန်းအပိုင်ထဲကပါပဲ}
]ရုပ်ရှင်မင်းသမီးကေဇာခိုင်သွယ်ပေါ့}
]ဟုတ်ပါတယ်ရှင်၊ မှန်ပါတယ်၊ လူသတ်မှုသတင်းတစ်ခု ကျွန်မ ပေးချင်လို့ပါ}
]ဘယ်မှာဖြစ်တာလဲ၊ ဘယ်တုန်းကဖြစ်တာလဲ}
]အခုပဲဖြစ်တာပါ၊ ကျွန်မအိမ်မှာပါ၊ လူတစ်ယောက်ကိုကျွန်မကိုယ် တိုင်သတ်လိုက်တာပါ၊ ကျွန်မကိုဗလက္ကာရပြုဖို့ ကြိုးစားတဲ့လူတစ်ယောက်ကို ပေါ့၊ အလောင်းလည်း အိမ်မှာရှိနေတယ်၊ လူကြီးမင်းတို့ကိုယ်တိုင် ကျွန်မ ကိုလာဖမ်းလှည့်ပါတော့}
+ + + + + + + + +
ကေဇာခိုင်သွယ်က မှန်ထဲတွင်ပေါ်နေသော သူမမျက်နှာကိုတစိမ့် စိမ့်စိုက်ကြည့်လျှက်ရှိသည်။ မျက်နှာအသားပြင်တစ်ခုလုံး တင်းရင်းစွာဖြင့် ရေးအကြောင်းမဲ့စွာ ဖြူစင်ဝင်းမွတ်စွာရှိနေသည်။ နဂိုကပင် မှဲ့တစ်ပေါက်မှမ ရှိခဲ့ပါ၍ ကေဇာခိုင်သွယ်၏မျက်နှာပြင်၌ ရှင်းလင်းနေသည်။ ဒါတောင် ဒါဟာ မိတ်ကပ်လိမ်းမထားတဲ့မျက်နှာလေ။ ဒီမျက်နှာကို ဘယ်သူကမလှဘူးလို့ပြော မှာလဲ။ ကြည့်မကောင်းပါဘူးလို့ ပြောရဲမှာလဲ။ ပြောရက်မှာလဲ။

Wednesday, 24 October 2012

ဆောင်းလုလင် - မ (၀တ္ထုတို)



ဆောင်းလုလင်


"သား  ...ပြန်တော့လေ၊ ရုံးကထွက်လာတာ ကြာပြီမဟုတ်လား၊ ရထားလည်းထွက်တော့မှာပဲ၊ အမေတို့ နေလို့ဖြစ်ပါပြီ၊ ရုံးမှာပြောစရာဖြစ်နေ မယ်၊ ပြန်တော့သား"
အမေက ကျွန်တော့်ကို ပြောလိုက်သည်။
အမေတို့ပြန်မယ့်ရထားထွက်ချိန်အထိ ကျွန်တော်စောင့်ချင်ပါသည်။ ရထားပေါ်မှာ အမေပါသွားတာကိုကြည့်ပြီး လက်ပြနှုတ်ဆက်ချင်ပါသေး သည်။
သို့သော်  ...အခြေအနေက အမေပြောသလိုဖြစ်နေသည်။ အမေ တို့ကို ဘူတာလိုက်ပို့ဖို့ ရုံးမှထွက်လာခဲ့ရာ ကြည့်မြင်တိုင်မှ အမေတည်းခိုသည့် ကျွန်တော့်အစ်မကြီးအိမ်မှာသွားခေါ်ရသည်။ အမေနှင့်တူမလေးကို ဘူတာ အထိလိုက်ပို့ပေးတာနှင့်ပင် အချိန်က တစ်နာရီကျော်ကြာသွားပါပြီ။ ကျွန်တော် ရုံးကိုပြန်ဖို့သင့်ပြီ။ အချိန်အကြာကြီးပျောက်နေလို့ မသင့်တော်ပါ။
"ဟုတ်ကဲ့အမေ၊ ဒါဆို သားသွားတော့မယ်နော်၊ အမေတို့လည်း ရထားပေါ်တက်တော့လေ"
ကျွန်တော်က အင်္ကျီအိတ်ကပ်ထဲမှ ငါးရာတန်တစ်ရွက်ကိုထုတ် ယူလိုက်သည်။ ကျွန်တော့်တူမလေးကို ပွေ့ချီကာနမ်းလိုက်ရင်း ငါးရာတန် ကို သူ့အတွက် မုန်းဖို့အဖြစ်ပေးလိုက်သည်။ တူမလေးအတွက် ကျွန်တော် တတ်နိုင်သည်မှာ ဤမျှသာဖြစ်ပါသည်။ 
"ဦးဦး မြို့ကိုလာခဲ့ဦးနော်၊ ညီမလေးကိုပါ ခေါ်ခဲ့"
တူမလေးက ပြောသည်။
"ကဲ  ...ငါ့သားပြန်တော့၊ အမေတို့လည်း ရထားပေါ်တက်တော့မယ်"

Thursday, 13 September 2012

ဆောင်းလုလင် - အပွင့်ပေါ်အရွက်ဖုံးပါလို့ (၀တ္ထုတို)

ဆောင်းလုလင်
အပွင့်ပေါ်အရွက်ဖုံးပါလို့

ယခုဖော်ပြသည့် ၀တ္ထုတိုလေးမှာ 
ထိုင်းနိုင်ငံမှ မြန်မာဘာသာဖြင့်ထုတ်ဝေသော
ကာလာရိမ်းဘိုးမဂ္ဂဇင်း Colours Rainbow Magazine တွင်
ဖော်ပြပါရှိခဲ့သော ၀တ္ထုတိုဖြစ်ပါသည်။


အပွင့်ပေါ် အရွက်ဖုံးပါလို့
by www.coloursrainbow.com on Thursday, 10 November 2011 at 19:31
 

“ပထမတော့ ဆရာနဲ့တပည့် ရိုးရိုးခင်မင်ကြ၊  
သံယောဇဉ်တွယ်ကြတယ် ထင်မိတာ မြရယ်၊
အရွယ်ချင်းကလည်း သားအဖ အရွယ်လေ၊
ကျွန်မလည်း ဘယ်ထင်မလဲ၊
ကိုကြည်မောင်က ကောင်မလေးကို
ခေါ်တော့လည်း သမီးတဲ့၊ အခုလို
ဗိုက်ထွက်လာပြီဆိုမှ သူတို့အကြောင်းကို
ကျွန်မ သိရတော့တာ၊
ကျွန်မကိုယ်က အ,တာပါလေ”


မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့ မခင်ဝေ စကားတွေကို နားထောင်ရင်း မမြသွေး သက်ပြင်းချမိ တယ်။
မခင်ဝေ့ယောက်ျား ကိုကြည်မောင့်အသက်က ငါးဆယ်နီးနေပါပြီ။ ကိုကြည်မောင်က ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ ကလျာဆိုတာ ကိုကြည်မောင့်ရဲ့ ပီအေခေါ် စက္ကထရီခါ် အနီးကပ်နေရတဲ့ ကိုယ်ရေး အတွင်းရေးမှူးပေါ့။ ကောင်မလေးက ၂ဝ ကျော်ရုံလေး။

Thursday, 6 September 2012

ဆောင်းလုလင်- ရင်ခွင်ဝေးမှတ်စု (၀တ္ထုတို)



ဆောင်း လု လင်
ရင်ခွင်ဝေးမှတ်စု

တူကိုကိုင်ထားတဲ့ကျွန်မလက်တွေဟာတုန်လှုပ်နေတယ်၊
သူကတော့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်လို့ပါပဲ။ ကျွန်မ ဆုံးဖြတ်ထားတဲ့အတိုင်း သူ့ခေါင်းကို တူနဲ့ထုချလိုက်ရမလား။
အိပ်ပျော်နေသူတစ်ယောက်ကို တစ်ဖက်သတ်အနိုင်ယူပြီး သတ်ပစ်ရမှာတော့ မတရားလှပါဘူး။ ပြီးတော့ ကျွန်မသတ်ပစ် ဖို့ကြံစည်နေတဲ့သူက ကျွန်မခင်ပွန်း၊ကျွန်မယောက်ျားဖြစ်နေပြန်တယ်။
ကျွန်မဟာ တုန်လှုပ်တဲ့လက်တွေနဲ့ တူကြီးကိုကိုင်ရင်း ဇဝေဇဝါနဲ့ စိတ်တွေချောက်ချားနေမိပါတော့တယ်။
နောက်ဆုံးတော့ နာကျည်းစိတ်နဲ့ဒေါသတွေကတွန်းပို့ လို့ ကျွန်မဟာ ဆုံးဖြတ်ချက်ကို ရုတ်တရက်ချလိုက်ပါတော့တယ်။ သူ ကျွန်မအပေါ်မှာရက်စက်ခဲ့တာတွေများပြီ။ ဒါကို ကျွန်မ ဆက်သည်းမခံနိုင်တော့ဘူး။ ဒီစိတ်ဝေဒနာတွေကရုန်းထွက်ဖို့ဟာ တစ်နည်းပဲရှိတော့တယ်။ အဲဒါကတော့ သူ လူအဖြစ်အ သက်ဆက်ရှင်မနေဖို့ပဲ။
စိတ်နာကျည်းဖွယ်သူ့လုပ်ရပ်တွေကို ပြန်တွေးမိတော့ ကျွန်မရဲ့ဆုံးဖြတ်ချက်ဟာ ပီပြင်သွားပါပြီ။
ကျွန်မဟာ တူကိုင်ထားတဲ့လက်ကိုမြှောက်လိုက်တယ်။
လေးလံလှတဲ့တူကြီးကို လက်နှစ်ဖက်အားစိုက်မရင်းက အိပ်နေတဲ့ သူ့ဦးခေါင်းကို မျက်စိစုံမှိတ်လို့ အားရပါးရထုချလိုက် ပါတော့တယ်။
အို.. သူ အော်တောင်မအော်နိုင်တော့ပါလား။
ကျွန်မလေ.. သူ့ခေါင်းကို တူနဲ့အဆက်မပြတ်ထုပစ် လိုက်တယ်။ တစ်ချက်ပြီးတစ်ချက်၊ တစ်ချက်ပြီးတစ်ချက်၊ ဆက် တိုက်-ဆက်တိုက်ပဲပေါ့။
အိပ်ပျော်နေတဲ့သူဟာ ဘယ်လိုမှတောင် မတုန့်ပြန်နိုင်ခဲ့ ပါဘူး။ သူ့ကိုယ်သူဘာဖြစ်သွားတောင် သိလိုက်ရဲ့လားမသိ။
သွေးတွေဟာ ကြမ်းပြင်ပေါ်မှာမြင်မကောင်းအောင် စီးကျ နေတော့တယ်။ ဦးခေါင်းခွံထဲက ဦးနှောက်တွေဟာ ဖွေးကနဲထွက် ကျလာတယ်။
သုံးလေးခါလောက် ဆန့်ငင်-ဆန့်ငင်အကြောလိုက်ပြီး နောက်မှာ ငြိမ်သက်သွားပါတော့တယ်။
အို..သူသေပြီပေါ့၊ ကျွန်မချစ်တဲ့မောင်၊ ကျွန်မရဲ့ခင်ပွန်း၊ ကျွန်မလင်၊ ခုတော့ .. သူသေသွားရှာပြီ။
ကျွန်မ ရှိုက်ကြီးတငင်ငိုလိုက်မိတယ်။
သူသေသွားတဲ့အတွက် ဝမ်းနည်းမိသလို၊ ဝမ်းလည်းသာ မိပါတယ်။ သူ အရင်လို တခြားမိန်းမတွေနဲ့မရှုပ်နိုင်တော့ဘူး လေ။ ကျွန်မကိုပစ်ပြီး တခြားမိန်းမတွေနောက်ကိုလိုက်မသွားနိုင် တော့ဘူးလေ။ အိမ်မှန်မှန်ပြန်မလာတဲ့သူ့ကို စိတ်ဆင်းရဲစွာနဲ့ စောင့်မျှော်နေရတဲ့အဖြစ်မျိုး ကျွန်မကြုံရမှာမဟုတ်တော့ပါဘူး။ ဒီအတွက် ကျွန်မဝမ်းသာရမှာပေါ့။

Thursday, 16 August 2012

ဆောင်းလုလင် - တစ္ဆေတစ်ကောင်၏ဖွင့်ဟ၀န်ခံချက် (၀တ္ထုတို)


ဆောင်းလုလင်
တစ္ဆေတစ်ကောင်၏ဖွင့်ဟဝန်ခံချက်

ယနေ့ည ၁၂နာရီအချိန်လောက်တွင် ကျွန်မသေဆုံးသွားခဲ့ပါသည်။
ကျွန်မသည် ကျွန်မခင်ပွန်းရှေ့၌ သူ့ကိုရန်တွေ့ရင်း ကျွန်မ၏ နှလုံးရောဂါအခံကြောင့် နှလုံးသွေးကြောရပ်ကာ လဲကျသေဆုံးခဲ့ခြင်းဖြစ်ပါသည်။
ကျွန်မသေဆုံးရပုံကို ကျွန်မ ကောင်းကောင်းကြီးမှတ်မိနေပါသည်။
ထို့ကြောင့်လည်း ဤနေရာသို့ရောက်လာသည်တွင် ကျွန်မသည် ကွယ်လွန်ပြီးသူတစ်ယောက်အနေဖြင့် တမလွန်လောကတစ်နေရာသို့ရောက် နေခြင်းဖြစ်ကြောင်း နားလည်လိုက်ရသည်။
ကျွန်မရောက်လာချိန်တွင် အခန်းထဲ၌လူတော်တော်များများရှိနေပြီးဖြစ်ပေ၏။ ထိုသူများမှာ ကျွန်မကဲ့သို့ပင် လောလောဆယ်သေဆုံးပြီး တမလွန်လောကရောက်လာကြသူများဖြစ်ပေ၏။ သူတို့ထဲမှအချို့သည် သူတို့ကိုယ်သူတို့သေဆုံးမှန်းမသိကြသေးပါ။
သူတို့အားလုံး ရှစ်ယောက်တိတိရှိပေသည်။ အချို့က ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြကာ အချို့က ကြမ်းပြင်ပေါ်မှာပင်ထိုင်နေကြ၏။ ခုံတန်းလျားပေါ်တွင် ဝင်ထိုင်နေသူအချို့လည်း ရှိလေသည်။
လူငယ်တစ်ယောက်၏ကိုယ်ပေါ်တွင် သွေးများမြင်မကောင်းအောင် ဖုံးလွှမ်းနေသည်။
]ကျွန်တော်ဘယ်ရောက်နေတာလဲဟင်၊ ကျွန်တော်ဘာဖြစ်နေတာလဲ}
ထိုလူငယ်က သူ့ခန္ဓာကိုယ်ပေါ်မှသွေးများကိုငုံ့ကြည့်ရင်း နားမလည်နိုင်စွာမေးလိုက်လေသည်။
]နင်သေသွားပြီလေ၊ နင်သေလို့ဒီနေရာရောက်လာတာပေါ့}
ဘေးမှအဘွားအိုတစ်ဦးက ဖြေလိုက်လေ၏။
]ဘာ-သေပြီ၊ ဟုတ်လား၊ ကျွန်တော်သေပြီ}
]ခက်လိုက်တာ၊ ကိုယ့်ကိုကိုယ် သေလို့သေမှန်းတောင်မသိဘူးကိုး}
]ဒါဖြင့် ခင်ဗျားတို့ကရောဟင်၊ ခင်ဗျားတို့က ဘာတွေလဲ}
]ငါတို့လည်း သေပြီးသားလူတွေပဲ၊ တို့အားလုံးဟာ ဒီနေ့မှာသေခဲ့ကြတဲ့လူတွေပဲ}
]ဟင် … ဒါဖြင့် ဆိုင်ကယ်နဲ့ကားနဲ့တိုက်မိတုန်းက ကျွန်တော်သေသွားတာပေါ့နော်}
]နင်ဘယ်လိုသေခဲ့တယ်ဆိုတာတော့ ငါဘယ်သိမလဲကောင်လေး၊ နင့်ဟာနင်ပြန်စဉ်းစားပေါ့၊ ဟုတ်မှာပါ၊ နင့်ကိုယ်မှာ သွေးတွေဒါလောက်ထွက် နေတာ၊ နင် အက်ဆီးဒင့်ဖြစ်ပြီးသေတာပဲဖြစ်မှာပေါ့}
]ဟာ… }
ကောင်လေးသည် သူ့အခြေအနေကို ခုမှပင်နားလည်သွားလေ၏။
အခန်းထဲသို့ရောက်နေသော လူအများစုမှာ အသက်ကြီးရင့်သူများဖြစ်ပေ၏။ သူတို့သည် အသက်ကြီးရင့်၍လည်းကောင်း၊ ရောဂါဘယကြောင့် လည်းကောင်း သေဆုံးခဲ့ကြသူများဖြစ်ဟန်တူပေသည်။ အတော်များများက သူတို့ကိုယ်သူတို့ သေဆုံးပြီးမှန်း သိနေကြပေ၏။

Sunday, 12 August 2012

သိပ္ပံဝတ္ထုတို- ဆောင်းလုလင်- ဂဏန်းဂြိုဟ်

ဆောင်းလုလင်
ဂဏန်းဂြိုဟ်

ကမ္ဘာပေါ်မှ မြန်မာနိုင်ငံသား ဦးနေလရတနာသည် ဂဏန်းဂြိုဟ်တွင် သံအမတ်ကြီးအဖြစ် သွားရောက် တာဝန် ထမ်းဆောင်ရန် အရွေးချယ်ခံခဲ့ရ လေ၏။
ဦးနေလရတနာသည် အာကာသ ဆက်ဆံရေးဘာသာရပ်ဖြင့် ဘွဲ့ရထားသူတစ်ဦးဖြစ်ပေသည်။ သူသည် နိုင်ငံခြားရေးရာ ဌာနတွင် အလုပ်ဝင်လုပ်ခဲ့ရာ မိခင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံက သံအမတ်အဖြစ်ဖြင့် ဥရောပ နိုင်ငံနှစ်ခုသို့ စေလွှတ်ခြင်း ခံခဲ့ရလေသည်။
ဦးနေလရတနာ၏ သံတမန်ပညာရပ်များကို အကဲခတ်မိသော ကုလသမဂ္ဂအဖွဲ့ကြီးသည် စကြ၀ဠာလုံးဆိုင်ရာ သံတမန်ရေးရာဌာနသို့ ခေါ်ယူ ခဲ့ပေသည်။ ကမ္ဘာကြီးသည် ယခုကာလတွင် နေစကြ၀ဠာအတွင်းရှိ သက်ရှိ များနေထိုင်သော ဂြိုဟ်များနှင့် ဆက်သွယ်ဆက်ဆံမှုများရှိနေပြီဖြစ်ရာ ထုံးစံအတိုင်း ကမ္ဘာနှင့်ဆက်သွယ်သော ဂြိုဟ်များသို့ သံတမန် များ စေလွှတ်လျက် ရှိပေသည်။ ကမ္ဘာပေါ်၌လည်း ဂြိုဟ်အသီးသီးမှ ၎င်းတို့ဂြိုဟ်ဆိုင်ရာ သံအမတ်များ လာရောက်တာဝန် ထမ်းဆောင်လျက် ရှိကြပေသည်။
ဦးနေလရတနာသည် အသက် ၄၀ အရွယ်တွင် ကမ္ဘာ့အဆင့်၌ သူကောင်းပြုခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက် ရှိပေသည်။
သို့ရာတွင် အခြားသောဂြိုဟ်တစ်ခုတွင် နှစ်ရှည်လများ သွားရောက် တာဝန်ထမ်းဆောင်ရမည့်အတွက်တော့ အနည်းငယ် စိတ်လှုပ်ရှားမိပေသည်။ သူသည် ကမ္ဘာမှအပဖြစ်သောဂြိုဟ်များသို့ လေ့လာရေးခရီးအဖြစ်သာ ခေတ္တ ခဏ သွားရောက်ဖူးပေသည်။
သူ သွားရောက် တာဝန်ထမ်းဆောင်ရမည့် ဂဏန်းဂြိုဟ်နှင့် ပတ် သက်၍ လေ့လာကြည့်ရာ ဂဏန်းဂြိုဟ်တွင် နေထိုင်ကြသော သက်ရှိများမှာ ကမ္ဘာ့လူသားများအတိုင်း ခြေနှစ်ဖက်၊ လက်နှစ်ဖက်ရှိသော လူသားများ ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စိတ်သက်သာရာရသွားလေ၏။
စကြ၀ဠာအတွင်းရှိ ဂြိုဟ်များမှ သက်ရှိများမှာ အားလုံးလူ၏ အသွင်သ္ဌဏာန်မျိုး ရှိကြသည်မဟုတ်ပေ။ လက်လေးဖက်ရှိသော လူများ၊ အတောင်ပံပါသောလူများ၊ ဦးချိုပါသော လူများ၊ တိရစ္ဆာန်ကဲ့သို့ အမြီးပါသည့် လူများ စသည်ဖြင့် သူ့ရေမြေဒေသအတိုင်း ပုံစံအသွယ်သွယ် ရှိကြပေသည်။ အရွယ်အစားတွင်လည်း အရပ်တစ်ပေလောက်ရှိသည့် ဂြိုဟ်သားမျိုးရှိသလို၊ ပေနှစ်ဆယ်ကျော်မြင့်သည့် ဂြိုဟ်သားများလည်း ရှိကြပေ၏။ သူ တာဝန် ထမ်းဆောင်ရမည့် ဂဏန်းဂြိုဟ်မှ လူသားများကတော့ လူနှင့်ပုံစံ တစ်သဝေ မတိမ်း တူညီရုံမက အရပ်အမောင်းမှာလည်း ကမ္ဘာသားများကဲ့သို့ ငါးပေနှင့် ခြောက်ပေဝန်းကျင် ရှိသည်ဆို၍ တော်ပေသေး၏။
ဦးနေလရတနာသည် စာအုပ်စာတမ်းများတွင် ရှာဖွေဖတ်ရှု၍ လည်းကောင်း၊ ဂဏန်းဂြိုဟ်ကိုရောက်ဖူးသည့် လူများကို ဆက်သွယ်မေးမြန်း ၍ လည်းကောင်း ဂဏန်းဂြိုဟ်အကြောင်း ဗဟုသုတများကို ရှာဖွေဆည်းပူး ထားရလေသည်။
x x x x x x x

အမှန်တော့ ဂဏန်းဂြိုဟ်ဆိုသည်မှာ အခြားသောဂြိုဟ်များမှ ၎င်း ဂြိုဟ်ကို ခေါ်ဝေါ်သမုတ်ကြသောနာမည်ပင် ဖြစ်သည်။ ဂဏန်းဂြိုဟ်တွင် နေထိုင်ကြသော လူသားများသည် သူတို့ဂြိုဟ်ကို နာမည်မှည့်ခေါ်ထားခြင်း မရှိကြချေ။

Friday, 10 August 2012

ဆောင်းလုလင်၏၀တ္ထုတို- ဒွိဟ

ဆောင်းလုလင်
ဒွိဟ

         တစ်ရပ်ကွက်လုံးက ရွံ့ရှာစက်ဆုပ်မုန်းတီးနေသည့် အရူးမတစ်ယောက်ကို ကားတစ်စင်းက တိုက်သွားခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။
အရူးမကို ကားဖြင့်တိုက်မိသည့်အချိန်က ထိုနေရာတွင် ကျွန်တော် တစ်ယောက်တည်း ရှိနေ သည်။ နွေနေ့လည်ခင်း မွန်းတည့်အပူချိန်ပြင်းချိန်မို့ လမ်းပေါ်၌ လူအသွားအလာကျဲပါးနေချိန်ဖြစ်သည်။
ကျွန်တော်သာ လမ်းထိပ်တွင် ကွမ်းယာထွက်ဝယ်ရင်းမှ ကွမ်းဝယ်ပြီး ပြန်အလာမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရခြင်းဖြစ်ပါသည်။
ကျွန်တော်ကွမ်းသွားအဝယ်မှာ အရူးမက တစ်ဖက်ပလက်ဖောင်းနေပူကျဲကျဲအောက်တွင် ထုံးစံအတိုင်း အယုတ္ထ၊ အနတ္ထ အဆဲပေါင်းစုံဖြင့် ဆဲဆိုအော်ဟစ်နေခဲ့သည်။ ညစ်ညမ်းသောစကားလုံးများကို ထည့်သွင်းရေရွတ်နေခဲ့သည်။ ကျွန်တော့်အဖို့ နေ့စဉ်ကြားနေကျမြင်နေကျအဖြစ်မို့
မသိကျိုးကျွန်ပြုကာ လမ်းထိပ်ကကွမ်းယာဆိုင်ကိုထွက်လာခဲ့သည်။
ကွမ်းယာဆိုင်မှာ ဆယ်မိနစ်လောက်ကြာခဲ့၏။
ကွမ်းဝယ်ပြီးပြန်အလာတွင် အရူးမသည် တစ်ဖက်ပလက်ဖောင်းမှ လမ်း၏သည်ဖက်ကို ကတ္ထရာလမ်းမကြီးအတိုင်း ထောင့်ဖြတ်ပြေးကူး လာသည်။
ဂျစ်ကားတစ်စီးက တောင်ဖက်မှမြောက်ဖက်သို့ အရှိန်ပြင်းစွာ မောင်းလာသည်။ ရှင်းလင်းနေသောကတ္ထရာလမ်းမကြီးတွင် စိတ်ချလက်ချ အရှိန်မြှင့်၍ မောင်းလာခဲ့ပုံရပါသည်။
တစ်ဖက်က ရုတ်တရက် လမ်းပေါ်ပြေးထွက်လာသောအရူးမနှင့် အရှိန်ပြင်းစွာမောင်းလာသော ဂျစ်ကားတို့သည် လမ်းအလည်မှာဆုံလိုက် ကြ၏။
အရူးမ ရှောင်ချိန်မရလိုက်သလို၊ ကားသည်လည်း အရှိန်ကိုထိမ်းလို့မရလိုက်ချေ။
ကားနှင့်အရူးမ ပြင်းထန်စွာတိုက်မိသည်။
အရူးမထံမှ စူးရှသောအော်သံတစ်ချက်သာထွက်လာသည်။ အရူးမကိုယ်သည်
အရှိန်ဖြင့်လွင့်ထွက်သွားကာ.. သူကူးလာသော တစ်ဖက် ပလက်ဖောင်းအထိရောက်သွားပြီး
ပလက်ဖောင်းနှင့်ပြင်းထန်စွာရိုက်မိကာ ငြိမ်သက်သွားလေသည်။
ဂျစ်ကားသည် ဘရိတ်ကိုဆောင့်နင်းလိုက်သောကြောင့် ကျွီ.. ကနဲမြည်ကာ ခေတ္ထတုံ့ရပ်သွား၏။
သို့သော်- ကားသမားသည် ချက်ချင်း လီဗာကိုပြန်တင်ကာ အရှိန်ပြင်းစွာမောင်းထွက်ပြေးတော့သည်။ တည့်တည့်မောင်းမပြေးပဲ ရှေ့လမ်းချိုးတွင် ဘယ်ဖက်သို့ ချိုးကွေ့သွားလေ၏။
အဖြစ်အပျက်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခြင်းဖြစ်လေသည်။
ကျွန်တော်က တိုက်သွားသောကားနံပါတ်ကိုမှတ်ဖို့ သတိရချိန်တွင် ကားက  မြင်ကွင်း ထဲမှ ပျောက်သွားလေပြီ။ ကားနံပါတ်ကို လှမ်းဖတ်လို့ မရတော့ပေ။
+ + + + + + + + +
ကားတိုက်သံကြောင့် လမ်းထဲရှိအိမ်များမှ လူတွေပြေးထွက်လာကြသည်။
ကားတိုက်မှုဖြစ်သည်မှာ အရူးမ၏အိမ်ရှေ့တည့်တည့်တွင်ဖြစ်သည်မို့ အရူးမအိမ်ထဲမှ လူကုန်ပြေးထွက်လာလေ၏။
]]အမလေး- ဒေလီယာရဲ့}}
အရူးမ၏မိခင်က သူ့သမီးဖြစ်အင်ကိုကြည့်ပြီး အော်ငိုလိုက်သည်။ အရူးမအမည်မှာ ]]ဒေလီယာ}}ဖြစ်ပါသည်။ ဒေလီယာ့မိသားစုက အလောင်းရှိနေသည့် လမ်းတစ်ဖက်ကို ကူးပြေးသွားကြသည်။

Thursday, 9 August 2012

ဆောင်းလုလင် - ဂြိုဟ်ပူ (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
ဂြိုဟ်ပူ

  
ကျွန်ုပ်တို့မှီတင်းနေထိုင်ရာဂြိုဟ်ကမ္ဘာမှာ အလွန်တရာသာယာလှပ၍ နေချင်စဖွယ်အတိပြီးသော လောကတစ်ခုဖြစ်ပေ သည်။ ကျွန်ုပ်တို့ ဂြိုဟ်သည် မေတ္တာတရားထွန်းကားသည့် ဂြိုဟ်တစ်လုံးဖြစ်သည်နှင့်အမျှ ကျွန်ုပ်တို့ဂြိုဟ်တွင် မှီတင်းနေထိုင်ကြသည့် သက်ရှိအားလုံးတို့သည် တစ်ဦးနှင့် တစ်ဦး ချစ်ခင် စည်းလုံးစွာ နေထိုင်ကြပေ၏။ ကျွန်ုပ်တို့သည် တရားဓမ္မ ပျော်မွေ့သူများဖြစ်ပြီး သက်ရှိအားလုံးတို့မှာ တရားသဘောကို နားလည် လက်ခံသူများလည်း ဖြစ်ပေ သည်။
ကျွန်ုပ်တို့ဂြိုဟ်၌ လောဘ၊ ဒေါသ၊ မောဟဆိုသော အဘိဇ္ဈာများ မရှိပါချေ။ တစ်ဦးနှင့်တစ်ဦး မနာလိုမုန်းတီးမှု၊ တုပြိုင်မှုများလည်း ကင်းရှင်းကာ ဂြိုဟ်သားအားလုံးတို့သည် အေးချမ်းငြိမ်သက်စွာ နေထိုင်ကြပေ၏။
လောဘ၊ ဒေါသ၊ မောဟတရားများလည်း ပေါက်ပွားရန် မဖြစ်နိုင် ချေ။ ကျွန်ုပ်တို့ဂြိုဟ်၌ စားသောက်စရာများကို မြေပဒေသာပင်မှ သီးပွင့်သည့် အတွက် အလျှံပယ် စားသုံးနိုင်ပေ၏။ မည်သူမျှ အစားအသောက်အတွက် သောကဗျာပါဒ ဖြစ်စရာမလိုချေ။ အစားအစာကို ရုန်းကန်လှုပ်ရှား ရှာဖွေရန် လည်းမလို၊ သူ့ထက်ငါဦး လုယက်ယူငင်ရန်လည်း မလိုအပ်ပါချေ။ အချုပ် အားဖြင့်ဆိုသော် ကျွန်ုပ်တို့ဂြိုဟ်သည် ကိစ္စများမြောင်ခြင်းမရှိဘဲ စားချိန်တန် စား၍ အိပ်ချိန်တန် အိပ်ကာ တရားဓမ္မဖြင့်ထုံမွမ်းသည့် အေးချမ်းငြိမ်သက် သော ဂြိုဟ်တစ်ခုဖြစ်ပေ သည်။
လောဘ၊ ဒေါသ၊ မောဟများ၊ ဂုဏ်တုဂုဏ်ပြိုင်များ ကျွန်ုပ်တို့ ဂြိုဟ်တွင် မရှိပါ။
စင်စစ် လောဘ၊ ဒေါသ၊ မောဟဆိုသည့် စကားလုံးများပင် ကျွန်ုပ်တို့ဂြိုဟ်၌ ယခင်ကမကြားဖူးခဲ့ပါပေ။
ကျွန်ုပ်တို့ဂြိုဟ်ပေါ်သို့ ထိုလူတစ်သိုက် ရောက်ရှိလာသည့်အခါမှပင် သက်ရှိလောက၌ မကောင်းမှုဒုစရိုက် များ၊ သောကဗျာပါဒများ၊ လောဘ၊ ဒေါသ၊ မောဟများ၊ လိမ်ညာလှည့်ဖျား မှု၊ ဖောက်လွဲဖောက်ပြန်ပြုမှုဆိုသည့် ကြောက်မက်ဖွယ်အရာများ ရှိနေသည်ကို သံဝေဂရစွာ သိရှိလာရခြင်းဖြစ်ပါ၏။
ကျွန်ုပ်တို့ဂြိုဟ်သည် ဤစကြ၀ဠာအနန္တထဲ၌ သာယာလှပဆုံးနှင့် အေးချမ်းငြိမ်သက်ဆုံး ဂြိုဟ်တစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ကိုယ်တိုင်ပင် ယခင်က မသိရှိခဲ့ချေ။ ကျွန်ုပ်တို့ဂြိုဟ်သားများသည်လည်း လောဘ၊ ဒေါသ၊ မောဟကင်းရှင်းသည့် သူတော်စင်များဖြစ်ကြောင်း ယခင်ကမသိရှိခဲ့။

Tuesday, 7 August 2012

ဆောင်းလုလင်- ပွင့်ဦးကြွေမှဖြင့်ကွယ် (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
ပွင့်ဦးကြွေမှဖြင့်ကွယ်
သိပ္ပံဝတ္ထုတို

နေမင်းအနော်ရထာသည် သက္ကရာဇ် ၅၃၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်ဖြစ်သော သူ့မွေးနေ့တွင် အချစ်ကို စတင်တွေ့ရှိခဲ့လေသည်။
၅၃၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သူ၏အသက် ၁၉ နှစ်ပြည့် မွေးနေ့ဖြစ်ပါ၏။
နေမင်းအနော်ရထာသည် သူ၏မွေးနေ့ညတွင် ကွန်ပျူတာကို အသုံး ပြုကာ အင်တာနက်မှတစ်ဆင့် စကြ၀ဠာအတွင်း လွှင့်ထုတ်ထားသည့် အချက် အလက်များကို ခလုတ်တစ်ခုပြီးတစ်ခုနှိပ်ကာ လျှောက်ကြည့်နေမိသည်။ နေမင်းအနော်ရထာတို့ လူဖြစ်လာသောကာလတွင် နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်များမှ သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်များအားလုံး တစ်ခုနှင့်တစ်ခု ဆက်သွယ်မိကာ ကူးသန်းသွားလာမှုများ ရှိနေကြပေပြီ။ နေမင်းအနော်ရထာ ၏ဖခင် ဦးသိန်းသန်းကုဋေချီ ဆိုလျှင် ကြာသပတေးဂြိုဟ်နှင့် အသွားအပြန် ကုန်ကူးသန်းရောင်းဝယ်နေသူတစ်ဦး ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်ရွှန်းတင့် ကျက်သရေမှာလည်း အင်္ဂါဂြိုဟ်ရှိ စကြ၀ဠာလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းမှ စကြ၀ဠာဇီဝဗေဒပညာရပ်ဖြင့် ဘွဲ့ရထားသူတစ်ဦး ဖြစ်သည်။

ဆောင်းလုလင်- ၀ယ်သူ့အမှား (သိပ္ပံဝတ္ထုတို)


ဆောင်းလုလင်
ဝယ်သူ့အမှား
(သိပ္ပံဝတ္ထုတို)


စကြ၀ဠာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် ]ခန့်ညားထည်ဝါ} ကုမ္ပဏီသို့ ပစ္စည်း မှာ ယူသော အမှာစာတစ်ခု ရောက်ရှိ လာလေသည်။ သုံးရိုးသုံးစဉ်မို့သာ အမှာစာဟု သုံးနှုန်းလိုက်ရသော်လည်း တကယ်တော့ စာတစ်စောင်အဖြစ် အမှာရောက်လာခြင်း မဟုတ်ပါပေ။ နေစကြ၀ဠာတစ်ခွင်လုံးကို လွှင့်ထုတ်ဆက်သွယ်ထားသည့် အင်တာနက်မှ တစ်ဆင့် တစ်ဖက်မှ မှာယူသူကိုယ်တိုင်က သူ့ရုပ်ပုံဖြင့်ထုတ်လွှင့်ကာ စကား ပြောဆို ဆက်သွယ်၍မှာကြားခြင်းပင်ဖြစ်ပါ၏။
အသက်ငါးဆယ်အရွယ်ရှိ ခန့်ညားထည်ဝါကုမ္ပဏီပိုင်ရှင် ဦးခန့်ညားထယ်ဝါ သည် အင်တာနက်ကိုဖွင့်ကြည့်ရာမှ ယနေ့ဝင်ရောက်လာသော အမှာကို တွေ့လိုက် ရခြင်း ဖြစ်လေသည်။
ဦးခန့်ညားထည်ဝါသည် အထည်စက်ရုံတစ်ခု တည်ထောင်ထားပြီး သူ၏ စက်ရုံမှထုတ်လုပ်သော အထည်စများနှင့် ဒီဇိုင်းဆန်းသောအစများ၊ အသင့်ချုပ်ပြီး အဝတ်အထည်များကို နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်များအထိ ဖြန့်ချိရောင်းချလျက် ရှိပေသည်။ သက်ရှိသတ္တဝါများ မှီတင်းနေထိုင်နိုင်သည့် နေစကြ၀ဠာအတွင်းရှိ ဂြိုဟ်များမှ သက်ရှိအတော်များများသည် ခန့်ညားထည်ဝါကုမ္ပဏီထုတ် အဝတ် အထည်များကို မှာယူဝတ်ဆင်လျက် ရှိပေ၏။ ခန့်ညားထည်ဝါကုမ္ပဏီသည် စကြ၀ဠာ လုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှု ကုမ္ပဏီကြီး} တစ်ခုအဖြစ် အောင်မြင်လျက်ရှိ လေသည်။
သို့သော် ယနေ့အမှာရောက်လာသော ဂြိုဟ်၏အမည်ကို ဦးခန့်ညား ထည်ဝါသည် ယခင်က တစ်ကြိမ်မျှ မကြားခဲ့ဖူးသေးချေ။ ဂြိုဟ်အမည်က ဆန်းသည်။ ပစ္စည်းမှာယူသောသူ၏ အသံထွက်အရ ]]ဃလုံးဃလုဂြိုဟ်}}ဟု သိရသည်။ ဃလုံးဃလုဂြိုဟ်သည် မည်သည့်နေရာတွင်ရှိ၍ ကမ္ဘာမှ မည်မျှ ဝေးကွာကြောင်း ဦးခန့်ညားထည်ဝါ မသိပေ။
ကွန်ပျူတာ၏ မော်နီတာမြင်ကွင်းပေါ်တွင် ဃလုံးဃလုဂြိုဟ်ပေါ်မှ ပစ္စည်းမှာယူသော ပုဂ္ဂိုလ်ကြီး၏ပုံပေါ်နေကာ ထိုဂြိုဟ်သားကြီးက သူလိုချင် သော ပစ္စည်းကို စကားဖြင့်ပြောကာ မှာကြားလျက်ရှိပေ၏။